Sunday, December 20, 2009

တမ်းတလို့လွမ်းရပါတယ်.... (၃)
ရေးသူ- မောင်အေးခိုင်


"All Boys Can Do Everything For Girls" တဲ့။ စက်မှုတက္ကသိုလ်ရောက်လို့ ဘယ်ဆရာ၊ ဘယ်ဆရာမမှ Lecture မပေးရခင်မှာ အရင်ဆုံးရလိုက်တဲ့ သင်ခန်းစာတခုကတော့ အဲဒီ စာတန်းတိုကလေးပါပဲ။ ဘယ်မှာ ရလိုက်တာလဲ။ Lecture ခန်းတခု ဖြစ်တဲ့ 1/2-5 ဆိုတဲ့ Theater Room မှာ ဖြစ်ပါတယ်။ ကျနော်တို့ စက်မှုတက္ကသိုလ်ရဲ့ အဆောင် (၁) လို့ခေါ်တဲ့ ၃ ထပ် အဆောက်အဦကြီးမှာ စာသင်ခန်းမကြီး ၆ ခု ရှိတယ်။ ရှေ့မျက်နှာစာ အောက်ဆုံးထပ်ရဲ့ ထောင့်နှစ်ထောင့်မှာ ဘယ်ဘက်ထောင့်က စာကြည့်တိုက်၊ ညာဘက်ထောင့်က ကျောင်းအုပ်ချုပ်ရေးရုံး။ သူတို့ ခေါင်းပေါ် ဒုတိယထပ်နဲ့ တတိယထပ်မှာ စာသင်ခန်းမကြီး ၄ ခု၊ တတိယထပ် အတွင်းဘက်ထောင့်တွေမှာ ၂ ခု၊ အားလုံးပေါင်း ၆ ခု ရှိတယ်။



လူတွေ အများကြီးတက်ရတဲ့ Lecture တွေဆိုရင် အဲဒီလို Theater တွေမှာ တက်ရတယ်။ Theater တွေမှာ အပေါ်အောက် မြှင့်တင်ဆွဲချလို့ ရတဲ့ နှစ်ထပ် စာသင်ပုန်းကြီးတွေရှိတယ်။ ထိုင်ခုံတွေက လှေခါးထစ်လို တဆင့်စီမြင့်တက်သွားတာဖြစ်ပြီး ဘေးလက်ရန်းမပါတဲ့ သစ်သားခုံတန်းရှည်ကြီးတွေ။ ဘေးနှစ်ဖက် ဘယ်နဲ့ညာ မှာ လေးယောက်စာ ထိုင်လို့ရတဲ့ ခုံတန်း၊ အလယ်တန်းခုံတန်းက ၁၀- ယောက် ၁၅-ယောက်လောက် ထိုင်နိုင်တယ်။ ဘေးတန်းနဲ့ အလယ်တန်း နှစ်ခုအကြားမှာ နောက်ဆုံးတန်း (အပေါ်ဆုံးဆင့်) အထိ တက်နိုင်တဲ့ လူသွားလမ်း ရှိတယ်။ ဒီခန်းမကြီးတွေက အောက်ဆုံးဆင့်မှာ တံခါးပေါက်တခု၊ အပေါ်ဆုံးဆင့်မှာ တံခါးပေါက် တခု၊ တံခါး နှစ်ပေါက်ရှိတယ်။ တချို့ကျောင်းသားတွေဆို ဆရာက ကျောင်းခေါ်ချိန်စာရင်း ကောက်ပြီးတာနဲ့ ဆရာအလစ်မှာ နောက်ပေါက်က ထွက်ကြတယ်။
ခုံတန်းတွေမှာ ခုံနံပါတ် အသီးသီး ရေးမှတ်ထားတယ်။ အတန်းလိုက်ကို အောက်ဆုံးဆင့်ကနေ အပေါ်ဆုံးဆင့်အထိ ဘေးဘက်နံရံမှာ အင်္ဂလိပ် အက္ခရာ A B C D ကို ဆေးနဲ့ မြင်သာထင်သာ ခပ်ကြီးကြီး ရေးထားပြီး ထိုင်ခုံမှာတော့ 1 2 3 4 စသည်ဖြင့် ရေးထားတယ်။ ခုံနံပါတ် မှတ်တော့ A1, B1, A2, C4... စသဖြင့်မှတ်တာ။
ကျနော် ပြောခဲ့တဲ့ ပထမဆုံးရတဲ့ သင်ခန်းစာဆိုတာ နံရံပေါ်က A B C D အမှတ်အသားတွေမှာ တစုံတယောက်က မြေဖြူခဲနဲ့ ထင်ထင် ရှားရှားကြီး ဖြည့်စွက် ရေးထားတာ။ A ရဲ့ ဘေးမှာ ll, B ရဲ့ဘေးမှာ oys, C ရဲ့ဘေးမှာ an, Dရဲ့ ဘေးမှာ o, အဲဒီလို ဥဏ်စွမ်းပြ၊ လက်စွမ်းပြ ဖြည့်စွက်ရေးထားတာမို့ စာသင်ခန်းမကို ၀င်ဝင်ချင်း ဆရာ မလာခင် မှာ ဦးစွာရရှိလိုက်တဲ့ သင်ခန်းစာပါ။ All Boys Can Do Everything For Girls တဲ့။
တခြား နံရံစာတွေလဲ ရှိတာပေါ့။ ဒါပေမယ့် မှတ်မှတ်ရရနဲ့ အမှတ်ရနေသေးတာ ဒီတခုပါပဲ။ နံရံစာတွေ များသလောက် မတော်တရော်၊ ညစ်ညစ်ညမ်းညမ်းတွေရေးတာ၊ မရှိသလောက်ပါပဲ။ အလွန်ဆုံး ကိုယ်သဘောကျ တဲ့ မိန်းကလေးတွေကို ချောကြောင်း လှကြောင်း မှတ်ချက်ပေးတဲ့စာပဲ၊ ဒါတောင် လူနာမည် မပါပဲ ခုံနံပါတ်သာ ဖော်ပြထားတဲ့ A9 က လှတယ်။ C12 က ယဉ်တယ်။ ဒီလောက်ပဲ။ ဘယ် Section ဘယ် နှစ်ခုနှစ်တောင် မပါတော့ ဘယ်သူမှန်း မသိနိုင်ပါဘူး။ သူပြောတဲ့ ခုံနံပါတ်ဟာ ကိုယ့်အတန်းကများ ဖြစ်မလား ကြည့်တော့လဲ မဖြစ်နိုင်တဲ့ ငါးဖေါင်ရိုးတို့ စည်ပိုင်းတို့ ဖြစ်နေပြန်ရော။
ခုံနံပါတ်တွေနဲ့ ပါတ်သက်လို့ ကျနော်တို့ကို ပထမနှစ်နဲ့ ဒုတိယနှစ်မှာ ရူပဗေဒဘာသာရပ်သင်တဲ့ ရူပဗေဒဌာန၊ ဌာနမှူးဆရာဦးလွှမ်းမိုးကတော့ ခုံနံပါတ် မှတ်မိတဲ့နေရာမှာ အံ့သြလောက်တယ်။ သူ့အတန်း၊ သူ့ဘာသာဟာ ကျောင်းခေါ်ချိန်စာရင်း ယူတဲ့အရာမှာ အတိကျဆုံး၊ အတင်းကျပ်ဆုံး။ ကျနော် ကြည်ညိုလေးစားတဲ့ လူထူးလူဆန်း လူ့ဂွစာ ဆရာကြီး ဦးလွှမ်းမိုးအကြောင်းကို ဒီနေရာမှာ နဲနဲရေးမှ ဖြစ်မယ်။ သူက ကျနော်တို့ ပထမနှစ်မှာ ရူပဗေဒရဲ့ အခန်းကဏ္ဍတခုဖြစ်တဲ့ မက္ကင်းနစ်နှင့်ဒြပ်တို့၏ဂုဏ်သတ္တိ ဘာသာကို သင်တယ်။
ကျနော်တို့ဆီမှာ စာသင်တန်း တခုနဲ့ တခုအကြား ခေါင်းလောင်းနှစ်ချက်တီးတယ်။ တချက်က ပထမ စာသင်ချိန်ပြီးတဲ့ ခေါင်းလောင်း၊ နောက်တချက်က ဒုတိယ စာသင်ချိန် စတဲ့ခေါင်းလောင်း။ ဆရာက အဆောင် ၄ မှာ ရှိတဲ့ သူ့အခန်းကနေ သူ့ lecture ခန်း 1/2-5 ကို လျှောက်ရတဲ့ ခြေလှမ်း၊ ကြာတဲ့အချိန် အတိအကျ သိတယ်။ သူလျှောက်လာလို့ စာသင်ခန်းမနား ရောက်တာနဲ့ ဒုတိယခေါင်းလောင်း ထိုးတယ်။ ခေါင်းလောင်းသံဆုံးတာနဲ့ သူအခန်းထဲက စားပွဲရှေ့ရောက်တာ ကွက်တိပဲ။
သူ့ ဥပဒေက သူဝင်ပြီး သူ့နောက်က ၀င်လာသူကို နောက်ကျသူလို့ မှတ်တယ်။ နောက်ကျ နှစ်ခါဆိုရင် ပျက်ကွက်တခါ သူယူတယ်။ နောက်မှ ၀င်လာသူဟာ ဘယ်ခုံမှာ ထိုင်လဲ သူကြည့်ထားလိုက်ပြီး သူ့စာရွက်မှာ တို့ထားလိုက်တယ်။ ဆိုပါတော့ ခုံနံပါတ် G9 ဒီခုံနံပါတ်ဟာ သူ့စာရင်းမှာ မောင်ဘယ်သူ၊ မဘယ်သူ ဆိုတာ ရှိပြီးသား။ ဒီတော့ နောက်ကျတာ ဘယ်သူဘယ်ဝါ ဆိုတာ သူသိလိုက်ပြီ။
သူက အတိအလင်း ကျေညာထားတယ်။ ငါက လူနံမည်သာ မသိတာ၊ ခုံနံပါတ်နဲ့ လူမျက်နှာကို ကောင်းကောင်း မှတ်မိတယ်တဲ့။ လူစား လာထိုင်ပေးလို့ မရဘူး။ ခုံနံပါတ် ပြောင်းထိုင်လို့ မရဘူး။ မယုံရင် စမ်းကြည့်လို့ စိမ်ခေါ်တယ်။ တခါတော့ ကျနော့် သူငယ်ချင်းတွေ လုပ်ကြည့်တယ်။ သူတခါတည်း တန်းပြောတာပဲ။ "G9 နဲ့ G12 နေရာလဲထိုင်ထားတယ်" တဲ့။ အံ့ရော။ ကျောင်းခေါ်ချိန် စာရင်းကိုလဲ သူ ကောက်ချင်တဲ့ အချိန်မှာ ကောက်လိုက်တာ။ တခါတလေ ကျောင်းသားတွေတောင် မသိလိုက်ဖူး။ ခုံနံပါတ် လွတ်ကို သူ အမှတ်တမဲ့ ကြည့်ထားလိုက်ပြီး သူဖာသာသူ စာရင်းတို့လိုက်တယ်။ တခါတလေ စ ၀င်ခါစမှာ တခါ ကောက်ပြီး၊ စာသင်ချိန်ပြီးခါနီးမှာ နောက်တခါ ထပ်ကောက်ချင် ကောက်သေးတာ။ ဆရာဦးလွှမ်းမိုး မကြာခဏပြောတဲ့ ဂန္ထ၀င်စကားတခု ကိုယ်မှတ်မိနေတယ်။ ငါ "ဂနှိပ်ဇီးနှိုး" ပေးပစ်မှာနော်တဲ့။ သူပြောတာက ဂရိတ်ဇီးရိုး (grade zero) ပြောတာ။ ဆရာ့အသံက နှခေါင်းသံ ပါနေတော့ တယောသံလေးလို ထွက်သွားရှာတယ်။
သင်္ချာဌာနကတော့ လွတ်လပ်တယ်။ ဆရာက ၀င်လာတာနဲ့ ကျောင်းခေါ်ချိန် လက်မှတ်ထိုးစာရွက် နှစ်ရွက် သုံးရွက်ကို ရှေ့ဆုံးခုံတန်းမှာ ချပေးလိုက်တယ်။ လက်မှတ် လက်ဆင့်ကမ်း ထိုးသွားရုံပဲ။ တချို့ဆို ဆိုင်း(Sign)ဆရာ၊ ဆိုင်းဝိဇ္ဇာလို့တောင် ဘွဲ့ရတယ်။ တယောက်တည်း လက်မှတ်ပေါင်းများစွာ ထိုးတာ။ တခါတလေ မလာတဲ့လူတယောက်ထဲကို လက်မှတ်ထိုး စာရွက်နှစ်ခုမှာ နှစ်ယောက်ထိုး ဖြစ်နေလို့ မတူတဲ့ လက်မှတ်နှစ်ခု ဖြစ်နေရော။ နောက်တနေ့မှာ ဆရာက သိလျက်နဲ့ ငေါ့တော့တော့ ပြောသေး။ လက်မှတ်ထိုး စာရွက်တခုမှာ တခါထိုးရင် ရပါပြီတဲ့။ ကဲကုလ (calculus) သင်တဲ့ ကျနော်တို့အခေါ် ဦးဖိုးပါကြီး (ဆရာဦးကျော်မြင့်) ဆိုရင် နောက်တနေ့မှာ လက်မှတ်မထိုးလိုက်ရဘူးလို့ သွားပြောတာ၊ မင်းကို ထိုးပေးမယ့်သူ မရှိဘူးလားတဲ့။
အင်္ဂလိပ်စာဌာနကျတော့လဲ ဆရာမတွေချည်းပဲ။ ဌာနမှူးကလဲ ဆရာမပဲ။ ဒေါ်ရင်ရင်မြတဲ့။ ဗိုလ်ဆန်ဆန် အသားဖြူဖြူ အရပ်ထောင်ထောင်မောင်းမောင်း၊ ရုပ်ချောချော။ သဘောလဲ ကောင်းတယ်။ ဆရာဆိုလို့ ဦးမျိုးဟန် တယောက်တည်း။ ဦးမျိုးဟန်ရဲ့ ဇနီးကလဲ အင်္ဂလိပ်စာဌာနက ဆရာမပဲ။ ဆရာနဲ့ ကျောင်းသားတွေနဲ့ အရမ်းခင်၊ အရမ်းအဆင်ပြေတာ။
ကျနော့်ဆရာတွေအကြောင်းပြောရင် ကျနော့်အချစ်ဆုံးဆရာ ပန်းပဲဆရာကြီး ဦးချစ်အကြောင်းက ပါမှ ဖြစ်မှာ။ ကျနော်တို့ ပထမနှစ်မှာ အလုပ်ရုံလက်တွေ့ခန်း ပထမ နှစ်ဝက်တန်းမှာ ပန်းပဲထုရတယ်။ ကိုယ်က ပထမနှစ် နှစ်ခါနေရတော့ သူ့သင်တန်းမှာ 'မောင်တင့်တယ်' နှစ်ခါဖြစ်တယ်။ ကျနော်က ကျောင်းရောက်ခါစ ပထမနှစ်မှာ ဆံရှည်ဂုတ်ဝဲ။ သူကို ရဲဒင်း (ပေါက်ဆိန်) အသေးကလေးတလက် လုပ်ခိုင်းဖူးတယ်။ ကျနော့ကို သူက လမ်းသရဲလို့ ချစ်စနိုးခေါ်တယ်။ အဲဒီတုန်းက ဦးချစ်နဲ့ သူ့မိန်းမက ကျောင်းကင်တင်းမှာ မုန့်ဟင်းခါးဆိုင် ထွက်တယ်။ တပိုင်တနိုင်ပဲ လုပ်တာမို့ ဟင်းရည်အိုးတအိုးဟာ ကြာကြာမခံဘူး။ အကုန်မြန်တယ်။ သူဆိုင်က ပထမတော့ လက်ရာအသင့်အတင့်၊ ငှက်ပျောပင်ဖတ် များများ၊ ဈေးကလဲ ချိုတယ်။၊ နောက်မှ လက်ရာကလဲ ကောင်းလာတယ်။ ငါးဖတ်လဲ ပိုထည့်လာတယ်။ ဈေးကလဲ အများနဲ့ တန်းတူ ဖြစ်လာတယ်။ လူချစ်လူခင် ပေါတော့ လက်ရာကောင်းကောင်း မကောင်းကောင်း ကိုယ်တို့တော့ စားတာပဲ။ ယောက်ျားလေးတွေ အားပေးတာ များတော့ သူ့ဆိုင်ကို မိန်းကလေးတွေ မလာသလောက်ပဲ။
တခါတလေ ကျနော်က သူ့ကို ဦးချစ်တီးခေါ်ပြီး ထွက်ပြေးရင် နောက်ကနေ မရအရ လိုက်ထုတာ။ သူက ကလေးတွေနဲ့ တရုန်းရုန်း လိုက်တမ်းပြေးတမ်းလုပ်နေလို့ သူ့မိန်းမရဲ့ ငေါက်သံ မကြာခဏ ကြားရတယ်။ ဆရာချစ်ကတော်က "ကိုချစ် ရှင်နော် မကြီးမငယ်နဲ့" ဆိုတာ မကြာခဏ ကြားရတဲ့အသံ။ သူ့ဆိုင်ရဲ့ မြေဖြူခဲနဲ့ ရေးထားတဲ့ "ဦးချစ် မုန့်ဟင်းခါး" သင်ပုန်းကို အတန်းထဲက မြေဖြူခဲ ယူလာပြီး 'ချစ်' ဘေးမှာ 'တီး' ထပ်ဖြည့်ရေးရင် ကျနော့် လက်ချက်မှန်းသိတော့ ကျနော့ကို မြင်တာနဲ့ လိုက်ထုတော့တာ။ လူက မဲမဲ ၀၀ ဗိုက်ရွှဲရွှဲနဲ့ နဖူးမှာ ထုံးတို့ပေးလိုက်ရင် တကယ့် ချစ်တီးကုလားကြီးလိုပဲ။ မှိုင်းရာပြည့် အရေးအခင်းမှာ ကျနော် ထောင်ကျသွားတယ် ကြားလို့ မျက်ရည်ကျတာ စက်မှုတက္ကသိုလ်မှာ သုံးယောက်ရှိတယ်။ ဆရာဦးချစ်ရယ်၊ ကျနော် ထမင်းစားနေကျ ဆိုင်က အဒေါ်ကြီးရယ်၊ ဆေးလိပ်ရောင်းတဲ့ အမေကြီးရယ်။
ထမင်းဆိုင်က အဒေါ်ကြီးဆိုရင် ကျနော့ ထောင်ဝင်စာမှာ ကျနော် စားနေကျ ငါးသလောက်ပေါင်း အရိုးနူးလေး ထည့်ပေးချင်လို့တဲ့။ သူငယ်ချင်းတွေကို အတန်တန် ပြောတယ်။ ကျနော်ထောင်က ပြန်ထွက်လာ တော့ သူတို့ သုံးဦးစလုံးကို ကျနော်သွားတွေ့တယ်။ ဦးချစ်နဲ့ ထမင်းဆိုင်က အဒေါ်ကြီးကတော့ ကျောင်းက ကင်တင်းမှာ သွားတွေ့တာ။ မျက်ရည်လေးတွေ စမ်းစမ်း စမ်းစမ်းနဲ့။ ဆေးလိပ်ဆိုင်က အမေကြီးကိုတော့ ဆိုင်မထွက်နိုင်တော့လို့ သူနေတဲ့ ကမာရွတ်လိုင်းပေါက်က အိမ်ကလေးမှာ သွားကန်တော့ရတာ။ အမေကြီးဆေးလိပ်ဆိုင်မှာ တခါတလေ ကျနော် အတန်းအားရင်၊ အမေကြီး ဆေးလိပ်ရောင်းတဲ့ ဘေးမှာ အတူထိုင်ဖြစ်တယ်။ အမေကြီးက ပြောတယ် "သား...... အိမ်က မုံ့ဖိုးတွေ ဘာတွေ မပါလာရင်၊ ဒီတိုင်း မနေနဲ့.. ဟောဒီ အမေ့ ပိုက်ဆံပုံးထဲက လာယူပြီး ၀ယ်စားနော်..." တဲ့။
ကိုယ်တို့ စက်မှုတက္ကသိုလ်ရောက်တဲ့နှစ်၊ စက်မှုတက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲကြီးကို မမှတ်မိတော့ဘူး။ ဓါတုအင်ဂျင်နီယာက ကြိုတာကိုတော့ ခပ်ရေးရေး မှတ်မိတယ်။ ပါမောက္ခဦးခင်အောင်ကြည် မိတ်ဆက်မိန့်ခွန်း ပြောတယ်။ အကျွေးအမွေးက စက္ကူအိပ်ကလေးထဲမှာ လိမ္မော်သီးတလုံးနဲ့ စမူဆာ ထည့်ပြီး တယောက်တထုပ်စီ ဝေတယ် ထင်တာပဲ။
ကိုယ် စာမေးပွဲကျတဲ့ ဒုတိယနှစ် (ပထမနှစ်) မှာ စစ်ခေါင်းဆောင်ကြီး ဦးနေ၀င်းသမီး သီတာဝင်းက ဆေးတက္ကသိုလ် ဒုတိယနှစ်ကနေ အောင်ပြီး စက်မှုတက္ကသိုလ် ဓါတုအင်ဂျင်နီယာ တတိယနှစ်ကို ပြောင်းလာတယ်။ ထုံးစံ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် တခုကနေ တခုကို ပြောင်းခွင့်မရှိပေမယ့်၊ စစ်ခေါင်းဆောင်ကြီးသမီးဆိုတော့ အိမ်တော်မှာ စက်မှုတက္ကသိုလ်က ဆရာတွေကို ခေါ်သင်တယ်။ ဆေးတက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ်မှာ မသင်ခဲ့ရတဲ့ စာတွေကို စက်မှုတက္ကသိုလ် တတိယနှစ်မှာ တဆက်တည်းလိုက်နိုင်သွားဖို့ ဆရာဦးလင်းတို့က စက်မှု ပုံဆွဲဘာသာရပ်တွေကို အခြေခံနားလည်အောင် သွားသင်ပေးရတာ။ ဒါတင်ဘယ်ကမလဲ သီတာဝင်းရည်းစား (အဲဒီတုန်းက ရည်းစား) ကိုထွန်းဦးက သူ့မေဂျာ လျှပ်စစ်ကနေ သူ့ရည်းစားရှိတဲ့ ဓါတုကို ပြောင်းတော့ တခြားလူတွေကိုပါ ပြောင်းခွင့်ပြုရတာနဲ့ ဓါတု အင်ဂျင်နီယာအတန်းကို တခြားမေဂျာက ခုံနံပါတ်ထိပ်ပိုင်းက လူတော်တွေ ပြောင်းလာကြတယ်။ အဲဒီနှစ်က ဓါတုမှာ လူတော်တွေ ပြုံတိုးနေကြတာ။
သူရောက်လာတော့ ဓါတုအင်ဂျင်နီယာအသင်းဟာ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ ဖြိုးေ၀၀င်း (သူ့ရဲ့ အမေတူ ဖအေကွဲ မောင်) တို့ရဲ့ လျှပ်စစ်ဂီတာ အဖွဲ့ကို စင်ပေါ်တင်တယ်။ ဒင်းတို့ တီးဝိုင်း အဖွဲနာမည်က CICADA ဆိုလား။ နံမည်တော့ အသေအချာ မမှတ်မိတော့ဘူး။ ဖြိုးေ၀၀င်းရယ်၊ သူရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ကိုကိုကျော် (ရဲမင်းကြီးတယောက်ရဲ့သား)၊ တင်ဦးသိန်း၊ မိုက်ကယ်လှ (ဗိုလ်ထွန်းလှ-တက္ကသိုလ်နေ၀င်း ရဲ့ သား)၊ ဖရက်ဒ် ချန်ထွန်း (ရှေ့နေဦးရဲထွန်း ညီ) တို့ ပါတယ်။ ဖရက်ဒ်ချန်ထွန်း က စက်မှုတက္ကသိုလ်က မဟုတ်ဘူး။ တခြားငနဲတွေ က ကိုယ်တို့ကျောင်းကဘဲ။ အဲဒိတုန်းက စက်မှုတက္ကသိုလ်မှာ အများစုက ဒီလို ဂီတတွေကို သရုပ်ပျက်တေးဂီတ လို့ပဲ မှတ်ယူထားတာမို့ တီးခတ်နေတဲ့ စင်ပေါ်ကို ငှက်ပျောခွံတွေ လိမ္မော်သီးခွံတွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရ တယ်။ အနောက်တိုင်း သရုပ်ပျက်ဂီတကို ရှုံ့ချတဲ့ နံရံကပ် ကာတွန်းတွေ ကဗျာတွေ နောက်တနေ့မှာ ထွက်လာလို့ အာဏာပိုင်တွေက လိုက်ခွါပစ်ရတယ်။ တဆက်တည်း အဲဒီအပတ်မှာ အပတ်စဉ် ကြာသာပတေးနေ့မှာ ထွက်နေကျ စက်မှုသတင်းစဉ် စာစောင်လဲ မထွက်လိုက်ရဘူး။
နောက်တပတ်မှာ စစ်ဘုရင် သားတော်နဲ့ သမီးတော်ရဲ့ ပွဲကို အားကျမခံ လျှပ်စစ် အင်ဂျင်နီယာအသင်း က မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ စိန်ဗိုလ်တင့်ဆိုင်းဝိုင်းကို ငှားလာပြီး မှန်စီရွှေချဆိုင်းဝိုင်ကြီးနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် အသုံးတော်ခံလိုက် ကြတယ်။ အာဏာပိုင်တွေကြားမှာ တော်တော် ဂယက်ရိုက်သွားတယ်။
တကယ်ပျော်တာ ကျနော်တို့ ကျောင်းရောက်တဲ့နှစ်က ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင်ကြိုဆို ပွဲပဲ။ ဘွဲ့နှင်းသဘင် ခန်းမမှာ လုပ်တာ။ အရမ်းစည်တာပဲ။ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် အနုပညာအသင်းက ဘိလပ်ပြန် မောင်သောင်းဖေ ပြဇာတ်ကတယ်။ ဆရာဦးဖိုးကျော်မြင့် (မြန်စာဂုဏ်ကျော်မြင့်)၊ ကိုမောင်မောင်ကြီး (ငြိမ်းကျော်) တို့၊ ကိုကျော်ညွန့် (မောင်မင်းယာ) တို့၊ ဦးဖိုးလှမြင့် (မောင်ပန်းမွှေး) တို့၊ ကိုလှဌေး(အညာတမာ)တို့ ပါတယ်လို့ မှတ်မိနေတယ်။
အဲဒီတုန်းက စက်မှုကနေ ၀ိဇ္ဖာသိပ္ပံကိုသွားရင် ဆင်ရေတွင်းမှတ်တိုင်မှာ ဆင်းပြီး ရိုးမရိပ်သာက ဖြတ်ပြီး ကမာရွတ်ပါတီယူနစ်ရုံး ဘေးကနေထွက်ရင်၊ စီပွါးရေးတက္ကသိုလ်ရှေ့ကို ရောက်တယ်။ စံရိပ်ငြိမ် မှတ်တိုင်မှာ ဆင်းရင် စံရိပ်ငြိမ်ရွာထဲက ဖြတ်၊ ဂျဒ်ဆင်စင်တာ ဘေးကထွက်ရင် မာလာဆောင်ကို ပေါက်တယ်။
ဂျဒ်ဆင် ဘုရားရှိခိုးကျောင်း နောက်ကနေ တက္ကသိုလ် အပန်းဖြေရိပ်သာ(RC) ထဲက ဖြတ်သွား။ အထဲမှာ အမြဲတမ်း အက တိုက်နေသံတွေ၊ ဆိုင်းသံဗုံသံတွေ၊ စန္ဒယားသံတွေက တနှစ်ပတ်လုံး ပြတ်တယ်မှ မရှိပဲ။ ကျောင်းဖွင့်ခါစ စနေနေ့တွေဆိုရင် ဘာသာရပ်ဆိုင်ရာတွေရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ၊ တိုင်းရင်းသားအသင်းအဖွဲ့တွေရဲ့ မောင်မယ်သစ်လွင်ပွဲတွေ တခုမဟုတ် တခုက အပတ်တိုင်းရှိတယ်။ အားကစား ပြိုင်ပွဲတွေ၊ စာအုပ်ပြပွဲတွေ၊ ပန်းချီပြပွဲတွေလဲ အဲဒီမှာပဲ လုပ်ကြတယ်။ တခါတလေ ရှမ်းကျောင်းသူ ကျောင်းသား အသင်းက ရိုးရာအစားအစာ ရောင်းချပွဲတွေလဲ ရှိတယ်။
တက္ကသိုလ်ထဲက လက်ဘက်ရည်ဆိုင်တွေကတော့ ကိုယ် မထိုင်ဘူးတဲ့ဆိုင် မရှိသလောက်ပဲ။ အီကို ကင်တင်းဆိုရင် ဦးယမ်းဘီလူးဆိုင်မှာပဲ အထိုင်များတယ်။ ကိုယ့် အမျိုးသမီးက ဦးယမ်းဘီလူးဆိုင်က အအေးသောက်တယ်။ ကိုယ်ကတော့ အနားက ဆိုင်က လက်ဘက်ရည်ပဲ မှာသောက်တာ များတယ်။ မန္တလေးဆောင်ကင်တင်း၊ သိပ္ပံကင်တင်း၊ ဘီအိုစီကောလိပ်က ကင်တင်း၊ ဆေးတက္ကသိုလ် (၁) လိပ်ခုံးက ကင်တင်း၊ ရောက်တဲ့နေရာ လက်ဘက်ရည်ဆိုင် ထိုင်တာပဲ။ အသွားအလာ သိပ်မရှိတာ ပညာရေးတက္ကသိုလ်ပဲ။ အရောက်အပေါက် နည်းပါတယ်။ ငှက်ပျောပင်တွေကြားက ဦးချစ် လက်ဘက်ရည်ဆိုင် ကတော့ ထိုင်လို့ အကောင်းဆုံး။
အဲဒီတုန်းက ပထမနှစ်တွေအားလုံး မန္တလေးဆောင်မှာ တက်ကြရတယ်။ ကိုနေအုပ် (နေအုပ်စိန်ပေါလ်) က အင်္ဂလိပ်စာဌာနမှာ ကျူတာ။ ဆရာဦးဖိုးလှမြင့် (မောင်ပန်းမွှေး) က မြန်မာစာဌာနမှာ ကျူတာ။ သူက လူချင်းလဲခင်နေတော့ သူ့ အဟောအပြောကို နားထောင်ချင်တာနဲ့ သူစာသင်တဲ့ အတန်းမှာ မကြာခဏ သွားထိုင် ဖြစ်တယ်။ အဲဒီတုန်းက မောင်ပန်းမွှေးက အဆိုတော် The Beatles တွေလိုမျိုး ဆံပင်ပုံစံနဲ့။
၁၉၇၀ ခုနှစ် နွေကျောင်းပိတ်မှာ မိတ္ထီလာခရိုင် အသုံးလုံး။ မလိုက်ဖြစ်ခဲ့ဘူး။
၁၉၇၁ ခုနှစ်မှာ မုံရွာခရိုင်၊ မန္တလေးခရိုင်၊ မကွေးခရိုင်။ ကိုယ်က မုံရွာခရိုင်ကို လိုက်သွားတယ်။ မသွားခင် မှာ အသုံးလုံးကော်မတီက လူကြီးတွေ တရက်သင်တန်း လာပေးကြတယ်။ ရွာတွေရောက်ရင် ဘယ်လိုနေ ဘယ်လိုထိုင်၊ ဆောင်ရန် ရှောင်ရန်တွေပေါ့။
ရထားခ အသွားအပြန်စရိတ်ကို အစိုးရက တ၀က် ကိုယ်က တ၀က်ခံရတယ်။ ရထားခကို သွင်းပြီး၊ ဘယ်ခရိုင် ဘယ်မြို့နယ်သွားချင်တယ်ဆိုတာ စာရင်းပေးရတယ်။ မသွားခင် ကာကွယ်ဆေးတွေ ထိုးရတယ်။ ၀မ်းရောဂါတို့ ကျောက်ရောဂါတို့ ဖြစ်မှာပေါ့။ မမှတ်မိတော့ဘူး။ ကိုယ်ကတော့ မသွားခင် ရွာက ကြီးလေးကြီး (ကျောင်းထိုင်ဆရာတော်ကြီး၊ သူကြီး၊ ကျောင်းအုပ်ဆရာကြီး၊ ကာလသားကြီး) ကို စည်းရုံးဖို့၊ ဆရာတော်အတွက် လှူဖွယ်ပစ္စည်း နဲ့ လူပုဂ္ဂိုလ်တွေအတွက် စီးကရက်ကလေး၊ ဆေးဝါးလေး၊ ဘာလေး ၀ယ်သွားတယ်။ အသုံးလုံးကော်မတီက လူတွေက ကြီးလေးကြီးကို တည့်အောင်ပေါင်း၊ စည်းရုံး ဆိုတာကိုး။
ရန်ကုန်ဘူတာကြီးကနေ အထူးရထားနှစ်စင်း ထွက်တယ်။ တစင်းက မန္တလေးနဲ့ မုံရွာ၊ တစင်းက မကွေး။ မကွေးခရိုင်သွားတဲ့ အုပ်စုက ပထမတရက်၊ နောက်နေ့မှာ ကိုယ်တို့ မန္တလေးခရိုင် သွားမယ့်လူတွေ။ ဘူတာကြီး စင်္ကြန် (၃) မှာ အသုံးလုံးအထူးရထားတွဲကို တွဲထိုးပေးထားတယ်။ တက္ကသိုလ်/ ကောလိပ် အလိုက် စီးပွါးရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ တိမွေးကု၊ မော်လမြိုင်ကော်လိပ်... စသဖြင့် ကျောင်းသားဦးရေ အနည်းအများအလိုက် တွဲတွေမှာ မြေဖြူခဲနဲ့ ရေးပြီး စီစဉ်ထားပေးတာ။
ဝိဇ္ဇာသိပ္ပံက ၄ တွဲရဲ့ စတုတ္ထမြောက်တွဲက မီးမပါဘူး။ လူလည်တွေက စက်မှုကို ပေးထားတဲ့ အတွဲ တတွဲမှာ နေရာဝင်ယူနှင့်ပြီ။ (နောက်တော့မှ သိရတာ သူတို့ကို ခေါင်းဆောင်လာတဲ့ ဆရာက ကုလားဖန်ထိုးလိုက် တာ) ကိုယ်တို့ ဆရာဦးလင်းနဲ့ ကြို့ကုန်းက လာရတဲ့ ကျောင်းသူကျောင်းသားတွေက နောက်ကျရောက်လာတော့ စက်မှုက နှစ်တွဲဟာ ဆက်လျက် မဟုတ်ပဲ ကြားမှာ ၀/သ တတွဲ ၀င်ခံနေတယ်။ အသုံးလုံးကော်မတီတွေ မြေဖြူခဲနဲ့ လာရေးထားတဲ့ စက်မှုဆိုတဲ့တွဲမှာ ၀/သ တွေက အခန့်သား။ ကိုယ့်ဆရာတွေက ဘာမှမပြောပါဘူး။ စက်မှုတက္ကသိုလ် လုပ်အားပေးမှာ မိန်းကလေးက ၁၀ ယောက်ပဲ ပါတာ၊ မိန်းကလေးတွေ မီးလင်းတဲ့ တွဲမှာ စီး။ ကိုယ်တို့ကတော့ ၀/သ လို့ မြေဖြူခဲနဲ့ ရေးထားတဲ့ တွဲစုတ် မီးမှောင်မှောင်မှာပေါ့။
ရန်ကုန်ဘူတာကြီးက ညနေလောက်မှာ ရထားထွက်တယ်။ မန္တလေးကို မနက်အစောကြီး ရောက်သွားတယ်။ မန္တလေးဘူတာမှာ မန္တလေးဝိဇ္ဖာသိပံ္ပက စားပွဲခုံကြီးတွေ ခင်းပြီး မနက်စာ လက်ဘက်ရည်နဲ့ ဧည့်ခံတယ်။ ကိုယ်တို့ကတော့ မီးမလင်းတဲ့ ရထားတွဲမှာ မန္တလေးရမ်ကို သိမ်ကြီးဈေးက ၀ယ်လာတဲ့ ရွှေကြက် ပဲကြီးလှော်နဲ့ ခွက်လှည့် နှိပ်လာကြတာ မနက်လင်းတော့ ကောင်းကောင်းဆာနေပြီ။ မန်း ၀/သ က တည်ခင်းတဲ့ မနက်စာဟာ ပွဲကြီးပွဲကောင်းပေါ့။ ပြီးတော့ မေမြိုမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်သွားမဲ့သူတွေက အာရ်တီဘီ ကားကြီးတွေနဲ့ မန္တလေး ဘူတာကနေ တက်သွားကြတယ်။ ကိုယ်တို့ ချောင်းဦး၊ မုံရွာ၊ ဘုတလင်၊ အရာတော် သွားမယ့်လူတွေက ရထားခေါင်းတွဲ လာချိတ်ပြီး၊ စားပြီးသောက်ပြီးတော့ မုံရွာကို ခရီးဆက်တယ်။
ချောင်းဦးကို ရောက်တော့ အတော်ရီရတယ်။ ချောင်းဦးမှာ ဆင်းမယ့် ကျနော်တို့ကလဲ ဆင်းဖို့အတွက်၊ အထုတ်တွေ အပိုးတွေပြင်၊ ချောင်းဦးဘူတာမှာ ကြိုဖို့စောင့်နေတဲ့ အသုံးလုံး ကော်မတီကလဲ မီးရထားကြီး လာတာမြင်လို့ အိုးစည်ဒိုးပတ်တွေ တီးတုန်းမှာပဲ မီးရထားကြီးဟာ ချောင်းဦးဘူတာမှာ မရပ်ပဲ ကျော်ထွက်သွား တယ်။ ကိုယ်တို့ ရထားပေါ်ကနေ မြင်လိုက်ရတာကတော့ အိုးစည်ဒိုးပတ်သမားတွေဟာ တီးနေရင်း ပါးစပ်တွေ အဟောင်းသားပွင့်ပြီး တီးမှုတ်တာတွေ ရပ်ကုန်တယ်။ ဦးရွှေရိုးကနေသူကလဲ ကနေရာက ဆန့်ငင် ဆန့်ငင်နဲ့ ရပ်သွားတယ်။ ကျနော်တို့ကို အုပ်ချုပ်လာတဲ့ ဆရာဦးလင်းက ရထားရဲ့ အရေးပေါ်ကြိုးကို ဆွဲလိုက်တော့မှ မီးရထားဟာ တော်တော်ဝေးဝေးရောက်သွားပြီး ရပ်သွားတယ်။ ရထားရပ်တော့ ခေါင်းတွဲက ဂါတ်ဗိုလ် ဆင်းလာပြီး မေးတယ်။ ဘာဖြစ်တာလဲတဲ့။ သူကလဲ ဘတ်စ်ကားတွေလို ဆင်းသူမပါဘူးထင်ပြီး အိုးစည် ဒိုးပတ်သမားတွေ မြင်တာနဲ့ မောင်းပြေးပုံရတယ်။
နောက်တော့ မီးရထားကြီး နောက်ပြန် ဆုတ်ပေးတယ်။ ချောင်းဦးဘူတာက ကြိုဆိုသူတွေလဲ မီးရထား နောက်ပြန် ခုတ်လာတာမြင်မှ သူတို့ ဒိုးပတ်ဝိုင်းက ပြန်လှုပ်ရှားရပြန်တယ်။ ဘူတာကနေ အိပ်ယာလိပ်တွေ၊ အ၀တ်အိပ်တွေကို ကားပေါ် တင်ပြီး ကားက သယ်သွားပေးတယ်။ လူတွေက အိုးစည်ဒိုးတွေနောက်က ချောင်းဦး အ ထ က ကို လမ်းလျှောက်ကြရတယ်။ အဲဒီနေ့မှာ ချောင်းဦးက ကျွေးတဲ့ မနက်စာ၊ ညစာဟာ တော်တော်စား ကောင်းတာပဲ။ ဟင်းကတော့ ညမနက် အတူတူပဲ။ ၀က်သားတုံးက လက်သီးဆုပ် လောက်ကြီးတယ်။ ချက်ထားတာ နူးမြေ့နေတာပဲ။ ပဲတီပင်ပေါက် ချဉ်ဖတ်နဲ့ ငရုတ်သီးထောင်း၊ ဟာ့.... အတော်လိုက်ဖက်တာ။
နေ့ခင်းမှာ သွားရမယ့် ရွာတွေကို နေရာချတော့ ကိုယ်က မုံရွာရောက်နေတယ်။ ဆရာလင်းက ပြောထားတယ်၊ "ဟေ့ကောင်.. မင်းဘယ်မှ လျှောက်သွားမနေနဲ့နော်" တဲ့။ ကိုယ်ကလဲ ဆရာနဲ့ ရင်းပြီးသား ဆိုတော့ အလစ်မှာ 'ရန်အောင်မန်း' ကားတက်စီးပြီး မုံရွာက သူငယ်ချင်းတွေနဲ့ ဘီယာ သောက်နေလိုက်တာ ကိုယ်ပြန် ရောက်တော့ ရွာတွေ နေရာချပြီးနေပြီ။ ပြန်လာတော့ ဦးလင်းက မေးတယ်။ "မင်းဘယ်သွားနေလဲ.. ငါမင်းကို လိုက်ရှာနေတာ" ဒါနဲ့ ကျနော့်မှာ 'ရွှေလှေ' ဆိုတဲ့ ရွာကို ရတယ်။ အောင်ကျော်စိုးရယ်၊ ဇေလွမ်းရယ်၊ ကိုယ်ရယ်။
မနက်ရောက်လို့ တကယ်သွားမှ သိလိုက်ရတာ 'ရွှေလှေ'က ချောင်းဦးနဲ့ အဝေးဆုံး၊ ချင်းတွင်းမြစ်ကမ်း ပေါ်မှာ။ လာခေါ်တဲ့ ရွှေလှေက မူလတန်း ကျောင်းအုပ်ဆရာကြီးက မနက် လေးနာရီလောက်ကတည်းက လာလောနေပြီ။ နွားတွေ နေပူမယ်၊ မြန်မြန်လုပ်၊ မြန်မြန်လုပ်တဲ့။ ကမန်းကတန်း မျက်နှာသစ်ပြီး ထလိုက်သွားရတာ။ ရွှေလှေနဲ့ တတန်းထဲ ချင်းတွင်းကမ်းပါးမှာ သတင်းစာဆရာကြီးဦးညိုမြရဲ့ ဇာတိရွာ 'အမြင့်' ရှိတယ်။ သူ့တောင်ဘက်ကို ဆင်းလာရင် 'တောကျောင်း'၊ 'ရွှေလှေ' ပြီးတော့ 'အနိမ့်' ရွာတွေပဲ။ ဒီရွာတွေကတော့ ချောင်းဦးနယ်တလွှားမှာ ထန်းပင်တွေက များလိုက်ပါဘိ လို့ ဆိုရမလောက်။
ဝ/သ တွေကတော့ သိတဲ့အတိုင်း ချောင်းဦး-မုံရွာ ကားလမ်းဘေးက လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့ ရွာတွေမှာ နေရာယူလို့ပေါ့။ မှတ်မှတ်ရရ ယခု အာရ်ဖက်အေမှာ အလုပ် လုပ်နေတဲ့ မစမ်းစမ်းတင်တို့က ခင်မွန်ရွာမှာ ကျတယ်။ 'ခင်မွန်ရွာသူ မပိုးဖြူ' ဆိုတဲ့ (ဦး) တင်မိုး ကဗျာစာအုပ် ကြော်ငြာကို ပုဂံစာအုပ်တိုက်ထုတ် စာအုပ်တွေမှာ တွေ့တွေ့နေတော့ ဒီရွာကို သတိပြုမိခဲ့တာ။
ကျနော်မှတ်မိတာ ကျနော်တို့ စက်မှုတက္ကသိုလ်က ကျောင်းသားတွေကို အုပ်ချုပ်လာသူက ဆရာဦးလင်း၊ ၀ိဇ္ဇာသိပ္ပံက ကျောင်းသားတွေကို အုပ်ချုပ်လာသူက ဓါတုဗေဒဌာနက ဆရာဦးလှမြင့်။ ဘာဖြစ်လို့ မှတ်မိနေသလဲ ဆိုတော့ အသုံးလုံးပြီးလို့ အပြန်မှာလဲ အလာတုန်းက မီးရထားတွဲ အဖြစ်မျိုး ကြုံရပြန်တယ်။ ချောင်းဦး အသုံးလုံးကော်မတီက ကားတွေစီစဉ်ပြီး မန္တလေးကို ပြန်ပို့ပေးတယ်။ ကားစုံအောင် မရောက်ခင်မှာ စက်မှုတက္ကသိုလ်လို့ စက္ကူကပ်ထားတဲ့ ကားတစီးကို စက္ကူခွါပြီး ၀ိဇ္ဇာသိပ္ပံပြောင်းကပ်တယ်။ ကျောင်းသားက ဘယ်ခွါရဲမှာလဲ။ အုပ်ချုပ်လာသူ ဆရာပေါ့။ အဲဒီမှာ ဆရာနှစ်ယောက် ထိုးမယ်ကြိတ်မယ်ဖြစ်လို့ ကျောင်းသားတွေ ၀ိုင်းဖျင်ရတယ်။ တကယ်ချ ကြရင်တော့ ဆရာဦးလင်းက နိုင်မှာ။ သူက ကျောင်းက ဂျူဒိုအသင်းမှာ နည်းပြဆရာ။ ဂျူဒိုကောင်းကောင်း တတ်တယ်။

မောင်အေးခိုင်
၁၂/၂/၀၉။

4 comments:

MYO said...

Very Good! Thank you.

Kay said...

စာဖတ်ရင်း..မျက်လုံးထဲ မှာတော့.. ဘယ်သူပြိုင်လို့ လှပါတော့နိုင် ထဲက..ဇတ်ဝင်ခန်းတွေ မြင်သွားပါတယ်။း)

Anonymous said...

ကိုအေးဝင်းရဲ့ မာယာ ကို ရှားပါးတဲ့ အကြောင်းအရာတွေ ပြန်ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်။
ရင်မောင် (ဦးတိုင်းအုပ်) ရဲ့ စာလေးတွေ တင်ပေနိုင်ရင် တင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကြိုတင်ကျေးဇူးတင်လျက်

အဗျား

Nyo Htet Nyo said...

ဆရာ တော်တော် အမှတ်အသားကောင်းတာပဲ။ နှစ်၄၀ကအကြောင်းတွေ သိရလို့ ကျေးဇူးပါခင်ဗျာ။