မှိုင်းရိပ်
စာရိပ် ကဗျာရိပ်၊ ရေးသူ - ဟံသာဝတီဦးဝင်းတင်
[ဒေါင်းအိုးဝေနှင့်သခင်ကိုယ်တော်မှိုင်း-
မောင်မောင်အေး(စစ်ကိုင်း) ရဲ့ စာအုပ်အတွက် ဆရာဦးဝင်းတင် ရေးတဲ့ အမှာစာ]
ကဗျာလို့
ပြောမလား၊ ဝတ္ထုလို့ ပြောမလား၊ ဆောင်းပါးလို့ ပြောမလား၊ စာပေလို့ ပြောမလား၊ သတင်းလို့
ပြောမလား။ ကျွန်တော်ကိုယ်တိုင် ဘာရယ်လို့ ပြောရမှန်း မသိတဲ့ စာတွေ(စာတွေ) နဲ့
ကျွန်တော် စတွေ့တဲ့ အချိန်က ဂျပန်ခေတ်။ ၁၉၄၁။ ကျွန်တော် ၁၁ နှစ်သား အရွယ်လောက်။
ရန်ကုန်မှာ
စစ်ရိပ်တွေသန်း၊ စစ်သံတွေ ဟိန်းတော့ ကျွန်တော်တို့ မိသားစု ရန်ကုန်က ပြေးတယ်။
အမေရဲ့ အမေ(အဘွား)၊ အဘွားရဲ့ အဖေ (ဘိုးကြီး) တို့ အရပ်ကို ခိုလှုံခဲ့တယ်။ ရန်ကုန်က
မိုင် ၁၀၀ လောက်ဝေးတယ်။ ရန်ကုန်-ပြည်ကားလမ်း၊ ရထားလမ်းပေါ်က မြို့ကလေး။ အဲဒီမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့
ကျွန်တော်တွေ့တယ်။
ဆရာကြီးနဲ့
ဆိုတာထက် ဆရာကြီးရဲ့ စာတွေ၊ ကဗျာတွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေနဲ့ တွေ့တယ်လို့
ပြောရမှာပါ။ ဘိုးကြီးရဲ့ နှစ်ဆောင်ပြိုင်အိမ် အပေါ်ထပ်မှာ ပေစာထုပ်တွေ၊
ကဗျာစာအုပ်တွေ၊ ဝတ္ထုစာအုပ်တွေ၊ ဂျာနယ်မဂ္ဂဇင်းတွေ အပြည့်။ ကျွန်တော့်အဖို့
လောကသစ်နဲ့ တွေ့ဆုံခြင်း။
လောကသစ်နဲ့
တွေ့တော့ ကျွန်တော့်အဖို့ မျက်စိလည်စရာချည်း။ ဒီတော့ ကျွန်တော် မျက်စိလည်တာပေါ့။
တောင်တော့မကွယ်ဘူး၊ တောတော့ မပျောက်ဘူး။ ကျွန်တော် စာဖတ်တတ်တဲ့ အရွယ်ရောက်ပြီး။
စာသဘောကို မစောကြောတတ်တာ ထစ်ထစ်ပဲ ခံနေတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း စာအုပ်တွေက
ဗွေဆော်ဦး မိတ်ဆုံတဲ့ စာအုပ်တွေထဲမှာ ပါနေတယ်။ ပိုထစ်တော့တာပေါ့။
ကိုးနှစ်သားလောက်ကတည်းက
လယ်တီဆရာတော်ကြီးရဲ့ "သုံးလူ့ရှင်ပင်" တို့ "ပဋိစ္စသမုပ္ပါဒ်"
တို့ကို အလွတ်ရွတ်ပြရဲတဲ့ အတွေ့အကြုံက ကျွန်တော့်မှာ ရှိနေပြီ။
ကျောင်းသစ်မှာဆုံတဲ့ ဆရာဦးရွှေဝိုင်း (၂၀၁၄ မှာ စာပေဆု ချီးမြှင့်ခံရတဲ့ ကဗျာဆရာ၊
ဆောင်းပါးဆရာ ရွှေငယ်ဝိုင်း) ရဲ့ ကဗျာနိဿရတွေက ကျွန်တော့်ကို မျက်စိ ဖွင့်ပေးနေပြီ။
ဒီလိုနဲ့ "နဂါးနီ" ဖတ်တတ်လာသလို၊ "ဂျာနယ်ကျော်" မှတ်တတ်လာတယ်။
"ပန်းသာမစာဥ" စွဲသလို၊ "အရေးတော်ပုံတပ်သား" မက်လာတယ်။
နားမလည်လေ သိချင်လေ၊ ဖတ်ရခက်လေ ကျက်ချင်လေ။ တငင်ငင်ဖြစ်ရတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့
စာအုပ်တွေကို မျက်နှာနဲ့ မခွါနိုင်အောင် ဖြစ်လာတယ်။
စစ်ပြီးခေတ်
တက္ကသိုလ်ရောက်တော့ စာရေးဆရာတွေ ဖြစ်လာမယ့်၊ မြသန်းတင့်တို့၊ အောင်လင်းတို့၊
ကျော်အောင်တို့ အပြင် ကိုထွန်းတင် ဆိုတဲ့ ဘကြီးမှိုင်းအနီးမှာ ပြည်တွင်း
ငြိမ်းချမ်းရေး လှုပ်ရှားမှုဆောင်ရွက်နေသူတွေနဲ့ ရင်းနှီးလာတယ်။ သူတို့နဲ့ အတူ
ဘကြီးမှိုင်းအိမ် ဝင်ထွက်လာနိုင်တယ်။ ကျွန်တော့် သားချင်းတွေရဲ့ အိမ်ကလည်း
စမ်းချောင်းရပ် မကြီးကြီးလမ်းမှာ ရှိတယ်။ ဆရာကြီး အိမ်နဲ့ နီးတယ်။
ဘကြီးမှိုင်းတို့၊
သူ့သမက် စာရေးဆရာကြီးဇေယျတို့နဲ့ ရင်းနှီးလာလေ၊ စာပေထုံကူးမှု ရှင်သန်တိုးပွါးလေ
ဖြစ်လာတယ်။ ဆရာဇော်ဂျီရဲ့ မှိုင်းဋီကာလို စာအုပ်၊ လူထုဒေါ်အမာတို့၊
ဦးသိန်းဖေမြင့်တို့၊ မုံရွာဦးတင်ရွှေတို့ ရဲ့ ဘကြီးမှိုင်းစာပေစွမ်းရည်တွေ
အညွှန်းစာတွေ ဖတ်ရှုလေ့လာရတော့ ဆရာကြီးရဲ့ စာတွေကို နားလည်သလိုလို ရှိလာတယ်လို့
ထင်လာတယ်။ နောက်ပိုင်း ကဗျာဆရာကြည်အောင်တို့၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့ရဲ့ နှုတ်တက်ရွရွ၊
အာဂမ ရွတ်သံဖတ်သံ သီဆိုသံတွေ ကြားတော့ ဆရာကြီးကဗျာကို နားလည်သလိုလို ထင်လာတယ်။
တကယ်က
ကျွန်တော် နားမလည်ပါ။ ကျွန်တော်က သတင်းစာဆရာ ပိုးဝင်နေသူ။ ငယ်ငယ်က စွဲကပ်ခဲ့တဲ့
ကဗျာအဖွဲ့၊ စာအဖွဲ့လေးတွေတောင် ပြယ်စ၊ ကွယ်စပြုလာတယ်။ ဒီနေ့ ပြန်စဉ်းစားမှ
ဆရာကြီးက ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားပါ ကလား။
ငါက ကဗျာမဲ့၊ ရသမဲ့ သတင်းမား သက်သက်ပါကလားလို့ သဘောပေါက်လာမိ တယ်။
ဒီအတောအတွင်း
"ဒေါင်းအိုးဝေနဲ့ သခင်ကိုယ်တော်မှိုင်း" စာမူကြီး ကျွန်တော့်ဆီ ရောက်လာ
တယ်။ ပြုစုရေးသားသူ မောင်မောင်အေး(စစ်ကိုင်း) ဖြစ်ပါတယ်။ ဆရာကြီး၇ဲ့ စာအုပ် စာပေ
တွေနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ၊ စာတမ်းတွေ အများကြီး ရေးနေသူ ဖြစ်ပါတယ်။
'ဒေါင်းအိုးဝေ'
ရဲ့ တမူထူးခြားချက်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို သမိုင်းဝင်ကဗျာဆရာ၊ စာရေးဆရာ၊
သတင်းစာဆရာ၊ နိုင်ငံရေးသမားများစွာရဲ့ ဘဝရုပ်ပုံလွှာတွေနဲ့ ယှဉ်တွဲ စပ်ဟပ်
ရေးဖွဲ့ထားတဲ့ စာတမ်းတွေ အများကြီး ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့
နှုတ်ဖျားမှာ သီးနေတဲ့ -
"ထီမထင်
ကျောင်းတော်သားတွေရဲ့
အမည်အစဉ်
ခေါင်းအပေါ်ဖျားမှာလ
မင်းတို့ဆရာကို
စာရင်းတို့ကာ
ထားလိုက်ကြပေတော့"
ဆိုတဲ့
ကဗျာမျိုးတွေ သူ့စာတမ်းမှာ တွေ့ရတယ်။ လူသိမများတဲ့
"ဘိုင်းဒါမသား
မအေ(ရိုး)ရှင်ဘုရင်ကို
အသေဆိုးသေတာ
မြင်ချင်သကောရယ်လို့
အတွင်ပြောကာ
ကျိန်စာနှံတော့" လို ကဗျာမျိုးကိုလည်း တွေ့ရတယ်။
မောင်မောင်အေး(စစ်ကိုင်း)
ရဲ့ စာတမ်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ စာတမ်းတစောင် တွေ့ရတယ်။ မြန်မာစာပေ
ရေစီးကြောင်း အမှတ်အသားများအရ အစောဆုံး မြန်မာဝတ္ထုတို ကို ဆရာကြီးရွှေဥဒေါင်း
ရေးခဲ့တယ်လို့ ယူဆကြတယ်။ ၁၉၁၇ မတ်လထုတ် သူရိယမဂ္ဂဇင်းပါ "မောင်သိန်းတင်၊
မသိန်းရှင်" ဝတ္ထုတိုလို့ ဆိုတယ်။
မောင်မောင်အေး(စစ်ကိုင်း)
၇ဲ့ အမှတ်အသားအရ "မောင်သိန်းတင်၊ မသိန်းရှင်" ဝတ္ထုတိုထက် သုံးနှစ်စောတဲ့
ဝတ္ထုတိုတပုဒ်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးခဲ့တယ်လို့ ဆိုတယ်။ ၁၉၁၄ မတ်လ ၂၄
ရက်ထုတ် သူရိယသတင်းစာမှာ ပါတယ်။ "ဗိုလ်ဋီကာအဆက်" လို့
ခေါင်းစဉ်တပ်ထားတယ်။ မစ္စတာမောင်မှိုင်း အညာသို့ ပြန်သွားရာ ရထားပေါ်က ရေးသား
ဗိုလ်ဋီကာအဆက်လို့ ဖော်ပြတယ်။ မောင်မောင်အေး(စစ်ကိုင်း)က "ဝတ္ထုတိုအစ
ဗိုလ်ဋီကာအဆက်က" လို့ ဧကန်စကား ဆိုလိုက်တယ်။
ဆယ်ကျော်သက်က
ဆရာကြီးသခင်ကိုယ်တော်မှိုင်းစာနဲ့ ရေစက်ဆုံခဲ့ဖူးပါရက်နဲ့က ကဗျာဆရာ၊ စာရေးဆရာ
ဖြစ်ခွင့်မကြုံလိုက်ရတဲ့ ကျွန်တော့်အဖြစ်ကို တွေးမိရင်း ကျွန်တော်
လွမ်းမောနေမိတယ်။
ဟံသာဝတီဦးဝင်းတင်။
ဖေဖော်ဝါရီ ၂၀၁၄။
[ဒေါင်းအိုးဝေနှင့်သခင်ကိုယ်တော်မှိုင်း၊
မောင်မောင်အေး(စစ်ကိုင်း) ရဲ့ စာအုပ် စာ ၃ -၆]
No comments:
Post a Comment