Sunday, February 14, 2010

နယူးယောက်ရဲ့ မနောမယဂမ္ဘီရ
ရေးသူ- လူထုစိန်ဝင်း



"မနောဗေဒင်နဲ့ လက္ခဏာ" ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားပြီး လမ်းဘေးစပွဲတလုံးမှာ အမြဲထိုင်နေတဲ့ ဂျူလီယာဟာ ဘရွတ်ကလင်ရပ်ကွက် မြေအောက်ဘူတာကိုအသွား သူ့ရှေ့က နေ့စဉ်ဖြတ်နေတဲ့ ကျွန်တော့်ကို အမြဲ စောင့်ကြည့်လေ့ ရှိတယ်။ သူ့ရှေ့မှာ ကျွန်တော်ဝင်ရပ်လိုက်တဲ့အဆုံး တနေ့မှာတော့ သူဟာ ခေါင်းစီးပုဝါကို ပြင်ပတ်ရင်း ကျွန်တော့ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်ပါတယ်။
"လက္ခဏာကြည့်ခက ဘယ်လောက်လဲ" လို့ ကျွန်တော်က မေးလိုက်တော့ "ပိုက်ဆံကိစ္စ နောက်မှ ပြောတာပေါ့ လူလေးရယ်" ဆိုပြီး သူဟာ ကျွန်တော့်လက်ကို ကျေနပ်ပီတိနဲ့ ဖမ်းဆွဲလိုက်ပါတယ်။ သူ့နောက်မှာတော့ အိန္ဒိယက ပစ္စည်းပစ္စယတွေ ဆိုင်လုံးပြည့် တွေ့ရပါတယ်။ မဟာပိန္နဲနတ်ရုပ်၊ အမွှေးတိုင်တွေနဲ့ 'အုမ်' အမှတ်တံဆိပ်တွေ အပြင်၊ တိဘက်ပုံစံ ဗုဒ္ဓပုံတော်ကားချပ်တွေပါ တွေ့ရပါတယ်။ သူ့ဟန်ပန်က အမေရိကန် အကြားအမြင် ဆရာမတယောက်ကို အိန္ဒိယနိုင်ငံသား ဖောက်သည်တယောက်နဲ့ အတူတူ တွေ့မြင်သွားကြမှာကို ကျေနပ်နေပုံရပါတယ်။ လူဖြူဘတ်စကက်ဘော နည်းပြတယောက်ဆီကို (လူမည်း ဘတ်စကက်ဘော အကျော် အမော်) လီဘရွန်ဂျုံးတယောက်လာပြီး တပည့်ခံတဲ့အခါ ဖြစ်လာတဲ့ ကျေနပ်မှု အတိုင်းပါပဲ။


"အိမ်ထောင်ရေးမှာ အဆင်မပြေတာလေးတွေ ဖြစ်ကိန်းရှိနေတယ်" သူက ကျွန်တော့လက်ဖ၀ါးကို ကြည့်ပြီး ပြောလိုက်ပါတယ်။
"ဘာဖြစ်လို့လဲ"
"လူကလေးရဲ့ ဟာဒယလေခ (နှလုံးသားလမ်းကြောင်း)က ဟောဒီလို နေရာမှာ မထင်မရှား မှုန်ဝါးဝါး ဖြစ်နေတယ်" သူက ကျွန်တော့ လက်ဖ၀ါးပေါ်က လိုင်းတလိုင်းကို ထောက်ရင်း ပြောလိုက်တာပါ။
"အိန္ဒိယမှာတော့ ဒါကို ကံကြမ္မာလမ်းကြောင်း(ထီးရိုး) ခေါ်ပါတယ်"
"မဟုတ်ပါဘူး။ နှလုံးသားလမ်းကြောင်းပါ လူကလေးရဲ့"
"အိန္ဒိယကလာတဲ့ လူတယောက်နဲ့ ပြိုင်ငြင်းမလို့လား။ ဒါ ထီးရိုးအစစ်ခင်ဗျ"။ ဒီတော့ ဂျူလီယာက မော့ကြည့်လိုက်ပြီး သူ့ကို ဒုက္ခပေးမယ့် အိန္ဒိယလူမျိုးတယောက်ဖြစ်ကြောင်း သဘောပေါက်သွားပုံ ရပါတယ်။
နယူးယောက်ကို ၅ နှစ်ကြာပြီးမှ ပြန်ရောက်လာတော့ တမြို့လုံးကို အကြားအမြင်ဆရာတွေ သိမ်းပိုက် ထားလေသလားလို့တောင် ထင်မိရပါတယ်။ သူတို့ရဲ့ ဗဟိုဌာနချုပ်လို ဖြစ်နေတဲ့ အရှေ့ပိုင်း ရပ်ကွက်တွေမှာ ဆိုရင် အီးမေလ် စစ်ကြည့်ဖို့နေရာထက် လက္ခဏာကြည့်စရာ နေရာတွေက ပိုများနေပါတယ်။ အခုတော့ အရှေ့ပိုင်းကနေ နယူးယောက်တမြို့လုံးကို ပျံ့နှံ့နေပါတော့တယ်။ ဘယ်နေရာကြည့်ကြည့် အရှေ့တိုင်း၊ တိုင်းရင်းဆေးဆိုင်တွေ၊ ဗေဒင်လက္ခဏာ အကြားအမြင်ဆရာတွေချည်း မြင်တွေ့နေရပါတော့တယ်။ စိတ်ချရမှန်း မသေချာ မရေရာတဲ့ 'အပ်စိုက်၊ မီးကင်' ဆရာတွေလည်း မနည်းလှပါဘူး။ ဂရင်းဝစ်ခ်ျရွာဘက်မှာ အရင်ကလည်း ဂမ္ဘီရဆရာတွေ မနည်းပါဘူး။ အခုတော့ ပိုများလာပြီး မြို့တော်ရဲ့ ပင်မရေစီး အသိုက်အ၀န်းထိကို ပျံ့နှံ့နေပါပြီ။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ဆီက ရူးကြောင်ကြောင် ပေါသွပ်သွပ်လို့ ထင်ခဲ့တဲ့ အရာတွေက အခုတော့ လူရိုသေ ရှင်ရိုသေ ကိစ္စတွေ ဖြစ်နေကြပြီ။ နယူးယောက်ရဲ့ 'ရေပေါ်ဆီ' ပညာတတ် လူတန်းစားတွေထဲမှာကို အဲဒီလို ဖြစ်နေကြတာ။ ကျွန်တော့် မိတ်ဆွေဟောင်းတယောက်ဆိုရင် အရင်က ဘာသာမဲ့တယောက်၊ ဆင်ခြင်တုံတရား ၀ါဒီတယောက် ဖြစ်တယ်။ အခုတော့ သူက ရဟူဒီ ဂမ္ဘီရပညာတွေ လိုက်စားနေပြီး သူ့ဇနီးက လည်း အနောက်တိုင်းဆေးဝါးတွေကို မယုံတော့ဘဲ တရုတ်ဆေးဆရာတယောက်ဆီ သွားပြီး ပရဆေးတွေ၊ ဓာတ်လုံးတွေနဲ့ပဲ အကုခံတော့တယ်လို့ ပြောပြပါတယ်။
အိန္ဒိယက အနောက်တိုင်းဆရာဝန်တဦးရဲ့ သားဖြစ်တဲ့ ကျွန်တော်ဟာ ဒါတွေကို မြင်ရတော့ တော်တော့်ကို အလန့်တကြား ဖြစ်သွားရပါတယ်။ စက်မှုအတတ်ပညာတွေဟာ အမေရိကမှာ ကောင်းကောင်းကြီး ထွန်းလင်းတောက်ပနေတာ မှန်ပါရဲ့။ နေရာတကာမှာ ဆဲလ်ဖုံးတွေနဲ့ လက်ပ်တော့တွေချည်းပါပဲ။ ဒါပေမယ့် ဒီအတတ်ပညာတွေကို ဖော်ထုတ်ပေးလိုက်တဲ့ သိပ္ပံပညာအပေါ် ယုံကြည်မှုကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခေတ်အတွင်း တော်တော်ကြီးကို ယုတ်လျော့ ကျဆင်းသွားပါတော့တယ်။ သက်သေအဖြစ် ထောက်ပြစရာ တွေကတော့ လက်ညှိုးထိုး မလွဲပါဘူး။ လမ်းဘေးဗေဒင် လက္ခဏာဆရာတွေက စပြီး အိမ်ဖြူတော်အထိပါပဲ။
၂၀၀၅ ခုနှစ်မှာ သမ္မတဘုရှ်က အမေရိကန်ကျောင်းတွေမှာ "ဖန်ဆင်းခြင်း" အယူအဆအပါအ၀င် ကိုယ်နှစ်သက်ရာကို လွတ်လပ်စွာ ရွေးချယ်သင်ကြားခွင့် ပေးသင့်တယ်လို့ အကြံပြုလိုက်တော့ ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီကို ဆန့်ကျင်သူများ အကြိုက်တွေ့ သွားကြတယ်။ ဂမ္ဘီရဆန်တယ်လို့ ဆိုကြတဲ့ အရှေ့တိုင်းက ရောက်လာသူတဦးအနေနဲ့ကတော့ ဒါတွေဟာ စိတ်ကသိကအောက် ဖြစ်စရာပဲ။ စက်ဆုပ်စရာ လို့တောင် ဆိုချင်ဆိုနိုင်ပါတယ်။
ကျွန်တော်တို့ မိသားစုမှာဆိုရင် အခြားသော လူလတ်တန်းစား အိန္ဒိယလူမျိုးစုမိသားစုများအတိုင်း သိပ္ပံနဲ့ သင်္ချာပညာကို အထူးတလည် တန်ဘိုးထား လေးစားကြတယ်။ ကျွန်တော်တို့ အဖိုးတယောက်ဆိုရင် ဒါဝင်နဲ့ တီအိပ်ခ်ျဟပ်စလေရဲ့ အီဗော်လူးရှင်းသီအိုရီ စာအုပ်ကြီးတွေကို သူ့စာအုပ်စင်မှာ အမြတ်တနိုး ထားရှိပါတယ်။ နောက်အဖိုးတယောက်ကတော့ ဆွေစဉ်မျိုးဆက် ကျင့်သုံးလာတဲ့ ရိုးရာအစဉ်အလာအတိုင်း ကျွန်တော့မိခင်ကို တ၀မ်းကွဲမောင်တယောက်နဲ့ လက်ထပ်ပေးမယ့်ကိစ္စကို 'သိပ္ပံနည်းမကျ' ဘူးဆိုပြီး အစဉ်အလာကို ဖောက်ပြီး ဖျက်သိမ်းပစ်ခဲ့ပါတယ်။ အဖိုးနှစ်ယောက်စလုံးဟာ ရှေးရိုး ဗြဟ္မဏဘာသာကို ကိုးကွယ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ ခေတ်နဲ့မအပ်စပ်တော့ပဲ တဖြည်းဖြည်း ပျောက်ကွယ် သွားလိမ့်မယ်ဆိုတဲ့ အသိတော့ ရှိကြပါတယ်။ ဒီလိုအသိပေးမယ့်လည်း သူတို့ စိတ်မချမ်းမသာ ဖြစ်မနေကြပါဘူး။ ကျွန်တော်နဲ့ သူတို့ရဲ့ 'တိုးတက်မှု' ဆိုတဲ့ အမြင်ထဲမှာ အတူပါဝင်နေတဲ့ အချက်ကတော့ အိန္ဒိယနိုင်ငံဟာ ပိုပြီးချမ်းသာကြွယ်ဝတဲ့ နိုင်ငံတခု ဖြစ်လာခြင်းနဲ့အတူ အလယ်ခေတ် အိန္ဒိယ နိုင်ငံသားတွေကို နှစ်ပေါင်းများစွာ နှောင်ဖွဲ့ထားခဲ့တဲ့ အယူသည်းခြင်းနဲ့ တခြားပေါက်တတ်ကရ အယူအဆ အတွေးအခေါ်များဟာ စာတတ်မြောက်နှုန်းမြင့်မားလာပြီး ဆင်ခြင်တုံတရားနဲ့ စဉ်းစားလာကြတဲ့အခါမှာ လုံးဝကွယ်ပျောက်သွားလိမ့်မယ်ဆိုတဲ့ ယုံကြည်မှု ဖြစ်တယ်။
ကျွန်တော့်မျိုးဆက်မှာဆိုရင် နတ်ဒေ၀တာတွေနေရာမှာ တွေးခေါ်စဉ်းစားခြင်းကို အစားထိုးလိုက်ကြပါပြီ။ ဒီနေ့ ကျွန်တော်တို့ မျိုးဆက်က ကျွန်တော်တို့ နိုင်ငံရဲ့ သိပ္ပံနဲ့ စက်မှုနည်းပညာတက္ကသိုလ်ကြီးတွေရဲ့ အရေးပါမှုကို သိရှိနေကြပြီး microsoft လို၊ NASA လို၊ နေရာကြီးတွေထိ ၀င်ဆန့်နိုင်တဲ့ မြောက်မြားလှစွာသော ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေအတွက် ၀မ်းမြောက် ဂုဏ်ယူနေကြပါတယ်။ ကျွန်တော်တို့ အလေးအမြတ်ပြုရာကလည်း နတ်ဒေ၀တာများရဲ့ ဘုံဗိမာန်တွေ မဟုတ်ကြတော့ဘဲ Caltech လို MIT လို အနောက်တိုင်း သိပ္ပံအဆောက်အအုံများနဲ့ Nature and Scientific American လို စာအုပ်များသာ ဖြစ်ကြပါတော့တယ်။
အဲဒီတော့ ၂၀၀၈ ခုနှစ်မှာ အမေရိကန်ကို ရောက်လာပြီး သိပ္ပံပညာအပေါ် ယုံကြည်မှုများဟာ အိမ်ဖြူတော်ကနေပြီး လက္ခဏာဆရာတွေ ပေါများလှတဲ့ ဒီ ဘရွတ်ကလင်လို နေရာအထိ ယုတ်လျော့ကျဆင်း နေတာကို မြင်တွေ့ရတဲ့အခါမှာ ဘယ်လောက်ထိ စိတ်ထဲမှာ ဘ၀င်မကျ ဖြစ်လိုက်ရသလဲ။ ကျွန်တော်ရဲ့ တစိတ်တပိုင်းက ဒီလိုဖြစ်နေတာတွေကို ဟားတိုက်ရယ်မောပစ်လိုက်ပြီး ဂျူလီယာကို ကောင်းကောင်း ဒုက္ခပေးပစ်လိုက်ချင်တယ်။ ဒါပေမယ်လို့ နောက်တစိတ်တပိုင်းက တီးတိုးပြောနေတယ်။
"နေပါဦးလေ ပေါက်တတ်ကရ ဖြစ်ချင်တိုင်းဖြစ်တဲ့ အခြေအနေအထိ အနောက်ကမ္ဘာကြီး ယုတ်လျော့ကျဆင်းသွားတာကို ခရာမှုတ်ပြီး နှုတ်ဆိတ်မနေပါနဲ့ဦး။ ကျုပ်တို့ရဲ့ လက်တဒါဇင် နတ်ဒေ၀တာတွေနဲ့ အမွှေးတိုင်တွေကို ယူကြစမ်းပါအေ။ ဒို့ကလည်း သူတို့ရဲ့ 'ဂလီလီယို' နဲ့ ဒက်စကာတေး ရုပ်တုတွေကို ဒို့အင်ဂျင်နီယာကျောင်းတွေနဲ့ ကွန်ပြူတာ ကုမ္ပဏီတွေဆီ သယ်ယူသွားကြတာပေါ့။ မကြာခင် တနေ့မှာတော့ သူတို့ရဲ့ မှော်ဝင်သားသမီးတွေဟာ ခေါင်းထုပ်ကြီးတွေ ပေါင်းပြီး မွန်ဘိုင်းက စားသောက်ဆိုင်တွေမှာ ဒို့သားသမီးတွေကို အလုပ်အကျွေးပြု စားပွဲထိုးနေကြလိမ့်မယ်"
ဒါနဲ့ပဲ ကျွန်တော်ဟာ ဂျူလီယာကို ပြုံးပြပြီး 'ခင်ဗျားမှန်ပါတယ်။ ဒါ နှလုံးလမ်းကြောင်းပါ' လို့ ပြောလိုက်ပါတယ်။
ဒီတော့ သူ့မျက်နှာဟာ အရှေ့ဘက်ဒေသက ဧည့်သည်တယောက်အပေါ်မှာ အောင်ပွဲခံလိုက်ရတဲ့ အမေရိကန် အကြားအမြင်ဆရာတယောက်ရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးနဲ့ ၀င်းပသွားပါတော့တယ်။

၂၈-၇-၀၈ ထုတ် တိုင်းမ်မဂ္ဂဇင်းက Aravind Adiga ရဲ့ Mystical Mischief အက်ဆေးကို ဘာသာပြန်ထားတာပါ။
{လူထုစိန်ဝင်းရဲ့ ဆင်းရဲခြင်းထောင်ချောက်- အက်ဆေးများ စာအုပ်မှ ကူးယူတာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါတဲ့ အက်ဆေးတွေဟာ ၀င်းဇော်၊ လူထုစိန်ဝင်း အမည်များနဲ့ Bi weekly eleven ဂျာနယ်မှာ ပါခဲ့တာတွေကို နှစ်ကာလများ စာအုပ်တိုက်က ၂၀၀၉ မေလမှာ ပထမအကြိမ် ထုတ်ဝေခဲ့ခြင်း ဖြစ်ပါတယ်။}


No comments: