Thursday, October 9, 2008

နယ်စွန်နယ်ဖျားခရီးသွား
ရေးသူ-မောင်မင်းရာ










လော့စ်အိန်ဂျယ်လိစ်နိုင်ငံတကာလေဆိပ် (LAX) က ညသန်းခေါင်လောက်မှာ လေယာဉ်ထွက်တယ်။ လေယဉ်လက်မှတ်ကိုယ်စားလှယ် မိတ်ဆွေကြီး ကိုမောင်ခင်( City Travel Agent- San Francisco) ကို ဈေးအပေါဆုံးလိုင်း ရှာပေးပါပြောထားလို့ သူက EVA ပေါက်ဖော်လိုင်းကို စီစဉ်ပေးတာ။
တိုင်ပေလေဆိပ်ကို မနက်အစောကြီး သုံးနာရီခွဲ၊ လေးနာရီမှာ ရောက်သွားတယ်။ ညသန်းခေါင်လောက်မှာထွက်တာ မနက်အစောကြီးမှာ ရောက်သွားလို့ လော့စ်အိန်ဂျယ်လိစ်နဲ့ တိုင်ပေ သိတ်လဲမကြာပါလားလို့ မထင်လိုက်ပါနဲ့။ ၁၁ နာရီ ကြာပါ တယ်။ နေ့ချင်းကွာလို့ပါ။
ကိုယ်- တိုင်ပေရောက်တဲ့အချိန်မှာ ကိုယ်ထွက်လာခဲ့တဲ့ လော့စ်အိန်ဂျယ်လိစ်မှာ ညနေ မစောင်းသေးဘူး။ ဒါပေမဲ့ ဒီမှာ မိုးလင်းတော့မယ်။ ခရီးစဉ်က လော့စ်အိန်ဂျယ်လိစ်-တိုင်ပေ-ဘန်ကောက်။
ပေါက်ဖော်တွေဆီရောက်ရင် လေယာဉ်နားတုန်း ပေါက်ဖော် ဆန်ပြုတ်နဲ့ အီကြာကွေး စားလိုက်အုန်းမယ်ဟဲ့.....လို့ ရန်ကုန် ၁၉ လမ်း-လမ်း၂၀ က ပေါက်ဖော်တွေကို သတိရပြီး လေယာဉ်ပေါ်မှာ စဉ်းစားပြီး အားခဲလာခဲ့တာ.....။



လေယာဉ်ဆင်းခါနီးမှာ ကြေငြာတဲ့ အသံကြောင်၊့ စားချင်တဲ့ ဆန်ပြုတ်ဟာ လည် ချောင်းမှာ နင်သွားတယ်။ မစားချင်တော့ဘူး။
'...ချန်ကေရှိတ်နိုင်ငံတကာလေဆိပ်ကို မကြာခင် ဆိုက်ပါမယ်....' တဲ့လေ.......။
'ချန်ကေရှိတ်....ချန်ကေရှိတ်....ချန်ကေရှိတ်'
တရုတ်ပြည်သူ အမြောက်အမြားကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားသစ္စာဖောက်၊ သန်းပေါင်းများစွာ တရုတ်ပြည်သူတို့ကို ညှဉ်းပမ်းနှိပ်စက်ခဲ့သူ။ စာအုပ်စာပေတွေက သိရှိခဲ့ရတဲ့ ဒီနံမည်ဆိုးကြီးဟာ လည်ချောင်းမှာ နင်သွားတယ်။ တော်ပါသေးရဲ့... စောသေးလို့ ဘာဆိုင်မှ မဖွင့်သေးတာနဲ့ ဘာမှမစားဖြစ်လိုက်ဘူး။

xxxx xxxx xxxx xxxx

၃ နာရီလောက် တိုင်ပေလေဆိပ်ထဲမှာပဲ နားနေပြီး ဘန်ကောက်ကို သွားမဲ့လေယာဉ် ပေါ် ပြောင်းစီးရပါတယ်။ ဘန်ကောက်ကို ၃ နာရီလောက် စီးရတယ်.....။ သေတ္တာတွေကို ခရီးဆုံး ကျင်းဟိုင်း ( Ching Rai) လေဆိပ်အထိ၊ လုပ်ထားတာမို့ လက်ဆွဲသေတ္တာကလေးပဲ ပေါ့ပေါ့ပါးပါးဆွဲပြီး ဒုံမောင်းနိုင်ငံတကာ လေဆိပ်ဘက်ကနေ (ဟိုတုန်းကတော့ ဒုံမောင်းပေါ့ လေ) ပြည်တွင်းသွားလေယာဉ်( Domestic Flight) စီးဖို့ ထွက်လာခဲ့တယ်။ လေဆိပ်ထဲ အတွင်းလမ်းကနေ လျှောက်သွားရင်လဲ ရပေမဲ့ ကိုယ်က လေဆိပ်အပြင်ကိုထွက်ပြီး ဖယ်ရီ ကားနဲ့ တဖက်လေဆိပ်ကို လာခဲ့တယ်။
ကျင်းဟိုင်းကနေ ကားကလေးတစင်း ငှားပြီး ချန်းစိန် (Chaing Sein)၊ ကို ထွက်လာခဲ့တယ်။ ချန်းစိန်ဟာ ကျင်းဟိုင်းနဲ့ ကီလို ၃၀ လောက်ပဲဝေးတယ်။ မဲခေါင်မြစ် ကမ်းပေါ်ရှိ ထိုင်းဖက်ကမ်းက မြို့ကလေးတမြို့ပဲ။
ဟိုတယ်တခုကို ကားဆရာကခေါ်သွားတယ်။ အမေရိကမှာ ကိုယ်နေတဲ့ အိမ်နားက အလတ်တန်းစား ဟိုတယ်တောင် မရနိုင်တဲ့ဈေးဟာ ရွှေတြိဂံမှာ အပျံစား ဟိုတယ်ကြီးမှာ နေလို့ရပါတယ်။
ပစ္စည်းအထုတ်အပိုးတွေချပြီး ခရီးသွားရင် ကိုယ့်ထုံးစံအတိုင်း ထမင်းစားဖို့ လမ်းဘေး ထမင်းဆိုင် အရှာထွက်ခဲ့တယ်။ အစစအရာရာ လုံခြုံရေးအရ,သာ စိတ်ချရတဲ့ ဟိုတယ်ကြီး တွေမှာ တည်းရင်တည်းမယ်။ စားတာသောက်တာကို အဲဒီ ဟိုတယ်တွေက ထမင်းစားခန်းတွေ မှာ ကိန်းခန်းကြီးစွာ စားသောက်ဖို့ ကိုယ်ဘယ်တော့မှ စိတ်မကူးဘူး။
ပေါ့ပေါ့ပါးပါး ၀တ်စားပြီး ဟိုတယ်အပြင်ဘက် ထွက်လာခဲ့တာ ဟိုတယ်ရဲ့မျက်နှာချင်း ဆိုင်လမ်းက မဲခေါင်မြစ်ကမ်းပါးမှာ စားသောက်ဆိုင်ငယ်ကလေးတွေ အများကြီးတွေ့တယ်။ ကိုယ်စားဖူးနေကျ ထိုင်းအစာပဲ အကြော်အလှော်နည်းနည်းပါးပါးနဲ့ ဘီယာဆင်(ဂ်) Singha Beer နဲ့ အလုပ်ဖြစ် သွားတယ်။
ကားဆရာက မြစ်ထဲသွားနေတဲ့ စက်တပ်လှေတွေကို ပြပြီး ဗမာ့မြေနင်းချင်လျင် ဒီလှေတွေနဲ့ ဗမာ့မြေပေါ်မှာ ဖွင့်ထားတဲ့ ကာဆီနို သွားမလားမေးတယ်။ နံမည်က Paradise တဲ့....။ သြော် စစ်အစိုးရနှယ် လောင်းကစားဝိုင်းတောင် အငှားဖွင့်နေပြီဆိုတော့၊ ဖာခန်းဖွင့်ဖို့ပဲ ကျန်ပါတော့လားလို့ အဲဒီတုန်းက ကိုယ့်ခေါင်းထဲမှာ ပေါ်လာခဲ့တယ်။
လောင်းကစားတော့ ၀ါသနာလဲမပါဘူး။ ဒါပေမဲ့ ကိုယ့်ရေကိုယ့်မြေကို နင်းချင်တာ၊ ဗိုလ်ခင်ညွန့်တပည့်တွေ ဘယ်နှစ်ယောက်လောက် အဲဒီမှာစောင့်ကြည့်နေမယ် မပြောတတ် တာနဲ့ မသွားဖြစ်ခဲ့ဘူး။
ဟိုတယ်က ထိုင်းကမ်းမှာ။ သူနဲ့ထိစပ်နေတဲ့ တဆက်ထဲက မြန်မာ့နယ်။ မဲခေါင်မြစ်ရဲ့ ဟိုဘက်ကမ်း၊ ဟိုတယ်နဲ့ မျက်နှာချင်းဆိုင်ကမ်းက လောနိုင်ငံ။ လောဘက်ကမ်းကို ကူးလို့ရ တယ်ဆိုလို့ ကူးသွားတယ်။
လောနိုင်ငံ၊ လောဘက်ကမ်းဆိုပေမဲ့ နှုတ်ခမ်းပဲ့ အစပ်နားကလေးပဲ ဖြစ်ဟန်တူပါတယ်။ လှေကနေ တက်သွားတော့ တဲတလုံးမှာ ၀င်ကြေးလက်မှတ်ထိုင်ဖြတ်နေတဲ့ ယူနီဖောင်းဝတ် နှစ်ယောက် သုံးယောက် ရှိတယ်။ သူ့နားမှာ တဲဈေးဆိုင်တန်း မျက်နှာချင်းဆိုင်ပြုထားတယ်။
ပို့စကဒ်၊ တီရှပ်၊ လွယ်အိတ် စတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်နဲ့ စားသောက်ဆိုင်တန်းကလေး။ အတွင်းဘက်ဆက်ဝင်သွားရင်တော့ ရွာတွေဘာတွေ ရှိမလား မသိဘူး။ ဈေးဆိုင်တန်းကကြည့်တာတော့ အနီးပါတ်ဝန်းကျင်မှာ ဘာမှ မတွေ့ဘူး။ စာတိုက်ပုံး တပုံး တွေ့တာနဲ့ ပို့စကဒ်တွေဝယ်ပြီး ထည့်လိုက်သေးတယ်။
ဆိုင်တဆိုင်မှာ ပုလင်းအကြီးစားတွေထဲမှာ မြွေတကောင်လုံးစိမ်ထားတဲ့အရက်၊ ကင်းမ လက်မဲအကြီးစားစိမ်ထားတဲ့အရက်၊ အခြားအဆိပ်ရှိသတ္တ၀ါတွေ ထည့်စိမ်ပြီး ပြထားတဲ့အရက် ပုလင်းတွေ ထောင်ပြထားတယ်။ တခွက်တငုံစာ ကြွေခွက်ကလေးထဲထည့်ပြီး ခွက်ချင်ရောင်း တယ်။
ပုလင်းတလုံးကိုလက်ညှိုးထိုးပြီး လက်တချောင်းထောင်ပြလိုက်တာ ခွက်ကလေးနဲ့ တခွက်ထည့်ပေးတယ်....။ ငါးဘတ်လား ပေးရတယ်။ အရက်က ပြင်းသလားမမေးနဲ့၊ ပါးစပ်ထဲကို အရည်ထည့်လိုက်တာ နှခေါင်းထဲက အခိုးတွေ ပြန်ထွက်လာတယ်။ သူ့ဆိုင်မှာ ပြထားသလောက်သာ တခွက်စီလျှောက်မြည်းရရင် အပြန်မှာ လှေပေါ်က ဂျွမ်းပြန်ကျလောက် တယ်။ မတူတဲ့ သုံးပုလင်းကို သုံးခါလက်ညှိုးထိုးပြီး စာထည့်ဖို့ ပို့စကဒ်မှာ စာရေးရင်း နားနားနေနေ ခွက်ကလေးနဲ့ သုံးခွက်မြည်းလာခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလဲ ပြန်စမ်း ကြည့်ရသေးတယ်။ နှခေါင်းက အငွေ့တရှူးရှူးထွက်ပြီး နဂါးဖြစ်သွားပြီလားလို့ ......... ။
ပတ်စပို့မလို၊ ဗီဇာမလိုပဲ လောနိုင်ငံနယ်အစပ်ကလေးမှာ ခြေချခွင့်ကြုံခဲ့ပါတယ်။

xxxxx xxxxx xxxxx xxxxx

ချန်းစိန်မှာ တညအိပ်ပြီး နောက်တနေ့မှာ ထိုင်းနိုင်ငံနဲ့ ဗမာနိုင်ငံအစပ်၊ ထိုင်းဘက်ခြမ်း က မယ်ဆိုင်မြို့ (Mae Sai) ကို ရောက်တယ်။ Northernmost part of Thailand လို့ ဗမာဖက်ကူးတဲ့ တံတားထိပ်မှာ ရေးထားတယ်။ သူ့ရဲ့ တဖက်ကမ်းက ကိုယ်တို့နိုင်ငံရဲ့ တာချီလိတ်မြို့။ မယ်ဆိုင်ဟာ နယ်စပ်မြို့ဆိုပေမဲ့ အတော်ကလေး ခမ်းနားသပ်ရပ်တာပဲ။
Mai Sai Guest House ဆိုတာ guide book ထဲက အဆိုအရ၊ ရေစပ်မှာရှိတယ်။ မသွားခင် Lonely Planet တို့ ဘာတို့က ထုတ်တဲ့ Tourist Guide Book တွေ ၀ယ်ပြီး အတော် လေ့လာထားတာ။ သူ့စာအုပ်ရဲ့ မြေပုံမှာက အနီရောင်အစက်တစက်၊ ဒါပဲ။ ကိုယ်က ရှာလိုက်ရတာ။ လမ်းမကြီးပေါ်ကနေ မြစ်ချောင်းကမ်းနဘေးအတိုင်း သွားရတယ်။ တောင်စောင်း တခုကိုလဲ ပြေပြေလေး တက်ရသေးတယ်။ ဟိုတယ်က မြစ်ကမ်းမှာ သစ်ဝါးတွေနဲ့ ဆောက်ထားတဲ့ သစ်သားလုံးချင်းအိမ်ကလေးတွေ။ ဟိုတယ်လို့သာပြောတာ ဗမာပြည်က တောရကျောင်းတွေက တရားအားထုတ်တဲ့ ဇရပ်ကလေးတွေလိုပဲ။ သက်ကယ်မိုး ကြူထရံကာ ဘံဂလိုပုံစံ လုံးချင်းအိမ်ကလေးတအိမကို ကိုယ်ရွေးလိုက်တယ်။
တည ဘတ် ငါးရာ (Bt 500) ပဲ။ ဒါလဲ မဆိုးပါဘူး။ အဲဒီတုန်းက ပိုက်ဆံဈေးနဲ့ တည (၁၂) ဒေါ်လာလောက်ပဲ ကျတာ။ ရေပူရေအေးရတယ်။ အတွင်းမှာ ပြင်ဆင်ထားတာလဲ LA က ခပ်စုတ်စုတ် မိုတယ်တွေထက် အများကြီးသပ်ရပ်ပါတယ်။ LA က ခပ်စုတ်စုတ်မိုတယ်တွေ ဒေါ်လာလေး၊ ငါးဆယ် လောက်ပေးရတယ်။
ပစ္စည်းချ၊ အခန်းသော့ခတ်ပြီး၊ ထုံးစံအတိုင်း စားသောက်ဆိုင်အရှာ ထွက်ရပြန်တယ်။ အုတ်ခဲကျောက်ခဲတွေ မညီမညာ ခလုခလက် လမ်းကနေ တော်တော်လေးထွက်လာပြီးမှ ကွန်ကရိလမ်းပေါ် ရောက်တယ်။
ကွန်ကရိလမ်းပေါ်ရောက်တာနဲ့ကို အရက်ဆိုင် ကရာအိုကေဆိုင်တွေ တောက်လျောက် တွေ့တော့တာပဲ။ တနေရာမှာ တည်းခိုခန်းကလေးတခု။ အပြင်က သစ်သားခြံတံခါးမှာ မြေဖြူနဲ့ ဗမာလိုရေးထားတယ်။
'မီးပူအမြန်တိုက်သည်၊ လက်ဘက်သုတ် ဂျင်းသုတ်ရမည်' တဲ့။
လမ်းမကြီး (Thanon Phahonyothin) နဲ့ နီးလာတော့ ဆိုင်ကလေးတွေစိပ်လာတယ်။ ဆိုင်တွေအများကြီးပဲ။ လမ်းဘေးက ဆိုင်၊ အဆောက်အဦးပေါ်ကဆိုင်တွေ၊ တယောက်နဲ့ တယောက်၊ တဆိုင်ကနေတဆိုင်ကို၊ ဗမာလိုတွေ ပြောနေလိုက်ကြတာ။ ကိုယ့်အဖို့တော့ ဗမာပြည် ပြန်ရောက်သွားသလိုကို ခံစားမိလိုက်တယ်။
လမ်းထိပ်မှာ ဗမာပြည်ဖက်ကို ကူးတဲ့ တံတားပဲ။ အဲဒီက လူတွေ ကူးနေလိုက်ကြတာ၊ ကိုယ့်စိတ်ထဲမှာ သူတို့လို ရောယောင်ကူးလို့ရရင် ကောင်းမှာပဲလို့။

xxxx xxxx xxxx xxxx

လမ်းကြားကလေးတခုမှာ စားသောက်ဆိုင်တွေချည်း ဖွင့်ထားတဲ့ ဈေးရုံတခုသွားတွေ့ တယ်။ အဲဒီရုံကြီးအောက်မှာ စားသောက်ဆိုင် ၃-၄ ဆိုင်လောက်ရှိမယ်။ ဆိုင်တဆိုင်မှာ ထိုင်လိုက်တော့ 'ဘာစားမလဲဦးလေး' တဲ့။ ဗမာလို လာမေးတယ်။ 'ကောင်းမယ်ထင်တာ မင်းပြောကွာ' ဆိုတော့ အကြော်ဆရာကို သွားခေါ်လာတယ်။ အကြော်ဆရာလဲ ဗမာပဲ။ ၀မ်းသာလိုက်တာ။ ဗမာတွေချည်းလာတွေ့နေတာ။ သူက ထမင်းနဲ့ ဟင်းစားမှာလားတဲ့။ ထမင်းနဲ့လဲစားလို့ဖြစ်၊ မြည်းလို့လဲ ကောင်းတာလုပ်ပါဆရာရယ်လို့ ပြောတော့ ၃-၄ မျိုး လုပ်ပေးရှာတယ်။ ဖားကို ငရုတ်သီးထက်ပိုင်းကျိုး၊ ကြက်သွန်ဖြူကို မကြေတကြေထုပြီး ကြွပ်ကြွပ်၊ ခြောက်စပ်ကြော်တာ ရှယ်ပဲ။
သူကြော်တဲ့ ကိုက်လန်ရွက်ကို ၀က်ဆီဖတ်နဲ့ကြော်တာ စားတော့၊ တချိန်က ဆူးလေဘုရားလမ်း ၀င်းဘားက ကန်စွန်းရွက်ကြော်ကို သွားသတိရတယ်။ ၀င်းဘားက ကန်းစွန်းရွက်ကြော်က နာမည်ကြီး။ ကန်စွန်းရွက်ကို ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး၊ ဘာအသားမှ မထည့်ပဲ ၀က်ဆီကလေးနဲ့ ကြော်တာ၊ စားလို့ ကောင်းမှကောင်း။

xxxx xxxx xxxx xxxx

ဟိုတယ်ပြန်ရောက်ပြီး စောစောအိပ်လိုက်တာ တရေးနိုးတော့ ည ၉ နာရီခွဲလောက်ပဲ ရှိအုန်းမယ်။ တရေးနိုးဆိုတာထက် ဗမာလိုစကားပြောသံတွေ ကြားလို့ လန့်နိုးသွားတာလို့ ပြောရမယ်။ ရုတ်တရက် လန့်သွားတယ်။ ကိုယ့်ခေါင်းရင်းမှာ တော်တော်ကျယ်ကျယ် လောင် လောင် တယောက်နဲ့တယောက် အော်ပြောနေကြတာ။
ကိုယ့်အခန်းရှေ့ ဆယ်ကိုက်လောက်မှာ ဟိုတယ်ရဲ့ ခြံစည်းရိုး။ အပြင်ဘက်မှာက အတော်အသံ ကျယ်ကျယ်ရေစီးသံနဲ့ စီးနေတဲ့ မယ်ဆိုင်ချောင်းခေါ်မလား၊ မြစ်ခေါ်မလား။ မှောင်နေတော့ ရုတ်တရက် အသံတွေက ဘယ်ကမှန်းမသိဘူး။
ဟိုဘက်ကမ်းက တဲအိမ်ကလေးတွေနဲ့ ကိုယ်တည်းတဲ့ ဟိုတယ်ကအိမ်ကလေးနဲ့ဟာ ချောင်းပဲခြားတယ်။ အသံတွေက အဲဒီဖက်ကလဲ ဖြစ်နိုင်သလို ထမင်းသွားစားတုန်းက လမ်းမှာ တွေ့ခဲ့တဲ့ ကရာအိုကေဆိုင်တွေကလဲ ဖြစ်နိုင်တာပဲ။ လူခြေတိတ်တော့ လေနဲ့လွင့်လာပြီး ကိုယ့်နားကလို့ ထင်နေရတာ။ အဲဒီအိမ်ကလေးတွေက ဖြစ်မယ်.....။
အိပ်လို့ မရတော့ဘူး။ အခန်းပြင်က ခုံတန်းလျားမှာ ထွက်ထိုင်ပြီး ဆေးလိပ်ပဲ တလိပ်ပြီး တလိပ် ထိုင်သောက်နေလိုက်တယ်။ မဲမဲမှောင်တဲ့ ဟိုဘက်ကမ်းက လူသံရယ်၊ ရေစီးသံရယ်ပဲ ကြားရတယ်။ အပြင်မှာ အေးလာလို့ မခံနိုင်တော့ရင် အခန်းထဲပြန်ဝင်လိုက်၊ အိပ်မရလို့ အခန်းပြင်ပြန် ထွက်လိုက်နဲ့ အဲဒီညက အတော်ဗျာများတယ်။
နောက်ဆုံး လူသံတွေလည်းတိတ်၊ ကရာအိုကေသံတွေလည်း တိတ်တော့၊ အင်မတန် သာယာနာပျော်တဲ့ အသံတွေကြားရပြန်ရော။ ဒီအသံမျိုး မကြားရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပကောလား။
ကြက်တွန်သံ.......။
အသံတွေက အနီး၊ အဝေး၊ အတိုး၊ အကျယ်၊ အနိမ့်၊ အမြင့်၊ အတက်၊ အကျ၊ မှန်မှန်ကို မြည်နေတာ။ အသံမာမာနဲ့ အောင်အောင်မြင်မြင်တွန်သံက တချက်မြည်လိုက်ရင်၊ အလှည့်ကျ ဆင့်ကဲဆင့်ကဲ တသံပြီးတသံထွက်လာလိုက်တာ အားလုံးကုန်သွားရင်၊ ပထမ အသံမာကြီးက ပြန်စ, တယ်။ ကြားပေါက် ဖြတ်တွန်တဲ့အကောင်၊ လုတွန်တဲ့အကောင် မရှိဘူးထင်တယ်။ အသံကို မှန်နေတာပဲ။ အသံမာကြီးက ဗိုလ်ဖြစ်ပုံရတယ်။ နားထောင်လို့ကောင်းလိုက်တာ အရမ်းပဲ။
လမ်းမကြီးပေါ်ကို သွားချင်လို့ ထွက်ကြည့်တာ သုံးလေးခါ။ ဟိုတယ်ဝင်းတံခါးကြီးက သော့ခတ်ထားလို့။
လေးနာရီခွဲလောက်မှ လူရိပ်မြင်လို့ သွားကြည့်တော့ ညစောင့်ကြီးက ထင်းခြောက်တွေ စုပြီး အုတ်ခဲခု မီးဖိုမှာ ရေနွေးတည်မလို့လုပ်နေတာ မြင်တာနဲ့၊ ခြံတံခါးဖွင့်ခိုင်းပြီး အပြင်ထွက် လာခဲ့တယ်။ အပြင်မှာ မဲမဲမှောင်တုန်း။ ကွန်ကရိ လမ်းပေါ်ရောက်မှ လမ်းမီးတိုင်က မီးလင်းတာ။
တော်တော်လေးလျှောက်လာတော့ ဆွမ်းခံထွက်လာတဲ့ ဘုန်းကြီးအိုတပါးနဲ့တွေ့တယ်။ ကိုယ်က ကြည်ညိုလွန်းလို့ ကွန်ကရိလမ်းပေါ် ပုဆစ်တုပ်ထိုင်ချပြီး ဦးသုံးကြိမ်ချတာ သူက ရပ်စောင့်ပြီး ပါးစပ်ကလဲ တွတ်တွတ် တွတ်တွတ်နဲ့ ဆုပေးနေရှာတယ်။ သူ့မျက်နှာမှာပေါ်တဲ့ ပီတိပြုံးရိပ်ဟာ တသက်နဲ့တကိုယ်မှာ ကြည်နူးစရာ တကယ်ကောင်းတာပဲ.......။
လမ်းမကြီးပေါ်ရောက်တော့ တံတားဖွင့်ရင် ဗမာဘက်ကမ်းကို ကူးကြဖို့ တွန်းလှည်း တွေ၊ နောက်တွဲပါတဲ့ဆိုင်ကယ်တွေ အများကြီးတန်းစီနေကြတယ်။ ကိုယ်က မှောင်နေလို့ လမ်းမှာ လူဆိုးသူခိုး စိတ်မချတာနဲ့ ကင်မရာကို အခန်းမှာ သော့ခတ်သိမ်းခဲ့တာ နောင်တရမဆုံး ဖြစ်သွားတယ်။ မှောင်ကလဲမှောင်သေး၊ ဘာဆိုင်မှလဲ မဖွင့်သေးတာမို့ အခန်းပြန်ပြီး တရေးပြန်နှပ်တယ်။

xxxx xxxx xxxx xxxx

အိပ်ရာကနိုးတဲ့အချိန် တခေါက်ပြန်ထွက်တော့ ဟိုလျှောက်ဒီလျှောက်ရင်း မဲဆိုင် ဈေးကို တွေ့သွားတယ်။ ဈေးဖွင့်ခါစ, ဆိုင်တွေကခင်းတုန်း။ ရောင်းဖို့ ပုဆိုးတွေကို ဆိုင်ရှေ့မှာ ချခင်းနေတဲ့ ကလေးမလေးက တဖက်ဆိုင်က ကလေးမလေးတယောက်ကို လှမ်းမေးနေ တယ်။
"နင်ဒီနေ့ ထမင်းဗူး ဘာထည့်လာလဲ" တဲ့။ အမေးခံရတဲ့ ကလေးမကလေးက ဒီနေ့တော့ ဆိုင်ကပဲ ၀ယ်စားတော့မယ်လို့ ပြန်ဖြေတယ်။
သြော်.... သူတို့က မနက်လင်းမှာ တဖက်ကို ကူးလာပြီး အလုပ်လာလုပ်ကြတာလား၊ မယ်ဆိုင်မှာပဲ နေကြတာလား၊ မပြောတတ်ဘူး။
ဈေးထဲမှာ စားပြီးသောက်ပြီး ပြန်ထွက်လာတော့ တံတားနားက ယွန်းထည်နဲ့ ယွန်းပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ ဆိုင်ရှေ့ထွက်ရပ်နေတဲ့ ဆိုင်အကူ ကောင်လေးနှစ်ယောက် ပြောနေသံ ကြားရပြန်တယ်။ မင်းကော ပြန်အုံးမှာလားတဲ့။ အမေးခံရသူက မပြန်နိုင်သေးပါဘူး ကွာ၊ ပြန်ကော ဘာထူးမှာလဲ၊ ဟိုဘက်မှာလဲ အခြေအနေက ကောင်းတာ မဟုတ်ဘူးတဲ့။
ထိုင်းနယ်စပ်မှာ ရောင်းနေကြတာကလဲ တရုတ်ပစ္စည်းတွေပါလား။ နေကြာစေ့တွေ၊ ကွာစေ့တွေ၊ လက်ဖက်ခြောက်တွေ၊ အသီးခြောက်ယိုတွေ.......။ တရုတ်ကလာတဲ့ ဓါတ်ခဲတို့၊ မှန်ဘီလူးတို့၊ ရေဒီယိုတို့၊ စစ်သုံးဓါးမြောင်တို့၊ ကစားစရာသေနတ်တို့၊ ဗန်းနဲ့ခင်း ရောင်းတဲ့ဆိုင် မှာ လူငယ်သုံးယောက်နဲ့ ကျနော်အဖွဲ့ကျသွားတယ်။ တယောက်ကပြောနေတယ်။
"ဒီနေ့ ပြန်သွားရင် အ၀တ်တွေ 'ဆော်' ရအုန်းမယ်......." တဲ့။ ပြောချလိုက်တာမှာ မော်လမြိုင်လေသံက အပီပဲ။
"ညီလေးတို့က မော်လမြိုင်ဘက်ကလား....." ကျနော်က စပ်စပ်စုစု မိတ်ဆွေဖွဲ့မေး, မေးလိုက်တယ်။ ၀မ်းသာတဲ့ပုံ ပါးစပ်ကလေးတွေ အဟောင်းသားနဲ့ ကျနော့်ကို ပြန်ကြည့်တယ်။ တယောက်က-
"ဟုတ်တယ်... ကျနော်က ဈေးကြီးတောင်ပေါ်တန်းက...၊ သူက ကျိုက်မရောက... ဦး က ဘယ်လိုလုပ်သိလဲ...."
"အ၀တ် 'ဆော်' ရအုန်းမယ်ဆိုတာနဲ့ သိလိုက်တာပေါ့ကွာ...... ကျနော်လဲ မော်လမြိုင် သားပါပဲ....."
သူတို့ ရီကြတယ်။
"ကျနော်တို့က ဦး ကို ဗမာလို့ မထင်မိဘူး... 'ယ'ပက်လက်လား၊ 'ဖ' အုပ်ထုတ် လား တခုခု အောက်မေ့လို့...."
မယ်ဆိုင်လမ်းမကြီးပေါ်က ဆိုင်တွေမှာ ဗမာတွေချည်းပဲလား မပြောတတ်ဖူး။ ရွှေဆိုင် ဆိုင်းဘုတ်လဲ ဗမာလို ရေးထားတယ်။ ဆေးခန်းဆိုင်းဘုတ်တွေလဲ ဗမာလိုပဲ။ 'ကာလသားရောဂါ ကုသည်' လို့တောင် ဆေးခန်းတခုမှာ ရေးထားတာ တွေ့လိုက်တယ်။ လမ်းမတန်းကြီးကနေ မြို့တွင်းဘက်ကို လျှောက်လာလိုက်တာ တနေရာရောက်တော့- လမ်းဘေးက စပွဲခုံကလေးပေါ်မှာ စဥ့်နီတုံးနဲ့ လေးထောင့်တရုတ်ဓါးတင်ထားတာတွေ့တယ်။ ၀က်သားတွဲ သုံးလေးငါးတွဲ ချိတ်ဆွဲထားတယ်။ သစ်သားပြားပေါ် မြေဖြူနဲ့ ရေးထားတယ်။
"၀က်သားအချိုရမယ်......" တဲ့။ ဒီဆိုင်းဘုတ်က ကိုယ့်ကို နည်းနည်း ခေါင်းစားလိုက် တယ်။ '၀က်သားအချို' ဆိုတာဘာလဲ။ သူရောင်းနေတာကလဲ ချက်ပြီးသားမှ မဟုတ်တာ၊ ဘယ်ကလာ 'အချို' 'အစပ်' ဖြစ်သွားတာလဲ။ တရက်နှစ်ရက်နေပြီး ဗမာတယောက်နဲ့တွေ့လို့ ဟိုနားက ဆိုင်းဘုတ်က ဘယ်လိုလဲလို့ မေးကြည့်တော့မှ ၀က်သား ဈေးချိုချိုနဲ့ ရမယ်လို့ ရေးထားတာ ဖြစ်မှာပေါ့တဲ့။ ၀က်သားဆိုင်ကလဲ သူ့တဆိုင်ထဲ လမ်းဘေးမှာ ထီးတည်း။
တနေရာကျတော့ အိမ်ခြံဝင်းတခုရဲ့ လမ်းသွယ်လမ်းကြား။ အဲဒီလမ်းသွယ်ကလေးရဲ့ ထိပ်က အပင်တပင်မှာ သင်္ဘောဆေးနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တခုကို ရွဲ့ရွဲ့စောင်းစောင်း ချိတ်ဆွဲလို့။ ရေးထားပုံက ကြည့်အုန်း- ခြံထဲမှာအရက်ရှိသည်-တဲ့။ စပ်စပ်စုစု ၀င်သွားကြည့် တော့ မုံ့အုပ်ကလေးဆိုင်လိုလို၊ ဘိန်းမုံ့ဆိုင်လိုလို မီးဖိုကလေးနဲ့ မြေစိုက်တဲကလေး။ တကယ်တော့ မီးဖိုက အကင်တခုခု ကင်ရောင်းတာ။ ကျနော်ရောက်သွားတဲ့ အချိန်မှာ ကင်နေတာမတွေ့ရဘူး။ ဒါပေမယ့် လူတယောက်နှစ်ယောက် မြေကြီးပေါ် ခွေးခြေနဲ့ ထိုင်ပြီး ရေနွေးကြမ်းပန်းကန်လုံး ကိုယ်စီနဲ့ အရက်သောက်နေကြတယ်။ ကိုယ့်ဖို့ ထိုင်စရာ မရှိတာနဲ့ မတ်တပ်ပဲ နှစ်ခွက်ချလိုက်တယ်။ ဗန်းထဲမှာ ထည့်ထားတဲ့ အမဲကင်လား ၀က်ကင်လား မသိတာက ယင်ကောင်တွေ ၀င်ရောက်အားပေးနေတာနဲ့ ကိုယ်အသာလေး လက်ရှောင်ခဲ့ရ တယ်။
သူ့အရက်က ယိုးဒယားချက်အရက်ပါပဲ။ ကျိုင်းတုံစပါးနှံတို့လို အရသာမျိုး။ တကိုယ်တော် ခရီးသွားခြင်းရဲ့ လွတ်လပ်မှု အရသာက ဒါပဲလေ။
တနေရာကျတော့ "ဗမာဖုံး" တဲ့။ သူကတော့ ကျောက်တွေ ရောင်းဝယ်နေကြတဲ့ ကျောက်ဈေးတန်းနားတ၀ိုက်မှာ။ ဗမာပြည်က ဖုံးလိုင်းကို မယ်ဆိုင်ဖက် ဆွဲပြီး သွယ်ထားတာ။ တဖက်နိုင်ငံကနေ over-sea call မပေးရအောင်၊ ထိုင်းဖုံးကိုမသုံးပဲ၊ ဗမာ့ဥာဏ်နဲ့ မြန်မာ့ ဆက်သွယ်ရေးကော်ပိုရေးရှင်းကို အသုံးချလိုက်တာ။ local call ပဲ ပေးရမယ်ထင်တယ်။ နဲနဲ ပိုရင်လဲ ပိုမှာပေါ့လေ.....။
Lonely Planet ထဲမှာ Jojo Coffee shop ဆိုလို့ ရှာကြည့်တာ ဆိုင်က စိတ်ဝင်စားစရာ။ ဆိုင်းဘုတ်က 'ဂျိုဂျို' လို့ ရေးထားတယ် ထင်ရပေမဲ့ 'ဂ' ငယ်ကို ယပင်းနဲ့ ဂျိုထားတဲ့ ဂျိုလား၊ ယိုးဒယားအက္ခရာလား။
ကိုယ်လဲ ယိုးဒယားစာမတတ်တော့ မပြောနိုင်ဘူး။ စာအုပ်ထဲမှာက ဆိုင်နံရံမှာ Lana style ဗုဒ္ဓ၀င်သစ်ထွင်းပန်းချီတွေ ရှိတယ်ပြောတာ၊ တကယ်ကြည့်လိုက်တော့ နံရံက ပန်းချီ ထက်စိတ်ဝင်စားစရာက ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာ ရေးထားတဲ့ စားစရာစာရင်း (Menu) ပဲ။
ဆိုင်ရှေ့ငွေသိမ်းတဲ့ကောင်တာမှာ ထိုင်နေတဲ့ မိန်းမ၀၀ကြီးကလွဲရင် တဆိုင်လုံးမှာ အလုပ်လုပ်နေတာ ဗမာမိန်းကလေးတွေပဲ။ typical ဗမာထမင်းဆိုင်တွေမှာ အလုပ်,လုပ်တဲ့ ရိုးရိုးသားသား ဗမာမိန်းကလေးတွေလို။
ဆိုင်က အပေါ်ထပ် အောက်ထပ် နှစ်ထပ်၊ ဆိုင်ထဲကနေမှ လှေကားနဲ့ အပေါ်ထပ်ကို တက်ရတာ။ လှေကားတက်တော့ နောက်ဖေးမီးဖိုချောင်ကို လှမ်းကြည့်လို့ မြင်ရတယ်။ ချက်ဖို့ပြုတ်ဖို့ လုပ်နေကြတာ၊ မိန်းကလေးတွေချည်းပဲ။ ဟင်းရွက်သင်တဲ့သူ၊ ငရုတ်သီးထောင်း ကြက်သွန်နွှာ၊ ပန်းကန်ဆေးအိုးဆေး၊ အလှူအိမ်တခုရဲ့ အလုပ်အကိုင်နေ့မှာ အလုပ်လုပ်နေကြ ပုံပဲ။ သီချင်းညည်းသူ၊ စကားတွေ ဖောင်ဖွဲ့ ရီကြမောကြနဲ့ ပျော်စရာကြီး။ ဆိုင်ထဲက စပွဲတခုမှာလဲ Apron ကိုယ်စီနဲ့ မိန်းကလေးသုံးယောက် စကားတပြောပြောနဲ့ အလုပ်လုပ် နေကြတယ်။
ငပိထမင်းဆိုတာ အတော်စားကောင်းတယ်။ စိမ်းစားငပိကို ထမင်းနဲ့နယ်ပြီး လက်ခုပ် တအုပ်စာ လုံးထားတယ်။ ငရုတ်သီးအခြောက်တောင့် အကြွပ်ကြော်သုံးတောင့်လောက်ကို လုံးထားတဲ့ထမင်းပေါ်၊ ဆံထုံးကို ဆံထိုး, ထိုးသလို ထိုးစိုက်ပေးတယ်။ ဘေးမှာ ရှမ်းခေါက်ဆွဲ တို့မှာ ထည့်စားတဲ့ ကြက်သားဆီပြန်နဲ့၊ ကြက်သွန်မြိတ်ကိုပုံပေးတယ်။
ပထမ ကိုယ်က ငပိထမင်း ဆိုလို့ ကိုယ်တို့ အောက်ပြေအောက်ရွာမှာ စားတဲ့ ငပိရေကြို နဲ့ ပုစွန်ခြောက်မှုံ့နဲ့ ထမင်းနယ်တာ အောက်မေ့လို့....။ သူရောင်းတဲ့ ငပိထမင်းဆိုတာ ရှမ်းတွေစားတာလား မပြောတတ်ပါဘူး.... စားလို့တော့ ကောင်းသား။
အင်းလေ........ ကိုယ်ကလဲ ဘာစားစား မကောင်းတာမှ မရှိပဲ........။

မောင်မင်းရာ။
အောက်တိုဘာ၊ ၂၀၀၈။

1 comment:

Anonymous said...

မောင်မင်းယာ များလား....။ မောင်မင်းရာ ဆိုတာတော့ မဖတ်ဖူးဘူး။