Tuesday, May 31, 2011

ဘ၀ကဗျာကိုသင်ယူခြင်း
ရေးသူ - ခက်မာ





[ '၆၀' စာအုပ်အတွက် 'ခက်မာ'(Khet Mar - Pennsylvania) ပေးတဲ့ လက်ဆောင်ကို ကိုသန်းဌေးမောင်(Than Htay Maung-Pennsylvania)ပေးတဲ့ လက်ဆောင် သရုပ်ဖော်ပုံနဲ့ မာယာက ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်]


ကျမ မှတ်မိနေတာတော့ ကျမ ကဗျာစရေးတာ ၇ တန်းကျောင်းသူဘ၀။ ကျေးလက် တွဲဖက် ကျောင်းကလေး၏ နံရံကပ်စာစောင်အတွက် ဖြစ်သည်။ ရွာ၏ မူလတန်းကျောင်းပိုင် ကျယ်ဝန်းသော မြေနိမ့်ကွင်းပြင် အလယ်မှာ ဆောက်ထားသည့် မြေစိုက် ဓနိမိုး ထရံကာ ကျောင်းကလေးမှာ နံရံကပ်စာစောင် လုပ်မည်ဆိုတော့ အပျော်ဆုံးသူက ကျမ ဖြစ်ခဲ့မည် ထင်သည်။ နံရံကပ်စာစောင် လုပ်မည်ဟု ကြေငြာပြီး ပူးပေါင်းပါဝင်မည့် သူတွေကို ဖိတ်ခေါ်ကတည်းက စာ၊ ကဗျာ တခုခု ရေးဖို့ ကျမက သေချာပြီးသားမို့ စာရေးသူနေရာက ပူးပေါင်းပါဝင်ဖို့ စာရင်းပေးလိုက်သည်။ ရွေးချယ်ခံရမည့် စာမူများကို နံရံတွင် ကပ်မည့် စာရွက်ကြီးများတွင် ကူးပြီး ရေးချဖို့ လက်ရေးလှသူများကို ဖိတ်ခေါ်ရာတွင်တော့ လက်ရေးညံ့သူကျမ မပါဝင်နိုင်ခဲ့ပါ။ သို့သော် ရွေးချယ်ခံစာမူများ အတွက် သရုပ်ဖော်ပုံ ရေးဆွဲပေးမည့် သူများကို ဖိတ်ခေါ်ရာတွင်တော့ ကျမ လက်ထောင်မိပြန်သည်။


ထိုအချိန်တုန်းက ကျမ ကဗျာတပုဒ်နှင့် ထိုကာလက စာညွန့် ဟုခေါ်သော အက်ဆေးဆန်ဆန် စာလေးတပုဒ် ရေးခဲ့သည်။ ထိုအရာတွေ မရေးမီ အိမ်မှာ ရှိနေသော ကျမအဒေါ်၏ တက္ကသိုလ် စာပေးစာယူ သင်တန်း မဂ္ဂဇင်းတွေကို ဖတ်သည်။ ကျမ မှတ်မိသမျှတော့ တော်တော်များများက အရွယ်မတိုင်မီ ချစ်သူရည်းစား ထားခြင်းမှ ရှောင်ရှားကြရန် ပညာပေးဆန်ဆန် အရေးအသားတွေ။ ကျမ ကဗျာတွေ၊ စာတွေကလည်း အဲသည်လို ဆန်ဆန်မျိုးတွေ ဖြစ်ခဲ့သည်။ သည်တော့ ကျမ စာတွေက နံရံကပ်စာစောင်မှာ ခန့်ခန့်ထည်ထည် ပါခဲ့သည်ပေါ့။ သို့သော် လူတရာဝန်းကျင် ကျေးလက် အလယ်တန်းကျောင်းကလေး၏ သမီးရည်းစားအတွဲ အရေအတွက် ကတော့ လျော့မသွားခဲ့ပါ။

ကျမနှင့် အတူနေသော အဘွားက စာ ကဗျာတွေ ရေးတာ အားပေးပေမယ့် နံရံကပ်စာစောင်အတွက် ကျောင်းဆင်းချိန် ၀င်ကူရတာတော့ သိပ်ကြိုက်ပုံ မရပါ။ ကျောင်းနံရံကပ်စာစောင်အတွက် ၀ိုင်းဝန်း ကူညီသူ အများစုက ယောက်ျားလေးတွေမို့ အနေနီးစပ်ပြီး တောင်တောင်အီအီ စိတ်တွေ ၀င်မည် စိုးသတဲ့လေ။ ထိုအချိန်တွေမှာ အမေက တခြားရွာမှာ ကျောင်းဆရာမအဖြစ် တာဝန်ကျနေသည်။ အကယ်၍ အမေနှင့် နေရမည် ဆိုလျင်တော့ နံရံကပ်စာစောင်မှာ စာဝင်ရေးခွင့် ရဖို့ပင် မသေချာပါ။ အမေက စာပေ ၀ါသနာ မပါသူ။ ကျမ စာပေလမ်းပေါ်လျှောက်မိတော့ အဘွားက ပွင့်ပွင့်လင်းလင်း ဂုဏ်ယူပေမယ့် စကားမဝေဖြာသော အမေကတော့ ခပ်မဆိတ်ပင်။ ကျမ ၀တ္ထုအသစ်ပါသော မဂ္ဂဇင်းရလာလျှင်တော့ ဖတ်ပါသည်။ ပြီးလျှင် ဘာတွေ ရေးထားတာလဲဟု ကျမကို မေးတတ်သည်။ ဒါတောင် ကျမရေးသော စာတွေက နားလည်ရခက်သည့် စာမျိုးထဲမှာ ပါတာ မဟုတ်ပါ။

ကျမမှာ သားနှစ်ယောက်ရလာတော့ သားတွေကို အနုပညာ ၀ါသနာ ပါစေချင်သည်။ နှစ်ယောက်စလုံး မဟုတ်တောင် တယောက်ကိုတော့ ဂီတသမား ဖြစ်စေချင်သည်။ သားတွေငယ်ငယ်က ပန်းချီဆွဲတော့လည်း ကျမ ပျော်ရသည်။ သားကြီးက တော်တော် အတန်းရသည်အထိ ပန်းချီကို စိတ်ဝင်စားသည်။ သားကြီး ငါးတန်းမှာလား ခြောက်တန်းမှာလားမသိ သူတို့ ကျောင်းမှာ ပန်းချီပြိုင်ပွဲ လုပ်မည် ဆိုသဖြင့် သားက တက်ကြွနေခဲ့လေသည်။ ဟိုပုံဆွဲမယ် သည်ပုံဆွဲမယ်နှင့် သားစိတ်ကူးယဉ် ပျော်ရွှင်နေတာကို ကြည့်ပြီး ကျမတို့လည်း ပျော်မိသည်။ ဒီလိုနှင့် ပန်းချီပြိုင်ပွဲဝင်မည့်သူတွေ စာရင်းပေးရမည့်နေ့ ရောက်လာသည်။ အဲဒိနေ့တွင် သားက ကျောင်းမှ ရယ်ကျဲကျဲနှင့် ပြန်လာသည်။ ကျမက ဘာလို့ ရယ်ကျဲကျဲ ဖြစ်နေရတာလဲ မေးတော့ ပြန်ဖြေသော သားအဖြေကြောင့် ကျမ အံ့သြခဲ့ရသည်။

"သားက ပန်းချီပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ စာရင်းသွားပေးတော့ စာရင်းလက်ခံတဲ့ ဆရာမက မေးတယ်။ မင်းက ဘာပုံဆွဲမှာလဲတဲ့။ သားက မော်ဒန်ပန်းချီ ဆွဲမယ်လို့ ဖြေလိုက်တော့ မော်ဒန်ပန်းချီဆွဲမယ်ဆို မပြိုင်ရဘူးလို့ ပြောတယ်"

သားက ရယ်ကျဲကျဲ ပြောနေပေမယ့် သားအသံလေးတွေက စိတ်လှုပ်ရှားပြီး တုန်နေသလိုပင်။ ပန်းချီဆရာနှင့် စာရေးဆရာ မိဘနှစ်ပါး တယောက်မျာက်နှာ တယောက်ကြည့်မိကြသည်။ အဲဒီနောက်ပိုင်း ကတည်းက သားကြီးတယောက် ပန်းချီကို ဟုတ်တိပတ်တိ မရေးတော့တာ ဖြစ်သည်။

ကျမတို့ အမေရိကားရောက်တော့ သားကြီးက ၆ တန်း။ သားငယ်က ၃ တန်း တက်ရသည်။ ကျောင်းမှာ Art Class က အချိန်စာရင်းနှင့် သွားရသည်။ Art Room မှာ ကလေးများအတွက် ဆေး၊ စက္ကူ၊ သစ်သားတုံးတွေ၊ ပန်းပုထုဖို့ ဓါတုရွှံ့စေးတွေနှင့် အခြား အနုပညာဖန်တီးရာတွင် အထောက်အကူ ပြုသည့် ပစ္စည်းတွေက အလျှံပယ်ပင်။ သားတို့ ပျော်ကြသည်။ ပန်းချီပြန်ဆွဲကြသည်။ ၂၀၀၉ ခုနှစ် မြို့နယ်လုံးကျွတ် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲမှာ တင်ပြဖို့ သူတို့ပန်းချီကားတွေ ရွေးချယ်ခံရသည်။ ပန်းချီကားတွေ မတင်မီ သူတို့ အမေးခံရသော မေးခွန်းကတော့ ပြောင်းသွားသည်။ ဒီပုံကို ဆွဲဖို့ ဘယ်လို စိတ်ကူး ရတာလဲတဲ့။

၂၀၁၀ -၂၀၁၁ မှာတော့ စာသင်နှစ် စစချင်း သိတ်မကြာခင်မှာပဲ သားငယ်က ဒရမ်ဆက်ကြီးတခု ကျောင်းက ယူလာသည်။ ကျောင်းသားတိုင်း တူရိယာတခု တီးရသည်။ ဒါကြောင့် သားငယ်က မနှစ်က တယောတီးပြီး ဒီနှစ်တော့ ဒရမ် စမ်းတီးချင်သတဲ့။ ဒရမ်သံ ဆူဆူညံညံကြီးကို နားမခံနိုင်တာရော တူရိယာပစ္စည်းတခုထဲကို တစိုက်မတ်မတ် တီးစေချင်တာရောကြောင့် သားငယ်၏ ရွေးချယ်မှုကို ကန့်ကွက်ဖို့ ပြင်မိပေမယ့် အရာရာကို စမ်းသပ်နေသော အရွယ်ပေမို့ လောလောဆယ် လွှတ်ထားလိုက်သည်။ သူ၏ စိတ်ဝင်စားမှု အမှန်ရှိသော နေရာကို သူသိသွားချိန်တွင် သူ့ဘာသာ ရွေးချယ်လိမ့်မည်။

ကလေးတွေက ကျောင်းမှာ ပုံမှန် အားကစားခန်းမ Gym သွားရချိန်အပြင် အားကစားတခုခု ကစားရ သေးသတဲ့။ ထို့ကြောင့် သားကြီးက ဘတ်စကက်ဘော ကစားသည်။ သားငယ်ကတော့ American Football ကစားမည်တဲ့လေ။ ကျောင်းတွေက ကျောင်းသားတွေကို ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းဖို့ရော ဂီတနှင့် ယဉ်ပါးကာ စိတ်ပိုင်းဆိုင်ရာ နုညံ့ယဉ်ကျေးဖို့ပါ လေ့ကျင့်ပေးနေကြတာပဲ။

အဲဒီအချိန်မှာ တမြို့ထဲနေသည့် မိတ်ဆွေတဦးက သူ့သား အထက်တန်းကျောင်းသားအကြောင်း ပြောလာသည်။

"ကျနော့်သားက ကျောင်းမှာ တူရိယာပစ္စည်းတခုခု တီးရမယ်ဆိုလို့ ဂစ်တာတီးမလို့တဲ့။ ကျနော်က အဲဒီလို အပိုအလုပ်တွေ အဖေမကြိုက်ဘူး။ ဂစ်တာမတီးရဘူး ပြောလိုက်တယ်။ ကျနော့် သားနှစ်ယောက် ရှိတာမှာ တယောက်က ဆရာဝန် ဖြစ်ရမယ်။ တယောက်က ရှေ့နေ ဖြစ်ရမယ်။ ဒီတော့ သူတို့ စာကိုပဲ ကြိုးစားဖို့ လိုတယ်။ အဲဒီ အပြင်ဗာဟီရတွေကို အချိန်မပေးစေချင်ဘူး"

မိတ်ဆွေကို တရားချဖို့ ကျမ အသက်ကို အရင် ၀အောင်ရှူရသည်။ သားတွေ ဂီတနှင့် မနီးစပ်စေဖို့ ပြတ်ပြတ်သားသား ပြောနေသော ဖခင်တဦး နားဝင်စေဖို့ စကားလုံးတွေ စဉ်းစားရသည်။

"ကျမ သားတွေ မွေးလာကတည်းက သားတွေကို ဂီတပညာတခုခု ၀ါသနာ ပါပါစေလို့ ဆုတောင်းခဲ့တာ။ အနုပညာ ဂီတဆိုတာ လူရဲ့ စိတ်ကို နူးညံ့ယဉ်ကျေးသွားစေတယ်။ တချိန်ထဲမှာလဲ အဲဒီ ဂီတရဲ့ စွမ်းအားက ဖန်တီးသူ ကိုယ်တိုင်ကိုရော ခံစားရသူတွေကိုပါ အင်အားတွေ၊ မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေကို ရစေတယ်လေ"

ကျမသားကြီး ၂ နှစ် ၃ နှစ် လောက်မှာ ကျမတို့ ဇနီးမောင်နှံနှင့် သား၏ အဘိုးအဘွားများ ခေါင်းချင်းဆိုင်ပြီး သားကို ဘာတူရိယာ သင်ပေးမလဲ တိုင်ပင်ကြသည်။ ကျမက သားကို စန္ဒယား တီးစေချင်သည်။ သားအဖေက ဆက်ဆိုဖုံး မှုတ်သံက အားရှိတာကွလို့ ပြောသည်။ သားအဖိုးကတော့ မိဘတွေလည်း ခြေနိုင်လက်နိုင် ၀ယ်ပေးနိုင်အောင် တယောပဲ သင်ခိုင်းတာ ကောင်းမယ်ထင်တယ်တဲ့။ စန္ဒယားဆို ဈေးကြီးတယ်လေ။ သားအဘွားကတော့ သူ အသေအချာ အော်ဒါမှာပြီး လုပ်ထားတဲ့ ပတ္တလား ရှိနေတာပဲ။ အဲဒါကို တီးပစေပေါ့တဲ့။ ဒါနဲ့ ကျမက တီဗွီမှာ တေးသံစုံတီးဝိုင်း ဖျော်ဖြေနေတန်း တီးဝိုင်းထဲမှာ ပါတဲ့ ဂီတ တူရိယာ ပစ္စည်းတွေ ပြပြီးတော့ သားကြီးလာရင် အဲဒီအထဲက ဘာတူရိယာကို တီးမလဲလို့ မေးတော့ သားက စဉ်းတောင် မစဉ်းစားပဲ ပြန်ဖြေသည်။ ၀ါးလက်ခုပ် တီးမယ်တဲ့။ ကျမတို့ တယောက်မျက်နှာ တယောက်ကြည့်ပြီး ရယ်မိကြပေမယ့် သိပ်တော့ အားမရှိလှပါ။ ဘာမှ မတီးဘူး ဘောက်ဆင်ထိုးမယ် မပြောတာ တော်သေးတာပေါ့ဟု ကျမက စိတ်ဖြေခဲ့ရသည်။ ကျမ တတ်သမျှ မှတ်သမျှ ဥပမာ ဥပမေယျနှင့် ပြောသော စကားတွေကို အထက်ကျောင်းသားအဖေ သဘောပေါက်သလားတော့ မသိပါ။ ကျမတော့ တော်တော် မောသွားသည်။

ဆောင်းဦးဝင်စ တရက်မှာ သားကြီး ကဗျာတွေ ရေးနေတာ တွေ့ရသည်။ ကျမက ပျော်ရွှင်စွာဖြင့် 'သား ကဗျာတွေ ဘာတွေ ရေးလို့ပါလား' ဟုပြောတော့ ကျောင်းက poetry Class အတွက်ဟု ပြောသည်။ ကျောင်းမှာ ကဗျာရေးရတဲ့အချိန် ရှိသတဲ့လား။ ကျမက စိတ်ဝင်တစား ဖြစ်ခဲ့ရပြန်သည်။ သားကဗျာတွေကို ဖတ်ကြည့်တော့ အင်မတန် လွတ်လပ်သော အတွေးကို တွေ့ရသည်။ ကောင်းတာ မကောင်းတာထက် လူအများက စာရေးဆရာဟုသတ်မှတ်ခြင်းကို ခံရသော ကျမ မတွေးမိသောနည်းဖြင့် စဉ်းစားပုံတွေကို တွေ့ရသဖြင့် ကျောင်း Poetry Class အတွက်မို့ အင်္ဂလိပ်လို ရေးထားသော သားကဗျာတချို့ကို ဘာသာ ပြန်ကြည့်မိသည်။ သိပ်မကြာခင်မှာပဲ သားငယ်က သူ့ Language Art Class အတွက် ရေးသော ကဗျာတချို့ကို ကြည့်ပေးဖို့ ပြောလာပြန်သည်။ Grade 4 သာ ရှိသေးသော သားငယ်ကဗျာလေးတွေက ကလေးဆန်ပေမယ့် သားငယ် ကဗျာရေးရသည်ဆိုတာကပင် ကျမကို ပျော်ရွှင်စေပြီ။ ဟောသည် ကဗျာလေးကိုတော့ ကျမ သဘောကျမိသည်။

Colors

Where ever I go
colors follow me.

White in winter
Green in Summer
Gold in fall

I can not run away from all.

အရောင်များ

ကျနော်ဘယ်သွားသွား
အရောင်များကလိုက်ပါ။

ဆောင်းမှာအဖြူ
နွေမှာအစိမ်း
ရွက်ကြွေရာသီမှာတော့ ရွှေရောင်။

ရှောင်လို့မလွတ်နိုင်။

လူတိုင်း အရောင်တွေနဲ့ မလွတ်နိုင်တာ သိနေပေမယ့် အဲဒီအတွေးလေးကို ချရေးဖို့ ကျမ စိတ်မကူးမိခဲ့ ပေ။ ရိုးစင်းသော အတွေးလေး တစကလည်း အနုပညာမြောက်နိုင်ကြောင်း သတိတရ ဖြစ်စေသည့်အတွက် (မြန်မာမိသားစုဝင်တဦးပေမို့) ပါးစပ်က ထုတ်မပြောမိပေမယ့် သားကို ကျမကျေးဇူးတင်မိသည်။

ဖေဖော်ဝါရီ ဒုတိယပါတ်ထဲမှာ သားတို့ကျောင်းက ဖိတ်စာတစောင်ရသည်။ 7 Grade ကျောင်းသားတွေ၏ ကဗျာရွတ်ပွဲကို တက်ရောက်ရန်။ သားကြီးက 7 Grade မို့ သားကဗျာ ရွတ်မှာလား မေးမိသည်။ ပထမပိုင်းမှာ သားက စိတ်ဝင်စားပုံ မပြပါ။ နောက်ပိုင်းမှာတော့ ကျမက သူ့ကို ကဗျာရွတ်စေချင်မှန်း သိသဖြင့် ရွတ်မည်ဟု ပြောသည်။ ကျမက သားထက် ပိုစိတ်လှုပ်ရှားကာ ကဗျာရွတ် လေ့ကျင့်ဖို့ အလယ်တန်း ထိသာရှိသော ကျောင်းတွင်း ကဗျာရွတ်ပွဲလေးမို့ မိသားစု ဆန်သည်။ ကဗျာရွတ်ပွဲလာသည့် ကျောင်းသားမိဘတွေက ကိုယ်နိုင်ရာ အစားအစာလေးတွေ ယူလာခဲ့ကြသည်။ ကျမလည်း အခွင့်အရေးရတုန်း မြန်မာကောက်ညင်းပြန်ပေါင်းကို အုန်းသီးနိုင်နိုင်နှင့် နိုင်ငံခြားသားတွေကို မိတ်ဆက်ပေးလိုက်သည်။ သူတို့ ကြိုက်ကြပုံ ရပါသည်။ ကျမ ကောက်ညင်းပေါင်းက အရင်ဆုံး ကုန်သွားခဲ့သည်။

ကဗျာရွတ်ပွဲကို အခမ်းအနား အစီအစဉ် အတိအကျကြီးဖြင့် ကျင်းပခြင်း မဟုတ်ပါ။ 7 Grade Poetry Class ကို ကြီးကြပ်သော ဆရာနှစ်ဦးက ကဗျာရွတ်ပွဲလေး လုပ်ရခြင်းအကြောင်း အနည်းငယ် မိတ်ဆက်စကား ပြောကြားပြီး မည်သူမဆို ကိုယ့်ကဗျာကို အဆင်ပြေရာအချိန်တွင် ၀င်၍ ရွတ်ဆိုနိုင်ကြောင်း ပြောသည်။ ကလေးတော်တော်များများက စိတ်ပါလက်ပါ ၀င်ရွတ်ကြသည်။ တချို့ကတော့ ရွတ်ချင်စိတ် ရှိကြသော်လည်း ရှက်နေကြ၏။ ထိုအခါ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေက သက်ဆိုင်ရာ ကလေးနာမည်ကို သံပြိုင်ခေါ်၍ အားပေးသည်။ ကိုယ့်နံမည်ကို သံပြိုင်ခေါ်နေလေတော့ ကလေးက မနေသာတော့ပဲ ကဗျာထွက်ရွတ်တော့သည်။

ပွဲအစပိုင်းမှာသာ ကလေးတွေက တုန့်ဆိုင်းနေပေမယ့် တဖြည်းဖြည်း အရှိန်ရလာတော့ သူတို့ စိတ်ပါလာကြသည်။ ရွတ်လက်စ လူတွေက အခေါက်ခေါက် တက်ရွတ်ကြသည်။ စိတ်မပါဘူး ဆိုသော ကျမသားကြီးတောင် သုံးပုဒ် ရွတ်သွားခဲ့သည်။ ကဗျာရွတ်ဖို့ အစီအစဉ်မရှိသော သားကြီး၏ သူငယ်ချင်း ကိုးရီးယန်းလေးက သားကြီး ကဗျာတပုဒ် တက်ရွတ်သွားသည်။ ထိုကလေးလိုပင် နောက်ပိုင်း အစီအစဉ်မရှိသူ တွေလည်း နောက်ပိုင်း စိတ်ပါကာ ၀င်ရွတ်ကြသည်။ တချိုသော ဆရာတွေ၊ ကျောင်းသားမိဘတွေက ကဗျာရွတ်ပွဲကို မလာနိုင်သော ကလေးများ၏ ကဗျာတွေကို ရွတ်ပေးကြသည်။ အလွန်ရင်းနှီး နွေးထွေး၍ ပျော်စရာကောင်းသော ပွဲလေး ဖြစ်သည်။ ကျမမှာတော့ လက်ခုပ်တီးရတာ လက်တွေတောင် နာလို့။ ကလေးတွေ၊ မိဘတွေ၊ ဆရာတွေကလည်း ပျော်လို့။

တကယ်တော့ ကလေးတွေကို ကဗျာရွတ်တာ အပါအ၀င် လူရှေ့မှာ စကားပြော တင်ဆက်နည်းတွေကို ဖိအားမပေးသော နည်းဖြင့် မသိမသာ လေ့ကျင့်ပေးနေခြင်းပင်။ သားသူငယ်ချင်း ၀ီလျံဆိုသော ကလေးဆို ကဗျာ ၅ ပုဒ် ရွတ်သွားသည်။ သူ့ကဗျာတချို့က အရှည်ကြီးတွေ။ အတော်လည်း ကောင်းသည်။ လူကောင်သေးသော ၇ တန်းကျောင်းသားလေးက ကဗျာရွတ်ရာမှာတော့ တကယ့် ၀ါရင့် ကဗျာဆရာကြီး တဦးအလားပင်။ အဖိ အဖော့ အဆွဲအငင်တွေနှင့်။ ဟန်ပန်က တည်ငြိမ်သလို အမှားအယွင်း တလုံးတလေတောင် မပါဘူး။ ကျမက သူ့ကဗျာအချို့ကို တော်တော်ကြိုက်သဖြင့် ဘာသာပြန်ဖို့ တောင်းယူချင်ပေမယ့် ကျောင်းစည်းကမ်းကြောင့် အခွင့်မသာခဲ့ပါ။ ထိုသို့သော ပွဲလေးများမှ တဆင့် ထင်ရှားသော ကဗျာဆရာကြီးများ၊ အနုပညာသမားများ၊ ထင်ရှားသော အစီအစဉ်တင်ဆက်သူပေါင်း များစွာ ဖြစ်လာကြသည်။

သူတို့၏ စည်းမျဉ်း စည်းကမ်းတွေ၊ ကော်ပီရိုက်ဥပဒေတွေကြောင့် တခြားကလေးများ၏ ကဗျာတွေကို လောလောဆယ်ဆယ် ဘာသာပြန်မိတ်ဆက်ပေးလို့ မရလေတော့ ကျမသားကြီး၏ ကဗျာလေးတပုဒ်ကိုပဲ မိတ်ဆက်ပေးရပါတော့မည်။

သစ်ရွက်

ကျနော့်ကိုယ်ကျနော်
ရေစီးနဲ့မျောပါနေတဲ့
သစ်ရွက်လေးတရွက်လို့မြင်တယ်။

ရှေ့တူရူကဦးတည်ရာဆီ
မရောက်သေးတာကလွဲလို့
ကျနော်ကနေရာတိုင်းမှာ။

တခါတလေ အမြင့်ကပြုတ်ကျ..
တခါတလေ တခုခုနဲ့တွယ်ငြိ..
တခါတလေ...
အပေါင်းအပါတွေနဲ့ အတူမျောပါစီးဆင်းရင်း
ကျောက်ဆောင်တွေနဲ့ တိုက်မိ။

ကျနော်မြင်နေရတယ်
တချို့နောက်မှာကျန်ခဲ့
အရွက်သစ်တွေကလည်း
ကြွေဆဲ...

စီးမျောဖို့
နစ်မြုတ်ဖို့ကလွဲရင်
ပြန်လမ်းမရှိတဲ့ခရီးမှာ။

၇ တန်းကျောင်းသား တယောက်၏ ကဗျာက သံဝေဂသံတွေ ကဲနေသလို ကျမ ခံစားရသည်။ ကျမ အဲဒီ အရွယ်မှာ အဲဒီလို ကဗျာမျိုး မရေးခဲ့တာတော့ သေချာပါသည်။ ငါ့အသက်အရွယ်နဲ့ ဒီလို ကဗျာမျိုး မရေးသင့်ဘူးဟု ကျမ စဉ်းစားခဲ့သလားမသိ။ သူများတွေက ကြီးကျယ်ရန်ကောဟု ဝေဖန်ခံရမှာ စိုးရိမ်တာလည်း ဖြစ်ကောင်းဖြစ်မည်။ သေချာတာကတော့ သားတို့မျိုးဆက်တွေက ထွေလီကာလီ အတွေးတွေ တွေး၍ သူတို့က အနုပညာဟု သတ်မှတ်သည့်အရာကို အထိခိုက် မခံကြတော့ခြင်းပင်။

ခက်မာ။

1 comment:

သိင်္ဂါကျော် said...

၇ တန်းကျောင်းသား ရဲ့ ကဗျာဆိုပေမယ့် တော်တော် ကောင်းတယ်..။ အတွေးအခေါ်လေး ပါတယ် နော်..။