Monday, November 9, 2009

ဒုတိယတလှမ်း
ရေးသူ- ဖိုးသံ(လူထု)

ကျနော့်အမေ ဆုံးပြီးနောက် ကျနော် ပထမဆုံးရေးတဲ့ ဆောင်းပါးတပုဒ်ထဲမှာ ကျနော်အမေ့ရဲ့ အကူအညီနဲ့ ထောက်လှမ်းရေး၊ အက်စ်ဘီနဲ့ ရပ်ကွက်လူကြီးတွေ လာဖမ်းတဲ့ကြားက ထွက်ပြေးခဲ့ပုံကို ရေးခဲ့ပြီး ဆောင်းပါးကို ဒီလို အဆုံးသတ်ထားပါတယ်-
"ညမှာ မန္တလေးမြို့က ခွာပြီဆိုတော့မှပဲ ကိုယ့်ခံစားချက်ဖက် အာရုံလှည့်မိပါတယ်။ ပထမဆုံး ခေါင်းထဲမှာ ပေါ်လာတာက မာတာပီတုဂုန္တော အနန္တော ဆိုတာပါပဲ။"
ကျနော် ဆက်ရေးပါမယ်။ ဒါလည်း အခုမှ ရေးနိုင်တာ
မို့ပါ။
အိမ်က ထွက်လာပြီးနောက် ကျနော်တညလုံး ခရီးနှင်ပါတယ်။ အဲဒီတုန်းက ကျနော့် စဉ်းစားနည်းက မန္တလေးမြို့ နယ်နိမိတ်ထဲကနေ အမြန်ဆုံးထွက်ခွာဖို့၊ လက်နက်ကိုင်တော်လှန်ရေးဒေသထဲ၊ အထူးသဖြင့် ကျနော်တို့ ပါတီရဲ့ လက်နက်ကိုင်ဒေသတခုခုထဲကို အမြန်ဆုံး ရောက်ဖို့ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကျနော့် အတွက် ဘာမှ တွေဝေနေစရာ၊ ဝေခွဲမရ ဖြစ်နေစရာ မရှိပါဘူး။ ရဲ မင်းဖြစ် ဆိုတဲ့လမ်းကိုပဲ လိုက်ရတော့မှာပါ။
ကျနော် ဒီလိုထွက်ပြေး လွတ်မြောက
်လာတဲ့အတွက် ထောက်လှမ်းရေးဟာ အင်မတန် အခဲမကြေ၊ အသေရှာလိမ့်မယ် ဆိုတာကို တွက်မိလို့ ကျနော်တို့ ယူဂျီက လူတွေပို့နေတဲ့ မြောက်ပိုင်းလမ်းကို အသုံးမပြုပဲ သွားနေကျ၊ သုံးနေကျ မဟုတ်တဲ့ လမ်းကြောင်းကနေ သွားမယ်လို့ စဉ်းစားပြီး ရှမ်းပြည်တောင်ပိုင်း ကျောက်ဂူဒေသ (၁ဝ၈စစ်ဒေသ) ကို ရည်မှန်းချက်ထား ထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်ဟာ နောက်တနေ့ ညနေစောင်း (၃၁-၈-၇၆) မှာ တောင်ကြီးကို ရောက်ပါတယ်။ ကျနော်နဲ့အတူ ဘော့လုံးလောကမှာ အင်မတန်ခင်ခဲ့တဲ့ ကိုတော်ဝင်း ပါလာပါတယ်။ သူက နိုင်ငံရေးနဲ့ ပတ်သက်လာရင် ဘာမှမသိ၊ ဘာမှလည်း စိတ်မဝင်စား၊ ဘာမှလည်း မလုပ်ဖူးသူပါ။ ကျနော် အကူအညီ လိုတယ်ဆိုလို့ အကုန်စီစဉ်ပြီး လိုက်ပို့တာ ဖြစ်ပါတယ်။
ကားပေါ်က ဆင်းဆင်းချင်းတွေ့တဲ့ တက္ကစီ
ဆရာတယောက်ကို မေးလိုက်ပါတယ်။ ကျနော် လမ်းပေါ်မှာ ကြာကြာရပ်နေရင် တယောက်ယောက်က တွေ့သွားမှာ စိုးလို့ပါ။ "ခေါင်းတခေါင်းလုံးဖြူနေတဲ့ တက္ကစီ မောင်းတဲ့ ဦးထွန်းမြင့်လေးအိမ်ကို သိသလားဗျ။" မသိဘယ်သူ ရှိပါ့မလဲ။ ကျနော်ရှာတဲ့ ဦးထွန်းမြင့်လေး ဆိုတာက ရှမ်းပြည်နယ်ရဲ့ ဒုတိယ ကမ္ဘာစစ် ဒီဖက် နိုင်ငံရေးမှာ အင်မတန်တက်ကြွ၊ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တဦးပါ။ ပင်လုံစာချုပ် ဖြစ်ပေါ်ရေးမှာလည်း အရေးပါတဲ့ အခန်းက ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၆၂ခုနှစ်မှာ ဗိုလ်နေဝင်းတို့ အာဏာသိမ်းတော့ စော်ဘွားတွေနဲ့အတူ အဖမ်းခံရပြီး ဗိုလ်နေဝင်းက ရန်ညှိုးနဲ့ နောက်ဆုံးမှ လွှတ်ပေးတာခံရသူ ဖြစ်ပါတယ်။ ထောင်ထဲမှာပဲ သူ့ ခေါင်းတခေါင်းလုံး ဖြူသွားတာ ဖြစ်ပါတယ်။
သူ့အိမ်ကို ကျနော်ရွေးရတဲ့ အကြောင်းကိုလည်း ပြောပြသင့်
တယ်ထင်လို့ နည်းနည်းရေး ပြပါ့မယ်။ ပထမဆုံး စရေးသင့်တာက သူတို့ မိသားစုနဲ့ ကျနော်တို့ မိသားစုရဲ့ ထူးထူးခြားခြား နှောင်တဲနေတဲ့ သံယောဇဉ်ပါ။ ကျနော့်အဖွားနဲ့ ကြီးဒေါ်က ဆေးလိပ်လုပ်ငန်း လုပ်သူတွေဆိုတော့ အဲဒီတုန်းက ဗမာပြည်မှာ တခုတည်းသော သနပ်ဖက်ထွက်ရာ ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ အဆက်အသွယ်များ ပါတယ်။ အဲဒီလိုနဲ့ သနပ်ဖက် ပွဲစားကြီးတွေဖြစ်တဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးသူ တဦးဖြစ်တဲ့ ဦးခွန်ထီးတို့လို ပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးခဲ့ ပါတယ်။ နောက်ပြီး ရှမ်းပြည်နယ်က လူတွေဟာ ဘုရားဖူး အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မန္တလေးကို မကြာခဏ ဆင်းလာနေကြတာပါ။ အဲဒီလိုနဲ့ အသွားအလာတွေများ၊ ကိုယ့်အိမ်သူတည်း၊ သူ့အိမ်ကိုယ်တည်းနဲ့ ပိုရင်းနှီးလာကြတယ် ထင်ပါတယ်။ နောက်တော့ ဦးခွန်ထီးလို လူတွေကတဆင့် လူထုမောင်နှံဟာ ရှမ်းပြည်နယ်က နိုင်ငံရေးသမားတွေနဲ့လည်း ရင်းနှီးလာခဲ့ ကြပါတယ်။ အဲဒီအထဲမှာ အရင်းနှီးဆုံးက လူထုသတင်းစာနဲ့ ဂျာနယ်မှာ အယ်ဒီတာလုပ်သွားတဲ့ သူရ(ရှမ်းပြည်) ခေါ် ဦးထွန်းဖေနဲ့ ဦးထွန်းမြင့်လေး တို့ လို့ဆိုရင် မမှားပါဘူး။
ဒီလိုနဲ့ ဦးထွန်းမြင့်လေးနဲ့ သူ့ဇနီး ဒေါ်(ဒေါ်)စောအုန်းကြူတို့ မိသားစုဟာ ကျနော်တို့ မိသားစု အဖို့ သာမန်ဆွေးမျိုးထက်မက ရင်းနှီးတဲ့ မိသ
ားစုတစု ဖြစ်လာပါတယ်။ ဦးထွန်းမြင့်လေး ထောင်ထဲရောက်နေတဲ့ ကာလတွေမှာ ဒေါ်ဒေါ်စောအုန်းကြူဟာ နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက်ရောက်ရင် ကလေးတွေကို ခေါ်ပြီးမန္တလေးကို ဆင်းလာလေ့ ရှိပါတယ်။ သူတို့ ကလေးတွေဟာ ကျနော့်ထက် နည်းနည်းငယ်ပါတယ်။ ဒါပေမဲ့ ကစားဖော် ကစားဖက် လုပ်လို့ရပါတယ်။ နောက်ပြီး ရှမ်းပြည်တောင်ပိုင်းက အစားအစာတွေကိုလည်း ဒေါ်ဒေါ်က မှန်မှန်ပို့ပေးလေ့ ရှိပါတယ်။ ကျနော် ကောင်းကောင်း မှတ်မိနေပါတယ်။ အဲဒီတုန်းက နေ့ခင်း ၃နာရီ၊ ၄နာရီ လောက် ကျနော်တို့အိမ်ရှေ့မှာ မေမန်းကားကြီး ရပ်ပဟဲ့ဆိုရင် ကားပေါ်က သူတို့မိသားစုတွေ ဆင်းလာ၊ ဒါမှမဟုတ် သူတို့ပို့လိုက်တဲ့ ခေါပုတ်၊ ထောပတ်သီး၊ သဇင်ပန်း စတာတွေ ယူလာတာပါပဲ။ ပို့လာတာက နည်းနည်း မဟုတ်ပါ၊ တောင်းကြီး တောင်းငယ်နဲ့ ဖြစ်ပါတယ်။
ကျနော် ထောင်ကထွက်လာတော့၊ အဲဒီအချိန်မှာ ဦးလေးဦးထွန်းမြင့် ထောင်ကထွက်လာတာ ၂နှစ်-၃နှစ်လောက် ရှိပါပြီ။ ကျနော့်ကို ဒေါ်ဒေါ်စေ
ာအုန်းကြူက တောင်ကြီးကနေ တမင်တကာ လာတွေ့ပါတယ်။ ကျနော့်ကိုမြင်တော့ တံခါးပေါက်မှာရပ်ပြီး မျက်ရည်တွေ တွေတွေစီးကျရင်း ပြုံးကြည့်နေတဲ့ ဒေါ်ဒေါ့်ပုံဟာ ဒီနေ့အထိ ကျနော့်မျက်စိထဲက မထွက်ပါဘူး။ ကျနော့်ကို အဲဒီလို တမင်လာတွေ့ပြီး မျက်ရည်ကျသူတွေရဲ့ နောက်နှစ်ဦးက ကျောက်ဆည်က (သခင်တင်ရွှေ့ဇနီး) ဒေါ်မြရီနဲ့ ရွှေဘိုဒေါ်မိမိကြီးပါ။ သူတို့သားတွေက ကျနော်နဲ့ အင်မတန်ကိုရင်းတဲ့ တက္ကသိုလ်ကျောင်းနေဘက်တွေ ဖြစ်ပါတယ်။
ဦးလေးဦးထွန်းမြင့်၊ ဒေါ်စောအုန်းကြူတို့အ
ိမ်ကို ကျနော်သွားတဲ့ တခြားအကြောင်းရင်းတခုက သူတို့ရဲ့ ဒုတိယသားဖြစ်တဲ့ ကျနော်တို့အခေါ် ညီညီ (နာမည်ရင်းက စိုင်းဇေယျအောင်) ဟာကျနော်ထောင်ထဲမှာ ရှိတုန်းက ရလလဖအဖွဲ့ရဲ့ လက်နက်ကိုင် တော်လှန်ရေးထဲကို လိုက်သွားပြီး ဆီဆိုင်ကားလမ်း တိုက်ပွဲမှာ ကျဆုံးသွားခဲ့ ပါတယ်။ သူဦးစီးတဲ့ ဒီတိုက်ပွဲမှာ ရန်သူအားလုံးကို ချေမှုန်းပြီးလို့ တိုက်ပွဲပြီးတဲ့ နောက်ကျမှ စစ်မြေပြင်ကို တက်ရှင်းတုန်းမှာ ဒဏ်ရာနဲ့လဲနေတဲ့ ရန်သူစစ်သားတယောက်က လဲနေရာကနေ ခေါင်းဆောင် ဖြစ်လောက် တယ်လို့ မှန်းပြီးပစ်လိုက်တာနဲ့ ကျဆုံးသွားတာပါ။

ဒါကြောင့် နိုင်ငံရေးအစဉ်အလာကြီးတဲ့ ဦးလေးဟာ ကျနော့်အတွက် လမ်းရှာပေးမယ်လို့ ယူဆပြီး သူတို့ဆီကို တန်းပြေးတာ ဖြစ်ပါတယ်။ ကျနော်က သူတို့ကို အခြေအနေအားလုံး ပြောပြပြီး ကျနော် ဖြစ်ချင်တာကိုလည်း ပြောပြလိုက်ပါတယ်။ ဒီတခါတော့ ဒေါ်ဒေါ် မျက်ရည်မကျအားတော့ပါဘူး။ ချက်ခြင်းပဲ ကျနော့်အတွက် ထမင်းချက်ပါတော့တယ်။ ဦးလေးကတော့ အပြင်ကိုထွက်သွားပြီး အဆက်အသွယ်၊ နည်းလမ်း ရှာဖွေပါတယ်။

သိပ်မစောင့်လိုက်ရပါဘူး။ ညမှောင်ကာစမှာပဲ ဦးလေးပြန်ရောက်လာပါတယ်။ "ရပြီကွာ၊ မင်းမနက်ဖန် ထွက်ရမယ်" တဲ့။ ဘယ်ကိုလဲလို့ ကျနော်က အားတက်သရော မေးလ
ိုက်တော့ "နက်ဖန်မှာ ပအို့အမျိုးသား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်စိန်တို့ဆီကို သွားမယ့် စိတ်ချရတဲ့ လူကြုံရှိတယ်။ မင်းကိုသူက ဦးကျော်စိန်ဆီကို ခေါ်သွားလိမ့်မယ်" တဲ့။
"ဟာ၊ အဲဒီအဖွဲ့ဟာ ကျနော်တို့ပါတီနဲ့ တိုက်နေတဲ့ အဖွဲ့ပဲ၊
ဘယ်ဖြစ်မလဲ" လို့ စိုးရိမ်တကြီး ပြန်ပြော လိုက်တော့
သူက-
"မင်းကလည်းကွာ။ ကိုကျော်စိန်ပဲ၊ တခြားလူမှတ်လို့။ သူက ဦးလှဒေါ်အမာသားကို ဘာမှမလုပ်ပါဘူးကွ။ သူမန္တလေး ထောင်ထဲမှာ နေရတုန်းက မင်းတို့အိမ်က အကူအညီပေးခဲ့တဲ့
ကျေးဇူးတွေကို သူမမေ့ပါဘူးကွ၊ မင်းအဲဒီမှာ အရင်သွားနေ၊ နောက်မှ မင်းသွားချင်တဲ့ ကွန်မြူနစ်ပါတီ လက်နက်ကိုင်ဒေသကို သွားနိုင်အောင် ငါတို့ အဆက်ရှာပြီး ဆက်ပေးမယ်" လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ ငါးဆယ်စုနှစ်များအတွင်း

(တောင်ကြီးဦးထွန်းမြင့်လေး နှင့်ဇနီး ဒေါ်ဒေါ်စောအုန်းကြူ)

ဦးကျော်စိန်ထောင်ထဲ ရောက်နေတော့ ကျနော့်အမေက လက်ဆောင်ပစ္စည်းလေးတွေနဲ့ ထောင်ဝင်စာသွား တွေ့လေ့ရှိပါတယ်။ နောက် ဦးကျော်စိန်ထောင်က လွတ်လာတော့ သူ ရှမ်းပြည်နယ်ကို မပြန်ခင် ကျနော်တို့အိမ်မှာ ၃-၄ ည အိပ်သွားတာကို ကျနော် မှတ်မိနေပါတယ်။ သူက အသားဖြူဖြူ၊ နဖူးကျယ်ကျယ်၊ စကားနည်းနည်းပါ။
ဒါနဲ့ပဲ ဒီအစီအစဉ် အတည်ဖြစ် သွားပါတယ်။
ကျနော်ကတော့ ဘာမှထူးထူးထွေထွေ စဉ်းစားမနေတော့ပဲ သွားရိုးသွားစဉ်ခရီး၊ လုပ်ရိုးလုပ်စဉ် အလုပ်လို သဘောထားပြီး လက်ခံလိုက်ပါတယ်။ ဒေါ်ဒေါ်က ကျနော့်ကို စောစောအိပ်ခိုင်းပါတယ်။ ကျနော် ကလည်း ဒိအရင်တညက လုံးဝမအိပ်ခဲ့ရတာမို့ အိပ်ရာပေါ်တက်လှဲလိုက်တာ မနက်မှာ သူတို့လာနှိုးမှ နိုးပါတော့တယ်။ ဒေါ်ဒေါ်က ညတုန်းက သူချုပ်ထားတဲ့ ဧရာမလွယ်အိတ်ကြီး တလုံးကို လာပေးပါတယ်။ အလွယ်တကူ ရှိတဲ့ မီးခိုးရောင်ဖျင်စနဲ့ ချုပ်ထားတာပါ။ အဲဒီခေတ်က အခုလို ဘက်ခ်ပက်ခ် (ကျောပိုး အိတ်တွေ) မရှိသေး၊ ခေတ်မစားသေးပါဘူး။
နောက်တနေ့မနက်ကျတော့ ကျနော်လည်း ဒေါ်ဒေါ်ကို နှုတ်ဆက်ပြီး ချာကနဲ လှည့်ထွက်လာခဲ့ပါတယ်။ သူမျက်ရည်ကျတာ၊ ဝမ်းနည်းစကားတွေ ပြောတာတွေ မမြင်ချင်လို့ပါ။ ဦးလေးက ကျနော့်ကို ကားဆိပ်ကို လိုက်ပို့ပါတယ်။ တောင်ကြီးမြို့လယ်ခေါင်က ဂျစ်ကားလေးတွေပါ။ အဲဒီမှာ ကျနော်နဲ့ အတူသွားမယ့်လူ ၂ဦးက ရောက်နှင့် နေပါတယ်။ ဦးလေးက ကျနော့်ကို သူတို့ လက်အပ်ပြီး ဘာမှ ထွေထွေထူးထူး မပြောတော့ပဲ ပြန်သွားပါ တယ်။ သူကလည်း စကားနည်းသူလေ။
ကျနော်တို့က ကားနဲ့အဆုံးအထိ မလိုက်ပဲ လမ်းမှာဆင်းပါတယ်။ နောက်ပြီးကျတော့ တောင်ပေါ်ကို တက်တော့တာပါပဲ။
တောင်ဆိုတဲ့အတိုင်း တောင်ရဲ့သဘာဝ၊ တောင်ရဲ့အလှတွေ လွှမ်းမိုးနေတဲ့ နေရာတွေပေါ့။ မိုးရွာပြီးစ၊ ဒါပေမဲ့ တခါတခါ မှာတော့ မိုးစက်လေးတွေကျတာ မှတ်မိနေပါတယ်။ တောပန်းတွေ၊ စိုက်ခင်းတွေ၊ သနပ်ဖက်ခြံ တွေနဲ့ တတောလုံးစို၊ တတောင်လုံး စိမ်းနေတာပါ။ တခါတရံမှာ တိမ်သားတွေဟာ တံချူနဲ့ ချူယူလိုက်ရင် ရတော့မတတ် နိမ့်နိမ့်လေး မျောစီးနေတာလည်း တွေ့ရပါတယ်။ ပတ်ဝန်းကျင် တခုလုံးဟာ လှချင်တိုင်းလှ နေတယ်လို့ပဲ ဆိုကြပါစို့။ မိုးတိတ်ခါစ အချိန်မို့ ငှက်သံလေးတွေကလည်း ပိုမြိုင်ပါတယ်။ ဘာငှက်တွေ မှန်းတော့ ကျနော်မသိပါ။
ဒီကြားထဲမှာ အင်မတန် နားစိမ်းပေမဲ့ အင်မတန်သာယာတဲ့ ဆွဲဆွဲငင်ငင် ဟစ်ကြွေးသံတခုကို စူးစူးရှရှ ကြားလိုက်ရပါတယ်။ ကျနော့်စိတ်ထဲမှာ ဘယ်လိုခံစားလိုက်ရတယ်ဆိုတာ ပြောတောင် မပြောတတ်လောက် အောင်ဖြစ်သွားပါတယ်။ ဆန်းလိုက်တဲ့ အသံလို့သာ အောက်မေ့မိလိုက်ပါတယ်။ ရိုးရာတေးသံဆို ဖြစ်ရမယ်လို့ လည်း တွေးမိပါတယ်။ အသံက လူသံပါ။ ဒါပေမဲ့ ဒီအသံဟာ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ စိမ်းလန်းစိုအိ နေတဲ့ သဘာဝအလှဘုံနဲ့ ခွဲမရတဲ့ အစိပ်အပိုင်းတခုလို ထင်မှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒါဟာ ငါတို့ လူစိမ်းတွေ ဝင်လာ၊ ရောက်လာကြောင်း တနေရာနဲ့ တနေရာ အချက်ပေး အကြောင်းကြားတာလားလို့လည်း တွေးမိပါတယ်။ အကြောင်းက တနေရာက ဒီလိုဟစ်ကြွေးသံ ပေါ်လာပြီးတဲ့နောက် တခြားတောင်၊ တခြား တောင်စောင်းကလည်း ခပ်ဆင်ဆင် ဟစ်ကြွေးသံတွေ ပေါ်လာလို့ပါပဲ။ တခါတရံများဆိုရင် ပဲ့တင်သံတွေတောင် ပါနေတတ်ပါတယ်။ နောက်မှ သိရတာက ဒါဟာ ပအို့လူမျိုးတို့ရဲ့ ရိုးရာ 'ငေါက်တက်' တေးဖြစ်တယ် ဆိုတာပါပဲ။ လူငယ်တွေ သနပ်ဖက်ခြံတွေထဲမှာ အလုပ်လုပ်ကြရင်း အပြန်အလှန် အချီအချ၊ အတိုင်အဖောက်ဆိုကြတာ ဖြစ်ပါတယ်။ နားဝင်ပီယံ ရှိပါဘိတော့။
မှန်တာပြောရရင် အဲဒီအချိန်တုန်းက ကျနော့်ခေါင်းထဲမှာ ကျနော်တို့ဟာ ဦးကျော်စိန်နေတဲ့ ရွာတရွာ ကိုသွားနေတာ ဆိုတာကလွဲလို့ ရှေ့ရေးကို ဘာမှ မှန်းမရသလို စဉ်းစားတွေးတောနေတာလဲ လုပ်မနေတော့ပါ။ မဆလ ထောက်လှမ်းရေး လက်ကလွတ်တာ သေချာပြီဆိုတဲ့ အသိနဲ့ပဲ ခေါင်းထဲ၊ ရင်ထဲမှာ အတော်လေး ပေါ့ပါးနေတဲ့ သဘောရှိပါတယ်။ ဒီအဖွဲ့အစည်းကနေ တဆင့် ကျောက်ဂူဒေသမှာ ရှိတဲ့ ကျနော်တို့ ပါတီရဲ့ပျောက်ကြား အခြေခံဒေသကို အရောက်သွားမယ်လို့ပဲ ပြတ်ပြတ်သဘောပိုက် ထားလိုက်ပါတယ်။
ကားပေါ်က ဆင်းပြီးနောက် ၄-၅ နာရီ လောက်နေတော့ အတူပါတဲ့ လူတယောက်က ရှေ့က ကုန်းလေး ကျော်လိုက်ရင် ရွာကို ရောက်တော့မယ်လို့ ပြောလိုက်ပါတယ်။ ဒီတော့မှကျနော်လည်း တောင်တွေး မြောက်တွေး၊ သဘာဝရှုခင်းကို ခံစားနေတာတွေကနေ လက်တွေ့ အခြေအနေဆီကို ပြန်ရောက်လာခဲ့ပါတယ်။ ကျနော့်ခေါင်း လှုပ်ရှားပါတော့တယ်။ တောင်ပေါ်ကရွာဆိုတော့ အတော့်ကို ဆင်းရဲ့ကြမှာပဲ။ သက်ကယ်မိုး ဝါးကပ် တဲတွေပဲများမှာ၊ သူတို့ ဥက္ကဋ္ဌနေရာ ရွာအနားကို ကပ်ပြီဆိုတော့ ကင်းပုန်းနဲ့များ တိုးနေအုန်း မှာလား၊ သူတို့တတွေ ကွန်မြူနစ်တွေကို သိပ်မုန်းနေကြသလား။ ကိုယ့်အမေးတွေနဲ့ကို လုံးလားထွေးလားနဲ့ တောင်စောင်း ပေါ်တက် လာတုန်းမှာ "ညာဖက်ကဟာ ရွာကဘုန်းကြီးကျောင်းပေါ့" တဲ့။ လှည့်ကြည့်လိုက်တော့- အမလေး၊ ဧရာမ တိုင်တရာကျောင်းကြီး။ ပျဉ်ထောင်ကာသွပ်မိုး ကျောင်းကြီး။ တမူးရလို့ တပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား ဆိုတာကို ပြေးသတိရမိတယ်။
အဲဒီလို ကျောင်းတော်ကြီးကို လည်တစောင်းစောင်း၊ ခေါင်းတလှည့်လှည့်နဲ့ ကြည့်ရင်း စုပ်သပ် လမ်းလျှောက်နေတုန်းပဲ
"ရှေ့ကဟာ ကျနော်တို့ရွာပဲ" တဲ့။
ဟာ။ တောင်စောင်းရှည်ကြီးတခုပေါ်မှာ ရွာသုံးရွာဆက်နေတယ်။ အားလုံး သွပ်မိုးတွေတဝင်းဝင်းနဲ့။ သွပ်မိုးမဟုတ်တဲ့ အိမ်ဟာ ရာခိုင်နှုန်း ၃ဝမှ ရှိပါ့မလား မသိဘူး။ အားလုံး ကျွန်းအိမ်ကြီးတွေ။ ဝါးကပ်အိမ်ဆိုလို့ ရှိလှ တရွာမှာမှ ၃-၄ အိမ်ပဲ။ အားလုံး ပအို့ရွာတွေ ဖြစ်ပါတယ်။
"အခုသွားမှာ ဘယ်ဖက်အဆုံးက ရွာပဲ" တဲ့။ ကြည့်လိုက်တော့ ရွာသုံးရွာထဲမှာ ဒုတိယအကြီးဆုံး၊ အိမ်ခြေ ၇ဝ-၈ဝ လောက် ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။
လမ်းဆုံးတော့ ရွာတွေ့ရမယ်ဆိုတာသိပေမဲ့ ဒါလောက်ကြီးတဲ့ သွပ်မိုးတဝင်းဝင်း ရွာဖြစ်လိမ့်မယ်လို့ ထင်မထားတာကိုတော့ ဝန်ခံရမှာပါ။ ဒီလိုနဲ့ မိုးလေး တဖြောက်နှစ်ဖြောက် ကျနေတဲ့ အကြားမှာပဲ ကျနော်တို့ အားတက်သရော တက်သွားကြတယ်။ လမ်းက နည်းနည်းတော့ ချော်တယ်။ ဒါပေမဲ့ မိုးတွင်းပေါင်း ရာပေါင်းများစွာကို ဖြတ်သန်းခဲ့တဲ့ လမ်းမို့ လိုအပ်တဲ့နေရာမှာ မချော်အောင် ကျောက်တုံးတွေ၊ သစ်တုံးတွေ နဲ့ အထစ်တွေ လုပ်ထားတာ တွေ့ရပါတယ်။
တိုတိုပြောရရင် ကျနော်တို့ ဦးကျော်စိန်နေတဲ့ အိမ်ကို တန်းသွားကြပါတယ်။ အိမ်က တခြားအိမ်ကြီး တွေလိုပဲ ပျဉ်ကာသွပ်မိုး၊ ခြေထောက်အမြင့်နဲ့ အိမ်ကြီးဖြစ်ပါတယ်။ ရေနံချေးရောင်နဲ့ တောင်စောင်းမှာ အိနြေ္ဒ အပြည့်နဲ့ တည်ရှိနေတဲ့ အိမ်ကြီးပါ။ ကျနော်တို့ ဝင်သွားတော့ ဦးကျော်စိန်ဟာ အဲဒီဒေသက အိမ်တွေရဲ့ ထုံးစံအတိုင်း မီးလှုံလို့ရတဲ့ အခန်းအလယ်က မီးဖိုအထက်မှာ စာဖတ်နေတာ တွေ့ရပါတယ်။ သူက သူ့ရှေ့မှာ လာထိုင်တဲ့၊ လူစိမ်းတွေဖြစ်တဲ့ ကျနော်တို့ကို တချက်ကြည့်ပြီး ဘာမှမပြောပါဘူး။ အတူပါလာတဲ့ လူကိုပဲ ဘယ်လိုလဲဆိုတဲ့ သဘောမျိုးနဲ့ လှမ်းကြည့်ပါတယ်။ အတူပါလာတဲ့လူက သူ့ကို ပအို့စကားနဲ့ အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။ သူပြောတဲ့ အထဲမှာ လူနာမည်တွေပဲ ကျနော်နားလည်လိုက်တာပါ။
ဒီတော့မှ သူက ကျနော့်ဖက်ကို လှည့်ကြည့်၊ ပြုံးပြီး "အော်၊ ခင်ဗျားက ဦးလှဒေါ်အမာ သားလား၊ ဒီမှာ ကြိုက်သလိုနေဗျာ" တဲ့။
မာတာပီတုဂုန္တော-အနန္တော။
ကျနော် အဲဒီကနေ ၁ဝ၈ စစ်ဒေသလို့ခေါ်တဲ့ ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် အခြေခံဒေသကို သွားနိုင်အောင် မြေအောက်လုပ်ငန်းကတဆင့် ဆက်သွယ်ပို့ပေးခဲ့ သူကတော့ သူကိုယ်တိုင် ကျနော်ရှိရာ တောင်ပေါ်ကို တက်လာပြီး ပြောပြတဲ့ ဦးခွန်ထီးဖြစ် ပါတယ်။ သူနဲ့ ဦးထွန်းမြင့်လေးတို့ရဲ့ ကျေးဇူးပါ။

ဖိုးသံ(လူထု)

2 comments:

Ko Oo said...

ဦးလေး ဖိုးသံ ခင်ဗျား၊

ဆက်ရေးပါအုံး၊ ကျနော်တို့အတွက် အားဆေးတခွက်ပါ။

လေးစားစွာဖြင့်
မောင်မောင်ဦး

saya said...

Dear U Pho Than,

The history never been forgotten. Appreciate if facilitate further posts.

Regds,