သခင်နုနှင့် စာရေးဆရာအသင်း
'နာမည် ဘယ်သူလဲ'
'စာရေးဆရာအသင်း ဥက္ကဌ ဒဂုန်တာရာပါ'
သေနတ်ကိုင် စစ်သားက လက်ပြကာ ခွင့်ပြုလိုက်မှ မော်တော်ကားကို သံဆူးကြိုးဝိုင်းထဲသို့ မောင်းဝင်ရလေသည်။
'ဟော ၀င်နိုင်ပြီ တဲ့' ဟု ဒဂုန်နတ်သျှင်က ဆိုသည်။ ဇော်ဂျီ ကမူကား မရန်းပင်များဖြင့် မှိုင်းညှို့သော ၀င်ဒါမီယာဘက်သို့ ငေးကာ 'ဟော ဟိုမှာ သခင်နု ပုတီးစိပ်တဲ့ နေရာ' ဟု ပြလေသည်။ မုလေးရုံ တောစ၊ ဒေါနလမ်း မြေညီ။
အိမ်ဝင်းထဲတွင် ကားများရပ်ထားသည်ကို တွေ့ရသည်။ ကက်ဘိနက် အစည်းအဝေးရှိသဖြင့် ဧည့်ခန်းတွင် ထိုင်စောင့်နေကြရသည်။
ဧည့်ခန်းမှာ ရိုးရိုးကလေးဖြစ်သည်။ အဆန်းအပြားမရှိ။ လွတ်လပ်ရေးကျောက်တိုင် ဓါတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံမှာ ပုံကြီးဖြစ်၍ ပေါ်ထင်သည်။ အခြား ၀ါဒဖြန့်ချိရေးဌာနမှ ကားများ။ တထောင့်တွင် မြန်မာမှုလက်ရာ စဥ့်အတတ်ပညာဖြင့် လုပ်ထားသော ပန်းစိုက်အိုးကြီး။
အတန်ကြာသောအခါ ကော်ဖီ လာချသည်။ သာမန်အိမ်များတွင် တွေ့နေကျ သာမန် လက်ဖက်ရည် ပန်းကန်အပြာ။ ဂျာနယ်ကျော်မမလေး မူကား သကြားပါသဖြင့် မသောက်ပေ။
လေတိုက်သဖြင့် ပန်းပွင့်ခန်းဆီးသည် ဖောင်းကာ ရွက်တိုက်နေသည်။ မကြာမီ အပါးတော်မြဲက 'အပေါ်ထပ်ကို ကြွပါတဲ့' ဟု လာပြောသည်။ ဒါနှင့် အပေါ်သို့ တက်ကြသည်။
သခင်နုက 'အစည်းအ၀းတွေက ဆက်နေတာ။ တော်တော်များ စောင့်နေရသလား' ဟုဆိုကာ ကျွန်တော်တို့အား နှုတ်ဆက်လေသည်။
သခင်နု၏ နှုတ်ဆက်သောအကြည့်ကို တုန့်ပြန်ခံယူ၍ မရအောင် ဖြစ်နေသည်။ သည်အတွက်မူ လှိုက်ဖိုခြင်း မဖြစ်မိ။ သခင်နုကို ၁၉၄၆ ခုနှစ် ကုန်လောက်က တာရာမဂ္ဂဇင်းတွင် ဆောင်းပါး တောင်းစဉ်က မြန်မာ့အလင်းသတင်းတိုက်တွင် နောက်ဆုံးတွေ့ခဲ့၏။ 'ကျွန်တော်တို့က စာပေ၀ါသနာပါတယ် ဆိုပေမယ့် မီးလောင်နေတာတွေ့တော့ မီးကို ၀င်ငြိမ်းရသေးတယ်' ဟု သူက ပြောခဲ့သည်။
သည့်နောက် တခါမျှ သူနှင့်မတွေ့။ တွေ့စရာလည်း အကြောင်းမရှိ။
ယခု တွေ့ရသောအခါ များစွာပြောင်းလဲနေသည်ကို မြင်ရ၏။ ယခင်ကမူ တဦးစီကို တဦးစီကို နှုတ်ဆက်သော အကြည့်ရှိ၏။ ထိုအကြည့်မှာ ကြည်နူးစရာ။ ယခုမူ အားလုံးကို မှေးကာ ကြည့်၏။ အသေးစိပ် မြင်ဟန်မရှိ။ အားလုံးကို တခါတည်းခြုံ၍ ကြည့်၏။ ထိုအကြည့်မှ သဘင် ဆံနေပေသည်။
ထို့ကြောင့် သူ၏ မှေးသောအကြည့်ကို ခံယူရာ၌ ဖိုလှိုက်ခြင်း မဖြစ်မိ။ စွဲလမ်းသော ကချေသည်တဦးက ဇာတ်ခုံပေါ်မှ ပရိသတ်ကို ကြည့်သော အကြည့်ကို ခံယူရသည့် အခါမျိုး ဖြစ်၏။ အကယ်၍သာ အိမ်တအိမ်၌ ထိုစွဲလမ်းသော ကခြေသည်ကို ဆုံတွေ့ရချေက ဖိုလှိုက်မိပေမည်။ ရင်ခုန်မိပေမည်။ ဤ ဖိုလှိုက်ခြင်း ရင်ခုန်ခြင်းက ကြည်နူးစရာ။
ထိုသို့ ပြောင်းလည်းလာသည်ကို နားလည်နိုင်ပါ၏။ သခင်နုသည် ၄ နှစ်အတွင်း မုန်တိုင်းထဲက သစ်ရွက်လို လွင့်မျောနေရှာသည်။ စဉ် မကျသွားအောင် တွယ်ကပ်ထားရ၏။ ပရိသတ်များကို တိုးဝှေ့ကာ ရှင်းရ၏။ ထို့ကြောင့် ပရိသတ်အားလုံးကို ဇာတ်ခုံပေါ်မှ ကြည့်သော မှေးကြောင်ကြောင် အကြည့်ကို ရရှိလာဟန် တူ၏။
ထိုသို့ မှေးကြောင်သော အကြည့်ဖြင့် ကြည့်ကာ စကားပြောနေသဖြင့် ဇော်ဂျီက ကျွန်တော့်ကို သခင်နု မမှတ်မိဘူးထင်ကာ 'ဒဂုန်တာရာကို သိတယ် မဟုတ်လား' ဟု ပြောရ၏။
'ဘယ်နှယ့် မသိဘဲ ရှိပါ့မလဲ။ ကောင်းကောင်းသိတာပေါ့' ဟု ပြုံးကာ ပြန်ဖြေသည်။
ထိုအပြုံးနှင့် အကြည့်မှ ကြည်နူးစရာ ကောင်းသည်။ သို့သော် လျှပ်ပြက်လိုက်ခြင်းမျှသာ။
သံဆူးကြိုးထဲမှ မီးခိုး မှိုင်း
သခင်နု၏ အကြည့်သာမဟုတ်။ ပြောသည့် စကားဝါစာ၊ လက်ဟန် အမူအရာတို့မှာ ဇာတ်သဘင် ဆံနေလေပြီ။ စင်မြင့် နိုင်ငံရေးသမားဟန် ပါနေလေပြီ။ ဤ ဟန်ပန်ဖြင့် ကရဖန် များလာသဖြင့် အမူအရာမှာ စက်ယန္တရားလို လည်နေလေပြီ။ ကျွန်တော်ကမူ ၁၉၃၆ သပိတ်က သိဖူးသည့် 'ကိုကြီးနု' သဏ္ဍာန်နှင့် နှိုင်းယှဉ် ကြည့်နေမိသည်။
ဇော်ဂျီက စတင်၍လားမသိ။ စာဆိုတော်ပွဲနေ့ကို တက်ရောက်ဖွင့်ရန် ပြောသည်။ ဂျာနယ်ကျော် မမလေးကလဲ ထပ်ပြော၏။
'မတက်နိုင်ဘူးထင်တယ်။ ဒီဇင်ဘာလ ၆ ရက်နေ့က စပြီး မန္တလေးက သင်းဘောနဲ့ ထွက်လာမှာ။ စာဆိုတော်နေ့မှာက လမ်းမှာ ရှိလိမ့်မယ်။ တိုင်း ကွန်ဖရင့်အတွက် အရေးကြီးတယ်။ နောက်ပြီး တချို့မြို့တွေမှာ သူပုန်က လွတ်စ ရှိသေးတယ်။ ဒီမြို့တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်အားပေးရမယ်'
သူ၏ လင်္ကာဝါစာမှာ ပြေပြစ်လှသည်။ ကျွန်တော်တို့က ဇွတ်ပြောကြရသော်လည်း သူ၏ အကြောင်းပြချက်တို့မှာ ခိုင်လုံသည်။ ဒါနှင့် ဘာမျှ မတတ်နိုင်။
သခင်နုက 'အခြေအနေကိုက ဒီလိုဖြစ်နေတာ။ ကျွန်တော်ကလဲ တက်ချင်ပါတယ်။ ဘယ်နှယ့်လုပ်မလဲ' ဟု ဆိုသည်။ တရာတန် လက်မှတ် ၅၀ ရောင်းပေးရန် အလွယ်တကူ တာဝန်ယူလိုက်သည်။
နောက်ဆုံး သခင်နုက စာဆိုတော်နေ့တွင် ခါတိုင်းနှစ်များလို လာရောက် မဖွင့်လှစ်နိုင်ခြင်းကို အားနာသွားသဖြင့် 'ကဲ အကြံတခုရတယ်။ ဒီလို လုပ်ပါ။ မန္တလေးကို လာလည်ဖို့ ကျွန်တော် ဖိတ်လိုက်မယ်။ ဟိုမှာ ရှိတဲ့ စာရေးဆရာတွေနဲ့ မိတ်ဆက်ကြပေါ့။ ဘယ့်နှယ်လဲ။ ကျွန်တော် အသွားအပြန် လေယာဉ်ပျံနဲ့ ပို့ပေးမယ်။ ဟိုကျတော့ တည်းဖို့ နေဖို့တော့ ခင်ဗျားတို့ပဲ ကြည့် စီစဉ်ကြပေါ့။ မန္တလေးမှာ ၃ ရက်လောက် နေကြပေါ့'
ကျွန်တော်တို့က နားထောင်နေကြသည်။
'လေယာဉ်ပျံတစီးစာဆိုရင် လူနှစ်ဆယ်လောက်တော့ လိုက်နိုင်မယ်။ အဲ စာရေးဆရာအသင်း အမှုဆောင်က ဘယ်နှစ်ယောက် ရှိသလဲ'
'ဆယ့်ခြောက်ယောက်'
သခင်နုက ပြတင်းပေါက်ဘက်ကို ငေးနေပြီးမှ
'သတင်းစာဆရာအသင်းလဲ ခေါ်ပါအုံးလေ။ အဲဒါ ဒဂုန်တာရာကပဲ တာဝန်ယူပါ။ သတင်းစာဆရာအသင်း ကို မေးပြီး မော်လမြိုင်ကအပြန် စနေနေ့ အကြောင်းပြန်ပေးပါ'
ထိုအခိုက် အောက်ထပ် မီးဖိုမှ မီးခိုးများ အပေါ်သို့ တက်လာကာ အခန်းထဲသို့ ၀င်လာသည်။ သခင်နုလည်း မီးခိုးသဖြင့် လက်နှင့် ယပ်နေရာက ထပြီး အောက်သို့ ငုံ့ကြည့်ကာ 'ကိုကြူစိန်ရေ' ဟု အပါးတော်မြဲကို လှမ်းခေါ်သည်။
'မီးခိုးတွေ လုပ်ပါအုန်း။ အပေါ်တက်နေတယ်။ မီးမခိုးအောင် လုပ်ပေးပါ'
ဇော်ဂျီက ပြုံးရယ်နေသည်။ သို့သော် မီးခိုးသည် ကျွန်တော်တို့ထံသို့ မရောက်ပေ။
'ရန်ကုန်က သံအမတ်တွေလည်း ဖိတ်မယ်။ မန္တလေးမှာလဲ နိုင်ငံရေးအားဖြင့် ဘယ်လောက် အရေးကြီးတယ် ဆိုတာ ပြရမှာပဲ။ အိုင်ဆေး နောက် ဒိပြင် ဘယ်သူတွေကို ခေါ်ရကောင်းမလဲ။ အကြံပေးပါအုံး'
ကျွန်တော်က 'ပန်းချီဆရာတွေ၊ ဂီတဆရာတွေကော' ဟု အကြံပေးသည်။ သခင်နုကား ငြိမ်သက်နေ သည်။
ထို့နောက် သခင်နုက မန္တလေးသို့ သွားရောက်မည့်အကြောင်း ပြောပြနေသည်။ 'လူထုအောင်သံ' ပြဇာတ်အကြောင်းလည်း ညှပ်ကာပြောသည်။ ရှိတ်စပီးယား၏ ပြဇာတ်ကို မြန်မာလို ပြန်၍ ကရန်လည်း ပြောသေးသည်။
နောက်တနေ့တွင် သတင်းစာဆရာအသင်း အတွင်းရေးမှူး ကိုတက်တိုးနှင့် တွေ့ကာ ပြောရာ လိုက်ပါမည်ဟု ပြော၍ သခင်နုသို့ အကြောင်းပြန်ကြားလိုက်သည်။ နှစ်ဆယ်လိုက်မည်ဆိုကာ ဆယ်ဦးစီလိုက်ရန် ကျွန်တော်က အကြံပေးသည်။
၁၄-၁၁- ၅၀ နေ့တွင် ပြန်ကြားရေး ၀န်ကြီး ဦးယော ထံမှ မန္တလေးလိုက်ရန် စာရေးဆရာအသင်းမှ ရှစ်ဦး နာမည်စာရင်း ပေးသွင်းရန် စာ ရရှိသည်။ နောက် သတင်းထောက်အသင်းပါ ပါသည်ဟု သိရသည်။ နောက် အစီအစဉ်များကို ပြန်ကြားရေးဌာနမှ လုပ်လေသည်။ ကျွန်တော်တို့ ဘာမှ မသိရတော့ပေ။
မင်္ဂလာဒုံမှ ချမ်းမြသာစည်သို့
၁၇-၁၁-၅၀။
တွန့်လိမ် ကောက်ကွေ့၍နေသော ငွေမျဉ်းကြောင်းမှာ မြစ်များပင်။ လယ်ကွင်းတို့ကား ကတ္တီပါ ကောဇော။ သစ်တောကြီးကား မှိုင်းညို့၍ နေလေသည်။ ရိုးမတောင်ပေါ်မှ မြူမင်းလွင်တို့သည် ယှက်သန်းလျက်။
နံနက်ခင်း နေရောင်ဝယ် အင်း အိုင် ချောင်းမြောင်းတို့သည် တဖိတ်ဖိတ် တောက်ပနေကြသည်မှာ ခမ်းနားလှသည်။ တိမ်တိုက်တို့သည် ရွေ့ရှားကာ မှန်ပေါက်ကို လာတိုးနေကြကုန်သည်။
မှိုင်းညို့သော တောအုပ် တောင်တန်းကြီးများကို ဖြတ်လာရလေပြီ။ ညိုမှောင်သော အရိပ်များကား သန်းလျက်။
အောက်သို့ငေးကြည့်နေသော ညိုမြအား ကျွန်တော်က လှမ်း၍ 'လင်းယုန် စခန်းရောက်ရင်ပြောပါ' ဟု နောက်သည်။
စကားလှမ်းပြောလိုက်ကြ၊ သောလုံးထုတ်လိုက်ကြ၊ လိမ္မော်သီး နွှာစားလိုက်ကြနှင့်ပင် မန္တလေးသို့ ရောက်လေပြီ။ ဘုရားပုထိုး ဖြူဖြူ လှိုင်ဂူမုခ်ဝတို့ဖြင့် ဆင်ယင်သော မန္တလေးသို့ ရောက်လေပြီ။
လေယာဉ်ပျံကွင်းတွင် ကြိုဆိုကြသော ကလောင်မိတ်ဆွေ လူအုပ်ကြီးထဲမှ လူထုကိုလှ၊ မြမျိုးလွင် စသော သူများကို လှမ်းမြင်ရသည်။
ဟာသ၀တ္ထုများကို ရေးလေ့ရှိသော စာရေးဆရာမ မာလာ မှာ ကုတ်အင်္ကျီ တိမ်မီးခိုရောင်နှင့် ဂျစ်ကားကို ကိုယ်တိုင်မောင်းကာ လာကြိုသည်။
ဖုံလွင့်သော လမ်းမတလျှောက်မှ မြို့ထဲသို့ သွားကြသည်။ ကျုံးဘေးသို့ ရောက်သောအခါ မြို့ရိုးရှေ့ရှိ မဏ္ဍပ်ကြီးများ စီရရီကို တွေ့ရသည်။
ကားမောင်းသူက 'မနေ့ကပဲ သခင်နုကထိန်ပွဲ ပြီးသွားတယ်။ သိပ်စည်တာပဲ။ နိဗ္ဗာန်ဈေးဆိုတာလည်း တိုးမပေါက်ဘူး' ဟု ပြောပြသည်။
ကျန်ရစ်ခဲ့သော ပဒေသာပင် အခွံများကို ကြည့်ခြင်းအားဖြင့် ကထိန်ပွဲမှာ မည်မျှ ကြီးကျယ်ကြောင်း သိနိုင်သည်။ သခင်နုမှာ သာသနာ့ ဒါယကာဘွဲ့ကို ခံယူရန် ကြိုးစားနေပုံရသည်။
ကျုံးကို ဖြတ်သော တံတားအသစ် ဖြူဖြူကို တွေ့ရသည်။
'ဒီတံတားက ၀န်ကြီးချုပ် လာမယ်ဆိုလို့ ချက်ချင်းလုပ်ရတာ'
'သြော် သြော်'
စိမ်းညို့သော ကျုံးလယ်၌ ရောင်ပြားတို့ဖြင့် လက်နေသော ကရ၀ိတ်ဖောင်ကြီးကို တွေ့ရပြန်သည်။
'၀န်ကြီးချုပ် ရေသဘင်ခံတာ'
'သြော် သြော်'
ထိုကရ၀ိတ်ဖောင်၌ ရွှေနားတော်သွင်းတေးကို နားထောင်သည်။ ထီးခေတ် နန်းခေတ်ကမူ ပဒေသရာဇ်မင်းကို ဖြေဖျော် ယုယခဲ့ကြ၏။ ယခုမူ ၀န်ကြီးချုပ်ကို ယုယကြသည်။ မန္တလေးကား ပဒေသရာဇ်မင်း၏ မြို့တော်ဟောင်းပေကား။
မန္တလေး ကလောင်ပေါင်းချုပ်အဖွဲ့၏ စီစဉ်ချက်အရ ဈေးချိုတော်အနီး ငပိတန်း လက်ကြားအရပ်ရှိ တိုက်တွင် တည်းခိုရလေသည်။
အမေရိကန် ၀ါဒ ဖြန့်ချိရေး
နံနက်စာကို ၀င်းလိုက် ရုပ်ရှင်ရုံတွင် စားရသည်။
ထောပတ်ထမင်း စားပြီးသောအခါ သီပေါလိမ္မော်သီး၊ ရွှေငှက်ပျော နှင့် ကာဖီကိုသောက်ရင်း ရုပ်ရှင် ကြည့်ရသည်။ လိမ္မောနံ့သင်းသင်းနှင့် ရုပ်ရှင်ပိတ်ကားပေါ်မှ ကိုးရီးယား စစ်သတင်းကို ရှုမြင်ရသည်။
ကုလသမဂ္ဂ တံဆိပ် ကပ်ထားသော အမေရိကန်ဗုံးကြဲလေယာဉ်ပျံက ဗုံးတွေ ဘယ်လောက်ကြဲချလိုက် သလဲဆိုတာကို မြင်ရသည်။ ရက်ရက်စက်စက် ကြဲချသည်။ ကိုးရီးယားလူထုမှာ မည်မျှ ပျက်စီးဆုံးပါးမည်နည်း။ မည်မျှ သေကြေ ကြမည်နည်း။
ကိုးရီးယားတွင် အမေရိကန်က မည်မျှ ရက်စက်စွာ ဗုံးကြဲချသည်ကို ပြပြီးနောက် သူတို့ အရင်းရှင်နိုင်ငံရှိ ယုဝတီ အလှပြိုင်ပွဲသတင်းကို ကြည့်ရပြန်သည်။
ကိုးရီးယားလူထုတွင် နိုင်ငံခြားစစ်တပ်တို့၏ ရက်စက်စွာ ဗုံးကြဲခြင်း၊ နှိပ်စက်ခြင်းကို ခံနေရစဉ် ဖင်ကလေး ကော့ကာ တင်ကလေးမော့ကာ ကြော့နေသော အမေရိကန်အလှပြိုင်ပွဲ သတင်းကားကို ကြည့်ရရာ ရင်ထဲက မသက်သာလှ။ ဒါနှင့် လိမ္မော်သီးကိုသာ နွှာစားနေရသည်။
ကျွန်တော်က မနေနိုင်၍ ညိုမြအား 'ဘယ်နှယ်လဲဗျ။ မန္တလေးရောက်လာလဲ ဒီအမေရိကန် ၀ါဒဖြန့်ချိရေး ကိုပဲ တွေ့နေရတာပါပဲလား။ လွတ်ကို မလွတ်ဘူးနော်' ဟု ပြောမိသည်။
ညိုမြက ထုံးစံအတိုင်း မတုန်မလှုပ်နှင့် 'အင်း ဟင်' ဟု ဆိုသည်။
ဝင်းလိုက်၏ ကျေးဇူးကြောင့် မန္တလေး အခြေအနေကို အကဲခတ်မိသည်။ မန္တလေးတွင် ဤမျှ အမေရိကန်ဝါဒဖြန့်ချိခွင့် ရနေသည်။
ရန်ကုန်တွင်ကား အမေရိကန်ဝါဒ ဖြန့်ချိရေးသည် အသွင်အမျိုးမျိုးဖြင့် ရှိသည်။ သံရုံးမှ ထုတ်သော သတင်းလွှာ၊ စာအုပ်စာတမ်းများအပြင် မဂ္ဂဇင်း၊ ဂျာနယ် ရုပ်ရှင်တို့ပါ ပါသည်။ မဂ္ဂဇင်း ဂျာနယ်များထဲတွင် ဒိုင်ဂျက်(စ်)၊ လိုက်(ဖ်)များမှာ အဆိုးရွားဆုံးပင်။ ရုပ်ရှင်မှ ကွန်မြူနစ်ဆန့်ကျင်ရေးများကို တွင်တွင် လုပ်ကြံကာ ၀ါဒ ဖြန့်ချိနေကြ၏။ ဟိုးလီးဝုဒ်ကား တို့ကား အရင်းရှင်ဘ၀ကို အပြစ်မမြင်အောင် ဖုံးဖိကာ 'နိုင်လွန်ကန့်လန့်ကာ' ဖြင့် ကွယ်ထားကြသည်။ ကိုးရီးယားတွင် အမေရိကန်က ဘယ်လောက် ဗုံးကြဲနိုင်သည်ကို ပြ၏။ သို့သော် အမေရိကန် လူမိုက်ဝါဒကိုသာ မြင်နေသည်။ မန္တလေးတွင် ဤ၀ါဒဖြန့်ကားတွေက တင်းကျမ်းပါတကား။
မန္တလေး သတင်းစာဆရာ အသင်းမှ တဆင့် သခင်နု၏ နိုင်ငံခြားသံများ ဧည့်ခံပွဲသို့ တက်ရောက်ရန် ဖိတ်စာရသည်။ သို့သော် တက်ချင်စိတ်မရှိ၍ မတက်တော့ပေ။
ယော အတွင်းဝန်၏ ရုပ်ထု
ထိုနောက် မဟာမြတ်မုနိဘုရားသို့ သွားကြ၏။ ဘုရားကြီးဈေးမှာ စည်ကားလှသည်။ မြန်မာမှု ပန်းပုလက်ရာများကို တွေ့ရ၏။ ရန်ကုန်နှင့် ကွာခြားလှသည်။ ဘယ်ကြည့်ကြည့် မြန်မာမှုကိုသာ မြင်ရသည်။ ဖိုးဝရုပ်ကအစ ဘုရား တံကဲကလေးများနှင့် ဆရာမြ၏ ပန်းချီကားအထိ မြန်မာမှုလက်ရာများကိုသာ တွေ့မြင်ရသည်။ ပန်းတွန့်တိုင်း မြန်မာဆံဆံ တွန့်ရှက်သည်။
ဂျာနယ်ကျော်မမလေးက ဘုရားကပ်ရန် နှင်းပန်းများ လိုက်ပေးသည်။ မဟာမြတ်မုနိကား ရွှေဖြင့် အိလွန်းနေသည်။
မန္တလေးသားအချို့က 'စစ်အတွင်းက ဘုရားကြီးကို အသက်နဲ့လဲပြီး ကာကွယ်ခဲ့ကြတာပဲ။ လူကလဲ တော်တော်တောင့်တယ်။ ဘယ်သူလာလာ ဒီအထဲကနေပြီး ချမှာပဲ' ဟု ပြောပြနေသည်။
ပြတိုက်ထဲတွင် ယောအတွင်းဝန်နှင့် အခြား မှူးမတ်များ၏ ရုပ်ထုများကို တွေ့ရသည်။ ဒဂုန်နတ်ရှင်က 'တော်တော်တူတယ်' ဟု မှတ်ချက်ချသည်။
ဤကဲ့သို့ ရှေးဟောင်းပစ္စည်း မြန်မာမှုများကို ထိန်းသိမ်းရာတွင် ယခုထက် ကြီးကျယ် ခမ်းနားသင့်သည်။
ရှေးမြန်မာမှုများကို စနစ်တကျ ထိန်းသိမ်းထားရမည်။ သို့မှသာ အစဉ်အလာ ယဉ်ကျေးမှု အဟောင်းမှ ထက်သန်သော ယဉ်ကျေးမှုသစ်သည် ပေါ်ထွန်းနိုင်ပေမည်။ ယခုမူ ပြီးစလွယ်သာ ထိမ်းထားဟန် တူသည်။ အကယ်၍ အမျိုးသားပြတိုက်မျိုး ကျကျနန ဖွင့်လှစ် ထားရှိလျှင် ထိန်းသိမ်းမှု၌ စနစ်ရှိပေမည်။ အမျိုးသားမှု၌ သန်စွမ်းခြင်း ရှိမှလည်း နိုင်ငံခြား လွှမ်းမိုးမှုကို ခံနိုင်မည် ဖြစ်ပေမည်။
မဟာမြတ်မုနိမှ ထွက်သောအခါ ညိုမြ နှင့် ကိုလှတို့က 'သံအမတ် ဧည့်ခံပွဲ နေ့လည်စာစားပွဲ လိုက်အုံးမလား' ဟု ခေါ်သည်။
'မလိုက်ချင်ဘူးဗျာ။ မန္တလေးတောင်ပဲ သွားမယ်'
ဘုရားနီ
မန္တလေးတောင်ခြေတွင် ဦးခန္တီ ရသေ့အလောင်းကို ဘုရားဖူးများက ပူဇော်သည်ကို တွေ့ရသည်။ ရွှေချမှန်ခေါင်းကြီးထဲ၌ ရသေ့ကြီူ၏အလောင်းကို တွေ့ရသည်။ ဆေးထိုးကာ စီရင်ထားသဖြင့် ပုံမပျက်။ သို့သော် မျက်နှာကို ရွှေချထားသည်မှာ အကြည့်ရ ဆိုးလှသည်။
ဘုရားဖူးလာသော ကလေးများ၊ မိန်းမများသည် မှန်စီရွှေချ မှန်ခေါင်းထဲရှိ အလောင်းကြီးကို ၀တ်ချနေကြသည်။ တချို့ကလည်း အထူးအဆန်းအဖြစ် လာရောက် ကြည့်ရှုကြသည်။
မန္တလေးတောင်သို့တက်သော သံစောင်းတန်း၊ သံတန်ဆောင်းကြီးများမှာ ခမ်းနားလှပါသည်။ သို့သော် နိုင်ငံခြားအရင်းရှင် သံကုမ္ပဏီများ၊ အင်္ဂတေ ကုမ္ပဏီများသည် အတော် ငွေရလိုက်ကြပေသည်။ ဟိုခေတ်က မီးရထားကုမ္ပဏီနှင့် သံကုမ္ပဏီများက ဦးခန္တီကို အတော် အရေးတယူ ရှိကြသည်ကို သွားအမှတ်ရသည်။
သံတံဆောင်း လှိုင်ဂူများ၌ အလှူ့ရှင်၏ အမည်စာရင်းများကို တွေ့ရသည်။ မြမျိုးလွင်က ဤ အမြို့မြို့ အရွာရွာမှ စာရင်းအမည်များကို ပြကာ 'ကျွန်တော့် ၀တ္ထုဇာတ်လမ်းက ဇာတ်တည်သူတွေဟာ ဒီက ရတာပေါ့' ဟု ရယ်မောကာ ပြောနေသည်။ မြမျိုးလွင် ၀တ္ထုများကို စွဲခဲ့သော ငယ်စဉ်အခါက သူ့ဝတ္ထုထဲရှိ နာမည်များကိုပင် တသသ စွဲလန်း နှစ်သက်သည်ကို သတိရမိသည်။
မန္တလေးတောင်ကို တက်ရသည်မှာ တပျော်တပါးကြီးပင်။ သို့သော် မောလှသည်။ အဆင့်ဆင့်တို့တွင် နားစရာ တန်ဆောင်များနှင့် စေတီပုထိုး။ တောင်ပေါ်မှ ဆီး၍ မြင်ရသော မန္တလေးမြို့ ရှုခင်းကား လှပသည်။ မြူတွေကြားဝယ် ရန်ကင်းတောင်ကို မြင်ရသည်။
သံလက်ရမ်းကို မှီကာ မှိုင်းညို့သော တောင်တန်းများကို ငေးကြည့်နေစဉ် ကျောင်းသားတဦးက 'သူပုန်တွေ ဒီတောထဲမှာ ရှိတာပဲ' ဟု ပြသည်။
'ဟာ ကပ်လို့ပါလား' ဟု ကျွန်တော်က အံ့သြရသည်။
ထို့နောက် တဖြည်းဖြည်းတက်ကြရင်း တောင်ထိပ်ရှိ တန်ဆောင်းသို့ ရောက်ကြသည်။ ဒဂုန်နတ်ရှင်ကား မောသည်ဆို၍ အပေါ်ထိပင် မလိုက်။ သတင်းထောက်များမှာ တဖျပ်ဖျပ် ဓါတ်ပုံ ရိုက်ကြသည်။
တောင်ထိပ် ရုပ်ပွါးတော်ဘုရားများ နီနေသည်ကို တွေ့ရ၍ မေးကြည့်ရသည်။
'ရွှေမချရသေးလို့ နီနေတာပါ။ စစ်စေးက နီနေတာ'
'ဒီနေရာက တလောကပဲ စစ်ဘက်က ပြန်ရတာ၊ အရင်ကဆိုရင် စစ်တပ်လက်ထဲမှာ၊ တောင်ပေါ် ဘယ်သူမှ မတက်ရဘူး' ဟု မန္တလေးက ကလောင်တဦးက ရှင်းပြသည်။
အခြေအနေအရ ရုပ်ပွါးတော်များပင် နီနေကြလေပြီ။ ဘုရားဖူးများသည် ငွေကြေးချောင်လည်က ရွှေတွေဝင်းနေအောင် ရွှေချချင်ကြပေမည်။ ယခုမူကား အခြေအနေအရ ရွှေပြား မခတ်နိုင်သဖြင့် ကိုယ်တော်များ မှာ စစ်စေးရောင်ဖြင့် နီနေကြပေသည်တကား။
မှန်စီရုပ် ယွင်းပျက်လေပြီ
မန္တလေးတောင်က အပြန်တွင် နန်းတော်ထဲသို့ ခန့်ခန့်ကြီးဓါတ်ပုံတိုက်ရှင် မခင်မကြီး(ပတ္တမြားခင်)က ကား ကိုယ်တိုင်မောင်းကာ လိုက်ပို့ပေးသည်။ မြို့ရိုး နန်းတော်တွင်းသို့ ၀င်ခွင့်လက်မှတ်ရှိမှ ၀င်ရသည်။ သူမထံတွင် ၀င်ခွင့်လက်မှတ်ရှိ၍ အလွယ်တကူ ၀င်ခွင့်ရပေသည်။
နန်းတော်ထဲတွင် သခင်နု တည်းနေပေသည်။ အမြောက်တပ်၊ ခြေလျင်တပ် စသော စစ်တပ်ကြီးများ လည်း နန်းတော်ထဲတွင် ရှိသည်။ စစ်သားများတင်ဆောင်ထားသော ထရပ်ကားကြီးများ ဖြတ်သွားလျက်။
၁၉၃၉ ခုက သခင်ဗဟိန်းနှင့် အတူ နန်းတော်ကို ကြည့်ဖူးသည်။ ယခု လုံးဝ မရှိတော့။ အုတ်ခုံသာ ကျန်တော့သည်။
မခင်မကြီးက 'ဟောဒါက ဗုတ်တလုပ်ရေကန်၊ ဒါက ပွဲကြည့်ဆောင်၊ ဒါက နန်းမြင်၊့ ဒါက ဗြဲတိုက်' စသည်ဖြင့် မြက်ရိုင်းတို့ဖြင့် ထူထပ်သော နေရာများကို ပြသည်။
စိတ်ထဲကမူ သိပ်မထိခိုက်လှ။ သြော် အရင်က တို့ဗမာ ရှင်ဘုရင်များ နေခဲ့တဲ့ နန်းတော်ပဲ ဟုသာ သိရပေသည်။ ဘားနဒ်ရှော၏ 'ဆီဇာနှင့် ကလီယိုပါထရာပြဇာတ်' ၌ စာကြည့်တိုက်ကြီး မီးဟုန်းဟုန်း လောင်ကာ နေသောအခါ ပညာရှိ သီရိုဒိုးတပ်စ်က 'ဘယ်နှယ်လဲဆီဇာ၊ အဟောင်းတွေ မီးလောင်စေမလို့လား' လို့ ညည်းသတဲ့။ အဲဒီတော့ ဆီဇာက 'အတိတ်ကနေ အနာဂတ်ထွက်လာမှာပေါ့။ အဟောင်း ပြာပုံထဲက အသစ်တည်ဆောက်မှာပေါ့' ဟု ပြန်ပြောလိုက်သည်။
ယခုမူကား သခင်နုသည် နန်းတော် အပျက်အစီးဘေးရှိ ဗိုလ်အိမ်များ၌ နေသည်။ ရောင်ပြားကပ် ကရ၀ိတ်ဖောင်ဖြင့် ရေသဘင်ခံသည်။ နိုင်ငံခြား သံတမန်တို့ကို ကျုံးဘေး မဏ္ဍပ်၌ ဧည့်ခံသည်။ ကထိန်ပွဲကြီးကို အကြီးအကျယ် ကျင်းပသည်။
နန်းတော် ပုံသဏ္ဍန် ကလေးများသာ ကျန်ရစ်ခဲ့သည်။ အဆောင်ဆောင် အခန်းခန်းကို ပြတိုက်ထဲ၌သာ တွေ့ရတော့သည်။
မခင်မကြီးက 'မိဖုရားဆောင်တွေက သိပ်များတာပဲ' ဟု ပြုံးကာ ပြောသည်။
မယ်ဇယ်ပင် အောက်ဝယ်
မယ်ဇယ်ပင်ကိုင်းများမှာ ယှက်ကာ အောက်သို့ ညွတ်ကွေးကျနေရာ အရိပ်အာဝါသ ကောင်းလှသည်။ မယ်ဇယ်ရွက်တို့မှာ စိမ်း၍ နေသည်။ တဖက်တွင် လယ်ကွင်းရှိသည်။ ရေစပ်မှာ နွားများ ခွေးများကို တွေ့ရသည်။
စစ်ကိုင်းတံတားမှာအပြန် အမရပူရရှိ တောင်သမန် ဦးပိန်တံတားဦး မယ်ဇယ်ပင်များအောက်ဝယ် ငှက်ပျောရွက်ခင်းကာ ထမင်းစားကြသည်မှာ မြိန်ရှက်လှသည်။
ပန်းတနော်ဦးသန့်က ဦးပိန်တံတားအကြောင်း အဘိုးကြီးတဦးအား မေးနေသည်။ စစ်ကိုင်းတံတား လောက်ပင် ရှည်လျားသည်။ သစ်သားလုံးကြီးများကို တိုင်ထူကာ မြန်မာ့ဗိသုကာ အတတ်ဖြင့် ဆောက်ထားသော တံတားကြီးပင်။ မြန်မာမင်းလက်ထက်က ထိုတံတားကြီးများကို ဆောက်ခဲ့သည်။
ယခုကား သစ်လုံးတိုင်လောက်သာ လှလှပပ မြင်ရတော့သည်။ အထူးအဆန်း လာရောက်ကြည့်ကြ သော သူများသည် တံတားပေါ်လျှောက်ကာ ကြည့်နေကြသည်။ အမယ်အိုများလည်း တံတားပေါ်မှ တဖက်သို့ လျှောက်သွားသည်ကို မြင်ရသည်။
'ဟိုဘက် တံတားအဆုံးအထိ လျှောက်ကြည့်ရအောင်' ဟု ကျွန်တော်က အဖော် လိုက်ညှိသည်။
မန္တလေးက သတင်းစာဆရာတဦးက 'မဖြစ်ဘူး၊ စိတ်မချရဘူးဗျ။ သူပုန်နယ်နဲ့ ကပ်နေတယ်' ဟု ပုခုန်းတွန့်ကာ ဆိုသည်။
အပြန်တွင် အမရပူရ ပိုး ရက္ကန်းစင်များသို့ ၀င်ကြည့်ကြသေးသည်။ ရက္ကန်းစင်တို့တွင် မြန်မာချိတ်ဆင် တို့သည် ဖိတ်ဖိတ်တောက်ကာ အရောင်အသွေးတို့သည် လှိုင်းထနေသည်။
ဈေးချိုမြို့တော်
မန္တလေးမြို့၏ ဈေးချိုကား ထင်ရှားကျော်စောသည်။ စင်စစ်အားဖြင့် မန္တလေးမြို့သည် ကုန်သည် မြို့တော်ပင်။
ရှမ်းပြည်ဘက်မှ ကုန်သွယ်ရာ လမ်းဆုံလည်း ဖြစ်သည်။ တရုတ်ပြည်ဘက်မှလည်း ကုန်များလာသည်။ အောက်အကြေဘက်မှ ကုန်များလည်း ရောက်သည်။ တရုတ် ကုလားစသော ကုန်သည်တိုက်များ တင်းကျမ်းရှိသည်။ အညာအကြေ ကုန်အရောင်းအ၀ယ် အချက်အချာဖြစ်သော ကုန်သည်မြို့တော်။ စစ်ဒဏ် ကြောင့် ပျက်စီးနေသော နေရာများတွင် ပွဲရုံတိုက်တာများ အစားရောက်နေသည်ကို တွေ့ရသည်။ ဘယ်သွားသွား အရောင်းအ၀ယ်ကိုသာ မြင်ရပေသည်။
မန္တလေး စာပေနှင့်အနုပညာ
ရှေးမြန်မာစာပေ အတ္ထုပ္ပတ္တိတွင် မန္တလေးခေတ်စာပေ ဟူ၍ ရှိသည်။ ယခုကား သီးခြားဟန်ပန်နှင့် မရှိပေ။
အမေ၊ လွတ်လပ်ရေး၊ ခေါင်းလောင်း စသော ဘာသာပြန် ၀တ္ထုများကို ရေးသော ချစ်ညို ကို တွေ့သည်။ ရောက်သည့် ညနေစောင်းတွင် ကျွန်တော်တို့ တည်းခိုသော ငပိတန်းလက်ကြားသို့ လာကာ စောင့်နေသဖြင့် တွေ့ရသည်။ တာရာတွင် ၀တ္ထုဆောင်းပါးများ ရေးသူဖြစ်၍ စာချင်းသိနေသူ ဖြစ်သည်။
'အခု ဘာတွေရေးနေသလဲ' ဟု ကျွန်တော်က မေးသည်။
'မအားပါဘူးဗျာ။ သတင်းစာနဲ့ တနေ့လုံး အချိန်ကုန်တာပါပဲ။ ညကျတော့လဲ မောလို့ မရေးနိုင်ပါဘူး' ဟု ချစ်ညိုက ညည်းသည်။ သူသည် လူထုသတင်းစာ လက်ထောက် အယ်ဒီတာ ဖြစ်သည်။
'သတင်းစာလုပ်တာ ကျွန်တော့် စာပေလုပ်ငန်းကို လက်လွှတ်ရတာပါပဲ'
သူ၏ အဖြစ်ကို ကျွန်တော် နားလည်သည်။ စာပေဆန်းသစ်မှုများ ဖန်တီးလိုလျှင် အချိန်အားရမှ ဖြစ်ပေမည်။ ကျွန်တော်က ၀တ္ထုစာအုပ်များကို ကိုယ်တိုင်ထုတ်ရန် အကြံပေးသည်။ ဂေါ်ကီ၊ လူရွှန်း စသော ပြည်သူ့စာရေးဆရာများ၏ ၀တ္ထုတို့ကို ဘာသာပြန်ရန်လည်း တိုက်တွန်းခဲ့သည်။
အခြား မန္တလေးမှ စာရေးသူများဖြစ်သော နှင်းဦး၊ ကြည်မြ စသူများကို တွေ့ရသေးသည်။ သို့သော် မိတ်ဆက်ပွဲ အစီအစဉ်မှာ ရင်းနှီးနီးကပ်စွာ တွေ့ဆုံပြောဆိုခွင့် မရ၍ လက်ပွန်းတတီး မဆုံဖြစ်ခဲ့ရပေ။ အချိန်ကလည်း မရပေ။
စစ်ကိုင်းတံတားပေါ်တွင် 'မမအုန်း၊ အမ်အေ' နှင့် တွေ့သည်။
'ဒဂုန်တာရာဆိုတာ ဘယ်သူလဲလို့ မအုံးက မေးနေတယ်' ဟု မအမာက ရယ်မောကာ ပြောသည်။ မမအုံးမှာ ပွင့်ရိုက် လည်စည်းကို ခေါင်း စည်းထားသည်။ ပြုံး၍ နှုတ်ဆက်လိုက်သည်။
မန္တလေးဟန်နှင့် ၀တ္ထုရေးသူကား မြမျိုးလွင်ပင် ဖြစ်သည်။ သူ၏ ၀တ္ထုထဲမှာလိုပင် စကားကို ဝေေ၀ဆာဆာနှင့် မန်းဆန်ဆန် ပြောသည်။
စာပေအကြောင်း စကားစပ်မိလေတိုင်း 'လေနုအေးသည် နော့နေသည်' ဟူ၍ ရွတ်ဆိုကာ ကျွန်တော့်အား နောက်သည်။ ချမ်းမြသာစည် ထမင်းစားပွဲတွင်လည်း သတင်းထောက်တဦးက 'အပြုံး၏လုလင်' ဟူ၍ နောက်သည်ကို မြမျိုးလွင်က 'အဲဒီ အဓိပ္ပါယ်ကို ဝေါဟာရသစ်တွေ ထွင်နေတဲ့ တာရာကို မေးပါ' ဟု လှမ်းတိုင် လိုက်သေးသည်။
ကျွန်တော်က သူ၏ 'တခုလပ်' ၀တ္ထုထဲမှ 'အမှောင်တို့သည် သန်းနေကြလေသည်။ တောင်တို့သည် တန်းနေကြလေ၏' ဟူသော အပိုဒ်ကို ရွတ်ဆိုပြသည်။ ငယ်စဉ်က မြမျိုးလွင်၏ ၀တ္ထုများကို အတော်စွဲခဲ့သည်။ ထိုခေတ်က သူ၏ဟန်ကို လိုက်တုသူများ ပေါ်ပေါက်ခဲ့သည်ကို အမှတ်ရမိ၏။
မေမြို့က အပြန် တလမ်းလုံး သူတို့ခေတ်က စာပေလောကအကြောင်း ပြောသည်မှာ နားထောင်၍ မငြီး။ မြမျိုးလွင်ကို ဧည့်ခန်းဆောင်က အပျိုမကလေးများက စွဲလန်းစဉ်၊ ခေတ်ကောင်းစဉ်က ကျွန်တော်တို့မှာ စာပေ၀ါသနာပါစ ချာတိတ် ဖြစ်ပေ၏။
ဇ၀န၊ ပန်းချီ ကိုအုန်းလွင်၊ ရွှေလင်းယုန်၊ ပီမိုးနင်း စသောသူများအကြောင်း ပြောပြနေ၏။ သော်တာဆွေမှာ မျက်လုံးကြီးနီကာ ဂေါ်ရခါးသီးကို အစိမ်းဝါးစားရင်း အိပ်မက်ထဲမှာလို နားထောင်နေ၏။
မြမျိုးလွင်၏ စကားသံများကို ကြားရသောအခါ သူ၏၀တ္ထုများကို သွားအမှတ်ရ၏။ ယခုကား မန်းဆန်ဆန်ရေးလေ့ရှိသော မြမျိုးလွင်သည် စာပေကို ပစ်ကာ ဟံသာဝတီ ကိုယ်စားလှယ် ဖြစ်နေလေပြီ။
ကျွန်တော်က နတ်ရှင်နောင်၊ ပျို့မှာတမ်း သီချင်းများ ရေးစပ်သူ မြို့မငြိမ်းအကြောင်း မေးကြည့်သည်။ မြို့မငြိမ်းမှာ ဆန်းသစ်သော အသံများနှင့် သီချင်းစပ်နိုင်သူ ဖြစ်သည်။
'သူ့ အခြေအနေက တမျိုးဖြစ်နေတယ်။ စကားလဲ သိပ် မပြောတော့ဘူး။ ပြောရင်လဲ လောကကြီးရဲ့ ကြမ်းတမ်းခက်ထန်ပုံကို တိုင်လိမ့်မယ်' ဟု မြမျိုးလွင်က ပြောသည်။ ပြန်မည့်ညတွင် တွေ့ဖို့ စီစဉ်သေးသည်။ သို့သော် အချိန်က မရတော့ပေ။
ချမ်းမြသာစည်မှ မင်္ဂလာဒုံသို့ မှတ်တမ်း
အလိုတော်ရိ သတင်းစာများက မန္တလေးလူထုသည် သခင်နုလူထု ဖြစ်သွားပြီဟု မှန်နန်းရာဇ၀င်သစ် ရေးကြသည်။ သူတို့သည် မဏ္ဍပ်ထဲမှ ဧည့်ခံပွဲ ပရိသတ်ကို ကြည့်၍ ရေးဟန်တူသည်။ မဏ္ဍပ်များတွင်ကား မန္တလေးမှ အပြင် ရန်ကုန်မှ ထွက်ဝင်ကုန် လိုင်စင်ရသူ သူဌေးသူကြွယ်များလည်း ရှိသေးသည်။
တညနေ လမ်းမပေါ်မှ သာမန် မန္တလေးသားများနှင့် စကားပြောမိသည်။
ကျွန်တော်က 'လမ်းတွေက ဖုန်တွေ သိပ်များတာပဲနော်။ နောက်ပြီး ချိုင့်တွေကလဲ သိပ်ပေါတယ်။ လမ်းတွေက ဒီလိုပဲ ဆိုးသလား' ဟု မေးသည်။
'ဒါတောင် ၀န်ကြီးချုပ် လာမယ်ဆိုလို့ ညတွင်းချင်း ပြင်ရတာ'
'သြော် သြော်'
လမ်းလယ်တွင် ချထားသော ပဒေသာပင် အခွံများကို ကြည့်ကာ '၀န်ကြီးချုပ် ကထိန်က သိပ်စည် မှာပဲနော်'
'စည်ပါတယ်။ ပိုက်ဆံရှိသူများ ကတော့ လှူနိုင်ကြပေမပေါ့ ခင်ဗျာ။ ကျွန်တော်တို့ကတော့ တနေ့ရ တနေ့စားပါပဲ။ ထမင်း အလျဉ်မီအောင် စားရရင် ကျေနပ်တာပါပဲ'
ချမ်းမြသာစည်သို့ အသွားတွင် ကျုံးနန်းတော်ကို ဖြတ်လာရသည်။ မဏ္ဍပ်ကြီးများသည် ရေညှိ မှော်ရိပ်သန်းသော ရေပြင်ဝယ် အလှ ရှုနေကြသည်။ သို့သော် ရေညှိမှော်တို့က ယှက်သန်းနေသဖြင့် ကျုံးမှာ မကြည်လင်။
လေယဉ်ပေါ်သို့ တက်သောအခါ မန္တလေး ထိုးမုန့်နှင့် စာပုလွေ ပါလာ၏။ ချမ်းမြသာစည်မှ မင်္ဂလာဒုံသို့ အပြန် တိမ်တိုက်များကို ဖြတ်ရင်း အိပ်မက်တ၀က် မက်နေ၏။ အိပ်မက်ထဲတွင် ကရ၀ိတ်ဖောင်ကြီးသည် "အိမ်ဖြူ" ထဲသို့ ၀င်သွားလေသည်။
ဒဂုန်တာရာ။
['မန္တလေး' ရှုမ၀မဂ္ဂဇင်း၊ ၁၉၅၀ ဒီဇင်ဘာ။]
{ဒဂုန်တာရာ၏ 'ဧရာဝတီ၊ ယန်စီ၊ ဘောလ်ဂါ' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၇၂မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။}
Monday, September 28, 2009
Friday, September 25, 2009
ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်
ရေးသူ-လူထုစိန်ဝင်း
မိတ်ဆွေတယောက် အီးမေလ်နဲ့ပို့လိုက်တဲ့ မာယာဖတ်ဖို့ဆောင်းပါးကို မာယာက ကြိုက်လို့ စာဖတ်ပရိသတ်အတွက် ကူးယူဖော်ပြပေးပါတယ်။ မူရင်းဘလော့ဂါာဆရာများကို မသိရပေမယ့် ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုပါတယ်။
( ၂၀၁၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပြည်တွင်း၊ ပြည်ပမှာ ဒီမိုကရေစီ အကြောင်း၊ ရွေးကောက်ပွဲ အကြောင်း ပိုရေး၊ ပိုဆွေးနွေး လာပါတယ်။ ၈၈ မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းဖို့ ကြိုးစားခဲ့တဲ့ အချိန်ကစပြီး ဒီမိုကရေစီ လှုပ်ရှားမှုတွေ ပေါ်ခဲ့ ပါတယ်။ ပြည်တွင်း၊ ပြည်ပမှာ ဒီမိုကရေစီ အရေးအတွက် လှုပ်ရှားသူများ ပေါ်ခဲ့ပါတယ်။ အစိုးရဘက်ကလည်း သူတို့လည်း ဒီမိုကရေစီ အကောင်အထည် ဖော်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ ဆရာ လူထုစိန်ဝင်း ကတော့ ဒီမိုကရေစီ ပြောတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ ဆိုတာ ၉၆ပါးရောဂါ ပျောက်တဲ့ဆေး မဟုတ်ဘူး၊ ဒီမိုကရေစီဆိုတိုင်း ကောင်းတာ မဟုတ်ဘူး။ ဆရာ့အဆို ဗြဟ္မပါလ နိုင်ငံတော်ကြီးဆီ အရောက်လှမ်းဖို့ လုပ်ရာမှာ ဒီမိုကရေစီ အပြင် တစ်ခြား နည်းတွေလည်း ရှိသေးတယ်လို့ ပြောလာပါပြီ။ အဲဒီ အယူအဆအပေါ် ဆင်ခြင်နိုင်ဖို့ ဒီအပတ်ထုတ် Weekly Eleven ဂျာနယ်က ဆောင်းပါးကို တင်ပြ ပေးလိုက်ပါတယ်။ )
ဒီမိုကရေစီဆိုတဲ့ စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့ အချိန်ကစပြီး လူတိုင်း ပါးစပ်ဖျားမှာ သီးနေကြရုံ သာမက၊ စာနယ်ဇင်း စာမျက်နှာတွေမှာပါ အဆက်မပြတ် ဖတ်နေရပါတယ်၊ ဒါ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့ ကိစ္စ ဖြစ်တယ်။
မစားရ၀ခမန်း
ဒီမိုကရေစီ အကြောင်း ၀မ်းသာအားရ ပြောကြ ရေးကြရင်းနဲ့ အရှိန်လွန်ပြီး ဒီမိုကရေစီ ဆိုတာ 'မဟာသြသဓ' နတ်ဆေးကြီး သဖွယ် ရောဂါအားလုံးကို ကုစားနိုင်တယ်၊ ဒီမိုကရေစီ နိုင်ငံဆိုတာ အရာအားလုံး ပြီးပြည့်စုံတဲ့ 'ရွှေပြည်တော်ကြီး' ဖြစ်တယ်၊ ဒီမိုကရေစီမှ တစ်ပါး အခြားမရှိပြီ ဆိုတဲ့ ပြောဆို ရေးသားချက်တွေ ကိုလည်း အများကြီး တွေ့နေ ရပါတယ်၊ ဒီမိုကရေစီ ဆိုတာ ကိုယ်တွေ့ မကြုံဘူးသူ များက 'မစားရ ဝခမန်း' ပြောဆို ရေးသားချက် တွေကို အဟုတ်ကြီး ထင်ပြီး နောင် နဖူးတွေ့ ဒူးတွေ့ ရတဲ့ အခါကျမှ ထင်တာနဲ့ မြင်တာ 'ပါစင်အောင်' လွဲနေတာတွေ တွေ့ရရင် အကြီးအကျယ် စိတ်ပျက် သွားနိုင် ပါတယ်။ ဒါ ဆိုရင်လည်း မကောင်းပါဘူး။ 'နောက် လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ' တဲ့ အတွက် ဒိုင်းဝန်ကို ပြန်လွမ်းတာမျိုး ဖြစ်သွား ပါလိမ့်မယ်၊ ဒါကြောင့် ပြောဆို ရေသားချက်တွေ ဆင်ခြင်သင့်ကြ ပါတယ်။
မကောင်းမှုတွေ ဘယ်ကစ
ဒီမိုကရေစီ ဆိုတာ မဟာသြသဓ နတ်ဆေးကြီး ဖြစ်တယ်ဆိုရင် ဒီနေ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ မြင်တွေ့နေရတဲ့ လူမှုရေး ဖောက်ပြန် ပျက်စီးမှုတွေ၊ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင်ကြီးတွေကြား အကျင့်ပျက်မှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေ၊ နေစရာ မရှိလို့ လမ်းဘေး အိပ်ရတဲ့ သူတွေ ဘယ် ရှိနေတော့မှာလဲ၊ အခုတော့ လူ့လောကရဲ့ မကောင်းမှု မှန်သမျ အဲဒီ ဒီမိုကရေစီ နိုင်ငံကြီးတွေက စခဲ့တာလို့တောင် ပြောရမယ် ထင်ပါတယ်။ ကမ္ဘာမှာ မူးယစ်ဆေးဝါး ပြဿနာကြီး ပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ အမေရိကန်က စလိုက်တာပါ။ ဗီယက်နမ် စစ်မြေပြင်မှာ စိတ်ကြွဆေးပြားတွေ တီထွင် ထုတ်လုပ်ပြီး ဖြန့်ဝေပေးရာက အရှေ့တောင် အာရှမှာ မူးယစ်ဆေးဝါး ဈေးကွက်ကြီး ပေါ်ထွန်း လာခဲ့တာ ဖြစ်ပါတယ်၊
ကောင်းဘွိုင် ယဉ်ကျေးမှုအစ
အီရတ်က ဆက်ဒမ်ဟူစိန် ဆိုတာလည်း ပနားမားက နောရီအေးဂါး (Noriega) လိုပဲ အမေရိကန် စီအိုင်အေက မွေးထုတ် ပေးခဲ့တာ ဖြစ်တယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေ လည်း စီအိုင်အေက မွေးထုတ်ပေးခဲ့ တာပါပဲ။ သေနတ်အားကိုးနဲ့ အကြမ်းဖက် လူသတ်တဲ့ လုပ်ရပ်မှန်သမျ အမေရိ ကန်ရဲ့ ကောင်းဘွိုင်ယဉ်ကျေးမှုကစခဲ့ တာချည့်ပါ။ ရမ်ဘိုလို အာနိုးလို ရုပ်ရှင်ကား တွေကိုပဲ ကြည့်ပါ။ ဒါကြောင့် ဒီမိုကရေစီဆိုတိုင်း နတ်ဆေးကြီး မဟုတ်သလို ဒီမိုကရေစီ နိုင်ငံ ဖြစ်တိုင်း သာယာ ရွှေပြည် နိုင်ငံကြီး မဟုတ်ဘူး ဆိုတာ သိထားဖို့ လိုပါတယ်။
လူသားများရဲ့ မျှော်လင့်ချက်
တကယ် ဒီမိုကရေစီ ဆိုတာ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ ပန်းတိုင်ကို သွားတဲ့ နည်းလမ်းတွေ ထဲက နည်းလမ်းတစ်ခုသာ ဖြစ်တယ်။ လူသားများ မျှော်လင့်ချက် ပန်းတိုင်က စစ်ပွဲကြီးတွေ မရှိ ပကတိ ငြိမ်းချမ်း သာယာတဲ့၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေ ကင်းစင်ပြီး ဗြဟ္မစိုရ် တရားတွေ ထွန်းကားတဲ့၊ ချမ်းသာသူတွေက ဆင်းရဲသူတွေ အပေါ် ခေါင်းပုံဖြတ်ပြီး သွေးစုပ် ခြယ်လှယ်မှု ကင်းတဲ့၊ အဓမ္မ ၀ါဒ မှန်သမျှ ချုပ်ငြိမ်းချမ်းပြီး ဓမ္မတရား ထွန်းကားတဲ့၊ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို လူသားတိုင်း အညီအမျှ ခံစားခွင့်ရရှိ ပြီး၊ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိတဲ့၊ သဘာဝ တရားက လူသားတိုင်း အတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး မှန်သမျှကို လူသားတိုင်း အယုတ်အလတ် အမြတ်မရွေး လွတ်လပ်စွာ ရရှိခံစားနိုင်တဲ့ လူသားတိုင်းရဲ့ အမွန်အမြတ် ထားကြတဲ့ လူ့တန်ဖိုးများကို လူသားတိုင်း စောင့်စည်း ရိုသေ ထိန်းသိမ်းတဲ့ လူ့ အဖွဲ့အစည်းမျိုးမှာ နေထိုင်နိုင်ရေး ဆိုတာပဲ ဖြစ်တယ်။
ပြုတ်အောင်လုပ်လို့ ဘောနပ်စ်ရ
အခု ဖြစ်နေတာ ကတော့ စတော့ ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းကြီးတွေ ပြိုလဲသွားလို့ ကုမ္ပဏီတွေ စက်ရုံတွေ ပိတ်ကုန်ကြရပြီး၊ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြ၊ အိမ်တွေပေါ်က နှင်ချခံရလို့ လမ်းဘေးအိပ်ရ ဖြစ်နေကြတဲ့ အချိန်မှာ အစိုးရဆီက ငွေကြေး ထောက်ပံ့မှု ရဖို့ လွှတ်တော်မှာ လာရောက်တင်ပြ တောင်းဆိုတဲ့ ဘဏ် လုပ်ငန်းရှင်တွေ ကတော့ ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးတွေ စီးပြီး လွှတ်တော်ကို ရောက်လာ ကြတယ်လေ။ ဒါတင် မကသေးပါဘူး။ အစိုးရဆီက ထောက်ပံ့ ကြေးလည်း ရရော၊ အဲဒီ ဘဏ်ကြီးတွေရဲ့ စီအီးအိုတွေက သူတို့အတွက် ဘောနပ်စ် ဆိုပြီး တစ်ယောက် တစ်ယောက်ကို ဒေါ်လာ သန်းပေါင်း ၁၅၀ စီ ၂၀၀ စီ ထုတ်ယူ လိုက်ကြ တယ်လေ။ ဘဏ်ကြီး ပြုတ်သွားအောင် လုပ်တဲ့အတွက် အပိုဆု ချီးမြှင့်တယ် ဆိုတာမျိုး ကြားဖူးကြရဲ့ လား။ အဲဒါ ဒီမိုကရေစီ နိုင်ငံဆိုတဲ့ အမေရိကန် နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါ။
ဒေါ်လာ ၆ သိန်းတန်ခွေး
စက်တင်ဘာ ၁၄ ရက်ထုတ် မြန်မာ့အလင်း(အင်္ဂလိပ်) သတင်းစာ ထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ခု ပြောပါရစေဦး၊ တရုတ်ပြည် ရှန်စီး ပြည်နယ် စီအန်းလေဆိပ်ကို သန်းကြွယ် သူဌေးမ '၀မ်' ဆိုတဲ့ အမျိုးသမီးတစ်ဦး တိဘက်မတ်စတစ်မျိုး ခွေးတစ်ကောင် ၀ယ်ပြီး ရောက်လာတာကို ပြိုင်ကားနှစ်စီး ရှေ့ဆောင်တဲ့ မာစီးဒီး ကားနက်ကြီး ၃၀ နဲ့ လာကြိုဆိုကြ ပါတယ်တဲ့။ အဲဒီ သူဌေးမက တိဘက်လူမျိုးတွေ နေထိုင်ကြတဲ့ တရုတ်ပြည် မြောက်ပိုင်း 'ကျင်ဟိုင်း' ပြည်နယ် ကိုသွားပြီး ရှားပါးမျိုး ဖြစ်တဲ့ အဲဒီခွေးနက်ကို ခက်ခက်ခဲခဲ ရှာဖွေပြီး ယွမ်ငွေ လေးသန်း(ဒေါ်လာ ၆၀၀,၀၀၀)နဲ့ ၀ယ်ခဲ့တာပါ။ 'ရွှေကို တန်ဖိုး သတ်မှတ်လို့ ရတယ်၊ ဒီ တိဘက်မတ်စတစ်ခွေးမှာ တန်ဖိုး အကန့်အသတ် မရှိဘူး'လို့ သူဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး ရှားပါး တိဘက်ခွေးနက်ကို မာစီဒီး ကားကြီး ၃၀နဲ့ လာကြိုကြတာပါတဲ့။
ဒီမိုကရေစီအနှစ်သာရလား
အားလုံးသိကြတဲ့ အတိုင်းပဲ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ် နိုင်ငံကြီး ဆင်းရဲတွင်းက လွတ်အောင် မနည်းကြီး ရုန်းထွက်လာရတာ ဘာမျှ မကြာသေးပါဘူး။ ဒါတောင် လူဦးရေ အများစုကြီးဟာ လယ်ယာ လုပ်ငန်းကို မှီခိုနေရတဲ့ ဆင်းရဲသား လယ်သမား ဘ၀မှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေမှာ သူဌေးမ '၀မ်' လို သူကတော့ ခွေးတစ်ကောင်ကို ဒေါ်လာ ၆ သိန်း အကုန်ခံ ၀ယ်ရုံမက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး မာစီဒီးကားနက်ကြီး ၃၀ နဲ့ ကြိုဆိုခိုင်းတယ်ဆိုတာမျိုးကို ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဘယ်လို ပြောနိုင်မှာပါလဲ။ ဒါ ဒီမိုကရေစီပဲလို့ ပြောရင်လည်း ဘယ်လိုမှ လက်မခံနိုင် ပါဘူး။
ဗြဟ္မပါလနိုင်ငံတော်
လူသားအားလုံးရဲ့ မျှော်လင့်ချက် ပန်းတိုင်က မတရားမှု ဒုစရိုက်တွေ၊ ရက်စက် ကြမ်းကြုတ်မှုတွေ၊ လူသတ် စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ 'ဗြဟ္မပါလ နိုင်ငံတော်ကြီး' ဆီအရောက်လှမ်းဖို့ သာဖြစ်တယ်။ အဲဒီ နိုင်ငံတော်ကြီးဆီ သွားဖို့ စနစ် အမျိုးမျိုးနဲ့ နည်းလမ်း အသွယ်သွယ် ရှိတယ်။ ဒီမိုကရေစီ ဆိုတာက အဲဒီ နည်းလမ်းတွေ ထဲက တစ်ခုသာ ဖြစ်တယ်။ သူ့အပြင် တခြား နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပဲ၊ ဘယ်သူမှ ရောက်ကြသေးတာ မဟုတ်တော့ ဘယ်လမ်းက မှန်တယ်၊ ကောင်းတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။
လမ်းတွေမှအများကြီး
ဒါကိုပဲ ဒီမိုကရေစီမှတစ်ပါး အခြား မရှိလို့ ကြွေးကြော်နေတာ ကတော့ ကောင်းဘွိုင် သမ္မတနှစ်ဦး ဖြစ်တဲ့ ရော်နယ်ရေဂန်နဲ့ ဂျော့ဘုရှ်တို့ရဲ့ လေသံနဲ့ တစ်ထပ်တည်း တူနေတယ်လို့ ထင်ပါတယ်။ အမေရိကန် လုပ်တာဆို အလွန်ကောင်း၊ သိပ်ကောင်း၊ အလွန့်အလွန် ကောင်းဆိုပြီး မျက်စိမှိတ်အောင်ရင်း 'ကျေးဇူးဆပ်စာပေ'တွေ အရေးကောင်း နေသူတွေကို ပြောလိုက် ချင်ပါတယ်။ ဒီမိုကရေစီအပြင် အခြားနည်းလမ်း တွေအများကြီး ရှိနေပါတယ်။ ဒီမိုကရေစီ ဆိုတာက လူသားများရဲ့ ပန်းတိုင် ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ နောက်ဆုံးပန်းတိုင်က 'ဗြဟ္မပါလ နိုင်ငံတော် ကြီးဆီ အရောက်လှမ်းဖို့သာ ဖြစ်ပါ တယ်'။
လူထုစိန်ဝင်

Saturday, September 19, 2009
Ann Beattie တွင် ပျော်ဝင်ခြင်း
ရေးသူ- ဂျူး
ကျွန်မ၏ အရေအတွက် အလွန်နည်းပါးလှသော စာပေမိတ်ဆွေသူငယ်ချင်း လက်တဆုပ်စာထဲတွင် Ann Beattie ကို ကြိုက်သူ သုံးယောက်ရှိနေ၏။ ကျွန်မနှင့် ဆိုလျှင်တော့ လေးယောက်ပေါ့။
အမျိုးသမီး စာရေးဆရာတယောက်ကို အမျိုးသား စာရေးဆရာက တော်တော် လေးစား နှစ်သက်ဖို့ဆိုတာ ရှားပါးပေမယ့် တယောက်သော American Journalist ကတော့ Ann Beattie ၀တ္ထုတိုများကို အလွန်သဘောကျသည်။ သူ့ အကြိုက်ဆုံး ၀တ္ထုတို စာရေးဆရာတွေမှာ John Cheever, Raymond Carver နှင့် Ann Beattie ဟု ဆိုပါသည်။
ကျွန်မဖတ်သော နောက်ပိုင်းစာရေးဆရာများတွင် ကျွန်မကြိုက်နှစ်သက်သူတွေ မနည်းပေမယ့် ကျွန်မ၏စိတ်ကို ယူငင်ဆွဲပစ်နိုင်သော ၀တ္ထုတွေက နည်းပါးသည်။ ထိုဝတ္ထုတွေထဲတွင် Ann Beattie ၏၀တ္ထုတွေ ပါနေခဲ့သည်။ သူမ၏ ၀တ္ထုကို ဖတ်ရသည့်အခါ ထိုဝတ္ထုသည် ကျွန်မအတွက် ရေးသားထားသလားဟု ထင်ရလောက်အောင် ကျွန်မကို မိန်းမောစေခဲ့သည်။ သူမ၏ ဇာတ်ကောင်တွေ (မိန်းမ၊ ယောက်ျားရော) သည် ကျွန်မလိုပင် အတွေးခေါင်ကြသည်။ ခံစားမှုထဲတွင် နစ်မျောတတ်၏။ အစွဲအလန်း ကြီးတတ်ကြ၏။ အတိတ်နှင့် ပစ္စုပ္ပန်ကို ရောယှက် ပေါင်းစပ်လိုကြ၏။ ဒါတွေကြောင့်လည်း ကျွန်မသည် သူ့ဇာတ်ကောင်တွေကို ရင်းရင်းနှီးနှီး တွယ်တာနေခဲ့သည်။
Ann Beattie ကို ကျွန်မ စ၍ သိရသည်မှာ အမေရိကန်စာရေးဆရာများ၏ ၀တ္ထုတိုပေါင်းချုပ်များမှာ ပါဝင်တတ်သော တပုဒ်စ နှစ်ပုဒ်စ ၀တ္ထုတိုကလေးများ ဖြစ်သည်။ နောက်တော့ ကံအားလျော်စွာ သူမ၏ ၀တ္ထုတို ပေါင်းချုပ် စာအုပ်တအုပ် Where You'll Find Me ကို ရသည်။ ထိုဝတ္ထုတိုများကို ဖတ်ပြီးနောက် သူမသည် ကျွန်မ၏ ကိုယ်ပွါးသဖွယ် ခံစားရသည်။ နောက်ပိုင်းကျမှ သူမ၏ နာမည်ကြီးလှသော လုံးချင်းဝတ္ထု Chilly Scenes of Winter ကို ဖတ်ရပါသည်။ ထိုဝတ္ထုကို ကျွန်မသုံးလေးကြိမ် ပြန်ဖတ်မိသည်။ ဇာတ်လမ်းဇာတ်ကွက် ကောင်းလွန်းလို့ဟု မထင်စေလိုပါ။ ဇာတ်လမ်းက ဘာဆို ဘာမျှမရှိပါ။ ထိုဝတ္ထုထဲက ဇာတ်ကောင်တွေက ကျွန်မ၏ အိမ်နီးချင်း လူသားများပမာ လူပီသလှသောကြောင့် ဖြစ်ပါသည်။
Chilly Scenes of Winter ၀တ္ထုတွင် အဓိကဇာတ်ကောင် ၆-ယောက် ပါဝင်သည်။ ထို ၆- ယောက်ထဲမှ ပို၍ အဓိကကျသူ နှစ်ယောက် ရှိသည်။ Charles နှင့် Sam ဟူသော လူရွယ်နှစ်ယောက်ဖြစ်သည်။ ဇာတ်ကောင် အားလုံးသည် အပြင်မှာ တွေ့နေကျ၊ သာမန် လူသားများအတိုင်း ဖြစ်သည်။ ဆင်းရဲနွမ်းပါးလှသူများ မဟုတ်ကြသလို၊ ချမ်းသာကြွယ်ဝသူများလည်း မဟုတ်ကြ။ လူနေမှုစနစ်၏ ဒုက္ခထဲမှာ သူတို့ကိုယ်သူတို့ ရုန်းရင်းကန်ရင်း ဘ၀ကို မောင်းနှင်နေကြသူများ ဖြစ်သည်။
Charles က အလွန် ချစ်စရာကောင်းပြီး သူတပါးကို ကူညီတတ်သူ၊ Sam က ဘွဲ့ရ အလုပ်လက်မဲ့ (လောလောဆယ်) သူ့ခွေးကြီးကို အလွန်ချစ်ခင် တွယ်တာလျက်၊ ခွေးသေဆုံးသွားသောအခါ ရဲဘော်ရဲဘက် တယောက် ဆုံးရှုံးသလို ခံစားရသူ၊ ဘ၀မှာ နာကျင်ရသူ။ Charles ၏ မိခင် ကလော်ဒီယာက သားသမီးတို့၏ ဖခင် ကွယ်လွန်သည့်အခါ စိတ်ကျဝေဒနာ ခံစားရပြီး နောက်အိမ်ထောင်ပြုသော်လည်း ဝေဒနာကို ပျောက်အောင် မဖယ်ထုတ်နိုင်သူ၊ ကလော်ဒီယာ၏ နောက်အိမ်ထောင် ပိ(တ်) Pete သည် ကလော်ဒီယာအား ချစ်ခင်ယုယစွာ ပြုစုစောင့်ရှောက်သူ၊ မယားပါသားအား တူသားသဖွယ် ခင်မင်တွယ်တာသူ၊ သာမန်ဝန်ထမ်းတယောက်၊ ချားလ်စ် ၏ နှမ ဆူဆန်သည် တက္ကသိုလ်ကျောင်းသူ သို့သော် ဘာကိုမျှ အလေးအနက်မရှိဘဲ လမ်းစပျောက်နေသူ ဖြစ်သည်။ ချားလ်စ် နှင့် ဆူဆန် အမြင်ချင်းမတူကြ။ ဆူဆန်သည် ဒေးလ်ကာနယ်ဂျီကို မသိ။ မဖတ်ဖူးရုံမျှမက၊ မကြားဖူး။ ဆူဆန်သည် သူမ၏ ချစ်သူ (ချားလ်စ်က Gay ဟု ထင်မိသူ) အား လက်ထပ်လိုသည်။ သို့သော် သူမကစ၍ လက်ထပ်ဖို့ပြောရမှာ ခက်နေသည်။ ဆူဆန့်အကို ချားလ်စ်က "ဘာဖြစ်လဲ နင်က စပြောလိုက်ပေါ့" ဟု အကြံပေးသည်။
Charles ကိုယ်တိုင်ကလည်း အိမ်ထောင်ရေး အဆင်မပြေသည့် အိမ်ထောင်ရှိ အမျိုးသမီး Laura အား စွဲလမ်းတွယ်တာနေသည်။ သူ့အဖြစ်မှာ ရှေ့ဆက်လည်း မတိုးသာ၊ နောက်လည်း မဆုတ်သာ ဖြစ်နေသည်။
သူတို့အားလုံးသည် အမေရိကန်မြို့တော်ကြီးတမြို့တွင် နေထိုင်ရင်း လူမှုရေးဝေဒနာ၊ စီးပွါးရေးဝေဒနာ များ ခံစားနေရသူများ ဖြစ်သည်။ တခါတခါ အူကြောင်ကြောင်အတွေးများတွေးမိ၊ ပြုမူမိတတ်သည်။ တခါတရံ သူတပါးအား ကူညီကာ သူတပါး၏ဝေဒနာကို မျှဝေခံစားရင်း စိတ်လက်ကြည်နူး ချမ်းမြေ့ကြသည်။
ချားလ်စ်နှင့် ဆူဆန်၏ မိခင် ကလော်ဒီယာသည် သူမ၏ ဘ၀အချိန်အတော်များများကို ရေချိုးကြွေကန် (Bath Tub) ထဲတွင် စိမ်ရင်း ကုန်လွန်စေသည်။ သူမဘ၀၏ ချမ်းသာသုခမှာ ရေဖြည့်ထားသော ရေချိုးကြွေကန်ပဲ ဖြစ်သည်။ ကလော်ဒီယာကို ကျွန်မ နားလည် စာနာနိုင်ပါသည်။
အကယ်၍သာ ထိုဝတ္ထုကို ကျွန်မ အသက်ငယ်စဉ်က ဖတ်ရလျှင် ကလော်ဒီယာအား ယခုလောက် နားလည်မိမည် မထင်။ ယခုတော့ ကျွန်မသည် "တကိုယ်ရေ တိတ်ဆိတ်စွာ လွတ်မြောက်ရာ ရှာခြင်း" ဟူသော ဘာသာရပ်ကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီးပြီ။
ကိုယ်ရေးကိုယ်တာတွေ၊ လူမှုရေးဝန်တွေ၊ စီးပွါးရေးသောကတွေ အားလုံးကို မေ့ထားပြီး ရေ အပြည့် ဖြည့်ထားသည့် ရေချိုးကန်ထဲတွင် စိမ်နေရသည့်အရသာသည် ဘယ်လောက်ပေါ့ပါးလွတ်မြောက်လိုက်ပါသလဲ။ ပူနွေးလှသည့် ရေဆိုလျင် တကိုယ်လုံး စိတ်တင်းကျပ်မှုသာမက ကိုယ်ခန္ဓာတင်းကျပ်မှုတွေပင် လျော့သွားနိုင် သေးသည်။ ရေနွေးကန်ထဲမှာ ရေစိမ်နေရင်းက ဂီတကို နားထောင်နိုင်သေးသည်။ ဘေးနားမှုာ ခုံပုကလေးတလုံး ချပြီး ၀ိုင်ဖန်ခွက်ကလေးတင် ထားလိုက်၊ ဂီတနှင့် ၀ိုင်ကို အတူတွဲ သောက်နိုင်သေးသည်။ အစစအရာရာကို မေ့ထားလိုက်။
ကျွန်မသည် ကိုယ့်ကိုယ်ကို အားမရတိုင်း၊ ပတ်ဝန်းကျင်ကို စိတ်ပျက်တိုင်း (အခုတလော) Chilly Scense of Winter ကို ကြုံသည့် စာမျက်နှာမှ လှန်လှောကာ ဖတ်မိသည်။
ဝတ္ထုထဲက ဇာတ်ကောင်တွေသည် ရိုးစင်းစွာ တွေးပြီး သာမန်လူသားတွေအဖြစ် ရောင့်ရဲ ကျေနပ်စွာ နေကြသည်။ နောက်ဆယ်နှစ်မှာ ဘာဖြစ်ရမည်ဟူသော ရည်မှန်းချက်မရှိ။ ဒါကြောင့်လည်း သူတို့သည် ဘ၀ကို အရသာရှိရှိ မြည်းစမ်းခွင့် ရနေခြင်း ဖြစ်နိုင်သည်။ ကိုယ်အသက်ရှင်နေသမျှ ကိုယ်တတ်နိုင်သလောက် လုပ်ပေးလိုက်၊ မတတ်နိုင် သောအရာကို ခေါင်းထဲက ဖျောက်ထားလိုက်။ ဒုက္ခတွေကို အရည်ဖျော်ကာ သောက်ချလိုက်၊ မီးခိုးထဲမှာ ထည့်မှုတ်ပစ်လိုက်။ အဲဒါ သူတို့၏ ဘ၀ပဲ။
သူတို့သည် စကားကြီးစကားကျယ်တွေ မပြော။ တိုင်းပြည်အတွက်၊ လူမျိုးအတွက် ဘာညာ ဘာရည်မှန်းချက်မျှ မရှိ။ လူမှုဒုက္ခ ရေစီးကြောင်းထဲမှာ သက်သက်သာသာလေး လိုက်ကြသည်။ ကိုယ်မနိုင်သော ၀န်ကို ထမ်းပိုးမနေပဲ လွှတ်ချပစ်ခဲ့သည်။ ဘယ်လောက်များ စိတ်သက်သာလိုက်မလဲ။
သူတို့၏ နေ့စဉ်ဘ၀သည် ကျွန်မ၏ နေ့စဉ် ဘ၀လိုပါပဲ။ မျှော်လင့်ချက် အကြီးအကျယ်မရှိ၊ ထူးခြားဆန်း သစ်မှု ဘာမျှမရှိ။ သည်နေ့အတွေ့အကြုံသည် မနေ့ကအတိုင်းပဲ။ မနက်ဖြန် အတွေ့အကြုံ သည်နေ့အတိုင်းပဲ ဖြစ်သည်။
သူတို့၏ ပတ်ဝန်းကျင်သည် ကျွန်မ၏ ပတ်ဝန်းကျင်လိုပင် နှစ်ဘယ်လောက်ကြာကြာ ဘာမျှမပြောင်းလဲ သော ပတ်ဝန်းကျင်ဖြစ်သည်။ စာပေအနုပညာမှာ နစ်မျောချိန် မရှိ။ အလုပ်ကအပြန် ညစာပြင်ဆင်စားပြီးနောက် ရသမျှအချိန်ကလေးမှာ ဘီယာစတေရှင်ကလေးသွား၊ ဂီတအရသာနှင့် ဘီယာအရသာကို ခံစား။ ညဆယ်နာရီ ဆယ့်တနာရီကျတော့ အိမ်ပြန်သင့်ပြီဟု ဆုံးဖြတ်ကာ အိမ်ပြန်ကြ။ အိမ်အပြန်မှာ လမ်းမကြုံပါပဲနှင့် မိမိအချစ် ဟောင်းနေထိုင်သော တိုက်ခန်းကလေး တခုရှေ့မှာ ကားကို ဖြည်းဖြည်းလေး ဖြတ်မောင်းပြီး ချစ်သူအခန်းက မီးရောင်ကို မျှော်ကြည့်။ အိမ်ပြန်အိပ်၊ နောက်တနေ့ အလုပ်သွား၊ အဲသည် သံသရာသည် ကျွန်မနှင့် ကျွန်မ၏ အနီးက လူများ၏ သံသရာအတိုင်း ဖြစ်သည်။
သူတို့၏ အလုပ်သည် ကျွန်မတို့ အလုပ်လိုပင် ထူးခြားတိုးတက်မှု မရှိ။ မမျှော်လင့်ဘဲ ငွေရလမ်း မရှိ။ ကိုယ်အသည်းအထန် ကြိုးစားမှ စားဝတ်နေရေး ပြေလည်ရုံပဲ ရှိသည်။ အတူတူပါပဲ။
တခုပဲ ကွာခြား၏။
သူတို့က ပျော်ရွှင်သည်။
ဒါကြောင့်လည်း Chilly Scences of Winter ကို ကျွန်မကြိုက်သည်။
ဂျူး
[စာအုပ်လောက၊ ၂၀၀၀ပြည့်နှစ်၊ ဒီဇင်ဘာလမှာ ကူးယူဖော်ပြပါတယ်။]
Friday, September 18, 2009
လမ်းဘေးတက္ကသိုလ်
ရေးသူ- ဇေယျ
ကျွန်တော်တို့မှာ ကံမကောင်း အကြောင်းမလှ၍ ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းပညာအထိသာ သင်ကြားခဲ့ရပေသည်။ တက္ကသိုလ်ပညာကို မသင်ကြားခဲ့ရချေ။
ဆယ်တန်းပညာကို သင်ကြားခဲ့ရသည်မှာလည်း လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က ဖြစ်ပေသည်။ ခုနှစ်တန်းအောင်ပြီးနောက် ရှစ်တန်း ကိုးတန်းသို့ ရောက်သည်ဆိုလျှင် မြန်မာစာ၊ အင်္ဂလိပ်စာ အတော်အတန် ဖတ်တတ်လျက် ဥာဏ်လည်း အတော်အသင့် ပွင့်လာပြီဖြစ်၍ စာပေဖတ်ရှုလိုသော စိတ်ဆန္ဒများ ထက်ထက်သန်သန် ပေါ်ပေါက်လာလေသည်။
ထိုစဉ်က ကျွန်တော်တို့ နေခဲ့ရသော ပြည်မြို့မှာ ရန်ကုန်နှင့် မန္တလေးမြို့များမှ လွဲ၍ ရှေ့တန်းကျသော မြို့ကြီးတမြို့ ဖြစ်သော်လည်း လူငယ်လူလတ်များ ဖတ်ရှုရန် စာပေမူကား အလွန်ပင် နည်းပါးလေသည်။ လူအများ ဖတ်ရှုနိုင်သော စာကြည့်တိုက်ဟူ၍ တတိုက်သာရှိရာ ထိုတတိုက်တည်းမှာလည်း ဘုရာ့တကာ၊ ကျောင်းတကာ လူကြီးအနည်းငယ်မျှသာ ၀င်ထွက်ခွင့်ရ၍ ကျွန်တော်တို့ ကျောင်းသားလူငယ်များမှာ အနီးသို့ပင် ကပ်ခွင့် မရကြချေ။ ကျောင်းတွင်းရှိ စာကြည့်တိုက် ဆိုသည်မှာလည်း ဘီရိုတလုံးနှင့် ခေတ်မမီသော အင်္ဂလိပ်စာအုပ် အဟောင်းများသာ ရှိသည့်အပြင် ကျောင်းသားများ ငှားယူဖတ်ရှုခြင်းကို အားမပေးဘဲ အမြဲပိတ်ထားသဖြင့် ကျောင်းသားများ အဖို့မှာ စာကြည့်တိုက်မရှိသည်နှင့် တူနေလေသည်။ အားလပ်ချိန်တွင် ကျောင်းသားများ စုရုံးကြသော ခန်းမကြီးတွင်မူကား ရန်ကုန်ဂေဇက်၊ ရန်ကုန်တိုင်း၊ ဘားမားတိုင်း၊ ဆန်းဒေးတိုင်း စသော အစိုးရကြိုက် အင်္ဂလိပ်သတင်းစာ လေးစောင်နှင့် သူရိယမဂ္ဂဇင်းတစောင်သာ ရှိလေသည်။ အင်္ဂလိပ်သတင်းစာ များကို ကိုးတန်းဆယ်တန်း ကျောင်းသားကြီး လေးငါးယောက်သာ ဖတ်ရှုကြ၍ ကျွန်တော်တို့တသိုက်ကမူကား သူရိယမဂ္ဂဇင်းကို ကြိုက်ကြသည်။ သို့သော် မဂ္ဂဇင်းတစောင်သာရှိလျက် ဖတ်လိုသော ကျောင်းသားက သုံးလေးဆယ် ဖြစ်နေသဖြင့် သူ့ထက်ငါဦး၊ အပြင်းအထန် လုယက်နိုင်မှ ဖတ်ရလေသည်။ ကျွန်တော်မှာ နှစ်လလောက်မှ တစောင်ဖတ်ရလေသည်။
ကျောင်းတွင်း၌ ဤမျှ ဖတ်ရှုဖွယ်ရာ ရှားပါးရာ ကျောင်းပြင်မှာလည်း ပေါပေါများများ ရှိပါသလားဟု ဆိုလျှင် မရှိချေ။ အိမ်များတွင် ကြည့်လျှင် အင်္ဂလိပ်စာအုပ်ဟူ၍ တအုပ်မျှပင် မရှိတတ်ချေ။ မြန်မာစာအုပ်ဆိုလျှင်လည်း ဘုရားရှိခိုး မူဟောင်း၊ သုတသန္နိစ္စယ၊ အိပ်မက်တိတ္ထုံ၊ ကျပင်းတရားစာ စသည်များသာ သုံးလေးအုပ်မျှ ရှိတတ်ပေသည်။ အချို့ စာဖတ်သည်၊ ခေတ်မီသည်ဆိုသော အိမ်များတွင် လယ်တီဆရာတော်ဘုရားကြီး စီရင်ရေးသားသော ဒီပနီစာအုပ် တအုပ်နှစ်အုပ်မျှ ရှိတတ်လေသည်။ ကျောင်းသားအရွယ်နှင့် သင့်လျော်သော စာအုပ်မူကား မရှိသလောက် ဖြစ်လေသည်။ ကျောင်းသားအရွယ် လူငယ်များမှာ မိမိတို့ ဖတ်ရှုနားလည် စိတ်ပါဝင်စားသော ၀တ္ထုများကို ဖတ်လိုကြသည်။ ကျွန်တော်တို့ မှန်မှန်ဖတ်နိုင်သော စာအုပ်မှာ ရက်သတ္တတပတ် တကြိမ် ထုတ်ဝေသော တမတ်တန် ၀တ္ထုစာအုပ်ကလေးများ ဖြစ်လေသည်။ ၎င်းတို့မှာ ဂျာနယ်ယောင်ယောင်၊ မဂ္ဂဇင်းယောင်ယောင်၊ အဆက်နှင့်ထုတ်သော စာအုပ်မျိုး ဖြစ်၍ တပတ်လျှင် ၀တ္ထုတိုတပုဒ်နှင့် 'ဆက်ရန်ရှိသေးသည်' ၀တ္ထုရှည်တပိုင်းသာ ပါဝင်လျက် လက်တ၀ါးစာလောက် ဒီမိုင်းဆိုက်နှင့် စာမျက်နှာ လေးငါးဆယ်မျှသာ ပါရှိသဖြင့် တမနက်မျှပင် မဖတ်ရချေ။
အမှန်အားဖြင့်ဆိုလျှင် ထိုခေတ်က နယ်များ၌ နေထိုင်ရသော ကျောင်းသားလူငယ်များအတွက် စာပေရှားပါး ငတ်မွတ်သောခေတ် ဖြစ်ပေသည်။
ဤသို့ နယ်ကျောင်းတွင် စာပေ ငတ်ငတ်မွတ်မွတ် နေခဲ့ရာမှ အင်္ဂလိပ်သက္ကရာဇ် ၁၉၂၀ ပြည့်နှစ် ဆယ်တန်းစာမေးပွဲ အောင်ပြီးနောက် ရန်ကုန်သို့ လာရောက်၍ အသက်မွေးဝမ်းကျောင်းမှုအတွက် အလုပ်ကို စတင် လုပ်ကိုင်ရလေသည်။ ထိုအချိန်မှာ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွါးပြီးနောက် နှစ်နှစ်သာ ရှိပေသေးသည်။ ထိုစစ်ကြီး အတွင်း၌ မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာအတွင်း၌ ပါဝင်သော်လည်း စစ်ကြီးမှာ ဥရောပတိုက်နှင့် အာရှတိုက်အနောက်ပိုင်း တူရကီပြည်၊ မက်ဆိုပိုတေးမီးယားပြည်တို့တွင်သာ ဖြစ်ပွါး၍ မြန်မာပြည်သို့ မရောက်သည့်အပြင် စစ်ကြီးကို အကြောင်းပြု၍ ဆန်စပါး၊ ရော်ဘာ၊ ခဲမဖြူ၊ ပဲဖြူကလေး စသော မြန်မာပြည် ထွက်ကုန်ပစ္စည်းများမှာ အရောင်းရလည်း တွင်ကျယ် ဈေးကြီးကြီးလည်း ရသဖြင့် မြန်မာပြည်တလျှာက် တောရောမြို့ပါ ငွေကြေးချောင်လည် သာယာဝပြောလျက် ရှိကြလေသည်။ ကျွန်တော်တို့ ရောက်လာသောအခါ ရန်ကုန်မြို့ကြီးမှာလည်း များစွာပင် ဖွံ့ဖြိုးစည်ကားလျက် ရှိသည်။ ၁၉၂၀ ပြည့်နှစ် ရန်ကုန်မြို့မှာ ယခုရန်ကုန်မြို့နှင့် နှိုင်းယှဉ်လျင် တောမြို့ကလေးတမြို့လောက်သာ ရှိသေးသော်လည်း မီးလင်းလင်းမျှပင် မမြင်ခဲ့ရ ဖူးသော တောက လူများအတွက်မူကား နတ်ဘုံနတ်နန်းသို့ ရောက်လာသကဲ့သို့ ကြည့်၍မဆုံး၊ ပျော်၍မဆုံး၊ ကြီးကျယ်ခမ်းနား လှသော မြို့ကြီး ဖြစ်ပေသည်။
ရန်ကုန်တွင် ပထမ၀ယ်သော စာအုပ်
ရန်ကုန်မြို့သို့ရောက်လျင် ကျွန်တော်တို့မှာ အခြားအရာများထက် စာအုပ်များကို ဂရုစိုက်ကြသည်။ ထိုစဉ်က စာအုပ်ဆိုင်များမှာ ဘားလမ်းရှိ စမတ်အင်မူကာဒမ်၊ ကုန်သည်လမ်းရှိ အမေရိကန်ပုံနှိပ်တိုက်၊ ပန်းဆိုးတန်းရှိ ဖာနင်းဒက် ဟူ၍ သုံးဆိုင်သာ ရှိသည်။ ရိုးကုမ္ပဏီနှင့် ၀ှိက်တဝေးတိုက်များတွင်လည်း စာအုပ်များ ရောင်းသည်။ သို့သော် အနည်းစီသာ ဖြစ်သည့်ပြင် ၀တ္ထုစာအုပ်များသာ ဖြစ်လေသည်။ ကျွန်တော်ရေးသားခဲ့ သော 'မြတ်လေးရွှေဓါးဗိုလ်' ၀တ္ထု၏ မှီးရာဖြစ်သော 'စကားလက်ပင်ပါနယ်' ခေါ် အင်္ဂလိပ်ဝတ္ထုကို ၁၉၂၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့၊ နေ့လည် ၁၂ နာရီလောက်တွင် ရိုးကုမ္ပဏီတိုက်မှ အဖိုးငွေ ၁ ကျပ်ပေး၍ ၀ယ်ယူရရှိပေသည်။ ကျွန်တော် ရန်ကုန်တွင် ပထမဦးစွာ ၀ယ်သော စာအုပ်ဖြစ်သည်။
ဤစာအုပ်ဆိုင်ကြီးများသို့ ရောက်သွားသောအခါ ကျွန်တော်တို့မှာ မမြင်ဖူး၊ မကြားဖူးသော စာအုပ်ကြီး၊ စာအုပ်ငယ်၊ မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ် စသည်တို့ကို တွေ့မြင်ရသဖြင့် တအံ့တသြကြီး ဖြစ်နေပေသည်။ တခါတရံ ဆိုင်တွင်းသို့ ရောက်မိလျှင် တော်တော်နှင့်ပြန်၍ မထွက်နိုင်ကြချေ။ များ များ ၀ယ်နိုင်ကြသူများ မဟုတ်သော်လည်း ဆိုင်ရှင်များက သဘောကောင်းသဖြင့် ကိုင်တွယ်ကြည့်ရှုလိုသလောက် ကြည့်ရှုခွင့်ရသော ကြောင့် မကြာမကြာ သွားရောက်ကြသည်။
စာအုပ်ဟောင်းဆိုင်များ
သို့သော် ကျွန်တော်တို့ အကြိုက်ဆုံးကား ညဈေးတန်း လမ်းဘေးတွင် ချ၍ ရောင်းကြသော စာအုပ် အဟောင်းဆိုင်ကလေးများ ဖြစ်ကြသည်။ ထိုကဲ့သို့ ကြိုက်သည်မှာ အခြားကြောင့်မဟုတ်။ ထိုအချိန်က ကျွန်တော်တို့မှာ လခ ၅၀ိမျှသာ ရရှိသေးရာ စာအုပ်အတွက် တလလုံးမှ လေးငါးကျပ်လောက်သာ သုံးစွဲနိုင်ပေ သည်။ အထက်ပါ စာအုပ်ဆိုင်ကြီးများတွင် စာအုပ်သစ်များမှာ အညံ့ဆုံး၊ အပေါဆုံးပင် တအုပ် တကျပ်ကျလောက် ပေးရသည်ဖြစ်ရာ ညဈေးတန်း အဟောင်းဆိုင်ကလေးများတွင်မူကား အိပ်ထဲတမတ်လောက် ပါရှိလျှင်ပင် ကြိုက်ရာစာအုပ် နှစ်အုပ်သုံးအုပ် ရရှိနိုင်ခြင်းကြောင့် ဖြစ်လေသည်။ ၀ယ်နေကျဖြစ်၍ တခါတရံ ပိုက်ဆံမပါလျင် အကြွေးယူလည်း အလွယ်တကူ ရရှိနိုင်လေသည်။ ကျွန်တော် ရန်ကုန်တွင် အလုပ်စ၍၀င်သော ၁၉၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့ ညဦး ခြောက်နာရီခွဲလောက်တွင် စစ်ကဲမောင်ထော်လေးလမ်းထိပ် ဆိုင်ကြီးတဆိုင်ဘေးနားတွင် မှီကပ်၍ ရောင်းနေသော စာအုပ်အဟောင်းဆိုင်လေးတဆိုင်မှ မစ္စက်ဟမ်ဖရီဝပ် ရေးသော 'အိစ်လင်း' ခေါ် ခြောက်ပဲနိတန် အပါးစားဝတ္ထုစာအုပ် အဟောင်းတအုပ်၊ ချားလ်စ်ဂါဗစ် ရေးသားသော တသျှီလင်တန် အပါးစား ၀တ္ထု အဟောင်းတအုပ်၊ အင်္ဂလိပ်ကဗျာဆရာကြီး ရှဲလီရေးသားသော ကဗျာစာအုပ်တအုပ် ဤ သုံးအုပ်ကို ငါးပဲမျှနှင့် ၀ယ်ယူခဲ့လေသည်။ ('အိစ်လင်း' ၀တ္ထုမှာ ဆရာကြီးရွှေဥဒေါင်း၏ ထိုခေတ်က ပြိုင်ဘက်မရှိလောက် အောင် ထင်ရှားသော 'ရတနာပုံ' ၀တ္ထုကြီး၏ မှီးရာ ဖြစ်ပေသည်။) ချားလ်စ်ဂါးဗစ်မှာ ထိုခေတ်က အင်္ဂလန်ပြည် တွင် အချစ်ဇာတ်လမ်း ၀တ္ထုများကို ရေးသားရာ၌ တုဘက်ပြိုင်ဘက်မရှိ၊ လူကြိုက်အများဆုံး ၀တ္ထုရေးဆရာကြီး ဖြစ်သည်။ ဆရာကြီး ပီမိုးနင်း၏ လက်စွဲကြီးဖြစ်သည်။ ကျွန်တော်တို့လည်း ထိုဆရာကြီး၏ ၀တ္ထုများကို အထူးအားကိုးသည်။
ထိုစဉ်က ညဈေးတန်းတွင် စာအုပ်အဟောင်းဆိုင်များမှာ စနစ်တကျ မရှိသေးချေ။ အခြားအလုပ်မရှိ၊ အရင်းအနှီးကင်းမဲ့နေသော ဒုက္ခသည် ကျူလီယာသုံးလေးယောက် စသည်တို့၏ ရမိရရာ တပါးသူပစ်ထားသော စာအုပ်စုတ် စာအုပ်ဟောင်းလေးများကို တပဲနှစ်ပြားပေး၍ ယူခဲ့ပြီးလျှင် ဆိုင်ကြိုဆိုင်ကြား နေရာလွတ်များတွင် အခင်းမျှပင်မရှိ၊ လူသွားစင်္ကြန်ပေါ်တွင် ချ၍ ရောင်းချနေကြလေသည်။ ၎င်းတို့မှာလည်း များများမရှိ၊ မဂ္ဂဇင်းဟောင်း၊ စာအုပ်ဟောင်း အနည်းငယ်မျှသာ ရှိလေသည်။ ရောင်းသောဈေးနှုန်းမှာလည်း မေးလိုက်လျှင် နားလည်သယောင်ယောင်ပြု၍ ငါးမူးတကျပ်က စ၍ဆိုသည်။ သို့သော် 'ဟေ့ ပိုက်ဆံ မပါဘူး၊ တပဲပဲ ရှိတယ်' ပြောလျှင် တပဲမျှပင် ယူလိုက်လေသည်။
ထိုမျှမကသေး၊ အင်္ဂလိပ်စာအုပ်များတွင် တခါတရံ မြန်မာစာအုပ်များ ရောနှော၍ ပါလာတတ်လေသည်။ သက္ကရာဇ် ၁၂၅၀ လောက်မှစ၍ ခေတ်စားလျက် ကျွန်တော်တို့ ရန်ကုန်ရောက်သည့်အချိန်တွင် ကွယ်ပျောက်နေပြီ ဖြစ်သော ရှေးနံပါတ် ၈၀၊ နံပါတ် ၆၀ ဇာတ်စာအုပ်ကလေးများကို ထိုဆိုင်ကလေးများ မှာမှပင် ရရှိတတ်လေသည်။ ယင်းဆိုင်ကလေးများတွင် ရှာဖွေ ၀ယ်ယူရခြင်းဖြင့် ကျွန်တော်တို့မှ ရှေးက မကြုံဘူး မကြားဘူးသော အင်္ဂလိပ်စာအုပ်၊ မြန်မာစာအုပ်များကို ကိုယ်တတ်နိုင်သော အဖိုးနှုန်းထားဖြင့် ပေါပေါများများရှိကြ၍ ကျွန်တော်တို့မှာ ၀တ္ထုဖတ်သော အဆင့်အတန်းမှ ကဗျာ၊ ရာဇ၀င်၊ အတ္ထုပ္ပတ္တိ၊ ပြဇာတ်၊ ဘာသာဝါဒ၊ နိုင်ငံရေး စသော အမြင်ကျယ်မှု အဆင့်အတန်းသို့ တဖြည်းဖြည်း တက်ခဲ့ကြလေသည်။
သို့သော်လည်း တနှစ်လောက်ကြာသောအခါ ထိုသို့ ရတတ်တစု မြေကြီးတွင်ပုံ၍ ရောင်းသော စာအုပ်ဟောင်းကလေးများလောက်နှင့် မကျေနပ်တော့ချေ။ တနေ့သောအခါ ညဈေးတန်း ၃၄ လမ်းထိပ်ဝ၊ လမ်းအစွန်း သူတပါး၏ ဆိုင်မှ မီးရောင်ကို ခိုကပ်၍ ဗန်းကလေးနှင့် ချ၍ရောင်းနေသော မာရီကား အမည်ရှိသော ကျူလီယာကုလားကြီးတဦးနှင့် တွေ့လေသည်။ ၎င်း၏ ဗန်းကလေးထဲတွင် အင်္ဂလိပ်စာအုပ် အဟောင်းကလေး ဆယ်အုပ်လောက်သာ ရှိသည်။ ထိုဗန်းကလေးထဲမှ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ လောက်က ပုံနှိပ်သော အက်ဒ၀ပ်ဂစ်ဘွန်း ရေးသားသည့် ရောမရာဇ၀င်ကြီးပထမတွဲ တတွဲကို ပိုက်ဆံတမတ်နှင့် ရရှိခဲ့လေသည်။ ထိုစာအုပ်မှာ နာမည်ကြီးစာအုပ်ဖြစ်လျက် ကျွန်တော့်အတွက် တတိယတွဲ စသဖြင့် ရဦးမည်လားဟု ထိုကုလားကြီး၏ ဗန်းကလေးကို နေ့တိုင်း သွားကြည့်လေသည်။ သို့သော် ထိုကုလားကြီး၏ ဆိုင်မှာ တိုးတက်ခြင်း မရှိ။ တခါတရံ ဗန်းကလေးထဲတွင် စာအုပ်လေးငါးအုပ်လောက်သာ ရှိလေသည်။
ဗန်းကလေးမှ ဆိုင်တဆိုင်သို့
တနေ့သော် ကျွန်တော်က ဒီလိုရောင်းနေလို့ မဖြစ်ဘူး။ စာအုပ်များများရအောင် ရှိမှပေါ့ဟု ပြောရာ ကုလားကြီးက ဘယ်မှာရနိုင်သလဲ၊ မရှာတတ်ဘူးဟု ပြောလေသည်။ ကျွန်တော်က လက်ထဲမှာ ငွေ သုံးလေးကျပ်ဆောင်သွား၊ အင်္ဂလိပ်တွေ များများနေသည့် ယောက်လမ်း၊ လန်ကတ်စတာလမ်း၊ ပြည်လမ်း၊ ပဲခူးကလပ် စသည်တို့ကို သွား၊ နောက်ဖေးပေါက်က၀င်၊ အစေခံကုလားများထံမေး၊ အင်္ဂလိပ်များသည် မဂ္ဂဇင်းများ၊ စာအုပ်များကို ဖတ်ပြီးလျှင် စွန့်ပစ်တတ်ကြသည်။ အင်္ဂလိပ်များ စွန့်ပစ်လိုက်သော စာအုပ်ဟောင်း များကို အစေခံများက ကောက်ယူထားတတ်ကြသည်။ သူတို့ထံမှ ၀ယ်ဟု အကြံပေးလေသည်။ ထိုနေ့မှစ၍ ကုလားကြီးလည်း ကျွန်တော် အကြံပေးသည့်အတိုင်း လှည့်လည်ရာ နေ့စဉ်နေ့တိုင်း စာအုပ်အဟောင်း တော်တော်များများ ရရှိလေသည်။ အတန်ကြာသောအခါ ကိုယ်တိုင်လှည့်လည်၍ပင် မနေရတော့ဘဲ အစေခံကုလားများက ဆိုင်အရောက် လာ၍ပို့ကြသဖြင့် မာရီကားမှာ ဗန်းကလေးနှင့် လမ်းပေါ်တွင် ချရောင်းရသော ဘ၀မှ ဆိုင်တဆိုင် တည်းခင်းရောင်းချနိုင်သော ဘ၀သို့ ရောက်ရှိလေသည်။ ကျွန်တော်တို့မှာလည်း လေးကျပ်ခွဲ ငါးကျပ်အထိ ပေးရသဖြင့် မ၀ယ်နိုင် မဖတ်နိုင်သော 'အီဒင်းဘရား-ရီဗျူး' 'ကွာတာလီ-ရီဗျူး' စသော သုံးလတကြိမ်ထုတ် နာမည်ကျော်မဂ္ဂဇင်းကြီးများကိုပင် တမတ်၊ ငါးပဲနှင့် ရရှိသဖြင့် တွင်တွင်ကြီး ဖတ်ရှုနိုင်လေတော့သည်။
ထို့နောက် စာအုပ်အဟောင်းဆိုင်များ တရွေ့ရွေ့ တိုးတက်လာ၍ ၁၉၂၇ ခုနှစ်လောက်သို့ ရောက်သော အခါ ညဈေးတန်းတွင်သာ မဟုတ်တော့ဘဲ ယခု ဗိုလ်ချုပ်လမ်းဟုခေါ်သော မောင်ဂိုမာရီလမ်းမကြီးတလျှောက် စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း) မှ မဂိုလမ်း( ရွှေဘုံသာလမ်း)အထိ ဆိုင်ပေါင်းများစွာ တိုးတက်လာလေသည်။
ကျွန်တော်တို့ကဲ့သို့ ကံမကောင်း အကြောင်းမလှသဖြင့် တက္ကသိုလ်သို့ မရောက်ရသူတို့အဖို့ တက္ကသိုလ်တွင်မှ ရနိုင်သော စာပေဗဟုသုတ အမြင်ကျယ်မှုများကို ကိုယ်တတ်နိုင်သလောက်သော ငွေကလေး ဖြင့် ထို စာအုပ်အဟောင်းဆိုင်ကလေးများမှ ရရှိခဲ့ကြပေသည်။ စင်စစ်အားဖြင့် စာအုပ်အဟောင်းဆိုင်ကလေး များသည် ဆင်းရဲသားများ၏ တက္ကသိုလ် ဖြစ်၏။ သူတို့၏ ကျေးဇူးကား ကြီးပေစွ။ သူတို့သာ မရှိခဲ့ပါမူ ကျွန်တော်တို့မှာ ဗဟုသုတ ကျယ်ဝန်းစွာ ရှာမှီးခွင့် ရကြမည် မဟုတ်။ ရှေ့သို့ တိုးလေတိုးလေ စာအုပ်ဟောင်းဆိုင် ကလေးများ၏ ကျေးဇူး မည်မျှကြီးမားကြောင်းကို သိလေလေ ဖြစ်ပေသည်။
ဇေယျ။
(ရှုမ၀မဂ္ဂဇင်း၊ အတွဲ ၁၂ အမှတ် ၁၃၃၊ ဇွန်၊ ၁၉၅၈)
[စာပေလောက အရောင်းဆိုင် အမှတ် ၅ စတင်ဖွင်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အခမဲ့ဝေငှသော စာစောင်ငယ်မှ ကူးယူ ဖော်ပြပါတယ်။]

Wednesday, September 16, 2009
ပျောက်ကွယ်သွားတဲ့ အမှတ်တရ ရင်ခုန်မှုများ
ရေးသူ- ခွန်းခ
အကြိမ်အခါ များစွာပါပဲ၊ မမြင်တွေ့ရတော့တဲ့၊ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့၊ ပျက်စီးသွားတဲ့၊ လွင့်ပါးဝေးကွာသွားတဲ့၊ လုံးလုံးလျားလျား အစအစကို ရှာမရတော့တဲ့ ဖြစ်အင်တွေ၊ လူတွေ၊ ဖြတ်သန်းမှုတွေ၊ အဆောက်အဦတွေ၊ သံယောဇဉ်တွေကို တမ်းတသသနဲ့ ဆွေးလျနေမိသေးတော့တယ်။
ငယ်ငယ်တုန်းကဆိုရင် အင်းစိန်စော်ဘွားကြီးကုန်းကနေ ဈေးအထိ သုံးဘီးကား လိမ္မော်ရောင်လေးတွေ ကို တမတ်ကြီးတောင် ပေးစီးခဲ့ရတာ။ ခုခါတွေလို တက္ကစီကားကို ထောင်နဲ့ချီပြီး ငှားစီးနေရပေမယ့် အဲသည့် သုံးဘီးကားပေါ်မှာ ရရှိလာတဲ့ ရသဟာ ခုထိ မြိန်ရည်ယှက်ရည် ရှိနေဆဲပါပဲလေ။ သူတို့လေးတွေလည်း မြို့တော်ကြီးရဲ့ အရာချခြင်းကို ခံရပြီ။ ခုဆို ဘယ်အရပ်ဌာနေမှာ ခိုကပ်ပြေးဆွဲနေကြမလဲ မသိနိုင်တော့ဘူး။
ရန်ကုန်မြို့ထဲကို သွားလေတိုင်း ဗိုလ်ရှုသဘင်ရှေ့က ခြင်္သေ့နှစ်ကောင်ကို အရမ်းကို သဘောကျခဲ့တာ။ ခုတော့ သူတို့ခမျာလည်း ဘယ်မှာ နားစက်နေကြပြီလဲ မသိ။
သည် ဆယ်နှစ်အတွင်းမှာပဲ အဖေပိုင်တဲ့ အိမ်တလုံးရယ်၊ အမေ့ရဲ့ စိန်နားကပ်တရံ၊ စိန်ဘယက်တခု၊ ရွှေလက်ကောက် ငါးကွင်း၊ ကျောက်စိမ်းလုံးချော လက်စွပ်တကွင်း ကုန်သွားခဲ့တယ်။ တချို့က ကျွန်တော်တို့ တတွေရဲ့ ဗိုက်ထဲကိုဝင်တယ်။ တချို့က ကျောင်းစရိတ်ထဲ ၀င်သွားတယ်။
အရင်တုန်းကဆိုရင် ညနေခင်းတိုင်း မြေနီကုန်းဈေးလေးထဲမှာ ဈေးပွဲခင်းလို ပြန့်ကျဲနေတဲ့ စာအုပ်တန်းကို မ၀ယ်ဖြစ်တောင် ပြခန်းတခုလို လိုက်ကို ကြည့်နေကျ။ ခုတော့ မူးမူး၊ မမူးမူး ရှူစရာကို မရှိတော့တာ။ ဘယ်ဆီကို ရောက်ကုန်ကြသလဲလို့ အဲသည်နားက ပလက်ဖောင်းတွေကို လိုက်မေးကြည့်တော့ ရေရေရာရာ အဖြေကို မရခဲ့ပါဘူး။
မိုးဝေမဂ္ဂဇင်းဆိုတာ တချိန်တုန်းဆီက တခေတ်လောက်ကို နေရာယူခဲ့တာ။ ခုတော့ အရိပ်လည်း မမြင်ရ၊ အသံလည်း မကြားရ။ မျိုးဆက်သစ်မဂ္ဂဇင်း ဂျာနယ်တွေက ထူးကဲဒီရေလို တလိမ့်လိမ့်တက်လာနေကြပြီ။
ဟောင်းသွားတဲ့ အနှောင်းပိုင်းတွေကို ပြန်ပြန်အံချနေရတာလည်း စိတ်ရောဂါတခုလိုပါပဲ။
အရင်တုန်းက အရက်ဖြူတွေက အစိုးရကပဲ ထုတ်လုပ်တာ။ ခု ပုဂ္ဂလိကရက်ထဲ ရောက်လာတော့ သောက်သုံးသူတွေရဲ့ ပျက်စီးမှုနှုန်းထားဟာ ပိုမြန်ပြီး၊ ပိုများလာကြတယ်။
ဆရာတိုက်စိုးရဲ့ ဂျူဗလီဟောမြင်ကွင်းကို ပြန်ဖတ်ပြီး လွမ်းကြည့်မိတယ်။ ဂျူဗလီဟောက ဆရာ့ထက် အရင် ကွယ်လွန်သွားတာပါလေ။
ဇာတိမြေကို အလည်တခေါက် ပြန်ရောက်တော့၊ ဘ၀ကို ပျိုးထောင်ပေးခဲ့တဲ့ ကျောင်းတော်ကြီးကို အပြေးအလွှား သွားကြည့်ခဲ့တယ်။ နှမြောတသခြင်း အဆုံးမသတ်နိုင်ခဲ့ဘူး။ ငယ်နုစဉ်က ကျွန်တော်တို့ ကစားခဲ့တဲ့၊ ၀ိုင်းထိုင်ပြီး စကားပြောခဲ့ကြတဲ့၊ အင်မတန်ကို ကျက်သရေရှိလှတဲ့ ညောင်အိုပင်ကြီး မရှိတော့ဘူးဗျာ။ အလှတပါးကို အသေသတ်ပစ်ရက်ကြတယ်။ အဲသည့် စိမ်းညို့အုပ်ဆိုင်းနေတဲ့ ညောင်ပင်ကြီးအောက်မှာ ကျွန်တော် အချစ်တခုကို ကောက်ရပြီး၊ အချစ်တခုကို အလျော်ပေးခဲ့ရတယ်။ အရိပ်ကောင်းလွန်းလို့ အကြောင်း မလှ ရှာတာများလား မသိ။ တွေးမိလေတိုင်း တနုံ့နုံ့နဲ့ ရင်ထဲမှာ ညောင်ပင်အသစ်တွေ ထပ်ပျိုးနေမိသေး တော့တယ်။
နုပျိုစဉ်တုန်းက အိပ်မက်ပါ။ Ph.D ဘွဲ့ကြီး ရချင်ခဲ့တာ။ အိပ်မက် မက်တိုင်း တုနှိုင်းမရတဲ့ ပညာတတ်ကြီး တယောက်ကို အိပ်ရေးပျက်လောက်အောင်ကို ခြောက်ခြောက်ခြားခြား တယောက်တည်း ညမှောင်ထဲမှာ မက်မောနေမိတာ။ ဒါပေမယ့် အများတကာလို ကျွန်တော် ကျူရှင်မတက်နိုင်ခဲ့ပါဘူး။ မနက်ခင်းအိပ်ရာက နိုးထလာတဲ့အခါများဆို မျှော်လင့်ချက်ရောင်ခြည်တွေက တကယ့်ကို မဲမဲမှောင်မှောင်ပါဘဲ။ ခြောက်သွေ့နေတော့ မယ့် အနာဂတ်ကြီးတခုကို မယူမနေရ အပ်နှင်းခံရတော့မယ် ဆိုတာကို ဘယ်ဗေဒင်ဆရာတွေကမှ ကြိုတင်ပြီး မဟောခဲ့ကြပါဘူး။
ဘယ်လိုပဲ ဆန္ဒတွေ ရည်မှန်းချက်တွေ အစည်းပြေပြေ၊ သိက္ခာတချို့ကိုတော့ ကောက်ရခဲ့ဖူးပါတယ်။ ခုထိ အသွေးအသားထဲမှာ သိမ်းဆည်းထားတုန်းပါပဲ။ ကိုယ့်ရဲ့ တာဝန်ရှိမှုတွေကို ကိုယ်ကိုယ်တိုင် ပြန်ရေးကြတဲ့အခါ၊ လက်ရေးလက်သား မလှပပေမယ့် သာမန်သူတွေ ဖတ်နိုင်ရင် အသက်ရှူရကျိုး နပ်တယ်။ ခြေလှမ်းတိုင်းမှာ ပန်းတွေ ဖွေးဆွတ်နေလိမ့်မယ်။ လမ်းလျှောက်နေရတာကိုက ကျက်သရေတွေ လျမ်းပြည့်လို့။ လမ်းမကြီးတွေက ကိုယ့်ကို မ, တင်ထားပေလိမ့်ဦးမယ်။ အနေမတောင့်ပေမယ်လို့ အသေဖြောင့်မှာတော့ အသေအချာပါပဲ။
စဉ်းစားကြည့်လေ။ သိက္ခာဆိုတာ မသေဆေးမဟုတ်ပေမယ့် အိုခြင်း၊ နာခြင်းတော့ ကင်းဝေးပါတယ်။ တချို့ကျပြန်တော့ အနှီကဲ့သို့သော သိက္ခာတွေ ပျောက်ကျသွားခဲ့တယ်တဲ့။ အလုအယက် ခံလိုက်ရတယ်တဲ့။ တချို့ကတော့ ရောင်းစားလိုက်တယ်တဲ့။
အေးလေ..... ပြန်ရွေးလို့ မရတဲ့၊ ပြန်ကောက်ယူလို့ မရနိုင်တဲ့၊ ပြန်မတွေ့နိုင်တော့တဲ့ ဘ၀ပေးပစ္စည်းတွေ အတွက် သူတို့တန်ဖိုး နမော်နမဲ့ ပျောက်ကျခဲ့တာပဲ ဖြစ်မှာပါလေ။
အဖေ့ရဲ့အဖေက ကချင်တောင်တန်းတွေပေါ်မှာ မုန်းလောက်အောင်ကို နေခဲ့တာ။ အဲသည့် တောင်တန်းတနေရာမှာ တောင်ယာတူးဆွရင်း ဗုဒ္ဓဆင်းတုတော်လေးတဆူကို တူးဖော်တွေ့ရှိမိတယ်။ သည်တော့ ဗုဒ္ဓဘာသာဟာ ကချင်တောင်တန်းတွေပေါ်ကို ကာလအတန်ကြကတည်းက ရောက်ရှိနေပြီလို့ ယူဆရမလို ဖြစ်နေတယ်။
အဖေ့ရဲ့ ပြောကြားချက်တွေအရဆိုရင် ဒုတိယကမ္ဘာစစ်ရဲ့ မြစ်ကြီးနားတိုက်ပွဲဟာ ကာလအတန်ကြာ ပါတယ်။ မဟာမိတ်တွေရဲ့ လေကြောင်းဒဏ်ကြောင့် တမြို့လုံး ပြာကျနေပြီ။ ပတ်လည်မှာလဲ မီးတွေလောင်လို့။ အဖေတို့ တအိမ်လုံးပဲ ကျန်တော့တယ်တဲ့။ မနေနိုင်တော့လို့ အဲသည်ဆင်းတုတော်ကို ပိုက်ပြီး ဆင်းပြေးတော့မှ အိမ်လည်း ပြာကျသွားတော့တယ်တဲ့။ စစ်ကြီးပြီးတော့ အဲသည့် ဆင်းတုတော်ကို နှစ်ဆန်းတရက်နေ့မှာ ရေသပ္ပါယ်ပြီး နေရောင်ခံထားတုန်း ဆင်းတုတော်ထဲက ထွက်လာတဲ့ ကြုတ်ကလေးကို ကျီးကန်းက ချီသွားလေရောဗျာ၊ ပြန်မရတော့ဘူး။ ဘာတွေ ဘယ်ခေတ်က ဘယ်လိုရေးထားမှန်းလည်း မသိနိုင်ကြဘူး။ မကြာခင်ပဲ ကုလားဘုန်းကြီးလိုလို၊ ဆာဒူးကြီးလိုလိုတယောက်က ဆင်းတုတော်ကို ခိုးပြေးတာ မနည်းကြီးကို လိုက်ရှာဖမ်းပြီး ပြန်ယူရတာ။ ဒါပေမယ့် အဖေတို့ အမွေခွဲကြတော့ အဲသည့် ဆင်းတုတော် ပျောက်နေတယ်။ ဖြစ်ပုံများ.....။
ကန္တီစာချုပ်အရ စစ်တပ်ကို ပြင်ဆင်ဖွဲ့စည်းလိုက်တော့ ဗိုလ်ချုပ်အောင်ဆန်းက အဖေ့ကို ကချင်ပြည်နယ် ဖဆပလမှာပဲ တာဝန်ယူဖို့ မှာကြားပြီး၊ လမ်းတလျှောက်မှာ တာဝန်ယူစောင့်ရှောက်ပေးကြဖို့ဆိုတဲ့ သူကိုယ်တိုင် လက်မှတ်ရေးထိုး ထောက်ခံစာလေး အိမ်မှာဘောင်သွင်းပြီး ချိတ်ဆွဲထားတာ။ ခုတော့ ဘယ်ဆီရောက်မှန်း၊ ဘယ်သူခိုးသွားမှန်း မသိ။ လန်ဒန်ပြတိုက်မှာပဲ ရောက်နေရော့သလား။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ဖောက် ကားတဲ့ ပွဲစားတွေရဲ့ လက်ထဲမှာပဲ တ၀ဲလည်လည် ဖြစ်နေရော့သလား။ သမိုင်းရှိခဲ့တဲ့ အသိမှတ်ပြုခံရခြင်း တချို့ဟာလည်း အဓမ္မကျင့်ခံ၊ လုယက်ခံနေရတာပဲနော်။
ကျွန်တော့်ဘ၀ကို တစက္ကန့်ချင်း၊ တထစ်ချင်း ဆွဲတင်ခဲ့တဲ့ ဆရာဆရာမတွေကို ဦးခိုက်ကော်ရော်ခွင့် မရှိတော့တာဟာ ကျေးဇူးတရားတွေ ပြာကျသွားသလိုပါပဲ။ တမ်းတမ်းတတ မျက်ရည်ကျရုံ၊ အခါအားလျော်စွာ လွမ်းဘွဲ့တေးသီနေရုံနဲ့ သူတို့ဝိဥာဉ်တွေက ကျေနပ်နေမယ် မဟုတ်ပါဘူး။ အခါခါ ဦးခိုက်ဖို့ အချိန်တန်ပေမယ့် ဘ၀ရဲ့ ရာသီဥတုတွေ ဆုတ်ဖြဲခံခဲ့ရတယ်။ လေးစားအပ်ပါသော ချစ်လှစွာသော ကျေးဇူးရှင် ဆရာ၊ ဆရာမတို့ရေ တမလွန်ဘ၀ကနေ ကိုယ့်ရဲ့ ချစ်တပည့် လူ့တာဝန် ကျေခဲ့ပါပကောလားဆိုပြီး သာဓုသာ ခေါ်ပေးပါတော့....။
ခု.... ဘ၀ မဟောင်းသေးပေမယ့် အရွယ်တော့ နှောင်းလာပြီ။ စွန့်ခွါခဲ့ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ အရပ်ဒေသတွေ၊ တပ်မက်မှုတွေ၊ နှင်းခြုံထားတဲ့ တောအုပ်တောင်တန်းတွေ၊ သူကလေးရဲ့ အနမ်းရှိန်း မြမြလေးတွေ၊ တူမလေးတွေရဲ့ စာအံသံလေးတွေ၊ ကျောင်းဘေးက ဖြတ်ဖြတ်သွားတဲ့ မီးရထားသံတွေ၊ နှင်းငုံထားတဲ့ မြစ်ပြင်ကြီးတွေ ကျွန်တော့်ကို လွမ်းနေကြဦးတော့မှာ။
အရာအားလုံး ပျောက်ဆုံးနေသလား။ ကွယ်လွင့်ပါးလေသလား။ တွေ့တဲ့သူတိုင်းကို မေးပေးကြစမ်းပါဗျ။ အမှန်တကယ်ဆိုရရင် ကျွန်တော် လူဖြစ်နေတာ ညောင်းလွန်းလှပြီ။ ဖြစ်နိုင်ရင် ကျွန်တော့ကို ရှာဖွေပေးကြပါ...။
ခွန်းခ

Tuesday, September 15, 2009
မပို့လိုက်ရအသုဘ (၂)
ရေးသူ-မောင်အေးဝင်း
မျိုးသန်း သို့မဟုတ် ဂျပ်ကြီး (၁၉၅၉-၂၀၀၄)
ရှေ့ နေကြီးဆုံးပြီလို့ ရဲဘော်တယောက် ဖုံးဆက်တယ်။ ရုတ်တရက် ရင်ထဲဆို့သွားတယ်။ ၁၂ နှစ် ကျော် ထောင်ထဲနေခဲ့ရပြီး ထွက်လာတာမှ ဘာကြာသေးလို့လဲ၊ ခြေထောက်တဖက် ဖြတ်ပစ်ရတယ်။ ခုတော့ လောကကြီးက စွန့်ခွါသွားပြီလား။
သူ့ကို ကျနော်ပေးတဲ့ ချစ်စနိုးနာမည်က ရှေ့ နေကြီး။ သူ ဆယ်တန်းအောင်တော့ အင်းစိန်လျှပ်စစ် ဓါတ်အားပေးရုံးမှာ စာရေးဝင်လုပ်ပြီး တက္ကသိုလ်မှာ စာပေးစာယူ ရူပဗေဒဘာသာ အဓိကနဲ့ သိပ္ပံဘွဲ့ယူ တယ်။ သူရခဲ့တဲ့ ဘွဲ့တွေ ဒီပလိုမာတွေထဲက တခုကို အထူးပြုပြီး ရှေ့ နေကြီးလို့ ခေါ်နေတာ။ သူ ထောင်ကျတော့ ကချင်ပြည်နယ်မှာ တရားသူကြီးဖြစ်နေပြီ။ ထောင်ကျဖော်တွေက သူ့ရာထူးကို ဂုဏ်ပြု ပြီး ဂျပ်ကြီး (Judge) ကြီးလို့ ခေါ်ကြတာနဲ့ မူလနာမည် ပျောက်သလိုဖြစ်သွားတယ်။ အဲဒီ ထောင်ကျ အသုတ်မှာကလဲ ရှေ့ နေတွေ များလိုက်တာ(ဦးထွန်းတင်၊ မုံရွာဦးတင်ရွှေ၊ ဦးကိုယု......)
သူမလွတ် သေးခင် အရင်လွတ်လာသူတွေကို ကိုယ်က သူ့အကြောင်း မေးတဲ့အခါ ရှေ့နေကြီးလို့ မေးမိရင် ဪ......ဂျပ်ကြီးလားလို့ ပြန်အမေးခံရတယ်။
၇၀ ခုနှစ်လွန် ကျောင်းသားအရေးအခင်းတွေမှာ ထောင်ကျတဲ့ ကျောင်းသားတွေ စီးပွါးရေးနဲ့စက်မှု နောက်ဆုံးနှစ်တွေကလွဲလို့ မူလတက္ကသိုလ်မှာ ဘယ်သူမှ ပြန်တက်ခွင့် မရကြဘူး။ ၀ိဇ္ဇာသိပ္ပံဘွဲ့ စာပေးစာယူ သင်တန်းပဲ ပေးတက်တယ်။ တချို့ ကျောင်းသားတွေ စာပေးစာယူဘွဲ့ယူပြီး မှတ်ပုံတင် ရှေ့နေ (RL-Registered Law) ကို ၀င်ဖြေကြတယ်။ ထူးချွန်စွာ အောင်တဲ့လူတွေ များတယ်။ ကိုသိန်းမြင့်ဦး(ဖိုးစိုး-ပဲခူးရိုးမပြန်)ဆိုတဲ့ ရဲဘော်တယောက် ပြောတာ မှတ်မိတယ်။
" ကိုယ့်လူတွေထဲကလေ...အင်မတန် သောက်သုံးမကျတဲ့ကောင်ကို မြစ်ထဲကန်ချလိုက် သွားတင် တဲ့ကမ်းမှာ အနည်းဆုံး သူကြီးတော့ဖြစ်တယ်......"
ကိုယ့်လူတွေဟာ ရောက်ရာအရပ်မှာ သူများအောက် ဘယ်တော့မှ မကျဘူးလို့ သူဆိုချင်တာ။ ဆရာဒဂုန်တာရာက 'သခင်သန်းထွန်း-အနီကိုလေ့လာချက်' တာရာမဂ္ဂဇင်း၊ ၁၉၄၈၊ ဇွန်လမှာရေးတဲ့ ဆောင်းပါးထဲမှာ-
".....ကွန်မြူနစ်ဝါဒကို ယုံကြည်ကိုးကွယ်နိုင်ရန် လူ့အတ္ထုပ္ပတိ ရာဇ၀င်၊ လူ့အတွေးအခေါ်အဘိဓမ္မာ၊ လူ့နေမှုထိုင်မှု နိုင်ငံရေးဘောဂဗေဒ စသည်တို့ကို ကမ္ဘာဦးရာဇ၀င်ပေါ်စမှ ယနေ့ အဏုမြူခေတ်အထိ အဖြစ်အပျက်များကို သိရှိနားလည်ရပေမည်။..." လို့ ဆိုထားတာပဲ။
မျိုးသန်းဟာ နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှာ တရုတ်ဘာသာတက်တော့လည်း အတန်းထဲမှာ ထူးချွန်သူတယောက်။ သူ့ဆရာ ဦးကြည်ဝင်းရဲ့ လက်စွဲ။ မောင်သာနိုးအင်္ဂလိပ်စာသင်တန်း (Advanced Class) မှာလဲ သူထိပ်ဆုံးကပဲ။ အဖေကရှမ်းအမျိုးသား၊ အမေက ကချင်တိုင်းရင်းသူ။
ဆရာကေတီဦးကျော်တင့်ရဲ့ အင်္ဂလိပ်စာသင်တန်းမှာ သူနဲ့ကျနော် ရင်းနှီးတာ။ ဆရာဦးကျော်တင့် ကွယ်လွန်တော့ ကျနော်တို့ မောင်သာနိုးဆီ အတူတူ ပြောင်းတက်ကြတယ်။ ကေတီကြီးရဲ့ လက်သုံး စကားနဲ့ပြောရရင်.... "Birds of a same feather flock together"....
မျိုးသန်းဟာ သူမှန်တယ်ထင်ရင် လုံးဝအလျှော့မပေးတတ်ဘူး။ ဆယ်တန်းအောင်ပြီးစ ကတည်းက သူမက်လာခဲ့တဲ့ အိပ်မက်ရှည်ကြီးကို သူဆက်မမက်ချင်တော့ဘူး။ ကိုယ်တိုင် လက်တွေ့ကျကျပဲ ဖြတ်သန်းချင်လာတယ်။ စောင့်ပါဦးလို့ ကျနော်တို့ အတန်တန် တားတဲ့ကြားက ပန်ဆန်းလွတ်မြောက် ဒေသကို သူထွက်သွားတယ်။ သူစီးသွားတဲ့ကား လားရှိုးနားမှာ မှောက်တယ်။ ဆေးရုံရောက်တဲ့ ခရီးသည်တွေအထဲ သူလဲပါတယ်။ ဆေးရုံမှာ ဒါဏ်ရာတွေ ချုပ်ပြုဆေးထည့်ပြီးတာနဲ့ သူ့ခရီး သူဆက် တယ်။ ဆရာဝန်တွေ ဆရာမတွေက ဆေးရုံမှာနေပါဦးတားတာ မရဘူး။ သွေးစွန်းအင်္ကျီတွေနဲ့ ခရီးဆုံးကို သူရောက်သွားတယ်။
ပန်ဆန်းမရောက်ခင် လွတ်မြောက်ဒေသရဲ့ ရွာကြီးတရွာကိုရောက်တော့ ဈေးတန်းက ရှမ်းအရက် ဆိုင်ကလေးမှာ သူတယောက်ထဲ အောင်ပွဲခံအထိမ်းအမှတ် ၀င်ချခဲ့ကြောင်း ပြန်လာတော့ ကျနော့ကို ပြောပြတယ်။ ဒါပေမယ့် သူ့ကို တာဝန်ပေးဖို့ ရာထားတာ ယူဂျီတာဝန်ပဲဖြစ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ဖျောင့်ဖျ နားချ ပြီး ပြန်လွှတ်လိုက်တယ်။
ကျနော့ဆီ သူပြန်ရောက်လာတော့ ဒဏ်ရာက မကျက်သေးဘူး။ တဖက်ကျိုးနေတဲ့ မျက်မှန်ဂိုင်းကို ၀ါးခြမ်းပြားနဲ့ ကပ်ချီထားတယ်။ ပြန်လွှတ်လိုက်လို့ ဟိုလူတွေကို သူကောင်းကောင်း အမြင်မကြည်ခဲ့ ဘူး။ တ၀က်တပျက်လဲ စိတ်လျော့သွားတယ်။
တရားရေးဝန်ထမ်းပဲ လုပ်မယ်ဆိုပြီး သူဆုံးဖြတ်တယ်။ သူဖောင်ကြီးဆင်းခါနီးမှာ ဟိုကတာဝန်ရှိသူ ရောက်လာတယ်။ သူက အလုပ်ရရင်တောင် နီးနီးနားနားဆိုပြီး ကချင်ပြည်နယ်ကို ရွေးပြီးသွားပြီ။ သင်တန်းက ထွက်ခွင့်ရတဲ့နေ့ဆို တိုးကြည်ဆွေ(ယခု-ဂျပန်)နဲ့သူ ကျနော့စာအုပ်ဆိုင်ကို ၀င်လာတတ် တယ်။ ညနေ ဖောင်ကြီးပြန်ချိန်မှာ အနံ့တသင်းသင်း ကွမ်းတမြုံ့မြုံ့နဲ့ ကားပေါ်ပါသွားကြတယ်။
ကျနော်တို့ ရာဇာကြီးလို့နာမည်ပေးထားတဲ့ ကိုအောင်ခင်နဲ့သူ ကျနော်စာအုပ်ဆိုင်မှာ စကားလုံး တလုံးကို ငြင်းကြတယ်။ ဗမာပြည်မှာက လမ်းဘေးလူသွားစင်္ကြန်ပဲဖြစ်ဖြစ်၊ မီးရထားဘူတာက စင်္ကြန်ပဲ ဖြစ်ဖြစ် ပလက်ဖောင်းလို့ပဲ အများသုံးကြတယ်။ ကျနော်တို့ကို မောင်သာနိုးသင်ထားတာက ကားလမ်း ဘေးက စင်္ကြန်ကို ပလက်ဖောင်းခေါ်တာ မှားတယ်။ ဘူတာရုံက စက်ြန်ကိုမှ ပလက်ဖောင်း (Platform) ခေါ်တာ။ ကားလမ်းဘေးကဟာကို pavement လို့ခေါ်ခေါ် side walkလို့ခေါ်ခေါ် ကြိုက်သလိုခေါ်။ ပလက်ဖောင်းခေါ်တာတော့ မမှန်ဘူးတဲ့။ ဆရာ့တပည့်ကလဲ ဆရာ့အတိုင်း ခေါင်းကခပ်မာမာ။ တပြားမှ မလျှော့ဘူး။ နောက်ဆုံး ငြင်းလို့မောသွားတော့မှ မင်းလဲမင်းကြိုက်သလိုခေါ် ငါလဲငါကြိုက်သလိုခေါ်နဲ့ နှစ်ဦးသဘောတူ သရေပွဲ ဖြစ်သွားတယ်။
သူက ဂီတာလဲ အတီးကောင်းတယ်။ ကိုအောင်ခင့်အိမ်မှာ ကျနော်တို့ ဆုံကြရင် သူက ကိုအောင် ခင့်သား နေလ(ခ)မြင့်အောင်(ဂုရု) (ယခု-ထိုင်းနယ်စပ် အေဘီအက်စ်ဒီအက်ဖ် ABSDF) ဂီတာကိုယူ တီးတယ်။ တနေ့တော့ သူနဲ့ကျနော် စိုင်းထီးဆိုင်ရဲ့ သိတ်ချစ်ရတဲ့ နွဲ့တင် သီချင်းကို ဆယ်ခေါက်လောက် မနားတမ်း ဆိုတီးကြတာ ကိုအောင်ခင့်ဇနီး ဒေါ်အေး နားကြားပြင်းကပ်လို့ ထငေါက်မှပဲ ရပ်ကြတယ်။
ဆယ်နှစ်ကျော် ဆယ့်နှစ်နှစ်လောက် ထောင်ထဲမှာ သူနေရပြီး လွတ်လာတော့ လပိုင်းလောက်ပဲ ရှိမယ်၊ သွေးကြောပိတ်ရောဂါကြောင့် ခြေထောက်တဖက် ဖြတ်ရတယ်။ ကလောင်နာမည် သုံးလေးမျိုးနဲ့ စပယ်ဖြူ၊ အတွေးအမြင် စတဲ့မဂ္ဂဇင်းတွေ စာပေဆောင်းပါး၊ အတွေးအခေါ်ဆောင်းပါး၊ ဘာသာပြန် ဆောင်းပါးတွေ ရေးတယ်။ အင်္ဂလိပ်စာ ကျူရှင်ပြတယ်။
၂၀၀၄ ဇူလိုင် ၇ ရက်မှာ သူကွယ်လွန်ကြောင်း ကြားလိုက်ရတယ်။ ဒီလိုပဲ ရဲဘော်တွေ တယောက် ပြီး တယောက် ဆုံးတာကိုကြည့်ပြီး ရဲဘော်တယောက် ရေးဘူးတယ်။
"ကိုယ်တို့ကတော့..... ဘ၀တွေ ရင်းလိုက်ကြတာ...ဘာမှရင်းစား ပြန်မရကြသေးဘူး၊ သက်တမ်းက ကုန်တော့မယ်....."
သူကွယ်လွန်တော့ အတူထောင်ကျခဲ့သူတွေထဲက လွတ်လာတဲ့ ရဲဘော်တွေအားလုံးလိုလို သူ့အသုဘမှာ ပြန်ဆုံကြတယ်။ ကိုယ်ကတော့ ပို့ချင်လို့ ရောက်ချင်ပေမယ့် ရဲဘော်မျိုးသန်းကို နောက်ဆုံးအဖြစ် ပြန်မြင်ခွင့်မကြုံလိုက်ရဘူး။ ဒါပေမယ့် ဥက္ကဌမော်ရဲ့ စာနဲ့ ရဲဘော်မျိုးသန်းကို ဂုဏ်ပြုလိုက်ပါတယ်။
ရဲဘော်မျိုးသန်း သင်ဟာ ထိုက်ရှန်းတောင်ကြီးလို လေးပါတယ်။ ငှက်မွေးလို မပေါ့ပါဘူး။

ခွန်းခ (သို့မဟုတ်) မြစ်ရဲ့စကား
ရေးသူ-ထွန်းဝင်းငြိမ်း
(တစ်)
လူ့ဘ၀၏ နောက်ဆုံးခရီးများကို ကျွန်တော် မကြာခဏ လိုပ်ပါပို့ဆောင်ခဲ့ဖူးပါသည်။ သည်တခါခရီးကတော့ လိုက်ပါပို့ဆောင်ရုံ သက်သက်မဟုတ်ပဲ ၀ိုင်းဝန်းစီစဉ်ဆောင်ရွက်ရသူ လည်း ဖြစ်နေပါသည်။ ဘ၀၏ နောက်ဆုံးခရီးကို နှင်သွားသူမှာ ကျွန်တော်၏မိတ်ဆွေ၊ ရင်ခုန်သံ တူသူ၊ အိပ်မက်သွေးသားဟုလည်း ပြောနိုင်ပါသည်။
သူ၏ ရုပ်အလောင်းကို ရေဝေး၏ မီးသင်္ဂြိုဟ်စက် အတွင်းခန်းသို့ သယ်ဆောင်သွား သောအခါ မိသားစုဝင်နှစ်ဦး လိုက်လို့ရတယ်ဟု တာဝန်ရှိသူ တဦးက ပြောသဖြင့် ကျွန်တော်နှင့် သန်းလွင်ဦးတို့ မတိုင်ပင်ပဲ ၀င်သွားခဲ့ကြသည်။ ၀ိညာဉ်မဲ့နေသော သူ၏ ရုပ်ခန္ဓာအား မီးသင်္ဂြိုဟ်စက်၏ မီးတောက်များထဲသို့ ထိုးထည့်လိုက်ကြသည်။ တဖြည်းဖြည်း လောင်ကျွမ်းနေသော မီးတောက်များကြားမှ သူ့ကို နောက်ဆုံး ကြည့်ခြင်းဖြင့် နှုတ်ဆက် ဂါရ၀ပြု မိရင်း ဂျိမ်းခနဲ ပိတ်လိုက်သော မီးသင်္ဂြိုဟ်စက်သံတံခါးကြီးကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေ မိခဲ့သည်။ သူ၏ ကဗျာအပိုင်းအစတခုက ကျွန်တော်ရဲ့ အနားမှာ တစုံတယောက်က တိုးတိုးလေး လာရွတ်နေသလို ကြားနေရသည်။
ခက်ထန်တဲ့ အိပ်မက်တွေထဲမှာ
မနက်ဖြန်တွေ၊ တဖြုတ်ဖြုတ် ကြွေနေတာကို
ခင်ဗျားတို့ မသိခဲ့ရင်တောင်
မျက်မှောင်ကြုတ်ခဲ့ရတဲ့ ခရီးစဉ်တခု အပေါ်
လိုလိုလားလား စာနာသင့်တယ်။
သူ့ရဲ့ နောက်ဆုံးခရီးကို ပို့ပြီးကာမှ သူနှင့်တွေ့ခဲ့ရသော အစများ၏ ခရီးတာအချို့ကို အမှတ်ရနေမိပါတော့သည်။
သူငယ်ချင်းရေ....... ခင်ဗျားရဲ့ ကဗျာထဲကလို အိပ်မက်တွေ ခက်ထန်ခဲ့လို့ မနက်ဖြန်တွေ တဖြုတ်ဖြုတ်ကြွေနေခဲ့တာလား။ မျက်မှောင်ကြုတ်ခဲ့ရတဲ့ ခရီးအပေါ်မှာ သူတို့ စာနာမိကြဖို့ ကျွန်တော်တို့ မမျှော်လင့်ခဲ့ကြဘူးလေ။ အလွမ်းတွေ တဘ၀စာနဲ့ ခါကာဘိုရာဇီ သားတယောက်ရဲ့ အရှေ့မြောက်ပင်လယ်သို့ တမ်းချင်းတွေ သီဆိုကြရအောင်။ တောင်ယာမီးခိုး ငွေ့တွေနဲ့ လှေကားထစ် စိုက်ကွင်းတွေက ခင်ဗျားကို လွမ်းလှရောပေါ့.......။
(နှစ်)
သူက ရောက်တဲ့နေရာမှာ အင်္ဂလိပ်စာ သင်ပေးသည်။ သမိုင်းအံဝှက်ထဲမှ အလှတရားများကို သဘောတရားနှင့် ဆွဲထုတ်ပြသည်။ သူ၏ ဖြတ်သန်းပုံက ကေသရာဇာတို့ ၏ ဥယျာဉ်တော်တွင် အလံမလှဲစတမ်း စိတ်ဓါတ်နှင့် ရင်ကော့နိုင်ခဲ့သည်။
၉၉ နိုဝင်ဘာတွင် တောင်ငူမှ သူပြန်သွားချိန်၌ ကျွန်တော် ကျန်ရစ်သည်။ သူ စာတွေ ရေးနေသည်ဟု ကြားရသည်။ ကိုသီဟလတ်၊ မမွှေးတို့ စီစဉ်သော စံပယ်ဖြူမဂ္ဂဇင်းတွင် သူ့စာများကို ဖတ်ရသည်။ သိပ်မကြာလိုက်ပါ။ သူ့ခြေထောက် သွေးကြောပိတ်ပြီး ခြေတဖက် ဖြတ်ရကြောင်း ကြားရသည်။ သူက အခြေအနေကို ရနံ့သစ်မဂ္ဂဇင်းတွင် "အမာရွတ် တွေကို ချုပ်ဝတ်နေရသူ" အက်ဆေးတွင် ဤသို့ ရေးသည်။
"ကျောက်စိုင်ကျောက်သားနဲ့ အသက်ရှူနေတဲ့ အသွေးအသား မှားယွင်းပြီး ထုဆစ် ဖန်ဆင်းရာကနေ လူအဖြစ် ရလာခဲ့တဲ့ ကျောက်သားတဖြစ်လဲ ဒီလူသားကို အပွင့် မပြောရက်ကြဘူး။ ဖိဖိဖုံးဖုံး စုရုံးစုရုံးနဲ့ ကျိတ်ပြီး ပူဆွေးနေကြတယ်။ မန်ကျည်းကိုင်းခြောက် ကြီးလို မည်းခြောက်ပြီး ကိုင်လို့ကိုင်မှန်းမသိတဲ့ အခြေအနေ၊ ခြေသလုံးက နှစ်ဆလောက် ဖောင်းကြွလာပြီး လေတိုးရင်တောင် နာလွန်းလို့ လျှာပြုတ်ကျလုနီးပါး အော်နေရတဲ့ နေ့တွေ၊ ညတွေ၊ သံခုတင်တွေတောင် သွေးပျက်ကုန်ကြရောပေါ့။ နံရံ၊ မျက်နှာကြက်တွေလည်း အော်ညည်းသံကြီးကို သူ့ဆီပုတ်ထုတ်လိုက်၊ ကိုယ့်ဆီပုတ်ထုတ်လိုက်နဲ့ ပြေးကွက်ကို ရှာနေကြပုံပဲ။ တချိန်တုန်းက ကျောက်သားဆိုတဲ့ ဘ၀ဟောင်း ရှိခဲ့ဖူးတာပဲ မဟုတ်လား။ ရင်သာဆိုင်လိုက်ပေတော့ ကိုယ့်လူရေ။ ဒါနဲ့ သူငယ်ချင်းတယောက်ကို ခေါ်လိုက်တယ်။ "ငါ့ကို မညာကြနဲ့တော့၊ မရတော့တာ ငါသိတယ် ငါသိတယ်၊ ဖြတ်လိုက်တော့" လို့ အဝေးကြီးဆီကို တမ်းတမ်းဆွေးဆွေးနဲ့ မှန်းမျှော်ကြည့်ရင်း ပြောချလိုက်ရတော့တယ်။"
ချိုင်းထောက်တဖက်နှင့် ဒုက္ခိတဘ၀တွင် လောကဓံရဲ့ ကျီဆယ်မှုကို သူက ပြန်ဆန်းစစ်သည်။ "ချွေးထွက်လည်း များခဲ့တာပါပဲ ဘာလို့ သွေးထွက်က များများနေရတာလဲ။ အေးလေ၊ သွားလေရာကို မိုးက ထပ်ကြပ်မကွာ လိုက်ပြီး၊ ရွာနေမှတော့ ခန္ဓာဖွဲ့စည်းမှုနဲ့ ဘ၀တည်ဆောက်ပုံမှာအလွဲလွဲအချော်ချော် ဖြစ်နေတာတွေ ရှိကောင်းရှိနိုင်တယ် " ဆိုပြီး ရေးသည်။
(သုံး)
သေချာပါတယ်။
နှင်းတွေက ကျွန်တော့်ကို တွေ့တွေ့ချင်းတော့ နေစိမ့်သူကြီးရယ်လို့
စကားနာထိုးကြမှာ၊ ပြီးရင် စာနာမှုနဲ့ ပွေ့ဖက်ကြမှာ တကယ်ပါ။
တသက်မှာ စက္ကန့်အနည်းငယ်လေးပဲ ကံကောင်းခွင့်ကြုံရ ကြုံရ
အိမ်ပြန်ချင်တယ်ဗျာ။
တကယ်လို့
ကျွန်တော် သက်ရှိထင်ရှားရှိနေသေးရင်ပေါ့လေ။
သူ့ရဲ့ "တခါပြန်ခွင့်ကြုံရနိုး" ဆိုတဲ့ အက်ဆေးကို ရွက်နုဝေမဂ္ဂဇင်းမှာ ကိုမြေနဲ့ကျွန်တော် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့စဉ်က ဖော်ပြခဲ့ဖူးသည်။ ထိုစဉ်က သူသည် သူ့မိဘများနှင့် အတူ အင်းစိန်က အိမ်မှာနေသည်။ ကျွန်တော် စာမူသွားယူတိုင်း သူ့ကို အင်းစိန်ပန်းခြံနားက ဆိုင်မှာ အမြဲတွေ့သည်။ ဆုံတိုင်း၊ စာပေအကြောင်း၊ လူတွေအကြောင်း။ လူ့အဖွဲ့အစည်းနဲ့ အဘိဓမ္မာများ၊ ခေတ်ဟောင်းပေတံများနှင့် စံနှုန်းအသစ်များအကြောင်း၊ ဗွီအက်စ်နိုင်ပေါလ် မှသည် ဗာဂျီးနီးယားဝုဖ်အထိ ပြောဆိုနေတတ်သည်။
သူက စာတွေ မနားတမ်း ဖတ်သည်။ မပြတ်စာရေးသည်။ ရေးပြီးသား စာမူများကို နီးစပ်ရာ သူငယ်ချင်းများက မဂ္ဂဇင်းဂျာနယ်တိုက်များသို့ ပို့ပေးသည်။ ဖော်ပြခံရသော စာမူများအတွက် စာမူခနှင့် စာအုပ်စာစောင်များ ထုတ်ယူပြီး သွားပို့ပေးကြသည်။ တခါတခါ အင်းစိန်မှ မြို့ထဲသို့ ချိုင်းထောက်တဖက်နှင့် လာရသည်။ ဒုက္ခိတဖြစ်နေသော သူ့ဘ၀ကို စာပေနှင့် ကုစားသည်။ ခံစားချက်တွေကိုတော့ ယစ်ရွှေရည်မှာ စိမ်တတ်သည်။ သည့်အတွက် အပေါင်းအသင်းများက မကြခဏသတိပေးမှုကို သူက အငေါ်တူးသည်။
"ကျွန်တော် အလုပ်လုပ်နေတာပဲဗျာ၊ ဘယ်သူ့ကို ထိခိုက်အောင် လုပ်နေလို့လဲ။ စာဖတ်မယ်၊ စာသင်မယ်၊ စာရေးမယ် ဒီလောက်ပဲ လုပ်နိုင်မယ်လေ။ ကျွန်တော်က ဒုက္ခိတပါ။ ခင်ဗျားတို့ရော ဘာတွေလုပ်နိုင်ကြလို့လဲ" သူပြောသမျှကို ကျွန်တော် စာနာနိုင်ပါသည်။ သူငယ်ချင်းများ၏ စေတနာအရ ပြောစရာရှိတာ ပြောကြသည်ကိုတော့ အလေးထားသင့် ကြောင်း ပြောရသည်။ သူက စိတ်အချဉ်ပေါက်ပြီး ပါးစပ်မှ မပြောပေမယ့် တကယ့်လက်တွေ့ တွင် ထိန်းသည့်အခါ ထိန်းသွားပါသည်။ သို့သော် မကြာပါ။ ယမကာသံသရာတွင် လည်ပြန်သည်။
သူ၏ လက်ရှိဘ၀မှာ ထက်မြက်သန်စွမ်းသော စိတ်ဓါတ်များကို သူ၏ချို့ငဲ့သော ခန္ဓာအိမ်အတွင်းတွင် အတင်းသွတ်သွင်း ထည့်ခံထားရသလို အခြေအနေမျိုး ဖြစ်ပါလိမ့်မည်။ သူ့ကို အခြားသူများက မပြောခင် ကိုယ့်ကိုယ်ကို သုံးသပ်ထားသော စာမျိုးတွေလည်း ရေးတတ်သေးသည်။
"အုံမှိုင်းတစ်ဆို့နေတဲ့ ၀တ်ရုံကြီး အောက်မှာပဲ ပတ်ဝန်းကျင်အသစ်ကို ချုပ်ဝတ်ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။ နေတောင် ထွက်ဖို့ ပျင်းရိရိရှိနေတဲ့ အချိန်မှာ ဘ၀တကာ ယစ်မူး ရီဝေေ၀နဲ့၊ တွေနေတဲ့ကြားမှာ ကိုယ့်အာသီသတွေကို ခဏခဏ ထားခဲ့ရတယ်။ ဘာဖြစ်လို့ အမှားအယွင်းတွေနဲ့ ယစ်မူးနေကြတာလဲလို့ သူတို့ကို မေးမြန်ခဲ့ဖူးပါတယ်။ သူတို့အဖြေ စကားအပေါ် မဲ့ပြုံးလေးတချက်နဲ့ပဲ ကိုယ့်အဆုံးအရှုံးတွေကို ပြန်ယက်ယူခဲ့ရတယ်"
ဝတ်ရုံသစ် (Fashion Image) မှ
(လေး)
"လူသားတဦးဟာ သူဖန်တီထားတဲ့ အနုပညာ လက်ရာထဲကို သူ့နှလုံသားကို ထည့်သွင်းပေးနိုင်ခဲ့တယ် ဆိုရင် စိတ်ချမ်းမြေ့ပြီး၊ ပျော်ပျော်ရွှင်ရွှင် ဖြစ်လာမယ်။ အကောင်းဆုံး အနုပညာတွေကို ဖန်တီးလာနိုင်မယ်လို့ Ralph Waldo Emerson က ပြောခဲ့ဖူးပါတယ်။ စိတ်နှလုံးသား ဖြူစင်မြင့်မြတ်မှုကလွဲလို့ ဘယ်အရာကမှ မမြင့်မြတ်ဘူးလို့ ဆိုခဲ့ပါတယ်"
သူက အမေရိကန် စာပေဆောင်းပါးတပုဒ်ကို ရေးရင်းက ရောဘတ်ဖရော့စ်ရဲ့ အနုပညာအပေါ် အယူအဆတခုကို ရွတ်ပြသည်။ သူ၏ ထူးခြားမှုမှာ လေ့လာမှု ပြုလုပ်ရာတွင် အတွင်းသဘောကို နှိုက်နှိုက်ချွတ်ချွတ် စုစည်းနိုင်မှုနှင့် သုတေသနအမြင်ရှိမှု ဖြစ်သည်။ သူမြှုပ်နှံထားသော စာပေဘ၀တွင် သူ၏ ခွန်အားတို့ကို ပုံအောအသုံးချခဲ့သည်။ တုံ့ပြန်သော အကျိုးအားဖြင့် သူ့ဘ၀တွင် ခွန်အား ဖြစ်မဖြစ်ဆိုသည်မှာ ရေရာမှု မရှိခဲ့ပါ။ သို့အတွက် သူ၏ အနီးစပ်ဆုံး အ၀န်းအ၀ိုင်းမှ နားလည်မှု များများစားစား မရှိခဲ့ပါ။ သူငယ်ချင်းများ စီစဉ်ပေးသော နေရာများတွင် လှည့်ပတ်နေ၍ စာရေးသည်။ မှော်ဘီမှာ ကျူရှင်သင်နေသတဲ့ဟု ကြားရသည်။ ထို့နောက် မြောက်ဒဂုံမှာ ကိုခင်မောင်ဇော်တို့နဲ့ နေတယ်ဟု သိရသည်။ ၀ီလျံဖော့ကနာ အက်ဆေးတွေနဲ့ ဗွီအက်စ်နိုင်ပေါလ်ရဲ့ မီဂွယ်စထရိဝတ္ထု လုံချင်းကို ဘာသာပြန်နေကြောင်း သူငယ်ချင်းများက ပြောပြကြသည်။
တရက်က သူသည် ကျွန်တော့်ဆီရောက်လာပြီး အဆောင်နေချင်တယ်ဗျာ။ အဆောင်ငှားဖို့ စီစဉ်ပေးစမ်းပါဟု ဆိုလာသည်။ သို့ဖြင့် ဆင်ရေတွင်းနားက အဆောင်တခုတွင် ငှား၍ရသည်။ ထိုစဉ်က ကျွန်တော်ဆောင်ရွက်နေသော ရုပ်ရှင်သစ္စာမဂ္ဂဇင်းအတွက် ကဗျာ၊ အက်ဆေးနှင့် ဘာသာပြန် စာမူများ ရေးပေးသည်။ သူ့ကို အမြဲအနွံအတာခံသော ကိုသီဟလတ် ယူလာပေးသော စာမူများကို ဘာသာပြန်ပေးသည်။ သူက အစားနည်း၍ အသောက်များလာသည်။ အစာမစားတော့ လူက ချုံးကျသွားသည်။ ပြိုလုလုယိုင်နဲ့နေသော အဆောင်၏ ရှုပ်ပွနေသော အခန်းကျဉ်းလေးထဲတွင် လှဲရနေရသော သူ့အခြေအနေကို သူငယ်ချင်းများနှင့်တိုင်ပင်၍ ဆေးရုံတင်လိုက်ရသည်။
ဆေးရုံတွင် ကျွန်တော်တို့၏ မိတ်ဆွေရင်း တဦးဖြစ်သော ကိုနီက မိသားစုလိုက် စောင့်ရှောက်ပေးသည်။ အပေါင်းအသင်းများက ၀ိုင်းဝန်းထောက်ပံ့ကြသည်။ သူ မဆုံးခင်ညက သူ့ခုတင်ဘေးဝယ် လူမမာမေးရင်း ကိုအုန်းကျော်၊ ကိုနီ၊ ကိုဌေးသိန်း၊ ကိုဌေးလွင်တို့နဲ့ စကားဝိုင်းဖွဲ့ ဖြစ်ကြသေးသည်။ နောက်တနေ့ မနက် ၆နာရီလောက်တွင် ကျွန်တော်အိမ်သို့ ကိုခင်မောင်စန်းရောက်လာပြီး မနက် ၄နာရီ ၄၅မိနစ်လောက်က သူဆုံးသွားတယ်လို့ ကိုမိုး ဖုန်းဆက်ကြောင်းပြောသည်။ ထိုနေ့မှာ ၂၀၀၄ ဇူလိုင် ၇ ရက် ဖြစ်သည်။ သို့နှင့် ကျွန်တော် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ အပြေးသွားသည်။ ဆေးရုံရှေ့ လက်ဘက်ရည်ဆိုင်တွင် ကိုမိုးဝင်း၊ ကိုနီ၊ ကိုဌေးသိန်း၊ ကိုဌေးလွင်၊ ကိုလင်း၊ ကိုအုန်းကျော် တို့ကို တွေ့ရသည်။ သူတို့က စီစဉ်စရာရှိသည်များကို စီစဉ်ထားကြသည်။ နာရေးအသင်းကို အကူအညီ တောင်းထား ကြောင်း၊ နေ့လည် ၁၂ နာရီ ရေဝေးတွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း၊ သူ့မိသားစုမှ မင်းတို့ သူငယ်ချင်းတွေ အစီအစဉ်နဲ့ ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ကြားရသည်။ သို့ဖြင့် ဈာပနကိစ္စအတွက် နာရေးကူညီမှုအသင်းမှ အမကြီး မသန်းမြင့်အောင်၏ ကူညီပုံမှာ ထိရောက်မှု ရှိလှပါသည်။
ရေဝေးတွင် မီးသင်္ဂြိုဟ်ခါနီး အသုဘရှင်ရဲ့ လက်မှတ်ထိုးပေးပါလို့ လာပြောတော့ ကျွန်တော်တို့ သူငယ်ချင်းတသိုက် ကြောင်နေကြသည်။ မသန်းမြင့်အောင်က "ပေး-ပေး ကျွန်မလက်မှတ်ထိုးပေးမယ်၊ သူက ကျွန်မ မောင်လေးလေ" ဟုဆိုပြီး ပြောပြောဆိုဆိုနှင့် လက်မှတ်ထိုးပေးလိုက်သည်။ သြော်- မောင်လေးတဲ့လားအစ်မရယ်၊ အစ်မကြီး မသန်းမြင့်အောင်၏ "ကျွန်မမောင်လေး" ဆိုသော စကားလုံး၏ အနက်များစွာထဲတွင် နက်ရှိုင်းသော လောကအမြင်ကို ကျွန်တော် ထိတွေ့မိခဲ့ပါသည်။
(ငါး)
ထိုနေ့က ဇူလိုင်၏ မိုးရေစက်တို့ ခန်းခြောက်နေခဲ့သည်။ ကျွန်တော်တို့၏ မျက်ရည်များ သာ ရင်ထဲ၌ စိုစွတ်နေခဲ့ပါသည်။ မအူကုန်းထိပ်သို့ စက်ရုံလမ်းအတိုင်း လျှောက်လာရင်း ရှင်အာဒိစ္စ၀ံသ ကျောင်းတိုက်တွင်းသို့ ကွေ့ဝင်လိုက်သည်။ သာသန၀ိဇယုတ္တရသိမ်တော်ကြီး ရှေ့တွင် သစ်သားဘုတ် ခပ်မဲမဲပေါ်တွင် မြေဖြူဖြင့် ရေးထားသော သူ၏အမည်ကို တွေ့ရသည်။
ဦးမျိုးသန်း(ခ)ဂျပ်ကြီး(ခ)ခွန်းခ (၁၉၅၉-၂၀၀၄)
၏ ရက်လည်ဆွမ်းသွတ်တရားနာ။
သူငယ်ချင်းတသိုက်စုစည်းပြီး သူ့အတွက် ကုသိုလ်ပြု အမျှဝေကြသည်။ ရော့-ရော့ ကိုထွန်းဝင်းငြိမ်းရေ၊ ကိုဂျပ်ကြီးအတွက် ဘုန်းကြီးတတ်နိုင်သလောက် ကူညီတာဟု နောက်ထဲ ခေါ်ပြီး အသာကပ်၍ ပိုက်ဆံပေးသည်။ ဆရာတော်၏ သံယောဇဉ်က ကျွန်တော်တို့ တဦးနှင့်တဦး မပြောဘဲသိသော ဘာသာဗေဒတခုအလား စီးဆင်းခဲ့ပါသည်။
ထို့အတူ ကျွန်တော်တို့သည် မပြောဘဲသိသော ဘာသာဗေဒဖြင့် ခရီးနှင်ခဲ့ကြပါသည်။ ကျွန်တော်တို့၏ ခရီးရှည်သည် မျက်ရည်နှင့် အိပ်မက်အကြားမှ တံတားတခုလည်း မည်ပါသည်။ လူတိုင်းလိုလိုတွင် ခရီးများစွာ ရှိခဲ့ဖူးပါလိမ့်မည်။ ထိုခရီးများထဲတွင် ဘ၀ခရီးသည် အရှည်လျားဆုံး ဖြစ်ပါလိမ့်မည်။ သို့အတွက် ကျွန်တော်တို့၏ခရီးမှာ ဘ၀ပေါင်းများစွာ၏ အိပ်မက်ရှည်ကြီးတခုပင် ဖြစ်ပါတော့သည်။
သူသည် ထိုခရီးနှင့်အတူ သွားခဲ့သည်။ ထိုခရီး၌ သူ့ဘ၀ကို အဆုံးသတ်ခဲ့သည်။ သူ၏ ကလောင်အမည်ကို "ခွန်းခ" ဟု ယူခဲ့ခြင်းက ထိုခရီးကို လှစ်ပြသူ ဖြစ်ချင်သည်။ စကားတခွန်း၊ နှစ်ခွန်း စသော "ခွန်း" နှင့် သူ့ဇာတိမြေ ခါကာဘိုရာဇီအရပ်မှ မြစ်ကိုခေါ်သောစကား "ခ" ကို ယူ၍ "ခွန်းခ" သို့မဟုတ် မြစ်ရဲ့စကားဟု အဓိပ္ပါယ်ရစေသည်။
မြစ်တို့သည် စီးဆင်းမြဲ စီးဆင်းနေကြ၏။
ထိုမြစ်၏ စကားမှာလည်း မြစ်၏ရာဇ၀င်ကို သိရာ၏။
စီးဆင်းမှုကို နားလည်ရာ၏။
ပြောင်းလဲခြင်းကို မွေ့လျော်တတ်ရာ၏။
ရောဘတ်ဖရော့စ်ပြောသလိုပင် ကျွန်တော်တို့သည် "မအိပ်ခင် မိုင်ပေါင်းများစွာ သွားရဦးမည်" မဟုတ်ပါလော။
ထွန်းဝင်းငြိမ်း။
(၇-၇-၂၀၀၆)
{ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ်(၇)၊ စက်တင်ဘာ ၂၀၀၆ က ကူးယူဖော်ပြပါတယ်။ မာယာမဂ္ဂဇင်းမှာ ဖော်ပြပြီးဖြစ်တဲ့ မောင်အေးဝင်း ရဲ့ "မပို့လိုက်ရအသုဘ (၂)။ မျိုးသန်း သို့မဟုတ် ဂျပ်ကြီး (၁၉၅၉-၂၀၀၄)" ဆောင်းပါးနဲ့ ဆက်စပ် ဖတ်ရှုနိုင်ပါကြောင်း။}

Sunday, September 13, 2009
ခြေထောက်ကလေးများ ပြန်ရခဲ့ရင်
ရေးသူ- ခွန်းခ
ကျွန်တော့် ခြေထောက်ကလေးကို တွေ့ရင် ပြန်ယူပေးကြပါ။ တခါတုန်းဆီကလို ကျွန်တော် ခြင်းလုံး ခတ်ချင်သေးတယ်။ တောင်တက်ချင်သေးတယ်။ ဘတ်စ်ကားတွေကို တွယ်စီးချင်သေးတယ်။ မိန်းကလေး လှလှလေးတွေကို ရည်းစားစကား လိုက်ပြောချင်တယ်။ ကိုယ့်မွေးရပ်မြေအပါအ၀င် မရောက်ဖူးသေးတဲ့ ဒေသတွေကို အလည်ပတ် ရောက်ချင်တယ်။ ကျွန်တော်တက်ရောက်ခဲ့ဖူးတဲ့ ကျောင်းတော်ကြီးရဲ့ အဓိပတိ လမ်းမကြီးပေါ်မှာ ဇိမ်ရှိရှိနဲ့ ခန့်ခန့်ညားညား လျှောက်လှမ်းချင်လွန်းလှတယ်။
တကယ့်ကိုပဲ ကျွန်တော့်ခြေထောက်တဖက် ပျောက်သွားခဲ့တယ်။ မှတ်တမ်းမှတ်ရာတွေနဲ့ မိတ်ဆွေ တွေရဲ့ ပြောဆိုချက်အရ အကြီးဆုံးဆေးရုံတခုရဲ့ အကာင်းဆုံးဌာနတခုမှာ ရက်အတန်ကြာအောင် မှေးတင်ခဲ့ ရတယ် ဆိုပဲ။ သိမ်မွေ့လှတဲ့ သူနာပြုဆရာမတွေရဲ့ မျက်နှာတွေဟာ အဲဒီနေ့က နေကွယ်သွားသလိုပဲ။ လေးစားထိုက်သူချင်း သိကြပါတယ်လေ။
ခုဆို အိုနေတဲ့ ကျောင်းကိုလည်း ပြေးမကြည့်နိုင်တော့ဘူး။ စက်ဘီးလေးတောင် မစီးနိုင်တဲ့ဘ၀။
အဲဒီ ဒုက္ခိတမှာ ဖြတ်သန်းမှု တစုံတရာ ရှိတယ်။ အဲဒီ အနာတရဟာ အကြောင်းတခုခု ဧကန်မလွဲမသွေ ရှိနေတယ်လို့ ဆိုတဲ့သူတွေက ဆိုနေကြတာပါပဲ။
ကျွန်တော့်ခြေထောက်ကလေး ပြန်ရချင်လွန်းလှတယ်ဗျာ။ တွေ့တဲ့သူတိုင်းက စာနာတဲ့ အကြည့်တွေနဲ့ ကြည့်ကြတာကို မခံစားနိုင်တော့ဘူး။ ကြင်နာတတ်တဲ့သူတွေ၊ အသိမိတ်ဆွေဟောင်းတွေက ဘယ်လိုကြီးများ ဖြစ်သွားတာလဲလို့ မေးလာရင် မျက်ရည်မဆည်နိုင်ဘူး။ ဘတ်စ်ကားပေါ်တက်တိုင်း၊ ဆင်းတိုင်း တွဲကူပေးကြရင်၊ နေရာဖယ်ပေးကြရင်၊ ကိုယ့်မာနကို ပြန်ပြီး ရင်ထဲနှိုက်ပြီး စမ်းရှာနေရတယ်။
လမ်းသွားလမ်းလာမှာ ဆုံဆည်းရတဲ့ ကလေးတွေရဲ့ မျက်လုံးလေးတွေကိုတော့ တမြတ်တနိုးကို ချစ်တယ်။ ကျွန်တော့်ချိုင်းထောက်နဲ့ ကျွန်တော့်မျက်နှာကို အကြိမ်ကြိမ် ရွတ်ဖတ်နေကြပုံရတယ်။ တချို့ ကလေးတွေများဆို ချိုင်းထောက်ကို လာကိုင်ကြည့်ကြတယ်။ သူတို့ စိတ်ဝင်စားမှုကြီးတရပ် ဖြစ်နေမှာပေါ့။ အဲဒီ ပုစိညှောက်တောက်ကလေးတွေက ကျွန်တော့်ကို ချစ်စနိုးနဲ့ ခေါ်ကြပုံက 'ဦးချိုင်းထောက်' တဲ့။ ဘ၀နဲ့ တန်တဲ့ ကလေးတွေနဲ့ ကြည်နူးရတာပါပဲလေ။
မိုးတွေ ရွာပြီဆိုမှဖြင့် ကိုယ့်ကိုယ်ကို အကျဉ်းချထားရသလိုပဲ။ အပြင်လဲ ထွက်ဖို့မလွယ်။ ရေတွေက လမ်းပေါ်မှာ ဒူးလောက်ရှိတယ်။ တယောက်တလေတော့ အနီးနားမှာ ရှိစေချင်စမ်းလှတယ်။ ငယ်ငယ်တုန်းဆီက ဆိုရင် မိုးရေတွေထဲမှာ ပြေးလွှားဆော့ကစားရင်း လွှတ်ပြီးကို ပျော်ပစ်လိုက်တာ။ ခုများတော့.......။
ကိုယ့်ကိုယ်ကို ပြန်သနားတယ်ဆိုတာ အိပ်မက်နုနုတွေကို ပြန်ပြီး တူးဆွနေရသလိုပါပဲ။ ဒုက္ခိတဆိုတော့ အလွန်ဆုံး လက်ခံရှိရလှ ၅၂၈ မေတ္တာမျိုးပေပဲပေါ့။ စွန့်စားပြီး လက်တွဲရဲတဲ့ ကြင်ဖော် ၁၅၀၀ မေတ္တာဆိုတာ မတွေ့လှပါဘူး။ ကျွန်တော့် နှလုံးသားလည်း ရင်ခွင်တခုခုဆီမှာ မှေးစက်ချင်သေးတာပေါ့။ အနမ်းချိုချိုတခွက်နဲ့ တွယ်တာမှုတွေကို မြည်းစမ်းချင်သေးတာပေါ့။ အပြန်အလှန် စိတ်ကောက်ကြပြီး ချော့သိပ်ကြည်စယ်မှုတွေ ဖလှယ်ချင်သေးတာပေါ့။
ဒါပေမယ့် ဘရားသခင်ရဲ့ အနှုတ်အသိမ်းလုပ်မှုနဲ့ ပြစ်ဒဏ်က စောလွန်းလှလေတယ်။ အရွယ်နဲ့မမျှ အောင်ကို လောကဓံကို ကိုက်စားနေရတယ်။ နာကျင်မှုတွေဟာ မိဘဖြစ်မယ်။ လက်လွှတ်ဆုံးရှုံးခဲ့ရမှုတွေဟာ အနာဂတ်နဲ့ ကြေးညှိရတဲ့ မဲ့ပြုံးတချို့ ဖြစ်လိမ့်မယ်။
ခုတော့ နစ်နာမှုတွေ ထုပ်ပိုးပြီး အရပ်တကာသိအောင် ဖွင့်ဟရတော့မယ့် ကိန်းဆိုက်နေပြီ။
နာကျင်ဖူးမှလည်း နာကျည်းမှုကို သိကြမှာပါ။ ချစ်လှချည်ရဲ့ ဆိုခဲ့ဖူးသူနဲ့ မတွေ့ခဲ့ဖူးသလို သူစိမ်းတယောက်ရဲ့ အကြည့်နဲ့ အတိတ်ကို ပြောင်းပစ်ချင်ပုံတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ အားလုံးသိကြ ပါတယ်။ သူဟာ Good Second Hand ဆိုတာ။
ကျွန်တော် မှားခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုပဲ တောင်းပန်ပါတယ်။ မကြာခင်ဆို ဘ၀တခုလုံး နေညိုတော့မှာ။ ကျွန်တော့်အပေါ် ကောင်းခဲ့သူတွေကို ဂါရ၀ပြုချင်သေးတယ်။ ကျေးဇူးပြန်ဆပ်ချင်သေးတယ်။ ဒါကြောင့် ကျွန်တော့် ခြေထောက်လေးကိုများ တွေ့မိခဲ့ကြရင် ပြန်ပေးကြပါဗျာ။
မသန်စွမ်းတော့တဲ့ လူတယောက်မို့လို့ ထားရစ်ခံခဲ့ရတဲ့၊ ဘေးဖယ်ခံခဲ့ရတဲ့ နွမ်းညှိုးနေတဲ့ လူသားတဦးရဲ့ ဘ၀ကို လူကြီးမင်းတို့ ကိုယ်ချင်းစာမိမလား မသိဘူး။ ထခက်၊ သွားခက်၊ ထိုင်ခက်။
ဒါပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတခု ဆုံးရှုံးလိုက်ရတာ ဖြေသိမ့်နိုင်ပါတယ်။ သူ့ကို ဆုံးရှုံးလိုက်ရတာ ကိုတော့ နှမျောမဆုံးနိုင်ဘူး။ ခုခါများမှာတော့ ချစ်ခင်နှစ်သက်သူတွေနဲ့ရော၊ မနှစ်သက်သူတွေနဲ့ပါ အတူတူ မနေနိုင်တော့ဘူး။ ကျေနပ်ပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းပဲလေ။ ဆိုးဆိုး၊ ကောင်းကောင်း ကိုယ်ကိုယ်တိုင်ပဲ ပြန်ရိတ်သိမ်းရမှာပဲပေါ့။
ခုဆိုရင် အပေါစားထွက်ပေါက်တွေနဲ့ နှီးနှောနေခဲ့တာ ကြာလှပြီ။ တော်ပြီ။ နောက်တခါ ဘယ်သူ့ကိုမှ မချစ်တော့ဘူး။ နောင်ဘ၀များ လူပြန်ဖြစ်ဦးမယ်ဆိုရင်တောင် ဒီအသိုင်းအ၀ိုင်းထဲ လုံးဝ မကူးဆက်ချင်တော့ဘူး။
ကျွန်တော် မရှိတော့တဲ့အချိန်မှာ တိမ်တွေ ငုံ့ကိုင်းနေမလား။ သူကလေးရဲ့ ဘ၀င် အုံ့မှိုင်းနေမလား။ (ဒါတွေက မပြတ်သားမှုတွေပါ) ကိုယ့်အကြောင်း ကိုယ်အတင်းပြောရင်း ဘ၀င်မကျမှုတွေနဲ့ စစ်ခင်းနေရတဲ့ နာရီတွေတောင် ညောင်းလှခဲ့ပေါ့။
ကဲပါလေ..... ကျွန်တော့် ခြေထောက်လေး တွေ့ရင် ပြန်ပေးကြပါ။ ကျွန်တော့်ကို အံထုတ်ပေးခဲ့တဲ့ အဲဒီ ဥတ္တရမြို့တော်ကြီးမှာ ဂုဏ်သိက္ခာတွေ လိမ်းသပြီး ကျိုးကျိုးနွံနွံနဲ့ နှိမ့်ချစွာလမ်းလျှောက်ချင်သေးတယ်။ သူနဲ့ ထိုင်ခဲ့တဲ့ ကျောင်းဝန်ကြီးထဲက ညောင်ပင်ကြီးအောက်မှာ ရသဟောင်းတခုကို မှတ်တမ်းပြုစုလိုတယ်။ တို့ဟူးပျော့ လေး၊ ဆန်ခေါက်ဆွဲလေး စားပြီး မြစ်ကမ်းဘေးမှာရပ်၊ ရိုးသားသန့်စင်တဲ့ လေတွေကို တ၀ရှိက်ရှူ၊ ဧရာဝတီနဲ့ နှစ်ကိုယ်ကြား တီးတိုးဆိုချင်သေးတယ်။ (မသိလိုက် မသိဖာသာပေါ့လေ။ သူ့ခြေရာဟောင်းလေးတွေကို ပြန်ကောက်သိမ်းထားသင့်ရင် သိမ်းရမှာပေါ့။ အဲဒါ ရှက်စရာတော့ မဟုတ်ဘူး။ တကယ်ဖြစ်ခဲ့တာကိုး)
ရာဇ၀င်ထဲမှာ ရှာမတွေ့ဘူးဆိုရင် အနူးအညွတ် မေတ္တာရပ်ခံပါရစေ။ ကျွန်တော့်ခြေထောက်လေး တွေ့ရင် ပြန်ပေးကြပါဗျာ၊

အတ္တပရဟိတလုပ်ငန်း
ရေးသူ- လူထုစိန်ဝင်း
မိတ်ဆွေတယောက်က အီးမေလ်ကနေ မာယာဖတ်ဖို့ ဒီဆောင်းပါကို ပို့လိုက်ပါတယ်။ မာယာက ကြိုက်လို့ မာယာပရိသတ်တွေလည်း ဖတ်ရအောင် တင်ပေးလိုက်ပါတယ်။ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ကြောင်း မာယာက မှတ်တမ်းတင်ပါတယ်။
[၂၀၀၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာ နအဖ အစိုးရလက်အောက် ဖြစ်သည့်တိုင်၊ မြန်မာနိုင်ငံထဲမှာ NGO, INGO အဖွဲ့အစည်းတွေ အတော်များလာပါတယ်။ နာဂစ်နောက်ပိုင်းမှတော့ အရှိန်အဟုန်နဲ့ တိုးတက်ကြီးထွား လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီမိုကရေစီကို ဦးတည်နေတဲ့ လူ့အဖွဲ့အစည်းမှာ လူထုအခြေခံ အဖွဲ့အစည်းများ civil society များ ထွန်းကားလာတာကို အပြုသဘောဆောင်တဲ့ လက္ဒဏာအဖြစ် ယူဆကြပါတယ်။ သို့သော် အုပ် အရောရော၊ ကျောက် အရောရောဆိုသလို ဒီလိုလူတွေထဲမှာ အဆိုးတွေလည်း ပါလာတတ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဆရာ လူထုစိန်ဝင်းက သူ့အတွေ့အကြုံနဲ့ သဘောထားကို ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့ထုတ်၊ Weekly Eleven ဂျာနယ်မှ ရေးထားတာကို မျှဝေ ပေးလိုက်ပါတယ်။]
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလို့ ခေါ်ကြတဲ့ "အင်ဂျီအို" တွေ "အိုင်အင်ဂျီအို" တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းလို့ဆိုတဲ့ အဖွဲ့တွေအကြောင်း မကြာခဏဆိုသလို ရေးခဲ့ပါတယ်။ အခုတလောတော့ ခပ်စိပ်စိပ်ကလေးကို ရေးဖြစ်ပါတယ်။ အင်တာဗျူးတွေလည်း ဖြေခဲ့ ပြောခဲ့ပါတယ်။ အကြောင်းမသိသူတချို့က ဘာကြောင့် ဒါလောက် မျက်မုန်းကျိုးနေတာလဲလို့ မေးကြပါတယ်။ "မြန်မာတွေ မျောက်ဖြစ်ကုန်မှာ စိုးလို့" လို့ပဲ လိုတိုရှင်း ဖြေလေ့ရှိပါတယ်။
အတုမြင် အတတ်သင်မှာစိုးလို့
ဟုတ်ပါတယ်ခင်ဗျ။ မျောက်ပြဆန်တောင်းသူတွေကြောင့် ကျွန်တော်တို့လူမျိုး မသိမသာနဲ့ မျောက်ဖြစ် နေကြတာတော့ အတော်လေး ကြာနေပါပြီ။ ဒါပေမယ့် ဘာမှ မပြောခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ကိုယ်တိုင်က ကိုယ့်လူမျိုးကို မျောက်အဖြစ် လက်ညှိုးထိုးပြပြီး မျောက်ပြဆန်တောင်းသူ ဖြစ်လာကြတာမျိုးတွေ တနေ့တခြား များသထက် များလာနေတာကြောင့် ခပ်စိပ်စိပ်လေး ပြောနေ ရေးနေရတာ ဖြစ်တယ်။ စေတနာရှင်းသန့်တဲ့ လူငယ်လေးတွေ "အတုမြင် အတတ်သင်" ဖြစ်ကုန်ကြမှာ စိုးလို့ပါ။ တနှစ်ကို တကြိမ်လောက်၊ နှစ်ကြိမ်လောက် သတိပေးသားနေရင်းကတောင် တန့်သွားရမယ့်အစား ပိုပိုပြီး ကျယ်ပြန့်လာ တာကြောင့် ခုလို ခပ်စိပ်စိပ် ပြောရ ရေးရတာ ဖြစ်တယ်။
ဘယ်သူ့မှ အားမကိုးနဲ့
ဘယ်ထိ အခြေအနေဆိုးတယ်ဆိုတာ ပြောပြပါမယ်။ မှတ်မှတ်ရရ ပြောရရင် ဒီလိုအဖွဲ့အစည်းတွေ အကြောင်းစပြီး ဝေဖန်ရေးသားခဲ့တာ ပထမ အကြိမ်က ကုလသမဂ္ဂနဲ့ ပတ်သက်တာ ဖြစ်ပြီး နောက်တကြိမ် ကတော့ အိုင်အင်ဂျီအိုတခုနဲ့ ပတ်သက်တာ ဖြစ်တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က "ဂမ်ဘာရီ" ဆိုတဲ့ ပုဂ္ဂိုလ်ကြီး မြန်မာ့နိုင်ငံရေးကိစ္စ ကြားဝင်ဖြေရှင်းဖို့ မြန်မာနိုင်ငံကို လာမယ်ဆိုတုန်းက ပြည်တွင်းပြည်ပ နိုင်ငံရေး လေ့လာသူတွေနဲ့ နိုင်ငံရေးဂုရုတွေ၊ နိုင်ငံရေးပါတီကြီးတွေက ဂမ်ဘာရီ လာမှာကိုပဲ သိကြားမင်းကြီး ဆင်းလာသလို အူမြူးနေကြတာတွေကို မြင်ရတဲ့အတွက် မြန်မာ့ကိစ္စကို မြန်မာတွေ ကိုယ်တိုင်ရှင်းမှ ရမယ်။ ကုလသမဂ္ဂလည်း မကယ်နိုင်ဘူး။ အမေရိကန်လည်း မကယ်နိုင်ဘူး။ အီးယူလည်း မကယ်နိုင်ဘူး။ ဘယ်သူ့မှ အားမကိုးနဲ့။ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်ဟာကို ဖြေရှင်းကြလို့ ရေးလိုက်ပါတယ်။
အဲဒီတုန်းကလည်း စာဖတ်ပရိသတ်နဲ့ လူငယ်တွေက သဘောကျ ထောက်ခံကြပါတယ်။
ဆရာကောင်းတပည့်တွေ
အဲဒီတုန်းက "ဆရာရေးတာ သိပ်မှန်တာပဲ" တို့၊ "ရေးတာနည်းတောင် နည်းသေးတယ်" တို့ ပြောခဲ့ကြတဲ့ လူငယ်တချို့တောင် အခုတော့ အင်ဂျီအို ဆိုင်းဘုတ်ကိုယ်စီနဲ့ ဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ ဒါကြောင့် ရေးရ ပြောရ ပြန်တာပါ။ ဒီလူငယ်တွေဟာ အစကတော့ သန့်ရှင်းတဲ့ အဖြူထည်တွေပါ။ နောက်ကျမှ ဟိုနိုင်ငံ ဒီနိုင်ငံတွေမှာ ဟိုသင်တန်း ဒီသင်တန်းဆိုတာမျိုးတွေ တပတ်လောက်၊ နှစ်ပတ်လောက် သွားတက်ခဲ့ကြပြီး ပြန်ရောက်လာတော့ သူတို့ ကိုယ်တိုင် ဆိုင်းဘုတ်ထောင် ကုန်ကြတော့တာပါဘဲ။ တပတ်နှစ်ပတ် သင်တန်းတက်ပြီး ဘာတွေ တတ်လာတယ် ဆိုတာတော့ မသိဘူး။ လက်တွေ့မြင်ရတာကတော့ သူတို့ကိုယ်တိုင် "အင်ဂျီအို" ကုန်ကြတာပဲ ဖြစ်တယ်။ မဖြစ်ဘဲ နေရိုးလား။ သူတို့ကို ခေါ်ပြီး သင်တန်းပေးသူတွေ ကိုယ်တိုင်က သူတို့ကို မျောက်အဖြစ် လက်ညှိုးထိုးပြပြီး ဆန်လယ်တောင်းသူတွေ ဖြစ်နေကြတာကိုး။
ဂိုးရင်းအဘရော့ဒ်
ဆရာကောင်းတပည့်တွေ ပန်းကောင်းပန်နေကြတာတွေကတော့ ကတော့ မမြင်ချင် အဆုံးပါပဲ။ တချို့က အေ့ဒ်စ် ဆိုင်းဘုတ် ကိုင်ကြတယ်။ တချို့က သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်းဘုတ် ထောင်ကြတယ်။ တချို့က တောရိုင်းတိရစ္ဆာန် ဆိုင်းဘုတ်၊ တချို့က မိကျောင်းထိန်းသိမ်းရေးဆိုင်းဘုတ်၊ တချို့က ဒီရေတော ဆိုင်းဘုတ်၊ တချို့က ပလတ်စတစ် ဆိုင်းဘုတ် စသဖြင့် စသဖြင့် ဆိုင်းဘုတ်တွေကတော့ စုံသလား မမေးနဲ့။ အမယ် ဆိုင်းဘုတ် ဘယ်လောက်များများ အားလုံးပဲ "လန်း" ကြသဗျ။ "၀ပ်ရှော့" ဆိုတာတွေ တက်ဖို့ "ဂိုးရင်းအဘရော့ဒ်" ဆိုတာတွေလည်း ခဏခဏ မြင်နေရ၊ တွေ့နေရ၊ ကြားနေရ သဗျ။ နောက်တက်လာတဲ့ ကလေးတွေ ဆက်ပြီး ဆရာကောင်းတပည့်တွေ ဖြစ်ကုန်ကြမှာတောင် စိုးရိမ်ရတဲ့ အခြေအနေလို့ ပြောရင် မလွန်လှဘူးလို့ ထင်ပါတယ်ခင်ဗျ။
စံပြပုဂ္ဂိုလ်လိုတယ်
ကလေးတွေအတွက် မေတ္တာအပို့ခံပြီး ဒီလို ရေးနေ ပြောနေရတာပါ။ အင်ဂျီအို အားလုံးမကောင်းဘူးလို့ ဆိုတာ မဟုတ်ပါဘူး။ စေတနာ အစစ်၊ မေတ္တာအစစ်၊ ကရုဏာအစစ်နဲ့ လုပ်နေကြတဲ့ အင်ဂျီအိုတွေနဲ့ ရှင်းသန့်တဲ့ လူငယ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အစစ်အမှန်သမားတွေက မျောက်ပြဆန်တောင်း သူတွေလို "ပြေ (ပြည်) ပေါ်မှာ ရွှေကြော်ငြာထုတ်" တဲ့ အလုပ်မျိုးတွေ လုပ်လေ့မရှိတော့ သူတို့အကြောင်းကို ကလေးတွေက မသိကြဘူး။ ကလေးတို့၊ လူငယ်တို့ ဆိုတာ သူတို့ အားကျတဲ့ အတုယူရတဲ့ "စံပြု ပုဂ္ဂိုလ်" (Role Model) တွေ ရှိဖို့ လိုပါတယ်။ ဒါကြောင့် ကွယ်လွန်ရှာပြီ ဖြစ်တဲ့ လူရိုး လူကောင်းကြီး မြန်မာ့အလင်းဦးတင် အကြောင်းကို နှစ်ကြိမ် သုံးကြိမ်လောက် ရေးပြခဲ့ဖူးပါတယ်။ မြန်မာ့အလင်းသတင်းစာတိုက်အုပ် ဦးတင်က ဘိုးဘွားရိပ်သာကို မူလနေရာ နှင်းဆီကုန်းကနေ စစ်ပြီးတော့ လက်ရှိနေရာကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစား အားထုတ်ခဲ့သူ ဖြစ်ပါတယ်။ ရွှေ့ပြီးတဲ့ ဘိုးဘွားရိပ်သာမှာ မနက်တိုင်း ရုံးလာထိုင်ပါတယ်။ ပြီးမှ မြန်မာ့အလင်းတိုက်ကို သွားပါတယ်။
ပရဟိတသမားစစ်စစ်
ဦးလေးတင် ဘိုးဘွားရိပ်သာ ရုံးခန်းရောက်တော့ ၀န်ထမ်းတွေက ကော်ဖီတို့၊ မုန့်တို့ ယူလာပြီး ဧည့်ခံပါတယ်။ အဲဒီအခါ ဦးလေးတင်က သူ့ခြင်းထဲ အမြဲပါနေကျ ကော်ဖီဓာတ်ဗူးနဲ့ ရေနွေးကြမ်းဗူးကို ထုတ်ပြီး "ငါ့မှာ အကုန်ပါတယ်၊ ဧည့်ခံစရာ မလိုဘူး။ အလှူရှင်တွေက ဘိုးဘွားတွေအတွက် လှူတာ၊ တို့အတွက် မပါဘူး။ ဒါကြောင့် ငါလည်း မစားဘူး။ မင်းတို့လည်း မစားကြနဲ့" လို့ ဆုံးမပါတယ်။ ဦးလေးတင်က သူ့ကော်ဖီလေး သူထည့်သောက်၊ သူ့ရေနွေးကြမ်းလေး သူ ထည့်သောက်တာပါ။ ဦးလေးတင်ရဲ့ စည်းကမ်းတိကျမှုနဲ့ သမာဓိကို သိတာကြောင့် ဖဆပလ အမှုဆောင်ရွေးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး ဘယ်တုန်းကမှ မလုပ်ခဲ့တဲ့ ဦးတင်ကို မရရအောင် ခေါ်ပြီး ငွေကိုင်ရတဲ့ ဘဏ္ဍာရေးမှူး ခန့်ခဲ့တာ ဖြစ်တယ်။ နောက်တော့ ဦးနုက သူ့ကိုပဲ ဘဏ္ဍာရေးဝန်ကြီး ခန့်ပါတယ်။ နောက်ဆုံး လွှတ်တော်ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့ရပါတယ်။ ပရဟိတသမား ဆိုတာ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုမှ ခေါ်နိုင်တာပါ။ ကိုယ်ကျိုးတစုံတရာ ရယူခံစားပြီး လုပ်တယ်ဆိုကတည်းက ပရဟိတသမား မစစ်တော့ပါဘူး။ (အတ္တဟိတ + ပရဟိတ) နှစ်ခုပေါင်းပြီး "အတ္တပရဟိတ" သမား "အတ္တပရဟိတလုပ်ငန်း" လို့ပဲ ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတ္တဟိတ အတွက် ပရဟိတလုပ်ငန်းလုပ်တာ မဟုတ်လား။
လူထုစိန်ဝင်း
Tuesday, September 8, 2009
နိုင်ငံတကာကစာအုပ်ဆိုင်များ
ရေးသူ- ဇေယျ
များမကြာမီက ဥရောပ အရှေ့ပိုင်း ရူမေနီယာနိုင်ငံမှ ရောက်လာသော 'ယနေ့ရူမေနီယာ' ခေါ် မဂ္ဂဇင်း တစောင်တွင် 'စာအုပ်များသည် မရှိလျှင် မဖြစ်သော အဆင့်အတန်းရှိ၏' ဟု ခေါင်းစည်းတပ်သော ဆောင်းပါးတစောင် ပါလာသည်။ ရေးသားသူမှာ မကြာမီက ရူမေနီယာနိုင်ငံသို့ အလည်အပတ်ရောက်ခဲ့သော သြစတြေးလျမှ စာရေးဆရာမကြီး ဓင့်ဖနာကူဆက် ဖြစ်သည်။ ဆောင်းပါးကို စသည်နှင့်တပြိုင်နက် ဆရာမကြီးက "ဘယ်နိုင်ငံကိုရောက်ရောက် ကျွန်မ ပထမဦးဆုံး ပြုလိုတာကတော့ စာအုပ်ဆိုင်တွေကို တယောက်တည်း လျှောက်ပြီး အေးအေးဆေးဆေး ကြည့်ချင်ပါတယ်။ တိုင်းပြည်တပြည်က ပြည်သူပြည်သားတွေ ဖတ်လေ့ရှိတဲ့ စာအုပ်တွေကို ကြည့်ခြင်းအားဖြင့်သာ မဟုတ်ဘဲ ပြည်သူပြည်သားတွေဟာ စာအုပ်ကို ဘယ်လိုသဘောထား တယ် ဆိုတာကိုလည်း ကြည့်ခြင်းအားဖြင့် ထိုတိုင်းပြည်အကြောင်းကို များစွာပဲ သိနားလည်နိုင်ပါတယ်။ ဘူခါရက်မြို့မှာ ဆိုလျှင် စာအုပ်များဟာ မရှိလျှင် မဖြစ်တဲ့ ပစ္စည်းအဆင့်အတန်း ရှိပါတယ်။ စာအုပ်ဆိုင်တွေမှာ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ လှလှပပ ခန်းခန်းနားနားခင်းကျင်းပြသထားတဲ့အတွက် စာအုပ်ဝယ်ရခြင်းဟာ ပျော်စရာကြီး ဖြစ်ပါတယ်" ဟု အားပါးတရ ရေးသား ဖော်ပြလေသည်။
ကျွန်တော်တို့ ရောက်ခဲ့ဖူးသော တပါးနိုင်ငံများတွင်လည်း သြစတြေးလျ စာရေးဆရာမကြီး ဖော်ပြ သကဲ့သို့ပင် တွေ့ရပေသည်။ ၁၉၅၈ ခုနှစ်၊ ဥစဘက်ကီစတန်ပြည်နယ် တာ့ရှကင့်မြို့သို့ ရောက်စဉ်က အာရှအာဖရိက စာရေးဆရာညီလာခံ နေ့စဉ်အစည်းအဝေးများပြီး၍ အားလပ်ချိန်များတွင် စာအုပ်ဆိုင်များကို လှည့်လည်ကြည့်ရှုရာ နေ့တိုင်းပင် တာ့ရှကင့် မြို့သူမြို့သား ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ် များစွာတို့သည် ရန်ကုန်မြို့ လေဟာပြင်ဈေး ညနေပိုင်း အစားအသောက်ဆိုင်များတွင် လူတွေ တိုးကြိတ်နေသကဲ့သို့ အားပါးတရ ၀ိုင်းအုံ ၀ယ်ယူနေကြသည်ကို မြင်တွေ့ရသည်။ စာအုပ်များမှာလည်း ဈေးနည်းသော ငါးမူးတကျပ်တန်များ မဟုတ်ချေ။ ငါးကျပ်၊ တဆယ်၊ တဆယ့်ငါးကျပ် မရှောင် ဖောဖောသီသီကြီး ၀ယ်ကြလေသည်။ တခုသောညနေတွင် စာအုပ်ဆိုင်တဆိုင်ကို ၀င်၍ကြည့်ရာ ကျွန်တော့်ရှေ့က အသက် ၅၀ခန့်ရှိ အမျိုးသမီးကြီး တယောက်စာအုပ် သုံးလေးအုပ် ၀ယ်ယူနေသည်ကို တွေ့ရလေသည်။
ထို့နောက် ကျွန်တော့်ကိုမြင်ရာ ၀မ်းသာအားရဖြင့် ဘာလူမျိုးလဲဟု မေးလေသည်။ မြန်မာလူမျိုးဖြစ် ပါသည်။ စာရေးဆရာ ညီလာခံကို တက်ရောက်နေပါသည်ဟု ပြန်ပြောရာ စာအုပ်စင်ပေါ်မှ အတော်ထူထဲလှပ သော စာအုပ်တအုပ်ကို ရွေး၍ ငွေခုနှစ်ကျပ်ဖြင့် ၀ယ်ယူကာ စာအုပ်ပထမနေရာအလွတ်တွင် ကမ္ဗည်းရေးပြီးလျှင် "ဒီစာအုပ်ဟာ အလီရှား-နာဗာယီရဲ့ ကဗျာပေါင်းချုပ် ဖြစ်ပါတယ်" ဟု ဆိုလျက် ကျွန်တော့်အား လက်ဆောင်ပေးလေသည်။ ကျွန်တော့်မှာ ကျေးဇူးလည်းတင် အံ့အားလည်းသင့်ဖြစ်လျက် လက်ခံလိုက်ရ လေသည်။ ထိုအချိန်၌ ကျွန်တော့်လက်တွင် မြန်မာနိုင်ငံမှ စာအုပ်တအုပ် ပါလာပါမူကား ကောင်းလေစွဟု တောင်းတမိသည်။ သို့သော် မပါလာသဖြင့် "ကျေးဇူး ကြီးလှပါတယ်ခင်ဗျ၊ ဒီစာအုပ်ကို အမြတ်တနိုး အမှတ်တရ မြန်မာပြည်သို့ ဆောင်ယူ၍ သိမ်းဆည်းပါမည်။ ကျွန်တော်ကလည်း လက်ဆောင် တုံ့ပြန်ပါရစေ။ ဒီစာအုပ်ဆိုင်ထဲက ကြိုက်ရာ စာတအုပ်ကို ပြပါ" ဟု ပြောရာ အမျိုးသမီးကြီးက အလွန်ဝမ်းသာစွာနှင့်ပင် "ကျေးဇူးတင်ပါတယ်၊ ကျွန်မလက်ဆောင်ကို ကြည်ဖြူစွာ လက်ခံခြင်းကိုပဲ ၀မ်းသာလှပါပြီ။ နောက်ထပ် ၀ယ်စရာ မလိုဘူး။ ဟောဒီ ၀ယ်ပြီးသား စာအုပ်နှစ်အုပ်မှာပဲ လက်မှတ်ရေးထိုးသွားပါ။ တအုပ်က ကျွန်မအတွက် ဖြစ်ပါတယ်။ တအုပ်က ကျွန်ရဲ့ သားအတွက် ဖြစ်ပါတယ်။ သူက သိပ္ပံကျောင်းမှာ ပညာသင်နေရပါတယ်။ မြန်မာပြည်က စာရေးဆရာတယောက်ရဲ့ လက်မှတ်ကို ရတယ်ဆိုရင် အင်မတန် ၀မ်းသာပါလိမ့်မယ်" ဟု ဆိုသဖြင့် စာအုပ်နှစ်အုပ်စလုံး၌ပင် ဆုတောင်းမိတ်ဆက်စာ တကြောင်းစီနှင့် လက်မှတ်ကို မြန်မာဘာသာ အင်္ဂလိပ်ဘာသာ တို့ဖြင့် ရေးသားပေးလိုက်ရပေသည်။
တာ့ရှကင့်မြို့မှ တဖန် ရုရှားပြည် မော်စကိုမြို့၊ လီနင်ဂရက်မြို့သို့ သွားရောက်ကြရာ ထိုမြို့များတွင်လည်း နည်းတူစွာပင် စာအုပ်ဆိုင်များ၌ လူစည်ကားလျက် ဖောဖောသီသီ ၀ယ်ယူနေကြသည်ကို တွေ့ရလေသည်။ ကိုယ်ပိုင် ၀ယ်ယူကြသည်နှင့် အားမရသေးဘဲ စာကြည့်တိုက် ပြတိုက်များတွင်လည်း ကြိတ်ကြိတ်တိုးပင် ဖြစ်ကြသည်။ ထိုမြို့များ၌ ကျွန်တော်တို့နှင့် တွေ့ရလေသမျှ ကျောင်းသား ကျောင်းသူ လူရွယ်လူလတ် ဟူသမျှတို့ကလည်း စာအုပ်များကိုပင် အမြတ်တနိုး လက်ဆောင်ပေးကြသည်။ သူတို့ လက်ထဲတွင်လည်း ၀တ္ထုစာအုပ်၊ ကဗျာစာအုပ်များကို အမြဲလိုလိုပင် တွေ့ရသည်။ ၎င်းတို့မှာ ကျောင်းစာအုပ်များ မဟုတ်။ စာဖတ်ရင့်ကျက်မှု၊ ဗဟုသုတမှု၊ ယဉ်ကျေးမှုများအတွက် အလွတ်ဖတ်ရှု လေ့လာသော စာအုပ်များ ဖြစ်လေသည်။ ရုရှပြည်သူ ပြည်သားများသည် ရုရှ ဆရာကြီးများရေးသားပြုစုသော ကဗျာ လင်္ကာ ကျမ်းဂန်စာပေများကို သာမက အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ စသော ကမ္ဘာ့စာပေမျိုးစုံကို ရုရှားဘာသာသို့ ပြန်ဆိုရေးသား၍ ပုံနှိပ်ထုတ်ဝေထားသော စာပေများကိုလည်း အများအပြား လေ့လာဖတ်ရှုလျက် ရှိကြသည်။
၁၉၉၅၉ ခုနှစ်၊ တရုတ်ပြည်သို့ ရောက်စဉ်ကလည်း ပီကင်း၊ ရှံဟဲ၊ ကန်တုန်၊ ဟန်ချော၊ တာ့တွန်၊ ခွန်မင် စသော မြို့များတွင် ထိုနည်းပင် တွေ့ရလေသည်။ ပီကင်းမြို့ ဆိုင်စဉ်ကန္နား အလွန်ပေါများသည့် ၀မ်ဖူကျင်းလမ်း တလျှောက်တွင် စာအုပ်ဆိုင်ကြီးများ ရှိသည်။ အချို့မှာ တရုတ်ဘာသာ စာအုပ်များဖြစ်၍ အချို့မှာ နိုင်ငံခြားစာပေ များဖြစ်သည်။ နိုင်ငံခြားစာပေရောင်းသော စာအုပ်ဆိုင်များတွင် အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်၊ အီတာလျံ၊ ရုရှား၊ ဂျာမန်စသော နိုင်ငံများမှဘာသာမျိုးစုံ စာအုပ်များတွင်လည်း ကဗျာလင်္ကာ၊ ၀တ္ထု၊ ရာဇ၀င်စသည်တို့နှင့် သိပ္ပံပညာ မျိုးစုံ ပါရှိသည်။ အချို့စာအုပ်များ၏ အဖိုးနှုန်းထားမှာ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်များထက်ပင် သက်သာလေသည်။ နံနက်တခေါက် ညနေတခေါက် ရောက်သွားရာ ဆိုင်တိုင်း၌ ၀ယ်ယူသူများ စည်ကားလျက်ရှိသည်ကို တွေ့ရလေသည်။ ထိုသို့ စည်ကားသည်မှာ တရုတ်ဘာသာ စာအုပ်ဆိုင်များတွင်သာ မဟုတ်ဘဲ၊ နိုင်ငံခြားဘာသာ စာအုပ်မျိုးစုံဆိုင်များတွင်လည်း စည်ကားလျက် ရှိလေသည်။
၁၉၅၃ ခုနှစ်၊ အင်္ဂလန်ပြည်သို့ ရောက်စဉ်ကလည်း ထိုနည်းပင် တွေ့ရလေသည်။ လန်ဒန်မြို့တွင်ဆိုလျှင် တမြို့လုံး စာအုပ်ဆိုင်နှင့် ကင်းသောလမ်း ဟူ၍ မရှိသလောက် ဖြစ်သည်။ မြို့၏ ဗဟိုချက်မဖြစ်သော ချယ်ရင်ကရော့စ်လမ်း၊ ဘောင်းလမ်း၊ အောက်စဖို့လမ်း၊ ဗြိတိသျှပြတိုက်ကြီးတ၀ိုက်ရှိ လမ်းကြီးလမ်းငယ်တို့မှာ စာအုပ်ဆိုင်ကြီးဆိုင်ငယ်များနှင့် ပြည့်ကြပ်နေသဖြင့် ထိုအရပ်များသို့ သွားရောက်လျှင် စာအုပ်မြို့ကြီးပေလောဟု ထင်ရလေသည်။ ဆိုင်တွင်းဆိုင်ပြင် ခင်းကျင်းပြသထားသည်မှာလည်း ကြည့်၍မဆုံးဖြစ်သည်။ ချယ်ရင်ကရော့စ် လမ်းရှိ ဖွိုင်းအမည်ရှိသော စာအုပ်ဆိုင်ကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည်ဟု ဆိုကြသည်။ စာအုပ်ပေါင်း ၃ သန်း နှင့် ဌာနခွဲပေါင်း ၁၄ ဌာန ရှိသည်။ စာတအုပ်လျှင် ၂၅ ပြားတန်မှစ၍ တသိန်းတန်အထိ ရှိသည်။ ကျွန်တော်တို့ ရောက်သွားသည့် အချိန်တွင် ထိုဆိုင်ကြီးရှေ့ မျက်နှာစာ မှန်ခန်းအတွင်း၌ 'ရှိတ်စပီးယား-ဖိုလီယို' ခေါ် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ရာကျော်က လန်ဒန်မြို့တွင် ပုံနှိပ်သော စာအုပ်ကြီးတအုပ်ကို ပြထားသည်။ တန်ဖိုးမှာ ပေါင်စတာလင် ၆၄၀၀ (မြန်မာငွေ ကျပ် ၈၆၀၀၀ ခန့်) ဖြစ်သည်။ ကမ္ဘာပေါ်တွင် တန်ဖိုးအများဆုံး စာအုပ်များတွင် အပါအ၀င် ဖြစ်သည်။ ထိုစာအုပ်ကြီးကို ပြထားသော မှန်ခန်းနှင့် မနီးမဝေးရှိ ဆိုင်အပြင်ဘက် ခုံတန်းများ၌ ပြထားသော စာအုပ်များတွင် ခြောက်ပဲနိတန်ဝတ္ထုစာအုပ်ကလေးကိုလည်း တွေ့ရသည်။ ထိုနှစ်အုပ်လုံးကိုပင် ၀ယ်ယူသူ ရှိသည်။ အတွင်းသို့ ၀င်သွားသောအခါလည်း တဌာနမျှကိုပင် တနေ့နှင့် ကြည့်၍ ပြီးနိုင်မည် မထင်ချေ။ တဆယ့်လေးဌာန တတိုက်လုံးကိုမူကား ၁၅ ရက်ခန့် ကြည့်မှ စုံလင်ပေလိမ့်မည်။
စာအုပ်ဆိုင် များပြားသလောက် ၀ယ်သူလည်း များပြားလှပေသည်။ နံနက်ပိုင်း စာအုပ်ဆိုင်တွင် ၀င်ရောက်ကြည့်ရှုသူ ပြိုးပြိုးပြောက်ပြောက်သာ ရှိသည်။ ကျွန်တော် ရောက်နေကျ ဆိုင်ကြီးတဆိုင်မူကား တယောက်မျှ မရှိ။ ရောင်းသူ တယောက်နှစ်ယောက်သာ ချောင်ထဲတွင် ကုတ်နေကြသည်ကို တွေ့ရလေသည်။ သို့သော် နေ့လည်ပိုင်းနှင့် ညနေပိုင်းများတွင်မူကား ဆိုင်တိုင်းတွင် တိုး၍မပေါက်နိုင်အောင် စည်ကားလှပေသည်။ အမှတ်မဲ့ကြည့်သော် ဘုရားပွဲတော်ကြီးများလားဟု အောက်မေ့ရသည်။ လန်ဒန်မြို့ပေါ်ရှိ အလုပ်သမားများနှင့် ကျောင်းသားများမှာ နေ့လည်ပိုင်း အချိန်တနာရီ အားလပ်ချိန်နှင့် ညနေပိုင်း အလုပ်ဖြုတ်ချိန်များတွင် စားရေးသောက်ရေးကို တဆယ့်ငါးမိနစ်လောက်နှင့် အလျင်အမြန်ပြီးစေ၍ ကျန်အချိန်ကို စာအုပ်ဆိုင်များတွင် ကုန်စေကြသည်။ ထို့ကြောင့် အဆိုပါ အချိန်များတွင် စာအုပ်ဆိုင်များ၌ တိုးကြိတ်နေကြခြင်း ဖြစ်သည်။ ကျွန်တော်မူကား ထိုလူထုကြီးကို တိုးမနိုင်သဖြင့် တပါးအချိန်များကို ရွေး၍ စာအုပ်ဆိုင်များသို့ သွားရလေသည်။
အောက်စဖို့မြို့သို့ ရောက်သွားပြန်သောအခါလည်း ထိုနည်းပင် တွေ့ရသည်။ ထိုမြို့သို့ရောက်သောအခါ ကျွန်တော်သည် စာအုပ်သစ်များကို အာရုံမပြုဘဲ စာအုပ်ဟောင်းများကို ရှာဖွေလိုသော ဆန္ဒရှိသဖြင့် တပါးဆိုင်များကို မ၀င်ဘဲ ဘရော့လမ်းရှိ ဘလက်ဝဲလ် စာအုပ်ဆိုင်သို့ သွားလေသည်။ ထိုဆိုင်မှာ ရှားပါးသော စာအုပ်များနှင့်အထူးအားဖြင့် ကမ္ဘာ့အရှေ့ပိုင်း အာရှတိုက်နှင့် သက်ဆိုင်သော ရှေးစာအုပ်များကို အများအပြား ရောင်းသည်။ စာအုပ်သစ်များလည်း ရောင်းသည်။ သို့သော် စာအုပ်မျိုးစုံ မဟုတ်ဘဲ အထက်တန်း အတတ်ပညာများနှင့် သက်ဆိုင်သော အဖိုးတန်စာအုပ်များကိုသာ ကန့်သတ်၍ ထားရှိသည်။
ထိုကြောင့် ထိုဆိုင်မှာ လူနည်းလိမ့်မည်ဟု ထင်မိရာ ဆိုင်တွင်းသို့ ၀င်သွားသောအခါ မူကား ကြိတ်ကြိတ်တိုး စည်ကားနေသည်ကို တွေ့ရလေသည်။ စာအုပ်ဟောင်းများရှိသော အထက်ထပ်များသို့ တက်သွားပြန်သောအခါလည်း စည်ကားလျက်ပင် ရှိသည်ကို တွေ့ရလေသည်။ စာအုပ်သစ်ဆိုင်များတွင် လူစည်ကားသည်မှာ သာမန်အားဖြင့်ဆိုသော် အံ့သြဖွယ် မဟုတ်သော်လည်း တအုပ်လျှင် ငွေငါးဆယ်၊ တရာမှ တထောင်နှစ်ထောင်အထိ ရှားရှားပါးပါး တန်ဖိုးထား၍ ရောင်းသော စာအုပ်အဟောင်းဆိုင်၌ လူစည်ကားနေ သည်မှာကား အံ့သြဖွယ်ရာသာ ဖြစ်နေပေသည်။
ဇေယျ
(၁၉၆၀ ခန့်က သွေးသာက်မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် 'ထမင်းတလုပ် စာတအုပ်' ဆောင်းပါးမှ ကောက် နှုတ်ဖော်ပြသည်။)
{စာပေလောက အရောင်းဆိုင် အမှတ် ၅ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အခမဲ့ဝေငှသော စာစောင်ငယ်မှ ကူးယူ ဖော်ပြပါတယ်။}

အဆိပ်လူးမြား
ရေးသူ- ညီပုလေး
သူများတွေ ပူရအိုက်ရတဲ့အထဲမှာ သူက ဖလန်နယ်အနီကွက်အင်္ကျီကို ၀တ်လို့။ အင်္ကျီက သစ်သစ် လွင်လွင်လည်း မဟုတ်ဘူး။ ကုပ်က အဖာရာနဲ့။ အရောင်ကလည်း လွင့်နေပြီ။ ဒီလိုအချိန် ဒီလိုကြီး ၀တ်စားထားလို့ သတိထားမိကြတဲ့ လူတွေက အံ့သြတကြီးနဲ့ လှည့်လှည့်ကြည့် သွားကြတယ်။ သူကတော့ ဘယ်သူ့ကိုမှ ဂရုမထားမိပါဘူး။ ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ ခြေလှမ်းကျဲကြီးနဲ့ ဆက်လျှောက် လာခဲ့တယ်။ လမ်းလျှောက်ရင်း ဘာကို တွေးမိတယ်မသိ၊ တယောက်တည်း မချိတင်ကဲ ပြုံးနေမိတယ်။
ဒီဖလန်နယ်အင်္ကျီအနီလေးကို သိပ်သဘောကျတဲ့လူ။ ပြီးတော့ ဒီအင်္ကျီလေးပေါ်မှာ သံယောဇဉ်လည်း ရှိတယ်။ သူ့ချစ်မိတ်ဆွေ ဦးမဲမောင်က ပေးခဲ့တဲ့ အင်္ကျီလေး။ ဦးမဲမောင်ကိုလည်း မြောင်းမြက တိုးတိုးထွန်းဆိုတဲ့ ပုသိမ်ကောလိပ်က ကျောင်းသားလေးက ပေးခဲ့တာ။ တိုးတိုးထွန်းနဲ့ သူနဲ့လည်း ညီရင်းအစ်ကိုလို ချစ်ကြ ခင်ကြတာလေ။
'ဟင်.... ကိုမိုးကြီး.... ကိုမိုးကြီး'
သူလန့်သွားတယ်။ နာမည်ရင်း မိုးလှိုင်လို့ မခေါ်ဘဲ အိမ်သားတွေ သိပ်ရင်းတဲ့ ဆွေမျိုးသူငယ်ချင်းတွေမှ ခေါ်ကြတဲ့ နာမည် မဟုတ်လား။ ပြီးတော့ အသံကလည်း အမျိုးသမီးတယောက်ရဲ့ အသံ။ သူလှည့်အကြည့် လိုက်မှာ ပြုံးပျော်နေတဲ့ မျက်နှာပြည့်ပြည့်လှလှတခု သူ့အနားရောက်နေပြီး အမျိုးသမီးက သူ့လက်မောင်းကို ၀မ်းသာအားရ ဖျစ်ညစ်လှုပ်ယမ်းနေတယ်။
'ဟဲ့ မိဦး.... သန္တာဦး' သူလည်း ရုတ်တရက် ပျော်သွားတယ်။ အံ့လည်းအံ့သြသွားမိတယ်။ အံ့သြတာမှ အတော်ကို အံ့သြသွားတာ။ သူတို့နှစ်ယောက် ပြန်ဆုံကြပုံကို ကြည့်ပြီးနံဘေးက မြင်ရတဲ့သူတွေကိုပါ အပျော်ကူးစက် သွားစေတယ်။ တော်ရုံတန်ရုံ စိတ်ညစ်နေတဲ့သူတွေတောင်မှ ဒီမြင်ကွင်းကို မြင်ရင် စိတ်ညစ်နေ တာတွေ ခဏမေ့သွားလောက်တယ်။
ဒေါ်သန္တာဦးက ဦးမိုးလှိုင်ရဲ့ လက်မောင်းကို ပိုင်စိုးပိုင်နင်း ခပ်ရဲရဲဆွဲခေါ်ရင်း ပါးစပ်ကလည်း '၀မ်းသာလိုက်တာ ကိုမိုးကြီးရယ်' ဆိုတာ ဘယ်နှစ်ခါ ရှိနေပြီလဲ မသိဘူး။
ဦးမိုးလှိုင်က ဒေါ်သန္တာဦးထက် အသက်သုံးနှစ်လောက် ကြီးတယ်။ အတန်းကတော့ တတန်းပဲ ကြီးတာ။ သန္တာဦး တက္ကသိုလ်လာတက်တော့ အဆောင်မရလို့ မိုးလှိုင်တို့အိမ်ကနေ ကျောင်းတက်ခဲ့ရတာ။ ဘာသာရပ် ချင်းတော့ မတူကြဘူး။ သူတို့ မိဘချင်းက စီးပွါးဖက်တွေလေ။ ဆွေမျိုးမိသားစု သစ်ပင်ကြီးရဲ့ ဟိုဘက်ကိုင်းအဖျား ဒီဖက်ကိုင်းဖျား ဆိုပါတော့။
သန္တာဦးက ကျောင်းတုန်းက အလှသရဖူ ဆောင်းကြသူတွေထဲမှာတော့ မပါရှာဘူး။ ဒါပေမယ့် ဆွဲဆောင်မှု ရှိတာကြောင့် ကျောင်းသားတွေ အတော် စိတ်ဝင်စားခံရ၊ မိတ်ဆွေဖြစ်ချင်သူတွေ များတဲ့သူ တယောက်။ မည်းနက် ရှည်လျားတဲ့ သူ့ဆံပင်တွေကြောင့်လို့ ပြောရုံနဲ့ မလုံလောက်ပေဘူး။ သာမန် မိန်းမသားတွေထက် နည်းနည်းပိုမြင့်တဲ့ သူ့အရပ်အမောင်းကြောင့်ရယ်၊ ထူထဲတဲ့ မျက်ခုံးတွေနဲ့ တည်ကြည်ရွှန်း လက်နေတဲ့ သူ့မျက်ဝန်းတွေကြောင့်လို့ ပြောရမှာပဲ။ တချို့က အိနြေ္ဒကြီးတာကြောင့်နဲ့ ၀င်းမွတ်တဲ့ အသားအရေ ကိုပါ ထည့်ချင်ကြလိမ့်ဦးမယ်။ အားလုံးတညီတညွတ်တည်း သဘောကျကြတာကတော့ သူ့ရဲ့ မထူမပါး နှုတ်ခမ်း ရဲရဲလေးပါ။
'ဘယ်နေ့က အပြင်ရောက်လာတာလဲဟင် ကိုမိုးကြီး'
ကျောင်းသားဘ၀ကို ပြန်ရောက်နေတဲ့ ဦးမိုးလှိုင်က အတွေးစတွေကို ပြန်ရုတ်သိမ်းလိုက်ရင်း 'ဒီနေ့ပဲဟ၊ နင် အရင်လိုပဲ မိဦး ဘာမှ မပြောင်းလဲဘူးပဲ။ မဆိုသလောက်တော့ ၀လာတယ်' လို့ ပြောပြီးမှ သူ့စကားထဲမှာ အမှားပါသွားသလားလို့ ပြန်စဉ်းစားနေရတယ်။
'ကိုမိုးကြီးကတော့ နည်းနည်းပိန်သွားတယ်' ဒေါ်သန္တာဦးက သူ့စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်တာပါ။ တကယ်တော့ သူတော်တော့်ကို ပန်ကျသွားတာပါ။ တော်ရုံခင်မင်တဲ့သူတွေ မမှတ်မိနိုင် လောက်အောင် ပိန်သွားတဲ့သူပေါ့။
'မန္တလေးကို ဘယ်နေ့လောက် ပြန်မှာလဲ'
သူက မဆိုင်းမတွဘဲ 'အခုဘူတာသွားမှာ၊ ရတဲ့ရထားနဲ့ ပြန်မှာ'
'တရက်လောက်တော့ နေသွားပါဦး ကိုမိုးကြီး၊ ပြန်ချင်လှပြီလား' ဒေါ်သန္တာဦး စကားပြော မှားသွားသလို ဖြစ်သွားတယ်။
'အိမ်နဲ့ဝေးနေတာ ဆယ်နှစ်ကျော်ခဲ့ပြီ မိဦးရဲ့၊ နင်ကိုယ်ချင်းမစာဘူး' ဒေါ်သန္တာဦးက ဇက်ကလေး အသာပုပြီး အိနြေ္ဒနဲ့ ရှက်နေရှာတယ်။ အဲဒီလို ရှက်နေလိုက်တာလဲ ငယ်ငယ်တုန်းကလိုပဲလို့ သူပြန်သတိရနေ တယ်။
'ရထားလက်မှတ်အတွက် ကျွန်မတာဝန်ထားလိုက်၊ အိမ်ကိုတော့ ခဏလိုက်ခဲ့ဦး၊ ကိုကိုစန်းနဲ့လည်း မိတ်ဆွေ ဖြစ်ရအောင်လို့'
ရထားလက်မှတ်ကိစ္စကတော့ ဦးမိုးလှိုင်အဖို့ နားဝင်ချိုပေမယ့် ကိုကိုစန်းနဲ့ မိတ်ဆွေဖြစ်ရအောင်လို့ ဆိုတာကြီးက သူ့စိတ်ထဲမှာ အနှောက်အယှက်လိုလို ဖြစ်နေတယ်။ ဦးမိုးလှိုင် ငြင်းဖို့ အတော်ခက်နေတယ်။
ဒါနဲ့ပဲ သူ သန္တာဦးရဲ့ ကားပေါ်မှာ ပါလာခဲ့တယ်။ ကားပေါ်တက်ခါနီး ကားတံခါးကို ဘယ်လိုဖွင့်ရမှန်း မသိတာနဲ့ ကျင့်ဝတ်သိတဲ့လူလိုလို ဘာလိုလို လုပ်နေရသေးတယ်။ ကားသမားလေးက အတွင်းက ဖွင့်ပေးမှ သူကားပေါ် ရောက်တော့တာပေါ့။
ကျောင်းမှာတုန်းက မိုးလှိုင်က သန္တာဦးဟာ သူ့နှမတ၀မ်းကွဲတော်တယ်လို့ ပြောထားလို့ သူ့ကို ယောက်ဖတ၀မ်းကွဲလို့ ခေါ်ကြတဲ့သူတွေ ရှိတယ်။ တနေ့ကျတော့ သန္တဦးဆီက အစ်ကိုတ၀မ်းကွဲမဟုတ်ပါဘူး၊ လေးငါးဝမ်းကွဲပါလို့ ဆိုတဲ့အသံ ထွက်လာတော့ မိုးလှိုင်နားမလည်တတ်တော့ဘူး။ အတွေးရခက်သွားတယ်။ ဒီကောင်မလေး ဘာလို့ ဒီလို ပြောတာပါလိမ့်လို့ စဉ်းစားစရာ ဖြစ်လာတယ်။
အဲဒီတုန်းက သန္တာဦးနဲ့ သိပ်ပြီး ရင်းနှီးခင်မင်ချင်ကြသူတွေထဲမှာ မြင်းခြံက မြင့်အောင်က အသည်းဆုံး။ မြင့်အောင်က ပညာသားပါပါရော၊ အသလွတ်ရော ချဉ်းကပ်တာပါပဲ။ မိုးလှိုင်အနေကတော့ ရုပ်ရည်ရော ပညာအရည်အချင်းပါ မြင့်အောင်ကို ဘာမှ ပြောစရာ မလိုပေမယ့် မြင့်အောင်ကို သန္တာဦးက တူးတူးခါးခါးပဲ။ ပြောစရာဆိုလို့ ယူတီစီဝတ်စုံကို မချွတ်တမ်းလိုလို ၀တ်ထားတာပဲ သူမြင်မိတယ်။ ဒိပြင် ချဉ်းကပ်ကြတဲ့လူတွေ ရှိပေမယ့် မြင့်အောင်လောက် မျက်နှာမပြောင်ရဲကြဘူး။ တကယ်တော့ အဲဒီအချိန်က မိုးလှိုင်ကလည်း သူ့ကိုယ်သူ ကောက်ရိုးပုံစောင့်များ ဖြစ်နေသလားလို့ ပြန်တွေးကြည့်မိတယ်။ သူကလည်း သူ့နှမလေးကို ဘယ်သူနဲ့မှ ရင်းနှီး ကျွမ်းဝင် မဖြစ်စေချင်ဘူး။ တွန့်တိုစိတ်ရှိတာတော့ ၀န်ခံရလိမ့်မယ်။ ပြီးတော့ သူတို့ အနေနီးခဲ့ကြတယ်လေ။ မိဦးရဲ့ နုပျို လှပမှုက အထွတ်အထိပ်ကာလတွေ မဟုတ်လား။
အခုတော့ သူက နှမတ၀မ်းကွဲတော်တယ်လို့ ပြောခဲ့ပေမယ့် မဟုတ်ပါဘူး၊ လေးငါးဝမ်းကွဲပါ ဆိုသူလေး က ဦးကိုကိုစန်းဆိုတဲ့ တချိန်က မြန်မာ့လက်ရွေးစင် ဘောသမားတယောက်ရဲ့ ဘ၀အဖော်မွန် ဖြစ်နေရှာတယ်။
သူက ကားပေါ်ထိုင်နေရင်း ရန်ကုန်မြို့ကို မျက်စိလည်နေတယ်။ မိဦး ငါတို့ ဘယ်မြို့နယ်ထဲ ရောက်နေတာ လဲ။ သူက ပြူးပြဲနေတဲ့ ရောင်စုံဆိုင်းဘုတ်တွေ တိုက်အမြင့်ကြီးတွေ ငေးရင်း မေးမိတယ်။ မီဦး ဒါက ဘာလမ်းလဲ၊ ဒါကရော မေးဖန်များလို့ ကားမောင်းတဲ့လူငယ်က နောက်ကြည့်မှန်ထဲကနေ သူ့ကို ဘယ်လိုလူလဲဟ ဆိုတဲ့ အကြည့် စူးစမ်းတဲ့အကြည့်နဲ့ လှမ်းကြည့်တယ်။
ကားပေါ်မှာပါတဲ့ ဂျာနယ်တွေထဲက တစောင်ကို ကောက်ဖတ်လိုက်တော့ ပတ်ဝန်းကျင်ကို သိပ်မကြည့်ဖြစ်တော့ဘူး။ ဂျာနယ်က တခါတလေ မျက်လုံးခွါမိမှ ပတ်ဝန်းကျင်ကို ခဏလှမ်းကြည့်လိုက်ပြီးတော့ မျက်လုံးက ဂျာနယ်ဆီ ပြန်ရောက်သွားပြန်တာပါပဲ။ စာတွေ ငတ်လွန်းလို့ သူများတကာ လွှင့်ပစ်ထားတဲ့ ဆေးလိပ်အတိုတွေ စုပြီး ဆေးချေးစော် အနံခံပြီး ဆေးလိပ်ဖင်စီခံတွေ ဖြေဖတ်ခဲ့ရတဲ့ သူပဲ။ အခုလို ဂျာနယ်တစောင်ကို ဟန်ကျပန်ကျ ဖတ်ရတော့ ကျန်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေကို သတိရမိတယ်။ ပြီးတော့ ဂျာနယ်ကလည်း အားကစား ဂျာနယ်တစောင်။ ကမ္ဘာ့ဖလားတုန်းက ခြေစွမ်းပြခဲ့တဲ့ ကမ္ဘာကျော်တိုက်စစ်မှူးတွေရဲ့ ဓာတ်ပုံတွေနဲ့ ဆောင်းပါး။ ကုက္ကိုင်းကလပ်က ကာယအလှမယ်ရွေးပွဲမှာ ဆုရတဲ့သူတွေ၊ မြန်မာ့လက်ရွေးစင် ဘောသမားတွေရဲ့ အားကြိုးမာန်တက် ယှဉ်ပြိုင်နေပုံတွေ။ ဂျာနယ်က လွန်ခဲ့တဲ့ တလလောက်က ဂျာနယ် အဟောင်းပေမယ့် သူ့အတွက်တော့ အဆင်ဆန်းတဲ့ လိုချင်စရာ လေဘေးတထည်လို ဖြစ်နေတယ်။
မျက်လုံးက မျက်မှန်တောင်းဆိုနေတဲ့ မျက်လုံးမို့ ဂျာနယ်ကို မျက်လုံးနဲ့ ခပ်ဝေးဝေး ထားဖတ်ရတယ်။ တောက်လျှာက်လည်း ကြာကြာမဖတ်နိုင်လို့ ခဏအနားလိုက်မှာ စက်ဘီးမစီးရ၊ စက်ဘီးပေါ်မှ ဆင်းတွန်းပါဆိုတဲ့ ဆိုင်းဘုတ်လေးကို တွေ့လိုက်တယ်။ ကားလေးက နိုင်လွန်ကတ္တရာလမ်းပေါ်မှာ ခြေသံလုံလုံနဲ့ ပြေးနေတယ်။
သူ့ စိတ်တွေက ဟိုဒီအနှံ့ ပြေးလွှားနေတယ်။ တွန့်လိမ်နေတဲ့ သတ္တုပန်းကန်ပြားပေါ်က စပါးလုံးနိုင်းချင်းနဲ့ ထမင်းနီကျန်ကျန်တွေကို မြင်ယောင်ပြီး သူအံတွေ တင်းတင်းကြိတ်မိရဲ့။ မြက်ခင်းပေါ် မနင်းရဆိုတဲ့ ဆိုင်းဘုတ်လေးကို သူလည်ပြန်ကြည့်လိုက်ဖို့ မလိုပဲ ကြည့်နေမိတယ်။ ကားစီးရင် မမူးတတ်ပေမယ့် ကားမစီးရတာ ကြာလို့ပဲလား၊ စိတ်ထဲမှာ ပင်ပန်းလေးလံ တင်းကြပ်နေလို့ပဲလားမသိ။ သူ့ခေါင်းတွေ မူးဝေနေတယ်။
ကားဆိုက်ဆိုက်ချင်း သူများဝတ်ပြီးသား အင်္ကျီအကျလေး ၀တ်ထားတဲ့ ကောင်မလေးတယောက်က ဒေါ်သန္တာဦးလက်ထဲက ဈေးဆွဲခြင်း ဆီးကြိုယူပြီး ပြေးသွားတယ်။
ဦးကိုကိုစန်းက ဈေးအပြန်နောက်ကျတဲ့ ဇနီးကို ဆင်ဝင်အောက်အထိ ထွက်ကြိုတယ်လေ။
'ကိုကိုစန်း ကိုမိုးကြီးလေ၊ ဒီနေ့ပဲ ထွက်လာတာ၊ ဈေးနားမှာ သန္တာနဲ့တွေ့လို့ ခေါ်လာတာ'
ဦးကိုကိုစန်းက သူ့ကို ဖော်ရွေတဲ့ အပြုံးနဲ့ ပြုံးပြနေတယ်။ သူကတော့ ဦးကိုကိုစန်းဆိုတဲ့လူကို တွေ့လိုက်ရကတည်းက စိတ်ပျက်သွားမိတယ်။
'လူကို အခုမှ မြင်ဖူးပေမယ့် နာမည်ကတော့ သန္တာက ခဏခဏ ပြောနေတာနဲ့ ကြားဖူးနေတာ ကြာပါပြီ' သူက ကမ်းလိုက်တဲ့လက်ကို ဆွဲပြီးနှုတ်ဆက်ရင်း 'တွေ့ရတာ ၀မ်းသာပါတယ်' လို့ ပြောရင်း ရေဆာသလိုလို ဖြစ်လာတယ်။
အညာသားတယောက်နဲ့ အကြေသားတယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ အကြေသားလက် က အသားဖြူဖြူ၊ အညာသားလက်က ခပ်ညိုညို၊ ဒါတောင်နေရိပ်ထဲမှာ အကြာကြီး နေခဲ့ရတဲ့သူ။ အကြေသားရဲ့လက်က အေးစက်နေပြီး အညာသားရဲ့ လက်က ပူနွေးနေတယ်။ ဆယ်စုနှစ်တခုလောက် ဖြဲနေကျ သွားဖြဲလေး သူဖြဲလိုက်မိတယ်။
မျက်လုံးတွေကို ဦးမိုးလှိုင် သဘောမကျလှဘူး။ ဆင်မျက်လုံးနဲ့ တူသလိုလို မြေခွေးမျက်လုံးနဲ့ တူသလိုလို။ ဦးကိုကိုစန်းက သူထင်ထားတဲ့ ရုပ်ရည်နဲ့ တခြားစီ ဖြစ်နေတယ်။ သူ့ထက် အရပ်နည်းနည်း ပုသွားသလိုပဲ။ အရင် သတင်းစာတွေထဲမှာ နိုင်ငံခြားသွားပြီး ဘောကစားကြတဲ့ ဓာတ်ပုံတွေမှာ ဒိထက်ပိုပြီး မြင့်သလားလို့။ ပြီးတော့ ခန္ဓာကိုယ်မှာအဆီတွေ အသားပိုတွေနဲ့။
ဦးကိုကိုစန်းက ဦးမိုးလှိုင်ကို မိသားစုနဲ့ပဲ အေးအေးဆေးဆေးပဲ နေထိုင်သွားဖို့ ပြောမယ်လို့ပဲ။ တယောက်နဲ့တယောက် အကြည့်ချင်း ဆုံရင်း၊ ဟိုလူတွေရဲ့ မျက်လုံးတွေကို ကြည့်ပြီး သူပြောချင်တဲ့စကားက ထွက်မလာတော့ဘူး။ ဟိုလူရဲ့ မျက်လုံးတွေကလည်း သိမ်းငှက်တကောင်ရဲ့ မျက်လုံးလိုပါပဲလား။
ဧည့်ခန်းထဲမှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ စတဲ့ နိုင်ငံတွေက အမှတ်တရ ပစ္စည်းလေးတွေ၊ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ အထိမ်းအမှတ် အလံလေးတွေနဲ့ ဧည့်ခန်းက ဝေစည်နေတယ်။ မင်္ဂလာဦးတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံထဲမှာတော့ သတို့သား အစွမ်းကုန်ပြုံးထားပေမယ့် သတို့သမီးက မျက်နှာသေလေးနဲ့။ ပြီးတော့ တောင့်တောင့်ကြီး ရပ်နေရှာတယ်။
ဧည့်ခန်းဖိနပ်ချွတ်မှာ သူချွတ်ထားခဲ့တဲ့ ခြေချောင်းရာတွေ ထင်နေတဲ့ မြင်းကြယ်ဖိနပ်တရံ၊ ဦးကိုကိုစန်းရဲ့ ကတ္တီပါသည်းကြိုးနဲ့ ဖိနပ်တရံတို့က တရံနဲ့တရံ အံ့သြတကြီးနဲ့ ကြည့်နေကြတယ်။ မြင်းကြယ်ဖိနပ်ရဲ့ သည်းကြိုးက ကြွပ်ကြွပ်အိတ် ပလပ်စတစ်အိတ်တွေကို နန်းဆွဲပြီး သည်းကြိုးဖြစ်အောင် ထိုးထားတာမို့ ကတ္တီပါဖိနပ်အနက် လေးက မြင်းကြယ်ဖိနပ်ကို ကြည့်ပြီး ရွံနေတယ်။
သူကတော့ အားကစားစာစောင်တွေ တထပ်ကြီးကြားမှာ သူ့မျက်နှာကို မြှုပ်ထားလိုက်တယ်။ ဆောင်းပါးရှင် အသစ်တွေ၊ ကြော်ငြာဒီဇိုင်းအဆန်းတွေ၊ အမျိုးသမီးအားကစားကဏ္ဍအသစ်တွေ သူ့အတွက်တော့ အားလုံး အသစ်အဆန်းတွေချည်းပဲ။ လက်တိုလက်တောင်းခိုင်းတဲ့ ကလေးမလေးက သူ အမျိုးအမည် မခေါ်တတ် တဲ့ ဇီးဖျော်ရည်ရောင် အချိုရည်တခွက် လာချပေးသွားတယ်။
ဒေါ်သန္တာဦးက ပြောလိုက်လို့ ထင်ပါရဲ့။ သူ့ခင်ပွန်းက မီးရထားဌာနကို တယ်လီဖုံးဆက်နေသံ ကြားရတယ်။ ခဏကြာတော့ အဖြူရောင် ဖျော့ဖျော့ပေါ်မှာ အနီကွက်တွေ ဖော်ထားတဲ့ ခန်းဆီးကို ဖယ်ပီး ဦးကိုကိုစန်း ဧည့်ခန်းထဲ ၀င်လာတယ်။
'ရထားလက်မှတ်အတွက် ဘာမှမပူပါနဲ့၊ ကျွန်တော်ပြောထားပြီးပြီ' တဲ့။ မြန်မာလက်ရွေးစင်ဘောသင်း ဦးမော့လာနေတဲ့အကြောင်း ဆောင်းပါးကနေ မျက်နှာခွါပြီး သူဦးခေါင်းညိတ်ရင်း 'ဟန်ကျတာပေါ့' လို့ ပြန်ပြောလိုက်တယ်။
ဦးကိုကိုစန်းက ထရက်ဆု အစိမ်းရွှင်ကို သားသားနားနား ၀တ်ဆင်ထားတယ်။ စံချိန်ယူတဲ့ နာရီတလုံးကိုလည်ပင်းမှာ ပိုးကြိုးအနီလေးနဲ့ ဆွဲထားတယ်။
'ရေမိုးချိုးလိုက်ဦး၊ ညနေစာ စားပြီးမှကျွန်တော်တို့ ဘူတာ လိုက်ပို့ပေးမယ်။ လွတ်လွတ်လပ်လပ်သာနေ၊ ဘာမှ အားမနာနဲ့နော်။ ကျွန်တော့် ဘော့လုံးအသင်းကို ထရိန်နင် ပေးစရာ ရှိသေးတယ်'
သူကတော့ ထုံးစံအတိုင်း သွားဖြဲလေးနဲ့ ရယ်နေလိုက်တယ်။
'ပျင်းနေရင်လည်း ဘောကွင်းဘက် အညောင်းပြေ လျှောက်ခဲ့ပါဦးလား'
'ဟုတ်ကဲ့၊ ခင်ဗျားဇနီးက ဘာအစီအစဉ်တွေ ဆွဲထားလဲ မသိဘူး'
ဦးကိုကိုစန်းက ဗင်ကားလေးပေါ် အရောက်မှာ
'ကိုကိုစန်း စောစောပြန်ခဲ့နော်၊ ငါးဘတ်မွှေချက် ချက်ထားတယ်' လို့ လှမ်းအော်ပြောသံ ကြားလိုက်လို့ ဟိုလူက ကားပေါ်ကနေ လည်ပြန်ပြုံးပြရင်း ထွက်သွားတယ်။
ငါးဘတ်မွှေချက်ဆိုပါလား။ သူသိတ်ကြိုက်တဲ့ ဟင်းပဲ။ ဈေးခြင်းထဲမှာ ကြက်တကောင်တွေ့လိုက်ပါရဲ့နဲ့ မိဦးက သူကြိုက်တတ်တဲ့ ငါးဘတ်မွှေချက်ကို ချက်လိုက်လေသလား။ သူ ငါးဘတ်မွှေချက်ကြိုက်တာကို မိဦး မှတ်မိနေတာကိုပဲ အံ့သြရမလား။ ဒါမှမဟုတ် တိုက်ဆိုင်မှု တခုများလား။
ဂျာနယ်ကို ဖတ်နေရင်း သူ့ဆီ ခြောက်လတခါ ခုနှစ်လတခါ တကူးတကန့် လာလာတွေ့တဲ့ ဇနီးသည်ရဲ့ မျက်နှာလေးကို မြင်ယောင်နေရှာတယ်။ ပြီးတော့ ဘာလေးတွေ ထုခွဲလာမှန်း မသိနိုင်တဲ့ စားစရာလေးတွေ။ ငါးပိကြော်၊ ပဲကြော်၊ သရက်သီးဆီစိမ်၊ ထန်းလျက်တွေဟာ သမီးလေးရဲ့ နားဆွဲလေးလည်း ဖြစ်နိုင်တယ်။
xxxx xxxx xxxx xxxx
သူတို့နှစ်ယောက် စကားတပြောပြောနဲ့ ဘောလုံးကွင်းဘက်ကို လျှောက်လာကြတယ်။ ဒေါ်သန္တာဦးက ရေချိုးပြီး သနပ်ခါးရေကျဲလေး လူးထားတယ်။ စပို့ရှပ် အနက်ကလေးကို ၀တ်လို့၊ ကော်လာအနက်ပေါ်မှာ အဖြူနဲ့ အနီလိုင်းလေးက အနားသတ်ထားတယ်။ သူက မိဦး စပို့ရှပ်ဝတ်လေ့မရှိပဲ အခုမှ မြင်ရလို့ အံ့သြနေတယ်။ ထဘီက အဖြူများများ အပြာအရင့်ခက်တွေ ယှက်ထားတဲ့ ပါတိတ်ကို ဆင်ထားတယ်။ သူကတော့ မိဦးနဲ့တွေ့စ နေ့လည်ကအတိုင်းပဲ။ မျက်နှာမှာ အဆီတွေ ပိုပြန်နေတာပဲ ပြောစရာ ရှိရဲ့။
နှစ်မိနစ်လောက်ပဲ လျှောက်လိုက်ရတယ်။ သူတို့ ဘောလုံးကွင်းဆီ ရောက်သွားကြတယ်။ ကွင်းထဲမှာ ဘောသမားတွေ လေ့ကျင့်နေကြတယ်။ ဦးကိုကိုစန်းရဲ့အသံကို အဝေးကနေ ကြားနေရတယ်။ သူတို့ လာတာကို မြင်တော့ ဦးကိုကိုစန်းရဲ့အသံက ပိုကျယ်လာသလိုပဲ။ ဘောသမားတွေခမျာ ပိုပြီး လေ့ကျင့်ရရှာတယ်။ တခါတခါမှ လက်ထောက်နည်းပြဆရာရဲ့ အသံကို ကြားရရဲ့။
သူက ဘောကွင်းကို မြင်လိုက်ရကတည်းက လူငယ်လေး ပြန်ဖြစ်သွားတာ၊ မြို့မအသင်းမှာ ရခဲ့တဲ့ လက်ခုပ်သံတွေ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှာ ကစားတုန်းက အော်ဟစ်အားပေးသံတွေ (ဆဲသံတွေ လည်းပါ)၊ တက္ကသိုလ်ဘောအသင်းရဲ့ အောင်မြင်မှုတွေ သူပြန်မြင်ယောင်နေတယ်။ လက်ဆွဲနှုတ်ခံခဲ့ရ၊ ပန်းစည်းတွေ၊ ပန်းကုံးတွေ၊ ဆုတံဆိပ်တွေ ဝေစည်နေတဲ့ အချိန်တွေပေါ့။
ဘောသမားနှစ်ယောက် လေ့ကျင့်ကြရင်း မတော်တဆ ခိုက်မိသွားလို့ လဲကျသွားတဲ့ ဆီကို ဦးကိုကိုစန်းနဲ့ သူ့လက်ထောက်တို့ အပြေးသွားကြည့်ကြတယ်။
သူတို့ကတော့ ပွဲကြည့်စင်ရဲ့ အရိပ်တနေရာက ရပ်ကြည့်နေကြတယ်။
သူက မန္တလေးမှာရှိတဲ့ ဘောကစားကွင်းဆိုရင် မကစားဖူးတဲ့ကွင်း မရှိသလောက်ပဲ။ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ မြစ်ငယ်၊ သာစည်၊ စဥ့်ကူး၊ သပိတ်ကျင်း၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ စတဲ့ မြေလတ်ပိုင်းက ကွင်းတွေလည်း မကျန်သလောက်ပဲ။
သူက ဘောသမားတွေကို ငေးရီကြည့်နေချိန်မှာ ဒေါ်သန္တာဦးက စိပ်ပုတီးလေးကိုစိပ်ရင်း ကွင်းဘက်ဆီ ကြည့်နေတယ်။ သူက မိဦးရဲ့ ပြောင်းလဲနေပုံတွေ စဉ်းစားရင်း နင်ဘာတွေ တတွတ်တွတ်ရွတ် နေတာတုန်းလို့ မေးမယ်လုပ်ပြီးမှ အာရုံပျက်သွားပါလိမ့်မယ်လို့ တွေးမိပြီး မမေးတော့ဘူး။
ဘောသမားတွေ ၀တ်စားပုံက သူတို့ခေတ်နဲ့ မတူကြတော့ဘူး။ ဘောင်းဘီပွပွတွေကို ဒူးဆစ်နားထိ ရှည်ရှည်ဝတ်ထားကြတယ်။ အင်္ကျီတွေက အရောင်ပိုစုံလာတယ်။ အင်္ကျီပေါ်မှာ စီးပွါးရေးကြော်ငြာကုမ္ပဏီ နာမည်တွေနဲ့။ ဘောကန်ဖိနပ် အမျိုးကောင်းတွေ စီးထားတယ်။
ဘောသမားတွေကို ကြည့်နေပေမယ့် သူ့ကို အတိတ်ဆီကို အတွေးက ပြန်ပြန်ခေါ်သွားတယ်။ နုပျိုတက်ကြွနေတဲ့ ဘောသမားလေးတွေကို အားကျစိတ်နဲ့ ကြည့်နေမိတယ်။ သူ့ကိုသူ ပြန်ကြည့်မိတော့ သူက အကျပိုင်း ရောက်နေပြီ။ သူ့မှာ ခွန်အားမရှိတော့ဘူး။
သူတို့ နည်းပြဆရာတွေက အားမလိုအားမရဖြစ်ပြီး လှမ်းအော်လိုက်သံနဲ့အတူ ဆဲသံပါ တပါတည်း ကြားလိုက်ရတယ်။ ဒေါ်သန္တာဦးလဲ ကြားလိုက်တယ်ထင်ရဲ့။ သူ့ကို အားနာဟန်မျက်လုံး တချက်ဝေ့ကြည့်လိုက် တယ်။ ဘောသမားတွေက တဖက်က ပစ်ပေးနေတဲ့ ဘောလုံးကို ခေါင်းတိုက်ကြဖို့ တန်းစီနေကြတာကို သူက ငါးပိစိမ်းကလေး တကော်အတွက် နေပူထဲမှ တန်းစီနေရတာကို ပြန်မြင်ယောင်နေတယ်။
ဘောသမားတွေ အကုန်လောက်နီးနီး သူဂျာနယ်တွေထဲမှာ တွေ့ခဲ့ဖူးသူချည်းပဲ။ နာမည်တွေကိုတော့ သူမမှတ်မိတော့ဘူး။ နာမည်တွေက သုံးလုံးမှည့်ကြတာ များတယ်မဟုတ်လား။
ဘောသမားတချို့ရဲ့ နာမည်ကိုရော လူကိုပါ ဒေါ်သန္တာဦးက သိနေတယ်။ ဟိုနံပါတ်ကိုးက ဘယ်သူ၊ နံပါတ်သုံးက ဘယ်ဝါ၊ နံပါတ်လေးက ဘယ်လို အလားအလာရှိတာ။ သူက တကယ့် ၀ါရင့် ပွဲကြည့်ပရိသတ် လေသံ။ ပင်တိုင်ဆောင်းပါးရှင် စတိုင်မျိုးနဲ့ သူ့ကို ပြောပြနေတယ်။ သူ့အဖို့ အံ့သြစရာချည်းပဲ။
သူကတော့ တချို့ ဘောသမားတွေကို သူနဲ့ တကြမ်းထဲ အတူ အိပ်ခဲ့တဲ့ နွားခိုးလေးတွေ၊ သာတီဒီလေးတွေ၊ ရေနံအပကလေးတွေနဲ့ တူသလိုလို ခံစားနေမိတယ်။
ဦးမိုးလှိုင် သေကောင်ပေါင်းလဲ နေမကောင်းတုန်းက ကိုယ်ဖိရင်ဖိ ပြုစုဖူးတဲ့ အောင်လံက အောင်မျိုးမြင့်နဲ့ ဂျာစီနီနဲ့ ကောင်လေးနဲ့ ရုပ်ချင်းသိပ်ဆင်ကြတယ်။ ညီအကိုဆိုရင် ယုံလောက်တယ်။
သူတို့နှစ်ယောက်အပြင် ဒိပြင်ခပ်လှမ်းလှမ်းမှာလည်းလေံနေကြပုံကို လာကြည့်ကြတဲ့ ပရိသတ်တွေ ရှိနေတယ်။ ၀င်သင့်ဝင်ထိုက်တဲ့ ဘောကို ဂိုးသမားက အစွမ်းပြကာကွယ်လိုက်တာကို တွေ့ပြီး သူ့ကိုယ်က တွန့်ကနဲ့ ဖြစ်သွားမိတယ်။
ဒေါ်သန္တာဦးကတောင် ပါးစပ်က ရွတ်နေတာ ရပ်သွားပြီး ဟာခနဲ အသံထွက်သွားမိတယ်။ ဦးကိုကိုစန်းက ဂုဏ်ယူတဲ့မျက်နှာနဲ့ သူတို့ဘက်လှည့်ပြီး ပြုံးပြလိုက်တယ်။ ခဏနေတော့ ခရာသံရှည် ပေါ်လာပြီး သူတို့ အနားရသွားကြတယ်။
သူ့လက်ထောက်ရော ဦးကိုကိုစန်းပါ သူတို့ ရှိရာကို လျှောက်လာကြတယ်။ မြက်ခင်းပေါ်မှာ ထိုင်ပြီး အနားယူနေကြတဲ့ ဘောသမားတွေအကြောင်းကို တယောက်ချင်း ဦးကိုကိုစန်းက ပြောပြနေတယ်။ လက်ရှိ မြန်မာ့လက်ရွေးစင်တွေ၊ လူငယ်လက်ရွေးစင်တွေနဲ့ လက်ရွေးစင်ဟောင်း ပူပူနွေးနွေးတွေက အများစုပဲ။ သွေးသစ်က သုံးယောက်လောက်ပဲ ပါတယ်။
လက်အိပ်လှလှကလေးစွပ်ထားတဲ့ ဂိုးသမားကိုတော့ ဦးကိုကိုစန်း စန်းအတင်ဆုံး။ ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်အကြိမ်ကြိမ်ဆောင်ခဲ့တာပေါ့။ အသရေ ခဏခဏဆယ်ခဲ့တာ သူပဲတဲ့။ တနေရာဆီက နာရီသံချောင်း ခေါက်သံကြားရတယ်။ ဒေါ်သန္တာဦးက ငါးမတ်တင်းလို့ ပြောပေမယ့် သူက လေးနာရီ သုံးမောင်းလို့ ဘာသာပြန်မိသွားတယ်။
လက်ထောက်နည်းပြဆရာက အချိန်တိတိကျကျပဲ။ ခရာရှည်ကို မှုတ်လိုက်တယ်။ ဘောသမားတွေက မြင်ခင်းပေါ်က အထနှေးရင် နောက်ကျရင် လစာဖြတ်ခံရတော့မယ့် ပုံစံအတိုင်း။ ခရာသံကြားကြားချင်း အမြန်ထလိုက်ကြတယ်။ သူကတော့ ဒီအချိန်ဆိုရင် ကျန်ခဲ့တဲ့ သူ့မိတ်ဆွေတွေ ဘာလုပ်နေကြပါလိမ့်လို့ တွေးနေမိတယ်။
ဘောသမားတွေက ဘောအထိန်းအသိမ်း ကောင်းစေတဲ့ လေ့ကျင့်ခန်း လုပ်သူကလုပ်၊ တချို့ကလည်း ကန်ချက်မှန်အောင်လေ့ကျင့်ကြ၊ တချို့ကလည်း ခေါင်းတိုက်လေ့ကျင့်နေကြတယ်။ သူများတွေမှာ ဘောလုံး ရှာပါးချင် ရှားပါးပါးမယ်။ ဒီမှာတော့ ဘောလုံးတွေက အများကြီး။
ဒေါ်သန္တာဦးက ဦးမိုးလှိုင်တို့အိမ်ကနေ ကျောင်းတက်ခဲ့ပုံ၊ ဦးလေးတို့ ဒေါ်ဒေါ်တို့က သူ့ကို စောင့်ရှောက်ကြပုံတွေ၊ အိမ်မှာ ရေပြတ်တဲ့အခါ ကိုမိုးကြီး ရေစည်လှည်းသွားဆွဲပေးခဲ့ပုံတွေ ပြန်မြင်ယောင် နေတယ်။
ပြင်းထန်တဲ့ လေ့ကျင့်ခန်းအရှိန်ကို လျှော့ချလိုက်ပြီ။ ပေါ့ပါးတဲ့ လေ့ကျင့်မှုကလေးတွေကို နည်းပြတွေ ပြောင်းပြီး လေ့ကျင့်ခိုင်းလိုက်တယ်။
ဦးကိုကိုစန်းက သူတို့ကွင်းထဲထိ လာဖို့ လှမ်းခေါ်နေပါပကော။ သူနဲ့ ဒေါ်သန္တာဦးနဲ့ ကွင်းထဲကို တဖြည်းဖြည်း လျှောက်သွားကြတယ်။ တယောက်နဲ့တယောက် လေးငါးပေ အကွာလောက်ကပါ။
ဦးကိုကိုစန်းရဲ့ မျက်နှာမှာ တခုခုပြောဖို့ ရှိနေတယ်ဆိုတာ ဒေါ်သန္တာဦးက သတိထားမိတယ်။
'ကျွန်တော်တို့ နောက်အပတ်ထဲမှာ ထိုင်းကိုသွားပြီး ကစားကြဖို့ ရှိတယ်၊ ဒါကြောင့် ကောင်လေးတွေကို အထူးကြပ်မတ်ပေးနေရတာ' တဲ့။ ပြီးတော့ ဆက်ပြောသေးတယ်။
'ခင်ဗျားလည်း တချိန်က ဘောသမားတယောက်လို့ ကျွန်တော်ကြားဖူးတယ်။'
သူ အံ့လည်းအံ့သြတယ်။ ပြီးတော့ လူလည်း ထူပူသွားမိတယ်။ ဒီစကားကို သူ မမျှော်လင့်မိဘူး။
'တလုံးလောက် စမ်းပြီးတော့ ကန်ကြည့်ပါဦးလား' ဦးကိုကိုစန်းက ဖိတ်ခေါ်နေပြီ။ ဘယ်လိုသဘောနဲ့ ဒီလို ဖိတ်ခေးတာလဲ။
သူက ချက်ချင်းပဲ 'ကန်တာပေါ့ဗျာ' လို့ ပြန်ပြောလိုက်တယ်။
'သတိလည်း ထားဦးနော်၊ တော်တော်ကြာ ဒူးကြီး လိုက်ကောက်နေရဦးမယ်' ဦးကိုကိုစန်းက မျက်လုံးပိတ်မတတ် ရယ်ရင်း ခနဲ့လိုက်တယ်။ ပြောပြောဆိုဆို သူတို့သုံးယောက် ကွင်းထဲကဖြတ်ပြီး ဂိုးစည်းဆီကို လျှောက်သွားကြတယ်။
လက်ထောက်ဆရာရဲ့ ခရာသံကြောင့် လေ့ကျင့်နေတာတွေ အားလုံး ရပ်လိုက်ကြတယ်။ ဦးကိုကိုစန်းက ဘောလုံးကို ဂိုးစည်းနားမှာ မတည်ပဲ စက်ဝိုင်းခြမ်းရဲ့ အပြင်မှာ တည်ပေးထားတယ်။ ဘောလုံးတည်နေပုံက ချိုင့်ထဲ နည်းနည်းကျလိုက်သေးရဲ့။ သူက ဘောလုံးကို နေရာ ရွှေ့တည်ရကောင်းနိုးနိုး စဉ်းစားသေးတယ်။ ပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဟိုလူတည်ပေးထားတဲ့နေရာမှာဘဲ ရှိစေတော့။ သူမပြင်တော့ဘူး။
ကွင်းထဲမှာ ရှိကြတဲ့ ဘောသမားတွေရော ကွင်းပြင်က ပရိသတ်တွေပါ ဦးကိုကိုစန်းရဲ့ လုပ်ရပ်ကို စိတ်ဝင်စားကြတယ်။ ကန်မယ့်သူက လေးဆယ်ကျော် ငါးဆယ်ချဉ်းနေတဲ့ လူတယောက်၊ တည်ထားတဲ့ ဘောလုံးက ဂိုးတိုင်နဲ့ သာသာထိုးထိုး ဝေးတဲ့နေရာ။ ပြီးတော့ ဘောလုံးက ချိုင့်ခွက်ထဲမှာ မဆိုသလောက် ကျနေသေးတယ်။
ဦးမိုးလှိုင်က ပုဆိုးခါးတောင်းကျိုက်လိုက်တယ်။ အဲဒီလို ခါးတောင်းကျိုက်လိုက်ခါမှ ပြက်လုံးထုတ်လိုက် သလို ဖြစ်ပြီး ဒေါ်သန္တာဦးတောင်မှ သူ့ပါးစပ်ပိတ်ပြီး ကျိတ်ရယ်လိုက်မိသေးတယ်။ တချိန်က တုတ်တုတ်ခိုင်ခိုင်နဲ့ ကျစ်လစ်တဲ့ ပေါင်လုံးသားတွေက အခုတော့ သေးသေးလေး ဖြစ်နေပြီ။ ပြီးတော့ သန်းကြီးကိုက်ထားတဲ့ အနာရွတ်၊ အရေပြားရောဂါရဲ့ ကုတ်ခြစ်ရာတွေနဲ့။ လူရဲ့ပေါင်နဲ့ မတူဘူး။ ကျားသစ်ပေါင်နဲ့ တူနေတယ်။ တချိန်က ကြွက်သားမျှင်တွေ ဖုထစ်ခဲ့တဲ့ ခြေသလုံးကလည်း အခုတော့ ခြေသလုံးပါလို့ စာတန်းထိုးထားရတော့မလိုလို။
သူငယ်ငယ် ဘောကစားတုန်းက ယဉ်ယဉ်ကျေးကျေး ပါးပါးနပ်နပ် ရှောင်တိမ်းကစားခဲ့သူမို့ သူ့မှာ ဘာဒဏ်ရာဒဏ်ချက်မှ မရှိဘူး။ အခု သူ့ညို့သကျည်းမှာ သေရာပါမယ့် အနာရွတ်တွေက မြို့တမြို့ရဲ့ မြေပုံနဲ့ တူနေတယ်။ ကြီးတဲ့ဟာကကြီး သေးတဲ့ဟာက သေးနဲ့။ ခြေသလုံးရိုးနှစ်ချောင်းဟာ မီးရထားသံလမ်း တစုံလို ဖြစ်ခဲ့ဖူးတယ်။
ကွင်းထဲမှရှိတဲ့ လူတွေအားလုံး တိတ်ဆိတ်သွားလိုက်ကြတာ မြက်ခင်းပေါ် ငှက်တကောင် ဆင်းနား ရင်တောင် ခြေသံကြားလောက်ရဲ့။
မိဦးတို့ နေကြတဲ့ နယ်မြေထဲ ရောက်လာကတည်းက သူလိုက်လာတာ မှားပြီလို့ နောင်တရနေတယ်။ သူပြန်လို့ရရင် ချက်ချင်းပဲ ပြန်ချင်တယ်။ မလွှဲသာ မရှောင်သာလို့ ထိုင်ပြီး ဂျာနယ်တွေ ဖတ်ခဲ့ရတာ။ သူ့မှာ သိတ်တွေ့ချင်နေတဲ့ မိတ်ဆွေတွေ ရှိတယ်။
အဘဦးအုန်းမြင့်၊ ဆရာတော်ဦးဝါသ၀ပဏ္ဍိ၊ ဦးပဉ္ဇင်းဦးပညာဒီပ၊ ကိုမြင့်ဆန်းတို့ ကိုအောင်တို့ မောင်ဌေးအောင်တို့တတွေ။ သူတွေ့ချင်တဲ့ လူတွေ အများကြီး။
တည်ထားတဲ့ဘောကို ဘယ်ခြေနဲ့ကန်မှာလား၊ ညာခြေနဲ့ ကန်မှာလား။ ဂိုးသမားကြိုပြီး မရိပ်မိအောင် သူက ဘောလုံးရဲ့ တည့်တည့်နောက်က ရပ်နေလိုက်တယ်။ လေက သူနဲ့ မျက်နှာချင်းဆိုင်ဘက်ကနေ တသုန်သုန်တိုက်နေလို့ အင်္ကျီလက်ဖတ်တွေ တဖျပ်ဖျပ်လွင့်နေတယ်။
မိဦး စာမေးပွဲနောက်ဆုံးနေ့ကျရင် ငါ နင့်ကို အရေးကြီးတဲ့စကား ပြောစရာရှိတယ်လို့ သူပြောခဲ့တဲ့ တုန်းက မိဦးရဲ့ ပြုံးမြမြမျက်နှာလေး ပြန်မြင်ယောင်မိတယ်။ နားထဲမှာတော့ အိပ်ကောင်းခြင်းမအိပ်ရတဲ့ အာလုံးကောင်းပါတယ် ဆရာကြီးဆိုတဲ့ အသံဝါကြီး ကြားယောင်ပြန်တယ်။
သူက ပျဉ်းမနားပေါင်းလောင်းဖလား သွားကစားနေရာ ပြန်လာတော့ သူ့မိဘတွေ လာခေါ်လို့ မိဦးက ထီးချိုင့်ပြန်သွားပြီ။ အခုတော့ မိဦးနံဘေးမှာ အစိမ်းရွှင်ထရက်ဆုနဲ့ စံချိန်မှတ်နာရီနဲ့ ဦးကိုကိုစန်းက ရပ်လို့။
ဖလန်နယ်အင်္ကျီရဲ့ ဘယ်ဘက်လက်ဖတ်ကို ညာလက်နဲ့ လိပ်တင်ခေါက်ပြီး တံတောင်ဆစ်အထက်နားထိ ပင့်တင်နေတာကို ဂိုးသမားက မမှိတ်မသုန် ကြည့်နေတယ်။ အရင်တုန်းက ဘောလုံးနဲ့ ဂိုးတိုင်နဲ့ ဒီလောက် အကွာအဝေးကို စာမဖွဲ့ အားပါဘူး။ ဒိထက်ဝေးတဲ့ နေရာက နေတောင် ဂိုးဝင်အောင် ပြေးလွှားကန်သွင်းခဲ့ဖူးသူပဲ။
သူက ဂိုးသမားကို သေသေချာချာကြည့်လိုက်တယ်။ ဂိုးသမားက ဂိုးဘားရဲ့ အလည်ခေါင်မှာ တည့်တည့် ခြေကားပြီး ရပ်နေတယ်။ ပင်နယ်တီ အဆုံးအဖြတ်ကို အသက်စွန့် ကာကွယ်မယ့်ဟန်နဲ့။ ဂိုးသမား ရပ်နေတာ ဂိုးတိုင်သုံးတိုင်ကြားမှာ ပြည့်နေသလိုပဲ။
ဦးမိုးလှိုင်က လွင့်နေတဲ့ စိတ်တွေကို စုစည်းပေမယ့် မရဘူး။
ဒေါ်သန္တာဦးကတော့ လက်အုပ်လေးချီထားသလို မချီသလိုလို။ လက်ချောင်းတွေကို ပူးယှက်ပြီး ရင်ဘတ်မှာ ခပ်ဖွဖွ ကပ်ထားတုန်းပဲ။
ဘောကန်တော့မယ်ဆိုရင် ကြွက်သားတွေ အရွတ်တွေ အကြောတွေ မနာအောင် သွေးပူလေ့ကျင့်ခန်း လုပ်ရမယ်။ အကြောလျှော့ပြီးမှ ကန်ရမယ်ဆိုတာ ဦးမိုးလှိုင် သိပ်သိတာပေါ့။ အခုတော့ သွေးပူလေ့ကျင့်ခန်း မလုပ်ရပါဘဲနဲ့ သူ့သွေးတွေ ပူလာ ဆူလာတယ်။
ကျန်ခဲ့တဲ့ သူ့မိတ်ဆွေတွေရဲ့ မျက်နှာ၊ တောင့်တောင့်ကြီး မရယ်မပြုံး ရပ်နေတဲ့ ဧည့်ခန်းထဲက ဓာတ်ပုံ၊ ပေါင်နဲ့ ညို့သကျည်းက ဒဏ်ရာတွေ၊ သူ့ဇနီးရဲ့ မျက်နှာလေး ပြန်မြင်ယောင်လာတယ်။
ပရိသတ်က စက္ကန့်နဲ့အမျှ အာရုံပို စူးစိုက်ကြည့်လာကြတယ်။ ဇာတ်ထွတ်ကို ရောက်နေတဲ့ ရုပ်ရှင်ကား တကားပေါ့။
.... တွေအတွက် .... အတွက် ... အတွက် ခြေတလှမ်းလှမ်းလိုက်တိုင်း သူ့ပါးစပ်က .... အတွက်တခု ရွတ်ပြီး ဘောလုံးဆီ တဖြည်းဖြည်းလျှောက်သွားနေတဲ့ အဟာရချို့တဲ့နေတဲ့ လူပိန်ပိန်တယောက်။
... အတွက် ... အတွက် ဘောလုံးဆီ ဖြေးဖြေး လျှောက်သွားပြီး ကန်တော့မှ ခွန်အားကုန်သုံးပြီး ကန်လိုက်တယ်။ ကန်ပြီးတာတောင် သူက လက်သီးဆုပ်မဖြေဘူး။
ကျွမ်းကျင်လက်ဖြောင့်တဲ့ သေနတ်သမားက ခလုတ်ကို ဖြုတ်လိုက်ကတည်းက ပစ်မှတ်ကိုထိတာ သိလိုက်သလိုပဲ ဦးမိုးလှိုင်လည်း သိလိုက်တယ်။
ဂိုးသမားက ဦးမိုးလှိုင် ဖလန်နယ်အင်္ကျီ ဘယ်ဖက်လက်ဖတ်ကို ညာလက်နဲ့ လိပ်တင်တာကို ကြည့်ပြီး ဦးမိုးလှိုင် ညာခြေနဲ့ ကန်မယ်လို့ ထင်သွားတယ် ထင်ပါရဲ့။
ပရိသတ်တွေရော၊ ကွင်းထဲက ဘောသမားတွေရော၊ ဦးကိုကိုစန်း၊ ဒေါ်သန္တာဦးနဲ့ လက်ထောက်နည်းပြ ဆရာတွေကိုရော ရုပ်ရှင်ကင်မရာတွေ ဗွီဒီယိုကင်မရာတွေနဲ့ ရိုက်ထား မှတ်တမ်းတင်ထားပြီး အနှေးပြန်ပြကွက် တွေနဲ့ အရသာခံပြီး ကြည့်ဖို့ကောင်းတယ်။
ညီပုလေး။

Subscribe to:
Posts (Atom)