Sunday, November 29, 2009

အဖေနဲ့ဂျက်ကိုးဦးအောင်ဖြိုး
ရေးသူ- ဖိုးသံ(လူထု)


ဒီနှစ် ကျနော့် အမေမွေးနေ့မှာ စစ်ကိုင်းတောင်ရိုးပေါ်မှာရှိတဲ့ အဖေနဲ့အမေရဲ့ မွေးစားသား ဘုန်းကြီးဦးအောင်ဖြိုးရဲ့ ကျောင်းကိုသွားပြီး ဆွမ်းကျွေးမယ်လို့ သိရပါတယ်။ ဒီနာမည်ကို မကြားဖူးပါလားလို့ ကျနော်လည်း ခေါင်းစားခံ တွေးနေမိပါတယ်။ ဘယ်က ဦးအောင်ဖြိုးလဲ။ ဘယ်တုန်းက မွေးစားတာလဲ။ ကိုယ်အိမ်က ထွက်လာတာ အနှစ်သုံးဆယ် ကျော်ခဲ့ပြီဆိုတော့ ပြန်စဉ်းစားရတာ အတော်ကို ခက်ပါတယ်။ ဒါပေမဲ့ ကလေးတယောက် မွေးစားတယ်ဆိုတော့ မစဉ်းစားပဲ မနေနိုင်ပါဘူး။


ပြောရရင် ကျနော့်အဖေဟာ သူထောင်က ထွက်လာပြီးကတဲက အိမ်မှာ တိရစ္ဆာန်မွေးတာကိုတောင် လက်မခံပါဘူး။ မှတ်မှတ်ရရ တခါမှာ ကျနော့်ညီ ဘိုညိုက သူ့ သူငယ်ချင်း ချက်ကြီးဆီကို သွားလည်တော့ အပြန်မှာ ချက်ကြီးက ကြက်ဖလေးတကောင် လက်ဆောင်ပေးလိုက်ပါတယ်။ ချက်ကြီးဆိုတာက ဘုရားကြီး အောက်ကျင်း အနောက်ဖက်မှာနေတဲ့ သူနဲ့ ဘော့လုံးကစားဖက်၊ တက္ကသိုလ်အတူတက်ဖက် အင်မတန် ခင်တဲ့သူငယ်ချင်းပါ။ ကျနော်နဲ့လည်းကျွမ်းပါတယ်။ အဖေ့အကြောင်းသိနေတဲ့ ဘိုညိုက အဲဒီ ကြက်ဖလေးကို အိမ်မှာမထားရဲပဲ ကျနော်တို့အိမ်ရဲ့ နောက်ကျောထဲက၊ ယပ်ဝင်းထဲရှိ ပုံနှိပ်စက်မှာ သွားထားပါတယ်။ ဒီလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် တနေ့တော့ အဖေက ပုံနှိပ်စက်ကို လာကြည့်တော့ ဒီကြက်ဖကို တွေ့သွားပါတယ်။ အဲဒီအခါမှာ သူက အလုပ်သမားတွေကို ဒါဘယ်က ဘယ်လိုရောက်လာတဲ့ ကြက်လဲလို့ မေးပါတယ်။ ဒီတော့ အလုပ်သမားတွေကလည်း လိမ်လို့မဖြစ်တာနဲ့ အမှန်အတိုင်းပဲ ပြောလိုက်ရပါတယ်။ ထမင်းစားချိန်ရောက်တော့ အဖေဟာ မျက်စေ့မျက်နှာပျက်နဲ့ ဘိုညို့ကို "မင်းကြက်မမွေးနဲ့" လို့ တခွန်းထဲပဲ ပြောပါတယ်။ ဒီလိုနဲ့ပဲ အဲဒီကြက်ဖကို ကျနော် ထပ်မတွေ့ရတော့ပါဘူး။
အဲဒီတော့ လူကိုမွေးဖို့ဆိုတာ ပိုလို့တော့- - -။ နေဦး။ ကျနော်စဉ်းစားမိပြီ။
ကျနော်အိမ်က ထွက်လာတဲ့ နှစ်ထဲမှာပဲ ထင်ပါတယ်၊ ညနေစောင်းကြီးတခုမှာ အဖေဟာ သူ ဂေါက်ရိုက်က ပြန်လာတော့ ကောင်လေးတယောက်ကို အိမ်ခေါ်လာပါတယ်။ မှောင်ရီပျိုးနေပါပြီ။ ကျနော့်ကို အိမ်သားတယောက်က အဖေကောင်လေးတယောက် မွေးစားဖို့ ခေါ်လာတယ်လို့ပြောတော့ မဆီမဆိုင် ကျနော့်ခေါင်းထဲမှာ ကိုယ်တက္ကသိုလ်တုန်းကသင်ခဲ့ရတဲ့ အယ်မလီဘရွန်တေ (Emily Bronte) ရေးတဲ့ ဝူးသားရင်းဟိုက်စ် (Wuthering Heights) ဝတ္ထုထဲက မစ္စတာအန်းရှော (Mr. Earnshaw) တယောက် လီဗာပူးက အပြန်မှာ ဝတ္ထုရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟိကလစ်ဖ် (Heathclif) ကိုမွေးစားဖို့ ခေါ်လာတာကို ပြေးသတိရမိပါတယ်။ မည်းမည်းကြုတ်ကြုတ်နဲ့ လမ်းပေါ်က ဂျစ်ပဆီလေးပါ။
ဒါနဲ့ကျနော်က ဘယ်မှာလဲဆိုပြီး သွားကြည့်တော့ ကျနော်တို့ အိမ်အပေါ်ထပ် မီးဖိုချောင်ရှေ့မှာ ကျုံ့ကျုံ့လေးရပ်နေတဲ့ ယောက်ျားလေးတယေက်ကို တွေ့ရပါတယ်။ ၁ဝနှစ်-၁၁နှစ် အရွယ်လောက် ရှိပါလိမ့်မယ်။ အဝတ်အစားလေးတွေက ဟိကလစ်ဖ်လိုပဲ နွမ်းရှာပါတယ်။ ဒါပေမဲ့ရုပ်ရည်က ဟိကလစ်ဖ်လို မဟုတ်ပါဘူး။ အတော်ကို သန့်ပါတယ်။ တသက်လုံး ဘာဆီနဲ့မှ မထိတွေ့ဖူးတဲ့ ဆံပင်လေးတွေဟာ နီကျင်ကျင်ဖြစ်နေပေမဲ့ မျက်လုံးအစုံကတော့ နက်မှောင် တောက်ပနေပါတယ်။ ပိန်တော့ ပိန်ရှာသပေါ့။ ဒါပေမဲ့ လှီလှီကလေး မဟုတ်ပါဘူး။
ကျနော် ငယ်ငယ်က တခါတခါမှာ အဖေနဲ့အတူ မန္တလေးတောင်ခြေက ဂေါက်ကွင်းကို လိုက်သွားလေ့ ရှိပါတယ်။ သဲကျစ်မြေမှာ ကျောက်တုံး စလုံးစခုနဲ့ကွင်းမို့ ဂေါက်သမားတွေက ဒီကွင်းကတော့ ရော့ခ်အင်ရိုး (Rock n' Roll) ကွင်းပဲလို့ နောက်လေ့ရှိပါတယ်။ အဲဒီတုန်းက ရော့ခ်အင်ရိုးခေတ်စားစ’ပါ။ ဒီမှာ မြေဟာ အလွန်မှ မာပြီး အရိပ်ဆိုတာလည်း အင်မတန်မှ နည်းပါတယ်။ ဘော့လုံးကန်တဲ့ ကွင်းသာဆိုရင် အင်မတန်မှ အန္တရာယ်ရှိမဲ့ ကွင်းလို့တောင် ကျနော်တို့ချင်း ပြောဖူးကြပါတယ်။ မလှမ်းမကမ်းက မန္တလေး တောင်ရဲ့အရိပ်ဟာ မနက် ၈နာရီလောက် အထိပဲ ဂေါက်ကလပ် အဆောက်အဦပေါ်မှာ ရှိပါတယ်။ အဲဒီအချိန်ကို လွန်လို့ကတော့ ဒီနေရာမှာ နေ- မန္တလေးနေ၊ ပူလိုက်သမှ ကျောကော့နေအောင် ပူတာပါ။
ညနေမှာ ဂေါက်သီးကစားသူတွေ လာကြတော့မယ် ဆိုရင် ကားရပ်တဲ့နေရာ အနားက ကြိုးတို့ကြဲတဲ သစ်ပင်လေးတွေ(တမာပင်လေးတွေ ထင်ပါတယ်) ရဲ့ ဇာပုဝါလို အရိပ်အောက်မှာ ဂေါက်သီးအိတ် ထမ်းချင်တဲ့ ကောင်လေးတွေဟာ အစောကြီး ကြိုရောက်နေကြပါတယ်။ အသက်တွေက ၁၁နှစ် ၁၂နှစ် ကနေ ၁၇-၁၈ အထိ ပါမယ် ထင်ပါတယ်။ ဒါကြောင့်တချို့ဆိုရင် ဂေါက်အိတ်ဟာ သူတို့အရပ်နီးပါး ရှိတာတွေ့ရပါတယ်။
အဲဒီလိုမရှိဆင်းရဲသား သားသမီးတွေထဲက တယောက်ဖြစ်တဲ့ ဂျက်ကိုးကို ကျနော့်အဖေက သနားတာနဲ့ ကျောင်းထားပေးမယ်လို့ သူ့မိဘကို ပြောဆိုပြီး ခေါ်လာခဲ့တာပါ။ ကျောင်းထားမယ်ဆိုတာဟာ သူ့မိဘတွေအဖို့ သူတို့ လုံးဝမတတ်နိုင်တဲ့ကိစ္စမို့ ဝမ်းသာအားရပဲ ဟိုကျရင် ဘယ်လိုနေနော်၊ စကားနားထောင်နော် ဆိုတဲ့ အမှာစကားတွေနဲ့ ဝမ်းပန်းတသာ ထည့်လိုက်တာဖြစ်ပါတယ်။
သူဟာ စကားအတော်နည်းတဲ့ ကလေးတယောက်ပါ။ လုံးဝခြားနားတဲ့ နေရာသစ်ကို ရောက်စဆိုတော့ ပိုလို့တောင် စကားနည်းပါသေးတယ်။ သူ့နာမည်မေးကြည့်တော့ "ဂျက်ကိုး" တဲ့။ နာမည်က မဆန်းဘူးလား။ ဒီနာမည်ကို ဘယ်ကနေ ဘယ်လိုရတယ်ဆိုတာ နောင်မှာ ကျနော့် အဖေက ပြောပြမှ သိပါတယ်။ ဖဲဝိုင်းက ပေးလိုက်တဲ့ နာမည်တဲ့။ ဖဲချပ်တွေထဲက ဂျက်နဲ့ကိုးကို ယူထားတဲ့ နာမည်တဲ့။ ဘယ်လိုပတ်ဝန်းကျင်မှာ မွေးဖွား ကြီးပြင်း လာရှာရတယ်ဆိုတာ ရှင်းသွားပါတယ်။ ဒါနဲ့ မင်းအသက် ဘယ်လောက် ရှိပြီလဲလို့ မေးကြည့်တော့ "မသိဘူး" တဲ့။ ဒါဖြင့် ဘယ်နှစ်ခုနှစ် မွေးတာလဲဆိုတော့လည်း "မသိဘူး" တဲ့။ မန္တလေးမြို့ကြီးက လူဂုဏ်တန်တွေရဲ့ ကစားကွင်းမှာ အလုပ်လုပ်တဲ့ ကလေးဟာ ကိန်းဂဏန်းတွေကို မသိဘူး။ သူ့မိဘတွေက သူ့ကို အသက်အကြောင်း တခါမှ မပြောဖူးဘူး။
နောက်တနေ့မှာ သူ့ကို ရေမိုးချိုး အဝတ်အစားအသစ်ကလေးတွေ ဆင်ပေးလိုက်တော့ သူကလေးဟာ ချစ်စရာ ကောင်လေးတယောက် ဖြစ်သွားပါတယ်။ သူ့အတွက် အိမ်က ပထမဆုံးစီစဉ်ဖို့ ကြိုးစားကြတာကတော့ ကျောင်းထားဖို့ဖြစ်ပါတယ်။ ဝလုံးတောင် မရေးတတ်တဲ့ ၁၂နှစ်(လောက်) ယောက်ျားလေးတယောက်ကို ကျောင်းထားဖို့ လျှောက်စုံစမ်းကြပါတယ်။ ကျောင်းဖွင့်စ အချိန်ဖြစ်နေတော့ အံကိုက်လို့ ဆိုရမှာပါ။ ဒီလိုနဲ့ ကျနော်တို့အိမ်နဲ့ တပြကျော်ကျော်သာ ဝေးတဲ့ ၃၄လမ်း၊ ညောင်ဇင်တန်းက မူလတန်းကျောင်းမှာ နေဖို့ဖြစ် သွားပါတယ်။ ကျောင်းပထမဆုံးနေ့မှာ ကျနော်ပဲ သူ့ကို သွားပို့တာ ဖြစ်ပါတယ်။ သူဝင်သွားတော့ တတန်းလုံးက သူ့ကို ဝိုင်းကြည့်နေကြတာလည်း သတိထားမိပါတယ်။ သူ့အလုံးအထည်နဲ့ အငယ်ဆုံးအတန်းမှာ စာသူငယ်ကြား လဒ (ဠင်းတ) နားသလို ဖြစ်နေတာကိုး။ ဒီလိုနဲ့ သူ့ကို ကျောင်းထားပြီးလို့ ၃-၄လအကြာမှာပဲ ကျနော်လည်း အိမ်ကထွက်လာရလို့ သူနဲ့ပတ်သက်လို့ ကျန်တာတွေ မသိတော့ပါဘူး။
မှတ်မိနေတာ တခုကတော့ သူ့ကိုကျောင်းမပို့ခင် အမှတ်တရအဖြစ် အဖေက သူ့ကို ဓာတ်ပုံရိုက်ပေးပါတယ်။ နောက် ၂ရက်လောက် နေတော့ထင်ပါရဲ့၊ ကျနော်တို့က သူ့ကို အဲဒီဓာတ်ပုံလေးကို ပြပါတယ်။ "ဂျက်ကိုး-ဒီမှာကြည့်စမ်း၊ မချောဘူးလား။" သူက ဓာတ်ပုံကို ယူကြည့်ပြီး ဘယ်လိုခံစားမှု အရိပ်အရောင်မှ မဖော်ပြပဲ ကျနော်တို့ လက်ထဲပြန်ပေးပါတယ်။ ကျနော်တို့လည်း အတော်မကျေမနပ် ဖြစ်သွားပါတယ်။ ခဏနေမှ စဉ်းစားမိပြီး "ဂျက်ကိုး- ဒီဟာဘယ်သူလဲ၊ မင်းသေချာကြည့်စမ်းပါအုန်း" လို့ပြောတော့ သူက "မသိဘူး" တဲ့။ လက်စသတ်တော့ သူဟာ ဓာတ်ပုံတခါမှ အရိုက်မခံရဖူး ရုံမက မှန်တောင်မကြည့်ဖူး တာကိုး။
ကျနော်တို့ အားလုံးငိုင်ကျသွားကြပါတယ်။ ကျနော်တို့မိသားစု၊ အထူးသဖြင့် ကျနော်တို့မောင်နှမတွေကို ဂျက်ကိုးပေးလိုက်တဲ့ သင်ခန်းစာဟာ တသက်မမေ့နိုင်အောင် အင်မတန် နက်ရှိုင်းပါတယ်။ ဦးအောင်ဖြိုး ခေါ် ဂျက်ကိုး ဟာ မန္တလေးမှာအင်မတန် နာမည်ရတဲ့ အကြောပြင်အနှိပ်ဆရာတဦးဖြစ်လာပါတယ်။ ဆေးခန်းက အောင်မြင်တဲ့အပြင် မော်တော်ဆိုင်ကယ်တစင်းနဲ့ တမြို့လုံးပြေးပြီး လက်မလည်အောင် နှိပ်ရတယ်တဲ့။ အခုတော့ စစ်ကိုင်းမှာဘုန်းကြီး ဝတ်သွားပြီး သူ့ပညာ၊ သူ့အမွေကို သူ့သားဆီ ပေးခဲ့တယ်လို့ သိရပါတယ်။
ပူလောင်၊ ခက်ထန်မာကျောလှတဲ့ ဂေါက်ကွင်းမြေပေါ် လျှောက်ခဲ့ရာက သာသနာ့ အရိပ်အောက်မှာ လျှောက်နေတဲ့ ဂျက်ကိုး။
သူက ကျနော့်ကို မှတ်မိတော့မှာ မဟုတ်ပါဘူး။

ဖိုးသံ (လူထု)

[အမေလူထုဒေါ်အမာ ၉၄ နှစ် မွေးနေ့အထိမ်းအမှတ်အတွက် အမှတ်တရအဖြစ် ကိုဖိုးသံ(လူထု) ဆောင်းပါးနဲ့အတူ လမင်းတရာက ဂါရ၀ ပြုပါတယ်။]


No comments: