Sunday, March 15, 2009

မတ်လ တော်လှန်ရေး
ရေးသူ- ဒဂုန်တာရာ

မိုးကုပ်ကုပ်ဝယ်
အို- ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အာရုဏ်ပေါ်စ ၀ိုးတ၀ါး။


မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊ မနီးမဝေး
ချောင်းရိုးဘေးမှ၊ ဖြေးဖြေးညှင်းညှင်း
လှေတစင်းထက်၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက်၊ ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။

အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက်၊ ချောင်းကွေ့ထက်တွင်
အုပ်ရှက်ထွေးရော၊ သင်ပေါင်းတော၏
နောက်ကျောစေးပျစ်၊ သောင်ရေစစ်မှ
ဖက်ဆစ်ကင်းစောင့် စစ်စခန်း။

ချောင်းကိုကွေ့သော်
တွေ့လျှင်တွေ့ချင်း၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ၊ နီး၍လာလျှင်
အသာရုတ်ချင်း၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန်၊ သေနတ်သံသည်
မြစ်ယံ ပဲ့တင် ထပ်သတည်း။

ငွေလရောင်လျှင်
အမှောင်ညရိပ်၊ သေးသေးစိပ်သား
မိုးထိပ်တိမ်မော်၊ ငြိမ့်ငြိမ့်ပေါ်သည်
စန္ဒော်ပြုံးလှည့်၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့်ညဥ့်ခါ၊ ထိန်ထိန်သာသော်
ကျယ်စွဝန်းလျား၊ လယ်ကွင်းနားမှ
တောဖျားညို့အုပ်၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း၊ တွဲလွဲဆိုင်း၍
ဖြူဝိုင်းစက်စက်၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင်၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိက္ခာ။

ရွာတရွာကား
မှိုင်းပြာမဲညို့၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့်၊ ပရမ်းပတာ
ထွက်ပြေးရှာရ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀၊ မီးလောင်မြေမှ
နွမ်းခွေပျောင်းယဲ့၊ ညင်းလေဖွဲ့က
သဲ့သဲ့ခွေးဟောင်သံတကား။

ခရေပွင့်လျှင်
ကြွေရင့်ဝါ၀ါ၊ မြေ၌မှာလျှင်
ရောကာပေါင်းရှက်၊ ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်ရွက်ကြွေ။

ရင့်ကြွေညောင်းသည်
ရွက်ဟောင်းစွန့်ပစ်၊ ဘ၀သစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မီသည်
အနီထဲမှကြယ်ဖြူပွင့်။

ဒဂုန်တာရာ
{တာရာမဂ္ဂဇင်း၊ ၁၉၄၇}
[ဒဂုန်တာရာ၏ဒဂုန်တာရာ နှင့် သူ၏ကဗျာ၊ စာအုပ် ဒုတိယနှိပ်ခြင်း၊ ၁၉၆၇ မှ ကူးယူဖော်ပြပါတယ်။]

1 comment:

udan said...

မာယာသို့

ကဗျာခေါင်းစဉ်က ကဗျာအကြောင်းကို ဖော်ပြပြီးသာပါ။ ကဗျာထဲမှာလဲ တကယ်ပဲ ခေါင်းစဉ်နဲ့ကိုက်ညီနေတဲ့ အ တွေးအမြင်များ၊ သရုပ်ဖော်မှုများ၊ တော်လှန်ရေးတဲ့ပုံရိပ်
ကို ဖော်ညွှန်းမှုများက အထင်းသားပေါ်လွင်နေတယ်။

မတရားမှုကို တွန်းလှန်ဖို့၊ ယုံကြည့်မှုကို အကောင်အထ ည်ဖော်ဖို့ တော်လှန်ရေးလုပ်နေရတယ်ဆိုတာ ပြောနေ သလိုပဲ။ ဆရာတာရာရဲ့ ရင်ထဲကခံစားမှု ပေါ်နေတယ်။ သူ့ရဲ့နာမည်ကြီးကဗျာတပုဒ်ပါပဲ။

“ခရေပွင့်လျှင်”အပိုဒ်က သိပ်လှတယ်။ နွေဓလေ့သဘာဝ
ကို လှလှပပဖော်ပြထားတယ်။ နွေရာသီကို ပန်းချီဆွဲပြ သလိုမျိုး မျက်စိထဲမှာမြင်လာရတယ်။

“ရင့်ကြွေညောင်းသည်” နောက်ဆုံးစာပိုဒ်က သူ့ရဲ့မျှော် မှန်းချက်ကို ရွက်ဝါကြွေလို့ ရွက်သစ်ဝေတဲ့ သဘာဝနဲ့ ခိုင်းနှိုင်းပြထားတယ်။

အလွန်မာကြော ခက်ထန်တဲ့ တော်လှန်ရေးအသွင်အပြင်
တွေကြားမှာ နူးညံ့သိမ်မွေ့လွန်းပြီး အနုပညာဆန်သော အကြွေးအမြင်များက ကွက်ကြားမိုးရွာသလို နှင်းဖျောက်
ဖျောက်ကျသလို မြင်တွေ့ရတယ်ဗျာ။

ကိုယ့်အသက်နဲ့တွက်ရင် ဆယ်စုနှစ် နှစ်ကြိမ်မျှကြီးသော် လည်း ကောင်းနေဆဲဖြစ်တဲ့ အဟောင်းတွေထဲက တန် ဖိုးရှိတဲ့ရတနာ ဆရာတာရာရဲ့ စာတွေပါပဲ ...

ကိုသက်