Friday, May 2, 2008

ရှာမှရှား သတင်းစာဆရာ {ပထမပိုင်း}
ရေးသူ-လူထုဒေါ်အမာ




ကမ္ဘာ့အစိတ်အပိုင်းတခုမှာ ကြီးမားတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီး တခုခု ပေါ်ပေါက်လာ တယ် ဆိုရင် အမြော်အမြင်ကြီးမားတဲ့ သတင်းစာဆရာကြီးများရဲ့ ဝေဖန်ရေးသားမှုကို ဖတ်လိုက်ရတာနဲ့ တပြိုင်နက် အဲဒီလှုပ်ရှားမှုရဲ့ သဘောကို ရှင်းခနဲ မြင်လိုက်နိုင်တယ်။ ဒီလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာနိုင်တန်ရာတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်များကို တွက်ချက်ခန့်မှန်း ပြမှုများ ပါတယ်ဆိုရင်လဲ ဘက်စုံကနေ ကြည့်ပြီး အကြောင်းပေါ် အကျိုးဆင့်လာမှာမျိုးကို တွက်ပြထားတာမို့ ဟုတ်ပေမှာပဲရယ်လို့ ဘ၀င်ကျရစမြဲပဲ။
ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးနှစ်ခုဖြစ်တဲ့ တရုတ်ပြည်နဲ့ အမေရိကန်ပြည်ထောင်စုတို့ နှစ်ပေါင်း (၂၀)ကျော် ကွဲလွဲဆန့်ကျင်မှုကြီးတွေ ဖြစ်နေလို့ တနိုင်ငံနဲ့ တနိုင်ငံ ပုံမှန်ဆက်ဆံမှုမျိုး မရှိတဲ့ အခြေအနေကနေပြီး ပုံမှန်ဆက်ဆံတော့မယ့် အလားအလာတွေ ရွေ့လျားပြောင်းလဲနေ တာကို တွေ့မြင်ရတဲ့အခါ ဒီလှုပ်ရှားမှုရဲ့ နိုင်ငံရေး အတိုင်းအတာမျိုးကို ရေးနေကျဖြစ်တဲ့ အမေရိကန်သတင်းစာဆရာမကြီး အယ်နာလူဝီစထရောင်း နဲ့ အမေရိကန်သတင်းစာဆရာ အဂ္ဂါစနိုးတို့ကို သတိရမိတယ်။ အထူးသဖြင့် မစ္စတာအဂ္ဂါစနိုးကို ပိုသတိရမိပါတယ်။ ဘာပြုလို့လဲဆိုတော့ အမေရိကန်တရုတ်ဆက်ဆံရေး ကောင်းမွန်လာမှုဆိုတာ 'သူခင်းတဲ့ ဇာတ်ပေကိုး' လို့ ပြောနိုင်လောက်အောင် သူ့ဆောင်ရွက်ချက်တွေက အကျုံးဝင်နေခဲ့မှု ရှိလို့ပါပဲ။




တကယ်တော့ မစ္စတာအဂ္ဂါစနိုးဟာ ရှာမှရှားတဲ့ သတင်းစာဆရာတဦးပဲ။ သတင်းစာ ဆရာတွေ ရှေးကလည်းရှိခဲ့၊ အခုလည်း ရှိကြတာ ဒုနဲ့ဒေးပေါ့။ နို့ပေမယ့် သတင်းမှန်တခု အတွက် သူ့လောက် စွန့်စားကြိုးစားတဲ့လူ၊ သူ့ကြိုးပမ်းမှု တကယ်အောင်အောင်မြင်တဲ့လူ၊ တသက်ပတ်လုံး စိုက်လိုက်မတ်တတ် ကိုယ်ယုံကြည်ရာကို ဇွဲနဘဲနဲ့ ဘယ်သူ့မှ မမှုဘဲ လုပ်နိုင်တဲ့လူ။ လုပ်သလောက် အရာထင်ထင် အောင်မြင်တဲ့လူ ရှားပါတယ်။ ဒါကြောင့် အသက် (၆၆) နှစ်ဆိုတာ ဒီခေတ်ကြီးမှာ အရွယ်လတ်လို့ ခေါ်နိုင်လောက်တဲ့ အရွယ်မှာ ကွယ်လွန်သွားတော့ နှမြောမဆုံးကြဘူး။
မစ္စတာစနိုးဟာ တကယ့်စံပြ သတင်းစာဆရာ၊ စာရေးဆရာတဦးပါ။
အမေရိကန်ပြည်ထောင်စု မစ်ဆိုရီနယ်မှာ သူ့ကို မွေးခဲ့တယ်။ မစ်ဆိုရီတက္ကသိုလ်မှာ သတင်းစာဒီဂရီ ရခဲ့တယ်။ ကင်းဆတ်မြို့နဲ့ နယူးယောက်မှာ သတင်းထောက် ခဏလုပ်ပြီး၊ သူ့အသက် ၂၂ နှစ်အရ ၁၉၂၈ ခုနှစ်မှာ သတင်းထောက်ငယ်တယောက် အနေနဲ့ ကမ္ဘာကို လှည့်ပါတော့တယ်။
တရုတ်ပြည်ကို ရောက်တဲ့အခါ တလခွဲလောက်နေပြီးရင် တနိုင်ငံကို ကူးမယ်လို့ပဲ။ ဒါပေမယ့် တရုတ်ပြည်ကြီးက သူ့ကို ညှို့ထားသလိုမို့ သူတော်တော်နဲ့ ဒီက မထွက်နိုင်တော့ဘူး။ အဲဒီတုန်းက တရုတ်တွေကို သွေးစုတ်ဖို့ ရည်ရွယ်ချက်မရှိတဲ့ နိုင်ငံခြားသားတယောက်၊ လူသားအချင်းချင်းရဲ့ ဒုက္ခကိုမြင်ရင် ကြင်နာသနားတတ်တဲ့ လူသားတယောက်အဖို့ တရုတ်တွေ နေရထိုင်ရပုံတွေကို မြင်ရတာ ခံပြင်းဒေါသထွက်စရာ အပြည့် ရှိပါတယ်။ ဒါတွေကို မြင်ရ တွေ့ရတော့ အဘက်ဘက်က ခံနေရတဲ့ တရုတ်တွေအပေါ်ကို မစ္စတာစနိုးက သံယောဇဉ် ရှိတယ်ထင်ပါရဲ့။ တရုတ်ပြည်မှာပဲ သူဆက်နေပြီးတော့ တရုတ်သတင်းတွေကိုပဲ နယူးယောက် ဆန်း သတင်းစာကို ရေးပို့နေတယ်။ ဒီနောက် ယန်ချင်းတက္ကသိုလ်မှာ ၀င်ပြီး စာသင်ပေးရင်း တရုတ်စကား သင်တယ်။ တရုတ်စကားတတ်စပြုတော့ တရုတ်ကျောင်းသား၊ တရုတ်ကျောင်း ဆရာတွေနဲ့ မိတ်ဆွေဖြစ်ပြီး တရုတ် မြေအောက်သမားတွေနဲ့လည်း အဆက်အသွယ်ရ နေတာပေါ့။
အဂ္ဂါစနိုးဟာ ရှန်ဟဲမှာနေတုန်း အမေရိကန်သတင်းစာတွေကို တရုတ်သတင်းပို့တဲ့ အလုပ်အပြင် အဲဒီခေတ်က လူကြိုက်များတဲ့ တရုတ်စာပေတွေကိုလည်း ဘာသာပြန်ပြီး သူတို့ စာနယ်ဇင်းတွေထဲ ထည့်ခဲ့သေးတယ်။ တရုတ်စာရေးဆရာ လူရွှန်းတို့၊ မော်ထွန်းတို့ ရေးတဲ့ ၀တ္ထုတိုတွေဆိုရင် တရုတ်တွေရဲ့ ဘ၀သရုပ်ဖော်ကောင်းတွေမို့ အနောက်နိုင်ငံသားတွေဟာ အဂ္ဂါစနိုးကောင်းမှုနဲ့ တရုတ်ပြည်အကြောင်း စာပေကတဆင့် တော်တော် သိနားလည်ခဲ့ကြ တယ်။
၁၉၃၅ ခုနှစ်ကျတော့ တရုတ်ကွန်မြူနစ်တွေဟာ ခရီးမိုင် (၆၀၀၀)ကျော်ကို ချီတက်ပြီး တရုတ်ပြည်ရဲ့ အနောက်မြောက်ပိုင်းဒေသမှာ အခိုင်အမာ တပ်စွဲအခြေစိုက်ကြတယ်။ ဒီအချိန် မှာ ကိုမင်တန်တွေက တရုတ်ကွန်မြူနစ်တွေတော့ ကျဆုံးပျောက်ပျက်ကုန်ပြီ။ မော်စီတုန်း လည်း ရောဂါဘယနဲ့ သေဆုံးပြီ စတဲ့ သတင်းတွေ ကမ္ဘာကို လှိုင်လှိုင်ကြီး ဖြန့်ဝေနေပါတယ်။
ဒါကြောင့် တရုတ်ကွန်မြူနစ်များက သူတို့အခြေအနေကို အမှန်အတိုင်း ကမ္ဘာကို သတင်းပို့နိုင်မယ့် ဘူဇွာသတင်းထောက် တယောက်လောက် သူတို့ဆီ ရောက်လာစေချင် နေသတဲ့။ ဒီသတင်းထောက်လိုပဲ အနောက်နိုင်ငံကနည်းနဲ့ ဆေးကုတဲ့ ဆရာဝန်တယောက် လည်း သူတို့ဒေသကို ရောက်လာနိုင်ရင် အလွန်ကောင်းမယ်လို့ ကိုမင်တန်အုပ်စိုးမှုအောက်က သူတို့ မြေအောက်သမားတွေဆီကို သတင်းပို့တယ်။
ဒါကြောင့် ရှန်ဟဲက မာ့က်စ်ဝါဒ လေ့လာရေးအဖွဲ့မှာ မှန်မှန်လာပြီး လေ့လာနေတဲ့၊ နိုင်ငံရေးအမြင် တနေ့ထက်တနေ့ သန်လာတဲ့ ဂျော့ဟေတမ်ဆိုတဲ့ ဆရာဝန်ကလေး တယောက်ကို "ကွန်မြူနစ်နယ်မြေသွားမလား" လို့ ဆွေးနွေးကြတယ်။ ဒီအမေရိကန် ဆရာဝန်ကလေးက ရှန်ဟဲ လူမျိုးစုံရပ်ကွက်က စက်ရုံစစ်ဆေးရေးအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ဆရာဝန်ကလေးပါ။ သူက "သွားမယ်" လို့ အဖြေပေးတယ်။ လိုချင်တဲ့ ဆရာဝန်ကို ရပြီးတော့ သတင်းထောက် တယောက်ရဖို့အတွက် အဂ္ဂါစနိုးကို ချဉ်းကပ်ကြတယ်။ အဂ္ဂါစနိုးကလည်း လက်ခံတယ်။ သူလည်း သွားမယ်တဲ့။ အဲဒီအချိန်က ကူမင်တန်အစိုးရဟာ ကွန်မြူနစ်ဆိုရင် ရက်ရက်စက်စက် ချေမှုန်းနေတဲ့အချိန်ပဲ။ တစုံတယောက် နည်းနည်း '၀ဲ' တယ်ဆိုရင်ပဲ၊ အဲဒီလူကို ချက်ချင်းဖမ်းတာပဲ။ ထောင်ထဲ သွင်းတာပဲ။ ထောင်ထဲရောက်ကြရင်လည်း အများအားဖြင့် ပြန်လွတ်မလာတော့ပါဘူး။ တနည်းနည်းနဲ့ သတ်ပစ်လိုက်တာပါ။ ကွန်မြူနစ် အနံ့ခံဖို့အတွက် အလွန်ကြီးမားတဲ့ ပုလိပ်နဲ့ အထူးစုံစမ်းရေး စုံထောက်အဖွဲ့ကြီးတွေလည်း ထား တယ်။ ဒီအဖွဲ့ကြီးတွေကို နိုင်ငံခြား စုံထောက်အဖွဲ့တွေက ၀ိုင်းဝန်းကူညီပါသေးတယ်။ ကူမင် တန် စစ်တပ်ကလည်း ခါးခါးသီးသီး ကွန်မြူနစ်ဆန့်ကျင်ရေး စစ်တပ်ပါ။ ဒါကြောင့် ချန်ကေရှိတ်ရဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး ယန္တရားကြီးအောက်က ဖောက်ထွက်ပြီး ကွန်မြူနစ်တွေ ရှိရာ ဟိုအနောက်မြောက်ဖျားကို သွားဖို့ဆိုတာ တကယ့် သက်စွန့်ဆံဖျားကိစ္စပါ။ ကွန်မြူနစ် ဆန့်ကျင်ရေး ခံတပ်တွေကို ဖောက်ထွက်နိုင်တယ်ထားဦး၊ လမ်းပန်းဆက်သွယ်ရေး အလွန်ညံ့၊ လူတွေက အဆမတန် ဆင်းရဲ၊ တောပုန်းဓါးပြအမျိုးမျိုး မင်းမူနေတဲ့ ဒေသကို အကြာကြီး ကျော်လွှားဖြတ်သန်းသွားရမယ့် နိုင်ငံခြားသားများအနေနဲ့ အလွန့်အလွန် မလွယ်တဲ့ ကိစ္စဖြစ်ပါ တယ်။
ဒါသာ ဖြစ်တယ်၊ လက်ထဲမှာ ငွေကြေးများများမရှိတဲ့ အဂ္ဂါစနိုးက သူလည်း သွားမယ် တဲ့လေ။ ဒါကြောင့် ဆရာဝန် ဂျော့ဟေတမ်ကို ပထမ လူပို့နဲ့ လွှတ်ကြည့်တယ်။ ဆရာဝန်ကို မြေအောက်နဲ့ ဆက်ပြီး လွှတ်ဖို့ စီအန်မှာ လုပ်တဲ့အစီအစဉ်က မအောင်မြင်ဘူး။ ဒါကြောင့် ဆရာဝန်ဟာ စိတ်မချမ်းမသာနဲ့ မပြန်မဖြစ်လို့ ရှံဟဲကို ပြန်ရောက်လာတယ်။ ဒီအဖြစ်ဟာ အဂ္ဂါစနိုးအဖို့ တကယ်တော့ အားတက်စရာ လုံးဝ မရှိတဲ့ အဖြစ်ပဲ။ နို့ပေမဲ့ အဂ္ဂါစနိုးက စိတ်မပျက်ဘူး။ နောက်တကြိမ် သူနဲ့ ဆရာဝန်နဲ့ နှစ်ယောက်ပြူးသွားဖို့ စီစဉ်ပေးတယ်။ ဒီတကြိမ်တော့ စီအန်က လုပ်ပေးတဲ့ လူတွေအားလုံး ချောချောမောမော လုပ်ပေးနိုင်ကြတယ်။ ဒါကြောင့် အုတ်တံတိုင်းကြီး ဧရာမကာရံထားတဲ့ အဲဒီ အနောက်မြောက်ပိုင်း မြို့တော်ရဲ့ အပြင်ဘက်ကို နှစ်ယောက်စလုံး သူများမသိလိုက်ဘဲ ထွက်လို့ ရသွားတယ်။ တောဘက် ရောက်ကြတော့ ဆရာဝန် ဂျော့ဟေတမ်က ကန်ဆုပြည်နယ်ထဲမှာ ရှိတဲ့ ခရီးရှည်ချီတက် သွားတဲ့ တပ်မတော် နောက်ကို လိုက်တယ်။ အဂ္ဂါစနိုးက ရှန်စီပြည်နယ်မြောက်ပိုင်းက ပေါက်အန်ဘက်ကို သွားတယ်။ မော်စီတုန်းတို့၊ ချိုအင်လိုင်းတို့က တပ်မတော်တချို့နဲ့ အဲဒီတုန်းက ပေါက်အန်ကို ရောက်နှင့် နေကြပြီလေ။
အဂ္ဂါစနိုးက သွားမယ့်သာ သွားတယ်၊ လမ်းပန်းက ဘာမှ စိတ်မချရဘူး။ သူ မသွားခင် ကလေးတွင်ကပဲ အငတ်ဘေးကယ်ဆယ်ရေးအဖွဲ့က နိုင်ငံခြားသားတယောက်ကို ဓါးပြတွေက သတ်ပစ်လိုက်သေးတယ်။ နောက်ပြီး အ၀တ်သန်းကနေ ကူးတဲ့ တိုက်ဖွိုက် ရောဂါနဲ့ ၀မ်းကိုက်ဝမ်းလျှော ရောဂါတွေကြောင့် သေကြရတာတွေလည်း မနည်းဘူး။ တရုတ်ပြည် အဲဒီအပိုင်းက စားတဲ့ အစားအစာ ဓလေ့က နိုင်ငံခြားသားနဲ့ ဘာမှ မဆိုင်ဘူး။ သိပ်ခြားနားတယ်။ အဂ္ဂါစနိုးက တရုတ်စကားလဲ ဟုတ်တိပတ်တိ တတ်တာ မဟုတ်ဘူး။ ပြီးတော့ သူတတ်တဲ့ မန်ဒရင်စကားက ဒီအနောက်မြောက်ပိုင်းက ရှန်စီစကားနဲ့ တူတာ မဟုတ်ဘူး။ တခြားစီ။
နို့ပေမဲ့ အဂ္ဂါစနိုးက ဘယ်အခက်အခဲကိုမှ မမှုဘဲနဲ့ သူလိုချင်တဲ့ သတင်းရဖို့အတွက် အားလုံးကို စွန့်ပြီး သွားပါတယ်။
ပေါက်အန် ကနေပြီး ယင်အန်ကို ရောက်တယ်။ အဲဒီမှာ တနွေတမိုး ဆိုသလို (၃)လ၊ (၄)လကြာနေပြီး တရုတ်တော်လှန်ရေးခေါင်းဆောင်တွေနဲ့ တွေ့တော့တာပဲ။
ယင်အန်မှာ အဂ္ဂါစနိုးဟာ မော်စီတုန်းတို့၊ ချူအင်လိုင်းတို့နဲ့ တရင်းတနှီးတွေ့ရ ဆုံရ၊ မေးရမြန်းရ၊ မှတ်သားသိရှိရတော့ ဒီလူတွေဟာ စုတ်ပြတ်နွမ်းနယ်ကြမ်းတမ်းတဲ့ အ၀တ်ကို ၀တ်၊ ဆင်းရဲတဲ့ အစားကိုစားပြီး သူတို့ ယုံကြည်မှုအတွက် အဘက်ဘက်က စွန့်လုပ်နေကြတာ ပါကလား။ တရုတ်ပြည်ရဲ့ အနာဂတ်ဟာ သူတို့ပဲ။ တရုတ်ရာဇ၀င်ကို သူတို့ပဲ ရေးမှာပဲ။ ဒီလူတွေဟာ၊ ဘယ်တုန်းကမှ၊ ဘယ်သူနဲ့မှ မတူတဲ့ 'လူသစ်' တွေပဲလို့ သူက သိမှတ်လိုက် တယ်။
အဂ္ဂါစနိုးဟာ ဖယောင်းတိုင်မီးကလေး မှိတ်တုတ်တုတ်နဲ့ပဲ မော်စီတုန်း ပြောပြသမျှကို အပြည့်အစုံ လိုက်ရေးပြီး မှတ်တယ်။ နေ့ခင်းကျရင် အဲဒါတွေကို ပြန်ဖတ်၊ သူ့စိတ်ထဲ မရှင်းတာ၊ သူမေးချင်တာကို ညကျမေးဖို့ ရေးထား၊ နောက်တညကျ ထပ်မေး၊ ထပ်ရေးပေါ့။ ညမှာ အဂ္ဂါစနိုး ဒီလိုမေးတာ၊ မှတ်တာ ဘယ်နှနာရီ အထိများလဲဆိုရင် အိပ်ချင်အားကြီးလို့ စာရေးရင်း အိပ်ပျော်သွားတဲ့ အထိပဲတဲ့။
အဂ္ဂါစနိုး ဒီလို ကြိုးစားပမ်းစား ရှိတာကို တရုတ်ခေါင်းဆောင်တွေက နှစ်သက်သလို တရုတ်တော်လှန်ရေး ခေါင်းဆောင်တွေ အနစ်နာခံပုံ၊ အမြော်အမြင်ကြီးပုံ၊ အင်မတန့် ယုံကြည် ချက်ကြီးနဲ့ အလုပ်လုပ်ပုံတွေကို မြင်တွေ့နေရတော့ အဂ္ဂါစနိုးကလည်း ကြည်ညိုချစ်ခင်မှု ရှိတယ် ထင်ပါတယ်။ ဒါကြောင့် အဂ္ဂါစနိုးမေးသမျှ ဘယ်သူ့ကိုမှ ပြောမပြဖူးတဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိလို ဟာမျိုးကိုတောင် မော်စီတုန်းကလည်း အဂ္ဂါစနိုးကို ပြောပြခဲ့တယ်။
ယင်အန်မှာ ညပေါင်းများစွာ မေးမြန်းမှတ်သားရာကနေပြီး သူရော၊ အဂ္ဂါစနိုးရောဟာ ကွန်မြူနစ်သဘောတရားတွေကို သေသေချာချာ နားလည်သွားကြတယ်လို့ ဆရာဝန် ဂျော့ဟေတမ်က ရေးပါတယ်။
အဂ္ဂါစနိုးဟာ ယင်အန်က ၁၉၃၆ ခုနှစ်မှာ ပြန်လာတယ်။ ၁၉၃၇ ခုနှစ်မှာ 'တရုတ်ပြည်ပေါ်က ကြယ်နီ' ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေလိုက်တယ်။
အဲဒီအခါမှာ 'မော်စီတုန်း သေပြီ' လို့ ယုံကြည်လောက်တဲ့ သတင်းတွေ ရတယ်လို့ ချန်ကေရှိတ်က ကမ္ဘာကို သတင်းဖြန့်ချိန်၊ ကွန်မြူနစ်တပ်တွေကို အပြုတ် သုတ်သင်ချေမှုန်း လိုက်ပြီလို့ သတင်းဖြန့်နေချိန်၊ ဒီစာအုပ်ဟာ တရုတ်ကွန်မြူနစ်တွေအနဲ့ ပရိသတ်အကြား ဘွားခနဲ ငုတ်တုတ်ထိုင်ပြလိုက်သလို ရှိလွန်းလို့ ဟိုးလေးတကျော် ဖြစ်သွားခဲ့ရတယ်။
အဂ္ဂါစနိုးရဲ့ သတင်းပေး အရေးအသားကောင်းပုံကတော့ မပြောနဲ့တော့။ တရုတ်ပြည် ပေါ်ကကြယ်နီ စာအုပ်ဟာ သတင်းပေးရေးသားမှု အကောင်းဆုံးစာအုပ်ပဲလို့ ချီးကျူးကြ၊ သတင်းပေး ရေးသားမှုဆိုင်ရာ စာပေမှာ ဂန္ထ၀င်မြောက်တဲ့ စာအုပ်လို့ ခေါ်တဲ့လူက ခေါ်ကြတယ်။
ဒါလောက်စုံ၊ ဒါလောက် ရှင်းလင်းပြီး ဒါလောက် ဖတ်ချင့်စဖွယ်ကောင်းအောင် သူသာ ရေးနိုင်တယ်လို့လဲ ပြောကြတယ်။ ဒီ ချီကျူးသံတွေနဲ့အတူ သူ့စာအုပ်ဟာ အင်္ဂလိပ်ဘာသာနဲ့ ချည်း အကြိမ်ပေါင်း (၁၀) ကြိမ်မက ပြန်ရိုက် ရောင်းရတယ်။ စာအုပ်ရေ သန်းနဲ့ချီပြီး ရိုက်နှိပ်ခဲ့ရတယ်။ ကမ္ဘာ့ဘာသာပေါင်း မြောက်မြားစွာနဲ့လည်း ဘာသာပြန်ဆိုပြီး ရှိပါတယ်။ မြန်မာဘာသာနဲ့လည်း 'တင်ထွေး' က ပြန်ဆိုပြီး ရှိပါတယ်။
တရုတ်ပြည်ပေါ်ကကြယ်နီ စာအုပ်ထွက်ပြီးတော့ အဂ္ဂါစနိုး ပီကင်းမှာပဲနေပြီး တိုးတက်တဲ့ တရုတ်စာရေးဆရာကြီးတွေရဲ့ စာတွေကို ဘာသာပြန်ပြီး စာနယ်ဇင်းတွေမှာ ထည့်ပေးနေပြန်တယ်။ အဲဒီတုန်းက လူရွှန်းတို့၊ မော်ထွန်းတို့ အရေးအသားတွေက မကျေနပ်မှု အမျိုးမျိုးကြောင့် ပေါက်ကွဲဖို့ ပလုံစီနေတဲ့ တရုတ်လူငယ်လူရွယ်တွေကို နှိုးဆွလမ်းပြရာမှာ အလွန်ထက်မြက်တဲ့ စာတွေကလား။ ဒီဘာသာပြန်တွေကို သူက မဒမ်ဆွန်ချင်လင်းအပေါ် လေးစားစိတ်နဲ့ ပြုလုပ်သတဲ့။ မဒမ်ဆွန်ချင်လင်းကို အဂ္ဂါစနိုးက ဒီအမျိုးသမီးကြီးဟာ ဘယ်လို လာဘ်လာဘနဲ့မှ ဖျက်ဆီးလို့မရဘူး။ ယုံကြည်ချက်လည်း ခိုင်မာမြဲမြံတယ်လို့ အောက်မေ့ပြီး ကြည်ညိုတယ်။
အဂ္ဂါစနိုးက ဒီအတောအတွင်းမှာပဲ စာအုပ်တအုပ် ရေးပြန်တယ်။ သူ့စာအုပ်က အင်္ဂလန်မှာတော့ 'မီးလောင်မြေ' (Scorched Earth) ဆိုတဲ့ နာမည်နဲ့ ထုတ်ဝေတယ်။ အမေရိကန်မှာတော့ 'အာရှအတွက်စစ်ပွဲ' ( Battle for Asia) ဆိုတဲ့နာမည်နဲ့ ထုတ်ဝေတယ်။ ဒီစာအုပ်ကို သူ ဖိလစ်ပိုင်နိုင်ငံ ဘာဂီယိုမှာနေပြီး ရေးတာပါ။ စာအုပ်အတွက် လိုအပ်တဲ့ အချက်အလက်တွေကိုတော့ တရုတ်ပြည်မှာ တိုက်နေတဲ့ ဂျပန်စစ်ကြောင်းကြား ထွက်ချည် ၀င်ချည်လုပ်ပြီး ရှာဖွေပေးတဲ့ သူ့ရဲဘော်နှစ်ဦးဖြစ်တဲ့ မစ္စတာရယ်ဝီအယ်လီနဲ့ မစ္စတာ အီဗင်ကာလ်ဆန်တို့ ဆီက ရယူတယ်။

{ပထမပိုင်းပြီး}

No comments: