Saturday, March 21, 2009

ဒဂုန်တာရာနှင့် ၇၇ ပြည့် နတ်နွယ်


နွယ်နီမဂ္ဂဇင်း တည်ထောင်သူ စာရေးဆရာနတ်နွယ်၏ အသက် ၇၇ နှစ်ပြည့်မွေးနေ့ အမှတ်တရပွဲကို ရန်ကုန်မြို့၊ မြောက်ဥက္ကလာ၊ နွယ်နီ ၃ လမ်း၊ နေအ်မ်၌ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပရာ မဂ္ဂဇင်းအသီးသီးမှ အယ်ဒီတာများ၊ စာရေးဆရာများ၊ ကဗျာဆရာများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ မွေးနေ့ပွဲမှာ အထူးဖိတ်ကြားထားသည့် စာရေးဆရာကြီး ဒဂုန်တာရာလည်း တက်ရောက်ခဲ့ပါသည်။
အလားတူ စံပယ်ဖြူမဂ္ဂဇင်း တည်ထောင်သူ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးလည်း တက်ရောက်ခဲ့ပါသည်။
အခမ်းအနားမှာ ဆရာဒဂုန်တာရာမှ အမှာစကား ပြောကြားရာမှာ မိမိမှာ ရန်သူမရှိ၊ မိတ်ဆွေသာ ရှိကြောင်း၊ နိုင်ငံရေး လုပ်သည်မှာ ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ကြောင်း။
ဆရာနတ်နွယ်က စာရေးဆရာများ စုံညီစွာတွေ့ရတဲ့အတွက် ၀မ်းမြောက်ကြောင်း ပြောကြားသွားခဲ့ပါသည်။
စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးက ဤမွေးနေ့ပွဲတွင် ဆရာနတ်နွယ်နှင့်အတူ ဆရာဒဂုန်တာရာကိုပါ အတူယှဉ်တွဲတွေ့ရသဖြင့် အထူးပင် ၀မ်းမြောက်ရပါကြောင်း ပြောကြား သွားပါသည်။ ဆရာနတ်နွယ်မှာ မိုးဝေမဂ္ဂဇင်းကို ၁၉၇၀ ၀န်းကျင်ကာလများက ဦးစီးဦးဆောင်ခဲ့ သူတဦးဖြစ်ပြီး ခေတ်ပေါ်ကာရန်မဲ့ ကဗျာများကို မိုးဝေမဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် ကဗျာပုံသဏ္ဍာန်တခု ပြောင်းလဲစေခဲ့ပြီး မိုးဝေကှာများကို မြန်မာစာပေသမိုင်း တွင် တင်ရစ်စေခဲ့သူ တဦးဖြစ်ပါသည်။ ဆရာမှာ ဇနီး၊ သား၊ မြေး ဆယ်ဦးနှင့်အတူ မြောက်ဥက္ကလာ၊ နွယ်နီ ၃ လမ်းတွင် နေထိုင်လျက် ရှိပြီး ယခုအခါ ကျန်းမာရေး အနည်းငယ်ချို့ယွင်လျက်ရှိသဖြင့် နေအိမ်မှာပင် အနားယူလျက် ရှိပါသည်။

အလင်းတန်းဂျာနယ်၊ ၉ ဖေဖော်ဝါရီ၊ ၂၀၀၉ မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။


Rest of your post

No comments: