Thursday, May 8, 2008

ဇာတိရနံ့
ရေးသူ-ဒဂုန်တာရာ


အရွယ်ကြီးလာသောအခါ မိမိဖြတ်သန်းလာသော အတိတ်သည် လန်းဆတ်၍ လာ တတ်သည်၊ ၁၉၆၃ က ၆၇ အထိ ကျွန်တော်သည် ဆိတ်ဖလူးရနံ့ သင်းပျံ့ရာနေရာတွင် နေခဲ့ဖူးသည်။ ထိုအခါက ညအိပ်ရာဝင်လျှင် အတိတ်တို့သည် ကျွန်တော်၏ အသိညာဏ်ကို နှိုးဆွလိုက်သည်။ တွေးစရာများ ပေါ်လာတတ်သည်။ မိမိဖြတ်သန်းလာခဲ့သော သမိုင်းအတွေ့ အကြုံများကို သုံးသပ်မိလာသည်။
မိမိဘ၀ ဖြတ်သန်းမှုကိုလည်း တွေးမိလာသည်။ သမိုင်းဖြတ်သန်းမှုနှင့် ဘ၀ဖြတ်သန်းမှု ဆိုသည်ကလည်း သီးခြားမဟုတ်၊ ဆက်စပ်နေသည်။ သမိုင်းခေတ်ကို ပြန်လည်တွေးမိ လိုက်သည်။ ဘ၀ကို သုံးသပ်မိလာတတ်သည်။ ကျွန်တော်နှင့် ခေတ်ပြိုင်ရွယ်တူ ကျောင်းနေဖက် အပေါင်းအဖက်တို့သည် တဖြည်းဖြည်းနှင့် သိတ်မရှိကြ။ ကျွန်တော်၏ နုပျိုစတွင် သိကျွမ်းခဲ့သော သူတို့သည်လည်း သူတို့၏ အတိတ်သမိုင်းနှင့်သူတို့ ရှိနေကြသည်။ အချို့လည်း ကျန်သေးသည်။ အချို့လည်း မရှိတော့။


ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ၊ ကိုလှမောင်၊ ကိုဘဆွေ၊ ကိုကျော်ငြိမ်း စသူတို့သည်လည်း မရှိကြတော့ပြီ။ သူတို့၏ နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြ ပြီးပြီ။ စာပေဖက်က ကြည့်လျှင်လည်း ဒုတိယမျိုးဆက်အစဟု ဆိုနိုင်သော ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ကိုကြည်လင်၊ ကိုကျော်အောင် စသူတို့လည်း မရှိကြတော့။ သူတို့သည်လည်း သူတို့၏ စာပေတာဝန်ကို ထမ်းဆောင် ခဲ့ကြပြီးပြီ။ ကျွန်တော်သည် နောက်ထပ်မျိုးဆက်သစ် များနှင့် ထိတွေ့ရပြန်သည်။ ထိုအခါ မျိုးဆက်ကွာဟမှုဟူသော စကားရပ်ကို သတိပြုမိသည်။ သမိုင်းမှတ်တမ်း မှတ်ရာများကို ရေးဖွဲ့သောအခါ အစက ပြန်၍ ကောက်ကြရသည်။ သူတို့ မမီ သော ခေတ်ကို သူတို့ သိချင်ကြသည်။ ကျွန်တော်ကလည်း ယင်းသူတို့ မမီသော ခေတ်ကို ဖွဲ့နွဲ့ ဖော်ပြမှသာလျှင် သူတို့ အတွေးများသည် ပို၍ ရှင်းလင်းကြည်လင်လာမည်ဟု ယူဆမိသည်။ ယင်းတို့ပင် အရွယ်ကြီးရင့်လာသည့်အခါ ခံစားတတ်သော အတိတ်ဝေဒနာများကို အိမ်လွမ်း စိတ္တဇဟူသော စကားရပ်ဖြင့် ကျွန်တော် ဖွဲ့နွဲ့ဖော်ပြခဲ့ဖူးပြီ။
ကဗျာဆရာ၊ ၀တ္ထုရေးဆရာ စသော ဖန်တီးသော အနုပညာရှင်တို့သည် မိမိတို့ ဖြတ်သန်းခဲ့သော ခေတ်များမှ အဖြစ်အပျက်များကို ပြန်၍ရေးချယ်ပြတတ်သည်မှာ သဘာဝတ္တ တရားဟု ဆိုနိုင်မည်။ စိတ်ကူးသက်သက် ဆိုသည်မှာ ရှားသည်။ မိမိအတွေ့အကြုံကို စိတ်ကူးဖြင့် အဖွဲ့အနွဲ့များ ထုံယစ်ရသည်။ ထို့ကြောင့်ပင်လျင် စာပေဝေဖန်ရေးဆရာတို့သည် စာရေးဆရာတဦး၏ စာပေများကို သီးသီးသန့်သန့် ဟူသော သဘောဖြင့် လေ့လာသောအခါ သူ၏ အရေးအသား စာပေသာမက သူ၏ဘ၀ကိုလည်း ယှဉ်တွဲလေ့လာကြသည်ကို တွေ့နိုင်သည်။

(ခ)
ကျွန်တော်သည် လွန်ခဲ့သော ၁၀ နှစ်ခန့်က မြို့ပြမှ ခွါ၍ မြို့ပြမှ မိုင် ၃၀ ကွာဝေးသော ဥသာရိုးမအဖျားစ တောရိပ်တောင်ရိပ်တွင် နေခဲ့သည်။ "စက်ရုံကျေးလက်" ဟူသော ခေါင်းစဉ်ဖြင့်ပင် ကဗျာတပုဒ် ရေးသားဖွဲ့ခဲ့ဖူးသည်။ ကျေးလက်၊ တကယ်တော့ ကျေးလက်ဆို သည်မှာ ကျွန်တော်၏ မွေးဇာတိဖြစ်သည်။ ကျွန်တော်မွေးဖွားသော နေရာမှာ ဧရာဝတီမြစ် ကမ်းနဘေးရှိ ရွာသိမ်ရွာငယ်ကလေး ဖြစ်သည်။ ကြီးလာသောအခါ မြို့ပြရောက်ပြီးလျင် ကျောင်းသားဘ၀၊ လူထုအဖွဲ့အစည်းထဲတွင် ပါဝင်သောဘ၀ဖြင့် ရောယှက်ကာ ရှိခဲ့သည်။
ယင်းသို့ ဘ၀များဖြင့် ကျော်လွန်ခဲ့ပြီးနောက် တောကျေးလက်တနေရာတွင် ရောက်နေ သောအခါ ဇာတိရနံ့တို့သည် ဘယ်ကဘယ်လို ရောက်လာသည်မသိ၊ မွှေးမြလာသည်။ ကျွန်တော်၏ တူမဖြစ်သူက ၇၀ ပြည့်နှစ် မွေးနေ့ကို ယင်း ကျေးလက်ရွာကလေးတွင် စီစဉ်ပေး၍ မိတ်ဆွေဟောင်းများ၊ အတွေ့ရနည်းသော စာပေမိတ်ဆွေများနှင့် ဆုံတွေ့ရသည်။ အပေါင်းအသင်းတွေနဲ့ ဆုံတာပေါ့ဟု၊ သည်စကားကို ကျေနပ်သွားသည်။ မွေးနေ့ဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်၍ မဟုတ်။ အခမ်းအနားများကို ကျွန်တော်ကြိုက်သည်မဟုတ်။
သို့သော် ရိုးရိုးလေးပင် အခမ်းအနားမပါ လုပ်ခဲ့၍ အစက သဘောမကျသော်လည်း ကျေနပ်ခဲ့ရသည်။ ကျွန်တော်နေထိုင်ရာ ကျေးလက်ကို "မိမိကိုယ်ကိုမဲဇာပို့ခြင်း" ကဗျာခံစားမှု ကဗျာဖွဲ့နွဲ့ခဲ့သည်။ ဒုတိယမွေးနေ့ကို ယင်းရွာလေးရှိ ဘုန်းကြီးကျောင်းတွင် လုပ်သည်။ အစက မတွေးမိ။ ဘုန်းကြီးကျောင်းတွင် လူများနှင့် ဆုံတွေ့ရသောအခါမှ အိမ်လွမ်းစိတ္တဇ ဖြစ်လာ သည်။ ပေါ်လာသည်။
ဘုန်းကြီးကျောင်းဆိုသည်မှာ ကျွန်တော် မွေးဖွားရာရွာမှ အိမ်ကလေးနှင့် ကပ်လျက် ဘုန်းကြီးကျောင်း။ ကျွန်တော် ရှင်ပြုရာ ကိုရင်ဝတ်ရာကျောင်း။ ဇာတိ ထုံရစ်လာတော့သည်၊ ကျွန်တော်က ကျေးလက်တွင် မွေးဖွားပြီး ကျေးလက်တွင် ကြီးပြင်းရသည်မဟုတ်။ မွေးစတွင်သာ ကြီးပြင်းပြီး၊ ထို့နောက် ကျောင်းနေသော ဘ၀ကစပြီး မြို့ပြတွင်သာ အနေများ တော့သည်။ နိုင်ငံခြား မြို့ပြများကိုလည်း ရောက်သွားသည်။ ထို့နောက် ကျွန်တော်၏ အိမ်လွမ်းစိတ္တဇက စ၍ မိမိဖြတ်သန်းခဲ့သော ဘ၀များ၏ အတိတ်သည် ကျွန်တော်၏ ရင်တွင်းသို့ သက်ဆင်းကျရောက် ဆွတ်ပျံ့ရီဝေလာသည်။
ထိုအခါ ကျွန်တော်သည် မနေနိုင်တော့၊ အောင့်၍ မထားနိုင်တော့။ မိမိခံစားမှုကို စာလုံးများဖြင့် ဖွဲ့သီ ယက်ဖောက်လာမိတော့သည်။ မေ့ပျောက်နေပြီဟု သာမန်အားဖြင့် ထင်မှတ်ခဲ့သော အတိတ်၏ ပုံကားချပ်၊ အသံ၊ အရောင်၊ ရနံ့ တို့သည် ဘယ်ကနေ ပေါ်ပေါက်လာသည် မဆိုနိုင်။ ကဗျာစကားလုံးတို့တွင် ပြိုးပြက်ကြွရွ မွှေးမြ လန်းဆတ်လာ ခဲ့သည်။
သြော် ကဗျာဆိုသည်ကား ခံစားမှု၏ ကိုယ်စားပြုရာ မဟုတ်ပါလား။


ဇာတိရနံ့

ငါမွေးဖွားရာ
မွန်ကျေးရွာတခု၊ ဧရာဝတီ
စိမ်းမြဖန်ကွဲ၊ ကွဲအက်စီးယှက်
မြစ်လက်တက်ဘေး၊ ရွှံ့ စေးပျော့ဖတ်
ဇလပ်ပင်တန်း၊ မြစ်ကမ်းကိုင်းကျ
အိမ်ခေါင်းရင်းမှ၊ ကွမ်းသီးခြံက
အိမ်ရှေ့ကမ်းစပ်၊ စောင်းလျားပင်တန်း
လွှမ်းမိုးရိပ်အုပ်၊ လှေဆိပ်တံတား
သမ္ဗန်လှေများ၊ လှော်ခတ်သံကြား
စပါးကျီက၊ အိမ်ဘေးမှလျှင်
လယ်တခွင်လုံး၊ ကြည့်၍မဆုံး
ကနစိုငုတ်၊ နီပုတ်အမြစ်
ဗျိုင်းအုပ်နားရာ၊ ကဏန်းခိုရာ
အစိမ်းထဲမှ၊ အနီကွက်ကျား။

ကွမ်းခြံလွန်သော်
အုတ်စီလမ်းမှ၊ သွားရသည်ကား
အဘိုးအဘွား၊ တည်ထားလှူထား
ခြင်္သေ့နတ်လမ်း၊ စင်္ကြန်ခန်းနှင့်
လက်ရန်းလှေကား၊ စိန်တောင်သွားနှင့်
ကျွန်းသားတိုင်လုံး၊ ရွှေရောင်ပြက်ဖုံး
ဘုန်းကြီးကျောင်းမှာ၊ ကိုရင်ဝတ်ခဲ့။

ငါ့အဖော်ကား
ကျေးသားဇလပ်သီး၊ ဖားပုစွန်လုံး
လင်းမြွေနက်မှောင်၊ ချောပြောင်ကျွဲမျှော့
ရွှံ့ပျော့ငါးပြေး၊ အဝေးပျံသွား
ဗျိုင်းအုပ်များနှင့်၊ ကြိုးကြာငှက်များ
ကောက်ရိုးနံ့၊ ဒိုက်ချွဲနံ့
ငှက်ပျောရွက်နံ့၊ ခိုချေးနံ့
ကြေးစည်သံ၊ ဆန်ဖွပ်သံ
လှေခတ်သံ၊ နွားအော်သံ
ဂရို့ချိုးသံ၊ စပါးလောင်းသံ
အစိမ်းလယ်ကွင်း၊ အ၀ါတလင်း
အပြာမိုးသား၊ နေများ လများ ကြယ်များ
ဖြတ်သန်းသွားခဲ့၊ လှုပ်ရှားရင်ခုန်
ငါ့အားမွေးဖွား၊ တောကျေးလက်။

ငါ့အမေကား
လယ်မြေသမီး၊ ငါ့အဖေက
ဘလုပ်ဘရားသား၊ အ၀ယ်တော်ပွဲစား
အဖေသွားရာ၊ မြို့ပြသွားနေ
ဗန္ဓုလဂျာနယ်၊ တိုက်နှင့်မဝေးပြီ
ကီလီလမ်းမှ၊ ၀ီလျံလမ်းကြား
ဖြတ်သန်းပြောင်းရွှေ့၊ ဓာတ်ရထားလမ်းတွင်
ကျောက်ခဲတင်ခဲ့၊ မီးတောက်လက်လာ
ငါစောင့်ကြည့်ရာ၊ ပျော်စရာပ
အမျိုးသားကျောင်း၊ မက်သောဒစ်ကျောင်း
ယူနီဗာစီတီကျောင်း၊ ပညာသင်ကြား
ကျောင်းသားဘ၀၊ မြို့ပြမှာသာ
ငါကြီးပြင်းခဲ့ရ။

ကျောင်းထွက်ပြီးက
ကတ္တရာနက်လက်၊ ပြောင်နက်လမ်းကျော
အင်္ဂတေချော၊ ကတ္တီပါမြက်ခင်း
ဝင်းပဖိတ်လျှံ၊ ဖန်ရောင်မှန်ရောင်
ဆောင်ကူးစင်္ကြန်၊ အုတ်ကြွပ်နီကြန်
မိုးရေမစွတ်၊ သွားရလာရ
ပေါင်ဒါနံ့၊ ရေမွှေးနံ့
နှုတ်ခမ်းနီနံ့၊ ပါးနီနံ့
ဝီစကီနံ့၊ ဘီယာနံ့များ
မော်တော်ကားသံ၊ အနောက်တေးသံ
ဂျပ်စ်ဘင်သံ၊ လေလှိုင်းသံ
ယစ်ဝေပန်းလျ၊ ဖျတ်ဖျတ်ရွရွ
မြို့ပြမှာ၊ ကြီးပြင်းခဲ့ရ
ဒေါက်တာဇီဗားဂိုးဇာတ်ကားမှ
ဘာရီကီဒို အိမ်ကြီးကိုသတိရ။

တိမ်တိုက်ပေါ်မှ
မြင်ရစက်ပြောက်၊ အောက်သို့ငုံ့ကြည့်
မိမိဖြတ်ရာ၊ မြို့ပြပြည်ရွာ
သမုဒ္ဒရာ၊ နက်ပြာနုရင့်
စိမ်းဝါလယ်ကွင်း၊ လှေကားထစ်ဆင့်ညီ
ပီကင်းဆိုက်ပြီ၊ ကော်ဇောနီခင်း
လည်စီးနီများ၊ ပန်းစည်းပေးဆက်
ဖြတ်သန်းပြန်ရာ၊ ဂိုဘီသဲကန္တာရ
မွန်ဂိုလိယ၊ အေးမြနှင်းခဲ
တွဲလောင်းခိုနား၊ နှာခေါင်းဖျားမှ
ဆိုက်ဘေးရီးယား၊ ရေခဲသားပြင်
ကြယ်နီဆင်သ၊ ကရင်မလင်
မြားနီညရထား၊ ပစ်သွားမြန်ယာဉ်
လီနင်ဂရက်၊ ၀န်းယှက်တံတား
ချောင်းဖျားစီးရစ်၊ စိမ်းသစ်ခွေကျွန်း
ဒနီးဗားမြစ်ဘေး၊ မေးတင်တောင်စောင်း
ဘုရားရှိခိုးကျောင်း၊ ရွှေရောင်ပြိုးပြက်
ကိယက်မြို့မှ၊ ပရဟာသို့
မြို့ပြရဲတိုက်၊ ဗုဒ္ဓဂါယာ
ဗာရာဏသီ၊ င်္ဂဂါမြစ်ဝှမ်း
သွားလာလှည့်လည်၊ မြို့ပြပြည်များ
ဆွီဒင်တခေါက်၊ နောက်ဆုံးရောက်ခဲ့
၁၉၆၂။

၇၅နှစ်
ပိတောက်သစ်၊ စိန်းပန်းသစ်
နှစ်ပေါင်းများစွာ၊ မြို့ပြမှာနေ
မွေးမြေနှင့်စိမ်း၊ ဇလပ်နှင့်စိမ်း
ကျေးငှက်နှင့်စိမ်း၊ လယ်ကွင်းနှင့်စိမ်း
ဘောက်တူနှင့်စိမ်း၊ မျှော့နက်နှင့်စိမ်း
မွေးရက်တနေ့၊ မိတ်ဆွေတွေ့ဆုံ
ကျေးလက်ဓလေ့၊ ထမင်းဝိုင်းမှာ
ရောက်တတ်ရာရာ၊ လွတ်လပ်စွာပြော
ပြုံးကာရယ်ကာ၊ နေရာမထ
ဓမ္မသုခ၊ မဲဇာအနီး
ဘုန်းကြီးကျောင်းမှာ၊ ဖိတ်စာမကမ်း
သတိရသူ၊ ချစ်ခင်သူများ
သတင်းကြားနှင့်၊ လာရောက်ကြပြီ
မွေးရာအိမ်ကြီး၊ ပြိုပျက်စီးလည်း
ဘုန်းကြီးကျောင်းနှင့်၊ ပိတောက်ပွင့်နှင့်
လက်ဖက်ရည်ဝိုင်းနှင့်၊ ကဗျာဝိုင်းနှင့်
ဇာတိရနံ့၊ ထုံမွှေးဆဲကို။ ။

ဒဂုန်တာရာ။
(၃၊ ၆၊ ၉၄)

{Beauty မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၁ မှ ကူးယူဖော်ပြပါတယ်။}
{ တောင်းပန်ခြင်း နှင့် ကျေးဇူးတင်ရှိခြင်း။ ကိုမော်လင်းနဲ့ ကိုမုတ်ရေ..... ဆရာတာရာ့ မွေးနေ့ အမှတ်တရ ဖော်ပြချင်လို့ ခင်ဗျားတို့ ဆင်ထားတဲ့ အလှအပတွေကို ဆွတ်ယူဆွဲသုံး လိုက်ရပါတယ်။ ခွင့်ပြုချက် တောင်းခွင့်မသာလို့ မတောင်းနိုင်တာကို နားလည် သဘောပေါက် ပေးပါဗျာ။
လေးစားစွာဖြင့် ကျေးဇူးတင်လျက်၊ မာယာမဂ္ဂဇင်း။}

No comments: