မေ
ရုပ်ပုံလွှာ
ဒဂုန်တာရာ၏ဒဂုန်တာရာ
သာမန်လူတယောက်အတွက်ဆိုလျှင် ဤသုံးအုပ်ထဲမှ တအုပ်လောက် ရေးမိလျင်ပင် တသက် လုံး ဂုဏ်ယူမဆုံး ဖြစ်နိုင်လောက်သည်။ သို့သော် ဆရာဒဂုန်တာရာရေးခဲ့သည်က တအုပ်ထဲမဟုတ်။ သုံးအုပ်။ သုံးအုပ်ထဲမဟုတ်-လူအမြောက်အမြားအနေဖြင့် ခေတ်သစ်ကဗျာများအတွက် စံပြုကြရသည့် 'မတ်လတော်လှန်ရေး'၊ 'ပိတောက်ပန်း'၊ 'တဟီတီသွားရအောင်' စသည့် ကဗျာများ။ နောက်ပြီး ကိုးကားပြီးရင်း ကိုးကားနေကြရသည့် ဗညားသီဟ၏ စာပေသဘောတရား ဆောင်းပါးများ။ နောက်ပြီး တာရာ မဂ္ဂဇင်း။ သမိုင်းတခေတ် ထူသည့် တာရာ၊ သမိုင်းတွင်သည့်တာရာ။
ဒဂုန်တာရာ၏ဒဂုန်တာရာကို ဖတ်ရသောအခါ၊ တနည်း ဒဂုန်တာရာ ကိုယ်တိုင် ၀န်ခံထားသော သူ့ ပင်ကိုယ်စရိုက်များကို ဖတ်ကြည့်သောအခါတွင် သူသည် စာပေ အနုပညာတွင် ပျော်မွေ့လိုသော၊ အေးချမ်းတည်ငြိမ်မှုကို လိုလားသော၊ အမှန်တရားကို လိုလားသော၊ သာမန်လူတဦးမျှသာဖြစ်ကြောင်း တွေ့ရပေသည်။ သို့သော် ထူးခြားသည်က သူ လူဖြစ်လာသော ကာလ၊ ပတ်ဝန်းကျင်နှင့် သူမိတ်ဆွေဖွဲ့ ရသူများ ဖြစ်သည်။
သူသည် ဗမာပြည် သူ့ကျွန်ဘ၀တွင် လူဖြစ်လာရသည်။ ထို့ပြင် ဗမာပြည်တွင် ဗြိတိသျှကိုလိုနီ စနစ်ကို တွန်းလှန်မှုတွေ အရှိန်ရလာသော ကာလတွင် တက္ကသိုလ်သို့ ရောက်ရှိလာသည်။ ထိုတက္ကသိုလ်သည် ထိုအခါက ထိုတိုက်ပွဲ၏ ဗဟိုချက်မလိုလဲ ဖြစ်နေပြန်သည်။ သို့ဖြင့် သူသည် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုနု စသည့် ထိုပုဂ္ဂိုလ်ကလေးများနှင့်လည်း အပေါင်းအသင်း ဖြစ်သွား ခဲ့သည်။
တဖန် သူ့အသိဥာဏ် ရင့်ကျက်လာချိန်နှင့် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွါးသည်နှင့် တိုက်ဆိုင် နေပြန်သည်။ ထိုအခါ အထက်တွင် ပြောခဲ့သော သူ့အပေါင်းအသင်းများသည် အင်္ဂလိပ်အခက်-တို့အချက်ဆိုပြီး လွတ်လပ်ရေးအတွက် လုံးပမ်းကြသည်။ သူ့အပါး၊ သူ့မျက်စိအောက်မှာပင် ထိုသူများ အလုပ်များ၊ အလုပ်ရှုပ်နေကြသည်။ တခါတွင် သူ့အား သခင်ဗဟိန်းက တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်ရာတွင် အဖော်အဖြစ် ခေါ်ဆောင်သွားခဲ့သည်။ သူသည် ရှမ်းပြည်၏အလှကို ငေးမောရင်း လိုက်ပါသွားခဲ့သည်။ ထိုအခေါက်တွင် သူတို့သည် တရုတ် ကွန်မြူနစ်များကိုတော့ မတွေ့ခဲ့ရ။ ရှမ်းပဒေသရာဇ်တို့၏ မတရားမှုကိုသာ တွေ့ခဲ့ရလေသည်။
ဂျပန်ခေတ် ရောက်ပြန်တော့လည်း သူ့ကို သခင်အောင်ဆန်း၊ သခင်သန်းထွန်းစသူတို့က ဂိုလ်ဒင်ဗယ်လီ-ရွှေတောင်ကြားလမ်းတွင် သူ့အား စန္ဒယားတီးစေသလို နိုင်ငံရေးတာဝန်လည်း ပေးခဲ့ကြ ပြန်သည်။ သူမငြင်းသာ။ သို့သော် လက်နက်ကိုင်ပြီး ဂျပန်တော်လှန်ခြင်းကို သူမလုပ်တတ်။ သူ့အလုပ် မဟုတ်။ သူနှင့်လက်နက်မှာ ဘုန်းကြီးနှင့်ဘီး ဖြစ်၏။ ထို့ကြောင့် သူသည် မြေအောက်လုပ်ငန်းများတွင် ပါဝင်ခဲ့လေသည်။
ဒုတိယကမ္ဘာစစ်ကြီးပြီး၍ ဗမာနိုင်ငံသားတွေ လုံးဝလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြသော အခါတွင် ဆရာဒဂုန်တာရာသည် မာက်စ်ဝါဒကို အတော်လေ့လာမိပြီး ဖြစ်နေသည်။ ထို့ပြင် ထိုစဉ်က မာက်စ်ဝါဒီများနှင့်လည်း လည်ပင်းဖက်နေပြီ ဖြစ်သည်။ သို့ဖြင့် သူသည် သူသန်ရာ စာပေနယ်တွင် တခေတ်ထူတော့သည်။ စာပေသစ်ခေတ်။ သူ၏ တာရာမဂ္ဂဇင်းသည် နောင် ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်ထွန်းတောက် အလင်းရောင်ပေးနေခဲ့သည်။ ထုတ်ပြီးနောက် နှစ်ပေါင်း ၃-၄ ဆယ်ကျော် သောအခါ စာပေ၀ါသနာပါသူများက တာရာမဂ္ဂဇင်း အဟောင်းများကို ဈေးကြီးပေးကာ တခုတ်တရ ၀ယ်ယူစုဆောင်းနေကြသည်။
သို့သော် သူ၏စာပေခရီးသည် ပန်းခင်းသောလမ်း မဟုတ်ချေ။ စကတည်းက ဘက်စုံမှ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အစိုးရအားကိုးဖြင့် တိုက်သူ၊ အဖွဲ့အစည်းအားကိုးဖြင့် တိုက်သူ၊ သံရုံးအားကိုးဖြင့် တိုက်သူ၊ တိုက်သူတွေက တကယ့်ကို စုံမှစုံ ဖြစ်သည်။ တလောက နီကိုရဲက ဆရာ့ကို တိုက်သည်ကို မြင်ရသောအခါ ရယ်ချင်မိသည်။ ဆရာ့အဖို့ တိုက်ခိုက်ခံရခြင်းဆိုသည်မှာ အဆန်း မဟုတ်။ နောက်ပြီး ဆရာ့ကို တချိန်က တိုက်ခိုက်ခဲ့သူများမှာ နီကိုရဲလို သာမညောင်ည ကလောင်ရှင်များ မဟုတ်။ ထိုစဉ်က ဗမာပြည် စာပေလောက၌ ထိပ်တန်းရောက်နေသူများ ပါဝင်သည်။ (နာမည်တွေမဖော်တော့ပါ) သို့သော် ဆရာက ထိုသူများနှင့် အခြေအတင် ငြင်းခုန်နေမှုတွင် အချိန်ဖြုန်း တီးတာ မလုပ်။ သူလုပ်စရာ ရှိသည်ကိုသာ လုပ်သည်။
ထို့ပြင် ဆရာသည် "စာပေနှင့် နိုင်ငံရေးမရောယှက်သင့်" ဟူသော ပြောဆိုတိုက်ခိုက်မှု အကြားကပင် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအပါးမှာ မားမားရပ်ခဲ့သည်။ ဗိုလ်ချုပ်ကျော်ဇော၊ ဗန်းမော်တင်အောင်၊ ဒေါက်တာဆင်ဖိုး၊ ၀တ်လုံဦးထွန်းတင် စသူတို့နှင့်အတူ ဗောဓိပင်ရုပ်ပုံပါ အလံအောက်တွင် လှုပ်ရှား တိုက်ပွဲဝင်ခဲ့သည်။ ထိုစဉ်က ခေတ်စားခဲ့သော ကိုမြတ်လေး၏ သီချင်းတပုဒ်ထဲကလိုပင် သူသည် 'ငြိမ်းချမ်းရေးအတွက်အေးလျက်မနေသာပြီ' ဖြစ်ခဲ့သည်။
စာရေးဆရာအသင်း၊ စာပေသမဂ္ဂ စတာတွေမှာလည်း သူဟာ သူယုံကြည်ရာ အမှန်တရားဖက် က မတုန်မလှုပ်ရပ်တည်သူ ဟူ၍ နာမည်ရခဲ့သည်။ သူ့ကို စာပေသဘောတရားအရ၊ နိုင်ငံရေးအရ တိုက်ခိုက်လို့ မနိုင်ကြသောအခါ လူပုဂ္ဂိုလ်အရ တိုက်ခိုက်ခြင်းများပင် ပြုလုပ်ခဲ့ကြသည်။ ဆံပင်ဖြူဖြူ၊ မျက်စေ့မှုံမှုံနှင့် လူကြီးကတော့ ၂၁ ရာစုအတွင်းသို့ ပန်းပန်လျက် ချီတက်ခဲ့သည်။ နှစ်စဉ် သူ့မွေးနေ့ ရောက်တိုင်း စာပေအနုပညာသည်များက သူ့ကိုသွားပြီး ဂါရ၀ပြုနေကြသည်။
အနီတစ္ဆေ အမြဲခြောက်ခံနေရသော ဖဆပလအစိုးရနှင့် မဆလအစိုးရတို့သည် ဒုတိယကမ္ဘာ စစ်၏နောက်ပိုင်း အမေရိကန်နိုင်ငံတွင် မက္ကသီဝါဒဖြင့် ကွန်မြူနစ်နှိမ်နင်းရေး လုပ်ခဲ့သလို၊ ဗမာပြည် တွင်လည်း ကွန်မြူနစ်ဆန့်ကျင်ရေးကို အရေးတကြီး လုပ်ငန်းကြီးတရပ်အဖြစ် လုပ်ခဲ့ကြသည်။ ထို အာဏာရှိသူများက သူ့ကို 'အနီ' ဟုသတ်မှတ်ကာ မျက်စေ့ဒေါက်ထောက် ကြည့်နေခဲ့သည်။ ၀န်ကြီးက လှောင်၊ သံရုံးကပြောင်ခြင်းများ ခံခဲ့ရသည်။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်သောအခါ သူ့ကို အင်းစိန်ထောင်ထဲ ထည့်လိုက်ကြလေသည်။ သူကတော့ ဆိတ်ဖလူးနံ့ကိုသာ အာရုံပြုနေခဲ့ သည်ဟု ဆိုသည်။
ဆရာ ဒဂုန်တာရာ ဘ၀ကို ပြန်ကြည့်လိုက်ရင် ဗမာပြည်လိုနိုင်ငံမှာ ကိုယ့်လိပ်ပြာကိုယ် ရှက်တတ်သူတယောက်၊ ဘယ်လိုဘယ်ပုံနဲ့ လက်ဝဲစာရေးဆရာဟု အသတ်မှတ်ခံလာရသည်၊ လူထု တိုက်ပွဲတွေထဲ ပါလာသည်၊ ထောင်ထဲရောက်ရသည် ဆိုတာတွေကို တွေ့ရပါမည်။ တရုတ်စကားပုံများ တွင် 'သူရဲကောင်းဆိုတာ တွန်းပို့ခြင်းခံရသူ' ဟူ၍ ရှိပါသည်။ ဆရာသည်လည်း ကဗျာလေးရေး၊ ပန်းချီလေးဆွဲ၊ စန္ဒယားလေး တီးနေချင်သော်လည်း ထောင်နှစ်ရှည်ကျသည်အထိ နိုင်ငံရေးလုပ်လာ သည့် ဘ၀ကို ရောက်လာပုံ တွေ့ရပါမည်။ ထို့ပြင် သူ၏ နိုင်ငံရေးတွင်ပါဝင်မှုမှာလည်း ဒုတိယကမ္ဘာစစ် အစပိုင်းမှစလို့ ထောင်ထဲရောက်တဲ့အထိ တဆင့်ပြီးတဆင့် မြင့်တက်လာသည်။ နိုင်ငံရေးနယ်ပယ်နှင့် အဝေးကနေ အနီးသို့ ရောက်လာခဲ့သည်။ အပြင်ကနေ အတွင်းသို့ ရောက်လာခဲ့သည်။
ဤစာကိုရေးရင်း ကျနော့်ဖာသာ အချက်တချက် စဉ်းစားနေမိသည်။ စာဖတ်သူလည်း စဉ်းစား ကြည့်စေချင်ပါသည်။
အကယ်၍သာ ဒဂုန်တာရာဆိုသော ပုဂ္ဂိုလ်ကြီးသည် သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း စသူတို့နှင့် မပေါင်းမိခဲ့လျင်-
အကယ်၍သာ ဒဂုန်တာရာသည် တာရာမဂ္ဂဇင်းကို မထုတ်ဝေခဲ့လျင်-
အကယ်၍သာ ဒဂုန်တာရာသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနောက်က မလိုက်ခဲ့ဘူးဆိုလျင်-
အကယ်၍သာ ဒဂုန်တာရာသည် ဆိတ်ဖလူးနံ့သင်းသော နေရာသို့ ရောက်မသွားခဲ့လျင်-
တာရာလင်းယုန်။
၂၀၀၈၊ မတ်လ။

No comments:
Post a Comment