Friday, August 16, 2013

အောက်တိုဘာ ပွင့်သစ်သို့ မြောက်ပြန်လေ ဂီတ ရေးသူ - မောင်မှိုင်းလွင် ၊အင်းဝ၊



အောက်တိုဘာ ပွင့်သစ်သို့ မြောက်ပြန်လေ ဂီတ

 (၁)

၁၉၈၈
သမိုင်းသစ် ကျောက်ဆစ်ထုပြီ။

ကမ္ဘာမြေ တုန်ဟီး
မီးတောင်တွေ ပေါက်ကွဲ
တော်လဲသံ ဟိန်းညံ ပင်လယ်ကို မှောက်လှန်
ပြည်သူတင်း ဘယ်မင်းမှမခံ
ပလ္လင်ပေါ်က ကန်ချ
သရဖူ ၃ ခု မြေခခဲ့ပေါ့။

အာဇာနည်များ
ဥဒါန်း ထာဝစဉ် တွင်ပါစေ။

ရွှေစာလုံး
ထုံးသုတ်ရုံနဲ့ မပျောက်နိုင်။

အာဏာ မုသား လက်နက်
ပါးကွက်သား ရှိတိုင်းသာ
ပလ္လင်လာဝိုင်း
ထင်ရာစိုင်း နိုင်စတမ်းဆိုရင်
(ဂိုဏ်းသင့်ရင် ကန်တော့ပါရဲ့)
မာရ်နတ်သားကို
ဘုရားအဖြစ် ကိုးကွယ်ရစ်ကြ။

ဒို့လူမျိုးမှာ
“အာချိလိ” ခြေမနောင့်မပါ
အမေမွေး ရေနှစ်စဉ်က
တစ်ကိုယ်လုံး ပစ်ချခဲ့။

ဟေ့ ….
“ဒလိုင်လာ”တွေ နားထောင်ကြ
“ဆမ်ဆန်”လို ဆံဖျားမှာ မထား
ဒို့ရဲ့ခွန်အား ပြည်သူ့ကြားမှာ … ။

ငါးစိမ်းသည် ပါးစပ်နဲ့
“သောနုတ္ထိုရ်”ဇာတ် ခင်းချင်သူ
မင်းဆဒ္ဒါန် ခြေအရှပ်
သင်္ဃန်းလှပ် လေးကိုင်းပြူ
ပြည်သူဟာ ဘုရားလောင်းမဟုတ်။

အို..
“ဟစ်တလာ” “ဟီရိုဟီတို”
“မူဆိုလိုနီ” တို့ရေ
ကျားသေကို အသက်သွင်းသူအား
ထပြီး တရားပြ
နားချ လှည့်ကြပါဦး။


(၂)

၁၉၈၉
မျိုးဆက်သစ်များ နိုးထလော့။

အချင်းစလွယ် ရာဇာဖွား
သူရဲကောင်းများ ဇာတာခွင်
အာဇာနည် နက္ခတ်နဲ့ယှဉ်
မီးရှူးသန့်စင် ဖွားမြင်ကြလော့။

ထလော့
သင်၏ အလင်းရောင် ကျရောက်လာပြီ။

မဟာအောက်တိုဘာ
အရှေ့အောက်တိုဘာသစ်
အဲဒီ အောက်တိုဘာ (၁)မှာ
သမီးလေး “အောက်တိုဘာ မှိုင်းလွင်”
အောင်မြင်စွာ ဖွားမြင်ပြီးစီးပါကြောင်း။

ရွှေဘိုအတွေး
အင်းဝအရေးနဲ့
မန္တလေးကဗျာ သစ်ခဲ့ပေါ့။

နန်းမတော် နု ရဲ့ မျိုးဆက်
စု ဖုရားမြေမှာ ဝင်းလက်ခဲ့ပြီ။

အို … “ရဟူဒီ”
“ဗီသိုဗင်” တို့ရေ …
သင်တို့ရဲ့ ဂန္ထဝင်ဂီတ
သမီးလေး ယောင်,တ သလောက်မျှ
မချိုမြနိုင်ဘူး ဝန်ခံကြပါ။

“ရွှေလမှာ ယုန်မဝပ်
အဘိုးအို ဆန်မဖွပ်
ခွပ်ဒေါင်းရှင် ကိုအောင်ဆန်း
စံမြန်း ဦးညွှတ်။”
သမီးလေး အိပ်ယာဝင်
အမေပြောမယ့် ပုံပြင်များ
ရွှေယုန် ရွှေကျား မဟုတ်တော့။

အောင်ကျော်
ရာကျော်၊ လေးမောင်
ဝင်းအောင်၊ တင်မောင်ဦး
အောင်ဇော်ဇော်၊ ဖုန်းမော်
……… ။

တံတားနီ အင်းလျား
မြေနီကုန်း မျဉ်းကြား
စစ်ကိုင်း ကမ်းနား
…………. ။

အမေညည်းမယ့် သားချော့တေး
သမီးလေး အိပ်ချင်မူး
ဗျိုင်းရှေ့က မကျူး
“ကမ္ဘာ မကြေဘူး” …. ။


(၃)

အမေ့ဘက်က မိဆိုင်ဖဆိုင်
“လူပျိုတော် မောင်လှ” ပိုင်တယ် ။

ရပ်ရေး ရွာရေး သာရေးနာရေးအဝဝ
အတ္တနှိမ်ချ ပရအကျိုးဆောင်
ကာလသားခေါင်း ခေါင်းဆောင်စံပြ
လေးစားကြ အတုယူကြ ပူဇော်ကြ
လူပျိုတော်နတ်နန်း ဇာတ်လမ်းလှခဲ့။

သင်္ချိုင်းကုန်းမှ
မီးကျွမ်း သစ်ဆွေးတုံးများရဲ့
မဲ့ရွဲ့စောင်းမြောင်းမှုဒဏ်
ကိုကြီးလှ ခုခံပါလိမ့်မယ်။

အဖေ့ဘက်က မိဆိုင်ဖဆိုင်
ဘမှိုင်းပိုင်တယ်
သခင် ဗဟိန်းဆိုင်တယ်။

စာအုပ် ချိုးဖြူ တူတံဇင် ကဒေါင်း
ဘမှိုင်းကျောင်းက ခေါင်းလောင်းသံ
ဒေါင်းမလေး နာခံ
မှိုင်းသရဏံ ဂစ္ဆာမိပေရော့။

ရှေ့ဆက်မယ့်ခရီး
အမှောင်ထုကြီးရင်
သမီး မိုးကောင်းကင်ထက်ဝယ်
ဗဟိန်းကြယ် ရွှန်းလက်
လမ်းမှန်ဘက် ညွှန်လိမ့်မယ်။

(၄)
ဝမ်းလျားမှောက် လေးဘက်တွား
သွားငုတ်တုတ် လူငုတ်တုတ်
မတ်တပ်ရပ် လမ်းလျှောက်သင်
ဆင့်ကဲဖြစ်စဉ်တရား
ကြေညက်အောင် လေ့လာထားပါ။

ဒါမှသာ
သာယာတဲ့ အနာဂတ်
စနစ်တကျ တည်ဆောက်တတ်မယ်။

ရုပ်ပုံလွှာ “ကဗျာ” တစ်ပုဒ်
ကြေးသွန်းပန်းပု ထုလုပ်ဖို့ … ။

“လမ်းသစ်” မှာ
“လမင်းတရာ” သာစေဖို့ …။

“ထမီ(သစ်)လေးတစ်ထည်”
မိဂျိုးအတွက် ဝယ်ပေးဖို့ … ။

“မွေးရပ်မြေ” အရောက်
အမေလှေမမှောက် သားငယ်ရောဂါပျောက်
“မငြိမ်းအေးတဲ့ မ ငြိမ်းအေး” တစ်ယောက်
ငြိမ်းအေးတဲ့ ဘဝရောက်စေဖို့
“ဇော်မောင်” ရုပ်ပြောင်ပုံ
ခဏ ခဏ မတုံစေဖို့ … ။

ဘ ကုန်းရေ ဘ
သဘာဝချစ်၊ ဘဝချစ်လို့
ဗထက်ချိုင့်လည်း ချစ်စေဖို့ ။

နှောင်ကြိုး အကုန်ဖြတ်
လှောင်ချိုင့် အထပ်ထပ်လှပ်
စစ်ပွဲ အားလုံးရပ်
ခတ်ထားသမျှ သော့တွေဖွင့်
ပွင့်သမျှ ပန်းတွေမွှေး
သမီးလေး … ရေ
ကိုယ့်သမိုင်း ကိုယ်ရေး
သမိုင်းပေး တာဝန်၊ ကျေပွန်ဖို့ အသက်ရှင်ကွယ်။

ရွှေဘို ကဒါး
အင်းဝသား ကဗျာနဲ့
ရတနာပုံသူလေးရေ ….
(သူတို့တွေလို ဆေးမြီးတိုနဲ့မဟုတ်)
ဗမာပြေ အနာ့ပဆုပ်
ရဲရဲခွဲ ပြည်ပုတ်ညှစ်
အမြစ်ပါ ကုန်အောင်ညှစ်
ပြာပုံထဲက ပြည်သစ်တည်မယ်။


(၅)

“ယီးလေးလေး ~~ ယီးလေးယို ~~
တေးသီးချင်းလေးဆို~~
သမီးလေး ငိုသံကြားနေတယ်လေ”
                   (ကြိုးမဲ့ချည်တိုင် … မှ)
“၃၅-အေ”လမ်းဘေးက
သမီးလေး ငိုသံ အူဝဲ အူဝဲ
“၃၅၅၅ စီ” ရထားတဲ့
ဖေဖေ့နားမှာ အောင်ပွဲ အောင်ပွဲ။

အမေဆူရင်
ဖေ့ဆီပြေးခဲ့
ပြေး
ပြေးခဲ့
ပြေးခဲ့လေ။

လေပြေမျော ပုဝါလို
ပြေးလာတဲ့ သမီးကို အဖက်
ဖေဖေ့လက်မှာ
အေး …. စက် ….. သံ …. တိုင် … ။

ကျုံးအသေ မြို့ရိုးအဆွေး
သံချေးတက် ဆူးကြိုး
အုတ်ရိုး သွေးပုတ်ရောင်
ပိတ်လှောင်ကာထား တားမြစ်လည်း
အဖေ့ မေတ္တာစိမ့်စမ်း
ခမ်းမှာတဲ့လားကွယ်။

အလှပဆုံးကို ချစ်တတ်လို့
ပြည်သူကို ချစ်မိတယ်
အနာဂတ်ကို ချစ်ရဲလို့
သမီးလေးကို ချစ်နေမယ်။

ချစ်ဇနီး စမ်းရေ ..
လူကြီးတွေ လက်ညှိုးဒဏ်ကို
ကြံ့ကြံ့ခံ လျစ်လျူရှု
သမီးလေးကို ယုယပါ
ကလေးကို လေးစားပါ
(နွားတစ်ကောင်လို) အလုပ်အကျွေးပြုပါ ။

နှလုံးသားမှ
ဖွဖွလေးခေါ်
အို … ရဲဘော်သမီး။

နောက်ဆုတ်ဖို့ ချန်ထားတဲ့
သံတံတားကို ချိုးဖျက်
ဖေဖေ ခရီးထွက်ရဲ့ခဲ့ပြီ။

တံတားပျက် ပြန်ဆက်
လက်ပြ အော်ခေါ်
ကျောပေါ်က ဝန်ထုပ်ဝန်ပိုး
ထပ်မတိုးပါနဲ့ ကလေးရယ်…. ။

“ရှေ့သို့ချီပါမည် ~~ အလှအပ ဒို့မလိုပြီ ~~
ရဲဝံ့ခိုင်မာသည် ~~ တက်ကြွညီညာသည် ~~
ဘဝသစ် ထူထောင်မည် ~~ ရဲရင့်ဂုဏ်ပြောင်သည် ~~
ကြယ်နီ ထွက်ပေါ်ပြီ ~~ လှမ်းကာတဟုန်ထိုးချီ ~~”
တေးကိုသီရင်း လက်သီးဆုပ်
စည်းချက်လိုက်ရင်း လက်ခုပ်တီး
ပန်းစည်းနီနဲ့ စောင့်ကြိုကွယ်။


(၆)

၁၉၉၀
နှစ် ၆၀ ပြည့် ဂဠုန်ခွပ်ဒေါင်း
ကောင်းချီးခြိမ့်သဲ ညံစေသတည်း ။       ။
                             ၂၁.၁၂.၈၉

(၇)

၂၀၁၃
(၁၃၇၅)
“မြင်းခွာ တစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေမယ်” .. စိန်ရတု
“ကျောင်းနံရံတဝိုက်
ဒေါင်းအလံစိုက်မယ်” … ငွေရတု
ပြည်သူကို အလုပ်အကျွေးပြု အောင်စေသတည်း ။          ။



မောင်မှိုင်းလွင် (အင်းဝ)
Top of Form
Bottom of Form

No comments: