Sunday, November 22, 2009

တမ်းတလို့လွမ်းရပါတယ်.... (၂)
ရေးသူ- မောင်အေးခိုင်


"အော်.... မိုးတသဲသဲ၊ နွားချေးနံ့ တသင်းသင်း၊ အာရ်အိုင်တီမှာ ကျောင်းတက်ရလို့မှ ပျော်ခါစရှိသေး၊ နှစ်လလောက်မှာ ကျွန်းဆွယ်အရေးအခင်းဖြစ်လို့ စစ်အစိုးရက တက္ကသိုလ်နဲ့ ကောလိပ်တွေကို ပိတ်လိုက် ပါတယ်။....." လို့ (၁) မှာ အဆုံးသတ်ခဲ့တာ။ ဆက်မိသွားအောင် ကျွန်းဆွယ်အရေးအခင်းအကြောင်း နည်းနည်း ရေးလိုက်ပါအုန်းမယ်။
ကဗျာဆရာတယောက်က အသံလွှင့်ဌာနတခုကနေ အသံလွှင့်ခဲ့တာ နည်းနည်း လွဲနေတယ်ထင်လို့ စေတနာနဲ့ ပြန်တည့်ပေးတာပါ။ အမှားကြီးတော့ မဟုတ်ပါဘူး။ ဆရာ့ခမျာ နှစ်တွေကြာလာတော့ မေ့ကောင်း မေ့သွားတာလား၊ သူများအပြောနားထောင်ပြီး ရေးတာလား မသိပါ။ ဒီရေဒီယိုကို နားထောင်တဲ့ ပရိသတ်တွေဟာ ပြည်ပမှာထက် ပြည်တွင်းက ဖြစ်ပါတယ်။ သူတို့မှာ ဒီအလွဲကြီးကို ကြားရပြီး ပြန်တည့်ပေးချင်ပေမယ့် တည့်နိုင်ခွင့် မရှိတော့ စာရေးသူအပေါ်၊ အယ်ဒီတာတွေအပေါ် အားမလိုအားမရ ဖြစ်နေမလား မသိဘူး။ ကိုယ်ကတော့ မတော်တဆ ဖတ်မိလိုက်တဲ့အတွက် ခရီးသွားဟန်လွဲ နည်းနည်း အမုန်းဝင်ခံလိုက်ပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးတာမို့ ကိုယ်ပြောတာ ကိုယ်တာဝန် ယူပါတယ်။


အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲတဲ့။ ဟိုတုန်းကခေါ်တာ။ အင်္ဂလိပ်လို SEAP Games (South East Asia Peninsular Games)။ ဗမာပြည်မှာ နှစ်ကြိမ် လုပ်ဖူးတယ်။ တကြိမ်က ကိုယ်တို့ ငယ်ငယ်တုန်းက။ နောက်တကြိမ်က ကိုယ်တို့ တက္ကသိုလ် ရောက်စ ပထမနှစ်။ တက္ကသိုလ်တွေက အလှအချောတွေရွေးပြီး ဖွင့်ပွဲနေ့မှာ နိုင်ငံအလံကိုင်တာ၊ စာတန်းကိုင်တာတွေ လုပ်ရတယ်။ ကိုယ်မှတ်မိ သလောက် သျှားလက်ချိုတဲ့။ ကြည်ကြည်ဟန် တဲ့။ ဌာနီမကွိုင် ဆိုလား။ ဒါလောက် ပဲ မှတ်မိတော့တယ်။
ကိုယ့်သူငယ်ချင်းက ရှေ့နေချုပ်ကြီး ဦးဘစိန်ရဲ့ မြေးဆိုတော့ ဖွင့်ပွဲနေ့မှာ သူ့အဖိုးအတွက် ရတဲ့ V.I.P လက်မှတ် နှစ်စောင်နဲ့ အထူးတန်းပွဲကြည့်စင်ရဲ့ Box ထဲကနေ ကိုယ်တို့ သွားကြည့်ကြတယ်။
အားကစားပြိုင်ပွဲတွေကို တနေရာတည်းမဟုတ်ပဲ နေရာတွေ ခွဲလုပ်ရတယ်။ သမိုင်းကောလိပ်ဝင်းထဲက အားကစားရုံကြီးထဲမှာ လက်ဝှေ့ပွဲလုပ်တယ်။ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာက ဂျူဒိုပြိုင်ပွဲ။ ရေကူးပြိုင်ပွဲက ဦးဝိစာရလမ်း အမျိုးသားရေကူးကန်မှာ။
လက်ဝှေ့ပွဲကို လူကြိုက်ပိုများတယ်။ အဲဒီ လက်ဝှေ့ပွဲ ဒုတိယနေ့မှာ လက်မှတ်ရောင်းသူတွေက လက်မှတ်တွေကို နည်းနည်းပဲ အရောင်းပြပြီး မှောင်ခိုထုတ်လိုက်တယ်။ လက်ဝှေ့ပွဲ ကြည့်ချင်လွန်းလို့ လက်မှတ် တန်းစီနေကြတဲ့ သူတွေက လက်မှတ်ရောင်းတဲ့ အပေါက်က ကုန်ပြီလို့ ပိတ်လိုက်ပေမယ့် မှောင်ခိုသမားတွေက ပျော်ပျော်ပါးပါး ရောင်းလို့။ ပရိသတ်က ဒါကို မကျေနပ်ဘူး။ မကျေနပ်တဲ့အထဲမှာ ကျောင်းသားတွေလဲ ပါတယ်။ ဆူဆူပူပူဖြစ်တော့ ပွဲစောင့် ပုလိပ်တွေက စစ်ခါးပတ်တွေနဲ့ ရိုက်တာ၊ ရုန်းရင်းဆန်ခတ်၊ ကွဲသူကွဲ၊ ပြဲသူပြဲ။ ကျောင်းသားတွေက အနီးအနား ကျောင်းသားဆောင်တွေထဲ ၀င်ပြေးတာကို၊ အဆောင်မှူးတွေ ဆရာတွေ တားနေတဲ့ကြားက ကိုရွှေပုလိပ်တွေက အဆောင်ထဲထိ ၀င်ရိုက်တာကိုး။ ကျောင်းသားလေ- ဘာရမလဲ အဆောင်ပေါ်က အုံနဲ့ကျင်းနဲ့ ဆင်းလာကြပြီး အရင်ဆုံး အဆောင် ပေါ်တီကိုကြီးအောက်က မီးချောင်းတွေကို ပစ်ခွဲလိုက်တယ်။
သမိုင်းဝင်းထဲက တခြားအဆောင်က ကျောင်းသားတွေပါ ၀င်လာပေါင်းကြပြီး လူစုခွဲဖို့ မီးသတ်ပိုက်နဲ့ ပက်တဲ့ မီးသတ်ကားကြီးကိုလဲ တွန်းလှဲပြီး မီးရှို့လိုက်တယ်။ ရဲကားနှစ်စီးလား သုံးစီးလား ပက်လက်လှန်ပြီး မီးရှို့လိုက်ကြ တယ်။ စစ်အစိုးရက နောက်တနေ့ မနက် ရေဒီယိုကနေ သတင်းကြေညာတော့ ကျောင်းတွေကို ပိတ်လိုက်ကြောင်း ကြေညာချက် ထုတ်တယ်။
ကိုယ်က ပထမညမှာ ဘွဲ့နှင်းသဘင်ခန်းမထဲက ဂျူဒိုပွဲမှာရောက်နေပြီး၊ အဲဒီဖြစ်တဲ့ညမှာ မှတ်မှတ်ရရ သမတရုပ်ရှင်ရုံမှာ Its a mad, mad, mad world ဆိုတဲ့ ရုပ်ရှင်ကို ၆ နာရီခွဲပွဲ ကြည့်နေလို့ မသိလိုက်ဘူး။ နောက်တနေ့ ထုံးစံအတိုင်း ကျောင်းသွားတယ်။ ပုံဆွဲရမယ့်နေ့ဆိုတော့ တီစကွဲ (T- Square) တဖက်၊ ထမင်းဗူးတဖက်နဲ့ သိမ်ကြီးဈေးနားက နံပတ် (၈) ကားမှတ်တိုင်ကို ချီတက်နေတုန်း အဖေက ခေါ်ခိုင်းလို့ ဆိုပြီး အကိုက နောက်ကနေ အပြေးလာလိုက်ခေါ်တယ်။ ကျောင်းမှာဆူနေလို့ ကျောင်းတွေပိတ်လိုက်ကြောင်း အကိုက လာပြောတယ်။ စိတ်ဝင်စားသွားပြီ။ အကို့ကို ငါ့မတွေ့တော့ဘူးလို့ ပြောလိုက်လို့ ပြောပြီး ဆိုက်လာတဲ့ နံပတ်(၈) ဘတ်စ်ကားပေါ် တက်ခဲ့တယ်။ ဘတ်စ်ကားဟာ မြေနီကုန်းရောက်တော့ လမ်းတွေ ပိတ်ထားလို့ ပြည်လမ်းမကနေ ကမာရွတ်ဖက်ကို ဆက်မသွားတော့ပဲ မြေနီကုန်းမှာ ဦးဝိစာရလမ်းဘက်ကို ချိုးလိုက်ပြီး ရွှေဂုံတိုင်ဘက်ကနေ ကမ္ဘာအေးဘုရားလမ်း အတိုင်း သွားတာ၊ အာလိန်ငါးဆင့်မှာ ကွေ့ပြီး အင်းစိန်မှာ ဂိတ်သွား ဆုံးတယ်။
ကိုယ့်လိုပဲ ကျောင်းလာတက်တဲ့လူတွေ အင်းစိန်ဟီးနိုးကားဂိတ်ကနေ အာရ်အိုင်တီကို လမ်းလျှောက် ကြရတယ်။ ကိုယ်လဲ ကျောင်းရောက်တော့ လက်ဘက်ရည်ဆိုင်မှာ တီစကွဲကို အပ်ပြီး၊ ယူလာတဲ့ ထမင်းဗူးကို ဖွင့်စားလိုက်တယ်။ မှတ်မှတ်ရရ အဲဒီနေ့မှာ အဖွားက ၀က်သားနုတ်နုတ်စင်းထားတာကို အာလူးအကွင်းလိုက်၊ ကြက်သွန်အကွင်းလိုက်လေး နဲ့ ချက်ပေးလိုက်တယ်။ စားလို့ ကောင်းမှကောင်း။ ကျောင်းလဲ ပိတ်လိုက်ပြီ၊ သူငယ်ချင်းတွေကလည်း ပထမနှစ်ဆိုတော့ အကုန်လုံး သမိုင်းက အဆောင်တွေမှာပဲ။ ကိုယ်က အဲဒီဖက်ကို သွားချင်တာ။ ကျိုက်ကုလားလောက် ကနေ လမ်းပိတ်ထားလို့ ဘတ်စကားတွေလဲ မသွားရဘူး။ ဒါနဲ့ ကိုယ်လဲ ဘီပီအိုင်ဘူတာကနေ ရထားစီးပြီး အိမ်ကို ပြန်ခဲ့ရတယ်။ မစန္ဒာလည်း ဒီအကြောင်းတွေ နည်းနည်းပါးပါး သူ့ရဲ့ အရိပ် ၀တ္ထုထဲ ထည့်ရေးဖူးတယ် ထင်ပါတယ်။ မေ့နေပြီ။
ကျောင်းက သိတ်အကြာကြီးမပိတ်ပါဘူး။ နယ်ကလူတွေ အိမ်ပြန်လို့မှ အိမ်မှာ ဖင်မနွေးခင် ပြန်လာကြ ရတယ်။ နှစ်လလောက်နေတော့ ပထမအစမ်း စာမေးပွဲ စစ်ပြီး နွေရာသီ ကျောင်းပိတ်ပြန်တယ်။
ကျောင်းပြန်အဖွင့်မှာ မိတ္ထီလာခရိုင် အသုံးလုံးသွားဖို့ လှုပ်ရှားမှုတွေ၊ တက္ကသိုလ်ရွှေရတုအတွက် လှုပ်ရှား ကြတာတွေ။ ပျော်စရာကြီးပဲ။ ရွှေရတု ပို့စကဒ်တွေမှာ ဆရာဦးနန်းဝေ၊ ဆရာဗဂျီအောင်စိုးတို့ရဲ့ ပန်းချီလက်ရာ တွေ။ မောင်ပန်းမွှေးကဗျာစာအုပ်တွေကလဲ ကိုယ်တို့ အကြိုက်တွေ။
ကိုယ်လဲ အဲဒီနှစ်မှာ ပျော်ပျော်ကြီးပဲ စာမေးပွဲ တနှစ်ကျခဲ့ရတယ်။ အဲဒီနှစ်က ကျောင်းမဂ္ဂဇင်းမှာ "အေးဝင်း(ဓါတု)" ကလောင်နာမည်နဲ့ ကိုယ့်ကဗျာ ပါတယ်။ ကဗျာ အစအဆုံးတော့ မမှတ်မိတော့ဘူး။ ကဗျာထဲမှာ ".... ကျောင်းတွင်လည်းပျော်၊ စာလဲတော်၍၊ အဖော်အပေါင်း၊ ကြည့်၍ ပေါင်းလော့....." တဲ့။ အဲဒီ မဂ္ဂဇင်းကို ဖတ်တဲ့ မိန်းကလေး သူငယ်ချင်းတယောက်က "အေးဝင်း- နင်က ကျောင်းတွင်လည်ပျော်၊ ပျော်လည်းပျော်.. ပျော်ပြီးရင်းပျော်လို့ စာမေးပွဲကျသွားတာလား" တဲ့။ ကဗျာအောက်မှာ ခဲတံနဲ့ ရေးပြီး မှတ်ချက်ပေးခဲ့တယ်။
ကလောင်နာမည်နဲ့ ပါတ်သက်လို့ ပထမနှစ်က အေးဝင်း(ဓါတု) ပဲ။ ကျောင်းမဂ္ဂဇင်းမှာ စရေးတော့ ကိုယ့် အဓိက ဘာသာရပ် ဓါတုကို နောက်ကထည့်လိုက်တာ။ နောက်တနှစ်ပြီး နောက်တနှစ်မှာ သူငယ်ချင်း မောင်စိန်ဝင်း (ပုတီးကုန်း) က အကြံပေးတယ်။ ကိုယ်က ဒီကျောင်းမဂ္ဂဇင်းတခုပဲ ရေးမှာမှ မဟုတ်တာ။ နောက်တော့ နာမည်ရလာလို့ ကျောင်းကလဲ ပြီးလို့ အပြင်မှာ ရေးရင်၊ ဒီ (ဓါတု) ကြီးက ဖြုတ်ရခက်သွားမယ်။ သူက စာရေးတာ ကိုယ့်ထက်အများကြီး စောတယ်။ တိုင်းရင်းမေတို့၊ ရှုမ၀မဂ္ဂဇင်းတို့မှာလဲ ပါပြီးနေပြီ။ ခုမှ ပုတီးကုန်း ဆိုတာကြီး ဖြုတ်ချင်တာ ဖြုတ်လို့ မရတော့ဘူးတဲ့။ ဟုတ်တယ်လေ။ ကိုယ်တို့လို ရင်းတဲ့လူတွေကတောင် နာမည်ရင်းကို ကိုစိန်ဝင်းလို့ သိတ်မခေါ်ဖြစ်ပဲ ပုတီးကုန်း ပဲ ခေါ်ကြတာ။ သူက ကိုယ့်ကို တခြားနာမည်ပေးရင်ပေး၊ မပေးချင်ရင်လဲ (ဓါတု) ဆိုတာကြီး ဖြုတ်ပြီး၊ ရိုးရိုးပဲ မောင်အေးဝင်း လို့ ပေးပေါ့ ဆိုလို့ "မနက်ဖန်" ဆိုတဲ့ ကဗျာက စပြီး ကလောင်နာမည်က မောင်အေးဝင်း ဖြစ်သွားတယ်။
ဟိုတုန်းက ကျောင်းမဂ္ဂဇင်းမှာ၊ အပတ်စဉ်ထုတ် စက်မှုသတင်းစဉ်မှာ ရေးတဲ့လူတွေ ခေါင်းထဲမှတ်မိ သမျှ- မမြင့်ခိုင်၊ မစန္ဒာ၊ စိန်ဂျွန်းမာလေး၊ မိနှောင်း၊ ပုသိမ်-ခင်လေး (ကွယ်လွန်)၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ရင်မောင် ( ဒေါက်တာတိုင်းအုပ် ယခု ဂျပန်ပြည်) ယဉ်မောင်(ခရမ်း)၊ မောင်ဆန်းညွန့်-ရေကျော် (မောင်ညိုငယ်- ကွယ်လွန်)၊ မောင်မှိုင်းလွင် (အင်းဝ)၊ ဘုန်းနွယ်လင်း၊ ၀င်းမင်းထွေး (ယခု သီချင်းရေး ၀င်းမင်းထွေး)၊ ခိုင်အောင် (မြို့ဟောင်း)၊ မြေ၀ါ (တန့်ဆည်)၊ မောရူးဆိုး၊ တက္ကသိုလ်မိုးဝါ (ဆရာ ဦးမိုးအောင်)၊ မွမ်းရည်၊ တင်မောင်လှိုင်၊...... ဒီလူတွေက ၀တ္ထု၊ ကဗျာသမားတွေ။
နောက်ပီး ပန်းချီကာတွန်းသမားတွေ ရှိသေးတယ်။ ဆရာဦးဖုဏ်းကို၊ နီ၊ မြင့်ဖေ၊ အောင်မြင့် (ကြံ့ဗဟုံး)၊ မျိုးမြင့် (ချောင်းဦး)၊ လှသိန်း (အမေရိကန်ပြည် အိလိနွိုက်တွင် ကွယ်လွန်)၊.....။ ဂီတလောကမှာတော့သိကြတဲ့ အတိုင်း ခင်မောင်တိုး၊ ရဲလွင်၊ မောင်မောင် (အဉ္စလီ)၊ တင်အောင်မိုး(ရယ်ဂျီဘဦး? အယ်ဒီဘဦး?)။
တက္ကသိုလ်ရွှေရတုပွဲ ရောက်လာတယ်။ ကိုယ်တို့ စက်မှု က ထီးယိမ်း၊ အငြိမ့်၊ တပင်တိုင်အက.....။ ခု စင်္ကပူမှာ အခြေချ နေထိုင်သွားတဲ့ ကြည်ကြည်သန်း(ဓါတုအင်ဂျင်နီယာ) ဆို ထီးယိမ်းထဲမှာ ပါတာပေါ့။ စက်မှုစိန်အငြိမ့်က ရွှေရတုပွဲတခုလုံးမှာ နာမည်အရဆုံး။ ရွှေရတုပွဲ ပြီးတော့၊ နံမည်ကြီးလွန်းလို့ ဦးနေ၀င်းကတော် ဒေါ်ခင်မေသန်းက ကြည့်ချင်တယ်ဆိုလို့ အိမ်တော်မှာ သွားဖျော်ဖြေရသေးတယ်လို့ ကြားတယ်။
ရွှေရတုပွဲသုံးရက်မှာ ချလိုက်တဲ့ ဒီဇင်ဘာမိုးဟာ မရပ်မနား သဲကြီးမဲကြီး။ မိုးထဲရေထဲကြားမှာ ပွဲကလဲ စည်လိုက်တာမှ ကြိတ်ကြိတ်တိုး။ ကိုယ်က ပထမနှစ်ကျတဲ့ ပထမနှစ်ကျောင်းသားမို့ စိတ်နာနာနဲ့ ဓါတုအင်ဂျင်နီယာအသင်းက ဆိုင်ခန်းကို မသွားဖြစ်ဘူး။ ဌါနက လုပ်တဲ့ Pears ဆပ်ပြာလိုမျိုး transperent soap လုပ်ရောင်းတယ်။ နောက်ပီး ယိုးဒယား မုန့်ဟင်းခါးတဲ့။ ကြားသာကြားလိုက်တာ။ မမြင်ဖူးလိုက်ဘူး။ ကိုယ်က စက်မှုတက္ကသိုလ် အနုပညာအသင်းမှာ ဆရာဦးစောထွန်း(ယခု အီလီနွိုက်တက္ကသိုလ်) တို့နဲ့ 'ရနံ့ပန်း' ကဗျာစာအုပ် ထုတ်ရောင်းတယ်။ ရွှေချီဆနွင်းမကင်း ရောင်းတယ်။ မိုးတွေက သဲကြီးမဲကြီး၊ လျှပ်စစ်မီးကလဲ ခဏခဏပျက်နဲ့ ဆနွင်းမကင်း-ကဗျာစာအုပ် အတွဲဟာ မရောင်းရပါဘူး။ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် သတ္တဗေဒ ဌာနကတော့ ဘာမှ မရောင်းဘူး။ အဲဒိတုန်းက မြန်မာ့အသံ local talent မှာ၊ နာမည်ကြီးတဲ့ Darlington Tin တို့ အဖွဲ့ ခေတ်ပေါ်တေးဂီတတွေ တီးပြီး ဖျော်ဖြေတယ်။
သန်းနိုင်တို့ ပလေးဘွိုင်အဖွဲက အဓိပတိလမ်းမရဲ့ အပြင်ဘက်၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံဆိုင်းဘုတ်နားမှာ စင်ထောင်ပြီး တီးကြတယ်။ မိုးတွေကရွာ မီးတွေကပျက်ကြားက လျှပ်စစ်ဂီတာတွေ မတီးနိုင်တဲ့အချိန်မှာ ကိုသန်းနိုင် ဒရမ်တလက်ထဲနဲ့ ဖျော်ဖြေတာ နားထောင်လို့လဲကောင်း၊ ကြည့်လို့လဲကောင်း။
စက်မှုတက္ကသိုလ် ရေနံနဲ့သတ္တုတူးဖော်ရေးမှာ ရုပ်ရှင်မင်းသား ကိုမြင့်(သမန်းကျား) တို့ အဖွဲ့ ဖျော်ဖြေတယ်။ အဲဒီတုန်းက ကိုမြင့်က နောက်ဆုံးနှစ်ကျောင်းသား။ ဌာနမှူးဦးဝင်းကြိုင်ရဲ့ ဇနီး မိန်းကလေးကျောင်း ကျောင်းအုပ်ဆရာမကြီး အကူအညီနဲ့ ဒူးယားစီးကရက်ကို ကျောင်းသူလေးတွေ ရောင်းတယ်။ ၀ယ်သူကို ဆေးလိပ်မီးညှိပေးတော့ ကျောင်းသားတွေ တရုန်းရုန်းပေါ့။ လေတိုက်မှာစိုးလို့ မီးခြစ်သူလက်ကို လေကာသလို လက်ကို အုပ်ပြီး အသားယူ ထိကြတာ။
ဦးနေ၀င်းသမီး စန္ဒာဝင်းနဲ့ အပေါင်းအသင်းတွေက ဆေးတက္ကသိုလ် (၁) လိပ်ခုံးကြီးနားမှာ ဆာတေ အကင် လုပ်ရောင်းတယ်။ ဆာတေဆိုတာကလဲ အဲဒီတုန်းက အသစ်အဆန်း အစားအစာဖြစ်တော့ လက်မလည် ရောင်းရတယ်။ ကျနော့် အထင်တော့ ရန်ကုန်မြို့က ၁၉ လမ်းတို့ ဘာတို့မှာတောင် မပေါ်သေးဘူးထင်တယ်။ ဒင်းတို့ လောက်ပဲ နိုင်ငံခြားကို ထွက်လိုက်ဝင်လိုက် လုပ်နိုင်သူတွေဆိုတော့ ဒင်းတို့ တင်သွင်းလာသလား မပြောတတ်ဘူး။
ဒီလိုနဲ့ မိုးထဲလေထဲက ရွှေရတုပွဲဟာ သုံးရက်မြောက်တဲ့ နောက်ဆုံးညမှာ မိုးလေ နည်းနည်းစဲသွားလို့ ပွဲရက်နှစ်ရက် ထပ်တိုးကြောင်း ကြေညာတယ်။ ဒါပေမယ့် မော်လမြိုင်ကောလိပ်မှာ ဖြစ်နေတဲ့ သပိတ်ဟာ ရန်ကုန်တက္ကသိုလ်ကို လာကူးစက်မှာ အာဏာပိုင်တွေက မြင်ပြီး နေသာကြည်လင်နေတဲ့ ရက်တိုးနှစ်ရက်ရဲ့ ပထမနေ့ ညနေမှာပဲ ပိတ်ပစ်လိုက်တယ်။ ညနေလောက် ကျနော်ရောက်သွားတဲ့အချိန်မှာ ရွှေရတုပွဲ ပိတ်လိုက်ကြောင်း အဓိပတိလမ်းတလျှောက် ခေါက်တုံ့ခေါက်ပြန် အသံချဲ့စက်နဲ့ လိုက်အော်နေပြီ။ ကိုယ်တို့ ရွှေချီဆနွင်းမကင်းတွေလဲ ရောင်းရတော့မယ်ဟေ့လို့ အားခဲထားတာ နောက်တနေ့ အဆောင်တွေမှာ အိမ်ပြန်ကြဖို့ အထုတ်အပိုးပြင်နေတဲ့ ကျောင်းသူ ကျောင်းသားတွေကို စတုဒီသာ သွားကျွေးလိုက်ရတယ်။ ကဗျာစာအုပ်တွေမှာတော့ မြန်မာစာဌာနမှာ ထားရင်းပဲ ပျက်စီးသွားရရှာပါတယ်။
ကိုယ်ကြုံတွေ့ရတဲ့ ကိုယ့်မျက်မြင်ကို ရေးတယ်ဆိုပေမယ့် နှစ်တွေ ကြာညောင်းပြီမို့ လွဲတန်လွဲနိုင် ပါတယ်။ အမှန်ကို ထောက်ပြတဲ့သူရှိရင် ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ဘန်ကောက်မှာနေတဲ့ သူငယ်ချင်းက ဒီနေ့ ဖြစ်ပျက်နေတဲ့ စက်မှုတက္ကသိုလ်ကို ရိုက်ထားတဲ့ ယူကျု (you tube) က ဗီဒီယို အပိုင်းစလေးကို ကြည့်လိုက်ရလို့ စိတ်ထဲမကောင်း ဖြစ်ရာက ဒီ 'တမ်းတလို့ လွမ်းရပါတယ်' ဖြစ်လာတာပါ။

ဆက်ပါဦးမည်။
၁၁၊ ၂၂၊ ၂၀၀၉။


6 comments:

rosary said...

Why did you change your pen name in this article?

MYO said...

Dear Ko Aye Win,

Could you pls. link the current RIT utube that you watched. Thanks.

Anonymous said...

U Aye win
U Tin Aung Moe is not Reggy Ba OO. Reggy is his brother, Takkatho Aye Maung. I'm not sure U Tin Aung Moe's christian name.
with Metta
than tun ohn

Maung Aye Win said...

ဒါဆို ဒင်းက Eddy Ba Oo ဖြစ်မယ်။ သူတို့ နှစ်ယောက်ကလဲ ခဏခဏ နံမည်ရောတယ်။

Maung Aye Win said...

ကျေးဇူးပဲ။ ပြင်လိုက်ပါပြီ။

သူမ said...

ဆက်ရေးပါ ဦးဦး ဦအေးဝင်း။
တကယ့်ကိုပဲ တမ်းတလို့ လွမ်းလိုက်ပါတယ် စာဖတ်ပြီးတော့...။
အဲဒီတုန်းက ကျောင်းသားတွေက အခွင့်အရေးတွေရကြတယ်။ (မကျေနပ်လို့ မီးသတ်ကား၊ ရဲကားတွေ မီးရှို့ တာတွေ အားရမိတယ်-) ခုခေတ်မှာတော့ ကျောင်းဆိုတဲ့ အရသာတောင် မခံစားလိုက်ရပါဘူး။