Wednesday, December 16, 2009

သမိုင်းခေတ်ကြေးမုံပြင်ပေါ်က မဟာဗီယက်နမ်စစ်ပွဲနဲ့ အမေလူထုဒေါ်အမာ
ရေးသူ- နိုင်မြင့် (လူထုစာကြည့်တိုက်)


ကျွန်တော်တို့ရဲ့ သမိုင်းခေတ်မှာ ဗီယက်နမ်စစ်ပွဲဆိုတာ လူတိုင်းအတွက် သမိုင်းခေတ်ကြေးမုံပြင် ပေါ်ကနေ ထာဝစဉ် လွမ်းဆွတ်ထင်ဟပ်ပြနေမယ့် ၀မ်းနည်းကြေကွဲစရာ ဇာတ်လမ်းတပုဒ်ပဲ ဖြစ်ပါတယ်။
ဒီဖောက်ပြန်လွန်းတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ မဖြစ်ပွါးခင် ကမ္ဘာကြီးက ရယူပိုင်ဆိုင်ထားတဲ့ အခြေအနေ တွေကို လေ့လာကြည့်တဲ့အခါ နိုင်ငံပေါင်း ၃၀ ကျော် ပါဝင်ပြီး ၆ နှစ်ကြာ ဆင်နွှဲခဲ့ကြတဲ့ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ ဒုတိယကမ္ဘာစစ်ကြီးဟာ ဂျပန်က ၁၉၄၅၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ချွင်းချက်မရှိ လက်နက်ချကြောင်း ကြေညာလိုက်တဲ့အတွက် ပြီးဆုံးသွားခဲ့ပါတယ်။ ဒီချွင်းချက်မရှိ လက်နက်ချခြင်းရဲ့ ၀န်းကျင်မှာ ရှိတဲ့ ဖြစ်စဉ်တွေကို စေ့ငုကြည့်တဲ့အခါ သြဂုတ် ၆ ရက်နေ့မှာ 'ဟီရိုရှီးမား' ကို အမေရိကန်က အနုမြူဗုံးကျဲချတာ၊ သြဂုတ် ၈ ရက်နေ့မှာ ရုရှားက ဂျပန်ကို စစ်ကြေညာတိုက်တာ၊ သြဂုတ် ၉ ရက်နေ့မှာ 'နာဂါဆာကီ' ကို အမေရိကန်က အနုမြူဗုံးကျဲချတာ၊ သြဂုတ် ၁၁ ရက်နေ့မှာ တရုတ်က အထွေထွေ ထိုးစစ်စတင်ကြောင်း ကြေညာတာတွေကို တွေ့ရမှာ ဖြစ်ပြီး သြဂုတ်လ ၁၄ ရက်နေ့မှာ ဂျပန်က ချွင်းချက်မရှိ လက်နက်ချကြောင်း ရေဒီယိုမှာ ကြေညာတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။



ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ဒုတိယကမ္ဘာစစ်ပြီး အခြေအနေတွေဟာ စစ်အေးတိုက်ပွဲ၊ ကိုးရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ ဘက်မလိုက်လှုပ်ရှားမှု၊ စစ်အုပ်စုများ ဖွဲ့စည်းခြင်းစတဲ့ စနစ်နှစ်ရပ် တိုက်ပွဲတွေအဖြစ် ယနေ့တိုင် ထင်ဟပ်ဖော်ပြနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
သို့ပေမယ့် ၁၉၄၅ ခုနှစ်အတွင်းမှာ ကမ္ဘာစစ်ကြီးတခု ပြီးဆုံးသွားတာမျိုး ရှိသလို၊ 'ယော်လ်တာကွန်ဖရင့်'၊ 'မော်စကိုကွန်ဖရင့်'၊ 'ဆန်ဖရန်စစ္စကိုကွန်ဖရင့်'၊ 'ဒမ်ဘာတန်အုခ်ကွန်ဖရင့်' စတဲ့ ကွန်ဖရင့်တွေ ကျင်းပပြီး၊ ကမ္ဘာ့ကုလသမဂ္ဂကြီးကို ဖွဲ့စည်းနိုင်တာမျိုး၊ လုံခြုံရေးကောင်စီမှာ အသုံးပြုမယ့် 'ယော်လ်တာဖော်မြူလာ' လို့ ခေါ်တဲ့ 'ဗီတို' အာဏာမဲကို အကြံပြုတင်ပြပြီး သဘောတူဆုံးဖြတ်တာမျိုးတွေ ပြုလုပ်နိုင်ခဲ့တာလည်း ရှိပါတယ်။ သို့ပေမယ့် ကိုးရီးယားကျွန်းဆွယ်၊ အင်ဒိုချိုင်းနားကျွန်းဆွယ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုလိုနီနယ်ချဲ့နိုင်ငံ ဟောင်းတွေက မိမိတို့ရဲ့ အပိုင်စား ကိုလိုနီနိုင်ငံတွေကို ပြန်လည်ရရှိရေးအတွက် ခြေသွက်တဲ့ လှုပ်ရှားမှုတွေကို လှုပ်ရှားလာကြသလို၊ ဒေသခံနိုင်ငံတွေရဲ့ အမျိုးသား လှုပ်ရှားမှုတွေကို တိုက်ပွဲသဏ္ဍန်အမျိုးမျိုးနဲ့ စတင်လှုပ်ရှား လာတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ ဗီယက်နမ်နိုင်ငံက ၁၉၄၅ သြဂုတ်လမှာ 'သြဂုတ်လတော်လှန်ရေး' ကို စတင်ဆင်နွှဲပြီး အင်ဒိုနီးရှားနိုင်ငံက လွတ်လပ်ရေး ကြေညာပါတယ်။ အဲဒီမှာ ဆူကာနိုက သမ္မတဖြစ်လာပါတယ်။ အင်ဒိုနီးရှား အမျိုးသားတပ်မတော်ကိုလည်း အဲဒီလမှာပဲ ဖွဲ့စည်းထူထောင်ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့ရောက်တော့ ဗီယက်နမ်က လွတ်လပ်ရေးကြေညာပြီး ဟိုချီမင်းက သမ္မတ ဖြစ်လာပါတယ်။ ၁၉၄၆ ရောက်တော့ ပြင်သစ်က 'ကိုချင်' (Cochin) ဒေသမှာ ဘုရင်ဟောင်း ဘိုဒိုင်းကို ခေါင်းဆောင်ထားပြီး ရုပ်သေးအစိုးရတရပ် ဖွဲ့ပေးပါတယ်။ ၁၉၄၇ ရောက်တော့ အမေရိကန်က သူ့ရဲ့ အရှေ့ဖျားစစ်ဌာနချုပ်ကို ဖိလစ်ပိုင်နိုင်ငံမှာ ထူထောင်လိုက်ပါတယ်။ အဲဒီနှစ် ဧပြီမှာ မလေးရှားနိုင်ငံမှာရှိတဲ့ ဗြိတိသျှကိုလိုနီရုံးက မလေးရှားကွန်မြူနစ်ပါတီကို မတရားအသင်း ကြေညာပါတယ်။ အဲဒီနှစ် ဧပြီ ၁၂ရက်နေ့မှာ အမေရိကန်က ထရူမင်ဝါဒ (Truman Doctrine) ကို ကြေညာပါတယ်။ ဒါက ကွန်မြူနစ် အဖျက်လုပ်ငန်းတွေကို ထိုးနှက်တိုက်ခိုက်ရာမှာ ငွေကြေးအရ ဂရိနိုင်ငံနဲ့ တူရကီနိုင်ငံကို ကူညီဖို့အတွက် သမ္မတက ကွန်ဂရက်မှာ တင်ပြရာက ပေါ်လာတဲ့ ၀ါဒပါ။ ဒီကိစ္စမှာ အမေရိကန် ဒေါ်လာသန်း ၄၀၀ အကူအညီပေးဖို့ ကွန်ဂရက်က သဘောတူတာ တွေ့ပါတယ်။ တဖက်က ငွေအားကြေးအားတွေနဲ့ လှုပ်ရှားလာတော့ တဖက်က တုန့်ပြန်လှုပ်ရှားလာတဲ့အတွက် စစ်အေးတိုက်ပွဲကြီး ဖြစ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၉၄၈ မှာ မြန်မာနိုင်ငံနဲ့ သီဟို (သီရိလင်္ကာ) နိုင်ငံက လည်းကောင်း၊ ၁၉၄၉ မှာ တရုပ်နိုင်ငံက လည်းကောင်း၊ ၁၉၅၀ မှာ အိန္ဒိယနိုင်ငံက လည်းကောင်း အသီးသီး လွတ်လပ်ရေး ကြေညာနိုင်ခဲ့ကြပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီမှာ အမေရိကန်အစိုးရက ဘိုဒိုင်းရုပ်သေးအစိုးရကို တရားဝင်အသိအမှတ်ပြုကြောင်း ကြေညာပါတယ်။ ဇွန် ၂၇ ရောက်တော့ အမေရိကန် စစ်မစ်ရှင်အဖွဲ့ကို တောင်ဗီယက်နမ် ဆေးဂုံမြို့သို့ စေလွှတ်ပါတယ်။ ၁၉၅၂ နှစ်မှာ အိုက်ဆင်ဟောင်ဝါက အမေရိကန် သမ္မတ ဖြစ်လာပါတယ်။ ၁၉၅၄ ခုနှစ်မှာ ပြင်သစ်တို့ရဲ့ ဒိုင်ဗင်ဖူးခံတပ်ကို ဗီယက်နမ်က စတင်တိုက်ခိုက်ပါတယ်။ အဲဒီနှစ် ဧပြီ ၂၆ မှာ ဂျနီဗာ ကွန်ဖရင့် စတင်ပါတယ်။ ၎င်းနှစ် မေလ ၇ ရက်မှာ မြောက်ဗီယက်နမ်ရှိ ဒိုင်ဗင်ဖူးတိုက်ပွဲမှာ ပြင်သစ်တွေ အထိနာ နေတဲ့အတွက် အမေရိကန်က အနုမြူဗုံးသုံးဖို့ စဉ်းစားခဲ့သေးတာ တွေ့ရပါတယ်။ ဗီယက်နမ်နဲ့ ပြင်သစ်တို့ ဖြစ်ကြတဲ့ အင်ဒိုချိုင်းနား ပထမစစ်ပွဲ (၁၉၄၆- ၁၉၅၄) အတွက်ပြုလုပ်တဲ့ ဂျနီဗာကွန်ဖရင့်မှာ သဘော တူညီချက်အရ ၁၇ မျဉ်းပြိုင်မှာ တောင်-မြောက် နှစ်နိုင်ငံ ယာယီပိုင်းခြားထားရေးကို သဘောတူညီ လက်ခံလိုက်ကြပါတယ်။ ဗီယက်နမ်၊ လော နဲ့ ကမ္ဘောဒီယားတို့ရဲ့ လွတ်လပ်ရေးကို ကွန်ဖရင့်မှာ သဘောတူညီတဲ့အတွက် လွတ်လပ်သွားကြပါပြီ။ သို့ပေမယ့် အမေရိကန်က ကွန်ဖရင့်သဘောတူညီချက်ကို လက်မှတ်မထိုးဘဲ တောင်ဗီယက်နမ် ဆေးဂုံအစိုးရကို စစ်ရေးအကူအညီတွေ တိုက်ရိုက်ပေးသွားမယ်လို့ သမ္မတအိုက်စင်ဟောင်ဝါက ကြေညာပါတယ်။
၁၉၅၅ မှာ အာရှ၊ အာဖရိက လွတ်လပ်တဲ့ နိုင်ငံတွေက 'ဘန်ဒေါင်းညီလာခံ' ကို ကျင်းပပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူတွေကို ချမှတ်ကြပါတယ်။ နယ်ချဲ့စနစ်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေက တပ်ပေါင်းစု သဏ္ဍာန်နဲ့ ရပ်ခံကြဖို့ ပြင်ဆင်ကြတဲ့ သဘောပါ။
၁၉၆၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ကနေဒီက အမေရိကန် သမ္မတ ဖြစ်လာပါတယ်။ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ မှာ တောင်ဗီယက်နမ် အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ထူထောင်ပါတယ်။
ကွန်မြူနစ် မြောက်ဗီယက်နမ်နဲ့ ကွန်မြူနစ်မဟုတ်တဲ့ တောင်ဗီယက်နမ်တို့ တိုက်ကြတဲ့ ဒုတိယ အင်ဒိုချိုင်းနားစစ်ပွဲ သို့မဟုတ် ဗီယက်နမ်စစ်ပွဲ (၁၉၅၆-၁၉၇၅) အတွင်းကို အမေရိကန်က စစ်ရေး၊ စီးပွါးရေး အကူအညီတွေ တိုးမြှင့်ပေးပြီး ၀င်လာပါတယ်။ ပထမပိုင်းမှာ စစ်အကြံပေးတွေ စေလွှတ်ပြီး နောက်ပိုင်းမှာ စစ်တပ်နဲ့ ၀င်တိုက်ပေးတာ။ လေယာဉ်နဲ့ ဗုံးကြဲပေးတာတွေ လုပ်လာပါတယ်။ ဗီယက်နမ်စစ်ပွဲကို ကမ္ဘာ့ပြည်သူတွေ၊ အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်ကျောင်းသားတွေက တဖက်က အပြင်းအထန် ဆန္ဒပြ ကန့်ကွက်ကြပြီး ဗီယက်နမ်းပြည်သူတွေက အသေခံ တိုက်ပွဲဝင်တဲ့အတွက် ၁၉၇၃ ခုနှစ်မှာ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းသွားပြီး ၁၉၇၅ မှာ ဆေးဂုံမြို့ကို မြောက်ဗီယက်နမ်တပ်တွေ သိမ်းပိုက်လိုက်တဲ့အတွက် အမေရိကန် သမ္မတ ၄ ဆက်ကြာ တိုက်ရတဲ့ စစ်ပွဲဟာ ပြီးဆုံးသွားပါတယ်။ ဒီစစ်ပွဲမှာ အမေရိကန်စစ်သား ၅ သိန်း ပါဝင်တိုက်ခိုက်ခဲ့တာ တွေ့ရမှာ ဖြစ်ပြီး၊ စစ်ပွဲပြီးတော့ စာရင်းကောက်ကြည့်တဲ့အခါ ဗီယက်နမ်ပြည်သူ ၃ သန်း သေကြေပျက်စီးပြီး အမေရိကန်စစ်သား ၅ သောင်း သေဆုံးကြောင်း သိရပါတယ်။ ဒါဟာ ဗီယက်နမ်မှာလည်း အမေရိကန်ရဲ့ 'ဟီရိုရှီးမား' နေ့တနေ့ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၉၆၂ မှာ လော စစ်မြေပြင်ကို ကိုယ်တိုင်သွားပြီး စာအုပ်တအုပ်ရေးခဲ့တဲ့ အမေရိကန် သတင်းစာ ဆရာမကြီး အင်နာလူဝီစထရောင်းက အမေရိကန်ရဲ့ အာရှရည်မှန်းချက်နဲ့ ပတ်သက်ပြီး ဤသို့ ရေးပါတယ်-
"ကိုးရီးယားစစ်ကို တိုက်ခြင်း။ ထိုင်ဝမ်ကို စစ်စခန်းလုပ်ခြင်း။ အင်ဒိုချိုင်းနားသို့ အမေရိကန်အမြန်ဆုံး ထွင်းဖောက်ဝင်ရောက်ခြင်းသည် တရုတ်ပြည်ကို စစ်ရေးဖြင့် ၀ိုင်းထား၍ တရုတ်ပြည်သစ်အား ချေမှုန်းပစ်ရေး အစီအစဉ်၏ တစိတ်တပိုင်းသာ ဖြစ်ပေသည်။ အမေရိကန်သည် တခြားအရှေ့တောင် အာရှနိုင်ငံတိုင်းသို့လည်း ထွင်းဖောက်ဝင်ရောက်ရန် ကြိုးစားလေသည်" ဟူ၍ ဖြစ်ပါတယ်။
ထိုနည်းတူစွာပဲ ၁၉၅၅ ခုနှစ်ရောက်တော့ အမေလူထုဒေါ်အမာက လူထုဂျာနယ်၊ အမှတ် ၁၈ မှာ ဆောင်းပါးတစောင် ရေးပါတယ်။ ဆောင်းပါးရဲ့ ခေါင်းစဉ်အမည်က 'ကျုပ်တို့အာရှ' ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ ပါတဲ့ အမေမာရဲ့ ရေးသားချက်တချို့ကို ဖော်ပြရမယ်ဆိုရင်-
"ကျုပ်တို့၏ အာရှတိုက်ကြီးကို သနား ကရုဏာ သက်ရှာကြသည့် အမေရိကန် နယ်ချဲ့တို့၏ အသံမှာ နားဝင်ချိုလှပါသည်။ အမေရိကန်တွေသည် ကျုပ်တို့ အာရှတိုက်သားတွေကို တကယ်ချစ်ခင် ကြင်နာသူများ ဖြစ်ပါတယ်။ ကျုပ်တို့၏ 'လွတ်မြောက်ရေး' ကျုပ်တို့၏ 'ဒီမိုကရေစီရေး'၊ ကျုပ်တို့၏ 'ကြီးပွါးချမ်းသာရေး' များကို တကယ်ပင် လိုလားကြပါသည်။ သြော်... သာဓု၊ သာဓု၊ ကောင်းလေစွတကား၊ ကြောက်မက်ဖွယ်ကောင်း လှပေသော 'ကွန်မြူနစ် ဘေးဆိုး၊ ရန်ဆိုး၊ အန္တရာယ်ဆိုးကြီး' မှ လွတ်ကင်းစေချင် ကြသည်တကား။ သို့ကြောင့်လည်း အမေရိကန် ကျေးဇူးရှင် မိတ်ဆွေကြီးများက အရိုင်းအစိုင်း မသိနားမလည် ခေတ်မမှီရှာသည့် ကျောမွဲ အာရှတိုက်သားများကို ဗုံးမိုးရွာပေးလိုက်ပြီး သူတို့၏ ယဉ်ကျေးမှု အမျိုးမျိုးကို သင်ပြပေးရှာ ပေသည် တကား" ဟူ၍ ဖြစ်ပါတယ်။
ထိုအချိန် ကတည်းက အမေရိကန်ရဲ့ လုပ်ရပ်တွေကို ထေ့လုံးငေါ့လုံးတွေနဲ့ ဝေဖန်ရေးသားခဲ့ပြီး ၁၉၆၁ ခုနှစ် ရောက်တော့ လူထုသတင်းစာရဲ့ 'လှုပ်ရှားနေသော ကမ္ဘာ့ရေးရာများ' အခန်းမှာ အမေလူထုဒေါ်အမာဟာ အမေရိကန်ရဲ့ ဗီယက်နမ် စစ်ပွဲကို ဆက်လက်ဝေဖန် ထိုးနှက် ရေးသားခဲ့ပါတယ်။ ဒီအခန်းမှာ ၁၉၆၁ မှ ၁၉၆၇ ခုနှစ်အထိ ရေးသားခဲ့တဲ့ ဆောင်းပါးတွေထဲက အင်ဒိုချိုင်းနား ၃ နိုင်ငံနဲ့ ပတ်သက်တဲ့ ဆောင်းပါးတချို့ကို လက်လှမ်းမီ သလောက် စာရင်းပြုစု ဖော်ပြလိုက်ပါတယ်။
၁။ ဗီယက်နမ်မှာ မီးနီ ပြနေပြီ (၁၀၊ မေ၊ ၆၁)၊
၂။ ဗီယက်နမ်မီးကို မလောင်ခင်က တား (ရ၊ ဇွန်၊ ၆၁)၊
၃။ အရှေ့တောင်အာရှ တိုင်းရင်းသားများအတွက် စပါယ်ရှယ်လက်နက်ဆန်းများ (၂၂၊ သြဂုတ်၊ ၆၁)၊
၎။ တောင်ဗီယက်နမ်တွင် ၀င်တိုက်ရန် လမ်းရှာနေပြီ (၂၀၊ အောက်၊ ၆၁)။
၅။ အရှေ့တောင်အာရှ၌ အမေရိကန်က စစ်သစ်တရပ်ပြင်ပြီ (၇၊ အောက်၊ ၆၁)၊
၆။ တောင်ဗီယက်နမ်၌ ကျူးကျော်စွက်ဖက်နေသော အမေရိကန် (၂၁၊ အောက်၊ ၆၁)၊
၇။ အရှေ့တောင်အာရှ စစ်ပြင်မှုကြီးကို ဗမာက သတိပြုရမည် (၂၆၊ အောက်၊ ၆၁)၊
၈။ အာရှအရေး၌ ပို၍ စွက်ဖက်လာတဲ့ အမေရိကန် (၁၇၊ နို၊ ၆၁)၊
၉။ အရှေ့တောင်အာရှကို လောင်တိုက်သွင်းမည့် အမေရိကန်ကို ၀ိုင်းတားကြပါ (၂၄၊ နို၊ ၆၁)၊
၁၀။ ၇ နံပါတ် ရေတပ်၏ ခြိမ်းခြောက်မှု (၂၉၊ နို၊ ၆၁)၊
၁၁။ အရှေ့တောင်အာရှကို လောင်တိုက်သွင်းမည့် အမေရိကန် (၂၆၊ ဒီ၊ ၆၁)၊
၁၂။ လောပြည်သူ လည်ချောင်းသွေးနဲ့ ခြေဆေးတဲ့ အမေရိကန်နယ်ချဲ့သမား (၈၊ ဇန်၊ ၆၂)၊
၁၃။ လောပြည်၌ ပြည်တွင်းစစ်မီး ပြန်မွှေးလာပြန်ပြီ (၉၊ မေ၊ ၆၂)၊
၁၄။ လောထဲသို့ အမေရိကန်စစ်တပ်တွေ ၀င်ပြီ (၂၂၊ မေ၊ ၆၂)၊
၁၅။ လောပြည်သူတို့ ခါးတောင်းကျိုက်မဖြုတ်ကြနှင့်ဦး (၁၄၊ ဇွန်၊ ၆၂)၊
၁၆။ လော ဘာကြောင့် မင်းမဲ့တိုင်းပြည်ဖြစ်ရသနည်း (၂၀၊ ဧပြီ၊ ၆၂)၊
၁၇။ လော ကြားနေရေးကို တကယ်တမ်း အသိအမှတ်ပြုကြရမယ် (၂၃၊ ဇူ၊ ၆၂)၊
၁၈။ ကမ္ဘောဒီးယား ထောက်ခံချက်ကို ထောက်ခံရမည် (၃၁၊ သြ၊ ၆၂)၊
၁၉။ လောကငရဲနှင့်တူသော တောင်ဗီယက်နမ် (၆၊ ဇန်၊ ၆၃)၊
၂၀။ တောင်ဗီယက်နမ်တွင် အဆိပ်များ ကြဲဖြန့်မှုကြီး (၂၇၊ ဖေ၊ ၆၃)၊
၂၁။ တောင်ဗီယက်နမ်ပြည်သူတို့ ရှေ့သို့ တိုက်ပွဲဝင်ကြ (၆၊ စက်၊ ၆၃)၊
၂၂။ အရှေ့တောင်အာရှကား နယ်ချဲ့သမား၏ နေ၀င်ချိန်တည်း (၅၊ နို၊ ၆၃)၊
၂၃။ အရှေ့တောင်အာရှသို့ အမေရိကန်တပ်များ အလုံးအရင်းနဲ့ပို့ရေး လေ့ကျင့်ပြန်ဦးမယ်ဆိုခြင်း (၂၀၊ နို၊ ၆၃)၊
၂၄။ ကြားနေချင်ရှာသော ကမ္ဘောဒီးယား (၁၈၊ ဖေ၊ ၆၄)၊
၂၅။ တောင်ဗီယက်နမ်သို့ အမေရိကန်တပ်များ ပေးပို့ခြင်းကို ပြင်းထန်စွာ ရှုံ့ချကြပါ (၂၉၊ ဇူ၊ ၆၄)၊
၂၆။ ပိုဆိုးလာသော တောင်ဗီယက်နမ်အခြေအနေ (၁၅၊ စက်၊ ၆၄)၊
၂၇။ ဗီယက်နမ်အာဇာနည်ကလေး ငုယင်ဗန်ထရိုင်းအား အလေးပြုပါ၏ (၁၇၊ အောက်၊ ၆၄)၊
၂၈။ တောင်ဗီယက်နမ် အမျိုးသားရေးလွတ်မြောက်ရေးတပ်ဦး (၂၀၊ ဒီ၊ ၆၄)...... စသည်တို့ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ ဗီယက်နမ်စစ်ကို ဆန့်ကျင်တဲ့ ဆောင်းပါးတွေထဲက အမေလူထုဒေါ်အမာရဲ့ ရေးသားချက်တချို့ကို ထပ်မံကောက်နှုတ် ဖော်ပြရမယ်ဆိုရင်-
'တောင်ဗီယက်နမ်၌ ၁၉၆၀ ခုနှစ် ဇန်န၀ါရီမှ ၁၀ လ အတွင်း ပြည်တွင်းစစ်ကြောင့် လူ ၂ သောင်း သေကျေပျက်စီးသည်ဟု သိရသည်။ သူပုန်ဘက်မှ ၁၂၅၈၉ ယောက် ကျဆုံးပြီး၊ အစိုးရဘက်မှ ၆၂၅၇ ယောက် သေဆုံးသည်။ ဒါ့ကြောင့် အမေရိကန်စွက်ဖက်မှုကို ဗမာပြည်သူအပါအ၀င် ပြည်သူတကာလည်း ၀ိုင်းဝန်း ကန့်ကွက်ကြရမည်'
'အမေရိကန် ၇ နံပါတ်ရေတပ်က အရှေ့တောင်အာရှကို ခြိမ်းခြောက်မှုမှာ ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်း၍ ပြင်းထန်စွာ ရှုံ့ချလိုက်သည်'
'အမေရိကန်နယ်ချဲ့သမား၏ သွေးငတ်မှုကို အာရှပြည်သူတွေက ဘယ်တော့မှ ခွင့်မလွှတ်ဟုဆိုလျှင် အာရှပြည်သူတွေ၏ အဆိုးမဟုတ်ပေ'
'ကမ္ဘောဒီယားသည် ကွန်မြူနစ်များ၏ ခြေကုပ်စခန်းဖြစ်နေသောကြောင့် ဟူ၍ စွပ်စွဲသည့် ယိုးဒယား၏ စွပ်စွဲချက်မှာ အလကားစကားဖြစ်၍ ၂ပြားမတန်သည့် ဆင်ခြေဖြစ်သည်'
'ဗီယက်နမ်မျိုးချစ် ပျောက်ကြားတပ်သားများတွင် အမျိုးသမီးများ ပါဝင်လျက်ရှိသည် ဆိုခြင်းမှာ တော်လှန်ရေး သရဖူစိန်ပွင့်များနှယ် အလွန်တင့်တယ်ပါပေသည်'
အထက်ပါ အရေးအသားတွေနဲ့ ဗီယက်နမ်စစ်ပွဲကာလတလျှောက် နံနက်မိုးသောက် အလင်းရောက် တိုင်း အမေရိကန်နယ်ချဲ့သမားနဲ့ လူတန်းစားတိုက်ပွဲ ဆင်နွှဲခဲ့ရတဲ့ အမေလူထုဒေါ်အမာဟာ ကျွန်တော်တို့ရဲ့ သမိုင်း ခေတ်တလျှောက် နေ့ရက်တွေနဲ့အတူ လိုက်ပါလာသူမဟုတ်။ နေ့ရက်တွေနဲ့အတူ ချီတက်တိုက်ပွဲဝင်ခဲ့သူ နိုင်ငံတကာဝါဒီ ဗမာ့မိုးသောက်ကြယ်တပွင့် ဖြစ်ပါတယ်။ ပြီးတော့ အမေလူထုဒေါ်အမာဟာ စိတ်ကူးယဉ် မဟုတ်တဲ့၊ အချောင်သမားမဟုတ်တဲ့၊ ပြုပြင်ရေးမဟုတ်တဲ့၊ ခေါင်းဆောင်မှုရှိတဲ့၊ လွတ်လပ်မှုနဲ့ ဗဟိုချုပ်ကိုင်မှုရှိတဲ့၊ ဒီမိုကရေစီကို ယုံကြည်တဲ့၊ လူတန်းစားတိုက်ပွဲ သဘောတရားကို လက်ခံတဲ့၊ အနုပဋိလောမ ကမ္ဘာအမြင်ရှိတဲ့၊ ပစ္စည်းမဲ့ နိုင်ငံတကာတာဝန်ကို ထမ်းဆောင်တဲ့ ကျွန်တော်တို့ ခေတ်ရဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာရှင် အရာအထောင်ထဲမှာတော့ စံနမူနာ ကြယ်တပွင့် ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ဒါကြောင့် အမေမာ လျှောက်လှမ်းခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေးလမ်းကြောင်းအတိုင်း ကျွန်တော်တို့တတွေ လျှောက်လှမ်းရင်း နီရူဒါရဲ့ 'သစ်ခုတ်သမား နိုးကြားလော့' ဆိုတဲ့ ကဗျာထဲက အပိုဒ်တပိုဒ်နဲ့ အမေ့လမ်းစဉ်ကို ဂုဏ်ပြုလိုက်ပါတယ် အမေ......။
'အို..... အမေရိကတိုက်၊ သန့်စင်တဲ့ နယ်နမိတ်ကို ဖျက်ဆီးဖို့
သင့်အိမ်သည်တွေကို လက်နက်တပ်ဆင် ပေးရင်
ငါတို့ချစ်တဲ့ ဂီတနဲ့ စနစ်ကျမှုကို အုပ်စိုးဖို့
ရှိကာဂိုက သားသတ်သမားကို လွှတ်ပေးခဲ့ရင်
ငါတို့ဟာ လေနဲ့ ကျောက်တုံးတွေထဲက ထလာပြီး
သင့်ကို ကိုက်ဖြတ်ပစ်မယ်...။ ။'

ရည်ညွှန်း။
၁။ လူထုဂျာနယ်များ၊ လူထုသတင်းစာများ၊
၂။ South East Asia in International relation by M. Jankover. Prague. IOJ. 1982
၃။ A Dictionary of Politics by Elliott and Summerskill, London, Penguin, 1961.
၎။ 'သစ်ခုတ်သမား နိုးကြားလော့' ရေးသူ နီရူဒါ၊ ဘာသာပြန်သူ မြသန်းတင့်၊ ရန်ကုန်၊ စိတ်ကူးချိုချို၊ ၂၀၀၃။
၅။ 'ငွေနှင့်လက်နက်' ရေးသူ အန်နာလူဝီစတရောင်း၊ ဘာသာပြန်သူ လူထုဒေါ်အမာ၊ မန္တလေးကြီးပွါးရေး ပုံနှိပ်တိုက်၊ ၁၉၆၃။


နိုင်မြင့် (လူထုစာကြည့်တိုက်)
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၈၊ နိုဝင်ဘာ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]




No comments: