Tuesday, December 8, 2009

တို့ပယောဂ
ရေးသူ- ဒေါ်အမာ


{ဤဆောင်းပါးကို ရေးသူ - မအမာသည် မန္တလေးမြို့ ဗဟိုရ် အမျိုးသားကျောင်းမှ ဆယ်တန်း အောင်ပြီးနောက် အထက်တန်း ပညာကို ဆက်လက်သင်ယူနေသူ ဖြစ်၍ ယခုအခါ ရန်ကုန် တက္ကသိုလ်ကျောင်း၊ ဝိဇ္ဇာတန်း၌ ပညာသင်လျက် ရှိသည်။ ၁၂၉၇ ခုနှစ် တက္ကသိုလ် မြန်မာလို စကားပြောပြိုင်ပွဲတွင် (မမကြီးနှင့် မအမာ) တို့ အတွဲသည် ပထမ ငွေဖလားကိုရရှိရာ ၎င်းမအမာမှာ ဤဆောင်းပါးရှင် ဖြစ်ကြောင်း။}

ခေါင်းမြီးခြုံ အိမ်တွင်းပုန်းဘဝဖြင့် မနေခဲ့ဘူးသော မြန်မာ အမျိုးသ္မီးတို့သည် မြန်မာ့ ကြီးပွားမှုတွင် အရေးပါအရာရောက်အောင် ဆောင်စွမ်းနိုင်လေသည်။ သို့သော် တို့ အမျိုးသ္မီးများ၏ ဆောင်ရွက်ချက် တို့ပယောဂဖြင့် မြန်မာပြည်သည် ယခု အခြေမှ ရှေ့သို့ တထစ်တက်နိုင်ပါမည်လော။ တို့ကူညီခြင်းဖြင့် အဘယ်မှ ခရီးရောက်၍ အဘယ်မျှ တာသွားနေသည်ကို ပြန်လည် စစ်ဆေးသင့်လှပေသည်။



မြန်မာ့စီးပွားရေး၌ တို့အမျိုးသ္မီးတို့ကား အတော်အတန်ပင် ဝင်ရောက် တွင်ကျယ်နိုင်သည်။ သို့သော် အစွမ်းရှိသလောက် လုပ်၊ မလုပ်ကား စဉ်းစားဘွယ်ဖြစ်၏။ ယခု မြန်မာပြည်၏ စီးပွားရေး အခြေကား တောင်သူလယ်သမားများကို ကြည့်ခြင်းအားဖြင့် မည်မျှ ဆိုးဝါးနေသည်ကို သိသာနိုင်သည်။ သို့သော် ဗိုလ်ဆန်သည် ဆိုသော မြန်မာလူငယ်တို့မှာ ကမ္ဘာမြေပြင်တဝှမ်းလုံးလိုလို အင်္ဂလိပ်ဈေးရုံဖြစ်အောင် ပြုလုပ်နေသော အင်္ဂလန်စနစ်ကို အားမကျ နည်းမယူဘဲ ကံဆိုးမိုယ်းမှောင် အမိခံရသဖြင့် တိုင်းတပါးသို့ လခစား အဖြစ်ဖြင့် စေလွှတ်လိုက်ခြင်းခံရသော၊ မရေတွက်နိုင်လောက်သည့် မျက်နှာဖြူလူမျိုးကိုသာ အားကျဘိ၏။ တပါးကျွန်အလုပ်ကို နှစ်သက်ကြ၏။ စီးပွားရေး၌ တွင်ကျယ်နိုင်သည်ဆိုသော အမျိုးသ္မီးများကလည်း မင်းကတော် စိုးကတော် အဖြစ်ဖြင့် ဟိုးဟိုးကျော်စံချင်ကြသည်မှာ အလုအယက်ပင် ဖြစ်ပေ၏။ လခစား အလုပ်ရှားပါးစက ကျွန်ုပ်သည် ဝမ်းမြောက်မိ၏။ တို့မြန်မာ ယောက်ျားတွေ ကိုယ့်ဒူးကိုယ်ချွန် တပွဲတလမ်း အစွမ်းပြကြပေတော့မည်ဟု အားတတ်မိခဲ့၏။ ကြံစည်ကြတိုင်းလည်း အောင်မြင်ပါစေဟု ဆုတောင်းခဲ့၏။ သို့သော် ယခုတိုင် ကျွန်ုပ်မြှော်လင့်ချက်ကား မပြည့်ခဲ့။ အိုင်စီအက်၊ ဘီစီအက် ဈေးတို့သာလျှင် တိုး၍ တတ်ခဲ့၏။ ကတော်ခံရန် အရည်အချင်းဖြစ်သော ငွေတသောင်း၊ မော်တော်ကား တစင်း၊ စိန်တဆင်စာမျှ အရင်းအနှီးသည် ပျက်လုဆဲဆဲရှိသော မြန်မာပိုင် လုပ်ငန်းတို့ကို အသက်ဆက်ပေးလိုက်သော် မည်မျှ အကျိုးရှိမည်နည်း။

လေးဆယ်စား အလုပ်ကို ဘီအေတွေ တပုံတခေါင်း ဝင်၍လျှောက်သည်မှာ တို့ပယောဂ ကင်းသည်ဟု ဆိုနိုင်ပါမည်လော။ တို့ပယောဂ မကင်းချေ။ အကြောင်းမူကား တို့တတွေ လခစားကိုသာ မက်မောကြသည်။ လခစားက တပါးကျွန်ကိုသာအားပေးကြသည်။ ဤကား တို့တတွေ၏ အမှားတော်ပုံများတည်း။

အမျိုး၏ သန်စွမ်းကျန်းမာရေးတွင်လည်း တို့ဝင်ရောက်စွက်ဘက် နိုင်သေးသည်။ မကြာသေးမီက ရန်ကုန်မြို့တွင် ကျန်းမာရေး တရားပွဲ တခု၌ ဇော်ဝိတ်ကြီးက “ဘိန်းစား သာသာ အရိုးပေါ် အရေတင်သည်ကို ပုဆိုး ဆီး၍ဝတ်ထားသော မြန်မာလူမျိုး၊ သနပ်ခါးလိမ်း၍ ဗိုလ်ဆံတောက် ကော့နေအောင် သ,သော မြန်မာလူမျိုး” ဟု ဆိုခဲ့၏။ “ရက်စက်လှပါကလား ဇော်ဝိတ်ကြီးရဲ့ ဒါလောက်လဲ မဟုတ်သေးပါဘူး” ဟု မည်သူ ငြင်းနိုင်ပါမည်နည်း။ မိန်းမလျှာ၊ လူမမာ၊ ဖေါ့ရုပ်၊ လေသိမ်းတိုင်းလှ ကိန္နရီကမည့်နှယ် ရှိသော သူကိုပင်လျှင် ပိုက်ဆံရှိက၊ လခစားဖြစ်က မငြင်းမဖယ် သားမက်ဘမ်းချင်သော မိခင်နှင့် နိုင်ငံခြားမှ လာလာသမျှကို လှလှကြီး ဖြုန်းတော့အံ့ဟု ကြံရွယ်မိသော မိန်းမပျိုသည် လူမမာကိုပင် ခင်ပွန်းတော်ရှာကြ၏။ “အမောင်တို့ ဒီရုပ် ဒီရေနဲ့တော့ အိမ်ဦးခန်း မတင်နိုင်ဘူး” ဟုသာ ငြင်းပါက ယောက်ျား သနပ်ခါး လိမ်းသောခေတ်လည်း ပျောက်၍ ထွားကျိုင်းသန်မာသော အရှေ့တိုင်းသား ဘမာလူမျိုးဟူသော ဂုဏ်လည်းရောက်ပေလိမ့်မည်။” တို့ပယောဂဖြင့် ကြုံလှီဖြော့တော့သော ပိုးမွေးမွေးရမည့် အမျိုးသားများ မဖြစ်ပါစေလင့်။


ခေတ်မှီသော အမျိုးသ္မီးသည် ခေတ်ကို အလွဲသုံးစား၍ ယခုအခါတွင် အားလပ်ချိန်၌ ဖဲရိုက်၏။ တီးပါတီ၊ ဒင်းနားပါတီ စသော ပျော်ပွဲ အမျိုးမျိုးသို့ သွား၏။ အချင်းချင်း ဂုဏ်တု ဂုဏ်ပြိုင်လုပ်၏။ ဤကိစ္စဖြင့်သာလျှင် အချိန်ကုန်ရှာကြသည်။ မိမိတို့ မောင်ဘွား သားသ္မီးများကို မသွန်သင်အားကြတော့ပေ။ နစ်မွမ်းဘွယ်ရာတို့၌သာ တို့ကအစ တို့ပယောဂဖြစ်တော့အံ့၊ တို့ကား လူများ၏မိခင်၊ တို့လျှင် သားသ္မီးများ ဆရာ၊ ဥဇုမဂ္ဂ-လမ်းမှန်ကို ညွှန်ပြရန်မှာ၊ တို့ပယောဂသာ ဖြစ်ဘိ၏။

ကြီးပွားလိုသော မြန်မာပြည်၌ တို့အမျိုးသ္မီးတွေ ဘမ်းစားသမျှ ခံကြရမည်။ ယုံကြည်ပါ၏လော။ ကြီးပွါးရေးကို - တို့ပယောဂဖြင့် ဖန်ဆင်းကြပါစို့။ မကြာသေးမီကပင် ကောလိပ်ကျောင်းသူ တဦးနှင့် မြန်မာပြည်၏ လွတ်လပ်ရေးစကားစမိကြရာ၊ ထိုမိန်းကလေးက “လွတ်လပ်ရေး ဘာလုပ်ဘို့လဲရှင့် အင်္ဂလိပ် အုပ်စိုးနေတာ အကောင်းသားဘဲ။ ကျွန်မတို့ လက်နက်လဲ ဘာမရှိ၊ ညာမရှိနဲ့ ကိုယ့်ဘာသာ အုပ်စိုးနေရင် တရုပ်တွေ ဂျပန်တွေက ဝိုင်းတိုက်ကုန်မှာပေါ့။ ပီးတော့ ဘမာမင်းဆိုတာ တယောက်မကောင်းရင် တမျိုးလုံးသတ်တယ်ဆို” စသည်ဖြင့် ကိုယ့်အမျိုး၏ စွမ်းရည်ကို မယုံ၊ ကိုယ့်အမျိုး၏ မင်းများကို အလွဲလွဲထင်၊ ကိုယ့်အမျိုးကို ကိုယ်မရိုသေ။ ကိုယ်သင်ထားသော ပညာမျှဖြင့် မချင့်ချိန်ဘဲ ထင်မြင်ချက်ပေးနေရာ ကျွန်ုပ်ဆက်၍ နားမထောင်ဝံ့တော့သဖြင့် တော်ရန် တောင်းပန်လိုက်ရပေ၏။ မြန်မာအမျိုးသ္မီးများ၏ကြေးမှုံ တိုးတက်နေသော ခေတ်၏ ရှေ့သွားများဖြစ်သည်ဟု သိမှတ်ခြင်းခံရသူ ယူနီဗာစီတီ ပညာသင်တဦးထံမှ ဤကဲ့သို့သော လေသံကို ကြားရသဖြင့် ထိုမိန်းကလေးအား၎င်း၊ သူ၏ မိဘများအား၎င်း အထင်အမြင်သေးမိသည်။ ထိုမိန်းကလေးမှ ပေါက်ဘွားမည့် သားစဉ်မြေးဆက်ကား မတွေးဝံ့ အောင်ပင် ဖြစ်ပေ၏။ အူပါ နှုတ်စားမည့် ကဝေမကလေးပေ။

ထိုကြောင့် အို - ဘမာပြည်မှီး အမျိုးသ္မီးတို့ တို့တတွေ၏ ပယောဂဖြင့် ပြန့်ပွားနေသော လက်ရှိ ချို့ယွင်းပျက်ပြားမှုများကို ပြင်ဆင်သုတ်သင် တို့တတွေ ပယောဂဖြင့် ဘမာများ ချမ်းသာကြီးပွားကြောင်း ဘမာများ လွတ်လပ်တိုးတက်ကြောင်းကို ဆောင်ရွက် လုပ်ကိုင်လျက်၊ တို့ဘမာ အမျိုးသစ်တည်းဟူသော အဆောက်အဦသစ် တည်ထောင်ရာ၌ တို့တတွေသည် လွှ-စူး-ဆောက် စသောကြိယာများကိုကိုင်၍ အလုပ်ခွင်သို့ ဝင်ကြကုန်အံ့သတည်း။

ရေးသူ-မအမာ၊တက္ကသိုလ်

(ဤရှားပါးဆောင်းပါးကို မျှဝေပေးသော စင်္ကာပူအမျိုးသားတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာန လက်ထောက်ပါမောက္ခ ဒေါက်တာချိအဲအိကိယ (CHIE IKEYA) ကို ကောင်းကင်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း)
[ကောင်းကင် (နိုင်ငံပြု အနုပညာမဂ္ဂဇင်း) မှ ကူးယူဖော်ပြပါတယ်။ ]

No comments: