Saturday, March 5, 2011

အကို ကန္ဒီကူးမား (သို့မဟုတ်) ၃၃ လမ်း တမ်းချင်း
ရေးသူ- မောင်အေးဝင်း



အကို ကန္ဒီရေ-

၃၃ လမ်းလို့ ပြောရင်တော့ ကျနော့်မှာ အကိုကလွဲလို့ အထွေအထူး ညွှန်စရာမရှိပါဘူး။ အကို့ကို ကျနော်က ဆရာလို့ ခေါ်တယ်။ ဟုတ်တယ်လေ... အကိုက ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် ရူပဗေဒဌာနမှာလည်း နည်းပြဆရာ လုပ်ခဲ့တယ်။ ကျနော်တို့ တက္ကသိုလ်ရောက်တော့ ကျနော်က အာရ်အိုင်တီဆိုပေမယ့် ဆရာ့ကို ၀/သ မှာ တွေ့နေတာပဲ။ ကိုနေအုပ်တို့၊ မောင်ပန်းမွှေးတို့လို ဆရာကလည်း ဆရာတယောက်ပေါ့။ ရူပဗေဒဌာနမှာ ဆရာဖြစ်မယ့်သူတွေ နိုင်ငံရပ်ခြားမှာ ပညာတွေ သင်တုန်းမို့ အရည်အချင်းရှိသူ ဆရာ့ကို မေတ္တရပ်ခံ ခေါ်ယူရတာမို့ အကိုကန္ဒီ ခေတ္တ ဆရာဝင်လုပ်ရနေရတာ မဟုတ်လား။


ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်ကနေ ၃၃ လမ်းထဲဝင်ရင် အပြုံးနဲ့ ဆီးကြိုနေတဲ့ ဆရာ့ကို အရင်ဆုံး မြင်ရ တာပဲ။ ဆရာ့ဦးလေး (ဆရာ့မွေးစားအဖေ) မဆုံးခင်ကဆိုရင်၊ တခါတလေ သူလည်း ဆရာတို့ ဂုဏ်ထူးစာပေမှာ ထိုင်နေတာ တွေ့ရတယ်။ စကားကြုံတုန်းပြောရအုန်းမယ်။ အဲဒီ ဦးလေး ကွယ်လွန်တော့ ကျနော် ချစ်ခင်လေးစား တဲ့ သူတွေ အသုဘပို့ဖို့ အများကြီး လာကြတယ်။ ဆရာဒဂုန်တာရာ၊ ဆရာပါရဂူတို့ ကို တွေ့တယ်။ နိုင်ငံရေး လောက ကတော့ ၀န်ကြီးချုပ်ဟောင်း ဦးနု၊ ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေ တို့လည်း ပါတာပေါ့။ ဦးနု ဆိုရင် အလုံဘက်က ဟိန္ဒူ ဘုရားကျောင်းဝင်းထဲမှာ ဦးလေးကြီး အလောင်းပြာဖြစ်လို့ မြစ်ထဲမျှောပြီးမှ ပြန်တာ ကျနော့်အမြင်ပါပဲ။

ဦးနု ပြည်ပြေးဘ၀ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လက်နက်ချပြီး ဗမာပြည် ပြန်ရောက်လာတော့လည်း ဆရာတို့ ၃၃ လမ်းနေအိမ် ဂုဏ်ထူးစာပေ အပေါ်ထပ်ကို ဒေါ်မြရီနဲ့အတူ အလည်ရောက်ခဲ့တာ။ ဦးနုက သီချင်းထဲမှာ ကြား ကြားနေတဲ့ ဘားလမ်း မုတ်ဆိတ် လက်ဘက်ရည် အကြောင်းကို မေးလို့ ဆရာတို့ အပြေးသွားဝယ်ပြီး တိုက်ရတာလေ။ ဦးနုက မုတ်ဆိတ်လက်ဘက်ရည်ကို သောက်ရင်း သူတို့ခေတ် သူတို့အခါ သမဂ္ဂထဲက ကရာနီ့ လက်ဘက်ရည်ကို တမ်းတမ်းတတ ပြောသွားသေးတာ ဆရာပြောလို့ ကျနော် ကြားလိုက်မိ ပါတယ်။

ကျနော့် အဖို့တော့ ၃၃ လမ်းလို့ ပြောရင် ဂုဏ်ထူးစာပေနဲ့ ဆရာ ကန္ဒီကူးမားပါပဲ။ ၃၃ လမ်း အလံတော်လည်း မတွေ့ပါဘူး။ ၃၃ လမ်း ရဲတိုက်တို့၊ ၃၃ လမ်း ခံတပ်တို့လည်း မတွေ့ဘူး။ ရှိမှ မရှိပဲ။ အနော်ရထာလမ်းဖက်က ၀င်ရင် စာပေနယ်ပယ်မှာ မှတ်တိုင်တခုစီ ထူထားနိုင်တဲ့ ကိုမျိုးညွန့် အဖေ သခင်ခင်ညွန့်ရဲ့ 'စာပေလောက' နဲ့ 'ဇွဲစာပေရိပ်မြုံ' ရဲ့ ဖခင် ဦးထွန်းရှိန်တို့ကို တွေ့ရမယ်။

လမ်းထိပ်က တရုတ်လက်ဘက်ရည်ဆိုင် အပေါ်ထပ် တိုက်တန်းလျားမှာ ကျနော်တို့ရဲ့ ထင်းရူးပင်ရိပ် ဆရာကြီး ဒေါက်တာနိုးနေတယ်။ သူ့လှေကားက ဆင်းရင် ဆီချက်ခေါက်ဆွဲနဲ့ ထမင်း ဟင်းရောင်းတဲ့ တရုတ်ဆိုင်ကလေး ရှိတယ်။ ဟိုးတုန်းကတော့ စာပေသမားတွေ ထိုင်ကြတဲ့ ပွင့်ဦးဆိုတဲ့ လက်ဘက်ရည်ဆိုင် ၃၃ လမ်း ထိပ်မှာ ရှိဖူးတယ်။ စာပေသမား အနုပညာသမားတွေရဲ့ စာပေဆိုင်ရာ၊ ယမာကာ ဆိုင်ရာအတွက် ဆုံဆည်းရာ ချိန်းဆိုရာ 'ပွင့်ဦးကို လာခဲ့' ဆိုတဲ့ နေရာလေးပေါ့။ ရာဇ၀င်ကို ထမ်းသလား မထမ်းသလား မပြောတတ်ဘူး။ လမ်းပေါ်ကသွားတဲ့ ဘတ်စ်ကားက ပလက်ဖောင်းပေါ်တက်ပြီး လက်ဖက်ရည်ဆိုင်ကို ၀င်တိုက်သေးတယ်။ ခုလို ခွေးခြေကလေးတွေနဲ့ ထိုင်သောက်နေရလိုတော့ အကုန် မလကီးယားကုန်မှာ။ ပွင့်ဦးက ဆိုင်ထဲဝင်ဖို့တောင် ပလက်ဖောင်းကနေ လှေကားထစ် နှစ်ဆင့် တက်နင်းရသေးတာ။ ပွင့်ဦး မရှိတဲ့နောက် အောင်ချိမ့်တို့ မုတ်သုံတို့ကို ဆိုင်မျက်နှာစာ စာပွဲမှာ အမြဲမြင်ရတဲ့ တရုတ် လက်ဘက်ရည်ဆိုင် တဆိုင်ရှိတယ်။ ဒေါက်တာနိုးအိမ် အောက်ပေါ့။ သူ့ဘေးမှာ ကောလိပ်ဂျင်တို့ ရုပ်ရှင်ကုမ္ပဏီ၊ နောက်တော့ ကြုံဟွာ စားသောက်ဆိုင်။ မေ့လို့ ဒေါက်တာနိုး အိမ်ဘေးမှာ ဘာသာစကားမျိုးစုံသင်တဲ့ ကျူရှင်ဆရာ အမ် တင်နွယ် ဆိုတာ ရှိသေး။

ထမင်းဆိုင်ကျော်ရင် ရမည်းသားညီအစ်ကို ကိုကျော်သန်း၊ ကိုအောင်သန်း တို့ရဲ့ 'သီလ၀စာပေ' ရှိတယ်။ သူတို့ဆီမှာတော့ ဥာဏ်ဝင်းစာပေ ကိုဥာဏ်ဝင်း၊ မအေးပွင့် မြင့်မြင့်စန်း တို့ရဲ့ အဖေ ဆွေလှိုင်ဦး၊ စာရေးဆရာ ငွေမောင်း၊ သူ့သား ၉ မီလီတာ တင်သန်းဦး၊ တက္ကသိုလ်မောင်အောင်ဆွေ ထိုင်တတ်တယ်။ ပေဖူးလွှာဦးမြလှိုင်က ၃၃ လမ်း အလယ်လောက်မှာ ရှိတယ်။ သူ့ဘေးမှာ ယခု အရီဇိုးနားနေတဲ့ ကိုအေးမြင့်အဖေ သွားဆရာဝန် (ကျနော်တို့အခေါ် ဒေါက်တာအံ့ကျော်) ဆေးခန်းရှိတယ်။ သူတို့အောက်မှာ နဂါးနီဆိုတဲ့ အိမ်မှာဖွင့်တဲ့ ဗမာထမင်းဆိုင် တဆိုင်ရှိတယ်။

ဒါတွေကို သတိရနေတယ် ဆရာရေ.....။

၃၃ လမ်းအကြောင်း ဋီကာဖွင့်နေတာနဲ့ ဆရာ့ အကြောင်းရေး နေရင်း ပျောက်သွားတယ်။ ဆရာ့ဆိုင်မှာ ပင်တိုင် မကြာခဏ ဆုံရသူတွေ ရှိတယ်။ ဆရာပါရဂူ၊ ဆရာဦးမြဇင်၊ ယခု အင်္ဂလန်ရောက်နေတဲ့ ဆရာကြီး ဒေါက်တာမောင်မောင်ညို။ ဆရာသော်တာဆွေ (သူက ကိုကျော်သန်းတို့ သီလ၀မှာလဲ ထိုင်တတ်တယ်)။ တခါတလေ ဆရာ့ဆီ ကျနော်ရောက်တာ မနက်ပိုင်း ဆရာ့ဆိုင်မခင်းမီ စောနေရင် ဆရာက လမ်းလျှောက်ကြ ရအောင်ဆိုလို့ မဂိုလမ်းဘက် တပါတ်လျှောက်ပြီး သဲဝါရ် မှာ မနက်စာ စားလိုက်ကြ သေးတယ်လေ။ နေ့လည်ဆိုရင်တော့ ဆရာမှာ တိုက်တဲ့ ဆရာ့စာအုပ်ဆိုင်နားက လက်ဘက်ရည်ပဲပေါ့။

ဆရာတို့ ဂုဏ်ထူးစာပေကတော့ သုမနကျောမှာ ဒဏ်ရာတွေနဲ့ ဆိုသလိုပါပဲ။ နိုင်လို့ရမလားဆိုပြီး အနိုင်ကျင့်တဲ့ စာရေးဆရာ ကြီးငယ်တွေ ကျနော် တွေ့ခဲ့ရတယ်။ ဆရာလည်း ပြောဖူးပါတယ်။ ကျနော်မမေ့ပါဘူး။ ဆရာမင်္ဂလာဆောင်တော့ သင်္ဃန်းကျွန်းက ဘုရားကျောင်းမှာ ကျွေးမွေးဧည့်ခံတာ အမှတ်ရသေး။ အသက်သတ်လွတ် အစာတွေ စုံ မှ စုံ။ ကောင်း မှ ကောင်း။ ဒေ၀ါလီတိုင်း စားရတဲ့ ဆရာ့ဆီက ဟိန္ဒူမုံ့မျိုးစံလည်း တသက်မမေ့ဘူး။

ကျနော့် လမင်းတရာစာအုပ်ဆိုင်ဟာ ဆရာ့ကျေးဇူတွေကြောင့် တောက်ပြောင်ခဲ့ရပါတယ်။ ဆရာ့ဆိုင်က အကူစာရေး ကိုအောင်မြင့်ကိုလည်း ခုထိ မမေ့ပါဘူး။

"ကျနော် မလိမ်ပါဘူး၊ ၃၃ လမ်း ညနေချမ်းမှာ၊ ကျနော့်ရဲ့ အမွန်မြတ်ဆုံး၊ အဆွေးတွေ ရှိတယ်...." အဲဒါ ဆရာကန္ဒီကူးမား......။

ဆရာ့ကို အကိုလို လေးစားချစ်ခင်တဲ့ ကျနော် မောင်အေးဝင်း ကယ်လီဖိုးနီးယား၊ လော့အိန်ဂျယ်လိစ်ကို ရောက်နေပါတယ်။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကျနော့်ဆရာကန္ဒီရေ.........။

မောင်အေးဝင်း
မတ်လ ၅ ရက်၊ ၂၀၁၁။

2 comments:

မေငြိမ်း said...

လွမ်းစရာလေးပါ အကိုရာ.. တချို့ဆို ကျမတောင် မမီလိုက်တော့..။ အမှတ်တရဖြစ်ရတယ်...

Anonymous said...

သဲဝါရ်ဆိုင်မရှိတော့ဖူး မရှိတာ ၂ နှစ်ကျော်ပြီ.