Friday, August 26, 2016

အဝေးကပေးစာတစောင် - ယာတောကသာဗြော

အဝေးကပေးစာတစောင်


ကိုဟိုဒင်းရေ- 
 
စာလည်းမရေးဖြစ်တာကြာပြီဗျာ။ အခုတော့ပုဂံဘုရားတွေပြိုတဲ့ချောက်ငလျင်သတင်းကြားရတော့ ရင်ထဲမှာခံစား ချက်ပြင်းလွန်းလို့ ဒီစာကိုကောက်ရေးလိုက်ပါတယ်။ ၁၉၇၅ခုနှစ်တုန်းက ပထမအကြိမ်ပုဂံဘုရားတွေပြိုတဲ့ငလျင်တုန်းက ကျွန်တော်ကထောင်ကထွက်လာပြီ၊ တောမခို သေးဘူး။ အဲဒီညနေက မန္တလေးဧရာဝတီမြစ်ဘေး၊ ချော်ဆိပ်မှာကျွန်တော်တို့ဘော့လုံးသွားကစားနေတော့ ငလျင်က မန္တလေးမှာလည်းနည်းနည်းလှုပ်ပေမယ့် ဘာမှမသိလိုက်ဘူး။ အိမ်ပြန်ရောက်လို့ထမင်းစားတော့မှသိတာ။ သိတော့ ထမင်းတောင် ဆက်မစားနိုင်တော့ဘူး။
 
ပုဂံဟာကျွန်တော့်ရဲ့သညာထဲမှာ သိပ်ကြီးကျယ်ခမ်းနား၊ ဂုဏ်ပြောင်တဲ့သမိုင်းကဏ္ဍတခုဖြစ်တယ်ဗျ။ ဗမာပြည် သမိုင်းမှာ ကျွန်တော်တို့အမျိုးသားတွေရဲ့ ဂုဏ်ယူစရာရွှေခေတ်တွေကို ကိုယ်စားပြုတဲ့အထောက်အထားဆိုလို့ ပုဂံနဲ့ မြောက်ဦးမှာပဲ ရှိတော့တယ်လို့မှတ်ထားတာ။ ကျန်တဲ့နေရာတွေမှာလည်း (ဥပမာအင်းဝ)မရှိဘူးမပြောပါဘူး။ ရှိသလောက်ရှိပါတယ်။ ဒါ ပေမဲ့ ဒီနှစ်နေရာလို ထုထုထည်ထည်၊ များများစားစားဘယ်မှာမှမရှိဘူးဗျ။ ပြောရဦးမယ်။ ကျွန်တော်ထောင်ထဲရောက်ကာစ၊ ၁၉၆၆-၆၇ခုလောက်ဖြစ်မှာပေါ့။ ကျွန်တော်ကဗျာမှော်ပေါက်ပြီး ကဗျားတွေစက်နဲ့လှည့်ထုတ်သလိုရေးမိတဲ့အချိန်မှာ ကိုယ်အင်မတန်ကြည်နူးမိတဲ့ရှုခင်းတခုကို ပြန်တွေးပြီးလွမ်းလွမ်း ဆွတ်ဆွတ်ရေးမိဖူးတယ်ဗျ။ အဲဒီကဗျာရဲ့အစပိုင်းမှာ “စူဠာမဏိဆို၊ စေတီအိုကြီးရဲ၊ အထက်ကွမ်းထောင်နား”ကနေမြင် ရတဲ့ပုဂံမြင်ကွင်းကို ပြန်ရေးမိတာပါ။
 
ကျွန်တော်ကထောင်ထဲမရောက်မီလေးတင်ကပဲ မိသားစုနဲ့အတူပုဂံကို မှတ်မှတ် ရရခရီးတခေါက် ရောက်ခဲ့ဖူးတယ်ဗျ။ အဲဒီခရီးမှာ ကျွန်တော်တို့အိမ်သားတွေနဲ့အတူ(အဖေတော့မပါဘူး၊ သူကသတင်းစာ ဦးစီးနေခဲ့တယ်) ဆရာတော်ရွှေကိုင်းသား၊ ဆရာကြီးရွှေဥဒေါင်း၊ ပန်းချီဆရာကိုပေါ်ဦးသက်စတဲ့လူတွေလည်းပါတော့ သိပ်အဓိပ္ပာယ်ရှိတာပေါ့ဗျာ။ သူတို့ပစပ်ကထွက်တာတွေနားထောင်မှတ်သားရင်း ပုဂံပန်းချီကားကြီးကိုကြည့်ရတဲ့အတွေ့ အကြုံဟာ ဘာနဲ့ကမှနှိုင်းယှဉ်လို့မရပါဘူး။ ပုဂံအကြောင်းပြန်စဉ်းစားလိုက်တိုင်း ကျွန်တော့်အဖို့ဂုဏ်ယူမဆုံး၊ ကြည်နူး မဆုံးမို့ ဒီလိုကဗျာရေးမိခဲ့တာပါ။ နောက်တခါ။ ကျွန်တော်ပီကင်းကမဟာတံတိုင်းကြီးပေါ်ကို ပထမဆုံးအကြိမ်တက်မိတော့ ဟိုးအဝေးကြီးမျက်စိ တဆုံးအထိ တောင်တွေကိုနဂါးကြီးတကောင်လို တွန့်လိမ်တွယ်ဖက်ထားတဲ့ မဟာတံတိုင်းကြီးရဲ့မြင်ကွင်းကိုကြည့်ရင်း ကျွန်တော့ခေါင်းထဲမှာ ပုဂံဟာဖြတ်ကနဲပေါ်လာပြန်ပါတယ်။ တခြားမဟုတ်ပါဘူး။
 
 လူသားတွေရဲ့စွမ်းအား၊ လူသားတွေရဲ့ ကြီးမြတ်မှုပါ။ ပုဂံတုန်းကလည်း ရာထောင်ချီတဲ့အဆူဆူသောစေတီဘုရားတွေကိုဖူးရင်း အဲဒီလိုပဲ “အော်- ငါတို့နိုင်ငံ သားတွေ၊ လူသားတွေဟာတယ်လည်းစွမ်းပကားကြီးပါလား၊ ဖန်တီးနိုင်စွမ်းရှိပါကလား”လို့ ခေါင်းထဲမှာပေါ်ခဲ့ဘူးတယ်။ ကျွန်တော်ကတခြားဘယ်တိုင်းပြည်မှလည်းမရောက်ဖူးတော့ ကျွန်တော့်ခေါင်းထဲမှာဒီလိုခံစားမှုပေါ်တာ ဒီနှစ်ခါပဲလို့ပြော ရမှာပါ။ ကျွန်တော့်စိတ်ထဲမှာ ဗမာပြည်သားမှန်ရင် ပုဂံကိုတန်ဖိုးထားဂုဏ်ယူရမယ်၊ ဧရာဝတီကိုချစ်ရမယ်ဆိုတာကို အစွဲ တခုလိုစွဲနေပါတယ်။ ကျနော်တို့ကျောင်းသားအရွယ်ကတည်းက အင်မတန်စွဲလန်းခဲ့ကြတဲ့ဆရာ့ဇော်ဂျီ့ကဗျာတပုဒ်ကို ခင်ဗျားမှတ်မိသေး တယ်မဟုတ်လား။ စေတီနဲ့တန်ဆောင်း ဆည်ချောင်းနဲ့စပါးနှံ ရွှေပေါက္ကံပြည်တကြောမှာ ပေါချင်တိုင်းပေါတဲ့ပြင် ဝပြောတဲ့သာသနာ ခေါင်းလောင်းသံညံမစဲရယ်နှင့် ပုဂံပွဲသာလွန်းလို့ လာသူလာသွားသူသွား လယ်တွင်းသားပြည်တော်သား အသည်သားမင်းမှုထမ်း တစိတ်ဝမ်းတလက်ညီ ပြည်ရေးကိုပြိုင်တူချီကြတော့ ပြည်တော်မြတ်ပဲ့တင်သံ ဘဝဂ်ကညံပါရော- - - ဆိုတာလေ။ အခုတော့ပြိုကုန်ပြီတဲ့ဗျာ။ ပြိုကုန်ပြီတဲ့။ သင်္ခါရတော့ သင်္ခါရပေါ့ဗျာ၊ ဒါပေမဲ့ဒီသင်္ခါရမျိုးကိုတော့ တခါမှမကြုံဖူးချင် ပါဘူး။ အင်တာနက်ခေတ်မို့ ငလျင်သတင်းကိုလှုပ်ပြီးနောက် တနာရီလောက်အကြာမှာပဲ ကြားသိရလို့ ရင်တထိတ်ထိတ်နဲ့ ရေဒီယိုသတင်းတွေကိုနားထောင်မိပါတယ်။ 
 
ဘီဘီစီမှာပါလာတာက အားလုံးပေါင်း ၁၈၅ဆူတဲ့၊ နာမည်ကြီးတွေထဲက ဆိုရင် စူဠာမဏိတဲ့၊ လောကနန္ဒာတဲ့၊ ထီးလိုမင်းလိုတဲ့၊ အမလေးဆက်မကြားပရစေနဲ့တော့။ ကမ္ဘာပျက်တဲ့သတင်းကို ကြားရသလိုပဲဗျာ။ အခုလိုပြိုတဲ့အတွက်ဘယ်သူ့ကိုမှ ကျွန်တော်အပြစ်မတင်လိုပါဘူး။ ဒါပေမဲ့ဒီနိုင်ငံမှာက ပြန်ပြင်တယ်ဆိုတဲ့အခါမှာ အပြစ်တင်စရာတွေပေါ်လာတတ်တယ်ဗျ။ အခုကိုပဲပုဂံကိုယူနက်စကိုက ပုဂံကိုရှေးဟောင်း အမွေအနှစ်ပစ္စည်း စာရင်းထဲမသွင်းဘူးလို့ဆိုထားသမှုတ်လား။ 
 
အဲဒီလိုအသိအမှတ်မပြုတဲ့အကြောင်းရင်းက ဗိုလ်သန်းရွှေ -ဗိုလ်ခင်ညွန့်တို့က ဘုရားစေတီအိုတွေ၊ အပြိုအပျက်တွေကိုသူတို့ဖာသာသူတို့ ထင်သလိုပြုပြင်ထီးတင်တာတွေ၊ ဗေဒင်ကိန်းခန်းနဲ့ ယတြာ လိုအပ်ချက်အရ ပုဂံရှေးဟောင်းစေတီတော်တွေအကြားမှာ မန္တလေးခေတ်စတိုင်နန်းမြို့တော်တည်ဆောက်တာတွေ ကြောင့်လို့ ကြားဖူးတာပဲဗျ။ အမယ်ကြီးအိုကိုမိတ်ကပ်နဲ့နှုတ်ခမ်းနီဆိုးပေးသလိုလုပ်တဲ့ အဲဒီစစ်ဗိုလ်တွေဟာ သူတို့ကိုယ် ကျိုးအတွက် ဘုရားဒါယကာ၊ ကျောင်းဒါယကာဖြစ်ချင်၊ ယတြာလုပ်ချင်၊ အနော်ရထာ၊ ကျန် စစ်သားစသူတွေနဲ့ တတန်းတည်းဖြစ်ချင်လို့လျှောက်လုပ်ရာကနေ ပျက်စီးကုန်ခဲ့ရတဲ့ ဗမာ့ရှေးဟောင်းအမွေအနှစ်တွေ များလှပါပြီ။
 
 ဒီနေ့ ခေတ်နိုင်ငံရေးမှာ ခေတ်နောက်အကျဆုံး၊ နောက်ပြန်အဆွဲဆုံးနည်းဖြစ်တဲ့ ဘာသာရေးကိုအသုံးပြုပြီးအာဏာထိန်းဟာ ဗမာပြည်ရဲ့ခေတ်သစ်သမိုင်းမှာ ဗိုလ်သန်းရွှေ-ဗိုလ်ချင်ညွန့်တို့ဟာအဆိုးဆုံးလို့ပြောနိုင်တယ်ဗျ။
 
 နောက်ပြီး ဗိုလ်ခင်ညွန့် ထောင်ကထွက်လာပြီးတဲ့နောက် အဲဒီလိုလုပ်တာတွေနဲ့ပတ်သက်ပြီးမီဒီယာက မေးတဲ့အခါမှာ ဗိုလ်ခင်ညွန့်က သတင်း ထောက်အမျိုးသမီးလေးကို မောက်မောက်မာမာ ပြန်ပြောခဲ့တာကိုလည်း မှတ်မိကြလိမ့်မယ်ထင်ပါတယ်။ ကိုယ်ကျိုး အတွက်ဆိုရင်စေတီပုထိုးဘုရားတွေကိုတောင်ချမ်းသာမပေးတဲ၊ ဘနဖူးသိုက်တူးဖို့အမြဲအသင့်ရှိတဲ့ ဒီစစ်ဗိုလ်တွေရဲ့သြဇာ အရှိန်အဝါတွေ ဒီနေ့အထိဘယ်လောက်ရှိနေသေးသလဲမသိဘူး၊ 
 
ဒါကြောင့်ဗမာပြည်သားတွေက ဒီတခါပြန်ပြုပြင်တယ်ဆို ရင် အရင်စစ်ဗိုလ်တွေလုပ်သလိုပဲဖြစ်ဦးမှာလားလို့ စိုးရိမ်ကြတာ လွန်တယ်မဆိုနိုင်ဘူးဗျ။ 
 
ဘယာဘေးကွာဝေးကြပါစေ။ 
 
ယာတောကသာဗြော

Sunday, June 12, 2016

ဒေါင်းအမိ ရွှေရင်တီး ရေးသူ- မင်းသုဝဏ်



ဒေါင်းအမိ ရွှေရင်တီး



ရေးသူ- မင်းသုဝဏ်



ခေတ္တရာ တိုင်းသရေ နဂရမှာလ
မစ္စတာ မှိုင်းကဝေ ထခဲ့သဗျ
နှစ်တရာ အတိုင်းအရှည် ကျပါပေါ့
စကိုင်းဝနေ အစဆီက စိန်ခေါ်သံ။

ဗန်းဒကမတွေနဲ့ နှော
စခန်းထကာ ချောင်တကာဝင်လို့
နောင်ရာဇ၀င်မှာ သပြေနုတွေလန်းစေမတဲ့
အောင်ရတနာပလ္လင်မှာ ငွေခရုနဲ့ ဇေယတုညွှန်းကာပ
သွန်းခဲ့ဖန်ဖန်ပါနော်ကွယ်
လွန်းယဲ့ အကြံ။

ရွှေဘိုအမှိန်မှာလေ ကောင်းရန်အခွင့်ပေပေါ့
နေညိုချိန်မှာ သြောင်းသံရင့်ကာပ
ဒေါင်းအလံလွှင့်ပါလို့ စည်ဆော်ညံ
ပြည်တော်ပြန်စေဖို့ ဗဟိုရ်ထီး။

ဆွေးနွဲ့ကာ ဖို
တေးဖွဲ့ကာ ခါခါဆိုလို့
ဆရာအို သခင်မှိုင်းမှာဖြင့်
ထင်တိုင်း အောင်ပါစေတဲ့
ကျိုးထွေထွေ အိုးဝေတရားတွေနဲ့
သစ္စာမှာ မေတ္တာထားကြပါကွဲ့
လွမ်းရာမှာ ကွမ်းယာဝါးပါလို့
မှာကြားစဉ် အနောက်စောင်းရှာခဲ့
သောင်းအတိ မြေပြင်ကြီးမှာလ
ပျောင်းတအိအိ မကောင်းသတိတွေနဲ့
(ကွယ်တို့ရယ်) ဒေါင်းအမိ ရွှေရင်တီး။   

မင်းသုဝဏ်။
{မောင်တင်ရွှေ စုဆောင်းတင်ပြတဲ့ "သခင်ကိုယ်တော်မှိုင်း လက်ရွေးစင်လေးချိုးတရာ" ပထမနှိပ်ခြင်း၊ ၁၉၇၃ မှ ကူးယူဖော်ပြပါတယ်။}

Monday, June 6, 2016

မော်စီတုန်း စာအုပ်ရေးသူ - အောင်ဇံ



စာအုပ်အမည် - မော်စီတုန်း
စာအုပ်ရေးသူ - အောင်ဇံ
ထုတ်ဝေသည့်ခုနှစ် - ၂၀၁၆ ခု၊ မတ်လ။
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်။
စာမျက်နှာ - ၈၈၄ မျက်နှာ။
တန်ဘိုး - ၇၅၀၀ ကျပ်။
ထုတ်ဝေသူ - ရွှေကျေးစာပေ။
ဖြန့်ချီရေး - မြနန္ဒာစာအုပ်တိုက်။



စာရေးသူအမှာ

သမိုင်းဆိုသည်မှာ ပြဇာတ်ကနေခြင်း မဟုတ်ပါ။ တခန်းရပ်ကာ ကတ္တီပါ ကားလိပ်ချပြီး နောက်တခန်းကိုဆက်သည့် အဖြစ်မျိုးနှင့် မတူပါ။ သမိုင်းဆိုသည်မှာ ဆက်နွှယ်နေပါသည်။ ဒီကနေ့ အဖြစ်အပျက်များသည် မနေ့က အဖြစ်အပျက်များ၏ အဆက်ဖြစ်ပါသည်။ "မနေ့က" ဆိုသည်မှာ မရှိခဲ့လျှင် "ဒီနေ့" ဆိုသည်လည်း ရှိနိုင်မည် မဟုတ်ပါ။ သမိုင်းရထားကြီးက အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂါတ်ကို ခုတ်မောင်းလျက် ရှိပါသည်။ အတိတ်သမိုင်းသာ မရှိခဲ့လျှင် ပစ္စုပ္ပန်သမိုင်းသည် မရှိနိုင်ပါ။ အတိတ်သမိုင်း၏ အကြောင်းတရားများက ပစ္စုပ္ပန်အကျိုးတရား များကို ပေါ်ပေါက်စေခဲ့ခြင်း ဖြစ်ပါသည်။ တခုတော့ ရှိပါသည်။ အနာဂါတ်ကောင်းရန်အတွက် ပစ္စုပ္ပန်ကာလတွင် တိုက်ပွဲဆင် ပြောင်းလဲနိုင်ပါသည်။

ယနေ့ တရုပ်ပြည်ကြီးတွင် ဖြစ်ပျက်နေသည်များကို စေ့ငုစွာ သိဖို့ဆိုလျှင် တရုတ်ပြည်ကြီး၏ အတိတ်သမိုင်းကို သိဖို့ လိုပါသည်။ သမိုင်းဆိုသည်မှာလည်း လူတန်းစားတိုက်ပွဲသမိုင်းသာ ဖြစ်ပါသည်။ တရုတ်ပြည်တော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့သည့် လူတန်းစားတိုက်ပွဲသမိုင်းနှင့် မော်စီတုန်းကို ခွဲခြား၍ မရပါ။ ထို့ကြောင့် မော့်ကို မဏ္ဍိုင်ပြုကာ တရုတ်ပြည်သမိုင်းကို ခြေရာခံ ခြင်းဖြင့် ယနေ့ တရုတ်ပြည်ကြီး၏ လူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေး အပြောင်းအလဲများကို အကဲဖြတ်နိုင်လိမ့်မည် ဖြစ်ပါသည်။

တရုတ်ပြည်သူ့ သမတနိုင်ငံ ထူထောင်ပြီးသည့် နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သည့် လမ်းစဉ်နှစ်ရပ် တိုက်ပွဲမှာ အရေးလည်းကြီး ပြင်းလည်း ပြင်းထန်ပါသည်။ ကဏ္ဍစုံ၌ တိုက်ပွဲများ ပေါ်ပေါက်ခဲ့ပါသည်။ စီးပွါးရေး၊ ယဉ်ကျေးမှု၊ အဘိဓမ္မာရေး စုံလှပါသည်။ ချုပ်၍ ပြောရလျှင် မာ့က်စ်ဝါဒီများနှင့် မာ့က်စ်ဝါဒကို ပြုပြင်ရန်လိုသည် ဆိုသူများ၏ တိုက်ပွဲ ဖြစ်ပါသည်။ မာ့က်စ်ဝါဒ အခြေခံမူကိုပါ ထိခိုက်လာသည့် အခါမျိုးတွင် စေ့စပ်ပြေငြိမ်းသော နည်းဖြင့် အဖြေရှာ၍ မရနိုင်ပါ။  ယခုခေတ်အပြောနှင့် ပြောရလျှင် Win-Win  နည်းကို သုံး၍ မရနိုင်ပါ။ Win-Win Situation မရှိနိုင်ပါ။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုး လုပ်၍ မရပါ။ အခြေခံအယူအဆများ ကွဲပြား ခြားနားနေ၍ ဖြစ်ပါသည်။ တဦးက ကွန်မြူနစ်စနစ်သို့ ဆက်လက်ချီတက်လိုပြီး၊ နောက်တဦးက မာ့က်စ်ဝါဒ၏ အခြေခံမူများကို ပြောင်းလဲစွန့်လွှတ် ကာ စီးပွါးရေးဖွံ့ဖြိုးမှု သက်သက်ကိုသာ ဦးစားပေးလိုကြပါသည်။ ထို့ကြောင့် သူနိုင် ကိုယ်နိုင် တိုက်ရသည့် တိုက်ပွဲ ဖြစ်ပါသည်။

တဖက်က ပြည်သူတို့၏ အသိစိတ်ဓါတ်ဖြင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားအဖြင့် သဘောထားလိုပါသည်။ လူတန်းစားတိုက်ပွဲဖြင့် စီးပွါးရေးကို တွန်းတင်လိုပါသည်။ ကျန် တဖက်ကမူ ရုပ်ဝတ္ထု မက်လုံးပေးရေးကို ကုန်ထုတ်တိုးရေးအတွက် အသုံးပြုလိုပါသည်။ ကုန်ထုတ်လုပ်မှုကို လူတန်းစားတိုက်ပွဲမပါပဲ တွန်းတင်လိုခြင်း ဖြစ်ပါသည်။

သမိုင်းဖြစ်စဉ်မှာ ရှည်ကြာကြမ်းတမ်းသလို၊ သိမ်လည်း သိမ်မွေ့ပါသည်။ အကွေ့အကောက်၊ အတက်အကျ၊ အနိုင်အရှုံး များပါသည်။ မည်သူတက်၍ မည်သူကျမည်၊ မည်သူနိုင်၍ မည်သူ ရှုံးမည် ဆိုသည်မှာ နှစ်ဖက်အင်အားစုများ၏ အနေအထား၊ ပြည်တွင်း ပြည်ပ အခြေအနေ အရပ်ရပ်နှင့်လည်း ဆက်နွှယ်နေပါသည်။ ကွန်မြူနစ်စိတ်ဓါတ်ကို လူတိုင်းလက်ခံနိုင်ဖို့ ဆိုသည်မှာလည်း လွယ်ကူသည့် ကိစ္စရပ် မဟုတ်ပါ။ အရင်းရှင် ဓနရှင် စိတ်ဓါတ်မှာမူ လူသညးတသီး မွေးဖွါးလာသည်နှင့် ထိတွေ့ ဆက်ဆံ လက်ခံလာသည့် စိတ်ဓါတ် ဖြစ်ပါသည်။ လူသည် အတ္တနှင့်ယှဉ်၍ မွေးဖွါးလာကြသည် ဟုပင် အချို့က ဆိုကြပါသည်။ မွေးကင်းစ ကလေးငယ်၏ ပထမဦးဆုံး ငိုကြွေးသံပင်လျှင် အတ္တမှ ဖြစ်ဖျားခံသည်ဟု ပြောစမတ် ရှိပါသည်။ ဆိုလိုသည်မှာ အတ္တကို တိုက်ရသည့်တိုက်ပွဲမှာ မလွယ်ကူပါ။ ရေရှည်သဘော ဆောင်ပါသည်။ ဘိုးစဉ်ဘောင်ဆက် တိုက်ရမည့် တိုက်ပွဲ ဖြစ်ပါသည်။ သို့ရာတွင် နောက်ဆုံး၌ အတ္တအနည်းဆုံးသော လူ့ဘောင်သစ်သို့ တက်လှမ်းနိုင်မည် ဖြစ်ပါသည်။

အရှုံးနှင့် အနိုင်တို့သည် အမြဲလို ယှဉ်တွဲတည်ရှိနေပါသည်။ ဤသည်ပင်လျှင် အနုပဋိလောမ တရား ဖြစ်ပါသည်။ မော်က လူတန်းစားတိုက်ပွဲကို မမေ့ဖို့ အမြဲ ဆော်သြခဲ့ပါသည်။ ယဉ်ကျေးမှု တော်လှန်ရေး ကဲ့သို့သော ယဉ်ကျေးမှုဟောင်း၊ အတွေးအခေါ်ဟောင်း၊ ဓလေ့ဟောင်း၊ အလေ့အကျင့်ဟောင်းတို့ကို တော်လှန်သည့် တော်လှန်ရေး တိုက်ပွဲများကို ဆက်ခါ၊ ဆက်ခါ ဆင်နွဲရမည်ဟု ပြောခဲ့ပါသည်။ မာ့က်စ်ဝါဒီတို့က ကုန်သေးထုတ်လုပ်ရေးက အရင်းရှင် လူတန်းစားကို နေ့တိုင်း၊ နာရီတိုင်း မွေးဖွါးပေးနေသည်ဟု ယူဆပါသည်။ ပြုပြင်ရေးသမား များကမူ ပစ္စည်းမဲ့လူတန်းစားစနစ်ကို ကျင့်သုံးနေပါသည်ဟု ဆိုသော်လည်း၊ လူတန်းစား တိုက်ပွဲ ချုပ်ငြိမ်းသွားပြီဟု ဆိုသော်လည်း အရင်းရှင် လူတန်းစားများကို မွေးထုတ်ပေးသည့် စနစ်ကို ကျင့်သုံးကာ ဓနရှင်လူတန်းစာများ အားကောင်းရေးကို ကာယကံမြောက် ပြုလုပ်နေကြပါသည်။ လူတန်းစားသစ် (New Class) ပေါ်ပေါက်လာခြင်းပင် မဟုတ်တော့ပဲ ဓနရှင် လူတန်းစား၊ မြေရှင်အရင်းရှင်လူတန်းစား များကို နာရီနှင့်အမျှ မွေးထုတ်ပေးနေ ပါသည်။ ပစ္စည်းမဲ့လူတန်းစားသည် အရောင်းစားခံလိုက်ရပြီ ဖြစ်သည်။ သွေးအစုပ်ခံနေရပြီ ဖြစ်သည်။ ပစ္စည်းမဲ့ အာဏာရှင်စနစ်နေရာတွင် ဓနရှင်အာဏာရှင်စနစ်က ကာယကံပြောက် အစားထိုး နေရာယူသွားပြီ ဟုပင် အချို့က ဆိုလာကြပါသည်။ ပစ္စည်းမဲ့လူတန်းစားတို့အတွက် အားကိုးစရာ မာ့က်စ်ဝါဒ အတွေးအခေါ်ကိုလက်နက်အဖြစ် တပ်ဆင်ထားရသည့် ပစ္စည်းမဲ့ပါတီ သည်လည်း မတည်ရှိတော့ဟု ဆိုလာကြပါသည်။ ချမ်းသာခြင်းသည် ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်းဟု ယူဆလာကြပါသည်။ သန်းကြွယ်သူဌေး၊ ကုဋေကြွယ် သူဌေများ ပေါ်ပေါက် လာပါသည်။ ပေါ်ပေါက်နေပါသည်။ ကြောင်သည် ဖြူဖြူမဲမဲ ကြွက်ဖမ်းဖို့သာအဓိက ဖြစ်လာပါသည်။

သွေးစုပ်မှု နှစ်မျိုးနှစ်စား ရှိသည်။ တန်ဖိုးနှင့်ညီမျှသည့် သွေးစုပ်မှုမျိုးကို ကြိုဆိုရမည်ဟု ဆိုသည့် ပြောဆိုချက်အတိုင်း အကောင်အထည် ဖော်ခဲ့ကြပါသည်။ ဓနရှင်၏ သွေးစုပ်မှုသည် အကျိုးပြုသည်ဆိုသည့် သဘောဖြစ်ပါသည်။ ဤသို့ဖြင့် အာဏာလက်ကိုင် ပြုထားသူများ၏ မိဘမောင်ဘွား၊ သားသမီး ဆွေမျိုးနှင့် အဆွယ်အပွါးများပါမကျန် ချမ်းသာကုန်ကြပါသည်။ သန်းကြွယ်၊ ကုဋေကြွယ်သူဌေးများ ပေါ်ပေါက်လာပါသည်။ ဝန်ထမ်းများ၊ တာဝန်ရှိသူများ အကျင့်စာရိတ္တ ပျက်ပြားလာကြသည် ဆိုသည့်အချက်မှာ ရိုးအီနေသည့် ပုံပြင်သဖွယ် ဖြစ်လာခဲ့ပါသည်။

ဤသို့ဖြင့် ဆင်းရဲချမ်းသာ ကွာဟမှုများ၊ အကျင့်ပျက်ပြားမှုများ၊ ယုတ်ညံ့မှုများ၊ သွေးစုပ်မှုများ၊ နိုင်လိုမင်းထက်ပြုမှုများ ရှိနေဆဲ ဖြစ်ပါသည်။ စီးပွါးရေးစနစ်ကြောင့် နင်းပြားဖြစ်နေသူများ၊ သွေးစုပ်ခံနေရသူများ၊ လူချင်းအတူတူ လူ့သိက္ခာနှင့်အညီ မနေနိုင်လိုက်အောင် ဆင်းရဲမွဲတေ သူများ၊ ဖိနှိပ်ဗိုလ်ကျ ခံနေရသူများ ရှိနေဆဲ ဖြစ်ပါသည်။ ၎င်းတို့က ရုန်းထတိုက်ပွဲဝင်ကြဦးမည် သာ ဖြစ်ပါသည်။ လူတန်းစား ကွဲပြားနေသမျှ၊ သွေးစုပ်ချယ်လှယ်မှု ရှိနေသမျှ၊ စီးပွါးရေးတဖက် စောင်းနင်း ဖြစ်နေသမျှ၊ ဗိုလ်ကျလွှမ်းမိုးသူတွေ ရှိနေသမျှ လူတန်းစားတိုက်ပွဲသည် ရှိနေဦးမည်သာ ဖြစ်ပါသည်။ လူတန်းစားတိုက်ပွဲ မချုပ်ငြိမ်းသမျှ မတူသည့် လူတန်းစားအမြင် အပေါ် အခြေခံသည့် သဘောတရားရေးတိုက်ပွဲသည်လည်း ဆက်လက်ရှိနေဦးမည်သာ ဖြစ်ပါသည်။ သမိုင်းသည် နိဂုံးမချုပ်ပါ။


လေးစားစွာဖြင့်
အောင်ဇံ
၈ - ၂ - ၁၄။
၁၀း၁၅ နာ၇ီ။

Sunday, May 29, 2016

မာယာရှင်ကိုအေးဝင်း ရေးသူ - ဖိုးသံ (လူထု)



ကျွန်တော် တခါက စာအုပ်တအုပ်အတွက် အမှာစာတခု ရေးရာမှာ ဗမာပြည်သားတွေဟာ ထောင်ထဲပဲရောက်ရောက်၊ ပြည်ပပဲ ရောက်ရောက်၊ ကဗျာရေးတယ်၊ ဝတ္ထုရေးတယ်။ နောက်ပြီး စာအုပ်ထုတ်ဝေတာ၊ စာပေ ဝက်ဘ်ဆိုက် တင်တာတို့ လုပ်လေ့ရှိတယ်။ ဒါဟာ ဗမာပြည်သားတွေရဲ့ ဂုဏ်ယူစရာ ဓလေ့တခု ဖြစ်တယ်။

အဲဒီလို လူအများစုဟာ သူတို့ကို ဘယ်သူကမှ ခိုင်းလို့လုပ်တာ မဟုတ်ပါဘူး။ ကိုယ့်ဝါသနာအလျောက် ကိုယ်အိတ်ထဲက ပိုက်ဆံထုတ်၊ ကိုယ့်လုပ်အား ကိုယ်စိုက်ပြီး ကိုယ့်ဟာကိုယ် (တချို့လူတွေရဲ့) အငြိုငြင်ကို ခံပြီး ဖတ်သင့်တယ် ထင်တာတွေကို ရွေးချယ်ပြီး စင်တင်ကြတာပါ။ စာပေတာဝန်၊ အမျိုးသားတာဝန်ကို ထမ်းဆောင်ကြတာ ဖြစ်တယ်လို့ ဆိုရမှာပါ။

စစ်အာဏာရှင် ဒီမိုကရေစီနဲ့ စစ်အာဏာရှင် စီးပွါးရေးစနစ်တို့ကြောင့် ပြည်ပကို ရောက်ရှိခဲ့ကြ တဲ့ ဗမာပြည်သားအရေအတွက်ဟာ မကြုံစဖူး၊ မမျှော်မှန်းဖူးတဲ့ ကိန်းဂဏန်းမျိုးကို ရောက်ခဲ့ ပါတယ်။ ဒီအခါမှာ အဲဒီ ဗမာပြည်သားတွေဟာ ပတ်ဝန်းကျင်ရဲ့ ဂယက်ရိုက်မှု၊ ရောင်ပြန်ဟပ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ကြရပါတယ်။

စာနာမှု၊ အထင်သေးမှု၊ ပေလယျကံ ပြုမှု၊ နေရာပေးမှု၊ ကိုယ့်ကို အသုံးချလိုမှု၊ ခေါင်းပုံဖြတ် အနိုင်ကျင့်လိုမှု စတဲ့ သဘောထားအမျိုးမျိုးနဲ့ ရင်ဆိုင်ကြရပါတယ်။ လေဆိပ်၊ သင်္ဘောဆိပ်မှာ ဗမာပတ်စ်ပို့ ဆိုရင် နှခေါင်းရှုံ့ခံရတာ တွေ့ကြုံရသလို၊ သူများတွေက မရှိခိုးနိုး၊ မလှစုန်းရိုး အကြည့်ခံရတာတွေလည်း ရှိနေတယ်။

အဲဒီလို အနေအထားတွေ အကြားမှာ "ဗမာစာသည်တို့စာ၊ ဗမာစကားသည် တို့စကား" လို့ ထကြွေးကြော်သူတွေကို တွေ့ရတော့ အလွန်ကြည်နူးမိ၊ ဂုဏ်ယူမိတာ အမှန်ပါပဲ။ ကိုယ်နဲ့ ခံစားမှုချင်း တူလေစွဆိုပြီး လက်ဆွဲနှုတ်ဆက်ချင်မိပါတယ်။

သူတို့တတွေ ဒီလို လုပ်ကြတာဟာ ကိုယ့်ပြည်ကိုယ့်ရွာကို လွမ်းလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပြည်တွင်းတုန်းက ရေးခွင့် ထုတ်ခွင့် မရတာတွေကို ပြည်ပရောက်မှ အတိုးချ ထုတ်နေကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စာပေကို ဝါသနာပါလို့၊ ကိုယ့်အမျိုးသားရဲ့ စာပေကို တန်ဖိုးထား မြတ်နိုးလို့ လုံးပမ်းကြတာလည်း ဖြစ်နိုင်ပါတယ်။ တချို့ဆိုရင် တခေတ်က ရှားရှားပါးပါး စာအုပ်တွေ၊ ဆောင်းပါးတွေကို ကုတ်ကုတ်ကတ်ကတ် လုံးပမ်းရှာဖွေပြီး ပြန်ထုတ်ကြ၊ ဖော်ပြကြတာပါ။ အဲဒီလို ပြည်ပ စာပေလုပ်ငန်းလုပ်သူတွေထဲမှာ တော်တော် များများဟာ ပြည်တွင်းတုန်းက နိုင်ငံရေးလုပ်ခဲ့တဲ့ စိတ်ဓာတ်နဲ့ လုပ်ဟန်အတိုင်း ကိုယ့်စရိတ်၊ ကိုယ့်လုပ်အားစိုက်ပြီး၊ အားသွန်ခွန်စိုက် လုပ်ကြတာ ဖြစ်ပါတယ်။ (ဟိုအထောက်အပံ့၊ ဒီအထောက်အပံ့ရလို့ လုပ်သူတချို့လည်း မရှိဘူး မဟုတ်ဘူး ရှိပါတယ်၊ ဒါပေမယ့် ဒါဟာ အနည်းငယ်ပဲလို့ ထင်ပါတယ်)။

သူတို့နဲ့ ပါတ်သက်ပြီး သတိထားမိတဲ့ အချက်တွေထဲမှာ အရေးကြီးတာ တခုက သူတို့ဟာ သူတို့ ရေးတာတွေကို ထုတ်ဖော်ချင်တာထက် လူအများ ဖတ်သင့်တယ်လို့ သူတို့ ထင်တဲ့ စာတွေကို စာဖတ်သူတွေဆီကို ပို့ပေးတာ ဖြစ်ပါတယ်။

နောက်တခုကတော့ သူတို့မှာ ဘာမှ ဖုံးကွယ်မထားတဲ့ ရည်ရွယ်ချက်၊ မူတွေ ထင်ထင်ရှားရှား ရှိပါတယ်။

အထူးသဖြင့် နိုင်ငံရေးရည်ရွယ်ချက် ရှိကြပါတယ်။ အဲဒါက "ဗမာစာသည်တို့စာ၊ ဗမာစကားသည် တို့စကား" ဆိုတဲ့ ပြည်ချစ်စိတ်ဓါတ်နဲ့ ပြည်သူ့ဖက်က ရပ်တည်တဲ့ မူ ဖြစ်ပါတယ်။ ဒီမူက သူတို့ကို စာပေလုပ်ငန်း လုပ်ချင်အောင် စေ့ဆော်ပြီး၊ သူတို့က သူတို့ရဲ့ သူတို့ရဲ့ စာပေလုပ်ငန်းနဲ့ ဒီမူတွေ လှုံ့ဆော်ပါတယ်။ တချို့ကဆိုရင် သေနတ်နဲ့ မပစ်နိုင်လို့ ကလောင်နဲ့ ပစ်နေကြတာ ဖြစ်ပါတယ်။

သူတို့ လုပ်ကြကိုင်ကြတာကို ကြည့်ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်းတုန်းက ကျွန်တော့်မိဘများ မန္တလေးမြို့ရဲ့ မြောက်ဖက် မိုင် ၂၀ လောက် (ထင်တာ)မှာ ရှိတဲ့ ကပိုင်ဆိုတဲ့ ရွာလေးကို ပြေးကြတော့ စာပုံနှိပ်စက်နဲ့ ခဲစာလုံးတွေကို မဖြစ်ဖြစ်အောင် သယ်သွားတာ၊ စက္ကူမရှိလို့ မီးခြစ်ဘူးထုပ်တဲ့ စက္ကူတွေနဲ့ စာအုပ်ထုတ်တာ စတာတွေကို သတိရမိပါတယ်။ နောက်ပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်ကြလို့ ကိုယ့်နေရာလေး ခိုင်ခိုင်မာမာ ရှိလာပြီဆိုရင် ပုံနှိပ်စက်ရှာကြ၊ ခဲစာလုံး ရှာကြ၊ ရရင် လှည်းနဲ့ တိုက်ကြတယ်ဆိုတဲ့ အဖြစ်အပျက်လေးတွေ ကြားဖူးတာကိုလည်း သတိရနေပါတယ်။

ဒီလိုနဲ့ ပြည်ပရောက် ပြည်ချစ် စာပေဝါသနာအိုးတွေ ကောင်းမှုကြောင့် အင်တာနက်ပေါ်နဲ့ စာမျက်နှာတွေပေါ်မှာ ကျွန်တော်ဖတ်ချင်တာ၊ ကျွန်တော်က ဖတ်စေချင်တာတွေကို တွေ့ရတော့ ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ နို့ပေမယ့် တဖက်က ပြန်စဉ်းစားတော့ ကျွန်တော့်အနေနဲ့ လူပုဂ္ဂိုလ်အရ၊ စာပေအရေးအသားအရ အထင်ကြီးလေးစားတဲ့ လူတွေရဲ့ စာတွေ၊ ပြည်တွင်းမှာ မထုတ်ကြရ၊ ပြည်ပမှာပဲ လသာနေတာကို တွေးမိပြီး။ ဒီကနေ တဆင့်တက်တော့ ဒီပြည်ပ စာပေလောက က ကျွန်တော့်ကို စာရေးဖို့ တိုက်တွန်းတာ၊ စာမူတောင်းတာတွေ ဖြစ်လာပါတယ်။ ဝမ်းသာတာပါပဲ။

ပြည်မမှာတုန်းက စာရေးသားခွင့် နည်းနည်းပါးပါးသာ ကြုံခဲ့တဲ့ စာရူးပေရူး တယောက်ဟာ ဒီလိုနဲ့ နယ်စပ်ရောက်၊ ပြည်ပရောက်တော့မှ ကလောင်ရှင်တဦး ဖြစ်ခဲ့ရတာကိုး။ ကျွန်တော့်ကို အဲဒီလို ချောင်ထဲက ဆွဲထုတ် (ပွဲထုတ်တယ်လို့ မဆိုလိုပါ) တဲ့ လူတွေထဲမှာ ကိုအေးဝင်း တယောက်လည်း ထိပ်ဆုံးက ပါပါတယ်။

လူချင်း နိုင်ငံရေး ပဌာန်းဆက်က ပါကြပြီးသားမို့ ဘယ်သူမှ အထူးမိတ်ဆက်ပေးဖို့ မလိုပဲ အင်တာနက်ပေါ်မှာပဲ သိကျွမ်း-ရင်နှီးပြီး ရဲဘော်ရဲဘက်တွေ ဖြစ်လာကြပါတယ်။ နောက်ကျတော့ ကိုအေးဝင်းက စာမူလို့ တောင်းလိုက်တာနဲ့ ကျွန်တော်က မိုက်ခရိုဆော့ဖ်ဝဒ် ဖွင့်ပြီးသား ဖြစ်သားပါတယ်။

အခုလည်း သူ့မွေးနေ့တဲ့။

ကျွန်တော့်ညီနဲ့မှ ရွယ်တူလောက်ရှိတဲ့ သူ့အသက်ဟာ ၆၄ ဆိုတော့ ကိုယ့်အသက်ဟာ - အမယ်မင်း တွေးတောင် မတွေးချင်ဘူး။

ဘာရေးရမလဲ။

ရှေးဟောင်းနှောင်ဖြစ်တွေ ရေးရအောင်ကလည်း မေ့ကုန်ပြီ။ နိုင်ငံရေးအကြောင်းတွေ ရေးမယ်ဆိုတော့လည်း ဟိုဟာထောက်ထားရ၊ ဒီဟာချင့်ချိန်ရ၊ အရင်ကလို ကလောင်မသွက်နိုင်။

ကိုယ့် ဘဝကလည်း တရုတ်ပြည်ထဲမှာနေတဲ့ သက်တမ်းကိုက သုံးပုံတပုံ မကတော့။

ဒီမှာနေရတဲ့ စာရေးချင်လောက်တဲ့ အဖြစ်အပျက်ကတွေ ကြုံတွေံရတာက အနည်းသား။ မှတ်မိသေးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်တုန်းက အမေရိကန် အမျိုးသမီးတယောက် က ရွှေလီမှာ ကျွန်တော့်ကို လာပြီး အင်တာဗျူးတဲ့အခါမှာ ကျွန်တော့်ဖြတ်သန်းမှုတွေ ပြေပြပါလို့ တောင်းဆိုပါတယ်။ ဒါကြောင့် မှတ်မိသလောက် ပြောပြရရင်း တရုတ်ပြည်ထဲကို ပြောင်းနေရတဲ့ နေရာရောက်တော့ "ကျန်တာတွေ သမိုင်းမဟုတ်ဘူး (The rest is non-history)" လို့ ပြောလိုက်မိတယ်။

အခု အဲဒီ သမိုင်း မတင်ချင်တဲ့ ကာလတခုကို ဖြတ်သန်းနေတာကိုကပဲ ဒီ ၂၆ နှစ်အတွင်း ကိုယ်လုပ်နိုင်တာတွေထဲက တိတိကျကျ ပြောနိုင်တာကတော့ စာရေးတာပဲလို့ ပြောရတော့မယ်။

အဲဒီထဲမှာ မာယာမှာ ကိုအေးဝင်းအတွက် ရေးခဲ့တာတွေလည်း ပါတာပေါ့။

ဖိုးသံ(လူထု)