ဒီလိုမိုးတစွေစွေ
လေတဖြူးဖြူး
ဝသန်ဦးကာလမှာ
ငွေစင်ငွေမှုန်တွေကိုငေး
အတွေးကိုချွန်းဖွင့်
ဘ၀အပြင်ကိုရွက်လွှင့်ကြတာဟာ
ဗမာပြည်သားတွေအဖို့
ဓမ္မတာလိုကိစ္စပါ။
အညာမိုးမို့
မစို့မပို့၊ မခို့တရို့
တို့ကနန်းဆိတ်ကနန်း
ပက်ဖျန်းလို့ရွာနေတုန်းမှာ
တံခါးသံတိုင်တွေကိုကိုင်
ငေးငေးငိုင်ငိုင်နဲ့
ထောင်ရဲ့အပြင်ကိုမှန်းဆ
လွမ်းလျခဲ့သလို
မိုးနဲ့အပြိုင်၊ လေနဲ့ဆိုင်လျက်
ကျောက်ဆောင်ကိုထုထောင်း၊
ရန်တခြောင်းခြောင်းနဲ့
လှိုင်းခေါင်းဖြူများကို
ရန်သူလိုသဘောထားပြီး
နာကျည်းခဲ့တာဟာလည်း
ဒီလိုမိုးတဖွဲဖွဲထဲမှာပါပဲ။
အထက်မှာမိုး
အောက်မှာရွှံ့
တလွန့်လွန့်ကျွတ်
တ၀ီဝီဖြုတ်နဲ့
ကတုတ်ကျင်းထဲမှာ
မိုးကာစကိုခြုံ
ထမင်းကြမ်းကိုငုံရင်း
တဘက်မှာကင်းစောင့်
တဘက်မှာ
“တော်လှန်ရေးအောင်ပြီးတဲ့နောက်မှာ- - -”
ဆိုတဲ့အတွေးမျိုးကို
သေနတ်ပွတ်ရင်းတွေးရတဲ့အရသာ
ဘာနဲ့မှနှိုင်းစာလို့မရပါဘူး၊
ဒီလိုနဲ့
မုတ်သုန်ကလည်းဒီမုတ်သုန်
မိုးကလည်းဒီမိုး
ကာလသာခြား
ဒေသပြားသွားတဲ့
ဒီနေ့အခါ
တပြေတရွာမှာ
တဖွဲဖွဲမိုးကိုကြည့်
တွေးမိတာဟာဖြင့်
- - - - - - -
ဒီဇာတိမြေ
ဒီနာကျည်းချက်နဲ့
ဒီမျှော်မှန်းချက်ပါပဲ
ဘာမှမပြောင်းလဲဘူးဗျာတို့။
ဖိုးသံ(လူထု)
Wednesday, June 15, 2011
ဝသန်အတွေး မိုးအငေး
ရေးသူ- ဖိုးသံ (လူထု)
Subscribe to:
Post Comments (Atom)

















0 comments:
Post a Comment