Sunday, May 11, 2008

လွယ်အိတ်တလုံးနှင့်ရွာစဉ်လည် (ချောင်းသာ)
ရေးသူ-မောင်မိုးသူ

'ချောင်းသာ' ဆိုတာ ပေါ်လာတာ ဆယ့်လေးငါးနှစ်ပဲ ရှိသေးတာကလား။ ပထမပိုင်းနှစ် တွေမှာ ကားလမ်းက ဖြစ်တယ်ဆိုရုံ။ ဇက်ကလည်း နှစ်တန်ကူးရတာ ဖြစ်လို့၊ အသွားအလာ သိတ်မများကြဘူးပေါ့။
ခုတော့ဖြင့် ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း) ကလည်းပြီး၊ ကားလမ်းကလည်း အတော်ကောင်းနေပြီဆိုတော့ ရန်ကုန်နဲ့ချောင်းသာကို ဘာကားနဲ့သွားသွား ၆နာရီ ၇ နာရီ လောက်မောင်းရ ဆိုပဲ။ လွယ်မှလွယ်တဲ့။
ဒါကြောင့် မနှစ်က (၂၀၀၁ ခုနှစ်) သင်္ကြန်မှာ ချောင်းသာကို သွားလိုက်ကြတာ။ ချောင်းသာကမ်းခြေမှာ ခြေချစရာတောင် မရှိတော့ဘူးတဲ့။ အဲ- ၂၀၀၂ နှစ် နှစ်ကူး- နယူးရီးယားကိုလည်း ချောင်းသာကမ်းခြေမှာ သွားဆင်နွှဲကြသတဲ့။ ရန်ကုန်မှာ ကိုယ်ပိုင်ကား ကလည်း ပေါတဲ့လူများ အတွက်တော့ ပေါမှပေါကိုး။ ဒီတော့ ၆ နာရီ ၇ နာရီပဲ မောင်းရတဲ့ ချောင်းသာကို သွားပြီး အပျော်ပွဲ နွှဲကြတာပေါ့လေ။
အဲဒီလို နာမည်ရတဲ့ ချောင်းသာကို မောင်မိုးသူ မရောက်ဖူးသေးပါ။




ရခိုင်ကမ်းရိုးတန်းမှာရှိတဲ့ ငပလီ၊ စစ်တွေ မောင်မိုးသူ ရောက်ဖူးပါရဲ့။ ငပလီဆိုရင် အကြိမ်ကြိမ်ပါပဲ။ တခေါက်များဆိုရင် ရုပ်ရှင်နှစ်ကား ဆက်တိုက်ရိုက်ဖို့ သွားတာမို့၊ ရက်ပေါင်း ၅၅ ရက်ကြာအောင် ငပလီမှာ နေလိုက်ရတာ ပင်လယ်ရေထဲလည်း မဆင်းချင်၊ ပင်လယ်လှိုင်းသံလည်း နားမထောင်ချင်တဲ့ အခြေအနေမျိုးထိ ရောက်ခဲ့ဖူးပါတယ်။
မော်လမြိုင်မှာရှိတဲ့ စက်စဲ၊ ကျိုက္ခမီလည်း အကြိမ်ကြိမ် ရောက်ဖူးတာပါပဲ။ စက်စဲရေပြင်က ခပ်နောက်နောက်မို့ သောင်ပြင်တန်းကို သဘောကျပေမယ့် ပင်လယ်ရေဆိုတဲ့ အရသာ မရဘူးလို့ အမြဲ ထင်ခဲ့ဖူးတယ်။
မြစ်ဝကျွန်းပေါ် ပင်လယ်မြို့များဖြစ်တဲ့ လပွတ္တာတို့၊ ဘိုကလေးတို့၊ ကဓုံကနိတို့ ရောက်ဖူးပါရဲ့။ မြစ်လောက်တွေဆိုတော့ ရေက ခပ်နောက်နောက်ရယ်။
ချောင်းသာကိုတော့ မရောက်ဖူးတာ အမှန်။
မောင်မိုးသူကသာ မရောက်ဖူးတာ သားသမီးတွေ၊ မြေးတွေကတော့ သုံးခေါက် သမားက အနည်းဆုံးပဲ၊ တချို့ဆို လေးခေါက်၊ ငါးခေါက် အကြိမ်ကြိမ် ရောက်ဖူးကြတာ။
သည်တကြိမ် 'ကြိုးကြာငှက်' ချောင်းသာထွက်မည့် ခရီးမှာ သမက်လုပ်သူက Tour Leader ခရီးသွားခေါင်းဆောင် လုပ်ရမှာဆိုတော့ သမီးနှင့် မြေးငယ်က လိုက်မှာတဲ့။ မန္တလေးမှာ VEC မှာ ကျောင်းသွားနေတဲ့ မြေးယောက်ျားလေးကလည်း ချောင်းသာကို လေးခေါက် ရောက်ဖူးပြီးပေမယ့် လိုက်မှာပဲတဲ့။ မောင်ဝံသ၊ မမြင့်မြင့်တို့ကလည်း လက်မှတ်တောင် ဖြတ်ထားသတဲ့။ (သူတို့ဇနီးမောင်နှံကလည်း မလိုက်လို့မဖြစ်ပါ) ဒီလောက် အဖော်ကောင်းနေမှာတော့၊ ခရီးသွားဖို့ဆိုရင် နှစ်ခါအခေါ်မခံနိုင်တဲ့ မောင်မိုးသူဟာ လွယ်အိတ်တလုံး ပုခုံးမှာလွယ် တုတ်ကောက်တချောင်း အသာဆောင်ပြီး ချောင်းသာခရီးကို လိုက်ဖြစ်ပါတော့တယ်။
ကြိုးကြာငှက်ခရီးသွား လုပ်ငန်းရဲ့ မော်တော်ကားက ၃၄ လမ်းထိပ် ဗိုလ်ချုပ်လမ်းပေါ်က ၄ နာရီ ထွက်မယ်ဆိုတော့ မောင်မိုးသူတို့ မိသားစုက ၃ နာရီကျော်ကျော်ကပဲ စုရပ်ကို အရောက်သွားရပါတယ်။ သမီးတို့ သမက်တို့က တာဝန်ခံဆိုတော့ သူတို့မှာ ပြင်ဆင်ဖို့ ကြိုဆိုဖို့ နေရာချထားဖို့ ဘာဘာပါပါ ညာညာ တာဝန်ရှိတာပေါ့လေ။ မောင်မိုးသူကတော့ လူပိုပေါ့။
ခရီးသည်များဟာ သူ့ထက်ငါ ၀ရိယကောင်းစွာပဲ ၃ နာရီ မခွဲခင်ကပဲ ရောက်နှင့် ကြပါတယ်။ မော်တော်ကားကြီးက ၃ နာရီ ၄၅မိနစ်မှာရောက်၊ ပစ္စည်းတွေတင် ၄နာရီမှာပဲ ခရီးစတင် ထွက်ခဲ့ပါတယ်။
၎ နာရီဆိုတော့ မှောင်နေတုန်းပေါ့။
ခရီးသွားတယ်ဆိုတာ အကြိမ်ကြိမ် ရောက်ပြီးသွားပြီး ခရီးမှာတော့ မှောင်နေတုန်း အိပ်လိုက်ရတာ အဆင်ပြေပေမယ့် မရောက်ဖူးတဲ့ ခရီးမသွားဖူးတဲ့ ခရီးဆိုရင်တော့ လင်းလင်းချင်းချင်းမှ ကောင်းတာ။ ပတ်ဝန်းကျင်ကို မြင်ရတာ မဟုတ်လား။
ဒါပေမယ့် တော်သေးတာက
မှောင်နေချိန်မှာ ရန်ကုန်ကို ဖြတ်တယ်၊ ဘုရင့်နောင်ကို ဖြတ်တယ်၊ ဒီခရီး ဒီနားတွေကတော့ မကြာခဏ သွားနေကျ။ မဆန်းဘူး။ ဗိုလ်မြတ်ထွန်းတံတားအထိ မောင်မိုးသူ ရန်ကုန်ပြန်ရောက်စက ဘကြီးမောင်တို့ တော်ဝင် ကိုစိုးညွန့်တို့ ကားဖြင့်လိုက် ပို့ကြလို့ ရောက်ခဲ့ပြီးသား။ အဲဒီတုန်းက တံတား မရောက်ခင်မှာ လမ်းက ပြင်တုန်း ဆင်တုန်း။ ဘေးက ဆင်းသွားရတာ။ မကောင်းသေးဘူး။ မှတ်မှတ်ရရ အဲဒီနေ့က ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီ ၄ရက် လွတ်လပ်ရေးနေ့။ ကားထဲက ကက်ဆက်မှာ ဖွင့်နေတဲ့ သီချင်းက စန္ဒယားလှထွတ်ရဲ့ သီချင်း၊ မောင်မိုးသူနဲ့ အတွဲဆုံး သူငယ်ချင်းရဲ့ သီချင်းကို လှထွတ်ရဲ့သီချင်းသံကို နားထောင် ပါတယ်။ သူနဲ့မတွေ့ရတာ ၄ နှစ်ကျော်သွားပြီ။ နက်ဖြန်ကျရင် သွားမယ်ပေါ့။ အော်- ဖြစ်ရပုံများ အဲဒီနက်မြန်မှာပဲ ကိုလှထွတ် ဆုံးပါးရှာပါတယ်။ ကိုလှထွတ် အိမ်ကိုတော့ အဲဒီနက်ဖြန်မှာ ရောက်ပါရဲ့ သူငယ်ချင်းကို သက်ရှိထင်ရှား မတွေ့ရတော့ပဲ ရုပ်အလောင်းကိုပဲ တွေ့ရတော့ တာ။
နှစ်နှစ်ကြာအပြီး ညောင်တုန်းကားလမ်းပေါ် မှောင်နှင့်မဲမဲမှာ ကိုလှထွတ်ကို တမ်းတ လွမ်းရ ဖြစ်နေရတယ်။ အမှန်တော့ ကိုလှထွတ်ကို ပိုပြီး လွမ်းဖြစ်နေတာဖြစ်မှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဇနီးသည် အမာဆုံးတာကလည်း ကိုလှထွတ်နဲ့ရှေ့ဆင့်နောက်ဆင့်ပဲလေ။ ၉၉ ဒီဇင်ဘာ ၃ ရက်နေ့မှာ ဆုံးတယ်။ ကိုလှထွတ်က ၂၀၀၀ ဇန်န၀ါ၇ီ ၅ ရက်နေ့ ဆုံးတယ်။ သူတို့ နှစ်ယောက်ဆုံးတာ တလနဲ့ နှစ်ရက်ပဲ ကွာတယ်။ ခုတော့လည်း သမီးသမက် မြေးနှစ်ယောက်နဲ့ ကားကြီးပေါ်မှာ မောင်မိုးသူ အမှောင်ထုထဲကို တိုးဖြတ်၊ စိတ်ထဲမှာက အမာတို့ ကိုလှထွတ်တို့ကိုလွမ်းလို့။
ဒီတခါ ကားကြီး ကက်ဆက်မှာ ထွက်နေတဲ့ အသံကတော့ ခင်မောင်တိုးရဲ့ "ကြိုးကြာသံ" သီချင်းပါပဲ။
"....ဆုံးဖြတ်ချက်တခုချမယ် အရှုံးနဲ့အောင်မြင်ခြင်းဟာ
ရှိသင့်တဲ့အားနဲ့မာန်...ခံနိုင်မှ...
ရိုးမကို ဖြတ်ကျော်လွှားချိန် ခရီးလမ်းကို ရောက်လာတယ်။ ချဉ်းနင်းဝင်ရောက် လာပြီးရင် အားစိုက်စိုက်မျှော်လိုက်တဲ့ မိုင်ထောင်ချီ ပျံလေပြီ
ကြိုးကြာငှက်တို့ရဲ မိုင်ထောင်ချီ ခရီးစဉ်....."
စာသားတွေကတော့ အတိအကျ ဟုတ်ရဲ့လားမသိဘူး။ အဓိပ္ပါယ်ကတော့ ရှင်းတယ်၊ သားဖောက်ရာအရပ်ကို မိုင်ထောင်ချီပြီး ကြိုးကြာငှက်တို့ ပျံကြသတဲ့။ မျိုးဆက်သစ်တို့ ပေါက်ဖွားဖို့ အတွက်တဲ့။
ရိုးမကို ဖြတ်ကျော်ကြသတဲ့။
ရှိသင့်တဲ့ အားနဲ့မာန်... ခံနိုင်မှ... တဲ့။
အဲဒီသီချင်းရေးသွားရှာတဲ့ အဉ္စလီမောင်မောင်က ကွယ်လွန်သွားပါပြီ။
သူ့သီချင်းတွေက ကျန်ရစ်တာပဲ။
မောင်မိုးသူ မောင်မောင့်ကို စတွေ့တော့ သူတို့ ညီအကို မောင်မောင်နဲ့ အောင်အောင်၊ သူတို့ အမ ယဉ်ယဉ်မြနဲ့ ကြက်တောင်ရိုက်နေတာ ပီဘိ ကလေး။ ဘောင်းဘီတိုကလေးတွေနဲ့။ သူတို့အိမ် မမကြင်( လူထုဒေါ်အမာရဲ့ ညီမ အငယ်ဆုံး) တို့ရဲ့ အိမ်က ၀င်းထဲမှာ၊ အဲဒီဝင်းက ဆေးရိုးဝင်းလို့ ခေါ်တယ်။ ဒေါ်ဒေါ်တို့ရဲ့ ဖခင်နဲ့ မိခင် ဦးထင် ဒေါ်စုရဲ့ ၀င်း၊ အဲဒီဝင်းထဲ မမကြင်တို့အိမ် ကြက်တောင်ကွင်းရဲ့ နဘေးမှာ လူထုသတင်းစာတိုက်ရဲ့ ပုံနှိပ်စက်တွေထားတဲ့ တိုက်အိုတလုံးရှိတယ်။ အဲဒီမှာ ဖိုမင် ကိုမိုးနဲ့ အယ်ဒီတာ အောင်သစ်လွင်တို့ နေကြတာ။ မောင်မိုးသူနဲ့ အမာတို့ လင်မယားရဲ့ စတည်းချတဲ့နေရာ အမြဲဆုံတွေ့နေကျ စကားစမြည် ပြောကြတဲ့နေရာ၊ အဲဒီပုံနှိပ်စက် နဘေးက မမကြင်တို့ ၀င်းထဲမှာက ကြက်တောင်ကွင်း။ အဲဒီ ကြက်တောင်ကွင်းမှာ ကြက်တောင်ရိုက်နေကြတာက မောင်မောင်တို့ မောင်နှမတစု။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့အခါ မောင်မောင့်ကို ပြန်တွေ့ရတော့ အဉ္စလီမောင်မောင်အဖြစ် တေးရေးဆရာ အကျော်အမော် ဖြစ်နေပါပြီ။ သူ့သီချင်းတွေကိုလဲ မောင်မိုးသူကိုယ်တိုင် တမက်တမော နှစ်ခြိုက်နေရတဲ့ ပုဂ္ဂိုလ် ဖြစ်နေပါပြီ။ ပြန်ဆုံကြတော့ အရပ်ရှည်ရှည် ခါးကိုင်းကိုင်း ခပ်ပါးပါး ကိုယ်လုံးကိုယ်ထည်နဲ့။ နူးညံ့သိမ်မွေ့သူတဦးအဖြစ် ဆုံရပါတယ်။ သူ့ရဲ့ ငယ်မျက်နှာလေးကို မြင်ယောင်မိပါတယ်။ သူကတော့ မောင်မိုးသူကို တန်းပြီးမှတ်မိပါတယ်။ "ရုပ်ပြောင်းမသွားဘူး"တဲ့။ ယဉ်ကျေးသမှု ပြောတာနေမှာပါ။ နောက်တခါ ကွဲကွာသွားခဲ့ပြီး နောက်တခါ သတင်းကြားရတော့ မောင်မောင်ဆုံးပါးသွားတဲ့ သတင်းပါပဲ။ မောင်မောင်၊ အောင်အောင် ငယ်ငယ်ရွယ်ရွယ် အချိန်ကောင်းမှာပဲ တေးသီချင်းကောင်းတွေ ရေးနိုင်တုန်း မှာပဲ ဆုံးရရှာတယ်ဆိုပြီး နှမြောမိရတာပေါ့။
ခုတော့ဖြင့် မောင်မောင်ရဲ့ ကြိုးကြာသံ သီချင်းကို နားထောင်ရင်း မောင်မိုးသူ စီးနင်း လိုက်ပါလာတဲ့ မော်တော်ကားကြီးဟာ ဗိုလ်မြတ်ထွန်းတံတားကို ဖြတ်၊ ပုသိမ်ကိုကျော်၊ ဇက်ကို ကူးပြီး တကယ်ပဲ ရိုးမကို ဖြတ်ကျော်နေပါပြီ။
နေ့ခင်း ၁၂ နာရီမထိုးခင်လေးမှာပဲ တည်းခိုဖို့ စီစဉ်ထားတဲ့ ချောင်းသာဦးကို ရောက်သွားခဲ့ပါတယ်။ ချောင်းသာဦးဟာ ချောင်းသာ ကမ်းခြေရဲ့ ထောင့်ဆုံး ထိပ်ဆုံးက ဟိုတယ် ဖြစ်ပါတယ်။ ကမ်းခြေဟိုတယ် ၁၃ ခုအနက် ထိပ်ဆုံးထောင့်ဆုံးမှာ ရှိတဲ့ ဟိုတယ် ဖြစ်ပါတယ်။ ဒီဟိုတယ်ရဲ့ အားသာချက် အားနည်းချက်ကတော့ တွဲလျက်ပါပဲ။ အရှိန်အာဝါသ ကောင်းတယ်။ အစွန်ဆုံးမှာ ရှိတော့ အေးအေးဆေးဆေး ရှိတယ်။ ဈေးနဲ့အနီ အလယ်ဗဟို မဟုတ်လေတော့ လူသူလေးပါးတော့ ခပ်ဝေးဝေးပါပဲ။
ချောင်းသာဟိုတယ်တွေရဲ့ ဈေးနှုန်းဟာ သုံးလေးထောင်ကနေ တသောင်းတ၀ိုက်အထိ ရှိပါတယ်။ အခန်းရဲ့ ဖွဲ့စည်းတည်ဆောက်မှု၊ လေအေးစက်၊ ရေခဲသေတ္တာ၊ ဂြိုဟ်တုရုပ်မြင် သံကြားပါဝင်မှု စတာတွေအပေါ်မှာ မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိတာ ဖြစ်ပါတယ်။ ဟိုတယ် ၁၃ခု ရှိတဲ့အနက် လေးငါးခြောက်ခုပဲ Restaurant နှင့် Bar ရှိတာ ဖြစ်ပါတယ်။ အဲဒီလို စားသောက်ဆိုင် ပူးတွဲ မရှိပေမယ့် စားရေးသောက်ရေး အခက်အခဲ မရှိလှပါဘူး။ ဟိုတယ်မှာ လာပြီး ထမင်းလာကျွေးတဲ့ ပုဂ္ဂိုလ်တွေဟာ ဧည့်သည်တွေ ၀င်လာတာနှင့် လာပြီး ဆက်သွယ်လေ့ ရှိပါတယ်။ ၂၀၀၂ မတ်လ မောင်မိုးသူ ရောက်သွားချိန်မှာ ထမင်းလာကျွေး သူများက ဟင်းတမယ်နှင့် မြန်မာထမင်းဟင်းကို ၃၅၀ိ/- နှုန်းနှင့် လာပို့ကြောင်း သိရပါတယ်။ ပုစွန်လို ပင်လယ်စာကို ဖွယ်ဖွယ်ရာရာစားချင်ရင် ချက်ပြုတ်ပေးပါတယ်။ ဈေးကတော့ ပိုတာပေါ့။ ပုစွန်အစိမ်း၊ ငါးအစိမ်းများ လာရောင်းပြီး၊ ကြိုက်နှစ်သက်သလို ချက်ပြုတ်ပေးကြ ပါတယ်။ ဈေးကတော့ မသေးလှပါဘူး။ ကြက်ကင်၊ ငါးကင်၊ ပုစွန်ကင်များလည်း လာရောင်းကြပါသည်။ ကမ်းခြေမှာ စက်ဘီးငှားပါတယ်။ ရေကူး လှိုင်းစီးဘို့ ဘောငှားပါတယ်။ နွားလှည်းလည်း အသွားအပြန် တခေါက်တထောင်နှင့် အငှားလိုက်တာ ရှိပါတယ်။ အုန်းသီးစိမ်း တလုံးတထောင်၊ အုန်းရွက်ဦးထုပ် ၅၀ ကျပ် ရောင်းနေတာလည်း တွေ့ရပါတယ်။
ကမ်းခြေဟိုတယ်အပြင် ရွာထဲမှာ တည်းခိုခန်းတွေလည်း ၂၀ လောက်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ရက်တွေမှာ ဟိုတယ်တွေ၊ ရွာထဲက တည်းခိုခန်းတွေ ပြည့်သွားတဲ့အပြင် ဘုန်းကြီးကျောင်းတွေ၊ အရပ်ထဲက အိမ်တွေအထိ ပြည့်သွားပြီး ကမ်းခြေမှာလည်း ခြေချစရာ မရှိလောက်အောင် များခဲ့တယ်လို့ သိရပါတယ်။
အခုပဲ မောင်မိုးသူ ချောင်းသာရောက်နေချိန် ဟိုတယ်အားလုံးပြည့်နေပြီ။ ထွက်သူကို စောင့်ပြီး ၀င်သူက ၀င်နေကြရပါသည်။
သင်္ကြန်ရက်မှာဖြင့် ဘယ်လိုရှိမလဲ စဉ်းစားကြည့်ပါတော့။
ချောင်းသာကမ်းခြေဟာ ရန်ကုန်မြို့ကနေ ခရီးသည်တင် ဘတ်စ်ကားမျိုးစုံ၊ ခရီးသွား ကားမျိုးစုံအပြင် ကိုယ်ပိုင်ကားမျိုးစုံနှင့် အလွယ်တကူ သွားလာနိုင်တဲ့ နေရာဖြစ်တယ်။ ခရီးလမ်းပန်းကောင်းတဲ့နေရာက ၉၀ လောက်ရှိတယ်။ ခရီးသွားချိန်ဟာ ဇက်ကူးချိန် အပါအ၀င် ၇ နာရီလောက်ပဲ ရှိလေတော့၊ မနက် ၄ နာရီလောက် ရန်ကုန်ကထွက်ရင် နေ့ ၁၂ နာရီလောက် ထမင်းစားအမီ ရောက်နိုင်တယ်။ ပင်လယ်ကမ်းခြေက သဲသောင်ပြင် ပြန့်ပြူးပြီး ရေ ကလည်း ကြည်တန်သလောက်ကြည်တယ်။ ပင်လယ်က အနောက်ဘက်မှာ ရှိတော့ နေ၀င်ချိန် Sunset နေလုံးကြီး ပင်လယ်ထဲ နိမ့်ဆင်းဝင်ရောက်သွားတာ မြင်ရတယ်ဆိုတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ဒါကြောင့် ပိတ်ရက်တွေမှာ လူစည်ကားတာပေါ့။
ဒါပေမယ့် တကယ်လူများလာရင် ကမ်းခြေသန့်ရှင်းမှု ဟိုတယ်များရဲ့ သန့်ရှင်းမှုတွေဟာ လိုက်မှ လိုက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။
ဟိုတယ် တာဝန်ရှိသူတဦးနဲ့ စကားစပ်မိတော့ ချောင်းသာရဲ့ လူစည်ကားချိန်ဟာ တကယ်တော့ မတ် ဧပြီ ၂ လပဲ ကောင်းကောင်း ရှိတာပါတဲ့။ မိုးကျရင် လူမလာတော့ဘူးတဲ့။ မိုးကလည်း မေလဆန်းရင် ရွာတတ်ပါသတဲ့။ အဲဒီက လူပါးသွားကြတော့တာ နိုဝင်ဘာလဆန်း လောက်မှ ဖြိုးဖြိုးဖြောက်ဖြောက် ရောက်လာတတ်ပါသတဲ့။
ချောင်းသာကို လာဖို့ အပန်းဖြေဖို့ ၃ ညအိပ်လောက် လာမယ်ဆိုရင် ရိုးရိုးဘတ်စ်ကား နှင့်လာ၊ ရိုးရိုးတည်းခိုခန်းမှာ တည်းရင်ပဲ တသောင်းလောက် ကုန်နိုင်ပါတယ်။ အဆင့်မြင့် ခရီးသွား လုပ်ငန်းများနှင့် လာရင် နှစ်သောင်းခွဲ၊ သုံးသောင်းလောက် ကုန်ပါတယ်။ ကိုယ်ပိုင်ကားနှင့် လာရင်တော့ ဘယ်လိုနေ ဘယ်လိုသုံးမလဲ ဆိုတဲ့ အခြေအနေပေါ် မူတည်ပြီး ကုန်မှာပဲ။
ဟိုတယ်မှာ အလုပ်လုပ်တဲ့ မိန်းကလေးတယောက်နဲ့ စကားစပ်မိတော့ မိန်းကလေးဟာ အဝေးသင် ပုသိမ်တက္ကသိုလ်မှာ တက်နေတဲ့ ဒုတိယနှစ် ကျောင်းသူလေး ဖြစ်နေတယ်။
ဈေးသည် မိန်းကလေးကို မေးကြည့်တော့ ရှစ်တန်းတဲ့။
အပန်းဖြေသူကဖြေ...
ပညာရေးအတွက် ၀င်ငွေရှာသူကရှာ
ချောင်းသာကမ်းခြေရဲ့ နွေရာသီဟာ လှုပ်လှုပ်ရွရွနှင့်ပါ။
မောင်မိုးသူကတော့ လွယ်အိတ်တလုံးနဲ့ ရွာစဉ်လည်ဆဲပါပဲ။

မောင်မိုးသူ။

{Beauty မဂ္ဂဇင်း မေလ၊ ၂၀၀၂ မှ ကူးယူဖော်ပြတယ်}

No comments: