Sunday, February 7, 2010

နန်းစကား မန်းစကား- မြန်မာတို့ရဲ့ မြန်မာစကား ၂
ရေးသူ- လူထုစိန်ဝင်း



'ပထမဦးစွာ ဟော်လို ဂစ်တာလက်သံနဲ့ လက်စွမ်းပြ တီးလုံးကို စတင်တီးခတ်မှု ပြုပါတယ်။ key A နဲ့ တီးခတ်မှုပြုထားတဲ့ blues rock တေးသွားတပုဒ်ပါပဲ။ vocal ရဲ့ ရွတ်ဆိုမှု အသံဟာ မယ်လိုဒီတေးသွားနဲ့ ထပ်တူ ဖြစ်ခဲ့ပါတယ်.... '
'intro အ၀င်ကို drum နဲ့ စ၀င်ပေးပါတယ်။ intro 8 bars ကို ဟာမိုနီ အသံလေးများနဲ့ ဖြည့်ဆည်းပေးထားပါတယ်။ key F နဲ့ တီးခတ်မှု ပြုထားတဲ့ slow သီချင်းတပုဒ်ပါ။'
'technically အရ ကြည့်ရင် mouse သုံးမျိုး ရှိပါတယ်။ serial mouse, bus mouse နဲ့ import mouse ဆိုပြီး ရှိပါတယ်'
'နောက် mouse မှာလည်း mechnical mouse နဲ့ optical mouse ဆိုပြီး ရှိပါသေးတယ်။ mechanical mouse ဆိုတာက ခင်ဗျားတို့ တွေ့ဖူးတဲ့အတိုင်း ရိုးရိုး mouse ပါပဲ။ ဘောလုံးကလေး စပွဲပေါ်မှာ ရှိနေမယ်။ အဲဒါကို ရွှေ့ပေးခြင်းအားဖြင့် pointer ရွေ့နေမယ်။ နောက် optical mouse။ သူကတော့ screen control pointer ကို light bean နဲ့ ထိန်းပေးတယ်'


'ကျွန်မက earing အတွက် လာရောက် လုပ်ကိုင်တာ မဟုတ်ပါဘူး။ ကူညီတာပါ။ ကျွန်မ enjoy လုပ်တာက ၀င်ငွေ မဟုတ်ပါဘူး။ joy satisfaction ကိုပါလို့ ပြောပြရပါတယ်'
'အင်တာနေရှင်နယ်ကနေ ၀ီအာသည်ဝေါလ်အထိ နားထောင်ပြီးပါပြီ။ မေရီအင်တွိုင်းနက်ကနေ အယ်လီနာချောင်ချက်စကူးအထိ ဖတ်ကြည့်ပီး ပါပြီ။'
'ကဗျာဆရာ စတီဖင်စပင်ဒါ ကွယ်လွန်တော့ နယူးစထရိတ်တိုင်းမ်သတင်းစာမှာ ဟဲဗီးဝိတ်ကဗျာဆရာ' တဲ့။
'ဆန်းမဂ္ဂဇင်းမှာတော့
ဘော့ဒိုင်လန်ကို
ရော့ခ်ဖီလိုဆိုဖာ' တဲ့။
'မင်းလည်း စံပြမယ် ကလော်ဒီယာ ရှစ်ဖာမဟုတ်ဘူး။ ငါလည်း မျက်လှည့်ဆရာ ဒေးဗစ်ကော့ပါးဖီး မဟုတ်ဘူး'
'ကဗျာရဲ့ အကြောင်းအရာ (content) ဟာ ကဗျာရဲ့ ရည်ရွယ်ချက် (theme) ပါပဲ။ ကဗျာကို သင်ကြား လေ့လာရတဲ့အခါ အကြောင်းအရာ (ရည်ရွယ်ချက်)နဲ့ အဲဒီရည်ရွယ်ချက်သို့ ရောက်အောင် ပို့ဆောင်ပုံ (ပုံသဏ္ဍာန်) (form)၊ တင်ပြပုံ (presentation)၊ ဟန် (style)၊ စကားလုံးအသုံးအနှုံး (choice of words)၊ မာယာ (symbol, image, simile, metaphor, hyperbole, etc..) ဆိုပြီး ခွဲခြားစိတ်ဖြာ လေ့လာရပါတယ်။ ကဗျာရဲ့ အတွင်းသား (essence) နဲ့ ကဗျာရဲ့ အဆောက်အအုံ (structure) ကို တည်ဆောက်ပုံ (construction) ရယ်ဆိုပြီး ကဗျာကို ဝေဖန်သုံးသပ်တဲ့အခါ ခွဲခြမ်းကြည့်ရတာ ဖြစ်ပါတယ်။'
'ပြီးတော့ ဘာကြောင့် ကဗျာရဲ့ အကြောင်းအရာပိုင်းလဲဆိုတော့ ကဗျာကို လေ့လာတဲ့အခါ အကျုံးဝင်ဘာသာစကားရဲ့ နယ်ပယ် time and space ခေတ်ပြိုင်ရာဇ၀င်အခြေအနေလို့ပဲ ဆိုပါတော့။ language တခုတည်း မိမိရဲ့ mother tounge နဲ့ ရေးတာချည်း။ စကားပြောဆိုတာကလည်း ရှိနေလေတော့ ကဗျာရဲ့ အကြောင်းအရာ ဆိုပြီး ခွဲခြမ်းစိတ်ဖြာလိုက်ရတာမျိုးလည်း ရှိပါတယ်။ language of poetry နဲ့ language of prose ထပ်တူမကျတာကိုတော့ သတိချပ်ရမယ်'
အခု ဖော်ပြခဲ့တဲ့ စာပိုဒ်တွေဟာ မတ်လထုတ် မဂ္ဂဇင်း ငါးအုပ်ထဲက ကောက်နှုတ်ယူလိုက်တဲ့ စာပိုဒ်တွေ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ ဖတ်ဖို့ မြန်မာဘာသာနဲ့ ရေးသားထုတ်ဝေကြတဲ့ မဂ္ဂဇင်းတွေချည်းပါပဲ။
အဲဒီစာတွေကို မြန်မာလူမျိုးတွေ ဖတ်လို့ လုံးစေ့ပတ်စေ့ နားလည်ကြပါ့မလားလို့ စဉ်းစားမိပါတယ်။ မြန်မာလူမျိုးအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ ကျေးလက်တောရွာတွေက တောင်သူတွေနဲ့ မြို့ပေါ်က လက်လုပ်လက်စား အလုပ်သမားတွေ ဖြစ်ကြပါတယ်။ အင်္ဂလိပ်စာတတ်သူဦးရေဟာ အင်မတန် နည်းပါး လှပါတယ်။ အဲဒါကြောင့် အင်္ဂလိပ်လို နာမည်တွေ၊ အခေါ်အဝေါ် အသုံးအနှုန်းတွေကို နားလည်ကြမှာ မဟုတ်ပါဘူးလို့ပဲ ယူဆပါတယ်။
ဒီအယူအဆ မှန်၊ မမှန်ဆိုတာကို ဒီနေ့ ထွက်ရှိနေတဲ့ မဂ္ဂဇင်းပေါင်း ၁၀၀ ၀န်းကျင်လောက်မှာ ဘယ်လိုမဂ္ဂဇင်းတွေ စောင်ရေအများဆုံး ထုတ်ဝေနေရသလဲ ဆိုတဲ့အချက်နဲ့ တိုင်းတာလိုက်ရင် သိနိုင်ပါတယ်။
အဲဒီ မဂ္ဂဇင်းတွေ ဘာကြောင့် စောင်ရေအများဆုံး ထုတ်ဝေနေရတာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ လူအများဆုံး ဖတ်ကြလို့ပေါ့။
ဘာကြောင့် အများဆုံး ဖတ်ာကတာလဲ။
သူတို့ အကြိုက်ဆုံး ဖြစ်လို့ပေါ့။
ဘာကြောင့် ကြိုက်ကြတာလဲ။
သူတို့ရဲ့ ပညာရည်အဆင့်အတန်းနဲ့ နားအလည်နိုင်ဆုံးဖြစ်လို့၊ သူတို့ဘ၀နဲ့ အနီးစပ်ဆုံးဖြစ်လို့ပေါ့။
ဒီနေ့ မဂ္ဂဇင်းအားလုံးရဲ့ ဦးတည်ချက်ဟာ မှားယွင်းနေတယ်လို့ ပြောချင်ပါတယ်။ တိုင်းပြည်ရဲ့ လူအများစုကြီးကို ပရိသတ်အဖြစ် ဦးတည်ချက်မထားဘဲ ခေတ်ပညာတတ် ကျောင်းသားလူငယ် အလွှာလေးတခု အတွက်ကိုသာ ရည်ရွယ်ပြီး ထုတ်ဝေသူက ထုတ်ဝေ၊ ရေးသူကရေး လုပ်နေကြပါတယ်။
အဲဒါကြောင့်လည်း ၄၅ သန်း ဆိုတဲ့ လူဦးရေရှိတဲ့ နိုင်ငံမှာ မဂ္ဂဇင်းတအုပ်ရဲ့ စောင်ရေဟာ ထောင်ဂဏန်း နည်းနည်းလေးလောက်သာ ရှိနေတာ ဖြစ်ပါတယ်။
မဂ္ဂဇင်း အားလုံးလောက်နီးပါးက အင်္ဂလိပ်စာတတ် ပရိသတ် အတွက်သာ ရည်ရွယ်ထုတ်ဝေနေကြလေ တော့ အများစုကြီး ဖြစ်တဲ့ သာမန်ပြည်သူ ပြည်သားများအဖို့ သူတို့နားလည်နိုင်တဲ့ ခေတ်နောက်ပြန်ဆွဲ အဆိပ်မဂ္ဂဇင်းတွေနဲ့သာ ရောင့်ရဲနေကြရမှာပါပဲ။
အဲဒီ အဆိပ်မဂ္ဂဇင်းတွေနဲ့ချည်း ထိတွေ့နေရသရွေ့ သူတို့ရဲ့ အသိဥာဏ် တိုးတက်လာမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဥာဏ်ရည် မတိုးတက်သရွေ့ မြန်မာစာပေရဲ့ အဆင့်အတန်းလည်း မြင့်မားလာဘွယ် မရှိပါဘူး။
မြန်မာစာပေ အဆင့်အတန်းမြင့်အောင်၊ နိုင်ငံတကာ အဆင့်မီအောင်ဆိုပြီး စာရေးဆရာတွေက နိုင်ငံတကာ စာပေအမျိုးမျိုးကို မိတ္တူကူးစက်နဲ့ ကူးသလို ရေးသားနေကြပါတယ်။ ဖြစ်တည်မှုတို့၊ ကပ်ဖ်ကာတို့၊ ဒါလီတို့၊ ဆာရီယယ်လစ်ဇင်းတို့ ပါမှ နိုင်ငံတကာအဆင့်မီတယ်လို့ ယူဆနေကြပါတော့တယ်။
ဖြစ်တည်မှုတို့၊ ကပ်ဖ်ကာတို့၊ ဆာရီယယ်လစ်ဇင်တို့ဆိုတဲ့ ၀ါဒတွေဟာ လူရဲ့ အဇ္ဈတ္တအတွင်းစိတ်ကို ဆန်းစစ်လေ့လာတဲ့ ၀ါဒတွေ ဖြစ်ကြပါတယ်။ စိတ်ရဲ့ သဘာဝကို ခွဲခြမ်းစိတ်ဖြာလေ့လာတဲ့နေရာမှာ ဗုဒ္ဓရဲ့ အနတ္တ၀ါဒလောက် သိပ္ပံနည်းကျပြီး နက်နဲတဲ့ဝါဒ ဘယ်မှာမှ မရှိပါဘူး။ အဲဒီလောက် အဆင့်မြင့်တဲ့ အနတ္တ၀ါဒကို လမ်းပေါ်က သာမန်မြန်မာလူမျိုးတွေတောင် နားလည်ကြပါတယ်။ ဖြစ်တည်မှုတို့၊ ကပ်ဖ်ကာတို့ကို ကူးချတာဟာ မြန်မာစာပေ အဆင့်အတန်း မြင့်လာတာ မဟုတ်ပါဘူး။ မြန်မာစာပေအဆင့်အတန်းကို နိမ့်ကျအောင် ဆွဲချပစ်လိုက်တာ ဖြစ်ပါတယ်။
တချို့ မြန်မာစာရေးဆရာတွေက မြန်မာစာပေမှာ နိုင်ငံတကာ အဆင့်မီတဲ့ကဗျာ၊ ၀တ္ထုဆိုတာ မရှိဘူးလို့တောင် ပြောကြပါတယ်။ နိုင်ငံတကာ အဆင့်ဆိုတာ ဘာကို ခေါ်တာလဲလို့ ကျွန်တော်တို့တော့ မသိတာ အမှန်ပါ။ သူတို့တော့ သိကြမလား မဆိုနိုင်ပါဘူး။ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးမှ နိုင်ငံတကာအဆင့်မီလို့ ခေါ်နိုင်ပါသလား။
ဒန်တီရဲ့ ဘုံခန်းတို့၊ ငရဲခန်းတို့ စာအုပ်ကြီးတွေ ဖတ်လို့ကောင်းပါတယ်။ ဒါပေမယ့် မြန်မာစာပေက ရှင်အဂ္ဂသာမိရဲ့ ငရဲခန်းတို့၊ ဘုံခန်းပျို့တို့လည်း မြန်မာလူမျိုးတွေအတွက် ကောင်းတာပါပဲ။ ရှိတ်စပီးယားရဲ့ စာတွေ ကောင်းလှပါတယ်ဆိုပေမယ့် ကျွန်တော်တို့ မြန်မာပြည်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာတွေလောက် မြန်မာတို့အဖို့ တန်ဖိုးရှိလှတယ် မထင်ပါဘူး။ ရှိတ်စပီးယားရဲ့စာတွေက ဘယ်လောက် ကောင်းကောင်း အင်္ဂလိပ် လူမျိုးတွေရဲ့ ဘ၀ကို ဘယ်လိုမှ တိုးတက်မလာစေပါဘူး။ အင်္ဂလန်နိုင်ငံရဲ့ သမိုင်းကို ဘယ်လိုမှ ပြောင်းလဲမသွား စေနိုင်ခဲ့ပါဘူး။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းအဆင့်ဆင့် ဖြစ်ထွန်းတိုးတက် လာမှုကို အများကြီး သြဇာသက်ရောက်စေခဲ့ ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ဘ၀ကို အများကြီးပြောင်းလဲစေခဲ့ ပါတယ်။ မြန်မာကဗျာဆရာကြီးတွေ ဖြစ်ကြတဲ့ ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့ရဲ့ ကဗျာတွေဟာဆိုရင် တချို့ နိုဗယ်ဆုရ ကဗျာဆရာဆိုသူတွေရဲ့ ကဗျာတွေထက် အတွေးအခေါ်အရရော အနုပညာအရပါ မညံ့ဘူးလို့ ဆိုရဲပါတယ်။ 'သိဒ္ဓတ္ထ' ဆိုတဲ့ စာအုပ်နဲ့ မြန်မာလူမျိုးတွေ သိရှိနေကြတဲ့ ဂျာမန်စာရေးဆရာ ဟားမန်းဟက်စ်ရဲ့ အတွေးအခေါ် ကဗျာတွေ များစွာထဲမှာ မြန်မာတွေအတွက်တော့ 'ဗေဒါလမ်း' ကို လိုက်မီတာ တပုဒ်မှကို မရှိဘူးလို့တောင် ပြောရဲပါတယ်။ ဒီအဆိုကို လက်မခံနိုင်သူများ ရှိခဲ့ရင် ဟားမင်းဟက်စ်ရဲ့ ကဗျာတွေထဲက အတွေးအခေါ်မှာ 'ဗေဒါလမ်း' ကို မီတဲ့ကဗျာတပုဒ် ထုတ်ပြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
နိုင်ငံတကာ အဆင့်မီတယ်ဆိုတာဟာ အနောက်အတိုင်းက အတွေးအခေါ် အယူအဆတွေကို မတ္တူကူးယူတာ မဟုတ်ပါဘူး။ သူတို့နာမည်တွေကို တန်းစီထည့်သွားတာ မဟုတ်ပါဘူး။ အဲဒါကြောင့် နေရာတကာမှာ နိုင်ငံတကာ အဆင့်မီတဲ့စကားကို ပေါ့ပေါ့ဆဆ မပြောသင့်ကြပါဘူး။ အရှင်းဆုံး ပြောရရင် တိုင်းပြည်နဲ့ ပြည်သူပြည်သားများရဲ့ လူနေမှုအဆင့်အတန်းက နိုင်ငံတကာ အဆင့်မီတဲ့ အခြေအနေ မရှိဘဲနဲ့ ဘယ်စာပေ၊ ဘယ်အနုပညာမှ နိုင်ငံတကာအဆင့်မီ ဖြစ်မလာနိုင်ပါဘူး။
ဖြစ်အောင်ကြိုးစားတယ်ဆိုရင် ရူးရာကျပါလိမ့်မယ်။ လျှပ်စစ်ဓါတ်မရှိတဲ့ တောကြီးမျက်မည်းထဲမှာ သေသူကို ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့ စက်ယန္တယားကြီးတခု တီထွင်နိုင်ပါတယ် ဆိုလို့လည်း အလကားပါပဲ။
ကိုယ့်ဟာကိုယ် ရူးချင်ရင် ရူးကြပါ။ ဖြစ်တည်မှုတို့၊ ကပ်ဖ်ကာတို့ ဆာရီယယ်လစ်ဇင်တို့ ဒါလီတို့ အကြောင်းတွေလည်း ပြည့်ပြည့်၀၀ သိတာမဟုတ်၊ မြန်မာစာပေကိုလည်း နှံ့နှံ့စပ်စပ် သိရှိတာ မဟုတ်ဘဲနဲ့တော့ ဒီနှစ်ခုကို နှိုင်းယှဉ်ပြီး မြန်မာစာပေကို မပုတ်ခတ်ပါနဲ့။ မြန်မာစာပေပညာရှင်ကြီးတွေကို မစော်ကားပါနဲ့လို့ ပြောချင်ပါတယ်။
နောက်တခု ပြောချင်သေးတာက 'မြန်မာစကားက ဝေါဟာရ ခေါင်းပါးလွန်းလို့ အင်္ဂလိပ်စကားလုံးတွေ ကိုပဲ မွေးစားသုံးရပါတယ်၊ အသံလှယ်သုံးရပါတယ်' ဆိုပြီး အင်္ဂလိပ်စကားတွေကို 'ဗုံးပေါလအော' ထည့်သုံးကြတဲ့ အကြောင်းပါ။ အင်္ဂလိပ်စာတတ်ကြောင်း 'သမားဂုဏ်ပြ' လုပ်ချင်ကြရင်လည်း နိုင်ငံခြားက စာနယ်ဇင်းတွေမှာ အင်္ဂလိပ်လို ၀တ္ထု ကဗျာ ဆောင်းပါးတွေ ရေးကြပါ။ မြန်မာတွေ ဖတ်ဖို့ ထုတ်ဝေတဲ့ မြန်မာမဂ္ဂဇင်းတွေမှာ မြန်မာစာနဲ့ ရေးတာ ဖြစ်ရင်တော့ အတတ်နိုင်ဆုံး ကြိုးစားပြီး မြန်မာစကားနဲ့သာ ရေးသင့်ကြပါတယ်။
ဘိလပ်မှာ အနှစ်သုံးလေးဆယ်နေခဲ့ပြီး အဘိဓာန်ကျမ်းကြီးတဆူ ပြုစုခဲ့၊ သုတေသနစာတမ်းတွေ ရေးသားခဲ့တဲ့ ဘိလပ်ပြန်ဆရာ ဒေါက်တာလှဘေလို ပုဂ္ဂိုလ်ကြီးကတောင် မြန်မာတွေ ဖတ်ဖို့ မြန်မာစာတွေ ရေးတဲ့အခါမှာ အင်္ဂလိပ်စကားလုံးတွေ မလိုအပ်ဘဲ ညှပ်သုံးလေ့မရှိတာကို အတုယူသင့်ကြပါတယ်။
'မြန်မာစကားက ဝေါဟာရခေါင်းပါးတယ်' ဆိုတဲ့ အဆိုကိုလည်း လက်မခံနိုင်ပါဘူး။ မြန်မာ ဘာသာစကားမှာ ဝေါဟာရ မချို့တဲ့ပါဘူး။ မြန်မာ့မြေပေါ်မှာ ပေါက်ရောက်တဲ့ သစ်ပင်၊ ပန်းပင်မှန်သမျှအတွက် မြန်မာအခေါ်တွေ ရှိပါတယ်။ မြန်မာ့ မြစ်ချောင်း အင်းအိုင်တွေထဲက ငါးမှန်သမျှအတွက်လည်း မြန်မာနာမည်တွေ ရှိပါတယ်။ ဝေါဟာရမပြည့်စုံလို့ ခေါ်စရာ နံမည်မရှိတဲ့ သစ်ပင်၊ ပန်းပင် ကျေးငှက်တိရစ္ဆန်ရယ်လို့ တခုမှ မရှိပါဘူး။ ဝေါဟာရမပြည့်စုံလို့ ဆွေမျိုးစပ်မရဘူးဆိုတာမျိုးလည်း မရှိပါဘူး။ အင်္ဂလိပ်စကားမှာတော့ ယောက္ခမနဲ့ သားမက်၊ ချွေးမကိုလည်း 'အင်လော' ပဲ။ သမီး ယောက်ဖကိုလဲ 'အင်လော' သမီးယောက်မကိုလဲ 'အင်လော' ပဲ။ တမိသားနဲ့ တမိသား စုံဖက်ကြတဲ့အခါ ဟိုဘက်ဒီဘက် ပတ်သက်လာကြသူ မှန်သမျှကို 'အင်လော' ဆိုတဲ့စကားတလုံးကိုပဲ 'ရေလဲ' နဲ့ သုံးလိုက်ကြရတယ်။ မြန်မာဘာသာစကားမှာတော့ 'ခမည်းခမက်'တို့၊ 'လင်ညီအမ'တို့၊ 'မယားညီအကို' တို့ စတဲ့ သီးခြားသတ်မှတ်ထားတဲ့ အခေါ်အဝေါ်တွေ အပြည့်အစုံ ရှိနေတော့ အခေါ်အဝေါ်ကို ကြားလိုက်ရုံနဲ့ တော်စပ်မှုကို တန်းသိနိုင်တာပေါ့။
အင်္ဂလိပ်မှာ 'ဘရားသားအင်လေ'၊ 'စစ္စတာအင်လော' လို့ ပြောလိုက်တဲ့အခါ 'ကိုယ့်အိမ်ထောင်ဖက်ရဲ့ အကြီးလား၊ အငယ်လား' ခွဲခြားမသိနိုင်ပါဘူး။ မြန်မာစကားမှာတော့ မိန်းကလေးတယောက်က သူ့ခင်ပွန်းရဲ့ အကိုဆိုရင် 'ခဲအို' လို့ခေါ်ဝေါ်ပြောဆိုပြီး၊ ခင်ပွန်းရဲ့ညီဆိုရင် 'မတ်' လို့ ခေါ်ဝေါ်ပြောဆိုလိုက်တော့ ဆွေမျိုးတော် စပ်ပုံကို သိသွားရတာပေါ့။ အဲဒီလိုပဲ ယောက်ျာလေးတယောက်ကလည်း ဇနီးရဲ့အစ်မကို 'မရီး'၊ ညီမကို 'ခယ်မ' လို့ ခွဲခြားခေါ်ဝေါ်စရာ ရှိပါတယ်။
မြန်မာဘာသာစကားက ဝေါဟာရ မခေါင်းပါးပါဘူး။ မြန်မာစာရေးဆရာတွေသာ ချွတ်ခြုံကျ ဖြစ်နေကြတာပါ။
အသစ်အသစ် ထွန်းကားလာတဲ့ စက်မှုပညာရပ်တွေအတွက် ဝေါဟာရမရှိတာကတော့ လူမျိုးတိုင်းရဲ့ ဘာသာစကားတိုင်း ကြုံတွေ့နေရတာပါ။ ကောင်းကင်မှာ နက္ခတ်တာရာတလုံး တွေ့လိုက်ရတဲ့အခါ သင့်တော်ရာနာမည်တခုခု ရွေးပြီးပေးလိုက်၊ ဓာတ်ပစ္စည်းတခု အသစ်တွေ့ရှိတဲ့အခါ သင့်တော်ရာနာမည်တခု ရွေးပြီးပေးလိုက်ရင်နဲ့ပဲ သူတို့ ဘာသာစကားတွေ တိုးပွါး ကြွယ်ဝလာတာပါ။
ကျွန်တော်တို့ မြန်မာစကားကိုလည်း ရှေးရှေးက မြန်မာကြီးတွေက ကြွယ်ဝလာအောင် အလားတူ လုပ်ခဲ့ကြတာပါ။ မီးသီး၊ မီးချောင်း၊ ဓာတ်စက်၊ ဓာတ်ရှင်၊ ဓာတ်ပြား၊ ဓာတ်ရထား၊ ဓာတ်လှေကား။ ဓာတ်စက်ရုံ၊ ဓာတ်ခဲ၊ ဓာတ်မီး စတဲ့ အခေါ်အဝေါ်တွေဟာ အနောက်နိုင်ငံကနေ အသစ်ရောက်ရှိလာတဲ့ စက်မှုအတတ် ပညာဆိုင်ရာ ပစ္စည်းတွေကို တီထွင်ခေါ်ဝေါ်လိုက်ကြတာပါ။
ကျွန်တော်တို့ခေတ်ရောက်မှ ၀ါယမလေး နည်းနည်းလောက် စိုက်ထုတ်ပြီး မကြိုးစားကြတော့ပဲ အလွယ်လမ်းကို လိုက်နေကြတာ ဖြစ်ပါတယ်။ ဒီလိုသာ အချောင်ရှာ၊ အလွယ်လိုက် လုပ်နေလို့ကတော့ ကျွန်တော်တို့ မြန်မာဘာသာစကားဟာ စည်ပင်ဖွံ့ဖြိုးဖို့ နေနေသာသာ ကွယ်ပျောက်မသွားအောင်တောင် မနည်းကြီး ကြိုးစားထိန်းသိမ်းကြရပါလိမ့်မယ်။ အခုတောင်မှ မြန်မာ့စကား၊ မြန်မာ့ဝေါဟာရ၊ မြန်မာ့ယဉ်ကျေးမှု တွေဟာ လုံးပါးပါးလိုက်လာတာ 'ရွှေတောင်စက္ကူကတောင် မမ၊ မမလို့ ခေါ်ရမတတ်' ပါးလှပ် ချည့်နဲ့ နေပါပြီ။
ဘာသာစကားတို့၊ ဓလေ့ထုံးစံတို့၊ ယဉ်ကျေးမှုတို့ဆိုတာ ခေတ်နဲ့ စနစ်က မွေးထုတ်ပေါက်ဖွားလာရတာ ဖြစ်လေတော့ ခေတ်တွေ စနစ်တွေ ပြောင်းရင် ပြောင်းသလောက် သူတို့လည်း လိုက်ပြောင်းကြရတာ ဓမ္မတာပါ။ ပြောင်းလဲတိုးတက်တဲ့ ခေတ်နဲ့အညီ သူတို့လည်း ပြောင်းလဲတိုးတက်ရတယ်။ ခေတ်နဲ့ မကိုက်ညီ၊ မအပ်စပ်တော့တဲ့အရာတွေက တိမ်ကောပျောက်ကွယ်သွားရပြီး ခေတ်ရဲ့ လိုအပ်ချက်အရ အသစ် အသစ်တွေ ပေါ်ထွန်းလာရပါတယ်။
ဒါဟာ သဘာဝတရားမို့ ၀မ်းနည်းနေစရာ၊ တမ်းတနေစရာ မလိုပါဘူး။ အသုံးမ၀င်တော့တဲ့ အဟောင်းအမြင်းတွေကို သမိုင်းရဲ့အမှိုက်လှေကြီးပေါ်တင် မျှောလိုက်ကြရမှာပေါ့။ အသစ်သစ်တွေကို ကြိုဆိုကြ၊ ဖန်တီးကြရမှာပေါ့။
ဒါပေမယ့် ခေတ်နဲ့လည်း အပ်စပ်နေသေးတဲ့ အသုံးလည်း တည့်နေသေးတဲ့ ကိုယ်ပိုင်ဘာသာစကားကို ချောင်ထိုးထားပြီး တိုင်းခြားဘာသာစကားတွေကို အလွယ်တကူ အစားထိုး သုံးစွဲတာမျိုးကိုတော့ မလုပ်သင့်ကြပါဘူး။
'စာပေပျောက်ရင် လူမျိုးပါပျောက်မယ်' ဆိုတဲ့စကားကို အပြောအများဆုံးက စာရေးဆရာတွေပါ။ ဒါပေမယ့် လက်တွေ့ကျတော့ မြန်မာစာပေ၊ မြန်မာစကား ပျောက်အောင် စာရေးဆရာတွေက လုပ်နေကြသလို ဖြစ်နေကြပါတယ်။
မြန်မာဘာသာစကားဟာ တချို့ပြောကြသလို ဝေါဟာရမချို့တဲ့ပါဘူး။ အင်္ဂလိပ်ဘာသာစကားနဲ့ အကျွမ်းတ၀င် မရှိလှတဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ ကျေးလက်ဒေသတွေက လယ်ကွင်းလယ်ယာတွေထဲမှာ ဝေါဟာရ ကြွယ်ပိုးကြွယ်ဝ ရှိလှပါတယ်။ မန္တလေးကို ဗဟိုပြုတဲ့ အညာဒေသတခွင်မှာ လှပတဲ့ မြန်မာစကားတွေ အများကြီး ကျန်ရှိနေပါသေးတယ်။
မန္တလေးဆိုတာ မြန်မာတို့ရဲ့ နောက်ဆုံးမြို့တော်ပါ။ အောက်အရပ်ဒေသထက် ကျွန်အဖြစ်နောက်ကျလေ တော့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ 'ထီးစကား နန်းစကား' ဟာ အောက်အရပ်ဒေသထက် များများစားစား ကျန်ရှိနေပါသေးတယ်။
ထီးကျိုးစည်ပေါက် ဖြစ်သွားတော့မှ ထီးရိပ်နန်းရိပ်က လူတွေလည်း ရပ်ထဲ ရွာထဲ ရောက်သွားကြရ ပါတယ်။ အဲဒီတော့ ထီးစကား၊ နန်းစကားတွေ လူထုထဲ စီးမျောစိမ့်ဝင်သွားရပြီး နန်းစကားတွေဟာ မန်းစကား ဖြစ်သွားရတော့တာပါဘဲ။ အဲဒီ နန်းစကား မန်းစကားတွေဟာ ရပ်ထဲရွာထဲမှာ အများကြီး ရှိနေပါသေးတယ်။
ဒါပေမယ့် မြန်မာစာ၊ မြန်မာစကားကို ချောင်ထိုးထားပြီး အချောင်ရှာ အလွယ်လိုက်ကြတဲ့ မြန်မာဆာရီရယ်လစ်၊ ပညာတတ်လူတန်းစားတွေကြောင့် မြန်မာစကားအသုံးအနှုန်းတွေ တိမ်ကောပျောက်ကွယ် လုမတတ် ဖြစ်နေရပါတယ်။
ဒီဆောင်းပါးဟာ အဲဒီလို တိမ်ကောပျောက်ကွယ်လု နီးပါးဖြစ်နေတဲ့ မြန်မာစကားတွေကို ကောက်သင်းကောက် စုဆောင်းဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရေးတာ ဖြစ်ပါတယ်။ ဒီအလုပ်မျိုးဆိုတာ တဦးကောင်း တယောက်ကောင်း ဆောင်ရွက်လို့ မအောင်မြင်နိုင်ပါဘူး။ စာပေပညာရှင်တွေရော၊ ပြည်သူ တရပ်လုံးပါ ၀ိုင်းဝန်းဆောင်ရွက်မှ ဖြစ်မှာပါ။
အဲဒါကြောင့် စာဖတ်ပရိသတ်အားလုံးက ၀ိုင်းဝန်းကူညီကြပါ။ မိမိတို့ မှတ်မိ သိရှိသလောက် တိမ်မြုပ် ပျောက်ကွယ်နေတဲ့ မြန်မာစကား မြန်မာဝေါဟာရတွေကို အနက်အဓိပ္ပါယ်နဲ့တကွ ရေးသားပြီး စာရေးသူ ဆောင်းပါးအဆုံးမှာ ဖော်ပြထားတဲ့ လိပ်စာအတိုင်း ပို့ပေးကြပါ။ စုစည်း စိစစ်ပြီး မဂ္ဂဇင်းတွေကတဆင့် တင်ပြသွားပါမယ်။ စာရေးဆရာများ အနေနဲ့လည်း အတတ်ပညာသစ်တွေ၊ အနုပညာသစ်တွေရဲ့ တိုင်းခြား စကားလုံးတွေကို မြန်မာစကားလုံးတွေ ဖြစ်အောင် ပြုစု လုပ်ကိုင်ပေးကြပါ။ ရှိရင်းစွဲ မြန်မာစကားလုံးတွေကိုလည်း ပစ်ပယ်မထားပဲ များများကြီး သုံးစွဲပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါရစေ။

ဆက်ပါဦးမယ်။
{လူထုစိန်ဝင်း ရဲ့ ပျောက်ကွယ်လုနီပါး မြန်မာစကားများ- နန်းစကား မန်းစကား မြန်မာတို့ရဲ့ မြန်မာစကား စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၆ ဇန်န၀ါရီ မှ ကူးယူဖော်ပြပါတယ်။}


No comments: