ရှေးခေတ်က ယေဘူယျ မိန်းမတို့သည် စာမတတ်တာများသဖြင့် လက်ရေးကလည်း မလှဘူးဟု အဆိုရှိသည်။ မေရှင်၏ ပျို့မှာတမ်း သီချင်းတွင် မိန်းကလေးလက်ရေးသီရင် ခွင့်လွှတ်စေချင်ဟု ဖော်ပြထားသဖြင့် ကျွန်မ ကရုဏာ သက်မိရသည်။ သို့သော် ထိုအချိန်မျိုးမှာပင် ရှေးခေတ်က အမျိုးသမီးကဗျာဆရာမတွေထဲမှာ အလွန်နာမည်ကျော်ကြားသူတွေ ရှိခဲ့သည်။ ကျွန်မနှစ်သက်သဖြင့် ခဏခဏ ရွတ်မိသော ကဗျာတော်တော် များများသည် အမျိုးသမီးစာဆိုတော်တွေ၏ လက်ရာဖြစ်သည်။
တောင်ငူခေတ် စာပေအရေးအသား လက်ရာမဟုတ်သဖြင့် ဓါတုကလျာ ရေးတာမဟုတ်နိုင်ဘူးဟု စာပေပညာရှင်များ သံသယ ရှိကြရသော ကဗျာတပုဒ်ကို ကျွန်မ ယခုတိုင် ခဏခဏ ရွတ်ဆိုနေမိဆဲ ဖြစ်၏။ မဟာစေတီ အစချီသည့် ပိုဒ်စုံရတု ဖြစ်သည်။ ငယ်ငယ်ကတည်းက အလွမ်းကို နှစ်သက်သော ကျွန်မသည် ထိုကဗျာ၏ အချပိုဒ်ကို နှလုံးသားဖြင့် ခံစားနိုင်ခဲ့သည်။ ကလျာရွှေညီ၊ နန်းကေသီတို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ့်လေးညင်းသွဲ့၊ နန်းဟန်ဖွဲ့လျက်၊ ကနွဲ့ကလျ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမမြင်၊ ပူကြွေးတင်လျက်၊ မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်၊ ခုဖြင့်ဖြေခက်သည်တကား... တဲ့။ မိန်းမသား၏ အပူသောကကို ဖွင့်ထုတ်ဖော်ပြသည့် နေရာတွင် စကားလုံးတွေ ပြောင်မြောက်လှပါသည်။
နောက်ပြီး အိုင်ချင်းတွေကို ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေ ကျေးဇူးဖြင့် မြည်းစမ်းခွင့် ရရာမှ နှစ်သက်စွဲလမ်းစွာ ရှာဖွေ ဖတ်ရှုမိသည်။ တောင်တွင်းရှင်ငြိမ်းမယ်၏ ရေလိုခန်းခြောက်ပါစေသား ဆိုသည့် စာသားပါဝင်သည့် အိုင်ချင်းကို ၀တ္ထုတွေထဲမှာ ကိုးကားကြတာကို ခဏခဏဖတ်ရပြီး ဖတ်ရသည့်တိုင်လည်း ရင်မှာ နင့်ရသည်။ နောက်ပြီး ဘယ်သူရေးသည်ဟု ကျွန်မမမှတ်မိတော့သော ဘီလူးမောင့်ကြောင့်စောင့် တော့တယ် အိုင်ချင်းတခု ရှိသေးသည်။ ထိုအိုင်ချင်းများသည် ထိုခေတ်က မိန်းကလေးတို့၏ လူမှုဘ၀အခြေအနေ နှင့် စိတ်ခံစားမှုကို လေ့လာခွင့်ရသည်။
မီဒီယာဖန်တီးသူ အမျိုးသမီးများထဲတွင် ပြဇာတ်ရေးဆရာမတွေ၊ ဇာတ်ညွှန်းရေးဆရာမတွေ ရှိသော်လည်း အမျိုးသမီး မီဒီယာပညာရှင်တွေ နည်းပါးသည်။ ရှေးခေတ်က အီနောင်ဇာတ်တို့ ဒေ၀ကုမ္မာဇာတ်တို့ လိုမျိုး နာမည်ကျော်ကြားသော အမျိုးသမီးပြဇာတ်တွေ ယခုခေတ်မှာ ရှားပါးသည်။ ဇာတ်သဘင်တွင် အမျိုးသမီးများသည် စာပေမှာလောက် နေရာမရကြသည်ကို တွေ့ရသည်။ ယနေ့ခေတ်မှာတော့ ဇာတ်သဘင်နှင့် စင်တင်ပြဇာတ် ဖန်တီးဖို့မှာ အကန့်အသတ်တွေ ရှိနေသည်မို့ အမျိုးသမီးတို့သည် ရုပ်ရှင်ဘက်သို့ တဟုန်တိုး ၀င်ရောက်လာသည်ကို သတိထားမိသည်။ အမျိုးသမီး ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာမများ ထိုးဖောက်လာ နိုင်ကြသည်ကို တွေ့ရ၏။ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူ အမျိုးသမီးတွေ ရှိသည်။ သူတို့၏ ဇာတ်ကားများသည် ငွေကြေးအရ အောင်မြင်သည်ကို တွေ့ရသည်။
အမျိုးသမီးအဆိုတော်တွေကတော့ အရင်ခေတ်ကတည်းက အမျိုးသားတွေနှင့် တန်းတူအောင်မြင်ခဲ့ကြ သည်မှာ အထင်အရှား ဖြစ်သည်။ ကျွန်မမေမေ အလွန်နှစ်သက်သော မကြည်အောင်၊ မေရှင်၊ မအေးမိနှင့် လေဘာတီမမြရင်တို့သည် ဓာတ်ပြားခေတ်မှာ ထင်ရှားသည်။ နောက်ပိုင်းခေတ်မှာလည်း မေလှမြိုင်၊ ထို့နောက် တင်တင်မြ၊ မာမာအေး၊ ချိုပြုံး မှ ရီရီသန့်အထိ အမျိုးသားပရိသတ်က လေးလေးစားစား နှစ်သက်ကြသော အဆိုတော်တွေပေါ့။ အမျိုးသမီးတို့၏ အနုပညာဖန်တီးနိုင်စွမ်းမှာ အမျိုးသားတွေနှင့် တန်းတူလိုက်နိုင်ပါသည်။ သူတို့ ရင်တွင်းက လာသည့်အသံသည် ကျွန်မတို့လို အမျိုးသမီးပရိသတ်အတွက် ကိုယ်စားပြုဖွင့်ဟ ဖော်ပေး လိုက်သလို ရှိသည်။ သူတို့၏ သီချင်းသံကို နားထောင်နေမိချိန်မှာ သူတို့သည် ကျွန်မပဲ ဖြစ်သည်။ လေဘာတီမမြရင်၏ တနာရီတည်းချစ် သီချင်း၊ ရွှေပြည်စိုး သီချင်း၊ မေလှမြိုင် ပြန်လည်သီဆိုသည့် မြခြေကျင်းမငွေမြိုင်၏ မြိုင် သီချင်းတို့ကို ကျွန်မ အလွန်စွဲမက်သည်။ ထိုသီချင်းတွေကို အမျိုးသမီးတွေ သီဆိုဖို့ အမျိုးသမီး၏ခံစားချက်ကို ငှားယူခံစားပြီး ရေးဖွဲ့ပေးသော အမျိုးသားတေးရေး ပညာရှင်များကို လေးစားချီးကျူးမိ ပါသည်။ ရွှေပြည်အေး၏ ရွှေဖူးစာသီချင်းကို ကြည်ကြည်ဌေး၏မူဖြင့် ခဏခဏ သီဆိုညည်းမိတိုင်း ဆရာရွှေပြည်အေးကို လေးစားမိသည်။ ကျေးဇူးလည်း တင်မိသည်။ အမျိုးသမီးတယောက်၏ ချစ်ဝေဒနာကို သူမို့ ပီပြင်အောင် ရေးဖွဲ့တတ်လေခြင်း။ အမျိုးသမီး ဂီတစာဆိုတွေထဲမှာ မိုးဒေ၀ါသီချင်းကို ရေးသည့် ဒေါ်စောမြအေးကြည်မှာ တခေတ်မှာတယောက် ဆိုရမှာပါ။
အသံမှာတော့ အမျိုးသမီးတွေက ညာသံမှာ pitch အမြင့်စားကို ရသည်ဟု ဆိုသည်။ ယနေ့ခေတ်မှာ အောင်မြင်ကျော်ကြားနေသည့် အယ်လ်ဆိုင်းဇီတို့၊ ဖြူဖြူကျော်သိန်းတို့သည် အသံကို လိုသလို ကစားနိုင်သည်ကို တွေ့ရသည်။
မီဒီယာထဲတွင် ပုံဖော်ခြင်းခံရသည့် အမျိုးသမီးတို့၏ နေရာကို လေ့လာကြည့်ရသည်မှာ အလွန်စိတ်ဝင် စားစရာ ကောင်းသည်။ ပုံနှိပ်မီဒီယာတွင် သခင်ဘသောင်း၏ ပန်းသာမစာဥသည် ထိုခေတ်က ရိုး, အ, ပြီး အကာအကွယ်မဲ့သည့် အမျိုးသမီးတွေကို ကိုယ်စားပြုသည်။ မှီငြမ်းသည့် ၀တ္ထုဖြစ်သော်လည်း ပန်းသာမစာဥ သည် တကယ့် မြန်မာအမျိုးသမီးတွေ၏ ဘ၀ဖြစ်၏။ ဂျာနယ်ကျော်မမလေး၏ သူမ နှင့် ရင်နင့်အောင်မွှေးကတော့ ကျွန်မတို့ကို နှလုံးသား နူးညံ့မြင့်မြတ်ပြီး ပြတ်သားသော မိန်းမတွေကို သိမြင်အောင် ပုံဖော်ပေးနိုင်ခဲ့သည်။ ကြည်အေး၏ အမျိုးသမီးဇာတ်ကောင် အများစုကတော့ စိတ်အင်အားပြင်းထန်ပြီး တော်လှန်စိတ်ရှိသော မိန်းမတွေ ဖြစ်သည်။ တမ်းတတတ်သည်နှင့် နွမ်းလျအိမ်ပြန်ထဲက အမျိုးသမီး ဇာတ်ကောင်နှစ်ယောက်သည် ကွဲပြားသော်လည်း သူ့နေရာနှင့်သူ စွမ်းသည့် ဇာတ်ကောင်တွေ ဖြစ်သည်။
တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်ကောင်အမျိုးသမီးတွေက မြင့်မြတ်သည့် နှလုံးသားပိုင်ရှင်တွေ ဖြစ်သည်။ ၀သန်လေချိန်မှန်ကူးထဲက စစ္စတာမမိုးသူ၊ ချစ်သောဤကမ္ဘာထဲက ဒေါက်နှင်းမောင်၏ အစ်မ မလေးသန့်၊ သူတို့သည် လေးစားထိုက်သူများ ဖြစ်သည်။
မီဒီယာထဲမှာ ဖော်ပြခံရတာခြင်းအတူတူ ထိုခေတ်က အမျိုးသမီးတွေထက် ယနေ့ခေတ် အမျိုးသမီးတွေ နေရာပိုကောင်းလာသည်ကို မတွေ့ရပါ။ တော်တော်များများသည် မီးဖိုချောင်အိမ်ထောင် ထိမ်းသိမ်းမှုနှင့် ဖက်ရှင် အမျိုးအစားအတွက်ပဲ ပုံဖော်ခံရသည်။ အမျိုးသမီးတို့သည် အခုအချိန်မှာ မီးဖိုချောင်ကနေ လွတ်ပြီးဟု မပြောနိုင်။ အမျိုးသမီးတို့သည် ပြင်ပလောကတွင် ကျင်လည်နေကြရပြီ မှန်သော်လည်း မီးဖိုချောင်ကနေ လွတ်လာတာ မဟုတ်။ မီးဖိုချောင်နှင့် အပြင်ငွေရှာသည့်အလုပ် နှစ်မျိုးကို တပြိုင်တည်း လုပ်လာရခြင်းဖြစ်သည်။
ရုပ်မြင်သံကြား ကြော်ငြာတွေသည် ဇာတ်လမ်းဖွဲ့ထားတာ မဟုတ်ပဲ နေ့စဉ်လူမှုဘ၀ကို ထင်ဟပ်ပြ နေခြင်း ဖြစ်သဖြင့် အမျိုးသမီးတို့၏နေရာကို မကွယ်မ၀ှက် အရှိကို အရှိအတိုင်း ပြနေသော မီဒီယာတွေ ဖြစ်၏။ ကြော်ငြာထဲတွင် အမျိုးသမီးတို့သည် အ၀တ်လျှော်ဆပ်ပြာ ကြော်ငြာခြင်း၊ ပန်းကန်ဆေးဆပ်ပြာ ကြော်ငြာခြင်း တို့အတွက် အသုံးပြုခံရပြီး၊ အမျိုးသားတို့ကတော့ လုပ်ငန်းခွင်တွင် အလုပ်များနေသည့် ပုဂ္ဂိုလ်အများအဖြစ် တွေ့မြင်ရသည်။ ခေါက်ဆွဲထုပ်ကြော်ငြာ၊ ဆီကြော်ငြာ၊ ငရုတ်သီးမှုန့် ကြော်ငြာတို့တွင် အမျိုးသားသရုပ်ဆောင် တွေကို မသုံးဘဲ ဘာဖြစ်လို့ အမျိုးသမီး သရုပ်ဆောင်တွေ သုံးသလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက မေးစရာမလို အောင် နားလည်ပြီးသား ကွဲပြားသည့် အခန်းကဏ္ဍတွေမို့ပါ။ မိန်းမသည် ချက်ပြုတ်ခြင်း၊ လျှော်ဖွတ်ခြင်းမှာ တာဝန်ယူနေကျ။ ပန်ကန်ဆေးသည့်ကြော်ငြာကို ခိုင်သင်းကြည်နှင့် မကြော်ငြာဘဲ ကျော်ရဲအောင်နှင့် ကြော်ငြာ ကြည့်ပါလား။ ပရိသတ် အိမ်ရှင်မတွေ ကိုယ်တိုင်က ရယ်မောကြလိမ့်မည်။ ပရိသတ် အမျိုးသမီးတွေ ကိုယ်တိုင်က 'ဒါ အူကြောင်ကြောင် ကိစ္စ' ဟု ဝေဖန်လိမ့်မည်။ အထာကျပြီးသား တာဝန်ခွဲဝေမှု အခန်းကဏ္ဍ မဟုတ်လား။ မီးဖိုချောင်မှာ တသမတ်တည်း နေရာယူနေရတာကို အမျိုးသမီးထုကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံထား သည်ပဲ။ ဒါကြောင့်လည်း မီဒီယာမှာ ဒီအတိုင်း တွေ့ရခြင်း ဖြစ်သည်။
ဗွီဒီယို၊ ရုပ်ရှင်ကားတွေထဲက အမျိုးသမီးတွေ၏ အခန်းကဏ္ဍကို ကြည့်ကြည့်လျှင် အလွန်စိတ်ဝင်စား စရာ ကောင်းပါသည်။ တီဗွီကြော်ငြာထဲက အမျိုးသမီးများနှင့် အမျိုးသား အခန်းကဏ္ဍကွဲပြားမှု၊ ဇာတ်လမ်းတွဲတွေထဲက အမျိုးသမီး အမျိုးသားအခန်းကဏ္ဍ ကွဲပြားမှု၊ သီချင်းတွေ ကဗျာတွေထဲမှ အမျိုးသမီး အမျိုးသားအခန်း ကဏ္ဍကွဲပြားမှုတို့သည် သတိထားကြည့်လျှင် ထင်ထင်ရှားရှား မြင်သာနေပါသည်။
မီဒယာတွေတွင် အမျိုးသမီးသည် အလှအပလည်း ဖြစ်သည်။ အမျိုးသမီးသည် မြင်သူကို စိတ်ကြည်နူးမှု သို့မဟုတ် စိတ်နှိုးဆွမှု ပေးစွမ်းသည့်အရာလည်း ဖြစ်သည်။ အမျိုးသမီးသည် ဦးဏှောက်အရည်အချင်းကို ဦးစားပေးသည့် အမျိုးအစား မဟုတ်။ ဖက်ရှင်အတွက် မျက်နှာချယ်သမှုဆိုင်ရာ အလှအပ ပစ္စည်းနှင့် ကရိယာတို့ အတွက် ကြော်ငြာပေးရသည့် အမျိုးအစားဖြစ်သည်။ လက်ဗ်တော့ ကွန်ပြူတာကို ကြော်ငြာလျှင်တောင် ကွန်ပြူတာကို သုံးစွဲနေသည့် ပုံရိပ်ထက် အလှပြသည့် ပုံရိပ်ကို တွေ့ရမည်။ တကယ်သုံးစွဲနေကြောင်း ကြော်ငြာလျှင်တော့ အမျိုးသားတွေကို သုံးပါလိမ့်မည်။ ကားကို ကြော်ငြာလျှင် ကားမောင်းသူမှာ အမျိုးသမီးတွေ မဟုတ်။ အမျိုးသားတွေ ဖြစ်သည်။ သို့သော် ကားကို အလှပြလိုလျှင်တော့ အမျိုးသမီး၏ အလှနှင့် ထပ်တူပြလိမ့်မည်။
တခါတခါတော့ မြန်မာ့ရုပ်မြင်သံကြားမှာ ပြသည့် ကြော်ငြာတခုတလေတွင် အမျိုးသမီးကို မြင်းပေါ်မှာ ထိုင်ပြတာ တွေ့ဖူးသည်။ ကားပေါ်မှာထိုင်လျက် ကော်ဖီမှာယူတာကို တွေ့ဖူးသည်။ သို့သော် ဆေးကြော်ငြာ အတွက် ကလေးကို ဆေးတိုက်သည့် ပြကွက်မျိုး၊ ကလေးနေမကောင်းလို့ ပြုစုသည့် ပြကွက်မျိုးတွင် အဖေထက် အမေကိုပဲ တွေ့ရတာ များသည်။ ထိုကြော်ငြာမျိုးတွင် ကလေးကို ပွေ့ချီထားသူသည် အမေမဟုတ်ပဲ အဖေဖြစ်နေ ခဲ့လျှင် တနည်းအားဖြင့် ရုပ်ရှင်မင်းသမီး မဟုတ်ဘဲ မင်းသားဖြစ်နေခဲ့လျှင် ကြည့်သူအတွက် နှာခေါင်းရှုံ့စရာ တောင် ဖြစ်သွားမလားမသိ။ ကလေးအမေက ဘယ်ရောက်နေလဲဟု ဝေဖန်စိတ်ဖြင့် ရေရွတ်မိကြမည်လား မသိ။ ကျွန်မတို့ မိန်းမတွေ၏ အခန်းကဏ္ဍက တကယ်ပဲ ပုံသေ ဖြစ်နေခဲ့ပါပြီ။ ဒါကို မီဒီယာတွင် ဖုံးဖိမရ တွေ့ရသည်။
မီဒီယာ၏ အစွမ်းသတ္တိမှာ အပြင်လောကကို ထင်ဟပ်ပြရုံပဲလား။ အခြေအနေကို မီးမောင်းထိုးပြရုံ လောက်ပဲလား။ နိုင်ငံတခု၏ အဆင့်အတန်းကို ယဉ်ကျေးမှုကို အလုပ်ခွဲခြားမှုကို ပြရုံပဲလား။ မဟုတ်နိုင်သေးပါ။ မီဒီယာသည် လောကပတ်ဝန်းကျင်ကို ပုံဖော်ဖို့လည်း အသုံးပြုနိုင်ပါသည်။ ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲဖို့ မီဒီယာက တတ်စွမ်းပါလိမ့်မည်။ မီဒီယာ၏ အသုံးဝင်မှုသည် အကန့်အသတ်မရှိ။ မီဒီယာကို ဖန်တီးအမျိုးသမီး များသည် အမျိုးသားများထက် မကျော်လွန်လျှင်တောင် အမျိုးသားများနှင့် တန်းတူ လောကကို ပုံဖော်ဖို့ ပြောင်းလဲဖို့ တတ်စွမ်းနိုင်ကြပါသည်။
ရေချယ်ကာဆန် ဟူသည့် အမျိုးသမီး စာရေးဆရာမကြီး၏ တိတ်ဆိတ်သောစပရင်းရာသီ Silent Spring စာအုပ်သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော လူ့အသက်ကို အန္တရာယ်ပြုသော ဒီဒီတီ ပိုးသတ်ဆေး၏ မကောင်းကျိုးတို့ကို ပီပြင်စွာ စနစ်တကျ ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားဖွံ့ဖြိုးသောနိုင်ငံတို့တွင် ထိုပိုးသတ်ဆေးအသုံးကို ဥပဒေဖြင့် တားမြစ်လိုက်သည်အထိ ဖြစ်ခဲ့သည်။
စာအုပ်တအုပ်သည် ရုပ်ရှင်ကားတကားသည် လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးအတွက် ပုံပြောင်းအောင် တွန်းအားပေးသည့်နေရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်၏။ နိုင်ငံတကာတွင် အမျိုးသမီးတို့၏ ဘ၀လူမှုရပ်တည်မှုတို့ကို ပြောင်းလဲဖို့ တွန်းအားပေးသည့်နေရာတွင် ဆီမွန်းဒီဘောဘွား၏ စာအုပ်နှင့်အတူ မာဂရက်မစ်ချယ်၏ စာအုပ်လည်း ပါသည်။
ယခုအခါ သူတို့ဆီတွင် အမျိုးသမီး ရဲအရာရှိတွေသည် အမျိုးသားတွေနှင့်အတူ လူဆိုးဖမ်းသည့် အလုပ်တွင် တန်းတူပါဝင်နေသည်။ ဘတ်စ်ကားမောင်းသူတွေ အမျိုးသမီးတွေ ဖြစ်သည်။ လေယာဉ်မောင်းသူ တွေ၊ လေထီးခုန်ဆင်းသူတွေ အမျိုးသမီးတွေ ပါလာသည်။ ဒါက အမျိုးသမီး အမျိုးသားဟူသည့် ဂျင်ဒါနှင့် မဆိုင်လှဘဲ ကိုယ်ခန္ဓာတည်ဆောက်ပုံနှင့် ကျန်းမာသန်စွမ်းမှုတို့ကသာ အဓိက ကျသင့်ပါသည်။ ဒါတွေကို ပြောင်းလဲဖို့ လိုအပ်သည်ဆိုလျှင် ထိုပြောင်းလဲမှုကို ဖြစ်ပေါ်အောင် မီဒီယာ၏တွန်းအားက အရေးပါသော နေရာမှာ ပါဝင်နေပါသည်။
ဂျူး။
[မြန်မာသစ်မဂ္ဂဇင်း၊ အမှတ် ၁၀၊ ဒီဇင်ဘာလ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]
2 comments:
thanks a lot for your sharing.
Hope no more gender discrimination in Myanmar.
Women equal men in every thing!!
Post a Comment