Thursday, December 17, 2009

သမိုင်းကောင်းတဲ့လူထု ပြည်သူချစ်တဲ့စာရေးဆရွာ
ရေးသူ- လူထုစိန်ဝင်း

"ဒီနှစ်နိုဝင်ဘာမှာ ဘာလုပ်ဦးမှာလဲ"
စက်တင်ဘာကုန်တာနဲ့ စာပေသမားတွေ မေးကြတဲ့ မေးခွန်းပါ။ လာသမျှလူတိုင်း မေးကြတာဖြစ်တယ်။ တောင်သမန်ကို လွမ်းရှာကြတာကိုး။
အမေလူထုဒေါ်အမာ အသက် ၇၀ ပြည့်တဲ့နေ့က စပြီး လူငယ်စာပေသမားတွေ စတင်လှုံ့ဆော်ကျင်းပ ခဲ့ကြတဲ့ တောင်သမန်အင်းစောင်းက မွေးနေ့အခမ်းအနားကို နှစ်ပေါင်းနှစ်ဆယ်ကျော် နှစ်စဉ်မပျက် တက်ခဲ့ကြတာ ဆိုတော့ လွမ်းသင့်တာပါ့လေ။ အမေမာက ဒါမျိုးတွေ မကြိုက်ပေမယ့် နိုင်ငံတနံတလျားက စာပေသမား လူငယ်လုံမငယ်တွေကို စုစုစည်းစည်းတွေ့ရတာကိုတော့ ကြည်နူးရှာတယ်။ ဒါ့ကြောင့် လူငယ်တွေ လုပ်ကြတာကို မတားမြစ်တော့ဘူး။ ဒီပွဲကို လူငယ်လေးတွေသာမက အမေ့ထက်တောင် နည်းနည်းပိုကြီးသေးတဲ့ ရန်ကုန် စာပေလောက စာအုပ်တိုက်ကြီးရဲ့ဖခင်ကြီး သခင်ခင်ညွန့်လို ပုဂ္ဂိုလ်မျိုးလည်း ကြိုးစားပြီး အရောက်လာလေ့ ရှိတယ်။ စာရေးဆရာတွေ စာနယ်ဇင်းသမားတွေသာမကဘူး၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ စတဲ့ ဒေသများက ကျောင်းသူ ကျောင်းသားအရွယ် ခပ်ငယ်ငယ်ကလေးတွေလည်း နှစ်စဉ်မပျက်မကွက် ရောက်လာကြတယ်။ ဆရာတော် သံဃာတော်များလည်း စကု၊ စလင်း၊ မင်းဘူးစတဲ့ ဒေသများက ရောက်လာကြတယ်။ ချင်းတောင်တန်းက သံဃာများလည်း နှစ်စဉ် လာလေ့ရှိတယ်။ နှစ်စဉ်နှစ်တိုင်း ရဟန်းရှင်လူ လေး၊ ငါး၊ ခြောက်ရာလောက် ရောက်ကြမြဲ ဖြစ်တယ်။
အမေက ပြည်သူချစ်သော စာရေးဆရာမကြီးတယောက် ဖြစ်တာကိုး။ အမေကလည်း ပြည်သူတွေကို ချစ်ပါတယ်။



အမေ့ဘ၀ တလျှောက်လုံးမှာ ခပ်ငယ်ငယ် ကောလိပ်ကျောင်းသူလေး ဘ၀ကတည်းကိုက ပြည်သူတွေနဲ့ တသားတည်းကျအောင် နေခဲ့တာပါ။ ကိုအောင်ဆန်းတို့၊ ကိုဘဟိန်းတို့နဲ့အတူ နယ်ချဲ့ဆန့်ကျင်ရေး သပိတ်တပ်ဦးမှာ ပါခဲ့တာပါ။ တချို့ ကျောင်းသားခေါင်းဆောင်တွေ သပိတ်လှန်ပြီး ကျောင်းပြန်ဝင်သွားကြပေမယ့် မန္တလေး မအမာကတော့ ရာသက်ပန်သပိတ်မှောက်ပြီး ကောလိပ်ကို ကျောခိုင်းခဲ့ပါတယ်။ အဲဒီနောက် သတင်းစာဆရာ မအမာ ဖြစ်လာတော့လည်း သူ့ကလောင်နဲ့ သူ့သတင်းစာဟာ တကယ့်ကို "ပြည်ကြီးပခုံး" "ပြည်ကြီးလက်ရုံး" ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး နစ်နာထိခိုက်စေမယ့် ကိစ္စမှန်သမျှမှာ အမုန်းခံ၊ အညှိုးအတေးခံပြီးတော့ကို ရဲရဲဝံ့ဝံ့ ထောက်ပြဝေဖန် ရေးသားခဲ့ပါတယ်။ အဲဒါကြောင့်လည်း မန္တလေးကထုတ်တဲ့ စောင်ရေသိပ်များလှတာ မဟုတ်တဲ့ "လူထု" သတင်းစာရဲ့ သြဇာဟာ တနိုင်ငံလုံးအထိ ညောင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို သမိုင်းကောင်းခဲ့လို့လဲ လူထုသတင်းစာဟာ ပြည်သူများရဲ့ အားပေးထောက်ခံမှုကို ရခဲ့တာပါ။
သတင်းစာသမားဘ၀မှာ မုန်တိုင်းတွေကို ဘယ်လိုခါးစည်းပြီး ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ခဲ့ရသလဲဆိုတာ တနိုင်ငံလုံးက သိကြပါတယ်။ ဒါကြောင့်လဲ အခုလို "အမေ... အမေ" နဲ့ ချစ်နေကြတာပါ။ ချစ်ခင်လေးစားမှုဆိုတာ လုပ်ယူလို့ ရတာမျိုးမှ မဟုတ်တာ။ လူတွေရဲ့ ရင်ထဲက အလိုလို ဖြစ်လာကြတာလေ။
လူထုသတင်းစာကို စထုတ်တဲ့ (၁၉-၄-၄၆) နေ့ကနေ ရပ်ဆိုင်းသွားခဲ့ရတဲ့ (၇-၇-၆၇) နေ့အထိ တရက်မကျန် ပြန်လှန်ကြည့်ပြီးတော့ ဆိုခဲ့တဲ့ ပေတံနဲ့ တိုင်းကြည့်လိုက်မယ်ဆိုရင်....
၁၉၄၆- ၄၇- ၄၈ ကာလများ ရန်ကုန်မြို့ကြီး ဖက်ဆစ်ဂျပန်တို့ လက်အောက် ရှိနေဆဲကာလ မန္တလေးကို မဟာမိတ်တပ်တွေ သိမ်းပြီးပြီးချင်း ဦးလေးလှက ဆရာဦးကျော်ရင် (ပါမောက္ခချုပ်ဟောင်း-ကွယ်လွန်) နဲ့ လက်တွဲပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး ဖတပလ (ဖဆပလ) ဆိုင်းဘုတ်ကို တင်ခဲ့ပါတယ်။ ဦးလေးလှဟာ နောင်မှာ သူ့ကို ထောင်သွင်းအကျဉ်းချထားခဲ့တဲ့ ဖဆပလအဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့သူလို့ ဆိုနိုင်ပါတယ်။ လူထုသတင်းစာဟာ ဖတပလ နဲ့အတူ လွတ်လပ်ရေးတိုက်ပွဲဝင် "ပြည်ကြီးလက်ရုံး" အဖြစ်ပါဝင်ခဲ့။
၁၉၄၉ ခု ဧပြီ ၂၄ ရက်..။ ဖဆပလ အစိုးရက သတင်းစာတိုက်ကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲခဲ့။
၁၉၄၉ ခု နိုဝင်ဘာ ၁ ရက် သတင်းစာ ပြန်လည်ထုတ်ခဲ့။ ၁၉၅၃ ခုမှ ၁၉၅၆ ခုအထိ လူထုဦးလေးလှအား ဖဆပလ အစိုးရက ပုဒ်မ (၅) ဖြင့် ရန်ကုန်ထောင်ကြီးမှာ ချုပ်နှောင်ထားခဲ့။ ၁၉၅၆ ခု မေလ (၁၀) ရက်မှ အောက်တိုဘာ (၁) ရက်အထိ လူထုသတင်းစာအယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်းအား ပုဒ်မ (၅) ဖြင့် ဖမ်းဆီး ထားခဲ့။
၁၂-၃-၁၉၅၉... သတင်းစာချိတ်ပိတ်ခံရ။
၁၀-၅-၁၉၆၀.... သတင်းစာပြန်ထွက်။
၇-၇-၁၉၆၇.... သတင်းစာရပ်စဲခံရ။
ဂျပန်ဖက်ဆစ်တို့ရဲ့ အဓမ္မ၀ါဒကို ပြည်သူတရပ်လုံးနှင့်အတူ တွန်းလှန်တိုက်ခိုက်ခဲ့ပေမယ့် အမေရိကန်က သူ့ရဲ့ အသစ်စက်စက် အနုမြူဗုံးလက်နက်ဆန်းကို အာရှတိုက်သား ဂျပန်လူမျိုးတွေအပေါ် စမ်းသပ်ဖောက်ခွဲခဲ့တဲ့ ရာဇ၀တ်မှုကြီးကို ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။
ကိုးရီးယားကျွန်းဆွယ်စစ်ပွဲကြီး ဖြစ်ပွါးလာတဲ့အခါလည်း အမေရိကန် နယ်ချဲ့လက်သစ်တွေက ကုလသမဂ္ဂအဖွဲ့ကို ခုတုံးလုပ်ပြီး ၀င်ရောက်စွက်ဖက် ချယ်လှယ်ခဲ့တာကို ဆန့်ကျင်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ကနေဒီ လုပ်ကြံသတ်ဖြတ်ခံရတော့ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုကို ရှုတ်ချခဲ့ပါတယ်။
အမေရိကန်နယ်ချဲ့ရဲ့ လက်ပါးစေအဖြစ် နိုင်ငံကို နှစ်ခြမ်းခွဲပစ်ခဲ့တဲ့ ငိုဒင်ဇင်း၊ ငိုဒင်နု ညီနောင်ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ခဲ့ပေမယ့် သူတို့ညီနောင်ကို စီအိုင်အေက အာဏာသိမ်းပိုက်ပုံဏ္ဍာန် ဖန်တီးပြီး သတ်ဖြတ်ပစ်ခဲ့တဲ့ အမေရိကန်နယ်ချဲ့သမားကို အပြင်းအထန် ရှုတ်ချကန့်ကွက်ခဲ့ပါတယ်။
နယ်ချဲ့အရင်းရှင်စနစ်ကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးဖက်က တလျှောက် လုံး ထောက်ခံအားပေးလာခဲ့ပေမယ့် အဲဒီ ဆိုဗီယက်ကိုယ်တိုင်က နယ်ချဲ့လမ်းစဉ်ကို လိုက်ပြီး "ဆိုရှယ်နယ်ချဲ့" ဘ၀ကို ကူးပြောင်းသွားတော့လည်း ပြတ်ပြတ်သားသား ဆန့်ကျင်ဝေဖန်ခဲ့ပါတယ်။
ဘာတစ္စတာ အာဏာရှင်ရဲ့ နယ်ချဲ့လက်ဝေခံ အစိုးရကို တော်လှန်ပုန်ကန်ပြီး ကျူးဘားနိုင်ငံသစ်ကို ထူထောင်ခဲ့တဲ့ ကတ်စ်ထရိုကို ချီးကျူးထောက်ခံခဲ့ပေမယ့် ကိုယ့်နိုင်ငံကို ဆိုဗီယက်ရဲ့ လက်ဝေခံ ရုပ်သေးရုပ် အဖြစ် အရောက်ခံခဲ့တဲ့ ကတ်စ်ထရိုကိုတော့ ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။
နယ်ချဲ့အမျိုးမျိုးရဲ့ လက်အောက်က လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဖရိကနဲ့ လက်တင် အမေရိကတိုက်က နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဝင်တွေကို ထောက်ခံခဲ့ပေမယ့် လွတ်လပ်ရေးရပြီးနောက် ဖိနှိပ်ချုပ်ချယ်ရေးဝါဒကို ကျင့်သုံးလာကြသူတွေကိုတော့ ဆန့်ကျင်ဝေဖန်ခဲ့ပါတယ်။
ဗြိတိသျှနယ်ချဲ့သမားတွေရဲ့ လက်အောက်က လွတ်မြောက်ရေးအတွက် ရဲရဲတောက် တိုက်ပွဲဝင်ခဲ့တဲ့ အစ္စရေးနိုင်ငံသားတွေကိုယ်တိုင်က ပါလက်စတိုင်းလူမျိုးတွေရဲ့ နယ်မြေကိုအဓမ္မသိမ်းယူခဲ့ပြီး ပါလက်စတိုင်း လူမျိုးတွေကို နိုင်ငံမဲ့လူမျိုးတွေ ဖြစ်အောင် လုပ်ခဲ့တာကိုတော့ ဆန့်ကျင်ခဲ့ပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဝင် အိန္ဒိယခေါင်းဆောင်ကြီးနေရူးကို ထောက်ခံခဲ့ပေမယ့် အိမ်နီးချင်း နိုင်ငံလေးတွေ ဖြစ်ကြတဲ့ နီပေါ၊ ဆစ်ကင်၊ ဘူတန်နဲ့ သီဟိုနိုင်ငံတို့အပေါ် ဗိုလ်ကျလွှမ်းမိုးချင်တဲ့ နေရူးကိုတော့ ဆန့်ကျင်ဝေဖန်ခဲ့ပါတယ်။
အာရှလွှမ်းမိုးရေး ရည်ရွယ်ချက်နဲ့ လက်သစ်ကိုလိုနီနယ်ချဲ့သမားက ဖွဲ့စည်းထူထောင်ခဲ့တဲ့ ဆီးတိုး၊ စင်တိုး စတဲ့အဖွဲ့တွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး ပြည်တွင်းမှာလည်း အဓမ္မ၀ါဒကို ကျင့်သုံးခဲ့တဲ့ မာရှယ် အယွတ်ခန်ရဲ့ ပါကစ္စတန်နိုင်ငံကို ရှုတ်ချခဲ့ပေမယ့် ကက်ရှ်မီးယားပြည်နယ်ကို အိန္ဒိယက သိမ်းပိုက်စိုးမိုးထားတဲ့ ကိစ္စမှာတော့ ပါကစ္စတန်နိုင်ငံဖက်က ထောက်ခံ ရပ်တည်ခဲ့ပါတယ်။
ကြားနေနိုင်ငံတခုဖြစ်တဲ့ လောနိုင်ငံရဲ့ ၀န်ကြီးချုပ် မင်းသားကြီး သုဝဏ္ဏဖူးမားကို စီအိုင်အေရဲ့ လက်သပ်မွေး စစ်ဗိုလ်တစုက ဖြုတ်ချ အာဏာသိမ်းခဲ့စဉ်က မင်းသားကြီးဖက်က ထောက်ခံအားပေးခဲ့ပေမယ့် အာဏာပြန်ရတဲ့အခါကျတော့ မင်းသားကြီးက သူ့ရဲ့ညီတော် မင်းသားကြီးသုဖာနုဝဏ်ရဲ့ ပသက်လောအဖွဲ့ကို ပြည်တွင်းစစ်ခင်းပြီး တိုက်ခိုက်ခဲ့တာကိုတော့ ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
အဲဒီအချက်တွေဟာ စာမျက်နှာတွေက ပြောဖြစ်နေတဲ့ လူထုသတင်းစာရဲ့ သမိုင်းပေါ့။
"နေသောင်းထောင် အရောင်မညှိုးသလိုပ
ပြေကောင်းအောင် ဆောင်မကိုးရယ်လို့
ရွှေဒေါင်းတောင် ကလောင်တမျိုးရယ်နှင့်
တောင်ရိုးမှာ ဆရာကြဲမပေါ့လို့...."
ကြွေးကြော်ခဲ့တဲ့ ကျေးဇူးရှင်ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ရှေ့ဆောင်လမ်းညွှန်မှုအတိုင်း မဖောက် မပြန်၊ မသွေမဖယ် ချွေးနဲ့သွေးနဲ့ ရေးခဲ့ကြတဲ့ သမိုင်းပါ။
ဒီလို သမိုင်းကောင်းပြီး တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့အတွက် တိုင်းပြည်နဲ့လူမျိုးက ပြန်ချစ်တာပါ။ ကျွန်တော်တို့တတွေ ဒါကို ကောင်းကောင်းသတိထားသင့်တယ်။ စာရေးဆရာဆိုတာ ပြည်သူစာဖတ်ပရိသတ် အားပေးမှ ရပ်တည်ချင်တာ ဖြစ်တယ်။ ပြည်သူကို မချစ်တဲ့ မငဲ့ကွက်တဲ့ စာရေးဆရာမျိုးကို ဘယ်ပြည်သူက ချစ်မှာ အားပေးမှာလဲ။ အမေမာလို ပြည်သူချစ်တာက အမေမာက ပြည်သူကို ချစ်လို့ ဖြစ်တယ်။ ကျွန်တော်တို့တတွေလည်း ပြည်သူချစ်တာ အားပေးတာ ခံယူချင်ရင် အမေမာလိုပဲ တသက်လုံး ပြည်သူဘက်က ရပ်ရပါလိမ့်မယ် ဆိုတဲ့အကြောင်း နှိုးဆော်လိုက်ရပါတယ်။

လူထုစိန်ဝင်း
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၈၊ နိုဝင်ဘာ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]

No comments: