ဦးလှကို ကျွန်တော် လူကိုယ်တိုင် စပြီး မြင်ဖူး ဆုံဖူးခဲ့တာ ၁၉၄၃ ခုနှစ် ဆောင်းဦးပေါက်ရာသီက နေ့တနေ့ရဲ့ နံနက်ခင်းမှာ ဖြစ်ပါတယ်။ ဒီတုန်းကဦးလှတို့ မိသားစုက စစ်ဒဏ်ဗုံးဒဏ်ကို ရှောင်ရင်း၊ ကပိုင်ရွာမှာ နေကြစဉ်က ဖြစ်ပါတယ်။ ဦးလှက ချစ်မွှေးပါတယ်လို့ ဆိုရမလား မသိဘူး။ တွေ့တွေ့ချင်း ခင်မင်ရင်းနှီးလိုစိတ် ၀င်မိတယ်။ အသက်သုံးဆယ်ကျော်လောက် အသားလတ်လတ် ဥပဓိရုပ်ကောင်းကောင်း လူကြီးဆန်ပေမယ့် ပြုံးရွှင်တယ်၊ ဖော်ရွေတယ်၊ ဖျတ်လတ်တယ်။ တွေ့ကြတဲ့ကိစ္စက ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ မြေအောက် လျှို့ဝှက် စည်းရုံးရေး အလုပ်များနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ ဦးလှအဖို့ ကျွန်တော့်ကို တွေ့ရတာ ပထဆုံးအကြိမ် ဖြစ်ပေမယ့် ကျွန်တော်နဲ့အတူပါတဲ့ ကိုတင်မောင် (ဦးသန်းတင် ပညာ့ဗိမာန် စာတည်းချုပ် ကွယ်လွန်) နဲ့တော့ ဒိအရင်က တကြိမ် နှစ်ကြိမ်လောက် တွေ့ခဲ့ ဆုံခဲ့ကြ ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ခုမှတွေ့ရတဲ့ လူသစ်၊ လူစိမ်းတယောက်လို့ မထင်မိခဲ့ဘူး။ ရင်းနှီးကျွမ်းဝင်ပြီးသား လူရင်းတယောက်လိုပဲ ခံစားမိပါတယ်။ ဒါကလည်း ဦးလှရဲ့ ဖော်ရွေ ရည်မွန်မှုကြောင့် ဖြစ်ပါတယ်။ပြီးတော့ ကျွန်တော် ဆယ်ကျော်သက် အရွယ်လောက်မှာ ကြီးပွါးရေးမဂ္ဂဇင်း အယ်ဒီတာ ကိုလှဆိုတာ အသက်ငယ်ငယ်ကလေး ရှိသေးတယ်။ ရှိလှမှ အသက် ၂၀ ကျော် အစိတ်တွင်းရယ်၊ တကယ်တော်တဲ့လူဗျာ ဆိုတာ ကြားရပြီးကတည်းက သူ့ကို လေးစားရင်းစွဲ အထင်ကြီးရင်းစွဲ ရှိခဲ့လို့လည်း ဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့ ပြောကြ ဆွေးနွေးကြတာ တနာရီမကြာပါဘူး။ သည်တုန်းက ဦးလှဆီက ထွက်လာပြီး မတ္တရာဘက် ခရီးဆက်ကြတော့ ဦးလှနဲ့ ပတ်သက်လို့ ကိုတင်မောင့်ကို ကျွန်တော် ပြောခဲ့တာ မှတ်ချက်ပြုခဲ့တာ တွေ အများကြီးပါ။
ပထမအချက်က ဖက်ဆစ်ဂျပန် တော်လှန်ရေး လျှို့ဝှက်စည်းရုံး လှုပ်ရှားကြတဲ့ လုပ်ငန်းထဲမှာ ဦးလှ ပါဝင်နေတဲ့ ကိစ္စဖြစ်တယ်။ ဂျပန်စစ်ဘီလူးရဲ့ အုပ်စိုးမှုအောက်မှာ သူ့ကို (ဂျပန်ဖက်ဆစ်ကို) ပြန်ပြီး ဆန့်ကျင်တဲ့ အလုပ်ကို လုပ်ရတာ ဘယ်မျှလောက် အန္တရာယ်ကြီးကြောင်း ဂျပန်ခေတ် နေဖူးသူတိုင်း သိမှာပါ။ သာမန် အရပ်သားကို မဆိုထားနဲ့ သူနဲ့တွဲပြီးအတူ အင်္ဂလိပ်နယ်ချဲ့ကို တိုက်နေတဲ့ မြန်မာ့လွတ်လပ်ရေး တပ်မတော်လို အဖွဲ့အစည်းမျိုး၊ သူတို့ဝါဒဖြစ်တဲ့ အရှေ့အာရှ သာတူညီမျှ ကောင်းစားရေးဆိုတာကို အခြေပြု ဖွဲ့စည်းထားတဲ့ အာရှလူငယ်များ အစည်းအရုံးမျိုးကိုတောင် သူတို့ စိတ်အလိုမကျရင် အကြမ်းဖက်တယ်။ ပါးရိုက် နားရိုက် လုပ်တယ်။ ဂျပန်စစ်သားတွေရဲ့ ရက်စက်မှု၊ ကြမ်းကြုတ်မှု၊ အရှက်ကင်းမဲ့ပြီး ကြမ်းတမ်းတဲ့စရိုက် ပြည်သူ့ပစ္စည်း အဓမ္မလုယက်မှု၊ မကြားဖူး မကြုံဖူးတဲ့ ညှင်းပန်းနှိပ်စက်နည်းမျိုးစုံ စတဲ့ အတွေ့အကြုံတွေဟာ မြင်ရ ကြားရသူတိုင်း ကြက်သီးထစရာ ဖြစ်တယ်။ ဒီလို ရက်စက်ကြမ်းတမ်းလို့ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တဲ့ အုပ်စိုးမှုအောက်မှာ အန္တရာယ်ကို မသိမဟုတ် သိလျက်နဲ့ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်တယ်။ ယုံကြည်ချက် ခိုင်မာရင် ဒါတွေက မဆန်းပါဘူးလို့ ဆိုနိုင်ပေမယ့် ကျွန်တော်ကတော့ ဦးလှကို ချီးကျူးမိတယ်။
ဒါတွင်မကသေးဘူး။ နောက် အရေးကြီးတဲ့အချက် ရှိသေးတယ်။ အဲဒါက အဲဒီအချိန်ကာလတုန်းက ပြည်သူလူထုကြီး တခုလုံးကော၊ လွတ်လပ်ရေး ကြိုးပမ်းနေကြတဲ့ အင်အားစုတွေ အတွင်းမှာရော နိုင်ငံရေး အမြင်မရှင်းဘူး။ မကြည်လင်ဘူး။ နိုင်ငံလွတ်လပ်ရေးအတွက် ရှေ့ဆက်ချီတက်ရမယ့် လမ်းကြောင်းနဲ့ ပတ်သက်လို့ေ၀၀ါးနေကြတယ် ဆိုတဲ့အချက်ပဲ။
ကျွန်တော်တို့ နိုင်ငံကို နှစ်တရာကျော် ကျွန်ပြုထားခဲ့တဲ့ မူရင်းရန်သူ အင်္ဂလိပ်နယ်ချဲ့သမားကို ဂျပန်နဲ့ပေါင်းပြီး မောင်းထုတ်ခဲ့တာ မကြာသေးဘူး။ ကူညီမောင်းထုတ်ပေးတယ်ဆိုတဲ့ ဂျပန်ကို တမျိုးသားလုံးက ကျေးဇူးတင်လို့လည်း မဆုံးသေးဘူး အင်္ဂလိပ်ကို အပြီးအတိုင် မောင်းထုတ်မယ်ဆိုတဲ့ စစ်ကြီးကလည်း မပြီးသေးဘူး။ ဂျပန်တွေ ဓါးတရမ်းရမ်းနဲ့ ပေါ်ပြူလာဖြစ်လို့ကောင်းတုန်း။ ဂျပန်စစ်သားတွေရဲ့ ရက်စက်ရိုင်းစိုင်းတဲ့ အပြုအမူတွေကြောင့် နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲတော့မှာလားဆိုတဲ့ သံသယနဲ့ နှခေါင်းရှုံ့သူတွေ ရှိပေမယ့် ဒါ စစ်တိုက်နေတာ၊ စစ်အောင်နိုင်ဖို့ထက် ဘယ်ဟာမှ အရေးမကြီးဘူး၊ ဂျပန်တွေက စစ်မြေပြင်မှာ အသေခံ တိုက်နေကြတာ။ ကျုပ်တို့က ဒါလောက်ကလေးမှ အနာမခံနိုင်၊ မစွန့်လွှတ်နိုင်၊ သည်းမခံနိုင်ကြဖူးလား ဆိုတဲ့ နှစ်သိမ့်သလို လှုံ့ဆော်သလို စကားမျိုးနဲ့ ဘာမှ မပြောသာပဲ ရှိနေကြတယ်။ ပြီးတော့ ဂျပန်ကပေးတဲ့ လွတ်လပ်ရေးကလည်း တုတုစစ်စစ် အဆောင်အယောင်အပြည့်နဲ့ ပူပူနွေးနွေးပဲ ရှိသေးတယ်။ ဂျပန်အကြံပေး စောင့်ကြည့်နေသူတွေ ရှိစေကာမူ နိုင်ငံ့အကြီးအကဲ အဓိပတိအရှင်မင်းကြီးက မြန်မာပြည် အချုပ်အချာ အာဏာပိုင် လွတ်လပ်တဲ့ နိုင်ငံဖြစ်ပြီလို့ ကမ္ဘာသိ ကြွေးကြော်ပြီး အင်္ဂလိပ်နဲ့ အပေါင်းအပါ မဟာမိတ်တွေကိုတောင် အတိအလင်း စစ်ကြေညာထားသေးတယ်။ ပြီးတော့ အဓိပတိကြီးက သူ့ကိုယ်သူ အာဏာရှင်လို့ တံဆိပ်ကပ်ပြီး တသွေး တသံ တမိန့် အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်၊ ကြီးပွါး တိုးတက် အောင် လုပ်မယ်ဆိုပြီးတော့လည်း ရဲရဲတောက် ကြွေးကြော်ထားသေးတယ်။ အုပ်ချုပ်ရေး ယန္တရားတခုလုံးကို ကြည့်ရင်လည်း အောက်ဆုံး သူကြီးကအစ ထိပ်ဆုံး အဓိပတိကြီးအထိ မြန်မာတိုင်းရင်းသားတွေ ချည်းပဲ။ ဒီအခြေအနေ ဒီမြင်ကွင်းတွေထဲမှာ အများပြည်သူ လူထုကြီးရဲ့ နိုင်ငံရေးအမြင် ဘယ်လို ရှိနေလိမ့်မယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါလိမ့်မယ်။
ဒါတွင်မကသေးဘူး၊ တိုင်းပြည်လုံးဝ လွတ်လပ်ရေးအတွက် ကိုယ်ထိလက်ရောက် ရှေ့ဆောင်ပါဝင် လှုပ်ရှားနေကြတဲ့ အင်အားစုများ အတွင်းမှာလည်း နိုင်ငံရေးအယူအဆတွေ အတွေးတွေ ကွဲပြားနေကြ သေးတယ်။ ထိပ်ပိုင်းခေါင်းဆောင်အတော်များများက ဂျပန်ကလိန်ကကျစ်လုပ်ပြီး ရုပ်သေးရုပ်များအဖြစ် အသုံးချခံရတော့မယ်ဆိုတာ သံသယနဲ့ သိလာပေမယ့် လက်လွန်နေပြီ။ ကိုယ်သိတဲ့အတိုင်း အောက်ခြေ အင်အားစုများကို အသိပေးပြီး သေနတ်ပြောင်းကို နောက်ကြောင်း ဂျပန်ဖက် ပြန်လှည့်ဖို့ ဆိုတာလည်း မဖြစ်နိုင်သေးဘူး။ နိုင်ငံရေးဆိုတာ ခံစားချက် တခုတည်းပေါ်တည်ပြီး စိတ်ထဲရှိသလို လုပ်လို့ကလည်း မဖြစ်နိုင် သေးဘူး။ အမြှော်အမြင် ရှိရမယ်၊ အစီအစဉ် ရှိရမယ်။ အောင့်အီးပြီး ပြင်ဆင်စည်းရုံးရအုံးမယ်။ ဒီအချိန်မှာ အောက်ခြေ လွတ်လပ်ရးတိုက်ပွဲဝင် တော်တော်များများက မူလအစီအစဉ်အတိုင်း ဂျပန်နဲ့ ဆုံးခန်းတိုင်ပေါင်းပြီး အင်္ဂလိပ်နယ်ချဲ့သမားကို အပြီးတိုင် ချေမှုန်းတဲ့လမ်းနဲ့ မြန်မာ့လွတ်လပ်ရေး အရယူမယ်လို့ ယုံကြည်ယူဆ နေကြတယ်။ အချို့သော အင်အားစုများကတော့ ဂျပန်လည်းမကောင်းဘူး၊ အင်္ဂလိပ်လည်းမကောင်းဘူး၊ နှစ်ကောင်စလုံးကို ချရမယ်လို့ ယူဆနေကြတယ်။ အချို့ကတော့ ဂျပန်ကိုတော့ တိုက်ရမယ်၊ ဒါပေမယ့် အင်္ဂလိပ်နဲ့ မပေါင်းနိုင်ဘူးလို့ ဆိုကြတယ်။ အချို့ကတော့ ဒီကိစ္စတွေက အထက်က ခေါင်းဆောင်ကြီးတွေ ဆုံးဖြတ်ရမယ့် ကိစ္စ၊ ခေါင်းဆောင်တွေရဲ့ အမိန့်ကို စောင့်ရုံပဲ၊ ဒီအတွင်း လုပ်မြဲတိုင်း ဆက်လုပ်။ ဟိုဟာဒီဟာတွေ ဘာမှ လာမရှုပ်နဲ့လို့ ဆိုကြသူတွေလည်း ရှိတယ်။
ဒါတွေကို ကြည့်ရင် တိုင်းပြည်မှာ နိုင်ငံရေးအခြေအနေတွေက ဘယ်လောက် ရှုပ်ထွေးသလဲ။ လွတ်လပ်ရေးတိုက်ပွဲလမ်းစဉ်က မပီပြင် မပြတ်သားဘူး။ ဒီအချိန်မှာ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ တနည်းပြောရရင် အမျိုးရေးလိုအပ်ချက်က ဘာလဲ။ လိုအပ်ချက်က မှန်ကန်တဲ့ လွတ်လပ်ရေး လမ်းစဉ်ရှိရေးနဲ့ အဲဒီမှန်ကန်တဲ့ လမ်းစဉ်အောက်မှာ လွတ်လပ်ရေးတိုက်ပွဲဝင် အင်အားစုများ စုစည်းညီညွတ်မိဖို့နဲ့ ဒီလမ်းစဉ်အောက်မှာ တမျိုးသားလုံး ညီညွတ်ရေးဖြစ်တယ်။
မှန်ကန်တဲ့ လွတ်လပ်ရေးတိုက်ပွဲလမ်းစဉ်ဆိုတာ ဒီအချိန် ဒီကာလတုန်းက အခြေအနေများအရ "နာဇီ ဖက်ဆစ်ဝင်ရိုးတန်း စစ်အုပ်စုဟာ ကမ္ဘာ့တိုင်းပြည်ကြီးငယ်များကို မတရားကျူးကျော်တိုက်ခိုက် သိမ်းပိုက်ပြီး အဓမ္မအုပ်စိုးနေတဲ့အပြင် ကမ္ဘာ့ကျန်တဲ့ တိုင်းပြည်ကြီးငယ်များကိုလည်း အဓမ္မတိုက်ခိုက်ပြီး ကျွန်ပြုဖို့ ကြိုးစားလျက် ရှိနေတယ်။ ဒါကြောင့် နာဇီဖက်ဆစ်စစ်ဝါဒီအုပ်စုဟာ ယနေ့တကမ္ဘာလုံးရှိ ပြည်သူများရဲ့ အဓိက ရန်သူကြီး ဖြစ်တယ်။ ဒီ ကမ္ဘာ့ဘုံရန်သူကို ကမ္ဘာ့ဒီမိုကရေစီ ပြည်သူများနဲ့ ဒီမိုကရေစီအစိုးရများက မဟာမိတ်ဖွဲ့ပြီး ရင်ဆိုင် ဆန့်ကျင် တွန်းလှန်တိုက်ခိုက် ချေမှုန်းနေကြတယ်။ ဒီလို အချိန်အခါ အခြေအနေမှာ မြန်မာပြည်ဟာ မိမိတို့ ဘ၀ပေးအခြေအနေအရ သက်ဆိုင်လာတဲ့ ဘုံရန်သူ စစ်အုပ်စုဝင် ဖက်ဆစ်ဂျပန်ကို ကမ္ဘာ့ဒီမိုကရေစီ မဟာမိတ်အဖွဲ့ဝင် အင်္ဂလိပ်တပ်များ၊ ပြည်သူများနဲ့ လက်တွဲပူးပေါင်းပြီး ပါဝင် တိုက်ခိုက် ခြေမှုန်းကြရမယ်။ ဘုံရန်သူ ဖက်ဆစ်ဂျပန်ကို တမျိုးသားလုံး စည်းရုံးပြီး ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် တိုက်ခိုက် တွန်းလှန် ချေမှုန်းနိုင်သလောက် မြန်မာ့လုံးဝလွတ်လပ်ရေး အခွင့်လမ်း ပွင့်လန်းမယ်။ ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ချေမှုန်းပြီး မြန်မာ့လွတ်လပ်ရေး အောင်ပန်းကို ဆွတ်ခူးရမယ်" ဆိုတဲ့ လမ်းစဉ် ဖြစ်တယ်။ ဒီလမ်းစဉ်ဟာ မြန်မာ့အမျိုးသားရေး လိုအပ်ချက်ပဲ။ ဦးလှက ဒီအမျိုးသားရေး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ရှိနေတဲ့ အခက်အခဲပေါင်းများစွာကို သိလျက်နဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေး လုပ်ငန်းထဲကို ပိုင်းပိုင်းဖြတ်ဖြတ် ပါဝင်လာခဲ့တာ ဖြစ်တယ်။ အဲဒါဟာ ဟိုတုန်းက ဦးလှနဲ့ ပတ်သက်လို့ ကျွန်တော်နဲ့ ကိုတင်မောင်တို့ ပြောဆို မှတ်ချက်ပြုခဲ့ကြတဲ့ ပထမအချက် ဖြစ်တယ်။
ဒုတိယအကြောင်းအရာက ဦးလှရဲ့ စာပေလမ်းကြောင်း ရွေးချယ်ပုံကိစ္စ ဖြစ်တယ်။ ဦးလှဟာ ငယ်ငယ်ကတည်းက စာပေ၀ါသနာ ပါတယ်။ ပရဟိတ အများအကျိုးဆောင် အလုပ်တွေလည်း ၀ါသနာပါတယ်။ လူငယ်များ ကြီးပွါးရေးအသင်းဝင်ပြီး လူငယ်များ ဗလငါးတန် ပြည့်ဝရေး၊ ကျေးလက်တောရွာ ပြုပြင်ရေး အလုပ်တွေ လုပ်ကြဖို့ လှုံ့ဆော်လမ်းညွှန်တဲ့ စာတွေ ရေးတယ်။ လူငယ်များကို လမ်းညွှန်သလို သူကိုယ်တိုင်လည်း လိုက်နာပြီး ကိုယ့်ကိုယ်ကို အဖက်ဖက်က ပြည့်စုံအောင် ကြိုးစားတယ်။ အပြောနဲ့ အလုပ် ညီအောင်နေတယ်။ လုပ်တယ်။ ဘ၀ရပ်တည်ဖို့ အလုပ်အကိုင် ရပြီးတော့လည်း အလုပ်ကိုလည်း တာဝန်ကျေအောင်လုပ်တယ်။ စာရေးလည်း မပျက်တဲ့အပြင် ကြီးပွါးရေးမဂ္ဂဇင်းကိုတောင် ကိုယ်ပိုင်အဖြစ်နဲ့ ကိုယ်တိုင်တည်းဖြတ် ကြီးကြပ် ထုတ်ဝေနိုင်တယ်။ သည်လိုကြိုးစားရင်း စာပေလောကထဲ ခြေစုံပစ်ဝင်ပြီး တိုင်းပြည်သိ စာရေးဆရာ၊ စာနယ်ဇင်းဆရာဘ၀ ရောက်တယ်။
ဒါတွေကို ကြည့်ပြီး ဦးလှဟာ ငယ်ကတည်းက စာပေ၀ါသနာပါပြီး အစဉ်တစိုက် ကြိုးစားခဲ့သလို နိုင်ငံသိ စာရေးဆရာ ဖြစ်လာတယ်လို့ အများက မှတ်ချက်ပြုကြတယ်။ ၀ါသနာပါတယ်၊ ကြိုးစားတယ်၊ အောင်မြင်တယ်။ ဒါက မဆန်းပါဘူး။ စာပေ၀ါသနာပါလို့ စာရေးတယ်ဆိုရာမှာ ရေးစရာ စာပေအမျိုးအစားတွေ အများကြီး ရှိတာပဲ။ စာပေလမ်းကြောင်းတွေ အများကြီး ရှိနေတာပဲ။ ဒီအထဲက ဦးလှက အမျိုးသားများ ခေတ်မီရေး၊ နိုးကြားရေးအတွက်၊ လှုံ့ဆော်နည်းပြ လမ်းညွှန်တဲ့ စာမျိုးကို ရွေးခဲ့တယ်။ ပြီးတော့ လူ့အဖွဲ့အစည်းတခုမှာ သော့ချက်ကျတဲ့ လူငယ်(တက်လူ) (ယခုအခေါ် မျိုးဆက်သစ်)တွေကို ဦးတည်ပြီး ရေးတယ်။ ကျေးလက် တောရွာများနဲ့ ကျေးလက်ပြည်သူများ ခေတ်မီနိုးကြားရေးကို ရေးတယ်။ ခေတ်ပြုပြင်ရေးကို ရေးတယ်။ ခေတ်ကို နိုးကြားစေတဲ့ စာပေမျိုးကို သူကိုယ်တိုင်လည်းရေးပြီး သူတပါးရေးကြတာကိုလည်း အားပေးတယ်။ အဲဒါ ဦးလှရဲ့ ထူးခြားချက်ပဲ။ ဒါဟာ စာပေလောကထဲကို ခြေမချခင်နဲ့ ခြေချပါပြီဆိုကတည်းက ဦးလှဟာ အမျိုးသားရေးလမ်း ကြောင်းပေါ်ကို စပြီး တက်ခဲ့တယ်။ အမျိုးသားရေးလမ်းကြောင်းအတိုင် လျှောက်ခဲ့တယ်။ ဒါကြောင့်လည်း ယခု (၄၃ ခုနှစ်) ခက်ခဲကြမ်းတမ်းတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲထဲ ပါဝင်ရောက်နေခဲ့ တာပဲလို့ ကျွန်တော်နဲ့ ကိုတင်မောင်တို့ မှတ်ချက်ပြုခဲ့ကြတယ်။
တတိယအချက်ကတော့ ဦးလှနဲ့ အခြားအလားတူ စာရေးဆရာများရဲ့ ခေတ်ပြုပြင်ရေး အရေးအသား တွေဟာ အမျိုးသားရေးလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း ဟုတ်-မဟုတ် ဆိုတဲ့အချက် ဖြစ်တယ်။ ဒါကလည်း ရှင်းပါတယ်။ ဒီတုန်းက ခေတ်ပြုပြင်ရေး အရေးအသားတွေဟာ ဒီတုန်းက မြန်မာပြည်သူတွေရဲ့ အခြေအနေအရ တကယ်လိုအပ်တဲ့ လိုအပ်ချက်တွေပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေက ပဒေသရာဇ် မြေရှင် မြေကျွန်စနစ်အောက်မှာ နှစ်ရာထောင်ချီပြီး နေခဲ့ရတဲ့ အခြေအနေမျိုးမှာ မြန်မာပြည်ကို အနိုင်ကျင့်ကျူးကျော် အုပ်စိုးလာတဲ့ အင်္ဂလိပ်နယ်ချဲ့ အင်္ဂလန်ပြည်က အရင်းရှင်စနစ်ထိ ဖွံ့ဖြိုးပြီးသားဆိုတော့ တခေတ်ကြီးများတောင် နောက်ကျ ကျန်ရစ်ခဲ့တာမို့ မြန်မာတွေ ခေတ်နောက်ကျနေတယ်လို့ ပြောရတာပေါ့။ ခေတ်နောက်ကျတယ် ဆိုရာမှာလည်း ကဏ္ဍတခုတည်း နှစ်ခုတည်းမှာသာ နောက်ကျတာမျိုး မဟုတ်ပဲ ဘ၀နေနည်းထိုင်နည်းကအစ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး၊ နိုင်ငံရေး အဖက်ဖက်က ထောင့်ပေါင်းစုံ နောက်ကျနေတာမျိုး ဖြစ်တယ်။ အဲဒီလို နောက်ကျနေတာကို မိမိတို့ ရှေ့တဆင့်ရောက်နေတဲ့ ခေတ်နဲ့အညီ နေတတ်ထိုင်တတ်၊ လုပ်တတ် ကိုင်တတ်၊ တွေးတတ်ခေါ်တတ်အောင် ပြုပြင်ကြဖို့ ရေးသားနှိုးဆော် ညွှန်ပြခြင်းဟာ အမျိုးသားရေး လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းပဲလို့ မြင်တယ်။
ပြီးတော့ ဦးလှဟာ ဒီလို ခေတ်ပြုပြင်ရေးစာပေတွေ ရေးလို့ ပြုပြင်ရေး အလုပ်သက်သက်ကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသူလည်း မဟုတ်ဘူး။ ပြုပြင်ရေး အလုပ်မျိုးကိုသာ ဆုပ်ကိုင်ထားသူလို့ ဆိုကြရင်လည်း ယခုလို ဖက်ဆစ်တိုက်ဖျက်ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲထဲမှာ ဦးလှနဲ့ ကျွန်တော်နဲ့ ဆုံဆည်းမိစရာ အကြောင်း ရှိတော့မှာ မဟုတ်ပါဘူး။
(၂)
ဂျပန်တခေတ်လုံးမှာ ဦးလှနဲ့ ကျွန်တော် ရည်ရွယ်ချက်တူ လုပ်ငန်းစဉ်တူ လုပ်ကြတယ် ဆိုပေမယ့် နှစ်ကြိမ် သုံးကြိမ်လောက် လူချင်းခဏတဖြုတ် တွေ့ခဲ့ကြတာက လွဲလို့ အတူတွဲပြီး လုပ်ခွင့်မကြုံခဲ့ဘူး။ သူကလည်း သူ့တာဝန်နဲ့သူ၊ ကိုယ်ကလည်း ကိုယ့်တာဝန်နဲ့ကိုယ် လုပ်ခဲ့ကြရတယ်။ တကယ်တန်း လူချင်းတရင်း တနှီး တပူးတွဲတွဲ လုပ်ဖို့ အခွင့်ကြုံလာတာကတော့ ၁၉၄၅ ခုနှစ်၊ ဧပြီလဆန်းအစမှာ ဖြစ်တယ်။ အခွင့်ကြုံလာပုံကလည်း ကျွန်တော့်အဖို့ မှတ်မှတ်သားသား ရှိလှပါတယ်။
ဂျပန်ကို တော်လှန်ဖို့ အချိန်နီးကပ်လာတော့ ကျွန်တော်က ကျောက်ဆည်ခရိုင်ကို ခေါင်းဆောင်ဖို့ တာဝန် ကျတယ်။ ၁၉၄၅ ခုနှစ်ဆန်း ဇန်န၀ါရီလလယ်လောက် ရောက်တော့ မူလစီစဉ်တဲ့အတိုင်း မဟုတ်ပဲ အချိန်စောပြီး မတ်လ (၈) ရက်နေ့မှာ ဂျပန်ကို စပြီးတိုက်ကြဖို့ ဆက်သားနဲ့ ညွှန်ကြားချက် ရောက်လာတယ်။ အားလုံးသိကြပြီး တဲ့အတိုင်း အင်္ဂလိပ်နဲ့ မဟာမိတ်တပ်များက ဖေဖော်ဝါရီလထဲမှာပဲ တရကြမ်း ထိုးစစ်ဆင်ပြီး မုံရွာ၊ ပခုက္ကူ၊ မြင်းခြံတို့ကို ထိုးဖောက် တိုက်ခိုက် သိမ်းပိုက်ပြီး ဖေဖော်ဝါရီ (၂၈) ရက်နေ့မှာ မိတ္ထီလာမြို့ကို သိမ်းပိုက်လိုက်တယ်။ မန္တလေး-ရန်ကုန်လမ်းမကြီးကို ခါးလယ်က ဖြတ်ပိတ်လိုက်တယ်။ ဂျပန်တပ်တွေ မန္တလေး-ရန်ကုန်လမ်းမကြီးကို ကျော်ပြီး ရှမ်းတောင်တန်းဘက်ဆီကို အလုံးအရင်းနဲ့ ဆုတ်ခွါထွက်ပြေးကြတယ်။ ဗိုလ်မှူဗထူးတပ်များ မန္တလေးတ၀ိုက် ဂျပန်တွေကို သုတ်သင် ရှင်းလင်းပြီး မတ်လကုန်ခါနီးမှာ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နားက ဒွေးလှရွာကို ရောက်လာကြတယ်။ ကျွန်တော်တို့ ဒွေးလှရွာမှာပဲ ဗိုလ်မှူးဗထူးတပ်များနဲ့ ဆုံတယ်။ နောက် ၂ ရက် အကြာမှာ ကိုမောင်မောင်(ဗိုလ်မှူးကြီးတင်စိုး၊ ငြိမ်း ကွယ်လွန်)၊ သခင်တင်ရွှေ (လေထီး သခင်တင်ရွှေ) တို့နဲ့အတူ ဗြိတိသျှတပ်ဖွဲ့ (၁၃၆) က ကက်ပတိန်ဘော်လီ ပါလာပြီး ဗိုလ်မှူးဗထူးနဲ့ ဆွေးနွေးတယ်။ မြန်မာ့မျိုးချစ်တပ်များက သီးခြားစစ်ကြောင်းဖွင့်ပြီး ဂျပန်အကြွင်းအကျန်များကို ရှင်းရင်း ပင်းတယ၊ အောင်ပန်းဘက်သို့ ချီတက်တိုက်ခိုက်ဖို့ သဘောတူကြတယ်။ အင်္ဂလိပ်တပ်ဆီက ဘာလက်နက်အကူအညီမှ မယူဘူး။ တပ်ချင်းမမှားရအောင် အင်္ဂလိပ် စစ်ယူနီဖောင်းအစုံ (၁၀၀) လောက်ပဲ ယူပြီး မတ်လကုန်ရက်မှာပဲ စစ်ကြောင်းစပြီး ချီတက်တယ်။ ကျွန်တော် ရှေ့တန်းချီတပ်နဲ့ လိုက်ခွင့်မရဘူး။ စစ်နောက်ပိုင်းတာဝန်နဲ့ စစ်ရိက္ခာစုဆောင်းဖို့ ဗိုလ်မှူးက တာဝန်ပေးခဲ့တယ်။
တပါတ်လောက်ကြာတော့ စုဆောင်းထားတဲ့ ရိက္ခာလှည်းသုံးစီးနဲ့ အတူ ကျွန်တော် ရှေ့တန်းလိုက်သွား တယ်။ ကျွန်တော်နဲ့ ရိက္ခာလှည်းသုံးစီး မြို့ကြီးရောက်တော့ မြို့ကြီးကို ဗိုလ်မှူးတို့ တပ်တွေ သိမ်းပြီးတာ တညအိပ် နှစ်ရက်ပဲ ရှိသေးတယ်။ တပ်စခန်းကို ရောက်တော့ ဗိုလ်မှူးရဲ့တဲမှာ ဗိုလ်မှူးကို မတွေ့ရဘူး။ ကိုသိမ်းမောင် (ဒုဗိုလ်မှူးကြီးမျိုးမြင့်- ငြိမ်း လယ်/သစ် ဒုဝန်ကြီးဟောင်း) ကိုပဲ တွေ့ရတယ်။ နောက်နေ့ညနေ ငါးနာရီလောက်မှာ ဗိုလ်မှူး ရှေ့တန်းက ပြန်ရောက်လာတယ်။
ညနေစာစား ခေတ္တအနားယူပြီးတော့ ကိုညွန့်အောင် ဘာကိစ္စလာလဲ။ ကိစ္စအထူးရှိလားလို့ ကျွန်တော့်ကို ဗိုလ်မှူးက မေးတယ်။ ကျွန်တော်ကလည်း ရိက္ခာလည်းပို့ရင်း ကျွန်တော်လည်း ရှေ့တန်းတပ်ထဲမှာ အပြီးနေဖို့ လာခဲ့တာပါလို့ ဖြေလိုက်တယ်။ ဗိုလ်မှူး ချက်ချင်း မျက်နှာပျက်သွားပြီး "ဘာလဲဗျ ကိုညွန့်အောင်၊ ခင်ဗျားက ကျုပ်တပ်ကို စိတ်မချလို့လား" လို့ ဒေါသတကြီး မေးတယ်။ ကျွန်တော်လည်း ပျာယာခတ်သွားပြီး ဗိုလ်မှူး ကျွန်တော့်စကားကို ဘာလိုနားလည်လိုက်သလဲဆိုတာ သိလိုက်တာနဲ့ သူ့စကား ရှေ့မဆက်ခင်မှာပဲ "မဟုတ်ဖူးဗိုလ်မှူး၊ ကျွန်တော် တပ်ထဲနေမယ်ဆိုတာ ဗိုလ်မှူးထင်သလို နိုင်ငံရေးမှူးတာဝန်မျိုးနဲ့ နေချင်တာမျိုး ပြောတာ မဟုတ်ပါဘူး။ ရိုးရိုးတပ်သားအဖြစ်နဲ့ သေနတ်ကိုင်ပြီး ရှေ့တန်းမှာ တိုက်ဖို့ နေချင်တာပါ၊ ကျွန်တော် ဒီအခွင့်အရေးမျိုး စောင့်ခဲ့တာ ကြာပါပြီ။ ဂျပန်တခေတ်လုံး ဂျပန်ကို တော်လှန်ဖို့ တိုက်ဖို့ လူအများကို ကျွန်တော် ဟောပြောစည်းရုံး ခဲ့တယ်။ အခု တကယ်တိုက်ရမယ့် အချိန်ကျတော့ ကျွန်တော်က စစ်မြေပြင်မှာ မရှိဘူး။ နောက်တန်းမှာပဲ ရှိနေရမယ်ဆိုရင် ဒီလူတွေကို ကျွန်တော် ဘယ်လို မျက်နှာပြရမှာလဲ။ ကျွန်တော် မျက်နှာပူတယ်" စသဖြင့် တောက်လျှောက် ကျွန်တော် ပြောချလိုက်တယ်။
ဒီတော့ ဗိုလ်မှူး မျက်နှာကြော လျော့သွားပြီး ခဏကြာမှ "အင်း ကိုညွန့်အောင်က သေနတ်ကိုင် တိုက်ချင်တာကိုး" တိုးတိုးညည်းပါတယ်။ အတန်ကြာငြိမ်နေပြီးမှ ခေါင်းပြန်မော့ပြီး စကားစပြောတယ်။
"ကဲ အချိန်လဲ မရှိဘူး။ ဒွေးလှမှာတုန်းက အေးအေးဆေးဆေး မပြောခဲ့ရဘူး။ တိုတိုပဲ ပြောကြရအောင်။ သိတဲ့အတိုင်း ဟိုတုန်းက ကျုပ်တို့ကြံစည် စီစဉ်ခဲ့ကြသလို ကျုပ်တို့ဖာသာ ကျုပ်တို့ ဂျပန်ကိုတိုက်ထုတ်၊ လွတ်လပ်တဲ့ နယ်မြေတွေ ထူထောင်၊ ကိုယ့်ဖာသာကိုယ် လွတ်လပ်တဲ့ အုပ်ချုပ်ရေးတွေဖွဲ့ ဆိုတဲ့နည်းမျိုးနဲ့ မတိုက်နိုင်ခဲ့ဘူး။ အကြောင်းကြောင်းကြောင့် အခု အင်္ဂလိပ် စစ်တပ်တွေ မြန်မာပြည် ထက်ဝက်နီးပါးလောက် သိမ်းပြီးမှ စပြီး တိုက်ကြရတယ်။ တိုက်တော့လည်း ခင်ဗျားသိတဲ့အတိုင်း သူတို့ (အင်္ဂလိပ်စစ်တပ်) ဆီက ကျုပ်တို့ ဘာအကူအညီမှ မယူခဲ့ဘူး။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိုက်နေကြတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျုပ်တို့က လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ ဂျပန်မရှိတော့တဲ့နေရာမှာ အင်္ဂလိပ်စစ်တပ်တွေ ရောက်နေကြပြီ။ စစ်တပ်ချည်း လာတာမဟုတ်ဘူး။ စစ်တပ်နောက်က သူတို့ အုပ်ချုပ်ရေး ယန္တရားကို ထူထောင်ဖို့ ကက်စဘီ CAS(B) [ပြည်သူ့ရေးရာဝန်ထမ်းအဖွဲ့] တွေပါ တပါတည်း ပါလာတယ်။ ဒီ အခြေအနေမျိုးမှာ လူထုကြီးကို အင်္ဂလိပ်လက်အောက် ၀ကွက်ပြီး အပ်ထားရတော့မှာလား။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ကိုယ့်ဘာသာကိုယ် ဂျပန်ကို တိုက်ထုတ်ပြီး လွတ်လပ်တဲ့ နယ်မြေတွေ ထူထောင်၊ လွတ်လပ်တဲ့ အုပ်ချုပ်ရေးတွေ မဖွဲ့နိုင်ပေမယ့် မြို့ရောတောပါ ဒေသတိုင်းမှာ အင်္ဂလိပ်သြဇာ မညောင်းစေဘဲ ကျုပ်တို့ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ) ရဲ့ သြဇာသာ ညောင်းစေရမယ်။ ဒါအတွက် တောကြိုအုံကြားမကျန် ဖ-တ-ပ-လ- အဖွဲ့တွေ အမြန်ဆုံး ပေါ်ပေါက်လာအောင် စည်းရုံးဖွဲ့စည်းမိဖို့ လိုတယ်။ တနိုင်ငံလုံး ဖက်ဆစ်တော်လှန်ရေးအလံ (အနီရောင်အောက်ခံ ကြယ်ဖြူအလံ) တွေနဲ့ အနီရောင် လွှမ်းသွားအောင် လုပ်ရမယ်။ ဖက်ဆစ်ကို တိုက်နေတယ် ဆိုရုံနဲ့ မပြီးဘူး။ လက်ရှိအခြေအနေအရ အင်္ဂလိပ်နဲ့ ရင်ဆိုင်ပြီး တိုင်းပြည် လွတ်လပ်ရေးအတွက် ပြောကြဆိုကြရဦးမယ်။ လူထုက ကျုပ်တို့ဘက်မှာ ရှိနေဖို့ လိုတယ်။ ဒါကို ခင်ဗျားလည်း နားလည်ပြီးသားပဲ။
ကိုင်း တိုတိုနဲ့ ဖြတ်ကြစို့။ ကိုညွန့်အောင် နောက်ကြောင်းကို ပြန်ပါ။ ပြန်ပါဆိုတာက ကျောက်ဆည်ကို မပြန်ပါနဲ့။ မန္တလေးကို သွားပါ။ မန္တလေးက အထက်မြန်မာပြည်အတွက် အချက်အချာကျတယ်။ ဆရာကြီး (ဥင်္ီးရာဇတ်) တို့ ဦးလှတို့ကိုလည်း ပြောပြပါ။ အင်္ဂလိပ်ဘက်က လက်ညှိုးခေါင်းငြိမ့်မယ့်လူဆိုလို့ တကောင်တမြီးမှ မကျန်အောင် စည်းရုံးပါလို့။ မနက်ဖြန် မနက်စောစော ဗိုလ်ဗစိန်တို့ ဗိုလ်ရဲဒင်တို့ကို မန္တလေးဘက် လွှတ်စရာ ရှိတယ်။ ကိုညွန့်အောင် သူတို့နဲ့ လိုက်သွားပါ။ ကျုပ်လည်း မနက် ခရီးထွက်စရာရှိတယ်။ ဒါပါပဲ"
ဒီလိုနဲ့ပဲ ကျွန်တော့်မှာ ရှေ့တန်းတပ်ထဲလဲ မနေရ၊ ကျောက်ဆည်လည်း မပြန်ရတော့ဘဲ မန္တလေးရောက်ပြီး ဦးလှနဲ့ လက်ပွန်းတတီး အတူတွဲပြီး လုပ်ကိုင်ရဖို့ အခွင့်ကြုံလာခဲ့တာ ဖြစ်ပါတယ်။
(၃)
ကျွန်တော် မန္တလေးကို ပြန်ရောက်တော့ ဧပြီလဆန်း ၁၀ ရက်၊ ၁၁ ရက် ဖြစ်မယ်။ မန္တလေးမြို့ ဂျပန်လက်အောက်က လွတ်မြောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဒါကြောင့် မန္တလေးသားတွေ မန္တလေးမြို့ပေါ် စုံစုံလင်လင် ပြန်မရောက်ကြသေးဘူး။ ကျွန်တော် ဖ-တ-ပ-လ အဖွဲ့ ရုံးလုပ်မယ့် ၈၄ လမ်း ကျောက်သွေးတန်းက ရန်ကုန်ကိတ်မုံ့တိုက်ဟောင်း အဆောက်အဦး ရောက်ပြီး ဆရာကြီး (ဦးရာဇတ်) တို့၊ ဦးလှတို့ ကိုလှအောင် (ညောင်တုန်းသခင်ထွန်းရင်) တို့ကို ဗိုလ်မှူးမှာလိုက်တဲ့ စကားတွေနဲ့ ရှေ့တန်းအခြေအနေ ပြောပြတယ်။ ဦးလှတို့ကလည်း ဖ-တ-ပ-လ အဖွဲ့မှာ ပါဝင်သင့်တဲ့ လူကြီးတွေ မန္တလေး ပြန်မရောက်သေး။ လူမစုံသေးလို့ ယခုထိ ဖ-တ-ပ-လ မဖွဲ့နိုင်သေး၊ ဆိုင်းဘုတ်မတင်နိုင်သေးကြောင်း၊ ယခု အတော်အတန်စုံပြီး တယောက် နှစ်ယောက်လောက်ပဲ စောင့်စရာ ကျန်တော့လို့ မကြာမီ ရက်ပိုင်းအတွင်း ဖွဲ့စည်းနိုင်တော့မှာ ဖြစ်ကြောင်း။ ပြီးတော့ ဖ-တ-ပ-လ ကို အထက်မြန်မာပြည် အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းဖို့ စီစဉ်ထားကြောင်း ပြောပြကြတယ်။
ကျွန်တော် ကွန်မြူနစ်ပါတီ ဘုံရိပ်သာရှိရာ ပိုက်ကျုံးကို ရောက်တော့ မန္တလေးခရိုင် ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်ကြီး တင်ပြီးနေတာ တွေ့ရတယ်။ မန္တလေးကို အင်္ဂလိပ်တပ် ၀င်ပြီး တရက် နှစ်ရက် ကတည်းက တင်လိုက်တာလို့ သိရတယ်။ ခရိုင်ပါတီ ဆိုင်းဘုတ်ကြီးကိုသာ တင်ထားတာ ခရိုင်ပါတီကော်မတီက မဖွဲ့ရသေးဘူး။ လူမစုံသေးဘူး။ ဘုံရိပ်သာမှာ ကိုစံညွန့် (ပါတီခေါင်းဆောင်) ကိုလှအောင် (ညော်တုန်းသခင်ထွန်းရင်) နဲ့ မန္တလေးမြို့က အောက်ခြေ ရဲဘော် ရဲဘော်မ လေး ငါး ခြောက်ယောက်ပဲ တွေ့ရတယ်။ ကိုစံညွန့်နဲ့ ကိုလှအောင်တို့က ဖွဲ့စည်းမယ့် ဖ-ဆ-ပ-လ အထက်မြန်မာပြည်အဖွဲ့ချုပ်ကို (ဖက်ဆစ်တိုက်ဖျက်ရေး အစား ဖက်ဆစ်ဆန့်ကျင်ရေးလို့ အမည်ပြောင်းဖို့ ဆရာကြီးတို့ ဦးလှတို့နဲ့ သဘောတူပြီးသား) အတွက် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းမူကြမ်း ရေးနေကြတယ်။ ဒါကြောင့် ကျန်တဲ့ ဖ-ဆ-ပ-လ ဖွဲ့စည်းရေးအလုပ်တွေကို ကျွန်တော်က ဦးလှတို့ ဆရာကြီးတို့နဲ့ တွဲပြီးလုပ်ဖို့ တာဝန်ပေးတယ်။ အဲဒီကတည်းက ဦးလှနဲ့ စပြီး လက်ပွန်းတတီး တွဲခဲ့ရတာ ပါပဲ။
နောက်နေ့ ဖဆပလအဖွဲ့ရုံးရောက်တော့ ပထမဆုံးတွေ့ရတဲ့ ကိစ္စ ပြဿနာက သခင်သာခင် ကိစ္စပဲ။ သခင်သာခင်က ဂျပန်ခေတ်မှာ ကသာခရိုင် ရဲဝန် လုပ်နေခဲ့တယ်။ အင်္ဂလိပ်က ထိုးစစ်ဆင်ပြီး မြစ်ကြီးနား-ကသာကို သိမ်းတော့ အင်္ဂလိပ်စစ်တပ် စစ်မြေပြင်လုံခြုံရေးတပ်ဖွဲ့ (Field Security Service = စစ်စုံထောက်အဖွဲ့) က သခင်သာခင်ကို ဖမ်းဆီးဖို့ လုပ်လို့ မန္တလေးဘက် ရှောင်တိမ်းလာရတယ်။ ဆရာကြီးတို့ ဦးလှတို့က သခင်သာခင်ကို ဖဆပလအဖွဲ့ ရုံးအပေါ်ထပ် အခန်းထဲမှာ ၀ှက်ထားပေးရတယ်။ ဒီကိစ္စအကြောင်းပြုပြီး ဆရာကြီးတို့ ဦးလှတို့နဲ့ ဆွေးနွေးကြတယ်။ အင်္ဂလိပ်က ဂျပန်နဲ့ ပေါင်းပြီး သူ့ကို မောင်းထုတ်ခဲ့တဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်တွေကို ရန်ငြှိုးထား (Black List) စာရင်းမဲလုပ်ပြီး ဖမ်းဆီးကလဲ့စားချေဖို့ ပြင်ဆင်လာတာလည်း ရှိတယ်။ ဂျပန်ခေတ်အတွင်း အနှိမ်ခံ အပယ်ခံ ဖြစ်နေခဲ့ရတဲ့ အင်္ဂလိပ်သစ္စာခံတွေက တို့မီးရှို့မီးလုပ်ကြလို့ ဖမ်းမယ် ဆီးမယ် လုပ်လာတာတွေလဲ ရှိတယ်။ ဒီအန္တရာယ်ကို ကာကွယ်နိုင်တာက ဖဆပလ အဖွဲ့ပဲ ရှိတယ်။ ဒိတော့ ဖဆပလ အဖွဲ့ မြန်မြန်အကောင်အထည် ဖော်ရမယ်လို့ တဖက်က တွက်ကြတယ်။ ဒါပေမယ့် တဖက်ကလည်း ဖဆပလအဖွဲ့ကို အလျင်စလို အလောတကြီးဖွဲ့ပြီး ဖဆပလ ဆိုင်းဘုတ် မြန်မြန်တင်နိုင်ရင်ပြီးရော လုပ်လို့လည်း မသင့်ဘူး။ ဒီကိစ္စမှာ ဦးလှရဲ့ သဘောထားက တကယ်ဆိုရင် ဂျပန့်လက်အောက်မှာ ကတည်းက တပ်မတော်ရယ်၊ ပြည်သူ့အရေးတော်ပုံပါတီရယ်၊ ကွန်မြူနစ်ပါတီရယ် ညီညွတ်ရေးရပြီး ဖတပလအဖွဲ့ဆိုတာကို ဖွဲ့ထားခဲ့ကြပြီပဲ။ နဂိုကတည်းက ရှိပြီးသားမို့ အင်္ဂလိပ် ၀င်လာလာချင်း ဆိုင်းဘုတ်တင်ပြီးမှ အခြားပါတီစုံက လူကြီးတွေကို ခင်ဗျားတို့တွေ ကျုပ်တို့ ဖတပလ ထဲ ၀င်ကြပါဆိုတဲ့ အဖြစ်မျိုး အပြောမျိုး မဖြစ်ချင် မပြောချင်ဘူး။ အခြား ရှိသမျှ ပါတီစုံက လူကြီးတွေ၊ ဆိုင်ရာဒေသအလိုက် သြဇာတိက္ကမ ရှိပြီး ပြောရေးဆိုစရှိတဲ့ လူကြီးတွေ ဖြစ်နိုင်သမျှ အစုံအညီပါပြီး အားလုံး အလုံးစုံအညီ ဖဆပလအဖွဲ့ကြီးကို အညီအညွတ် ဖွဲ့စည်းလိုက်ကြတယ်ဆိုတဲ့ သဘောမျိုး အဖြစ်မျိုး ဖြစ်စေချင်တယ်။ ဒါမှ အားလုံး သံသယကင်းကင်းနဲ့ အမျိုးသားညီညွတ်ရေး၊ တကယ့်ညီညွတ်ရေးကို တည်ဆောက်ရာရောက်မယ်ဆိုတဲ့ သဘောထားပဲ။
ဒီသဘောထားဟာ အမျိုးညီညွတ်ရေး တည်ဆောက်ရာမှာ အင်မတန် ဖြူစင်သန့်ရှင်းတဲ့ သဘောထားပဲ။ ဗိုလ်မှူးဗထူးမှာလိုက်တဲ့ အင်္ဂလိပ်ဘက် လက်ညှိုးထောင် ခေါင်းငြိမ့်မယ့်လူက တယောက်တလေမှ မကျန်စေနဲ့ ဆိုတဲ့စကားနဲ့လည်း ကိုက်ညီတယ်။ ဦးလှဟာ သူ့ရင်ထဲက သဘောထား စိတ်ထားအတိုင်ပဲ လက်တွေ့လည်း ဖြစ်မြောက်အောင် အလွန်အပင်ပန်းခံတယ်။ မန္တလေးမြို့ ပြန်မရောက်သေးတဲ့ ပါတီစုံ လူကြီးတချို့ကို စာအပြည့်အစုံရေး လူလွှတ်ပြီး အမြန်ရောက်လာအောင် စည်းရုံးခေါ်ဆောင်တယ်။ မန္တလေးအနီးနား တ၀ိုက်လောက်ဆိုရင် ကိုယ်တိုင် မဖြစ်မနေ သွားဆွေးနွေးတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ မြင်းလှည်းနဲ့ စက်ဘီးနဲ့ သူ့စားရိတ်နဲ့ သူသွားတယ်။ မညည်းဘူး။ ဒီအချိန်မှာ ရဟန်းပျိုအဖွဲ့ချုပ်က ဆရာတော်များရဲ့ သြ၀ါဒကိုလည်း သွားပြီး ခံယူလိုက်သေးတယ်။ ဆရာတော်တွေက ဘယ်သူတွေ ပါသင့်တယ်လို့ သြ၀ါဒပေးရင် အဲဒီပုဂ္ဂိုလ်ကိုလည်း ရောက်အောင်သွားပြီး ဆွေးနွေးတယ်။ ပြီးရင် ဆရာတော်တွေဆီ ပြန်သတင်းပို့ ပြန်အစီရင်ခံတယ်။ တကယ်ဆိုတော့ ပါတီစုံက လူကြီးတွေ ဆိုတာက အသက် ၅၀ ကျော် ၆၀ တွင်းတွေ။ သူတို့ဘက်က ကြည့်ရင်တော့ ဦးလှက လူငယ်။ ကျွန်တော်တို့လို လူငယ်တွေဘက်က ကြည့်တော့ ဦးလှက လူကြီး။ ဦးလှက လူကြီးဆိုလည်းဟုတ်၊ လူငယ်ဆိုလည်းဟုတ် ဖြစ်နေတယ်။ ကျွန်တော်တို့က လူကြီးလို့ သတ်မှတ်ပေမယ့် ဦးလှက ကျွန်တော်တို့ အသက် ၂၀ ၀န်းကျင် လူငယ်အချိန်ပြည့် လုပ်သားတွေလို တန်းတူ လှုပ်ရှားနိုင်တယ်။ ဖျတ်လတ်တယ်။ ပြီးတော့ ရင့်ကျက်တယ်။
ဒီလောက် ဖဆပလအဖွဲ့ အမြန်ဆုံး အကောင်အထည် ဖော်အောင် ကြိုးစားလှုပ်ရှားနေတဲ့ကြားက ကျွန်တော်တို့ ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်တင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဖဆပလ ဆိုင်းဘုတ်မတင်ရသေးခင် အရင်ဦးအောင် တင်ရကောင်းလားဆိုပြီးတော့ ပါတီရေးဦးစားပေးတယ်လို့ စွပ်စွဲသံ မကျေနပ်သံတွေ ကြားလာရတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ဦးလှတို့ ဆရာကြီးတို့ကတော့ ဒီလို စစ်အတွင်းကာလထဲမှာပဲ လွတ်လပ်ရေးတိုက်ပွဲဝင် ပါတီတခုရဲ့ တရားဝင် ရပ်တည်မှုကို ရအောင်ယူကာ ဘယ်လောက်အရေးပါကြောင်း၊ အင်္ဂလိပ်နယ်ချဲ့သမားရဲ့ အငြိုးအတေးနဲ့ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်များရဲ့ လုံခြုံမှုအတွက် မည်မျှ အကျိုးသက်ရောက်ကြောင်း သိမြင် နားလည်နေကြတယ်။ ဒါကြောင့်လည်း ကြုံလာတိုင်း ဒီကိစ္စကို ပြေပြေ လည်လည်ဖြစ်အောင် ရှင်းပြတတ်ကြပါတယ်။
ဖဆပလ အထက်ဗမာပြည်အဖွဲ့ချုပ် ဖွဲ့စည်းဖို့ ပါတီစုံ လူကြီးတွေ စုံစုံလင်လင်နဲ့ အဆင်သင့်ဖြစ်ပြီ ဆိုတော့ ဦးလှပဲ သတိတရနဲ့ ဖွင့်ပွဲနေ့မှာ ဆိုင်းကလေး ဗုံကလေးလည်း ပါဦးမှကောင်းမှာဆိုပြီး ကျွန်တော် မရောက်ခင် ကတည်းက သူနဲ့ ကိုလှအောင်နဲ့ အေ၀မ်းဆရာညှာဆီသွား၊ သီချင်းမှာ ပါရမယ့်အကြောင်းအရာကို စာသားကို ရှင်းပြပြီး 'လူထုစစ်' သီချင်း အစပ်ခိုင်းသတဲ့။ သဘက်ခါလောက် ဖွင့်ပွဲလုပ်မယ်ဆိုတော့ သီချင်းလို့ ပြီးမပြီး ဆရာညှာအိမ်ကို သွားမေးတဲ့အခါ ဦးလှနဲ့ ကျွန်တော်လိုက်သွားတယ်။ ဆရာညှာက သီချင်းရေးပြီးပြီ ဖြစ်ကြောင်း ပြောပြီး ပါးစပ်ဆိုင်းအတောလေးနဲ့ သီဆိုပြတော့ ဦးလှက သူအဓိကထားပြီး ပြောခဲ့တဲ့ အမြင်မှန် မှန်ကြဖို့ ဆိုတဲ့သဘောကလေး မပါလို့ စိတ်ထဲ သိတ်ကျေနပ်ပုံမရဘူး။ ဒါပေမယ့် ကမ္ဘာမှာ ကြမ်းကြုတ်ရက်စက်တဲ့ နာဇီဖက်ဆစ်တွေကို လူထုက ၀ိုင်းတိုက်ရမယ်ဆိုတာလေး ပါတော့ တော်ပါသေးတယ် ဆိုပြီး လက်ခံခဲ့တယ်။ ဒီအကြောင်း မိုးဂျာနယ် ၁၉၉၆ နိုဝင်ဘာလထုတ်မှာ ကျွန်တော်အကျယ် ရေးခဲ့ပြီးလို့ အထူးမဖော်ပြလိုတော့ပါဘူး။ ဦးလှရဲ့ အမြင်မှန် မှန်ကြဖို့ဆိုတာ စကားလုံးက ခပ်ဆန်းဆန်းမို့ ကျွန်တော့်နားထဲ ယခုထိ စွဲနေတာပါ။ ဦးလှ အရေးထားပြီး သီချင်းကတဆင့် လူထုကို ပြောချင်တာက ကျုပ်တို့ ဂျပန်ဖက်ဆစ်ကိုတိုက်ကြတာ အင်္ဂလိပ်အရှင်သခင်ဟောင်းကို ပြန်ခေါ်ဖို့ တိုက်နေကြတာ မဟုတ်ဘူး။ ကမ္ဘာ့လူထုရဲ့ ကမ္ဘာ့နံပါတ်တစ် ဘုံရန်သူကြီးကို ကမ္ဘာ့လူထုကြီးရဲ့ လွတ်မြောက်ရေးအတွေက် ကမ္ဘာ့လူထုကြီးနဲ့ လက်တွဲပြီး တိုက်နေကြတဲ့စစ်မို့ လူထုစစ်လို့ ခေါ်တာဆိုတဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေချင်တာ ဖြစ်တယ်။
အဲသည်နောက် ဖွင့်ပွဲမလုပ်ခင်တရက် အလိုလောက်မှာပဲ အိန္ဒိယပြည် ကိုသိန်းဖေ (ဦးသိန်းဖေမြင့် ကွယ်လွန်) တို့ဆီက လွှတ်လိုက်တဲ့ ကိုကျော်ရင် (ပါမောက္ခချုပ် ကွယ်လွန်)၊ ကိုလှသောင်း (ဦးလှသောင်း လမ်းစဉ်ပါတီသုတေသနဌာန ဌာနခွဲမှူး ကွယ်လွန်) နဲ့ လေထီးဆင်း ရဲဘော်သုံးယောက်တို့ ရောက်လာကြတယ်။ အိန္ဒိယပြည်က လာကြတာဆိုတော့ ကမ္ဘာအနှံ့ စစ်အခြေအနေ၊ နောက်ဆုံးသတင်းတွေ၊ အိန္ဒိယပြည် ဆင်းမလားမြို့မှာ အခြေစိုက်ထားတဲ့ မြန်မာပြည် စစ်ပြေးဘုရင်ခံအစိုးရရဲ့ အကြံအစည်သတင်းအားလုံး ကြားရ သိရတယ်။ ဒါကြောင့် ဖဆပလ ဖွင့်ပွဲမှာ ကိုကျော်ရင်ကို စကားပြောဖို့ ဦးလှတို့က အစီအစဉ် ထည့်ဆွဲလိုက်ကြတယ်။
ဖဆပလ (အထက်ဗမာပြည်အဖွဲ့ချုပ်) ဆိုင်းဘုတ်တင်ဖွင့်ပွဲ အခန်းအနားကို ဖိတ်ကြားထားတဲ့ ဧည့်ပရိသတ် အမြောက်အမြားနဲ့ စည်စည်ကားကား ကျင်းပနိုင်ခဲ့ကြတယ်။ ဖွင့်ပွဲမှာ အထက်မြန်မာပြည် အဖွဲ့ချုပ်ရဲ့ အမှုဆောင် လူကြီးများစာရင်းကို ကျေညာပါတယ်။ အလုပ်အမှုဆောင်များ ဖွဲ့စည်းတာဝန်ခွဲဝေရာမှာ ပါတီစုံက လူကြီးများကို အလုပ်အမှုဆောင်များ၊ စည်းရုံးဖွဲ့စည်းရေး၊ ၀ါဒဖြန့်ချိရေး၊ ပြန်လည်ထူထောင်ရေး၊ သက်သာချောင်ချိရေး စတဲ့ ဌာနကြီးတွေမှာ တာဝန်ခံ ဌာနမှူးများအဖြစ်ထားပြီး ကျွန်တော်တို့ လူငယ်များက ဌာနအသီးသီးမှာ တွဲဖက်အမှုဆောင်များအဖြစ်နဲ့ ထားပြီး ဖွဲ့စည်းနိုင်ခဲ့တာလည်း ဦးလှနဲ့ ဆရာကြီးဦးရာဇတ်တို့ရဲ့ စစ်မှန်တဲ့ အမျိုးသားညီညွတ်ရေး တည်ဆောက်ရာမှာ ဖြောင့်မတ်ဖြူစင်တဲ့ သဘောထားကို ပြသရာရောက်တာမို့ ပါတီစုံ လူကြီးများ သံသယကင်းကင်းနဲ့ ကျေနပ်အားရမှု ရှိခဲ့တာလည်း မှတ်သားစရာ တကွက် ဖြစ်ခဲ့တယ်။ အဲဒီနောက် ကိုကျော်ရင် ဟောပြောတဲ့အခါရောက်တော့ ကိုကျော်ရင်က အပြောလည်းကောင်း၊ အာဝဇ္ဇန်းကလည်းရွှင်၊ ကမ္ဘာ့သတင်းတွေကလည်း စုံပြီး လူထုစစ်ဆိုတဲ့သဘောကိုလည်း ကွက်ကွက် ကွင်းကွင်း မြင်အောင် ပီပီပြင်ပြင် ပြောနိုင်တော့ ဖွင့်ပွဲတက်ရောက်နေတဲ့ ပရိသတ်အားလုံး ကျေနပ်အားရလွန်းလို့ လက်ခုပ်သံ တဖြောင်းဖြောင်းမို့ ခန်းမတခုလုံး ဟိန်းနေတော့တာပါပဲ။ ကိုကျော်ရင် ဟောပြောပြီးတော့ နောက်ဆုံး အေ၀မ်းဆရာညှာတို့က လူထုစစ်သီချင်းနဲ့ သီဆိုဖျော်ဖြေ အခန်းအနား ပြီးဆုံးပါတယ်။
ဒီလိုနဲ့ မြန်မာပြည်အောက်ပိုင်းမှာ ဖက်ဆစ်ဂျပန်ကို မျိုးချစ်တော်လှန်ရေးတပ်တွေက သံကြီးမဲကြီး တိုက်ခိုက်ချေမှုန်းနေကြရဆဲ၊ မန္တလေးမြို့ ဂျပန်စစ်ခြေဖနောင့်အောက်က လွတ်ခဲ့တာ လသားမျှ မကြာသေးခင် အချိန်အတွင်း မြန်မာ့မြေပေါ်မှာ ပထမဆုံး တရားဝင် ဖဆပလ အထက်မြန်မာပြည်အဖွဲ့ချုပ်ကို ဖွဲ့စည်းဖွင့်လှစ် နိုင်ခဲ့ခြင်းအားဖြင့် ဦးလှနှင့်အတူ ကျွန်တော်တို့တတွေ အမျိုးသားညီညွတ်ရေးအုတ်မြစ်ကို အောင်မြင်စွာ ချနိုင်ခဲ့ တာဟာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ မမေ့ကောင်းစရာ မှတ်တိုင်တခုအဖြစ် သတိရပြီး ယခုတိုင် ပီတိဖြစ်နေမိပါသေးတယ်။
ပထမပိုင်းပြီး။
ဆက်လက်ဖော်ပြပါမည်။
[မာယာစာဖတ်ပရိသတ်သို့ တောင်းပန်ချက်- 'ဦးညွန့်အောင်ရဲ့ အမျိုးသားနိုင်ငံရေးသမားဘ၀ ဦးလှ' ဆောင်းပါးဟာ အခန်း(၉) ခန်းနဲ့ ရေးသားဖွဲစည်းထားတဲ့ စာမျက်နှာ (၂၀) ရှိတဲ့ ဆောင်းပါးဖြစ်ပါ၍ မာယာအနေဖြင့် ၃ ပိုင်းခွဲပြီး ဖော်ပြမည်ဖြစ်ပါကြောင်း။]
{ကြီးပွါးရေးစာအုပ်တိုက်ထုတ် "နှစ် ၉၀ ပြည့် လူထုဦးလှ"၊ ပထမအကြိမ်၊ ၂၀၀၀ ပြည့် ဇွန်မှ ကူးယူဖော်ပြပါတယ်။ }
No comments:
Post a Comment