Tuesday, May 31, 2011
ဘ၀ကဗျာကိုသင်ယူခြင်း
ရေးသူ - ခက်မာ
[ '၆၀' စာအုပ်အတွက် 'ခက်မာ'(Khet Mar - Pennsylvania) ပေးတဲ့ လက်ဆောင်ကို ကိုသန်းဌေးမောင်(Than Htay Maung-Pennsylvania)ပေးတဲ့ လက်ဆောင် သရုပ်ဖော်ပုံနဲ့ မာယာက ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်]
ကျမ မှတ်မိနေတာတော့ ကျမ ကဗျာစရေးတာ ၇ တန်းကျောင်းသူဘ၀။ ကျေးလက် တွဲဖက် ကျောင်းကလေး၏ နံရံကပ်စာစောင်အတွက် ဖြစ်သည်။ ရွာ၏ မူလတန်းကျောင်းပိုင် ကျယ်ဝန်းသော မြေနိမ့်ကွင်းပြင် အလယ်မှာ ဆောက်ထားသည့် မြေစိုက် ဓနိမိုး ထရံကာ ကျောင်းကလေးမှာ နံရံကပ်စာစောင် လုပ်မည်ဆိုတော့ အပျော်ဆုံးသူက ကျမ ဖြစ်ခဲ့မည် ထင်သည်။ နံရံကပ်စာစောင် လုပ်မည်ဟု ကြေငြာပြီး ပူးပေါင်းပါဝင်မည့် သူတွေကို ဖိတ်ခေါ်ကတည်းက စာ၊ ကဗျာ တခုခု ရေးဖို့ ကျမက သေချာပြီးသားမို့ စာရေးသူနေရာက ပူးပေါင်းပါဝင်ဖို့ စာရင်းပေးလိုက်သည်။ ရွေးချယ်ခံရမည့် စာမူများကို နံရံတွင် ကပ်မည့် စာရွက်ကြီးများတွင် ကူးပြီး ရေးချဖို့ လက်ရေးလှသူများကို ဖိတ်ခေါ်ရာတွင်တော့ လက်ရေးညံ့သူကျမ မပါဝင်နိုင်ခဲ့ပါ။ သို့သော် ရွေးချယ်ခံစာမူများ အတွက် သရုပ်ဖော်ပုံ ရေးဆွဲပေးမည့် သူများကို ဖိတ်ခေါ်ရာတွင်တော့ ကျမ လက်ထောင်မိပြန်သည်။
ထိုအချိန်တုန်းက ကျမ ကဗျာတပုဒ်နှင့် ထိုကာလက စာညွန့် ဟုခေါ်သော အက်ဆေးဆန်ဆန် စာလေးတပုဒ် ရေးခဲ့သည်။ ထိုအရာတွေ မရေးမီ အိမ်မှာ ရှိနေသော ကျမအဒေါ်၏ တက္ကသိုလ် စာပေးစာယူ သင်တန်း မဂ္ဂဇင်းတွေကို ဖတ်သည်။ ကျမ မှတ်မိသမျှတော့ တော်တော်များများက အရွယ်မတိုင်မီ ချစ်သူရည်းစား ထားခြင်းမှ ရှောင်ရှားကြရန် ပညာပေးဆန်ဆန် အရေးအသားတွေ။ ကျမ ကဗျာတွေ၊ စာတွေကလည်း အဲသည်လို ဆန်ဆန်မျိုးတွေ ဖြစ်ခဲ့သည်။ သည်တော့ ကျမ စာတွေက နံရံကပ်စာစောင်မှာ ခန့်ခန့်ထည်ထည် ပါခဲ့သည်ပေါ့။ သို့သော် လူတရာဝန်းကျင် ကျေးလက် အလယ်တန်းကျောင်းကလေး၏ သမီးရည်းစားအတွဲ အရေအတွက် ကတော့ လျော့မသွားခဲ့ပါ။
ကျမနှင့် အတူနေသော အဘွားက စာ ကဗျာတွေ ရေးတာ အားပေးပေမယ့် နံရံကပ်စာစောင်အတွက် ကျောင်းဆင်းချိန် ၀င်ကူရတာတော့ သိပ်ကြိုက်ပုံ မရပါ။ ကျောင်းနံရံကပ်စာစောင်အတွက် ၀ိုင်းဝန်း ကူညီသူ အများစုက ယောက်ျားလေးတွေမို့ အနေနီးစပ်ပြီး တောင်တောင်အီအီ စိတ်တွေ ၀င်မည် စိုးသတဲ့လေ။ ထိုအချိန်တွေမှာ အမေက တခြားရွာမှာ ကျောင်းဆရာမအဖြစ် တာဝန်ကျနေသည်။ အကယ်၍ အမေနှင့် နေရမည် ဆိုလျင်တော့ နံရံကပ်စာစောင်မှာ စာဝင်ရေးခွင့် ရဖို့ပင် မသေချာပါ။ အမေက စာပေ ၀ါသနာ မပါသူ။ ကျမ စာပေလမ်းပေါ်လျှောက်မိတော့ အဘွားက ပွင့်ပွင့်လင်းလင်း ဂုဏ်ယူပေမယ့် စကားမဝေဖြာသော အမေကတော့ ခပ်မဆိတ်ပင်။ ကျမ ၀တ္ထုအသစ်ပါသော မဂ္ဂဇင်းရလာလျှင်တော့ ဖတ်ပါသည်။ ပြီးလျှင် ဘာတွေ ရေးထားတာလဲဟု ကျမကို မေးတတ်သည်။ ဒါတောင် ကျမရေးသော စာတွေက နားလည်ရခက်သည့် စာမျိုးထဲမှာ ပါတာ မဟုတ်ပါ။
ကျမမှာ သားနှစ်ယောက်ရလာတော့ သားတွေကို အနုပညာ ၀ါသနာ ပါစေချင်သည်။ နှစ်ယောက်စလုံး မဟုတ်တောင် တယောက်ကိုတော့ ဂီတသမား ဖြစ်စေချင်သည်။ သားတွေငယ်ငယ်က ပန်းချီဆွဲတော့လည်း ကျမ ပျော်ရသည်။ သားကြီးက တော်တော် အတန်းရသည်အထိ ပန်းချီကို စိတ်ဝင်စားသည်။ သားကြီး ငါးတန်းမှာလား ခြောက်တန်းမှာလားမသိ သူတို့ ကျောင်းမှာ ပန်းချီပြိုင်ပွဲ လုပ်မည် ဆိုသဖြင့် သားက တက်ကြွနေခဲ့လေသည်။ ဟိုပုံဆွဲမယ် သည်ပုံဆွဲမယ်နှင့် သားစိတ်ကူးယဉ် ပျော်ရွှင်နေတာကို ကြည့်ပြီး ကျမတို့လည်း ပျော်မိသည်။ ဒီလိုနှင့် ပန်းချီပြိုင်ပွဲဝင်မည့်သူတွေ စာရင်းပေးရမည့်နေ့ ရောက်လာသည်။ အဲဒိနေ့တွင် သားက ကျောင်းမှ ရယ်ကျဲကျဲနှင့် ပြန်လာသည်။ ကျမက ဘာလို့ ရယ်ကျဲကျဲ ဖြစ်နေရတာလဲ မေးတော့ ပြန်ဖြေသော သားအဖြေကြောင့် ကျမ အံ့သြခဲ့ရသည်။
"သားက ပန်းချီပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ စာရင်းသွားပေးတော့ စာရင်းလက်ခံတဲ့ ဆရာမက မေးတယ်။ မင်းက ဘာပုံဆွဲမှာလဲတဲ့။ သားက မော်ဒန်ပန်းချီ ဆွဲမယ်လို့ ဖြေလိုက်တော့ မော်ဒန်ပန်းချီဆွဲမယ်ဆို မပြိုင်ရဘူးလို့ ပြောတယ်"
သားက ရယ်ကျဲကျဲ ပြောနေပေမယ့် သားအသံလေးတွေက စိတ်လှုပ်ရှားပြီး တုန်နေသလိုပင်။ ပန်းချီဆရာနှင့် စာရေးဆရာ မိဘနှစ်ပါး တယောက်မျာက်နှာ တယောက်ကြည့်မိကြသည်။ အဲဒီနောက်ပိုင်း ကတည်းက သားကြီးတယောက် ပန်းချီကို ဟုတ်တိပတ်တိ မရေးတော့တာ ဖြစ်သည်။
ကျမတို့ အမေရိကားရောက်တော့ သားကြီးက ၆ တန်း။ သားငယ်က ၃ တန်း တက်ရသည်။ ကျောင်းမှာ Art Class က အချိန်စာရင်းနှင့် သွားရသည်။ Art Room မှာ ကလေးများအတွက် ဆေး၊ စက္ကူ၊ သစ်သားတုံးတွေ၊ ပန်းပုထုဖို့ ဓါတုရွှံ့စေးတွေနှင့် အခြား အနုပညာဖန်တီးရာတွင် အထောက်အကူ ပြုသည့် ပစ္စည်းတွေက အလျှံပယ်ပင်။ သားတို့ ပျော်ကြသည်။ ပန်းချီပြန်ဆွဲကြသည်။ ၂၀၀၉ ခုနှစ် မြို့နယ်လုံးကျွတ် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲမှာ တင်ပြဖို့ သူတို့ပန်းချီကားတွေ ရွေးချယ်ခံရသည်။ ပန်းချီကားတွေ မတင်မီ သူတို့ အမေးခံရသော မေးခွန်းကတော့ ပြောင်းသွားသည်။ ဒီပုံကို ဆွဲဖို့ ဘယ်လို စိတ်ကူး ရတာလဲတဲ့။
၂၀၁၀ -၂၀၁၁ မှာတော့ စာသင်နှစ် စစချင်း သိတ်မကြာခင်မှာပဲ သားငယ်က ဒရမ်ဆက်ကြီးတခု ကျောင်းက ယူလာသည်။ ကျောင်းသားတိုင်း တူရိယာတခု တီးရသည်။ ဒါကြောင့် သားငယ်က မနှစ်က တယောတီးပြီး ဒီနှစ်တော့ ဒရမ် စမ်းတီးချင်သတဲ့။ ဒရမ်သံ ဆူဆူညံညံကြီးကို နားမခံနိုင်တာရော တူရိယာပစ္စည်းတခုထဲကို တစိုက်မတ်မတ် တီးစေချင်တာရောကြောင့် သားငယ်၏ ရွေးချယ်မှုကို ကန့်ကွက်ဖို့ ပြင်မိပေမယ့် အရာရာကို စမ်းသပ်နေသော အရွယ်ပေမို့ လောလောဆယ် လွှတ်ထားလိုက်သည်။ သူ၏ စိတ်ဝင်စားမှု အမှန်ရှိသော နေရာကို သူသိသွားချိန်တွင် သူ့ဘာသာ ရွေးချယ်လိမ့်မည်။
ကလေးတွေက ကျောင်းမှာ ပုံမှန် အားကစားခန်းမ Gym သွားရချိန်အပြင် အားကစားတခုခု ကစားရ သေးသတဲ့။ ထို့ကြောင့် သားကြီးက ဘတ်စကက်ဘော ကစားသည်။ သားငယ်ကတော့ American Football ကစားမည်တဲ့လေ။ ကျောင်းတွေက ကျောင်းသားတွေကို ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းဖို့ရော ဂီတနှင့် ယဉ်ပါးကာ စိတ်ပိုင်းဆိုင်ရာ နုညံ့ယဉ်ကျေးဖို့ပါ လေ့ကျင့်ပေးနေကြတာပဲ။
အဲဒီအချိန်မှာ တမြို့ထဲနေသည့် မိတ်ဆွေတဦးက သူ့သား အထက်တန်းကျောင်းသားအကြောင်း ပြောလာသည်။
"ကျနော့်သားက ကျောင်းမှာ တူရိယာပစ္စည်းတခုခု တီးရမယ်ဆိုလို့ ဂစ်တာတီးမလို့တဲ့။ ကျနော်က အဲဒီလို အပိုအလုပ်တွေ အဖေမကြိုက်ဘူး။ ဂစ်တာမတီးရဘူး ပြောလိုက်တယ်။ ကျနော့် သားနှစ်ယောက် ရှိတာမှာ တယောက်က ဆရာဝန် ဖြစ်ရမယ်။ တယောက်က ရှေ့နေ ဖြစ်ရမယ်။ ဒီတော့ သူတို့ စာကိုပဲ ကြိုးစားဖို့ လိုတယ်။ အဲဒီ အပြင်ဗာဟီရတွေကို အချိန်မပေးစေချင်ဘူး"
မိတ်ဆွေကို တရားချဖို့ ကျမ အသက်ကို အရင် ၀အောင်ရှူရသည်။ သားတွေ ဂီတနှင့် မနီးစပ်စေဖို့ ပြတ်ပြတ်သားသား ပြောနေသော ဖခင်တဦး နားဝင်စေဖို့ စကားလုံးတွေ စဉ်းစားရသည်။
"ကျမ သားတွေ မွေးလာကတည်းက သားတွေကို ဂီတပညာတခုခု ၀ါသနာ ပါပါစေလို့ ဆုတောင်းခဲ့တာ။ အနုပညာ ဂီတဆိုတာ လူရဲ့ စိတ်ကို နူးညံ့ယဉ်ကျေးသွားစေတယ်။ တချိန်ထဲမှာလဲ အဲဒီ ဂီတရဲ့ စွမ်းအားက ဖန်တီးသူ ကိုယ်တိုင်ကိုရော ခံစားရသူတွေကိုပါ အင်အားတွေ၊ မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေကို ရစေတယ်လေ"
ကျမသားကြီး ၂ နှစ် ၃ နှစ် လောက်မှာ ကျမတို့ ဇနီးမောင်နှံနှင့် သား၏ အဘိုးအဘွားများ ခေါင်းချင်းဆိုင်ပြီး သားကို ဘာတူရိယာ သင်ပေးမလဲ တိုင်ပင်ကြသည်။ ကျမက သားကို စန္ဒယား တီးစေချင်သည်။ သားအဖေက ဆက်ဆိုဖုံး မှုတ်သံက အားရှိတာကွလို့ ပြောသည်။ သားအဖိုးကတော့ မိဘတွေလည်း ခြေနိုင်လက်နိုင် ၀ယ်ပေးနိုင်အောင် တယောပဲ သင်ခိုင်းတာ ကောင်းမယ်ထင်တယ်တဲ့။ စန္ဒယားဆို ဈေးကြီးတယ်လေ။ သားအဘွားကတော့ သူ အသေအချာ အော်ဒါမှာပြီး လုပ်ထားတဲ့ ပတ္တလား ရှိနေတာပဲ။ အဲဒါကို တီးပစေပေါ့တဲ့။ ဒါနဲ့ ကျမက တီဗွီမှာ တေးသံစုံတီးဝိုင်း ဖျော်ဖြေနေတန်း တီးဝိုင်းထဲမှာ ပါတဲ့ ဂီတ တူရိယာ ပစ္စည်းတွေ ပြပြီးတော့ သားကြီးလာရင် အဲဒီအထဲက ဘာတူရိယာကို တီးမလဲလို့ မေးတော့ သားက စဉ်းတောင် မစဉ်းစားပဲ ပြန်ဖြေသည်။ ၀ါးလက်ခုပ် တီးမယ်တဲ့။ ကျမတို့ တယောက်မျက်နှာ တယောက်ကြည့်ပြီး ရယ်မိကြပေမယ့် သိပ်တော့ အားမရှိလှပါ။ ဘာမှ မတီးဘူး ဘောက်ဆင်ထိုးမယ် မပြောတာ တော်သေးတာပေါ့ဟု ကျမက စိတ်ဖြေခဲ့ရသည်။ ကျမ တတ်သမျှ မှတ်သမျှ ဥပမာ ဥပမေယျနှင့် ပြောသော စကားတွေကို အထက်ကျောင်းသားအဖေ သဘောပေါက်သလားတော့ မသိပါ။ ကျမတော့ တော်တော် မောသွားသည်။
ဆောင်းဦးဝင်စ တရက်မှာ သားကြီး ကဗျာတွေ ရေးနေတာ တွေ့ရသည်။ ကျမက ပျော်ရွှင်စွာဖြင့် 'သား ကဗျာတွေ ဘာတွေ ရေးလို့ပါလား' ဟုပြောတော့ ကျောင်းက poetry Class အတွက်ဟု ပြောသည်။ ကျောင်းမှာ ကဗျာရေးရတဲ့အချိန် ရှိသတဲ့လား။ ကျမက စိတ်ဝင်တစား ဖြစ်ခဲ့ရပြန်သည်။ သားကဗျာတွေကို ဖတ်ကြည့်တော့ အင်မတန် လွတ်လပ်သော အတွေးကို တွေ့ရသည်။ ကောင်းတာ မကောင်းတာထက် လူအများက စာရေးဆရာဟုသတ်မှတ်ခြင်းကို ခံရသော ကျမ မတွေးမိသောနည်းဖြင့် စဉ်းစားပုံတွေကို တွေ့ရသဖြင့် ကျောင်း Poetry Class အတွက်မို့ အင်္ဂလိပ်လို ရေးထားသော သားကဗျာတချို့ကို ဘာသာ ပြန်ကြည့်မိသည်။ သိပ်မကြာခင်မှာပဲ သားငယ်က သူ့ Language Art Class အတွက် ရေးသော ကဗျာတချို့ကို ကြည့်ပေးဖို့ ပြောလာပြန်သည်။ Grade 4 သာ ရှိသေးသော သားငယ်ကဗျာလေးတွေက ကလေးဆန်ပေမယ့် သားငယ် ကဗျာရေးရသည်ဆိုတာကပင် ကျမကို ပျော်ရွှင်စေပြီ။ ဟောသည် ကဗျာလေးကိုတော့ ကျမ သဘောကျမိသည်။
Colors
Where ever I go
colors follow me.
White in winter
Green in Summer
Gold in fall
I can not run away from all.
အရောင်များ
ကျနော်ဘယ်သွားသွား
အရောင်များကလိုက်ပါ။
ဆောင်းမှာအဖြူ
နွေမှာအစိမ်း
ရွက်ကြွေရာသီမှာတော့ ရွှေရောင်။
ရှောင်လို့မလွတ်နိုင်။
လူတိုင်း အရောင်တွေနဲ့ မလွတ်နိုင်တာ သိနေပေမယ့် အဲဒီအတွေးလေးကို ချရေးဖို့ ကျမ စိတ်မကူးမိခဲ့ ပေ။ ရိုးစင်းသော အတွေးလေး တစကလည်း အနုပညာမြောက်နိုင်ကြောင်း သတိတရ ဖြစ်စေသည့်အတွက် (မြန်မာမိသားစုဝင်တဦးပေမို့) ပါးစပ်က ထုတ်မပြောမိပေမယ့် သားကို ကျမကျေးဇူးတင်မိသည်။
ဖေဖော်ဝါရီ ဒုတိယပါတ်ထဲမှာ သားတို့ကျောင်းက ဖိတ်စာတစောင်ရသည်။ 7 Grade ကျောင်းသားတွေ၏ ကဗျာရွတ်ပွဲကို တက်ရောက်ရန်။ သားကြီးက 7 Grade မို့ သားကဗျာ ရွတ်မှာလား မေးမိသည်။ ပထမပိုင်းမှာ သားက စိတ်ဝင်စားပုံ မပြပါ။ နောက်ပိုင်းမှာတော့ ကျမက သူ့ကို ကဗျာရွတ်စေချင်မှန်း သိသဖြင့် ရွတ်မည်ဟု ပြောသည်။ ကျမက သားထက် ပိုစိတ်လှုပ်ရှားကာ ကဗျာရွတ် လေ့ကျင့်ဖို့ အလယ်တန်း ထိသာရှိသော ကျောင်းတွင်း ကဗျာရွတ်ပွဲလေးမို့ မိသားစု ဆန်သည်။ ကဗျာရွတ်ပွဲလာသည့် ကျောင်းသားမိဘတွေက ကိုယ်နိုင်ရာ အစားအစာလေးတွေ ယူလာခဲ့ကြသည်။ ကျမလည်း အခွင့်အရေးရတုန်း မြန်မာကောက်ညင်းပြန်ပေါင်းကို အုန်းသီးနိုင်နိုင်နှင့် နိုင်ငံခြားသားတွေကို မိတ်ဆက်ပေးလိုက်သည်။ သူတို့ ကြိုက်ကြပုံ ရပါသည်။ ကျမ ကောက်ညင်းပေါင်းက အရင်ဆုံး ကုန်သွားခဲ့သည်။
ကဗျာရွတ်ပွဲကို အခမ်းအနား အစီအစဉ် အတိအကျကြီးဖြင့် ကျင်းပခြင်း မဟုတ်ပါ။ 7 Grade Poetry Class ကို ကြီးကြပ်သော ဆရာနှစ်ဦးက ကဗျာရွတ်ပွဲလေး လုပ်ရခြင်းအကြောင်း အနည်းငယ် မိတ်ဆက်စကား ပြောကြားပြီး မည်သူမဆို ကိုယ့်ကဗျာကို အဆင်ပြေရာအချိန်တွင် ၀င်၍ ရွတ်ဆိုနိုင်ကြောင်း ပြောသည်။ ကလေးတော်တော်များများက စိတ်ပါလက်ပါ ၀င်ရွတ်ကြသည်။ တချို့ကတော့ ရွတ်ချင်စိတ် ရှိကြသော်လည်း ရှက်နေကြ၏။ ထိုအခါ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေက သက်ဆိုင်ရာ ကလေးနာမည်ကို သံပြိုင်ခေါ်၍ အားပေးသည်။ ကိုယ့်နံမည်ကို သံပြိုင်ခေါ်နေလေတော့ ကလေးက မနေသာတော့ပဲ ကဗျာထွက်ရွတ်တော့သည်။
ပွဲအစပိုင်းမှာသာ ကလေးတွေက တုန့်ဆိုင်းနေပေမယ့် တဖြည်းဖြည်း အရှိန်ရလာတော့ သူတို့ စိတ်ပါလာကြသည်။ ရွတ်လက်စ လူတွေက အခေါက်ခေါက် တက်ရွတ်ကြသည်။ စိတ်မပါဘူး ဆိုသော ကျမသားကြီးတောင် သုံးပုဒ် ရွတ်သွားခဲ့သည်။ ကဗျာရွတ်ဖို့ အစီအစဉ်မရှိသော သားကြီး၏ သူငယ်ချင်း ကိုးရီးယန်းလေးက သားကြီး ကဗျာတပုဒ် တက်ရွတ်သွားသည်။ ထိုကလေးလိုပင် နောက်ပိုင်း အစီအစဉ်မရှိသူ တွေလည်း နောက်ပိုင်း စိတ်ပါကာ ၀င်ရွတ်ကြသည်။ တချိုသော ဆရာတွေ၊ ကျောင်းသားမိဘတွေက ကဗျာရွတ်ပွဲကို မလာနိုင်သော ကလေးများ၏ ကဗျာတွေကို ရွတ်ပေးကြသည်။ အလွန်ရင်းနှီး နွေးထွေး၍ ပျော်စရာကောင်းသော ပွဲလေး ဖြစ်သည်။ ကျမမှာတော့ လက်ခုပ်တီးရတာ လက်တွေတောင် နာလို့။ ကလေးတွေ၊ မိဘတွေ၊ ဆရာတွေကလည်း ပျော်လို့။
တကယ်တော့ ကလေးတွေကို ကဗျာရွတ်တာ အပါအ၀င် လူရှေ့မှာ စကားပြော တင်ဆက်နည်းတွေကို ဖိအားမပေးသော နည်းဖြင့် မသိမသာ လေ့ကျင့်ပေးနေခြင်းပင်။ သားသူငယ်ချင်း ၀ီလျံဆိုသော ကလေးဆို ကဗျာ ၅ ပုဒ် ရွတ်သွားသည်။ သူ့ကဗျာတချို့က အရှည်ကြီးတွေ။ အတော်လည်း ကောင်းသည်။ လူကောင်သေးသော ၇ တန်းကျောင်းသားလေးက ကဗျာရွတ်ရာမှာတော့ တကယ့် ၀ါရင့် ကဗျာဆရာကြီး တဦးအလားပင်။ အဖိ အဖော့ အဆွဲအငင်တွေနှင့်။ ဟန်ပန်က တည်ငြိမ်သလို အမှားအယွင်း တလုံးတလေတောင် မပါဘူး။ ကျမက သူ့ကဗျာအချို့ကို တော်တော်ကြိုက်သဖြင့် ဘာသာပြန်ဖို့ တောင်းယူချင်ပေမယ့် ကျောင်းစည်းကမ်းကြောင့် အခွင့်မသာခဲ့ပါ။ ထိုသို့သော ပွဲလေးများမှ တဆင့် ထင်ရှားသော ကဗျာဆရာကြီးများ၊ အနုပညာသမားများ၊ ထင်ရှားသော အစီအစဉ်တင်ဆက်သူပေါင်း များစွာ ဖြစ်လာကြသည်။
သူတို့၏ စည်းမျဉ်း စည်းကမ်းတွေ၊ ကော်ပီရိုက်ဥပဒေတွေကြောင့် တခြားကလေးများ၏ ကဗျာတွေကို လောလောဆယ်ဆယ် ဘာသာပြန်မိတ်ဆက်ပေးလို့ မရလေတော့ ကျမသားကြီး၏ ကဗျာလေးတပုဒ်ကိုပဲ မိတ်ဆက်ပေးရပါတော့မည်။
သစ်ရွက်
ကျနော့်ကိုယ်ကျနော်
ရေစီးနဲ့မျောပါနေတဲ့
သစ်ရွက်လေးတရွက်လို့မြင်တယ်။
ရှေ့တူရူကဦးတည်ရာဆီ
မရောက်သေးတာကလွဲလို့
ကျနော်ကနေရာတိုင်းမှာ။
တခါတလေ အမြင့်ကပြုတ်ကျ..
တခါတလေ တခုခုနဲ့တွယ်ငြိ..
တခါတလေ...
အပေါင်းအပါတွေနဲ့ အတူမျောပါစီးဆင်းရင်း
ကျောက်ဆောင်တွေနဲ့ တိုက်မိ။
ကျနော်မြင်နေရတယ်
တချို့နောက်မှာကျန်ခဲ့
အရွက်သစ်တွေကလည်း
ကြွေဆဲ...
စီးမျောဖို့
နစ်မြုတ်ဖို့ကလွဲရင်
ပြန်လမ်းမရှိတဲ့ခရီးမှာ။
၇ တန်းကျောင်းသား တယောက်၏ ကဗျာက သံဝေဂသံတွေ ကဲနေသလို ကျမ ခံစားရသည်။ ကျမ အဲဒီ အရွယ်မှာ အဲဒီလို ကဗျာမျိုး မရေးခဲ့တာတော့ သေချာပါသည်။ ငါ့အသက်အရွယ်နဲ့ ဒီလို ကဗျာမျိုး မရေးသင့်ဘူးဟု ကျမ စဉ်းစားခဲ့သလားမသိ။ သူများတွေက ကြီးကျယ်ရန်ကောဟု ဝေဖန်ခံရမှာ စိုးရိမ်တာလည်း ဖြစ်ကောင်းဖြစ်မည်။ သေချာတာကတော့ သားတို့မျိုးဆက်တွေက ထွေလီကာလီ အတွေးတွေ တွေး၍ သူတို့က အနုပညာဟု သတ်မှတ်သည့်အရာကို အထိခိုက် မခံကြတော့ခြင်းပင်။
ခက်မာ။
Monday, May 30, 2011
သက်လုံဖြစ်အောင် ပြောင်းပစ်သလား
ရေးသူ - နုနုရည် အင်းဝ
ဟေ..... ရထားလာပြီတဲ့။
ဝေါခနဲ ဆူညံသွားတဲ့ လူသံတွေနဲ့ အတူ ကျုပ် ကဗျာကယာ ထရပ်လိုက်မိတယ်။ ရထားကို မမြင်ရသေး ပေမယ့် ကျုပ်တို့ရွာ ဘူတာတခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလိုက်ပုံများတော့ .... တော်။ မပြောလိုက်ချင်ဘူး။ ကြည့်စမ်းပါဦး။ ဟိုကောင်မလေး ခရမ်းသီးသည် အပုမရယ်၊ အင့်နေတဲ့ ခရမ်းသီးတောင်းကြီး တရွက်ရွက်နဲ့ ရထားကို တက်ဖို့ တာစူနေလိုက်တာများ၊ သူ့ဘေးက ဆန်အိတ်ပိုင်း ရွက်ထားတဲ့ မိန်းမနဲ့ တိုက်မိမတတ်။ အို ..... အားလုံးအတူတူ ပါပဲလေ။ ထင်းစည်းတွေ ကြံစည်းတွေ၊ ခရမ်းသီး ဗူးသီးတောင်းတွေ အရွက်ကိုယ်စီ၊ အထမ်းကိုယ်စီနဲ့။ တယောက်နဲ့ တယောက် တိုးဝှေ့ တိုက်ခိုက်ပြီး ရထားပေါ်တက်ဖို့ တာစူနေလိုက်ကြတာ။
'၀င်လာပြီဟေ့ တက်ထား'
'အို.... ဟဲ့ကောင်မ ဒီနားလာစောင့်လို့ဆို'
'ဟဲ့ မတိုးနဲ့ဆို ဒီမှာ အရွက်ကြီးနဲ့ ဟဲ့'
ဘုရား... ဘုရား။ ဒီလောက် ကျပ်ညှပ် ပြွတ်သိပ်တဲ့ ရထားပေါ်ကို ကျုပ်တက်နိုင်ပါ့မလား။ ဘာဖြစ်ဖြစ်၊ ကျုပ် အထုပ်ကလေးကို ရင်ခွင်ထဲပိုက်ပြီး လူတွေကြားထဲကို ကျုပ် အတင်းတိုးဝင်ပစ်လိုက်တယ်။ ကျုပ် တက်ရမှ ဖြစ်မယ်။ ကျုပ် လိုက်ရမှ ဖြစ်မယ်။ အိုး..... ကျွတ်...... ကျွတ် သေပါပြီတော်။ နောက်ကနေ ဖိတိုးလိုက်တာ။ ဘယ်လို ဖြစ်နေကြတာလဲ။ ကြည့်.... ကြည့် ရှေ့က မိန်းမက နောက်လန်ကျလာပြန်ပြီ။ အမလေး ကုန်ပြီ ကုန်ပြီ။ ကျုပ်အထုပ်ကလေးတော့ ကျိုးကြေကုန်ပြီ ထင်ပါရဲ့။ လူနာတာက ကိစ္စမရှိဘူးဆို။ အထုပ်လေး ကျိုးကြေကုန်မှ ဒုက္ခ.....။
'နည်း နည်း လောက်၊ နည်း နည်း လောက် လေး တော်၊ ကျုပ် ဖယ်လိုက်ကြစမ်းပါ အထဲဝင်ချင်လို့'
'ဟာ ဘယ်ရမလဲ အမေကြီးကလဲ အထဲဝင်လို့ မရဘူး၊ ဒီနားမှာပဲနေ၊ ရတဲ့ နေရာမှာပဲနေ'
'ဟင်.... ခက်လိုက်တာများတော့။ ကျုပ်က ဒီ အိမ်သာနားမှာ မနေချင်လို့ ဟုတ်ပါဘူး။ ဒီနားက ကျုပ်ညှပ်နေတာ လက်ကို မ၀င့်သာလို့၊ ဟိုအထဲက လက်ဝင့်သာတဲ့ နေရာလေးမှာ ကျုပ်အထုပ်လေး ဖြေကြည့်ချင်လို့ပါ'
အထုပ်ထဲက ဆေးလိပ်ထုပ်နဲ့ မန်းမရွေးထုပ်လေးများ ကျိုးကြေကုန်ပြီလားလို့ပါ။ အမဲသား နဲ့ ငရုတ်သီး ကြော် ပလပ်စတစ် ထုပ်ကတော့ သိပ် ကိစ္စမရှိပါဘူး။ ဘယ်လောက်ဖိဖိ ပေါက်မထွက် ပြီးတာပဲဟာ။ အထုပ်ဖြေကြည့် မရတော့ ကျုပ် အပြင်ဘက်ကနေ လက်နဲ့ အသာ စမ်းကြည့်မိတယ်။ အင်း... အင်း.. ဆေးလိပ်ကလေးတွေကတော့ အရှည်လိုက်လေးတွေပဲ။ ကျိုးဟန်မတူဘူး။ ဒါက အမဲသားကြော် ပလပ်စတစ်ထုပ်။ အဲတော့ မန်းမရွေးထုပ်ကတော့ ကြေပြီ ထင်ပါရဲ့။ ခဲခဲဖတ်ဖတ် မစမ်းမိဘူး။ ဒုက္ခပါပဲတော်.....။ အ,ပါတယ်။ ကျုပ်ကိုက အ, ပါတယ်။ ဒါလေးကို မကျိုး မကြေအောင်လေးတောင် မယူနိုင်ဘူး။ ကျုပ်အဖြစ်မရှိတာ။ မနေ့ညကတောင် ကြွက်ကိုက် ခြေမွ ခံရမယ့် ဘေးကနေ ကျုပ် သိမ်းထားနိုင်ခဲ့သေးတာပဲ။ ဒီ မန်းမရွေးကို ကျုပ်သား ငမောင် သိပ်ကြိုက်တာ။
တတ်နိုင်ပါဘူးလေ။ အရေးကြီးတာက မီးရထားကြီး လမ်းဘူတာတွေ ကြာကြာမရပ်ဘဲနဲ့ မြို့ဘူတာကို မြန်မြန် ရောက်သွားဖို့ပါပဲ။ ရထားကြီးက အင်မတန် အနှေးခုတ်တယ်။ လူတွေကများ၊ ကုန်တွေကများနဲ့ ရောက်နိုင်ဘူး။ အိအိ.... အိအိနဲ့ ခေါက်တိုင်း ခေါက်တိုင်း အလျင်လို အနှေးဖြစ်ရတာချည်းပဲ။
အို ချွေးတွေကလည်း မျက်နှာပေါ်ကို တတွေတွေ စီးကြလာလိုက်တာများ သုတ်မနိုင် ပြုမနိုင်။ ကျုပ်သနပ်ခါးတွေတော့ ကုန်ပါပြီ။ ဒီ ရထားအကြောင်းသိလို့ ဘယ်လောက် ထူထူပိန်းပိန်း လိမ်းခဲ့ လိမ်းခဲ့ ရထားပေါ်ရောက် ကုန်တာပါပဲ တော်။ တပါတ်ကို တခါ ဒီကို လာတဲ့အခါမှ ကျုပ် ထုတ်ဝတ်တဲ့ အင်္ကျီအသစ်လေးနဲ့ ထမီအသစ်လေးလဲ ဘယ်လောက်ပဲ သေချာ လျှော်ဖွတ်ပြီး ပြန့်အောင် ထားထား ဒီပေါ်ရောက်တာနဲ့ ကြေရ မွရတော့တာပဲ။ အလှအပ ကြိုက်လို့ရယ် ဟုတ်ပါဘူး။ ကျုပ် ခြောက်ဆယ်ကျော် အဘွားကြီးပဲ။ ဘာကြိုက်နေရမတုံးတော်။ မုန့်ပျစ်သလက်ဖိုဘေးမှာ နှစ်ပေါင်း သုံးဆယ်ကျော် အင်္ကျီစုတ် ထဘီစုတ်နဲ့ နေနေကျခဲ့ပြီပဲ။ သနပ်ခါး ကပ်ဖို့ဆိုတာလဲ ဝေလာဝေး။ ဒါပေမယ့် ကျုပ်သားငမောင်က ကျုပ်ကို တယ် သန့်သန့်ရှင်းရှင်း နေစေ့ချင်တယ်။ မအေ လုပ်တဲ့သူ သနပ်ခါး ပန်းပန်နဲ့ ထဘီ အင်္ကျီလတ်လတ်လေးနဲ့များ မြင်ရရင် သူ အင်မတန် စိတ်ချမ်းသာသတဲ့။ ကျုပ်သားလေး စိတ်ချမ်းသာပါစေ။ ရထားကလဲတော် ရွေ့ပဲ မရွေ့တော့ဘူးလား မသိဘူး... ခါထဲမှ။ အလျင်အခေါက်တွေထက် ပိုကြာသလိုပဲ။ ကျုပ်စိတ်ကပဲ လောနေလို့လား သိပါဘူး။ ကျုပ်သားလေးကို ကျုပ် တွေ့ချင်လှပြီ။ အလျင်ပတ်က ကျုပ် မသွားလိုက်ရဘူးလေ။ ဖြစ်ရပုံများ ကျုပ် ... ကျုပ် အသုံးမကျတာ။ အသုံးမကျတာ။ သွားရမယ့် ရက်နီးမှ ရေချိုး ကြေးချွတ်တာ ဖျားရော။ ခါထဲ.... တုံး ဖျားလိုက်တာ။ ဘယ်လိုမှ မထနိုင်တော့ဘူး။ ကျုပ်သား ငမောင် ကျုပ်ကို မျှော်ရှာမှာ။ မအေ မလာတော့ မျက်နှာ ငယ်ရှာမှာ။
'ရှေ့တဘူတာ ပြီးယင်... မြို့ဘူတာပါလို့ ဆိုနေ၊ နားက ဘာဖြစ်နေတုန်း'
'ဟဲ့ ကောင်မ ထ ငိုက်မနေနဲ့'
ရထားတွဲထဲက လှုပ်လှုပ် ရွရွ အသံတွေ ဗလံတွေနဲ့အတူ ကျုပ် ရင်တွေတောင်မှ ဒိတ်ခနဲ ဖြစ်သွားတယ်။ ရှေ့တဘူတာပြီးရင် ရောက်တော့မယ်။ ကျုပ်သားဆီကို ရောက်တော့မယ်။ ရှေ့ တဘူတာဆို လိုတော့ လိုသေး တယ်။ ဒါပေမယ့် ရောက်ခါနီးဆို ရထားက တမျိုးရယ်။ မြန်မြန် ခုတ်တတ်တယ်။ အပေါက်ဝနား ကပ်အောင် နေရာ ရွေ့ထားမှ။
'အို ဒုက္ခပါပဲ။ မရောက်သေးဘူး အမေကြီးရဲ့။ ဘာလို့ တအားတိုးနေတာလဲ။ ကျုပ်တို့ အောက်ပြုတ်ကျ သွားလိမ့်မယ်'
ရထားပေါက်ဝက အော်နေတဲ့ ကောင်လေးကို ကျုပ်တော့ ဂရုမစိုက်ပေါင်။ ကျုပ်ဘာသာ တိုးမြဲတိုင်း တိုးတာပဲ။ ဒါမှ ကျုပ်မြန်မြန် ရထားအောက် ဆင်းနိုင်မှာ။ ကျုပ်ထင်တဲ့အတိုင်းပဲ။ ရထားက ရှေ့ ဘူတာကို ခဏလေးနဲ့ ဖြတ်ခဲ့တာ။
'ဟာ ဒီအဘွားကြီးနဲ့တော့ ဒုက္ခပဲ၊ ရထား ရပ်ပါစေဦးတော့ဗျာ၊ သောက်ကျိုးနည်း'
ကဲပြောချင်တာ ပြောကြ၊ ကျုပ် အောက်ရောက်ပြီ။ တလမ်းလုံး ရပ်လိုက်လာရတဲ့ ခြေထောက်တွေက ဗြုန်းဆို တော်တော်နဲ့ လျှောက်မရဘူး။ ထုံထုံကြီးတွေ။ ကျုပ် ခြေထောက်တွေကို တချက်နှစ်ချက် ဆောင့်လိုက်ပြီး ဘူတာထဲက ထွက်လိုက်တယ်။ တကျော်ကျော် ခေါ်နေတဲ့ မြင်းလှည်းတွေ၊ ဆိုက်ကားတွေကို အရေးမစိုက်ဘဲ အထုပ်ကလေး ခေါင်းပေါ်တင်၊ ထမီကို ပြင်ဝတ်လို့ ကျုပ်မြန်မြန် ခြေလျင်လျှောက်တယ်။ ခြေလှမ်းတွေ သွက်လိုက်နေလိုက်တာ များကလဲ အပေါ်က နေပူလဲ မသိ။ မောတာ ပန်းတာလဲ သိတော့ပေါင်။ ဘူတာကနေ မြို့ပြင်ထိ ခရီးတာ တော်တော်ဝေးတာလို့ ပြောကြပေမယ့် ကျုပ်တော့ ဘယ်ခါမှ မဝေးခဲ့ပါဘူး။ လျှောက်လိုက်တာပဲ။ ဟော ဟိုမှာ အုတ်နံရံ နီနီကြီးတွေကို မြင်ရပြီ။ အဲဒီ ထောင်နံရံကြီးတွေကို မြင်လိုက်ရင် ကျုပ်မောသမျှ ပြေပြီ။
အဲဒီ ထောင်ကြီးထဲမှာ ကျုပ်သား ငမောင် ရှိတယ်။
++++++++++++++ ++++++++++++ +++++++++++++
'အကျဉ်းသား စံမြိုင် ခေါ် ပေါက်စ'
'တွေ့လိုသူ ဒေါ်မဲပြာ'
သူများတွေ ခေါ်သံကို နားတစွင့်စွင့်နဲ့ ကျုပ်ဂဏာမငြိမ်တော့ဘူး။ ကျုပ်အလှည့်ကလဲ မရောက်နိုင်သေးဘူးလား တော်။ ရောက်နိုး ရောက်နိုး၊ ခေါ်နိုး ခေါ်နိုးနဲ့ စောင့်ရတာ လည်ပင်းရှည်ပေါ့။ ခေါ်နေတဲ့ လူကို ကျုပ်အလှည့် မရောက်သေးဘူးလား၊ မရောက်သေးဘူးလားနဲ့ ခဏခဏ သွားမေးလွန်းလို့လဲ ငေါက်ခံရပြီးပြီ။ 'လာမမေးနဲ့ ခေါ်တာကို နားထောင်' တဲ့။ ဟုတ်ပါပြီ။ မြန်မြန်သာ ခေါ်ပါတော်၊ ကျုပ်မယ် ရောက်ကတည်းက အဆင်သင့် ပြင်ဆင်ထားရတာလဲ မောလို့။ ကျုပ်အထုတ်လေးကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လုပ်။ ပစ္စည်းစာရင်း စာရွက်လေးကို အဆင်သင့်ထုတ်၊ ကျုပ်မဖတ်တတ်ပေမယ့် ဘေးအိမ်က ကလေးမလေး လက်ရေးလေးတွေနဲ့ ရေးထားတာ 'ဆေးလိပ် ငါးဆယ်၊ အမဲသား ငရုတ်သီးကြော်၊ မန်းမရွေးတထုတ်' တဲ့။
ကျုပ်သိတာပေါ့။ ကျုပ်ပြောတာ ကလေးမ ရေးပေးတာကိုး။ စာရွက်လေးကို အဆင်သင့် လက်ထဲကိုင်ထားလိုက်ပြီး၊ ကျုပ်ထဘီကို ပြန်ဝတ်လိုက်တယ်။ ထောင့်တန်းကြီး ဆွဲမနေအောင်ပါ့။
အင်္ကျီကိုလဲ သပ်ရပ်အေင် ဆွဲချ။ မျက်နှာပေါ်က ချွေးတွေကိုလဲ ပစ္စည်းထုတ်လာတဲ့ ပုဆိုးနဲ့ ခပ်ဖွဖွ သုတ်ရတယ်။ ကျုပ်ကို မြင်ရင် ကျုပ်သား ကျေနပ်မှာပါ။ ဒီကောင် နေတော့ ကောင်း ထင်ပါ့။ အိပ်မက် ယာမက်ကတော့ ကောင်းပါတယ်။ အိပ်မက်ထဲမှာ တောက်တောက်ပပ ရွှင်ရွှင်လန်းလန်း မဟုတ်ဘူး။ သင်း ၀တ်နေကျ တက်ထရွန် အဖြူ လက်တိုအနွမ်း၊ ချည်လုံချည် အညို အပေါက်လေးတွေနဲ့။ လွယ်အိတ်အစိမ်း အစုတ်ကြီးကလဲ ပါလိုက်သေး။ ကျုပ်ကတောင် ပြောလိုက်သေး ထင်ပါ့။ 'ငမောင်ရယ် လွယ်အိတ်ကတော့ ဟုတ်ပါပြီ။ လွယ်အိတ်ထဲမှာ ငါ့သား စက္ကူရွက်တွေတော့ မပါပါ စေနဲပ။ ငါ့သား စက္ကူရွက်တွေကြောင့် ဒုက္ခရောက်တာ မဟုတ်လား' လို့ ဆိုတော့ သူ့အဖေ ပြုံးပုံမျိုးနဲ့ မြုံစိစိ ပြုံးလို့ 'အမေ မသိပါဘူး ဗျာ' တဲ့။ အေးလေ ဟုတ်ပါတယ်။ ကျုပ် မသိတာတော့ မသိဘူးပေါ့။ ထင်တာလေ ထင်တာ၊ ကျုပ်ထင်တာ ပြောရတာ။ တကယ်တော့ ကျုပ်အိပ်မက်ထဲ မပြောနဲ့ အပြင်မှာတောင် ကျုပ်သားအကြောင်း ကျုပ် ရေရေရာရာ သိတာလိုက်လို့။ ကျုပ်သိတာ ဖတဆိုးသားလေးမို့ ကျုပ် ငုံထားမတတ် ချစ်တယ်။
အကြီးလူတွေ အိမ်ထောင်ကျပြီး ရပ်ဝေးလွင့်ကုန်ကြတော့ ကျုပ်နားမှာ သူကျန်ရစ်တယ်။ ကျောင်းထားတော့ စာကြိုးစားတယ်။ တော်လဲ တော်တယ်။ ဒါပေမယ့် ဆယ်တန်းကျပြီး ကျောင်းဆက်မနေ တော့ပဲ ဘုတ်အုတ်တွေပဲ တနေကုန် ဖတ်နေတော့တာပဲ။ အရက်၊ ဖဲ၊ မိန်းမ ဝေလာဝေး။ ဆေးလိပ်တဖွာဖွာ၊ လွယ်အိတ်လေး တလွယ်လွယ်နဲ့ ဘုတ်အုတ်ဖတ်လိုက်၊ ရေးလိုက် ချွတ်လိုက်၊ အပြင်သွားလိုက်နဲ့ နေရှာတာပဲ။ ကျုပ်ကတော့ ဒါပဲ သိတယ်။ ကျုပ်အလုပ်နဲ့ ကျုပ် အချိန်တန် မနက်လေးနာရီ ထိုးတာနဲ့ ရွာထိပ်ထွက်၊ မုန့်ပြားသလက်လုပ်ရောင်း၊ ပြန်လာ ချက်ပြုတ်၊ ဖွပ်လျှော်၊ နောက်နေ့ မုန့်ရောင်းဖို့ ပြင်တာ ဆင်တာနဲ့ဟာ အားရတယ် မရှိဘူး။
ကျုပ်သား ဘာလုပ်နေသလဲ မသိပေါင်။ ကျုပ်ချစ်တာပဲ သိတယ်။ အသက် သုံးဆယ်ကျော် သားကြီးကို ရင်ခွင်ပိုက် ကလေးလိုပဲ အရိပ်ကြည့်ပြီး နေချင်တာပဲ သိတယ်။ ကျုပ် မုန့်ရောင်းမယ်။ ရတာလေးနဲ့ ကျုပ်သား ကြိုက်တတ်တာလေးတွေ ချက်ထားမယ်။ သူ စားနေတာကို ကျုပ်က တစိမ့်စိမ့် ထိုင်ကြည့်မယ်။ ညဥ့်နက်လဲ နက်တဲ့ အလျောက်ပဲ။ ကျုပ် ဆေးလိပ်တတိုနဲ့ ထိုင်စောင့်နေလိုက်တာပဲ။
ပြန်လာ တံခါးဖွင့် ခူးခပ် ပေးပြီး ထိုင်ကြည့်နေလိုက်တာပဲ။ မမေးဘူးပေါင်။ ငါ့သား ဘယ်က ပြန်လာသလဲ။ ဘယ်သွားသလဲလို့များ။ ကျုပ်ပြောတတ်တာ တခုပဲ။
'ကဲ အိပ်တော့ ငါ့သား ပင်ပန်းလာတယ်။ မင်း မနက် ဘာဟင်း စားမတုံး' ဒါပဲ ကျုပ်ပြောတယ်။ ကျုပ်သားက 'ဘာချက် ချက်ပါ အမေရာ ကျွန်တော်ကတော့ ကောင်းတာချည်းပါပဲ' လို့ ပြန်ပြောတဲ့ စကားတခွန်းနဲ့ ကျုပ် အိပ်ပျော်တော့တာပဲ။
ကျုပ် တော်..... မသိတဲ့ အဆုံးမှာ တကယ် တကယ်။ ကျုပ်သား ခုထောင်ကျတာ ဘာမှုမှန်း ကျုပ် မသိဘူးရယ်။ ကျုပ် အ လိုက်တာများတော့ ကိုယ့်ရှေ့ကနေ သား ဖမ်းခေါ်သွားတာတောင် မမြင်လိုက်တဲ့ အဖြစ်။ ကျုပ် ထူ ပုံ၊ 'အ' ပုံ၊ 'န' ပုံတွေ။
အဲဒီနေ့က နေ့လယ်ခင်းကြီး ကျုပ် မုန့်ကြိတ်နေတုန်း ဟိုလူတွေ ရောက်လာတာ။ 'မောင်မောင် ရှိလား' တဲ့။ ရှိဘူးလေ။ ကျုပ်သားက မနက်စောကတည်းက ထွက်သွားတာ။ အဲဒီတော့ သူတို့က အိမ်ထဲ ၀င်ရှာချင်တယ် တဲ့။ သူတို့ ဘာတွေ ဆိုတာလဲ ပြောပြီး ဓါတ်ပုံကဒ်ပြားလေး ပြတယ်။ ကျုပ် ပထမတော့ ကြောက်တာပေါ့။ လွယ်အိတ်လေးတွေနဲ့ ဆိုတော့ ကျုပ်က ငမောင့် သူငယ်ချင်းတွေ မှတ်နေတာ။ သူတို့ကို ဘာတွေရယ်သာ ကျုပ်မသိတာ။ ကျုပ်သားကို ဒုက္ခပေးမယ့် သူတွေဆိုတာတော့ ကျုပ် အလိုလို သိနေတယ်။ အံ့ရော။ ကျုပ် တခါတည်း 'ခဏ ခဏ ကလေးတို့ရယ်' ဆိုပြီး ကျုပ် အိမ်ထဲဝင်ပြေးပြီး ငမောင့် အိပ်ရာနားမှာ ပြန့်ကျဲနေတဲ့ စက္ကူရွက်တွေကို ကောက်၊ မီးဖိုထောင့်က ပဲတောင်းထဲကို ထိုးထည့် ပစ်လိုက်တယ်။
သူတို့က ဘာရှာချင်တာလဲ ကျုပ်မသိဘူး။ ဒီတော့ ငမောင့် အိပ်ရာနားမှာ ဘာမှ မရှိရင် ပြီးတာပဲပေါ့။ မဟုတ်ဘူးလား။
သူတို့က တော်၊ ရှာလိုက်ချက်တော့ ဘာရှာမှန်းလဲ မသိဘူး။ တအိမ်လုံးလဲ ပြောင်းဆန်ကုန်တာပဲ။ ငမောင်ကလဲ ညနေသာစောင်းရော ပြန်မလာဘူး။ သူတို့လဲ မောပြီး၊ သူတို့ ရှာတာလဲ မတွေ့ဘူး ထင်ပါ့။
မိုးချုပ်ချုပ်ကျမှ ပြန်သွားရော။ ကျုပ်မယ် အဲဒီတော့မှ ဟင်းချနိုင်တယ်။ ငမောင်က အဲဒီည သန်းခေါင်ကျော်ထိ ပြန်မလာဘူး။ ကျုပ်မယ် ထမင်းတပွဲနဲ့ စောင့်ရင်း အိပ်ပျော်သွားတာ။ မနက်လေးနာ၇ီ ကျုပ် မုန့်လုပ်ဖို့ ထွက်တဲ့အထိ ငမောင် ပြန်မလာဘူး။
ခက်ချည်ကရို့ ဒီငမောင်တော့ဆိုပြီး စိတ်ထဲ လေးတေးတေးနဲ့သာ မုန့်လုပ်နေရတယ်။ စိတ်က မဖြောင့်ဘူး။ အဲဒီအချိန် ခုန လူတွေက ကျုပ်အိမ်ဘေးမှာ အသာစောင့်နေကြတာ ကျုပ်ဘယ်သိမလဲ။ ငမောင်က ကျုပ်အိမ်က ထွက်ခဲ့ပြီး ခဏကြာတော့ အိမ်ပြန်ရောက်လာတာ နေမှာ။ ငမောင်ကို ဖမ်းပြီး အဲဒီလူတွေ ကျုပ်ဆိုင်လေး ရှေ့က ဖြတ်သွားတာကို ကျုပ်လုံးလုံး မမြင်ဘူး။ စိတ်ထဲ တွေးချင်ရာ တွေးပြီး မုန့်ကိုပဲ မဲလုပ်နေမိ တာကိုး။ မိုးမလင်းတလင်း မှောင်ကလဲ မှောင်တော့ ဘေးဘီလဲ ကျုပ်မကြည့်မိဘူးပေါ့တော်။ ငမောင်ကတော့ ကျုပ်ကို မြင်မှာပေါ့။ ဒါပေမယ့် မအေကို ညှာတဲ့ ကျုပ်သားလေးက အသံမပြု ရှာဘူး။ ကျုပ်မယ် မိုးလင်းလို့ ရွာဘူတာဈေးက ကောင်မလေး ပြေးလာပြီး 'ဘွားချစ်ဥ..... ဘွားချစ်ဥ ကိုငမောင်ကြီး ဘာဖြစ်လို့လဲ ဟင်.... ဘူတာမှာ လက်ထိပ်ကြီးနဲ့ တွေ့တယ်တော့' ဆိုတော့မှ သံယောက်မချပြီး ဘူတာကို ပြေးရတာ။ ထဘီမနိုင် ဘာမနိုင် ဆံပင် အပြေပြေနဲ့သာ ကျုပ်မယ် ပြေးရတယ်။ ပြေးရကျိုးလဲ နပ်ပါဘူးတော်။ ငမောင့်ကို ကျုပ် မတွေ့လိုက်ရတော့ဘူး။ ရထား နောက်မြီးဖျားလေးပဲ ကျုပ်တွေ့လိုက်ရတော့တယ်။
သနားပါတယ် ကျုပ်သားလေး။ နေကောင်းထိုင်သာနဲ့ တွေ့ရပါစေ။ လွတ်ရက်လေး ဘာလေးလဲ သိရပါစေ။ ကောင်းသတင်းကို ကျုပ် ကြားပါရစေ။ စောင့်ရတာကလဲ ကြာလိုက်တာနော်။ ဟိုလူ ငေါက်တာနဲ့ သွားမမေးရဲတော့ဘဲ ထိုင်နေလိုက်တာ၊ ကြည့်စမ်း လူတွေတောင် အတော် ရှင်းနေပေါ့ပဲ။ ကျုပ်အလှည့် မရောက်သေးဘူးလား။ ဟင်း ကျုပ်နောက်ဆုံးဘိတ်ပဲ ထင်ပါ့။ ကျုပ် ပျာရိပျာယာ မတ်တတ်ထရပ်ပြီး ခေါ်တဲ့လူဆီ မျှော်ကြည့်လိုက်တယ်။ ဟောတော် ခေါ်တဲ့လူလဲ မတွေ့ရတော့ဘူး။ လူတွေလဲ ရှင်းလို့ ဖြစ်ချေပါဘူး။
'ဆရာကြီးတို့ ဆရာကြီးတို့ ကျုပ်အလှည့် မရောက်သေးဘူးလားတော့' ကျုပ် ကြားသာအောင် လှမ်းအော်တော့မှ ခုနက ခေါ်တဲ့လူ ထွက်လာတယ်။
'ဟာ ပြဿနာပဲ ဘာအလှည့်လဲ ထောင်ဝင်စာ ပြီးသွားပြီ အမေကြီးရဲ့။ ခုနက တကြော်ကြော် အော်နေတုန်းက ခင်ဗျား ဘယ်သွားနေလဲ'
'အမေလေး မသွားပါဘူးတော် ရှိပါတယ်၊ ဆရာကြီးပဲ မလာနဲ့ ဆိုလို့ ဟိုက သစ်ပင်လေးအောက် သွားထိုင်စောင့်နေတာပေါ့၊ ဒုက္ခပါပဲတော်၊ ကျုပ်ဘာလို့ မကြားလိုက်ရတာပါလိမ့်၊ ဟင်..... နားပင်းမ၊ နားကန်းမ၊ ဒီလိုပဲ စိုက်မိ စိုက်ရာ စိုက်နေ တခါလဲ ခံခဲ့ရပါပကောလို့'
'ကဲ... ကဲ... ပြောမနေနဲ့တော့၊ နောက်တပါတ်မှ လာတော့ပေါ့ ဟုတ်လား အမေကြီး'
'ဆရာကြီးရယ်.... ကျုပ် အလျင်တပါတ်ကလဲ ကျုပ်သားလေးနဲ့ မတွေ့ရပါဘူး၊ တွေ့လို့ရရင် ခဏပဲ ဖြစ်ဖြစ် တွေ့ပေးပါနော်၊ ကျုပ်.. ဒီပစ္စည်းလေးတွေ ပေးပြီး သူ့မျက်နှာလေးမြင်ပြီး ပြန်ပါ့မယ်တော်'
'အော် ခက်တာပဲ၊ မရဘူး အမေကြီးရဲ့၊ လုံးဝ မရဘူး၊ သူ့အချိန်နဲ့ သူ၊ ဒီတော့ ပစ္စည်းတွေတော့ ကျွန်တော် ရောက်အောင် ပို့ပေးလိုက်မယ် ပေး ပစ္စည်းစာရင်း'
'ဟုတ်ကဲ့.... ဟုတ်ကဲ့ ပေးပေးပါ ဆရာကြီးရယ်'
ချွေးခံအင်္ကျီအိတ်ထဲ ကျုပ်စာရွက်လေး ကဗျာကသီ နှိုက်လိုက်တယ်။
ဟောတော် မရှိဘူး။ ကျုပ်ဘယ်မှာ ထားမိပါလိမ့်၊ ပုဆိုးထုတ်ထဲလား.. ဟုတ်ပေါင်.. အဲတော် အဲတော်၊ ဒါမှ ဒုက္ခ၊ ကျုပ် - ကျုပ် ခုနက အဆင်သင့်ဖြစ်အောင် လက်ထဲကိုင်ထားရာက ထဘီဝတ်တော့ ပါးစပ်မှာ ကိုက်ထားတယ်လေ၊ ကောင်းကြပါလေရော၊ တွေးရင်း တောရင်းနဲ့ ယောင်ယမ်းပြီး ကျုပ် ၀ါးပစ်လိုက်မိပြီ။
'စာရင်းစာရွက် မရှိတော့ဘူး၊ ကျုပ်ယောင်ပြီး ၀ါးပစ်လိုက်မိပြီ'
'အော်... အမေကြီးလဲဗျာ ဒုက္ခပါပဲ'
'ဒီတိုင်း ဒီတိုင်း ပေးလို့ကော ဆရာကြီး'
'မရဘူး အမေကြီး၊ ကိုယ့်ဘာသာကိုယ် စိတ် တုံးတုံးချပြီး ပြန်ပေတော့၊ နောက်တပါတ်လာ ဟုတ်လား'
'စိတ်ပျက်လက်ပျက်နဲ့ ကျုပ်အထုတ်ကလေးကို ခေါင်းပေါ်တင်လိုက်တယ်။ အ, လိုက်တဲ့ ကျုပ်၊ န, လိုက်တဲ့ ကျုပ်၊ အသုံးမကျလိုက်တဲ့ ကျုပ်'
'ဟင်း.... အ အ,မ၊ အထူမ၊ အသက်ကြီးပြီး အချိန်မစီးတဲ့ ဟာမကြီး၊ နင့်ကြောင့်- နင့်ကြောင့်၊ ရောက်လေရာဝယ် အ,ဦးမယ့် နင့်ကြောင့် ဒီလို ဖြစ်ရတာ၊ အနုံမ၊ အသုံးမကျ မ'
ထောင်ဝင်းကြီးထဲကနေ ထွက်လာရင်း ကျုပ်ကို ကျုပ် ကျိန်ဆဲမိတယ်။ ကျုပ်အသုံးမကျလို့ ကျုပ်သားလေးနဲ့ မတွေ့ရတော့ဘူး။ ထောင်နံရံ နီနီကြီးတွေကို ၀မ်းနည်းပက်လက် မော်ကြည့်ရင်း တွေ့မရတော့ဘူး ဆိုကာမှ ငမောင့်ကို ပိုတွေ့ချင်လာမိတယ်။ ကျုပ်သားလေးဟာ ဟောဒီနံရံကြီးတွေရဲ့ နောက်ဘက် တနေရာရာမှာ ရှိနေမှာပေါ့နော်.... ဘယ်နားလေးများ မှာပါလိမ့်၊ သူဘာလုပ် နေရှာပါ့မလဲ၊ သူများတွေ မုံ့တွေ ပဲတွေ စားသောက် ၀မ်းသာနေကြချိန်မှာ သူကတော့ ငုတ်ငုတ်လေး ရှိလို့ နေလိမ့်မယ်။
နံရံကြီးတွေကို ကြည့်ရင်း ကျုပ်ဖြေးဖြေးချင်း လျှောက်နေမိတယ်။ ကျုပ် စိတ်မကျေနပ်သေးဘူး။ ကျုပ်မပြန်ချင်သေးဘူး။ နံရံကြီးတွေ နောက်ဘက်တနေရာရာမှာ ကျုပ်သား ရှိနေမယ် ဆိုတဲ့ အသိနဲ့ နံရံကြီးတွေကို ကြည့်နေရတာ ကျုပ်သားနဲ့ နီးနေသလိုပဲ။ ဟောဒီနေရာ လောက်မှာလား။ ဒီနေရာလောက်မှာလား၊ အထုတ်လေးကို ကျုပ် ပစ်ပေးလိုက်ချင် စမ်းပါဘိတော့။ 'ငမောင်ရေ... အမေ ဒီနားမှာဟေ့' လို့ အော်ပြောလိုက်ချင်စမ်း ပါဘိတော့။ နံရံကြီးတွေကို ကြည့်ရင်း ကြည့်ရင်း ကျုပ် ပတ်လျှောက်နေမိတာ ကျုပ်ဝင်ခဲ့တဲ့ ထောင်ပေါက်ဝကို လှမ်းမြင်တော့မှ တပါတ် ပြည့်မှန်း သိတယ်။ ကျုပ် တပတ် ပတ်မိသွားပြီဘဲ။ ကျုပ်အထင် ဟောဒီထောင်တပတ်ဟာ တတိုင်ကျော်ကျော်တော့ ရှိလောက်တယ်။ ဇော ကြောင့်သာရယ်။ ကျုပ် နည်းနည်းတော့ မောတယ်။ ဒါပေမယ့် မပြန်ချင်သေးဘူး။ ဆေးလိပ်လေး ဖွာရင်း နံရံကြီးကို ခဏတဖြုတ် ကျုပ် ထိုင်ကြည့်ချင်သေးတယ်။ ချွေးခံအင်္ကျီအိတ်ထဲက ဆေးလိပ်တိုကို နှိုက်ရင်း ကျုပ် စိတ်မကောင်းပြန်ဘူး။ ငမောင် ပြောတယ်။ ထောင်ထဲမှာ ဆေးလိပ်ဟာ ရွှေတဲ့၊ ငွေတဲ့။ ကျုပ်သားလေး ဆေးလိပ်လေးမှ သောက်ရရှာမှာ မဟုတ်ဘူး။ ဆေးလိပ်ကို ပါးစပ်မှာ ခဲရင်း မီးခြစ်စမ်းတော့ ရှာမတွေ့ဘူး။ သြော်.... ဒုက္ခ၊ ဓါတ်မီးခြစ် ကျုပ် အိမ်မှာ မေ့ခဲ့ပြန်ပြီ။ ကျုပ်ဟာလေ.... မေ့တာ လျော့တာ ယောင်တာ ယမ်းတာ တွေနဲ့ကို ဒုက္ခရောက်ပေါင်းလဲ များလှပြီ။
အဲ ဟိုရှေ့နား ခပ်လှမ်းလှမ်းမှာ ဆေးလိပ်ထိုင်ဖွာနေတဲ့ အဘွားကြီးတယောက်ရှိလို့ တော်သေးရဲ့။ ကျုပ် အဘွားကြီးနားသွားပြီး 'မီးတညှိလောက်တော်' လို့ လက်လှမ်းရင်း ထောင်နံရံကြီးတွေကို လှမ်းကြည့်မိပြန်တယ်။ ဆေးလိပ်ကို တထောင်းထောင်း ဖွာရာက အဘွားကြီးနား ဖင်ချထိုင်ရင်း ကျုပ် မနေနိုင် မထိုင်နိုင်
'ကျုပ်သားလေးက ဒီထဲမှာတော့၊ ထောင်ဝင်စာ လာတွေ့တာ ကျုပ် မတွေ့ရလို့ မကျေမချမ်းနဲ့ ထောင်ပတ်နေတာ တပတ်ပြည့်ရော....'
ချွေးသံရွှဲရွှဲနဲ့ အဘွားကြီးက ဆေးလိပ်ကို တွင်တွင်ဖွာရာက ဇတ်ခနဲ မတ်တတ် ထ ရပ်လိုက်တယ်။
'တော်ချည့်မှလား..၊ ကျုပ်သားလဲ ဒီထဲမှာပဲ၊ ထောင်ကို ကျုပ်ပတ်နေတာ သုံးပတ်ရှိသွားပြီ'
ဆက်လျှောက်သွားတဲ့ အဘွားကြီးကို ကျုပ် ခဏ ငေးကြည့်နေမိပြီးမှ အထုတ်လေး ဆွဲပြီး မတ်တတ် ထရပ်လိုက်တယ်။ ထောင်နံရံကြီးတွေက နီနီ။ အဘွားကြီးက ရှေ့မှာ တရွေ့ရွေ့။ ကျုပ်က နောက်မှာ တရွေ့ရွေ့......။
နုနုရည် အင်းဝ
[ 'မိခင်မာရသွန'် ကို ရေးတဲ့ လေးလေး ကြည်အောင် ကွယ်လွန်ခြင်း နှစ် နှစ်ပြည့်သို့...]
Saturday, May 28, 2011
၁၀၈ စစ်ဒေသသို့
ရေးသူ- ဖိုးသံ (လူထု)
[ '၆၀' စာအုပ်အတွက် ရဲဘော်ဖိုးသံချောင်း မွေးနေ့လက်ဆောင် ပေးတာ ဖြစ်ပါတယ်။ မာယာမှာ ဦးစွာ တင်ပြလိုက်ခြင်းပါ။]
ကျနော် အိမ်က ထွက်ပြေးလာကတည်းက တောခိုဖို့ ထွက်ပြေးလာတာပါ။ ဒါပေမဲ့ အခုအထိ ဆိုရင် ၉လလောက်ရှိ သွားပါပြီ။ အစိုးရအုပ်ချုပ်တဲ့ နယ်မြေထဲမှာပဲ ပြန်ရောက် နေရပါတယ်။ မဲနယ်တောင်က ထွက်လာပြီးတဲ့နောက် ရှမ်းပြည်နယ် တောင်ပိုင်းထဲက နေရာ တနေရာမှာ ကျနော်ဝပ် နေရပါတယ်။ သုံးလေးလ ကြာတယ် ထင်ပါတယ်။ ဒီလိုနဲ့ တနေ့မှာတော့ မြေအောက်တာဝန်ယူထားတဲ့ ရဲဘော်တယောက် ရောက်လာပြီး ကျနော်တို့ကို ခေါ်သွားတော့မယ့် အကြောင်းပြောပါတယ်။
အမေက အိမ်ကိုပြန်ခဲ့လို့ ခေါ်လိုက်တာကို ကြားလိုက်ရတာလို ချက်ခြင်းပဲ ထွက်ခဲ့ပါတယ်။ ကန်တော့ထိုက်သူကို ကန်တော့၊ နှုတ်ဆက်တန်သူကို နှုတ်ဆက်ပြီး လွယ်အိတ်ကလေး ပုခုံးပေါ်တင် ထွက်ခဲ့ပါတယ်။ ကျနော်ရယ်၊ ကိုတော်ဝင်းရယ်၊ မြေအောက်က ရဲဘော်ရယ်၊ ကားမောင်းသူရယ်။ ဒတ်ဆန်းကား နောက်ပွင့်လေးနဲ့ပါ။
ဦးတည်ချက်က ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ၁၀၈ စစ်ဒေသ။ စခန်းထောက်က ဗထူးမြို့နဲ့ ကျောက်ဂူ။ သူတို့ နှစ်ယောက်က ကားရှေ့ခန်းထဲမှာထိုင်၊ ကျနော်တို့ နှစ်ယောက်က ကားနောက်ပိုင်းမှာ ထိုင်။ ဘယ်သူ့ဘယ်သူမှ စကား မပြောကြပါဘူး။ ကားအပြင် ရှုခင်းက ခြောက်သယောင်းလှတယ်။
တနာရီကျော်လောက် မောင်းမိတော့ သာစည်ရွှေညောင် မီးရထားလမ်း အကူးမှာ မီးရထား လာကာနီးလို့ မောင်းတံကြီး ချပိတ်ထားတာ တွေ့ရပါတယ်။ နောက်ပြီး အဲဒီအနားမှာ ကိုယ့်အရင် ရောက်နှင့် နေသူတွေ စောင့်နေကြတာကိုလည်း တွေ့ရပါတယ်။ သူတို့ အနားနီးတော့မှ သတိပြုမိတယ်၊ ဆင်အက အဖွဲ့တဖွဲ့။ ဆင်ရုပ်ကြီး ကျောပေါ်က နာမည်ကို ကြည့်လိုက်တော့ ‘ရတနာမင်း’ တဲ့။ အဲဒါမှ ဒုက္ခ။ ရတနာမင်း ဆိုတာက မန္တလေး တမာကုန်းက၊ နောက်ပြီး ကျနော့်မိဘများဆီ မကြာခဏ၀င် ထွက်သွားလာ နေကြသူတွေ။ အဲဒီ အရင်တနှစ်တုန်းကပဲ ဒီအဖွဲ့အကြောင်း ကျနော့်မိဘတွေက ဦးနေ၀င်းကို ပြောပြတော့ သူက ကြည့်ချင်တယ်ဆိုလို့ ပုဂံသီရိပစ္စယာမှာ သွားဖျော်ဖြေနိုင်အောင် စီစဉ်ပေးခဲ့ရသေးတယ်။ ကိုယ့်ကို မှတ်မိတဲ့လူများ ပါနေရင် ဒုက္ခပဲ။ ကိုတော်ဝင်းကလည်း တမာကုန်းအရပ်ထဲမှာ အသိမိတ်ဆွေတွေ ပေါသမို့ နှစ်ယောက်စလုံး မီရထားဂိတ်မှာ ခေါင်းတွေ ငုံ့နေကြရတယ်။
ဗထူးမြို့ကို ရောက်တော့ နေအတော် စောင်းနေပါပြီ။ ကျနော်တို့ကတော့ ထားရာနေ၊ ကျွေးတာစား၊ ခင်ပေးရာအိပ် လိုက်ကြပါတယ်။ နောက်တနေ့က ကျောက်ဂူဈေးပါ။ ကျနော်တို့က ဈေးကားနဲ့ ကျောက်ဂူကို လိုက်သွားပြီး ဟိုက လာကြိုတဲ့ လူနဲ့အတူ သူတို့ဈေးပြန်တွေ အထဲရောပြီး လိုက်သွားကြတာပါ။ တောဈေးဆိုတော့ ဈေးသယ်တွေ ဈေးဝယ်တွေဟာ အစောကြီးလာ၊ အစောကြီး ပြန်ကြပါတယ်။ ဒါကြောင့် ဗထူးမြို့ကနေ စောစောထပြီး သုံးတန်ကားကြီးတစင်းပေါ်မှာ လူ၎-၅၀နဲ့ ရောပြီး လိုက်သွားကြတာပါ။
ကျောက်ဂူ ဈေးကွဲချိန်ကျတော့ ဈေးပြန် ဒေသခံတွေနဲ့ရောပြီး လှည်းပေါ် ထိုင်လိုက်သွားကြပါတယ်။ အင်ပင်ကြီးတွေ၊ ကျွန်းပင်ကြီးတွေ ထီးထီးမားမား အပြိုင်းအရိုင်းနဲ့၊ ချိုးသံ၊ ငှက်တော်သံ၊ ယောက်ဖခွေးခေါ်သံ တွေနဲ့။ သာယာချင်တိုင်း သာယာနေတဲ့ တောကြီးပါ။ ကျနော်သာ အဖြစ်ရှိရင် တောလား လှလှတပုဒ်တောင် ရေးထွက် လာနိုင်လောက်ပါတယ်။ လှည်းပေါ်မှာတော့ သူတို့ချင်းပြောနေတဲ့ ဓနုစကား၊ ရှမ်းစကားကိုလည်း ကျနော်တို့က နားမလည်၊ ကိုယ်က ပြောရင်လည်း ဗမာမှန်းပေါ်သွားမှာမို့ တောအလှ၊ ငှက်ဂီတကို ခံစားရင်းသာ လိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ညနေ သုံး-လေးနာရီ လောက်မှာ ရွာတရွာကို ရောက်လို့ ကျနော်တို့ ဆင်းလိုက်ကြပါတယ်။ ရေးမထားတဲ့ စည်းကမ်းအတိုင်း ရွာနာမည်ကို ကျနော် စနည်း မနာမိပါ။ လိုက်ပို့တဲ့လူ၊ လာကြိုတဲ့ လူတွေရဲ့ နာမည်ဆိုတာတော့ ဝေလာဝေး။ ပြောမထွက်တဲ့ ကျေးဇူးတင်စကားတွေကို မျက်လုံးက ပြောရင်းသာ နှုတ်ဆက်ခွဲခွာရတာချည်းပါပဲ။
ကျနော်တို့ ရွာထဲက အိမ်တအိမ်မှာ ထိုင်စောင့်ကြပါတယ်။ အဲဒီက အိမ်တွေဟာ ဗမာပြည် ကျေးလက် အနှံ့အပြားက အိမ်တွေလိုပါပဲ၊ ခြေတံရှည်၊ ၀ါးကပ်ကာ အိမ်တွေပါ။ ပျဉ်ထောင်အိမ်လည်း ရှိသလောက် ရှိပါတယ်။ ညနေစောင်းတော့ အိမ့်ရှင်များနဲ့အတူ ထမင်းစားရပါတယ်။ အဲဒီနောက် အခန်းအလယ်က မီးဖိုဘေးမှာထိုင် စကားစမြည် ပြောကြပါတယ်။ ပြောတယ်ဆိုတာ သူတို့ချင်းပါ။ တခြားအိမ်တွေက လူတွေ ထင်ပါတယ်။ လူကြီးလူငယ် ၇ယောက် ၈ယောက်လောက် တက်လာပြီး ၀ိုင်းဖွဲ့ စကားပြောကြပါတယ်။ သူတို့ အစဉ်အလာ အတိုင်းဖြစ်ပါလိမ့်မယ်။ ကျနော်တို့ကိုတော့ ဘယ်သူကမှ မမေးပါဘူး။ နောက်နားမှာ ထရံမှီပြီး တေမိဇာတ်ခင်းနေသူ နှစ်ယောက်အကြောင်းကို သူတို့က မစပ်စုပါဘူး။ သူတို့အဖို့ ရိုးနေပြီဆိုတဲ့ သဘောများလား မသိပါ။
ဒီလိုနဲ့ ညဘက် ကူးလာပါတယ်။ အခန်းထဲမှာ ဘာမှ အပြောင်းအလဲမရှိပါ။ စကားဝိုင်းကတော့ လူတိုးလိုက်၊ လျော့လိုက်နဲ့ ပါပဲ။ ကျနော့်အထင် ည၈နာရီလောက် ဖြစ်ပါမယ်။ သေနတ် ထမ်းထားတဲ့ လူငယ်နှစ်ယောက် အိမ်ပေါ်ကို တက်လာပြီး စကားဝိုင်းထဲ ၀င်ထိုင်လိုက်ပါတယ်။ အိမ်ရှင်နဲ့ သူတို့ချင်း တီးတိုးပြောပြီး အိမ်ရှင်က ကျနော်တို့ဘက်ကို မေးထိုးပြ လိုက်ပါတယ်။ နောက်ပြီး ကျနော်တို့ကိုလည်း တချက်ကြည့်ပြီး ‘သူတို့ပဲ’ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ခေါင်းငြိတ်ပြပါတယ်၊ ကျနော်တို့ကလည်း ထိုင်ရာကနေ ငေါက်ကနဲ ထလိုက်ပါတယ်ဲ။ နောက်ပြီးအားလုံးကို လေးစား ကျေးဇူးတင်တဲ့ သဘော ခါးညွှတ်ပြုံးပြပြီး ရှေ့က လူနှစ်ယောက် - အော် ရဲဘော်နှစ်ယောက်ရဲ့ နောက်ကနေ ကောက်ကောက်ပါ လိုက်သွားခဲ့ ကြပါတယ်။
အပြင်မှာ လသာနေပါတယ်။ လပြည့်မဟုတ်လို့ ထိန်ထိန်လင်းနေတာတော့ မဟုတ်ပါဘူး။ ညီအစ်ကို သဲသဲကွဲကွဲ မြင်နိုင်တဲ့ အလင်းရောင်မျိုး ရှိနေပါတယ်။ ကျနော်တို့ စကားတခွန်းမှ မပြောပဲ သုတ်သုတ် လျှောက်ကြပါတယ်။ ရွာက ထွက်တယ်ဆိုတာနဲ့ တောတန်းထဲကို တန်းဝင်တာပါပဲ။ တောလမ်းလေး တခုအတိုင်း ခပ်ပြေပြေ တက်ခဲ့ကြပါတယ်။ လမ်းကလေးဖုံဖုံက လရောင်အောက်မှာ ကိုယ့်ကို ခေါ်သွားပါတယ်။ နာရီဝက်လောက် လျှောက်မိတော့ လမ်းအတိုင်း ထိုင်စောင့်နေကြတဲ့ သေနတ်ကိုင် ရဲဘော် ၇ယေက် ၈ယောက်ကို ဘွားကနဲ တွေ့ရပါတယ်။ ၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲကလို အချက်ပေးသံတို့ ဘာတို့ ဘာမှ သတိမထားမိပါဘူး။ ကျနော်တို့ အဲဒီနေရာမှာပဲ ထိုင်ချလိုက်ပြီး လက်ဆွဲနှုတ်ဆက်ကြ၊ မိတ်ဆက်ကြပါတယ်။ ကျနော့်ကို လာကြိုတဲ့အဖွဲ့ကို ခေါင်းဆောင်လာသူက ၁၀၈ စစ်ဒေသ ကော်မတီ ရဲဘော်(ဦး) သောင်းတင်ဖြစ်ပါတယ်။ အဲဒီအချိန်က အသက်၅၀ ကျော်ပြီဖြစ်တဲ့ သူ့ကို အများက ဦးလေးသောင်းလို့ ခေါ်ကြပါတယ်။ ကျနော်တို့ကို ရွာမှာလာကြိုတဲ့ ရဲဘော်နှစ်ယောက်ရဲ့ နာမည်တွေက ရဲဘော်ဝင်းအောင်နဲ့ ရဲဘော်လှတင့်တို့ ဖြစ်ပါတယ်။ သူတို့နဲ့ အဲဒီလို စကားပြောနေကြတုန်းမှာ ကျနော့် မျက်စိတွေက သူတို့ ဦးထုပ်ပေါ်က ကြယ်နီနဲ့ သူတို့ လက်ထဲက သေနတ်တွေဆီကိုပဲ ရောက်နေပါတယ်။ ဒါကို သတိထားမိတဲ့ ဦးလေးသောင်းက ပြုံးပြီး သူ့ရဲ့ ဦးထုပ်ကို ချွတ်ပေး၊ ရဲဘော် တယောက်ဆီက အမ်-၂၃ သေနတ်တလက်ကို ယူပေးပါတယ်။ လရောင်လေး မှိန်မှိန်အောက်မှာပေမဲ့ ကြယ်နီရော သေနတ်ရောပါ တလက်လက် တောက်နေတယ် ထင်ရပါတယ်။ အင်မတန် ထူးခြားတဲ့ ခံစားမှုတခု ပေါ်လာပါတယ်။
ကျနော်ေ တာခိုခဲ့ပါပြီ။ သူပုန် - အဲ- လက်နက်ကိုင်တော်လှန်ရေးသမား ဖြစ်ပါပြီ။
ဖိုးသံ(လူထု)
Tuesday, May 24, 2011
မပြီးသေးသောပန်းချီကား
ရေးသူ- ရင်မောင်
ပန်းချီသည် ထင်တာထက် ခက်လှသည်။
ပန်းချီသင်နေသည်မှာ နှစ်ဝက်ခန့်တော့ရှိပြီ။
ငယ်ငယ်က လုံးဝ ပန်းချီနှင့် အစေးမကပ်ခဲ့။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မူလတန်း၊ အလယ်တန်း၌ ကလေးများကို ပန်းချီပညာ သင်မပေးပါ။ အထူးသဖြင့် ကျွန်တော်ငယ်စဉ်က တက်ခဲ့သည့် အစိုးရ မူလတန်း၊ အလယ်တန်း ကျောင်းများတွင် ကျောင်းစာကလွဲ၍အားကစား၊ ပန်းချီ၊ အိမ်တွင်းမှု စသည့် ပညာများ ဘာဆိုဘာမျှ မသင်ခဲ့ရပါ။
ဂျပန်နိုင်ငံတွင်မူ တိုးတက်သော နိုင်ငံပီပီ မူလတန်း၊ အလယ်တန်းတို့တွင် ပန်းချီပညာကို သင်ပေး၏။ အတီးအမှုတ်၊ ဂီတ၊ အားကစားတို့ကိုလည်း ပညာရပ်တခုစီအနေဖြင့် သင်ကြရသည်။
ထို့ကြောင့် ဂျပန်လူမျိုးတိုင်း အနည်းနှင့်အများ ပန်းချီတတ်ကြ၏။ ရုပ်စွအဆုံး ကာတွန်းဆန်ဆန်၊ သရုပ်ဖော် ကောက်ကြောင်းဆန်ဆန် လောက်တော့ ကလေး လူကြီး ကျားကျား မမ ဆွဲတတ်ကြသည်။
ကျွန်တော် နေသည့်မြို့တွင် မြို့မျူနီစပါယ်က စီစဉ်ပေးသော သင်တန်းအမျိုးမျိုး ရှိသည်။ သင်တန်းခ မပေးရ။ မြို့နေလူထုအတွက် အခမဲ့ သင်တန်းများ ဖြစ်သည်။ ဟိုက်ကုကဗျာ၊ ကိုးရီးယားဘာသာ အခြေခံ၊ ကွန်ပြူတာအခြေခံ၊ တင်းနစ်အခြေခံ၊ ပန်းအလှပြင်.... စသည် စသည်ဖြင့် ရာသီအလိုက် အမျိုးမျိုး ဖွင့်လှစ်ပေးသည်။ ရပ်ကွက်တိုင်းလိုလိုတွင် ရှိသော ရပ်ကွက်လူထုပိုင် စုဝေးခန်းမများတွင် ဖွင့်ပေးခြင်း ဖြစ်သည်။ ရပ်ကွက် အကြီးအသေးကို လိုက်၍ စုဝေးခန်းမများသည်လည်း အကြီးအသေး အမျိုးမျိုး ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဆိုရလျှင် ရပ်ကွက်ဓမ္မာရုံ ဆန်ဆန် ဖြစ်သည်။ အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများလည်း ရှိသည်။ အားကစားရုံ၊ စာကြည့်တိုက်ပါ တွဲဖွင့်ထားသော အဆောက်အအုံ များလည်း ရှိသည်။ အချက်အပြုတ် သင်တန်းဖွင်နိုင်အောင် ရေ မီး ဓါတ်ငွေ့ စသည့် လိုအပ်ချက်များကိုလည်း အကုန်ပြင်ဆင်ပေးသည်။
ကျွန်တော်သည် ငယ်ငယ်က ပန်းချီဝါသနာ မပါလှသော်လည်း ကြီးလာတော့၊ အထူးသဖြင့်ဂျပန်နိုင်ငံ သို့ ရောက်ပြီးသည့်နောက်တွင် တဖြည်းဖြည်း ပန်းချီကား ကြည့်ရတာ အရသာ တွေ့လာသည်။ သည်မှာက မြို့တိုင်းလိုလို ပန်းချီပန်းပု ပြတိုက်ကြီးများ ရှိတတ်သည်။ အသစ် အသစ် ဝင်လာသော သို့မဟုတ် အခြား ပြတိုက်ကြီးများမှ အချိန်အကန့်အသတ်ဖြင့် ငှားရမ်းသော လက်ရာများကိုလည်း အထူးပြပွဲအဖြစ် ပြသနေကြသည်။ တီဗွီလိုင်း များကလည်း ကမ္ဘာကျော် ပန်းချီပြတိုက်ကြီးများ အကြောင်း၊ ကမ္ဘာကျော် ပန်ချီကားကြီးများအကြောင်းကို တဖွဲ့တနွဲ့ ရိုက်ပြကြသည်။ ပန်းချီဆရာကြီးများ၏ အတ္ထုပ္ပတ္တိများ ဆိုလျှင် ကလေးကအစ သိနေကြသည်။
ကျွန်တော့်မှာ ပန်းချီဆရာဆို၍ မြန်မာထဲက ဆရာကြီး ဦးငွေကိုင်လောက်ကိုသာ မှတ်မှတ်ရရသိ၍၊ နိုင်ငံခြားမှ ဆိုလျှင် လက်ရာက အဓိပ္ပါယ်နားလည်၍ မရအောင် ခက်သော ပီကာဆိုလောက်သာ ကြားဖူးနားဝ ဖြစ် ရှိ၏။ ဂျပန်ရောက်မှ ဗန်းဂိုးတို့ မိုးနေးတို့ ရေနွားတို့စသဖြင့် သိလာရသည်။ ကမ္ဘာကျော် ပန်းချီကားတချပ်တွေ့လျှင် ဘယ်သူ့ လက်ရာဘဲဟု ပြောနိုင်လာသည်။
ဝတ္ထုတွေ ဖတ်ဖန်များတော့ ၀တ္ထုရေးချင်လာ၏။
ပန်းချီတွေ ကြည့်ဖန်များတော့လည်း ပန်းချီ ရေးချင်လာသည်။ ထို့ကြောင့် အလုပ်တဖက်နှင့် မအားသည့်ကြားမှ အခြေခံ ရေဆေးပန်းချီသင်တန်းကို စာရင်းပေးပြီး စတက်ဖြစ်သည်။
စင်စစ် ကံထူး၍ တက်ရခြင်း ဖြစ်သည်။
သင်တန်းတခုတွင် လူဦးရေက ၂၀ မှ ၃၀ အတွင်းလောက် ခြေနိုင်လက်နိုင် ကန့်သတ်ထားရာ ရာသီတခု တခုတွင် လျှောက်ထားသူများ ၃ - ၄ ဆ ရှိကြောင်း သိရသည်။ မဲနှိုက်ပြီး ပေါက်သည့်လူသာ တက်ရ၏။ အချို့မှာ အကြိမ် ကြိမ်လျှောက်သော်လည်း မပေါက်ကြဟု ဆိုသည်။
ကျွန်တော်ကား တကြိမ်လျှောက်၊ တကြိမ်ပေါက်ပြီး ကံထူးလှသည်။
ကံသာထူးသော်လည်း ဥာဏ်နှင့် ၀ိရိယက နုံချာလှ၏။ ပန်းချီဥာဏ် လုံးဝ မရှိပါ။
ပိုဆိုးသည်က သင်တန်းတွင် ၂ နာ၇ီ လေ့ကျင့်လျှင် အိမ်ကျ ထို့ထက် ၃ - ၄ ဆ ပိုလေ့ကျင့်ရန် ဖြစ်သော်လည်း အချိန်မပေးနိုင် ဟူသော မိမိဘာသာပေးသော ဆင်ခြေဖြင့် ၁ နာရီပင် မလေ့ကျင့်ဖြစ်။ အတူတက်ကြသော ဂျပန်များမှာ ငယ်ငယ်ကလေး ကတည်းကလည်း ကျောင်းမှာ သင်ခဲ့ဖူး၊ ထို့နောက်လည်း အလေ့အကျင့် ရှိသူများ ဖြစ်၍ လက်ရာမြောက်ကြသည်။
ဆရာကလည်း အရိပ်အမြွက်လောက်သာပြောပြီး ဆွဲချင်သလိုဆွဲကြဟုလွှတ်ထားသော ဆရာဖြစ်သည်။
အခြေခံ ခဲကြောင်းချသည့် သင်တန်း၊ ပန်းသီးကို အရောင်ခြယ်သော သင်တန်း ပြီးသည်နှင့် ချက်ချင်း ခုန်ပျံကျော်လွှားကာ ရှုခင်းများကို ဆေးခြယ်ခိုင်းတော့သည်။ ထို့နောက် တဆင့်တက်၍ ပန်းရောင်စုံစိုက် ထားသော ပန်းအိုး၊ ဆရာ့ပါးစပ်ကပင် အဆွဲရခက်လှသည်ဆိုသော ရေတ၀က်ပါသည့် ဖန်ခွက်.....။ ထို့နောက်တဖန် ခုန်ပျံကျော်လွှားပြီး အပြင်ထွက်ပြီး တကယ့် ရှုခင်းကို ဆွဲခိုင်းတော့သည်။
ကျွမ်းသူများကတော့ သင်တန်းချိန်နှစ် နာရီအတွင်း အပြီးဆွဲကြသည်။ အနုစိပ်လိုသူများကတော့ အိမ်စာအဖြစ် ပြန်ယူသွားကာ အိမ်မှာ အပြီးသပ်ကြသည်။
ကျွန်တော်ကား သင်တန်းချိန်အတွင်းလည်း မပြီး။ အိမ်ပြန်ရောက်တော့လည်း ပစ်ထားလိုက်သည်က များ၍ မပြီး။ ဤသို့ဖြင့် ကျွန်တော့်အိမ်တွင် မပြီးသေးသော ပန်းချီကားများ များများ လာသည်။
နှစ်ပါတ်မှ တခါဖြစ်သော သင်တန်းဖြစ်သော်လည်း ခြောက်လကျော်ကျော် ရှိလာသောအခါ နည်းနည်းတော့ ရိပ်စားမိလာသည်။
ဆရာကား ဆရာပီပီ ဆရာစားချန်သည်ဟုပင် ထင်ရလောက်အောင် ဘာကိုမှ တေ့တေ့ဆိုင်ဆိုင် သင်မပေးဟု ဆရာ့အပေါ် စိတ်လုပ်မိသော်လည်း တဖြည်းဖြည်းနှင့် ဆရာ့ထံ မှ ပညာ ယူတတ်လာသည်။
ကျွန်တော်တို့ ဆွဲထားသည်များကို ပြင်ခိုင်းလျှင် ဆရာက စိတ်လိုလက်ရ ပြင်ပေး၏။ ထိုအခါ ဆရာ့စုတ်ချက်ကို ကြည့်၍ ပညာရသည်။
ပန်းသီးက အနီရောင် ဖြစ်သော်လည်း ပထမ ဆုံးအောက်ခံအရောင်အဖြစ် အစိမ်းနုကို ခြယ်ပုံ။
အစိမ်းနုရောင် ခြယ်ထားသော တောအုပ်ကို အောက်ခြေ၌ အပြာစပ်သော အစိမ်းပုတ်ေ၇ာင် ခြယ်လိုက်သောအခါ တောအုပ်သည် နက်ရှိုင်းလာပုံ။
ပန်းနုရောင် ချယ်ရီများ ဝေနေအောင် ပွင့်နေပုံတွင် အဖျားတွင် အဖြူရောင်များ အုပ်ပေးခြင်ဖြင့် နေခြည် ဖြာနေသလို ၀င်းလာပုံ။
တခါတွင် ကျွန်တော်သည် တောင်မကြီးတခု၏ တောင်စောင်းများကို ပုံဖော်လိုသဖြင့် မီးခိုးရင့်ရောင် တောင်မကြီးကို ခြယ်ပြီး တောင်စောင်းများကို အနက်ရောင်ဖြင့် စောင်းပေးလိုက်သည်။ သို့သော် မီးခိုးရင့်ရောင်တခြား၊ အနက်ရောင် အစင်းကြီးများ တခြားဖြစ်ကာ ရယ်စရာကြီး ဖြစ်နေတော့သည်။ ထိုအနက်မှာ နက်မှောင်လှသဖြင့် ဘယ်လိုပြန်ဖြေဖြေ မပြေအောင် ဖြစ်သွားသည်။
သို့သော် တောင်ထိပ်ပေါ်တွင် လက်လွန်ပြီး ကျသွားသော အနက်စက်ကိုတော့ဆရာက ကျကျနန ပြင်ပေးသည်။ အနက်ကို အဖြူဖြင့် ရောလိုက်ပြီး အစက်ကိုလည်း အစိုင်အခဲဖြစ်အောင် ချဲ့၍ ဆွဲလိုက်သောအခါ မိုးတိမ်ထုကြီးလို ဖြစ်သွားသည်။ အမှားက အမှားကောင်း ဖြစ်ပြီးပို၍ အသက်ဝင်လာသည်။
တောင်၏ ရှေ့မှာက တောအုပ်။ ထိုတောအုပ်နှင့် တောင်မှာ ကျွန်တော့် ပန်းချီကားတွင် တသားတည်း ဖြစ်ပြီး ပြားချပ်နေ၏။ တောအုပ်က တောင်၏အရှေ့တွင် ကြွမနေပါ။ ဆရာ့ကို ပြတော့ တောင်နှင့် တော၏အကြားတွင် လိမ္မော်ရောင် ဖျော့ဖျော့ကို ခပ်ကြမ်းကြမ်း ဆွဲထည့်လိုက်သည်။ တကယ့်ရှုခင်းတွင် တောအုပ်၌ လိမ္မော်ရောင် မရှိပါ။ ထင်းရှူး တောအုပ် ဖြစ်သဖြင့် ထင်းရှူးခက်များသာ ထိုးထိုးထောင်ထောင် ထွက်နေသည်။ ကျွန်တော်ကလည်း ထိုအတိုင်း ပုံတူကူးချပြီး လိုက်ဆွဲထားသည်။ ထင်းရှူးရွက်ကိုမှတရွက်စ၊ီ တရွက်စီ…….။ ဆူးချွန်ကလေးများကိုပင် အနုစိပ်လိုက်သေးသည်။ ထို စုပ်ချက်များကိုလည်း ဆရာက အစိမ်းနုရောင်ဖြင့် ခပ်သော့သော့ ဖုံးပြစ်လိုက်သည်။
ပန်းချီမှာ ဆေးစိုနေချိန်တွင် ပုံက မပေါ်သေး။ ဆေးခြောက်တော့မှ ပုံက ပေါ်လာ၏။ ဆရာ ပြင်ပေး လိုက်တော့မှ တောအုပ်သည် တောင်၏ရှေ့တွင် ကြွလာ၏။ မူလက ထင်းရှူးခက်များ ကြားတွင် ဟာလာဟင်းလင်း ဖြစ် နေသော်လည်းဆရာအုပ်ပေးလိုက်သော အစိမ်းရောင်ဖြင့် ထင်းရှူးပင်၏ နောက်တွင်လည်း အခြားအပင်များ ရှိသေးသရောင် တောအုပ်၏ ထုကို ခံစားရလာသည်။
ကျွန်တော် အညံ့ဆုံးကား အလင်းအမှောင် ထည့်ခြင်း ဖြစ်၏။
ထိုတောအုပ်၏ရှေ့တွင် ကျောက်ဆစ်ကုံးတံတားကြီး ရှိ၏။ ထိုကုံးတံတားအောက်တွင် ရေတသွင်သွင် စီးနေသည်။ ရေထဲတွင် ကုံးတံတား တကုံးစီ တကုံးစီ၏ အရိပ်က ထင်နေသည်။ သို့သော် အရိပ်သည် ရေရောင်၊ နေရောင်၊ လှိုင်းရောင်တို့ ဖြင့်မပီဝိုးတ၀ါး။
စာပန်းချီ ခြယ်တတ်သော်လည်းတကယ့်ပန်းချီကိုတော့ဘယ်လိုခြယ်လို့မှမရ။ ကုံးတံတားက ကြွရွမလာ။ ရေကလည်း စီးမနေ။ လှိုင်းတွေကလည်း မထ။ ရေထဲတွင်လည်း တံတားရိပ်မပေါ်။ ကလေးတယောက်က ထင်ရာခြစ်ထားသလို ပန်းချီကားသည် ရောင်စုံ ပန်းချီကားမဟုတ်ဘဲ ရောင်စုံပန်းချီပြားကြီးသာ ဖြစ်နေ၏။ အားလုံး ပြားချပ်နေ၏။
ဆရာ့ကို ပြင်ခိုင်းတော့ ဆရာက ရယ်၏။
သူ့လက်သုံးစကားကိုလည်း ထပ်ပြောပြန်သည်။
"ပန်းချီဆိုတာ ဓါတ်ပုံမဟုတ်ဘူး။ အသေးစိပ်တွေ အကုန်ပြစရာ မလိုဘူး။ မပီဝိုးဝါး ခြယ်ရတယ်။ ကြည့်တဲ့လူက ဖြည့်ကြည့်လိမ့်မယ်"
ထို့နောက် ဆက်ပြန်သည်။
"အရေးကြီးတာက အလင်းအမှောင် ထည့်တတ်ဖို့ပဲ။ ခဲပုံကြမ်းကို ဘယ်တော့မှ ၃၀ ရာခိုင်နှုန်း ထက်ပိုမဆွဲနှင့်။ ပြီးရင် အရောင်နုက စ ထည့်။ နောက် အရောင်ရင့်ကို လိုက်။ လိုတဲ့နေရာမှာ အမှောင်ထည့်။ အဖြူကို အလင်းအဖြစ် သုံးလိုက်ရင် ပုံဟာ သုံးဘက်မြင် ကြွလာလိမ့်မယ်။"
ပြောပြောဆိုဆို ဆရာက တံတား၏ အရိပ်တွေကို ရေထဲတွင် လိုက်ထည့်သည်။ ဆေးကြွင်းဆေးကျန် ဖြင့် တံတားတိုင်နှင့် လက်ရမ်းတွေကိုလည်း တခြမ်းစီတခြမ်းစီ အမှောင်လိုက်ထည့်သည်။ ဟုတ်ပါရဲ့။ တံတားတိုင်ကပင် တံတားမှန်းသိသော်လည်း ပြားချပ်ကြီး ဖြစ်နေတယ် မဟုတ်လား။ အမှောင်ထည့်ပြီးတော့ "ဟောသည် ဘယ်ဘက်က နေရောင်ထိုးနေတာ" ဟု ပြောပြောဆိုဆိုနှင့် ဘယ်ဘက်ခြမ်းများကို အဖြူရောင်ဖြင့် လိုက်တို့ လိုက်တော့ နေရောင်တွင် ကြွလာသော ကုံးတံတားကြီးကို မြင်ရသည်။
ရေထဲတွင်လည်း ရေပြာပေါ်တွင် အဖြူစင်းများ ဟိုဟိုသည်သည် လိုက်တို့လိုက်တော့ နေခြည်အောက်မှ လှိုင်းကြက်ခွပ်လေးများ ဖြစ်လာကြသည်။
"အိမ်ရောက်ရင် တချို့နေရာတွေ ထပ်လိုက်ဦး။ ပန်းချီဆိုတာ ဒီလိုပဲ ဟိုနား လိုနေတယ် ထင်ရင် ထပ်ဖြည့်လိုက်၊ ဒီနား ပိုနေတယ် ထင်ရင် ဖြေပေးလိုက်နဲ့ ပြီးတယ် မရှိဘူး"
ဟုတ်ပါရဲ့။ ခုတော့ ပန်းချီပညာကို ရေးရေး သဘောပေါက်လာသဖြင့် မူလက ပစ်ထားခဲ့သော ပန်းချီများ၊ ခဲကြောင်းသာချထားခဲ့သော ပန်းချီများကို အချိန်ရတိုင်း အရောင် ထပ်ဖြည့်နေမိသည်။ တဖြည်းဖြည်း ရုပ်လုံးပေါ် လာသော ကိုယ့်ပန်းချီကိုလည်း ကိုယ် ကျေနပ်နေမိသည်။
ပန်းချီတတ်သည် မတတ်သည် အပထား။
ပညာတော့ အများကြီး ရလိုက်၏။
တကယ်တော့ ပန်းချီဆိုသည်မှာ ဘ၀လိုပါဘဲလား။
ပန်းချီမှာ အခြေခံ အရောင်ခြယ်ရသလို ဘ၀မှာလည်း ဘဝအခြေခံက အရေးကြီးပါလား။
ပန်းချီဆိုတာ အနီး, အနီး မို့ အဝေး, အဝေး မို့ ၊ ၀ိုးတ၀ါးနိုင်လှသလို ဘ၀ဆိုတာကလည်း ပြီးခဲ့သည့် အတိတ်က အတိတ်မို့ ဝိုးတိုးဝါးတား။ မရောက်သေးသည့် အနာဂါတ်က အနာဂါတ်မို့ မပီ ၀ိုးတ၀ါး။ ဘာမှ ရေရေရာရာ မရှိ။ ဒါပေမယ့် ဘ၀ တော့ ဘ၀ ပင်။
အခု ပိုင်တာကတော့ အခုခြယ်နေသည့် အရောင်။ ဘ၀၏ ပစ္စုပ္ပန်။
ပြီးတော့ ပန်းချီမှာ ပြင်မရ သည့်အမှား များ ရှိသလို ဘ၀မှာရော အမှားတွေ ဘယ်လောက် ရှိခဲ့ပါလိမ့်။
ကြည့်ပါဦး။ တခါတလေမှာတော့ အမှားကောင်း ဖြစ်ပြီး မှားကျသော ဆေးစက်က တိမ်တိုက်ကြီး ဖြစ်သွားသလို..... ဘ၀မှာရော..... တကွေ့ တဆစ်ချိုးမှာ အကောင်းဘက် ရောက်သွားတာတွေ ၇ှိခဲ့သည် မဟုတ်လား။
အရေးအကြီးဆုံးကတော့ အလင်းနှင့် အမှောင်။
အမှောင်ထည့်လိုက်မှ သုံးဘက်မြင် ကြွလာသော ပန်းချီ။
ဘ၀မှာလည်း တခါတလေ အမှောင်ကို မကြောက်တတ်မှ။
အမှောင်ရှိမှ အလင်းက ပိုလင်းလာသည် မဟုတ်လား။
ပန်းချီတွင် လိုတိုး ပိုလျှော့ဖြင့် ဘယ်တော့မှ စိတ်တိုင်းမကျနိုင်၊ ဘယ်တော့မှ မပြီးနိုင်သကဲ့သို့ ဘ၀သည်လည်း ဘယ်တော့မှ ပြီးပြည့်စုံမည်မဟုတ် ။
ဘ၀သည်ပင်လျှင် မပြီးသေးသော ပန်းချီကားတချပ်……။
ဤသို့ ဆိုလျှင် သင့်ဘ၀တွင် ယခု ဘာအရောင် ခြယ်နေပါလိမ့်။
ရင်မောင်
ဧပြီ ၁၉- ၂၀၁၁
တောင်းပန်လွှာ။
ဤအက်ဆေး၏ ခေါင်းစဉ်မှာ ကျွန်တော်၏ မူရင်းမဟုတ်ပါ။ ဆရာမြို့မငြိမ်း၏ သီချင်းခေါင်းစဉ်ဟု အမှတ်အသား ရှိသော်လည်း ဆရာမကြီး လူထုဒေါ်အမာရေးသည့် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်တွင် ဤ သီချင်းခေါင်းစဉ်နှင့် သီချင်းကို ရှာ၍ မရပါ။ သေချာသည်ကတော့ ရုပ်ရှင်မင်းသား ၀င်းဦး ရေးသား ပါဝင် ရိုက်ကူးသော ဆောင်းအိမ်မက် ဇာတ်ကားတွင် ဇာတ်ဝင် ဇာတ်ပို့ သီချင်းအဖြစ် သုံးသွားသော အချက်ဖြစ်သည်။ ဤ သီချင်း ရေးစပ်သူ၊ မူလသီဆိုသူကို သိ မှီ သူများ ရှိပါက ထောက်ပြညွှန်ကြားပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ မူလ ပညာရှင် များ၏ ခွင်ပြုချက်ကို မယူဘဲ (ယူရန်ခွင့်မသာဘဲ) သုံးစွဲမိသည်ကိုလည်း အနူးအညွတ် တောင်းပန်အပ်ပါသည်။
Saturday, May 14, 2011
ကြမ်းခင်းဈေး
ရေးသူ - ညီပုလေး
{ဘိုညို (ညီပုလေး) ရေးပေးတဲ့ "၆၀" စာအုပ်အတွက် စာမူ ဖြစ်ပါတယ်။ မာယာမှာ အရင် ဖော်ပြလိုက်တာပါ။ မွေးနေ့လက်ဆောင်ကို ကျေးဇူးတင်တယ် ဘိုညို ရေ.......}
၁၉၉၀ ခု၊ ဧပြီလထဲမှာ ရန်ကုန်တိုင်း စစ်ခုံရုံး အမှတ် (၄) က ငြိမ်းချမ်းပါ ၉ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချခဲ့ပါတယ်။ ထောင်ဒဏ် ၁၀ နှစ်ဆိုတာ အဲဒီအချိန်က ကြမ်းခင်းဈေး ၇ နှစ် ရှိတာကြောင့် ကြမ်းခင်းဈေးထက်တော့ ပိုမြင့်တယ်။ ဒါကြောင့် ထောင်ထဲမှာ နှစ်အတော်ကြာ နေခဲ့ဖူးတယ်။ နှစ်အတော်ကြာ ဆိုတာကိုတော့ လိပ်ပြာမလုံမလဲ ဖြစ်မိပါရဲ့။
နိုင်ငံရေးပြစ်မှုနဲ့ ကျခံရတဲ့ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အလွန်ဆိုးဝါးတဲ့ ကန့်သတ်ချက်တခု ချမှတ်ထားတာ ရှိတယ်။ အဲဒါကတော့ ထောင်ဝင်စာ လာတွေ့ရင် မိတ်ဆွေ သူငယ်ချင်း ရဲဘော်တွေ တွေ့ခွင့်မရှိဘူး။ အိမ်ထောင်စုဇယား ပုံစံ ၁၀ ထဲမှာ ပါတဲ့ မိသားစုဝင်မှသာ တွေ့ခွင့်ရမတဲ့။ နိုင်ငံရေးပြစ်ဒဏ်ခံရသူတွေကို နိုင်ငံရေးသတင်း မကြားရအောင်၊ စားရေးသောက်ရေး ခက်ခဲပြီး စိတ်ဓါတ်ကျဆင်း အောင်၊ နိုင်ငံရေးအကြောဖြတ်၊ နိုင်ငံရေးသင်းသတ်တဲ့ နည်းတွေထဲက တခုပါပဲ။
မန္တလေးကနေ အင်းစိန်ထောင်ကို ကျွန်တော့်မိသားစုက ဘယ်လိုလုပ် ခဏခဏ လာတွေ့နိုင်ပါ့မလဲ။ ဒါပေမယ့် အဆိုးထဲက အကောင်းတခု ကြုံရတယ်။ ကျွန်တော့်ရဲ့ အိမ်ထောင်စု စာရင်းထဲမှာ ဆရာမောင်စွမ်းရည် ရဲ့သား မောင်ဇေယျာက စာရင်းပေါက် အင်းပေါက် ဖြစ်နေတယ်။ သူ မန္တလေးဆေးရုံကြီးမှာ ဓာတ်ခွဲခန်းမှူးအဖြစ် လာပြီး အမှုထမ်းတော့ ဧည့်စာရင်း ခဏခဏ မတိုင်ရအောင် သူ့နာမည်ကို ကျွန်တော်တို့ အိမ်ထောင်စု ဇယားထဲ ထည့်ခဲ့မိလို့လေ။
အင်းစိန်ထောင် ထောင်ဝင်စာကို မောင်ဇေယျာ အခါအားလျော်စွာ လာပြီးတွေ့တယ်။ သူ့ကျေးဇူး ကျွန်တော့်အပေါ်ရှိတယ်။ ကျွန်တော့် အပေါ်တင်မက ပါဘူး။ ကျွန်တော်တို့ အပေါ်မှာ ရှိတယ်။ ထောင်ထဲမှာ ကျွန်တော်တို့ ရဲဘော်တွေ ထောင်ဝင်စာ လာနိုင်သူက မလာနိုင်သူကို ဝေမျှ ကြွေးကြ စားကြတာလေ။
တနေ့တော့ မောင်ဇေယျာ ထောင်ဝင်စာလာတွေ့တာ မျက်စိမျက်နှာ သိတ်မကောင်းလှပါ။ အင်းစိန်မှာ ထောင်ဝင်စာ တွေ့ရတာ အချိန်တွေ အများကြီး ပေးဆပ်ရလေ့ရှိတယ်။ မနက်စောစော ကတည်းက လျှောက်လွှာတင်ပြီး စောင့်ပေတော့။ ကံမကောင်း အကြောင်းမသင့်ရင် တခါတလေ ညနေစောင်းမှ တွေ့ကြရတယ်။
အဲဒီနေ့က နေ့လယ် ၂ ချက်လောက် တွေ့ရတာတောင်မှ မောင်ဇေယျာ မျက်နှာမသာမယာ ဖြစ်နေလို့ ကျေးဇူးရှင်ကို အကျိုးအကြောင်း မေးရတယ်။ အဲဒီတုန်းက မောင်ဇေယျာက လူပျိုဘ၀ အသက် ၂၀ ကျော် လောက်ပဲ ရှိလိမ့်ဦးမယ်။ ဖြူဖြူဖောင်းဖောင်းလေး ကြွပ်ကြွပ်အိတ်လေးတထုပ်နဲ့ အကြာကြီး စောင့်နေရှာတဲ့ မောင်ဇေယျာကို ထောင်ဝင်စာတွေ့ကြသူတွေ အိမ်ထောင်ရှင် အမျိုးသမီးကြီးတွေ စာနာစိတ်နဲ့ မေးကြ မြန်းကြ စူးစမ်းကြရင်း ဘ၀တူချင်း ၀ံသာနုကြတယ်။ တူအရွယ်၊ သားအရွယ်၊ မောင်အရွယ်ဖြစ်တဲ့ မောင်ဇေယျာကို နေ့လည်စာ ကျွေးလိုက်သတဲ့။
"လူလေး မင်းက ဘယ်သူ့လာတွေ့တာလဲ"
"ကိုငြိမ်းချမ်းကို လာတွေ့တာ"
"ရန်ကုန်ကလား"
"မဟုတ်ဘူး၊ မန္တလေးက"
"ဟုတ်လား၊ ဘာမှုနဲ့လဲ"
"နိုင်ငံရေးမှုနဲ့၊ ၁၇ (၁) ဆိုလား"
"ဘယ်နှနှစ်ချထားတာလဲ"
"၁၀ နှစ်"
စကားဝိုင်းက ဒီတင်ရပ်ရင် ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် သူစားထားတဲ့ ထမင်းနဲ့ ဟင်းတွေရဲ့ မျက်နှာရော၊ မိသားစုဝင်လို နွေးထွေးတဲ့ အဒေါ်တွေ အမေကြီးတွေကို စာနာထောက်ထားတယ် ထင်ပါရဲ့...
"ဒေါ်ဒေါ်တို့ကရော ဘယ်သူ့လာတွေ့တာလဲ"
"ဦး... လေ၊ ... မြို့က အမတ်လောင်း"
"ဦး.... အင်အယ်ဒီက"
"ကို... ပြည်သူ့တိုးတက်ရေးပါတီက"
ဒီမှာ မောင်ဇေယျာ သူ့စကားကို ဒီမှာတင်ရပ်ပြီး ဒိပြင်အကြောင်းအရာတွေ ဥပမာ ရာသီဥတု ပူပြင်းတဲ့ အကြောင်း၊ ဒါမှမဟုတ် ဘတ်စ်ကားကြပ်တဲ့အကြောင်း၊ ဒါမှမဟုတ်ရင်လည်း ဆရာမောင်ညိုပြာလို ဓာတ်ခွဲခန်း အတွေ့အကြုံ တခုခုပြောရင် ရရက်သားနဲ့ သူ့စကားဒီတင်မရပ်ဘူး။
"ဦးတို့က ထောင် ဘယ်နှနှစ်ချခံရသလဲ"
အဲဒီမှာ မောင်ဇေယျာ ကျွန်တော်နဲ့တွေ့တော့ မျက်စိပျက် မျက်နှာပျက် ဖြစ်တဲ့အကြောင်း ပေါ်တော့တာ ပဲ။
"အစ်ကို့ ထောင်ဝင်စာ လာတွေ့ရတာ ကျွန်တော် မျက်နှာငယ်တယ်ဗျာ"
"ဟ ဘာဖြစ်လို့လဲကွ၊ ငါ ကြမ်းပိုးသူခိုးမှုနဲ့ ကျတာမဟုတ်ဘူး"
"အစ်ကိုက ထောင် ၁၀ နှစ်ပဲ ကျတာ။ ကျွန်တော့်ကို နေ့လည်စာ ကျွေးလိုက်တဲ့ မိသားစုတွေရဲ့ ခင်ပွန်းတွေ အစ်ကိုတွေ ဆိုရင် နှစ်အစိတ်၊ သုံးဆယ်၊ လေးဆယ် ကျထားကြတာ"
သြော်.... မောင်ဇေယျာ မျက်နှာမငယ်အောင် ကျွန်တော် ကိုင်းကြီးကြီး မနားခဲ့မိပါလား။
မပြောကောင်း မဆိုကောင်း ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ...
တကယ်လို့....
ကျွန်တော်က ထောင်ထဲကို နောက်တကြိမ် ထပ်ဝင်ရတယ် ဆိုပါစို့။ ကျတဲ့နှစ်ကလည်း နှစ်အစိတ် ဒါမှမဟုတ် သုံးဆယ် ဆိုပါစို့။
ဒီတကြိမ်လည်း မောင်ဇေယျာသာ ထောင်ဝင်စာ လာတွေ့ရင် သူ့ခမျာ မျက်နှာငယ်ရှာဦးတော့မယ်။
ညီပုလေး
လမင်းသာဖို့  ပို လိုတယ်
ရေးသူ - ၀င်းတင့်ထွန်း
( ၁ )
ကျနော်တို့ တွေဟာ........
• တိုက်ပွဲတရာ
အောင်ပွဲတရာ စိတ်ဓါတ်နှိုးရင်း
နှောင်ကြိုးတွေကို ခုတ်ပိုင်း
တံတိုင်းတွေကို ဖြတ်ကျော်
တိုက်စည်ဆော် မောင်းသံပေးပြီး
တော်လှန်ရေးကို လိုလား
တော်လှန်ရေးသမားတွေ ဖြစ်ခဲ့ကြ..........
• ပန်းပေါင်းတရာ
ဖူးပွင့်ပါစေ တမ်းတရင်း
ပန်းရိုင်းခင်းမြေတွေဆီ မျှော်ရည်
ဒီမိုကရေစီကို ဟစ်ကြွေး
ဒီမိုကရေစီတေးကို ဆိုခဲ့ကြ........
• လမင်းတရာ
သာနိုင်ပါစေ ရည်ရွယ်ရင်း
အေးမြခြင်းကို မျှော်တွေး
ငြိမ်းချမ်းရေးကို ချစ်ခဲ့ကြ .........
( ၂ )
• တသက်တာမှာ.......
အတက်အဆင်းတွေနဲ့ 
(အသက်သဘောအရ )မနက်ခင်းမဟုတ်တော့ဘူး ဆိုရင်တောင်........
• ဆည်းဆာရောင်စဉ် လှိုင်းတွေကြားမှာ
တံတိုင်းတွေကို ဆက်ကျော်ဖြတ်
ရောက်ရာအရပ်ကနေ ပန်းတွေပျိုး
ချိုးငှက်ကူသံ ချစ်နေရင်း......
• ည မှာ
ည အတွင်း
လမင်းသာဖို့  လိုပါတယ်.......
• အခုလို - အမှောင်ကျ
အ, ကာလ ညအခင်း
လမင်းသာဖို့  ပို လိုတယ်........ ၊၊ ၊၊
( ဝင်းတင့်ထွန်း )
၁ - ၅ - ၂ဝ၁၁
[ ကိုအေးဝင်း ( လမင်းတရာ )ကြီးရဲ့  အသက်(၆ဝ) ပြည့် မွေးနေ့ အတွက်..........]
{နောက်နှစ် ၂၀၁၂ ခုနှစ် မေလမှာ ကျရောက်မယ့် ၆၀ ပြည့် မွေးနေ့ အတွက် အမှတ်တရ ထုတ်ဝေမယ့် "၆၀" စာအုပ်အတွက် ရဲဘော်ဟန်ထွန်း (၀င်းတင့်ထွန်း)က ချီးမြှင့်တဲ့ မွေးနေလက်ဆောင်ကို မာယာမှာ အရင်ဖော်ပြလိုက်ပါတယ်။}
Friday, May 13, 2011
မိမိ နှင့် ဒဂုန်တာရာ
ရေးသူ-နတ်နွယ်
၁
(က)
သုံးရက် ရှိသွားပြီ။ မိမိနှင့် ဒဂုန်တာရာအကြောင်း ရေးမည်ဆိုပြီး စားပွဲတွင် ထိုင်ခဲ့လေသည်။ မရေးဖြစ်။ ပထမနေ့က တာရာမဂ္ဂဇင်းတွေ ဟိုလှန်သည်လှန်နှင့် အချိန်ကုန်သွားသည်။ သူ၏ နုဖပ်ဖပ် စကားလုံးများနှင့် နီကြင်ကြင်အတွေးများ ရစ်ဝဲပြီး ကျန်ခဲ့သည်။ ကျော်အောင်၊ မြသန်း(တင့်)၊ ကြည်လင်၊ ကြည်အေး၊ အောင်လင်းတို့လည်း ရောဝေ့နေသည်။
နောက်တနေ့တွင် မနေ့တနေ့က ရွာတဲ့မိုး ကို ပြန်ဖတ်နေမိသည်။ မိမိ၏ စာပေ ဆောင်းပါးများကို စုစည်းထားသော စာအုပ်ကလေး ဖြစ်သည်။ "စိန်ပန်းပွင့်များ၊ မိုးသောက်ကြယ်၊ နေမင်းနီ"၊ "မီးပုံကြီးနှင့်အနီးအဝေး"၊ "ကာရံမဲ့ကဗျာ"၊ "အောင်သင်းသို့ပေးစာ"၊ "ဝေဖန်ရေးနှင့်လက်တွေ့"၊ "တော်လှန်ကဗျာ" စသည့် ဆောင်းပါးများ ပါရှိသည်။
"အောင်သင်းသို့ပေးစာ" မှာ ဒဂုန်တာရာနှင့် စပ်လျဉ်းပြီး မိမိ၏ သင်္ကာရှင်းချက်တခု ဖြစ်သည်။ ၁၉၇၁ စာဆိုတော်က ဒဂုန်တာရာ၊ ကျော်အောင်၊ ညွန့်ကြူးနှင့် မိမိတို့ သုံးခွသို့ သွားခဲ့ကြသည်။ စာပေဆွေးနွေးပွဲ မိုးစင်စင်လင်းသည်။ သည်အကြောင်းကို ဒဂုန်တာရာက ရှုမ၀မှာ "စာပေဆည်းဆာ" အမည်နှင့် ဆောင်းပါးရေးခဲ့သည်။ မိမိနှင့် ပတ်သက်သော အချက်တခု သူရေးခဲ့သည်မှာ မိမိ နားလည်ထားသည်နှင့် မတူညီသဖြင့် ကိုအောင်သင်းမှ တဆင့် သင်္ကာရှင်းခဲ့ရခြင်း ဖြစ်သည်။
ဒဂုန်တာရာနှင့် ပတ်သက်ပြီး ပြက်ပြက်ထင်ထင် မိမိရေးဖူးသည်မှာ နောက်တကြိမ် ရှိသေးသည်။ "မောင်မင်းကြီးသားတို့ ပို့သသောမေတ္တာ" (ရဲဘောမာတူးသို့ပေးစာ အမှတ် ၃/၇၂) မှာ ဖြစ်သည်။ ယနေ့ မြန်မာစာပေများ ဟူသောစာအုပ်မှာ မောင်စွမ်းရည်က မိမိ၏ တံခွန်တိုင်မောင်နှမများ ကို တံတောင်နှင့်ထောင်း၊ ဖနောင့်နှင့်ပေါက် လုပ်ရာမှာ တချို့ အကွက်လေးတွေက အံချော်ပြီး ချက်အောက်ကို ရောက်သွား၍ မိမိအနေနှင့် "ပြန်ခြင်း" ကလေး ခတ်လိုက်မိခြင်းပါပဲ။ အဲဒီစာအုပ်ကို ကမကထ ပြုသူနှစ်ဦးက ဒဂုန်တာရာနှင့် လင်းယုန်မောင်မောင်တို့ ဖြစ်သည့်အတွက် မိမိ၏ "ပြန်ခြင်း" ထဲမှာ "ဂုန်ယုန်" ဂိုဏ်းဟု ရေးလိုက်မိသည်။
ဒဂုန်တာရာနှင့် မိမိအကြားတွင် အခြား ကလိတိတိကလေးတခု ရှိနေသေးသည်။ ယင်းမှာ အခြားမဟုတ်ပါ။ သူ၏ ဆောင်းပါးတပုဒ်ကို အကြောင်းတခုကြောင့် မိုးဝေမှာ မထည့်သွင်းနိုင်သဖြင့် ပြန်ပေးခဲ့သည်။ ထိုအခါ မိုးဝေမှာ သူရေးနေသော ဆောင်းပါးများ အားလုံးကို ရပ်ပစ်ခဲ့သည်။ သည်တုန်းက သူသည် ကလောင်အမည် သုံးမျိုးလောက်နှင့် မိုးဝေမှာ လစဉ်ရေးနေသည်။ သူ့ကို ပြန်ရေးဖို့ ပြောသည်။ မိမိကလည်း ပြောသည်။ မိတ်ဆွေများကလည်း ပြောသည်။ သူ မရေးပါ။ သူက ဘူးဆိုလျင် ဖရုံမသီးပါ။ သူ သဘောမပေါက်လျင်၊ သူ့စိတ်ထဲမှာ ဘ၀င်မကျလျင် သူ ဘာမှ မလုပ်ပါ။ သည်အချက်ကို သူနှင့် လက်ပွန်းတတီး ဆယ်နှစ်ကျော်ကျော် အနှစ်နှစ်ဆယ်နီးပါး နေခဲ့ဖူးသဖြင့် ကောင်းကောင်းသိပါသည်။
သူသဘောပေါက်အောင် ပြောဖို့ဆိုသည်ကလည်း မလွယ်ပါ။ အင်မတန် လက်ဝင်သည်။ မိမိတို့ ကြုံခဲ့ဖူးပေါင်း များပြီ။ သည်အကြောင်းတွေ ပြန်ပြောရလျင် တုတ်ထမ်းပြီး ပြောရမည်။
(ခ)
မိုးဝေ မဂ္ဂဇင်းကို မိမိ ပြန်လည် တည်းဖြတ် ထုတ်ဝေသောအခါ မင်းကျော်က ပြောသည်။
"ခင်ဗျား အရေးအသား နည်းနည်းထိန်းပါ။ အစွန်းမလွတ်တာတွေ၊ ပြဿနာ ဖြစ်မှာတွေ မရေးပါနဲ့။ ခင်ဗျားက အတို့အထောင်ကလေးတွေ လုပ်တတ်တယ်"
"ကျွန်တော်က မဟုတ်တာတွေ ရေးလို့လား။ ဘာလဲ၊ ခင်ဗျားတို့က သက်သေလိုက်ရမှာ ကြောက်လို့လား"
မိမိက လေအေးဖြင့် ပြန်ခတ်လိုက်သောအခါ လူပုစိတ်တို မောင်နေ၀င်းက-
"ခင်ဗျား ပြောလိုက်ရင် ဒါပဲ။ မဟုတ်တာတော့ မဟုတ်ဘူးပေါ့ဗျ၊ ဒါပေမယ့် ဟုတ်တိုင်းလည်း လျှောက်ရေးလို့ ဖြစ်မလားဗျ။ အချိန်အခါနဲ့ အခြေအနေလည်း ကြည့်ဦးမှပေါ့"
မိမိ ဘာမှမပြောတော့ဘဲ ပြုံးနေမိသည်။
သူတို့ စိုးရိမ်၍ ပြောခြင်းဖြစ်သည်။
သူတို့ စေတနာနှင့် ပြောခြင်းဖြစ်သည်။
သည်လိုလေ။
ဒဂုန်တာရာ မိုးဝေမှာ မရေးသည့် ကိစ္စ။ ဒဂုန်တာရာ၏ ဆောင်းပါးပြဿနာ ပေါ်သည့်အချိန်က ဗန်းမော်တင်အောင်နှင့် မြသန်းတင့်တို့ အပြင်မှာမရှိ။ သူတို့ အထိမ်းအသိမ်း ခံရရာမှ လွတ်လာသောအခါ မိုးဝေမှာ ရေးကြရန် မိမိက ပြောသည်။ သူတို့ကလည်း မငြင်းပါ။ ရေးမည်ဟု ပြောကြသည်။ လက်တွေ့တွင်မူ မရေးဖြစ်ကြ။ ကဗျာဆရာ အချို့လည်း မရေးကြ။
သို့သော် အကြောင်းတခုကြောင့် မိုးဝေကို မိမိ လက်လွှတ်လိုက်သောအခါ မိုးဝေမှာ သူတို့ ရေးကြသည်။
မိုးဝေကို မိမိ ပြန်လည်တည်းဖြတ်သောအခါ မိုးဝေတွင် ရေးနေသူများကို မိမိ ချဉ်းကပ်သည်။ မြသန်းတင့်က အစဉ်မပျက် ရေးမြဲ ရေးနေမည်ဟု ဆိုသည်။ ဗန်းမော်တင်အောင်ကား မရှိတော့။
မိမိ ချဉ်းကပ်သူများအနက် ပါရဂူတဦးသာလျှင် မရေးဟု ဆိုသည်။
ဒဂုန်တာရာကို ချဉ်းကပ်ရန် မိမိ စိတ်ကူးရှိသည်။ မိတ်ဆွေများကလည်း တိုက်တွန်း ကြသည်။ သူ့အိမ်ကို အေးအေးဆေးဆေး တနေ့သွားမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် ယခုထိ မရောက်ဖြစ်သေး။ သည်ကြားထဲမှာ လမ်းမှာ တခါနှစ်ခါ ဆုံဖြစ်သည်။ ပြုံးရုံမျှသာ။
မည်သို့ရှိစေ မင်းကျော်၊ မောင်နေ၀င်းနှင့် မိတ်ဆွေများ၏ စေတနာနှင့် အကြံပေးမှုကို မိမိ လက်ခံခဲ့ပါသည်။
မိုးဝေ ပြန်လည်မွေးဖွားသော ပထမလ (၁၉၈၁ ဇွန်) မိမိ ဆောင်းပါးမရေးပါ။ ၀တ္ထုတို တပုဒ်ရေးသည်။ ဒုတိယလတွင်လည်း ဘာမှ မရေးပါ။ တတိယလကျတော့ ကိုမိုးဝေ အထိမ်းအမှတ်လ ဖြစ်နေသည်။ ၁၉၆၇ သြဂုတ်လ ၁၅ ရက်နေ့မှာ ကိုမိုးဝေ ကွယ်လွန်ခဲ့သည်။ ယင်းကြောင့် "သြဂုတ်လအလွမ်းပြေ" ဆောင်းပါး ရေးခဲ့သည်။ ထို့နောက် ကာလအတန်ကြာ ရပ်ဆိုင်းလာခဲ့ရသော "တောအကြောင်း တောင်အကြောင်း" ကဏ္ဍကို ပြန်လည် အသက်သွင်း လိုက်သည်။
သည့်နောက်တွင်ကား "တောအကြောင်း တောင်အကြောင်း" ကို ခေါင်းစီး အမည်နှင့် အညီပင် စိတ်ကူးတည့်ရာ၊ အကြောင်းသင့်ရာများကို ရေးခဲ့သည်။ စာပေ မဂ္ဂဇင်းအကြောင်း လည်း ပါသည်။ ခရီးသွားမှတ်တမ်းများလည်း ပါသည်။ ပြန်လည် တသချက်များလည်း ပါသည်။ စာအုပ်ဝေဖန်ချက်လည်း ပါသည်။ စာအုပ်ပြပွဲ အကြောင်းလည်း ပါသည်။
သို့သော် မိမိစိတ်ထဲတွင် ရေးချင်နေသည့် အကြောင်းအရာနှစ်ခု ရှိနေသည်။ တခုက မိုးဝေကို လက်လွှတ်လိုက်စဉ်က တပိုင်းတန်းလန်းနှင့် ရပ်သွားသော "မိမိနှင့် မိမိဝတ္ထုများ" အကြောင်း ဖြစ်သည်။ "မြန်မာပြည်မြောက်ပိုင်း"တွင် အဆက်ပြတ်သွားသည်။ ဆက်ရေးစရာ တွေ ရှိသည်။ ဆက်ရေးချင်သည်။
နောက်တခုက "မိမိနှင့် စာရေးဆရာများအကြောင်း"။ သည်အကြောင်းကိုလည်း မိမိရေးဖို့ စိတ်ကူးခဲ့သည်မှာ ကြာပြီ။ သည်အကြောင်းက မိမိ၏ အတ္ထုပ္ပတ္တိလည်း မဟုတ်ပါ။ သူတို့ အတ္ထုပ္ပတ္တိလည်း မဟုတ်ပါ။ မိမိနှင့် သူတို့၏ ထိတွေ့မှုမျှသာ ဖြစ်သည်။ သည်အကြောင်းကို ရေးလျှင် မိမိအကြောင်းလည်းပါမည်။ သူတို့ အကြောင်းလည်း ပါမည်။ ဆက်နွှယ်နေသော စာပေနှင့် စာပေလောက အကြောင်းလည်းပါမည်။
သို့ဖြင့် "မိမိနှင့် စာရေးဆရာများ" အစီအစဉ်ကို မင်းကျော်နှင့် စဖွင့်သည်။ ၀တ္ထုရေး သည့် ပုံစံအတိုင်း ဇာတ်အလယ်မှ စဖွင့်ခြင်း ဖြစ်သည်။ ထို့နောက် လင်းယုန်သစ်လွင်၊ တင့်ဆန်း၊ တင်စိုး၊ အညာက စာရေးဆရာများ၊ လင်းယုန်နီနှင့် ဗန်းမော်တင်အောင်တို့ကို ရေးခဲ့သည်။ လင်းယုန်နီကို ရေးကတည်းက သူပြီးလျှင် ဗန်းမော်တင်အောင်၊ ဗန်းမော်တင်အောင်ပြီးလျှင် ဒဂုန်တာရာကို ရေးရန် ဇာတ်ပျိုးခဲ့သည်။
သို့သော် လနှစ်ရာ အထူးထုတ်တွင် ဒဂုန်တာရာကို ရေးရမည် ရှိသောအခါ လက်တွန့် နေသည်။ သူ့အကြောင်းကို မရေးဘဲ တိရစ္ဆာန်ရုံထဲက ကျားမြီးကို သွားဆွဲရလျှင် ကောင်းချေ မည်လားဟု စဉ်းစားမိသည်။
မိမိနှင့် စာရေးဆရာများ "ဆီးရီး" ကို စီစဉ်ကတည်းကပင် လက်တွန့်မိသော ခေါင်းစီးနှစ်ခု ရှိခဲ့သည်။ "မိမိနှင့် ဒဂုန်တာရာ" နှင့် "မိမိနှင့် အမျိုးသမီးစာရေးဆရာများ" ပင် ဖြစ်သည်။
အမျိုးသမီးများက ဆတ်ဆတ်ထိမခံ ဖြစ်သည်။ ဒဂုန်တာရာက ရွှေပန်းကန် ဖြစ်သည်။
သည်မှာ သတိရသဖြင့် ရယ်စရာတခု ပြောချင်သည်။ ပြီးခဲ့သည့် ဒုတိယအကြိမ် စာပေလုပ်သား ညီလာခံတုန်းက ဖြစ်သည်။
'ဆရာနတ်နွယ်၊ "မိမိနှင့် စာပေလုပ်သားညီလာခံ ၁၉၈၄" ကို ရေးပါဦး'
နောက်ဘက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်သောအခါ ဒေါ်ကြွယ်ကြွယ်က ပြောလိုက်ခြင်း ဖြစ်ကြောင်း တွေ့ရသည်။ ဒေါ်ကြွယ်ကြွယ်နှင့်အတူ အခြား အမျိုးသမီး စာရေးဆရာ လေးငါးခြောက်ယောက်လောက် ရှိနေသည်။ အချို့ကို မိမိ သိသည်။ အချို့ကို သိသည်ဟု ထင်သည်။ နာမည်နှင့်လူ မတွဲမိ။ အချို့ကိုကား ယခင်က မမြင်ဖူး။
ညီလာခံတက်ရောက်သူများကို အမည်စာတမ်းပါရှိသော ရင်ထိုးကလေးများ ပေးထား သည်။ လူကိုမှတ်မိပြီး နာမည်မေ့နေလျှင် ရင်ဘတ်ပေါ်မှ ရင်ထိုးကို ကြည့်လျှင် သိနိုင်သည်။ သို့သော် အမျိုးသားတယောက်ဆိုလျှင် အရေးမကြီး။ သူ့ရင်ဘတ်မှ စာတမ်းကို အားမနာတမ်း ဖတ်နိုင်သည်။ သို့သော် အမျိုးသမီးဆိုလျှင်ကား အားနာစရာကြီး။ နောက်တကြိမ်ဆိုလျှင် နာမည်စာတမ်းများကို ရင်မှာမထိုးဘဲ နောက်ကျောမှာ ထိုးရန် အကြံပြုရလျှင် ကောင်းမလား မသိ။ "ကျောထိုး" ဟူသော ဝေါဟာရအသစ်တလုံးလည်း တိုးလာနိုင်သည်။ ဘယ်လောက်ပဲ ကြည့်ကြည့် အားနာစရာ မရှိတော့။
ယခုတော့ "မိမိနှင့် အမျိုးသမီးစာရေးဆရာများ" အကြောင်း ရေးနိုင်ရန် သူတို့နာမည်ကို သိနိုင်ဖို့ကပင် အခက်အခဲကြီးတခု။
"မိမိနှင့် ဒဂုန်တာရာ" အကြောင်း ရေးဖို့ကိစ္စမှာလည်း အခက်အခဲတွေ တသီတတန်း ကြီးပင်။
သို့သော်.....
မိမိသည် ရန်ကုန်ရောက်သည့် ၁၉၅၃ မှ အစပြုလျက် ၁၉၇၂ ခုနှစ်လောက်အထိ အနှစ်နှစ်ဆယ်နီးပါးမျှ ဒဂုန်တာရာနှင့် လက်ပွန်းတတီး နေခဲ့ရသည်။ အချို့သော နှစ်ကာလများတွင် ဆိုလျှင် မိမိတို့သည် နေ့စဉ်လောက်ပင် တွေ့ဆုံဖြစ်ကြသည်။ အအေးဆိုင်မှာ ထိုင်ကြသည်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသည်။ ခရီးအတူ သွားကြသည်။ အစည်းအဝေး အတူတက်ကြသည်။ စာပေအကြောင်း မမောနိုင် မပန်းနိုင် ဆွေးနွေးခဲ့ကြသည်။
သည့်ထက်ပိုပြီး အရေးကြီးသည်က မိမိသည် တာရာမဂ္ဂဇင်းကို ဖတ်ပြီး ကြီးပြင်းခဲ့ရသည်။ မိမိအပေါ်တွင် သူ၏ စာပေသြဇာ သက်ရောက်လွှမ်းမိုးခဲ့သည်။ ယခုတိုင်အောင်ပင် ဖြစ်သည်။
သည်တော့ သူ့အကြောင်း ရေးရပေမည်။ "မိမိနှင့် ဒဂုန်တာရာ" ကို ရေးရမည်။ ဘယ်ကစပြီး ရေးရပေမည်နည်း။ ဘယ်လောက်အထိ ရေးရမည်နည်း။ ဘယ်မှာ ဆုံးရမည်နည်း။
၂
(က)
မိမိနှင့် ဒဂုန်တာရာ ပထမဆုံးအကြိမ် လူချင်းတွေ့ဖူးကြသည်မှာ ဂျာနယ်ကျော် မမလေး၏ အလုပ်တိုက်တွင် ဖြစ်သည်။ မိမိက သူ့ကို တွေ့မြင်လို၊ သိကျွမ်းလိုသဖြင့် ကိုတင်စိုးက လိုက်ပို့ပေးခြင်း ဖြစ်သည်။ သည်တုန်းက သူသည် ဒေါ်မမလေးတိုက်တွင် စတည်းချနေသည်။ သူ့စပွဲက အ၀င်ဝတွင်ဖြစ်သည်။ လမ်းမဘက်တွင် ဖြစ်သည်။ ပြတင်းပေါက်အကွယ်တွင် ဖြစ်သည်။ ပြတင်းပေါက်မှ ကြည့်လျှင် အပြင်ဘက်ကမ္ဘာကို မြင်ရသည်။ သို့သော် ပြတင်းပေါက်တွင် ဇာခန်းဆီး တပ်ဆင်ထားသဖြင့် ပြင်ပကမ္ဘာသည် ၀ိုးတ၀ါးမျှသာ။
သူ့စားပွဲက လှသည်။ ပန်းချီနှင့် တူသည်။ ကဗျာနှင့်တူသည်။ စားပွဲခင်း အပြာနုနု၊ စားပွဲတင်မီးအုပ်ဆောင်းကလည်း အမြိတ်စကလေးတွေ ကျနေသော ပိုးအပြာစ။ ဖန်ခွက်ပုပုကလေး အုပ်ထားသော ရေဖန်ချိုင့်။ အညီအညာထပ်ထားသော စာအုပ်နှစ်အုပ် သုံးအုပ်။
ကိုတင်စိုးက မိတ်ဆက်ပေးသောအခါ သူ ယဲ့ယဲ့ကလေး ပြုံးသည်။ ထို့နောက် လူထုအကြောင်း၊ မန္တလေးအကြောင်း သဲ့သဲ့ကလေး မေးသည်။ မိမိကို သူကြည့်ပုံက စူးစူးစိုက်စိုက် မဟုတ်။ သဲ့သဲ့ယဲ့ယဲ့ကလေး။
သူ့အကြောင်း ကြားဖူးထားသည့်အတိုင်း၊ စာထဲတွင် ဖတ်ဖူးထားသည့်အတိုင်း၊ အင်္ကျီလက်ရှည်အဖြူ၊ ဘန်ကောက်လုံချည် ရေညှိစိမ်း၊ မျက်မှန်ဝိုင်းဝိုင်းထူထူ၊ နှုတ်ခမ်းထူထူ၊ ဆံပင်ကောက်ကောက် တွန့်တွန့်လိပ်လိပ်။
သည်တုန်းက သူ ၃၄ နှစ်ပဲ ရှိသေးသည်။ မိမိက ၂၀။ ၁၉၅၃ ခုနှစ်က ဖြစ်သည်။ မိမိထက် ၁၄ နှစ် ကြီးသည်။ သို့သော် မိမိထက် လေး ငါးနှစ်မျှကြီးကြသော ကိုကျော်အောင်၊ ကိုမြသန်း(တင့်)၊ ကိုတင်စိုး၊ ကိုအောင်လင်းတို့ ခေါ်သည့်အတိုင်းပင် သူ့ကို ကိုဌေးမြိုင်ဟု ခေါ်မိသည်။ ထိုမျှမက မိမိထက် ၁၆ နှစ်မျှ ကြီးကြသော တင့်ဆန်းနှင့် လင်းယုန်သစ်လွင် တို့ကိုလည်း ကိုမိုးဝေတို့ ခေါ်သည့်အတိုင်းပင် ကိုတင့်ဆန်း၊ ကိုသစ်လွင် ဟု ခေါ်ခဲ့မိသည်။ ယခုမှ သူတို့တတွေ အဘိုးကြီးတွေ ဖြစ်နေကြပြီကို ကြည့်ပြီး "ကို" တပ်ပြီး ခေါ်ရမည်ကို အားနာနေမိသည်။ ဦးသိန်းဖေမြင့်ကိုပင် ကိုဌေးမြိုင်တို့၊ ကိုတင်အောင်တို့ ခေါ်သည့်အတိုင်း ကိုသိန်းဖေဟု လိုက်ပြီး မခေါ်မိစေရန် မနည်းပင် နှုတ်စောင့်စည်းရသည်။ သူတို့နှင့် ကိုသိန်းဖေမြင့်က ငါးနှစ်ပဲ ကွာသည် မဟုတ်လား။
ဂျာနယ်ကျော်မမလေးကို ကိုဌေးမြိုင်နှင့် တချိန်တည်းမှာပင် တွေ့ဆုံသိကျွမ်းခဲ့ရသည်။ ဒေါ်မမလေးကိုမူ ထိုကတည်းက အစ်မကြီးဟု ခေါ်ခဲ့သည်။ မိမိထက် ၁၆ နှစ်တိတိ ကြီးသည်။ သို့သော် ထိုစဉ်ကမူ ဒေါ်မမလေးသည် ၃၆ နှစ်မျှသာ ရှိသေးသည်။ လှပဆဲ ဖြစ်သည်။ အရပ်အမောင်းကောင်းပြီး အပြင်အဆင် တတ်ကျွမ်းသဖြင့် ပို၍လှပသည်ဟုပင် ထင်ရသည်။ နောက်ပြီးတော့ အမျိုးသမီးတွေ၏ အလှအပက အသက် ၄၀ တွင်မှ အစွမ်းကုန် ပွင့်လန်းသည်ဟု ဆိုကြသည် မဟုတ်လား။
ဒေါ်မမလေးက မိမိတို့ကို မျက်စောင်းထိုးဆိုင်မှ ချစ်တီးကော်ဖီ မှာတိုက်သည်။ ကော်ဖီက ကောင်းသည်။ အနံ့ရော အရသာရော ပြင်းစူးသည်။ ထို့နောက် နာမည်ကျော် ကရစ်လမ်း (ယခု-ဗိုလ်မြတ်ထွန်းလမ်း) စမူဆာကို မှာကျွေးသည်။ စမူဆာကလည်း ကောင်းလှသည်။ သေးသေးကလေးတွေ၊ ပူပူကလေးတွေ။ သည်မှစ၍ နောက်ပိုင်းကာလများ တွင် ချစ်တီးကော်ဖီနှင့် ကရစ်လမ်းစမူဆာသည် မိမိတို့၏ နိစ္စဓူဝ နေ့လည်စာ ဖြစ်ရတော့သည်။
ချစ်တီးကော်ဖီ၊ ကရစ်လမ်း စမူဆာ၊ စာပေသစ်၊ စာရေးဆရာအသင်း၊ စာရေးဆရာ စာပေကလပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်.......။
(ခ)
ဒဂုန်တာရာ ချည်လုံချည်ဝတ်သည်ကို မိမိ ပထမဦးဆုံး တွေ့ဖူးသည်မှာ မိမိတို့ လှိုင်မြို့ဟောင်းကို သွားကြတုန်းက ဖြစ်သည်။ ၁၉၅၇ တွင် ဖြစ်သည်။
လှိုင်မြစ်ကမ်းပါးပေါ်ရှိ လှိုင်မြို့ဟောင်းနှင့် အလယ်ရိုးမတောင်ခြေရှိ တဗူးမြို့ဟောင်းကို သွားရောက်ရန် မိမိတို့ ညှိနှိုင်းသောအခါ ဒဂုန်တာရာက သူလည်းလိုက်မည်ဟု စိတ်ထက်သန်စွာ ဆိုသည်။
'ခင်ဗျား လိုက်နိုင်ပါ့မလား'
'ကမ္ဘာပတ်လာတဲ့ လူပဲဗျာ'
မရယ်တရယ် သူ ပြောသည်။
'ကမ္ဘာပတ်တာနဲ့ မတူဘူး။ အခု သွားရမှာက ခရီးကြမ်းတယ်၊ ကုန်းကြောင်းလျှောက် ရမှာ'
'ကျွန်တော့အတွက် မပူပါနဲ့'
'ဒါပေမယ့် ခင်ဗျား ဘန်ကောက်လုံချည်နဲ့တော့ မဖြစ်ဘူး'
သည်တော့ သူ တွေဝေသွားသည်။
သို့သော် ချက်ချင်းပင် ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့်-
'အင်း ဟုတ်တယ်၊ ချည်လုံချည် နှစ်ထည်လောက်တော့ ၀ယ်ရမှာပဲ'
သည်တုန်းက ညဈေးတန်းက အနော်ရထာလမ်း ပလက်ဖောင်းပေါ်တွင် ဖြစ်သည်။ ဆိုင်တန်းတွေ အကျအန ထိုးလို့ ဖြစ်သည်။ သူလုံချည်ဝယ်ရာသို့ ကိုတင်စိုးနှင့် မိမိ အဖော်လိုက်ကြသည်။
သူ့စိတ်ကြိုက် အဆင်အသွေး မရသဖြင့် တနာရီလောက် ကြာသွားသည်။ နောက်ဆုံးတွင် လုံချည်နှစ်ထည် သူဝယ်သည်။ အကွက် စိပ်စိပ်ကလေးတွေ ဖြစ်သည်။ တထည်က အစိမ်းနု၊ တထည်က အပြာနု။
ပြည့်ကြပ်နေသော ဘတ်စ်ကားကြီးတစီးဖြင့် မိမိတို့ လိုက်ပါရသည်။ မိမိတို့ ဆိုသည်မှာ ဒဂုန်တာရာနှင့် တင်စိုး၊ ကိုလွင်ဦး(ပြည်တော်သစ်) နှင့် မိမိ။
ဥက္ကံမရောက်မီ ရွာတရွာတွင် ဆင်းရသည်။ လှိုင်းမြို့ဟောင်းကို ရောက်အောင် သုံးနာရီလောက် လျှောက်ရသည်။ မိုးရွာထားသဖြင့် လယ်ကန်သင်းများ စွတ်စိုနေသည်။ ချော်ချွတ်နေသည်။ အချို့နေရာများတွင် ဗွက်ပေါက်နေသည်။ အချို့နေရာများတွင် ရေလွှမ်းနေသည်။ ဖိနပ်များကို လက်တွင် ကိုင်သွားကြရသည်။ ချော်မလဲအောင် သတိထားပြီး လျှောက်ကြရသည်။ တချို့နေရာတွင် ဗွက်က ခြေသလုံးတ၀က်လောက် မြုပ်သည်။ အချို့နေရာများတွင် ရေက ပေါင်လည်လောက်ထိ နက်သည်။ တနေရာတွင် "ခွေးအိပ်ချောင်း" ကို ကူးဖြတ်ကြရသည်။ တံတားက ၀ါးပိုးဝါး တလုံးတည်း။ မိမိတို့က လေးဘက်ထောက်ပြီး ကူးဖြတ်ကြရသည်။
ကိုဌေးမြိုင် တချက်ကလေး မညည်းပါ။ ထို့အပြင် မိမိတို့ကို ချုံခိုတိုက်ခိုက်လျက်ရှိသော မျှော့များကိုလည်း သူနည်းနည်းမျှ မကြောက်ပါ။ သူက မြစ်ဝကျွန်းပေါ်သားဖြစ်သည်။ မိမိ မျှော့ကြောက်သည်ကို ကြည့်ပြီး သူက ရယ်မောလိုက်သေးသည်။
မွန်းတည့်ချိန်လောက်တွင် လှိုင်မြို့ဟောင်းအတွင်းသို့ ရောက်ရှိသွားကြသည်။ မိမိတို့ ဘာတွေ တွေ့ရသနည်း။ ဘုရားပျက်ကလေးတဆူနှင့် ရေတွင်းပျက်ကလေးတခုကိုသာ တွေ့ရှိကြရသည်။ သို့သော် မြို့ရိုးပေါ်မှ ကြည့်သောအခါတွင်ကား လှိုင်းမြစ်တခွင်သည် ပန်းချီကားတချပ်ကို ဖြန့်ခင်းထားသည့်နှယ်၊ အဝေးဆီတွင် အလယ်ရိုးမ မှိုင်းညို့ညို့။
လှိုင်မြို့ဟောင်းမှ အပြန်တွင် ဒဂုန်တာရာက ရှုမ၀တွင် ကဗျာတပုဒ် ရေးသည်။ ကိုတင်စိုးက လုံးချင်းတပုဒ်။
(ဂ)
ဒဂုန်တာရာသည် အလှအပ အနုအရွကလေးတွေ ကြိုက်တတ်သည်။ အကြမ်းအတမ်း အပင်အပန်းတို့ကိုလည်း အမှုမထင်ပါ။
၁၉၅၈ ခုနှစ်တွင် မိမိတို့ မြောက်ဥက္ကလာပကို ပြောင်းရတော့ သူသည် မိမိတို့ ရှိရာ ကွင်းပြင်ကြီးထဲသို့ ချွေးတလုံးလုံး၊ ဖုံတလူးလူးဖြင့် ရောက်လာသည်။ မိမိတို့၏ ယာယီနန်း ဖြစ်သော လေးတိုင်စင်ကလေးများတွင် သူရေနွေးကြမ်းသောက်သည်။ ငမိုးရိပ်ချောင်းကို လှေကလေးနှင့် ဖြတ်ပြီး တဖက်ကမ်းက ရွာတွေကို သွားလည်တော့လည်း သူလိုက်ပါသည်။ သူသည် တောင်ဥက္ကလာပသို့လည်း ရောက်ခဲ့ပြီး ဖြစ်သည်။ ကေတီဦးကျော်တင့်(ကွယ်လွန်) ထံသို့ဟု ထင်သည်။ သည်မှာ သူ၏ နာမည်ကျော် "ဥက္ကလာပ" ကဗျာ မွေးဖွားခြင်းဖြစ်သည်။
မိတ်ဆွေတွေနှင့် တွေ့ပြီး စကားစမြည် ပြောရမည်ဆိုလျှင်၊ စာပေရေးရာဆွေးနွေး ရမည်ဆိုလျှင် သူဘယ်တော့မှ ဦး မလေး။ မိုးရွာသည်ကိုလည်း သူမဖြုံ၊ နေပူသည်ကိုလည်း သူမတွက်၊ နှင်းကျသည်ကိုလည်း အမှုမထား။ ခရီးဝေးသည်၊ ချောင်ကျသည်၊ လမ်းထောင့်သည် ဆိုသည်တွေလည်း သူ ဘာမှ မစဉ်းစား။ ချိန်းသည့်နေ့တွင် သူရောက်လာသည်။ ချိန်းသည့်အချိန်တွင် သူရောက်လာသည်။ ပျက်ကွက်သည်မရှိ။ နောက်ကျသည်မရှိ။ အစည်းအဝေးဆိုလျှင်လည်း သည်အတိုင်းပင်။
သို့သော် သူသည် ဆွေးနွေးပွဲများနှင့် အစည်းအဝေးများတွင် အတူပါသော်လည်း ဟောပြောပွဲကိုကား ဘ၀င်ကျဟန် မရှိချေ။ စာပေဟောပြောပွဲဆိုလျှင် သူ ဘယ်တော့မှ မလိုက်။ စာပေဆွေးနွေးပွဲ သက်သက်ဆိုလျှင်ကား သူ လိုက်ပါသည်။
တခုသော စာဆိုတော် ရာသီတွင် မိုးဝေကို သူ ဆောင်းပါးတပုဒ် ပေးသောအခါ ဟောပြောပွဲများအကြောင်း ပါရှိလာသည်။ သူ၏ ကောက်ချက် အချို့သည် မိမိတို့နှင့် သဘောကိုက်ညီခြင်း မရှိသဖြင့် ဆောင်းပါးကို ပြန်ပေးလိုက်သည်။ ထိုအခါ (မိမိတည်းဖြတ် သော) မိုးဝေသို့ သူစာမူမပေးတော့။
မိုးဝေမှာ သူမရေးတော့သော်လည်း မိုးဝေကိုကား သူ ဖတ်မြဲဖြစ်သည်။ မိုးဝေကလည်း သူ့ကို စာအုပ်လက်ဆောင် ပေးမြဲ ဖြစ်သည်။ သို့သော် တလတွင်ကား သူ့အတွက် စာအုပ်လာယူသော ကဗျာဆရာတယောက်ကို မိမိက ပြောလိုက်သည်။
'မိုးဝေမှာ စာမရေးတဲ့ လူတွေကို စာအုပ်မပေးဘူးလို့ ပြောလိုက်ဗျာ'
သည်သတင်း ချက်ချင်းပြန့်သွားသည်။
'ခင်ဗျား အတော်ဆိုးတဲ့လူဗျာ၊ ကျွန်တော်တို့က ခင်ဗျားတို့ ပြေလည်အောင် ကြိုးစားနေကြတာ'
ကိုစောလွင် (မြန်မာအမျိုးသမီး) က မိမိကို ပြောသည်။ သည်တုန်းက မိုးဝေကို သူ တာဝန်ခံ ထုတ်နေစဉ် ဖြစ်သည်။
ယင်းသို့ဖြင့် အချိန်ကာလတွေ ကြာမြင့်သွားသည်။ မိုးဝေကို မိမိ လက်လွှတ် လိုက်သည်။ သည်အခါတွင် မိုးဝေမှာ သူ ပြန်ရေးသည်။
(ဃ)
မိုးဝေကို မိမိ ပြန်လည် တာဝန်ယူသောအခါ သူ့ထံသို့ သွားရောက်ပြီး စာမူတောင်းရန် မိမိ ဆုံးဖြတ်သည်။ မိတ်ဆွေတွေကလည်း တိုက်တွန်းကြသည်။ သို့သော် လက်တွေ့တွင်ကား သူ့ထံသို မိမိ မရောက်ဖြစ်ခဲ့။
မိုးဝေ လနှစ်ရာ အထူးထုတ်ကို စီစဉ်သောအခါတွင်ကား သူ့ထံသို့ သွားဖြစ်အောင် သွားမည်ဟု သန္နိဌာန်ချသည်။
တနေ့တွင် ကားတစီးငှားပြီး ဆရာဇော်ဂျီ၊ ဆရာတက်တိုး၊ ဒေါ်နုယဉ်နှင့် သူ့အိမ်သို့ သွားရန် စီစဉ်သည်။ မိတ်ဆွေအချို့လည်း လိုက်ပါကြမည် ဖြစ်သည်။ သို့သော် သူ့ထံသို့ ကြိုပြီး ဖုန်းဆက်သောအခါ သူ မရှိပါ။ မှော်ဘီ သွားနေသည်။ နောက်တပတ်အကြာတွင် ထပ်ပြီး ဖုံးဆက်သည်။ မတွေ့ပါ။ မှော်ဘီသွားနေသည်ဟုပင် သိရသည်။
ယင်းသို့ဖြင့် လနှစ်ရာ အထူးထုတ်အတွက် သူ့ထံမှ စာမူ မတောင်းလိုက်ရပါ။ အကယ်၍ သူနှင့်တွေ့ပြီး စာမူတောင်းခွင့် ရခဲ့လျှင်ကား......။
နတ်နွယ်
[မိုးဝေ၊ စကိတင်ဘာ၊ အောက်တိုဘာ၊ ၁၉၈၄]
{နတ်နွယ် ရဲ့ မိမိနှင့်စာရေးဆရာများ၊ ဖေဖော်ဝါရီ ၂၀၀၀ စာအုပ်မှ ကူးယူဖော်ပြပါ တယ်။}

Sunday, May 8, 2011
ပထမမြန်မာနိုဗယ်ဆိုသောဝတ္ထုမှ
ရေးသူ-ဘိုဘိုလန်းစင်
(၁)
မာယာအတွက် စာမူစဉ်းစားတော့ မာယာဟာ စာဟောင်းစာကောင်းတွေကို ခေတ်သစ်နဲ့ ပေါင်းကူး ပေးနေသူဖြစ်တယ်။ သို့တွက် ခေတ်ဟောင်းစာနဲ့ ပတ်သက်တာက ဆီလျော်မယ်အောက်မေ့တယ်။ ယနေ့ လန်ဒန် အရှေ့တိုင်းနဲ့ အာဖရိကပညာသင်ကျောင်းမှာ “မောင်ရင်မောင် မမယ်မ ဝတ္ထု ” (၁၉၀၄) ထုတ်ထဲက ဓာတ်ပုံရိုက်လာတာကို မာယာပရိသတ်အတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။ စစ်မဖြစ်ခင် အရှေ့တိုင်း ပညာသင်ကျောင်း ခေတ်ကထဲက ဒီမှာရောက်နေတဲ့စာအုပ်ပါ။ မြန်မာဝတ္ထုဝေဘန်ချက်တွေ သုတေသနအသင်း ဂျာနယ်မှာ ရေးသွားတဲ့ လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခဂျေအေစတီးဝပ် (ရန်ကုန်တက္ကသိုလ်သမိုင်း ကထိက ဒေါက်တာဘာဘရာစတီးဝပ်အဖေ) လှူထားတာဖြစ်နိုင်တယ်။ မူလစာအုပ်မှာ ၁၂ပုံရှိတယ်လို့ လူထု ဒေါ်အမာက ၁၉၅၉ ဒုတိယနှိပ်ခြင်းအမှာမှာ ရေးဘူးပေမယ့် ဒီစာအုပ်မှာတော့ ၁၁ ပုံပဲတွေ့ပါတယ်။ ဝတ္ထုမှာ ပန်းချီပုံထဲ့တာ၊ ဝတ္ထုခန်းဖွင့်တွေမှာ ပန်းစာလုံးနဲ့ အလှဆင်တာက အဲဒိခေတ်အင်္ဂလိပ်စာအုပ်တွေရဲ့ အဆင်အပြင် ပါ။ ဓာတ်ပုံထဲ့တာတော့ ခေတ်ပြိုင်လွှမ်းမိုးမှုရှိသလားမသိပါ။
ပုံတွေမှာ ဟို အနှစ် တရာကျော်က မြန်မာတွေရဲ့ လူမှုဘဝကို အကဲခတ်နိုင်ပါလိမ့်မယ်။ ပါတော်မူခါစနဲ့ အဝတ်အစားမှာ တယ်မပြောင်းသေးတာလဲ တခြားခေတ်ပြိုင် အနောက်တိုင်းသား မှတ်တမ်းဓာတ်ပုံတွေမှာလိုပဲ သတိထားမိမှာပါ။ မောင်ရင်မောင်ထောင်ထဲမှာ ဝတ်ထားတာက ဘန်ဂါလီစွပ်ကျယ်ဖြစ်မယ်မှတ်ပါတယ်။ အိမ်ပုံတွေကတော့ တချို့မှာ ဗမာအိမ်လို့ ပြောရမယ်မထင်ပါ။ ရေချခန်း၊ ရတနာအိုးတူးမိခန်းတွေက ရန်ကုန် ကန်တော်ကြီးထဲ ရိုက်တယ်လို့ထင်ပါတယ်။ တောင်တွင်းမြို့က ပွဲစားအိမ်ဆိုတာတော့ ရန်ကုန်ဆင်ခြေဖုံး ပုဇွန်တောင်စက်ဆန်း မအူကုန်း ကြည့်မြင်တိုင်စတဲ့ ဆင်းရဲသားရပ်ကွက် ဗမာရပ်ကွက်တွေမှာ ရိုက်သလား မသိပါ။ အခုခေတ် မြန်မာလူနေရပ်ကွက်တချို့ ကျေးလက်တွေအသွင်အပြင်နဲ့ တယ်မကွာလှပါ။ အင်္ဂလိပ်ကိုလိုနီ အရင်းရှင်များ မြေပဒေသာပင်ပေါက်တဲ့ခေတ်က မြန်မာတွေနွမ်းပါးပုံလဲ ခုခေတ်နဲ့ ထို့တူပါပဲ။ ထိပ်က ဘောင်းဘီ ဝတ်တွေနေရာမှာ နောက်ထပ်ဘောင်းဘီဝတ် ဘောင်းဘီချွတ်တွေ ဝင်လာတာပဲ ကွာတယ်။ မောင်ရင်မောင်ကို ဖမ်းခေါ်သွားပုံ၊ ထောင်တွင်းမှာ မမယ်မနဲ့တွေ့ခန်း စတာတွေမှာ ပဒေသရာဇ်ခေတ်ရာဇဝတ်မှုခင်း၊ အကျဉ်းထောင် နဲ့ပတ်သက်တဲ့ နီးစပ်ဖွယ် မှတ်တမ်းသဘောမျိုးတောင် ယူနိုင်ပါတယ်။ ဇာတ်ထဲမှာ မင်းသားလေးကို ရိုက်နှက်ဖမ်း သွားတော့ အပူတိုက်ငိုချင်းချဟာ အစဉ်အလာရှိပီးအလေ့ပါ။
ဝတ္ထုထဲ ကြော်ငြာထဲ့တဲ့ အရင်းရှင်အလေ့လဲ ထွန်းကားနေပါပီ။ ကြော်ငြာတွေထဲမှာ အဲဒိခေတ်ကပေါ်တဲ့ အင်္ဂလိပ်အိမ်ရှေ့မင်းတံဆိပ်ရ ဒင်္ဂါး ၃၅၀ တန် ပုံနှိပ်စာလုံးရိုက်နှိပ်သောစက် (လက်နှိပ်စက်)၊ စိန်ဗေဒါကြီးစီးတဲ့ ဆင်တိုစက်ဘီး၊ နောက် ကုန်သည်လမ်း ဝပ်ဆင်တိုက်က မိုတိုကားဓာတ်စက်ရထားနဲ့ ဓာတ်စက်ဘီး ရောင်းကြော်ငြာကလဲ မြန်မာပို့ဆောင်ရေးတခေတ်ပြောင်းပုံမှာ စိတ်ဝင်စားရာတကွက်ပါ။ မီးသင်္ဘော၊ ရထား၊ ဓာတ်ရထားတွေနောက်မှာ စက်ဘီး၊ မိုတိုဆိုင်ကယ်၊ မိုတိုကားတွေ ဘယ်လိုဝင်လာသလဲဆိုတာ စဉ်းစားစရာပါ။ ဦးမြဟန်ရဲ့ မြန်မာပြည်ဒိုင်ယာရီမှာ ၁၉၀၀ကျော်တနှစ်မှာ မော်တော်ကား အရေအတွက် တနိုင်ငံလုံး ဘယ်နှစ်ရာ ဆိုတာဖတ်ဖူးပါတယ်။ ၁၉၀၅-၆လောက်မှာ မြန်မာပြည်ကို မော်တော်ကား စရောက်တယ်လို့ ဖတ်ဖူးတော့ ဒီကြော်ငြာအရ ဒိထက်ပိုစောပါလိမ့်မယ်။ သိသူများ ဝေငှကြပါအုံး။ မော်တော်ဆိုင်ကယ်ကတော့ ဂျာမနီမှာ ၁၈၈၀ အကုန်လောက်က စရောင်းပေမယ့် အမေရိကန် နယူးယောက်ကိုတောင် ၁၈၉၅ မှ ရောက်တယ်လို့ ဝီကီ အင်တာနက်က ဆိုပါတယ်။ မန္တလေးမြို့ကို ပထမဆုံး မော်တော်ကား သင်္ဘောနဲ့သယ်လာတော့ တမြို့လုံးထွက်ကြည့်တယ်၊ လမ်းမှာ ရွှံ့ထဲမောင်းရတော့ ကားထိုးရပ်သွားတဲ့အတွက် စာရေးဆရာ ရုပ်ရှင် မင်းသား ဒဂုံပ ဦးဘတင်ရဲ့ မိဘဘိုးဘွား မွတ်စလင် ဘာသာဝင်ကားရှင်တွေက စိတ်ပူပီး ဘုန်းကြီးကျောင်းကို လှည်းနဲ့ဆွဲသွားပီး ပရိတ်ရွတ်ခိုင်းတယ်ဆိုတာ ၁၉၆၀ ကျော်က မြန်မာမဂ္ဂဇင်းတအုပ်မှာ ဖတ်ဖူးပါတယ်။
(၂)
မြန်မာဘာသာနဲ့ ပထမဆုံးနိုဗယ်လို့ အဖွင့်မှာ အင်္ဂလိပ်လို စာတင်ထားတာကို သတိပြုမိမှာပါ။ ရိုမန့်အလွမ်းဇာတ်ကြောင်းအားပြုစတိုရီပေမယ့် နိုဗယ် လူ့သဘာဝအဖွဲ့ဝတ္ထုလို့ဆိုလိုဟန်တူပါတယ်။ ဝတ္ထုထဲမှာ အဆိုးအကောင်းအဖြူအမဲလုံးလုံးကွဲတဲ့ “ဇာတ်ခွင်ကျ” ဇာတ်ကောင်တွေပဲ ပါတာပါ။ ထောင်ထဲက အရူး ဦးပေါ်လာသည်ပင် အခန်းကဏ္ဍ မပြောင်မြောက်လှဘူးထင်ပါတယ်။ နောက် ဆယ်နှစ်လောက်မှာပေါ်မယ့် ရွှေပြည်စိုး၊ စပယ်ပင်၊ မှာတော်ပုံဝတ္ထုတွေထဲက အရူးမပြန်ပေး၊ ဦးဓူဝံ၊ အမိန့်တော်ရမောင်ကိတ္တိ၊ လောစံ၊ သီလရှင်မယ်စန္ဒာနဲ့ တိတ်တိတ်ပုန်းညိနေတဲ့ ယပ်လှဲကိုယ်တော်၊ အမေဘွား၊ ခင်အုံ၊ ဦးကျော်ဒွေး၊ မောင်မောင်ရွ တို့လို ထင်းပီးထွက်နေတဲ့ ရုပ်ကြွဇာတ်ကောင်တွေ မပါသေးပါဘူး။
ဒိအရင်မရှေးမနှောင်းမှာ ရော်ဘင်ဆင်ကရူးဆိုး၊ ပသီပုံပြင်ဝတ္ထု၊ နောက် ခရစ်ဝင်ဇာတ်ကြောင်းတွေ ဘာသာပြန်တာ ရှိခဲ့ပေမယ့် မြန်မာပရိသတ်နဲ့ အလှမ်းဝေးနေလို့ ပြင်သစ်ရာဇဝင်ဝတ္ထုဆရာ ဒူးမားကြီးရဲ့ မွန်တီခရစ္စတိုမြို့စားကို ဦးလှကျော်က ရှေ့ပိုင်းမှီးပီး ဝတ္ထုလုပ်ရေးတာ ပေါက်သွားတယ်လို့ ယူဆရပါတယ်။ ဒိနောက် ချဉ်ပေါင်ရွက်သယ်မောင်မှိုင်း၊ မောင်တာနော၊ စိန်တလေးမြတလေးစတဲ့ ချစ်ခန်းကြိုက်ခန်းနဲ့ ဗဟုသုတတွေ ရောရေးတဲ့ ဝတ္ထုတွေခေတ်စားလာပီး ရှိရင်းစွဲ ပြဇာတ်စာပေခေတ်တိမ်သွားပါတယ်။ ဒိအရင် မရှေးမနှောင်းမှာ ရော်ဘင်ဆင်ကရူးဆိုး၊ ပသီပုံပြင်ဝတ္ထု၊ နောက် ခရစ်ဝင်ဇာတ်ကြောင်းတွေ ဘာသာပြန်တာ ရှိခဲ့ပေမယ့် မြန်မာပရိသတ်နဲ့ အလှမ်းဝေးနေလို့ ပြင်သစ်ရာဇဝင်ဝတ္ထုဆရာ ဒူးမားကြီးရဲ့ မွန်တီခရစ္စတိုမြို့စားကို ဦးလှကျော်က ရှေ့ပိုင်းမှီးပီး ဝတ္ထုလုပ်ရေးတာ ပေါက်သွားတယ်လို့ ယူဆရပါတယ်။ ဒိနောက် ချဉ်ပေါင်ရွက်သယ်မောင်မှိုင်း၊ မောင်တာနော၊ စိန်တလေးမြတလေးစတဲ့ ချစ်ခန်းကြိုက်ခန်းနဲ့ ဗဟုသုတတွေရောရေးတဲ့ ဝတ္ထုတွေခေတ်စားလာပီး ရှိရင်းစွဲ ပြဇာတ်စာပေခေတ်တိမ်သွားပါတယ်။ ဒိပြင် အရှေ့ဖျားနိုင်ငံတွေက ခေတ်သစ်ဝတ္ထုစာပေပေါ်ပေါက်ပုံတွေနဲ့ ယှဉ်လေ့လာသင့်ပါတယ်။ ဖိလစ်ပိုင်က မျိုးချစ်အာဇာနည်စစ်စစ် (ဗိုလ်ချုပ်တို့လို မတော်တဆမဟုတ်) ရီဇော်ရဲ့ ၁၉ ရာစု နိုင်ငံရေးဝတ္ထုကြီးတွေ၊ အိန္ဒိယ၊ တရုတ်ပြည်က တဂိုး၊ လူရွှန်းနဲ့ သူတို့ထက်စောတဲ့သူတွေ၊ ဂျပန်က ၁၉ ရာစု အနောက်ပုံတူကူးဝတ္ထုတွေ ဒါတွေနဲ့ယှဉ်ကြည့်ရမှာပါ။
ဇာတ်လမ်းအဖွဲ့ကို ပါဠိလိုခေါ်တဲ့ဝတ္ထုအသုံးက မြန်မာဗုဒ္ဓဘာသာစာပေမှာ ပဝေသဏီကရှိပီးသားမို့ ဒီလို ဖေတော့မောင်တော့ စာသိမ်တွေကို ဝတ္ထုလို့တပ်ရမလားလို့ သတင်းစာတွေမှာ အချေအတင်တွေ ဖြစ်ခဲ့ပါသေးတယ်။ ပထမအင်းဝခေတ် ရှင်မဟာသီလဝံသရဲ့ ပါရာယနဝတ္ထုဟာ အစောဆုံးတွေ့တဲ့ မြန်မာလို ရေးဝတ္ထု ဖြစ်ပေမယ့် ပါဠိစာပေ ဗုဒ္ဓထုပ္ပတ်တွေရဲ့ အငွေ့အသက်လွှမ်းတယ်။ နောက်ခေတ်တွေမှာ အစဉ်အဆက် ရေးလာတဲ့ ရတနာကြေးမုံ၊ မဟာရာမ၊ ဣန္ဓာဝုဓ (အီနောင်)၊ ဣန္ဓာဝံသစတဲ့ နန်းတွင်းဇာတ်တော်ကြီး ဝတ္ထုတွေကတော့ အဖတ်အရသာခံအတွက် တေးထပ်သီချင်း အဆိုအပြောတွေ မြိုင်မြိုင်နဲ့ရေးတဲ့ အော်ပရာ ပြဇာတ် ဆန်ဆန်တွေဖြစ်တယ်။ တခြား အာရှရှေးဟောင်းစာပေ၊ ယိုးဒယား၊ မာလာယု၊ ဂျားဗားစတဲ့ အိမ်နီးချင်း စာပေတွေမှာလဲ ဒါမျိုး ဆင်ဆင်တွေရှိပါတယ်။ ဦးလှကျော်ရဲ့ စကားပြင် သက်သက်နဲ့ ရေးတဲ့ ဝတ္ထုကတော့ တထာဂတဝတ္ထု ခေါ် တထာဂတုပ္ပတ္တိကျမ်း၊ မာလာလင်္ကာရဝတ္ထု ၊ မဟာဝင်၊ စူဠ၀င်၊ ဒီပ၀င်၊ အနာဂတ၀င်စတဲ့ ကျမ်းဝတ္ထုတွေ ဘုရားဖြစ်တော်စဉ်၊ သီဟိုဠ် သာသနာဝင် သမိုင်းဆိုင်ရာ ဝတ္ထုမြန်မာပြန်တွေ၊ ပီးတော့ သူတို့ခေတ်မှာ အင်မတန်ကျော်ကြားတဲ့ မင်းပူးဦးသြဘာသ၊ ဦးပုညတို့ရဲ့ နာမည်ကျော် ဝေဿန္တရာ၊ ယုန်မင်း ဝတ္ထု၊ သူအိုမကြီးဝတ္ထုစတဲ့ စကားပြေရိုးရိုးဘာသာရေးစာပေတွေရဲ့ အငွေ့အသက်ရှိလေလား၊ ဒါမှမဟုတ် ဦးလှကျော် ငယ်စဉ် ဦးလေး ဝန်ထောက်ကြီးဦးညိုနဲ့ နေစဉ်က ကိုးကွယ်သက်ဝင်ခဲ့တဲ့ ခရစ်ယာန်ကျမ်းစာ ဆရာယုဒသန်ပြန်ရဲ့ ရိုးစင်းကျစ်လစ်တဲ့ အလှက ဖမ်းစားခဲ့လေသလား၊ ခေတ်ပြိုင် ဝိတိုရိယအလွမ်းဝတ္ထုတွေရဲ့ သြဇာလေလား မသိပါ။ ဝန်ထောက်ဦးညိုရေးတဲ့ ဗုဒ္ဓဘာသာအလင်းပြကျမ်းဟာလဲ ဝတ္ထုတပုဒ်လို သေသပ်လှပ ပါတယ်။ သူရေးပီး မထုတ်ဖြစ်ခဲ့တဲ့ နောက်လင်၊ ကိုမြို့အုပ်စတဲ့ ဝတ္ထုတွေ ဒုတိယကမ္ဘာစစ်မီးတွင်းက မပျက်စီးခဲ့ရင် ဆရာကြီးရဲ့ စာပေလက်စကို ပိုသိလာမှာပါ။ ရှုမဝမဂ္ဂဇင်းမှာ ၁၉၆၀ လောက်က ဆရာဇေယျ ဝေငှတဲ့ ဦးလှကျော်ရဲ့ ရှေ့နေကျမ်းတအုပ်ထဲက ဇာတ်ကြောင်းပြ ပုစ္ဆာတခုဆိုရင် ဝတ္ထုတပုဒ်လို ကျကျနန ရေးတာပါ။
အမိန့်တော်ရ မြို့အုပ်မင်းရဲ့ အရေးအသားက တိကျသပ်ရပ် ချောမွတ်တာ တွေ့တော့ ဒုတိယနှိပ် အမှာထဲက လူထုဒေါ်အမာရေးတဲ့ ယနေ့စာပေ အရေးအသားဟာ ပိုဝေဆာ ယဉ်နုလာပေမယ့် ဝါကျမှန်အောင် မဖွဲ့တတ်တော့ စကားတွေကြွယ်ပီး မပြောင်တဲ့ စာတွေပဲ ထွက်လာတယ် ဆိုတဲ့ကောက်ချက်ကို သတိရမိပါတယ်။ ဒါက စစ်ပီးခေတ် ဗန်းမော်တင်အောင်၊ နန္ဒ၊ မောင်သာရစတဲ့ လူငယ်တွေရဲ့ စာနုတွေ ဟုန်းဟုန်းတောက် နေချိန်ပါ။ ကနေ့ခေတ် သတ်ပုံသတ်ညွှန်းတောင် မမှန်တဲ့ အကြောင်းရပ်ဗဟုသုတစာခံတိမ်တဲ့ အတွေးအယူ လောကအမြင် လွန်စွာချို့တဲ့ကာ ရဲဝံ့တယ်ဆိုပီး လော်လီဆန်းပြားတာကို ဂုဏ်မှတ်တဲ့ ဘုရားစူး အဖြစ်စာတွေ ကဗျာတွေကို ဒေါ်အမာ နားမလည်ဘူး မကြိုက်ဘူးပြောနိုင်သေးရင်လဲ ထွန်းပေါ်တစ်လစ်တွေက အဖွားကြီး ရှော်တယ်၊ ရင်ဘတ်မပါဘူးပဲ ပြောကြမှာအမှန်ပဲ။
စာပေမြင့်မှ လူမျိုးလဲ အထက်တန်းကျပါတယ်။ ဂရိ၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ အိန္ဒိယစတဲ့ လူမျိုးကြီး တွေ ယဉ်ကျေးမှုမြင့် တန်ခိုးထွားခဲ့တာမှာ စာပေအတွေးအခေါ်တွေရဲ့ လှုံ့ဆော်တီထွင်မှုတွေကလဲ အခရာပါပဲ။
ဦးလှကျော်ဟာ ပထမကမ္ဘာစစ်ပီး ဗမာပြည်ဆိုက်လာတဲ့ စပိန်တုပ်ကွေးကြီး အတွင်းမှာ အဖျားရောဂါနဲ့ အနိစ္စရောက်ပါတယ်။
Friday, May 6, 2011
ဆရာဒဂုန်တာရာ
ရေးသူ-ပထ၀ီမောင်တင်
[၁၃၆၂ ခု၊ တန်ဆောင်မုန်းလ။ ၂၀၀၀ ခု၊ နိုဝင်ဘာထုတ် မာယာမဂ္ဂဇင်း ပြန်လည်ကူးယူ ဖော်ပြပါတယ်]
ဒဂုန်တာရာကို ကျွန်တော်က ကိုဌေးမြိုင်လို့ပဲ ခေါ်တယ်။ သူနဲ့ ကျွန်တော်က ရန်ကုန် ၁၄ လမ်းမှာ နေတုန်းကတည်းက၊ တာရာမဂ္ဂဇင်း စထုတ်လာ ကတည်းက သိတယ်။ ရင်းနှီးခဲ့တယ်။ အထူးသဖြင့် သူဝတ်စားတာကို ကြည့်ပြီး နောက်ပြောင်နေတော့ ပိုရင်းနှီးတယ်။ သူက ဘယ်တော့မှ ဘန်ကောက်လုံချည် ခါးကချတာ မဟုတ်ဘူး။ စကားပြောရင်လည်း အေးအေးနဲ့ ပြောတယ်။ သူ ဒီလိုနေ၊ ဒီလိုဝတ်၊ ဒီလိုပြောတာကို နောက်ပြောင်နေရင် သူက သူ့ဟာသူ နေတယ်။ အင်မတန် သည်းခံနိုင်တယ်။ ဒါကြောင့် ပိုရင်းနှီးတယ်။
သူက ဗိုလ်ချုပ်အောင်ဆန်း၊ ကိုလှဖေ(ဗိုလ်လက်ျာ)၊ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့နဲ့ တော် တော် ရင်းတယ်။ တတွဲတွဲလဲ နေတယ်။ ကိုဗဟိန်းနဲ့ကတော့၊ အရင်းနှီးဆုံး အတွဲဆုံးပဲ။ နှစ်ယောက်စလုံးက စာသမားချင်းဆိုတော့ သိပ်အတွဲညီတယ်။ ဒါကြောင့် ရှမ်းပြည်နယ်က ပြန်လှဲ့ခဲ့ရတဲ့ တရုတ်ပြည်ခရီးမှာ သူတို့နှစ်ယောက် သွားခဲ့ကြတာပေါ့။
ဗိုလ်ချုပ်တို့ ဂျပန်ပြည်က ပြန်လာပြီး BIA ရုံးမှာ သူ့ကို ခေါ်ထားသေးတယ်။ တပ်မတော်ဝါဒ ဖြန့်ချိရေးအနေနဲ့ ထားတာ ဖြစ်မယ်။ အဲဒါ ခဏပဲ လုပ်ပြီး ထွက်သွားတယ်။ ကြာကြာ မလုပ်ဘူး။သူက စာသမား၊ စစ်ရေးသမား မဟုတ်ဘူး။ ဟို ကျောင်းသားဘ၀ ကတည်းက အိုးဝေမဂ္ဂဇင်းမှာ သူတို့ လုပ်ခဲ့ကြတာ မဟုတ်လား။
၁၉၃၇ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ထုတ်ဝေတဲ့ 'မျိုးညွန့်' မဂ္ဂဇင်းမှာ သူ အယ်ဒီတာ လုပ်ဖို့ပဲ။ သူ လုပ်မဲ့အလှည့်ကျမှ မဂ္ဂဇင်းက ရပ်သွားတယ်။ မျိုးညွန့်မဂ္ဂဇင်းကို ခုခေတ်လူငယ်တွေ သိကြမှာ မဟုတ်ဘူး။ ကျောင်းသားသမဂ္ဂကနေ ထုတ်ခဲ့တယ်လို့လဲ သိကြမှာ မဟုတ်ဘူး။ မျိုးညွန့်မဂ္ဂဇင်းကို ၁၉၃၇ ခုနှစ် စက်တင်ဘာလမှာ အတွဲ ၁၊ အမှတ် ၁ စ ထုတ်ခဲ့တယ်။ အမှတ် ၂ က ဒီဇင်ဘာလမှာ ထုတ်ခဲ့တယ်။ အမှတ် ၃ ကို ထုတ်တယ်။ ပြီးတော့ ရပ်သွားတယ်။ ကျွန်တော့်ဆီမှာ မျိုးညွန့်မဂ္ဂဇင်း အမှတ် ၂ ရှိတယ်။ မဂ္ဂဇင်းတည်းဖြတ်သူ (အယ်ဒီတာ) မောင်ဘဟိန်း၊ အတိုင်ပင်ခံ ဦးကျော်မြင့် ၀တ်လုံတော်ရ။ တန်ဖိုး လေးပဲ။ မဂ္ဂဇင်းကို ရန်ကုန်မြို့ မြန်မာ့ဇေယျာ စာပုံနှိပ်တိုက်မှာ ရိုက်၍၊ မောင်ဘေသန်းက ထုတ်ဝေသည်လို့ ရေးထားတယ်။ အမှတ် ၂ မဂ္ဂဇင်းမှာ ကိုနု၊ ကိုဘဟိန်း၊ ကိုသိန်းဖေ၊ ကိုညိုမြ၊ သခင်လေးမောင်နဲ့ သုပဏ္ဏက (သခင်သန်းထွန်း) တို့က ပါဝင် ရေးသားကြတယ်။ ဒါက ကြုံလို့ ပြောတာပါ။
ကိုဌေးမြိုင်က ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါခဲ့တယ်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် ကျောင်းသားတွေ ပုဒ်မ ၁၄၄ ဖီဆန်ပြီး ဆန္ဒပြပွဲလုပ်တဲ့အခါ၊ တူတဇင် အမှတ်အသားနဲ့ အလံနီကြီးကို ကိုင်ပြီး ကိုယ်တိုင် ပါဝင်ခဲ့တဲ့လူ ဖြစ်တယ်။ ၂၀ ရက်နေ့ အတွင်းဝန်ရုံး ၀ိုင်းတုန်းကလဲ ပါဝင်ခဲ့တယ်။ ဒီပွဲမှာ ကိုအောင်ကျော် ကျဆုံးခဲ့တယ်။
၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ပါတ်သက်ပြီး ကိုဌေးမြိုင် ကိုယ်တိုင်သိတာတွေ အများကြီးပါ။ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သူက တွဲနေခဲ့၊ အတူနေခဲ့သူပါ။ ကိုသိန်းဖေ(ဦးသိန်းဖေမြင့်) အရှေ့ကနေ၀န်းထွက်သည့်ပမာရေးတော့ ၁၃၀၀ပြည့်အခန်းမှာ ကိုဌေးမြိုင် စာတွေ ကိုးကားခဲ့ရတာ ကြည့်ပါလား။
သူကိုယ်တိုင်သိ၊ သူကိုယ်တိုင် ပါဝင်ပါတ်သက်တာတွေ အများကြီး ရှိပါတယ်။ သူက ပြောခဲပါတယ်။
ဂျပန်ခေတ်မှာ သူက တော်လှန်ရေးခေါင်းဆောင်တွေနဲ့ အတူနေတယ်။ ရန်ကုန်မှာ အနေများ တယ်။ ဗိုလ်လက်ျာအိမ်မှာ အနေများတယ်။ သခင်သန်းထွန်းအိမ်မှာနေတယ်။ ဗိုလ်ချုပ်အိမ်မှာလဲ ၀င်လိုက်ထွက်လိုက် နေလိုက်ပါပဲ။
ကိုဗဆွေကြီးနဲ့လဲ ရင်းနှီးပါတယ်။ ကိုကျော်ငြိမ်းထက် ပိုရင်းနှီးပါတယ်။ သူက အဲဒီလို နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သိသလို နိုင်ငံရေးပါတီတိုင်း ပါတီတိုင်း အကြောင်းတွေကို လေ့လာတယ်။ သုံးသပ်တယ်။ သိတယ်။ သူကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဆိုရှယ်လစ်တွေ မှားရင် မှားတာကို ပြောတယ်။ ကွန်မြူနစ်ပါတီ လွန်ရင်လဲ လွန်သွားတာ ပြောတယ်။ ပြောရဲတယ်။ လူတွေကလဲ ရင်းနှီးကြတယ်။ သူက သူ့ ရပ်တည်ချက်နဲ့ သူနေတယ်။ စစ်ပြီးစ လောက်မှာ ကျွန်တော်ဆီမှာ စာပေသစ်မဂ္ဂဇင်း လာရိုက်တယ်။ ကျော်အောင်ရယ်၊ မြသန်း(မြသန်းတင့်) ရယ်၊ ကိုသန်းတင်ရယ်ပေါ့ဗျာ။ ကိုသန်းတင်က အင်မတန် သည်းခံနိုင်တဲ့လူ။ စာပေသစ်မ၈္ဂဇင်းကို သူကပဲ အကုန်အကျခံပြီး ထုတ်ခဲ့တာ၊ နှစ်အုပ် သုံးအုပ်မှာပဲ ရပ်သွားတယ်။ ရပ်ရတဲ့ အကြောင်းလဲ ရှိတယ်။ ထားတော့။
နိုင်ငံရေး၊ ကျောင်းသားလှုပ်ရှားမှု၊ စာပေ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ သူက အာရုံစိုက် ထားတယ်။ စာပေကို သိပ်မြတ်နိုးတယ်။ စာပေမြတ်နိုးလို့ အမြတ်အစွန်းအတွက်၊ ငွေကြေးအတွက် မဟုတ်ပဲ၊ စာအုပ်ထုတ်တဲ့လူဆိုတာ အတော်နည်းပါတယ်။ သူက တာရာ မဂ္ဂဇင်းထုတ်တာ။ ဂန္ထ၀င်ဂျာနယ်ထုတ်တာလုံးလုံး အမြတ်အစွန်းအတွက် မဟုတ်ဘူး။ စာပေကို မြတ်နိုးလို့ ထုတ်ခဲ့တာ။ ဒီစာအုပ်တွေမှာ သူဘာတွေ ရေးခဲ့သလဲ။ ဖတ်ကြည့်ပါလား။ တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ စာပေရေးရာ ဒါတွေ သူရေးခဲ့တာပဲ။
ကိုဌေးမြိုင်က ပင်ကိုယ်က သိပ်ရိုးတယ်။ ရိုးရိုးစင်းစင်းပဲ ပြောတတ်၊ နေတတ်၊ စားတတ်တယ်။ ဘာဟိတ်ဟန်မရှိပါဘူး။ သူ့မှာ ရင်းနှီးတဲ့ ကျောင်းနေဖက် သူငယ်ချင်း သုံးယောက်ရှိတယ်။ မင်းနဲ့ ငါနဲ့ တရင်းတနှီး ပြောကြ ခင်ကြတဲ့ လူတွေ။ ကနေ့ထိ သက်ရှိထင်ရှား ရှိကြသေးတယ်။ ဘီဘီစီ ဦးမောင်မောင်ရယ်၊ ဆရာတိုက်စိုးရယ်ပဲ။ သူတို့က ငယ်ပေါင်းကြီးဖော်။ သိပ်ရင်းနှီးတဲ့လူတွေ။ သိပ်ခင်မင်ကြတဲ့ လူတွေ။
ကိုဌေးမြိုင်ဟာ စစ် နဲ့ ငြိမ်းချမ်းရေးမှာ သူက ငြိမ်းချမ်းရေးသမားလို့ ကျွန်တော်မြင်တယ်။ ဟိုတုန်းက ဗိုလ်ချုပ်ရဲ့ စစ်ရုံးက ဆင်းပြေးလာတာလဲ ဒါပဲ။ ဗိုလ်ချုပ်နဲ့ ဗိုလ်လက်ျာနဲ့ ပတ်သက်တဲ့လူတွေ တော်တော်များများ စစ်ထဲရောက်ကုန်ကြတာပဲ။ စစ်ထဲဝင်သွားကြတာပဲ။ သူတယောက်ပဲ စစ်ထဲမ ရောက်တာ။ စစ်ထဲမ၀င်တာ။ နောက်ပိုင်း သူငယ်ချင်းတွေ အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်ကြ တော့လဲ တောက်လျှောက် သူဆန့်ကျင်ခဲ့တာပဲ မဟုတ်လား။ လူမျိုးစု အခွင့်အရေးတွေမှာ သူ အတော်တော် မှန်မှန်ကန်ကန် ရပ်တည်ခဲ့တယ်။
ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ တန်းတူရေးတွေ သူ စွဲစွဲမြဲမြဲ သုံးခဲ့တာပဲ။ ကိုဌေးမြိုင် စာတွေဖတ် ပြီး တချို့လူတွေက ပြောကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်လက်ျာ ကိုဘဟိန်းတို့ အကြောင်း၊ စစ်နဲ့ငြိမ်းချမ်းရေးအကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးခရီးတွေအကြောင်း၊ စာပေရေးရာ အကြောင်း၊ သူရေးနေတာ ဖန်တရာ တေနေပြီ။ အပ်ကြောင်းထပ်နေပြီတဲ့။ ဒီလို ထင်ကြတယ်။ ဒါပေမယ့် ကျွန်တော်သိတယ်။ သူက ဒါတွေကို အလကားရေးနေတာ မဟုတ်ဘူး။ အဓိပ္ပါယ်မရှိနေရး နေတာ မဟုတ်ဘူး။ အဓိပ္ပါယ်ရှိရှိ ရေးနေတာ၊ သမိုင်းဖြစ်ရပ်တွေကို မျက်ခြေမပြတ် မလစ်လပ်အောင် ရေးနေတာလို့ ကျွန်တော်မြင်တယ်။ သူ ထောင်က လွတ်လာတော့ သူ့ကို ကျွန်တော် တော်တော် လေးစားတယ်။ သူက ထောင်ထဲမှာ တော်တော် တည်တည်ငြိမ်ငြိမ် နေခဲ့တာ။ မှန်မှန်ကန်ကန် ရပ်တည်ခဲ့တာကို ကျွန်တော် သိပါတယ်။
ဒါ ကိုဌေးမြိုင်ကို ကျွန်တော်သိတာ၊ မြင်တာ ပြောတာ။ နောက် ပြောရင်၊ ပြောစရာတွေ အများကြီး ရှိပါတယ်။ နောက်ဆုံး ပြောချင်တာက သူ့ခမျာ အခု အသက်က ရလာ၊ မျက်စိကလဲ ဒုက္ခပေးလာပြီး၊ မမြင်မကန်းပေါ့ဗျာ။ မြင်လဲ ကောင်းကောင်း မမြင်ရှာပါဘူး။ ကန်းလဲမကန်းဘူး။ ခမျာ မျက်စိ ဒုက္ခခံနေရရှာတယ်။
ကျွန်တော် သူ့ကို မေတ္တာရပ်ခံထားတယ်။ 'တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ' ရေးပြီးပြီ။ 'တို့ကိုယ်ကျိုး လုံးလုံးမပါ' ဆိုတဲ့ ၀တ္ထုရေးပါလို့ ပြောတာ ကြာလှပြီ၊ ခုထက်ထိ မရေးသေးဘူး။
[ဦးအုန်းမြင့် တိုးတက်ရေး]
ကိုဌေးမြိုင်ကို ကျွန်တော် စသိတာလား။ နေဦးဗျ။ ဂျပန်ဝင်ကာစလေးမှာ ကျိုက်လတ်ကို BIA ကသိမ်းတော့ ဗိုလ်ရန်နိုင် တပ်က သိမ်းတယ်။ ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်)က ကိုဌေးမြိုင်နဲ့ သိပ်ခင်တယ်။ တက္ကသိုလ်မှာ အတူတူ။ သူတို့ သူငယ်ချင်းတွေ ဆိုတော့ ကျိုက်လတ်သိမ်းပြီး ဗိုလ်ရန်နိုင်က ကိုဌေးမြိုင်အိမ်မှာ တည်းနေပါတယ်။
တနေ့တော့၊ ဒီသတင်း ဖျာပုံကနေ ကျွန်တော်တို့ သိတယ်။ သိတော့ ကျွန်တော်ရယ်၊ ကိုလှရွှေရယ်၊ ဖျာပုံကနေ ကျိုက်လတ် သွားကြတယ်။ ဗိုလ်ရန်နိုင်နဲ့ သွားတွေ့ကြတယ်။ အဲဒီမှာ ကိုဌေးမြိုင်ကို စတွေ့တယ်။ စပြီး သိရတယ်။ ကျွန်တော်က ဒီတုန်းက သူ့စာတွေ ဖတ်နေပြီ။ ဒဂုန်တာရာရဲ့ ပရိသတ်ပေါ့ဗျာ။ သူ့စာတွေနဲ့ အရင်သိပြီးမှ လူကို အဲဒီမှာ စသိတာ။
သူ့ကို မှတ်မှတ်ရရ အဖြစ်ဆုံးတွေ့ခဲ့ရတဲ့ နောက်တနေရာဟာ ရန်ကုန်ထောင်ကြီးထဲမှာ တွေ့ရတာပဲ။ ဒီတုန်းက သူက ထောင်မကျပဲ ထောင်ထဲရောက်လာပြီး တနေကုန် စကားတွေ ပြောခဲ့ရတာ။ ခင်ဗျားကို ကျွန်တော်ပြောဖူးတယ်။ ကျွန်တော်တို့ လေးယောက်ရိုက်ထားတဲ့ ဓါတ်ပုံလေ။ ကိုဌေးမြိုင်(ဒဂုန်တာရာ)ရယ်၊ ကျွန်တော်ရယ်၊ မောင်နေ၀င်းရယ်၊ ဗန်းမော်တင်အောင်ရယ် ရိုက်ထား တဲ့ပုံ။ အဲဒါ ကျွန်တော်၊ ကိုနေ၀င်းနဲ့ဗန်းမော်တင်အောင်က ထောင်ကျနေတာ။ သူက အပြင်ကလာတာ။ ဓါတ်ပုံကို ရိုက်တာက လူထုဦးလှရဲ့တူ ၀င်းမော်ဦး ကိုတင်မောင်။ ဓါတ်ပုံရိုက်တဲ့နေရာက ကျွန်တော့် အခန်းမှာ။ ဒီတုန်းက ရန်ကုန်ထောင်ကြီးမှာ နိုင်ငံရေးအကျဉ်းသမားတွေကို အထူးတန်းထားသေးတယ်။ အဲဒါ ၁၉၅၃ ခုနှစ်လို့ မှတ်မိတာပါပဲ။
ကိုဌေးမြိုင် ထောင်ထဲ ရောက်လာပုံက ဒီလိုဗျ။ ပထမ အကြိမ်က ကျွန်တော်တို့က ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ကန်တော့ချင်တယ်ဆိုပြီး သက်ဆိုင်ရာကို တောင်းဆိုကြတယ်။ ခွင့်ပြုချက် ရတယ်။ ခွင့်ပြုချက်ရတော့ ဆရာကြီးကို ကိုဌေးမြိုင်က ထောင်ဗူးထဲ ခေါ်လာတယ်။ ထောင်ဗူးထဲမှာပဲ ကျွန်တော်တို့က ပုတီးလေးတွေ၊ ဘာလေးတွေနဲ့ ကန်တော့ကြတယ်။ အဲဒါတခါ။
နောက်တခါက ဒီဇင်ဘာ အားကစားပွဲတွေ လုပ်တဲ့အခါ ထောင်တွင်းမှာလဲ အားကစားပွဲတွေ ဘာတွေ လုပ်တယ်။ အပြင်လူလဲ ဖိတ်တယ်။ ဒီတုန်းက ထောင်ကော်မတီကို အလံနီ၊ ပြည်သူ့ရဲဘော်၊ ကွန်မြူနစ်ပါတီ သုံးပါတီ အကျဉ်းသားကော်မတီက ကိုင်ထားတယ်။ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ အာဏာပိုင်များနဲ့ ပြောဖို့ ဆိုဖို့ပေါ့ဗျာ။ အဲဒီမှာ အားကစားကော်မတီ ဥက္ကဌက ထောင်ကျနေတဲ့ လူထုဦးလှ။ အဲဒီ အားကစားပွဲကို အပြင်လူ ဖိတ်တဲ့အခါ ကိုဌေးမြိုင်ပါလာတယ်။ အဲဒီလိုနည်းနဲ့ သူထောင်ထဲ ရောက်လာတာ။
ကျွန်တော် မှတ်မိတယ်။ ဗန်းမော်တင်အောင်က သူ့ကိုပြောတယ်။ (ကိုဌေးမြိုင်) ကို ပြောတယ်။ "ခင်ဗျားက ဘယ်တော့မှ ထောင်ကျမယ့်လူမဟုတ်ဘူး။ ဒါကြောင့် ထောင်ထမင်း ထောင်ဟင်းစားရမှာ မဟုတ်ဘူး။ ဒါကြောင့် အခု ခင်ဗျားကို ကောင်းကောင်းမကျွေးဘူး၊ ထောင်ထမင်း၊ ထောင်ဟင်းပဲ ကျွေးလွှတ်မယ်" စားဖူးအောင်ဆိုပြီး တကယ်ပဲ ထောင်ထမင်း၊ ထောင်ဟင်းကျွေးလွှတ်လိုက်တယ်။ သူကလဲ စားသွားတယ်ဗျ။
နောက်တခု ထောင်ထဲမှာ အားကစားသမားတွေ ချီတက် အလေးပြုပွဲ လုပ်တယ်။ ထောင်ပိုင်က သူအလေးပြု ခံချင်တယ်။ ဒီကလဲ အားကစားကော်မတီ ဥက္ကဌဦးလှကိုပဲ အလေးပြု ကြမယ်ဆိုပြီး ဖြစ်ကြတယ်။ တော်တော်နဲ့ မဆုံးဖြတ်နိုင်ဘူး။ နောက်ဆုံးမှ စေ့စပ်ကြတော့ ဦးလှကို ချီတက် အလေးပြုမယ်၊ ဦးလှက အလေးပြုခံမယ်၊ ထောင်ပိုင်က ဦးလှဘေးမှာ ရပ်နေရမယ်။ အဲဒါနဲ့ ပြတ်သွားတယ်။ အဲဒီနေ့ သူရောက်လာတာ မနက်ကိုးနာရီ သာသာ ၁၀နာရီ လောက်ကရောက်တာ ညနေ ၃နာရီကျော် လေးနာရီ လောက်မှ ပြန်သွားတာပဲ။
နောက် ဗန်းမော်တင်အောင် အခန်းမှာတောင် ကျွန်တော်နဲ့ဗန်းမော်တင်အောင်တို့ တွဲပြီး ဓါတ်ပုံ ရိုက်ကြသေးတယ်။ အဲဒီပုံလဲ ရှိတယ်။
အဲဒီတုန်းက စာအကြောင်း၊ နိုင်ငံရေးအကြောင်း၊ လူပုဂ္ဂိုလ်တွေအကြောင်း တနေကုန် ပြောကြ တာ မှတ်မှတ်ရရပါပဲဗျာ။ အဲဒါ သူ ထောင်မကျပဲ ထောင်ထဲ ရောက်လာခဲ့တာ။
နောက်ပိုင်း ဗိုလ်လက်ျာကိစ္စနဲ့မှ ထောင်ကျတော့တာ။ သူ့ကို ကျွန်တော်မြင်တာက သူဟာ စာပေသမား၊ ငြိမ်းချမ်းရေးသမားလို့ မြင်ပါတယ်။ သူဟာ တချိန်လုံး ယုံကြည်ချက်ပေါ်မှာ သစ္စာရှိရှိ ရပ်တည်တဲ့ ပုဂ္ဂိုလ်ပါ။
[လေထီးအုန်းမောင်]
တနေ့ ၁၉၉၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ဦးလေး(ဦးအုန်းမြင့်-တိုးတက်ရေး) က ခေါ်လို့ သူ့အိမ် ကျွန်တော် ရောက်သွားပါတယ်။ အဲဒီမှာ ဆရာဒဂုန်တာရာ၊ ဦးအုန်းမောင်(လေထီး)၊ ဦးအုန်းမြင့် (တိုးတက်ရေး)တို့နဲ့ ဆုံဖြစ်ပါတယ်။ လူကြီးတွေ ဆုံတဲ့အခါ အင်မတန် မှတ်စရာ သားစရာ အကြောင်း အရာတွေ စကားတွေကို ကြားရတတ်ပါတယ်။ အခုလဲ ဒီပုဂ္ဂိုလ်ကြီးတွေ ဆုံတဲ့အခါ သူတို့ ကြုံခဲ့ တွေ့ခဲ့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းဖြစ် ရပ်ဇာတ်ကွက်တွေ၊ ခေတ်ကာလရဲ့ အခြေအနေတွေ၊ သမိုင်းဇာတ်ဆောင် များရဲ့ အကြောင်းတွေကို နားထောင်ရတာ အင်မတန်မှ အဖိုးတန်လှ ပါတယ်။
နက်ဖန်ဆိုရင် ဆရာဒဂုန်တာရာ ကလောမြို့ကို ပြောင်းဖို့ ရွှေ့ဖို့ ပြင်ဆင်နေပါပြီ။ အဲဒီလို မပြောင်းခင် မရွှေ့ခင် သူတို့ လူကြီးများဆုံပြီး စကားပြောကြတဲ့ ၀ိုင်းပါ။ ကျွန်တော်က နာယူရတဲ့ သူပါ။ အင်မတန် ကံကောင်းလှပါတယ်လို့ ကျွန်တော်ခံစားရပါတယ်။
ကျွန်တော် မရှင်းမလင်းဖြစ်နေတဲ့ သမိုင်းအချက်အလက်တခုကိုလဲ လူကြီးများ ခွင့်ပြုလို့ မေးခွင့်ရလိုက်ပါတယ်။ အဲဒါကတော့
"ကျွန်တော် စာအုပ်များမှာ ဖတ်ရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဖွဲ့တဲ့ နေရာဌာနဟာ သုံးနေရာ လောက် ဖြစ်နေတာ တွေ့ရပါတယ်။ တနေရာက ရန်ကုန်မြို့၊ စမ်းချောင်းရပ်၊ မြေနုလမ်း အိမ်အမှတ် ၁၁ မှာလို့ ဆိုပါတယ်။
နောက်တနေရာက ရန်ကုန်မြို့။ ၄၉ လမ်း အမှတ် ၁၈၈ လို့ ဆိုတယ်။ (ဘုံဘ၀မှာဖြင့် စတုတ္ထတွဲ စာ-၃၀၆)။
နောက်တခုက ကုလားရဲဘော်များ စုပေါင်းနေထိုင်တဲ့ ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံ လမ်း)၊ ရန်ကုန် လို့ ဆိုပါတယ်။ ဘယ်ဟာ အမှန်ဖြစ်ပါသလဲ ခင်ဗျာ" လို့ မေးတဲ့အခါ ဆရာဒဂုန်တာရာ က "သခင်စိုးကိုယ်တိုင် ပြောခဲ့ ရေးခဲ့တာတော့၊ မြေနုလမ်း အမှတ်၁၁၊ စမ်းချောင်းမှာလို့ ပြောပါတယ်။ အဲဒီအိမ်က ကိုဗဟိန်းနဲ့ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) အတူငှားနေတဲ့အိမ်၊ မျက်နှာချင်းဆိုင်မှာ မခင်ကြီး အိမ်ရှိတယ်။ ကိုဗဟိန်းနဲ့ မခင်ကြီးက ကြိုက်နေကြတုန်း။ ကိုထွန်းရှိန်ကတောင် စနေပြီလေ။ ကလေး တယောက် အဲဒီအိမ် လာလာနေတယ်။ ကိုဗဟိန်းက ကလေးချစ်တတ်တယ်။ ဓာတ်စက်လဲ သိပ် ၀ါသနာပါတယ်။ ဓာတ်ပြားသီချင်းတွေ ဖွင့်ဖွင့်ပြီး နားထောင်ကြလေ့ရှိတယ်။ သီချင်းသိပ်ကြိုက်တယ်။ ဒါကြောင့် ကိုဗဟိန်းကို ကျွန်တော်က သိပ်ခင်တာ။ အဲဒီအိမ်မှာ ဖွဲ့တယ်လို့ မှတ်မိတယ်" လို့ ပြောပါတယ်။
နောက်စကားတွေ ဆက်ပြောကြရင်း ဆရာက စကားတလုံး ဆက်ပြောပါတယ်။ "အကြောင်း အရာတခုကို စဉ်းစားတဲ့အခါ အချက်အခိုင်ဆုံး ပြောနိုင်သူဟာ ခေါင်းဆောင်ဖြစ်တာပဲဗျ။ ကျွန်တော်က ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စ လုပ်တုန်းက အတွေ့အကြုံအရ ပြောရရင် တချို့ပဂ္ဂိုလ်တွေဟာ အစည်းအဝေး တက်သာလာတာ ဘာမှ ပြောစရာမရှိ ဆိုစရာ မပါကြဘူး မပြောကြဘူး။ မပြောနိုင်ကြဘူး။ ကမ္ဘာငြိမ်းချမ်းရေး ကိစ္စတွေ သိပ်မလေ့လာတော့ သိပ်မပြောနိုင်ကြဘူးပေါ့။ လေ့လာတဲ့လူ၊ စာများများ ဖတ်တဲ့လူက ပြောနိုင်တယ်။ ဆိုနိုင်တယ်။ ပြောနိုင် ဆိုနိုင်သူက ခေါင်းဆောင်ဖြစ်သွားတာပဲဗျ" စတဲ့ စတဲ့ စကားတွေ ကြားနာခဲ့ရတယ်။
ကျွန်တော့်မှာ အဲဒီနေ့က မှတ်စရာတွေ မကုန်နိုင်အောင် ကြားရတယ်။ ပညာရခဲ့ပါတယ်။ ဆရာကျန်းမာပါစေ။ အသက်ရာကျော် ရှည်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ပထ၀ီမောင်တင်
စာပေဂျာနယ်၊ အတွဲ ၃၊ အမှတ် ၄၊ ၁၉၉၅ ဒီဇင်ဘာ။

Thursday, May 5, 2011
မေမှဆိတ်ဖလူးနံ့ရီဝေရာသို့
ရေးသူ-တာရာလင်းယုန်
မေ
ရုပ်ပုံလွှာ
ဒဂုန်တာရာ၏ဒဂုန်တာရာ
သာမန်လူတယောက်အတွက်ဆိုလျှင် ဤသုံးအုပ်ထဲမှ တအုပ်လောက် ရေးမိလျင်ပင် တသက် လုံး ဂုဏ်ယူမဆုံး ဖြစ်နိုင်လောက်သည်။ သို့သော် ဆရာဒဂုန်တာရာရေးခဲ့သည်က တအုပ်ထဲမဟုတ်။ သုံးအုပ်။ သုံးအုပ်ထဲမဟုတ်-လူအမြောက်အမြားအနေဖြင့် ခေတ်သစ်ကဗျာများအတွက် စံပြုကြရသည့် 'မတ်လတော်လှန်ရေး'၊ 'ပိတောက်ပန်း'၊ 'တဟီတီသွားရအောင်' စသည့် ကဗျာများ။ နောက်ပြီး ကိုးကားပြီးရင်း ကိုးကားနေကြရသည့် ဗညားသီဟ၏ စာပေသဘောတရား ဆောင်းပါးများ။ နောက်ပြီး တာရာ မဂ္ဂဇင်း။ သမိုင်းတခေတ် ထူသည့် တာရာ၊ သမိုင်းတွင်သည့်တာရာ။
ဒဂုန်တာရာ၏ဒဂုန်တာရာကို ဖတ်ရသောအခါ၊ တနည်း ဒဂုန်တာရာ ကိုယ်တိုင် ၀န်ခံထားသော သူ့ ပင်ကိုယ်စရိုက်များကို ဖတ်ကြည့်သောအခါတွင် သူသည် စာပေ အနုပညာတွင် ပျော်မွေ့လိုသော၊ အေးချမ်းတည်ငြိမ်မှုကို လိုလားသော၊ အမှန်တရားကို လိုလားသော၊ သာမန်လူတဦးမျှသာဖြစ်ကြောင်း တွေ့ရပေသည်။ သို့သော် ထူးခြားသည်က သူ လူဖြစ်လာသော ကာလ၊ ပတ်ဝန်းကျင်နှင့် သူမိတ်ဆွေဖွဲ့ ရသူများ ဖြစ်သည်။
သူသည် ဗမာပြည် သူ့ကျွန်ဘ၀တွင် လူဖြစ်လာရသည်။ ထို့ပြင် ဗမာပြည်တွင် ဗြိတိသျှကိုလိုနီ စနစ်ကို တွန်းလှန်မှုတွေ အရှိန်ရလာသော ကာလတွင် တက္ကသိုလ်သို့ ရောက်ရှိလာသည်။ ထိုတက္ကသိုလ်သည် ထိုအခါက ထိုတိုက်ပွဲ၏ ဗဟိုချက်မလိုလဲ ဖြစ်နေပြန်သည်။ သို့ဖြင့် သူသည် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုနု စသည့် ထိုပုဂ္ဂိုလ်ကလေးများနှင့်လည်း အပေါင်းအသင်း ဖြစ်သွား ခဲ့သည်။
တဖန် သူ့အသိဥာဏ် ရင့်ကျက်လာချိန်နှင့် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွါးသည်နှင့် တိုက်ဆိုင် နေပြန်သည်။ ထိုအခါ အထက်တွင် ပြောခဲ့သော သူ့အပေါင်းအသင်းများသည် အင်္ဂလိပ်အခက်-တို့အချက်ဆိုပြီး လွတ်လပ်ရေးအတွက် လုံးပမ်းကြသည်။ သူ့အပါး၊ သူ့မျက်စိအောက်မှာပင် ထိုသူများ အလုပ်များ၊ အလုပ်ရှုပ်နေကြသည်။ တခါတွင် သူ့အား သခင်ဗဟိန်းက တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်ရာတွင် အဖော်အဖြစ် ခေါ်ဆောင်သွားခဲ့သည်။ သူသည် ရှမ်းပြည်၏အလှကို ငေးမောရင်း လိုက်ပါသွားခဲ့သည်။ ထိုအခေါက်တွင် သူတို့သည် တရုတ် ကွန်မြူနစ်များကိုတော့ မတွေ့ခဲ့ရ။ ရှမ်းပဒေသရာဇ်တို့၏ မတရားမှုကိုသာ တွေ့ခဲ့ရလေသည်။
ဂျပန်ခေတ် ရောက်ပြန်တော့လည်း သူ့ကို သခင်အောင်ဆန်း၊ သခင်သန်းထွန်းစသူတို့က ဂိုလ်ဒင်ဗယ်လီ-ရွှေတောင်ကြားလမ်းတွင် သူ့အား စန္ဒယားတီးစေသလို နိုင်ငံရေးတာဝန်လည်း ပေးခဲ့ကြ ပြန်သည်။ သူမငြင်းသာ။ သို့သော် လက်နက်ကိုင်ပြီး ဂျပန်တော်လှန်ခြင်းကို သူမလုပ်တတ်။ သူ့အလုပ် မဟုတ်။ သူနှင့်လက်နက်မှာ ဘုန်းကြီးနှင့်ဘီး ဖြစ်၏။ ထို့ကြောင့် သူသည် မြေအောက်လုပ်ငန်းများတွင် ပါဝင်ခဲ့လေသည်။
ဒုတိယကမ္ဘာစစ်ကြီးပြီး၍ ဗမာနိုင်ငံသားတွေ လုံးဝလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြသော အခါတွင် ဆရာဒဂုန်တာရာသည် မာက်စ်ဝါဒကို အတော်လေ့လာမိပြီး ဖြစ်နေသည်။ ထို့ပြင် ထိုစဉ်က မာက်စ်ဝါဒီများနှင့်လည်း လည်ပင်းဖက်နေပြီ ဖြစ်သည်။ သို့ဖြင့် သူသည် သူသန်ရာ စာပေနယ်တွင် တခေတ်ထူတော့သည်။ စာပေသစ်ခေတ်။ သူ၏ တာရာမဂ္ဂဇင်းသည် နောင် ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်ထွန်းတောက် အလင်းရောင်ပေးနေခဲ့သည်။ ထုတ်ပြီးနောက် နှစ်ပေါင်း ၃-၄ ဆယ်ကျော် သောအခါ စာပေ၀ါသနာပါသူများက တာရာမဂ္ဂဇင်း အဟောင်းများကို ဈေးကြီးပေးကာ တခုတ်တရ ၀ယ်ယူစုဆောင်းနေကြသည်။
သို့သော် သူ၏စာပေခရီးသည် ပန်းခင်းသောလမ်း မဟုတ်ချေ။ စကတည်းက ဘက်စုံမှ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အစိုးရအားကိုးဖြင့် တိုက်သူ၊ အဖွဲ့အစည်းအားကိုးဖြင့် တိုက်သူ၊ သံရုံးအားကိုးဖြင့် တိုက်သူ၊ တိုက်သူတွေက တကယ့်ကို စုံမှစုံ ဖြစ်သည်။ တလောက နီကိုရဲက ဆရာ့ကို တိုက်သည်ကို မြင်ရသောအခါ ရယ်ချင်မိသည်။ ဆရာ့အဖို့ တိုက်ခိုက်ခံရခြင်းဆိုသည်မှာ အဆန်း မဟုတ်။ နောက်ပြီး ဆရာ့ကို တချိန်က တိုက်ခိုက်ခဲ့သူများမှာ နီကိုရဲလို သာမညောင်ည ကလောင်ရှင်များ မဟုတ်။ ထိုစဉ်က ဗမာပြည် စာပေလောက၌ ထိပ်တန်းရောက်နေသူများ ပါဝင်သည်။ (နာမည်တွေမဖော်တော့ပါ) သို့သော် ဆရာက ထိုသူများနှင့် အခြေအတင် ငြင်းခုန်နေမှုတွင် အချိန်ဖြုန်း တီးတာ မလုပ်။ သူလုပ်စရာ ရှိသည်ကိုသာ လုပ်သည်။
ထို့ပြင် ဆရာသည် "စာပေနှင့် နိုင်ငံရေးမရောယှက်သင့်" ဟူသော ပြောဆိုတိုက်ခိုက်မှု အကြားကပင် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအပါးမှာ မားမားရပ်ခဲ့သည်။ ဗိုလ်ချုပ်ကျော်ဇော၊ ဗန်းမော်တင်အောင်၊ ဒေါက်တာဆင်ဖိုး၊ ၀တ်လုံဦးထွန်းတင် စသူတို့နှင့်အတူ ဗောဓိပင်ရုပ်ပုံပါ အလံအောက်တွင် လှုပ်ရှား တိုက်ပွဲဝင်ခဲ့သည်။ ထိုစဉ်က ခေတ်စားခဲ့သော ကိုမြတ်လေး၏ သီချင်းတပုဒ်ထဲကလိုပင် သူသည် 'ငြိမ်းချမ်းရေးအတွက်အေးလျက်မနေသာပြီ' ဖြစ်ခဲ့သည်။
စာရေးဆရာအသင်း၊ စာပေသမဂ္ဂ စတာတွေမှာလည်း သူဟာ သူယုံကြည်ရာ အမှန်တရားဖက် က မတုန်မလှုပ်ရပ်တည်သူ ဟူ၍ နာမည်ရခဲ့သည်။ သူ့ကို စာပေသဘောတရားအရ၊ နိုင်ငံရေးအရ တိုက်ခိုက်လို့ မနိုင်ကြသောအခါ လူပုဂ္ဂိုလ်အရ တိုက်ခိုက်ခြင်းများပင် ပြုလုပ်ခဲ့ကြသည်။ ဆံပင်ဖြူဖြူ၊ မျက်စေ့မှုံမှုံနှင့် လူကြီးကတော့ ၂၁ ရာစုအတွင်းသို့ ပန်းပန်လျက် ချီတက်ခဲ့သည်။ နှစ်စဉ် သူ့မွေးနေ့ ရောက်တိုင်း စာပေအနုပညာသည်များက သူ့ကိုသွားပြီး ဂါရ၀ပြုနေကြသည်။
အနီတစ္ဆေ အမြဲခြောက်ခံနေရသော ဖဆပလအစိုးရနှင့် မဆလအစိုးရတို့သည် ဒုတိယကမ္ဘာ စစ်၏နောက်ပိုင်း အမေရိကန်နိုင်ငံတွင် မက္ကသီဝါဒဖြင့် ကွန်မြူနစ်နှိမ်နင်းရေး လုပ်ခဲ့သလို၊ ဗမာပြည် တွင်လည်း ကွန်မြူနစ်ဆန့်ကျင်ရေးကို အရေးတကြီး လုပ်ငန်းကြီးတရပ်အဖြစ် လုပ်ခဲ့ကြသည်။ ထို အာဏာရှိသူများက သူ့ကို 'အနီ' ဟုသတ်မှတ်ကာ မျက်စေ့ဒေါက်ထောက် ကြည့်နေခဲ့သည်။ ၀န်ကြီးက လှောင်၊ သံရုံးကပြောင်ခြင်းများ ခံခဲ့ရသည်။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်သောအခါ သူ့ကို အင်းစိန်ထောင်ထဲ ထည့်လိုက်ကြလေသည်။ သူကတော့ ဆိတ်ဖလူးနံ့ကိုသာ အာရုံပြုနေခဲ့ သည်ဟု ဆိုသည်။
ဆရာ ဒဂုန်တာရာ ဘ၀ကို ပြန်ကြည့်လိုက်ရင် ဗမာပြည်လိုနိုင်ငံမှာ ကိုယ့်လိပ်ပြာကိုယ် ရှက်တတ်သူတယောက်၊ ဘယ်လိုဘယ်ပုံနဲ့ လက်ဝဲစာရေးဆရာဟု အသတ်မှတ်ခံလာရသည်၊ လူထု တိုက်ပွဲတွေထဲ ပါလာသည်၊ ထောင်ထဲရောက်ရသည် ဆိုတာတွေကို တွေ့ရပါမည်။ တရုတ်စကားပုံများ တွင် 'သူရဲကောင်းဆိုတာ တွန်းပို့ခြင်းခံရသူ' ဟူ၍ ရှိပါသည်။ ဆရာသည်လည်း ကဗျာလေးရေး၊ ပန်းချီလေးဆွဲ၊ စန္ဒယားလေး တီးနေချင်သော်လည်း ထောင်နှစ်ရှည်ကျသည်အထိ နိုင်ငံရေးလုပ်လာ သည့် ဘ၀ကို ရောက်လာပုံ တွေ့ရပါမည်။ ထို့ပြင် သူ၏ နိုင်ငံရေးတွင်ပါဝင်မှုမှာလည်း ဒုတိယကမ္ဘာစစ် အစပိုင်းမှစလို့ ထောင်ထဲရောက်တဲ့အထိ တဆင့်ပြီးတဆင့် မြင့်တက်လာသည်။ နိုင်ငံရေးနယ်ပယ်နှင့် အဝေးကနေ အနီးသို့ ရောက်လာခဲ့သည်။ အပြင်ကနေ အတွင်းသို့ ရောက်လာခဲ့သည်။
ဤစာကိုရေးရင်း ကျနော့်ဖာသာ အချက်တချက် စဉ်းစားနေမိသည်။ စာဖတ်သူလည်း စဉ်းစား ကြည့်စေချင်ပါသည်။
အကယ်၍သာ ဒဂုန်တာရာဆိုသော ပုဂ္ဂိုလ်ကြီးသည် သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း စသူတို့နှင့် မပေါင်းမိခဲ့လျင်-
အကယ်၍သာ ဒဂုန်တာရာသည် တာရာမဂ္ဂဇင်းကို မထုတ်ဝေခဲ့လျင်-
အကယ်၍သာ ဒဂုန်တာရာသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနောက်က မလိုက်ခဲ့ဘူးဆိုလျင်-
အကယ်၍သာ ဒဂုန်တာရာသည် ဆိတ်ဖလူးနံ့သင်းသော နေရာသို့ ရောက်မသွားခဲ့လျင်-
တာရာလင်းယုန်။
၂၀၀၈၊ မတ်လ။

Subscribe to:
Posts (Atom)