(တစ်)
လူ့ဘ၀၏ နောက်ဆုံးခရီးများကို ကျွန်တော် မကြာခဏ လိုပ်ပါပို့ဆောင်ခဲ့ဖူးပါသည်။ သည်တခါခရီးကတော့ လိုက်ပါပို့ဆောင်ရုံ သက်သက်မဟုတ်ပဲ ၀ိုင်းဝန်းစီစဉ်ဆောင်ရွက်ရသူ လည်း ဖြစ်နေပါသည်။ ဘ၀၏ နောက်ဆုံးခရီးကို နှင်သွားသူမှာ ကျွန်တော်၏မိတ်ဆွေ၊ ရင်ခုန်သံ တူသူ၊ အိပ်မက်သွေးသားဟုလည်း ပြောနိုင်ပါသည်။
သူ၏ ရုပ်အလောင်းကို ရေဝေး၏ မီးသင်္ဂြိုဟ်စက် အတွင်းခန်းသို့ သယ်ဆောင်သွား သောအခါ မိသားစုဝင်နှစ်ဦး လိုက်လို့ရတယ်ဟု တာဝန်ရှိသူ တဦးက ပြောသဖြင့် ကျွန်တော်နှင့် သန်းလွင်ဦးတို့ မတိုင်ပင်ပဲ ၀င်သွားခဲ့ကြသည်။ ၀ိညာဉ်မဲ့နေသော သူ၏ ရုပ်ခန္ဓာအား မီးသင်္ဂြိုဟ်စက်၏ မီးတောက်များထဲသို့ ထိုးထည့်လိုက်ကြသည်။ တဖြည်းဖြည်း လောင်ကျွမ်းနေသော မီးတောက်များကြားမှ သူ့ကို နောက်ဆုံး ကြည့်ခြင်းဖြင့် နှုတ်ဆက် ဂါရ၀ပြု မိရင်း ဂျိမ်းခနဲ ပိတ်လိုက်သော မီးသင်္ဂြိုဟ်စက်သံတံခါးကြီးကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေ မိခဲ့သည်။ သူ၏ ကဗျာအပိုင်းအစတခုက ကျွန်တော်ရဲ့ အနားမှာ တစုံတယောက်က တိုးတိုးလေး လာရွတ်နေသလို ကြားနေရသည်။
ခက်ထန်တဲ့ အိပ်မက်တွေထဲမှာ
မနက်ဖြန်တွေ၊ တဖြုတ်ဖြုတ် ကြွေနေတာကို
ခင်ဗျားတို့ မသိခဲ့ရင်တောင်
မျက်မှောင်ကြုတ်ခဲ့ရတဲ့ ခရီးစဉ်တခု အပေါ်
လိုလိုလားလား စာနာသင့်တယ်။
သူ့ရဲ့ နောက်ဆုံးခရီးကို ပို့ပြီးကာမှ သူနှင့်တွေ့ခဲ့ရသော အစများ၏ ခရီးတာအချို့ကို အမှတ်ရနေမိပါတော့သည်။
သူငယ်ချင်းရေ....... ခင်ဗျားရဲ့ ကဗျာထဲကလို အိပ်မက်တွေ ခက်ထန်ခဲ့လို့ မနက်ဖြန်တွေ တဖြုတ်ဖြုတ်ကြွေနေခဲ့တာလား။ မျက်မှောင်ကြုတ်ခဲ့ရတဲ့ ခရီးအပေါ်မှာ သူတို့ စာနာမိကြဖို့ ကျွန်တော်တို့ မမျှော်လင့်ခဲ့ကြဘူးလေ။ အလွမ်းတွေ တဘ၀စာနဲ့ ခါကာဘိုရာဇီ သားတယောက်ရဲ့ အရှေ့မြောက်ပင်လယ်သို့ တမ်းချင်းတွေ သီဆိုကြရအောင်။ တောင်ယာမီးခိုး ငွေ့တွေနဲ့ လှေကားထစ် စိုက်ကွင်းတွေက ခင်ဗျားကို လွမ်းလှရောပေါ့.......။
(နှစ်)
သူက ရောက်တဲ့နေရာမှာ အင်္ဂလိပ်စာ သင်ပေးသည်။ သမိုင်းအံဝှက်ထဲမှ အလှတရားများကို သဘောတရားနှင့် ဆွဲထုတ်ပြသည်။ သူ၏ ဖြတ်သန်းပုံက ကေသရာဇာတို့ ၏ ဥယျာဉ်တော်တွင် အလံမလှဲစတမ်း စိတ်ဓါတ်နှင့် ရင်ကော့နိုင်ခဲ့သည်။
၉၉ နိုဝင်ဘာတွင် တောင်ငူမှ သူပြန်သွားချိန်၌ ကျွန်တော် ကျန်ရစ်သည်။ သူ စာတွေ ရေးနေသည်ဟု ကြားရသည်။ ကိုသီဟလတ်၊ မမွှေးတို့ စီစဉ်သော စံပယ်ဖြူမဂ္ဂဇင်းတွင် သူ့စာများကို ဖတ်ရသည်။ သိပ်မကြာလိုက်ပါ။ သူ့ခြေထောက် သွေးကြောပိတ်ပြီး ခြေတဖက် ဖြတ်ရကြောင်း ကြားရသည်။ သူက အခြေအနေကို ရနံ့သစ်မဂ္ဂဇင်းတွင် "အမာရွတ် တွေကို ချုပ်ဝတ်နေရသူ" အက်ဆေးတွင် ဤသို့ ရေးသည်။
"ကျောက်စိုင်ကျောက်သားနဲ့ အသက်ရှူနေတဲ့ အသွေးအသား မှားယွင်းပြီး ထုဆစ် ဖန်ဆင်းရာကနေ လူအဖြစ် ရလာခဲ့တဲ့ ကျောက်သားတဖြစ်လဲ ဒီလူသားကို အပွင့် မပြောရက်ကြဘူး။ ဖိဖိဖုံးဖုံး စုရုံးစုရုံးနဲ့ ကျိတ်ပြီး ပူဆွေးနေကြတယ်။ မန်ကျည်းကိုင်းခြောက် ကြီးလို မည်းခြောက်ပြီး ကိုင်လို့ကိုင်မှန်းမသိတဲ့ အခြေအနေ၊ ခြေသလုံးက နှစ်ဆလောက် ဖောင်းကြွလာပြီး လေတိုးရင်တောင် နာလွန်းလို့ လျှာပြုတ်ကျလုနီးပါး အော်နေရတဲ့ နေ့တွေ၊ ညတွေ၊ သံခုတင်တွေတောင် သွေးပျက်ကုန်ကြရောပေါ့။ နံရံ၊ မျက်နှာကြက်တွေလည်း အော်ညည်းသံကြီးကို သူ့ဆီပုတ်ထုတ်လိုက်၊ ကိုယ့်ဆီပုတ်ထုတ်လိုက်နဲ့ ပြေးကွက်ကို ရှာနေကြပုံပဲ။ တချိန်တုန်းက ကျောက်သားဆိုတဲ့ ဘ၀ဟောင်း ရှိခဲ့ဖူးတာပဲ မဟုတ်လား။ ရင်သာဆိုင်လိုက်ပေတော့ ကိုယ့်လူရေ။ ဒါနဲ့ သူငယ်ချင်းတယောက်ကို ခေါ်လိုက်တယ်။ "ငါ့ကို မညာကြနဲ့တော့၊ မရတော့တာ ငါသိတယ် ငါသိတယ်၊ ဖြတ်လိုက်တော့" လို့ အဝေးကြီးဆီကို တမ်းတမ်းဆွေးဆွေးနဲ့ မှန်းမျှော်ကြည့်ရင်း ပြောချလိုက်ရတော့တယ်။"
ချိုင်းထောက်တဖက်နှင့် ဒုက္ခိတဘ၀တွင် လောကဓံရဲ့ ကျီဆယ်မှုကို သူက ပြန်ဆန်းစစ်သည်။ "ချွေးထွက်လည်း များခဲ့တာပါပဲ ဘာလို့ သွေးထွက်က များများနေရတာလဲ။ အေးလေ၊ သွားလေရာကို မိုးက ထပ်ကြပ်မကွာ လိုက်ပြီး၊ ရွာနေမှတော့ ခန္ဓာဖွဲ့စည်းမှုနဲ့ ဘ၀တည်ဆောက်ပုံမှာအလွဲလွဲအချော်ချော် ဖြစ်နေတာတွေ ရှိကောင်းရှိနိုင်တယ် " ဆိုပြီး ရေးသည်။
(သုံး)
သေချာပါတယ်။
နှင်းတွေက ကျွန်တော့်ကို တွေ့တွေ့ချင်းတော့ နေစိမ့်သူကြီးရယ်လို့
စကားနာထိုးကြမှာ၊ ပြီးရင် စာနာမှုနဲ့ ပွေ့ဖက်ကြမှာ တကယ်ပါ။
တသက်မှာ စက္ကန့်အနည်းငယ်လေးပဲ ကံကောင်းခွင့်ကြုံရ ကြုံရ
အိမ်ပြန်ချင်တယ်ဗျာ။
တကယ်လို့
ကျွန်တော် သက်ရှိထင်ရှားရှိနေသေးရင်ပေါ့လေ။
သူ့ရဲ့ "တခါပြန်ခွင့်ကြုံရနိုး" ဆိုတဲ့ အက်ဆေးကို ရွက်နုဝေမဂ္ဂဇင်းမှာ ကိုမြေနဲ့ကျွန်တော် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့စဉ်က ဖော်ပြခဲ့ဖူးသည်။ ထိုစဉ်က သူသည် သူ့မိဘများနှင့် အတူ အင်းစိန်က အိမ်မှာနေသည်။ ကျွန်တော် စာမူသွားယူတိုင်း သူ့ကို အင်းစိန်ပန်းခြံနားက ဆိုင်မှာ အမြဲတွေ့သည်။ ဆုံတိုင်း၊ စာပေအကြောင်း၊ လူတွေအကြောင်း။ လူ့အဖွဲ့အစည်းနဲ့ အဘိဓမ္မာများ၊ ခေတ်ဟောင်းပေတံများနှင့် စံနှုန်းအသစ်များအကြောင်း၊ ဗွီအက်စ်နိုင်ပေါလ် မှသည် ဗာဂျီးနီးယားဝုဖ်အထိ ပြောဆိုနေတတ်သည်။
သူက စာတွေ မနားတမ်း ဖတ်သည်။ မပြတ်စာရေးသည်။ ရေးပြီးသား စာမူများကို နီးစပ်ရာ သူငယ်ချင်းများက မဂ္ဂဇင်းဂျာနယ်တိုက်များသို့ ပို့ပေးသည်။ ဖော်ပြခံရသော စာမူများအတွက် စာမူခနှင့် စာအုပ်စာစောင်များ ထုတ်ယူပြီး သွားပို့ပေးကြသည်။ တခါတခါ အင်းစိန်မှ မြို့ထဲသို့ ချိုင်းထောက်တဖက်နှင့် လာရသည်။ ဒုက္ခိတဖြစ်နေသော သူ့ဘ၀ကို စာပေနှင့် ကုစားသည်။ ခံစားချက်တွေကိုတော့ ယစ်ရွှေရည်မှာ စိမ်တတ်သည်။ သည့်အတွက် အပေါင်းအသင်းများက မကြခဏသတိပေးမှုကို သူက အငေါ်တူးသည်။
"ကျွန်တော် အလုပ်လုပ်နေတာပဲဗျာ၊ ဘယ်သူ့ကို ထိခိုက်အောင် လုပ်နေလို့လဲ။ စာဖတ်မယ်၊ စာသင်မယ်၊ စာရေးမယ် ဒီလောက်ပဲ လုပ်နိုင်မယ်လေ။ ကျွန်တော်က ဒုက္ခိတပါ။ ခင်ဗျားတို့ရော ဘာတွေလုပ်နိုင်ကြလို့လဲ" သူပြောသမျှကို ကျွန်တော် စာနာနိုင်ပါသည်။ သူငယ်ချင်းများ၏ စေတနာအရ ပြောစရာရှိတာ ပြောကြသည်ကိုတော့ အလေးထားသင့် ကြောင်း ပြောရသည်။ သူက စိတ်အချဉ်ပေါက်ပြီး ပါးစပ်မှ မပြောပေမယ့် တကယ့်လက်တွေ့ တွင် ထိန်းသည့်အခါ ထိန်းသွားပါသည်။ သို့သော် မကြာပါ။ ယမကာသံသရာတွင် လည်ပြန်သည်။
သူ၏ လက်ရှိဘ၀မှာ ထက်မြက်သန်စွမ်းသော စိတ်ဓါတ်များကို သူ၏ချို့ငဲ့သော ခန္ဓာအိမ်အတွင်းတွင် အတင်းသွတ်သွင်း ထည့်ခံထားရသလို အခြေအနေမျိုး ဖြစ်ပါလိမ့်မည်။ သူ့ကို အခြားသူများက မပြောခင် ကိုယ့်ကိုယ်ကို သုံးသပ်ထားသော စာမျိုးတွေလည်း ရေးတတ်သေးသည်။
"အုံမှိုင်းတစ်ဆို့နေတဲ့ ၀တ်ရုံကြီး အောက်မှာပဲ ပတ်ဝန်းကျင်အသစ်ကို ချုပ်ဝတ်ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။ နေတောင် ထွက်ဖို့ ပျင်းရိရိရှိနေတဲ့ အချိန်မှာ ဘ၀တကာ ယစ်မူး ရီဝေေ၀နဲ့၊ တွေနေတဲ့ကြားမှာ ကိုယ့်အာသီသတွေကို ခဏခဏ ထားခဲ့ရတယ်။ ဘာဖြစ်လို့ အမှားအယွင်းတွေနဲ့ ယစ်မူးနေကြတာလဲလို့ သူတို့ကို မေးမြန်ခဲ့ဖူးပါတယ်။ သူတို့အဖြေ စကားအပေါ် မဲ့ပြုံးလေးတချက်နဲ့ပဲ ကိုယ့်အဆုံးအရှုံးတွေကို ပြန်ယက်ယူခဲ့ရတယ်"
ဝတ်ရုံသစ် (Fashion Image) မှ
(လေး)
"လူသားတဦးဟာ သူဖန်တီထားတဲ့ အနုပညာ လက်ရာထဲကို သူ့နှလုံသားကို ထည့်သွင်းပေးနိုင်ခဲ့တယ် ဆိုရင် စိတ်ချမ်းမြေ့ပြီး၊ ပျော်ပျော်ရွှင်ရွှင် ဖြစ်လာမယ်။ အကောင်းဆုံး အနုပညာတွေကို ဖန်တီးလာနိုင်မယ်လို့ Ralph Waldo Emerson က ပြောခဲ့ဖူးပါတယ်။ စိတ်နှလုံးသား ဖြူစင်မြင့်မြတ်မှုကလွဲလို့ ဘယ်အရာကမှ မမြင့်မြတ်ဘူးလို့ ဆိုခဲ့ပါတယ်"
သူက အမေရိကန် စာပေဆောင်းပါးတပုဒ်ကို ရေးရင်းက ရောဘတ်ဖရော့စ်ရဲ့ အနုပညာအပေါ် အယူအဆတခုကို ရွတ်ပြသည်။ သူ၏ ထူးခြားမှုမှာ လေ့လာမှု ပြုလုပ်ရာတွင် အတွင်းသဘောကို နှိုက်နှိုက်ချွတ်ချွတ် စုစည်းနိုင်မှုနှင့် သုတေသနအမြင်ရှိမှု ဖြစ်သည်။ သူမြှုပ်နှံထားသော စာပေဘ၀တွင် သူ၏ ခွန်အားတို့ကို ပုံအောအသုံးချခဲ့သည်။ တုံ့ပြန်သော အကျိုးအားဖြင့် သူ့ဘ၀တွင် ခွန်အား ဖြစ်မဖြစ်ဆိုသည်မှာ ရေရာမှု မရှိခဲ့ပါ။ သို့အတွက် သူ၏ အနီးစပ်ဆုံး အ၀န်းအ၀ိုင်းမှ နားလည်မှု များများစားစား မရှိခဲ့ပါ။ သူငယ်ချင်းများ စီစဉ်ပေးသော နေရာများတွင် လှည့်ပတ်နေ၍ စာရေးသည်။ မှော်ဘီမှာ ကျူရှင်သင်နေသတဲ့ဟု ကြားရသည်။ ထို့နောက် မြောက်ဒဂုံမှာ ကိုခင်မောင်ဇော်တို့နဲ့ နေတယ်ဟု သိရသည်။ ၀ီလျံဖော့ကနာ အက်ဆေးတွေနဲ့ ဗွီအက်စ်နိုင်ပေါလ်ရဲ့ မီဂွယ်စထရိဝတ္ထု လုံချင်းကို ဘာသာပြန်နေကြောင်း သူငယ်ချင်းများက ပြောပြကြသည်။
တရက်က သူသည် ကျွန်တော့်ဆီရောက်လာပြီး အဆောင်နေချင်တယ်ဗျာ။ အဆောင်ငှားဖို့ စီစဉ်ပေးစမ်းပါဟု ဆိုလာသည်။ သို့ဖြင့် ဆင်ရေတွင်းနားက အဆောင်တခုတွင် ငှား၍ရသည်။ ထိုစဉ်က ကျွန်တော်ဆောင်ရွက်နေသော ရုပ်ရှင်သစ္စာမဂ္ဂဇင်းအတွက် ကဗျာ၊ အက်ဆေးနှင့် ဘာသာပြန် စာမူများ ရေးပေးသည်။ သူ့ကို အမြဲအနွံအတာခံသော ကိုသီဟလတ် ယူလာပေးသော စာမူများကို ဘာသာပြန်ပေးသည်။ သူက အစားနည်း၍ အသောက်များလာသည်။ အစာမစားတော့ လူက ချုံးကျသွားသည်။ ပြိုလုလုယိုင်နဲ့နေသော အဆောင်၏ ရှုပ်ပွနေသော အခန်းကျဉ်းလေးထဲတွင် လှဲရနေရသော သူ့အခြေအနေကို သူငယ်ချင်းများနှင့်တိုင်ပင်၍ ဆေးရုံတင်လိုက်ရသည်။
ဆေးရုံတွင် ကျွန်တော်တို့၏ မိတ်ဆွေရင်း တဦးဖြစ်သော ကိုနီက မိသားစုလိုက် စောင့်ရှောက်ပေးသည်။ အပေါင်းအသင်းများက ၀ိုင်းဝန်းထောက်ပံ့ကြသည်။ သူ မဆုံးခင်ညက သူ့ခုတင်ဘေးဝယ် လူမမာမေးရင်း ကိုအုန်းကျော်၊ ကိုနီ၊ ကိုဌေးသိန်း၊ ကိုဌေးလွင်တို့နဲ့ စကားဝိုင်းဖွဲ့ ဖြစ်ကြသေးသည်။ နောက်တနေ့ မနက် ၆နာရီလောက်တွင် ကျွန်တော်အိမ်သို့ ကိုခင်မောင်စန်းရောက်လာပြီး မနက် ၄နာရီ ၄၅မိနစ်လောက်က သူဆုံးသွားတယ်လို့ ကိုမိုး ဖုန်းဆက်ကြောင်းပြောသည်။ ထိုနေ့မှာ ၂၀၀၄ ဇူလိုင် ၇ ရက် ဖြစ်သည်။ သို့နှင့် ကျွန်တော် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ အပြေးသွားသည်။ ဆေးရုံရှေ့ လက်ဘက်ရည်ဆိုင်တွင် ကိုမိုးဝင်း၊ ကိုနီ၊ ကိုဌေးသိန်း၊ ကိုဌေးလွင်၊ ကိုလင်း၊ ကိုအုန်းကျော် တို့ကို တွေ့ရသည်။ သူတို့က စီစဉ်စရာရှိသည်များကို စီစဉ်ထားကြသည်။ နာရေးအသင်းကို အကူအညီ တောင်းထား ကြောင်း၊ နေ့လည် ၁၂ နာရီ ရေဝေးတွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း၊ သူ့မိသားစုမှ မင်းတို့ သူငယ်ချင်းတွေ အစီအစဉ်နဲ့ ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ကြားရသည်။ သို့ဖြင့် ဈာပနကိစ္စအတွက် နာရေးကူညီမှုအသင်းမှ အမကြီး မသန်းမြင့်အောင်၏ ကူညီပုံမှာ ထိရောက်မှု ရှိလှပါသည်။
ရေဝေးတွင် မီးသင်္ဂြိုဟ်ခါနီး အသုဘရှင်ရဲ့ လက်မှတ်ထိုးပေးပါလို့ လာပြောတော့ ကျွန်တော်တို့ သူငယ်ချင်းတသိုက် ကြောင်နေကြသည်။ မသန်းမြင့်အောင်က "ပေး-ပေး ကျွန်မလက်မှတ်ထိုးပေးမယ်၊ သူက ကျွန်မ မောင်လေးလေ" ဟုဆိုပြီး ပြောပြောဆိုဆိုနှင့် လက်မှတ်ထိုးပေးလိုက်သည်။ သြော်- မောင်လေးတဲ့လားအစ်မရယ်၊ အစ်မကြီး မသန်းမြင့်အောင်၏ "ကျွန်မမောင်လေး" ဆိုသော စကားလုံး၏ အနက်များစွာထဲတွင် နက်ရှိုင်းသော လောကအမြင်ကို ကျွန်တော် ထိတွေ့မိခဲ့ပါသည်။
(ငါး)
ထိုနေ့က ဇူလိုင်၏ မိုးရေစက်တို့ ခန်းခြောက်နေခဲ့သည်။ ကျွန်တော်တို့၏ မျက်ရည်များ သာ ရင်ထဲ၌ စိုစွတ်နေခဲ့ပါသည်။ မအူကုန်းထိပ်သို့ စက်ရုံလမ်းအတိုင်း လျှောက်လာရင်း ရှင်အာဒိစ္စ၀ံသ ကျောင်းတိုက်တွင်းသို့ ကွေ့ဝင်လိုက်သည်။ သာသန၀ိဇယုတ္တရသိမ်တော်ကြီး ရှေ့တွင် သစ်သားဘုတ် ခပ်မဲမဲပေါ်တွင် မြေဖြူဖြင့် ရေးထားသော သူ၏အမည်ကို တွေ့ရသည်။
ဦးမျိုးသန်း(ခ)ဂျပ်ကြီး(ခ)ခွန်းခ (၁၉၅၉-၂၀၀၄)
၏ ရက်လည်ဆွမ်းသွတ်တရားနာ။
သူငယ်ချင်းတသိုက်စုစည်းပြီး သူ့အတွက် ကုသိုလ်ပြု အမျှဝေကြသည်။ ရော့-ရော့ ကိုထွန်းဝင်းငြိမ်းရေ၊ ကိုဂျပ်ကြီးအတွက် ဘုန်းကြီးတတ်နိုင်သလောက် ကူညီတာဟု နောက်ထဲ ခေါ်ပြီး အသာကပ်၍ ပိုက်ဆံပေးသည်။ ဆရာတော်၏ သံယောဇဉ်က ကျွန်တော်တို့ တဦးနှင့်တဦး မပြောဘဲသိသော ဘာသာဗေဒတခုအလား စီးဆင်းခဲ့ပါသည်။
ထို့အတူ ကျွန်တော်တို့သည် မပြောဘဲသိသော ဘာသာဗေဒဖြင့် ခရီးနှင်ခဲ့ကြပါသည်။ ကျွန်တော်တို့၏ ခရီးရှည်သည် မျက်ရည်နှင့် အိပ်မက်အကြားမှ တံတားတခုလည်း မည်ပါသည်။ လူတိုင်းလိုလိုတွင် ခရီးများစွာ ရှိခဲ့ဖူးပါလိမ့်မည်။ ထိုခရီးများထဲတွင် ဘ၀ခရီးသည် အရှည်လျားဆုံး ဖြစ်ပါလိမ့်မည်။ သို့အတွက် ကျွန်တော်တို့၏ခရီးမှာ ဘ၀ပေါင်းများစွာ၏ အိပ်မက်ရှည်ကြီးတခုပင် ဖြစ်ပါတော့သည်။
သူသည် ထိုခရီးနှင့်အတူ သွားခဲ့သည်။ ထိုခရီး၌ သူ့ဘ၀ကို အဆုံးသတ်ခဲ့သည်။ သူ၏ ကလောင်အမည်ကို "ခွန်းခ" ဟု ယူခဲ့ခြင်းက ထိုခရီးကို လှစ်ပြသူ ဖြစ်ချင်သည်။ စကားတခွန်း၊ နှစ်ခွန်း စသော "ခွန်း" နှင့် သူ့ဇာတိမြေ ခါကာဘိုရာဇီအရပ်မှ မြစ်ကိုခေါ်သောစကား "ခ" ကို ယူ၍ "ခွန်းခ" သို့မဟုတ် မြစ်ရဲ့စကားဟု အဓိပ္ပါယ်ရစေသည်။
မြစ်တို့သည် စီးဆင်းမြဲ စီးဆင်းနေကြ၏။
ထိုမြစ်၏ စကားမှာလည်း မြစ်၏ရာဇ၀င်ကို သိရာ၏။
စီးဆင်းမှုကို နားလည်ရာ၏။
ပြောင်းလဲခြင်းကို မွေ့လျော်တတ်ရာ၏။
ရောဘတ်ဖရော့စ်ပြောသလိုပင် ကျွန်တော်တို့သည် "မအိပ်ခင် မိုင်ပေါင်းများစွာ သွားရဦးမည်" မဟုတ်ပါလော။
ထွန်းဝင်းငြိမ်း။
(၇-၇-၂၀၀၆)
{ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ်(၇)၊ စက်တင်ဘာ ၂၀၀၆ က ကူးယူဖော်ပြပါတယ်။ မာယာမဂ္ဂဇင်းမှာ ဖော်ပြပြီးဖြစ်တဲ့ မောင်အေးဝင်း ရဲ့ "မပို့လိုက်ရအသုဘ (၂)။ မျိုးသန်း သို့မဟုတ် ဂျပ်ကြီး (၁၉၅၉-၂၀၀၄)" ဆောင်းပါးနဲ့ ဆက်စပ် ဖတ်ရှုနိုင်ပါကြောင်း။}

No comments:
Post a Comment