အကြိမ်အခါ များစွာပါပဲ၊ မမြင်တွေ့ရတော့တဲ့၊ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့၊ ပျက်စီးသွားတဲ့၊ လွင့်ပါးဝေးကွာသွားတဲ့၊ လုံးလုံးလျားလျား အစအစကို ရှာမရတော့တဲ့ ဖြစ်အင်တွေ၊ လူတွေ၊ ဖြတ်သန်းမှုတွေ၊ အဆောက်အဦတွေ၊ သံယောဇဉ်တွေကို တမ်းတသသနဲ့ ဆွေးလျနေမိသေးတော့တယ်။
ငယ်ငယ်တုန်းကဆိုရင် အင်းစိန်စော်ဘွားကြီးကုန်းကနေ ဈေးအထိ သုံးဘီးကား လိမ္မော်ရောင်လေးတွေ ကို တမတ်ကြီးတောင် ပေးစီးခဲ့ရတာ။ ခုခါတွေလို တက္ကစီကားကို ထောင်နဲ့ချီပြီး ငှားစီးနေရပေမယ့် အဲသည့် သုံးဘီးကားပေါ်မှာ ရရှိလာတဲ့ ရသဟာ ခုထိ မြိန်ရည်ယှက်ရည် ရှိနေဆဲပါပဲလေ။ သူတို့လေးတွေလည်း မြို့တော်ကြီးရဲ့ အရာချခြင်းကို ခံရပြီ။ ခုဆို ဘယ်အရပ်ဌာနေမှာ ခိုကပ်ပြေးဆွဲနေကြမလဲ မသိနိုင်တော့ဘူး။
ရန်ကုန်မြို့ထဲကို သွားလေတိုင်း ဗိုလ်ရှုသဘင်ရှေ့က ခြင်္သေ့နှစ်ကောင်ကို အရမ်းကို သဘောကျခဲ့တာ။ ခုတော့ သူတို့ခမျာလည်း ဘယ်မှာ နားစက်နေကြပြီလဲ မသိ။
သည် ဆယ်နှစ်အတွင်းမှာပဲ အဖေပိုင်တဲ့ အိမ်တလုံးရယ်၊ အမေ့ရဲ့ စိန်နားကပ်တရံ၊ စိန်ဘယက်တခု၊ ရွှေလက်ကောက် ငါးကွင်း၊ ကျောက်စိမ်းလုံးချော လက်စွပ်တကွင်း ကုန်သွားခဲ့တယ်။ တချို့က ကျွန်တော်တို့ တတွေရဲ့ ဗိုက်ထဲကိုဝင်တယ်။ တချို့က ကျောင်းစရိတ်ထဲ ၀င်သွားတယ်။
အရင်တုန်းကဆိုရင် ညနေခင်းတိုင်း မြေနီကုန်းဈေးလေးထဲမှာ ဈေးပွဲခင်းလို ပြန့်ကျဲနေတဲ့ စာအုပ်တန်းကို မ၀ယ်ဖြစ်တောင် ပြခန်းတခုလို လိုက်ကို ကြည့်နေကျ။ ခုတော့ မူးမူး၊ မမူးမူး ရှူစရာကို မရှိတော့တာ။ ဘယ်ဆီကို ရောက်ကုန်ကြသလဲလို့ အဲသည်နားက ပလက်ဖောင်းတွေကို လိုက်မေးကြည့်တော့ ရေရေရာရာ အဖြေကို မရခဲ့ပါဘူး။
မိုးဝေမဂ္ဂဇင်းဆိုတာ တချိန်တုန်းဆီက တခေတ်လောက်ကို နေရာယူခဲ့တာ။ ခုတော့ အရိပ်လည်း မမြင်ရ၊ အသံလည်း မကြားရ။ မျိုးဆက်သစ်မဂ္ဂဇင်း ဂျာနယ်တွေက ထူးကဲဒီရေလို တလိမ့်လိမ့်တက်လာနေကြပြီ။
ဟောင်းသွားတဲ့ အနှောင်းပိုင်းတွေကို ပြန်ပြန်အံချနေရတာလည်း စိတ်ရောဂါတခုလိုပါပဲ။
အရင်တုန်းက အရက်ဖြူတွေက အစိုးရကပဲ ထုတ်လုပ်တာ။ ခု ပုဂ္ဂလိကရက်ထဲ ရောက်လာတော့ သောက်သုံးသူတွေရဲ့ ပျက်စီးမှုနှုန်းထားဟာ ပိုမြန်ပြီး၊ ပိုများလာကြတယ်။
ဆရာတိုက်စိုးရဲ့ ဂျူဗလီဟောမြင်ကွင်းကို ပြန်ဖတ်ပြီး လွမ်းကြည့်မိတယ်။ ဂျူဗလီဟောက ဆရာ့ထက် အရင် ကွယ်လွန်သွားတာပါလေ။
ဇာတိမြေကို အလည်တခေါက် ပြန်ရောက်တော့၊ ဘ၀ကို ပျိုးထောင်ပေးခဲ့တဲ့ ကျောင်းတော်ကြီးကို အပြေးအလွှား သွားကြည့်ခဲ့တယ်။ နှမြောတသခြင်း အဆုံးမသတ်နိုင်ခဲ့ဘူး။ ငယ်နုစဉ်က ကျွန်တော်တို့ ကစားခဲ့တဲ့၊ ၀ိုင်းထိုင်ပြီး စကားပြောခဲ့ကြတဲ့၊ အင်မတန်ကို ကျက်သရေရှိလှတဲ့ ညောင်အိုပင်ကြီး မရှိတော့ဘူးဗျာ။ အလှတပါးကို အသေသတ်ပစ်ရက်ကြတယ်။ အဲသည့် စိမ်းညို့အုပ်ဆိုင်းနေတဲ့ ညောင်ပင်ကြီးအောက်မှာ ကျွန်တော် အချစ်တခုကို ကောက်ရပြီး၊ အချစ်တခုကို အလျော်ပေးခဲ့ရတယ်။ အရိပ်ကောင်းလွန်းလို့ အကြောင်း မလှ ရှာတာများလား မသိ။ တွေးမိလေတိုင်း တနုံ့နုံ့နဲ့ ရင်ထဲမှာ ညောင်ပင်အသစ်တွေ ထပ်ပျိုးနေမိသေး တော့တယ်။
နုပျိုစဉ်တုန်းက အိပ်မက်ပါ။ Ph.D ဘွဲ့ကြီး ရချင်ခဲ့တာ။ အိပ်မက် မက်တိုင်း တုနှိုင်းမရတဲ့ ပညာတတ်ကြီး တယောက်ကို အိပ်ရေးပျက်လောက်အောင်ကို ခြောက်ခြောက်ခြားခြား တယောက်တည်း ညမှောင်ထဲမှာ မက်မောနေမိတာ။ ဒါပေမယ့် အများတကာလို ကျွန်တော် ကျူရှင်မတက်နိုင်ခဲ့ပါဘူး။ မနက်ခင်းအိပ်ရာက နိုးထလာတဲ့အခါများဆို မျှော်လင့်ချက်ရောင်ခြည်တွေက တကယ့်ကို မဲမဲမှောင်မှောင်ပါဘဲ။ ခြောက်သွေ့နေတော့ မယ့် အနာဂတ်ကြီးတခုကို မယူမနေရ အပ်နှင်းခံရတော့မယ် ဆိုတာကို ဘယ်ဗေဒင်ဆရာတွေကမှ ကြိုတင်ပြီး မဟောခဲ့ကြပါဘူး။
ဘယ်လိုပဲ ဆန္ဒတွေ ရည်မှန်းချက်တွေ အစည်းပြေပြေ၊ သိက္ခာတချို့ကိုတော့ ကောက်ရခဲ့ဖူးပါတယ်။ ခုထိ အသွေးအသားထဲမှာ သိမ်းဆည်းထားတုန်းပါပဲ။ ကိုယ့်ရဲ့ တာဝန်ရှိမှုတွေကို ကိုယ်ကိုယ်တိုင် ပြန်ရေးကြတဲ့အခါ၊ လက်ရေးလက်သား မလှပပေမယ့် သာမန်သူတွေ ဖတ်နိုင်ရင် အသက်ရှူရကျိုး နပ်တယ်။ ခြေလှမ်းတိုင်းမှာ ပန်းတွေ ဖွေးဆွတ်နေလိမ့်မယ်။ လမ်းလျှောက်နေရတာကိုက ကျက်သရေတွေ လျမ်းပြည့်လို့။ လမ်းမကြီးတွေက ကိုယ့်ကို မ, တင်ထားပေလိမ့်ဦးမယ်။ အနေမတောင့်ပေမယ်လို့ အသေဖြောင့်မှာတော့ အသေအချာပါပဲ။
စဉ်းစားကြည့်လေ။ သိက္ခာဆိုတာ မသေဆေးမဟုတ်ပေမယ့် အိုခြင်း၊ နာခြင်းတော့ ကင်းဝေးပါတယ်။ တချို့ကျပြန်တော့ အနှီကဲ့သို့သော သိက္ခာတွေ ပျောက်ကျသွားခဲ့တယ်တဲ့။ အလုအယက် ခံလိုက်ရတယ်တဲ့။ တချို့ကတော့ ရောင်းစားလိုက်တယ်တဲ့။
အေးလေ..... ပြန်ရွေးလို့ မရတဲ့၊ ပြန်ကောက်ယူလို့ မရနိုင်တဲ့၊ ပြန်မတွေ့နိုင်တော့တဲ့ ဘ၀ပေးပစ္စည်းတွေ အတွက် သူတို့တန်ဖိုး နမော်နမဲ့ ပျောက်ကျခဲ့တာပဲ ဖြစ်မှာပါလေ။
အဖေ့ရဲ့အဖေက ကချင်တောင်တန်းတွေပေါ်မှာ မုန်းလောက်အောင်ကို နေခဲ့တာ။ အဲသည့် တောင်တန်းတနေရာမှာ တောင်ယာတူးဆွရင်း ဗုဒ္ဓဆင်းတုတော်လေးတဆူကို တူးဖော်တွေ့ရှိမိတယ်။ သည်တော့ ဗုဒ္ဓဘာသာဟာ ကချင်တောင်တန်းတွေပေါ်ကို ကာလအတန်ကြကတည်းက ရောက်ရှိနေပြီလို့ ယူဆရမလို ဖြစ်နေတယ်။
အဖေ့ရဲ့ ပြောကြားချက်တွေအရဆိုရင် ဒုတိယကမ္ဘာစစ်ရဲ့ မြစ်ကြီးနားတိုက်ပွဲဟာ ကာလအတန်ကြာ ပါတယ်။ မဟာမိတ်တွေရဲ့ လေကြောင်းဒဏ်ကြောင့် တမြို့လုံး ပြာကျနေပြီ။ ပတ်လည်မှာလဲ မီးတွေလောင်လို့။ အဖေတို့ တအိမ်လုံးပဲ ကျန်တော့တယ်တဲ့။ မနေနိုင်တော့လို့ အဲသည်ဆင်းတုတော်ကို ပိုက်ပြီး ဆင်းပြေးတော့မှ အိမ်လည်း ပြာကျသွားတော့တယ်တဲ့။ စစ်ကြီးပြီးတော့ အဲသည့် ဆင်းတုတော်ကို နှစ်ဆန်းတရက်နေ့မှာ ရေသပ္ပါယ်ပြီး နေရောင်ခံထားတုန်း ဆင်းတုတော်ထဲက ထွက်လာတဲ့ ကြုတ်ကလေးကို ကျီးကန်းက ချီသွားလေရောဗျာ၊ ပြန်မရတော့ဘူး။ ဘာတွေ ဘယ်ခေတ်က ဘယ်လိုရေးထားမှန်းလည်း မသိနိုင်ကြဘူး။ မကြာခင်ပဲ ကုလားဘုန်းကြီးလိုလို၊ ဆာဒူးကြီးလိုလိုတယောက်က ဆင်းတုတော်ကို ခိုးပြေးတာ မနည်းကြီးကို လိုက်ရှာဖမ်းပြီး ပြန်ယူရတာ။ ဒါပေမယ့် အဖေတို့ အမွေခွဲကြတော့ အဲသည့် ဆင်းတုတော် ပျောက်နေတယ်။ ဖြစ်ပုံများ.....။
ကန္တီစာချုပ်အရ စစ်တပ်ကို ပြင်ဆင်ဖွဲ့စည်းလိုက်တော့ ဗိုလ်ချုပ်အောင်ဆန်းက အဖေ့ကို ကချင်ပြည်နယ် ဖဆပလမှာပဲ တာဝန်ယူဖို့ မှာကြားပြီး၊ လမ်းတလျှောက်မှာ တာဝန်ယူစောင့်ရှောက်ပေးကြဖို့ဆိုတဲ့ သူကိုယ်တိုင် လက်မှတ်ရေးထိုး ထောက်ခံစာလေး အိမ်မှာဘောင်သွင်းပြီး ချိတ်ဆွဲထားတာ။ ခုတော့ ဘယ်ဆီရောက်မှန်း၊ ဘယ်သူခိုးသွားမှန်း မသိ။ လန်ဒန်ပြတိုက်မှာပဲ ရောက်နေရော့သလား။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ဖောက် ကားတဲ့ ပွဲစားတွေရဲ့ လက်ထဲမှာပဲ တ၀ဲလည်လည် ဖြစ်နေရော့သလား။ သမိုင်းရှိခဲ့တဲ့ အသိမှတ်ပြုခံရခြင်း တချို့ဟာလည်း အဓမ္မကျင့်ခံ၊ လုယက်ခံနေရတာပဲနော်။
ကျွန်တော့်ဘ၀ကို တစက္ကန့်ချင်း၊ တထစ်ချင်း ဆွဲတင်ခဲ့တဲ့ ဆရာဆရာမတွေကို ဦးခိုက်ကော်ရော်ခွင့် မရှိတော့တာဟာ ကျေးဇူးတရားတွေ ပြာကျသွားသလိုပါပဲ။ တမ်းတမ်းတတ မျက်ရည်ကျရုံ၊ အခါအားလျော်စွာ လွမ်းဘွဲ့တေးသီနေရုံနဲ့ သူတို့ဝိဥာဉ်တွေက ကျေနပ်နေမယ် မဟုတ်ပါဘူး။ အခါခါ ဦးခိုက်ဖို့ အချိန်တန်ပေမယ့် ဘ၀ရဲ့ ရာသီဥတုတွေ ဆုတ်ဖြဲခံခဲ့ရတယ်။ လေးစားအပ်ပါသော ချစ်လှစွာသော ကျေးဇူးရှင် ဆရာ၊ ဆရာမတို့ရေ တမလွန်ဘ၀ကနေ ကိုယ့်ရဲ့ ချစ်တပည့် လူ့တာဝန် ကျေခဲ့ပါပကောလားဆိုပြီး သာဓုသာ ခေါ်ပေးပါတော့....။
ခု.... ဘ၀ မဟောင်းသေးပေမယ့် အရွယ်တော့ နှောင်းလာပြီ။ စွန့်ခွါခဲ့ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ အရပ်ဒေသတွေ၊ တပ်မက်မှုတွေ၊ နှင်းခြုံထားတဲ့ တောအုပ်တောင်တန်းတွေ၊ သူကလေးရဲ့ အနမ်းရှိန်း မြမြလေးတွေ၊ တူမလေးတွေရဲ့ စာအံသံလေးတွေ၊ ကျောင်းဘေးက ဖြတ်ဖြတ်သွားတဲ့ မီးရထားသံတွေ၊ နှင်းငုံထားတဲ့ မြစ်ပြင်ကြီးတွေ ကျွန်တော့်ကို လွမ်းနေကြဦးတော့မှာ။
အရာအားလုံး ပျောက်ဆုံးနေသလား။ ကွယ်လွင့်ပါးလေသလား။ တွေ့တဲ့သူတိုင်းကို မေးပေးကြစမ်းပါဗျ။ အမှန်တကယ်ဆိုရရင် ကျွန်တော် လူဖြစ်နေတာ ညောင်းလွန်းလှပြီ။ ဖြစ်နိုင်ရင် ကျွန်တော့ကို ရှာဖွေပေးကြပါ...။
ခွန်းခ
No comments:
Post a Comment