Sunday, November 22, 2009
တမ်းတလို့လွမ်းရပါတယ်.... (၂)
ရေးသူ- မောင်အေးခိုင်
"အော်.... မိုးတသဲသဲ၊ နွားချေးနံ့ တသင်းသင်း၊ အာရ်အိုင်တီမှာ ကျောင်းတက်ရလို့မှ ပျော်ခါစရှိသေး၊ နှစ်လလောက်မှာ ကျွန်းဆွယ်အရေးအခင်းဖြစ်လို့ စစ်အစိုးရက တက္ကသိုလ်နဲ့ ကောလိပ်တွေကို ပိတ်လိုက် ပါတယ်။....." လို့ (၁) မှာ အဆုံးသတ်ခဲ့တာ။ ဆက်မိသွားအောင် ကျွန်းဆွယ်အရေးအခင်းအကြောင်း နည်းနည်း ရေးလိုက်ပါအုန်းမယ်။
ကဗျာဆရာတယောက်က အသံလွှင့်ဌာနတခုကနေ အသံလွှင့်ခဲ့တာ နည်းနည်း လွဲနေတယ်ထင်လို့ စေတနာနဲ့ ပြန်တည့်ပေးတာပါ။ အမှားကြီးတော့ မဟုတ်ပါဘူး။ ဆရာ့ခမျာ နှစ်တွေကြာလာတော့ မေ့ကောင်း မေ့သွားတာလား၊ သူများအပြောနားထောင်ပြီး ရေးတာလား မသိပါ။ ဒီရေဒီယိုကို နားထောင်တဲ့ ပရိသတ်တွေဟာ ပြည်ပမှာထက် ပြည်တွင်းက ဖြစ်ပါတယ်။ သူတို့မှာ ဒီအလွဲကြီးကို ကြားရပြီး ပြန်တည့်ပေးချင်ပေမယ့် တည့်နိုင်ခွင့် မရှိတော့ စာရေးသူအပေါ်၊ အယ်ဒီတာတွေအပေါ် အားမလိုအားမရ ဖြစ်နေမလား မသိဘူး။ ကိုယ်ကတော့ မတော်တဆ ဖတ်မိလိုက်တဲ့အတွက် ခရီးသွားဟန်လွဲ နည်းနည်း အမုန်းဝင်ခံလိုက်ပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးတာမို့ ကိုယ်ပြောတာ ကိုယ်တာဝန် ယူပါတယ်။
အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲတဲ့။ ဟိုတုန်းကခေါ်တာ။ အင်္ဂလိပ်လို SEAP Games (South East Asia Peninsular Games)။ ဗမာပြည်မှာ နှစ်ကြိမ် လုပ်ဖူးတယ်။ တကြိမ်က ကိုယ်တို့ ငယ်ငယ်တုန်းက။ နောက်တကြိမ်က ကိုယ်တို့ တက္ကသိုလ် ရောက်စ ပထမနှစ်။ တက္ကသိုလ်တွေက အလှအချောတွေရွေးပြီး ဖွင့်ပွဲနေ့မှာ နိုင်ငံအလံကိုင်တာ၊ စာတန်းကိုင်တာတွေ လုပ်ရတယ်။ ကိုယ်မှတ်မိ သလောက် သျှားလက်ချိုတဲ့။ ကြည်ကြည်ဟန် တဲ့။ ဌာနီမကွိုင် ဆိုလား။ ဒါလောက် ပဲ မှတ်မိတော့တယ်။
ကိုယ့်သူငယ်ချင်းက ရှေ့နေချုပ်ကြီး ဦးဘစိန်ရဲ့ မြေးဆိုတော့ ဖွင့်ပွဲနေ့မှာ သူ့အဖိုးအတွက် ရတဲ့ V.I.P လက်မှတ် နှစ်စောင်နဲ့ အထူးတန်းပွဲကြည့်စင်ရဲ့ Box ထဲကနေ ကိုယ်တို့ သွားကြည့်ကြတယ်။
အားကစားပြိုင်ပွဲတွေကို တနေရာတည်းမဟုတ်ပဲ နေရာတွေ ခွဲလုပ်ရတယ်။ သမိုင်းကောလိပ်ဝင်းထဲက အားကစားရုံကြီးထဲမှာ လက်ဝှေ့ပွဲလုပ်တယ်။ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာက ဂျူဒိုပြိုင်ပွဲ။ ရေကူးပြိုင်ပွဲက ဦးဝိစာရလမ်း အမျိုးသားရေကူးကန်မှာ။
လက်ဝှေ့ပွဲကို လူကြိုက်ပိုများတယ်။ အဲဒီ လက်ဝှေ့ပွဲ ဒုတိယနေ့မှာ လက်မှတ်ရောင်းသူတွေက လက်မှတ်တွေကို နည်းနည်းပဲ အရောင်းပြပြီး မှောင်ခိုထုတ်လိုက်တယ်။ လက်ဝှေ့ပွဲ ကြည့်ချင်လွန်းလို့ လက်မှတ် တန်းစီနေကြတဲ့ သူတွေက လက်မှတ်ရောင်းတဲ့ အပေါက်က ကုန်ပြီလို့ ပိတ်လိုက်ပေမယ့် မှောင်ခိုသမားတွေက ပျော်ပျော်ပါးပါး ရောင်းလို့။ ပရိသတ်က ဒါကို မကျေနပ်ဘူး။ မကျေနပ်တဲ့အထဲမှာ ကျောင်းသားတွေလဲ ပါတယ်။ ဆူဆူပူပူဖြစ်တော့ ပွဲစောင့် ပုလိပ်တွေက စစ်ခါးပတ်တွေနဲ့ ရိုက်တာ၊ ရုန်းရင်းဆန်ခတ်၊ ကွဲသူကွဲ၊ ပြဲသူပြဲ။ ကျောင်းသားတွေက အနီးအနား ကျောင်းသားဆောင်တွေထဲ ၀င်ပြေးတာကို၊ အဆောင်မှူးတွေ ဆရာတွေ တားနေတဲ့ကြားက ကိုရွှေပုလိပ်တွေက အဆောင်ထဲထိ ၀င်ရိုက်တာကိုး။ ကျောင်းသားလေ- ဘာရမလဲ အဆောင်ပေါ်က အုံနဲ့ကျင်းနဲ့ ဆင်းလာကြပြီး အရင်ဆုံး အဆောင် ပေါ်တီကိုကြီးအောက်က မီးချောင်းတွေကို ပစ်ခွဲလိုက်တယ်။
သမိုင်းဝင်းထဲက တခြားအဆောင်က ကျောင်းသားတွေပါ ၀င်လာပေါင်းကြပြီး လူစုခွဲဖို့ မီးသတ်ပိုက်နဲ့ ပက်တဲ့ မီးသတ်ကားကြီးကိုလဲ တွန်းလှဲပြီး မီးရှို့လိုက်တယ်။ ရဲကားနှစ်စီးလား သုံးစီးလား ပက်လက်လှန်ပြီး မီးရှို့လိုက်ကြ တယ်။ စစ်အစိုးရက နောက်တနေ့ မနက် ရေဒီယိုကနေ သတင်းကြေညာတော့ ကျောင်းတွေကို ပိတ်လိုက်ကြောင်း ကြေညာချက် ထုတ်တယ်။
ကိုယ်က ပထမညမှာ ဘွဲ့နှင်းသဘင်ခန်းမထဲက ဂျူဒိုပွဲမှာရောက်နေပြီး၊ အဲဒီဖြစ်တဲ့ညမှာ မှတ်မှတ်ရရ သမတရုပ်ရှင်ရုံမှာ Its a mad, mad, mad world ဆိုတဲ့ ရုပ်ရှင်ကို ၆ နာရီခွဲပွဲ ကြည့်နေလို့ မသိလိုက်ဘူး။ နောက်တနေ့ ထုံးစံအတိုင်း ကျောင်းသွားတယ်။ ပုံဆွဲရမယ့်နေ့ဆိုတော့ တီစကွဲ (T- Square) တဖက်၊ ထမင်းဗူးတဖက်နဲ့ သိမ်ကြီးဈေးနားက နံပတ် (၈) ကားမှတ်တိုင်ကို ချီတက်နေတုန်း အဖေက ခေါ်ခိုင်းလို့ ဆိုပြီး အကိုက နောက်ကနေ အပြေးလာလိုက်ခေါ်တယ်။ ကျောင်းမှာဆူနေလို့ ကျောင်းတွေပိတ်လိုက်ကြောင်း အကိုက လာပြောတယ်။ စိတ်ဝင်စားသွားပြီ။ အကို့ကို ငါ့မတွေ့တော့ဘူးလို့ ပြောလိုက်လို့ ပြောပြီး ဆိုက်လာတဲ့ နံပတ်(၈) ဘတ်စ်ကားပေါ် တက်ခဲ့တယ်။ ဘတ်စ်ကားဟာ မြေနီကုန်းရောက်တော့ လမ်းတွေ ပိတ်ထားလို့ ပြည်လမ်းမကနေ ကမာရွတ်ဖက်ကို ဆက်မသွားတော့ပဲ မြေနီကုန်းမှာ ဦးဝိစာရလမ်းဘက်ကို ချိုးလိုက်ပြီး ရွှေဂုံတိုင်ဘက်ကနေ ကမ္ဘာအေးဘုရားလမ်း အတိုင်း သွားတာ၊ အာလိန်ငါးဆင့်မှာ ကွေ့ပြီး အင်းစိန်မှာ ဂိတ်သွား ဆုံးတယ်။
ကိုယ့်လိုပဲ ကျောင်းလာတက်တဲ့လူတွေ အင်းစိန်ဟီးနိုးကားဂိတ်ကနေ အာရ်အိုင်တီကို လမ်းလျှောက် ကြရတယ်။ ကိုယ်လဲ ကျောင်းရောက်တော့ လက်ဘက်ရည်ဆိုင်မှာ တီစကွဲကို အပ်ပြီး၊ ယူလာတဲ့ ထမင်းဗူးကို ဖွင့်စားလိုက်တယ်။ မှတ်မှတ်ရရ အဲဒီနေ့မှာ အဖွားက ၀က်သားနုတ်နုတ်စင်းထားတာကို အာလူးအကွင်းလိုက်၊ ကြက်သွန်အကွင်းလိုက်လေး နဲ့ ချက်ပေးလိုက်တယ်။ စားလို့ ကောင်းမှကောင်း။ ကျောင်းလဲ ပိတ်လိုက်ပြီ၊ သူငယ်ချင်းတွေကလည်း ပထမနှစ်ဆိုတော့ အကုန်လုံး သမိုင်းက အဆောင်တွေမှာပဲ။ ကိုယ်က အဲဒီဖက်ကို သွားချင်တာ။ ကျိုက်ကုလားလောက် ကနေ လမ်းပိတ်ထားလို့ ဘတ်စကားတွေလဲ မသွားရဘူး။ ဒါနဲ့ ကိုယ်လဲ ဘီပီအိုင်ဘူတာကနေ ရထားစီးပြီး အိမ်ကို ပြန်ခဲ့ရတယ်။ မစန္ဒာလည်း ဒီအကြောင်းတွေ နည်းနည်းပါးပါး သူ့ရဲ့ အရိပ် ၀တ္ထုထဲ ထည့်ရေးဖူးတယ် ထင်ပါတယ်။ မေ့နေပြီ။
ကျောင်းက သိတ်အကြာကြီးမပိတ်ပါဘူး။ နယ်ကလူတွေ အိမ်ပြန်လို့မှ အိမ်မှာ ဖင်မနွေးခင် ပြန်လာကြ ရတယ်။ နှစ်လလောက်နေတော့ ပထမအစမ်း စာမေးပွဲ စစ်ပြီး နွေရာသီ ကျောင်းပိတ်ပြန်တယ်။
ကျောင်းပြန်အဖွင့်မှာ မိတ္ထီလာခရိုင် အသုံးလုံးသွားဖို့ လှုပ်ရှားမှုတွေ၊ တက္ကသိုလ်ရွှေရတုအတွက် လှုပ်ရှား ကြတာတွေ။ ပျော်စရာကြီးပဲ။ ရွှေရတု ပို့စကဒ်တွေမှာ ဆရာဦးနန်းဝေ၊ ဆရာဗဂျီအောင်စိုးတို့ရဲ့ ပန်းချီလက်ရာ တွေ။ မောင်ပန်းမွှေးကဗျာစာအုပ်တွေကလဲ ကိုယ်တို့ အကြိုက်တွေ။
ကိုယ်လဲ အဲဒီနှစ်မှာ ပျော်ပျော်ကြီးပဲ စာမေးပွဲ တနှစ်ကျခဲ့ရတယ်။ အဲဒီနှစ်က ကျောင်းမဂ္ဂဇင်းမှာ "အေးဝင်း(ဓါတု)" ကလောင်နာမည်နဲ့ ကိုယ့်ကဗျာ ပါတယ်။ ကဗျာ အစအဆုံးတော့ မမှတ်မိတော့ဘူး။ ကဗျာထဲမှာ ".... ကျောင်းတွင်လည်းပျော်၊ စာလဲတော်၍၊ အဖော်အပေါင်း၊ ကြည့်၍ ပေါင်းလော့....." တဲ့။ အဲဒီ မဂ္ဂဇင်းကို ဖတ်တဲ့ မိန်းကလေး သူငယ်ချင်းတယောက်က "အေးဝင်း- နင်က ကျောင်းတွင်လည်ပျော်၊ ပျော်လည်းပျော်.. ပျော်ပြီးရင်းပျော်လို့ စာမေးပွဲကျသွားတာလား" တဲ့။ ကဗျာအောက်မှာ ခဲတံနဲ့ ရေးပြီး မှတ်ချက်ပေးခဲ့တယ်။
ကလောင်နာမည်နဲ့ ပါတ်သက်လို့ ပထမနှစ်က အေးဝင်း(ဓါတု) ပဲ။ ကျောင်းမဂ္ဂဇင်းမှာ စရေးတော့ ကိုယ့် အဓိက ဘာသာရပ် ဓါတုကို နောက်ကထည့်လိုက်တာ။ နောက်တနှစ်ပြီး နောက်တနှစ်မှာ သူငယ်ချင်း မောင်စိန်ဝင်း (ပုတီးကုန်း) က အကြံပေးတယ်။ ကိုယ်က ဒီကျောင်းမဂ္ဂဇင်းတခုပဲ ရေးမှာမှ မဟုတ်တာ။ နောက်တော့ နာမည်ရလာလို့ ကျောင်းကလဲ ပြီးလို့ အပြင်မှာ ရေးရင်၊ ဒီ (ဓါတု) ကြီးက ဖြုတ်ရခက်သွားမယ်။ သူက စာရေးတာ ကိုယ့်ထက်အများကြီး စောတယ်။ တိုင်းရင်းမေတို့၊ ရှုမ၀မဂ္ဂဇင်းတို့မှာလဲ ပါပြီးနေပြီ။ ခုမှ ပုတီးကုန်း ဆိုတာကြီး ဖြုတ်ချင်တာ ဖြုတ်လို့ မရတော့ဘူးတဲ့။ ဟုတ်တယ်လေ။ ကိုယ်တို့လို ရင်းတဲ့လူတွေကတောင် နာမည်ရင်းကို ကိုစိန်ဝင်းလို့ သိတ်မခေါ်ဖြစ်ပဲ ပုတီးကုန်း ပဲ ခေါ်ကြတာ။ သူက ကိုယ့်ကို တခြားနာမည်ပေးရင်ပေး၊ မပေးချင်ရင်လဲ (ဓါတု) ဆိုတာကြီး ဖြုတ်ပြီး၊ ရိုးရိုးပဲ မောင်အေးဝင်း လို့ ပေးပေါ့ ဆိုလို့ "မနက်ဖန်" ဆိုတဲ့ ကဗျာက စပြီး ကလောင်နာမည်က မောင်အေးဝင်း ဖြစ်သွားတယ်။
ဟိုတုန်းက ကျောင်းမဂ္ဂဇင်းမှာ၊ အပတ်စဉ်ထုတ် စက်မှုသတင်းစဉ်မှာ ရေးတဲ့လူတွေ ခေါင်းထဲမှတ်မိ သမျှ- မမြင့်ခိုင်၊ မစန္ဒာ၊ စိန်ဂျွန်းမာလေး၊ မိနှောင်း၊ ပုသိမ်-ခင်လေး (ကွယ်လွန်)၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ရင်မောင် ( ဒေါက်တာတိုင်းအုပ် ယခု ဂျပန်ပြည်) ယဉ်မောင်(ခရမ်း)၊ မောင်ဆန်းညွန့်-ရေကျော် (မောင်ညိုငယ်- ကွယ်လွန်)၊ မောင်မှိုင်းလွင် (အင်းဝ)၊ ဘုန်းနွယ်လင်း၊ ၀င်းမင်းထွေး (ယခု သီချင်းရေး ၀င်းမင်းထွေး)၊ ခိုင်အောင် (မြို့ဟောင်း)၊ မြေ၀ါ (တန့်ဆည်)၊ မောရူးဆိုး၊ တက္ကသိုလ်မိုးဝါ (ဆရာ ဦးမိုးအောင်)၊ မွမ်းရည်၊ တင်မောင်လှိုင်၊...... ဒီလူတွေက ၀တ္ထု၊ ကဗျာသမားတွေ။
နောက်ပီး ပန်းချီကာတွန်းသမားတွေ ရှိသေးတယ်။ ဆရာဦးဖုဏ်းကို၊ နီ၊ မြင့်ဖေ၊ အောင်မြင့် (ကြံ့ဗဟုံး)၊ မျိုးမြင့် (ချောင်းဦး)၊ လှသိန်း (အမေရိကန်ပြည် အိလိနွိုက်တွင် ကွယ်လွန်)၊.....။ ဂီတလောကမှာတော့သိကြတဲ့ အတိုင်း ခင်မောင်တိုး၊ ရဲလွင်၊ မောင်မောင် (အဉ္စလီ)၊ တင်အောင်မိုး(ရယ်ဂျီဘဦး? အယ်ဒီဘဦး?)။
တက္ကသိုလ်ရွှေရတုပွဲ ရောက်လာတယ်။ ကိုယ်တို့ စက်မှု က ထီးယိမ်း၊ အငြိမ့်၊ တပင်တိုင်အက.....။ ခု စင်္ကပူမှာ အခြေချ နေထိုင်သွားတဲ့ ကြည်ကြည်သန်း(ဓါတုအင်ဂျင်နီယာ) ဆို ထီးယိမ်းထဲမှာ ပါတာပေါ့။ စက်မှုစိန်အငြိမ့်က ရွှေရတုပွဲတခုလုံးမှာ နာမည်အရဆုံး။ ရွှေရတုပွဲ ပြီးတော့၊ နံမည်ကြီးလွန်းလို့ ဦးနေ၀င်းကတော် ဒေါ်ခင်မေသန်းက ကြည့်ချင်တယ်ဆိုလို့ အိမ်တော်မှာ သွားဖျော်ဖြေရသေးတယ်လို့ ကြားတယ်။
ရွှေရတုပွဲသုံးရက်မှာ ချလိုက်တဲ့ ဒီဇင်ဘာမိုးဟာ မရပ်မနား သဲကြီးမဲကြီး။ မိုးထဲရေထဲကြားမှာ ပွဲကလဲ စည်လိုက်တာမှ ကြိတ်ကြိတ်တိုး။ ကိုယ်က ပထမနှစ်ကျတဲ့ ပထမနှစ်ကျောင်းသားမို့ စိတ်နာနာနဲ့ ဓါတုအင်ဂျင်နီယာအသင်းက ဆိုင်ခန်းကို မသွားဖြစ်ဘူး။ ဌါနက လုပ်တဲ့ Pears ဆပ်ပြာလိုမျိုး transperent soap လုပ်ရောင်းတယ်။ နောက်ပီး ယိုးဒယား မုန့်ဟင်းခါးတဲ့။ ကြားသာကြားလိုက်တာ။ မမြင်ဖူးလိုက်ဘူး။ ကိုယ်က စက်မှုတက္ကသိုလ် အနုပညာအသင်းမှာ ဆရာဦးစောထွန်း(ယခု အီလီနွိုက်တက္ကသိုလ်) တို့နဲ့ 'ရနံ့ပန်း' ကဗျာစာအုပ် ထုတ်ရောင်းတယ်။ ရွှေချီဆနွင်းမကင်း ရောင်းတယ်။ မိုးတွေက သဲကြီးမဲကြီး၊ လျှပ်စစ်မီးကလဲ ခဏခဏပျက်နဲ့ ဆနွင်းမကင်း-ကဗျာစာအုပ် အတွဲဟာ မရောင်းရပါဘူး။ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် သတ္တဗေဒ ဌာနကတော့ ဘာမှ မရောင်းဘူး။ အဲဒိတုန်းက မြန်မာ့အသံ local talent မှာ၊ နာမည်ကြီးတဲ့ Darlington Tin တို့ အဖွဲ့ ခေတ်ပေါ်တေးဂီတတွေ တီးပြီး ဖျော်ဖြေတယ်။
သန်းနိုင်တို့ ပလေးဘွိုင်အဖွဲက အဓိပတိလမ်းမရဲ့ အပြင်ဘက်၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံဆိုင်းဘုတ်နားမှာ စင်ထောင်ပြီး တီးကြတယ်။ မိုးတွေကရွာ မီးတွေကပျက်ကြားက လျှပ်စစ်ဂီတာတွေ မတီးနိုင်တဲ့အချိန်မှာ ကိုသန်းနိုင် ဒရမ်တလက်ထဲနဲ့ ဖျော်ဖြေတာ နားထောင်လို့လဲကောင်း၊ ကြည့်လို့လဲကောင်း။
စက်မှုတက္ကသိုလ် ရေနံနဲ့သတ္တုတူးဖော်ရေးမှာ ရုပ်ရှင်မင်းသား ကိုမြင့်(သမန်းကျား) တို့ အဖွဲ့ ဖျော်ဖြေတယ်။ အဲဒီတုန်းက ကိုမြင့်က နောက်ဆုံးနှစ်ကျောင်းသား။ ဌာနမှူးဦးဝင်းကြိုင်ရဲ့ ဇနီး မိန်းကလေးကျောင်း ကျောင်းအုပ်ဆရာမကြီး အကူအညီနဲ့ ဒူးယားစီးကရက်ကို ကျောင်းသူလေးတွေ ရောင်းတယ်။ ၀ယ်သူကို ဆေးလိပ်မီးညှိပေးတော့ ကျောင်းသားတွေ တရုန်းရုန်းပေါ့။ လေတိုက်မှာစိုးလို့ မီးခြစ်သူလက်ကို လေကာသလို လက်ကို အုပ်ပြီး အသားယူ ထိကြတာ။
ဦးနေ၀င်းသမီး စန္ဒာဝင်းနဲ့ အပေါင်းအသင်းတွေက ဆေးတက္ကသိုလ် (၁) လိပ်ခုံးကြီးနားမှာ ဆာတေ အကင် လုပ်ရောင်းတယ်။ ဆာတေဆိုတာကလဲ အဲဒီတုန်းက အသစ်အဆန်း အစားအစာဖြစ်တော့ လက်မလည် ရောင်းရတယ်။ ကျနော့် အထင်တော့ ရန်ကုန်မြို့က ၁၉ လမ်းတို့ ဘာတို့မှာတောင် မပေါ်သေးဘူးထင်တယ်။ ဒင်းတို့ လောက်ပဲ နိုင်ငံခြားကို ထွက်လိုက်ဝင်လိုက် လုပ်နိုင်သူတွေဆိုတော့ ဒင်းတို့ တင်သွင်းလာသလား မပြောတတ်ဘူး။
ဒီလိုနဲ့ မိုးထဲလေထဲက ရွှေရတုပွဲဟာ သုံးရက်မြောက်တဲ့ နောက်ဆုံးညမှာ မိုးလေ နည်းနည်းစဲသွားလို့ ပွဲရက်နှစ်ရက် ထပ်တိုးကြောင်း ကြေညာတယ်။ ဒါပေမယ့် မော်လမြိုင်ကောလိပ်မှာ ဖြစ်နေတဲ့ သပိတ်ဟာ ရန်ကုန်တက္ကသိုလ်ကို လာကူးစက်မှာ အာဏာပိုင်တွေက မြင်ပြီး နေသာကြည်လင်နေတဲ့ ရက်တိုးနှစ်ရက်ရဲ့ ပထမနေ့ ညနေမှာပဲ ပိတ်ပစ်လိုက်တယ်။ ညနေလောက် ကျနော်ရောက်သွားတဲ့အချိန်မှာ ရွှေရတုပွဲ ပိတ်လိုက်ကြောင်း အဓိပတိလမ်းတလျှောက် ခေါက်တုံ့ခေါက်ပြန် အသံချဲ့စက်နဲ့ လိုက်အော်နေပြီ။ ကိုယ်တို့ ရွှေချီဆနွင်းမကင်းတွေလဲ ရောင်းရတော့မယ်ဟေ့လို့ အားခဲထားတာ နောက်တနေ့ အဆောင်တွေမှာ အိမ်ပြန်ကြဖို့ အထုတ်အပိုးပြင်နေတဲ့ ကျောင်းသူ ကျောင်းသားတွေကို စတုဒီသာ သွားကျွေးလိုက်ရတယ်။ ကဗျာစာအုပ်တွေမှာတော့ မြန်မာစာဌာနမှာ ထားရင်းပဲ ပျက်စီးသွားရရှာပါတယ်။
ကိုယ်ကြုံတွေ့ရတဲ့ ကိုယ့်မျက်မြင်ကို ရေးတယ်ဆိုပေမယ့် နှစ်တွေ ကြာညောင်းပြီမို့ လွဲတန်လွဲနိုင် ပါတယ်။ အမှန်ကို ထောက်ပြတဲ့သူရှိရင် ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ဘန်ကောက်မှာနေတဲ့ သူငယ်ချင်းက ဒီနေ့ ဖြစ်ပျက်နေတဲ့ စက်မှုတက္ကသိုလ်ကို ရိုက်ထားတဲ့ ယူကျု (you tube) က ဗီဒီယို အပိုင်းစလေးကို ကြည့်လိုက်ရလို့ စိတ်ထဲမကောင်း ဖြစ်ရာက ဒီ 'တမ်းတလို့ လွမ်းရပါတယ်' ဖြစ်လာတာပါ။
ဆက်ပါဦးမည်။
၁၁၊ ၂၂၊ ၂၀၀၉။
Thursday, November 19, 2009
ဆင်ဖြူတော်မှီ ကြံစုတ်တဲ့စာတွေ
ရေးသူ- လူထုစိန်ဝင်း
"ဆင်ဖြူတော်မှီ ကြံစုတ်တယ်"ဆိုတဲ့ စကားကိုကျုပ်တော့ ဒီခေတ်ရောက်မှ သေသေချာချာသဘောပေါက် သွားတော့တယ်ဗျာ။ ခင်ဗျား တို့ စာရေးဆရာတွေရဲ့ ကျေးဇူးပဲ" မိတ်ဆွေအငြိမ်းစား ၀န်ထမ်းကြီးတဦးက အလည်လာရင်း အဆက်အစပ်မရှိ ပြောလိုက်တဲ့စကား ကြောင့် အံအားသင့်သွားရပါတယ်။ ဘာ့ကြောင့်ဒီလိုပြောမှန်း မသိပါဘူး။ ခဏကြာမှသူက စကားကိုဆက်ပြောပါတယ်။
ဆင်ဖြူတော်မှီ ကြံစုတ်တာ
" ဆရာမင်းသုဝဏ် အကြောင်းရေးထားတဲ့ ဆောင်းပါးမို့ ဖတ်ကြည့်လိုက်တယ်၊ ဆရာ့အကြောင်း၊ ဆရာ့စာတွေအကြောင်း ဘာမှဟုတ် ဟုတ်ငြားငြား မပါဘဲ၊ သူ့အကြောင်းတွေချည့် တပုဒ်လုံးရေးထားတယ်ဗျ။ ဆရာ့ကိုလည်း တခါပဲတွေ့ဖူးတယ် ဆိုရုံလောက်တွေ့ ဖူးတာ။ ဆရာ့အိမ်မှာလုပ်တဲ့ ထမနဲပွဲကို မိတ်ဆွေတယောက်ကခေါ်လို့ လိုက်သွားတာ။ ဆရာနဲ့ စကားတခွန်းတောင်ပြောဖူးတာ မဟုတ်ဘူး။ ဆရာမင်းသုဝဏ် အကြောင်းရေးတာဆိုရင်တော့ မဂ္ဂဇင်းတွေက ထည့်မှာပဲဆိုပြီး ရေးလိုက်တာပဲဗျ။ ဆင်ဖြူတော်မှီကြံစုတ်တယ်ဆိုတာ ဒါပဲမဟုတ်လား"။
စာဖတ်သူများ
မိတ်ဆွေက စာတော်တော်ဖတ်သူတယောက်ပါ။ မြန်မာစာတွေအပြင် အင်္ဂလိပ်စာတွေလည်း နှံနှံစပ်စပ်ဖတ်သူ ဖြစ်ပါတယ်။ ၀တ္ထုတွေ ဖတ်သလို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစာအုပ်တွေလည်း ဖတ်ပါတယ်။ တခါတလေ ကိုယ်တောင်မဖတ်ရသေးတဲ့ စာအုပ်မျိုးကိုသူက ဖတ်ပြီးနေပါပြီ။ "ဒီစာအုပ် ကောင်းသဗျ၊ ဖတ်ကြည့်" ဆိုပြီး ယူလာပေးပါတယ်။ အငြိမ်းစားယူထားပြီးပြီ ဆိုတော့စာဖတ်တာကို အလုပ် တခုသဖွယ်သဘောထားပြီး တနေ့လုံးစာပဲဖတ်နေတတ်သူ ဖြစ်ပါတယ်။ စာရေးဆရာတွေကိုလည်း သူက တော်တော်လေးစားပါတယ်။ သူပြောလိုက်မှပဲ ပြန်စဉ်းစားမိပြီး "ဟုတ်ပေသားပဲ၊ သူပြောတာမလွန်ဘူး"လို့ မှတ်ချက်ချလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်
ဒီဘက်ပိုင်းမှာ ကွယ်လွန်ရှာကြပြီဖြစ်တဲ့ စာရေးဆရာကြီးတွေ ဆရာမကြီးတွေ အမှတ်တရစုပေါင်းစာအုပ်တွေ ထွက်တာတော်တော်များ ပါတယ်။ မွေးနေ့အမှတ်တရ၊ ကွယ်လွန်ခြင်း အမှတ်တရ အခမ်းအနားတွေလည်း လုပ်ကြပါတယ်။ ကောင်းတဲ့လုပ်ရပ်များ ဖြစ်ပါတယ်။ ဦးဆောင်ဦးရွက်ပြုသူများကိုလည်း ကျေးဇူးတင်စရာကောင်းပါတယ်။ အဲဒီလိုနေ့တွေ ရောက်တဲ့အခါ ဂျာနယ်မဂ္ဂဇင်းတွေမှာ အမှတ် တရဂုဏ်ပြုဆောင်းပါးတွေ အသားပေးဖော်ပြကြပါတယ်။ ဆရာ ဆရာမများအကြောင်း ရင်နှီးကျွမ်းဝင်သူတွေက ရေးကြတဲ့အခါ လူ မသိသေးတဲ့အကြောင်းအရာ အချက်အလက်တွေ သိရတဲ့အတွက် အလွန်အဖိုးတန်ပါတယ်။ ဥပမာ ဆရာမင်းသုဝဏ် ဆုံးပါးသွားပြီးမှ သား ဖြစ်တဲ့သူ ဒလဘန်းရေးသားတဲ့ စာတွေဟာဆိုရင် အရင်ကမသိရသေးတဲ့ အကြောင်းတွေ မမြင်ဖူးသေးတဲ့ ဓါတ်ပုံတွေ၊ ဆရာ မင်းသုဝဏ်နဲ့ တခြားခေတ်ပြိုင်ဆရာများ၊ ဆရာမများရဲ့ ထိတွေ့ဆက်ဆံမှုတွေကို ရေးသားထားတာကြောင့် အင်မတန်ကျေးဇူးကြီး လှပါတယ်။ မြန်မာ့စာပေသမိုင်းမှာ အတိုင်းမသိတန်ဖိုးရှိတဲ့ စာတွေဖြစ်ပါတယ်။
မသိဘဲ မဖတ်ဘဲ
ဒါပေမယ့်လို့ တချို့စာတွေကျတော့ အဲဒီလိုမဟုတ်ပါဘူး။ အရေးခံပုဂ္ဂိုလ်များအကြောင်းကို ကောင်းကောင်းသိထား တာမဟုတ်သလို အဲဒီဆရာ၊ ဆရာမတွေရဲ့စာတွေကိုလည် သေသေချာချာ ဖတ်ဖူးထားပုံမရပါဘူး။ ဆရာ၊ ဆရာမများအကြောင်း ဦးတည်ပြီး သူတို့အ ကြောင်းတွေဦးတည်ပြီး သူတို့အကြောင်းတွေချည့် လျှောက်ရေးထားကြတာပါ။ ဆရာ ဆရာမကြီးများကို ဘယ်လိုသိခဲ့တာ သူတို့စာ တွေကို ဘယ်လိုကြိုက်ခဲ့တာ ဆိုတာလောက်ကလွဲရင် ကျန်တာကသူတို့ အကြောင်းတွေချည့်ပါပဲ။ စောစောက ပြောခဲ့တဲ့ မိတ်ဆွေကြီး ရဲ့စကားလိုပဲ ဆရာကြီး၊ ဆရာမကြီးတွေအကြောင်း ရေးရင်တော့ ဂျာနယ်မဂ္ဂဇင်းမျာက ထည့်ပေးကြမှာပဲ ဆိုတဲ့စိတ်ကူးနဲ့ ရေးလိုက် ကြတာနဲ့တူပါတယ်။ ဘာအကြောင်းအရာ အချက်အလက်သစ်မှလည်း မသိရပါဘူး။ လူတကာသိပြီးသား အကြောင်းတွေပြန်ရေး ထား တာပါပဲ။ အကြောင်းအရာ အချက်အလက်သစ် မပါနိုင်ရင်လည်း ဆရာကြီး၊ ဆရာမကြီးများရဲ့ စာတွေကို ရှုထောင့်သစ်၊ အမြင်သစ်နဲ့ ကိုယ်တိုင်သိမြင်ခံစား ရတာမျိုးတွေ ဖြစ်သင့်ပါတယ်၊ ခုတော့ဘာကိုမှကို မပါပါဘူး။
စာပေပြတိုက်ကြီး ဖြစ်ဖို့
ဆရာကြီး၊ ဆရာမကြီးများနဲ့ ပက်သက်တဲ့ အမှတ်တရနေ့တွေမှာ သူတို့ရေးခဲ့တဲ့စာတွေ၊ လက်ရေးမူတွေ၊ ဓာတ်ပုံတွေ၊ မိတ်ဆွေများ၊ စာဖတ်ပရိတ်သတ်များနဲ့ အပြန်အလှန်ပေးစာတွေကို ၀ိုင်းဝန်ရှာဖွေစုဆောင်းပြီး ပြပွဲလေးလို ပြသတာမျိုးလုပ်ကြရင် ကောင်းလိမ့်မယ် ထင်ပါတယ်၊ သူတို့ရေးခဲ့တဲ့စာတွေကို ဝေဖန်ရေးဆရာများက ရှုထောင့်အမျိုးမျိုးက ရေးသားခဲ့ကြတဲ့ ဝေဖန်စာတွေကို လည်းရှာဖွေစု ဆောင်းပြီး ပြသသင့်ပါတယ်။ ပြပွဲပြီးတဲ့အခါ ဒီလိုဝိုင်းဝန်းရှာဖွေစုဆောင်း ပေးကြတာတွေအားလုံးကို မိသားစုထံအပ်နှံ သိမ်းဆည်း ထားမယ် ဆိုရင် တချိန်ချိန်မှာ စာရေးဆရာများအတွက် ပြတိုက်ကြီးမျိုးထူထောင်နိုင်တဲ့ အခါအများကြီး အကျိုးရှိစေပါလိမ့်မယ်။ ဒီလို စာပေပြတိုက်ကြီးမျိုးဟာ နောင်လာနောက်သားများအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတဲ့အရာဖြစ်လာမှာ သေချာပါတယ်။
စာပေဖွံ့ဖြိုးစည်ပင်ရေး
နောက်တခုကတော့ ကွယ်လွန်သူ ဆရာ၊ ဆရာမများရဲ့ စာပေလက်ရာတွေကို လေ့လာသုံးသပ်တဲ့စာတမ်းတွေ ပြုစုရေးသားကြဖို့ ဖြစ် ပါတယ်။ ရသဗေဒ ပညာရှင်က ရသပညာရှုဒေါင့်က သုံးသပ်၊ ဘာသာဗေဒ ပညာရှင်က ဘာသာဗေဒရှုဒေါင့်က သုံးသပ်၊ မနုဿဗေဒ သမားက မနုဿဗေဒရှုဒေါင့်က သုံးသပ်၊ နိုင်ငံရေးသမားက နိုင်ငံရေးရှုဒေါင့်က သုံးသပ်၊ ၀တ္ထုရေးနည်း အတတ်ပညာသမားက အတတ်ပညာရှုဒေါင့်က သုံးသပ်၊ ဝေဖန်ရေးသမားက ဝေဖန်ရေးရှုဒေါင့်က သုံးသပ်စသဖြင့် ဘက်ပေါင်းစုံက စိစစ်သုံးသပ်တဲ့စာတမ်း တွေ ၀ိုင်းဝန်းပြုစုကြ၊ စာတမ်းဖတ်ပွဲတွေ လုပ်ကြဆိုရင် မြန်မာစာပေဖွံ့ဖြိုးစည်ပင်ရေးအတွက် အများကြီးအထောက်အကူ ရနိုင်ပါတယ်။ ဆရာ၊ ဆရာမကြီးမျာကို တကယ်လေးစားဂါဝရပြုရာလည်း ရောက်ပါတယ်။ ဆရာ၊ ဆရာမကြီးတွေ နာမည်ခုတုံးလုပ်ပြီး ကိုယ့်စာ မဂ္ဂဇင်းပါအောင် လုပ်တာမျိုးကတော့ ရှက်စရာလည်း ကောင်းပါတယ်။
ပြီးပြီးရော မလုပ်စေချင်
တခါက အဲဒီလိုစုပေါင်းရေးသားထားတဲ့ အမှတ်တရစာအုပ်တအုပ်ကို မိတ်ဆွေသတင်းစာဆရာ အယ်ဒီတာဟောင်းကြီး တယောက် ဖတ်ဖို့ပေးလိုက်ပါတယ်။ မိတ်ဆွေက စာအုပ်ကို လှန်လှောကြည်ပြီး.... "စာအုပ်ဖြစ်ပြီးရော မလုပ်ဘဲ၊ လောက်လောက်လားလား လူ တွေပါအောင်တော့ ကြိုးစားကြဖို့ ကောင်းတယ်ဗျာ"လို့ ကောက်ချက်ချပါတယ်။ သူလည်း ပင်စင်စားမိတ်ဆွေပြောသလို "ဆင်ဖြူ တော်မှီကြံစုတ်" တာတွေများနေတယ်လို့ ယူဆထားပုံပါပဲ။ မိတ်ဆွေအယ်ဒီတာဟောင်း ပြန်သွားတော့မှ ဒီကိစ္စကို သေသေချာချာ စဉ်းစားကြည့်မိပါတယ်။ တဦးတယောက်ကို ခုတုံးလုပ်ပြီး အမြင့်ရောက်အောင်တက်ချင်တာတို့ "ဆင်ဖြူတော်မှီ ကြံစုတ်" လုပ်ချင်တာ တို့က နေရာတိုင်း ခေတ်တိုင်းမှာ ရှိနေတာပါ။ စာပေလောက တခုတည်းမှာသာရှိတာ မဟုတ်ပါဘူး။ စီးပွားရေးလောက်ကတို့မှာ ပို တောင်ဆိုးလိမ့်မယ် ထင်ပါတယ်။
တမွန်းတည့်ခံများ
စာပေလောကမှာ ဖြတ်လမ်းက၀င်လာ စတန့်ထွင်ပြီး နာမည်ကြီးအောင်လုပ်တာ၊ နောက်ဖေးပေါက်က တိုးဝင်ပြီးနေရာရအောင်လုပ် တာမျိုးတွေ ရှေးကလည်းရှိပါတယ်။ ခုခေတ်လည်းရှိပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးတွေဟာ နာမည်ကြီးချင်ကြီးသွားလိမ့်မယ်။ သြဇာ ကြီးတဲ့အဆင့်ထိတော့ မရောက်ပါဘူး။ စာပေသြဇာဆိုတာ "စတန့်"နဲ့ ထူထောင်လို့ ရတာမျိုးမှမဟုတ်တာ။ စတန့်သမားက ထွင်စက တော့ဝုန်းခနဲ နာမည်ကြီးသွားနိုင်ပါတယ်။ ဒါပေမယ့် "တမွန်းတည့်" ပဲခံပါလိမ့်မယ်။ သေသေချာချာ စဉ်းစားကြည့်တော့"စတန့်"ထွင်ပြီး နာမည်ကြီးအောင် လုပ်သူပဲဖြစ်စေ၊ "ဆင်ဖြူတော်မှီ ကြံစုတ်" သူပဲဖြစ်စေ သိပ်ပြီး အပြစ်မတင်ချင်ဘူး။ စာပေ၀ါသနာပါတဲ့ လူငယ်လေး တွေအနေနဲ့ သူတို့ရေးတဲ့စာ၊ မဂ္ဂဇင်းစာမျက်နှာတွေပေါ်ရောက်ဖို့က တော်တော်ခက်တာ မဟုတ်လား။ ဒီတော့ ဖြတ်လမ်းပဲဖြစ်ဖြစ် ခွေး တိုးပေါက်ပဲဖြစ်ဖြစ် တိုးလို့ရတဲ့အပေါက်က တိုးဝင်ကြမှာပဲ။ ဒါ သဘာဝကျပါတယ်။ လမ်းရိုးလမ်းဖြောင့် ဆိုတာရှည်လျားခက်ခဲ လှ တယ်လေ။ လူငယ်တွေဆိုတော့ ဘယ်စိတ်ရှည်မှာလဲ။
အယ်ဒီတာမှာ တာဝန်ရှိတယ်
စတန့်တွေနဲ့ ကြံစုတ်တဲ့လုပ်ရပ်တွေ စာမျက်နှာပေါ် ရောက်လာရတာက အယ်ဒီတာတွေမှာ တာဝန်အရှိဆုံးဖြစ်ပါတယ်။ အယ်ဒီတာဆို တာက စာမှော်ရုံတောကြီးထဲကနေပြီး စာကောင်းစာသန့်ကို ရွေးထုတ်ရတဲ့သူဖြစ်တယ်။ ရွေးထုတ်ပြီးတဲ့စာကို ကောင်းသထက် ကောင်းအောင်၊ သန့်သထက်သန့်အောင် ပြုပြင်တည်ဖြတ် လုပ်ပေးရပါတယ်။ မဂ္ဂဇင်းထဲမှာ မကောင်းတဲ့စာ၊ မသန့်တဲ့စာ ပါလာရင် အယ်ဒီတာ ညံ့ဖျင်းလို့သာ ဖြစ်တယ်။ သူမကောင်းတာကို မသန့်မှန်းမသိလို့ သူ့မဂ္ဂဇင်းထဲ ထည့်လိုက်တာပေါ့။ မှော်ရုံတောကြီးထဲမှာ စာတွေကစုံမှာပေါ့။ ကောင်းတာပါသလို ညံ့တာတွေ မကောင်းတာတွေလည်း ရှိမယ်လေ။ ဒါတွေကိုရွေးချယ်သန့်စင်ဖို့အတွက် အယ်ဒီ တာဆိုတာ ရှိနေရတာမဟုတ်လား။ ဖြတ်လမ်းက စတန့်ထွင်ပြီးဝင်လာပဲ ဖြစ်ဖြစ်၊ ဆင်ဖြူတော်မှီ ကြံစုတ်တာပဲဖြစ်ဖြစ်၊ အယ်ဒီတာက ရွေးချယ် ထည့်သွင်းလို့သာ စာဖတ်ပရိတ်သတ်ဆီ ရောက်လာရတာဖြစ်တယ်။ ဒါကြေင့် မဂ္ဂဇင်းထဲမှာ ပါသမျှစာမူတိုင်းအတွက် အယ် ဒီတာမှာသာတာဝန်ရှိပါတယ်လို့ ဆိုလိုက်ပါရစေ။
လူထုစိန်ဝင်း
ကလျာ မဂ္ဂဇင်း အောင်တိုဘာ ၂၀၀၉
[အင်တာနက်ကနေ မိတ်ဆွေတယောက်ပို့ပေးတဲ့ ဒီစာမူကို copy/paste လုပ်ပြီး မာယာက ဖောင်ပြခြင်း ဖြစ်ပါတယ်။ ဆောင်းပါးပို့ပေးတဲ့ မိတ်ဆွေကိုရော၊ ဆောင်းပါးကို ဇော်ဂျီ font နဲ့ ရိုက်တဲ့ မိတ်ဆွေကိုပါ မာယာက ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။]

Monday, November 16, 2009
စာရေးဆရာနှင့်သူ့နေရာ
ရေးသူ- လူထုစိန်ဝင်း

ပိတောက်ပွင့်သစ်က ဆရာပါရဂူအဖုံးနဲ့ ထုတ်မှာမို့ စာမူပေးပါလို့ တောင်းလာတော့ ဘာရေးရမလဲလို့ စဉ်းစားရင်း၊ စဉ်းစားရင်းနဲ့ ဆရာပါရဂူနဲ့ နောက်ဆုံးတွေ့ခဲ့ကြရတာကို ပြန်ပြီး မြင်ယောင်လာမိတယ်။ လေးငါးခြောက် နှစ်လောက် ရှိပြီ ထင်ပါတယ်။ ဘိလပ်က မြန်မာစာဆရာမကြီး အင်နာအဲလော့ (ဒေါ်ခင်ခင်ချော) ရောက်လာလို့ နှုတ်ဆက်ကြတဲ့ ပွဲမှာ ဆုံရတာ ဖြစ်တယ်။
ပထမဆုံးနှုတ်ဆက်သူ
ဒီလိုပွဲမျိုးကို ဒီလိုနေရာမျိုးကို ဘယ်တော့မှ သွားလေ့မရှိပါဘူး။ အဲဒီပွဲကတော့ မသွားရင် မဖြစ်လို့ သွားခဲ့တာပါ။ ဒေါ်ခင်ခင်ချောဆိုတာက မိတ်ဟောင်းဆွေဟောင်း ဖြစ်ရုံသာ မဟုတ်သေးဘူး။ သမီးဖြစ်သူ အောက်စဖို့မှာ ကျောင်းသွားတက်စဉ်က အုပ်ထိန်းသူအဖြစ် တာဝန်ယူ စောင့်ရှောက်ပေးခဲ့တာလေ။ အဲဒါကြောင့် ရောက်သွားတာ ဖြစ်တယ်။ ရောက်ရောက်ချင်း ပထမဆုံး တွေ့ဆုံနှုတ်ဆက်ရတာက ဆရာပါရဂူ ပါ။ နှုတ်ဆက် စကားဆိုပြီးတာနဲ့ ဆရာက စားပွဲထိုးကို ခေါ်ပြီး ထိုင်ခုံတခု ယူလာပေးပါလို့ ပြောလိုက်ပါတယ်။ လူကြီးတယောက် က ခုလို ဂရုစိုက်တာ ခံရတော့ အားတုံ့အားနာ ဖြစ်မိတယ်။ လူအားလုံး မိုးတိုးမတ်တတ် နေကြရတဲ့ မြက်ခင်းပြင်ပွဲ ဖြစ်တာကြောင့် ယူလာပေးတဲ့ ခုံမှာ မထိုင်ဘဲ လက်ထောက်ပြီး မှေးပဲ ရပ်နေလိုက်ပါတယ်။ မလှမ်းမကမ်းမှာတော့ ဆရာဒဂုန်တာရာကို မောင်ပေါက်စည်၊ မောင်မိုးသူတို့နဲ့ စကားလက်ဆုံကျနေတာ လှမ်းမြင်လိုက်ရပါတယ်။ သမီးက သူ့အုပ်ထိန်းသူ ဒေါ်ခင်ခင်ချောနားသွားပြီး အဖော်လုပ်ပေးနေတာကြောင့် ဆရာနဲ့ နှစ်ယောက်သား စကားလက်ဆုံကျနေကြပါတယ်။
စာပေသစ္စာရှိသူ
"အေးဗျာ၊ ခင်ဗျားတယောက် ကျွန်တော့အပေါ် ခုလို အမြင်မစောင်းသေးတာ သိရလို့ ၀မ်းသာရ တယ်ဗျာ"
ဆရာက အနားမှာ လူရှင်းသွားခိုက် ရုတ်တရက် ပြောလိုက်တာပါ။ အဲဒီအချိန်က ဆရာ့အပေါ် လူတချို့က အမြင် မကြည်မလင် ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ အဲဒီအချိန်က ဆရာ့ဘေးမှ ၀န်းရံနေသူတချို့ကို ကြည့်ပြီး ဆရာ့ကို အထင်လွဲနေကြတာပါ။ အဲဒီအချိန်မှာ ကျွန်တော်က ဆရာ့စာပေ ကျေးဇူးကြီးမားတဲ့အကြောင်း ဆောင်းပါးတပုဒ်မှာ ထည့်ရေးလိုက်တာကြောင့် ဆရာက အဲဒါကို ရည်ညွှန်း ပြောလိုက်ပုံ ရပါတယ်။ ဆရာ့အပေါ် အမြင်မကြည်လင် ဖြစ်နေသူများကိုလည်း မဖြစ်သင့်ကြောင်း ကျွန်တော်က ပြောခဲ့ဖူးပါတယ်။ ဆရာပါရဂူဟာ ဘယ်ခေတ်ဘယ်အခါကမှ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ဖီလာဆန့်ကျင် ပြုဖူးသူ မဟုတ်ရုံ သာမက၊ သူ့ကိုယ်ကျိုးစီးပွါးအတွက် သူ့ကလောင်ကို ခုတုံးလုပ်ခဲ့သူလည်း မဟုတ်ပါဘူး။ စာပေအပေါ်မှာ အင်မတန် သစ္စာရှိတဲ့ စာရေးဆရာတယောက် ဖြစ်ပါတယ်။
ကြားဖူးခဲ့တဲ့စကား
အိမ်ပြန်ရောက်တော့ ဆရာပါရဂူပြောလိုက်တဲ့ "ကျွန်တော့်အပေါ် အမြင်မစောင်းသေးတာ သိရလို့ ၀မ်းသာရတယ်ဗျာ" ဆိုတဲ့စကားကို စဉ်းစားနေမိတယ်။ ဒီစကားမျိုး အရင်က ကြားဖူးသလိုပဲလို့လဲ စိတ်ထဲမှာ ထင်မိတယ်။ ဒါပေမယ့် ၀ိုးတ၀ါးပဲ။ ခေါင်းထဲမှာ ဘာမှ ပေါ်မလာဘူး။ ညတညလုံး စဉ်းစားလည်း ပေါ်မလာပါဘူး။ အတော်နဲ့ကို အိပ်လို့ မရဘူး။ ပေါ်လာချင်တော့လည်း မနက်အိပ်ရာက အနိုးမှာ ဖျတ်ကနဲ ခေါင်းထဲမှာ ပေါ်လာတယ်။ ကိုကိုးကျွန်းက ပြန်ရောက်လာခါစမှာ ကြားခဲ့ရတာပဲ။ ပြောခဲ့သူက ဆရာမြသန်းတင့်ပဲ။ ကိုကိုးကျွန်းက ပြန်လာတော့ ဆရာမြသန်းတင့်ရဲ့ "ဓါးတောင်" ၀တ္ထုဂယက်တွေ တော်တော်အရှိန်ပြင်းပြင်းထ နေတာ တွေ့ရတယ်။ ပါးစပ်နဲ့ ငြင်းခုန်တာတွေ နေရာတိုင်းမှာ ကြားနေရသလို၊ စာမျက်နှာတွေ ပေါ်မှာလည်း ပြင်းပြင်းထန်ထန် ရေးသူတွေက ရေးနေကြတယ်။ တချို့ကတော့ သီးခြားစာအုပ်တွေတောင် ရေးထုတ်ပြီး ဝေဖန်ကြတယ်။ "ဘဲအုပ်ကတရာနှစ်ရာ ဗေဒါကတပင်ထဲ" ဆိုသလို ဖြစ်နေပုံရတယ်။
ဓါးတောင်ကို ဝေဖန်သူတွေ
အိမ်ပြန်ရောက်ရောက်ချင်း လာပြီး နှုတ်ဆက်ကြသူတွေက "ဓါးတောင်" ကို ရှုတ်ချဝေဖန်နေကြတဲ့ လူငယ်တွေ ဖြစ်တယ်။ သူတို့ထဲမှာ ကျွန်းပြန်တချို့လည်း ပါတာတွေ့ရတယ်။ သူတို့အမြင်၊ သူတို့သဘောထား တွေကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားကြသလို သူတို့ ထုတ်ခဲ့တဲ့ စာအုပ်နဲ့ တခြားစာတမ်းတွေလည်း ပေးခဲ့ကြတယ်။ ဆရာမြသန်းတင့် ရောက်လာနှုတ်ဆက်တော့ အထဲကအကြောင်း၊ ကျန်းမာရေးအကြောင်း ဆိုတာတွေပဲ ပြောပါတယ်။ ထွေထွေထူးထူး ဘာမှ မပြောဖြစ်ကြပါဘူး။ ဆရာဗန်းမော်တင်အောင်တို့ လေထီးဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့ လာကြတော့လည်း ကျန်းမာရေးနဲ့ ဆေးဝါးကုသဖို့ အကြောင်းတွေပဲ ပြောကြပါတယ်။ လူကြီးတွေဆိုတော့ ရင့်ကျက်တည်ငြိမ်သလို အလိုက်သိမှုလည်း သိသာထင်ရှားတယ်လို့ စိတ်ထဲမှာ မှတ်သားထား လိုက်မိပါတယ်။
ရေးသူကို တိုက်ခိုက်တာများများ
အပြင်ရောက်ပြီး ဆယ့်လေးငါးရက်လောက် ရှိတော့ အခြေအနေ အရပ်ရပ်ကို တော်တော်လေး သိပြီးပါပြီ။ ရှေ့ကစောပြီး လွတ်ထွက်သွားသူတွေနဲ့လည်း အားလုံးလောက်နီးပါး တွေ့ပြီးပါပြီ။ "ဓါးတောင်ဂယက်ကို လည်း တော်တော်သိပြီးပါပြီ" ။ "ဓါးတောင်" ဂယက်ကတော့ အရှိန်ရှိန်ပြင်းပြင်းနဲ့ ဆက်ပြီး ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။ အားလုံးခြုံငုံပြီး သုံးသပ်ကြည့်တော့ ဓါးတောင် တိုက်ခိုက်မှု မှားတယ်လို့ မြင်ပါတယ်။ မြင်တဲ့အတိုင်း လည်း ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ အဲဒီအချိန်မှာ ဆရာမြသန်းတင့်ရောက်လာပြီး "အေးဗျာ၊ ကျွန်တော့်အပေါ် အမြင်မစောင်းတာ ခင်ဗျားတယောက်ပဲ ရှိတော့တယ်။ ၀မ်းသာတယ်၊ ကျေးဇူးတင်တယ်ဗျာ" လို့ ပြောခဲ့တာ ဖြစ်တယ်။ တကယ်က ဓားတောင်မှာ ဝေဖန်သူတွေ ထောက်သလို ပြောစရာ အကွက်တွေ ရှိနေတာ မှန်ပါတယ်။ ဒါပေမယ်လို့ ဝေဖန်သူတွေက ဓားတောင်ကို ဝေဖန်တာက နည်းနည်း ဓားတောင်ရေးသူကို တိုက်ခိုက်တာက များများ ဖြစ်နေပါတယ်။ အဲဒီအချက်ကို သဘောမတူနိုင်တာ ဖြစ်ပါတယ်။
စာရေးဆရာအတွက် စံနှစ်ခု
ဆရာမြသန်းတင့်ဆိုတာက ဒီလိုတိုက်ခိုက်ရမယ့်သူမှ မဟုတ်ပဲ။ အယူအဆ မတူတာတွေ ဘယ်လောက် ပဲ ရှိနေဦးတော့ သူ့စာပေဘ၀တလျှောက်လုံးမှာ သူတကိုယ် ကောင်းစားရေးအတွက် တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာဖောက်တဲ့အလုပ်မျိုး ဘယ်တုန်းက လုပ်ခဲ့ဖူးလို့လဲ။ သူ့ကလောင်ကို ဘယ်သူ့အတွက် အသုံးချခဲ့တာလဲ။ စာရေးဆရာတယောက်ကို ဒီစံနှစ်ခုနဲ့ပဲ တိုင်းတာ အကဲဖြတ်ရမှာ မဟုတ်လား။ ဆရာပါရဂူနဲ့ ပတ်သက်ပြီး အမြင်ရှင်းခဲ့တာလဲ ဒါကြောင့်ပဲ ဖြစ်ပါတယ်။ ဆရာလည်း ဒီစံနှစ်ချက်နဲ့ ညီညွတ်သူပဲ ဖြစ်ပါတယ်။ အမြင်မကြည်မလင် ဖြစ်ခဲ့သူတွေက ဆရာ့အပေါ်မှာ သိပ်ပြီး မျှော်လင့်ချက်ထားလွန်းလို့ ဒီလိုအခြေထိ ရောက်သွားခဲ့ရတာပါ။ လူတယောက်မှာ သူ့ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်အမြင်နဲ့ သူ့နေရာကို သူရွေးချယ်ထား ကြတာ ဖြစ်တယ်။ ဆရာဒဂုန်တာရာက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာမျိုးတွေရေး၊ နိုင်ငံရေးသမားတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းနေပေမယ့် သူဟာ ဘယ်တော့မှ နိုင်ငံရေး မလုပ်ဘူး။ သူဟာ စာရေးဆရာတယောက်သာ ဖြစ်တယ်လို့ အမြဲတမ်း ပြောခဲ့တယ်။ ဒါ သူ့ခံယူချက်။ သူရွေးချယ်ထားတဲ့ နေရာ။ ဒါကို အသိအမှတ်ပြု လေးစားရမှာပေါ့။ ဘာကြောင့် နိုင်ငံရေးမလုပ်သလဲဆိုပြီး အပြစ်တင်လို့ ဘယ်ရမှာလဲ။ ဆရာပါရဂူလည်း အလားတူပဲ။ တသက်လုံး စာရေးဆရာ လုပ်လာခဲ့သူ တယောက်ပဲလေ။ သူ့ကို စာရေးဆရာတယောက်အဖြစ်နဲ့ပဲ လက်ခံရမှာပေါ့။
နေရာဆိုတာ စာဖတ်သူက သတ်မှတ်တာ
စာရေးဆရာတိုင်းကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းလိုဖြစ်ဖို့ မျှော်လင့်လို့ မရပါဘူး။ တောင်းဆိုမှုလည်း ပြုသင့်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ဆရာကြီးလို မဖြစ်တဲ့အတွက်ဆိုပြီး ဘယ်အပြစ်တင်လို့ ဖြစ်မှာလဲ။ ဆရာကြီးလို ပုဂ္ဂိုလ်မျိုးက တခေတ်မှာ တယောက်သာ ပေါ်ထွန်းတတ်တာ ဖြစ်တယ်။ ဆရာကြီးလို မဖြစ်တာနဲ့ အလကားပဲလို့ မပြောသင့်ပါဘူး။ ဆရာကြီးလို အိမ်ဦးခန်းမှာထား ကိုးကွယ်လို့ မရပေမယ့် ဧငည့်ခန်းမှာတော့ တင့်တယ်နိုင်သူ တွေ အများကြီး ရှိမှာပါ။ စာရေးဆရာဆိုတာနဲ့ အားလုံးအတူတူပဲလို့ သတ်မှတ်လို့ မရပါဘူး။ အိမ်ဦးခန်းနဲ့ လိုက်ဖက်သူ ရှိသလို ဧည့်ခန်းမှာပဲ ထားသင့်သူလည်း ရှိပါတယ်။ ဒါတင်မက ဖိနပ်ချွတ်မှာ ထားသင့်သူတွေလည်း ရှိနေမှာပဲဖြစ်တယ်။ ဘယ်သူ့ကို ဘယ်နေရာက နေရာပေးထားမလဲ ဆိုတာက လူတဦးချင်းစီရဲ့ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပါတယ်။ စာရေးဆရာတွေ ရေးခဲ့တဲ့ စာတွေကို ကြည့်ပြီး စာဖတ်ပရိသတ်က ရွေးချယ်သတ်မှတ် တာ ဖြစ်တယ်။ ကိုယ့်ဟာကိုယ် ခပ်တည်တည်နဲ့ နေရာတက်ယူလို့ မရပါဘူး။ တဦးတယောက်က အမွေပေးသလို လွှဲပေးလို့လဲ မရပါဘူး။ ကိုယ့်လူကိုယ့်အုပ်စုက တင်လျှောက်ပေးလို့လည်း မရပါဘူး။
သူတို့အတွက်နေရာ
စာရေးဆရာတယောက်အတွက်နေရာကို သူရေးခဲ့တဲ့ စာတွေကြည့်ပြီး စာဖတ်ပရိသတ်က သတ်မှတ် ပေးတာလို့ ဆိုခဲ့တဲ့အတိုင်း ဆရာဗန်းမော်တင်အောင်၊ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်၊ ဆရာပါရဂူတို့ အတွက်လည်း "မြန်မာစာပေဧည့်ခန်းဆောင်" မှာ တခမ်းတနား နေရာချထားပေးပြီးသား ဖြစ်ပါတယ်။ မှိုင်းလုံးကော်ဇောကြီးတွေ ကတ္တီပါမှီအုံးကြီးတွေနဲ့ တခမ်းတနားပါ။ ဘာကြောင့်လဲဆိုတော့ ဒီဆရာကြီးတွေ အားလုံးဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် ဘယ်တုန်းကမှ သစ္စာမဖာက်ခဲ့ကြဘဲ သူတို့ရဲ့ ကလောင်ကို ပြည်သူလူထုဘက်က ရပ်တဲ့ ကလောင်အဖြစ်သာ တသက်လုံး အသုံချခဲ့ကြလို ဖြစ်ပါတယ်။
လူထုစိန်ဝင်း
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၇၊ အောက်တိုဘာ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]
ဂီလာန ကဗျာဆရာ
ရေးသူ-မောင်စွမ်းရည်
လူစိမ်းနဲ့ ကျွန်တော်နဲ့ တွေ့တဲ့အခါ
ကြားလူပါရင်
"သူဟာ ကဗျာဆရာမောင်စွမ်းရည်ပါ" လို့
မိတ်ဆက်ပေးတာ
မကြာခဏ ကြုံရတယ်။
ဒါကြောင့်
ကျွန်တော်ဟာ၊ ကဗျာဆရာလို့
ဆိုပါစို့။
ကဗျာဆရာ ကဗျာဆရာနဲ့
ကဗျာရေးသက်၊ ပြန်တွက်ကြည့်တော့
ရေးသက် ရေးဝါ၊ အစိတ်ကြာပြီ
ကောင်းတာလည်းရှိ၊ မကောင်းတာလည်းရှိ
မရှိမကောင်း၊ ရှိမကောင်းနဲ့
ကဗျာပေါင်းများစွာ၊ ရေးခဲ့တာလည်း
လေးငါးရာမက၊ များလေလှပေါ့။
ကဗျာတပုဒ်ဟာ
စာတမျက်နှာ၊ နှစ်မျက်နှာ
တရံတခါ၊ သုံးမျက်နှာပေါ့
မရှည်လှပါဘူး၊ ဖတ်သူမှာ
သုံးလေးမိနစ်သာ၊ သိပ်မကြာလည်း
ရေးသူမှာတော့၊ တခါတခါ
တနှစ်ကြာ၊ နှစ်နှစ်ကြာ
ကြာနိုင်တာကပဲ။
ကဗျာဆိုတာ
ဘယ်အခါ ဘယ်နေရာမှာ
ဘယ်လိုရှာမယ်၊ နည်းနာမရှိ
ဂိုက်ဂါကောင်တာ+
ကရိယာနဲ့၊ မြေလွှာအနှံ့
ခရီးဆန့်ပြီး၊ တောအနှံ့ တောင်အနှံ့
ဘယ်တောင်ဖြန့်၊ ညာတောင်ဖြန့်
အနှံ့ရှာလည်း၊ ကဗျာသတ္တု
ရွေးစေ့စုမျှ၊ ရနိုင်ဖို့မလွယ်။
ကဗျာပြက္ခဒိန်၊ ချိန်စရာ တာစရာ
မီတာတွေ ဘာတွေမရှိ
မြေပုံများနဲ့၊ ဇယားလည်း မရှိ။
အကြုံအတွေ့၊ ဘုံဓလေ့ကို
စေ့ငုခံစား၊ ဘာဝနာပွါးပြီး
ခံစားမှုကို၊ ကယုကယင်၊ စမ်းရေလျဉ်မှာ
ရွှေကျင်သလို ကျင်ရတာ၊ စင်ရတာ။
နှလုံးသားမှာ၊ ရေဒါရှိတယ်
ခံစားသိဦးမှင်၊ ရှင်သန်လှုပ်ရမ်း
အရာရာကိုဖမ်း၊ ကမ္မဌာန်းရှုသလို
ထိမှု သိမှု၊ သတိပြုပြီး
ကဗျာမှုအမှောင်ခန်းမှာ
တခန်းလုံးပိတ်၊ နိမိတ်ပုံနဂ္ဂတစ်ကို
ပုံဖြစ်အောင် ကူးရတာ။
ကဗျာဖွားတဲ့ နှလုံးသားဟာ
ခံစားမှုဒဏ် ခံနိုင်အောင်တင်း
ဘ၀နဲ့ ရင်းရကြောင်း
ဘယ်သူ ကောင်းကောင်းသိမှာလဲ။
ဒီနှလုံးသားက၊ ဖြန့်သမျှသွေး
ဒီသွေးတွေက ရောက်သမျှနေရာ
ဆဲလ်တိုင်း ဆဲလ်တိုင်းမှာ
ကဗျာဓာတ်တွေ ပျံ့နှံ့နေတယ်လေ။
ကဗျာ ကဗျာနဲ့
ကဗျာတပုဒ်၊ နှလုံးသွေးကထုတ်ပေမယ့်
တပုဒ်ရဲ့တန်ကြေး၊ ငွေကြေးနဲ့တွက်ရင်
ခံတွင်းချဉ်ရုံပါ။
ဒါပေမယ့်ဗျာ
ကျွန်တော့်ကဗျာ၊ ရွတ်လိုက်တာနဲ့
အက်ကွဲမြေလွှာ
မြေကြီးထဲက
ဆီဆန်ရမလား၊ ဘာညာရမလား
တင်စားသူတွေ၊ ရှိနေတာလဲ
အမှန်ပဲ မဟုတ်လား။
ချစ်သူအတွက်အား၊ မုန်းသူအတွက်ဓါးတဲ့
ကြားဖူးမှာပေါ့။
တနေ့သော်ကား၊ ဆင်းရဲသားတယောက်
မေးချင်စိတ်ပေါက်သနဲ့
ကောက်ကာ ငင်ကာ၊ မေးလာပါပကော....။
ဟေး.... ကဗျာဆရာ
ကဗျာရေးတာ၊ ကြာလည်းကြာပေါ့
ခုလောက်ကြာတော့၊ မင်းမှာဘာတွေ
စုမိနေပြီလဲတဲ့။
ငါသိတာပေါ့၊ ငါ့မှာဘာမှမရှိ
အကြွေးမာတိကာ၊ ကဗျာစာရွက်
အပေါင်လက်မှတ်၊ ဘွဲ့လက်မှတ်များ
မယားကတစ်၊ သားကနှစ်၊ သမီးကနှစ်
ချစ်မေတ္တာမှတပါး၊ အခြား ဘာမှမရှိ။
ငါ့မှာရှိတာ၊ ငါမသိလည်း
သိတဲ့လူက၊ သိနှင့်ကြပြီ...။
တနေ့သောအခါ ဆရာဝန်တယောက်က
ငါ့ကျောက်ကပ်မှာ၊ ကျောက်ကပ်နေတာ
သူသိပါသတဲ့။
ဗုဒ္ဓေါမြတ်စွာ
နှစ်ပေါင်းများစွာ၊ ကြာသောခါမှာ
ကဗျာဆရာ၊ စုမိတာက
ကျောက်ကပ်ထဲမှာ
ကျောက်တလုံးပါကလားလို့
အံ့အားပဲ သင့်တော့တယ်။
ခွဲစိတ်ခန်းမှာ ဆရာဝန်များက
ဖားခွဲသလို၊ ငါ့ဗိုက်ကိုခွဲ
ငါ့ကျောက်ခဲကို၊ ယူရီတာလို လစ်သိုတမီ++
လုပ်လိုက်ပြီတဲ့
မေတ္တာရှင်များ၊ ဓားသမားတို့
ကုစားချက်မှာ
ပိန်းကြာဖက်တွင်၊ ရေမတင်သလို။
အို... ဓားနဲ့ကယ်တင်၊ ကျေးဇူးရှင်တို့
ကျေးဇူးဆပ်စရာ၊ ရောဂါမှတပါး
တခြားမရှိ၊ ရှိတဲ့ရောဂါ
ထားခဲ့တာနဲ့၊ ဆရာတို့တတွေ
ပျော်ပါစေသော်ဝ်။
ဆေးရုံကဆင်း၊ ကင်းခြေများလို
အမာရွတ်ညိုသာ၊ ဗိုက်ကိုကပ်ကာ
လိုက်ပါလာ၏
ကလူဘိသို့၊ မြူဘိသို့။
ဆေးရုံကဆင်း၊ ငါ့ရင်တွင်းမှာ
ကဗျာတတို၊ တွယ်ကပ်ခိုသည်
မချို၏သို့ ချို၏သို့။
ကျောကပ်ဆေးရုံ.... တဲ့
ပိုက်ဆံတကျပ်နဲ့
ဂိတ်ဝကိုဖြတ်၊ ကျောက်ကပ်ဌာနတက်ခဲ့ပါ။
လက်မှတ်မပါလည်း၊ ကိစ္စမရှိ။
သို့သော်....
ဆေးရုံပေါ်မှာ၊ သင်တက်လာက
အသပြာစ၊ လာဘ်လာဘဆို
ဘယ်သူ့ကိုမှ၊ မပေးရကြောင်း
ထိုစာကြောင်းက၊ သင့်ဦးခေါင်းထက်
ပြုံးပြလျက်..... ။
လူနာခန်း
သံငြမ်းကုတင်၊ အလယ်တွင်ခွက်
စပရိန်ပျက်၊ သံချေးတက်
ဆေးဖြူတွေပျက်၊ အကွက်အကွက်
သွေးအစက်စက်၊ ချေးသေးတွေကွက်
အူထွက်မှိုတက်၊ မွေ့ယာများမှာ
ဖျားနာယိုယွင်းလျက်။
အိပ်ခန်းယော်ဝါ၊ ခေါင်းအုံးအဖုံးမပါ
ဝါနီညိုပြာ၊ ဖောင်းပိန်ပျော့မာ
မညီမညာ၊ အိုနာဖောက်ပြန်လျက်။
ကုတင်တွေကြား၊ ခုံများကိုခင်း
ခုံခြေရင်းမှာ၊ မိုးကာစခင်း
ခုံချင်းဆက်၊ လူချင်းတွဲ
အခန်းထဲက အိမ်သာဝရောက်
လှေကားအောက်ထိ၊ ပြွတ်သိပ်၏။
ခုံများပေါ်မှာ
လူနာတယောက်နှစ်ယောက်
တခါတလေ၊ သုံးယောက်
မှောက်သူမှောက်၊ လှန်သူလှန်
နံသူနံ၊ မနံသူလည်းမမွှေး။
ကျောက်ပြားခင်းကျင်း
တဖက်ကျွမ်းမီးခြစ်ဆံ
လေးငါးဆယ်ဆံ
ထွေးခံပိန်တူးဘေး၊ ပြာနဲ့ကွမ်းသွေး
ဆေးလိပ်တတို နှစ်တို၊ ဂွမ်းစိုဂွမ်းခြောက်
သွေးပေါက်ပြည်စက်
ကြက်ခြေခတ် ပလတ်စတာ
ကြမ်းပြင်မှာ အနှံ့။
ဆေးပြင်းလိပ်နံ့၊ ဆေးတံနံ့နဲ့
ချေးနံ့သေးနံ့၊ ဖီနောနံ့မှာ
တခါတခါ၊ လေရွေ့လာမှ
ဘယ်ကဘာလိမ့်
ငါရောက်နေတာ ဆေးရုံပါတကား။
ခုံတွေကြားထဲ၊ တဖွဲဖွဲနဲ့
ရှဲရှဲရှပ်ရှပ်၊ ပိုးဟပ်ကလေးတွေ
ပြေးလွှားယောက်ယက်၊ ကြွက်သားလေးတွေ
ချစ်စရာလေးတွေ၊ ပြေးလိုက်လွှားလိုက်
အမှိုက်ပုံအနီး
အလို ကြွက်ကြီး၊ ၀က်လောက်နီး။
လူနာတို့ကား၊ ကြွက်များကိုကြည့်
မြူးမိသည့်ခါ၊ မြူးလေ၏
မူးမိသည့်ခါ၊ မူးလေ၏
ကြွက်ကိုမူ ဘယ်သူခြူဆွဲလေမည် မသိ။
အိမ်သာတွင်ကား၊ ဖက်များတချို့
စက္ကူတချို့၊ အ၀တ်စတချို့
ငှက်ပျောခွံတချို့၊ သံပုရာခွံတချို့
ဆေးလိပ် မီးခြစ်တချို့
ပိတ်ဆို့နေလျက်၊ ရေလျှံတက်၏
ကြွက်တို့ ပြူတစ် ပြူတစ်။
တချို့လူနာ
အိမ်သာမှာငိုင်၊ ပြောင်းပြန်ထိုင်ရင်း
ဆီးပုလင်းတဖက်၊ ဆေးလိပ်တဖက်
စည်းစိမ်တက်၏။
တချို့လူနာ၊ ကုတင်မှာပဲ
ဘာဝနာပွါးသူပွါး၊ သွားကြားထိုးသူထိုး
ပိုးမျိုးရှစ်ဆယ်ရော၊ ခိုးဆိုးရှစ်ဆယ်ရော
တောရောက် တောင်ရောက်၊ ၉၆ ပါးရောဂါ
ကင်ဆာပါ မပါ၊ ရိုးရာဆေး ထက်မထက်
လျက်ဆား လက်ဆုံလျက်ရင်း၊ စကားတင်းဆို
ငိုမိသူငို၊ မငိုသူလည်း မရယ်နိုင်။
တချို့သော်ကား
လက်ဖက်လက်ဆုံစား၊ ကွမ်းယာလက်ဆုံဝါး
အားရှိသွားအောင်၊ ရေများများသောက်
ဆီးများများပေါက်
တယောက်ကိုတယောက်ဖေး
ဘ၀တူချင်း အားပေးလျက်။
တချို့လူနာ
လူနာကအထူး၊ ဆေးဝါးကအထူး
သမားကအထူး၊ အစားကအထူး
ဧည့်သည်ကအထူး၊ သူနာပြုအထူး
မထူးသည်မှာ ရောဂါ။
တချို့လူနာ
လူနာက အညတြ၊ ဆေးဝါးခ မရှိ
ကိတ်မုန့်ပေါင်မုန့်မရှိ၊ ဟောလစ်နို့မှုန့်မရှိ
ကြက်ဥနွားနို့ မရှိ၊ ဓါတ်ဗူး ပူအေး မရှိ
တိုင်း(မ်)၊ နယူးစ်ဝိမရှိ
သူ့မှာရှိတာရောဂါ။
တချို့လူနာ၊ တကျပ်သာပါ၏။
တချို့လူနာ၊ လေးငါးရှစ်ကျပ်ပါ၏။
တချို့လူနာ၊ လေးငါရှစ်ရာ ပါ၏။
ဂိတ်ကြေးမှာတကျပ်၊
ဆေးထည့်ညင်သာ တကျပ်၊
အိုးထိုးခွက်သွန် တကျပ်၊
ဆီးပိုက်ဖြုတ်တပ် တကျပ်၊
ဆီးပုလင်းဖြုတ်တပ် တကျပ်၊
တောရိတ်ခြုံရှင်း တကျပ်၊
ကိုယ့်နားသူလာ တကျပ်၊
သူနားကိုယ်သွား တကျပ်၊
တိုးတိုး တကျပ်၊ ကျယ်ကျယ်တကျပ်
ခြေတို့လက်တို့ တကျပ်။
မီးတခြစ်တကျပ်၊ ဆီတညှစ် တကျပ်
ထိုင်တကျပ်၊ ထ တကျပ်
မလှုပ်တကျပ်၊ လှုပ်တကျပ်။
ရက်ခြားတခါ၊ ဆွမ်းခံသံဃာ
လှည့်လည်လာသလို၊ ပါရဂူများ
ကရောင်း+++ လှည့်သွားရင်း၊ ရက်ချိန်းများမှတ်
ဓါတ်ခွဲတပါတ်၊ ဆီးစစ်သွေးစစ်တပါတ်
ခွဲစစ်ဆွဲစစ်တပါတ်
ရက်ပါတ်စောင့်ရာ၊ တခါတရံတလ
တခါတရံ၊ နှစ်လ၊ သုံးလ။
လူနာကတရာနှစ်ရာ
သမားမှာတယောက်နှစ်ယောက်
ဆစ်စတို စကိုပီx၊ ဘိုင်သြစပီ+x
ရီနိုဂရမ်၊ ဓတ်မှန်သေးကြီး
သွေးဆီးသလိပ်၊ အကျိတ်အဆန်
မှောက်လှန်မွှေထိုး၊ ရောဂါမျိုးရှာ
ရှာ..... ရှာ..... ရှာ...
ရောဂါတွေ့ပြီ၊ မတွေ့သည်မှာ ဆေး
အပြင်ဈေးမှာ ၁၀၀-၂၀၀
အတွင်းဈေးမှာ ၁၀-၂၀ သာ။
ဆရာဝန်များ၊ ထွက်သွားသောခါ
နီနီပြာပြာ၊ သူနာပြုများ
လာသွားတုံ့ခေါက်၊ တယောက်ကပြုံးပြုံး
တယောက်ကမဲ့မဲ့၊ တယောက်ကနွဲ့နွဲ့
မနွဲ့သူကဟောက်၊ မဟောက်သူက ချော့
ငေါ့တဲ့အခါငေါ့၊ အားလုံးကတော့ လှသည်သာ။
ဆရာမများ၊ ထွက်သွားသောခါ
"ဆေးလိပ်မသောက်ရ"
စာတန်းအောက် တည့်တည့်မှာ
ထိုင်ကာ မှိုင်ကာ၊ ငိုင်ကာဆေးသောက်
မီးခိုးလူလူ၊ မှိုင်းထူထူ
လူနာပုလင်း ခလောက်ကယ်နှင့်လေး။
ပုစဉ်းလောက် ခြင်တွေ လေတွင်ရှဲရှဲမြည်။
ပိတုန်းလောက် ယင်တွေ မြေပြင်ဝဲတော့သည်။
+ Geiger Counter မြေကြီးထဲက ဓါတ်သတ္တုကို ရှာဖွေတဲ့ကရိယာ
++ Uretero Lithotamy ကျောက်ကို ဆီးလမ်းထဲက ခွဲထုတ်ခြင်း
+++ Round လှည့်တာကို တောကလူနာတွေက ကရောင်းလှည့်တယ်လို့ခေါ်တယ်
x ဆီးအိမ်ထဲကရိယာသွင်း၍ ရှာခြင်း
+x အသားစ ဖဲ့ယူ၍ စစ်ခြင်း
မောင်စွမ်းရည်။
သာရမဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၁၉၈၈။
[ကြီးပွါးရေးစာအုပ်တိုက်ထုတ်၊ မောင်စွမ်းရည်ရဲ့ အမေ့ခေါ်သံနှင့် အခြားကဗျာများ- စာအုပ်၊ ပထမအကြိမ်၊ မေလ၊ ၁၉၉၇ မှ ကူးယူဖော်ပြပါတယ်။]
{ယခု နယူးယောက်မြို့တွင်၊ ကျောက်ကပ်ဆေးရုံတက်နေရတဲ့ ဆရာမောင်စွမ်းရည် ကျန်းမာရွှင်လန်းစေဖို့ ဆရာ့ကဗျာဟောင်းတပုဒ်နဲ့ ဆရာ့ကို ဂါရ၀ပြုပါတယ်။- လမင်းတရာစာပေဆက်ဆံရေး}

Friday, November 13, 2009
တမ်းတလို့လွမ်းရပါတယ်....
ရေးသူ- မောင်အေးခိုင်
ဆယ်စုနှစ် လေးခုမျှ ကြာခဲ့ပြီ။ အတွေးပုံရိပ်ထဲမှာ တချို့က တပိုင်းတစပဲ ပေါ်တော့တယ်။ မှိန်ပျောက်ကွယ်လုလုတွေ မနည်းလှဘူး။ တချို့က မလင်းတလင်း၊ မမှိန့်တမှိန်၊ တချို့ကား ခုချိန်ထိ လင်းလက် နေဆဲ.......။
ကိုယ်တို့ရောက်ခါစ၊ ဒီဒေသမှာ စွယ်တော်ရိပ်လို့ ပြောရအောင်လဲ စွယ်တော်ပင်တွေက လူတရပ်စာ သာသာတွေနဲ့ အပင်ပေါက်တွေပဲ ရှိသေးတယ်။ အခက်အလက်တွေ ဝေေ၀စည်စည် မဖြစ်သေးဘူး။ ဒါပေမယ့် ကိုယ်နေခဲ့တဲ့ ခွန်နစ်နှစ်တာ ကာလအတွင်းမှာ စိုစိုပြေပြေ ဖြစ်လာလိုက်တာ ကိုယ်တို့ကို အဲဒီကျောင်းက တွန်းထုတ်လိုက်ချိန်မှာ အပီအပြင် စွယ်တော်ရိပ်လို့ အမည်နာမ ကောင်းကောင်းတပ်လို့ ရနေပြီ။
မမြင့်ခိုင်က ၀တ္ထုတပုဒ်ထဲမှာ ဦးလူပေါ မုခ်ဝနားက စက်မှုတက္ကသိုလ်ဆိုတဲ့ ဆိုင်းဘုတ်ကလည်း ခြုံနွယ် ပိတ်ပေါင်းအကြားမှာ ဖုံးတ၀က်၊ ပေါ်တ၀က်နဲ့လို့ (စာပေစိစစ်ရေးဖြတ်ခြင်းခံရ) ရေးတယ်။ ကိုယ့်ထက် ငါးနှစ်စော ရောက်တဲ့ အစ်မကြီး ရေးသလိုပဲ ကိုယ်တို့ရောက်တော့ ဒီဆိုင်းဘုတ်ဟာ ဒီအတိုင်း။ တနှစ်တခါ တက်လာတဲ့ ခြုံနွယ်တွေကို မရှင်းလို့နဲ့ တူပါတယ်။
ကိုယ်တို့ခေတ် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ပုံက ဆယ်တန်းစာမေးပွဲရဲ့ စုစုပေါင်းရမှတ်နဲ့ ရွေးတယ်။ ကိုယ် တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အတိုင်း ကိုယ် ပထမဦးစားပေး ရွေးချယ်တဲ့ စက်မှုတက္ကသိုလ်၊ ဓါတုအင်ဂျင်နီယာ ပထမနှစ်အတန်းမှာ ခုံနံပါတ် ၂၇ နဲ့ တက်ခွင့်ရတယ်။ အမှတ်ပေါင်းနဲ့ ရွေးချယ်တဲ့စနစ်က ကိုယ်တို့နှစ်က စတာ။ စက်မှုတက္ကသိုလ်က တနှစ်မှာ ကျောင်းသူကျောင်းသား ၅၅၀ လက်ခံတယ်။ ဓါတုအင်ဂျင်နီယာနဲ့ ချည်မျှင်နဲ့ အထည်အင်ဂျင်နီယာဌာနက တနှစ်ကို အယောက် ၅၀ စီပဲ လက်ခံတယ်။ ပိသုကာဌာန၊ ရေနံနဲ့သတ္တုတူးဖော်ရေး၊ သတ္တုဗေဒဌာန တို့က ဒိထက်နည်းတယ်။ များများလက်ခံတာ စက်မှုရယ်၊ လျှပ်စစ်ရယ်၊ မြို့ပြ အင်ဂျင်နီယာဌာနပဲ။ ဒီတော့ ပထမနှစ်မှာ တန်းခွဲလေးခု ခွဲထားတဲ့ အနက် လူနည်းစုတွေ ပေါင်းထားတဲ့အတန်းက တန်းခွဲတခု၊ ကျန်တဲ့ အများစုတွေက သပ်သပ်တန်းခွဲ တခုစီ။ စက်မှုအင်ဂျင်နီယာ အဓိကဘာသာ သုံးခုခွဲထားတယ်။ အထွေထွေ၊ မော်တော်ယဉ်၊ လယ်ယာ။ လျှပ်စစ်အင်ဂျင်နီယာကတော့ နှစ်ခု၊ အီလက်ထရောနစ် နဲ့ ပါဝါ။
ပထမနှစ်မှာ မြန်မာစာသင်ရတယ်။ မြန်မာစာဆရာက မြန်မာစာဌာန၊ ဌာနမှူး ဆရာဦးတိမ်ကြည်။ ကိုယ် ပထမနှစ် စာမေးပွဲကျလို့ ဒုတိယအကြိမ်ပြန်တက်တော့ မြန်မာစာဆရာက အခု အီလွီနိုက်တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့ ဆရာဦးစောထွန်း(ကလောင်နာမည်-စောလူ)။
ပထမနှစ်မှာ သင်ရတဲ့ ဘာသာရပ်တွေက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ၂ ဘာသာ (သင်္ချာ ၁၀၁၊ သင်္ချာ ၁၀၂)၊ ရူပဗေဒ ၂ ဘာသာ(ဆရာဦးလွှမ်းမိုးက တဘာသာ၊ ဆရာမ ဒေါ်မေသန်းနွယ်က တဘာသာ)၊ ဓါတုဗေဒ၊ အခြေခံစက်မှုပုံဆွဲ (Mechanical Drawing)။ နောက်ပြီး တပတ်တခါ workshop ဆိုပြီး ပန်းပဲထုတာနဲ့၊ အခြေခံ လက်သမား လုပ်ရတယ်။ ကိုယ်ကတော့ အဲဒီ လက်တွေ့တွေနဲ့ အလုပ်မဖြစ်ပါဘူး။ အပူပေးပြီး ထုရတဲ့သံလုံး မီးဖိုထဲမှာ ရဲနေတဲ့ မီးသွေးတွေနဲ့ ရောသွားလို့ ရှာမရတော့ပဲ သံလုံးနှစ်လုံး ဆုံးသွားတယ်။ ဗလကလဲ လက်မောင်း ပုလွေရိုးဆိုတော့ incharge လုပ်တဲ့ ပန်းပဲဆရာ ဦးချစ် ကူညီထုပေးမှ ပြီးသွားတယ်။ လက်သမားလဲ ဒီလိုပဲ။ စရွေးကိုက်ရတာ၊ ဆောက်နဲ့ထွင်းတာ လက်အရှိန်များလို့ ကွဲသွားလိုက်၊ ရွေပေါ်ထိုးတာ တဖက်ထူ တဖက်ပါးကို ညှိရင်းညှိရင်း လက်လွန်သွားလို့ သစ်သားက ပါးသွားပြီး အသစ် ခဏခဏ ပြန်ယူနေရတာနဲ့ သူများတွေ ပြီးတာတောင် ကိုယ်မပြီးလို့ မုံရွာက ကျော်သန်းဆိုတဲ့ သူငယ်ချင်းက လုပ်ပေးရတယ်။
ပထမနှစ်တက်ခါစက ကိုယ်တို့အိမ်က မဂိုလမ်း(ယခု-ရွှေဘုံသာလမ်း) မှာ။ မနက်ဆိုရင် သိမ်ကြီးဈေးနား ကနေ နံပါတ် (၈) ဟီးနိုးကားကို ပြားသုံးဆယ်ပေးစီးပြီး၊ ကျောင်းတက်ရတယ်။ ပြည်လမ်းက ရန်ကုန်ထောင် အဆောက်အဦးကြီးက မဖျက်ရသေးဘူး။ နံပါတ် (၈) ဘတ်စ်ကားဟာ လမ်းမတော်ဆေးကျောင်းဘက်က ပတ်သွားရတယ်။ ပြည်လမ်းမပေါ်မှာ ခြင်္သေ့ရုပ်ကြီးနှစ်ရုပ်ရံထားတဲ့ ဗိုလ်ရှုခံအဆောက်အဦလဲ ရှိသေးတယ်။ အ၀ိုင်းကြီး တွေကလဲ မြေနီကုန်းအ၀ိုင်း၊ ဟံသာဝတီအ၀ိုင်း၊ ကမာရွတ်အ၀ိုင်းတွေ ရှိသေးတယ်။
တချို့ကျောင်းသားတွေ မီးရထားနဲ့ ကျောင်းတက်ကြရတယ်။ ဘီပီအိုင်ဘူတာမှာ ဆင်းရတယ်။ မီးရထားက လပေးလက်မှတ် လုပ်ထားရင် ဘတ်စ်ကားထက် သက်သာတယ်။ တခါတလေ ကိုယ်တို့ အောင်ဆန်းကွင်းမှာ ဘောလုံးပွဲကြည့်ချင်ရင် ညနေ ကျောင်းအပြန် ဘီပီအိုင်ဘူတာကနေ ရန်ကုန်ဘူတာကြီးကို ရထားစီးသွားကြပြီး၊ ပြား ၃၀ ပေးရတဲ့ တောင်ဘက်တန်း ပွဲကြည့်စင်က ကြည့်ကြတယ်။
ပထမနှစ်ကျောင်းသူ ကျောင်းသားတွေမှာ ပုံဆွဲဘာသာရပ်မှာ သုံးတဲ့ တီစကွဲ (T- Square) ဆိုတဲ့ ပေတံကြီးကလဲ တမှောင့်။ အတော်ကို ကိုးလို့ကန့်လန့် နိုင်တယ်။ ဘတ်စ်ကား ကြပ်တဲ့အခါ ပြဿနာ။ ဟိုလူ့ ထိုးမိ၊ ဒီလူ့ ချိတ်မိနဲ့။ ဒုတိယနှစ်လောက် ရောက်ရင်တော့ ကိုယ့်အတန်းဖော်တွေကလဲ သမိုင်းဝင်းထဲ အဆောင်တွေကနေ ကျောင်းထဲက အဆောင်တွေကို ရောက်လာပြီ ဆိုတော့ သူတို့တွေ အခန်းမှာ ထားကြတယ်။ ကိုယ်ကတော့ တနှစ်ပတ်လုံးအတွက် လက်ဘက်ရည်ဆိုင်မှာ အပ်ထားလိုက်တယ်။
ကျောင်းရောက်ရင် ကြို့ကုန်း ဘီပီအိုင်မှတ်တိုင်မှာ ဆင်း၊ အုတ်တံတိုင်းကို လူတကိုယ်စာဖောက်ထားတဲ့ အပေါက်ကနေ ကျောင်းထဲကို ၀င်ကြရတယ်။ ကျောင်းတက်ဖို့ လာတဲ့သူတွေဟာ ဘယ်သူမှ ဦးလူပေါ မုခ်က မ၀င်ကြဘူး။ အဆောင်တွေဆီသွားမှ အဲဒီက ၀င်တာ။ ဒါတောင် အေဆောင်၊ ဘီဆောင်၊ ဂျီဟော၊ မြသီရိဆောင် တို့ကို သွားချင်ရင် ဘီပီအိုင်မှတ်တိုင် ဘေးပေါက်ကပဲ ၀င်ကြတယ်။
မိုးတွင်းမိုးများတဲ့ အချိန်ဆို ကားမှတ်တိုင်ကနေ ကျောင်းအဆာက်အဦ(၁)ကြီးဆီ ရောက်အောင်သွားဖို့ အတော်ခက်တယ်။ ၀င်ပေါက်က လူတကိုယ်စာ လောက်ကျယ်တယ်။ ကိုယ်တို့ မရောက်ခင်ကဆို ဒီအပေါက်မှာ တယောက်ဝင်/ထွက် ရင် တခါလည်တဲ့ ဒလက်က တပ်ထားသေးတာ။
လူသွားလမ်းမှာ အုတ်နီခဲ၊ ကွန်ကရိပြား အကျိုးတွေကို ခြေကြောင်းလမ်း ခြေတလှမ်းစာမှာ တခု ချခင်းထားတော့ ရှေ့လူလှမ်းတဲ့ ခြေလှမ်းအတိုင်း နောက်လူက စောင့်နင်းရတယ်။ မိုးထဲလေထဲမှာ ရှေ့လူက မလှမ်းရဲ လှမ်းရဲ တုန်တုန်ချိချိ လုပ်နေလို့ စောင့်ရတာ စိတ်မရှည်ရင် ရေထဲက ဆင်းလျှောက်။ တခါတလေ ရေက ခြေမျက်စိဖုံးတယ်။ ရေစီးလဲ သန်တဲ့အခါ သန်တယ်။ မိုးများရင် ဖိနပ်ကိုချွတ် လက်ကကိုင်ထားမှ။ မကိုင်ထားရင် မတော်တဆ ရာဘာဖိနပ်က ရေစီးနဲ့ အတူမျောသွားလို့၊ ဖိနပ်နောက်က အပြေး လိုက်ရတာ ခဏခဏ။ ပျော်စရာတော့ အကောင်းသား။ မိုးရွာရင် ကျောင်းထဲကရေတွေက အဲဒီ လူတကိုယ်စာ အပေါက်ကနေ လူတွေလိုပဲ အပြင်ကို တိုးထွက်တာ။
ကားမှတ်တိုင်မှာ လုပ်ထားတဲ့ ကားစောင့်တဲ့ တဲက ဓနိမိုး ခနော်ခနဲ့။ မိုးက ပက်သေး။ ရုရှတွေ လက်ဆောင်ပေးတုန်းက ဒီဘတ်စ်ကားစောင့် တဲကို မေ့သွားပုံရတယ်။ ကျောင်းဆင်းချိန် လူများရင် တဲကလေးက မဆန့်ဘူး။ စက်မှုတက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသား အများတကာ့အများစုဟာ ဘတ်စ်ကားပဲ စီးကြတယ်။ နောက်ပြီး အဆောင်နေ ကျောင်းသူကျောင်းသား၊ နယ်ကလာတက်သူတွေက အများစု။ ကားမှတ်တိုင်မှာ မတ်တပ်ရပ်စရာ ကျဉ်းရတဲ့အထဲ တခါတလေ နွားချေးပုံလဲ ရှောင်ရသေးတယ်။
ပါမောက္ခချုပ်က ဦးရုံးမို၊ မော်ကွန်းထိန်းက ဦးလှ။ ဦးရုံးမိုပင်စင်ယူသွားတော့ မြို့ပြဌာနက ဒေါက်တာအောင်ကြီး ပါမောက္ခချုပ်ဖြစ်လာတယ်။ မော်ကွန်းထိန်းဦးလှ ထွက်သွားတော့ ဦးသက်လွင် (ကလောင်နာမည်-မောင်ငွေလှိုင်း) ရောက်လာတယ်။ ကိုယ်တို့ ဓါတုအင်ဂျင်နီယာဌာန၊ ဌာနမှူးက ပါမောက္ခ ဦးခင်အောင်ကြည်။ မြို့ပြအင်ဂျင်နီယာဌာနက ဒေါက်တာအောင်ကြီးက ပါမောက္ခချုပ်ဖြစ်သွားတော့ ဦးမင်းဝန် ဌာနမှူးဖြစ်လာတယ်။
ရုရှက ဆောက်ပေးတဲ့ ကျောင်းကြီးကလေ မိုးယိုတဲ့နေရာယို၊ မိုးသဲရင် မိုးပက်လို့ ကျောင်းထဲက အမိုးအောက် စင်္ကြန်မှာတောင် ထီးနဲ့ သွားရတယ်။ အလွန်ပျော်စရာ ကောင်းတာပေါ့။ လူတိုင်းပျော် ကြတယ်။ ရေညှိတွေက ချောပြီး ချော်လဲတာလည်း တဘိုင်းဘိုင်းပဲ။ LCR ဆိုတဲ့ အမျိုးသမီး နားနေဆောင်တောင် မိုးသည်းရင် အတွင်းဘက် နံရံနား တိုးကပ်နေမှ။
သမိုင်းကျောင်းဆောင်ဝင်းထဲက သဇင်၊ အင်ကြင်း စတဲ့ အမျိုးသမီးဆောင်တွေက ဆောက်ပြီးခါစ။ ကိုယ်တို့ ကျောင်းစတက်တဲ့ ၁၉၆၉မှာ ကျောင်းသူတွေ အဲဒီမှာ မနေရသေးဘူး။ အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲ အတွက် အားကစားရွာ လုပ်ထားလို့ အားကစားသမားတွေ နေကြတယ်။ ကျောင်းထဲမှာရှိတဲ့ ဂျီဟော၊ မြသီရိအဆောင်က တတိယနှစ်နဲ့ အထက် ကျောင်းသူတွေ နေကြတယ်။
ပထမနှစ် ကျောင်းသူတွေ က မနော်ဟရီလမ်းက အိမ်အိုကြီးကို အဆောင်လုပ်ထားတဲ့ မနော်ဟရီ အဆောင်မှာ နေရတယ်။ မြို့မ မိန်းကလေးကျောင်း (အထက ၃ ဒဂုံ)က ဘော်ဒါဆောင်မှာလဲ စီးပွါးရေးတက္ကသိုလ်က ကျောင်းသူတွေနဲ့အတူ တချို့ နေရတယ်။ သူတို့လည်း ကျောင်းလာရင် နေ့ကျောင်းသူတွေ လိုပဲ ထမင်းဗူး ထည့်လာကြတယ်။ အဆောင်ဖယ်ရီ က မနက် ကျောင်းတက် ချိန် တချိန်၊ နေ့လည် ကျောင်းဆင်း ချိန် တချိန်၊ ညနေ ကျောင်းဆင်းချိန်တွေမှာ ကြိုပို့ လုပ်ပေးတယ်။
ယောက်ျားလေးဆောင်တွေလဲ ဒီလိုပဲ။ ဖယ်ရီတွေ ရှိတယ်။ ဖယ်ရီချိန် မဟုတ်ရင်၊ သမိုင်းဘုရားလမ်း မှတ်တိုင်မှာ ဆင်းပြီး စဥ့်ငူဆောင်အထိ တမျှော်တခေါ် လျှောက်ရတာ။ အုံးတောတို့ ဒူးယားတို့က တော်သေး တယ်။ အုတ်ကျင်း ဘာတာ မှတ်တိုင်မှာဆင်း၊ ဘာတာတိုက်တွေ ဘေးကဖြတ်၊ အုတ်တံတိုင်းကို အသာကျော်ရင် အုံးတောဆောင်ဘေးကို ပေါက်တာပဲ။ အုတ်တံတိုင်းက လူတရပ်စာတောင် မမြင့်ပါဘူး။ ဘယ်သူက လုပ်ပေးထားလဲတော့ မပြောတတ်ဘူး၊ အုတ်တံတိုင်း ပေါ်ကနေ ကျော်ခွ တက် ဆင်း နိုင်တဲ့ လှေခါးကလေးနဲ့။ လှေခါးက ဆင်းလိုက်ရင် ဘာတာဘက်ခြမ်းမှာ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လဖက်သုတ်ဆိုင်၊ ဆံပင်ညှပ်ဆိုင် ကုန်စုံဆိုင်စတဲ့ ဈေးတန်းရှိတယ်။ ကျောင်းသားထဲက တယောက် အဲဒီဘာတာဈေးတန်း ကလေးမှာ ထမင်းစားရင်း ထမင်းဆိုင် ပိုင်ရှင် သမက်တွေ ဘာတွေ ဖြစ်သွားပြီး နေ့စဉ်စားတဲ့ ထမင်းဘိုးတောင် ပေးစရာမလိုဘူး ဖြစ်သွားတယ်။ မမလေး ထမီဘိုးလောက်ပဲ ဆက်သရတာ ပေါ့လေ။
ကျောင်းထဲမှာ ယောက်ျားလေးဆောင်က A-F ၆ ဆောင်၊ မိန်းကလေး အဆောင်ကြီး တဆောင်က G။ (မစန္ဒာက ဂျီဟောသူလို့ ရေးသေးတယ်) ကျောင်းထဲက C Block စီဆောင် အောက်ထပ်မှာ ကျောင်းစာအုပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ နားနေ စာဖတ်ခန်းတို့ ရှိတယ်။ အဲဒီအခန်းက ရေဒီယိုကလဲ တနေ့လုံး ဖွင့်ထားတော့ နေ့လည်နေ့ခင်း ရေဒီယိုက သီချင်းသံကလေး တလွင်လွင်နဲ့ ကျောင်းသားတွေကလည်း အများအားဖြင့် ကျောင်းတက်နေချိန်ဆိုတော့ လူသူရှင်းရှင်းမှာ ရေဒီယိုသံက တလွင်လွင်နဲ့။ လွမ်းစရာလေး။
အော်.... မိုးတသဲသဲ၊ နွားချေးနံ့ တသင်းသင်း၊ အာရ်အိုင်တီမှာ ကျောင်းတက်ရလို့မှ ပျော်ခါစရှိသေး၊ နှစ်လလောက်မှာ ကျွန်းဆွယ်အရေးအခင်းဖြစ်လို့ စစ်အစိုးရက တက္ကသိုလ်နဲ့ ကောလိပ်တွေကို ပိတ်လိုက် ပါတယ်။
ဆက်ပါဦးမည်။
၁၁၊ ၁၂၊ ၂၀၀၉။
Wednesday, November 11, 2009
သူငယ်ဘ၀ ရှေးခါက
ရေးသူ- မင်းသုဝဏ်
ကျွန်ပ်၏ ဇာတိမှာ ယခုအခါ ရန်ကုန်တိုင်းဟုခေါ်သော ဟံသာဝတီစီရင်စု အရှေ့ဘက်ခြမ်း ပင်လယ် ဟိန်းသံကို ကြားရသည့် ကွမ်းခြံကုန်း ဖြစ်ပါသည်။ မွန်တို့ဒေသတွင် လယ်လုပ်ရန် အထက်အညာက ဆင်းလာကြသည့် အထက်သားများ စုဝေးနေထိုင်ရာ အရပ်တခု ဖြစ်ပါသည်။
တခါတုန်းက အဘိုးအိုတယောက် ကုန်းတခုပေါ်တွင် ကွမ်းစိုက်သည်ကို စွဲ၍ ဤ ကွမ်းခြံကုန်းအမည် ဖြစ်လာသည်ဟု ပါးစပ်ရာဇ၀င်ဆရာတို့က ပြောသည်ကို ကြားဖူးပါသည်။ ရေထ ရက်များတွင် ပင်လယ်ရေကြီး၍ ရေလွှမ်းသောအခါ ရေမစွတ်ပဲ ကျန်နေသော ကုန်းများတွင် ရွာတည်နေကြသဖြင့် မြန်မာလို 'ကုန်း' ပါသည့် လက်ခုပ်ကုန်းရွာ၊ ကညင်ကုန်းရွာ၊ ကွမ်းခြံကုန်းရွာ စသည်တို့ ဖြစ်ပေါ်လာပါသည်။ ယင်းတို့ မပေါ်သေးမီ ရှေးအထက်က မွန်လူမျိုးများသည်လည်း တော်ကူးရွာ၊ တော်ခရမ်းရွာ စသော ရွာများကို တည်ထောင်နေကြ ပါသည်။ 'တော်' ဆိုသော မွန်စကားလုံးမှာ မြန်မာလို 'ကုန်း' ကို ဆိုကြောင်း ကြားဖူးပါသည်။
အနီးအနားတွင် ကွမ်းခြံကုန်းဆိုသော ရွာတရွာ ရှိသဖြင့် ကျွန်ပ်၏ ဇာတိ ကွမ်းခြံကုန်းကို သီးခြားသဘော ပြု၍ တော်ပလွဲကွမ်းခြံကုန်းဟု ခေါ်ကြပါသည်။ တော်ပလွဲမှာ ကွမ်းခြံကုန်းရွာ၏ အနီး မရမ်းချောင်းကမ်းပါးပေါ်တွင် ရှိသော ရှေးဟောင်း မွန်ရွာတရွာ ဖြစ်ပါသည်။ မြန်မာလို ဥသျှစ်ကုန်း ဟု အဓိပ္ပါယ်ရှိကြောင်း သိခဲ့ရပါသည်။ အမှန်မှာ ကွမ်းခြံကုန်းရွာနှင့် တော်ပလွဲရွာ ဟူသော ရွာနှစ်ရွာမှာ အရှေ့အနောက် တန်းနေပုံ ရပါသည်။ ကွမ်းခြံကုန်းရွာ၏ သုဿန်သင်္ချီုင်းမှာ တိလောက မှန်ကူသွန်းဘုရားကြီးအနီးရှိ ဗောဓိပင် အနားတွင် ရှိပါသည်။ ကျွန်ပ်တို့ ငယ်စဉ်က ဤနေရာကို တူးရာတွင် ခေါင်းသေတ္တာ အဆွေးများကို တွေ့၍ လူကြီးသူမများက မှတ်ချက်ချသည်ကို ကြားဖူးလိုက်ပါသည်။
ကျွန်ပ်တို့ အရပ်တွင် ခလောက်ကိုးလုံး၊ တော်ကိုးလုံးရှိသည်ဟု လူကြီးသူမများ ပြောပါသည်။ ခလောက်ဆိုသော မွန်စကားလုံးကလည်း ကုန်းတမျိုးကို ဟောသည်ဟု ဆိုပါသည်။ ခလောက်တရာရွာမှာ ယနေ့တိုင် အထင်အရှား ရှိပါသည်။
တော်ပလွဲကွမ်းခြံကုန်းမှာ အထက်တွင်ဆိုခဲ့သည့်အတိုင်း ကျွန်ပ်၏ဇာတိ ဖြစ်ပါသည်။ ကျွန်ပ်တို့ ဘိုးဘွား မိဘများမှာ ကွမ်းခြံကုန်းမြို့၏ လူအနေကျဲသော တောင်ဘက်ကမ်းတွင် နေပါသည်။ လမ်းအရှေ့ဘက်ထိပ်တွင် စစ်တကောင်းကုလား ဒါဒါဆိုသူ၏ တံငါစခန်း ရှိပါသည်။ အနောက်ဘက်ထိပ်တွင် ဘာဘူလေး ဆိုသူ၏ တံငါစခန်း ရှိပါသည်။ သူတို့၏ အမည်မှန်ကို မသိပါ။ သူတို့သည် မြန်မာအမျိုးသမီးများနှင့် အိမ်ထောင်ပြုကြ၍ သူတို့၏ သားများမှာ ကျွန်ပ်၏ ကစားဖော် ကစားဖက်များ ဖြစ်ပါသည်။
ကျွန်ပ်ဖခင်ဘက်က အဘိုးမှာ မရမ်းရွာသား ဦးကြာဇံ ဖြစ်ပါသည်။ သူက လှေသူကြီး၊ စပါးပွဲစားပါ။ ကွမ်းခြံကုန်းတ၀ိုက်က စပါးများကို ၀ယ်၍ လှေနှင့်တင်ကာ ရန်ကုန်မြို့ ပွဲစားကြီး ဦးဘိုးသာ စသည်တို့ထံတွင် ရောင်းပါသည်။
အဘိုးဦးကြာဇံမှာ ဘွင်းဘွင်းတွေး၍ ဘွင်းဘွင်းပြောတတ်သူဟု ဆိုပါသည်။ တခါသော် ပွဲစားကြီးက ရွှေတိဂုံစေတီ ကုန်းတော်တွင် တန်ဆောင်းဆောက်ရန် စီစဉ်ပါသည်။ အဘိုးနှင့် လှေသားများက ကျွန်းတိုင်ကြီးများကို ထူပေးရပါမည်။ မနက်နေထွက်ပြီ။ မထူရသေး။ နေမြင့်ပြီ။ မထူရသေး။ နေပူလှပြီ မထူရသေး။ ထိုအခါ အဘိုးက ပွဲစားကြီးကို ထူချင်ကြောင်း ပြောရာ မြေခံကောင်းချိန် မရောက်သေး၍ မထူရသေးကြောင်း ပြောသဖြင့် အဘိုးက မြေကြီးကို တီခံတာပဲ။ ထူချင်တဲ့အခါ ထူတာပေါ့ ဟုဆိုလျက် ထူပေးလိုက်ကြောင်း ကြားဖူးပါသည်။
အဘိုးသည် စေတီတော်ကြီးကို အလွန်ကြည်ညိုပါသည်။ ရွှေဆည်းလည်း လှူဖူးပါသည်။ ရွှေပြားလှူဖူး ပါသည်။ သူ၏ နောက်ဆုံး မွေးသားငယ်ကို မောင်ရွှေပြား ဟူ၍ပင် ခေါ်ပါသည်။ ကျွန်ပ်နှင့် အရွယ်တူ ဖြစ်ပါသည်။ ကိုအောင်ချစ်ဟု အမည် ရှိပါသည်။
ဆည်းလည်းမှာ အနောက်တောင်ထောင့်တွင် ထိုးထွက်နေ၍ မိဘများ လက်ညှိုးထိုးပြသဖြင့် မြင်ဖူးပါသည်။ တခါက ထီးတော်ကို အသစ်လဲ၍ ဆည်းလည်းများကို မှန်တိုက်တွင် ပြထားစဉ် ဆည်းလည်းပေါ်ရှိ ကမ္ဗည်းစာကို ကျွန်ပ် ကူးယူထားပါသည်။
တောင်ဘက်ကမ်းတွင် အဘိုးစတင်နေထိုင်သောအခါ အရပ်က သုံးရန် သောက်ရေကန်တကန်ကို ရွာပြင်ဘက် ကွင်းတွင်ထဲတွင် တူးပါသည်။ ကျွန်ပ်တို့ မီသောအခါ ကန်ပေါင်တွင် ထန်းပင်များ ရှိနေသည်ကို မှတ်မိနေပါသည်။ ကွမ်းခြံကုန်းနှင့် တော်ခရမ်းရွာအကြား ပေတရာ လမ်းမပေါ်တွင်လည်း ရေကန်တူး၍ ဇရပ်ဆောက်ကာ ခရီးသွားများ အပန်းဖြေနားနေရန် လုပ်ခဲ့ပါသည်။ ဤနေရာတ၀ိုက်တွင် အဘိုးပိုင် လယ်မြေ နှစ်တုံးထွန်၊ သုံးတုံးထွန်လောက် ရှိသည်ဟု ဆိုပါသည်။
အဘိုး၏ ရာပါလှေကြီး ဆိုက်ကပ်ထားရာ ကွမ်းခြံကုန်းချောင်းအကြောင်းကို ပြောပါဦးမည်။ ဤချောင်း မှာ မြစ်ဝကျွန်းပေါ်အရပ်၏ ထုံးစံအတိုင်း ရေတက်ရေကျရှိသော ချောင်းဖြစ်ပါသည်။ ချောင်းနဘေးတွင် ငါးတန် ပိန်းတောများ၊ ခရာဆူးတောများ ရှိပါသည်။ ယင်းတောများကို ခို၍ မြွေစိမ်းမြီးခြောက်များက အပင်များတွင် နေပါသည်။ အဆိပ်ပြင်းသော ဂျပ်မြွေနှင့် အဆိပ်ကင်းသော ကနကုတ်တို့က ရေထဲတွင် နေကြပါသည်။ ဂျပ်မြွေမှာ အဆိပ်ရှိသော အစွယ်များ အပြင်ထွက်နေ၍ ယင်းအစွယ်များ ခြစ်မိလျှင် အဆိပ်တက်ကာ အိပ်ချင်လာပါသည်။ အိပ်သောအခါ မထတော့ပဲ သေပွဲဝင်တတ်သည်ဟု ပြောပါသည်။ ဂျပ်မြွေအဆိပ်သင့်သည်ဟု သိလျှင် ခရာမြစ်ကို ၀ါးစားပါက အဆိပ်ပြေသည်ဟု ဆိုပါသည်။
ချုံများထဲတွင် ရေကြက်များ၊ ကရကွက်များ နေပါသည်။ သူတို့ အော်သံကို ကြားနေရသော်လည်း သူတို့ကို မြင်ဖို့မှာ မလွယ်ပါ။ လှေနှင့် တက်နှင့် သွားခိုက်တွင်မူ ရေစပ်၌ အစာရှာနေသည်ကို မြင်ရနိုင်ပါသည်။ ငယ်စဉ်က ကျွန်ပ်တို့ ကစားဖော်များ ဘောက်တူနှင့် ရေစုန်ရေဆန်မျောကာ လိုက်ကြည့်၍ မြင်ဖူးပါသည်။
ချောင်းထဲတွင် ကျွန်ပ်တို့ မကြာခဏ ရေကူးကစားကြပါသည်။ ရေမကူးတတ်သေးလျှင် ဓနိဖောင်ကို စီး၍ ကူးပါသည်။ ကုန်းပေါ်တွင်မူ ကျွန်ပ်တို့ လူစုံလျှင် သစ်ပင်ရိပ်၌ ဒီထိုးတွတ်ထိုး ကစားကြပါသည်။ ဂေါ်လီပစ်ကစားကြပါသည်။ မျောက်ပန်းလှန် ကစားကြပါသည်။
မိုးစဲလေသောအခါတွင်မူ ရွာပြင်ထွက်၍ စက္ကူစွန် (လေတံခွန်) လွှတ်ကစားကြပါသည်။ သင်္ကြန်အတွင်း၌ ကား ရေကစားကြပါသည်။ ရိုးရိုးရေပက်ရုံမျှမက ၀ါးကိုလုပ်သော ပြွတ်နှင့် ရပ်ကွက်ထဲလှည့်ကာ ရေပက်ကြပါ သေးသည်။ သင်္ကြန်ထမင်းလည်း စားကြပါသည်။ သီတင်းကျွတ်ပွဲတော်တွင်မူ မီးထွန်းကြ၊ မီးပုံးလွှတ်ကြ၊ ပစ္စည်းဝှက် ကစားကြပါသည်။ တန်ဆောင်မုန်းလပြည့်တွင်မူ ဆွမ်းကြီးလောင်းပွဲ ကျင်းပ၍လူငယ်များက ကကြ ခုန်ကြ ယိမ်းပွဲလုပ်ကြပါသည်။ အထက်ပါအကြောင်းတို့ကို အနုစိတ် ရေးရပါမူ လက်အန်သေမည် ထင်ပါသည်။ ကျွန်ပ်တို့၏ ကျေးလက်တောရွာ ထုံးစံသည် အလွန်ကျယ်ပြောပါပေသည်။
အရွယ်ရောက်သောအခါ ကျွန်ပ်သည် လောကဓတ်ကျောင်းသို့ သွား၍ အတန်းစာ သင်ရပါသည်။ ကျောင်းပိတ်ရက်တွင် ဘုန်းကြီးကျောင်းသွား၍ ဘာသာရေးစာများကို နားထောင်ကျက်မှတ်ရပါသည်။ ဘောဒေ၀ပုတ္ထာ၊ အိုနတ်သား စသည်ဖြင့် ကျက်မှတ်ရင်း သာသနာရေးဘက်တွင် စိတ်ညွှတ်ခဲ့ရပါသည်။
သို့သော်လည်း ကစားဖော်များစုမိလျှင်မူ အကစားမပျက် အကွက်လည်အောင် ကစားကြပါသည်။ လူကြီးများ မျက်စိနောက်အောင် ဆော့ကြပါသည်။ နဖူးပြဲ ဒူးကွဲ၍ နနွင်းလိမ်းရသည်လည်း အကြိမ်ကြိမ်ပင်။ နေ၀င်မိုးချုပ်စ တစ္ဆေအပမီ၍ ခေါစာပစ်ရသည်လည်း ရှိပ်သည်။ ခေါစာလာစားသည့် ခွေးကို စောင့်ကြည့်ရ သည်မှာလည်း တမောပင်။
ဤကလေးဘ၀ ကျင်လည်ခဲ့ရသည့် အခြေအနေတို့သည် ကျွန်ပ်ကြီးလာသောအခါ မောင်ခွေးဖို့ ကဗျာများအတွက် အဟာရပေါင်းချုပ် ဖြစ်လာပါတော့သည်။
မင်းသုဝဏ်။
[စာအုပ်လောက မဂ္ဂဇင်း၊ အမှတ် ၁၃၊ ၂၀၀၄ ခုနှစ် ဇန်န၀ါရီ မှ ကူးယူဖော်ပြပါသည်။]

ကြီးပွါးရေး လူထုဦးလှ
ရေးသူ- မောင်ထင်
အမျိုးသားရေး နိုးကြားမှုသည် ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို မြန်မာတနိုင်ငံလုံး အများစု ကောလိပ် ကျောင်းသား၊ အထက်တန်းကျောင်းသား၊ အလယ်တန်းကျောင်းသား (အချို့ဒေသတွင်) မူလတန်းကျောင်းသား များပင် ပါဝင်သော ကျောင်းသားပရိသတ်တို့က တခဲနက် သပိတ်မှောက်ကြသည့် ၁၉၂၀ ပြည့်နှစ် ပညာရေး အရေးတော်ပုံတရပ်မှ စတင်ပေါ်ပေါက်သည်။ ထိုပညာရေးကိစ္စမှ အစပြု၍ တနိုင်ငံလုံးတွင် လွတ်လပ်ရေးကို ဦးတည်သော နိုင်ငံရေး ကြိုးပမ်းမှုကြီးတရပ် ထွန်းကားလာသည်။ ထို့ကြောင့် သမိုင်းဆရာတို့က ထိုအမျိုးသားရေး ဆိုင်ရာ ဥဿဟကြီးကို တနိုင်ငံလုံး၏ အမျိုးသားရေး ကြိုးပမ်းမှုဟူ၍ အသိအမှတ် ပြုကြသည်။
ထိုခေတ်ဦးတွင် ကျွန်တော်တို့ လူပျိုပေါက်အရွယ်သို့ ရောက်လာကြသည်။ ယခုခေတ်၌မူ လူပျိုပေါက် အပျိုပေါက်တို့ကို မျိုးချစ်စိတ်ဓာတ်ဖြင့် အင်္ဂလိပ်ဝေါဟာရကို မှီး၍ ဆယ်ကျော်သက်ဟု ခေါ်ကြသည်။ ဆယ်ကျော်သက် ဆိုသည်မှာ တဆယ်ကို ကျော်သလား၊ နှစ်ဆယ်ကို ကျော်သလား၊ ငါးဆယ်၊ ခြောက်ဆယ်၊ ခုနှစ်ဆယ်ကို ကျော်သလား အတိအကျ မသိပါ။ အားလုံးရောကျော် ဖြစ်နေ၍ အသက်တရာ မပြည့်သေးလျှင် ဆယ်ကျော်သက်ဟူ၍ မှတ်ယူရန် ရှိပါသည်။
သို့သော် ထိုစကားများမှာ ဦးလှနှင့် ဘာမျှမဆိုင်ပါ။ မည်သူနှင့်ဆိုင်သည်ဟုလည်း ပြောရန်မရှိပါ။ စာရေးရာ၌ စာလုံးရေများအောင် သက်သက်မဲ့ ကလောင်ရှည်ခြင်း ဖြစ်ပါသည်။ အမှန်ပြောချင်သော စကားမှာ ထိုအရွယ်တွင် ကျွန်တော်တို့လို လူငယ်များသည် အမျိုးသားရေးကို ဆောင်ရွက်လိုသော စိတ်များ ထိုးထိုး ထောင်ထောင်နှင့် ရင်ထဲမှ ငေါထွက်လာသည်ကို ရေးလို၍ ဖြစ်ပါသည်။
ဦးလှသည် အတွင်းဝန်ရုံးမှာ စာရေးကြီးအလုပ်ကို လုပ်နေသော ဦးသိန်းဆိုသူနှင့် မိတ်ဆွေ ဖြစ်သည်။ ဦးသိန်းသည် ရန်ကုန်မြို့တွင် အလွန်ထင်ရှားသော ခရစ်ယန်သာသနာပြုကျောင်း၌ ငယ်စဉ်က ပညာသင်ယူခဲ့ သဖြင့် အင်္ဂလိပ်လို အရေးအပြော နှစ်ရပ်စလုံး၌ ကျွမ်းကျင်သူ ဖြစ်သည့်အပြင် အလုပ်လုပ်ရာ၌ တိကျမှန်ကန် သော ဓလေ့ရှိခြင်းကြောင့် အတွင်းဝန်ရုံး၌ ကျော်ကြားသည်။ ဦးလှကား ရန်ကုန်မြို့တွင် နာမည်ကြီးသော အစိုးရ အထက်တန်းကျောင်း၌ စတင် ပညာသင်ယူခဲ့လေရာ အင်္ဂလိပ် - မြန်မာစာ အရေးအသား သင့်တင့်ကောင်းမွန် သည့်အပြင် ကျောင်းသားတို့ ၀ါသနာအလျောက် ဆောင်ရွက်တတ်သော စည်းကမ်းနည်းလမ်း လုပ်ငန်းများကို ကျွမ်းကျင်သည်ဟု ထင်ရှားသည်။
ထိုသူနှစ်ယောက်သည် ပူးတွဲ ပူးတွဲနှင့် ကျွန်တော်တို့၏ မြို့မတိုင်းရင်သား အထက်တန်းကျောင်းသို့ မှန်မှန်လာကြသည်။ အစိုးရကျောင်းသားနှင့် "နေရှင်နယ်" (တိုင်းရင်းသား) ကျောင်းသားများသည် ဆန့်ကျင်ဘက် ဟု အများက ယူဆကြသည်။ သို့သော် အမှန်မှာ ကျွန်တော်တို့ ကျောင်းသားများသည် ဘယ်ကျောင်းက ထွက်ထွက် ကျောင်းသားမှန်လျှင် လည်ပင်းဖက်ပြီး ပေါင်းသင်းတတ်ကြသည်မှာ ယေဘူယျဖြစ်သည်။ အစိုးရ ကျောင်းသားများသည် အများအားဖြင့် အင်္ဂလိပ်ဘာသာရပ်၌ "တော်" ကြပါသည်။ ကျွန်တော်တို့ မြို့မတိုင်းရင်းသား ကျောင်းသားတို့က မြန်မာစာတွင် ရတုကို စပ်ဆိုနိုင်သည်အထိ "တော်" ကြပါသည်။ "တော်" သူ ကျောင်းသားချင်း ပေါင်းသင်းကြပုံမှာ ညီအစ်ကိုကဲ့သို့ ဖြစ်ပါသည်။ သို့သော် ဦးသိန်းနှင့် ဦးလှတို့ ကျွန်တော်တို့ ကျောင်းသို့ ရောက်လာပုံမှာ အလွန်ထူးပါသည်။ ထိုသူနှစ်ယောက်က လူထုများအရှေ့မှာ အင်္ဂလိပ်စကားပြော သည်ဖြစ်စေ၊ မြန်မာစကား ပြောသည်ဖြစ်စေ ရဲရဲဝံ့ဝံ့ ဌာန်ကရိုဏ်းကျကျ ပြောတတ်အောင် ကျောင်းသားဘ၀မှစ၍ လူထုရှေ့တွင် စကားပြောနည်းကို လေ့ကျင့်သင့်ကြောင်း၊ ငယ်စဉ်ကစ၍ ဤကဲ့သို့ လေ့ကျင့်ရလာလျှင် ပေါင်းသင်း ဆက်ဆံရေး၌ ကောင်းမွန်၍ စီးပွါးရေးလုပ်လုပ်၊ အစိုးရအမှုထမ်းလုပ်လုပ်၊ နိုင်ငံရေး လုပ်လုပ် ဘာကိုပဲလုပ်လုပ် အောင်မြင်မှု ရနိုင်ကြောင်း၊ ထိုကြောင့် ကျောင်း၌ စကားအခြေအတင်ပြောသော အသင်းများကို တည်ထောင်သင့် ကြောင်း၊ အပြောအဆို ကျွမ်းကျင်သောအခါ တဆင့်တက်၍ ကျေးရွာပြုပြင်ရေး အပါအ၀င် လူမှုရေးလုပ်ငန်းများ ကို စနစ်တကျ ဆောင်ရွက်သင့်ကြောင်း၊ ကျေးလက်ကို စနစ်တကျ ထူထောင်နိုင်ပါမှ ကျွန်တော်တို့ လိုချင်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို နိုင်နင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နှစ်ကိုယ်ကြား ဟောပြောကြပါသည်။ နှစ်ကိုယ်ကြား ဆိုသည်မှာ ပထမစည်းရုံး စတွင် လူငယ်လေးငါးယောက်ခန့် စည်းရုံးရမည်ဖြစ်ရာ နှစ်ဦးနှစ်ဘက် ဟိုဘက်သည်ဘက် သဘောပေါက်အောင် ပြောတတ်ဖို့ အရေးကြီးသောကြောင့် နှစ်ကိုယ်ကြားစနစ်နှင့် စတင် ဆောင်ရွက်ရမည်ဟု ဦးသိန်းက ဟောပါသည်။
မြို့မတိုင်းရင်းသားကျောင်းမှာ စကားအခြေအတင်ပြောသော အသင်းရှိပြီး ဖြစ်၍ ကျေးလက်ပြုပြင်ရေး လုပ်ငန်းကို ဦးသိန်းနှင့် ဦးလှတို့က အာရုံစိုက်၍ တီထွင်ဆောင်ရွက်ပေးရန်သာ လိုသည်။ ဤကဲ့သို့ ဦးသိန်းက ဦးဆောင်၍ ဦးလှက ဆော်သြပေးလျှင် လုပ်ငန်းထွန်းကားလာလိမ့်မည်ဟု မြို့မကျောင်းသားကြီးများက ပြောကြား သည်။ မကြာမီ စာပေးစာယူစနစ်ဖြင့် မိတ်ဆွေဖွဲ့သော ကလပ်ဟု ပေါ်ပေါက်လာသည်။ မြို့မတိုင်းရင်းသားကျောင်း သည် ရန်ကုန်မြို့ အစိုးရ အထက်တန်းကျောင်းနှင့် မိတ်ဆွေ ဖြစ်လာရုံမက အခြားအိန္ဒိယတိုင်းရင်းသားများ ထူထောင်သော ကျောင်းများနှင့်ပါ ရင်းနှီးလာကြသည်။ အသင်းသားများ စုစည်းမိကြသောအခါ လူငယ်များသည် ကလပ်ကို တိုးချဲ့လာကြသောကြောင့် ယခု ဗိုလ်ချုပ်ဈေးကြီး၏ အခန်းတခုကို ငှားရမ်းပြီးလျှင် မူလကလပ်ကို ဖျက်သိမ်း၍ လူငယ်များ ကြီးပွါးရေးအသင်းကို တည်ထောင်ကြသည်။ ထိုအသင်း၏ အာဘော်ကို လူအများ နား လည်အောင် မဂ္ဂဇင်းတစောင်ကို ထုတ်ဝေရန် အသင်းကြီးက ဆုံးဖြတ်ရာ ဦးလှက မဂ္ဂဇင်းထုတ်ဝေရေးကို တာဝန်ယူသည်။
ဦးသိန်းသည် လူငယ်များကြီးပွါးရေးအသင်း၏ ဖခင်ဟု ဆိုလောက်သည်။ ထို့ကြောင့်လည်း သူ့ကို ကြီးပွါးရေးဦးသိန်းဟု အများက ခေါ်ဝေါ်ကြသည်။ ကြီးပွါးရေးမဂ္ဂဇင်းကို ထုတ်ဝေလိုက်သောအခါ ဦးလှကိုလည်း ကြီးပွါးရေးလူငယ်ပရိသတ်တို့က "ကြီးပွါးရေးဦးလှ" ဟူသော "ဘွဲ့" ကို ချီးမြှင့်သည်။
ကြီးပွါးရေးမဂ္ဂဇင်း ထွက်လာသောအခါ ကျွန်တော်သည် မူလအသင်းသားတဦး အဖြစ်ဖြင့် ထိုမဂ္ဂဇင်းတွင် ဆောင်းပါးနှင့် ကဗျာများ စသည်တို့ကို ရေးသားခဲ့သည်။ နောင်သောအခါ မြို့အုပ်အဖြစ်ဖြင့် အနယ်နယ် အရပ်ရပ်သို့ လှည့်လည်အမှုထမ်းစဉ်၊ မင်းမှုထမ်းဘ၀၏ သဘောနှင့် သရုပ်ကို ဖော်သော အဓိပ္ပါယ်ဖြင့် ရယ်ဖွယ်များကို ရေးသားခဲ့သည်။ များစွာသော စာဖတ်ပရိသတ်သည် ကျွန်တော်ရည်ရွယ်သလို ရယ်ကြပါ၏။ သို့သော် တချို့က သူ့ကို စောင်းမြောင်းရေးသည်ဟု မှတ်ယူကြသည်။ ထိုစဉ်က ကျွန်တော် စာရေးဆရာပေါက်စ သည် စာရေးခြင်း၌ အကင်းမပါးပါ။ မခံချင်တတ်သော မြေတိုင်းစာရေးကလည်း ကျွန်တော့ကို ရန်တွေ့ပါသည်။ သို့သော် ကံကောင်းထောက်မသဖြင့် မြို့အုပ်မင်းသည်လည်း ကဗျာမစပ်ရတော့ပါ။ ဒုတိယကမ္ဘယစစ် ဖြစ်သောအခါ ပါးလ်ဟာဗာ ဗုံးကြဲသောနေ့တွင် ခွင့်ရက်ရှည်ရသဖြင့် တောင်ကုပ်မှ ကိုယ့်မြို့ကိုယ့်ရွာသို့ မိုင် ၁၁၀ ခြေကျင်လျှောက်ပြီးမှ သင်္ဘောစီး၍ ပြန်ခဲ့ပါသည်။
ကျွန်တော် ဗရုတ်သုက္ခဖြစ်နေတုန်း ထိုအခါက အိမ်ထောင်ကျပြီး ဖြစ်သော ကြီးပွါးရေး ဦးလှသည် ချစ်ဇနီး ဒေါ်အမာနှင့်အတူ မန္တလေးမှာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းကို လုပ်ပါသည်။ ကျွန်တော်တို့ ငယ်သူငယ်ချင်း နှစ်ယောက် ရုတ်တရက် မဆုံမိပါ။ ကျွန်တော်ကား မြန်မာနိုင်ငံ လွတ်လပ်ရေးရသကဲ့သို့ မိမိလည်း လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ပြီး၊ ရန်ကုန်သတင်းစာ၌ အယ်ဒီတာအဖြစ် ထမ်းရွက်နေစဉ်၊ လူထုဦးလှ ဆိုသူတယောက် ရန်ကုန်ထောင်ကြီးထဲ ရောက်နေသည် ဆိုသောကြောင့် သတင်းစာဆရာအသင်းက တာဝန်ပေးသဖြင့် ထိုပုဂ္ဂိုလ်ထံ သွားရောက် တွေ့ဆုံရပါသည်။
စိတ်ထဲမှာ မှတ်ထားသမျှကို နှစ်ပေါင်း ၅၀ ကြာမှ ပြန်၍တွေးနေရသဖြင့် အသေးစိတ်အချက်အလက် မှားချင်မှားမည်။ ကျွန်တော်ကိုယ်တိုင်ကလည်း ထိုစဉ်က မှားခဲ့၏။ ကျွန်တော်က ဦးလှ ထောင်ထဲရောက်နေ သောကြောင့် စိတ်ညှိုးငယ်နေလိမ့်မည်ဟု မှားမှားယွင်းယွင်း ထင်မြင်ခဲ့၏။ ဦးလှနှင့် တွေ့သောအခါ လား.. လား... ကိုယ်တော်ချောက ဘောလုံးကို ရင်ဝယ်ပိုက်၍ သူ့အဖော် ဘောသမားများနှင့်အတူ ကျွန်တော့ကို ရယ်ဖြဲဖြဲနှင့် နှုတ်ဆက်ပါသည်။ သူက ယခုကဲ့သို့ ဘောလုံးနှင့် အချိန်ဖြုန်းခွင့် ရသောကြောင့် ကျန်းမာရွှင်လန်းလျက် ရှိကြောင်း ပြောပြသောအခါ ကျွန်တော်လည်း အလွန်ဝမ်းသာသွားပါသည်။ သို့သော် "ဒီလို တခါပဲ ၀မ်းသာပါ ရစေ" ဟု စိတ်တွင် အောက်မေ့ပါသည်။
ထိုခေတ်က မန္တလေးမှာ ထုတ်ဝေသော လူထုသတင်းစာကို မြန်မာလူထုက လေးစားပါသည်။ တချို့က ကွန်မြူနစ်ဆန်သည်ဟု ပြောကြသော်လည်း အမှန်မှာ ဦးလှသည် ဟိုဘက် သည်ဘက် လိုက်တတ်သူ မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်တို့ ရန်ကုန်မှာ ထုတ်ဝေသော သတင်းစာများသည် မန္တလေးအာဘော်ကို နားလည်လိုလျှင် လူထုကို ဖတ်ကြရပါသည်။ တစတစနှင့် လူထု သတင်းကြီးလာသောအခါ "ကြီးပွါးရေး" ဘွဲ့ အလိုလို ပျောက်ပြီးလျင်၊ "လူထု" ဟူသောဘွဲ့သည် အလိုလို ရောက်လာသဖြင့် "လူထုဦးလှ" ဟု တွင်လာပြန်သည်။ ဤသည်ကို အကြောင်းပြု၍ ယခု ကျွန်တော်က ဦးလှအတွက် နှစ်ပတ်လည် ဂုဏ်ပြုသော အခမ်းအနားတွင် "ကြီးပွါးရေး လူထုဦးလှ" အကြောင်း စာတမ်းရေးသား ပေးပို့ လိုက်ပါသည်။
ယခုအခါ ကျွန်တော်တို့ အဖိုးအို အဖွားအိုများသည် ငယ်စဉ်ကလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါ။ သို့သော် ဇရာပိုင်းမှာ ရှိနေသော်လည်း ဦးလှ ဒေါ်အမာတို့ကို အမြဲသတိရပါသည်။ ကျွန်တော်၏ ဒုတိယသားဖြစ်သူ အင်ဂျင်နီယာသည် မကြာခဏ မန္တလေးကို သွားရပါသည်။ သူသွားတိုင်း ကျွန်တော်က စကား တခွန်း နှစ်ခွန်းမှာ လိုက်သည်။ ဒေါ်အမာကလည်း ကျွန်တော့်ထံ စကား တခွန်း နှစ်ခွန်း လက်ဆောင်ပါးလေ့ရှိသည်။ မာကြောင်း သာကြောင်း အကြောင်းကြားသည့်သဘော ဖြစ်သည်။ ဒေါ်အမာသည် ဦးလှနှင့်အတူ "လူထု" ကို ပျိုးထောင်ခဲ့သူဖြစ်ခြင်းကြောင့် "လူထုဒေါ်အမာ" ဟူသော "ဘွဲ့" သည် အလိုအလျောက် ဖြစ်ထွန်းလျက် ရှိပါသည်။ ဤတခေါက် ကျွန်တော့်သား မန္တလေးမှ ပြန်လာသောအခါ လူထုဒေါ်အမာသည် သူ့သား အိမ်ပြန်ရောက်ပြီ ဖြစ်၍ အလွန်ဝမ်းသာလျက် ရှိပါသည်ဟု ၀မ်းပန်းတသာ သတင်းပေးပါသည်။ ကျွန်တော်သည် အလွန်ဝမ်းမြောက် ရပါသည်။ စကားစပ်မိသောကြောင့် "လူထုဒေါ်အမာသည် သားသမီးများနှင့်အတူ အမြဲ သိုက်သိုက်ဝန်းဝန်း ၀မ်းမြောက်ဝမ်းသာ ရှိပါစေသတည်း" ဟု ဆုတောင်းလိုက်ပါသည်။ ကောင်းသောအကြံ၊ ကောင်းသောစကား၊ ကောင်းသောအလုပ်တို့သည် အထမြောက် အောင်မြင်ပါစေ။
မောင်ထင်
၈- ၆- ၉၉
[ကြီးပွါးရေးတိုက်ထုတ် 'နှစ် ၉၀ ပြည့် လူထုဦးလှ' ပထမနှိပ်ခြင်း၊ ၂၀၀၀ ပြည့် ဇွန်မှ ကူးယူဖော်ပြပါ တယ်။]
Tuesday, November 10, 2009
A Revolutionary Saint (or) A Saintly Revolutionary?
written by Ludu Sein Win
It is a little over 5 years since he had left this mundance world leaving behind his loved ones and his beloved people. But usual with his personality of his calibre he was well remembered and well commemorated. He was too much of a heavy weight to be easily forgetten. He was indeed physicaly a heavy weight and also a heavy weight in media and literary field. This was well accepted throughout his corner and throughout his life. But there are many who did not realise that he also was a heavy weight in revolutionary and political movements of our country.
Since his youthful days, he was in the forefront of Burma's political renaissance care 30's and 40's. He participated in every anticolonial movements, political and cultural as well. He was always at the progressive side. He was always seen together with progressive young men. He was also an active supporter of the antifacist resistence and after the war he was a founding member of the AFPFL Front.
After Burma gained her independence, he fully devoted his life in media and literary world. Although he had a heavy responsibility as a founder publisher and editor of a highly respected newspaper, he had never failed to fill the gap in the litarary field. He wrote many books for the children and adults as well. His Folks Tales series were not merely series of bed-side tales for the children. They were Laboriously collected, compiled and publisshed with the nobel aims of acheiving mutual understanding and respect among many indigneous races of the country. His prison series were among the best of that calibre ever written, much much better than world famous Nehrus' Letters. They were full of life, terribly realistic, highly humanistic and exceptionally compassionate. Compassionate is the trade mark of him. We could him a compassionate uncle who always tolerated with understanding and far-sightedness, the aggressiveness of the angry young revolutionaries. The young revolutionaries mistook his far-sightedness and torlerance as ineptness. Some even thought that he as just a conservative reformist. They totally forgot about the fact that many if not the most of the present day leading progressive writers and poets were nurtured and guided and promoted by him.
The years between 60's and 70's were years of wars- aggressive wars and resistant wars, oppressive wars and revolutionary wars. The whole world at the brink the 3rd World War. At that time, we youngsters thought that every revolutionary must hold arms and we did not pay high regard to anyone who never hold arms. At that time we never thought about the fact that our ideal revolutionary writer Lu HSun had never in his entire life held arms as a weapon for his revolutionary activities. And yet he was called a flag-bearer of the Chinese revolution, by a person no other than Moa Tse Tung himself.
We youngsters are reluctant to accept him as a revolutionary. Indeed he was a great revolutionary, but he was not a revolutionary of common sense. He was a revolutionary with a Saint's heart. We mistook his generous words and mild manners and his farsightedness as conservative. And yet we all loved him as an uncle. But among ourselves we just thought him as a revolutionary Saint- a saint but revolutionary. We did not believe at that time a saint even though revolutionary might not be a fellow- traveller up to the end of revolution.
But he in fact was not a revolutionary Saint. As the saying goes "actions speak louder than words" his work and his deeds in every sphere of our country's political and literary field vividly showed that he was a saintly revolutionary but not a revolutionary Saint.
Ludu Sein Win
[လူထုချစ်သမျှ လူထုဦးလှ- ဒုတိယတွဲ၊ ပထမအကြိမ်၊ ၂၀၀၀ခုနှစ်၊ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်။]

Monday, November 9, 2009
ဒုတိယတလှမ်း
ရေးသူ- ဖိုးသံ(လူထု)
ကျနော့်အမေ ဆုံးပြီးနောက် ကျနော် ပထမဆုံးရေးတဲ့ ဆောင်းပါးတပုဒ်ထဲမှာ ကျနော်အမေ့ရဲ့ အကူအညီနဲ့ ထောက်လှမ်းရေး၊ အက်စ်ဘီနဲ့ ရပ်ကွက်လူကြီးတွေ လာဖမ်းတဲ့ကြားက ထွက်ပြေးခဲ့ပုံကို ရေးခဲ့ပြီး ဆောင်းပါးကို ဒီလို အဆုံးသတ်ထားပါတယ်-
"ညမှာ မန္တလေးမြို့က ခွာပြီဆိုတော့မှပဲ ကိုယ့်ခံစားချက်ဖက် အာရုံလှည့်မိပါတယ်။ ပထမဆုံး ခေါင်းထဲမှာ ပေါ်လာတာက မာတာပီတုဂုန္တော အနန္တော ဆိုတာပါပဲ။"
ကျနော် ဆက်ရေးပါမယ်။ ဒါလည်း အခုမှ ရေးနိုင်တာမို့ပါ။
အိမ်က ထွက်လာပြီးနောက် ကျနော်တညလုံး ခရီးနှင်ပါတယ်။ အဲဒီတုန်းက ကျနော့် စဉ်းစားနည်းက မန္တလေးမြို့ နယ်နိမိတ်ထဲကနေ အမြန်ဆုံးထွက်ခွာဖို့၊ လက်နက်ကိုင်တော်လှန်ရေးဒေသထဲ၊ အထူးသဖြင့် ကျနော်တို့ ပါတီရဲ့ လက်နက်ကိုင်ဒေသတခုခုထဲကို အမြန်ဆုံး ရောက်ဖို့ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကျနော့် အတွက် ဘာမှ တွေဝေနေစရာ၊ ဝေခွဲမရ ဖြစ်နေစရာ မရှိပါဘူး။ ရဲ မင်းဖြစ် ဆိုတဲ့လမ်းကိုပဲ လိုက်ရတော့မှာပါ။
ကျနော် ဒီလိုထွက်ပြေး လွတ်မြောက်လာတဲ့အတွက် ထောက်လှမ်းရေးဟာ အင်မတန် အခဲမကြေ၊ အသေရှာလိမ့်မယ် ဆိုတာကို တွက်မိလို့ ကျနော်တို့ ယူဂျီက လူတွေပို့နေတဲ့ မြောက်ပိုင်းလမ်းကို အသုံးမပြုပဲ သွားနေကျ၊ သုံးနေကျ မဟုတ်တဲ့ လမ်းကြောင်းကနေ သွားမယ်လို့ စဉ်းစားပြီး ရှမ်းပြည်တောင်ပိုင်း ကျောက်ဂူဒေသ (၁ဝ၈စစ်ဒေသ) ကို ရည်မှန်းချက်ထား ထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်ဟာ နောက်တနေ့ ညနေစောင်း (၃၁-၈-၇၆) မှာ တောင်ကြီးကို ရောက်ပါတယ်။ ကျနော်နဲ့အတူ ဘော့လုံးလောကမှာ အင်မတန်ခင်ခဲ့တဲ့ ကိုတော်ဝင်း ပါလာပါတယ်။ သူက နိုင်ငံရေးနဲ့ ပတ်သက်လာရင် ဘာမှမသိ၊ ဘာမှလည်း စိတ်မဝင်စား၊ ဘာမှလည်း မလုပ်ဖူးသူပါ။ ကျနော် အကူအညီ လိုတယ်ဆိုလို့ အကုန်စီစဉ်ပြီး လိုက်ပို့တာ ဖြစ်ပါတယ်။
ကားပေါ်က ဆင်းဆင်းချင်းတွေ့တဲ့ တက္ကစီ ဆရာတယောက်ကို မေးလိုက်ပါတယ်။ ကျနော် လမ်းပေါ်မှာ ကြာကြာရပ်နေရင် တယောက်ယောက်က တွေ့သွားမှာ စိုးလို့ပါ။ "ခေါင်းတခေါင်းလုံးဖြူနေတဲ့ တက္ကစီ မောင်းတဲ့ ဦးထွန်းမြင့်လေးအိမ်ကို သိသလားဗျ။" မသိဘယ်သူ ရှိပါ့မလဲ။ ကျနော်ရှာတဲ့ ဦးထွန်းမြင့်လေး ဆိုတာက ရှမ်းပြည်နယ်ရဲ့ ဒုတိယ ကမ္ဘာစစ် ဒီဖက် နိုင်ငံရေးမှာ အင်မတန်တက်ကြွ၊ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တဦးပါ။ ပင်လုံစာချုပ် ဖြစ်ပေါ်ရေးမှာလည်း အရေးပါတဲ့ အခန်းက ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၆၂ခုနှစ်မှာ ဗိုလ်နေဝင်းတို့ အာဏာသိမ်းတော့ စော်ဘွားတွေနဲ့အတူ အဖမ်းခံရပြီး ဗိုလ်နေဝင်းက ရန်ညှိုးနဲ့ နောက်ဆုံးမှ လွှတ်ပေးတာခံရသူ ဖြစ်ပါတယ်။ ထောင်ထဲမှာပဲ သူ့ ခေါင်းတခေါင်းလုံး ဖြူသွားတာ ဖြစ်ပါတယ်။
သူ့အိမ်ကို ကျနော်ရွေးရတဲ့ အကြောင်းကိုလည်း ပြောပြသင့်တယ်ထင်လို့ နည်းနည်းရေး ပြပါ့မယ်။ ပထမဆုံး စရေးသင့်တာက သူတို့ မိသားစုနဲ့ ကျနော်တို့ မိသားစုရဲ့ ထူးထူးခြားခြား နှောင်တဲနေတဲ့ သံယောဇဉ်ပါ။ ကျနော့်အဖွားနဲ့ ကြီးဒေါ်က ဆေးလိပ်လုပ်ငန်း လုပ်သူတွေဆိုတော့ အဲဒီတုန်းက ဗမာပြည်မှာ တခုတည်းသော သနပ်ဖက်ထွက်ရာ ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ အဆက်အသွယ်များ ပါတယ်။ အဲဒီလိုနဲ့ သနပ်ဖက် ပွဲစားကြီးတွေဖြစ်တဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးသူ တဦးဖြစ်တဲ့ ဦးခွန်ထီးတို့လို ပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးခဲ့ ပါတယ်။ နောက်ပြီး ရှမ်းပြည်နယ်က လူတွေဟာ ဘုရားဖူး အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မန္တလေးကို မကြာခဏ ဆင်းလာနေကြတာပါ။ အဲဒီလိုနဲ့ အသွားအလာတွေများ၊ ကိုယ့်အိမ်သူတည်း၊ သူ့အိမ်ကိုယ်တည်းနဲ့ ပိုရင်းနှီးလာကြတယ် ထင်ပါတယ်။ နောက်တော့ ဦးခွန်ထီးလို လူတွေကတဆင့် လူထုမောင်နှံဟာ ရှမ်းပြည်နယ်က နိုင်ငံရေးသမားတွေနဲ့လည်း ရင်းနှီးလာခဲ့ ကြပါတယ်။ အဲဒီအထဲမှာ အရင်းနှီးဆုံးက လူထုသတင်းစာနဲ့ ဂျာနယ်မှာ အယ်ဒီတာလုပ်သွားတဲ့ သူရ(ရှမ်းပြည်) ခေါ် ဦးထွန်းဖေနဲ့ ဦးထွန်းမြင့်လေး တို့ လို့ဆိုရင် မမှားပါဘူး။
ဒီလိုနဲ့ ဦးထွန်းမြင့်လေးနဲ့ သူ့ဇနီး ဒေါ်(ဒေါ်)စောအုန်းကြူတို့ မိသားစုဟာ ကျနော်တို့ မိသားစု အဖို့ သာမန်ဆွေးမျိုးထက်မက ရင်းနှီးတဲ့ မိသားစုတစု ဖြစ်လာပါတယ်။ ဦးထွန်းမြင့်လေး ထောင်ထဲရောက်နေတဲ့ ကာလတွေမှာ ဒေါ်ဒေါ်စောအုန်းကြူဟာ နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက်ရောက်ရင် ကလေးတွေကို ခေါ်ပြီးမန္တလေးကို ဆင်းလာလေ့ ရှိပါတယ်။ သူတို့ ကလေးတွေဟာ ကျနော့်ထက် နည်းနည်းငယ်ပါတယ်။ ဒါပေမဲ့ ကစားဖော် ကစားဖက် လုပ်လို့ရပါတယ်။ နောက်ပြီး ရှမ်းပြည်တောင်ပိုင်းက အစားအစာတွေကိုလည်း ဒေါ်ဒေါ်က မှန်မှန်ပို့ပေးလေ့ ရှိပါတယ်။ ကျနော် ကောင်းကောင်း မှတ်မိနေပါတယ်။ အဲဒီတုန်းက နေ့ခင်း ၃နာရီ၊ ၄နာရီ လောက် ကျနော်တို့အိမ်ရှေ့မှာ မေမန်းကားကြီး ရပ်ပဟဲ့ဆိုရင် ကားပေါ်က သူတို့မိသားစုတွေ ဆင်းလာ၊ ဒါမှမဟုတ် သူတို့ပို့လိုက်တဲ့ ခေါပုတ်၊ ထောပတ်သီး၊ သဇင်ပန်း စတာတွေ ယူလာတာပါပဲ။ ပို့လာတာက နည်းနည်း မဟုတ်ပါ၊ တောင်းကြီး တောင်းငယ်နဲ့ ဖြစ်ပါတယ်။
ကျနော် ထောင်ကထွက်လာတော့၊ အဲဒီအချိန်မှာ ဦးလေးဦးထွန်းမြင့် ထောင်ကထွက်လာတာ ၂နှစ်-၃နှစ်လောက် ရှိပါပြီ။ ကျနော့်ကို ဒေါ်ဒေါ်စောအုန်းကြူက တောင်ကြီးကနေ တမင်တကာ လာတွေ့ပါတယ်။ ကျနော့်ကိုမြင်တော့ တံခါးပေါက်မှာရပ်ပြီး မျက်ရည်တွေ တွေတွေစီးကျရင်း ပြုံးကြည့်နေတဲ့ ဒေါ်ဒေါ့်ပုံဟာ ဒီနေ့အထိ ကျနော့်မျက်စိထဲက မထွက်ပါဘူး။ ကျနော့်ကို အဲဒီလို တမင်လာတွေ့ပြီး မျက်ရည်ကျသူတွေရဲ့ နောက်နှစ်ဦးက ကျောက်ဆည်က (သခင်တင်ရွှေ့ဇနီး) ဒေါ်မြရီနဲ့ ရွှေဘိုဒေါ်မိမိကြီးပါ။ သူတို့သားတွေက ကျနော်နဲ့ အင်မတန်ကိုရင်းတဲ့ တက္ကသိုလ်ကျောင်းနေဘက်တွေ ဖြစ်ပါတယ်။
ဦးလေးဦးထွန်းမြင့်၊ ဒေါ်စောအုန်းကြူတို့အိမ်ကို ကျနော်သွားတဲ့ တခြားအကြောင်းရင်းတခုက သူတို့ရဲ့ ဒုတိယသားဖြစ်တဲ့ ကျနော်တို့အခေါ် ညီညီ (နာမည်ရင်းက စိုင်းဇေယျအောင်) ဟာကျနော်ထောင်ထဲမှာ ရှိတုန်းက ရလလဖအဖွဲ့ရဲ့ လက်နက်ကိုင် တော်လှန်ရေးထဲကို လိုက်သွားပြီး ဆီဆိုင်ကားလမ်း တိုက်ပွဲမှာ ကျဆုံးသွားခဲ့ ပါတယ်။ သူဦးစီးတဲ့ ဒီတိုက်ပွဲမှာ ရန်သူအားလုံးကို ချေမှုန်းပြီးလို့ တိုက်ပွဲပြီးတဲ့ နောက်ကျမှ စစ်မြေပြင်ကို တက်ရှင်းတုန်းမှာ ဒဏ်ရာနဲ့လဲနေတဲ့ ရန်သူစစ်သားတယောက်က လဲနေရာကနေ ခေါင်းဆောင် ဖြစ်လောက် တယ်လို့ မှန်းပြီးပစ်လိုက်တာနဲ့ ကျဆုံးသွားတာပါ။
ဒါကြောင့် နိုင်ငံရေးအစဉ်အလာကြီးတဲ့ ဦးလေးဟာ ကျနော့်အတွက် လမ်းရှာပေးမယ်လို့ ယူဆပြီး သူတို့ဆီကို တန်းပြေးတာ ဖြစ်ပါတယ်။ ကျနော်က သူတို့ကို အခြေအနေအားလုံး ပြောပြပြီး ကျနော် ဖြစ်ချင်တာကိုလည်း ပြောပြလိုက်ပါတယ်။ ဒီတခါတော့ ဒေါ်ဒေါ် မျက်ရည်မကျအားတော့ပါဘူး။ ချက်ခြင်းပဲ ကျနော့်အတွက် ထမင်းချက်ပါတော့တယ်။ ဦးလေးကတော့ အပြင်ကိုထွက်သွားပြီး အဆက်အသွယ်၊ နည်းလမ်း ရှာဖွေပါတယ်။
သိပ်မစောင့်လိုက်ရပါဘူး။ ညမှောင်ကာစမှာပဲ ဦးလေးပြန်ရောက်လာပါတယ်။ "ရပြီကွာ၊ မင်းမနက်ဖန် ထွက်ရမယ်" တဲ့။ ဘယ်ကိုလဲလို့ ကျနော်က အားတက်သရော မေးလိုက်တော့ "နက်ဖန်မှာ ပအို့အမျိုးသား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်စိန်တို့ဆီကို သွားမယ့် စိတ်ချရတဲ့ လူကြုံရှိတယ်။ မင်းကိုသူက ဦးကျော်စိန်ဆီကို ခေါ်သွားလိမ့်မယ်" တဲ့။
"ဟာ၊ အဲဒီအဖွဲ့ဟာ ကျနော်တို့ပါတီနဲ့ တိုက်နေတဲ့ အဖွဲ့ပဲ၊ ဘယ်ဖြစ်မလဲ" လို့ စိုးရိမ်တကြီး ပြန်ပြော လိုက်တော့
သူက-
"မင်းကလည်းကွာ။ ကိုကျော်စိန်ပဲ၊ တခြားလူမှတ်လို့။ သူက ဦးလှဒေါ်အမာသားကို ဘာမှမလုပ်ပါဘူးကွ။ သူမန္တလေး ထောင်ထဲမှာ နေရတုန်းက မင်းတို့အိမ်က အကူအညီပေးခဲ့တဲ့ ကျေးဇူးတွေကို သူမမေ့ပါဘူးကွ၊ မင်းအဲဒီမှာ အရင်သွားနေ၊ နောက်မှ မင်းသွားချင်တဲ့ ကွန်မြူနစ်ပါတီ လက်နက်ကိုင်ဒေသကို သွားနိုင်အောင် ငါတို့ အဆက်ရှာပြီး ဆက်ပေးမယ်" လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ ငါးဆယ်စုနှစ်များအတွင်း

(တောင်ကြီးဦးထွန်းမြင့်လေး နှင့်ဇနီး ဒေါ်ဒေါ်စောအုန်းကြူ)
ဦးကျော်စိန်ထောင်ထဲ ရောက်နေတော့ ကျနော့်အမေက လက်ဆောင်ပစ္စည်းလေးတွေနဲ့ ထောင်ဝင်စာသွား တွေ့လေ့ရှိပါတယ်။ နောက် ဦးကျော်စိန်ထောင်က လွတ်လာတော့ သူ ရှမ်းပြည်နယ်ကို မပြန်ခင် ကျနော်တို့အိမ်မှာ ၃-၄ ည အိပ်သွားတာကို ကျနော် မှတ်မိနေပါတယ်။ သူက အသားဖြူဖြူ၊ နဖူးကျယ်ကျယ်၊ စကားနည်းနည်းပါ။
ဒါနဲ့ပဲ ဒီအစီအစဉ် အတည်ဖြစ် သွားပါတယ်။
ကျနော်ကတော့ ဘာမှထူးထူးထွေထွေ စဉ်းစားမနေတော့ပဲ သွားရိုးသွားစဉ်ခရီး၊ လုပ်ရိုးလုပ်စဉ် အလုပ်လို သဘောထားပြီး လက်ခံလိုက်ပါတယ်။ ဒေါ်ဒေါ်က ကျနော့်ကို စောစောအိပ်ခိုင်းပါတယ်။ ကျနော် ကလည်း ဒိအရင်တညက လုံးဝမအိပ်ခဲ့ရတာမို့ အိပ်ရာပေါ်တက်လှဲလိုက်တာ မနက်မှာ သူတို့လာနှိုးမှ နိုးပါတော့တယ်။ ဒေါ်ဒေါ်က ညတုန်းက သူချုပ်ထားတဲ့ ဧရာမလွယ်အိတ်ကြီး တလုံးကို လာပေးပါတယ်။ အလွယ်တကူ ရှိတဲ့ မီးခိုးရောင်ဖျင်စနဲ့ ချုပ်ထားတာပါ။ အဲဒီခေတ်က အခုလို ဘက်ခ်ပက်ခ် (ကျောပိုး အိတ်တွေ) မရှိသေး၊ ခေတ်မစားသေးပါဘူး။
နောက်တနေ့မနက်ကျတော့ ကျနော်လည်း ဒေါ်ဒေါ်ကို နှုတ်ဆက်ပြီး ချာကနဲ လှည့်ထွက်လာခဲ့ပါတယ်။ သူမျက်ရည်ကျတာ၊ ဝမ်းနည်းစကားတွေ ပြောတာတွေ မမြင်ချင်လို့ပါ။ ဦးလေးက ကျနော့်ကို ကားဆိပ်ကို လိုက်ပို့ပါတယ်။ တောင်ကြီးမြို့လယ်ခေါင်က ဂျစ်ကားလေးတွေပါ။ အဲဒီမှာ ကျနော်နဲ့ အတူသွားမယ့်လူ ၂ဦးက ရောက်နှင့် နေပါတယ်။ ဦးလေးက ကျနော့်ကို သူတို့ လက်အပ်ပြီး ဘာမှ ထွေထွေထူးထူး မပြောတော့ပဲ ပြန်သွားပါ တယ်။ သူကလည်း စကားနည်းသူလေ။
ကျနော်တို့က ကားနဲ့အဆုံးအထိ မလိုက်ပဲ လမ်းမှာဆင်းပါတယ်။ နောက်ပြီးကျတော့ တောင်ပေါ်ကို တက်တော့တာပါပဲ။
တောင်ဆိုတဲ့အတိုင်း တောင်ရဲ့သဘာဝ၊ တောင်ရဲ့အလှတွေ လွှမ်းမိုးနေတဲ့ နေရာတွေပေါ့။ မိုးရွာပြီးစ၊ ဒါပေမဲ့ တခါတခါ မှာတော့ မိုးစက်လေးတွေကျတာ မှတ်မိနေပါတယ်။ တောပန်းတွေ၊ စိုက်ခင်းတွေ၊ သနပ်ဖက်ခြံ တွေနဲ့ တတောလုံးစို၊ တတောင်လုံး စိမ်းနေတာပါ။ တခါတရံမှာ တိမ်သားတွေဟာ တံချူနဲ့ ချူယူလိုက်ရင် ရတော့မတတ် နိမ့်နိမ့်လေး မျောစီးနေတာလည်း တွေ့ရပါတယ်။ ပတ်ဝန်းကျင် တခုလုံးဟာ လှချင်တိုင်းလှ နေတယ်လို့ပဲ ဆိုကြပါစို့။ မိုးတိတ်ခါစ အချိန်မို့ ငှက်သံလေးတွေကလည်း ပိုမြိုင်ပါတယ်။ ဘာငှက်တွေ မှန်းတော့ ကျနော်မသိပါ။
ဒီကြားထဲမှာ အင်မတန် နားစိမ်းပေမဲ့ အင်မတန်သာယာတဲ့ ဆွဲဆွဲငင်ငင် ဟစ်ကြွေးသံတခုကို စူးစူးရှရှ ကြားလိုက်ရပါတယ်။ ကျနော့်စိတ်ထဲမှာ ဘယ်လိုခံစားလိုက်ရတယ်ဆိုတာ ပြောတောင် မပြောတတ်လောက် အောင်ဖြစ်သွားပါတယ်။ ဆန်းလိုက်တဲ့ အသံလို့သာ အောက်မေ့မိလိုက်ပါတယ်။ ရိုးရာတေးသံဆို ဖြစ်ရမယ်လို့ လည်း တွေးမိပါတယ်။ အသံက လူသံပါ။ ဒါပေမဲ့ ဒီအသံဟာ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ စိမ်းလန်းစိုအိ နေတဲ့ သဘာဝအလှဘုံနဲ့ ခွဲမရတဲ့ အစိပ်အပိုင်းတခုလို ထင်မှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒါဟာ ငါတို့ လူစိမ်းတွေ ဝင်လာ၊ ရောက်လာကြောင်း တနေရာနဲ့ တနေရာ အချက်ပေး အကြောင်းကြားတာလားလို့လည်း တွေးမိပါတယ်။ အကြောင်းက တနေရာက ဒီလိုဟစ်ကြွေးသံ ပေါ်လာပြီးတဲ့နောက် တခြားတောင်၊ တခြား တောင်စောင်းကလည်း ခပ်ဆင်ဆင် ဟစ်ကြွေးသံတွေ ပေါ်လာလို့ပါပဲ။ တခါတရံများဆိုရင် ပဲ့တင်သံတွေတောင် ပါနေတတ်ပါတယ်။ နောက်မှ သိရတာက ဒါဟာ ပအို့လူမျိုးတို့ရဲ့ ရိုးရာ 'ငေါက်တက်' တေးဖြစ်တယ် ဆိုတာပါပဲ။ လူငယ်တွေ သနပ်ဖက်ခြံတွေထဲမှာ အလုပ်လုပ်ကြရင်း အပြန်အလှန် အချီအချ၊ အတိုင်အဖောက်ဆိုကြတာ ဖြစ်ပါတယ်။ နားဝင်ပီယံ ရှိပါဘိတော့။
မှန်တာပြောရရင် အဲဒီအချိန်တုန်းက ကျနော့်ခေါင်းထဲမှာ ကျနော်တို့ဟာ ဦးကျော်စိန်နေတဲ့ ရွာတရွာ ကိုသွားနေတာ ဆိုတာကလွဲလို့ ရှေ့ရေးကို ဘာမှ မှန်းမရသလို စဉ်းစားတွေးတောနေတာလဲ လုပ်မနေတော့ပါ။ မဆလ ထောက်လှမ်းရေး လက်ကလွတ်တာ သေချာပြီဆိုတဲ့ အသိနဲ့ပဲ ခေါင်းထဲ၊ ရင်ထဲမှာ အတော်လေး ပေါ့ပါးနေတဲ့ သဘောရှိပါတယ်။ ဒီအဖွဲ့အစည်းကနေ တဆင့် ကျောက်ဂူဒေသမှာ ရှိတဲ့ ကျနော်တို့ ပါတီရဲ့ပျောက်ကြား အခြေခံဒေသကို အရောက်သွားမယ်လို့ပဲ ပြတ်ပြတ်သဘောပိုက် ထားလိုက်ပါတယ်။
ကားပေါ်က ဆင်းပြီးနောက် ၄-၅ နာရီ လောက်နေတော့ အတူပါတဲ့ လူတယောက်က ရှေ့က ကုန်းလေး ကျော်လိုက်ရင် ရွာကို ရောက်တော့မယ်လို့ ပြောလိုက်ပါတယ်။ ဒီတော့မှကျနော်လည်း တောင်တွေး မြောက်တွေး၊ သဘာဝရှုခင်းကို ခံစားနေတာတွေကနေ လက်တွေ့ အခြေအနေဆီကို ပြန်ရောက်လာခဲ့ပါတယ်။ ကျနော့်ခေါင်း လှုပ်ရှားပါတော့တယ်။ တောင်ပေါ်ကရွာဆိုတော့ အတော့်ကို ဆင်းရဲ့ကြမှာပဲ။ သက်ကယ်မိုး ဝါးကပ် တဲတွေပဲများမှာ၊ သူတို့ ဥက္ကဋ္ဌနေရာ ရွာအနားကို ကပ်ပြီဆိုတော့ ကင်းပုန်းနဲ့များ တိုးနေအုန်း မှာလား၊ သူတို့တတွေ ကွန်မြူနစ်တွေကို သိပ်မုန်းနေကြသလား။ ကိုယ့်အမေးတွေနဲ့ကို လုံးလားထွေးလားနဲ့ တောင်စောင်း ပေါ်တက် လာတုန်းမှာ "ညာဖက်ကဟာ ရွာကဘုန်းကြီးကျောင်းပေါ့" တဲ့။ လှည့်ကြည့်လိုက်တော့- အမလေး၊ ဧရာမ တိုင်တရာကျောင်းကြီး။ ပျဉ်ထောင်ကာသွပ်မိုး ကျောင်းကြီး။ တမူးရလို့ တပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား ဆိုတာကို ပြေးသတိရမိတယ်။
အဲဒီလို ကျောင်းတော်ကြီးကို လည်တစောင်းစောင်း၊ ခေါင်းတလှည့်လှည့်နဲ့ ကြည့်ရင်း စုပ်သပ် လမ်းလျှောက်နေတုန်းပဲ
"ရှေ့ကဟာ ကျနော်တို့ရွာပဲ" တဲ့။
ဟာ။ တောင်စောင်းရှည်ကြီးတခုပေါ်မှာ ရွာသုံးရွာဆက်နေတယ်။ အားလုံး သွပ်မိုးတွေတဝင်းဝင်းနဲ့။ သွပ်မိုးမဟုတ်တဲ့ အိမ်ဟာ ရာခိုင်နှုန်း ၃ဝမှ ရှိပါ့မလား မသိဘူး။ အားလုံး ကျွန်းအိမ်ကြီးတွေ။ ဝါးကပ်အိမ်ဆိုလို့ ရှိလှ တရွာမှာမှ ၃-၄ အိမ်ပဲ။ အားလုံး ပအို့ရွာတွေ ဖြစ်ပါတယ်။
"အခုသွားမှာ ဘယ်ဖက်အဆုံးက ရွာပဲ" တဲ့။ ကြည့်လိုက်တော့ ရွာသုံးရွာထဲမှာ ဒုတိယအကြီးဆုံး၊ အိမ်ခြေ ၇ဝ-၈ဝ လောက် ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။
လမ်းဆုံးတော့ ရွာတွေ့ရမယ်ဆိုတာသိပေမဲ့ ဒါလောက်ကြီးတဲ့ သွပ်မိုးတဝင်းဝင်း ရွာဖြစ်လိမ့်မယ်လို့ ထင်မထားတာကိုတော့ ဝန်ခံရမှာပါ။ ဒီလိုနဲ့ မိုးလေး တဖြောက်နှစ်ဖြောက် ကျနေတဲ့ အကြားမှာပဲ ကျနော်တို့ အားတက်သရော တက်သွားကြတယ်။ လမ်းက နည်းနည်းတော့ ချော်တယ်။ ဒါပေမဲ့ မိုးတွင်းပေါင်း ရာပေါင်းများစွာကို ဖြတ်သန်းခဲ့တဲ့ လမ်းမို့ လိုအပ်တဲ့နေရာမှာ မချော်အောင် ကျောက်တုံးတွေ၊ သစ်တုံးတွေ နဲ့ အထစ်တွေ လုပ်ထားတာ တွေ့ရပါတယ်။
တိုတိုပြောရရင် ကျနော်တို့ ဦးကျော်စိန်နေတဲ့ အိမ်ကို တန်းသွားကြပါတယ်။ အိမ်က တခြားအိမ်ကြီး တွေလိုပဲ ပျဉ်ကာသွပ်မိုး၊ ခြေထောက်အမြင့်နဲ့ အိမ်ကြီးဖြစ်ပါတယ်။ ရေနံချေးရောင်နဲ့ တောင်စောင်းမှာ အိနြေ္ဒ အပြည့်နဲ့ တည်ရှိနေတဲ့ အိမ်ကြီးပါ။ ကျနော်တို့ ဝင်သွားတော့ ဦးကျော်စိန်ဟာ အဲဒီဒေသက အိမ်တွေရဲ့ ထုံးစံအတိုင်း မီးလှုံလို့ရတဲ့ အခန်းအလယ်က မီးဖိုအထက်မှာ စာဖတ်နေတာ တွေ့ရပါတယ်။ သူက သူ့ရှေ့မှာ လာထိုင်တဲ့၊ လူစိမ်းတွေဖြစ်တဲ့ ကျနော်တို့ကို တချက်ကြည့်ပြီး ဘာမှမပြောပါဘူး။ အတူပါလာတဲ့ လူကိုပဲ ဘယ်လိုလဲဆိုတဲ့ သဘောမျိုးနဲ့ လှမ်းကြည့်ပါတယ်။ အတူပါလာတဲ့လူက သူ့ကို ပအို့စကားနဲ့ အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။ သူပြောတဲ့ အထဲမှာ လူနာမည်တွေပဲ ကျနော်နားလည်လိုက်တာပါ။
ဒီတော့မှ သူက ကျနော့်ဖက်ကို လှည့်ကြည့်၊ ပြုံးပြီး "အော်၊ ခင်ဗျားက ဦးလှဒေါ်အမာ သားလား၊ ဒီမှာ ကြိုက်သလိုနေဗျာ" တဲ့။
မာတာပီတုဂုန္တော-အနန္တော။
ကျနော် အဲဒီကနေ ၁ဝ၈ စစ်ဒေသလို့ခေါ်တဲ့ ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် အခြေခံဒေသကို သွားနိုင်အောင် မြေအောက်လုပ်ငန်းကတဆင့် ဆက်သွယ်ပို့ပေးခဲ့ သူကတော့ သူကိုယ်တိုင် ကျနော်ရှိရာ တောင်ပေါ်ကို တက်လာပြီး ပြောပြတဲ့ ဦးခွန်ထီးဖြစ် ပါတယ်။ သူနဲ့ ဦးထွန်းမြင့်လေးတို့ရဲ့ ကျေးဇူးပါ။
ဖိုးသံ(လူထု)

Thursday, November 5, 2009
မင်္ဂလာသက် နှစ် (၆၀) ရှိပြီမို့
ရေးသူ- ဒေါ်အမာ
ကျွန်မမြေးကလေး ဘိုဘိုက နိုဝင်ဘာ (၁၃) ရက်နေ့ဟာ အဘွားတို့ မင်္ဂလာဆောင်တာ နှစ်ပေါင်း (၆၀) ပြည့်တာ အဘွားရဲ့၊ ဒီအကြောင်း ရေးပါဦးတဲ့။ ဟုတ်တာပေါ့ ကျွန်မနဲ့ ဦးလှတို့ ၁၉၃၉ ခု နိုဝင်ဘာ (၁၃) ရက်၊ ၁၃၀၁ ခု တန်ဆောင်မုန်းလဆန်း (၃)ရက်နေ့ ညမှာ မင်္ဂလာဆောင်ကြတာပဲဟာ၊ ခုဆိုရင် နှစ်ပေါင်း (၆၀) ရှိပြီပေါ့။ သူနဲ့ ကျွန်မ ကွဲကြရတာလည်း (၁၇) နှစ် ရှိပြီလေ။
ကျွန်မကို ကျွန်မမိဘဆီက တောင်းရတော့မယ်ဆိုတော့ ကျွန်မမိဘများက မန္တလေးက ဘိတ်အသင်း သား ဦးဖြိုးအောင်ရဲ့ သမီးနဲ့သမက်ဖြစ်လေတော့ သမီးမင်္ဂလာဆောင်ကို ငွေကုန်ကြေးကြခံပြီး အကြီးအကျယ် လုပ်စရာမလိုဘူးဆိုတဲ့ အဘိုးဦးဖြိုးအောင်တို့ ၀ါဒအတိုင်း အရပ်ထဲက လူကြီးမိဘနဲ့ နှစ်ဘက်ဆွေမျိုးကို ကန်တော့ပြီး လာတဲ့ဧည့်ကို ညမှာ မုန့်ကျွေးတာပေါ့။ ဖိတ်စာရိုက်ဖို့လည်း မလိုဘူးလို့ ကျွန်မမိဘက ပြောတာနဲ့ မိန်းမတောင်းစရာ ပိုက်ဆံ မရှိရှာတဲ့ ဦးလှက အကြိုက်ကြီးတွေ့ပြီး မန္တလေးကို သူ့ဆွေမျိုးနဲ့ သူ့ချစ်တဲ့ သူငယ်ချင်းတစု ခေါ်ပြီး လာကြတယ်။ သူ့ကို သိပ်ချစ်တဲ့ ဆန်းကဖီး ဦးလေးကြီး ဦးတင်ပွနဲ့ ဦးထွန်းရင် ညီအစ်ကိုက မင်္ဂလာဆောင်မှာ ကျွေးရအောင်လို့တဲ့၊ ပိုက်ဆံမယူဘဲ ဆန်းက ရေခဲမုန့်စည်တွေရယ်၊ ကိတ်မုန့် သေတ္တာတွေရယ်၊ ပန်းကန်ခွက်ယောက်တွေရယ်အပြင် ဆန်းကဖီးက ယူနီဖောင်းဝတ် အလုပ်သမားနှစ်ယောက် ကိုပါ မီးရထားနဲ့ ပို့လိုက်လို့ မင်္ဂလာဆောင်အချိန်မီ မီးရထားက ဆိုက်ရောက်လာကြတယ်။
ကျွန်မနေတာက ဘကြီးဦးရှင်နဲ့ အဒေါ် ဒေါ်သက်ရှည်တို့နဲ့အတူ ဂုန္တန်ဝင်းမှာ နေတာ။ ကျွန်မမိဘတွေက ရသာတန်း ၈၂ လမ်းနဲ့ ၃၁ လမ်းထောင့်က တိုက်မှာနေကြတာ။ အဲဒီတော့ မင်္ဂလာဆောင်ကို အမေအဖေ့တိုက် ၈၂ လမ်းနဲ့ ၃၁ လမ်းထောင့်မှာ ကျင်းပရပါတယ်။ ဦးလှဝယ်လာတဲ့ မင်္ဂလာခုတင်နဲ့ မင်္ဂလာခန်းဝင်ပစ္စည်းများကို တော့ မင်္ဂလာဆောင်တဲ့ အဲဒီ ရသာတန်းတိုက်မှာပဲ ခင်းကျင်းပြင်ဆင်ထားတယ်။ ကျွန်မတို့ကတော့ ကန်တော့ အပြီး အဒေါ့်အိမ်ပြန်ပြီး အိပ်မြဲတိုင်း အိပ်ကြတယ်။
ကျွန်မအဒေါ်က အမေ့ညီမ၊ ဘကြီးက အဖေ့အစ်ကို ညီအစ်ကို ညီအစ်မ လက်ဆက်ထားကြတာ။ အဒေါ်နဲ့ ဘကြီးက သားသမီးတယောက်မှ မွေးတာမဟုတ်ဘူး။ အဲဒီတော့ အဒေါ်တို့ ဘကြီးတို့က ကျွန်မတို့ မောင်နှမတွေထဲက ကျွန်မနဲ့ ကျွန်မမောင် အကြီး၊ 'မောင်လေး' ကို သူတို့နဲ့အတူ နေစေတာ၊ သူတို့သားသမီးလို ကျွန်မတို့က ငယ်ကတည်းက နေကြတာပါ။ အဲဒီဘကြီးက နေပြည်တော်ဂျာနယ်ကို ထုတ်ဝေခဲ့တဲ့ ဘကြီးပါ။ သူက ဦးလှနဲ့ အိမ်ထောင်ပြုချင်တာကို မကန့်ကွက်ပါဘူး။ ဒါပေမယ့် ဒီဘကြီးက မန္တလေးမှာ ကုလားဗမာ အဓိကရုဏ်း ဖြစ်နေတဲ့ကာလမှာ အနိစ္စရောက်ရှာပါတယ်။ မင်္ဂလာဆောင် မမီရှာပါဘူး။ ဒါကြောင့် မင်္ဂလာဆောင်ချိန်မှာ ကျွန်မအဒေါ်က မုဆိုးမ ဖြစ်နေရှာသူပါ။ အဲဒီတော့ ကျွန်မက အိမ်ထောင်ပြုပေမယ့် အမေအဖ့ဆီလည်း မနေနိုင်ပါဘူး ကိုယ့်ဘာသာလည်း သီးခြားမနေနိုင်ပါဘူး။ ဒီအဒေါ် မုဆိုးမကိုပဲ အဖော်လုပ်ပြီး ကျွန်မတို့ အတူနေကြတာပါ။ ဦးလှနဲ့ ကြီးပွါးရေးမဂ္ဂဇင်း မန္တလေးပြောင်းလာကြတဲ့ကိစ္စမှာ ဒီအဒေါ်မုဆိုးမကို ကျွန်မက မခွဲနိုင်၊ သူ့ချည်းမထားခဲ့နိုင်တာလည်း အကြောင်းခံတခု ဖြစ်ပါလိမ့်မယ်။ ကျွန်မအိမ်ထောင်ကျပေမယ့် အပျိုတုန်းက ကျွန်မလုပ်ပေးနေရတဲ့ အဖေတည်ထောင်ထားတဲ့ မြန်မာစက္ကူဆိုင်ကိုတော့ ကျွန်မက ဆက်ပြီး ရောင်းပေး အုပ်ချုပ်ပေးနေရမြဲပါ။ ဦးလှ မဂ္ဂဇင်းထဲ ကျွန်မအနေနဲ့ ၀င်ကူနိုင်တာ မဟုတ်ဘူး။ ဆောင်းပါးလေး၊ ၀တ္ထုလေး ၀င်ရေးပေးတာလောက်ပဲ လုပ်နိုင်တယ်။ ကျွန်မအလုပ်က ကုလားတွေ လက်ဝါးကြီး အုပ်ထားတဲ့ စက္ကူရောင်းဝယ်ရေး စီးပွါးရေးလုပ်ငန်းကို မြန်မာက ဖွင့်တဲ့ဆိုင်အဖြစ် ၀င်တိုးရတဲ့ အလုပ်ပါ။ မြန်မာပုံနှိပ်တိုက်ရှင် တွေက မြန်မာဆိုင် ကျွန်မဆီက ၀ယ်အောင် စည်းရုံးရ၊ ဆွဲယူရ၊ ကိုယ်က ဈေးသက်သာအောင် လုပ်မပေးနိုင်ရင်၊ ကုလားဆိုင်နဲ့ တန်းတူရောင်းနိုင်အောင် ကြိုးစားရပါတယ်။ ဒီအနေအထားတွေအားလုံး ကမ္ဘာစစ်ကြီး ဖြစ်လာလို့ မြို့ကြီးပျက်ပြီး အားလုံးတောဘက် ထွက်ပြေးရတော့မှ ပျက်ပြားသွားတာပါ။ ကျွန်မ အဒေါ်ဟာလည်း ကမ္ဘာစစ်ကြီး အတွင်းမှာပဲ သားအိမ်အလုံးဖြစ်တဲ့ ရောဂါနဲ့ ခွဲစိတ်ကုသမှုတွေ ခဲခဲယဉ်းယဉ်း ပြုလုပ်ကုသပေမယ့် မပျောက်ကင်း တော့ပဲ စစ်ပြီးခါနီး စစ်ပြေးရာ ကပိုင်မှာ သေဆုံးလို့ အဲဒီမှာပဲ မြှုပ်နှံသင်္ဂြီုဟ်ခဲ့ရပါတယ်။
ဦးလှနဲ့ကျွန်မ စစ်ကြီးပြီးတော့ ပြောင်းလဲကုန်တဲ့ တိုင်းပြည်အခြေအနေအရ လိုအပ်ရာက ၀င်ရောက် ထမ်းရွက်ကြတာ ၊ သူနဲ့ကျွန်မ (၄၃) နှစ် ကြာခဲ့တယ်။ ဒီ (၄၃)နှစ်ကို ပြန်စဉ်းစားတဲ့အခါ လျှောက်လှမ်းရတဲ့ ခရီးကြမ်းကတော့ ရေးလို့ရရင် စာအုပ်ကြီးတအုပ်ပေါ့။
ကျွန်မတို့ သမီးခင်ပွန်းဘ၀မှာတော့ သူဟာ ခင်ပွန်းကောင်းတယောက်လို့ပဲ ပြောရမှာပါ။ ကိုယ်ကျင့် တရားအနေနဲ့ အကောင်းဆုံး ထိန်းသိမ်းနေထိုင်သွားတယ်။ လူချင်းဆက်ဆံရေးအနေနဲ့ မတရားတဲ့ ဆက်ဆံပြုမူပုံ မျိုး တခုတလေမှ ပြုမူမသွားဘူး။ အဲဒါတွေကို စဉ်းစားမိရင် ဦးလှကို ကျေးဇူးတင်တယ်။ ပြီးတော့ လူငယ်တွေ လက်ထပ်ကြတယ်။ ဒေါ်ဒေါ် ဆုံးမစကားပြောပါ။ အမေ့ဆီက သြ၀ါဒကလေးများ ခံယူပါရစေ ဆိုတာမျိုး ပြောလာ တောင်းလာရင် ကျွန်မက-
ဦးလှနဲ့ (၄၃) နှစ် ပေါင်းသင်းခဲ့တယ်။ အိမ်ထောင်ကျစ သားဦးလေးတလသားမှာ လင်မယား စကားများရ ဖူးတယ်။ ဘာ့ကြောင့်ရယ်လို့တော့ မမှတ်မိတော့ဘူး။ အဲဒီနောက်တော့ သေတပန်သက်ဆုံး တို့လင်မယား ရန်မဖြစ်ဖူးဘူး။ အဲဒါ ဘာဖြစ်လို့လဲလို့ ပြန်စဉ်းစားကြည့်တော့ သူက ငါ့အပေါ်မှာ မတရားတဲ့ အပြုအမူ အပြောအဆို အကျင့်အကြံ ဘာမှ မလုပ်ခဲ့ဘူး၊ လုပ်မသွားဘူး။ ငါကလည်း သူ့အပေါ်ကို မတရားမပြောဘူး၊ မတရားမလုပ်ဘူး၊ မတရား မကြံစည်ဘူး။ အဲဒါကြောင့် ရန်မဖြစ်ရတာ နေမှာပဲ။ မင်းတို့ ဇနီးမောင်နှံလည်း အချင်းချင်း တရားသဖြင့်သာ ဆက်ဆံ ပြောဆို လုပ်ကိုင်ကြပါလို့ ကျွန်မက သြ၀ါဒပေးမိတယ်။
ပြီးတော့ ဦးလှနဲ့ ကျွန်မတို့ ပေါင်းသင်းဆက်ဆံရာမှာ သူ့ဆွေမျိုး၊ ငါ့ဆွေမျိုးကြောင့် ဘာဖြစ်ရတယ်လို့လဲ လုံးလုံးမရှိဘူး။ ကျွန်မတို့ မြန်မာအိမ်ထောင်တွေမှာ နှစ်ဖက်ဆွေမျိုးပြဿနာက အိမ်ထောင်ရေးထဲ ၀င်လာတာ တွေ ရှိတတ်ပါတယ်။ ကျွန်မတို့ အိမ်ထောင်သည်တွေက ကိုယ့်အားကိုယ်ကိုး ကိုယ့်ဘာသာ နေတာမျိုး မဟုတ်ဘဲကိုး။ အဲဒီတော့ လင်ဆွေမျိုး မယားဆွေမျိုးကလည်း လင်မယားကြားမှာ ပြဿနာ ဖြစ်ဖြစ်လာတတ် တယ်။ ကျွန်မတို့မှာတော့ အဲဒီပြဿနာမျိုး လုံးလုံးမရှိခဲ့ဘူး။
ရွှေဘို ဒေါ်မိမိကြီးက ဒီလဆန်းမှာ သူတို့ အိမ်ထောင်သက် (၅၅)နှစ်ပြည့်လို့တဲ့ သံဃာ (၁၀)ပါး ဆွမ်းကပ်၊ လှူဘွယ်ပစ္စည်းတွေ လှူဒါန်းပြီး မိတ်ဆွေတွေကို ဖိတ်ကြားကျွေးမွေးပါတယ်။ ကျွန်မက ၀မ်းသာလို့ မုဒိတာ လက်ဆောင်ဆိုပြီး ဖိတ်စာရိုက်ပေးလိုက်တယ်။ သူ့ယောက်ျား ဦးဖေတင်က ဦးလှနဲ့ လူပျိုကတည်းက သိကျွမ်းခင်မင်ကြတာလေ။ သူတို့မှာ ဦးဖေတင် အသက် (၉၀) နားနီး၊ ဒေါ်မိမိကြီး (၇၀)ကျာ်အထိ လင်စုံမယား ဖက် ပျော်ပျော်ရွှင်ရွှင် ရှိကြသေးတယ်။ ဆရာတက်တိုးတို့ မနုယဉ်တို့လည်း စုံစုံညီညီ ကျန်းမာနေတဲ့ အသက် (၈၀)ကျော်တွေ မဟုတ်လား။ ဆရာ ဦးဝန်တို့ အကြည်တို့လည်း စုံသေးတယ်။ ကုသိုလ်ကောင်းလိုက်တာလို့ သာဓုခေါ်ရတယ်။ ဒေါ်ခင်မျိုးချစ်တို့ လင်မယားကတော့ ၂၀၀၀ ပြည့်နှစ်ကို မကြုံကြိုက်လိုက်ရှာကြရတော့ဘူး။ အသက် (၈၀) ကျော်အထိတော့ ပေါင်းသင်းသွားရှာကြပါရဲ့။ လူ့ဘ၀နဲ့ လူ့သက်တမ်းကတော့ ဒီလိုပါပဲလေ။
ဒေါ်အမာ
၁၉၉၉ ခု၊ ဒီဇင်ဘာ။
[ကြီးပွါးရေးစာအုပ်တိုက်ထုတ် 'လူထုဒေါ်အမာရဲ့ ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၁ နိုဝင်ဘာမှ ကူးယူဖော်ပြပါတယ်။]
Wednesday, November 4, 2009
ပြည်ထောင်စုလမ်းသွယ်ကဆောင်းပါး
ရေးသူ- မောင်နု

ကိုလှဟာ နာမည်နှင့်လိုက်အောင် လှတဲ့လူတယောက် ဖြစ်တယ်။ လူက လှရတဲ့အထဲမှာ စိတ်ကလည်း လိုက်ပြီး သိမ်မွေ့ပြန်သေးတယ်။ သူ့ကို ကြည့်ရတာ လူကြီး၊ ကလေး၊ ယောက်ျား၊ မိန်းမ မရွေး အားနာနေသလို ဖြစ်နေတယ်။
မအမာကတော့ ကိုလှလို အချောစားထဲက မဟုတ်ဘူး။ စိတ်ဓာတ်မှာလည်း နာမည်နဲ့ လိုက်အောင် မာတယ်။ ပြောစရာ ဆိုစရာရှိရင် ပြောမယ်၊ ဆိုမယ်။ သူမှန်တယ်ထင်ရင် လျှော့မပေးဘူး။ ဘယ်လောက်ကြီးတဲ့ ပုဂ္ဂိုလ်ကိုပဲ ဖြစ်ဖြစ် သူမှန်တယ်ထင်တာကို ပြောချလိုက်တာပဲ။ အဲဒီသတ္တိဟာ သူ့မျက်နှာမှာ အမြဲတမ်းပေါ်နေတာ ကို တွေ့ရတယ်။
မအမာရဲ့ သတ္တိကိုပြောလို့ အဖြစ်အပျက်ကလေးတခုကို ပြေးပြီး သတိရမိတယ်။ တနေ့မှာ ကိုလှဟာ ကျွန်တော့်အိမ်ကို ဗြုန်းခနဲ ရောက်လာတယ်။ သူလာတဲ့ ကိစ္စကတော့ တခြားမဟုတ်ပါဘူး။ မအမာရဲ့ ပုံတူကို ပန်းပုဆရာကြီး ဦးဟန်တင်က ထုပေးတယ်။ မအမာနဲ့ အလွန်တူတဲ့အတွက် လူရင်းတယောက်အနေနဲ့ ကြည့်စေ ချင်လို့ ကျွန်တော့်ကို လာဖိတ်တာ ဖြစ်တယ်။ ကျွန်တော်ဟာ မအမာကို ညီမရင်းသဖွယ် ချစ်လည်း ချစ်ခင်တယ်။ အထင်လည်း ကြီးတယ်။ အဲဒါကြောင့် အဲဒီပုံကို သိပ်ကြည့်ချင်တယ်။ ဒါပေမယ့် ကျွန်တော်တက်ရမယ့် အစည်း အဝေးတခုနဲ့ အချိန်ချင်း ကိုက်နေတဲ့အတွက် မတက်နိုင်ခဲ့ဘူး။ ကိုလှမပြန်ခင် အခြားစကားတွေ ပြောပြီးမှ-
"ကိုလှရေ တူတယ်ဆိုတာ အမာနဲ့ တကယ်တူသလား၊ ကျွန်တော် မကြာခဏ ပြောနေတဲ့ သတ္တိဟာ သူ့ပုံတူရဲ့ မျက်နှာမှာ အထင်းသား ပေါ်မနေရင် ဘယ်သူပဲထုထု ကျွန်တော်က ပုံတူလို့ အသိအမှတ် မပြုဘူး"
"ကိုကြီးနု အဲဒီသတ္တိဟာ အထင်းသားပေါ်နေတယ်။ အဲဒါပြချင်လို့ ကိုကြီးနုကို ကျွန်တော် လာခေါ်တာ" လို့ ကိုလှက ဖြေတယ်။ နောက်မကြာခင် ကျွန်တော်မန္တလေးကို ရောက်သွားပြီး ပုံတူကို သွားကြည့်ဖြစ်အောင် ကြည့်တယ်။ ကျွန်တော်ပြောတဲ့ သတ္တိဟာ အထင်းသား ပေါ်နေတာကို တွေ့ရတဲ့အတွက် ကျွန်တော်ဝမ်းသာ တယ်။
ကိုလှနဲ့ မအမာ ဘယ်လိုတွေ့ကြတာလဲ။ ဒါကို လူတွေ အတော်များများ သိပြီးကုန်ကြပြီ ထင်ပါရဲ့။ ဒါပေမယ့် ဒီနေရာမှာတော့ ထပ်ပြောရဦးမှာပဲ။ ၁၉၃၆ ခုနှစ်မှာ တက္ကသိုလ်သမဂ္ဂအသင်းက ခေါင်းဆောင်တဲ့ တက္ကသိုလ်သပိတ် ပေါ်လာတယ်။ အဲဒီသပိတ်ထဲမှာ တနေ့သောအခါ ထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ဖြစ်လာမယ့် ကျောင်းသားခေါင်းဆောင်တွေလည်း ပေါ်လာတယ်။ ကျောင်းသူခေါင်းဆောင်တွေ လည်း ပေါ်လာတယ်။ အဲဒီ ကျောင်းသူ ခေါင်းဆောင်တွေထဲမှာ မအမာလည်း ပါတယ်။
ညချမ်းအချိန် ရောက်တဲ့အခါ အဲဒီ ကျောင်းသူကျောင်းသားခေါင်းဆောင်တွေဟာ ရွှေတိဂုံစေတီတော်ရဲ့ ရင်ပြင်တော်ပေါ်က ရာဟုဒေါင့်မှာ တရားဟောကြတယ်။ အဲဒီတရားပွဲတွေဟာ တနေ့တခြား ကျော်ကြားလာတဲ့ အတွက် ကျောင်းသားတွေသာမက ရန်ကုန်မြို့သူမြို့သားတွေလည်း အတော်တက်ကြတယ်။
အဲဒီ တရားပွဲတွေမှာ မအမာကို အတော်လူကြိုက်များလာတယ်။ မိန်းမသားဆိုပြီး မအမာဟာ ပရိသတ်ကို မခို့တရို့ အမူအရာမျိုးနဲ့ ရင်ဆိုင်တာ မဟုတ်ဘူး။ သူ့ မျက်နှာထားမှ စပြီး၊ ကိုယ်လက်အမူအရာကို ကြည့်ရတာ အစ်မကြီးတယောက်က မောင်လေးတွေကို ဆုံးမနေသလိုပဲ။ ပရိသတ်ရှေ့မှာ စကားမပြောတတ်တဲ့ သူတွေဟာ ခရားက ရေလွှတ်သလို ပြောချင်တဲ့စကားကို စီကာပတ်ကုံး သယ်မသွားနိုင်ဘူး။ အခုပြောပြီးတဲ့ စကားတွေကို ၃၊ ၄ ကြိမ်လောက် အပ်ကြောင်းထပ်လေ့ရှိတယ်။ သင့်တော်တဲ့ စကားလုံးကို ရှာမတွေ့လို့ ပရိသတ်ရှေ့မှာ စကားလုံးကို ဟင် ဟာ နဲ့ လိုက်ရှာနေလေ့ ရှိတယ်။ နောက်ပြီးတော့ ပြောတဲ့စကားတွေကလည်း အစီအစဉ် မရှိဘူး။ အခုပဲ နဖူး အကြောင်းပြောပြီး ဗြုန်းခနဲ ဖနောင့်ကို ရောက်သွားတတ်တယ်။ ဖနောင့်ပြီး ဒူးဆစ်ကို ခုန်တက်၊ ဒူးဆစ်ကမှ ခြေမျက်စိကို ရောက်လိုရောက်နဲ့၊ တောင်ရောက် မြောက်ရောက်၊ ခုန်တက်လိုက်၊ ခုန်ဆင်းလိုက် ဖြစ်နေကြတယ်။ ဒီလို ဗလုံး ဗထွေး ဖြစ်နေတဲ့အတွက် သူတို့ ဘာပြောချင်တယ်ဆိုတာကို ပရိသတ်က နားမလည်ဘူး။
မအမာကတော့ ဒီလို မဟုတ်ဘူး။ ခရားရေလွှတ်သလို၊ သူပြောချင်တဲ့ စကားတွေကို တခုပြီးတခု အစီအစဉ်နဲ့ ပြောတတ်တယ်။ အဲဒါကြောင့် သူဘာပြောချင်တယ်ဆိုတာကို ပရိသတ် နားလည်တယ်။
ကိုလှဟာ အဲဒီ တရားပွဲတွေကို ညတိုင်းလာတယ်။ အစပထမမှာတော့ မအမာဟာ စကားပြောကောင်း တယ်လို့သာ ချီးမွမ်းတယ်။ နောက် တပွဲ နှစ်ပွဲ တက်ပြီးတော့ မအမာရဲ့ နေပုံထိုင်ပုံဟာ ဣနြေ္ဒရှိတယ်လို့ မှတ်ချက်ချတယ်။ နောက်နှစ်ပွဲ သုံးပွဲတက်ပြီးတော့ သူ့ကို အိမ်ထောင်ပြုရရင် ကောင်းမှာပဲလို့ မအမာပေါ်မှာ ကိုလှရဲ့ စိတ်ဝင်စားမှုဟာ အဆင့်အတန်းမြင့်လာတယ်။ လေးနက်လာတယ်။ နောက်ထပ် နှစ်ပွဲ သုံးပွဲလောက် ကျတော့ မြားနတ်မောင်ဟာ ဘယ်လိုများ အလစ်မှာ မြားနဲ့ ၀င်ပစ်သွားတယ် မပြောတတ်ဘူး။ မအမာကို လက်ထပ်မယ်လို့ ကိုလှ ဆုံးဖြတ်ချက်ချပြီး မအမာရဲ့ အဖေကြီးကို နားဖောက်တော့တာပါပဲ။
ကိုလှက ရန်ကုန်က၊ မအမာက မန္တလေးက။ လက်ထပ်ပြီး သျှောင်နောက်ဆံထုံးပါဆိုတဲ့ မူအရဆိုရင် မအမာဟာ ကိုလှနဲ့အတူ ရန်ကုန်မှာ နေရမယ်။ အခုတော့ ဒီမူအတိုင်း မဟုတ်ဘဲ ဆံထုံးနောက် သျှောင်ပါဆိုတဲ့ မူအရ ကိုလှဟာ မအမာနဲ့ အတူနေရအောင် မန္တလေးကို ပြောင်းသွားတယ်။ ရန်ကုန်က လူတော်လူကောင်း တယောက် ဆုံးရှုံးသွားပေမယ့် မန္တလေးက လူတော်လူကောင်းတယောက် အမြတ်ရလိုက်တဲ့အတွက် မန္တလေးသူ မန္တလေးသား၊ ရန်ကုန်သူ ရန်ကုန်သားမိတ်ဆွေ သင်္ဂဟများစွာဟာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်။
ဒီဆောင်းပါးကို ရေးနေတုန်း အဖြစ်အပျက်တခုကို ဗြုန်းခနဲ ပြေးပြီး သတိရမိတယ်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်စက ဗမာ့ထွက်ရပ်ဂိုဏ်း အမည်နဲ့ နိုင်ငံရေးတပ်ပေါင်းစုတခု ပေါ်လာတာကို စာဖတ်ပရိသတ်တွေ မှတ်မိကြပါလိမ့်ဦးမယ်။ အဲဒီအဖွဲ့ထဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေက ဒေါက်တာဗမော် ခေါင်းဆောင်တဲ့ ဆင်းရဲသားပါတီနဲ့ ဒို့ဗမာအစည်းအရုံးတို့ ဖြစ်ကြပါတယ်။ အချို့ကတော့ အဖွဲ့အစည်း အနေနဲ့ မဟုတ်ဘူး။ ကရင်ခေါင်းဆောင် ဦးစောဖေသာ၊ ၂၁ ဦးခေါင်းဆောင် ၀တ်လုံတော်ရ ဦးထွန်းအောင်၊ ပဟိုရ်စည် ဦးဘဦး အစရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ တသီးပုဂ္ဂလအနေနဲ့ ပါကြတယ်။ အဲဒီ ဗမာ့ထွက်ရပ်ဂိုဏ်းထဲမှာ လူကြီးတွေက သခင်လူငယ်တွေကို ထောင့်မကျိုးဘူး၊ ဆက်ဆံရတာ ခက်ထန်တယ်လို့ ယူဆတယ်။ သခင် လူငယ်တွေကလည်း လေးလေးနက်နက်မရှိဘူးလို့ အထင်လွဲနေကြတယ်။
အဲဒီအထဲမှာ ရန်ကုန်ခရိုင် ဒို့ဗမာအစည်းအရုံးက လူတချို့ဟာ ဒေါက်တာဗမော်တို့ လူစုနဲ့ ပေါင်းတာကို မကြိုက်ဘူးလို့ အကြောင်းပြပြီး ဗမာ့ထွက်ရပ်ဂိုဏ်းကို ထောင်တိုက်နေကြတယ်။ အဲဒီအချိန်တုန်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ဒို့ဗမာအစည်းအရုံးမှာ အာဏာရှင်ပဲ။ အဲဒါကြောင့် ဗမာ့ထွက်ရပ်ဂိုဏ်းကို မြားဦးလှည့်နေတဲ့ အဲဒီ ရန်ကုန်ခရိုင် ဒို့ဗမာအစည်းအရုံးက လူတစုရဲ့ ပယောဂတွေဟာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ အနီးအပါးကို မကပ်နိုင်အောင်လည်း တဘက်က ကြည့်ရသေးတယ်။ တချိန်မှာဆိုရင် ဒီလို ပယောဂအမျိုးမျိုးတွေ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအနီးကို မကပ်နိုင်အောင် အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းဟာ ဆရာကြီးနဲ့ နေ့စဉ်သွားပြီး တွေ့ရမည်ဟူ၍ပင် ဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ချက် ချခဲ့ရဖူးတယ်။
အဲဒါကြောင့် အဲဒီပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ စွမ်းစွမ်းတမံ ကူညီဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်တယောက်ကို ကျွန်တော် လိုချင်တယ်။ ဒီလို အလိုရှိတဲ့အတွက် ဒို့ဗမာအစည်းအရုံးဌာနချုပ်မှာ အထွေထွေ အတွင်းရေးမှူး သခင်အောင်ဆန်း၊ တွဲဖက်အတွင်းရေးမှူး သခင်သန်းထွန်းတို့နဲ့ ကျွန်တော် ဆုံမိတဲ့အခါ ကျွန်တော်ကစပြီး အခုပြောတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ကူညီဖြေရှင်းနိုင်မယ့် ပုဂ္ဂိုလ်တဦးကို ကျွန်တော် လိုချင်တယ်။ အဲဒီပုဂ္ဂိုလ်ကို ကျွန်တော်တွေ့ထားတယ်လို့ စကားလိုက်တယ်။
သခင်သန်းထွန်း - အဲဒီလူဟာ ဘယ်သူလဲ။
ကျွန်တော် - ခင်ဗျားရဲ့ သူငယ်ချင်းပဲ။
သခင်သန်းထွန်း - ဘယ်သူလဲ။
ကျွန်တော် - ကြီးပွါးရေးဦးလှ၊ ထွက်ရပ်ဂိုဏ်းထဲကို သူရောက်လာရင် အခုပြောခဲ့တဲ့ ပြဿနာတွေဟာ ဖြေရှင်းသွားမယ်လို့ ကျွန်တော်ထင်တယ်။
သခင်သန်းထွန်း - ကိုလှဟာ အင်မတန်တော်တဲ့ လူတယောက်ပဲ။ ကျွန်တော် ကောင်းကောင်းသိ ပါတယ်။ ဒါပေမယ့် သူ့ စိတ်နေ စိတ်ထားကြောင့် နိုင်ငံရေးထဲကို သူ ၀င်ချင်မှာ မဟုတ်ဘူး။ သိပ်ပြီး ရန်ဖြစ်ရတဲ့ နေရာမျိုးဆိုရင် သူ အင်မတန် ရှောင်တယ်။
ကျွန်တော် - ဒါပေမယ့် ဒီလို ကိစ္စမျိုးမှာ တဘက်သတ် ဆုံးဖြတ်ချက်ချတာထက် ကာယကံရှင်ကို မေးကြည့်ရရင် ပိုကောင်းမယ်ထင်တယ်။ ကျွန်တော်က အမာ့ကို မေးကြည့်မယ်။ ခင်ဗျားက ကိုလှကို တိုက်ရိုက်မေး....၊ မကောင်းဘူးလား။
သခင်သန်းထွန်း - ကိုလှက မြန်မာ့ယဉ်ကျေးမှုတို့၊ သမိုင်းတို့၊ မြန်မာစာပေတို့မှာ ပြောင်မြောက်တယ်။ သူပြောင်မြောက်တဲ့ဘ၀မှာပဲ သူ့ကို ထားလိုက်ပါ။ သူ့ကို သွားပြီး မနှောင့်ယှက်ပါနဲ့။ ကျွန်တော် လူတယောက် ပေးမယ်- လို့ သခင်သန်းထွန်းကပြောပြီး၊ အဲဒီလူ နာမည်ကို ပြောတယ်။ ကျွန်တော်ကလဲ အဲဒီလူကို မကြိုက်ဘူးလို့ ဖြေတယ်။
လူတော်လူကောင်းတယောက်ကို ရှာဖို့ ဆွေးနွေးချက်ဟာ ထစ် ထစ် ထစ် ဖြစ်နေတုန်း သခင်သန်းထွန်း က ဒီနေရာဟာ အရေးကြီးတဲ့နေရာ ဖြစ်တယ်။ ကိုလှက လုပ်ဖို့ သဘောတူရင် သူနဲ့ အင်မတန်တော်မယ့် နေရာပဲ။ ဒါပေမယ့် ရန်ဖြစ်ရမယ့် နေရာမျိုးဆိုရင် ဘယ်နည်းနဲ့မှ သူမလာပါဘူး။ သေချာတယ်လို့ ပြောပြီး၊ ဗမာ့ထွက်ရပ် ဂိုဏ်းက မန္တလေးကို သွားပြီး တရားဟောဖို့ စီစဉ်နေတယ်။ ဒို့ဗမာအစည်းအရုံးရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ သခင်စိုးနဲ့ သခင်နုတို့ လိုက်သွားနိုင်ရင် ကောင်းမယ်လို့ သခင်သန်းထွန်းက အကြံပေးလိုက်တာနဲ့ ဒီကိစ္စကို ရောက်သွားပြီး မူလဆွေးနွေးချက်ဟာ ပြတ်သွားတယ်။
သခင်စိုးဟာ စိတ်ကလည်း အင်မတန်ကြမ်းတယ်။ ရုပ်ရည်ရူပကာကလည်း ခပ်ကြမ်းကြမ်းပဲ။ သူ့မျက်နှာကို ကြည့်လိုက်ရင် မျက်လုံးတွေက စိတ်ဆိုးနေသလို ဖြစ်နေတာချည်းပဲ တွေ့ရတယ်။ သခင်စိုးနဲ့ သခင်နုကို ထွက်ရပ်ဂိုဏ်းနဲ့အတူ မန္တလေးလိုက်သွားဖို့ အထွေထွေနဲ့ တွဲဖက်အတွင်းရေးမှူးတို့က ခန့်လိုက်ပြီ ဆိုတဲ့ သတင်း ပေါ်လာတဲ့အခါ အမှုဆောင်လူကြီးတဦးက ဖြစ်ပါ့မလား။ သခင်နု- မန္တလေးမှာ သခင်စိုးနဲ့ ထွက်ရပ်ဂိုဏ်းလူကြီးတချို့ ထိုးလားကြိတ်လား လုပ်နေကြရင် ရှက်စရာကြီးလို့ ကျွန်တော်တို့ကို ရယ်စရာ ပြောလိုက်တယ်။ တခြားအမှုဆောင် လူကြီးတယောက်က ဒါဟာ ပူစရာ မဟုတ်ပါဘူး။ ထိုးကြကြိတ်ကြရင် ကျုပ်တို့ဘက်က နိုင်မှာပဲ။ သခင်စိုးက သိပ်လက်မြန်တယ်လို့ ကြားဝင်ပြောတယ်။
မန္တလေးကို ရောက်တဲ့အခါ သခင်စိုးဟာ ဗမာ့ထွက်ရပ်ဂိုဏ်းထဲမှာ လူကြိုက် တော်တော်များနေတာကို တွေ့ရတော့ ကျွန်တော် သိပ်ဝမ်းသာတယ်။ သခင်စိုးဟာ နိုင်ငံရေးကို အငြင်းအခုံမလုပ်ရဘူး။ မိတ်ဆွေဖြစ် ဆက်ဆံရမယ်ဆိုရင် ကလေးနဲ့ပဲ ဖြစ်ဖြစ်၊ လူကြီးနဲ့ပဲ ဖြစ်ဖြစ် အလွန်သိမ်မွေ့တယ်။ သူကိုယ်တိုင်ကလည်း ရယ်စရာ ပြောတတ်တယ်။ သူများပြောရင်လည်း အင်မတန် အရယ်သန်တယ်။ သူ့မှာ စိတ်နှစ်မျိုး ရှိတယ်။ ပျော့ရင် ဖယောင်း၊ မာပြီဆိုရင်တော့ သံချောင်းပဲ။ သူဟာ ဘယ်လို သံချောင်းဖြစ်တယ် ဆိုတာတော့ တိုင်းသိပြည်သိပါပဲ။ ဘယ်လို ဖယောင်းဖြစ်တယ်ဆိုတာ စကားစပ်မိလို့ နည်းနည်းလောက် ပြောရဦးမယ်။ သူဟာ တယောထိုးကောင်းတယ်။ သီချင်းကြီးတွေ အများကြီး ရတယ်။ အဆိုလည်းကောင်းတယ်။ သူဆိုတဲ့ သီချင်းကြီး တွေထဲမှာ 'မန်းတောင်လက်ျာ' ကို လူကြိုက် သိပ်များတယ်။ အင်းစိန်ထောင်ထဲမှာ ကျွန်တော်တို့ အတူနေကြ တုန်းက ညတိုင်း ၇ နာရီလောက်ဆိုရင် သခင်စိုးဟာ သီချင်းကြီးတွေကိုဆို တယောထိုးပြီး အခန်းရှည်ကြီးထဲမှာ အတူနေ ရဲဘော်တွေကို ဧည့်ခံလေ့ရှိတယ်။ သိပ်ပျော်စရာကြီးပဲ။
ပျော်စရာတွေကို ပြောပြီးလို့ စိတ်ထိခိုက်စရာတခုကို ပြောရဦးမယ်။ မပြောရရင် မပြီးဘူး။ ရောင်စုံသူပုန် တွေရဲ့ ရန်ဟာ အတော်ကလေး ငြိမ်သွားတဲ့နောက်၊ အချိန်တချိန်မှာ ကိုလှဟာ အတော်ဒုက္ခရောက်သွားရှာတယ်။ ဘယ်လိုဒုက္ခရောက်သွားတယ် ဆိုတာကိုတော့ မပြောချင်တော့ပါဘူး။ သိတဲ့လူတွေ အများကြီး ရှိပါတယ်။ အဲဒီလို ဒုက္ခရောက်ရတဲ့အတွက် တရားခံနံပါတ် ၂ ဟာ ဘယ်သူလဲဆိုတာ စပြီး ပြောပါတော့မယ်။ တရားခံနံပါတ် ၂ ဟာ ဘယ်သူလဲ။ ကျွန်တော်ပါပဲ။ တရားခံ နံပါတ် ၂ ဆိုတာ သူများကပေးတဲ့ အဆင့်အတန်း မဟုတ်ပါဘူး။ ကျွန်တော့်ဟာ ကျွန်တော် ပေးထားတဲ့ အဆင့်အတန်း ဖြစ်ပါတယ်။ သူများက ပေးရမယ်ဆိုရင် နံပါတ် ၁ ဖြစ်ချင် ဖြစ်နေမယ်။ နံပါတ် ၂ လို့ ကိုယ့်ဟာကို ပေးထားတာကတော့ တခြားမဟုတ်ပါဘူး။ ဒီအမှုဟာ ကျွန်တော်က စတဲ့ အမှု မဟုတ်ဘူး။ လူတစု ကျွန်တော့ဆီကိုလာပြီး ဒီကိစ္စ တိုင်ပင်ကြတဲ့အခါ "ကိုလှဟာ လူကောင်းပါ။ ဒီလိုမလုပ် ကြပါနဲ့ကွာ" လို့ ကျွန်တော် တားမယ်ဆိုရင် တားနိုင်တယ်။ ဒါပေမယ့် ကျွန်တော် တုံဏှိဘော လုပ်နေတယ်။ ဘာမှ မပြောဘူး။ ကိုလှဟာ ကျွန်တော်နဲ့ တခါမှ ခွန်းကြီးခွန်းငယ် စကားမများဖူးပါဘူး။ ကွယ်ရာမှာ သပုပ်လေလွင့် ပြောတယ်ဆိုတာလည်း တခါမှ မကြားဘူး။ ကျွန်တော် ပျက်စီးအောင် ဘာတွေ ဘာတွေ လုပ်တယ်ဆိုတာလည်း ကျွန်တော် မပြနိုင်ဘူး။ ကျွန်တော့်ကို အမြတ်တနိုး ထားပြီး ကိုလှဟာ ပေါင်းသင်းဆက်ဆံတယ် ဆိုတာကတော့ ကျွန်တော်လည်း ပြနိုင်တယ်၊ သူလည်းပြနိုင်တယ်၊ သူနဲ့ ကျွန်တော်နဲ့ သိတဲ့ မိတ်ဆွေသင်္ဂဟ အပေါင်းအသင်းတွေ လည်း ပြနိုင်တယ်။ အဲဒီလို ဖြစ်ရဲ့သားနဲ့ ဘာကြောင့် ကျွန်တော် တုံဏိဘောလုပ်နေလိုက်တယ်ဆိုတာ ကျွန်တော့်ဟာ ကျွန်တော် ပြန်တွေးလို့ မရဘူး။ အတော်ကြီး ထူးဆန်းတာပဲ။
နောက်အတော်ကလေးကြာတော့ ဒီဒုက္ခတွေက ကိုလှ လွတ်မြောက်သွားတယ်။ အဲဒီလို လွတ်မြောက် ပြီး မကြာခင်ဘဲ ကျွန်တော် မန္တလေးကို ရောက်သွားတယ်။ ရောက်ရောက်ချင်း ကျွန်တော်နဲ့ ခေတ္တလောက် တွေ့ပါရစေဆိုတဲ့ ကိုလှရဲ့ စာတစောင်ကို ကျွန်တော် ရတယ်။ အမှန်အတိုင်းပြောရရင် သူ့ကိုတွေ့ရမှာ ကျွန်တော် အင်မတန် မျက်နှာပူနေတယ်။ ဒါပေမယ့် တွေ့ဖို့ဆုံးဖြတ်ပြီး ကျွန်တော် ကိုလှနဲ့ တွေ့တယ်။ သူလာရင် "ကိုကြီးနု၊ ကျွန်တော့်ကို ဒုက္ခရောက်အောင် လုပ်တာ ကျွန်တော် ၀မ်းနည်းပါတယ်" ဆိုတဲ့ စကားမျိုးကို ပြောလိမ့်မယ်လို့ ကျွန်တော် တွက်ထားတယ်။ အဲဒီလို သူက ပြောတဲ့အခါ၊ "ကျွန်တော် အများကြီး ၀မ်းနည်းပါတယ် ကိုလှရေ" လို့ အစချီပြီး ကျွန်တော် ၀န်ချတောင်းပန်မယ်လို့ ကျွန်တော် စိတ်ကူးထားတယ်။ ဒါပေမယ့် ကိုလှဟာ ရောက်လာပြီး ပြန်သာသွားရော သူဒုက္ခရောက်တဲ့အကြောင်းနဲ့ ပါတ်သက်ပြီး ဘာတခွန်းမှ မပြောဘူး။ ကိုကြီးနု နေကောင်းလား၊ မမရီကော နေကောင်းရဲ့လား၊ ဘာဖြစ်လို့ လိုက်မလာသလဲ၊ မန္တလေးမှာ ကျွန်တော်လုပ်ပေးနိုင်တာရှိရင် ဘာမဆို ခိုင်းပါ။ ကျွန်တော် ဆောင်ရွက်ပေးပါရစေ အစရှိတဲ့ စကားတွေလောက်ကိုသာ ပြောပြီး ပြန်သွားတယ်။ သူ ဒုက္ခရောက်ခဲ့ရတဲ့ အကြောင်းကို တခွန်းတပါဒမှ ပြောမသွားဘူး။ ဒီအကြောင်းကို ကိုလှက ဘာမှ မပြောတဲ့ အတွက် ကျွန်တော်ကစပြီး ပြောရမှာတောင် သတ္တိကြောင်နေတယ်။
ကိုလှ ပြန်သွားတဲ့အခါ ကျွန်တော်တယောက်တည်း ထိုင်ရင်း "ကိုလှကို ငါသွားလုပ်မိတာ အင်မတန်မှား တယ်။ ကာလ၀ိဘတ် နောက်ပိုးတက်တယ်" ဆိုတာလို ဒီကိစ္စဟာ ဒီလိုနဲ့ ပြီးမှာ မဟုတ်ဘူး။ တနည်းနည်းနဲ့ ငါ ပြန်ခံရလိမ့်မယ်။ သံသရာဆိုတာ အင်မတန် ရှည်တယ်။ ဒီဘ၀မဟုတ်ရင် နောက်ဘ၀ တခုခုပေါ့ကွယ် ဆိုတာတွေကို ကျွန်တော်တွေးနေတယ်။ အဲဒီလိုတွေးရင်း ကျွန်တော်ဟာ ၀ဋ်ဆင်းရဲတွေရဲ့ ဘေးကို မြင်လာပြီး အကြောက်ကြီး သိပ်ကြောက်နေတယ်။ အခုလို ကြောက်ပြီး၊ နောက်တခါဆို ကိုလှနဲ့တွေ့ရင် ဒီကြွေးကို သူက တောင်းတောင်း၊ မတောင်းတောင်း ငါ အတင်းဆပ်ဆပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
နောက်တကြိမ် ကျွန်တော် မန္တလေးရောက်တဲ့ အခါမှာလည်း ကိုလှ လာတွေ့တယ်။ သူ့မျက်နှာမှာကို ကြည့်ရတာ ဒေါသကို မျိုသိပ်ထားရတဲ့ သဏ္ဍာန်မျိုး ဆံခြည်ဆယ်စိတ်စိတ် တစိတ်တလေလောက်မှ မတွေ့ရဘူး။ သူ့ရဲ့ နဂိုကြည်လင်တဲ့ မျက်နှာထားနဲ့ "ကိုကြီးနုရေ မန္တလေးရဲ့ နွေရာသီဟာ အင်မတန်ကြမ်းတယ်။ ရေချိုးမမှားစေ နဲ့နော်။ မမရီကော မပါဘူးလား၊ မန္တလေးအစားအသောက်တွေက အင်မတန် ဆန်းကြယ်တယ်၊ သတိထားပါ ကိုကြီးနု" အစရှိတဲ့ စကားတွေပဲ ပြောပြီး ပြန်သွားတယ်။ သူက စ မပြောတဲ့အတွက် ကျွန်တော်ပြောမယ်လို့ စိတ်ကူးထားတာတွေကို တလုံးမှ မပြောလိုက်ရဘူး၊ သတ္တိကြောင်နေပြန်တယ်။
ကိုလှလာရင် ပြောဖို့ဆိုပြီး ကျွန်တော်က ဒီလို စိတ်ကူးထားတယ်။ "ကိုလှရေ ကိုလှ ဒုက္ခရောက်အောင် ကျွန်တော် လုပ်ခဲ့တဲ့ အပြစ်ဟာ မသေးပါဘူး။ အင်မတန် ကြီးမားပါတယ်။ ကျွန်တော်ဝမ်းနည်းပါတယ်။ ကျွန်တော်တောင်းပန်ပါတယ် အစရှိတဲ့ စကားတွေကို ပြောရုံမျှနဲ့ ကျေအေးနိုင်လောက်တဲ့ အပြစ် မဟုတ်ပါဘူး။ ကိုလှဟာ ကျွန်တော့်ထက်ကြီးရင် ကျွန်တော်က ကိုလှကို ထိုင်ပြီး ရှိခိုးတောင်းပန်ရမယ့် အဖြစ်မျိုး ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော် အနူးအညွတ် တောင်းပန်ပါရစေ။ အပြစ်တွေ ရှိသမျှ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပါ။ သံသရာကြီးဟာ အင်မတန် ရှည်လျားပါတယ်။ သိန်းနဲ့ သန်းနဲ့ ကုဋေနဲ့ချီပြီး များပြားလှတဲ့ ဘ၀ပေါင်းများစွာမှာလည်း အခုလိုပဲ ကိုလှအပေါ် ကျူးလွန်စော်ကားမိတဲ့ အပြစ်တွေ အမြောက်အပြား ကျွန်တော့်မှာ ရှိပါလိမ့်မယ်။ အဲဒီအပြစ်တွေကလည်း ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော့်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးပါ။ ဒီသံသရာကြီးတလျှောက်မှာ ကိုလှက ကျွန်တော့်အပေါ်မှာ ကျူးလွန်ခဲ့မိတဲ့ အပြစ်တွေ ရှိရင်လည်း ကျွန်တော်က ကိုလှကို ခွင့်လွှတ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတယ်။ ကိုလှဟာ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေကို လျင်မြန်စွာ ရပြီး အိုနာသေကွဲ အစရှိတဲ့ သံသရာဝဋ်ဆင်းရဲတို့ရဲ့ ချုပ်ရာ ငြိမ်းရာ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ပါစေ" ဆိုတဲ့ စကားတွေကို ကိုလှနဲ့ နောက်တခါတွေ့ရင် ပြောဖို့ ဆိုပြီး ကျွန်တော်စိတ်ကူးထားပါတယ်။ ဒါပေမယ့် ကျွန်တော် သတ္တိကြောင်နေတဲ့အတွက် တခါမှ ပြောမထွက်ဖြစ်ဘူး။ ကြာလာတော့ ဒီစကားတွေကို ကျွန်တော် အလွတ်ရတဲ့အထိ ဖြစ်လာတယ်။
အဲဒီလိုနဲ့ အချိန်တွေ ကုန်လာလိုက်တာ ကိုလှ အနိစ္စမရောက်ခင် တလ နှစ်လ လောက်အလိုမှာ ထင်တယ်။ ကျွန်တော် မန္တလေးကို တခေါက်ရောက်သွားပြန်တယ်။ ကျွန်တော်ပြန်မယ့်နေ့မှာ ကျွန်တော့်ကို လိုက်ပို့ကြတဲ့ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း မီးရထားဘူတာရုံရဲ့ ထောင့်တထောင့် ခပ်လှမ်းလှမ်းမှာ ကိုလှ ရပ်နေတာကို ဖျပ်ခနဲ ကျွန်တော် တွေ့လိုက်ရတယ်။ အဲဒီလို တွေ့ရတာနဲ့ တပြိုင်နက် ဒီကနေ့တော့ ဘာပဲဖြစ်ဖြစ် ကိုလှအကြွေးကို အတင်းဆပ်ရမယ်လို့ ဆုံးဖြတ်ပြီး ကိုလှဆီကို ကျွန်တော် ခပ်သုတ်သုတ် လျှောက်သွားတယ်။ အနားရောက်တာနဲ့ တပြိုင်နက် အထက်နားက ဖော်ပြခဲ့တဲ့ စကားတွေကို တလုံးပြီးတလုံး အထစ်အငေါ့မရှိပဲ ကိုလှရဲ့ အကြွေးတွေကို ကျွန်တော် အတင်းပြန်ဆပ်တာပဲ။ ကိုလှလည်း စခါစတော့ အံ့အားသင့်ပြီး ကျွန်တော့်ကို ကြည့်နေတယ်။ နောက်မှ သတိရပြီး၊ "ကျွန်တော် သင်ပုန်းချေပြီးပါပြီး ကိုကြီးနု၊ ဒါတွေကို ပြောမနေပါနဲ့ ကိုကြီးနု၊ ကျွန်တော်ခွင့်လွှတ်ပါတယ်။ ကျွန်တော် သည်းခံပါတယ်။ မပြောပါနဲ့တော့ ကိုကြီးနု" အစရှိတဲ့ ပြတ်တောင်း ပြတ်တောင်း ထွက်လာတဲ့ စကားပြတ်လေးတွေကို ပြောရင်း နောက်ကို တဖြည်းဖြည်း ဆုတ်သွားတယ်။ ကျွန်တော်ကလည်း စကားမဖြတ်ဘူး။ ကျွန်တော် စိတ်ကူးထားတဲ့ စကားတွေကို အတင်းလိုက်ပြောတာပဲ။ ကိုလှဟာ တဖြည်းဖြည်းနောက်ဆုတ်ရင်း မီးရထားဘူတာရဲ့ လူပြတ်တဲ့နေရာတခုက လူစည်တဲ့ နေရာတခုနားဆီ ရောက်သွားတယ်။ ကျွန်တော် ပြောနေတာ တ၀က်လောက်ရောက်တော့ ကျွန်တော့်နားက လူတယောက်က "ကိုကြီးနု မီးရထားထွက်တော့မယ်။ မီးရထားပေါ် မြန်မြန်တက်ပါ" လို့ အော်ပြီး သတိပေးတာကို ကြားရတဲ့အခါ သူ့ကို လှည့်မကြည့်ပဲ စိတ်တိုတိုနဲ့ "ထွက် ထွက်" လို့ လက်ရမ်းပြလိုက်တယ်။ ကျွန်တော်လည်း ပြောချင်တဲ့စကား ကို အားရပါးရ ပြောနေလိုက်တာ ပြောချင်သမျှကို ပြောပြီးမှပဲ ရပ်နိုင်တော့တယ်။ ပြောပြီးတာနဲ့ တပြိုင်နက် ကိုလှကို လက်ဆွဲနှုတ်ဆက်၊ တခြားမိတ်ဆွေတွေကို လက်ပြပြီး ထွက်စပြုနေတဲ့ မီးရထားအပေါ် ပြေးတက်သွား ပါတယ်။
မိတ်ဆွေကြီး ကိုလှဟာ မဂ်ဥာဏ် ဖိလ်ဥာဏ်တွေကို ကောင်းစွာ ထူးခြားစွာ ရရှိပြီး အို နာ သေ ကွဲ အစရှိသော သံသရာဝဋ်ဆင်းရဲတို့၏ ချုပ်ငြိမ်းရာ ကုန်ရာဖြစ်သော နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ပါစေ။
မောင်နု
၉- ၁- ၈၅။
[နှစ် ၉၀ ပြည့် လူထုဦးလှ၊ ပထမအကြိမ်၊ ၂၀၀၀ပြည့်၊ ဇွန်မှ ကူးယူဖော်ပြပါတယ်]
Sunday, November 1, 2009
ဒါလည်း အိမ်ပါပဲ
ရေးသူ- ခွန်းခ
အပြင်လေဟာ ရင်ထဲက နာကျင်မှုတွေ၊ ခေါင်းထဲက တစ္ဆေဆိုးတွေကို ကဲ့ယူမှုတ်ထုတ်ပေးလိုက်သလိုပဲ။ လွတ်လပ်မြေပြင်ကို လှမ်းလိုက်တဲ့ ပထမဦးဆုံးခြေလှမ်းဟာ စမ်းဝါး စမ်းဝါးနဲ့၊ ရှက်သွေးဖြန်းနေချေသေးတယ်။ အတွင်းနဲ့အပ ကောင်းကင်ချင်းကို မတူကြတာ။ နှင်းခြုံထားတဲ့ နိုဝင်ဘာရဲ့ သတ်သတ်မှတ်မှတ် နံနက်ခင်း၊ ရှေ့ရေးအတွက် စီးချင်းအသစ် ထပ်တိုးချဲ့ရဦးတော့မယ့် သောကပျိုးခင်း။
ဟိုနားတကွက်၊ သည်နားတကွက်နဲ့ လူတွေက ခေါင်းတမော့မော့၊ လည်တဆန့်ဆန့်နဲ့ ငါ့လို အလားတူ လူတွေကို မျှော်လင့်တကြီး စောင့်နေကြပုံပေါ်တယ်။ တချို့က ရွှင်ရွှင်ပြပြ၊ တချို့ကတော့ ပြိုကျလာတော့မယ့် ငိုချင်းကို အချိန်ဆွဲဆန့်ထားကြပုံပါပဲ။ ဒါပေမယ့်လည်းလေ ရှင်လိင်ပြန်တဲ့နေ့ကလည်း ပျော်တယ်ရယ်လို့ မရှိခဲ့ပါဘူး။ ခုလဲပဲ စိတ်တွေ ထိုင်းမှိုင်းလေးလံပြီး သောကကို ပြောင်းပြန်လှန် ၀တ်ရသလိုမျိုး ခံစားနေရတယ်။ လူအုပ်ကြားထဲကနေ တိုးထွက်လိုက်တော့ နှစ်ပေါင်းအတန်ကြာ ကတည်းက ရင်းနှီးနေခဲ့ပြီးသော ထမီအဆင် တခုကို တွေ့လိုက်ရတယ်။ နွမ်းဆုတ် ဟောင်းအိုနေလှပေါ့။ ထမီဝတ်ထားတဲ့ မိန်းမကြီးကို စေ့စေ့ကြည့်မိ တော့မှ........
'ဟဲ့.... သား... သား... အထွန်းမဟုတ်လား'
ဖိစီးမှုတွေ မကြော်ငြာပဲနဲ့ကို ပြုတ်ကျသွားတယ်။ မျက်လုံးတွေကလည်း ပြာဝေသွားကြတယ်။
'ဟာ.... အမေ၊ သားပေါ့.... အထွန်းပဲပေါ့'
အမေဟာ ကျွန်တော့်ရင်ခွင်ထဲမှာ ပျော့ခွေသွားပြီး ၀မ်းသာအားရ ငိုနေတော့တယ်။ သားအမိနှစ်ယောက် ရင်ချင်းထိယှက်နေပါလျက်နဲ့ ဘယ်စကားကို ဘယ်လို စရမလဲဆိုတာကို မသိနိုင်လောက်အောင်ကို ဖြစ်ကုန်ကြ တယ်။ ငိုပစ်လိုက် အမေရာ...၊ ငိုပစ်လိုက်စမ်းပါ။ ဘ၀တလျှောက်လုံးလည်း ငိုခဲ့ပြီးပြီ။ နောက်ထပ် ခြေလှမ်း အသစ်တွေကိုလည်း မျက်ရည်တွေ ဆမ်းချင် ဆမ်းပေးနေရဦးမှာ။ ရှိုက်သံတွေဟာ ဂယက်ထတတ်သလား။ ဆွဲငင်ညှို့အား ရှိလေရော့သလား။ စာနာမှုတွေနဲ့ ၀ိုင်းကြည့်နေကြသူတွေရဲ့ မျက်လုံးအိမ်တွေထဲမှာလည်း ထောက်ထားစာနာမှုတွေက ပြည့်ဝပျော်ရည်ပြင် ဖြစ်လာပြီး အိုင်စို့နေကြလေရဲ့။
အမေနဲ့ သားကြားက နှစ်ပေါင်းများစွာ အလုယက်ခံလိုက်ရတဲ့ အထိအတွေ့တွေ၊ စကားလုံးတွေကို သည်တခါတော့ အဆုံးအရှုံး မခံနိုင်တော့ဆိုတဲ့ မာန်နဲ့ အမေ့ရဲ့ လက်ချောင်းအိုအိုကလေးတွေက ကျွန်တော်ရဲ့ လက်မောင်းတွေကို တင်းတင်းဆုပ်ထားကြတယ်။ အမေရာ သိက္ခာရှိတဲ့ ခရီးကို အဖိုးစားနား ကြီးကြီးမားမား ပေးရတဲ့ ရထားနဲ့ သွားခဲ့တာပါ။ ဒါပေမယ့် အမေ့ရင်ထဲမှာ မမေးရက်တဲ့၊ မမေးအပ်တဲ့ မေးခွန်းတွေ ပွက်ပွက်ဆူ နေလိမ့်မယ်ဆိုတာ သားခန့်မှန်းမိပါတယ်။ ခုတော့ လက်ဆုပ်လက်ကိုင် မပြနိုင်သေးဘူးပေါ့လေ။ တနေ့တော့ပေါ့ အမေရာ၊ တနေ့ပေါ့.....။
ရုတ်တရက် အပြုစား ခံလိုက်ရသလို ဖြစ်သွားတယ်။ လေမုန်တိုင်း တိုက်လာသလို အသံကြီး ပေးပြီး၊ ကားအကြီးကြီးတွေက စုန်ချည် ဆန်ချည်နဲ့။ တချို့ ကားကြီးတွေပေါ်မှာ သေတ္တာအကြီးကြီးတွေ တင်ထားကြ တယ်။ လူတွေ ပါသွားတဲ့ ကားကြီးတွေကလည်း မြင့်မြင့်ရှည်ရှည်ကြီးတွေ။ ဟိုတုန်းက သည်လို မဟုတ်ပါဘူး။ ဘယ်သူက ဘာအတွက်နဲ့ သည်လမ်းမကြီးကို အလိုက်မသိပဲ သည်မှာ လာချထားပါလိမ့်။
'သား... ဘေးကပ်၊ ဘေားကိုကပ်။ ဘာမှ အစိုးမရဘူး သား..'
ပလက်ဖောင်းပေါ်မှာလည်း ရှားပါးပစ္စည်း တခုခု ရောင်းပေးနေလို့၊ လူတွေ တန်းစီနေကြသလိုပဲ။ အရှေ့ကို ဆက်လျှောက်ပြီး၊ မျှော်ချင်တဲ့ နေရာကိုမျှော်၊ လူတွေချည်းပဲ။ တဆင်တည်း ဖြစ်နေတာက အားလုံးဟာ မျက်နှာပေါ်မှ ပိုပြီး ထူလာတဲ့ အရေးအကြောင်းတွေနဲ့ သုတ်သီးသုတ်ပြာ ရွေ့လျားနေကြခြင်းပါပဲ။ ငယ်ငယ်တုန်း ဆီကလည်း မုန့်လင်မယားဒယ်လို လမ်းတွေပေါ်မှာ အလားတူ မျက်နှာတွေပေါ်က အရေခွံတွေနဲ့ ပြေး၊ ရုန်းနေရတဲ့ ခြေထောက်တွေ။ ခု အရွယ်ထောက်ပြီး အနွမ်းကမ္ဘာတခုဆီက ပြန်လာတော့လည်း တထေရာတည်း။
'သား.... အပြောင်းအလဲတွေကြားမှာ ကြောင်နေပြီ ထင်တယ်။ မီးသွေးနဲ့ပဲ ချက်ချက်၊ ထင်းနဲ့ပဲ တည်တည်၊ လျှပ်စစ်မီးနဲ့ပဲ ချက်ချက် ထမင်းက ထမင်းပါပဲ သား....'
အံ့အားသင့်မှုတွေနဲ့ လည်ပင်းလိမ်သွားမတတ်၊ အရပ်မျက်နှာအားလုံးကို ကြည့်လိုက်။ ခြေတလှမ်းကို ခေါင်းနှစ်ငြိမ့် သုံးငြိမ့် လုပ်နေရတော့ သည်သားအမိနှစ်ယောက်ကြောင့် လူ ကြော ပိတ်ဆို့ထားသလို ဖြစ်နေတယ်။ သတိပြန်ပြန် ၀င်လာတိုင်း အများသူငါ သွားနေတဲ့ အရှိန်နဲ့ လိုက်ပါနိုင်ဘို့ ထပ်ထပ်ပြီးတော့ကို သတိပေးနေရတယ်။ သူတို့ကို မောင်းနှင်နေတဲ့ သောကနဲ့၊ ကိုယ်ပိုက်ထွေးထားခဲ့တဲ့ ဖိစီးမှု ကြောင်းတူ သံကွဲတော့ ဖြစ်နေ မလားပဲ။ တဖြေးဖြေးနဲ့ စမ်းပြီး စစ်ပြီး မျှော်ကြည့် ရဦးမှာပေါ့လေ။
'သား... သည်နေရာကို မှတ်မိသေးလား...'
မျှော်စင်ကြီးတခုကို စိုက်ထိုးထားသလိုမျိုး၊ လှပါပေ့။ တိုက်ကြီးက၊ အထပ် အထပ်တွေနဲ့။
'နင့် အရီး မအေးတို့ အိမ်လေ။ အိမ်ရှေ့မှာ ရေချမ်းစင်ကလေးနဲ့၊ သူမနက်တိုင်းရောင်းတဲ့ ပဲပြုတ်နဲ့ ကောက်ညှင်းပေါင်းဆိုင်ကလေး၊ အဲသည့် ရှေ့လမ်းနဲ့ ကပ်လျက်၊ ပိတောက်ပင် အကြီးကြီး ရှိတယ်လေ'
'အော်...'
ခြေတွေတိုသထက် တိုလာတဲ့ အချိန်မှာ 'ဒါက အစက ဈေးကလေးလေ။ ခုတော့ သူဌေးဘယ်သူဆို လား သူပိုင်တဲ့ ကုန်တိုက်ကြီးတွေ ဖြစ်သွားပြီ'
'ဟုတ်လား'
ဘေးဘီမှာ ငယ်စဉ်က အိပ်မက်တွေ၊ ကျန်ခဲ့တဲ့ လျော့တိလျော့ရဲ ထည်ဝါမှုတွေ တတန်းကြီးပါဘဲ။ အဆောက်အဦးတွေကလည်း ဆိုင်းဘုတ်တွေကို ခြုံပြီး အိပ်နေကြပုံရတယ်။ ဘာဆိုင်တော့လို့လဲ လိုချင်တာ အားလုံး မဟုတ်တောင်မှ ကုန်ကျစရိတ်အားလုံးကို တံတွေးတချက် ထွေးစရာလောက် ဖြုန်းသုံးနိုင်ရင် ဆန္ဒပြည့်လုခမန်း ရနိုင်ပြီ။ ရွေးချယ်စရာတွေက အများကြီး။
'တတ်နိုင်မယ်ဆိုရင်တော့ နေလို့ အကောင်းသား..... သား ရဲ့.... '
တိမ်တွေကတော့ တနေ့ကို အဆင်လေးငါးထည် ပြောင်းလဲပြီး ၀တ်နေဆဲ ဆိုပေမယ့်၊ တိမ်တော့ မည်နေဆဲပဲ။ ကောင်းကင်ကြီးလဲ စိတ်သဘောထား တခုတည်းနဲ့ အပြောင်းအလဲမရှိ၊ တသမတ်တည်း မာလို့ ချာလို့။
အဖိုးတန် လမ်းမကြီးတွေပေါ် လျှောက်ယင်း၊ အလျင်မီအောင် နိစ္စဓူဝ ပြေးပွဲ ပြိုင်ပွဲ ၀င်နွှဲနေကြရတဲ့ သူတွေအကြားမှ လျှောက်ယင်း၊ လမ်းမကြီးတွေပေါ် ငိုက်ကျလာလုမတတ်၊ တိုက်ကြီးတွေကို မော့ကြည့်ရင်။ ဆိုင်းဘုတ်တွေကို ယဉ်ပါးအောင်လုပ်ရင်း ကိုယ့်ချက် ဘယ်မှာမြှပ်ထားခဲ့တယ် ဆိုတာကို ခပ်ရေးရေးလေး မှန်းဆလို့ ရလာပြီ။
'အမေ့ အိမ်သွားကြမယ်လေ။ ခု ဘယ်လို ခေါ်ပြီး ပြဦးမလို့လဲ'
လမ်းအချိုးလေးမှာပဲ
'ရောက်တော့မှာပါ သားရယ်'
အနံ့အသက်တွေ ပြောင်းတော့ ပြောင်းသွားသလိုပဲ။ မမြင်ဘူးခဲ့တဲ့ အပင်ကလေးတွေကလဲ ကြိုးတို့ ကြဲတဲ တန်းစီလို့။ မြန်မာတော့ မဆန်လှဘူးပေါ့လေ။
'သားအဖေက သားကို အမျှော်ကြီး မျှော်နေခဲ့တာ သားရဲ့။ သားတို့ သားအဖ ပြန်ဆုံစည်းစေချင် လိုက်တာ။ ဖြေစရာ တရားတခုစီတော့ ကိုယ်စီ ရှိကြမှာပေါ့လေ'
အမေ့လေသံက တိုးတက်ချက်၊ ၀ဲတချက်၊ အဖေ့ခန္ဓာ နွမ်းနွမ်းကြီးလဲ ဆိုက်ကားပေါ်မှာပဲ ရှိနေဆဲပဲလား။ အဖေက မုံ့ပြားသလက်တို့၊ မုံ့စိမ်းပေါင်းတို၊ မုံ့ဆီကြော်တို့ကို အသေအလဲ ခုံမင်တာ။ ရှိရော ရှိကြသေးရဲ့လား။ အဖေ့ရဲ့ ရေနွေးကရား အိုးထဲမှာလဲ ဘယ်လို လက်ဘက်ခြောက် အမျိုးအစားတွေများ ကိန်းဝပ်နေကြပြီလဲ မသိ။ ပျက်ယွင်းနေတဲ့ မြေပုံနိမ့်နိမ့်လေးတွေကြားက ဟိုကွေ့ သည်ဘက် ဖြတ်လျှောက်လိုက်နဲ့၊ လက်နဲ့ မသေမသပ် ပုံဖော်ထားပုံရတဲ့ မြေပုံလေးတခုရဲ့ ရှေ့ကိုရောက်တော့၊ အမေက ရုတ်တရက် ရပ်လိုက်ပြီး ဆတ်ခနဲ ထိုင်ချလိုက်တယ်။ သိုလှောင်ထားတဲ့ မျက်ရည်တွေရယ်၊ ငိုသံ ယှက်နှောထားတဲ့ စကားလုံးတွေရယ်၊ တပြိုင်နက် တည်း တစ်တစ်ဆို့ဆို့၊ ဖြစ်ညှစ်ပြီး ထွက်လာကြပြီး
'သား... အဖေသည်မှာ၊ ငြိမ်းငြိမ်းချမ်းချမ်း ခေါင်းချနေလိုက်ပြီ သားရဲ့....'
မျှော်လင့်တွက်ဆထားပြီး ဖြစ်ပေမယ်လို့ ရှိုက်သံအက်အက် တစ နှစ်စက စည်းကျိုးလာတယ်။ ခုမှ အသက်ကို ၀အောင်ရှူဘို့ အားခဲရုံ ရှိသေးတယ်။ သက်ပြင်းတွေကိုပဲ အလှည့်ပေးနေပြန်ရတော့တယ်။ ပြီးခဲ့ပြီပဲလေ။ ကြေကွဲမှုတွေကို ချောင်းတချက် ဟန့်လိုက်ပြီး ထွေးထုတ်ပစ်လိုက်ရတယ်။ ကတိုက်ကရိုက် ၀မ်းနည်းပြီးတော့ပဲ သားအမိနှစ်ယောက် ကိုယ့်ဘာသာ ဖြေသိမ့်လိုက်ကြရတယ်ပေါ့။
'အမေ... အိမ်ပြန်ကြစို့နော်..'
အမေက ဒယီးဒယိုင်ထပြီး ရှေ့ကနေ ခြေလှမ်းတွေကို ဆွဲငင်အားတခုကနေ လွတ်အောင် ရုန်းထွက်နေရ ပြီကော။ တလှမ်းချင်း တလှမ်းချင်။ ဇရပ်လေးတခုရောက်တော့ အမေက ရှေ့ကနေ တက်သွားတယ်။ အပေါ်ရောက်တော့ ဒေါင့်တခုမှာ စိတ်ကို ဒုန်းဒုန်းချလိုက်သလို ထိုင်ချလိုက်တယ်။ ဘေးဘီမှာ ထင်းခိုးဝနေတဲ့ အိုးကလေး နှစ်လုံး။ ဖာထေးရာတွေ ဆက်လုမတတ် ဖြစ်နေတဲ့ လုံချည်အဟောင်းလေးတွေ၊ နှုတ်ခမ်းပဲ့နေတဲ့ ပန်းကန်သုံးချပ်၊ ညစ်ပေနေတဲ့ ဇွန်းတချောင်း။ အမေက ဖျာအစုတ်ကလေးတချပ်ကို ကမန်းကတန်း ဖုံခါပြီး ချပေးရှာတယ်။
'ဒီမှာထိုင် သား...'
'အမေ မောနေလို့လား၊ အိမ်ပြန်စို့လေ အမေရဲ့..'
အမေက ခေါင်းတငြိမ့်ငြိမ့်နဲ့ လျော့တိလျော့ရဲ မချိတင်ကဲ ပြုံးနေတော့တယ်။
'သား ကြီးပြင်းခဲ့တဲ့ အိမ်ကို ပြောတာလား.. သားကိစ္စဖြစ် ကတည်းက တတိတိနဲ့ ပါး ပါး လိုက်လာတာ။ သားအဖေလဲ စိတ်အကျကြီး ကျသွားပြီးအိမ်လဲ ပျက်ခဲ့ပေါ့ သားရယ်။ သားအဖေကို လှမ်းမြင်နေရတဲ့ သည်နေရာ ကလေးကနေ သားကို အလွမ်းပြေ စောင့်စားရင်း အမေနဲ့ ထိုက်တန်တဲ့ ကျောတချစာကလေးကို ရွေးချယ်ခဲ့ရ တာပဲ သား...'
ဖွဲ့ဆိုမ၀ံ့တဲ့ နာကျင်မှုတွေ၊ အံ့အားသင့်မှု သမုဒ္ဒရာတခုစာလောက်နဲ့ အချိန်အကြာကြီး ဆွံ့အသွားခဲ့ မိတယ် ငြင်းပယ်မရတာကိုတော့ ပကတိအတိုင်း လက်ခံရတော့ မှာဘဲပေါ့လေ။ တမျှော်စာလောက် အဝေးဆီက ဆောက်လက်စ တန်းလန်း တိုက်တာကြီးတွေ၊ သွားလာမစဲ အဖိုးတန်ကားကြီးတွေ၊ နှလုံးခြောက်ချားစရာ သီချင်းသံတွေရဲ့ ဆူညံသံ မျိုးစုံက အရောင်းလိုက်နေကြဆဲပဲကိုး။ လူမှုစီးကြောင်း၊ ပူမှုအက်ကြောင်းတွေရဲ့ အပြင်ဘက်က ပွဲလန့်သံတွေ အနံ့ခံပြီး ဖျာလာရောင်းနေကြသူတွေလိုပဲ။ သည် တန်ရာတန်ရာ နေရာမှာပဲ ငြိမ်းအေးရချေတော့မှာပဲ။ ဆက်ပြီးတွေးတောရမယ့် ညတွေက ရှေ့မှာ အသင်္ချေ။
ကတုန်ကယင်ဖြစ်နေတဲ့ အမေ့ရဲ့ နွေးထွေးပြီး ကြမ်းရှနေတဲ့လက်က ကျွန်တော့ပါးလေးကို ငယ်ငယ်တုန်း က လိုပဲ တယုတယပွတ်ပြီး.....
'ဒါလဲ အိမ်ပါပဲ.... သားရယ်'
ခွန်းခ

Subscribe to:
Posts (Atom)