Tuesday, May 24, 2011

မပြီးသေးသောပန်းချီကား
ရေးသူ- ရင်မောင်



ပန်းချီသည် ထင်တာထက် ခက်လှသည်။

ပန်းချီသင်နေသည်မှာ နှစ်ဝက်ခန့်တော့ရှိပြီ။

ငယ်ငယ်က လုံးဝ ပန်းချီနှင့် အစေးမကပ်ခဲ့။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မူလတန်း၊ အလယ်တန်း၌ ကလေးများကို ပန်းချီပညာ သင်မပေးပါ။ အထူးသဖြင့် ကျွန်တော်ငယ်စဉ်က တက်ခဲ့သည့် အစိုးရ မူလတန်း၊ အလယ်တန်း ကျောင်းများတွင် ကျောင်းစာကလွဲ၍အားကစား၊ ပန်းချီ၊ အိမ်တွင်းမှု စသည့် ပညာများ ဘာဆိုဘာမျှ မသင်ခဲ့ရပါ။


ဂျပန်နိုင်ငံတွင်မူ တိုးတက်သော နိုင်ငံပီပီ မူလတန်း၊ အလယ်တန်းတို့တွင် ပန်းချီပညာကို သင်ပေး၏။ အတီးအမှုတ်၊ ဂီတ၊ အားကစားတို့ကိုလည်း ပညာရပ်တခုစီအနေဖြင့် သင်ကြရသည်။

ထို့ကြောင့် ဂျပန်လူမျိုးတိုင်း အနည်းနှင့်အများ ပန်းချီတတ်ကြ၏။ ရုပ်စွအဆုံး ကာတွန်းဆန်ဆန်၊ သရုပ်ဖော် ကောက်ကြောင်းဆန်ဆန် လောက်တော့ ကလေး လူကြီး ကျားကျား မမ ဆွဲတတ်ကြသည်။

ကျွန်တော် နေသည့်မြို့တွင် မြို့မျူနီစပါယ်က စီစဉ်ပေးသော သင်တန်းအမျိုးမျိုး ရှိသည်။ သင်တန်းခ မပေးရ။ မြို့နေလူထုအတွက် အခမဲ့ သင်တန်းများ ဖြစ်သည်။ ဟိုက်ကုကဗျာ၊ ကိုးရီးယားဘာသာ အခြေခံ၊ ကွန်ပြူတာအခြေခံ၊ တင်းနစ်အခြေခံ၊ ပန်းအလှပြင်.... စသည် စသည်ဖြင့် ရာသီအလိုက် အမျိုးမျိုး ဖွင့်လှစ်ပေးသည်။ ရပ်ကွက်တိုင်းလိုလိုတွင် ရှိသော ရပ်ကွက်လူထုပိုင် စုဝေးခန်းမများတွင် ဖွင့်ပေးခြင်း ဖြစ်သည်။ ရပ်ကွက် အကြီးအသေးကို လိုက်၍ စုဝေးခန်းမများသည်လည်း အကြီးအသေး အမျိုးမျိုး ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဆိုရလျှင် ရပ်ကွက်ဓမ္မာရုံ ဆန်ဆန် ဖြစ်သည်။ အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများလည်း ရှိသည်။ အားကစားရုံ၊ စာကြည့်တိုက်ပါ တွဲဖွင့်ထားသော အဆောက်အအုံ များလည်း ရှိသည်။ အချက်အပြုတ် သင်တန်းဖွင်နိုင်အောင် ရေ မီး ဓါတ်ငွေ့ စသည့် လိုအပ်ချက်များကိုလည်း အကုန်ပြင်ဆင်ပေးသည်။

ကျွန်တော်သည် ငယ်ငယ်က ပန်းချီဝါသနာ မပါလှသော်လည်း ကြီးလာတော့၊ အထူးသဖြင့်ဂျပန်နိုင်ငံ သို့ ရောက်ပြီးသည့်နောက်တွင် တဖြည်းဖြည်း ပန်းချီကား ကြည့်ရတာ အရသာ တွေ့လာသည်။ သည်မှာက မြို့တိုင်းလိုလို ပန်းချီပန်းပု ပြတိုက်ကြီးများ ရှိတတ်သည်။ အသစ် အသစ် ဝင်လာသော သို့မဟုတ် အခြား ပြတိုက်ကြီးများမှ အချိန်အကန့်အသတ်ဖြင့် ငှားရမ်းသော လက်ရာများကိုလည်း အထူးပြပွဲအဖြစ် ပြသနေကြသည်။ တီဗွီလိုင်း များကလည်း ကမ္ဘာကျော် ပန်းချီပြတိုက်ကြီးများ အကြောင်း၊ ကမ္ဘာကျော် ပန်ချီကားကြီးများအကြောင်းကို တဖွဲ့တနွဲ့ ရိုက်ပြကြသည်။ ပန်းချီဆရာကြီးများ၏ အတ္ထုပ္ပတ္တိများ ဆိုလျှင် ကလေးကအစ သိနေကြသည်။

ကျွန်တော့်မှာ ပန်းချီဆရာဆို၍ မြန်မာထဲက ဆရာကြီး ဦးငွေကိုင်လောက်ကိုသာ မှတ်မှတ်ရရသိ၍၊ နိုင်ငံခြားမှ ဆိုလျှင် လက်ရာက အဓိပ္ပါယ်နားလည်၍ မရအောင် ခက်သော ပီကာဆိုလောက်သာ ကြားဖူးနားဝ ဖြစ် ရှိ၏။ ဂျပန်ရောက်မှ ဗန်းဂိုးတို့ မိုးနေးတို့ ရေနွားတို့စသဖြင့် သိလာရသည်။ ကမ္ဘာကျော် ပန်းချီကားတချပ်တွေ့လျှင် ဘယ်သူ့ လက်ရာဘဲဟု ပြောနိုင်လာသည်။

ဝတ္ထုတွေ ဖတ်ဖန်များတော့ ၀တ္ထုရေးချင်လာ၏။

ပန်းချီတွေ ကြည့်ဖန်များတော့လည်း ပန်းချီ ရေးချင်လာသည်။ ထို့ကြောင့် အလုပ်တဖက်နှင့် မအားသည့်ကြားမှ အခြေခံ ရေဆေးပန်းချီသင်တန်းကို စာရင်းပေးပြီး စတက်ဖြစ်သည်။

စင်စစ် ကံထူး၍ တက်ရခြင်း ဖြစ်သည်။

သင်တန်းတခုတွင် လူဦးရေက ၂၀ မှ ၃၀ အတွင်းလောက် ခြေနိုင်လက်နိုင် ကန့်သတ်ထားရာ ရာသီတခု တခုတွင် လျှောက်ထားသူများ ၃ - ၄ ဆ ရှိကြောင်း သိရသည်။ မဲနှိုက်ပြီး ပေါက်သည့်လူသာ တက်ရ၏။ အချို့မှာ အကြိမ် ကြိမ်လျှောက်သော်လည်း မပေါက်ကြဟု ဆိုသည်။

ကျွန်တော်ကား တကြိမ်လျှောက်၊ တကြိမ်ပေါက်ပြီး ကံထူးလှသည်။

ကံသာထူးသော်လည်း ဥာဏ်နှင့် ၀ိရိယက နုံချာလှ၏။ ပန်းချီဥာဏ် လုံးဝ မရှိပါ။

ပိုဆိုးသည်က သင်တန်းတွင် ၂ နာ၇ီ လေ့ကျင့်လျှင် အိမ်ကျ ထို့ထက် ၃ - ၄ ဆ ပိုလေ့ကျင့်ရန် ဖြစ်သော်လည်း အချိန်မပေးနိုင် ဟူသော မိမိဘာသာပေးသော ဆင်ခြေဖြင့် ၁ နာရီပင် မလေ့ကျင့်ဖြစ်။ အတူတက်ကြသော ဂျပန်များမှာ ငယ်ငယ်ကလေး ကတည်းကလည်း ကျောင်းမှာ သင်ခဲ့ဖူး၊ ထို့နောက်လည်း အလေ့အကျင့် ရှိသူများ ဖြစ်၍ လက်ရာမြောက်ကြသည်။

ဆရာကလည်း အရိပ်အမြွက်လောက်သာပြောပြီး ဆွဲချင်သလိုဆွဲကြဟုလွှတ်ထားသော ဆရာဖြစ်သည်။

အခြေခံ ခဲကြောင်းချသည့် သင်တန်း၊ ပန်းသီးကို အရောင်ခြယ်သော သင်တန်း ပြီးသည်နှင့် ချက်ချင်း ခုန်ပျံကျော်လွှားကာ ရှုခင်းများကို ဆေးခြယ်ခိုင်းတော့သည်။ ထို့နောက် တဆင့်တက်၍ ပန်းရောင်စုံစိုက် ထားသော ပန်းအိုး၊ ဆရာ့ပါးစပ်ကပင် အဆွဲရခက်လှသည်ဆိုသော ရေတ၀က်ပါသည့် ဖန်ခွက်.....။ ထို့နောက်တဖန် ခုန်ပျံကျော်လွှားပြီး အပြင်ထွက်ပြီး တကယ့် ရှုခင်းကို ဆွဲခိုင်းတော့သည်။

ကျွမ်းသူများကတော့ သင်တန်းချိန်နှစ် နာရီအတွင်း အပြီးဆွဲကြသည်။ အနုစိပ်လိုသူများကတော့ အိမ်စာအဖြစ် ပြန်ယူသွားကာ အိမ်မှာ အပြီးသပ်ကြသည်။

ကျွန်တော်ကား သင်တန်းချိန်အတွင်းလည်း မပြီး။ အိမ်ပြန်ရောက်တော့လည်း ပစ်ထားလိုက်သည်က များ၍ မပြီး။ ဤသို့ဖြင့် ကျွန်တော့်အိမ်တွင် မပြီးသေးသော ပန်းချီကားများ များများ လာသည်။

နှစ်ပါတ်မှ တခါဖြစ်သော သင်တန်းဖြစ်သော်လည်း ခြောက်လကျော်ကျော် ရှိလာသောအခါ နည်းနည်းတော့ ရိပ်စားမိလာသည်။

ဆရာကား ဆရာပီပီ ဆရာစားချန်သည်ဟုပင် ထင်ရလောက်အောင် ဘာကိုမှ တေ့တေ့ဆိုင်ဆိုင် သင်မပေးဟု ဆရာ့အပေါ် စိတ်လုပ်မိသော်လည်း တဖြည်းဖြည်းနှင့် ဆရာ့ထံ မှ ပညာ ယူတတ်လာသည်။

ကျွန်တော်တို့ ဆွဲထားသည်များကို ပြင်ခိုင်းလျှင် ဆရာက စိတ်လိုလက်ရ ပြင်ပေး၏။ ထိုအခါ ဆရာ့စုတ်ချက်ကို ကြည့်၍ ပညာရသည်။

ပန်းသီးက အနီရောင် ဖြစ်သော်လည်း ပထမ ဆုံးအောက်ခံအရောင်အဖြစ် အစိမ်းနုကို ခြယ်ပုံ။

အစိမ်းနုရောင် ခြယ်ထားသော တောအုပ်ကို အောက်ခြေ၌ အပြာစပ်သော အစိမ်းပုတ်ေ၇ာင် ခြယ်လိုက်သောအခါ တောအုပ်သည် နက်ရှိုင်းလာပုံ။

ပန်းနုရောင် ချယ်ရီများ ဝေနေအောင် ပွင့်နေပုံတွင် အဖျားတွင် အဖြူရောင်များ အုပ်ပေးခြင်ဖြင့် နေခြည် ဖြာနေသလို ၀င်းလာပုံ။

တခါတွင် ကျွန်တော်သည် တောင်မကြီးတခု၏ တောင်စောင်းများကို ပုံဖော်လိုသဖြင့် မီးခိုးရင့်ရောင် တောင်မကြီးကို ခြယ်ပြီး တောင်စောင်းများကို အနက်ရောင်ဖြင့် စောင်းပေးလိုက်သည်။ သို့သော် မီးခိုးရင့်ရောင်တခြား၊ အနက်ရောင် အစင်းကြီးများ တခြားဖြစ်ကာ ရယ်စရာကြီး ဖြစ်နေတော့သည်။ ထိုအနက်မှာ နက်မှောင်လှသဖြင့် ဘယ်လိုပြန်ဖြေဖြေ မပြေအောင် ဖြစ်သွားသည်။

သို့သော် တောင်ထိပ်ပေါ်တွင် လက်လွန်ပြီး ကျသွားသော အနက်စက်ကိုတော့ဆရာက ကျကျနန ပြင်ပေးသည်။ အနက်ကို အဖြူဖြင့် ရောလိုက်ပြီး အစက်ကိုလည်း အစိုင်အခဲဖြစ်အောင် ချဲ့၍ ဆွဲလိုက်သောအခါ မိုးတိမ်ထုကြီးလို ဖြစ်သွားသည်။ အမှားက အမှားကောင်း ဖြစ်ပြီးပို၍ အသက်ဝင်လာသည်။

တောင်၏ ရှေ့မှာက တောအုပ်။ ထိုတောအုပ်နှင့် တောင်မှာ ကျွန်တော့် ပန်းချီကားတွင် တသားတည်း ဖြစ်ပြီး ပြားချပ်နေ၏။ တောအုပ်က တောင်၏အရှေ့တွင် ကြွမနေပါ။ ဆရာ့ကို ပြတော့ တောင်နှင့် တော၏အကြားတွင် လိမ္မော်ရောင် ဖျော့ဖျော့ကို ခပ်ကြမ်းကြမ်း ဆွဲထည့်လိုက်သည်။ တကယ့်ရှုခင်းတွင် တောအုပ်၌ လိမ္မော်ရောင် မရှိပါ။ ထင်းရှူး တောအုပ် ဖြစ်သဖြင့် ထင်းရှူးခက်များသာ ထိုးထိုးထောင်ထောင် ထွက်နေသည်။ ကျွန်တော်ကလည်း ထိုအတိုင်း ပုံတူကူးချပြီး လိုက်ဆွဲထားသည်။ ထင်းရှူးရွက်ကိုမှတရွက်စ၊ီ တရွက်စီ…….။ ဆူးချွန်ကလေးများကိုပင် အနုစိပ်လိုက်သေးသည်။ ထို စုပ်ချက်များကိုလည်း ဆရာက အစိမ်းနုရောင်ဖြင့် ခပ်သော့သော့ ဖုံးပြစ်လိုက်သည်။

ပန်းချီမှာ ဆေးစိုနေချိန်တွင် ပုံက မပေါ်သေး။ ဆေးခြောက်တော့မှ ပုံက ပေါ်လာ၏။ ဆရာ ပြင်ပေး လိုက်တော့မှ တောအုပ်သည် တောင်၏ရှေ့တွင် ကြွလာ၏။ မူလက ထင်းရှူးခက်များ ကြားတွင် ဟာလာဟင်းလင်း ဖြစ် နေသော်လည်းဆရာအုပ်ပေးလိုက်သော အစိမ်းရောင်ဖြင့် ထင်းရှူးပင်၏ နောက်တွင်လည်း အခြားအပင်များ ရှိသေးသရောင် တောအုပ်၏ ထုကို ခံစားရလာသည်။

ကျွန်တော် အညံ့ဆုံးကား အလင်းအမှောင် ထည့်ခြင်း ဖြစ်၏။

ထိုတောအုပ်၏ရှေ့တွင် ကျောက်ဆစ်ကုံးတံတားကြီး ရှိ၏။ ထိုကုံးတံတားအောက်တွင် ရေတသွင်သွင် စီးနေသည်။ ရေထဲတွင် ကုံးတံတား တကုံးစီ တကုံးစီ၏ အရိပ်က ထင်နေသည်။ သို့သော် အရိပ်သည် ရေရောင်၊ နေရောင်၊ လှိုင်းရောင်တို့ ဖြင့်မပီဝိုးတ၀ါး။

စာပန်းချီ ခြယ်တတ်သော်လည်းတကယ့်ပန်းချီကိုတော့ဘယ်လိုခြယ်လို့မှမရ။ ကုံးတံတားက ကြွရွမလာ။ ရေကလည်း စီးမနေ။ လှိုင်းတွေကလည်း မထ။ ရေထဲတွင်လည်း တံတားရိပ်မပေါ်။ ကလေးတယောက်က ထင်ရာခြစ်ထားသလို ပန်းချီကားသည် ရောင်စုံ ပန်းချီကားမဟုတ်ဘဲ ရောင်စုံပန်းချီပြားကြီးသာ ဖြစ်နေ၏။ အားလုံး ပြားချပ်နေ၏။

ဆရာ့ကို ပြင်ခိုင်းတော့ ဆရာက ရယ်၏။

သူ့လက်သုံးစကားကိုလည်း ထပ်ပြောပြန်သည်။

"ပန်းချီဆိုတာ ဓါတ်ပုံမဟုတ်ဘူး။ အသေးစိပ်တွေ အကုန်ပြစရာ မလိုဘူး။ မပီဝိုးဝါး ခြယ်ရတယ်။ ကြည့်တဲ့လူက ဖြည့်ကြည့်လိမ့်မယ်"

ထို့နောက် ဆက်ပြန်သည်။

"အရေးကြီးတာက အလင်းအမှောင် ထည့်တတ်ဖို့ပဲ။ ခဲပုံကြမ်းကို ဘယ်တော့မှ ၃၀ ရာခိုင်နှုန်း ထက်ပိုမဆွဲနှင့်။ ပြီးရင် အရောင်နုက စ ထည့်။ နောက် အရောင်ရင့်ကို လိုက်။ လိုတဲ့နေရာမှာ အမှောင်ထည့်။ အဖြူကို အလင်းအဖြစ် သုံးလိုက်ရင် ပုံဟာ သုံးဘက်မြင် ကြွလာလိမ့်မယ်။"

ပြောပြောဆိုဆို ဆရာက တံတား၏ အရိပ်တွေကို ရေထဲတွင် လိုက်ထည့်သည်။ ဆေးကြွင်းဆေးကျန် ဖြင့် တံတားတိုင်နှင့် လက်ရမ်းတွေကိုလည်း တခြမ်းစီတခြမ်းစီ အမှောင်လိုက်ထည့်သည်။ ဟုတ်ပါရဲ့။ တံတားတိုင်ကပင် တံတားမှန်းသိသော်လည်း ပြားချပ်ကြီး ဖြစ်နေတယ် မဟုတ်လား။ အမှောင်ထည့်ပြီးတော့ "ဟောသည် ဘယ်ဘက်က နေရောင်ထိုးနေတာ" ဟု ပြောပြောဆိုဆိုနှင့် ဘယ်ဘက်ခြမ်းများကို အဖြူရောင်ဖြင့် လိုက်တို့ လိုက်တော့ နေရောင်တွင် ကြွလာသော ကုံးတံတားကြီးကို မြင်ရသည်။

ရေထဲတွင်လည်း ရေပြာပေါ်တွင် အဖြူစင်းများ ဟိုဟိုသည်သည် လိုက်တို့လိုက်တော့ နေခြည်အောက်မှ လှိုင်းကြက်ခွပ်လေးများ ဖြစ်လာကြသည်။

"အိမ်ရောက်ရင် တချို့နေရာတွေ ထပ်လိုက်ဦး။ ပန်းချီဆိုတာ ဒီလိုပဲ ဟိုနား လိုနေတယ် ထင်ရင် ထပ်ဖြည့်လိုက်၊ ဒီနား ပိုနေတယ် ထင်ရင် ဖြေပေးလိုက်နဲ့ ပြီးတယ် မရှိဘူး"

ဟုတ်ပါရဲ့။ ခုတော့ ပန်းချီပညာကို ရေးရေး သဘောပေါက်လာသဖြင့် မူလက ပစ်ထားခဲ့သော ပန်းချီများ၊ ခဲကြောင်းသာချထားခဲ့သော ပန်းချီများကို အချိန်ရတိုင်း အရောင် ထပ်ဖြည့်နေမိသည်။ တဖြည်းဖြည်း ရုပ်လုံးပေါ် လာသော ကိုယ့်ပန်းချီကိုလည်း ကိုယ် ကျေနပ်နေမိသည်။

ပန်းချီတတ်သည် မတတ်သည် အပထား။

ပညာတော့ အများကြီး ရလိုက်၏။

တကယ်တော့ ပန်းချီဆိုသည်မှာ ဘ၀လိုပါဘဲလား။

ပန်းချီမှာ အခြေခံ အရောင်ခြယ်ရသလို ဘ၀မှာလည်း ဘဝအခြေခံက အရေးကြီးပါလား။

ပန်းချီဆိုတာ အနီး, အနီး မို့ အဝေး, အဝေး မို့ ၊ ၀ိုးတ၀ါးနိုင်လှသလို ဘ၀ဆိုတာကလည်း ပြီးခဲ့သည့် အတိတ်က အတိတ်မို့ ဝိုးတိုးဝါးတား။ မရောက်သေးသည့် အနာဂါတ်က အနာဂါတ်မို့ မပီ ၀ိုးတ၀ါး။ ဘာမှ ရေရေရာရာ မရှိ။ ဒါပေမယ့် ဘ၀ တော့ ဘ၀ ပင်။

အခု ပိုင်တာကတော့ အခုခြယ်နေသည့် အရောင်။ ဘ၀၏ ပစ္စုပ္ပန်။

ပြီးတော့ ပန်းချီမှာ ပြင်မရ သည့်အမှား များ ရှိသလို ဘ၀မှာရော အမှားတွေ ဘယ်လောက် ရှိခဲ့ပါလိမ့်။

ကြည့်ပါဦး။ တခါတလေမှာတော့ အမှားကောင်း ဖြစ်ပြီး မှားကျသော ဆေးစက်က တိမ်တိုက်ကြီး ဖြစ်သွားသလို..... ဘ၀မှာရော..... တကွေ့ တဆစ်ချိုးမှာ အကောင်းဘက် ရောက်သွားတာတွေ ၇ှိခဲ့သည် မဟုတ်လား။

အရေးအကြီးဆုံးကတော့ အလင်းနှင့် အမှောင်။

အမှောင်ထည့်လိုက်မှ သုံးဘက်မြင် ကြွလာသော ပန်းချီ။

ဘ၀မှာလည်း တခါတလေ အမှောင်ကို မကြောက်တတ်မှ။

အမှောင်ရှိမှ အလင်းက ပိုလင်းလာသည် မဟုတ်လား။

ပန်းချီတွင် လိုတိုး ပိုလျှော့ဖြင့် ဘယ်တော့မှ စိတ်တိုင်းမကျနိုင်၊ ဘယ်တော့မှ မပြီးနိုင်သကဲ့သို့ ဘ၀သည်လည်း ဘယ်တော့မှ ပြီးပြည့်စုံမည်မဟုတ် ။

ဘ၀သည်ပင်လျှင် မပြီးသေးသော ပန်းချီကားတချပ်……။

ဤသို့ ဆိုလျှင် သင့်ဘ၀တွင် ယခု ဘာအရောင် ခြယ်နေပါလိမ့်။

ရင်မောင်
ဧပြီ ၁၉- ၂၀၁၁


တောင်းပန်လွှာ။
ဤအက်ဆေး၏ ခေါင်းစဉ်မှာ ကျွန်တော်၏ မူရင်းမဟုတ်ပါ။ ဆရာမြို့မငြိမ်း၏ သီချင်းခေါင်းစဉ်ဟု အမှတ်အသား ရှိသော်လည်း ဆရာမကြီး လူထုဒေါ်အမာရေးသည့် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်တွင် ဤ သီချင်းခေါင်းစဉ်နှင့် သီချင်းကို ရှာ၍ မရပါ။ သေချာသည်ကတော့ ရုပ်ရှင်မင်းသား ၀င်းဦး ရေးသား ပါဝင် ရိုက်ကူးသော ဆောင်းအိမ်မက် ဇာတ်ကားတွင် ဇာတ်ဝင် ဇာတ်ပို့ သီချင်းအဖြစ် သုံးသွားသော အချက်ဖြစ်သည်။ ဤ သီချင်း ရေးစပ်သူ၊ မူလသီဆိုသူကို သိ မှီ သူများ ရှိပါက ထောက်ပြညွှန်ကြားပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ မူလ ပညာရှင် များ၏ ခွင်ပြုချက်ကို မယူဘဲ (ယူရန်ခွင့်မသာဘဲ) သုံးစွဲမိသည်ကိုလည်း အနူးအညွတ် တောင်းပန်အပ်ပါသည်။

No comments: