Wednesday, February 23, 2011

အော်-မဲနယ်တောင်
ရေးသူ- ဖိုးသံ(လူထု)



မဲနယ်တောင်ပေါ်မှာ နွေဦးပေါက်ပါတော့မယ်။ ဆောင်းခိုစရာမရှိ။ တုန်ကျင်နေအောင်ချမ်းတဲ့ ဥတုရာသီကို တည်ငြိမ်စွာ ရင်ဆိုင်ခဲ့ရာကနေ နွေးထွေးတဲ့ကာလဆီကို ရုန်းထွက်စပြုပါပြီ။

အဲဒီလိုနွေနဲ့ဆောင်း အပြိုင်လုနေကြတဲ့တမနက်မှာ ကျနော်နေတဲ့ဦးကျော်စိန်ရဲ့အိမ်ကို ဦးခွန်ထီးရောက်လာခဲ့ ပါတယ်။ ကျနော့်ကိုလာခေါ်တာပါ။ တောင်ကြီးဦးထွန်းမြင့်လေးနဲ့သူတို့ ဗမာပြည်ကွန်မြူနစ်ပါတီမြေအောက်လုပ်နေတဲ့ ရဲဘော်တွေကိုအဆက်ရပြီဆိုတဲ့ သဘောဖြစ်ပါတယ်။ သူကဂျစ်ကားတစင်းငှားလာခဲ့ပါတယ်။ ဒါကြောင့်မနက်စာစားပြီး ချက်ခြင်းလိုက်ဖို့ပဲပြင်ရပါတယ်။ ကိုယ်ပိုက်ပစ္စည်းရယ်လို့ ဘာမှမရှိလေတော့ပြင်ရတာဘာမှမခက်ပါ။ ခက်တာကခွဲခွာရ တာပါ။


မဲနယ်တောင်ကြီးကိုကျနော်ကချစ်နေမိလို့ပါပဲ။ ကျနော်ပထမဆုံးတောခိုတဲ့နေရာ။ ကျနော်ပထမဆုံးသေနတ်ကိုင် ဖူးတဲ့၊ ပထမဆုံးတိုက်ပွဲကလေးတိုက်ဖူးတဲ့ နေရမဟုတ်လား။ ဒီတောင်ပေါ်မှာကျနော့်ကိုမျက်နှာတင်းတင်းနဲ့ကြည့်သူ၊ ငြိုငြင်တဲ့လူလို့တယောက်မှ မကြုံခဲ့ရပါဘူး။ ကြည်လင်တဲ့အပြုံးတွေချည့် မြင်တွေ့ခဲ့ရဖူးပါတယ်။ “ခွေအုံဖူးမဲကောင်” (ပအို့ဝ်စကား- ကျနော်မဲနယ်တောင်မှာနေဖူးတယ်)လို့ နောင်မှာကျနော်ဂုဏ်ယူစွာပြောလေ့ရှိရတဲ့ တောင်တန်းကြီးဖြစ် ပါတယ်။ ကမ္ဘာမြေကြီးကိုပေါက်ပြားနဲ့ပေါက်တာဟာ ကမ္ဘာမြေကြီးကိုချစ်မြတ်နိုးရာကျတယ်ဆိုတဲ့ အဆိုစကားကို ကျနော်တက္ကသိုလ်မှာနေတုန်းက နောင်တော်ကဗျာဆရာကိုကြည်အောင် မကြာခဏပြောတာကြားရဖူးပါတယ်။ ကျနော်လည်း မဲနယ်တောင်ကြီးပေါ်မှာ သနပ်ဖက်ခင်းတွေပေါက်၊ ကြက်သွန်ခင်းတွေပေါက်ခဲ့တာ နည်းမှမနည်းတော့ပဲ။

မဲနယ်တောင်ကလူတွေက မဲနယ်တောင်ဟာပအို့ဝ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုထိန်းသိမ်းဆက်ခံတဲ့ ဗဟိုလို့သဘော ထားပြောဆိုလေ့ရှိကြပါတယ်။ ဘုန်းကြီးကျောင်းကြီးတွေဟာ တိုင်တရာနီးပါးရှိကြပြီး သံယာတော်တွေဟာ အင်မတန် ကြည်ညိုလေးစားတာ ခံကြရပါတယ်။ သံဃာတော်တွေကလည်း ရွာထဲလာလည်ဆိုတာမျိုးလုံးဝမရှိပဲ ကျောင်းပရ၀ုဏ်ထဲ မှာပဲကျောင်းစည်းကမ်းနဲ့အညီနေကြပါတယ်။ အဲဒီဒေသမှာလောင်းကစားတယမရှိသလို၊ မူးယစ်ဆေးဝါးနဲ့ ဘိန်းဘင်း ကဇော်လည်းမရှိပါ။ အရက်တော့သောက်ကြပါတယ်။ ဒါပေမဲ့အရက်မူးလို့ရမ်းတယ်၊ ကြမ်းတယ်ဆိုတာမျိုးတခါမှမတွေရ ဖူးပါဘူး။ အရက်မူးလို့် ရွာလမ်းမှာက’နေတာမျိုးတော့တွေ့ရဖူးပါတယ်။

ကြုံလို့ ကျနော်ဒီတောင်ပေါ်မှာ တံတားပြင်ခဲ့တဲ့အတွေ့အကြုံလေးတခုပြောပြချင်ပါတယ်။ မဲနယ်တောင်တန်းကြီး ပေါ်က ကျနော်တို့နေတဲ့တကြောမှာရွာတွေဟာ တောင်ခါးပန်းက ချောင်းရိုးတလျှောက်မှာ စီတန်းတည်ရှိနေတယ်လို့ ဆိုရင်ရပါတယ်။ နောက်ပြီးရွာကြီးတွေကဆက်နေတာပါ။ တချို့ဆိုရင် တရွာနဲ့တရွာ ကိုက်နှစ်ရာ-သုံးရာပဲဝေးပြီး ဝေးလှ၊ ကွာလှပါတယ်ဆိုတောင်မှ နှစ်မိုင်လောက်ထက်ပိုပြီး ရွာပြတ်တာမရှိသလောက်ပါပဲ။ ဒီတော့ ဒီချောင်းရိုးတလျှောက်က ကားလမ်းဟာအင်မတန်မှအခရာကျပါတယ်။ ကျနော်ပါဝင်တယ်ဆိုတဲ့ တံတားပြင်ပွဲဟာ ကျနော်နေတဲ့ရွာအောက်နား လေးတင်၊ ၄ဖာလုံလောက်အကွာနေရာမှာရှိပါတယ်။ အဲဒီနေ့မနက်မှာ လမ်းပြင်ဖို့အတွက်ရွာထဲမှာတရက်ကြိုပြီး လူစုံတဲ့ ညနေစောင်းမှာ ကာလသားခေါင်းလုပ်သူက ရွာထဲမှာ“မူနမ်ရွေ့၊ ခိုဘမ်းရွေ့”ဆိုပြီးလိုက်ဗျိုးဟစ်ပါတယ်။ ဗမာလိုဆိုရင် “အပျိုတို့၊ လူပျိုတို့”လို့ဆော်သြတာပါ။ ဒီနေရာမှာ ရကောက်ကို‘r’အသံထွက်ပါတယ်။ တံတားပတ်ဝန်းကျင်က ရွာတွေကအပျိုလူပျိုသာမက လူအိုနဲ့လူနာကလွဲရင်အကုန်လုံးလာရပါတယ်။ မနက်စာထမင်းစားပြီးတာနဲ့ (၉နာရီ၊ ၁၀ နာရီအချိန်လောက်)တံတားပြင်မယ့်နေရာကို ရောက်ကြပါတယ်။ ပြင်ရမယ့်အလုပ်က ချောင်းရိုးထဲမှခုတ်ချထားတဲ့၊ အကိုင်းတွေခုတ်ဖြတ်ထားတဲ့ သစ်ပင်ကြီးနှစ်ပင်ကိုကြိုးနဲ့ဆွဲတင်ရတာပါ။ လူ့လက်သုံးဖက်လောက်တုတ်ပြီး အလျား၅လံ ၆လံလောက်ရှိတဲ့ သစ်လုံးကြီးတွေကို အနက်ပေ ၁၀၀နီးပါ်းရှိတဲ့ချောက်ထဲကနေ အကွာကိုက်၂၀၀လောက်ရှိတဲ့နေရာ အထိဆွဲရတာဟာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ရွာလေးငါးရွာကသန်သန်မာမာလူပေါင်း ၃-၄၀၀လောက်နဲ့ဆွဲတင် ကြတာရဖြစ်ပါတယ်။ ကာလသားခေါင်းတယောက်ကနေ မောင်းကလေးတလုံးနဲ့ညာသံပေးသလို တီးပေးနေပြီး အားလုံးကတညီထဲဝိုင်းဆွဲတင်ကြပါတယ်။ ကျနော့်အထင် သစ်လုံးကြီးနှစ်လုံးကို ၂နာရီကျော် ၃နာရီလောက်ဆွဲတင် ရပါတယ်။ ရွာစုံကလူစုံလာကြတာဆိုတော့ အားလုံးတပျော်တပါကြီးလုပ်ကြပြီး ပြီးတဲ့အခါမှာလူစုခွဲလိုက်ကြပါတယ်။ ကျနော့်အဖို့ကတော့ ကိုယ်နေတဲ့ရွာကလူတွေနဲ့ရော တခြားရွာကလူတွေနဲ့ပါရင်းနှီးလိုက်ရတာဟာ အမြတ်ဖြစ်ပါပဲ။

ကျနော်ရောက်သွားတဲ့အချိန်က မိုးတွင်းကြီး၊ ၀ါတွင်းကြီးဖြစ်လေတော့ အဖိတ်နေ့တိုင်းမှာ ဘုန်းကြီးကျောင်းပို့ဖို့ ရွာတွေက ဆွမ်းချက်ပွဲတွေလုပ်ကြပါတယ်။ ဆွမ်းချက်ပွဲဆိုတာက ရွာထဲကအိမ်တွေမှာ ကာလသား ကာလသမီးတွေက အလှည့်ကျချက်ကြတာဆိုတော့ စည်ကားတော့တာပေါ့။ သူတို့ဆီမှာကအပျိုလည်တဲ့ဓလေ့လည်းရှိတာကိုး။ တနေ့လုံး ပင်ပင်ပမ်းပမ်းအလုပ်လုပ်ကြရတဲ့ လူငယ်တွေအဖို့ဖျော်ဖြေစရာဆိုလို့ ဒီတခုထဲရှိတာဖြစ်ပါတယ်။ ဒါကြောင့် ညမို့ ရောက်လာတယ်ဆိုရင် ကာလသား ၄-၅ယောက်တဖွဲ့စုပြီးအပျိုတွေရဲ့အိမ်ကိုသွားလည်ကြပါတယ်။ အိမ့်ရှင်အပျိုဟာ လာလည်တဲ့ကာလသားကို လက်ခံစကားပြောရပါတယ်။ လက်မခံလို့မရပါဘူး။ တခါတလေဆိုရင် တခြား ရွာက၊ ဒါမှမဟုတ်တရပ်တကျေးက လူပျိုတွေကိုကိုယ့်ရွာသားတွေဲ ခေါ်လာတာမျိုးလည်းရှိတတ်ပါတယ်။ ဒါဆိုလည်း လက်ခံ ရပါတယ်။ ပြီးရင် ယောက်ျားလေးက “မင်းကိုငါသိပ်ချစ်တယ်။ ငါ့ကိုချစ်သလား”လို့မေးရင် မိန်းကလေးက ချစ်သည် ဖြစ်စေ၊ မချစ်သည်ဖြစ်စေ “ချစ်ပါတယ်”လို့ပဲပြန်ပြောရပါတယ်။ မချစ်ဘူးလို့မပြောရပါဘူး။ ဒါပေမဲ့အဲဒီလို အချိန်မှာ ပြောတဲ့စကားကို အတည်ယူလို့မရပါဘူး။ ထုံးစံမို့ပြောနေတာပဲဆိုတာကို နှစ်ဘက်လုံးနားလည်ရပါတယ်။ အဲဒီလို ထမင်းချက်တဲ့အိမ်ဆီက ထိန်ထိန်ငြီးနေတဲ့အောက်လင်းဓာတ်မီးရောင်တွေနဲ့ အိုးစည်သံလင်းကွင်းသံလည်း ပျံ့လွင့်နေ တတ်ပါတယ်။
ဒီလိုနဲ့သီတင်းကျွတ်တဲ့အချိန်ရောက်တော့ ကျနော့်အထင် အဲဒီကပအို့ယဉ်ကျေးမှုရဲ့ အထွတ်အထိပ်ကိုတွေ့ရပါ တော့တယ်။ စောစောကပြောခဲ့တဲ့ တိုင်တရာနီးပါးရှိတဲ့ဘုန်းကြီးကျောင်းကြီးတွေမှာ လှူဖွယ်ပစ္စည်းတွေနဲ့ ပွဲတော်တွေ ကျင်းပကြပါတယ်။ တကျောင်းပြီးတကျောင်း အလှည့်ကျကျင်းပကြတဲ့ ဒီပွဲတော်ကို ဒီတရိုးမှာရှိတဲ့ရွာအားလုံးက လူအားလုံးဟာ လှူဖွယ်ပစ္စည်းတွေနဲ့လာကြပြီး ညမှာကျောင်းကိုလှည့်ပတ်ပူဇော်ကြပါတယ်။ လှူဖွယ်ကိုကိုင်သူက ကိုင်၊ အိုးစည်ရှည်ကြီးနဲ့သိုင်းကသူက က။ အပတ်ပေါင်းများစွာလှည့်ကြတာပါ။ ဒီလိုပူဇော်ပွဲတွေကို တောင်ခြေပိုင်းရှိရှမ်းရွာတွေ ကလည်းလာကြပါတယ်။ လှည့်ရာမှာအမျိုးသမီးတွေနဲ့ လူကြီးတွေပဲပါတာမို့ ကာလသားတွေအဖို့ ဒီထက်ကောင်းတဲ့ မျက်စေ့ပွဲတော်တည်စရာမရှိတော့သလိုဖြစ်နေပါတယ်။ အစွမ်းကုန်အလှပြင်ထားတဲ့ ရွာတကာကအပျိုတွေကို တထိုင်ထဲ ကြည့်ရတာမဟုတ်လား။ ဒါဟာ ဘုန်းကြီးကျောင်း တကျောင်းပြီးတကျောင်း၊၊ ရွာလုံးကျွတ်၊ ညလုံးပေါက်လောက် ကျင်းပကြတာပါ။ ကျနော်တောင်၎-၅ပွဲလောက်ရောက်ခဲ့ဖူးပါတယ်။ သူတို့နဲ့လိုက်ပြီးပျော်ခဲ့ရပါတယ်။ အလားတူပဲ တောင်ခြေမှာရှိတဲ့ ရှမ်းရွာတွေက ပွဲတွေကိုလည်း တောင်ပေါ်ကလူတွေက သွားပူဇော်ကြပါတယ်။ အဲဒီနေရာတွေမှာ ကျတော့ မြို့ကလာတဲ့ဈေးသည်တွေကိုလည်းတွေ့ရပါတယ်။

ဒီနေရာကိုကျနော်ရောက်ကတဲက ဦးကျော်စိန်ကို“သူတို့နဲ့ကျနော်နဲ့ အဖွဲ့အစည်းချင်းမတူပေမဲ့ ရန်သူကိုဆန့်ကျင် တိုက်ခိုက်တဲ့လုပ်ငန်းမှန်သမျှမှာ ပါဝင်လုပ်ကိုင်ပေးမယ်”လို့ကတိပေးခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ၁၁ရက်မှာကျတဲ့ သူတို့ရဲ့ပအို့ဝ်တော်လှန်ရေးနေ့ အခမ်းအနားပွဲလမ်းသဘင်တွေမှာ ကျနော်တက်တက်ကြွပါဝင်ခဲ့ပါတယ်။ သူတို့ထုတ်တဲ့ စာစောင်လေးထဲမှာ ကာတွန်းဆွဲပေးတာ၊ ဆောင်းပါးဘာသာပြန်ပေးတာကအစ အားကစားပွဲတွေ ကြီးမှူးလုပ်ကိုင်ပေး၊ ကိုယ်တိုင်ဝင်ပါ စသဖြင့်ထက်ထက်သန်သန် ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ ကျနော်ဦးဆောင်တဲ့ ကျနော်တို့ရွာက ဗော်လီဘော အသင်းက ပထမရခဲ့ပါတယ်။

တခါမှာ ညကြီးမင်းကြီး တောင်ပေါ်ကိုရန်သူ့တပ်(မဆလတပ်)လာတယ်ဆိုလို့ သူ့ကိုယ်ရံသဘောမျိုး ကာဘိုင် သေနတ်ဆွဲပြီး တောင်ပေါ်တက်ရှောင်ခဲ့ရဖူးပါတယ်။ နောက်တခါမှာတော့ နေ့ခင်းပိုင်းမှာကားလမ်းတလျှောက် ၀င်လာတဲ့ ရန်သူ့တပ်စုတစုလောက်ကို ဖြတ်တိုက်တာမှာပါခဲ့ပါတယ်။ ကိုယ့်ဘက်က အချိန်နောက်ကျသွားတာအပြင် ရန်သူကို ပိတ်တိုက်တာ မလုပ်နိုင်လို့ဘယ်ဘက်မှထိခိုက်မှုမရှိပဲ ရန်သူတွေလွတ်ထွက်သွားပါတယ်။ မဆလတပ်ရဲ့ ဦးထုပ်တလုံးပဲ ရလိုက်ပါတယ်။

အဲဒီလိုမဲနယ်တောင်သားတွေနဲ့ တပျော်တပါးကြီးနေခဲ့ရာကနေ ပါတီကလာခေါ်တယ်ဆိုတော့ ကျနော့်မှာဘာမှ စဉ်းစားမနေနိုင်တော့ပါဘူး။ ဦးခွန်ထီးက သွားရအောင်၊ အားလုံးစီစဉ်ပြီးပြီလို့ဆိုတော့ ကျနော့်အနေနဲ့ ဘယ်သူတွေလဲ၊ ဘယ်ကယူဂျီလဲ စသဖြင့်မေးမနေနိုင်ပါဘူး။ မေးခွင့်လည်းမရှိဘူးမဟုတ်လား။ “ဟုတ်ကဲ့”တလုံးပဲပြောပြီးထွက်ခွာရ တာပါ။ မနက်စာမစားခင်လေးမှာသူရောက်လာ၊ စားပြီးတာနဲ့ထွက်ဆိုသလိုပဲဖြစ်ပါတယ်။

ကျနော်နဲ့ကိုတော်ဝင်း (ကျနော်ထွက်ပြေးရာမှာကူညီမိလို့ တောခိုရတဲ့ ညီအကိုလိုနေခဲ့သူ)ဟာ ဦးလေးဦးကျော်စိန် တို့လင်မယားကိုကန်တော့ပြီး အိမ်ပေါ်ကဆင်းခဲ့ကြပါတယ်။ သူတို့ကကျနော်တို့ကိုဂျစ်ကားအထိလိုက်ပို့ပါတယ်။ ကား အနားရောက်တော့ ကျနော်နဲ့ဦးလေးဦးကျော်စိန်ရဲ့သား ကိုအောင်မာန်(မြို့နယ်တပ်မှူး)တို့ပုခုံးဘက်ပြီးငိုခဲ့ကြပါတယ်။ ကျနော့်အဖို့ ဒါဟာပထမဆုံးဒီလိုငိုနည်းမျိုးလို့ထင်ပါတယ်။ နေရစ်ဦးတော့မဲနယ်တောင်ပေါ့။ ဂျစ်ကားနောက်ပိုင်းမှာ ထိုင်ပြီး ကိုယ်လျှောက်ခဲ့တဲ့လမ်း၊ ကိုယ်ပြင်ခဲ့တဲ့တံတားနဲ့ ကိုယ်ပေါက်ခဲ့တဲ့သနပ်ဖက်ခင်းတွေကို ငေးမောနှုတ် ဆက်နေမိခဲ့ပါတယ်။ မဲနယ်တောင်နယ်မြေကထွက်ပြီဆိုတာနဲ့ ကျနော့်အဖို့လွတ်လပ်မှုဆုံးသွားပြီး ကားထဲမှာခပ်ဝပ်ဝပ် ထိုင်လိုက်ရပါတော့တယ်။

ဒီလိုနဲ့ မဲနယ်တောင်ကြီးအပေါ်သံယောဇဉ်မပြတ်နိုင်တဲ့ကျနော်ဟာ ရောက်လေရာမှာ မဲနယ်တောင်နဲ့ မဲနယ် တောင်သားတွေအကြောင်း အမြဲစနဲနာခဲ့ပါတယ်။ ပအို့ဝ်တွေနဲ့တွေ့ရင် တတ်သမျှပအို့ဝ်စကားလေး ပြောကြည့်လိုက်ရင် သူတို့က ဒါဟာမဲနယ်တောင်ကပအို့ဝ်စကားပဲ လို့သူတို့ကမှတ်ချက်ချပါတယ်။ ဒါဆိုရင်ကျနော့်အဖို့ ၀မ်းသာလိုက်ရတဲ့ ဖြစ်ခြင်း။ တနေ့ကတော့ မဲနယ်တောင်ကိုမကြာခဏရောက်နေတဲ့ တောင်ကြီးသားနှစ်ယောက်နဲ့တွေ့လို့ မဲနယ်တောင် အခြေအနေကိုမေးမြန်းမိပါတယ်။ ကျနော်နေခဲ့တဲ့ရွာကိုသူတို့ အခေါက်ခေါက်ရောက်ဖူးပါတယ်။ အဲတော့သူတို့က မဲနယ်တောင်ပေါ်မှာ လောင်းကစားဝိုင်းတွေရောက်နေပြီဆရာရေ့တဲ့။ ကျနော့်မျက်စိပြာသွားသလားအောက်မေ့မိ ပါတယ်။ နောက်ပြီးရွာတွေက ယောက်ျားမိန်းမတွေဟာ ယိုးဒယားကိုသွားအလုပ်လုပ်နေကြလို့ ရွာတွေထဲမှာလည်း လူတော်တော်နည်းနေပြီတဲ့။ တချို့နေရာတွေမှာဘိန်းစိုက်တာတောင်ရှိနေသလိုလိုပဲတဲ့။

ကျနော်အကြိမ်ကြိမ်ရေချိုးခဲ့တဲ့ မဲနယ်တောင်ကရွာတွေကိုဖြတ်စီးဆင်းနေတဲ့ ချောင်းကရေဟာ မဲနယ်တောင်သူ၊ မဲနယ်တောင်သားတွေလိုပဲ အင်မတန်သန့်စင်ကြည်လင်တယ်ဆိုတာကို ကျနော်ကောင်းကောင်းမှတ်မိနေပါတယ်။

ဘယ်လိုပဲပြောပြော။ မဲနယ်တောင်ကြီးဟာကျနော့်ရင်ထဲမှာတော ထီးထီးမားမားရှိဆဲပါ။

ဖိုးသံ(လူထု)

Monday, February 7, 2011

ခွေးငတ်များကြိုဆိုရေး ထမင်းစားပွဲကြီး
ရေးသူ- လင်းယုန်မောင်မောင်





[ဓါတ်ပုံဟောင်းများက ပြောပြနေသော ရှေးဟောင်းနှောင်းဖြစ်များ-ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး]


ကျွန်တော်သည် ရန်ကုန်တွင် တည်ထောင်ထားသော ချင်းတွင်းအသင်းတွင် အတွင်းရေးမှူးအဖြစ် ၁၉၇၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်ထိ ၆ နှစ်တိုင်တိုင် တာဝန်ယူခဲ့ရသည်။ ထိုနှစ်များတွင် ချင်းတွင်းအသင်းမှ ကြီးမှူး၍ အခြေခံပညာရေး အထက်တန်း (ဆယ်တန်း) စာမေးပွဲတွင် ဂုဏ်ထူး နှစ်ဘာသာနှင့် အထက် အောင်မြင်ခဲ့ကြသော ချင်းတွင်းဒေသမှ ကျောင်းသူ ကျောင်းသားများအား အသင်းအမှုဆောင် လူကြီးများ ကိုယ်တိုင် မုံရွာမြို့သို့ သွားရောက်၍ ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့ကြသည်။


၁၉၈၃ ခုနှစ်က မှတ်မှတ်ရရ မုံရွာသို့ အဆိုပါ ပညာရည်ချွန် ဆုပေးပွဲအတွက် သွားရောက်ခဲ့စဉ်က ဖြစ်သည်။ မုံရွာမြို့နယ် ပါတီကောင်စီ၏ ကူညီပံ့ပိုးမှုဖြင့် ပညာရည်ချွန်ဆုပေးပွဲအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် လုပ်ကိုင်ရင်း ကျွန်တော်သည် ဖိတ်စာများနှင့် အခြားစာရွက်စာတမ်းများ ရိုက်နှိပ်ရန် မုံရွာမြို့ ရွှေစည်းခုံဘုရား မုခ်ဝတွင် စာကူးစက်လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေသော ငယ်သူငယ်ချင်း 'ဘမောင်ဇုံ' ထံသို့ ရောက်သွားခဲ့သည်။ ငယ်နာမည်မှာ 'ဘမောင်' ဖြစ်၍ ကြီးလာမှ ဖခင်ဖြစ်သူ 'ဦးဖိုးဇုံ' ကို အကြောင်းပြု၍ 'ဇုံ' တလုံး တိုးပြီး 'ဘမောင်ဇုံ' ဖြစ်လာခဲ့သည်။

ကျွန်တော်က သူ့အား လက်နှိပ်စက် ရိုက်ရန်နှင့် စာကူးစက်လှည့်ရန် ဖိတ်စာမူကြမ်းနှင့် စာရွက်စာတမ်း များ ပေးအပ်ပြီးနောက် ဟိုအကြောင်း သည်အကြောင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြောမိကြသည်။ ထိုစဉ်မှာပင် သူငယ်ချင်း ဘမောင်ဇုံက ရုတ်တရက် ကောက်ခါငင်ခါ ပြောလိုက်သည်။ 'အတော်ပဲ မောင်ရေ... ကြုံကြိုက်တုန်း မောင်ရင့်ကို အမှတ်တရ ရှားရှားပါးပါး လက်ဆောင်တခု ပေးလိုက်ရဦးမယ်' ပြောပြောဆိုဆို သူက အလုပ်အံဆွဲထဲမှ စာအုပ်တအုပ်ကို ထုတ်ယူလိုက်ပြီး ထိုစာအုပ်ကြားထဲမှ ဓာတ်ပုံလေးတပုံကို ကျွန်တော့်အား ရုတ်တရက် လှမ်းပေးလိုက်သည်။

ဓာတ်ပုံမှာ ခတ်သေးသေးပင် ဖြစ်သည်။ ကျွန်တော်တို့ ငယ်ငယ်က 'သေတ္တာကင်မရာ' ဖြင့်ရိုက်သည့် အရွယ်အစား ဖြစ်၍ အလျား ၃လက်မခွဲ၊ အနံ ၂ လက်မခွဲခန့်သာရှိသည်။ ထို ဓာတ်ပုံလေးကို သေသေချာချာ ကြည့်လိုက်မိသည်နှင့် ကျွန်တော့်မှာ အတိုင်းမသိ ပီတိတွေဖြာ၍ ၀မ်းအသာကြီး သာသွားခဲ့သည်။ အကြောင်းသော်မူ ထိုဓာတ်ပုံကလေးသည် ဒုတိယကမ္ဘာစစ် မတိုင်မီလေးက မုံရွာခရိုင် ဒို့ဗမာ အစည်းရုံးဝင် သခင်များ၏ နိုင်ငံရေးလှုပ်ရှားမှုကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံကလေးဖြစ်ကြောင်း ကျွန်တော် အတိအကျ သိလိုက်ရသောကြောင့် ဖြစ်သည်။ ပို၍ တိကျအောင် ပြောရမည်ဆိုပါက ထိုဓာတ်ပုံလေးသည် လွန်ခဲ့သော ၁၉၃၉ ခုနှစ်က ရိုက်ကူးခဲ့သော ပုံဖြစ်၍ (ယခုဆိုလျှင်) နှစ်ပေါင်း ၄၉ နှစ်မျှ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ဓာတ်ပုံလေး၏ ဆေးသားများမှာ မမှုန်ဝါးသေးဘဲ မူလကူးထားသည့် စီပီယာအရောင်အတိုင်း လူတွေရော အဆောက်အဦများပါ ထင်ရှားနေဆဲ ဖြစ်သည်။ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ဆိုသော စာတန်းမှာ ဓာတ်ပုံထဲတွင် ထင်းခနဲ မြင်နေရသည်။

ထိုနေ့က ဘမောင်ဇုံ၏ စာကူးစက်သို့ ကျွန်တော်နှင့်အတူ လိုက်ပါလာသော မုံရွာကောလိပ်မှ သမိုင်းဌာနမှူး ဆရာဝင်းမောင်သည် ကျွန်တော့် လက်ထဲမှ ဓာတ်ပုံကို ခေတ္တ တောင်းယူလိုက်သည်။ သူသည် ဓာတ်ပုံထဲမှ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ဟူသော စာတန်းကို ကြည့်ပြီး ရုတ်တရက် နားမလည်အောင် ဖြစ်သွားဟန်တူသည်။

'နေပါဦးဆရာ ဒီ ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး ဆိုတာ ဘာကို ဆိုလိုတာလဲ ဆရာ၊ ပြီးတော့ ဒီဓာတ်ပုံက ဘယ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလဲ'

သမိုင်းဌာနမှူးက ထူးဆန်းသော အဆိုပါ စာတန်း၏ အဓိပ္ပါယ်ကို စူးစမ်းသော စိတ်ဖြင့် မေးမြန်းလိုက် သည်။ သည်တော့မှ ကျွန်တော်က သည်ဓာတ်ပုံလေး၏ သမိုင်းကြောင်းကို သမိုင်းဌာနမှူးအား ရှင်းပြရသည်။ မှန်သည်။ သည်ဓာတ်ပုံလေးမှာ ၁၉၃၉ ခုနှစ်က ရိုက်ကူးခဲ့သည့် ပုံဖြစ်သည်။ ထိုအချိန် ထိုအခါက ၁၃၀၀ ပြည့် အရေးတော်ပုံနှင့် ဗိုလ်အောင်ကျော် အရေးအခင်းကို အကြောင်းပြု၍ ဒေါက်တာဗမော် အစိုးရ ပြုတ်ကျပြီး နန်းရင်းဝန် ဦးပုခေါင်းဆောင်သော အစိုးရ တက်လာချိန် ဖြစ်သည်။

ဦးပုသည် နန်းရင်းဝန်ဖြစ်လာပြီး မကြာမီ အထက်မြန်မာနိုင်ငံသို့ တိုင်းခန်းလှည့်လည်ရန် စီစဉ်ခဲ့ရာ မန္တလေးမှ တဆင့် မုံရွာသို့ လာရောက်မည် ဖြစ်ကြောင်း ကျွန်တော်တို့ မုံရွာသခင်များက သတင်းရထားကြသည်။ ဤတွင် နန်းရင်းဝန် ဦးပုနှင့်တကွ နောက်လိုက်နောက်ပါ မင်းတိုင်ပင်အမတ်များ မုံရွာရောက်မလာကြမီ မုံရွာသခင်များက ကန့်ကွက်ဆန္ဒပြကြရန် အစီအစဉ်တခု ပြုလုပ်ခဲ့ကြသည်။ ယင်းအစီအစဉ်မှာ နန်းရင်းဝန်ဦးပုနှင့် မင်းတိုင်ပင်အမတ်များအား ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးသားပြုစုခဲ့သည့် 'ခွေးဋီကာ' 'ခွေးဂဏ္ဍိ' စသည့် စာအုပ်များထဲမှ စားခွက်လုကြသည့် ခွေးငတ်များအဖြစ် နှိုင်းယှဉ်တင်စားကာ မုံရွာမြို့ပေါ်ရှိ ခွေးလေခွေးလွင့်များ အား အစာကျွေး၍ ဆန္ဒပြ ကန့်ကွက်ကြရန် ဖြစ်သည်။ သို့ဖြစ် နန်းရင်းဝန် ဦးပု ရောက်မလာမီ တပါတ်ခန့်အလိုတွင် အဆိုပါ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။

သတ်မှတ်ထားသော ထိုနေ့ ထိုရက်တွင် မုံရွာဈေးကြီး (ယခု ဈေးဟောင်း) ထဲမှ အမဲရိုးများနှင့် ဆန်ကွဲ များကို အလှူခံ၍ မိုးဗြဲဒယ်ကြီးတလုံးတွင် ထည့်၍ ပြုတ်ကြသည်။ ပြီးမှ ထိုအမဲရိုးနှင့် ဆန်ကွဲများ ပြုတ်ထားသည့် မိုးဗြဲဒယ်ကြီးကို မြင်းလှည်းတစီးပေါ်တွင် တင်ကာ တမြို့လုံး လှည့်လည်၍ လမ်းဆုံလမ်းခွများတွင် အမဲရိုးပြုတ်များကို ဖက်များဖြင့် ပုံပြီး ခွေးလေခွေးလွင့်များကို စတုဒီသာ ကျွေးကြသည်။ ဤတွင် ခွေးများ၏ သဘာဝအတိုင်း အမဲရိုးပြုတ်များကို အေးအေးဆေးဆေး မစားကြပဲ တကောင်နှင့်တကောင် မာန်ဖီကာ လုယက်ကြ၊ ကိုက်ကြ၊ ခဲကြနှင့် တ၀ုန်းဝုန်း တရုန်းရုန်း ဖြစ်နေကြသည်။ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ဟူသော စာတန်းများကို ဖတ်၍ အထူးအဆန်း ဖြစ်နေကြသော မုံရွာ မြို့သူ မြို့သားများသည် ကျွန်တော်တို့ သခင် များက လမ်းဆုံလမ်းခွများတွင် ခွေးလေခွေးလွင့်များအား ထိုသို့ အမဲရိုးပြုတ်များ ကျွေးနေကြသည်ကို တအံ့တသြ ၀ိုင်းအုံ ကြည့်ရှုခဲ့ရမှ တဖြည်းဖြည်း လူစုလူဝေးကြီး ဖြစ်မှန်းမသိ ဖြစ်လာကြသည်။ သည်တော့မှ ကျွန်တော်တို့ သခင်များက အမဲရိုးပြုတ်များကို တကောင်နှင့် တကောင် ရန်စောင် မာန်စောင်ကာ လုယက်စားသောက် နေကြ သော ခွေးများအား 'စားခွက်လု' နေကြသည့် မင်းတိုင်ပင် အမတ်များနှင့် နှိုင်းယှဉ်ကာ အင်္ဂလိပ်အစိုးရအား ဆန့်ကျင်သည့် နိုင်ငံရေးတရားများကို ဟောကြပြောကြသည်။

ထိုနေ့က 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ကျင်းပကာ လက်တွေ့ကျကျ ဟောခဲ့ပြောခဲ့ကြသော သခင်များ၏ နိုင်ငံရေးတရားများကို မြို့လူထုက သဘောအကျကြီး ကျကာ လက်ခုပ်လက်ဝါးတီး၍ သြဘာပေးခဲ့ ကြသည်ကို ကျွန်တော်ကောင်းကောင်းကြီး မှတ်မိနေခဲ့သည်။ နောက်တခု ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေသည့် အဖြစ်အပျက်တခု ရှိသေးသည်။ အဆိုပါ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' အကြောင်းကို ထိုစဉ်က မုံရွာသခင်တဦးဖြစ်သော သတင်းထောက်သခင်ကိုကြီး (ပေါင်မုန့်ရောင်းသည့်အတွက် သူ့ကို 'ပေါင်မုန့်ကိုကြီး' ဟု တမြို့လုံးက ခေါ်ကြသည်။) က သတင်းနှင့်တကွ ဓာတ်ပုံကိုပါ ရိုက်၍ ရန်ကုန်ရှိ သတင်းစာတိုက်များသို့ ပို့လိုက်ရာ မြန်မာ့အလင်းသတင်းစာက သတင်းရော ဓာတ်ပုံကိုပါ ဖော်ပြလိုက်သည်။ (ယခုဖော်ပြထားသော ဓာတ်ပုံပင် ဖြစ်သည်) ဤတွင် ထိုဓာတ်ပုံထဲ၌ ခွေးစာကျွေးသည့် သံပုံးစုတ်ကို ကိုင်ထားလျက်သား ကျွန်တော့်ပုံသည် ရှေ့ဆုံးမှ ထင်းကနဲ ပါသွားခဲ့ရာ ထိုဓာတ်ပုံကို အကြောင်းပြု၍ ထိုစဉ်က အင်းစိန် စီအိုင်ဒီတွင် ပုလိပ်စုံထောက် အရာရှိအဖြစ် အမှုထမ်းနေသော ကျွန်တော့်ဖခင်အား မျက်နှာဖြူပုလိပ် မင်းကြီးက ထုချေလွှာတောင်းခဲ့သည်ကို ကျွန်တော်ကောင်းကောင်းကြီး မှတ်မိနေသေးသည်။ 'ခွေးငတ်များ ကြိုဆိုရေး ထမင်းစားပွဲကြီး' ၏ ဂယက်သည် ထိုမျှဖြင့် မပြီးဆုံးသေးပါ။ ၁၉၃၉ ခုနှစ် ဇွန်လဆန်းတွင် နန်းရင်းဝန် ဦးပုသည် မူလစီစဉ်ထားသည့်အတိုင်း အထက်မြန်မာပြည်သို့ တိုင်းခန်းလှည့်လည်ရင်း မန္တလေးမှတဆင့် မုံရွာသို့ ရောက်လာခဲ့သည်။ ဤတွင် ကြိုတင်ပြင်ဆင်၍ 'မောင်းတင်' ထားကြသော ကျွန်တော်တို့ မုံရွာသခင်များက မုံရွာမြို့အ၀င်၊ မြို့တောင်ဘက် ညောင်ပင်အောက် ကွေ့မှ နေ၍ နန်းရင်းဝန် စီးလာသော မော်တော်ကားရှေ့တွင် လှဲအိပ်ကာ ဆန္ဒပြ ကန့်ကွက် တာဆီးခဲ့ကြသည်။ မိမိစီးလာသော ဇိမ်ခံကားကြီးရှေ့တွင် လှဲအိပ်ကာ ကြွေးကြော်သံများဖြင့် လက်သီးလက်မောင်းတန်းပြီး အော်ဟစ်ဆန္ဒပြနေကြသည့် သခင်များကို ကြည့်ကာ နန်းရင်းဝန် ဦးပုမှာ ရာဇအိနြေ္ဒ အပျက်ကြီး ပျက်၍ ရှက်လည်းရှက် ဒေါသလည်း ထွက်ခဲ့ရသည်။ နောက်ဆုံး၌ ဗောင်းတော်ညိတ် စိတ်တော်သိ ဆိုသည့်စကားအတိုင်း နန်းရင်းဝန်တယောက်လုံး အရှက်တကွဲ ဖြစ်နေသည်ကို လက်ပိုက်ကြည့်၍ မဖြစ်တော့သည့်အလျောက် မုံရွာအရေးပိုင်နှင့် ခရိုင်ရာဇ၀တ်ဝန်ကြီးတို့၏ အမိန့်အရ ဦးပုကားရှေ့တွင် လှဲအိပ်ကာ ဆန္ဒပြခဲ့ကြသော မုံရွာ သခင်များအား ပုလိပ်များက တယောက်ပြီးတယောက် ခြေထောက်နှစ်ချောင်းနှင့် ချိုင်းနှစ်ဘက်မှ မကာ အချုပ်ကားထဲသို့ ပစ်သွင်းပြီး အတင်းတရကြမ်း ဖမ်းဆီးခဲ့ကြသည်။ ထိုနေ့က စုစုပေါင်း သခင် ၁၆ ဦး အဖမ်းခံခဲ့ကြရသည်ဖြစ်ရာ အဆိုပါ သခင်များမှာ ၁။ သခင်လှဖေ၊ ၂။ သခင်ကျော်ဇေယျ၊ ၃။ သခင်ဗမောင်၊ ၄။ သခင်ကိုကြီး၊ ၅။ သခင်ရွှေဒေါင်း၊ ၆။ သခင်သန်းတင်၊ ၇။ သခင်လှမောင်၊ ၈။ သခင်စိန်၊ ၉။ သခင်တုံဟော၊ ၁၀။ သခင်ကြည်၊ ၁၁။ သခင်လှသိန်း၊ ၁၂။ သခင်ကံညွန့်၊ ၁၃။ သခင်တင်မြင့်၊ ၁၄။ သခင်သိန်းမောင်၊ ၁၅။ သခင်သောင်းတင်၊ ၁၆။ သခင်ရွှေ တို့ပင် ဖြစ်သည်။

နောက်ဆုံး ကျွန်တော် သိရသလောက် အထက်ပါအဖမ်းခံ သခင် ၁၆ ဦးအနက် သခင်လှဖေ (ယခင် ကျောက်တံတားသ/မ)၊ သခင်ဗမောင် (မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့)၊ သခင်သောင်းတင် (ဇောက်ထိုးသောင်းတင်) နှင့် သခင်ရွှေ (ယခု စာရေးဆရာ လင်းယုန်မောင်မောင်) တို့သာလျှင် မသေသေးဘဲ ကျန်ရှိနေကြ၍ အခြားသခင်များမှာ အားလုံးပင် ကွယ်လွန်ခဲ့ကြပေပြီ။

'သတင်းစာများသည် သမိုင်းကို ပြောနေကြသည်' ဟူသော ကွယ်လွန်သူ လူထုဦးလှ၏ စာအုပ်ကို နှစ်သက်စွဲလန်းခဲ့သော ကျွန်တော်သည် ကျွန်တော့်လက်ထဲမှ ဓာတ်ပုံကလေးကို ကြည့်ရင်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မုံရွာခရိုင် ဒို့ဗမာအစည်းရုံးဝင် သခင်များ၏ လှုပ်ရှားမှု ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောင်းသတိ ရနေမိလေသည်။

လင်းယုန်မောင်မောင်
(ဧပြီ ၁၉၈၈ ပန် ရုပ်စုံမဂ္ဂဇင်း)

[ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ် ၃၆၊ နိုဝင်ဘာလ ၂၀၁၀ မှ ကူးယူဖော်ပြပါတယ်။]

Wednesday, February 2, 2011

ကျွန်မဆုံခဲ့ရသည့် ၃၆ ခု အရေးတော်ပုံ
ရေးသူ- လူထုဒေါ်အမာ




ကျွန်မတို့ ခေတ်က ကျ (F) ပြဿနာလည်း မရှိ၊ ကျောင်းဆောင် ပြဿနာလည်း မရှိ၊ စာသင်ခန်း ပြဿနာလည်း မရှိ၊ ကျောင်းသားသပိတ်ကြီး ပေါ်လာသည့်အတွက် အချို့သော ကျောင်းသားများက ကိုလိုနီဘ၀၌ တသက ၏ ဦးဆောင်မှုကို သိလိုသူများ ရှိပေမည်။

ဟုတ်ပါပေသည်။ ယနေ့ ကျောင်းသားတွေ၏ အခြေအနေနှင့် ကျွန်မတို့ခေတ်က ကျောင်းသားတွေ၏ အခြေအနေမှာ များစွာမှ ခြားနားပါသည်။ ယခု ကျောင်းသားတွေကို ပြောပြလျှင် ကျောင်းသားတွေက "သြော်..... ရှေးရှေးတုန်းက တက္ကသိုလ်ဆိုတာ ဒီလိုကိုး" ဟု တွေး၍ ဝေးကွာလှသော ကာလဆီသို့ တွန်းပို့လိုက်ကြမည် ထင်ပါသည်။


ကျွန်မတို့ ကျောင်းသားဘ၀က ကိုသိန်းဖေကြီးတို့များ အင်တာ(ဥပစာတန်း) တွင် ၉ နှစ် နေပါသည်။ ကျ ၉ ကျ ဖြစ်သည်ဆို၍ မည်သည့် အာဏာပိုင်ကမျှ မည်သို့မျှ အရေးမယူပါ။ ကျောင်းဆောင်ခ မှန်မှန်ပေးသမျှ အဆောင်ကလည်း လက်ခံသည်။ ကျောင်းလခ မှန်မှန်ရသမျှ တက္ကသိုလ်ကလည်း လက်ခံသည်။ ကျောင်းလခမှာ အင်တာ၌ ၉ိ၊ ၀ိဇ္ဇာတန်း၌ ၁၂ိ ဖြစ်သည်။ အဆောင်ခမှာ တလလျှင် ၂၅ိ ဖြစ်သည်။

ကျောင်းဆောင်ဆိုသည်မှာလည်း တယောက်ခန်းတွင် တယောက်၊ ၂ ယောက်ခန်းတွင် ၂ ယောက်၊ တခါတရံ ၂ ယောက်ခန်းကြီး၌ ပင်လျှင် တယောက်တည်း နေလိုက နေရတတ်သေးသည်။ ၁၀ တန်းအောင်စ ကျောင်းသားများ အဖို့သာ အဆောင်နေရေးကို အဆောင်မှူးထံ စာတင်၍ လျှောက်ထားရသည်။ တနှစ်နေဖူးသည့် ကျောင်းသားဟောင်းဖို့ လျှောက်နေ တောင်းနေစရာ မလိုတော့။ အဆောင်ဖွင့်၍ အချိန်တန် ရောက်လာလျှင် ၀င်နေရုံသာ ရှိသည်။ ယမန်နှစ်က ကိုယ်နေပြီးသား အခန်းပြန်ရလိုလျှင် သူများထက် ၂ ရက် ၃ ရက် စော၍ လာနိုင်လျှင် ရသည်။

စာသင်ခန်း ဆိုပါလျှင်လည်း ကျွန်မတို့ ကျောင်းသူများအဖို့ သူများနည်းတူ အပြေးအလွှားသွား၍ နေရာရအောင် လုထိုင်နေစရာ မလိုပါ။ ခေါင်းလောင်းထိုးခါနီးမှ ဆရာနှင့် မရှေးမနှောင်း ၀င်လာကြပြီး ကျောင်းသားများက တမင်ချန်ပေးထားသော ရှေ့တန်းခုံများတွင် ၀င်ထိုင်၍ သင်ရပါသည်။

၁၉၃၆ ခုနှစ်က မြန်မာတနိုင်ငံလုံး၌ ရှိရှိသမျှ အထက်တန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနှင့် ယူနီဗာစီတီကောလိပ်၊ ဂျပ်ဆင်ကောလိပ်တို့ပင် ပါဝင်သည့် ပြည်လုံးကျွတ် သပိတ်ကြီး ပေါ်လာရခြင်းမှာ တကသ ဥက္ကဌကို ကျောင်းထုတ်မည်ဟု ဆိုသောကြာင့် ဖြစ်ပါသည်။

၁၉၃၆ ခုနှစ် ပြည်လုံးကျွတ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာရသည့် လောလောဆယ် အကြောင်းရင်းသည် အောက်ပါအတိုင်း ဖြစ်သည်။

၁၉၃၆ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့၌ တကသတွင် ကျောင်းသားများ၏ စကားအချေအတင် ဟောပြောပွဲတရပ် ရှိသည်။ ထို စကားအခြေအတင် ပြောပွဲကြီး၌ တကသ ဥက္ကဌ ကိုနုက ကျောင်းသားများ၏ အရေးကိစ္စအတွင်း၌ အချို့သော အာဏာပိုင်တို့ စွက်ဖက်နေမှုနှင့် တက္ကသိုလ်တွင် ကျောင်းသားများအား ကျွန်စိတ်၊ အောက်ကျနောက်ကျစိတ်များ သွင်းပေးနေမှုတို့ကို စကားလုံး ခပ်ကြမ်းကြမ်းနှင့် ပြောကြားသွားခဲ့ သည်။

နောက် ရက်အနည်းငယ်အကြာ၌ အိုးဝေမဂ္ဂဇင်း ထွက်လာသည်။ မဂ္ဂဇင်းတွင် အင်္ဂလိပ်စာ ကဏ္ဍ၌ အယ်ဒီတာထံ ပေးစာတစောင် ပါသည်။ ထိုပေးစာမှာ "ငရဲပြည်မှ ငရဲခွေးတကောင် လွတ်သွားရာ တက္ကသိုလ်၌ ကျက်စားနေသည်ကြား၍ ငရဲပြည်သို့ ပြန်ပို့လိုက်ပါ" ဟူ၍ "ယမမင်း" ဆိုသူက ရေးထားသည်။ ဤပေးစာသည် တက္ကသိုလ်ရှိ ဆရာတဦး တယောက်ကို စောင်းမြောင်း ရေးသားခြင်း ပေလောဟု အာဏာပိုင်လောက၌ လှုပ်ရှားလာသည်။

ထို့ကြောင့် ဇန်န၀ါရီ ၃၁ ရက်နေ့က တကသဥက္ကဌ၏ မိန့်ခွန်းသည်လည်းကောင်း၊ ယခု အိုးဝေမဂ္ဂဇင်းပါ ပေးစာသည်လည်းကောင်း၊ တက္ကသိုလ်ကျောင်းသားတို့၏ စည်းကမ်းသေ၀ပ်မှုနှင့်မညီ။ ထို့အတွက် တကသ ဥက္ကဌသည် ပြောခဲ့သည့် မိန့်ခွန်းအတွက် ထုချေလွှာပေးရမည်။ အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းကလည်း ဆောင်းပါးရှင်မှာ မည်သူမည်ဝါ ဖြစ်သည်ဆိုခြင်းကို ဖော်ထုတ်ရမည်ဟု အာဏာပိုင်တို့က တောင်းဆိုလာသည်။

တကသစာစောင်၊ အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းက ထိုဆောင်းပါးကို ထည့်သွင်းခြင်းမှာ မှားသည်ဟု ဆိုပါလျှင် အယ်ဒီတာအနေနှင့် ၀မ်းနည်းစကား တောင်းပန်ပါမည်။ သို့သော် အယ်ဒီတာတို့ စောင့်စည်းအပ်သည့် ကမ္ဘာထုံးတမ်းစဉ်လာနှင့်အညီ ဆောင်းပါးရှင်ကား မည်သူမည်ဝါဖြစ်သည်ကို မဖော်ထုတ်နိုင်ပါဟု ဆိုလေသည်။

ဤပြန်ကြားချက်ကို မကျေနပ်၊ ဥက္ကဌထံမှ ထုချေလွှာ မပေးသည်ကိုလည်း မကျေနပ်သော အာဏာပိုင်များက ဥက္ကဌကိုနုအား ယူနီဗာစီတီကောလိပ်မှ ထုတ်ပယ်လိုက်သည်ဆိုသော စာတစောင် ၂၁-၂-၃၆ နေ့တွင် ပေးလာသည်။ စင်စစ် တကသဥက္ကဌမှာ ဒီကရီရပြီးဖြစ်၍ ဥပဒေတန်းတက်နေသည့် ဒုတိယနှစ်ဖြစ်ရာ အာဏာပိုင်တို့က ကျောင်းမှထုတ်သည် ဆိုချိန်၌ စာသင်ခန်း ဖြုတ်ပြီးပြီ ဖြစ်၍ ဥက္ကဌသည် ဘီအယ် စာမေးပွဲဝင်ဖြေ၍ ကျရှုံးစေဦးတော့ နောက်နှစ်၌ ကျောင်းဆက်၍ နေရန် မလိုတော့ပါပေ။

ထို့ကြောင့် အာဏာပိုင်တို့၏ ဤအပြုအမူသည် တကသ၏ ဂုဏ်သိက္ခာကို ကျအောင် တမင်သက်သက် ပြုလုပ်ခြင်း၊ စော်ကားခြင်းဟူ၍ ကျောင်းသားထုက မြင်သည်။ (ထို့ပြင် နောက်ဆက်တွဲ သတင်းစကားအဖြစ်နှင့် အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းကိုလည်း ကျောင်းမှ ထုတ်ပယ်လိမ့်မည်ဟု အတွင်းကျကျ ခိုင်လုံစွာ ကြားသိရသည်။ သို့သော် အာဏာပိုင်များသည် သပိတ်မှောက်သွားကြသည်အထိ ကိုအောင်ဆန်းအား ကျောင်းထုတ်သည့် အမိန့် မပေးခဲ့။ သပိတ်မှောက်ပြီး၍ တလကြာမှ တက္ကသိုလ်ကြော်ငြာသင်ပုန်းတွင် ကိုအောင်ဆန်းအား ၃ နှစ်ပယ်လိုက်သည်ဆိုသော အမိန့်ကပ်ထားသည်။)

တက္ကသိုလ် အာဏာပိုင်တို့က ဥက္ကဌကို ကျောင်းထုတ်သည် ဆိုခြင်းကြောင့် ရှုတ်ချကန့်ကွက်သော သဘောဖြင့်၊ အမှုဆောင်အဖွဲ့က တဖွဲ့လုံး စာမေးပွဲမဖြေပဲ သပိတ်မှောက်မည်ဟု စဉ်းစားသည်။ အမှုဆောင်များ အနေဖြင့် ဤမျှသာ အစီအစဉ်ရှိသော်လည်း ကျောင်းသားထုမှာကား တကသကို ဤသို့ စော်ကားရပါမည်လားဟု ပြင်းစွာမခံမရပ် ဖြစ်နေကြလေသည်။ ထို့ကြောင့် အခြေအနေ အရပ်ရပ်ကို တင်ပြရန် ခေါ်ယူသည့် ကျောင်းသားထု စည်းဝေးပွဲကြီးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ ခေါ်ယူတင်ပြ ရှင်းလင်းသည့်အခါ ကျောင်းသားထု၏ အုံကြွမှုကြီး ထိန်းမရတော့ဘဲ ပေါက်ကွဲရလေတော့သည်။

တက္ကသိုလ် သမဂ္ဂခန်းမကြီး လျှံထွက်နေသော ထိုကျောင်းသားထု စည်းဝေးပွဲ၌ ယူနီဗာစီတီ အက်ဥပဒေ၏ အပြစ်အနာများကိုလည်းကောင်း၊ ကျွန်ပညာရေး၏ မဖွယ်မရာပုံများကိုလည်းကောင်း၊ ပြည့်ပြည့်၀၀ကြီး ဖော်ထုတ်၍ သခင်ပညာရေး၊ အမျိုးသားတက္ကသိုလ်စသည့် တကယ့် လွတ်လပ်သော နိုင်ငံတနိုင်ငံ၏ မျှော်မှန်းချက်ကြီးများကို ဖော်ထုတ်၍ တောင်းဆိုလာကြတော့သည်။ ထို့နောက် ကိုလိုနီ ပညာကိုသာ ပေးသည့် ဤတက္ကသိုလ်၌ မနေလိုပါပြီဆိုကာ တက္ကသိုလ်သပိတ်ကြီး ပေါ်ပေါက်လာတော့သည်။ ဂျပ်ဆင်ကောလိပ်ကပါ သပိတ်ထဲ ရောက်လာရသည်။ တက္ကသိုလ်၌ စာမေးပွဲတွေမှာ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် စကြမည် ဖြစ်ရာ သပိတ်မှောက်ချိန်မှာ စာမေးပွဲကြီး ဖြေရန် နှစ်ရက်အလိုတွင် ဖြစ်ပါသည်။

မည်သို့မျှ ကြိုတင်စီစဉ်ထားခြင်းမရှိသော ထိုသပိတ်ကို တကသ, က ကောင်းမွန်စွာ ထိန်းသိမ်းနိုင် ခဲ့သည်။ ဗမာတပြည်လုံးရှိ အထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများ၏ ကူညီထောက်ခံ သပိတ်ကိုလည်း ပေါ်ပေါက်စေနိုင်ပေသေးသဖြင့် တော်ရုံမှန်ကန်သော စည်းရုံးရေးမျိုးနှင့် မဖြစ်နိုင်သည်မှာ သေချာပါသည်။

ထို့ပြင် ကျွန်မတို့ ခေတ်က တက္ကသိုလ်ကောင်းသားဆိုသည်မှာ မြေပိုင်ရှင်တို့၏ သားသမီးများ၊ အရာရှိအရာခံတို့၏ သားသမီးများက လူများစု ဖြစ်ပါသည်။ ဤသို့ လူတန်းစားများ၏ သားသမီးများကို တကသ, က မည်သို့ စည်းရုံးထား၍ ဤသို့ လှုပ်ရှားနိုင်ခြင်း ဖြစ်ရပါသနည်း။ ပြည်သူလူထုက တကသကို မည်သို့ ထောက်ခံသနည်းဟူ၍ မေးဖွယ်ရာ ရှိပါသည်။

လွတ်လပ်နေပြီဖြစ်သော ဤခေတ်၌ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးသည် ပြည်သူတို့၏ အဓိကပြဿနာ ဖြစ်သကဲ့သို့ ကျွန်ခေတ်က ပြည်သူတို့၏ တခုတည်းသော ပြဿနာမှာ တမျိုးသားလုံး လွတ်လပ်ရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးပင် ဖြစ်ပါသည်။ ဤသို့ အမျိုးသား အဓိကပြဿနာကို တကသ, က ဘယ်တော့မှ မျက်ခြေမပြတ် သည်သာမက၊ အမြဲတမ်း ဆုပ်ကိုင်၍ ရှိပါသည်။ တကသ ဥက္ကဌက မိန့်ခွန်းပေးသည်ဟု ဆိုလျှင် မြန်မာနိုင်ငံ၌ တနှစ်လျှင် ၁၀ တန်း စာမေးပွဲကို ဖြေဆိုသူ ၃၀၀၀ သာရှိ၍ ၃၃ ရာခိုင်နှုန်းခန့် အောင်မြင်သောကြောင့် ကျောင်းသား ၁၀၀၀ခန့် နှစ်စဉ် စာမေးပွဲ အောင်သည်။ သို့ အောင်ရာ၌ အေတန်းမှ အောင်သည်၊ ဘီတန်းမှ အောင်သည်ဟူ၍ နှစ်ဆင့်ခွဲ၍ အောင်စေပြီး၊ အေတန်းမှ အောင်သူကိုသာ တက္ကသိုလ်သို့ ၀င်ခွင့်ပေးသောကြောင့် မန္တလေးဥပစာကောလိပ်၊ ဂျပ်ဆင်ကော်လိပ်တို့ အပါအ၀င် ရန်ကုန်တက္ကသိုလ်၌ နှစ်စဉ် အထက်တန်းပညာသင် ကျောင်းသား ၁၄၀၀ ထက်မပို။ လူဦးရေ ၁၇ သန်း၌ တက္ကသိုလ်ပညာ သင်ယူနိုင်သူ ၁၄၀၀ သာ ရှိစေသည့် ကိုလိုနီ ပညာရေးသည် စုတ်ပဲ့နုံချာလှသည်။ ထွက်လာပြန်တော့လည်း အသက် မွေးဝမ်းကျောင်း ပညာမဟုတ်၍ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရား၌ ကျွန်တယောက်အဖြစ်နှင့်သာ လခစားဘ၀တွင် ၀င်ရောက် အမှုထမ်းရသည်။

ဗြိတိန်၌ တက္ကသိုလ်ပေါင်း မည်မျှရှိ၍ ပညာသင်နိုင်သည့် ဦးရေ မည်မျှရှိသည်။ စက်မှုလက်မှု မည်သို့ ထွန်းကားသည် စသည်များကို နှိုင်းယှဉ်၍ ပြတတ်သည်။ ကျွန်ပညာမှသည် သခင်ပညာရေးသို့၊ ကျွန်တက္ကသိုလ်မှသည် အမျိုးသားတက္ကသိုလ်သို့၊ ကျွန်လခစားဘ၀မှ စက်မှု လုပ်ငန်းကြီးများထူထောင်နိုင်ရေးသို့ စသည်များကို တကသမှ ဖော်ထုတ်၍ စည်းရုံထားပါသည်။

တကသ၏ စည်းရုံးရေးကောင်းပုံကို သာဓကတခု ပြပါမည်။ သပိတ်ကြီး မှောက်သောအခါ ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်ရေး စက်ယန္တရားကြီး အတွင်းမှ အရာရှိအရာခံတို့၏ သားသမီးတွေ အများကြီး သပိတ်ထဲ ပါလာသည်။ ဗြိတိသျှအစိုးရသည် ဤမျှအထိ သဘောကောင်းသော နယ်ချဲ့သမား မဟုတ်၍ သူ့ လခစားများအား သားသမီးတွေကို သပိတ်မှ ပြန်ခေါ်ပေးရမည်ဟု ဖိနှိပ်တောင်းဆိုပါသည်။ ဤတွင် မိဘများ ခမျာမှာ အလုပ်ပြုတ်ရတော့မည့် အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရသည်ဖြစ်၍ သားသမီးများကို ချော့မော့၍ လည်းကောင်း၊ ခြောက်ငေါက်၍ လည်းကောင်း ပြန်ခေါ်ယူသည်။ ထိုအခါ သားသမီးများခမျာ မိဘများ အလုပ်ပြုတ်မည့် ဘေးကတဖက်၊ တကသကို သစ္စာမဖောက်နိုင်သည့် ယုံကြည်ချက်ကတဖက် ဖြစ်နေပြီး နောက်ဆုံး၌ မျက်ရည်စက်လက်နှင့် မိဘတွေကို ကျောခိုင်းပြီး တကသကို ဖက်၍ အစအဆုံး ထောက်ခံသွားကြသူ အများကြီး ရှိပါသည်။

ထို့ကြောင့် ကျွန်မတို့ ခေတ် တကသသည် ယခု စစ်ပြီးခေတ် တကသများကဲ့သို့ တိုက်ပွဲတွေ အများအပြား မကြီးကျယ်သော်လည်း စည်းရုံးရေးအားဖြင့် မညံ့ပါ။ တကသ ဦးဆောင်မှုသည် ပြောင်မြောက်သည်သာ ဖြစ်ပါသည်။ ကျောင်းသားတွေ၏ မှီခိုအားထား လဲလျောင်းရာ လည်းဖြစ်ပါသည်။ စင်စစ် ထိုအချိန်အခါသည် ၁၃၀၀ ပြည့် ဗမာ့အလုပ်သမား၊ လယ်သမား အရေးတော်ပုံကြီး ပေါ်တော့မည့် ဆဲဆဲ ဖြစ်၍ ၁၉၃၆ ခု တကသ၏ သပိတ်အရေးတော်ပုံသည် ၁၃၀၀ ပြည့် အရေးတော်ပုံ၏ ပမာဏ ဖြစ်ပါသည်။

တကသသည် ဗမာ့လွတ်လပ်ရေးတိုက်ပွဲ၌ ပြည်သူနှင့် အမြဲတမ်း လက်တွဲလျက် ရံဖန် တပ်ဦးမှ၊ ရံဖန် တပ်ဆွယ်မှ၊ ရံဖန် တပ်လယ်မှ လိုက်ခဲ့သည်။

နောက်တွင်လည်း တကသသည် ပြည်သူ့ အသည်းနှလုံးအဖြစ်နှင့် အဓွန့်ရှည်၍ ထာဝစဉ် တည်ပါစေသတည်း။

အမာ
အိုးဝေမဂ္ဂဇင်း
တကသ နှစ် ၃၀ မြောက် ၁၉၅၉-၆၀ မှ
[မြန်မာသစ် မဂ္ဂဇင်း၊ အမှတ် ၁၉၊ ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ မှ ကူးယူဖော်ပြပါတယ်]