စာအုပ်အမည် -
မော်စီတုန်း
စာအုပ်ရေးသူ -
အောင်ဇံ
ထုတ်ဝေသည့်ခုနှစ်
- ၂၀၁၆ ခု၊ မတ်လ။
ထုတ်ဝေသည့်အကြိမ်
- ပထမအကြိမ်။
စာမျက်နှာ -
၈၈၄ မျက်နှာ။
တန်ဘိုး -
၇၅၀၀ ကျပ်။
ထုတ်ဝေသူ -
ရွှေကျေးစာပေ။
ဖြန့်ချီရေး -
မြနန္ဒာစာအုပ်တိုက်။
စာရေးသူအမှာ
သမိုင်းဆိုသည်မှာ
ပြဇာတ်ကနေခြင်း မဟုတ်ပါ။ တခန်းရပ်ကာ ကတ္တီပါ ကားလိပ်ချပြီး နောက်တခန်းကိုဆက်သည့်
အဖြစ်မျိုးနှင့် မတူပါ။ သမိုင်းဆိုသည်မှာ ဆက်နွှယ်နေပါသည်။ ဒီကနေ့
အဖြစ်အပျက်များသည် မနေ့က အဖြစ်အပျက်များ၏ အဆက်ဖြစ်ပါသည်။ "မနေ့က"
ဆိုသည်မှာ မရှိခဲ့လျှင် "ဒီနေ့" ဆိုသည်လည်း ရှိနိုင်မည် မဟုတ်ပါ။ သမိုင်းရထားကြီးက
အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂါတ်ကို ခုတ်မောင်းလျက် ရှိပါသည်။ အတိတ်သမိုင်းသာ
မရှိခဲ့လျှင် ပစ္စုပ္ပန်သမိုင်းသည် မရှိနိုင်ပါ။ အတိတ်သမိုင်း၏ အကြောင်းတရားများက
ပစ္စုပ္ပန်အကျိုးတရား များကို ပေါ်ပေါက်စေခဲ့ခြင်း ဖြစ်ပါသည်။ တခုတော့ ရှိပါသည်။
အနာဂါတ်ကောင်းရန်အတွက် ပစ္စုပ္ပန်ကာလတွင် တိုက်ပွဲဆင် ပြောင်းလဲနိုင်ပါသည်။
ယနေ့
တရုပ်ပြည်ကြီးတွင် ဖြစ်ပျက်နေသည်များကို စေ့ငုစွာ သိဖို့ဆိုလျှင် တရုတ်ပြည်ကြီး၏
အတိတ်သမိုင်းကို သိဖို့ လိုပါသည်။
သမိုင်းဆိုသည်မှာလည်း လူတန်းစားတိုက်ပွဲသမိုင်းသာ ဖြစ်ပါသည်။
တရုတ်ပြည်တော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့သည့် လူတန်းစားတိုက်ပွဲသမိုင်းနှင့်
မော်စီတုန်းကို ခွဲခြား၍ မရပါ။ ထို့ကြောင့် မော့်ကို မဏ္ဍိုင်ပြုကာ
တရုတ်ပြည်သမိုင်းကို ခြေရာခံ ခြင်းဖြင့် ယနေ့ တရုတ်ပြည်ကြီး၏ လူမှုရေး၊ နိုင်ငံရေး၊
စီးပွါးရေး အပြောင်းအလဲများကို အကဲဖြတ်နိုင်လိမ့်မည် ဖြစ်ပါသည်။
တရုတ်ပြည်သူ့ သမတနိုင်ငံ
ထူထောင်ပြီးသည့် နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သည့် လမ်းစဉ်နှစ်ရပ် တိုက်ပွဲမှာ
အရေးလည်းကြီး ပြင်းလည်း ပြင်းထန်ပါသည်။ ကဏ္ဍစုံ၌ တိုက်ပွဲများ ပေါ်ပေါက်ခဲ့ပါသည်။
စီးပွါးရေး၊ ယဉ်ကျေးမှု၊ အဘိဓမ္မာရေး စုံလှပါသည်။ ချုပ်၍ ပြောရလျှင်
မာ့က်စ်ဝါဒီများနှင့် မာ့က်စ်ဝါဒကို ပြုပြင်ရန်လိုသည် ဆိုသူများ၏ တိုက်ပွဲ
ဖြစ်ပါသည်။ မာ့က်စ်ဝါဒ အခြေခံမူကိုပါ ထိခိုက်လာသည့် အခါမျိုးတွင်
စေ့စပ်ပြေငြိမ်းသော နည်းဖြင့် အဖြေရှာ၍ မရနိုင်ပါ။ ယခုခေတ်အပြောနှင့် ပြောရလျှင် Win-Win နည်းကို သုံး၍ မရနိုင်ပါ။ Win-Win Situation
မရှိနိုင်ပါ။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုး လုပ်၍ မရပါ။
အခြေခံအယူအဆများ ကွဲပြား ခြားနားနေ၍ ဖြစ်ပါသည်။ တဦးက ကွန်မြူနစ်စနစ်သို့
ဆက်လက်ချီတက်လိုပြီး၊ နောက်တဦးက မာ့က်စ်ဝါဒ၏ အခြေခံမူများကို ပြောင်းလဲစွန့်လွှတ်
ကာ စီးပွါးရေးဖွံ့ဖြိုးမှု သက်သက်ကိုသာ ဦးစားပေးလိုကြပါသည်။ ထို့ကြောင့် သူနိုင်
ကိုယ်နိုင် တိုက်ရသည့် တိုက်ပွဲ ဖြစ်ပါသည်။
တဖက်က
ပြည်သူတို့၏ အသိစိတ်ဓါတ်ဖြင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားအဖြင့်
သဘောထားလိုပါသည်။ လူတန်းစားတိုက်ပွဲဖြင့် စီးပွါးရေးကို တွန်းတင်လိုပါသည်။ ကျန် တဖက်ကမူ
ရုပ်ဝတ္ထု မက်လုံးပေးရေးကို ကုန်ထုတ်တိုးရေးအတွက် အသုံးပြုလိုပါသည်။
ကုန်ထုတ်လုပ်မှုကို လူတန်းစားတိုက်ပွဲမပါပဲ တွန်းတင်လိုခြင်း ဖြစ်ပါသည်။
သမိုင်းဖြစ်စဉ်မှာ
ရှည်ကြာကြမ်းတမ်းသလို၊ သိမ်လည်း သိမ်မွေ့ပါသည်။ အကွေ့အကောက်၊ အတက်အကျ၊ အနိုင်အရှုံး
များပါသည်။ မည်သူတက်၍ မည်သူကျမည်၊ မည်သူနိုင်၍ မည်သူ ရှုံးမည် ဆိုသည်မှာ
နှစ်ဖက်အင်အားစုများ၏ အနေအထား၊ ပြည်တွင်း ပြည်ပ အခြေအနေ အရပ်ရပ်နှင့်လည်း
ဆက်နွှယ်နေပါသည်။ ကွန်မြူနစ်စိတ်ဓါတ်ကို လူတိုင်းလက်ခံနိုင်ဖို့ ဆိုသည်မှာလည်း လွယ်ကူသည့်
ကိစ္စရပ် မဟုတ်ပါ။ အရင်းရှင် ဓနရှင် စိတ်ဓါတ်မှာမူ လူသညးတသီး မွေးဖွါးလာသည်နှင့်
ထိတွေ့ ဆက်ဆံ လက်ခံလာသည့် စိတ်ဓါတ် ဖြစ်ပါသည်။ လူသည် အတ္တနှင့်ယှဉ်၍
မွေးဖွါးလာကြသည် ဟုပင် အချို့က ဆိုကြပါသည်။ မွေးကင်းစ ကလေးငယ်၏ ပထမဦးဆုံး
ငိုကြွေးသံပင်လျှင် အတ္တမှ ဖြစ်ဖျားခံသည်ဟု ပြောစမတ် ရှိပါသည်။ ဆိုလိုသည်မှာ အတ္တကို
တိုက်ရသည့်တိုက်ပွဲမှာ မလွယ်ကူပါ။ ရေရှည်သဘော ဆောင်ပါသည်။ ဘိုးစဉ်ဘောင်ဆက်
တိုက်ရမည့် တိုက်ပွဲ ဖြစ်ပါသည်။ သို့ရာတွင် နောက်ဆုံး၌ အတ္တအနည်းဆုံးသော
လူ့ဘောင်သစ်သို့ တက်လှမ်းနိုင်မည် ဖြစ်ပါသည်။
အရှုံးနှင့်
အနိုင်တို့သည် အမြဲလို ယှဉ်တွဲတည်ရှိနေပါသည်။ ဤသည်ပင်လျှင် အနုပဋိလောမ တရား
ဖြစ်ပါသည်။ မော်က လူတန်းစားတိုက်ပွဲကို မမေ့ဖို့ အမြဲ ဆော်သြခဲ့ပါသည်။ ယဉ်ကျေးမှု
တော်လှန်ရေး ကဲ့သို့သော ယဉ်ကျေးမှုဟောင်း၊ အတွေးအခေါ်ဟောင်း၊ ဓလေ့ဟောင်း၊
အလေ့အကျင့်ဟောင်းတို့ကို တော်လှန်သည့် တော်လှန်ရေး တိုက်ပွဲများကို ဆက်ခါ၊ ဆက်ခါ
ဆင်နွဲရမည်ဟု ပြောခဲ့ပါသည်။ မာ့က်စ်ဝါဒီတို့က ကုန်သေးထုတ်လုပ်ရေးက အရင်းရှင်
လူတန်းစားကို နေ့တိုင်း၊ နာရီတိုင်း မွေးဖွါးပေးနေသည်ဟု ယူဆပါသည်။ ပြုပြင်ရေးသမား
များကမူ ပစ္စည်းမဲ့လူတန်းစားစနစ်ကို ကျင့်သုံးနေပါသည်ဟု ဆိုသော်လည်း၊ လူတန်းစား
တိုက်ပွဲ ချုပ်ငြိမ်းသွားပြီဟု ဆိုသော်လည်း အရင်းရှင် လူတန်းစားများကို
မွေးထုတ်ပေးသည့် စနစ်ကို ကျင့်သုံးကာ ဓနရှင်လူတန်းစာများ အားကောင်းရေးကို
ကာယကံမြောက် ပြုလုပ်နေကြပါသည်။ လူတန်းစားသစ် (New Class) ပေါ်ပေါက်လာခြင်းပင်
မဟုတ်တော့ပဲ ဓနရှင် လူတန်းစား၊ မြေရှင်အရင်းရှင်လူတန်းစား များကို နာရီနှင့်အမျှ မွေးထုတ်ပေးနေ
ပါသည်။ ပစ္စည်းမဲ့လူတန်းစားသည် အရောင်းစားခံလိုက်ရပြီ ဖြစ်သည်။ သွေးအစုပ်ခံနေရပြီ
ဖြစ်သည်။ ပစ္စည်းမဲ့ အာဏာရှင်စနစ်နေရာတွင် ဓနရှင်အာဏာရှင်စနစ်က ကာယကံပြောက်
အစားထိုး နေရာယူသွားပြီ ဟုပင် အချို့က ဆိုလာကြပါသည်။ ပစ္စည်းမဲ့လူတန်းစားတို့အတွက်
အားကိုးစရာ မာ့က်စ်ဝါဒ အတွေးအခေါ်ကိုလက်နက်အဖြစ် တပ်ဆင်ထားရသည့် ပစ္စည်းမဲ့ပါတီ
သည်လည်း မတည်ရှိတော့ဟု ဆိုလာကြပါသည်။ ချမ်းသာခြင်းသည် ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်းဟု
ယူဆလာကြပါသည်။ သန်းကြွယ်သူဌေး၊ ကုဋေကြွယ် သူဌေများ ပေါ်ပေါက် လာပါသည်။
ပေါ်ပေါက်နေပါသည်။ ကြောင်သည် ဖြူဖြူမဲမဲ ကြွက်ဖမ်းဖို့သာအဓိက ဖြစ်လာပါသည်။
သွေးစုပ်မှု
နှစ်မျိုးနှစ်စား ရှိသည်။ တန်ဖိုးနှင့်ညီမျှသည့် သွေးစုပ်မှုမျိုးကို ကြိုဆိုရမည်ဟု
ဆိုသည့် ပြောဆိုချက်အတိုင်း အကောင်အထည် ဖော်ခဲ့ကြပါသည်။ ဓနရှင်၏ သွေးစုပ်မှုသည်
အကျိုးပြုသည်ဆိုသည့် သဘောဖြစ်ပါသည်။ ဤသို့ဖြင့် အာဏာလက်ကိုင် ပြုထားသူများ၏
မိဘမောင်ဘွား၊ သားသမီး ဆွေမျိုးနှင့် အဆွယ်အပွါးများပါမကျန် ချမ်းသာကုန်ကြပါသည်။
သန်းကြွယ်၊ ကုဋေကြွယ်သူဌေးများ ပေါ်ပေါက်လာပါသည်။ ဝန်ထမ်းများ၊ တာဝန်ရှိသူများ
အကျင့်စာရိတ္တ ပျက်ပြားလာကြသည် ဆိုသည့်အချက်မှာ ရိုးအီနေသည့် ပုံပြင်သဖွယ်
ဖြစ်လာခဲ့ပါသည်။
ဤသို့ဖြင့်
ဆင်းရဲချမ်းသာ ကွာဟမှုများ၊ အကျင့်ပျက်ပြားမှုများ၊ ယုတ်ညံ့မှုများ၊ သွေးစုပ်မှုများ၊
နိုင်လိုမင်းထက်ပြုမှုများ ရှိနေဆဲ ဖြစ်ပါသည်။ စီးပွါးရေးစနစ်ကြောင့်
နင်းပြားဖြစ်နေသူများ၊ သွေးစုပ်ခံနေရသူများ၊ လူချင်းအတူတူ လူ့သိက္ခာနှင့်အညီ
မနေနိုင်လိုက်အောင် ဆင်းရဲမွဲတေ သူများ၊ ဖိနှိပ်ဗိုလ်ကျ ခံနေရသူများ ရှိနေဆဲ
ဖြစ်ပါသည်။ ၎င်းတို့က ရုန်းထတိုက်ပွဲဝင်ကြဦးမည် သာ ဖြစ်ပါသည်။ လူတန်းစား
ကွဲပြားနေသမျှ၊ သွေးစုပ်ချယ်လှယ်မှု ရှိနေသမျှ၊ စီးပွါးရေးတဖက် စောင်းနင်း
ဖြစ်နေသမျှ၊ ဗိုလ်ကျလွှမ်းမိုးသူတွေ ရှိနေသမျှ လူတန်းစားတိုက်ပွဲသည် ရှိနေဦးမည်သာ
ဖြစ်ပါသည်။ လူတန်းစားတိုက်ပွဲ မချုပ်ငြိမ်းသမျှ မတူသည့် လူတန်းစားအမြင် အပေါ်
အခြေခံသည့် သဘောတရားရေးတိုက်ပွဲသည်လည်း ဆက်လက်ရှိနေဦးမည်သာ ဖြစ်ပါသည်။ သမိုင်းသည်
နိဂုံးမချုပ်ပါ။
လေးစားစွာဖြင့်
အောင်ဇံ
၈ - ၂ - ၁၄။
၁၀း၁၅ နာ၇ီ။
No comments:
Post a Comment