Monday, October 13, 2008

မိုးလိုက်လို့ရွာ
ရေးသူ- ဗန်းမော်တင်အောင်


(၁)

လွတ်လပ်ရေးရရှိပြီးနောက် ဆယ်နှစ်ဆယ်မိုးမျှ ဖြစ်ချင်သလိုဖြစ်နေခဲ့သော တိုင်းပြည်ကြီးတွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်၍ တရားမျှတသန့်ရှင်းသော အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးရန်အတွက် (၁၈) လမျှ လောက်သာ အုပ်ချုပ်သွားခဲ့သော ဗိုလ်ချုပ်နေဝင်း အစိုးရ၏လက်ထက်အတွင်း 'တရားဥပဒေ၏ ရှေ့မှောက်တွင် ညီမျှခြင်း ရှိစေရမည်' ဟူ၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးက အတိအလင်း ရည်ညွှန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကံကောင်းသူများနှင့် ကံဆိုးသူများဟူ၍ နှစ်မျိုးနှစ်စားရှိခဲ့ကြလေသည်။ အဆိုးနှင့်အကောင်း ဒွန်တွဲနေသော သဘာဝကြီးအတွင်း၌ ယင်းကဲ့သို့ ကံဆိုးသူနှင့် ကံကောင်းသူဟူ၍ နှစ်မျိုးနှစ်စားရှိနေခြင်းမှာ သဘာဝနှင့် ဆန့်ကျင်သော တရားဓမ္မကား မဟုတ်ချေ။ ကံဆိုး၍ လူပေါင်းမှားသွားသော အဇာတသတ်ကဲ့သို့ ပါရမီ ရင့်သန်ပြီး ပုဂ္ဂိုလ်ကြီးတဦးကိုပင် သံသရာမှရွေးနှုတ်၍ ၎င်းနှင့်အတူ နိဗ္ဗာန်သို့ တပါတည်းခေါ်ဆောင် သွားလိုသော ဗုဒ္ဓသည် မည်သို့မျှမတတ်နိုင်သဖြင့် လက်လွှတ်ထားခဲ့ရသည့်အဖြစ်ကို ဗုဒ္ဓရှင်တော်၏ ဒေသနာနှင့် ကျမ်းဂန်များ၌ အတိအလင်း ဖော်ပြထားလေသည်။


ယင်းသို့ ကံကောင်းသူများနှင့်ကံဆိုးသူများ၏ အကြောင်းကို ဘက်မလိုက်သော စာရေးဆရာတဦးအနေနှင့် မှတ်တမ်းတင်ရေးသားဖော်ပြခြင်းပြုရန် တာဝန်ရှိသော်လည်း ကံကောင်းသူများ၏ အကြောင်းကို ရေးသားဖော်ပြနိုင်ရန်အတွက် ကျွန်တော်သည် ထိုအခွင့်အရေးကို မရရှိခဲ့ပေ။ သို့ရာတွင် ကံဆိုးရှာကြသူများ၏ အကြောင်းကိုကား ထိုက်သင့်သလောက် ရေးသားဖော်ပြခြင်း ပြုရန်အတွက် ကျွန်တော်သည် အခွင့်အရေးများ ကောင်းစွာရရှိခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်နေဝင်းအစိုးရ၏ လက်ထက် အတွင်း ရန်ကုန်ဗဟိုရှိ စံပြထောင်ကြီးသို့ ကျွန်တော်သည် ဒုတိယအကြိမ် ဝင်ရောက်နေထိုင် ခြင်း ပြုခဲ့ရပြန်သောကြောင့်ဖြစ်လေသည်။
နိုင်ငံတော်၏ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊ သန့်ရှင်း၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီးကျင်းပရေးကိုလည်းကောင်း၊ တနည်း မဟုတ်လျှင် တနည်းနည်းဖြင့် နှောက်ယှက်ဖျက်ဆီးခြင်း ပြုလိမ့်မည်ဟု သတ်မှတ်ခြင်းကို ခံရသဖြင့် ရန်ကုန်ဗဟိုထောင်ကြီးအတွင်း၌ ချုပ်နှောင်ထားခြင်း ခံနေခဲ့ရသူများထဲတွင် နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ အစိုးရအမှုထမ်းအရာထမ်းများ၊ စာရေးဆရာ၊ သတင်းစာဆရာများ၊ ရုပ်ရှင်ဒါရိုက်တာများ၊ အလုပ်သမားများနှင့် ခါးပိုက်နှိုက်မှအစ မိန်းမထိန်း များပါမကျန် လူတန်းစားပေါင်းစုံပါဝင်လျက်ရှိလေသည်။
တရုတ်၊ ကုလား၊ မြန်မာ၊ ကရင်၊ ကချင်၊ ရှမ်း၊ ချင်းနှင့် မလေး စသော လူမျိုးပေါင်းစုံလည်း ပါဝင်လျက်ရှိလေသည်။ ဖဆပလ အစိုးရမကွဲမီ ပထမအကြိမ် ရန်ကုန်ထောင်၌ နေထိုင်ခဲ့ရစဉ်ကထက် ဗိုလ်ချုပ်နေဝင်းအစိုးရ လက်ထက်တွင် လူပေါင်း လည်းစုံ၍ များလည်း များသည်ကို တွေ့ခဲ့ရသည်။
နိုင်ငံရေးသမားများထဲတွင် ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်၊ အလုပ်သမားပါတီ၊ ပမညတ၊ သန့်ရှင်းဖဆပလနှင့် အလံနီလူငယ့်တပ်ဦးတို့မှာ အများဆုံးဖြစ်လျက် တည်မြဲဖဆပလ နှစ်ယောက် သုံးယောက်ခန့်မျှသာ ခဏမျှတွေ့ရ ပြီးနောက် အာမခံရရှိသွားသဖြင့် ကံဆိုးသူများ စာရင်းမှ လွတ်မြောက်သွားကြသည်။
စီးပွားရေး သောင်းကျန်းသမားများထဲတွင် မာရဝါရီကုလားသူဋ္ဌေးများက အစ ကွမ်းယာသည်နှင့် မုန့်ဟင်းခါးသည်များကအထိ ပါဝင်သည်။ အစိုးရ အမှုထမ်း အရာထမ်း များထဲတွင်လည်း ဌာနပေါင်းစုံနှင့် ဘုတ်အဖွဲ့ပေါင်းစုံမှ တော်တော်ကလေး စုံလေသည်။ စာရေးဆရာ သတင်းစာဆရာများထဲတွင် ရန်ကုန်နေ့စဉ်သတင်းစာမှ ဦးယုမောင်၊ မြန်မာ့အလင်း သာဂဒိုး၊ ကြယ်နီမှ ကိုတင်ဦးနှင့်ကိုစံ၊ ဗိုလ်တထောင်မှ ဦးအောင်စိန်နှင့် ကြေးမုံမှ ကိုကြည်မြင့်တို့သည် ကံဆိုးကြလေသည်။ ရုပ်ရှင်ဒါရိုက်တာ ကိုမျိုးအောင်တယောက် လည်း ခေတ္တဝင်လာသေးသည်။ ယင်းသို့ ကံဆိုးသူ လူတန်းစားများထဲတွင် မည်သို့မျှ အတန်းအစား သတ်မှတ်၍ မဖြစ်သော ပုဂ္ဂိုလ်ကြီးနှစ်ဦးလည်း ပါဝင်လာကြသေးသည်။ ၎င်းတို့မှာ 'လူသေလူဖြစ်' ကျမ်းစာအုပ်ကို ရေးသားထုတ်ဝေခဲ့ကြသော တောင်တွင်း ဆရာတော် အရှင်ဥက္ကဋ္ဌနှင့် ပန်းတနော်ဆရာတော် အရှင်ဝါသဝတို့ဖြစ်ကြသည်။ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်မရှိ၍ ဖမ်းဆီးထားသော နိုင်ငံခြားသား တရုတ်ကုလားများမှာ များသောအားဖြင့် ကုလားအို၊ ကုလားနာနှင့် တရုတ်ကျိုး၊ တရုတ်ပဲ့များသာလျှင် များပြားလေ သည်။
ယင်းသို့ ကံဆိုးလျက်ရှိကြသော လူတန်းစားပေါင်းစုံနှင့် လူမျိုးပေါင်းစုံတို့ကို တွေ့ဆုံ သိကျွမ်း၍ ၎င်းတို့နှင့် ဘဝတူအဖြစ်ဖြင့် ရင်းရင်းနှီးနှီး ပေါင်းသင်းနေ ထိုင်ခဲ့ရသဖြင့် ၎င်းတို့၏ အကြောင်းကို အထိုက်အလျောက် မှတ်တမ်းတင် ရေးသားနိုင်ခွင့်ကို ကျွန်တော်သည် ရရှိခဲ့ခြင်းလည်း ဖြစ်လေသည်။ ရန်ကုန်ထောင်ကြီးအတွင်း၌ ဘဝတူကံဆိုးသူပေါင်း နှစ်ထောင် သာသာခန့် တွေ့ဆုံခဲ့ရသည့်အနက်၊ အများတကာထက် ထူးထူးခြားခြားကံဆိုးလှသူ 'ကြပ်ပြား' အမည်ရှိ တမီလ် ကုလားမဲကလေးတယောက်၏ အကြောင်းနှင့် အဖြစ်သနစ်ကို ရှေးဦးစွာ ရေးသားဖော်ပြခြင်းပြုလိုသည်။

(၂)

ကျွန်တော်တို့အားလုံးက ချစ်စနိုး၍ သူ့အား 'ကြပ်ပြား' ဟု ခေါ်လေ့ရှိကြသည်။ အခေါ်ရ လွယ်ကူစေရန်အတွက်လည်းဖြစ်သည်။ သို့ရာတွင် ၎င်း၏ နာမည်အရင်းနှင့် အမှန်မှာ 'ကယပ်မီးယား' ဟူ၍ ဖြစ်လေသည်။
ကယပ်မီးယားခေါ် ကြပ်ပြားသည် အိန္ဒိယနိုင်ငံတော်တိုင်းသား တမီလ်အမျိုးသား ကုလားမဲကလေး တယောက်မျှသာဖြစ်သည်။ ဆင်းရဲနွမ်းပါးသော သူ၏မိဘနှစ်ပါးတို့သည် အိန္ဒိယနိုင်ငံတော်အတွင်းမှ မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း (၃ဝ) သာသာခန့်က လယ်အလုပ်ကို ဝေးဝေးလံလံ လာရောက် လုပ်ကိုင်ရင်း သူ့အား ဖျာပုံနယ်ဘက်တွင် မွေးထုတ်လိုက်ကြသည်။ တမီလ် ကုလားမဲကလေးသာဖြစ်သော်လည်း ကြပ်ပြားသည် မြန်မာပြည်ပေါက် တို့ဗမာ ကုလားဖြစ်လေသည်။
လယ်လုပ်ကိုင်သော မိဘများနှင့်အတူ မြန်မာကျေးရွာများတွင် နေထိုင်ကြီးပြင်း၍ မြန်မာဘုန်းတော်ကြီးကျောင်းများတွင် ပညာသင်ကြားခဲ့ဖူးဟန်ရှိသဖြင့် ကြပ်ပြားသည် မြန်မာစကားကို ရေရေလည်လည် ပြောတတ်ဆိုတတ်ရုံမျှသာမက ဘုရားရှိခိုးအမျိုးမျိုးကို လည်း အထစ်အငေါ့မရှိဘဲ ရွတ်ဆိုတတ်လေသည်။ ပျင်းပျင်းရှိသောအခါလည်း ကျွန်တော် သည် ကြပ်ပြားကို လက်ဖက်ရည် တခွက်ဖျော်၍တိုက်ကာ ဘုရားရှိခိုးခိုင်းလေ့ရှိသည်။ တမီလ်သံဝဲဝဲနှင့် သူ၏ ဘုရားရှိခိုးသံကို ဘေးမှနားထောင်နေသည်မှာ ကြည်နူးလွမ်းဆွတ် ဖွယ်ရာ ကောင်းလေသည်။ "သြော်ကသာ.... သြော်ကသာ.... သြော်ကသာ" စသော အစချီသော အသံကလေးကအစ ချစ်စရာကောင်းသည်။ ကရုဏာသက်စရာ ကောင်းလေ သည်။
ကြပ်ပြားသည် ဘုရားရှိခိုးအမျိုးမျိုးကို ရွတ်ဆိုတတ်ရုံမျှသာမဟုတ်၊ ဘာသာတရားကို များစွာ ရိုသေကိုင်းရှိုင်းသော တမီလ်ကုလားကလေးတယောက်လည်း ဖြစ်လေသည်။ စစ်ဦးစီးချုပ် ဗိုလ်နေဝင်း အစိုးရလက်ထက် သာမဟုတ်ဘဲ၊ ဆဋ္ဌသင်္ဂါယနာတင် ယခင် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ လက်ထက်၌ ဖြစ်ဘိမူ ကြပ်ပြားအား အထူးလျှော့ရက်များပေး၍ ရန်ကုန်ထောင်တံခါးကြီးကို ဖွင့်ကာတခါတည်း လွှတ်ပေးလိုက် လိမ့်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကြပ်ပြားသည် မင်္ဂလာတရားတော်ကို ခေါင်းပြန်၊ အမြီးပြန် ရွတ်ဆိုခြင်း ပြုတတ်ရုံမျှသာ မဟုတ်သေး၊ ထိုတရားတော်အတိုင်း လက်တွေ့ကျင့်သုံးခြင်း ပြုလျက်ရှိသော ဗုဒ္ဓဘာသာဝင် တို့ဗမာ တမီလ်ကုလားကလေး တယောက်ဖြစ်သောကြောင့် ပင်။
အိပ်ဆောင်တံခါးများမဖွင့်မီ ကြပ်ပြားသည် လောကနီတိဆရာ၏ သြဝါဒအတိုင်း အိပ်ရာမှ စောစောစီးစီးထလေ့ရှိသည်။ ထို့နောက် ဘုရားပန်းအိုးနှင့် သောက်တော်ရေများကို သန့်ရှင်းလဲလှယ်သည်။ ဘုရားသခင်၏ ကိစ္စပြီးစီးလျှင် ပြီးစီးချင်း "သြော်ကသာ.... သြော်ကသာ....သြော်ကသာ....." နှင့် ဘုရားဝတ်ပြုတော့သည်။ ယင်းသို့ ကြပ်ပြားဘုရား ရှိခိုးလျှင် အိပ်ရာမှနိုးနေကြပြီဖြစ်သော ကျွန်တော်တို့တသိုက်သည် မည်သူမျှ အိပ်ရာမှ မထကြသေးဘဲ ငြိမ်၍ နားထောင်နေတတ်ကြသည်။ ဘုရားရှိခိုးပြီးစီး၍ အမျှအတန်းပါ ဝေပြီးနောက် ကြပ်ပြားသည် လူထုလုပ်ငန်းကို စတင်လုပ်ကိုင်ခြင်း ပြုတော့သည်။ အိပ်ဆောင် ကို တံမြက်စည်းလှည်းကျင်းသည်။ အများသောက်ဖို့ ရေခပ်ထည့်သည်။ ထို့နောက် ရေနွေးများတည်ပေးသည်။
ကြပ်ပြားသည် ဘဝတူအကျဉ်းသားများနှင့် သက်ဆိုင်သော လုပ်ငန်းမှန် သမျှကို စေတနာသန့်သန့်ဖြင့် မပျင်းမရိ လုပ်ကိုင်ဆောင်ရွက်ပေးခြင်း ပြုတတ်သောကြောင့် ထိုမျိုးမတူ ဇာတ်ခြားသော တမီလ်ကုလားမဲကလေးကို ကျွန်တော်တို့အားလုံးက သနားချစ်ခင်ကြခြင်း လည်း ဖြစ်လေသည်။ ရပ်ဝေးအကျဉ်းသားတဦးအိမ်မှ ထောင်ဝင်စာမလာနိုင်၍ ဆေးလိပ်ပြတ် နေလျှင် သူ့အား ထိုမှ သည်မှ ဝိုင်းဝန်းစွန့်ကြဲပေးကမ်းကြသော ဆေးလိပ်ကလေးများထဲမှ မျှတ၍ ထောက်ပံ့ပေးကမ်းခြင်း ပြုတတ်သည်။ ဘဝတူအကျဉ်းသားတဦးဦး အိပ်ရာမှ မထနိုင်လောက်အောင် နေထိုင်မကောင်းဖြစ်လာသောအခါများတွင် ကြပ်ပြားသည် ထိုလူမမာ၏ ဆီးအိုးကို သူကိုယ်တိုင် မရွံမရှာ သွား၍ သွန်ကာ ဆေးကြောပေးခြင်းလည်း ပြုတတ်သည်။ ထိုလူနာ၏ အဝတ်အစားများကိုလည်း ဖွပ်လျှော်ပေးတတ်သည်။ ဘဝတူ အကျဉ်းသားတယောက်ယောက်က အားမနာ၍ ခိုင်းသည်ဆိုလျှင် ခိုင်းသမျှကို မငြိုမငြင်နှင့် လုပ်ကိုင်ပေးနိုင်သော အရည်အချင်းများသည် ကြပ်ပြား၌ အပြည့်အဝရှိသည်။ ထိုကဲ့သို့သော အရည်အချင်းကို ကြပ်ပြားသည် အဘယ်ကဲ့သို့ စုဆောင်းရရှိထားခဲ့သည်ကို မည်သို့မှ မတွေးတတ်သဖြင့် ကျွန်တော်သည် အံ့သြရုံမျှသာ အံ့သြနိုင်တော့သည်။
ကြပ်ပြားသည် ဘယ်တော့မှ ငြိမ်ငြိမ်သက်သက်ကလေးထိုင်နေသည်၊ သို့မဟုတ် လှဲနေသည်ဟူ၍ မရှိချေ။ သူသည် အမြဲလိုလို လှုပ်ရှားသွားလာနေသည်။ ထိုသို့ လှုပ်ရှား သွားလာနေသမျှသည်လည်း ဘဝတူအကျဉ်းသား တဦးဦး၏ ကိစ္စတခုခုကို ဆောင်ရွက် လုပ်ကိုင်ပေးနေခြင်းမျှသာ ဖြစ်လေသည်။ ထိုသို့ လုပ်ကိုင်သွားလာ နေရသည့်အတွက် ကြပ်ပြားသည် မောပန်းညောင်းညာခြင်း ရှိပုံလည်းမရချေ။ လူအများ၏အတွက် မပင်မပန်း လုပ်ကိုင်ခြင်း ပြုနိုင်သော ခွန်အားကို ထိုကုလားမဲကလေးသည် အဘယ်သို့ ရရှိထားသနည်း။ ကျွန်တော် တို့အားလုံးသည် ကြပ်ပြားကို အံ့သြရုံမျှသာ အံ့သြနိုင်ကြသည်။
အကျဉ်းထောင်အတွင်း၌ ကျရောက်နေသော လူသားတဦးတယောက်သည် မိမိ အတွက် ကုသိုလ်ကောင်းမှု၊ ကျန်းမာရေးနှင့် ပညာရေးများရရှိအောင် လုပ်ကိုင်ဆောင်ရွက် နိုင်ခွင့် များရှိလေသည်။ ကုသိုလ်ကောင်းမှုဆိုရာ၌ မိမိတို့ ယုံကြည်ကိုးကွယ်သော ဘာသာ တရားဆိုင်ရာလုပ်ငန်းများနှင့် လူထုလုပ်ငန်း များဖြစ်ကြသည်။ ကြပ်ပြားသည် အထက်တွင် ဖော်ပြခဲ့သော ဘာသာတရား ဆိုင်ရာ ကုသိုလ်ကောင်းမှုလုပ်ငန်းများနှင့် လူထုလုပ်ငန်းဆိုင်ရာ ကုသိုလ် ကောင်းမှုလုပ်ငန်းများများကို လုပ်ကိုင်ဆောင်ရွက်ခြင်း ပြုသည့်အပြင် ၎င်း၏ ဘာသာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ဂရုတစိုက်လုပ် ကိုင်ဆောင်ရွက် ခြင်း ပြုသည်များကို အံ့သြဖွယ်ရာတွေ့ရှိရသည်။
ကြပ်ပြားသည် ကျွန်တော်၏ထံမှ လစဉ်ထုတ်ဝေနေသော ရှုမဝ၊ သွေးသောက်နှင့် မြဝတီအစရှိသော မဂ္ဂဇင်းများကို မကြာခဏ ငှားရမ်းဖတ်ရှုခြင်း ပြုရုံမျှမက သူမဖတ်နိုင် ရှာသော နေးရှင်းသတင်းစာကို မချင့်မရဲ ကိုင်တွယ်ကြည့်ရှုရင်း သူ့အား အင်္ဂလိပ်စာသင်ပေးဖို့ ကျွန်တော့်အား တောင်းဆိုခြင်းပြုလေသည်။ အင်္ဂလိပ်စာကို တတ်ချင်ရှာသော ကြပ်ပြားသည် ကျွန်တော်က သူ့အားပေးနိုင်သော အချိန်နှင့်အားရဟန်မရှိသဖြင့် အလွန်တရာ သဘော ကောင်းသော ပြည်သူ့ရဲဘော်ပါတီ အတွင်းရေးမှူးချုပ်ဟောင်း ဗိုလ်အုန်းတင်ကိုလည်း ၎င်းအား အင်္ဂလိပ်စာသင်ပေးဖို့အတွက် မကြာခဏသွား၍ အပူကပ်လေ့ရှိသည်။ ယင်းသို့ အင်္ဂလိပ်စာ သင်ကြား၍ နှစ်လခန့်မျှကြာလျှင်ပင် အင်္ဂလိပ်စာသည် မြန်မာစာလောက် မခက်ခဲသည့် အကြောင်းနှင့် (၂) နှစ်လောက်သာ သေသေချာချာသင်ကြားခြင်းပြုရလျှင် ကောင်းကောင်း တတ်လိမ့်မည်ဟု ယုံကြည်ကြောင်းကို ထိုကုလားမဲကလေးက ထုတ်ဖော်ပြောဆိုခြင်း ပြုလေသည်။ အင်္ဂလိပ်စာပေကို ကျောင်းများ၌ ဆယ့်သုံးလေးနှစ်မျှ သင်ကြားခဲ့ရသည့် တိုင် အောင် ဘာမျှမတတ်ကြသေးသော ကျွန်တော်တို့ လူသိုက်က တအံ့တသြနှင့် အကြောင်းကို မေးမြန်းကြည့်ကြသောအခါ မြန်မာစာ၌ ဗျည်း (၃၃) လုံးမျှ ရှိသော်လည်း အင်္ဂလိပ်စာ၌ (၂၆) လုံးမျှသာရှိသည့်အကြောင်းကို ခပ်တည်တည်နှင့် ပြန်လည်ရှင်းလင်း ပြောဆိုလေသည်။ ၎င်းအပြင် သရများတွင်လည်း မြန်မာက အင်္ဂလိပ်ထက် (၉) လုံးမျှပင် များပြားနေသေး သည့်အကြောင်းကို ဆက်လက် ရှင်းလင်းနေပြန်သည်။
ပုလိပ်ရုံးကြီးဘေးမှနေ၍ ဗိုလ်ချုပ်နေဝင်းအစိုးရအား တပ်ရင်းချင်းတဦးစီ ယှဉ်ပြိုင် တိုက်ခိုက်ခြင်း ပြုရန် ချိန်းဆိုဗိုလ်တောင်းခဲ့ကြသော ပမညတ အတွင်းရေးမှူးချုပ် ဗိုလ်မြသွေး၊ ပြည်သူ့ရဲဘော် စစ်သေနာပတိဟောင်း ဗိုလ်အောင်နိုင်တို့နှင့် ကျွန်တော်သည် ရန်ကုန် ဗဟိုထောင် ဆေးရုံတိုက်ဘက်တွင်အတူ စုဝေးနေထိုင်ခဲ့ကြသော ရက်လများအတွင်းက ကျွန်တော်တို့ သုံးဦးစလုံးသည် မိမိတို့၏ ကျန်းမာရေးအတွက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ကြလေသည်။ သွေးတိုးရောဂါရှိသော ဗိုလ်မြသွေးက လမ်းလျှောက်ခြင်းကို ပြု၍ ဗိုလ်အောင်နိုင်က အလေးမသည်။ ကျွန်တော်ကတော့ စာရေးသူ အညောင်းသမားဖြစ်သဖြင့် မျဉ်းပြိုင်ဘားတွင် အညောင်းဖြေခြင်းပြုသည်။ ကျွန်တော်တို့ သုံးယောက်၏ ကိုယ်လက်လှုပ်ရှားမှုများကို အတန်ကြာမျှ အကဲခတ် ကြည့်ရှုပြီး နောက် ကြပ်ပြားသည် ဗိုလ်အောင်နိုင်၏ လမ်းစဉ်ကိုလိုက်ကာ အလေးမ လေ့ကျင့်ခန်းကို ပြုလုပ်လေသည်။ ကျွန်တော်က အလေးမသော လေ့ကျင့်ခန်းသည် အလွန်တရာပြင်းထန် သော ကိုယ်လက်လှုပ်ရှားမှုဖြစ်၍ အစားအသောက်နှင့် အအိပ်အနေကို များစွာ ဂရုစိုက် ရသည့်အကြောင်းကို သတိပေး ပြောဆိုခြင်းပြုလေသည်။ သို့ရာတွင် ဗိုလ်အောင်နိုင်နှင့်တကွ အခြားအလေးမသမားများ၏ အထစ်ထစ် အရစ်ရစ်ဖြစ်နေသော ကြွက်သားကြီးများကို အားကျ ကာ ၎င်းတို့ကဲ့သို့ ဖြစ်ချင်ရှာသော ကြပ်ပြားသည် ကျွန်တော်၏ သတိပေးခြင်းကို နားမဝင်ဘဲ သုံးလေးလခန့်မျှ ဗိုလ်အောင်နိုင်တို့လူသိုက်နှင့် အလေးမ လေ့ကျင့်ခန်းယူလေသည်။ ထိုသို့ ပင်ပန်းသော အလေးမလေ့ကျင့်ခန်းများကို ပြုလုပ်ရင်း အခြားအခြားသော ဗလမောင် များကဲ့သို့ လက်မောင်း၊ ပခုံးနှင့် ရင်အုပ် ကြွက်သားများထွက်မလာဘဲ တနေ့တခြား ဗိုက်ကလေးသာ ပူ၍ ပူ၍ ထွက်လာသောအခါ သူသည် ထိုလေ့ကျင့်ခန်းကို စိတ်ပျက် လက်ပျက်နှင့် တခါတည်း ရပ်ဆိုင်းလိုက်လေသည်။ "ကြပ်ပြားတို့ အလေးမလိုက်တာ ဗိုလ်သား တွေပဲ ထွက်လာပါကလားဟေ့" ဟု ဗိုလ်အောင်နိုင်က ချစ်စနိုး၍ ကျီစယ်လိုက်သော အခါတိုင်း တမီလ်ကုလားမဲကလေးသည် ရှက်ပြုံးကလေးပြုံးနေတတ်လေသည်။
ဤသို့ စိတ်သဘောထား ဖြူစင်မြင့်မြတ်၍ လူအများ၏ ကိစ္စကို စိတ်ရှည် လက်ရှည်နှင့် လုပ်ကိုင် ဆောင်ရွက်ခြင်း ပြုတတ်သော ကြပ်ပြားနှင့်အတူ ရန်ကုန် ထောင်အုတ်ရိုးများအတွင်း ၌ ရက် လ ကာလအတန်ကြာမျှ ရင်းရင်းနှီးနှီး နေထိုင်ခြင်း ပြုလာရသောအခါ ထိုဗုဒ္ဓဘာသာဝင် တမီလ်ကုလားမဲကလေး၏ နောက်ကြောင်းဘဝနှင့် ကံဆိုးခဲ့ရသော အကြောင်းများကို ကျွန်တော်သည် စိတ်ဝင်စားလာမိသည်။ သူ၏အကြောင်းကို သူ့အား တဖြည်းဖြည်း မေးမြန်း ကြည့်မိသည်။

(၃)

ကြပ်ပြားအား ၎င်း၏မိဘများသည် လွန်ခဲ့သည့် နှစ်ပေါင်း (၃ဝ) သာသာ ခန့်က ဖျာပုံနယ်ဘက်တွင် မွေးဖွားခဲ့ကြပြီးနောက်.... ၎င်းလူလားကောင်းစွာ မမြောက်မီ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားကြလေသည်။ ၎င်းမိဘများ သေဆုံး ကြစဉ်က ကြပ်ပြားသည် (၁၅) နှစ်သားခန့်မျှသာ ရှိသေးလျက်...... မှီခိုအား ထားစရာ ဆွေမျိုး ညာတိကာများလည်း မရှိချေ။ ယင်းသို့ဖြင့်........ မိမိအားကို မိမိမနိုင်သေးသော အရွယ်မှစ၍ ၎င်းအပေါ်၌ ရန်စွယ်နှင့် ငေါငေါရှိလှသော ကမ္ဘာမြေပြင်ပေါ်တွင် တောအရိုင်း တိရစ္ဆာန်ကလေးတကောင်နှင့် ဘာမျှ မခြားသော ကြပ်ပြားသည် ရုန်းကန်ကြီးပြင်းလာခဲ့ရဟန်ရှိသည်။
သူ့အဖေသေဆုံးစဉ်က သူသည် စိတ်ထိခိုက်မှုနှင့် ကြောက်ရွံ့မှုများ မရှိလှသော်လည်း သူ၏ နောက်ဆုံး မှီခိုအားထားရာဖြစ်သော မိခင်သေဆုံးသွားသော ညကမူ သူသည် များစွာထိတ်လန့် ကြောက်ရွံ့ခဲ့ရသည့်အကြောင်းကို ကြပ်ပြားသည် အသံတုန်တုန်ရီရီနှင့် ပြန်လည်ပြောပြသည်။ ထိုညက လေပြင်းမုန်တိုင်းကျရောက်ကာ မိုးကြိုးများ ပစ်ခတ်ထစ်ချုန်း လျက်ရှိစဉ် သူသည် မိခင်၏အလောင်းကို တင်းကုတ်အတွင်း၌ သည်အတိုင်း ပစ်ထားခဲ့ပြီး နောက် ပြေးမိပြေးရာသို့ စွတ်ရွတ်၍ ထွက်ပြေးခြင်း ပြုခဲ့မိသည့် အကြောင်း အရာများကိုလည်း မျက်ရည်လေးဝဲကာဝဲကာနှင့်........ ပြောပြလေသည်။
"မင်းမိဘတွေ သေသွားကြတဲ့နောက်ပိုင်းမှာ မင်းဘယ်သူနဲ့နေသလဲကွ" ဟု ကျွန်တော်က မေးမြန်းလိုက်သောအခါ သူသည် ရုတ်တရက် အဖြေမပေးသေးဘဲ အတန်ကြာ မျှ ငိုင်၍နေသည်။
ကြပ်ပြားသည် သူ၏ အားကိုးရာ မိဘများ ကွယ်လွန်ခဲ့ကြပြီးသည့် နောက်ပိုင်းတွင် ရွာကျွန်ကလေးအဖြစ်နှင့် နေထိုင်ခြင်း ပြုခဲ့ရဟန်ရှိသည်။ သူသည် အိမ်တကာ၌ နေထိုင် စားသောက်ခြင်း ပြုရလျက် သူ၏ နေထိုင်စားသောက်ခအတွက် နွားကျောင်း၊ မြက်ရိတ်၊ ထင်းခုတ်နှင့် ကောက်ရိတ်ရသော အလုပ်အကိုင်များကို အမျိုးမျိုး လုပ်ကိုင်ခဲ့ရကြောင်း ပြောပြသည်။ ငါးဖမ်းသောအလုပ်၊ ထင်းခုတ်သောအလုပ်နှင့် ဆားချက်သော အလုပ်များ ကိုလည်း တော်တော်ကလေး နှံ့စပ်အောင် လုပ်ကိုင်ခဲ့ရသည့်အကြောင်း ဂုဏ်ယူသည့် အနေနှင့် အသေးစိတ်ပြောပြခြင်း ပြုသည်။
(၁၅) နှစ်သားအရွယ်ခန့်မှစ၍ သူနှင့်မျိုးမတူ ဇာတ်ခြားသော လူများ အကြားတွင် သူ့ဝမ်းကို သူကျောင်း၍ သူ့ကိုယ်ကို မွေးမြူခဲ့ရသော ကြပ်ပြားသည် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ညောင်တုံးနှင့် လပွတ္တာစသော မြစ်ဝကျွန်းပေါ် အရပ်ဒေသတဝိုက်တွင် ရေကြည်ရာ မြက်နုရာအရပ်ကို လှည့်လည်ရှာဖွေရင်း ငါးနှစ်သာသာခန့်မျှ အချိန်ကုန်လွန် ခဲ့သည်။ ထိုငါးနှစ်မျှသော အချိန်ကာလအတွင်း သူသည် ကြပ်တည်းပင်ပန်းခြင်းရှိသော တိုက်ပွဲပေါင်း များစွာတို့ကို တိုက်ခိုက်၍ သူ၏ အသက်ကလေးတချောင်းကို လူ့လောက ကြီးအတွင်းမှပျောက်ကွယ်၍ မသွားရအောင် မွေးမြူခြင်းပြုခဲ့လေသည်။ သူ၏ ဝမ်းတထွာ အတွက် လုပ်ကိုင်ခြင်းပြုခဲ့ရသော လယ်အလုပ်၊ အင်းအလုပ်နှင့် ဆားချက်သော အလုပ် အကိုင်များကို ကြပ်ပြားသည် အောက်ခြေသိမ်းလုပ်ကိုင်ခဲ့ဖူးဟန်ရှိသဖြင့် ထိုအလုပ် အကိုင်များနှင့် ပတ်သက်၍ နားထောင်နေသူတဦး အံ့သြစိတ်ဝင်စားအောင် ပြောဆိုခြင်းပြု နိုင်လေသည်။
ယင်းသို့ မြစ်ဝကျွန်းပေါ်ဒေသတဝိုက်တွင် သူ၏ သမုဒ္ဒရာဝမ်းတထွာအတွက် အထူးထူး သော တိုက်ပွဲကို ဆင်နွှဲ၍ သူ၏ အသက်တချောင်းကို ရဲရင့်သော လူသားပီပီ မွေးမြူခြင်း ပြုခဲ့သော ကြပ်ပြားသည် အဘယ့်ကြောင့် ရန်ကုန်မြို့တော်ကြီးသို့ ရောက်ရှိလာခဲ့ပြီး နောက် ဆုံး၌ အဘယ်အကြောင်းကြောင့် ရန်ကုန်မြို့တော်ကြီးအတွင်းသို့ ဆက်လက်ချီတက် လာခဲ့ရသည့် အကြောင်းများကို သေသေချာချာသိရှိလိုသေးသဖြင့် "ဒါထက် မင်းခုလို ဖျာပုံတို့၊ ဘိုကလေးတို့ ဘက်မှာနေရာက ရန်ကုန်မြို့ကို ဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲဆိုတာ ကော ပြောပြစမ်းပါဦးကွာ" ဟု ကျွန်တော်က ဆေးပေါ့လိပ်တလိပ်ကို မီးခြစ်နှင့် အတူ လှမ်း၍ပေးရင်း တီးခေါက်မေးမြန်းကြည့်မိသည်။
"ဒီအကြောင်းကို မေးမနေပါနဲ့တော့ အကိုရာ" ဟု စိတ်ပျက်လက်ပျက်နှင့် ညည်းညည်း ညူညူ ပြောဆိုလိုက်ပြီးနောက် ကျွန်တော်လှမ်းပေးလိုက်သော ဆေးပေါ့လိပ်ကို မီးညှိကာ သင်္ဘောခေါင်းတိုင်မှ မီးခိုးထုတ်နေသည်နှင့်မခြား မီးခိုးတလူလူထွက်လာအောင် ဖွာလေသည်။ သူ၏ စကားသည် မဆုံးသေးသဖြင့် နောက်ထပ်ဆက်လက်ပြောဆိုဦးမည့်စကားကို ကျွန်တော်သည် နားရွက်မျှပင် မခတ်ဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနားထောင်နေမိသည်။ ဆေးပေါ့လိပ်ကို အားရကျေနပ်လောက်အောင် ဖွာပြီးကာမှ "ရန်ကုန်ကို ကျနော်မလာချင်ဘူး အကို၊ တကယ်ပါ ဘုရားစူး၊ ဒါပေမယ့် မလာရင်မဖြစ်လို့ လိုက်လာခဲ့ရတာပါ" ဟု ဆက်လက် ပြောဆိုလိုက်ပြန်သည့်အတွက် ဖျာပုံ၊ ဘိုကလေး အစရှိသော တောအရပ်ဒေသများထက် အစစအရာရာတွင် သာလွန်သော ရန်ကုန်မြို့တော်ကြီးသို့ မလာလိုဘဲ လိုက်လာခဲ့ရ သည်ဆိုသော ထိုကုလားမဲကလေးကို ကျွန်တော်သည် ပို၍ စိတ်ဝင်စားလာသည်။ ထို့ကြောင့် "မင်းဟာက မလာချင်ဘဲနဲ့များတောင် ထောင်ကျခံရအောင် တမင်သက်သက်လာခဲ့တာများ အံ့ပါရဲ့ကွာ" ဟု ၎င်း၏ဝမ်းတွင်းမှ အံထွက်လာအောင် ခပ်ဆောင့်ဆောင့်ကလေး ထိုးဆွပေး လိုက်သည်။
"တောမှာက ငြိမ်းချမ်းရေးမရှိတော့ဘူးအကို၊ ခဏခဏစစ်တိုက်နေတယ်။ ငြိမ်းချမ်းရေး မရှိဘူး၊ စစ်ခဏခဏ တိုက်နေတယ်နော်....... ကျနော်တို့ ဆင်းရဲသား ဘာလုပ်စားမလဲ အကို"
ထိုသို့ ပြောဆိုလိုက်သည့်အတွက် ကျွန်တော်သည် တမီလ်ကုလားကလေးအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများထက် အထင်ကြီးသွားမိသည်။ အဘယ်ကြောင့်ဆိုသော် ဘဝအတွေ့ အကြုံမှ မှန်ကန်သောစကားကို ပြောဆိုနိုင်ခြင်းကြောင့် ဖြစ်လေသည်။ သို့ရာတွင် သူ့ဝမ်းထဲ တွင်ရှိသောစကားများ အကုန်လုံးထွက်ကျလာအောင် "ဟေ့ တောမှာ ငြိမ်းချမ်းရေးမရှိရအောင် ဘာ တွေဖြစ်နေလို့လဲကွ" ဟု ကျွန်တော်က အတည်ပေါက်နှင့် ပြန်၍မေးလိုက်သည်။
"အာရေ ဘာဘာ" ကြပ်ပြားသည် ကျွန်တော့်အား များစွာ အထင်သေး သွားသကဲ့သို့ ညည်းညူလိုက်သည်။ သို့ရာတွင် ကျွန်တော်သည် ဣနြေ္ဒမပျက်ဘဲ "မင်း ဘာဘာကို ဘေးချိတ်ထားပီး တောမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ပြောပြစမ်းပါဦးကွ" ဟု ခပ်တည် တည်နှင့် ဟောက်လိုက်ရသည်။
"အကိုတို့ရန်ကုန်မှာနေတယ်နော်၊ တောမှာ ဘာတွေဖြစ်နေသလဲ ကောင်းကောင်းမသိ ဘူး"
"တောမှာ ဘာတွေဖြစ်နေလို့တုန်းကွ၊ မင်းဟာက ပြောပဲ ပြောစမ်းပါဦး"
"အာရေ ဘာဘာ၊ တောမှာနော် တော်လှန်ရေးသမား အမျိုးမျိုးရှိတယ် အကို၊ ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်၊ အလံနီ၊ ကော်သူလေး အများကြီးပဲ အကို၊ ဒါတွေကို အကိုတို့မြို့မှာ မသိဘူးလား" ကြပ်ပြားက တော်လှန်ရေးသမားတွေဆိုသော ဝေါဟာရကို ထည်ထည်ဝါဝါ သုံးစွဲခြင်းပြုလိုက်သည့်အတွက် ကျွန်တော်သည် ထိုရွာကျွန် ကုလားကလေးအား အထင်ကြီး လိုက်ရပြန်သည်။ ထို့ကြောင့် "ကောင်းကောင်းမသိလို့ ပြောပြစမ်းပါဦးကွ" ဟု ခပ်တည်တည် နှင့်ပင် အပြောခိုင်းရပြန်လေသည်။
"ဒီတော်လှန်ရေးသမားတွေကလဲ သိပ်ခက်ပါတယ်အကို၊ သူတို့အားလုံး အစိုးရကို တိုက်သလို အချင်းချင်းလဲ တိုက်နေကြတယ်။ တခါတလေ ဘယ်သူ့ကို ဘယ်သူက တိုက်မှန်းတောင် မသိတော့ဘူး။ ဒီလို စစ်ခဏခဏ တိုက်နေတော့ ကျနော်တို့ ဘာသွားလုပ်စားရမလဲအကို၊ တောမှာအလုပ်လုပ်စားဖို့ သိပ်ခက်တယ်၊ အရင်အင်္ဂလိပ် ဆပ်တွေတုန်းကလို မလွယ်ဘူးအကို"
"တော်လှန်ရေးသမားတွေ အချင်းချင်းလဲ တိုက်ကြတာ တကယ်ပဲလားကွ၊ ကြပ်ပြားရဲ့"
"ရန်ကုန်ကို ကျနော်ထွက်ပြေး မလာခင် ကံဘောက်ရွာမှာ တနှစ်လောက် လယ်လုပ်တယ်အကို၊ အဲဒီတနှစ်အတွင်းမှာ ကျနော်နေတဲ့ ကံဘောက်ရွာကို ပထမ အစိုးရအုပ်ချုပ်တယ်၊ နောက် ကော်သူလေးအုပ်ချုပ်တယ်၊ ကော်သူလေး ပြီးတော့ ပြည်သူ့ရဲဘော်၊ ပြီးတော့ ကွန်မြူနစ်တပ်နီ လာတယ်၊ တပ်နီကို အလံနီက တိုက်ပြီး အုပ်ချုပ်တယ်၊ အလံနီပြီးတော့ ဓားပြတွေလာတယ်၊ ဓားပြပြီးတော့ အစိုးရပြန်လာတယ်။ အဲဒီလို တယောက်တလှည့် အုပ်ချုပ်ပြီး အစိုးရ တမျိုးလာရင် အခွန်တော် တခါတောင်းတယ်၊ ဒီတော့ ကျနော်တို့ ဆင်းရဲသားတွေ ဘာလုပ်စားဦးမလဲအကို"
"ဟေ၊ ဒါလောက်တောင်မှပဲလားကွ"
"ကျွန်တော် လိမ်မပြောဘူးအကို ဘုရားစူး"
"ကျိန်မနေပါနဲ့ကွာ၊ မင်းပြောတာ ငါယုံပါတယ်"
"နောက်ပြီးတော့ ရှိသေးတယ်အကို၊ ကော်သူလေးက အစိုးရကို မကောင်း ဘူးပြောတယ်၊ ပြည်သူ့ရဲဘော်က ကော်သူလေး မကောင်းဘူးပြောတယ်၊ ကွန်မြူနစ်က ပြည်သူ့ရဲဘော်ကို အချောင်သမားပြောတယ်၊ ကွန်မြူနစ်ကို အလံနီက အလကားကောင်တွေ လို့ ပြောတယ်၊ ဒမြက အလံနီကို သောင်းကျန်းသူလို့ ပြောတယ်၊ ဒမြကို အစိုးရက ကာကွယ်ရေးလို့ခေါ်တယ်။ ဒီလိုအမျိုး ပြောနေတာကို ကျနော်တို့က ဘာယုံရမလဲအကို၊ စဉ်းစားကြည့်စမ်းပါဦး"
ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရနှင့်တကွ တော်လှန်ရေးသမားဆိုသူ များအားလုံးကို ၎င်းနားလည်သလောက် ရိုးရိုးသားသား ဝေဖန်ပြစ်တင်လျက် ရှိသော ကြပ်ပြားကဲ့သို့ ကုလားမဲကလေးအား ကျွန်တော်သည် မလေးစားဘဲ မနေနိုင်တော့ချေ။ သို့ရာတွင် ၎င်း၏ သဘောထားကို တိတိကျကျ သိရှိနိုင်ရန် အတွက် "ဒီအထဲမှာ မင်း ဘယ်သူ့ကို သဘောအကျဆုံးလဲကွ" ဟု ကျွန်တော်က ရုတ်တရက်မေးမြန်းလိုက်မိသည်။ ကြပ်ပြားသည် ကျွန်တော်၏ အမေးကို ဘာမျှစဉ်းစားခြင်းပြုရန်မလိုသကဲ့သို့ "အားလုံးကို ကြိုက်တယ်အကို၊ နောက်ပြီး အားလုံးကို မကြိုက်ဘူး" ချက်ချင်းပြန်လည်ပြောဆိုလိုက်သဖြင့် ကျွန်တော်ပင် ကြောင်သွားသည်။ သူ၏စကားကို အချိန်ယူ၍ စဉ်းစားပြီးမှ "မင်းဟာက အဓိပ္ပာယ်မရှိပါဘူးကွာ" ဟု ပြန်ပြောလိုက်ရလေသည်။
"ရှင်းပါတယ်အကို၊ အားလုံးကို ကြိုက်တာက သူတို့အားလုံး လူထုအတွက် ကောင်းအောင်လုပ်ပေးမယ် ပြောလို့ ကြိုက်တာပဲ။ အားလုံးကို မကြိုက်ဘူးဆိုတာက သူတို့ပါးစပ်က ပြောသလို ဘာမှ မလုပ်ပေးနိုင်လို့ပေါ့ အကို"
ကျွန်တော်သည် တမီလ်ကုလားမဲကလေးကို လက်မြှောက်လိုက်ရသည်။ ၎င်း၏ မြစ်ဝကျွန်းပေါ်ဒေသတဝိုက် စွန့်စားခန်းများကို မေးမြန်းခြင်း မပြုဝံ့တော့ဘဲ ရန်ကုန်စွန့်စားခန်း ကို ဆက်လက်မေးမြန်းကြည့်ရသည်။

မိုးလိုက်လို့ရွာ ပထမပိုင်းပြီး။

Sunday, October 12, 2008

ကျနော့ဆရာများ
ရေးသူ- မောင်အေးဝင်း

၁။ Master Jack

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်၊ ထောင်ထဲမှာတုန်းက(၁၉၇၆-၁၉၇၈)၊ တယောက်ထဲ တိုက်ထဲမှာ နေရစဉ်မှာ စဉ်းစားစိတ်ကူးခဲ့တာတွေ ခုထိ မှတ်မှတ်ရရ ရှိနေတာတွေလဲ ရှိသလို၊ မေ့ပျောက်ကုန်တာတွေလဲ အများကြီးပေါ့။ ကျောင်းတက်နေတုန်း ထောင်ကျခဲ့တော့၊ စဉ်းစား တဲ့အထဲမှာ ကျောင်းအကြောင်းတွေ၊ ကျောင်းနဲ့ ဆက်စပ်မှုတွေ အများကြီးပါပဲ။ ကိုယ့်ဆရာ တွေအကြောင်းက ထိပ်ဆုံးက......။ ငါ...ထောင်က ထွက်ရင် ငါ့ဆရာတွေ ဆရာမတွေ အကြောင်း ရေးရင်ကောင်းမှာလို့ အတွေးတရပ် ပေါ်ခဲ့တယ်။ ဒါပေမယ့် ကိုယ်ထွက်တဲ့ မရှေး မနှောင်းမှာ စာပေဗိမန်ကလားမပြောတတ်ဘူး။ စာအုပ်တအုပ်ထွက်လာတယ်။ မင်းကျော် (ဦးကျော်ဆွေ) ရေးတဲ့ "ကျွန်တော့်ဆရာများ" တဲ့။ ဒါနဲ့ ကိုယ့်အကြံအစည်လဲ နဲနဲလျော့လျဲသွား တယ်။ မြုပ်ချည်ပေါ်ချည် ဒီအကြံဟာ ဘန်ကောက်မှာ ၀ရမ်းပြေးဘ၀က တော်တော် သည်းသည်းထန်ထန် ဖြစ်လာသေးတယ်......။



ကိုယ်က.. မော်လမြိုင်ဇာတိ။ မော်လမြိုင် စိန့်ပက်ထရစ်ကျောင်းမှာ သူငယ်တန်း (K.G. C) ကနေ ၅ တန်းအထိ နေခဲ့တယ်။ ကိုယ်ရေးရမယ့် ဆရာစာရင်းထဲမှာ ပထမနေရာမှာ ယူထားတာ၊ ၅တန်းတုန်းက အတန်းပိုင်ဆရာ Master Jack ပဲ။ အဲဒီတုန်းက ဆရာဂျက် အသက် ဘယ်လောက်များ ရှိမလဲလို့ ခန့်မှန်းချင်လို့ ခု Las Vegas မှာနေ, နေတဲ့ မော်လမြိုင်သား ဗမာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးကိုကိုကြီးကို မေးကြည့်တာ 'Master Jack က ငါတို့ သုံးတန်းတုန်း က ဆရာလေ.......ခု ငါပဲ ၇၁ ရှိပြီဥစ္စာ....' တဲ့။
ဆရာ့နံမည်အပြည့်အစုံက Jack Than Lwin ။ သူက အင်္ဂလိပ်ကုလားကပြား။ တောင်ရိုးတန်းလို့ခေါ်တဲ့ အရပ်မှာ နေတယ်။ ဆရာဂျက်ဆိုတာနဲ့ကို သူ့တပည့်တွေ အရင်ဆုံး ပြောကြမှာ သူ့ရဲ့ အင်မတန်လှပတဲ့ လက်ရေးလက်သားပဲ။ စာသင်ပုန်းပေါ်မှာ မြေဖြူနဲ့ပဲ ရေးရေး၊ စာရွက်မှာ ဖောင်တိန်နဲ့ပဲရေးရေး သူ့ရဲ့ အင်္ဂလိပ်စာလက်ရေးဟာ...... အင်္ဂလိပ်ကဗျာ စာအုပ်တွေမှာ တွေ့ရတတ်တဲ့ ပန်းချီဆန်တဲ့ ကဗျာလက်ရေးပဲ။
ကိုယ်က လက်ရေးဆိုးတော့ ဆရာဂျက်က ကိုယ့်ကို ကျောင်းစာအုပ်ဆိုင်မှာ သူငယ်တန်းတွေ လက်ရေးလှကျင့်တဲ့ မျဉ်းလေးကြောင်းစာအုပ်ကို ၀ယ်ခိုင်းပြီး၊ လက်ရေးလှ ရေးခိုင်းတာ၊ ၅တန်း တနှစ်လုံးပဲ။
ဆရာက အင်္ဂလိပ်ကုလားကပြား။ အသားအရေက အညိုနဲ့အမဲကြား။ ဒါပေမယ့် အမြဲတမ်း သပ်သပ်ရပ်ရပ် ရိတ်ထားတဲ့ ပြောင်နေတဲ့ ပါးသိုင်းမွေးမုတ်ဆိတ်မွေးတွေဟာ စိမ်းစိမ်းထနေတယ်။ ပုဆိုးဝတ်တာ သိတ်မတွေ့ရဘူး။ အမြဲတမ်း ရှပ်အဖြူနဲ့ ဘောင်းဘီရှည်ပဲ။ သစ်သစ်လွင်လွင် မဟုတ်ပေမယ့်၊ လျှော်ပြီးသား ကော်တင် မီးပူတိုက်ထားတာ အမြဲ တောင့်တောင့်တင်းတင်း။ နွမ်းနွမ်းကြေကြေ ဘယ်တော့မှ မရှိဘူး။
သူက ကျောင်းအုပ်ဆရာကြီး အင်္ဂလိပ်ဘုန်းကြီးရဲ့ အားကိုးရာ လက်ထောက် တယောက်လိုပဲ။ တလတခါပြတဲ့ ကျောင်းကရုပ်ရှင်ပွဲမှာလဲ ကျောင်းကရုပ်ရှင်စက်ကို သူပဲ ကိုင်ရတာ။ အဲဒီတုန်းက ရုပ်ရှင်ပြစက်က တလုံးထဲဆိုတော့၊ ရုပ်ရှင်ပြနေတုန်း ဖလင်တလိပ် ကုန်တိုင်း တခါ လဲရတယ်။
ဆရာဂျက်က ကိုယ်တို့ အတန်းပိုင်လဲ ဖြစ်သလို၊ ကျောင်းရုံးက အလုပ်တွေမှာလဲ သူဝင်လုပ်လုပ်ရတာမို့ အတန်းထဲက ကိစ္စတွေမှာ ကိုယ်က သူ့လူယုံ၊ သော့ကိုင်။ register စာအုပ်တွေ၊ report card လို့ခေါ်တဲ့ ကျောင်းသားတိုးတက်မှုမှတ်တမ်းတွေထားတဲ့၊ စာသင်တဲ့ သင်ပုန်းနောက်က ဘီဒိုသော့ကို ကိုယ်က ကိုင်ရတယ်။ မြေဖြူတွေ ဘာတွေကုန်ရင်လဲ ကိုယ်ကပဲ ထုတ်ပေးရတယ်။ ကိုယ်က မေ့တတ်တော့ အိမ်မှာ သော့ကျန်ရစ်တတ်လို့ သော့ကျန်ခဲ့တိုင်း အဆူခံရတယ်။ ကျောင်းခေါ်စာရင်းလဲ သူမအားရင် တခါတလေ ကိုယ်ခေါ် ပေးပြီး စာအုပ်ထဲ ရေးမှတ်ပေးရတယ်။ ကျောင်းမလာတဲ့လူဆိုရင် မလာတဲ့လူရဲ့ နာမည်နဲ့နေ့စွဲ ရေးထားတဲ့ တည့်တဲ့အကွက်မှာ အင်္ဂလိပ်အက္ခရာ a ရေးရတယ်။ လာရင်တော့ အကွက်မှာ စောင်းစောင်း ဒေါင်လိုက် ခြစ်ပေးရုံပဲ။
သူ့အတန်းက အောင်ပြီး ၆တန်းကို တက်ရမယ့်နှစ်မှာ ကိုယ့်မိဘတွေ ရန်ကုန်မှာလာပြီး စီးပွါးလုပ်ကိုင်ကြလို့ ကိုယ်တို့ ရန်ကုန်ကို ပြောင်းလာရတယ်။ အဲဒီနှစ် ကျောင်းတွေကို ပြည်သူပိုင်သိမ်းတယ်။ သာသနာပြုကျောင်းတွေ ပြည်သူပိုင်သိမ်းတော့ ဘုန်းကြီးတွေ ကျောင်းက ထွက်ပေးရပေမယ့် ဆရာဂျက်ကတော့ ကျောင်းမှာ တနှစ်၊ နှစ်နှစ် ဆက်လုပ်နေ သေးတယ်။ နောက်တော့ ပြည်သူပိုင်သိမ်းတော့ ကျောင်းကို လာအုပ်ချုပ်တဲ့စစ်ဗိုလ်ဆိုလား၊ စစ်ဗိုလ်လူထွက်ဆိုလားနဲ့ အဆင်မပြေဖြစ်တာနဲ့ အလုပ်က ထွက်သွားတယ်။ နောက်တော့ သြစတြေးလျားကို ထွက်သွားတယ်လို့ ကြားလိုက်တယ်။
ကိုယ်ဗမာပြည်က ထွက်ပြေးလာရပြီးတော့ စိန်ပက်ထရစ်ကျောင်းသားဟောင်းတွေ ဆရာပူဇော်ပွဲနဲ့ re-union လုပ်တယ်ကြားတယ်။ ကျောင်းသားဟောင်းတွေထဲက တတ်နိုင်တဲ့ သူတွေက ဆရာဂျက်ကို ဖိတ်လို့ သြစတြေးလျားက သူခဏပြန်လာတယ်ကြားတယ်။ ကိုယ်မတွေ့လိုက်ရဘူး။

၂။ Brother James

သူကတော့ ကက်သလစ်ဘုန်းကြီး။ ခရစ်ယန်ဘုန်းကြီးပေမယ့် ဗမာနိုင်ငံသား၊ ကရင် ဗမာစပ် ကက်သလစ် ရဟန်းတပါးပဲ။ ကျနော်တို့က Brother James လို့ ခေါ်ရတယ်။ ကိုယ်တို့ ၅ တန်းမှာ သင်္ချာသင်တယ်။ ပြည်သူပိုင်သိမ်းတော့ နိုင်ငံခြားသား ဘုန်းကြီးတွေ ကိုယ့်ပြေကိုယ့်ရွာ ပြန်ကြပေမယ့် Brother James က ဗမာပြည်ပေါက်ဆိုတော့ နိုင်ငံခြား ထွက်မသွားရဘူး။ သူနဲ့ ကျနော်နဲ့ ၁၀တန်းအောင်တဲ့အထိ စာချင်းအဆက်အသွယ် ရှိခဲ့တယ်။
မေမြို့က La Sa-le Juniorate (စာလုံးမှန်မမှန်တော့ မပြောတတ်တော့ဘူး) ဘုန်းကြီးဖြစ်သင်တန်းကျောင်းတခု ကို ရောက်သွားတယ်။ သူက ကိုယ့်ဆီစာရေးရင် air letter မှာ အင်္ဂလိပ်လက်နှိပ်စက်ရိုက်ပြီး ရေးတာ များတယ်။ သူက ကျနော့်ကို (အဲဒီတုန်းက ၆တန်း- ၇တန်း ကျောင်းသား) မင်းကတော့ အခက်ခဲ ရှိမှာမို့ ဗမာလိုပဲ ရေးပါ။ ငါက မင်းအင်္ဂလိပ်စာ တိုးအောင် စာရေးတဲ့အခါ အင်္ဂလိပ်လိုရေးမယ်ပြောတယ်။
ကိုယ် ၁၀ တန်းအောင်တော့ မိတ္ထီလာ ရှမ်းတဲမှာနေတဲ့ အကိုဝမ်းကွဲတယောက်ဆီ သွားလည်ရင်း ညီအစ်ကိုနှစ်ယောက် ခြေရှည်ပြီး မေမြို့ သွားတက်လည်ကြတယ်။ မေမြို့မှာ အသိ မိတ်ဆွေဆိုလို့ Brother James ပဲ ရှိတော့ သူ့လိပ်စာအတိုင်း သူ့ဆီတည့်တည့်မတ်မတ် ရောက်သွားတယ်။ သူက ကျနော်တို့ ချာတိတ်နှစ်ယောက်ကို ချာတိတ်လို မဆက်ဆံဘူး။ အရွယ်ရောက်သူ လူကြီးတယောက်လိုဆက်ဆံပြီး၊ သူ့ကျောင်းနဲ့ မျက်နှာချင်းဆိုင်က ကျောင်းကပိုင်တဲ့ အိမ်တအိမ်မှာ နေရာချပေးတယ်။
အိမ်ရဲ့နောက်မှာ အင်္ဂလိပ်သင်္ချိုင်းလားမသိဘူး ရှိတယ်။ လက်ဝါးကပ်တိုင်လေးတွေ အများကြီးပဲ။ အိမ်က အင်္ဂလိပ်သရဲရုပ်ရှင်တွေထဲက အင်္ဂလိပ်တောအိမ်မျိုး။ သူက အိမ်သော့လိုက်ဖွင့်ပြီး သူ့တပည့်တွေက ကျနော်တို့ နှစ်ယောက်နေဖို့ လှဲကျင်း သန့်စင် ကြတယ်။ ကုတင်တွေ အိပ်ယာတွေက အပျံစားပဲ။ ကိုယ်တို့ ညီအစ်ကိုနှစ်ယောက်က သရဲ ခပ်ကြောက်ကြောက်။
သူ့တပည့်တွေ အိမ်ရှင်းနေတုန်း ကိုယ်တို့နှစ်ယောက်ကို သူ့ကျောင်းထဲ ခေါ်သွားပြန် တယ်။ ရေခဲသေတ္တာကြီးတလုံးကို ဖွင့်ပြီး ကြိုက်တာသောက်တဲ့။ အထဲမှာ ဘီယာတွေ၊ ၀ီစကီတွေ၊ အချိုရည်ပုလင်းတွေ အများကြီးပဲ။ ကိုယ်တို့နှစ်ယောက် ဆရာကို ကြောက်ရွံ့ လေးစားသမှုနဲ့ အချိုရည်ပဲ ယူသောက်လိုက်ကြတယ်။ တကယ်တော့ အဲဒီအချိန်မှာ ဘီယာတော့ ကောင်းကောင်းသောက်တတ်နေပါပြီ။ (ကိုယ်က ဆယ်တန်းကျောင်းသားပေမယ့် စက်မှုမှာ ကျောင်းတက်နေတဲ့ အကိုတယောက်နဲ့ မောင်ခိုင်လမ်းက ခိုင်ရွှေဝါ၊ လွစ်လမ်းက သင်းမာလာတို့ကို သွားတတ်နေပြီ)။ Brother James အနေနဲ့ကတော့ အလည်လာတဲ့ သူ့တပည့်ကို လူကြီးတယောက်လို အခွင့်အရေးပေးပြီး ဆက်ဆံတာ။ နောက်တော့ အခန်းတခန်းကို ဖွင့်ပြတယ်။ ဟာ့..... အဲဒီအထဲမှာ စက်ဘီးတွေ အစီး သုံးဆယ်လောက် ရှိမလား မပြောတတ်ဘူး။ ယူစီးကြ....... လို့ ခွင့်ပေးတယ်။
Brother James ဆီမှာ တညပဲ အိပ်ဖြစ်တယ်။ လျှောက်လည်ရင်း မေမြို့ဈေးထဲမှာ ရန်ကုန်က အလည်ရောက်နေတဲ့ ရှေ့နေချုပ်ကြီး ဦးဘစိန်ရဲ့ မြေးနဲ့သွားတွေ့တော့ သူတို့အိမ်တည်းဖို့ ခေါ်တာနဲ့၊ မေမြို့မှာနေတဲ့ ကျန်တဲ့ရက်တွေမှာ ကျောက်တောင်ဘုရားနားက သူငယ်ချင်းအိမ်ကို ရောက်သွားတယ်။ စက်ဘီးတွေကတော့ ပြန်မယ့်ရက်ကျမှ ပြန်သွားပေး ဖြစ်တယ်။
ကိုယ်ထောင်ကထွက်တော့ မိဘတွေက ဂျူးဘန်းလမ်းထဲနေတော့ Brother James နဲ့ ဆုံရပြန်တယ်။ အဲဒီအချိန်မှာ သူက ဂျူးဘန်းလမ်းထဲက သာသနာပြု ခရစ်ယန်ဘုန်းကြီးဖြစ် တက္ကသိုလ်မှာ ကျောင်းအုပ် ဖြစ်နေတယ်။
ခုပြန်စဉ်းစားတော့ အနန္တောအနန္တ ဂိုဏ်းဝင် ငယ်ဆရာထဲက ဒီနှစ်ယောက်ကို ငါဘာမျှ ထိုက်ထိုက်တန်တန် ကျေးဇူးပြန်မပြုခဲ့ရပါလား.........။ သူတို့ ရှိမှ ရှိကြသေးရဲ့လား။

မောင်အေးဝင်း။
၂၀၀၈၊ အောက်တိုဘာလ။

Thursday, October 9, 2008

နယ်စွန်နယ်ဖျားခရီးသွား
ရေးသူ-မောင်မင်းရာ










လော့စ်အိန်ဂျယ်လိစ်နိုင်ငံတကာလေဆိပ် (LAX) က ညသန်းခေါင်လောက်မှာ လေယာဉ်ထွက်တယ်။ လေယဉ်လက်မှတ်ကိုယ်စားလှယ် မိတ်ဆွေကြီး ကိုမောင်ခင်( City Travel Agent- San Francisco) ကို ဈေးအပေါဆုံးလိုင်း ရှာပေးပါပြောထားလို့ သူက EVA ပေါက်ဖော်လိုင်းကို စီစဉ်ပေးတာ။
တိုင်ပေလေဆိပ်ကို မနက်အစောကြီး သုံးနာရီခွဲ၊ လေးနာရီမှာ ရောက်သွားတယ်။ ညသန်းခေါင်လောက်မှာထွက်တာ မနက်အစောကြီးမှာ ရောက်သွားလို့ လော့စ်အိန်ဂျယ်လိစ်နဲ့ တိုင်ပေ သိတ်လဲမကြာပါလားလို့ မထင်လိုက်ပါနဲ့။ ၁၁ နာရီ ကြာပါ တယ်။ နေ့ချင်းကွာလို့ပါ။
ကိုယ်- တိုင်ပေရောက်တဲ့အချိန်မှာ ကိုယ်ထွက်လာခဲ့တဲ့ လော့စ်အိန်ဂျယ်လိစ်မှာ ညနေ မစောင်းသေးဘူး။ ဒါပေမဲ့ ဒီမှာ မိုးလင်းတော့မယ်။ ခရီးစဉ်က လော့စ်အိန်ဂျယ်လိစ်-တိုင်ပေ-ဘန်ကောက်။
ပေါက်ဖော်တွေဆီရောက်ရင် လေယာဉ်နားတုန်း ပေါက်ဖော် ဆန်ပြုတ်နဲ့ အီကြာကွေး စားလိုက်အုန်းမယ်ဟဲ့.....လို့ ရန်ကုန် ၁၉ လမ်း-လမ်း၂၀ က ပေါက်ဖော်တွေကို သတိရပြီး လေယာဉ်ပေါ်မှာ စဉ်းစားပြီး အားခဲလာခဲ့တာ.....။



လေယာဉ်ဆင်းခါနီးမှာ ကြေငြာတဲ့ အသံကြောင်၊့ စားချင်တဲ့ ဆန်ပြုတ်ဟာ လည် ချောင်းမှာ နင်သွားတယ်။ မစားချင်တော့ဘူး။
'...ချန်ကေရှိတ်နိုင်ငံတကာလေဆိပ်ကို မကြာခင် ဆိုက်ပါမယ်....' တဲ့လေ.......။
'ချန်ကေရှိတ်....ချန်ကေရှိတ်....ချန်ကေရှိတ်'
တရုတ်ပြည်သူ အမြောက်အမြားကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားသစ္စာဖောက်၊ သန်းပေါင်းများစွာ တရုတ်ပြည်သူတို့ကို ညှဉ်းပမ်းနှိပ်စက်ခဲ့သူ။ စာအုပ်စာပေတွေက သိရှိခဲ့ရတဲ့ ဒီနံမည်ဆိုးကြီးဟာ လည်ချောင်းမှာ နင်သွားတယ်။ တော်ပါသေးရဲ့... စောသေးလို့ ဘာဆိုင်မှ မဖွင့်သေးတာနဲ့ ဘာမှမစားဖြစ်လိုက်ဘူး။

xxxx xxxx xxxx xxxx

၃ နာရီလောက် တိုင်ပေလေဆိပ်ထဲမှာပဲ နားနေပြီး ဘန်ကောက်ကို သွားမဲ့လေယာဉ် ပေါ် ပြောင်းစီးရပါတယ်။ ဘန်ကောက်ကို ၃ နာရီလောက် စီးရတယ်.....။ သေတ္တာတွေကို ခရီးဆုံး ကျင်းဟိုင်း ( Ching Rai) လေဆိပ်အထိ၊ လုပ်ထားတာမို့ လက်ဆွဲသေတ္တာကလေးပဲ ပေါ့ပေါ့ပါးပါးဆွဲပြီး ဒုံမောင်းနိုင်ငံတကာ လေဆိပ်ဘက်ကနေ (ဟိုတုန်းကတော့ ဒုံမောင်းပေါ့ လေ) ပြည်တွင်းသွားလေယာဉ်( Domestic Flight) စီးဖို့ ထွက်လာခဲ့တယ်။ လေဆိပ်ထဲ အတွင်းလမ်းကနေ လျှောက်သွားရင်လဲ ရပေမဲ့ ကိုယ်က လေဆိပ်အပြင်ကိုထွက်ပြီး ဖယ်ရီ ကားနဲ့ တဖက်လေဆိပ်ကို လာခဲ့တယ်။
ကျင်းဟိုင်းကနေ ကားကလေးတစင်း ငှားပြီး ချန်းစိန် (Chaing Sein)၊ ကို ထွက်လာခဲ့တယ်။ ချန်းစိန်ဟာ ကျင်းဟိုင်းနဲ့ ကီလို ၃၀ လောက်ပဲဝေးတယ်။ မဲခေါင်မြစ် ကမ်းပေါ်ရှိ ထိုင်းဖက်ကမ်းက မြို့ကလေးတမြို့ပဲ။
ဟိုတယ်တခုကို ကားဆရာကခေါ်သွားတယ်။ အမေရိကမှာ ကိုယ်နေတဲ့ အိမ်နားက အလတ်တန်းစား ဟိုတယ်တောင် မရနိုင်တဲ့ဈေးဟာ ရွှေတြိဂံမှာ အပျံစား ဟိုတယ်ကြီးမှာ နေလို့ရပါတယ်။
ပစ္စည်းအထုတ်အပိုးတွေချပြီး ခရီးသွားရင် ကိုယ့်ထုံးစံအတိုင်း ထမင်းစားဖို့ လမ်းဘေး ထမင်းဆိုင် အရှာထွက်ခဲ့တယ်။ အစစအရာရာ လုံခြုံရေးအရ,သာ စိတ်ချရတဲ့ ဟိုတယ်ကြီး တွေမှာ တည်းရင်တည်းမယ်။ စားတာသောက်တာကို အဲဒီ ဟိုတယ်တွေက ထမင်းစားခန်းတွေ မှာ ကိန်းခန်းကြီးစွာ စားသောက်ဖို့ ကိုယ်ဘယ်တော့မှ စိတ်မကူးဘူး။
ပေါ့ပေါ့ပါးပါး ၀တ်စားပြီး ဟိုတယ်အပြင်ဘက် ထွက်လာခဲ့တာ ဟိုတယ်ရဲ့မျက်နှာချင်း ဆိုင်လမ်းက မဲခေါင်မြစ်ကမ်းပါးမှာ စားသောက်ဆိုင်ငယ်ကလေးတွေ အများကြီးတွေ့တယ်။ ကိုယ်စားဖူးနေကျ ထိုင်းအစာပဲ အကြော်အလှော်နည်းနည်းပါးပါးနဲ့ ဘီယာဆင်(ဂ်) Singha Beer နဲ့ အလုပ်ဖြစ် သွားတယ်။
ကားဆရာက မြစ်ထဲသွားနေတဲ့ စက်တပ်လှေတွေကို ပြပြီး ဗမာ့မြေနင်းချင်လျင် ဒီလှေတွေနဲ့ ဗမာ့မြေပေါ်မှာ ဖွင့်ထားတဲ့ ကာဆီနို သွားမလားမေးတယ်။ နံမည်က Paradise တဲ့....။ သြော် စစ်အစိုးရနှယ် လောင်းကစားဝိုင်းတောင် အငှားဖွင့်နေပြီဆိုတော့၊ ဖာခန်းဖွင့်ဖို့ပဲ ကျန်ပါတော့လားလို့ အဲဒီတုန်းက ကိုယ့်ခေါင်းထဲမှာ ပေါ်လာခဲ့တယ်။
လောင်းကစားတော့ ၀ါသနာလဲမပါဘူး။ ဒါပေမဲ့ ကိုယ့်ရေကိုယ့်မြေကို နင်းချင်တာ၊ ဗိုလ်ခင်ညွန့်တပည့်တွေ ဘယ်နှစ်ယောက်လောက် အဲဒီမှာစောင့်ကြည့်နေမယ် မပြောတတ် တာနဲ့ မသွားဖြစ်ခဲ့ဘူး။
ဟိုတယ်က ထိုင်းကမ်းမှာ။ သူနဲ့ထိစပ်နေတဲ့ တဆက်ထဲက မြန်မာ့နယ်။ မဲခေါင်မြစ်ရဲ့ ဟိုဘက်ကမ်း၊ ဟိုတယ်နဲ့ မျက်နှာချင်းဆိုင်ကမ်းက လောနိုင်ငံ။ လောဘက်ကမ်းကို ကူးလို့ရ တယ်ဆိုလို့ ကူးသွားတယ်။
လောနိုင်ငံ၊ လောဘက်ကမ်းဆိုပေမဲ့ နှုတ်ခမ်းပဲ့ အစပ်နားကလေးပဲ ဖြစ်ဟန်တူပါတယ်။ လှေကနေ တက်သွားတော့ တဲတလုံးမှာ ၀င်ကြေးလက်မှတ်ထိုင်ဖြတ်နေတဲ့ ယူနီဖောင်းဝတ် နှစ်ယောက် သုံးယောက် ရှိတယ်။ သူ့နားမှာ တဲဈေးဆိုင်တန်း မျက်နှာချင်းဆိုင်ပြုထားတယ်။
ပို့စကဒ်၊ တီရှပ်၊ လွယ်အိတ် စတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်နဲ့ စားသောက်ဆိုင်တန်းကလေး။ အတွင်းဘက်ဆက်ဝင်သွားရင်တော့ ရွာတွေဘာတွေ ရှိမလား မသိဘူး။ ဈေးဆိုင်တန်းကကြည့်တာတော့ အနီးပါတ်ဝန်းကျင်မှာ ဘာမှ မတွေ့ဘူး။ စာတိုက်ပုံး တပုံး တွေ့တာနဲ့ ပို့စကဒ်တွေဝယ်ပြီး ထည့်လိုက်သေးတယ်။
ဆိုင်တဆိုင်မှာ ပုလင်းအကြီးစားတွေထဲမှာ မြွေတကောင်လုံးစိမ်ထားတဲ့အရက်၊ ကင်းမ လက်မဲအကြီးစားစိမ်ထားတဲ့အရက်၊ အခြားအဆိပ်ရှိသတ္တ၀ါတွေ ထည့်စိမ်ပြီး ပြထားတဲ့အရက် ပုလင်းတွေ ထောင်ပြထားတယ်။ တခွက်တငုံစာ ကြွေခွက်ကလေးထဲထည့်ပြီး ခွက်ချင်ရောင်း တယ်။
ပုလင်းတလုံးကိုလက်ညှိုးထိုးပြီး လက်တချောင်းထောင်ပြလိုက်တာ ခွက်ကလေးနဲ့ တခွက်ထည့်ပေးတယ်....။ ငါးဘတ်လား ပေးရတယ်။ အရက်က ပြင်းသလားမမေးနဲ့၊ ပါးစပ်ထဲကို အရည်ထည့်လိုက်တာ နှခေါင်းထဲက အခိုးတွေ ပြန်ထွက်လာတယ်။ သူ့ဆိုင်မှာ ပြထားသလောက်သာ တခွက်စီလျှောက်မြည်းရရင် အပြန်မှာ လှေပေါ်က ဂျွမ်းပြန်ကျလောက် တယ်။ မတူတဲ့ သုံးပုလင်းကို သုံးခါလက်ညှိုးထိုးပြီး စာထည့်ဖို့ ပို့စကဒ်မှာ စာရေးရင်း နားနားနေနေ ခွက်ကလေးနဲ့ သုံးခွက်မြည်းလာခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလဲ ပြန်စမ်း ကြည့်ရသေးတယ်။ နှခေါင်းက အငွေ့တရှူးရှူးထွက်ပြီး နဂါးဖြစ်သွားပြီလားလို့ ......... ။
ပတ်စပို့မလို၊ ဗီဇာမလိုပဲ လောနိုင်ငံနယ်အစပ်ကလေးမှာ ခြေချခွင့်ကြုံခဲ့ပါတယ်။

xxxxx xxxxx xxxxx xxxxx

ချန်းစိန်မှာ တညအိပ်ပြီး နောက်တနေ့မှာ ထိုင်းနိုင်ငံနဲ့ ဗမာနိုင်ငံအစပ်၊ ထိုင်းဘက်ခြမ်း က မယ်ဆိုင်မြို့ (Mae Sai) ကို ရောက်တယ်။ Northernmost part of Thailand လို့ ဗမာဖက်ကူးတဲ့ တံတားထိပ်မှာ ရေးထားတယ်။ သူ့ရဲ့ တဖက်ကမ်းက ကိုယ်တို့နိုင်ငံရဲ့ တာချီလိတ်မြို့။ မယ်ဆိုင်ဟာ နယ်စပ်မြို့ဆိုပေမဲ့ အတော်ကလေး ခမ်းနားသပ်ရပ်တာပဲ။
Mai Sai Guest House ဆိုတာ guide book ထဲက အဆိုအရ၊ ရေစပ်မှာရှိတယ်။ မသွားခင် Lonely Planet တို့ ဘာတို့က ထုတ်တဲ့ Tourist Guide Book တွေ ၀ယ်ပြီး အတော် လေ့လာထားတာ။ သူ့စာအုပ်ရဲ့ မြေပုံမှာက အနီရောင်အစက်တစက်၊ ဒါပဲ။ ကိုယ်က ရှာလိုက်ရတာ။ လမ်းမကြီးပေါ်ကနေ မြစ်ချောင်းကမ်းနဘေးအတိုင်း သွားရတယ်။ တောင်စောင်း တခုကိုလဲ ပြေပြေလေး တက်ရသေးတယ်။ ဟိုတယ်က မြစ်ကမ်းမှာ သစ်ဝါးတွေနဲ့ ဆောက်ထားတဲ့ သစ်သားလုံးချင်းအိမ်ကလေးတွေ။ ဟိုတယ်လို့သာပြောတာ ဗမာပြည်က တောရကျောင်းတွေက တရားအားထုတ်တဲ့ ဇရပ်ကလေးတွေလိုပဲ။ သက်ကယ်မိုး ကြူထရံကာ ဘံဂလိုပုံစံ လုံးချင်းအိမ်ကလေးတအိမကို ကိုယ်ရွေးလိုက်တယ်။
တည ဘတ် ငါးရာ (Bt 500) ပဲ။ ဒါလဲ မဆိုးပါဘူး။ အဲဒီတုန်းက ပိုက်ဆံဈေးနဲ့ တည (၁၂) ဒေါ်လာလောက်ပဲ ကျတာ။ ရေပူရေအေးရတယ်။ အတွင်းမှာ ပြင်ဆင်ထားတာလဲ LA က ခပ်စုတ်စုတ် မိုတယ်တွေထက် အများကြီးသပ်ရပ်ပါတယ်။ LA က ခပ်စုတ်စုတ်မိုတယ်တွေ ဒေါ်လာလေး၊ ငါးဆယ် လောက်ပေးရတယ်။
ပစ္စည်းချ၊ အခန်းသော့ခတ်ပြီး၊ ထုံးစံအတိုင်း စားသောက်ဆိုင်အရှာ ထွက်ရပြန်တယ်။ အုတ်ခဲကျောက်ခဲတွေ မညီမညာ ခလုခလက် လမ်းကနေ တော်တော်လေးထွက်လာပြီးမှ ကွန်ကရိလမ်းပေါ် ရောက်တယ်။
ကွန်ကရိလမ်းပေါ်ရောက်တာနဲ့ကို အရက်ဆိုင် ကရာအိုကေဆိုင်တွေ တောက်လျောက် တွေ့တော့တာပဲ။ တနေရာမှာ တည်းခိုခန်းကလေးတခု။ အပြင်က သစ်သားခြံတံခါးမှာ မြေဖြူနဲ့ ဗမာလိုရေးထားတယ်။
'မီးပူအမြန်တိုက်သည်၊ လက်ဘက်သုတ် ဂျင်းသုတ်ရမည်' တဲ့။
လမ်းမကြီး (Thanon Phahonyothin) နဲ့ နီးလာတော့ ဆိုင်ကလေးတွေစိပ်လာတယ်။ ဆိုင်တွေအများကြီးပဲ။ လမ်းဘေးက ဆိုင်၊ အဆောက်အဦးပေါ်ကဆိုင်တွေ၊ တယောက်နဲ့ တယောက်၊ တဆိုင်ကနေတဆိုင်ကို၊ ဗမာလိုတွေ ပြောနေလိုက်ကြတာ။ ကိုယ့်အဖို့တော့ ဗမာပြည် ပြန်ရောက်သွားသလိုကို ခံစားမိလိုက်တယ်။
လမ်းထိပ်မှာ ဗမာပြည်ဖက်ကို ကူးတဲ့ တံတားပဲ။ အဲဒီက လူတွေ ကူးနေလိုက်ကြတာ၊ ကိုယ့်စိတ်ထဲမှာ သူတို့လို ရောယောင်ကူးလို့ရရင် ကောင်းမှာပဲလို့။

xxxx xxxx xxxx xxxx

လမ်းကြားကလေးတခုမှာ စားသောက်ဆိုင်တွေချည်း ဖွင့်ထားတဲ့ ဈေးရုံတခုသွားတွေ့ တယ်။ အဲဒီရုံကြီးအောက်မှာ စားသောက်ဆိုင် ၃-၄ ဆိုင်လောက်ရှိမယ်။ ဆိုင်တဆိုင်မှာ ထိုင်လိုက်တော့ 'ဘာစားမလဲဦးလေး' တဲ့။ ဗမာလို လာမေးတယ်။ 'ကောင်းမယ်ထင်တာ မင်းပြောကွာ' ဆိုတော့ အကြော်ဆရာကို သွားခေါ်လာတယ်။ အကြော်ဆရာလဲ ဗမာပဲ။ ၀မ်းသာလိုက်တာ။ ဗမာတွေချည်းလာတွေ့နေတာ။ သူက ထမင်းနဲ့ ဟင်းစားမှာလားတဲ့။ ထမင်းနဲ့လဲစားလို့ဖြစ်၊ မြည်းလို့လဲ ကောင်းတာလုပ်ပါဆရာရယ်လို့ ပြောတော့ ၃-၄ မျိုး လုပ်ပေးရှာတယ်။ ဖားကို ငရုတ်သီးထက်ပိုင်းကျိုး၊ ကြက်သွန်ဖြူကို မကြေတကြေထုပြီး ကြွပ်ကြွပ်၊ ခြောက်စပ်ကြော်တာ ရှယ်ပဲ။
သူကြော်တဲ့ ကိုက်လန်ရွက်ကို ၀က်ဆီဖတ်နဲ့ကြော်တာ စားတော့၊ တချိန်က ဆူးလေဘုရားလမ်း ၀င်းဘားက ကန်စွန်းရွက်ကြော်ကို သွားသတိရတယ်။ ၀င်းဘားက ကန်းစွန်းရွက်ကြော်က နာမည်ကြီး။ ကန်စွန်းရွက်ကို ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး၊ ဘာအသားမှ မထည့်ပဲ ၀က်ဆီကလေးနဲ့ ကြော်တာ၊ စားလို့ ကောင်းမှကောင်း။

xxxx xxxx xxxx xxxx

ဟိုတယ်ပြန်ရောက်ပြီး စောစောအိပ်လိုက်တာ တရေးနိုးတော့ ည ၉ နာရီခွဲလောက်ပဲ ရှိအုန်းမယ်။ တရေးနိုးဆိုတာထက် ဗမာလိုစကားပြောသံတွေ ကြားလို့ လန့်နိုးသွားတာလို့ ပြောရမယ်။ ရုတ်တရက် လန့်သွားတယ်။ ကိုယ့်ခေါင်းရင်းမှာ တော်တော်ကျယ်ကျယ် လောင် လောင် တယောက်နဲ့တယောက် အော်ပြောနေကြတာ။
ကိုယ့်အခန်းရှေ့ ဆယ်ကိုက်လောက်မှာ ဟိုတယ်ရဲ့ ခြံစည်းရိုး။ အပြင်ဘက်မှာက အတော်အသံ ကျယ်ကျယ်ရေစီးသံနဲ့ စီးနေတဲ့ မယ်ဆိုင်ချောင်းခေါ်မလား၊ မြစ်ခေါ်မလား။ မှောင်နေတော့ ရုတ်တရက် အသံတွေက ဘယ်ကမှန်းမသိဘူး။
ဟိုဘက်ကမ်းက တဲအိမ်ကလေးတွေနဲ့ ကိုယ်တည်းတဲ့ ဟိုတယ်ကအိမ်ကလေးနဲ့ဟာ ချောင်းပဲခြားတယ်။ အသံတွေက အဲဒီဖက်ကလဲ ဖြစ်နိုင်သလို ထမင်းသွားစားတုန်းက လမ်းမှာ တွေ့ခဲ့တဲ့ ကရာအိုကေဆိုင်တွေကလဲ ဖြစ်နိုင်တာပဲ။ လူခြေတိတ်တော့ လေနဲ့လွင့်လာပြီး ကိုယ့်နားကလို့ ထင်နေရတာ။ အဲဒီအိမ်ကလေးတွေက ဖြစ်မယ်.....။
အိပ်လို့ မရတော့ဘူး။ အခန်းပြင်က ခုံတန်းလျားမှာ ထွက်ထိုင်ပြီး ဆေးလိပ်ပဲ တလိပ်ပြီး တလိပ် ထိုင်သောက်နေလိုက်တယ်။ မဲမဲမှောင်တဲ့ ဟိုဘက်ကမ်းက လူသံရယ်၊ ရေစီးသံရယ်ပဲ ကြားရတယ်။ အပြင်မှာ အေးလာလို့ မခံနိုင်တော့ရင် အခန်းထဲပြန်ဝင်လိုက်၊ အိပ်မရလို့ အခန်းပြင်ပြန် ထွက်လိုက်နဲ့ အဲဒီညက အတော်ဗျာများတယ်။
နောက်ဆုံး လူသံတွေလည်းတိတ်၊ ကရာအိုကေသံတွေလည်း တိတ်တော့၊ အင်မတန် သာယာနာပျော်တဲ့ အသံတွေကြားရပြန်ရော။ ဒီအသံမျိုး မကြားရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပကောလား။
ကြက်တွန်သံ.......။
အသံတွေက အနီး၊ အဝေး၊ အတိုး၊ အကျယ်၊ အနိမ့်၊ အမြင့်၊ အတက်၊ အကျ၊ မှန်မှန်ကို မြည်နေတာ။ အသံမာမာနဲ့ အောင်အောင်မြင်မြင်တွန်သံက တချက်မြည်လိုက်ရင်၊ အလှည့်ကျ ဆင့်ကဲဆင့်ကဲ တသံပြီးတသံထွက်လာလိုက်တာ အားလုံးကုန်သွားရင်၊ ပထမ အသံမာကြီးက ပြန်စ, တယ်။ ကြားပေါက် ဖြတ်တွန်တဲ့အကောင်၊ လုတွန်တဲ့အကောင် မရှိဘူးထင်တယ်။ အသံကို မှန်နေတာပဲ။ အသံမာကြီးက ဗိုလ်ဖြစ်ပုံရတယ်။ နားထောင်လို့ကောင်းလိုက်တာ အရမ်းပဲ။
လမ်းမကြီးပေါ်ကို သွားချင်လို့ ထွက်ကြည့်တာ သုံးလေးခါ။ ဟိုတယ်ဝင်းတံခါးကြီးက သော့ခတ်ထားလို့။
လေးနာရီခွဲလောက်မှ လူရိပ်မြင်လို့ သွားကြည့်တော့ ညစောင့်ကြီးက ထင်းခြောက်တွေ စုပြီး အုတ်ခဲခု မီးဖိုမှာ ရေနွေးတည်မလို့လုပ်နေတာ မြင်တာနဲ့၊ ခြံတံခါးဖွင့်ခိုင်းပြီး အပြင်ထွက် လာခဲ့တယ်။ အပြင်မှာ မဲမဲမှောင်တုန်း။ ကွန်ကရိ လမ်းပေါ်ရောက်မှ လမ်းမီးတိုင်က မီးလင်းတာ။
တော်တော်လေးလျှောက်လာတော့ ဆွမ်းခံထွက်လာတဲ့ ဘုန်းကြီးအိုတပါးနဲ့တွေ့တယ်။ ကိုယ်က ကြည်ညိုလွန်းလို့ ကွန်ကရိလမ်းပေါ် ပုဆစ်တုပ်ထိုင်ချပြီး ဦးသုံးကြိမ်ချတာ သူက ရပ်စောင့်ပြီး ပါးစပ်ကလဲ တွတ်တွတ် တွတ်တွတ်နဲ့ ဆုပေးနေရှာတယ်။ သူ့မျက်နှာမှာပေါ်တဲ့ ပီတိပြုံးရိပ်ဟာ တသက်နဲ့တကိုယ်မှာ ကြည်နူးစရာ တကယ်ကောင်းတာပဲ.......။
လမ်းမကြီးပေါ်ရောက်တော့ တံတားဖွင့်ရင် ဗမာဘက်ကမ်းကို ကူးကြဖို့ တွန်းလှည်း တွေ၊ နောက်တွဲပါတဲ့ဆိုင်ကယ်တွေ အများကြီးတန်းစီနေကြတယ်။ ကိုယ်က မှောင်နေလို့ လမ်းမှာ လူဆိုးသူခိုး စိတ်မချတာနဲ့ ကင်မရာကို အခန်းမှာ သော့ခတ်သိမ်းခဲ့တာ နောင်တရမဆုံး ဖြစ်သွားတယ်။ မှောင်ကလဲမှောင်သေး၊ ဘာဆိုင်မှလဲ မဖွင့်သေးတာမို့ အခန်းပြန်ပြီး တရေးပြန်နှပ်တယ်။

xxxx xxxx xxxx xxxx

အိပ်ရာကနိုးတဲ့အချိန် တခေါက်ပြန်ထွက်တော့ ဟိုလျှောက်ဒီလျှောက်ရင်း မဲဆိုင် ဈေးကို တွေ့သွားတယ်။ ဈေးဖွင့်ခါစ, ဆိုင်တွေကခင်းတုန်း။ ရောင်းဖို့ ပုဆိုးတွေကို ဆိုင်ရှေ့မှာ ချခင်းနေတဲ့ ကလေးမလေးက တဖက်ဆိုင်က ကလေးမလေးတယောက်ကို လှမ်းမေးနေ တယ်။
"နင်ဒီနေ့ ထမင်းဗူး ဘာထည့်လာလဲ" တဲ့။ အမေးခံရတဲ့ ကလေးမကလေးက ဒီနေ့တော့ ဆိုင်ကပဲ ၀ယ်စားတော့မယ်လို့ ပြန်ဖြေတယ်။
သြော်.... သူတို့က မနက်လင်းမှာ တဖက်ကို ကူးလာပြီး အလုပ်လာလုပ်ကြတာလား၊ မယ်ဆိုင်မှာပဲ နေကြတာလား၊ မပြောတတ်ဘူး။
ဈေးထဲမှာ စားပြီးသောက်ပြီး ပြန်ထွက်လာတော့ တံတားနားက ယွန်းထည်နဲ့ ယွန်းပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ ဆိုင်ရှေ့ထွက်ရပ်နေတဲ့ ဆိုင်အကူ ကောင်လေးနှစ်ယောက် ပြောနေသံ ကြားရပြန်တယ်။ မင်းကော ပြန်အုံးမှာလားတဲ့။ အမေးခံရသူက မပြန်နိုင်သေးပါဘူး ကွာ၊ ပြန်ကော ဘာထူးမှာလဲ၊ ဟိုဘက်မှာလဲ အခြေအနေက ကောင်းတာ မဟုတ်ဘူးတဲ့။
ထိုင်းနယ်စပ်မှာ ရောင်းနေကြတာကလဲ တရုတ်ပစ္စည်းတွေပါလား။ နေကြာစေ့တွေ၊ ကွာစေ့တွေ၊ လက်ဖက်ခြောက်တွေ၊ အသီးခြောက်ယိုတွေ.......။ တရုတ်ကလာတဲ့ ဓါတ်ခဲတို့၊ မှန်ဘီလူးတို့၊ ရေဒီယိုတို့၊ စစ်သုံးဓါးမြောင်တို့၊ ကစားစရာသေနတ်တို့၊ ဗန်းနဲ့ခင်း ရောင်းတဲ့ဆိုင် မှာ လူငယ်သုံးယောက်နဲ့ ကျနော်အဖွဲ့ကျသွားတယ်။ တယောက်ကပြောနေတယ်။
"ဒီနေ့ ပြန်သွားရင် အ၀တ်တွေ 'ဆော်' ရအုန်းမယ်......." တဲ့။ ပြောချလိုက်တာမှာ မော်လမြိုင်လေသံက အပီပဲ။
"ညီလေးတို့က မော်လမြိုင်ဘက်ကလား....." ကျနော်က စပ်စပ်စုစု မိတ်ဆွေဖွဲ့မေး, မေးလိုက်တယ်။ ၀မ်းသာတဲ့ပုံ ပါးစပ်ကလေးတွေ အဟောင်းသားနဲ့ ကျနော့်ကို ပြန်ကြည့်တယ်။ တယောက်က-
"ဟုတ်တယ်... ကျနော်က ဈေးကြီးတောင်ပေါ်တန်းက...၊ သူက ကျိုက်မရောက... ဦး က ဘယ်လိုလုပ်သိလဲ...."
"အ၀တ် 'ဆော်' ရအုန်းမယ်ဆိုတာနဲ့ သိလိုက်တာပေါ့ကွာ...... ကျနော်လဲ မော်လမြိုင် သားပါပဲ....."
သူတို့ ရီကြတယ်။
"ကျနော်တို့က ဦး ကို ဗမာလို့ မထင်မိဘူး... 'ယ'ပက်လက်လား၊ 'ဖ' အုပ်ထုတ် လား တခုခု အောက်မေ့လို့...."
မယ်ဆိုင်လမ်းမကြီးပေါ်က ဆိုင်တွေမှာ ဗမာတွေချည်းပဲလား မပြောတတ်ဖူး။ ရွှေဆိုင် ဆိုင်းဘုတ်လဲ ဗမာလို ရေးထားတယ်။ ဆေးခန်းဆိုင်းဘုတ်တွေလဲ ဗမာလိုပဲ။ 'ကာလသားရောဂါ ကုသည်' လို့တောင် ဆေးခန်းတခုမှာ ရေးထားတာ တွေ့လိုက်တယ်။ လမ်းမတန်းကြီးကနေ မြို့တွင်းဘက်ကို လျှောက်လာလိုက်တာ တနေရာရောက်တော့- လမ်းဘေးက စပွဲခုံကလေးပေါ်မှာ စဥ့်နီတုံးနဲ့ လေးထောင့်တရုတ်ဓါးတင်ထားတာတွေ့တယ်။ ၀က်သားတွဲ သုံးလေးငါးတွဲ ချိတ်ဆွဲထားတယ်။ သစ်သားပြားပေါ် မြေဖြူနဲ့ ရေးထားတယ်။
"၀က်သားအချိုရမယ်......" တဲ့။ ဒီဆိုင်းဘုတ်က ကိုယ့်ကို နည်းနည်း ခေါင်းစားလိုက် တယ်။ '၀က်သားအချို' ဆိုတာဘာလဲ။ သူရောင်းနေတာကလဲ ချက်ပြီးသားမှ မဟုတ်တာ၊ ဘယ်ကလာ 'အချို' 'အစပ်' ဖြစ်သွားတာလဲ။ တရက်နှစ်ရက်နေပြီး ဗမာတယောက်နဲ့တွေ့လို့ ဟိုနားက ဆိုင်းဘုတ်က ဘယ်လိုလဲလို့ မေးကြည့်တော့မှ ၀က်သား ဈေးချိုချိုနဲ့ ရမယ်လို့ ရေးထားတာ ဖြစ်မှာပေါ့တဲ့။ ၀က်သားဆိုင်ကလဲ သူ့တဆိုင်ထဲ လမ်းဘေးမှာ ထီးတည်း။
တနေရာကျတော့ အိမ်ခြံဝင်းတခုရဲ့ လမ်းသွယ်လမ်းကြား။ အဲဒီလမ်းသွယ်ကလေးရဲ့ ထိပ်က အပင်တပင်မှာ သင်္ဘောဆေးနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တခုကို ရွဲ့ရွဲ့စောင်းစောင်း ချိတ်ဆွဲလို့။ ရေးထားပုံက ကြည့်အုန်း- ခြံထဲမှာအရက်ရှိသည်-တဲ့။ စပ်စပ်စုစု ၀င်သွားကြည့် တော့ မုံ့အုပ်ကလေးဆိုင်လိုလို၊ ဘိန်းမုံ့ဆိုင်လိုလို မီးဖိုကလေးနဲ့ မြေစိုက်တဲကလေး။ တကယ်တော့ မီးဖိုက အကင်တခုခု ကင်ရောင်းတာ။ ကျနော်ရောက်သွားတဲ့ အချိန်မှာ ကင်နေတာမတွေ့ရဘူး။ ဒါပေမယ့် လူတယောက်နှစ်ယောက် မြေကြီးပေါ် ခွေးခြေနဲ့ ထိုင်ပြီး ရေနွေးကြမ်းပန်းကန်လုံး ကိုယ်စီနဲ့ အရက်သောက်နေကြတယ်။ ကိုယ့်ဖို့ ထိုင်စရာ မရှိတာနဲ့ မတ်တပ်ပဲ နှစ်ခွက်ချလိုက်တယ်။ ဗန်းထဲမှာ ထည့်ထားတဲ့ အမဲကင်လား ၀က်ကင်လား မသိတာက ယင်ကောင်တွေ ၀င်ရောက်အားပေးနေတာနဲ့ ကိုယ်အသာလေး လက်ရှောင်ခဲ့ရ တယ်။
သူ့အရက်က ယိုးဒယားချက်အရက်ပါပဲ။ ကျိုင်းတုံစပါးနှံတို့လို အရသာမျိုး။ တကိုယ်တော် ခရီးသွားခြင်းရဲ့ လွတ်လပ်မှု အရသာက ဒါပဲလေ။
တနေရာကျတော့ "ဗမာဖုံး" တဲ့။ သူကတော့ ကျောက်တွေ ရောင်းဝယ်နေကြတဲ့ ကျောက်ဈေးတန်းနားတ၀ိုက်မှာ။ ဗမာပြည်က ဖုံးလိုင်းကို မယ်ဆိုင်ဖက် ဆွဲပြီး သွယ်ထားတာ။ တဖက်နိုင်ငံကနေ over-sea call မပေးရအောင်၊ ထိုင်းဖုံးကိုမသုံးပဲ၊ ဗမာ့ဥာဏ်နဲ့ မြန်မာ့ ဆက်သွယ်ရေးကော်ပိုရေးရှင်းကို အသုံးချလိုက်တာ။ local call ပဲ ပေးရမယ်ထင်တယ်။ နဲနဲ ပိုရင်လဲ ပိုမှာပေါ့လေ.....။
Lonely Planet ထဲမှာ Jojo Coffee shop ဆိုလို့ ရှာကြည့်တာ ဆိုင်က စိတ်ဝင်စားစရာ။ ဆိုင်းဘုတ်က 'ဂျိုဂျို' လို့ ရေးထားတယ် ထင်ရပေမဲ့ 'ဂ' ငယ်ကို ယပင်းနဲ့ ဂျိုထားတဲ့ ဂျိုလား၊ ယိုးဒယားအက္ခရာလား။
ကိုယ်လဲ ယိုးဒယားစာမတတ်တော့ မပြောနိုင်ဘူး။ စာအုပ်ထဲမှာက ဆိုင်နံရံမှာ Lana style ဗုဒ္ဓ၀င်သစ်ထွင်းပန်းချီတွေ ရှိတယ်ပြောတာ၊ တကယ်ကြည့်လိုက်တော့ နံရံက ပန်းချီ ထက်စိတ်ဝင်စားစရာက ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာ ရေးထားတဲ့ စားစရာစာရင်း (Menu) ပဲ။
ဆိုင်ရှေ့ငွေသိမ်းတဲ့ကောင်တာမှာ ထိုင်နေတဲ့ မိန်းမ၀၀ကြီးကလွဲရင် တဆိုင်လုံးမှာ အလုပ်လုပ်နေတာ ဗမာမိန်းကလေးတွေပဲ။ typical ဗမာထမင်းဆိုင်တွေမှာ အလုပ်,လုပ်တဲ့ ရိုးရိုးသားသား ဗမာမိန်းကလေးတွေလို။
ဆိုင်က အပေါ်ထပ် အောက်ထပ် နှစ်ထပ်၊ ဆိုင်ထဲကနေမှ လှေကားနဲ့ အပေါ်ထပ်ကို တက်ရတာ။ လှေကားတက်တော့ နောက်ဖေးမီးဖိုချောင်ကို လှမ်းကြည့်လို့ မြင်ရတယ်။ ချက်ဖို့ပြုတ်ဖို့ လုပ်နေကြတာ၊ မိန်းကလေးတွေချည်းပဲ။ ဟင်းရွက်သင်တဲ့သူ၊ ငရုတ်သီးထောင်း ကြက်သွန်နွှာ၊ ပန်းကန်ဆေးအိုးဆေး၊ အလှူအိမ်တခုရဲ့ အလုပ်အကိုင်နေ့မှာ အလုပ်လုပ်နေကြ ပုံပဲ။ သီချင်းညည်းသူ၊ စကားတွေ ဖောင်ဖွဲ့ ရီကြမောကြနဲ့ ပျော်စရာကြီး။ ဆိုင်ထဲက စပွဲတခုမှာလဲ Apron ကိုယ်စီနဲ့ မိန်းကလေးသုံးယောက် စကားတပြောပြောနဲ့ အလုပ်လုပ် နေကြတယ်။
ငပိထမင်းဆိုတာ အတော်စားကောင်းတယ်။ စိမ်းစားငပိကို ထမင်းနဲ့နယ်ပြီး လက်ခုပ် တအုပ်စာ လုံးထားတယ်။ ငရုတ်သီးအခြောက်တောင့် အကြွပ်ကြော်သုံးတောင့်လောက်ကို လုံးထားတဲ့ထမင်းပေါ်၊ ဆံထုံးကို ဆံထိုး, ထိုးသလို ထိုးစိုက်ပေးတယ်။ ဘေးမှာ ရှမ်းခေါက်ဆွဲ တို့မှာ ထည့်စားတဲ့ ကြက်သားဆီပြန်နဲ့၊ ကြက်သွန်မြိတ်ကိုပုံပေးတယ်။
ပထမ ကိုယ်က ငပိထမင်း ဆိုလို့ ကိုယ်တို့ အောက်ပြေအောက်ရွာမှာ စားတဲ့ ငပိရေကြို နဲ့ ပုစွန်ခြောက်မှုံ့နဲ့ ထမင်းနယ်တာ အောက်မေ့လို့....။ သူရောင်းတဲ့ ငပိထမင်းဆိုတာ ရှမ်းတွေစားတာလား မပြောတတ်ပါဘူး.... စားလို့တော့ ကောင်းသား။
အင်းလေ........ ကိုယ်ကလဲ ဘာစားစား မကောင်းတာမှ မရှိပဲ........။

မောင်မင်းရာ။
အောက်တိုဘာ၊ ၂၀၀၈။

Saturday, October 4, 2008

မမေ့နိုင်တဲ့ ဘန်ကောက်သူခိုးနဲ့ မန်းကျည်းသီးထောင်းကြော်
ရေးသူ-မောင်မင်းရာ

ဘန်ကောက်မှာရောက်တုန်း မိတ်ဆွေတယောက်ကို တွေ့ချင်တာနဲ့ ဆုံရအောင်လို့ တနေရာမှာချိန်းကြတယ်။ ၁၀ နှစ်လောက်ကြာပြီ မတွေ့ကြတာ။ ဒီကြားထဲ ဖုံးနဲ့ပဲ အမေရိကနဲ့ ထိုင်း စကားပြောကြရတာကိုး။ WTC (World Trade Center) ကို လာဖို့ ဖုံးထဲမှာ ချိန်းလိုက်တယ်။
ကိုယ်တည်းတဲ့ First Hotel နဲ့ ဆို၊ WTC က သိတ်မဝေးလှဘူး။ တကွေ့ပဲလေ......။
မနက် hotel မှာ breakfast စားပြီးကတည်းက အနီးအနားမှာ လျှောက်သွားနေတာ။ WTC နားရောက်တော့ မိတ်ဆွေနဲ့ ချိန်းထားတဲ့အချိန်က မိနစ်လေးဆယ်လောက် စောနေတယ်။ ဟိုတယ်ပြန်ပြီး တခေါက်ပြန်လာရင်လဲ သွားလိုက်လာလိုက်မို့ WTC လှေခါးရင်း မှာပဲ ထိုင်နားရင်း လမ်းသွားလမ်းလာတွေကို ငေးမော့နေမိတယ်။



ကိုယ့်ပုံက လွန်ခဲ့တဲ့ ၁၀ နှစ်၊ ထိုင်းမှာနေစဉ်ကလို ဆံပင်တိုတို၊ ရှပ်အင်္ကျီလက်တိုနဲ့ ထိုင်းပုံ မပေါက်တော့ဘူး။ တီရှပ်၊ ဘောင်းဘီတိုနဲ့ ဆံပင်ရှည်ကို ကြိုးစည်းပြီး၊ မှန်ဘီလူးကြီး ကင်မရာနဲ့ ဘာနဲ့ဆိုတော့ ထိုင်းတွေအခေါ် "ဖလန်း" ပုံထွက်နေတယ်။ ထိုင်တာညောင်းရင် ထသွားပြီး ဟိုနားဒီနားလျှောက်လိုက်၊ ပြန်လာထိုင်လိုက်......။
ကိုယ့်မိတ်ဆွေ မလာခင်ကလေးမှာပဲ လူနှစ်ယောက် အနားကို ကပ်လာပြီး "ခင်ဗျား ဒေါက်တာစန်းအောင်နဲ့ ချိန်ထားတာမဟုတ်လား.... သူလာနေပြီ.. ကျနော်တို့နဲ့ လမ်းမှာတွေ့ ခဲ့တယ်....." တဲ့၊ ဗမာလိုလာမေးတယ်။ အတော်ခက်တဲ့ လူတွေပဲ။ သူတို့ မေးတဲ့ ဒေါက်တာစန်းအောင် ဆိုတာလည်း ကိုယ်မသိ၊ ဘာလုပ်မှန်းလဲ မသိ။ စပ်စပ်စုစု၊ ဘုမသိဘမသိ မဆီမဆိုင် ပေါ်တင်ကြီး ဘာဖြစ်လို့ လာမေးပါလိမ့်.....။
ပိုခက်တာက ကျနော်....။ သူတို့ မေးတာကို မသိချင်ဟန်ဆောင် မနေလိုက်ပဲ.... ကိုယ့်ပါးစပ်က လွှတ်ခနဲ "မဟုတ်ဘူး... ခင်ဗျားတို့ လူမှားနေပြီ" လို့ ဖြေလိုက်မိတယ်။
ကိုယ့်မိတ်ဆွေနဲ့တွေ့လို့ ပြောပြတော့ ခင်ဗျားကို မေးနေတာ အဝေးက ကျနော်လှမ်းမြင် တယ်။ သူတို့ကို ကျနော်သိတယ်။ ရခိုင်နှစ်ယောက်ဗျ......။
ဟုတ်လောက်တယ်....။ သူတို့အသံက ခပ်ဝဲ၀ဲ...။
သွားရင်းလာရင်း တနေရာရောက်တော့ ဆိုင်တဆိုင်မှာ လူနှစ်ယောက်ခေါင်းချင်းဆိုင် စကားပြောနေကြတာကို "ဒီဘက်က လူက ဒေါက်တာစန်းအောင်ဗျ...." ဆိုပြီး မသိမသာ ပြ ပေးတယ်။ သူတို့က ဘယ်သူတွေလဲ၊ ဘာတွေလဲ မေးကြည့်တော့ မိတ်ဆွေက ပြောတော့ ပြောပါတယ်။ ခုတော့ မေ့သွားပြီ။
နယ်ဘက်က သူငယ်ချင်းတယောက်ကို လက်ဆောင်ပေးချင်လို့ မိတ်ဆွေရဲ့အကူနဲ့ short wave radio တဆိုင်ဝင်တဆိုင်ထွက် လိုက်ရှာကြတာ၊ နေ့တ၀က်ကျိုးရော။ တော်တော်လည်း မောသွားကြတယ်။ Sogo အပေါ်ထပ်တနေရာက food court မှာ နေ့လည်စာ စားကြဖို့ ထိုင်လိုက်ကြတယ်။ ကျနော်က အဲဒီလို တိုကင်ဝယ်ပြီး ကြိုက်ရာဆိုင်မှာ ကြိုက်တာ ၀ယ်စားရတာ ကြိုက်တယ်။
တိုကင်ဝယ်တဲ့နေရာမှာ ကျနော်က တိုကင် ဘတ် ၁၀၀ ဖိုး အရင်ဝယ်လိုက်တယ်။ ပြီးတော့ လူရှင်းတဲ့ စပွဲတလုံးမှာ ထိုင်ဖို့ရွေးလိုက်ကြတယ်။ ကျနော်တို့ ၀ယ်လာတဲ့ ပစ္စည်းအထုတ်အပိုးတွေနဲ့ ကျနော့ ကင်မရာကို မျက်နှာချင်းဆိုင် ကျနော်တို့ထိုင်တဲ့ စပွဲအလည်မှာ နှစ်ယောက်မြင်သာအောင် တင်လိုက်တယ်။
ကျနော်တို့နှစ်ယောက်၊ ကျနော့်အကြိုက် ၀က်အခေါက်ကင်ကြွပ်ကြွပ်ကို ပါးပါးလှီးပြီး ထမင်းပေါ်ပုံပေးပြီး၊ ပဲငံပြာရည်အချိုကို အပေါ်ကဆမ်းပေးတာ စားကြတယ်။ ကျနော်က ဘီယာသောက်၊ သူက အချိုရည်သောက်တယ်။ သူ့အတွက် အချိုရည် ကျနော်သွားထယူပြီး ပြန်လာတော့ သူထိုင်တဲ့ဘက်က စားပွဲပေါ်မှာ ၀ယ်စားလို့ရတဲ့ တိုကင်စာရွက် နွမ်းကြေကြေနှစ်ရွက် တင်ထားတာတွေ့တယ်။ ဘယ်သူ့ဟာလဲ ကျနော်က မေးကြည့်တော့ သူက မသိဘူးလေ ခုန ဒီဘေးက ဖြတ်သွားတဲ့ လူတယောက်က ကျနေတယ် ဆိုပြီးပြသွားလို့ ကျနော်လဲ ခင်ဗျားကျသွားတာ မှတ်ပြီး ကောက်တင်ထားလိုက်တာတဲ့။ ကျနော်လဲ ကိုယ့်တိုကင်တွေက အသစ်ချပ်ကျွတ် စက္ကူချုပ်စက်နဲ့ ချုပ်ထားတာမို့ သူ့ဘေးမှာချထားတာ ကိုယ့်ဟာမဟုတ်တာနဲ့ ကိုင်မကြည့်တော့ဘူး။
စကားလေးတပြောပြောနဲ့ ကျနော်တို့ အေးအေးဆေးဆေး စားနေရာက ကိုယ့်မိတ်ဆွေက အလန့်တကြား ထ, အော်တယ်။
"ဟာ.... ကျနော့် အိပ်၊ ကျနော့်အိပ်......."
ဘယ်မှာထားလို့လဲ မေးတော့ ဒီနောက်ကျောမှာ ကျနော် မှီထားတာလေ.... တဲ့။ မရှိတော့ဘူး။ ခုံအောက်မှာလဲ ကျမနေဘူး။ နေရင်းထိုင်ရင်း ရှင်းရှင်းကြီး ပျောက်စေဆရာ တန်ခိုးနဲ့ လုပ်လိုက်သလို ပျောက်သွားတာ။ သူနဲ့ကိုယ်နဲ့ စကားပြောနေတုန်း နောက်ကိုလဲ ဘယ်သူမှာ ကပ်မလာသလို ဘေးကလဲ ဘယ်သူမှ ဖြတ်မလျှောက်သွားဘူး။ ကိုယ်တို့ခုံနဲ့ နောက်ခုံကလှမ်းသလို နောက်ခုံမှာလဲ ဘယ်သူမှ လာမထိုင်ဘူး။ သူ့ကျောနဲ့ထိထားတာပဲ၊ လာဆွဲရင်တောင် သိလောက်တယ်။
အိတ်က စာရွက်စာတမ်းတွေထည့်တဲ့ ပုံရိုးရိုးလက်ဆွဲသရေအိတ်ကလေး။ ဘာတွေပါ သွားလဲ မေးကြည့်တော့ အဖိုးတန်တာဆိုလို့ ဈေးဝယ်ဖို့ money changer မှာ ကျနော်ငွေမလဲခင်၊ သူ့အတွက် ကျနော်လက်ဆောင်ပေးတဲ့ ဒေါ်လာ ရာတန် တရွက်ရယ် သူ့ ပတ်စပို့ရယ် တဲ့။
မိန်းမက အိမ်မှာ မမာဘူး။ သူသိရင် သူအတော် စိတ်မကောင်းဖြစ်မှာတဲ့။ ဟုတ်တယ်လေ။ ကျနော်သိတယ်။ အစ်မ (မိတ်ဆွေမိန်းမ) က ကင်ဆာဖြစ်နေတာ ကြာပြီ။ ကျနော်လဲ အတော် စိတ်ထိခိုက်သွားတယ်။ သူက လူကြီးဆိုတော့ ဟန်မပျက်ပေမဲ့ ကိုယ်က ကိုယ့်ပစ္စည်းပါသွားသလို ရင်ထဲမှာ နာနေပြီ။ သူ့မိသားစု ရပ်တည်မှု၊ အစ်မ (သူ့ဇနီး) ကျန်းမာရေးကို ကျနော်က ကိုယ်ချင်းစာပြီး ရင်ထဲ ထိခိုက်နေတာ။ ကျနော်တို့ စားတာကို ချက်ချင်းရပ်လိုက်ပြီး ဟိုနားဒီနား လျှောက်လိုက်ကြည့်သေးတယ်။ တွေ့ဖို့မလွယ်ပါဘူး။ သူခိုးက ဒီလောက်အချိန်တွင်းတော့ အိမ်မှာတောင် ပြန်အိပ်နေလောက်ပြီ။
အသေအချာ ပြန်စဉ်းစားတော့ ခ.မ.သ သူခိုးက အလွယ်ဆုံး အရှင်းဆုံးနည်းနဲ့ လုပ်သွားတာပဲ။ တဘတ်တန် တိုကင်အဟောင်းကလေး နှစ်ရွက်ကိုရင်းပြီး အိတ်ကို တိုသွားတယ်။ တိုကင်စာရွက်ကို ထိုးပြပြီး အာရုံပြောင်းလို့ ငုံ့ပြီးအကောက်၊ အိတ်နဲ့ကျောနဲ့ အကွာမှာ နောက်က တယောက်က အိတ်ကို ယူလိုက်တာ။
သူ့သမီးကလေး ပန်းချီဆွဲဖို့ ကျနော်လက်ဆောင်ပေးတဲ့ ပန်းချီပစ္စည်းကလေးတွေက ကျနော်တို့ ဈေးဝယ်လာတဲ့ အထုတ်တွေနဲ့ စပွဲပေါ် ရောတင်ထားလို့ ကျန်ခဲ့ရှာတယ်။ သူအသံသွင်းဖို့ ကျနော်ဝယ်ပေးတဲ့ mini diskette ကလေး ၄ ချပ် ကတော့ သူခိုးမ, သွားတဲ့ အိတ်ထဲပါသွားလို့ ကျနော်ထပ် ၀ယ်ပေးလိုက်တယ်။ ပါသွားတဲ့ ဒေါ်လာ ၁၀၀ လဲ ကျနော် အစားပြန်ပေးလိုက်နိုင်တယ်။ နှမြောတာက pass port ပဲ။ လုပ်ထားတာ လက်ရာကလေးက အတော်သန့်တာတဲ့။ လာအိုမှာ သွားပြီး စတေးရှောင်ထားတာ မကြာသေးဘူးတဲ့။
ကိုယ် ထိုင်းမှာ နေစဉ်အခါကတော့ ကိုယ်က ဒုက္ခသည်။ ပိုက်ဆံ သိတ်မရှိတော့ သူခိုးသူဝှက်ကိုလဲ ဒီလောက်ဂရုမစိုက်ခဲ့ဘူး။ ဒီတခေါက်မှာတော့ ဖတ်မှတ်လေ့လာထားတဲ့ စာအုပ်တွေအရ ဟွလန်ဖုံး (ဘန်ကောက်မီးရထားဘူတာကြီး) နားတ၀ိုက်၊ တရုတ်တန်း၊ ကုလားတန်းသွားရင် ခါးပိုက်နှိုက်ကြည့်သွားလို့ tourist guide book တွေက ဆိုထားတာ။ ဒီလို အရှင်းကြီးမှာ လာလုပ်လိမ့်မယ်လို့ မထင်ခဲ့ပဲကိုး။
နောက်သုံးနှစ်လောက်ကြာတော့ အစ်မလဲ ကင်ဆာရောဂါနဲ့ပဲ ဆုံးသွားပါတယ်။
အဲဒီ အခေါက်မှာ အစ်မလက်ဆောင်ပေးလိုက်တဲ့ သူ့အိမ်မှာ စားလက်စ မန်းကျည်းသီး ထောင်းကြော်ကို ဒီနေ့ထိသတိရတုန်း.....။ သူပေးလိုက်တဲ့အတိုင်း ပုလင်းသုံးပုံတပုံလောက် ကျန်တဲ့ မန်းကျည်းသီးထောင်းကြော်ကို ယူလာပြီး၊ ဖက်ဗူလီထောင့်က လဟာပြင်ဈေးကလေး မှာ ပလပ်စတစ်ဗူး တခုဝယ်လိုက်တယ်။ ဟိုတယ်ရောက်တော့ အမေရိကကို ယူသွားဖို့ ဗူးထဲထည့်ရင်း မြည်းကြည့်လိုက်တာ..... ဟာ ကောင်းမှကောင်း၊ စပ်မှစပ်။
ကမန်းကတန်း ဟိုတယ်အောက်ပြေးဆင်း၊ ထမင်းတထုတ်ဝယ်ပြီး ကင်(မ်) (စား) လိုက်တာ အလွိုင်ဒီ (အရသာရှိ) ပဲ။ အမေရိကရောက်တော့လဲ ကုန်သွားမှာ နှမြောလို့ တခါစားနည်းနည်းနဲ့ တဖြေးဖြေးချွေစားရတယ်။ ဒီအကြောင်းကို ဖုံးထဲမှာ မိတ်ဆွေနဲ့ အစ်မကို ပြောပြတော့ ၀မ်းသာပြီး စာတိုက်ကနေ တဗူးကြီး ထပ်ပို့ပေးလိုက်သေးတယ်။

မောင်မင်းရာ။
၂၀၀၈ စက်တင်ဘာ။

Tuesday, September 30, 2008

ခရွန်ထေ့ပ်မှအယုဒ္ဓယသို့
ရေးသူ-မောင်မင်းရာ










ရှစ်နှစ်ကျော်ကြာပြီး (၁၉၉၁ မှ ၁၉၉၉) ဘန်ကောက်ကို ပြန်ရောက်တဲ့ အချိန်မှာ အသစ်အဆန်းလို ဆီးကြိုနေတဲ့ ပူလောင်မွန်းကြပ်ခြင်းနဲ့အတူ အဆင်သစ်တရပ်က နေရာတိုင်း လိုလိုမှာ တွေ့နေရတဲ့ 7 Eleven တွေပါဘဲ။ ဟိုတုန်းက တမြို့လုံးလိုလို လျှောက်သွားနေတာ ရှားရှာပါးပါး တဆိုင်ပဲ သတိထားမိတယ်။ ဒါလဲ ခုပြောတဲ့ 7 Eleven လိုဖွင့်တာမျိုးမဟုတ်ဘူး။ ဆိုင်နာမည်ကို 7 Eleven လို့သာ ပေးထားပုံရတာပါ။ မြို့ထဲကနေ သိတ်မိုးချုပ်ချုပ် ပြန်တဲ့ညမျိုးဆို သူပိတ်နေပြီ။ Bang Na High way ကို မရောက်ခင်၊ ရဲစခန်းနားက Sukhumvit လမ်းမကြီးပေါ်မှာ သူ့ကို တွေ့နေရတယ်။


ခုတော့ 7 Eleven တွေများ မှိုလိုပေါက်။ ပြေးမလွတ်ဘူး။ ဒါပေမဲ့ အမေရိက, က 7 Eleven တွေထက် အများကြီး သာတယ်။ ဆိုင်တွေက သပ်သပ်ရပ်ရပ်၊ မွှေးမွှေးကြိုင်ကြိုင်၊ ဖော်ဖော်ရွေရွေ၊ ယဉ်ယဉ်ကျေးကျေး။ ဒါက ထိုင်းနိုင်ငံက လူမျိုးတွေရဲ့ လူမှု အဆင့်အတန်း အကျင့်စရိုက်နဲ့လည်း ဆိုင်မယ်ထင်တယ်။
ကိုယ်တွေ့ဖူးတဲ့ အမေရိက, က 7 Eleven တွေမှာတော့၊ အချိန်အခါနဲ့ နေရာဒေသ လိုက်ပြီး မနှစ်မြို့စရာ၊ စိတ်ညစ်ညူးစရာ၊ အော့နှလုံးနာစရာ၊ ရွံ့ရှာမုန်းတီးစရာတွေ တော်တော်များ များတွေ့ရတယ်။ ရေခဲသေတ္တာကို ဆွဲဖွင့်၊ ဘီယာ ခြောက်ပုလင်းတွဲ နှစ်တွဲကို လက်တဖက်စီမှာ စုံကိုင်လိုက်ပြီးမှ၊ လူတွေကြားကပဲ 'ယူသွားပြီဟေ့' ဆိုပြီး ပြောပြောဆိုဆိုနဲ့ လုပြေးသွားတာမျိုး၊ hot dog မှာ ဆမ်းတဲ့ ခရမ်းချဉ်သီးဆော့စ်တွေကို လိုတာထက် အမြောက်အများ ပိုယူလိုက်ပြီး စားပွဲပေါ်တွေမှာ၊ ဆိုင်ကြမ်းပြင်မှာ ဖြန်းချခဲ့ပြီး၊ ကိုယ့်နဲ့ မဆိုင်သလို လုပ်သွားတဲ့ တာဝန်မဲ့မှုမျိုး၊ ကိုယ်က ပစ္စည်းတခုကို ဆွဲယူလိုက်လို့ အောက်ကိုကျသွားတဲ့ ပစ္စည်းကို ပြန်ကောက်တင်ပေးဖို့ ၀န်လေးတာမျိုး။ ကလေးလူကြီး၊ ယောက်ျားမိန်းမ လစ်ရင်ရင် လစ်သလို ခိုးဝှက်ကြတာမျိုး။ ဘေးလူက မြင်လျက် မပြောရဲလို့ မမြင်ချင်ဟန်ဆောင်နေရတာ။ ခိုးထားတဲ့ ပစ္စည်းအိတ်ထဲမှာ ရှိနေတာ သိလို့ ဆိုင်ထဲက မထွက်ခင် ပြန်ထားလိုက်ပါပြောတာကို မျက်စေ့ကို လက်သီးနဲ့ထိုးပြီး ထွက်ပြေးလို့ ရောင်းသူမှာ မျက်လုံးပျက်ခဲ့ရတာမျိုး။ နောက်ဆုံး နေ့ခင်းကြီး ကြောင်တောင် ဓါးပြ၀င်တိုက် တာမျိုး၊ သေနတ်ပြပြီးတိုက်လို့ ပိုက်ဆံပေးလိုက်တာတာင်၊ သေနတ်နဲ့ ပစ်သွားတာမျိုး။ ဒါတွေကို မိတ်အင်အမေရိကလို့ ပြောလို့ရတယ်။ ဘန်ကောက်မှာ၊ ထိုင်းမှာ တခါမှ မတွေ့ မိပါဘူး။
ဟိုတုန်းက ဆူကွန်ဗစ်လမ်းမကြီးပေါ်လောက်မှာ၊ တိုးရစ်များတဲ့နေရာလောက်မှာ တဆိုင်တလေ တွေ့ရတဲ့ Pizza ဆိုင်တွေ၊ ခုတော့ မှိုလိုပေါက်။ Domino Pizza, Pizza Hut တွေ နေရာဝင် ယူနေကြပြီ။ delivery ကို မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ မော်တော်ဆိုင်ကယ် အရောင်၊ မောင်းတဲ့လူရဲ့ ယူနီဖောင်းအရောင်၊ Pizza ဆိုင်အရောင်အတိုင်း စိမ်းနီကြောင်ကြား။ delivery ကို ကားနဲ့ လိုက်ပို့နေရင်လဲ ဘန်ကောက်ကားကြပ်ပုံမျိုးနဲ့ စားရဖို့ မလွယ်ဘူး။ မော်တော်ဆိုင် ကယ်ကျတော့ ပလက်ဖောင်းပေါ်က တက်မောင်းတယ်လေ။ ဒါကတော့ မိတ်အင်ဘန်ကောက် ပါ။ ဟိုတုန်းက အမေရိကအနံ့အသက် မက်ဒေါ်နယ်လ်၊ ကင်တပ်ကီ လောက်ပဲ။ ခုတော့ Pizza တွေအပြင်, ယိုးဒယားစာနဲ့ ရေးထားတဲ့ Malboro, Kit-kat, Frito-lay, Trident တွေ 7-Eleven ထဲအကုန် ရောက်နေပြီ။ မိတ်အင်ထိုင်းလင်း.......

xxxx xxxxx xxxx xxxxx

ဘန်ကောက်ရောက်ပြီး နောက်တနေ့ မနက်နိုးတော့ ဟိုတယ်က မနက်စာကြွေးတဲ့ အခန်းကိုသွားကြည့်တယ်။ မဖွင့်သေးဘူး။ ကိုယ့်မှာ ခရီးသွားရင် ပြဿနာက အဲဒါပဲ။ ကိုယ် အိပ်ယာကထတဲ့ အချိန်ဟာ ဟိုတယ်တွေမှာ မနက်စာမကြွေးသေးဘူး။ ကိုယ်ကလဲ ဟိုတယ် ကကြွေးတဲ့ မနက်စာထက် အပြင်မှာ စောစောစီးစီး ရောင်းချတဲ့အစာကို ပိုမက်တယ်။
ဘာခက်တာလိုက်လို့ လမ်းတွေက ကျွမ်းပြီးသားပဲဟာ။ ဖက်ဘူလီရဲ့ လမ်းကြားနေရာ အတော်များများမှာ သူ့အချိန်နဲ့သူ စားစရာ မပြတ်ရှိနေတာ။ ဘုန်းကြီးတွေ ဆွမ်းခံကြွတာကို ကြည်ညိုလိုက်ပြီး လမ်းဘေးမှာကြော်ရောင်းနေတဲ့ အီကြာကွေးသည်ဆီက cell phone လောက်အရွယ် အီကြာကွေးကလေးတွေ ၀ယ်လာခဲ့တယ်။
ဟိုတယ်ခပေးတဲ့ထဲမှာ မနက်စာအတွက်ပါ ထည့်တွက်ထားတာမို့ မစားရင်လဲ မတန်ဘူး။ လမ်းဘေးမှာ ထိုင်းတွေရောင်းတာလောက်တော့ မမက်မောလှပေမဲ့ မပျက်မကွက် စားပါတယ်။ ဒါပေမယ့် ထိုင်းဟိုတယ်တွေက များသောအားဖြင့် ကိုယ့်ပါးစပ်နဲ့ တွေ့တဲ့ မနက်စာတွေ ရတတ်ပါတယ်။ သူတို့မှာ မနက်စာကို အရှေ့တိုင်းအစာ၊ အနောက်တိုင်းအစာ နှစ်နေရာခွဲထား တတ်တာမို့ အရှေ့တိုင်း အစာဘက်မှာ ထမင်းကြော်ဖြစ်ဖြစ်၊ ကြာဇံကြော်ဖြစ်ဖြစ်၊ ကွေ့တီယို ဖတ်စီယူ ဖြစ်ဖြစ်၊ ဆံပြုတ်ဖြစ်ဖြစ်၊ ခံတွင်းတွေ့မယ်ထင်တာ ပန်းကန်ထဲလျှောက်ထည့်ပြီး၊ အပြင်က ကိုယ်ဝယ် လာတဲ့ အီကြာကွေးနဲ့ လက်ဘက်ရည်နဲ့ တနေ့တာ ခရီးရှည်ချီတက်ဖို့ ဗိုက်ကို အပြတ်ဖြည့် ထားရတယ်။

xxxx xxxx xxxx xxxx

လွန်ခဲ့တဲ့ ရှစ်နှစ်က ကွန်ပြူတာတွေ cell phone တွေက ဘန်ကောက်မှာ မတွင်ကျယ် သေးဘူး။ ပိုက်ဆံချမ်းသာတဲ့လူတွေ လမ်းပေါ်မှာ ကြွားဝါပြီးကိုင်ကြတဲ့ 1 litre ရေသန့်ဘူးအရွယ် လောက်ကြီးတဲ့ ဝေါ်ကီတော်ကီလိုမျိုး တယ်လီဖုံးတွေ။ အိမ်ဖော် ကောင်မလေးက နောက်ကနေ တယ်လီဖုံးခြင်းကို ကိုင်လိုက်ရတဲ့၊ အဖြစ်မျိုးတွေ မတွေ့ရ တော့ဘူး။ ငှက်ပျောကြော်သည် အမျိုးသမီးက ဆိုင်ခင်းဖို့ ဗန်းတွေချ၊ ခုံတွေခင်းနေတာ cell phone ပန်းရောင်ကလေးကို နားနဲ့ ပုခုံးကြားမှာညှပ်ပြီးပြောလို့။
ဟိုတုန်းက မာဘွန်ခရောင် Mabong Khrong မှာ ခိုးကူး ကွန်ပြူတာ game diskette တွေ ရောင်းတယ်။ ဆယ်ဘတ် လောက်ပဲပေးရတာ။ ဈေးလည်ခေါင်က လူသွားလမ်းဘေး တွေမှာ အ၀တ်ကန့်လန့်ကာတွေ ကာထားတဲ့ စပွဲတခင်းစာ ဆိုင်ခန်းလေး တွေ။ သူ့ဆီမှာ အယ်လ်ဘမ်နဲ့ ကက်တလောက်ပဲ ထားတယ်။ လိုချင်တာမှာခဲ့၊ နောက်တခေါက် ပြန်သွား ရတယ်။
ခုတော့ Pan Tip ပလာဇာ လေးထပ်တိုက်ကြီးတခုလုံး ကွန်ပြူတာနဲ့ ကွန်ပြူတာ ဆိုင်ရာ ပစ္စည်းတွေချည်းပဲ။ ခေတ်ပြောင်းတာက မြန်လိုက်တာ။

xxxx xxxx xxxx xxxx xxxx

ပထမဆုံး ပြန်ခြေချတဲ့(၁၉၉၉) ခရီးကို ရတုန်းရခိုက် ဘန်ကောက်မှာပဲ ကုန်ချင်တယ်။ ဟိုတယ်မှာ တနေ့တနေ့ ဆင်းလိုက်တက်လိုက်၊ ၀င်လိုက်ထွက်လိုက်နဲ့ တယောက်ထဲ ရှုတ်နေ တာကို သတိထားမိတဲ့ လူကလဲ သတိထားမိတယ်။ တနေ့တော့ ဟိုတယ်ဧည့်ခန်းမှာ စပွဲတလုံး ချပြီး အယ်လ်ဘမ်စာအုပ်တွေ ရှေ့ချထားတဲ့ မိန်းမက၊ သူ့ဘက်ကို လှည့်အကြည့်မှာ အကြည့် ချင်းဆုံသွားတာနဲ့ကို 'ဆ၀ါဒီခ' ပြီး သူ့အယ်လ်ဘမ်ကို လှမ်းပြတော့တာပဲ။ ကိုယ်ကလဲ သိတဲ့အတိုင်း စပ်စပ်စုစုသမားဆိုတော့ အနားကပ်သွားပြီး သွားကြည့်လိုက်တယ်။
သူက ခရီးသွားလုပ်ငန်း ကုမ္ပဏီတခုက ကိုယ်စားလှယ်။ ကိုယ်တည်းနေတဲ့ First Hotel နဲ့ မဆိုင်ဘူး။ ကြည့်စရာရှုစရာ သွားချင်စရာတွေ၊ သွားလို့ရတဲ့ Tour Packages တွေလာရောင်းတယ်။ ချင်းမိုင်သွားမလား၊ မဲဆောက်သွားမလား၊ ကျောက်ဖရားမြစ်ထဲ လှေစီးမလား၊ တောထဲမှာဆင် သွားစီးမလား၊ မြွေအလမ္ပါယ်ကြည့်မလား၊ မိချောင်းကြည့် မလား၊ ကန်ချနဘူလီက ကွေးမြစ်ပေါ်က ၀ါးဖောင်ဟိုတယ်မှာ သွားအိပ်မလား၊ သွားနည်းမျိုးစုံ၊ ကြည့်စရာမျိုးစုံကို သူ့ အယ်ဘမ် ထဲမှာ သူ့နှုန်းထားနဲ့သူ ပြထားတယ်။
သူ့အတိုင်းသာဆို ငွေထုပ်ပိုက်လာပြီး ဘန်ကောက်မှာ နှစ်လ သုံးလနေမှ ရမလားပဲ။
ဒါနဲ့ ကိုယ်စိတ်ဝင်စားတဲ့အထဲက ည လဲ မအိပ်ရဘူး၊ ဈေးလဲအသင့်အတင့် တခုကို ရွေးလိုက်တယ်။
အယုဒ္ဓယခရီးစဉ်....။
သူ့ နည်းနာထဲမှာ ဈေးအပေါဆုံးခရီးစဉ်က နေ့ချင်းပြန်၊ အသွားအပြန် Tour Bus နဲ့။ အလယ်အလတ်ဈေးနှုန်းက Tour Bus နဲ့ သွား၊ သင်္ဘောနဲ့ပြန်၊ သင်္ဘောပေါ်မှာ နေ့လည်စာ ကြွေးတယ်။ အလည်အလတ်နှုန်းထားပဲ ကားနဲ့သွား၊ သင်္ဘောနဲ့ပြန်တာကို လက်မှတ်တစောင် ဖြတ် လိုက်တယ်။
နောက်တနေ့ မနက် ဟိုတယ်မှာ breakfast စားပြီးတာနဲ့ အသင့်လာစောင့်နေတဲ့ van ကားလေးနဲ့ တနေရာကို လိုက်သွားရတယ်။ အဲဒီမှာ သူတို့ Tour Bus ကြီးတွေ ရှိတယ်။ ကိုယ်လိုပဲ ဟိုတယ်တွေက သူလိုက်ကောက်လာတဲ့ လူတွေကို ဆိုင်ရာကားတွေပေါ် တင်ပေး တယ်။
စနစ်ကျပြီး အဆင်ပြေလိုက်တာမှ သိပ်ကို ကျေနပ်စရာကောင်းတာပဲ။ ပြောထားတုန်း ကတမျိုး၊ လုပ်တော့တမျိုး မဖြစ်ဘူး။ လမ်းတလျှောက် သူ့အစီအစဉ်တွေက ချိတ်ဆက်ကို မိနေတာပဲ။
အယုဒ္ဓယမှာ ကြည့်ထိုက်တာတွေကို Tour company က သူ့စကားပြန်နဲ့သူ အနှံ့လိုက် လံရှင်းပြတယ်။ အယုဒ္ဓယကို မြင်တော့ ကိုယ့်ပြေကိုယ့်ရွာ ပုဂံကို သတိရလိုက်တာ။ မြို့ခံနယ်ခံတွေရဲ့ လူမှုစီးပွါးအခြေအနေ ကောင်းပုံရတော့ နိုင်ငံခြားခရီးသွားတွေ အပေါ်မှာ ရှက်စရာ၊ မျက်နှာပူစရာအဖြစ်တွေ မတွေ့ခဲ့ရဘူး။
ဗမာတွေ ဖျက်သွားလို့ ပျက်ရတဲ့ အယုဒ္ဓကို သင်ခန်းစာ ယူဖွယ် ရေးသားထားတာတွေ ဖတ်ရတော့ ရင်နင့်စရာ ကောင်းပါတယ်။ စစ်ပွဲတွေကို အမှတ်အသားပြရာမှာ ဒီနေရာက တိုက်ပွဲဖြစ်တဲ့နေရာ၊ ဒီနေရာက ဘယ်သူနဲ့ဘယ်သူ စီးချင်းထိုးတဲ့နေရာ စသဖြင့် သမိုင်းကို အသေအချာ မှတ်တိုင်ထူပြထားတာတွေ လိုက်ပြီး ဖတ်ရုံနဲ့ ကိုယ့်နားထဲ ဆင်သံမြင်းသံ၊ အော်သံဟစ်သံတွေ ကြားလာသလိုပဲ။
ဧည့်သည်တွေ အပျော်စီးဖို့ ဆင်တွေလဲလုပ်ထားတယ်။ ဆင်ဦးစီးတွေက ရှေးတုန်းက အယုဒ္ဓယသားတွေ အ၀တ်အစားနဲ့။ မြို့ထဲ တချို့နေရာတွေမှာ ဘုရားပျက်တွေက Appartment တိုက်တွေကြား ရောက်နေတာ ကြည့်ရတာ အရသာ တမျိုးပဲ။ (ချင်းမိုင်မှာလဲ ဒါမျိုးတွေ့ဖူး တယ်)။
နေ့တ၀က်နဲ့ ပြစရာတွေ လျှောက်ပြပြီး သင်္ဘောဆိပ်ကို ရောက်လာတယ်။ သူ့လိုပဲ တခြား Tour ကုမ္ပဏီတွေက ကားတွေကလဲ နေ့လည်စာ စားချိန်အမီ မြစ်ဆိပ်ကို အသီးသီး ရောက်လာကြတယ်။ ကိုယ့်စိတ်ထဲမှာ နေ့တ၀က်ဟာ အယုဒ္ဓယကို သိမြင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ညအိပ်ညနေ နားနားနေနေ ကြည့်မှ နှံ့စပ်သိမြင်နိုင်လိမ့်မယ်။ ခုဟာက ရောက်တဲ့အချိန်မှာပဲ နေကအတော်ပူနေပြီ။ မကြည့်နိုင်တော့ဘူး။
လူစုံလို့ သင်္ဘောထွက်တာနဲ့ အသင့်ပြင်ဆင်ထားတဲ့ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံ တော့တာပဲ။ အစားနဲ့ အချိုရည်က buffette အလကားကြွေးတယ်။ ယမကာက ကိုယ့်စရိတ်နဲ့ ကိုယ်။
မိုးမချုပ်ခင် မှောင်စပျိုးမှာ ဘန်ကောက်ပြန်ရောက်လာတယ်။

မောင်မင်းရာ။





စက်တင်ဘာ၊ ၂၀၀၈။

Sunday, September 28, 2008

ပြည်တော်သာခင်ခင်ဦး (၁၉၅၂-ခု၊ စက်တင်ဘာလ)


{ပြည်တော်ကို တကယ်သာချင်ရှာသော ဗမာနိုင်ငံသားတိုင်း........သို့}
စာရေးသူ။
(ဗန်းမော်တင်အောင်)



စာရေးသူ၏အမှာ။

(က)
"ပြည်တော်သာရမည်......"
အထက်ပါ ကြွေးကြော်သံတရပ်ကား အရပ်ရှစ်မျက်နှာနှင့် အကြိုအကြားများ၌ပင် မကျန် ယနေ့တွေ့မြင်ကြားသိ၍ ဘတ်ရှုနေကြရသည်။ အမျိုးလေးပါးမျှသာမက၊ အရူးများပင် ဘတ်ရှုနေရပေလိမ့်မည်။ ဤ "ကြွေးကြော်သံ" သည် လူထု၏အသံမဟုတ်၍ ငွေကြေးအတော် အကုန်အကျခံကာ ကြော်ငြာပေးနေပုံလည်းရသည်။
"ပြည်တော်သာရမည်......တဲ့......."

(ခ)
ယနေ့ ဗမာနိုင်ငံ၏ အများဆုံးသော ပြည်သူလူထုကြီးဖြစ်သည့် အလုပ်သမားများ လယ်သမားများ စားရမဲ့၊ နေရမဲ့နှင့် ငတ်မွတ်ကာ ဒုက္ခအမျိုးမျိုး ရောက်နေရသော အချိန်၌ "ပြည်တော်သာရမည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ယနေ့ ဗမာနိုင်ငံ၌ ပြည်သူတို့၏ ဒီမိုကရေစီအရေးအခွင့်များအား ဖျက်ဆီးပိတ်ပင်ခြင်း ခံနေရသည်နှင့်အမျှ ပြည်သူ့သားကောင်း သမီးကောင်း မြောက်မြားစွာတို့သည် အာဏာပိုင်တို့ ၏ လုပ်ကြံမှုတရားရုံးတော်များနှင့် အကျဉ်းထောင်များ၌ အမျိုးမျိုး စွပ်စွဲခြင်းခံရလျက် အမျိုးမျိုး ရိုက်နှက်ညှင်းပန်း နှိပ်စက်ခြင်းကို အော်ဟစ်ညည်းတွားခံနေရသော အချိန်၌ "ပြည်တော်သာရ မည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ယနေ့ ဗမာနိုင်ငံ၌ "ဗမာလူမျိုးကြီး" ၀ါဒ၏ ဖိနှိပ်ချုပ်ချယ်မှု လက်ဝါးကြီးအုပ်၍ အာဏာရှင်ဆန်ဆန်ကျင့်ကြံမှုများကြောင့် လူနည်းစုများဖြစ်ကြသော ကရင်-မွန်-ရှမ်း-ပအိုး-ကချင်-ချင်း-ကယား နှင့် ရခိုင်အမျိုးသားတို့သည် ၎င်းတို့ အမျိုးသားလွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပြဌာန်းပိုင်ခွင့်အတွက် လူးလဲရုန်းကန်နေရသော အချိန်၌ "ပြည်တော်သာရ မည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ယနေ့ ဗမာနိုင်ငံ၌ နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းချင်းအား ညီတူမျှတူ သဘောမထားဘဲ တပါတီအာဏာရှင်စနစ် ကျင့်သုံးမှုကြောင့်၎င်း၊ ဖိနှိပ်ချုပ်ချယ်မှုကြောင့်၎င်း၊ လေးနှစ်ကျော်ငါးနှစ်မျှ ပြည်တွင်းစစ်ပွဲသည် ရှည်လျားကြာမြင့်လာခဲ့သော အချိန်၌ "ပြည်တော်သာရမည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ယနေ့ ကမ္ဘာကြီးတခုလုံးကို လက်ဝါးကြီးအုပ်၍၎င်း ထင်သလိုချယ်လှယ်သွေးစုပ်ရန် မိုက်မဲစွာ စိတ်ကူးရင်း၊ မိုက်မဲလှသော စိတ်ကူးကို လက်တွေ့အကောင်အထည် ဖော်ရေး အတွက် နောက်ထပ် တတိယကမ္ဘာစစ်ကြီးတခုကို ရန်စမီးမွှေး၍ တိုက်ခိုက်ရန် ကမ္ဘာ့အနိုင် နိုင်ငံ၌ ကျူးကျော်ဝင်ရောက်ကာ စစ်အခြေခံစခန်းများ ပြုလုပ်လျက် အမေရိကန်နယ်ချဲ့သမား သည် စစ်မက်ပြင်ဆင်နေ၏။ ဥရောပတိုက်တွင် ဆိုဗီယက်ယူနီယံနှင့် ပြည်သူ့ဒီမိုကရေစီနိုင်ငံ များအား ၀င်ရောက်တိုက်ခိုက်ရန် အတ္တလံတိတ်ကျူးကျော်ရေး စာချုပ်များကိုချုပ်၍ နာဇီ ဂျာမဏီအား လက်နက်တပ်ဆင်စေ၏။ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများ၌ လက်နက်နိုင်ငံ များနှင့် စစ်စခန်းများကို ဆောက်လုပ်နေ၏။ ဤကဲ့သို့ အလားတူပင် အာရှတိုက်၌ တရုပ်ပြည်သူ့သမတနိုင်ငံနှင့် ကိုလိုနီနှင့် ကိုလိုနီတပိုင်းနိုင်ငံများ၏ အမျိုးသားလွတ်မြောက်ရေး ကို ဖျက်ဆီး တိုက်ခိုက်ရန် အတိအလင်း ၀င်ရောက်တိုက်ခိုက်ရန် ခြိမ်းခြောက်နေခြင်းမှ ယနေ့ ကိုးရီးယား၌ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ကာ အပြစ်ကင်းမဲ့သော ကိုးရီးယားပြည်သူတို့အား မီးလောင်ဗုံးကြီးများ အဆိပ်ပိုးမွှားလက်နက်များဖြင့် သတ်ဖြတ်ကာ ယခင်ဖက်ဆစ်ဂျပန်အား လည်း လက်နက်တပ်ဆင်လျက် ရှိနေသောအချိန်၌ ဗမာနိုင်ငံတွင် "ပြည်တော်သာရမည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ယခုကဲ့သို့ တရားလွန်ကျူးကျော် သောင်းကျန်းနေသော အမေရိကန်နယ်ချဲ့သမားအား လက်ရှိအာဏာပိုင်တို့သည် သွားရောက်ပင့်ဖိတ်လာခဲ့ပြီးနောက်၊ အမျိုးမျိုးသော တဖက်သတ် စာချုပ်များကို ချုပ်ဆိုလက်ခံခဲ့ကြခြင်းကြောင့် အမေရိကန်နယ်ချဲ့သမားသည် ဗမာနိုင်ငံ၌ စစ်သင်္ဘောကျင်းများ၊ စစ်လေယဉ်ပျံကွင်းများကို အတိအလင်း ဆောက်လုပ်နေကာမျှနှင့် မရပ်သေးဘဲ ဗမာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဖျက်ဆီးချေမှုန်းရန်နှင့် တရုပ်ပြည်သူ့သမတနိုင်ငံအား ရန်စ, ၀င်ရောက်တိုက်ခိုက်ရန် တရုတ်ဗမာနယ်စပ် တလျှောက် ၌ လက်နက်ကိုင်စစ်တပ်များဖြင့် ကျူးကျော်ဝင်ရောက်ကာ တပ်စွဲနေ၍ ဗမာနိုင်ငံ၏ အခြေ အနေသည် အလွန်တရာ စိုးရိမ်ထိတ်လန့်ဘွယ်ရာ ကျရောက်နေရသော အချိန်၌ "ပြည်တော် သာရမည်" ဟူသော ကြွေးကြော်သံကို ကြားရ၏။
ဤကဲ့သို့ နိုင်ငံတကာ့ရေးရာအခြေအနေသည် စိုးရိမ်ထိတ်လန့်ဘွယ်ရာ ဖြစ်ပေါ်နေကာ ပြည်တွင်းအခြေအနေသည်လည်း ကြောက်မက်ဆိုးဝါးဘွယ်ရာ ဖြစ်ပျက်နေရသော အချိန် ကာလ၌ "ပြည်တော်သာရမည်" ဟူသော လူတစုလောက်က အော်ဟစ်ကြွေးကြော်နေခြင်းမှာ သူရူး၏ ဆောင်းညအိပ်မက်၌ ဂယောင်ဂတမ်းနှင့် ပြောမိပြောရာ ပြောဆိုနေခြင်းနှင့်သာ တူနေပေသည်။ အနက်အဓိပ္ပါယ်မရှိ၊ အမြီးအမောက်လည်းမတည့်၊ မိမိဘာသာ ယောင်ယမ်း ပြောဆိုနေသော စကား၏ အနက်အဓိပ္ပါယ်ကို သူရူးသည် သိချင်မှသာ သိပေမည်။
"ပြည်တော်သာရမည်...... တဲ့...."

(ဂ)
"ပြည်တော်သာ" သည် လူတိုင်း၏ အိပ်မက်ဖြစ်၏။ အမျိုးလေးပါးသာမက အရူးလဲပါ၏။ သို့ရာတွင် အိပ်မက်ကို အကောင်အထည်ဖော်ရာ၌ ဖြစ်ပေါ်နေသော လက်ရှိအခြေအနေအား ကောင်းစွာနားလည်နှံ့စပ်ခြင်း ရှိရမည် ဖြစ်သကဲ့သို့၊ အတိတ်၏ ရာဇ၀င်ကိုလည်း ကောင်းစွာ နားလည်ထားရန်လို၏။ သို့မှသာ အနာဂါတ်၌ရှိသော "ပြည်တော်သာ" အတွက် လက်တွေ့ တည်ဆောက်ရမည့် လုပ်ငန်းကို ချမှတ်နိုင်ပေလိမ့်မည်။
"ပြည်တော်သာရမည်" ဆိုသော ပြည်တော်သာ၌ လူတစုနှင့် တပါတီအတွက်လောက် သာ ပြည်တော်သာနေလျင် ထိုပြည်တော်သည် ပြည်တော်သာ မဟုတ်နိုင်ဘဲ ပြည်တော်နာ နှင့် ပြည်တော်ချာသာ ဖြစ်ပေလိမ့်မည်။ "ပြည်တော်သာ" ဆိုသည်မှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သာနိုင်မှ တကဲ့ပြည်တော်သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် တယောက်တလက် ပြည်တော်သာသော့ချက်ဟူသော ဆိုထုံးစကားကဲ့သို့ "ပြည်တော်သာရမည်" ဟူသော ကြွေးကြော်သံအတွက် ပြည်သူတို့၏ ဘဏ္ဍာငွေများဖြင့် ကြော်ငြာနေကြသူများကား ကြော်ငြာကာလှည့်ဖျားနေကြသည့်အခိုက် ပြည်တော်ကို အမျိုး လေးပါးနှင့် သူရူးပါမကျန် လူတိုင်းလူတိုင်းအတွက် တကယ်သာစေလိုလှသော လူငယ်စာရေး ဆရာတဦး သတင်းစာဆရာတဦး အနေနှင့် ခဲခဲယဉ်းယဉ်းနှင့် အလုအယက်ဘမ်းဆီးနေရသော အချိန်ကလေး အနည်းမျှကြားမှ သူ၏ "ပြည်တော်သာခင်ခင်ဦး" ကို ကျိုးပမ်းရေးထုတ်၍ တင်ပြခြင်း ပြုလိုက်ရပါသည်။
"ပြည်တော်သာရမည်......."
သို့ရာတွင် လူတစုနှင့် တပါတီအတွက်မျှသာမဟုတ်၊
ဗမာတမျိုးသားလုံးအတွက် ပြည်တော်သာရမည်။

တင်အောင်။
၂၄-၈-၅၂။

Friday, September 26, 2008

ဂျက်လန်ဒန်၊ သူ့ဘ၀ သူ့စာပေ (ဒုတိယအကြိမ်-၂၀၀၁၊ ဇွန်လ)


ဒုတိယအကြိမ် ထုတ်ဝေသူ့အမှာ

စာပေသူရဲကောင်းတလူ

'လောက၌ ထာဝရ မိတ်ဆွေနှင့် ထာဝရ ရန်သူဟူ၍ မရှိ။
ထာဝရ အကျိုးစီးပွါးသာရှိသည်'

(ဗန်းမော်တင်အောင်၏ မြစ်ဧရာပေါ်ဝယ်...... မှ)

ပုဂံရွှေပြည်မှသည် စတုတ္ထမြန်မာနိုင်ငံသမိုင်းခေတ်ဆီ......
စာပေသူရဲကောင်းနှင့် မဟာစကြာဝဠာထဲကလင်းယုန်


(၁)
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ခန့်ဆီက
မဟာစကြာဝဠာထဲ တောင်ပံတဖျန်းဖျန်းခတ်လျက် ပျံဝဲသွားခဲ့လေသော
လင်းယုန်ကြီး .........

ထိုလင်းယုန်ကြီးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်၏ စာပေလောက အတိုင်းအတာအားဖြင့် 'ကြီးမြတ်ခြင်းဂုဏ်' နှင့် ထိုက်တန်သည်ဟု ကောင်းမြတ်သော မနသီနှင့် ကျွန်တော်တွေးဆ ဆင်ခြင်မိသည်။ ဤသည်မှာ ကျွန်တော် တဦးချင်း၏ တသီးပုဂ္ဂလ ခံစားသိမြင် နားလည်ချက်မျှသာ ဖြစ်ပါသည်။

'ရိုးသားဖြောင့်မတ်ခြင်း (Simplicity) မရှိသောနေရာ၌ ကြီးမြတ်ခြင်းတရား (Greatness) သည် မရှိ'


ဟု ကမ္ဘာကျော် ရုရှစာရေးဆရာကြီး လီယိုတော်စတွိုင်းက မြွက်ဆိုဖူးသည်။ ဆရာဗန်းမော်တင်အောင်သည် မိမိ၏ လူမှုအဖွဲ့အစည်းအတွင်း သူရောက်ရှိခဲ့သော အဆင့်နှင့် နေရာတိုင်း၌ လူပုဂ္ဂိုလ်ရေးရာအရလည်းကောင်း၊ စာပေရေးရာအားဖြင့်လည်းကောင်း၊ ရိုးသားဖြောင့်မတ်ခြင်း အလှဂုဏ်နှင့် ကုံလုံပြည့်စုံသည် ဟူသောအချက်ကို 'အချိန်တည်း ဟူသော သဲပွင့်ကလေးများပေါ်တွင် အမှတ်ထင်ထင် တင်ကျန်ရစ်သော သူ၏လက်ရာများ' က အခိုင်အမာ သက်သေထူပြလျက် ရှိသည်။

(၂)
ဆရာဗန်းမော်တင်အောင်အပါအ၀င် မြန်မာ့သမိုင်းပညာရှင်နှင့် သမိုင်းသုတေသီတွေ က မြန်မာ့လူမှုဖြစ်ပေါ်တိုးတက်ရေးနှင့် မြန်မာ့သမိုင်းအစဉ်ကို အဓိကအားဖြင့် သမိုင်းခေတ်ကြီး လေးခေတ် ဆစ်ပိုင်းခွဲခြား ပြကြပါသည်။
အနော်ရထာမင်း တည်ထောင်ခဲ့သော ပုဂံရွှေပြည်ကို ပထမမြန်မာနိုင်ငံ သမိုင်းခေတ်၊
တပင်ရွှေထီးနှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ တည်ထောင်ခဲ့သော ဟံသာဝတီ ရွှေပြည်ကို ဒုတိယမြန်မာနိုင်ငံသမိုင်းခေတ်၊
အလောင်းမင်းတရား ဦးအောင်ဇေယျတည်ထောင်ခဲ့သော ကုန်းဘောင်ရွှေပြည်ကို တတိယမြန်မာသမိုင်းခေတ်နှင့်၊
လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံသမိုင်းခေတ်
ဟူ၍ ဖြစ်သည်။
ကျွန်တော် စီးပွါးရေးတက္ကသိုလ်သို့ တက်ရောက်ခါစ .... ဆရာဗန်းမော်တင်အောင်၏ 'မြန်မာနိုင်ငံတော်သမိုင်း' နှင့် 'ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း' အမည်ရှိ သမိုင်းစစ်တမ်း ကျမ်းနှစ်စောင်အပြင် အခြားသောမြန်မာ့သမိုင်းပညာရှင်တွေ၏ ကျမ်းအစောင်စောင်ကိုလည်း အတော်အသင့် လေ့လာဖတ်ရှုခွင့် ရခဲ့ပါသည်။ ထိုမြန်မာ့သမိုင်းကျမ်းများ၌ လွတ်လပ်ရေးရပြီး နောက် ပြည်ထောင်စုမြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ဟူ၍ တင်စားခေါ်ဝေါ် သော အဆိုအမိန့်တရပ် ပါရှိပေရာ၊ ထိုအဆိုကို ကျွန်တော်လွန်စွာ နှစ်ခြိုက်သဘောကျမိ ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ထဲမှာ မွေးဖွားရှင်သန်ပြီး၊ လူဖြစ်တည်နေမှု ကြုံဆုံခွင့်ရထားသူ တဦးပါကလားဟူသော အသိဖြင့် မိမိကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားစိတ်၊ နိုးထတက်ကြွမှု လှိုင်းခတ်ခံစားရသောကြောင့်ပင် ဖြစ်ပါသည်။
မှန်ပါသည် ..... ကျွန်တော်တို့ ဖြတ်သန်းလျှောက်လှမ်းနေသည့် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်သည် ကမ္ဘာ့စနစ်ကြီး အထွေထွေအရပ်ရပ် တိုးတက်ဖြစ်ထွန်းပြောင်းလဲမှုနှင့် ရင်ဘောင်တန်းလျက် အလွန်ထူးခြားတောက်ပသည့် သမိုင်းလက္ခဏာနှင့် ပြည့်စုံ၍ အနာဂတ်စက်မှု၊ အီလက်ထရွန်နစ်၊ ကွန်ပြူတာအဆင့်မြင့်နည်းပညာနှင့် တတ်သိပညာ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ အလျှံပယ်ကြွယ်ဝချမ်းသာသော လိုတ,ရ ခေတ်မီမြန်မာ့လူမှုအဖွဲ့ အစည်း ပေါ်ထွန်းဖြစ်တည်နေမည့် ပဉ္စမမြန်မာနိုင်ငံသမိုင်းခေတ်သစ်ဆီ ဦးတည်လှမ်းတက်ဖို့ ရေခံမြေခံကောင်း မြှော်လင့်ချက်ရောင်ခြည် သန်းဖြာလင်းလက်နေသည့် အခါသမယဟု ဆိုရကောင်းမည် ထင်ပါသည်။

(၃)
ပြင်သစ်ပြည် ခေတ်ဆန်းချိန်ကာလကို အင်္ဂလိပ်ကဗျာစာဆို သုခမိန်ကြီး ၀ဒ်စ၀သ် (Wordsworth) က ကဗျာတပုဒ်ရေးဖွဲ့ မွမ်းထုံပြခဲ့သည်။ ထိုကဗျာထဲမှာ ပွင့်သစ်စ နုပျိုငယ်ရွယ်သူ မျိုးဆက်သစ်တွေကို ရည်ညွှန်းထားသည့် စာပိုဒ်ကလေးတပိုဒ် ပါရှိပါသည်။ ကျွန်တော်ကား သာမန်စာဖတ်သူတဦးမျှသာဖြစ်ပြီး ကဗျာဖွဲ့နွဲ့တတ်သူ ကဗျာဆရာတဦး မဟုတ်လေ၍ မြန်မာပြန်ရန် မ၀ံ့စားပါ။ သို့ပါ၍ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခဟောင်း ဆရာဦးတင်အုန်း (ယခုကွယ်လွန်) ပြန်ဆိုထားချက်ကို မူရင်းနှင့်တွဲ၍ စာဖတ်သူတွေ ခံစားနိုင်ရန် ဖော်ပြလိုက်ရပါသည်။

'Bliss was it in that dawn to be alive,
But to be young was very heaven!'
'ဟောင်းနွမ်းသောဘ၀အခြေမှ
သစ်လွင်သောဘ၀အခြေကို
ကူးပြောင်းတည်ဆောက်နေသော
ရောင်နီပျိုးဖျ တော်လှန်ရေးကာလနှင့်
ကြုံရဆုံရခြင်းသည် ကံထူးသည်။
စွမ်းအားသစ်သစ် ငယ်ရွယ်သူများဖြစ်မူ
အဟောဝတ သာလွန်၍ပင် ကံထူးစွ'

(ပညာပဒေသာစာစောင်၊ အတွဲ ၅၊ အပိုင်း ၄၊ ၁၉၇၈။)

ကောင်းပြီ..... စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်မှသည် အလျှံပယ်ကြွယ်ဝချမ်းသာသော လိုတ,ရ ခေတ်မီမြန်မာ့လူမှုအဖွဲ့အစည်း (Mordern Affluent Society of High-mass Consumption) ပေါ်ထွန်းဖြစ်တည်နေမည့် ပဉ္စမမြန်မာနိုင်ငံ သမိုင်းခေတ်သစ်ဆီ မြှော်လင့်ချက်ရောင်ခြည် သန်းဖြာလင်းလက်နေသည့် အခါကာလကောင်း......။

(၄)
အင်္ဂလိပ်စာပေ သုခမိန်ကြီး သောမဲ့စ်ကာလိုင်း (Thomas Carlyle) က သူ့ခေတ် သူ့အခါ၏ ကာလဒေသပယောဂ ရုပ်ဝတ္ထု အခြေအနေများကိုကြည့်၍ လူ့လောက၌ သူရဲကောင်း ၆ မျိုးရှိသည်ဟု သူရဲကောင်းတို့၏ ပုံရိပ်များကို မီးမောင်းထိုးပြဖူးသည်။ ထို သူရဲကောင်း ၆ မျိုးအကြောင်းကို ဤနေရာ၌ ကျွန်တော် အကျယ်ဆွေးနွေးမည် မဟုတ်ပါ။ အမြွက်မျှ ဖော်ပြရုံသာ ရည်ရွယ်ပါသည်။
ပထမအမျိုးအစား သူရဲကောင်းမှာ မိုးကျရွှေကိုယ် သူရဲကောင်း (၀ါ) နတ်ဒေ၀တာ သူရဲကောင်း (Divinity Hero) ဖြစ်သည်။ ကမ္ဘာ့မြေထဲပင်လယ်ဒေသနှင့် ကမ္ဘာ့မြောက်ဘက် ခြမ်းရှိ စကင်းဒီနေးဗီးယန်းလူမျိုးတို့၏ ပဂန်းနစ်ဇင်း(Paganism) ထွန်းကားစဉ်က အိုဒင် (Odin) အမည်ရှိ သူရဲကောင်းမင်းသားတပါး ပေါ်ထွန်းခဲ့ဖူးသည်။ သူကား သတ္တိအလွန် ပြောင်သည်။ အရာရာအောင်နိုင်သည်။ ဆန္ဒရှိသမျှ လိုတ,ရသည်။ သူ့မှာ တိုင်ပင်ဖော်တိုင် ပင်ဖက် ဂုဏ်ရည်တူ မှူးကြီးမတ်ရာ ၁၂ ဦး ရှိသည်။ ထို့ကြောင့် ယင်းဒေသနေ လူအပေါင်း တို့က အိုဒင်ကို နတ်ဒေ၀တာသဖွယ် မိမိတို့၏ သူရဲကောင်းအဖြစ် သက်ဝင်ယုံကြည် ခဲ့ကြသည်။
ဒုတိယ သူရဲကောင်းမျိုးမှာ တမန်တော်သူရဲကောင်း (Prophet Hero) ဖြစ်သည်။ တမန်တော် သူရဲကောင်းအဖြစ် မူဆလင်ဘာသာဝင်တို့၏ အစ္စလမ်ဝါဒ (Islam) ကို ထူထောင် ဟောညွှန်ပြခဲ့သည့် မဟိုမက် (Mahomet) အား သောမဲ့စ်ကာလိုင်းက အဓိကညွှန်းဆိုသည်။
တတိယအမျိုးအစား သူရဲကောင်းကား ကဗျာစာဆို (၀ါ) ကဗျာသူရဲကောင်း (Poet Hero) ဖြစ်သည်။ ဒန်တီ(Dante) နှင့် ရှိက္ကစပီးယား (Shakspeare) တို့မှာ ကြီးကျယ် ထင်ရှားသော ကဗျာသူရဲကောင်းများဖြစ်သည်ဟု ကာလိုင်းက ထောက်ပြသည်။
စတုတ္ထသူရဲကောင်းမျိုးမှာ ဘုန်းတော်ကြီးသူရဲကောင်း (Priest Hero) ဖြစ်သည်။ ခေတ်ပြုပြင်ပြောင်းလဲရေးသမား မာတင်လူသာ(Martin Luther) နှင့် နော့(ဆ်) (Knox) တို့နှစ်ဦးကို ကြီးကျယ်ထင်ရှားသော ဘုန်းတော်ကြီးသူရဲကောင်းများအဖြစ် ကာလိုင်းက ပုံရိပ်ထိုးပြသည်။
ပဉ္စမသူရဲကောင်းမျိုးကား စာရေးဆရာ(၀ါ) စာပေသူရဲကောင်း (Man-of-Letters Hero) ဖြစ်သည်။ ဂျွန်ဆင် (Johnson)၊ ရူးဆိုး (Rousseau)၊ ဘန်းစ် (Burns) နှင့် ဂိုးထေး (Goethe) တို့၏ ပုံရိပ်များကို ကြီးမြတ်ထင်ရှားသော စာပေသူရဲကောင်းတွေဟူ၍ ကာလိုင်းက မီးမောင်းထိုးပြသည်။
နောက်ဆုံး ဆဌမအမျိုးအစားသူရဲကောင်းမှာ မင်းစိုးရာဇာသူရဲကောင်း (King Hero) ဖြစ်သည်။ ကရွမ်းဝဲလ် (Cromwell) နှင့် နပိုလီယွန် (Napoleon) တို့သည် ခေတ်သစ် တော်လှန်ပြုပြင်ပြောင်းလဲရေးသမား မင်းစိုးရာဇာ သူရဲကောင်းကြီးများဖြစ်ကြသည်ဟု သောမဲ့စ်ကာလိုင်းက ညွှန်ပြသည်။

(၅)
သောမဲ့စ်ကာလိုင်း မီးမောင်းထိုးပြသော သူရဲကောင်းပုံရိပ် ၆ မျိုးအနက် စာရေးဆရာ (၀ါ) စာပေသူရဲကောင်း (Hero as a Man of Letters) မှာ ခေတ်သစ်လူသားနှင့် လူ့လောကအတွက် အရေးကြီးဆုံးသော ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ဖြစ်သည်ဟု မှတ်သားရ၏။ ထို့ကြောင့် စာပေသူရဲကောင်း အယူအဆကို ကျွန်တော်လွန်စွာ စိတ်ဝင်စားမိပါသည်။
ဘယ်လို ပုဂ္ဂိုလ်မျိုးကို စာပေသူရဲကောင်းခေါ်သနည်း။ ကာလိုင်း၏ အလိုအားဖြင့် စာပေသူရဲကောင်း၌ ကြီးကျယ်မြင့်မြတ်သော နှလုံးဝိညာဉ် တခုရှိသည်။ ယင်းနှလုံးဝိညာဉ် သည် သူ့လူမျိုး၊ သူ့ယဉ်ကျေးမှုနှင့် သူ့လောက အ၀န်းအ၀ိုင်းအတွက် သာမဟုတ်၊ လူသားအားလုံး ဆက်နွှယ်ပေါင်းဆုံရာ မနုဿဘုံကြီးအတွက်လည်း မယိမ်းမယိုင် ကျောက်စာ တိုင်ကြီးကဲ့သို့ တည်မြဲခိုင်ခံ့သော ဥပဓိရှိသည်။ ထာဝရ မပျက်မယွင်းသော 'ဂတိမြဲခြင်းဂုဏ်' နှင့် အကြွင်းမဲ့ ပြည့်စုံသည်။ ထို 'မြဲသောဂတိ' ကို အသက်သေဘေးအကြောင်းပြု၍ သော်လည်းကောင်း၊ စည်းစိမ်ဥစ္စာဟူသော အနုပ်ဝတ္ထုကြောင့်သော်လည်းကောင်း၊ စိုးစဉ်းမျှ မဖောက်ဖျက်၊ မပျက်ယွင်းစေပြီ။ သူသည် လောကအတွက် အစဉ်သဖြင့် ဂုဏ်သိက္ခာ ရှိသောအလုပ်၊ ထာဝရကြီးမြတ်သော အလုပ်ကို လုပ်ကိုင်လျက်ရှိသည်။ ဤသို့ 'ဂတိမြဲခြင်းဝိညာဉ်၏အရှင်သခင်' ဖြစ်သောကြောင့် စာပေသူရဲကောင်းသည် လောက၏ မီးရှူးတန်ဆောင်.......၊ လောက၏ ပဲ့ကိုင်မှူး......။ သူလမ်းပြရာနောက်သို့ လောကတခုလုံး လိုက်ကြသည်။ သူ့သွန်သင်ချက်အတိုင်း တလောကလုံး လိုက်လုပ်ကြသည်။ သူနှင့် လူ့လောက အပြန်အလှန်ပြုမူ ဆက်ဆံရေးသည် လူ့လောက၏ ယေဘူယျအခြေအနေကြီး ထဲက အထူးခြားဆုံးနှင့် အရေးပါဆုံး အရာဖြစ်သည်။ သို့ဖြင့် တချိန်သောအခါ၌ ကြီးမြတ်သူ အဖြစ် ထင်ပေါ်ကျော်ကြားလာသည်။ သည်လိုဖြစ်လာအောင် သူ့မှာ နိုးထတက်ကြွသော ၀ိညာဉ် (inspired soul) ရှိသည်။ ထိုဝိညာဉ်သည် ဇစ်မြစ်ကောင်း (၀ါ) ရေခံမြေခံကောင်းရှိခြင်း (originality)၊ နှလုံးစိတ်ဝမ်း ဖြူစင်ဖြောင့်မတ်ခြင်း (sincerity)၊ ပါရမီညာဉ်ထက်သန်ခြင်း (genius) စသည့် စာပေသူရဲကောင်းအရည်အချင်းတွေနှင့် ထုံမွှမ်းနေတော့သည်။ ဤကား သောမဲ့စ်ကာလိုင်း ရေးဆွဲပြသော စာပေသူရဲကောင်း ပုံရိပ်ရှည်ကြီးထဲက လိုရင်းမျှသာပါပဲ။
သို့လျှင်...... ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြီးမြတ်ခြင်းဂုဏ် ကုံလုံထုံမွှမ်းနေသည့် စာပေသူရဲကောင်း.......။

(၆)
လူ့အသိ အလိမ္မာတရား ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ လူ့လောက၌ ပုဂ္ဂလိကပိုင် စနစ် ထွန်းကားလာ၍ လူတန်းစားတွေ အကွဲကွဲအပြားပြား ပေါ်ပေါက်လာပြီး ကတည်းက လူသည် ကမ္ဘာလောကကြီးအား အဓိကအမြင် နှစ်မျိုးဖြင့် ကြည့်မြင်လာခဲ့သည်။ ပထမအမြင် က စိတ်ဝါဒအမြင်၊ ဒုတိယက ရုပ်ဝါဒအမြင် ဖြစ်သည်။
လူသည် သာမန်လူမှုကိစ္စရေးရာများ၌ သိသာထင်ရှာခြင်း မရှိသော်လည်း အကျိုးစီးပွါး ပြဿနာများနှင့် နင်လားငါလား ထိပ်တိုက်ရင်ဆိုင်ရသည့်အခါမျိုး၌ကား ဖုံးကွယ်ဟန်ဆောင် ထားခြင်းငှာ မတတ်သာတော့ဘဲ ထိုဝါဒအမြင်နှစ်ရပ်အနက် အမြင်တရပ်ရပ်ဘက်မှ အခိုင်အမာ စည်းပြတ်ဘက်လိုက် ရပ်တည်သွားမြဲဖြစ်သည်။ ကျွန်တော်တို့သည် ဤတရား ကိုယ်သဘောကို မလွန်ဆန်နိုင်သောကြောင့် ကျွန်တော်တို့ နေထိုင်ရာ လူ့ကမ္ဘာကြီး၌ မရေမတွက်နိုင်အောင် များပြားလှသော ပြဿနာနှင့် ပဋိပက္ခပေါင်းများစွာတို့သည် လူ့အသိ အလိမ္မာတရားနှင့် လူ့ယဉ်ကျေးမှု အထွတ်အထိပ်စံနှုန်းသို့ ရောက်ရှိနေပြီဆိုသည့် ကနေ့ ကမ္ဘာရွာခေတ် (Global Village) တိုင်အောင် မလွဲမရှောင်သာ ဖြစ်ပွါးပေါ်ပေါက်နေဆဲ ဖြစ်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရသည်။
အကျိုးစီးပွါးဆိုင်ရာ ကမ္ဘာ့အမြင်ဝါဒနှစ်ရပ်၏ ပဋိပက္ခသည် ကမ္ဘာ့စာပေလောက အသိုင်းအ၀ိုင်းသို့လည်း ဂယက်ရိုက်ခတ်လာသည်။ ကမ္ဘာ့စာပေနယ် နှစ်ခြမ်းကွဲခဲ့သည်။ တခြမ်းက အရင်းရှင်လူတန်းစား အကျိုးပြုစာပေ၊ စိတ်ဝါဒဂိုဏ်းက ဦးဆောင်သည်။ နောက်တခြမ်းက ပြည်သူ့အကျိုးပြု ဆိုရှယ်လစ်သရုပ်မှန်စာပေ၊ ရုပ်ဝါဒဂိုဏ်းက ဦးဆောင်သည်။ ဤရပ်တည်ချက် ကွဲပြားခြားနားမှု ပဋိပက္ခသည် လူတို့၏ အကျိုးစီးပွါးချင်း၊ လူတန်းစားတို့၏ အကျိုးစီပွါးချင်း ဆန့်ကျင်ကွဲပြားနေသမျှ ကာလပတ်လုံး အသိမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကမ္ဘာအရှည် ဆက်လက်တည်ရှိနေပေမည်။
ရုပ်ဝါဒီနှင့် ဆိုရှယ်လစ်ဝါဒီတွေ ရှုမြင်ခဲ့သော ခေတ်ကြီးငါးခေတ် သမိုင်းအမြင်နှင့် အယူအဆသည် အရင်းရှင်ကော်ပိုရိတ်ယဉ်ကျေးမှု (Capitalist Corporate Culture) ၏ ရှေ့တန်းစာပေတိုက်စစ်မှူးတဦးဖြစ်သော ကမ္ဘာကျော် ထော့ဖလာ (Toffler) ၏ လှိုင်းကြီး သုံးလှိုင်း အောက်ဝယ် နစ်မျောပါသွားပြီဟု ရှေ့နေလိုက်သူက လိုက်သည်။ ငါးစိမ်းကို မြင်၍ ငါးကင်ကို ပစ်ကာ အလျှံပယ်ကြွယ်ဝမှု၏ ပုခက်တွင်း၌ မွေးဖွားကြီးပြင်းလာသူ (Son in the cradle of Affluency) ဖူကူးယာမာ (Fukuyama) က 'သမိုင်နိဂုံး' (End of History) ဟု ဟစ်ကြွေးလိုက်သည်။ 'ရုပ်ဝါဒသွားတော့၊ စိတ်ဝါဒလာလော့' ဆိုသည့် နိမိတ်ပြ အဓိပ္ပါယ်။ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတခုဖြစ်သော State Empire Building ၏ ခေါင်ထွတ် ပေါ်ကနေ၍ ကမ္ဘာကြီးအား အပေါ်စီး ဒေါင်လိုက်ကြည့်မြင်ကာ မျက်မှောက်ခေတ် ကမ္ဘာကြီး၌ လူတန်းစားပဋိပက္ခနှင့် အကျိုးစီးပွါး ပဋိပက္ခတွေ မရှိတော့ပြီ။ လူမျိုးချင်း ယဉ်ကျေးမှုပဋိပက္ခ (Clash of Civilations) အသေးအမွှား လက်ကျန်ရှင်းတမ်းလောက်သာ ရှိတော့သည်ဟု အိမ်ဖြူတော်၏ ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာမှူး ဆင်မြူအဲလ်ဟန်တင်တန် (Samuel Hantington) က ယုတ္တိဆင်ခြေထုတ်ပြသည်။ (ပီဒီကျော်စွာ၏ စီမံခန့်ခွဲရေးမှူး ကောင်း အရည်အချင်းစံနှုန်းများ စာအုပ်အမှာစာမှ.....)
ယင်းကြွေးကြော်ပြောဆိုချက်နှင့် ဆင်ခြေများသည် ပုဂ္ဂလိကပိုင်စနစ်နှင့် လူတန်းစား တွေ ကွဲပြားလာပြီးကတည်းက ကမ္ဘာကြီးအပေါ် ရှုမြင်လာခဲ့သည့် ၀ါဒအမြင်ကြီး နှစ်ရပ်၏ ပဋိပက္ခမှ ကမ္ဘာ့စာပေလောကအပေါ် ဂယက်ရိုက်ခတ် ထင်ဟပ်လာသော အကျိုးဆက်များ ဖြစ်သည်။ သူ့ဝါဒ သူ့လူတန်းစားနှင့် သူ့အကျိုးစီးပွါးကို စာပေမျက်နှာစာမှ အကျိုးပြုဖို့ ကြိုးပမ်း အားထုတ် ချက်မျှသာ ဖြစ်သည်။
စင်စစ် ဤကိစ္စမျိုးသည် အဆန်းတကြယ်တော့ကား မဟုတ်။ လူ့သမိုင်း၌ အကြိမ်အခါပေါင်း မြောက်များစွာ ဖြစ်ပေါ်ခဲ့ဖူးပြီ။

(၇)
ကမ္ဘာ့စာပေလောက၌ လွန်စွာကြီးကျယ်ထင်ရှားသည့် ဆိုရှယ်လစ်သရုပ်မှန်စာပေ ရှေ့တန်းတိုက်စစ်မှူးနှင့် စာပေတပ်မမှူးကြီးတွေ လေးငါးခြောက်ဦးခန့် ရှိမည်ဟု ကျွန်တော် ထင်သည်။ သည်ထက်ပို ရှိကောင်း ရှိမည်။ ကျွန်တော်မကျွမ်းနှံ့လို့သာ မသိတာ ဖြစ်ပေမည်။ ကျွန်တော်သိသလောက် ပြောရပါလျှင် တရုပ်ပြည်က လူရွှန်း၊ ရုရှပြည်က ဂေါ်ကီနှင့် ကဗျာအကျော်အမော် မာယာကော့စကီး၊ ဂျာမဏီပြည်က ဗာတော့ဗရက်၊ ချီလီပြည်က ကဗျာဆရာကြီး နီရူးဒါးနှင့် အမေရိကန်ပြည်က ဂျက်လန်ဒန်။ ပီးတော့ ..... ကိုယ့်အထွာနှင့် ကိုယ်ဆိုရသော် မြန်မာပြည်က ဗန်းမော်တင်အောင်။
ဂျက်လန်ဒန်နှင့် ဗန်းမော်တင်အောင်တို့မှာ အဓိကမဟာဗျူဟာ တူညီချက်တွေ ရှိသည်။ ကမ္ဘာ့အမြင် လောကအမြင်တူသည်။ မူဝါဒနှင့် လမ်းစဉ်တူသည်။ လူတန်းစား ရပ်တည်ချက်နှင့် အကျိုးပြုချက် တူသည်။ ရုပ်ဝါဒအမြင် စွဲကိုင်တာခြင်း တူသည်။ ဆိုရှယ်လစ်သရုပ်မှန်စာပေ ယုံကြည်ခံယူချက်ချင်း တူသည်။ နှစ်ဦးစလုံး၌ 'နိုးထတက်ကြွ သော ၀ိညာဉ်၊ တည်ကြည်ခိုင်ခံ့သော ဥပဓိနှင့် ထာဝရတည်မြဲသောဂတိ' ကိုယ်စီ ရှိကြသည်။ ဤ၀ိညာဉ်၊ ဤဥပဓိနှင့် ဤဂတိတို့ဖြင့် ကွယ်လွန်ချိန်ထိ မဆုတ်မနစ် စာရေးသားခဲ့ကြသည်။ သူ့လောက၊ သူ့ဝန်းကျင်၊ သူ့ပြည်သူနှင့် သူ့လူတန်းစားကို အကျိုးပြုခဲ့ကြသည်။ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် မတွန့်ဆုတ်ခဲ့၊ မသွေဖီခဲ့၊ မယိမ်းယိုင် မတွေဝေခဲ့။ ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြံ့ခိုင်မြဲမြံခြင်း အလျဉ်းရှိခဲ့သည်။ သူတို့နှစ်ဦး၏ စာပေလက်ရာများ (literary works) ကို ဖတ်ရှုလေ့လာကြည့်ပါက သည်ယုတ္တိတရားတွေကို ထင်ရှားစွာ တွေ့ရပါမည်။ ဤသည်ပင် ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြီးမြတ်ခြင်းဂုဏ် ကုံလုံသည့် စာပေသူရဲကောင်း၏ အရည်အချင်း ပုံရိပ်တွေပဲ မဟုတ်လော။
သို့အတွက် ဂျက်လန်ဒန်ကို သူ့ပြည်သူတွေက ချစ်ခင်လေးစားကြသလို ဗန်းမော်တင်အောင်ကိုလည်း မြန်မာပြည်သူတွေက ချစ်ခင်လေးစားကြသည်။ ကြီးမြတ်သော အမျိုးသားစာပေ သူရဲကောင်းတွေအဖြစ် အသိအမှတ် ပြုကြသည်။
လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ဟူ၍ မြန်မာ့သမိုင်းပညာရှင်တွေက သဘောတူ လက်ခံထားသော အဆိုအမိန့်ကို အထက်တနေရာမှ ကျွန်တော်တင်ပြခဲ့ပြီးပြီ။ သူ့ခေတ် သူ့အခါအလျောက် လူ့လောက၌ သူရဲကောင်း ၆ မျိုးရှိသည့်အနက် ရိုးသားဖြောင့်မတ်ခြင်းအစ ကြံ့ခိုင်မြဲမြံခြင်းအလယ် ကြီးမြတ်ခြင်းအဆုံးရှိသော အရည်အချင်းစံဝင် နှလုံသားဝိညာဉ်ရှင် စာရေးဆရာကို စာပေသူရဲကောင်း ခေါ်ထိုက်ကြောင်း အင်္ဂလိပ်စာပေသုခမိန်ကြီး သောမဲ့စ်ကာလိုင်း၏ အဆိုကိုလည်း ကျွန်တော်တစေ့တစောင်း ရေးပြခဲ့ပြီး ဖြစ်သည်။ ယင်းအဆိုနှစ်ရပ်ကို ပေါင်းစည်းညီညွတ်ခြင်း ပြုထားသော သမူဟ အဆိုတရပ် ဤနေရာ၌ ကျွန်တော် ရိုးသားပွင့်လင်းစွာ တင်သွင်းလိုသည်။ ထိုအဆိုသည်လည်း ကျွန်တော်တဦးချင်း၏ ပုဂ္ဂလိကခံစား သိနားလည်ချက် သက်သက်မျှသာဖြစ်သည်ဟူသော အချက်ကို သတိပြု မှတ်ယူစေချင်ပါသည်။ အဆိုမှာ ဤသို့........
"ဗန်းမော်တင်အောင်သည် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်၏ စာပေသူရဲကောင်း တလူ........."

(၈)
ကျွန်တော်သည် ဘောဂဗေဒသမားတဦးဖြစ်သည့်အားလျော်စွာ အလုပ်တခုကို အကောင်အထည်မဖော်မီ ဦးစွာပထမ လုပ်ငန်းစဉ်တရပ် (Program) ရေးဆွဲလေ့ရှိပါသည်။ နည်းပညာဘာအားဖြင့် လုပ်ငန်းစီမံချက် (၀ါ) လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း (Planning) ဟု ခေါ်ကြသည်။ စီးပွါးရေးဆန်ဆန် လုပ်ရသော ကိစ္စရပ်တိုင်း၌ ဤသို့ ပဏာမလုပ်ငန်းအစီအစဉ် (၀ါ) စီမံချက်တရပ် ရေးဆွဲရခြင်းမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။
ခုလည်း ..... စာအုပ်ထုတ်ဝေရေး အစီအစဉ်တရပ် ရေးဆွဲပြီးသည့်အခါ မိမိစာအုပ်တိုက် ထူထောင်မည်၊ သည်မူ၊ သည်စည်းကမ်း သည်ကျင့်ဝတ် သည်စနစ်တွေနှင့် လုပ်ကိုင်မည့်အကြောင်း နီးစပ်ရာမိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်း ရောင်းရင်းတွေကို ချပြပြီး၊ အကြံဥာဏ်တောင်းခံသည်။ မှတ်မှတ်ရရ ဆရာလေးဦးကို သီးခြားစီ တွေ့ဆုံခဲ့သည်။ ဆရာမောင်ပေါ်ထွန်း၊ ဆရာ မောင်မောင်ဇေယျ (ဒဿနပညာဆရာ ကိုမောင်မောင်)၊ သူငယ်ချင်း ကဗျာဆရာမောင်ညီညွတ် နှင့် ကဗျာဆရာ စာရေးဆရာ ညိုသစ်....
သည်ဆရာတွေမှာ လေ့လာဖြည့်ဆည်းထားသော ဘ၀ရပ်တည်ဘောင် (Frame of reference) တစုံတရာ အခိုင်အမာ ရှိနေကြသည်ဟု ကျွန်တော်ယုံကြည်သည်။
လူသည် သူ လေ့လာဖြည့်ဆည်းထားသော ရပ်တည်ဘောင် (Frame of reference) အရ လောကကို ကြည့်မြင်သည်။ ပတ်ဝန်းကျင်ကို ဝေဖန်သုံးသပ်သည်။ လူမှုရေးရာ ကိစ္စတွေကို အကဲဖြတ်သည်။ သူ့၌ရှိသော ရပ်တည်ဘောင်ကောင်းရင် ကောင်းသလို၊ ညံ့ရင် ညံ့သလို .... မြင့်ရင် မြင့်သလို၊ နိမ့်ရင် နိမ့်သလို လောက၀န်းကျင်ပေါ် အကျိုးသက်ရောက် တတ်သည်။ ထို့ကြောင့် ကျွန်တော်တို့ နယ်ပယ်၌ ရပ်တည်ဘောင် အရေးကြီးသည်ဟု မြင်မိသည်။ သည်လို ရပ်တည်ဘောင် ခိုင်မာရင့်ကျက် မြင့်မားသူတွေက ကျွန်တော့်ကို အကြံညာဉ်ကောင်းတွေ အားတက်သရော ပေးကြသည်။ ကျွန်တော် ၀မ်းသာမဆုံး ဖြစ်ခဲ့သည်။
နောက်တပါတ်၊ နောက်တနေ့ဝယ်...... လေထန်ကုန်းမှာ ပြန်ဆုံကြတော့ ညိုသစ်က 'ရော့... စာမူကောင်းတခု၊ ခင်ဗျားတိုက်က ထုတ်သင့်တယ်' ဟု ဆိုကာ စာအုပ်တအုပ် လှမ်းပေးသည်။ ကျွန်တော် ယူကြည့်လိုက်တော့ ဆရာဗန်းမော်တင်အောင်ရေးသည့် 'ဂျက်လန်ဒန် သူ့ဘ၀ သူ့စာပေ' စာအုပ်။ သူ (ညိုသစ်) ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ကျွန်တော်ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
သို့နှင့် သည်စာအုပ်ကို ဒုတိယအကြိမ်ထုတ်ဝေဖို့ ကျွန်တော် အားထုတ်ခဲ့ရခြင်း ဖြစ်ပါသည်။

(၉)
အမှန်စင်စစ် ဂျက်လန်ဒန်နှင့် ဗန်းမော်တင်အောင်တို့မှာ စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီး တွေချည်း။ ဤစာအုပ်သည်ကား ကမ္ဘာ့စာပေလောက က စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီးဖြစ်သော ဂျက်လန်ဒန်၏ အတ္ထုပ္ပတ္တိပုံရိပ်ကို မြန်မာစာပေနယ်က စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီးဖြစ်သူ ဗန်းမော်တင်အောင်က ရေးဖွဲ့ ခြယ်မှုန်းထားခြင်းဖြစ်သည်။ ဘာမဟုတ်သည့် ကျွန်တော်ကား.....။
ဆိုခဲ့သည့်အတိုင်း စာပေရေးရာနှင့် စပ်လျဉ်း၍ ကျွန်တော်သည် ဘာမျှမဟုတ်၊ သာမန် စာဖတ်ပရိသတ်မျှသာ ဖြစ်ပါသည်။ သို့အတွက် ကျွန်တော်ထမ်းဆောင်သင့်သော တာဝန်မှာ ဤရွေ့ ဤမျှသာဟု ဆိုရလျင် လုံလောက်မည် ထင်ပါသည်။

ပီဒီကျော်စွာ
မြင့်မြတ်သူစာအုပ်တိုက်
၉-၆-၉၉

Thursday, September 25, 2008

လွမ်းစရာရှိမှလွမ်းပါတယ်
ရေးသူ- လူထုစိန်ဝင်း

စာအုပ်ထုတ်ဝေရေး လုပ်နေတဲ့ လူငယ်ထုတ်ဝေသူတဦး ရောက်လာပြီး၊ ကွယ်လွန်သူ တိုင်းသိပြည်သိ ပုဂ္ဂိုလ်တယောက်အကြောင်း အမှတ်တရ စာအုပ်ထုတ်ဖို့အတွက် ဆောင်းပါး ရေးပေးဖို့ ပြောပါတယ်။ ကွယ်လွန်တာတောင် တော်တော်ကြာပြီဖြစ်တဲ့ အဲဒီ ပုဂ္ဂိုလ်ကြီးဟာ သူ့ခေတ်သူ့အခါက ထင်ရှားတဲ့စာရေးဆရာ တဦးဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလည်း လူသိများပါတယ်။ ရေးစရာမရှိတဲ့လူ ထုတ်ဝေသူလူငယ်ကို သွယ်ဝိုက်ပြောမနေတော့ဘဲ ဒဲ့ဒိုး ပဲ ချက်ချင်းအဖြေပေးလိုက်ပါတယ်။ ကွယ်လွန်သူဟာ အသက်အရွယ်ချင်း ကွာခြားမှုကြောင့် ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့သူမဟုတ်ပါဘူး။

သာမန်မြင် တွေ့ဖူးရုံလောက် ရှိတာပါ။ အဲဒီတော့ သူ့အကြောင်းကို ဆရာ ဒဂုန်တာရာရဲ့ 'ရုပ်ပုံလွှာ' လို စာမျိုးလည်း ရေးနိုင်စွမ်းမရှိပါဘူး။ ဖတ်ဖူးတဲ့ သူ့စာတွေအကြောင်း၊ သူ့နိုင်ငံ ရေးအကြောင်း ရေးဖို့ကြတော့လည်း ခက်တာက နယ်ပယ်နှစ်ခုစလုံးမှာ ကိုယ်နှစ်သက်တာ တခုမှမရှိပါဘူး။ အဲဒီတော့ ဘာသွားရေးရမှာလဲ။ မြင်တဲ့သိတဲ့အတိုင်း ရေးဖို့ဆိုတာကလည်း ကွယ်လွန်သူ တယောက်ရဲ့ အပြစ်အနာအဆာတွေ ဖော်ထုတ်ရေးသားတယ်ဆိုတာ လူ့ယဉ်ကျေးမှုအရ မလုပ်အပ်တဲ့အရာမဟုတ်လား။ ပါတီမှန်သမျှဝင်ခဲ့သူ သူရေးတဲ့စာတွေဟာ သူ့ခေတ် သူ့အခါကရောင်းအကောင်းဆုံး စာရင်းဝင်တွေ ဖြစ်ခဲ့တာမှန်ပါတယ်။
ဒါပေမဲ့ အများစုက မြီးကောင်ပေါက် အရွယ်ကြိုက် အချစ်ကြောင့်အသည်းကွဲတာ၊ မျက်ရည်ချောင်းစီးရတာမျိုးတွေများပါတယ်။ ကလေးကြိုက် ကဗျာဆန်ဆန် စကားလုံး လှလှလေးတွေနဲ့ မြီးကောင်ပေါက်အကြိုက် ကြီးကြီးကျယ်ကျယ် ဘ၀ဒဿနစကားလုံးတွေ 'မံ'သထားပြီး နောက်ဆုံးကျတော့ အရက်နာကျ သွားရတာချည့်ပါပဲ။ နိုင်ငံရေးဖက် ကျတော့လည်း ပြောစရာဆိုလို့ မြန်မာပြည်မှာ ရှိရှိသမျှ နိုင်ငံရေးပါတီ တခုမှမရှိဘူးဆိုတဲ့ မှတ်လောက်သားလောက်လုပ်ရပ်တွေပဲ ရှိပါတယ်။ သခင်ခေတ်မှာ သခင်စဖြစ်ခဲ့ပြီး၊ အင်္ဂလိပ်အစိုးရကို ကလော်တုတ်ခဲ့ဖူးပါတယ်။ ဂျပန်ခေတ်ရောက်တော့ အာရှလူငယ်ဖြစ် လိုက်၊ နောက်တော့ အလံနီဖြစ်လိုက် ဗကပဖြစ်လိုက်နဲ့ ထောင်တွေဘာတွေလည်း လူအထင်ကြီး ခံရရုံလောက်ကျဖူးပါတယ်။ ဖဆပလအစိုးရ ခေတ်ကျတော့လည်း တိုက်ခန်း တွေ ဘာတွေရလိုက်ပါသေးတယ်။ နောက်ဆုံး မကွယ်လွန်ခင်မှာတော့ ခေတ်ပြောင်း တော်လှန်ရေးဆိုတာတွေ ဘာတွေ ကြွေးကြော်အော်ဟစ် သွားပါသေးတယ်။ အဲဒီလို သမိုင်းကြောင်းရှိခဲ့သူ တယောက်အကြောင်း ဘာတွေများစာဖွဲ့ရမှာလဲ။ လွမ်းစရာရှိမှ လွမ်းပါတယ် လွမ်းလောက်စရာ ဘာတခုမှ မကျန်ရစ်တဲ့ သူတယောက်အကြောင်းကို ''နာမည်ကျော်လို့'' ဆိုပြီး စာအုပ် ထုတ်လို့ရော သူသမိုင်းကပြောင်းသွား၊ ကောင်းသွားမှာလား။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့ဖူးတယ်။ ဆိုတာနဲ့ပဲ ကြည်ညိုရမှာလား။ စာရေးဆရာဖြစ်တယ် ဆိုတာနဲ့ပဲ လေးစားဦး ထားရမှာလား။ သူပါဝင်ပတ်သက်တဲ့ နိုင်ငံရေးကရော ဘယ်လို ဟာမျိုးလဲ။ သူရေးခဲ့တာ ဘယ်လို စာမျိုးလဲဆိုတာတွေနဲ့ပဲသူ့ကို အကဲဖြတ်ရလိမ့်မယ် ထင်ပါတယ်။ အဲဒါကြောင့် မရေးချင်ဘူးပြောလိုက်တာ ဖြစ်ပါတယ်။ ကိုယ်နဲ့ အယူအဆချင်း မတူလို့ မလေးစားတာ မဟုတ်ပါဘူး၊ အယူအဆချင်းမတူပေမယ့်လို့ ရင်းနှီးကျွမ်းဝင်ခဲ့သူတွေ၊ လေးစားရိုသေခဲ့သူတွေ အများကြီးရှိပါတယ်။ လူချင်း ပေါင်းသင်းဆက်ဆံရာမှာ အယူအဆတို့ ယုံကြည်မူတို့ သိပ်အရေးမကြီးပါဘူး။ လူတကိုယ် စိတ်တမျိုး ဆိုတဲ့အတိုင်း၊ လူတိုင်း လူတိုင်း ကိုယ်နှစ်သက်စုံမက်ရာကို ယုံကြည်ကြမှာပဲဖြစ်တယ်။ ကိုယ့်လွတ်လပ်ခွင့်ကို တန်ဖိုးထားသလို သူ့လွတ်လပ်ခွင့်ကိုလည်း တန်ဖိုးထားလေးစားရ ကောင်းမှန်းသိတဲ့ 'စိတ်ယဉ်ကျေးမှု' အထက်တန်းကျသူတွေကြားမှာ အယူအဆ မတူကွဲပြားမှုတွေဟာ ဘာမှ အနှောင့်အယှက် မဖြစ်နိုင်ပါဘူး။ အထက်တန်းကျတဲ့ စိတ်ယဉ်ကျေးမူ အယူအဆချင်းမတူလို့ ယုံကြည် ချက်ခြင်းမတူလို့ဆိုပြီး 'ငါနဲ့မတူငါ့ရန်သူ' လို့ သဘောထားခြင်းဟာ၊ စိတ်ယဉ်ကျေးမှုနိမ့်ကျမူ ကိုဖော်ပြရာ ရောက်ပါတယ်။ လူမှုဆက်ဆံရေး နယ်ပယ်မှာ အရေးကြီးတာက အယူအဆတွေ၊ ယုံကြည်မှုတွေ မဟုတ်ပါဘူး။ အထက်တန်းကျတဲ့စိတ်ယဉ်ကျေးမူ (moral integrity) ရှိဖို့သာ ဖြစ်တယ်လို့ ထင်ပါတယ်။ လူ့ကျင့်ဝတ်၊ လူ့သိက္ခာကို တန်ဖိုးထားလေးစားရ ကောင်းမှန်းသိ တဲ့လူစားမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို လူစားမျိုးဟာ 'သိက္ခာကိုရိက္ခာနဲ့မလဲဘူး' ဆိုတဲ့စကားအတိုင်း ငွေ၊ ရာထူး၊ အာဏာဆိုတဲ့ ကိုယ်ကျိုးစီးပွားအတွက် ကိုယ့်သိက္ခာကို ရောင်းစားတဲ့ အလုပ်မျိုးဘယ်တော့မှမလုပ်ဘူး။ ဒီလိုလူမျိုးဆိုရင် ဘာဝါဒကိုပဲ ကိုင်စွဲကိုင်စွဲ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လေးစားကြည်ညိုအပ်တာပဲဖြစ်ပါတယ်။ မာသာထရီဇာ ဆိုတာ အဲဒီလို ပုဂ္ဂိုလ်မျိုးပါ။ တောင်အာဖရိကနိုင်ငံသား နယ်လ်ဆင်မင်ဒဲလားလည်း အလားတူပါပဲ။ သူ့လူမျိုးနဲ့ သူ့နိုင်ငံအတွက် လူမျိုးဆက် တဆက်လုံးလုံး အကျဉ်းထောင်ထဲမှာ နေခဲ့ရပြီး၊ ထောင်ကလွတ်လို့ နိုင်ငံအကြီးအကဲ သမ္မတရာထူးရခဲ့ပေမဲ့ နောက်ဆုံးမှာ ရာထူးက အငြိမ်းစားယူပြီး သာမန်လူသား တယောက်အနေနဲ့ပဲ အေးအေးချမ်းချမ်း ရိုးရိုးကုပ်ကုပ်နေခဲ့သူ ဖြစ်ပါတယ်။ ဒီခေတ်လို ကာလပျက်ကြီးထဲမှာ မင်ဒဲလားလိုလူမျိုး ဘယ်မှာရှာ တွေ့နိုင်ပါ့မလဲ။ မင်ဒဲလားတို့၊ မာသာထရီဇာတို့ဆိုတာ တကယ့်ကို သူတော်စင်တွေဖြစ်ကြတယ်။ သူတို့လို လူတွေကိုလူမျိုးမတူ၊ ဘာသာကွဲပြားပေမဲ့ ရှိခိုးဦးခိုက်ပြုထိုက် ပါပေတယ်။ ကိုယ်ကောင်း စားရေးသာလုပ် စာအုပ်ထုတ်ဖို့လာပြောတဲ့ ပုဂ္ဂိုလ်ကျတော့ မာသာထရီဇာလိုလူမျိုး မဟုတ်သလို၊ မင်ဒဲလားလို ပုဂ္ဂိုလ်လည်း မဟုတ်ပါဘူး။ သူ့ဘ၀ တစ်လျောက်လုံးမှာ လူအထင်ကြီးစေမဲ့ စကားကြီးစကားကျယ်တွေ ပြောနေပေမဲ့ တကယ်တမ်းကျတော့ သူ့တကိုယ် ကောင်းစားရေးကလွဲပြီး ဘာမှလုပ်ခဲ့တာမဟုတ်ပါဘူး။ ခိုင်ခိုင်မာမာ ကိုင်စွဲထား တဲ့မူတခု၊ ယုံကြည်မှုတခုလည်း မရှိခဲ့ဖူးပါဘူး။ ရေစုံမှာ အလိုက်သင့်ကလေး စီးမျောပြီး တက်သမျှ အစိုးရနဲ့ တည့်အောင်ပေါင်း အခွင့်အရေးယူဖို့ လောက်သာ တသက်လုံးလုပ်ခဲ့တာ ပါ။ မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့ဖူးသမျှ နိုင်ငံရေးပါတီဟူသမျှမှာ မပါခဲ့ဖူးတာမရှိတဲ့ လူစားမျိုးကို ဘယ်လိုလုပ် လေးစားရမှာလဲ။ လေးစားမှုဆိုတာ ငွေနဲ့လည်းမဆိုင်ပါဘူး။ ရာထူးအာဏာနဲ့ လည်းမဆိုင်ပါဘူး။ 'သိက္ခာ'နဲ့ သာဆိုင်ပါတယ်။ (moral integrity) ဆိုတဲ့ စိတ်ယဉ်ကျေးမှု အထက်တန်းကျပြီး တည်ကြည်ခိုင်မြဲတဲ့ သိက္ခာရှိသူမှန်ရင် လူတကာလေးစားကြမှာ ပါပဲ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေဆိုရင်တော့ 'အာကာကိုလွှာပုံပြုပြီး မေယုကိုစုတ်တံချီ' လို့တောင် ရေးလို့ ကုန်နိုင် ဖွယ်မရှိတော့ပါဘူးလို့ပဲ ပြောလိုက်ချင်ပါတော့တယ်။

လူထုစိန်ဝင်း
{Weekly Eleven Journal}

အပြောမှန်ကြရဲ့လား
ရေးသူ- ဇော်ဝင်းကို

၁၉၇၅ ခုနှစ်၊ ပေါင်းလောင်းမြစ်ကမ်းဘေး......။
ထိုင်နေတဲ့ လူစုကတော့ ကျွန်တော်ရယ်၊ ကိုသင်းခိုင်ရယ်၊ ဇော် (ပျဉ်းမနား)ရယ်၊ ကိုဟိန်းလတ်ရယ်၊ ကိုဝင်းမောင်ထိုက်ရယ်၊ ကိုကျော်မင်းဟန်ရယ်၊ ပြီးတော့..... ဆရာဒဂုန်တာရာနဲ့ ဦးလေးဦးတင်အောင်........။
ဆရာဗန်းမော်တင်အောင်ကို 'ဦးလေးဦးတင်အောင်' လို့ပဲ ကျွန်တော်ခေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ကို၊ 'ဦးလေး' လို့ပဲ ကျွန်တော်တို့ လူငယ်တွေက ခေါ်ခဲ့ကြတာကိုး။ နောက်တော့လဲ ဆရာဒဂုန်တာရာကိုပါ 'ဦးလေး' လို့ ကျွန်တော် ခေါ်ဖြစ်တော့တယ်။
လူငယ်တွေ (အဲဒီတုန်းကတော့ လူငယ်တွေပေါ့) ဘက်က အဲဒီအချိန်မှာ စကား ဆက်တိုက်ပြောနေသူက ကျွန်တော်....။
ကျွန်တော် ဦးတည်ပြောနေသူကတော့ ဦးလေးဦးတင်အောင်.......။


ဒါပေမယ့် တူတယောက်က ဦးလေးတယောက်ကို လေးစားစွာ ပြောနေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ အသည်းအမည်းကြီးကြီး၊ အညှိုးတကြီး စကားလုံးတွေနဲ့ ပစ်ပေါက်နေခဲ့တာ။
ကျွန်တော်ပြောနေတာကတော့ အဲဒီကာလအတွင်းကထွက်ခဲ့တဲ့ ဦးလေး ဦးတင်အောင်ရဲ့ 'မြစ်ဧရာပေါ်ဝယ်' နဲ့ ပါတ်သက်လို့ပါ။ အဲဒီစာအုပ်ထဲမှာ ဦးလေးက 'ဓနရှင်လောက' စာအုပ်ရေးသူနဲ့ ပတ်သက်လို့ ကောက်ချက်တခုချမိတယ်။ ဒါကို ကျွန်တော်က သဘောမတူဘူး။ ကျွန်တော့်ဘက်က ထောက်ခံတဲ့ သမိုင်းအချက်အလက်တခုကိုလဲ ကျွန်တော်ရထားတယ်။ အဲဒီအချက်နဲ့ နွယ်ပြီး 'မြစ်ဧရာပေါ်ဝယ်' ကို ကျွန်တော် ဝေဖန်ခဲ့တာပါ။ အချက်အလက်ကတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲဒီအချက်အလက်နဲ့ တခြားအချက်အလက် အချို့ပေါ် အခြေခံပြီး ဦးလေးဦးတင်အောင်အပေါ် ကျွန်တော်ဆွဲပြလိုက်တဲ့ ကောက်ချက် ကတော့ (ခုပြန်တွေးရင်) ကြောက်စရာကောင်းလောက်အောင် ပြင်းထန်နေခဲ့တယ်။ ကျွန်တော့် စကားလုံးတွေကလဲ ရုပ်ဝတ္ထုများသာ ဖြစ်ခဲ့ရင် တဖက်သား အပိုင်းပိုင်း ပြတ်သွားလောက် အောင် စူးရှခဲ့တယ်။ ကြားဇာတ်ဆောင်သဘောတရား....၊ ဓနရှင်ပေါက်စ ကျောရိုးမဲ့မှု...၊ လစ်ဘရယ်ဒီမိုကရက်...၊ ပန်းခင်းကို မြင်းစီးပြီးကြည့်...။ အို... အဲဒီအချိန်က အရင့်သီးတကာ့ အရင့်အသီးဆုံး ဆဲရေးစကားတွေနဲ့ ကျွန်တော် တလုံးပြီးတလုံး ပစ်ပေါက်....။
ဦးလေးဦးတင်အောင်ဟာ ခေါင်းကို စိုက်ထားတယ်။ ကျွန်တော့်စကားလုံးတွေ ရင့်သီးသထက်ရင့်သီးလာတာနဲ့အမျှ ဦးလေးရဲ့ ခါးဟာ ပိုမိုပြီး ကိုင်းကျလာတယ်။ နောက် ပုခုံးနှစ်ဖက်ဟာ သိမ့်ခနဲ့ သိမ့်ခနဲ.....။ ဟော- ဦးလေး ငိုနေပြီ။ မျက်လုံးမှာ မျက်ရည်တစမှ မတွေ့ရပေမယ့် ရင်ထဲက ငိုနေပြီ။

(၁)

ဦးလေးနဲ့ နှစ်ပေါင်းများစွာ ဘေးချင်းယှဉ်အိပ်ခဲ့၊ မျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေး ငြင်းခုန်ခဲ့၊ လက်ချင်းတွဲလို့ မရဏတရားကို ရင်ဆိုင်ခဲ့ဖူးတာပဲ။ ကိုယ့်ဦးလေး ဘာဖြစ်နေပြီဆိုတာ ကိုယ်သိတာပေါ့။ ဒါပေမယ့် ကျွန်တော့်စကားကို ရပ်မပစ်ဘူး။ ကျွန်တော့် စကားလုံးတွေဟာ ကျွန်တော်တို့ နှစ်ယောက်လုံး ကြုံခဲ့ဖူးတဲ့ လှိုင်းလုံးတွေလို တ၀ုန်းဝုန်း။ နောက်ဆုံး ကျွန်တော် လက်ညှိုးငေါက်ငေါက်ထိုးပြီး ဦးလေးကို ပြောလိုက်တယ်။
"ဦးလေးမှာ အဲဒီလို ရေးဖို့၊ အဲဒီလို ဝေဖန်သုံးသပ်ဖို့ အရေးမရှိဘူး" လို့။
ဦးလေးရဲ့ခါးဟာ ဆတ်ခနဲမတ်လာတယ်။ ပြီးတော့ ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်ဝေနေပေမယ့် ထူးခြားတဲ့ အလင်းရောင်တခုနဲ့ ရွှန်းတောက်နေရဲ့.....။
ဦးလေးက သူ့အံကပ်ကို ချွတ်လိုက်တယ်။ ကျွန်တော်တို့ကို ပြတယ်။ ကြိုးပြာ ပေါ်ပလင် လက်ရှည်အင်္ကျီရဲ့ လက်တွေကို ပင့်ပြီး အရိုးရိုးပြိုင်းပြိုင်းကျနေတဲ့ သူ့လက်အစုံကို ပြတယ်။ အင်္ကျီရင်ဘတ်ကို လှပ်ပြတယ်။ ....ပြတယ်။ ....ပြတယ်။ ....ပြတယ်။ ပြီးတော့မှ သွားတွေကြိုးကြဲက လေထွက်နေပေမယ့် အင်မတန်ပီပြင်တဲ့ အသံနဲ့ ပြောလိုက်တယ်။ (ဒေါသသံတော့ လုံးဝ မပါဘူး။ ဒါပေမယ့် အင်မတန်လေးနက်သလောက် ဆွေးမြေ့တဲ့ အသံ နဲ့.....။)
"ကိုဇော် သိပါတယ်ဗျာ၊ ကျွန်တော် ဘာအတွက် ဘယ်လောက်လုပ်ကိုင်ခဲ့တယ်၊ ဘာတွေ ရင်ဆိုင်ခဲ့ရတယ်၊ ဘာတွေကို စွန့်လွှတ်ခဲ့ရတယ်ဆိုတာ ကိုဇော်အသိဆုံးပါ။ ကျွန်တော် စွန့်လွှတ်ခဲ့တဲ့ ဒီအသွေးအသား၊ ကျွန်တော်ဆုံးရှုံးခဲ့တဲ့ ဒီခွန်အား၊ ကျွန်တော်ပေးဆပ် ခဲ့ရတဲ့ ဒီဘ၀ အစိတ်အပိုင်းတွေကို ထောက်ထားပြီး ဒီလောက်မှ ပြောဖို့အခွင့်အရေး ကျွန်တော့်ကို မပေးနိုင်တော့ဘူးလား......" တဲ့။
တခြားလူတွေ အားလုံး ငြိမ်ကြည့်နေကြတယ်။ သူတို့ အားလုံးရဲ့ မျက်ရည်တွေဟာ ဦးလေးကို လေးစားစွာ၊ ပြီးတော့ ၀မ်းနည်းစွာ။ ပေါင်းလောင်းမြစ်ရေစီးသံ တရှဲရှဲအကြားမှာ ကျွန်တော့ ဘေးကလူတွေရဲ့ ပင့်သက်ချသံကို ကျွန်တော်ကြားနေရတယ်။
ကျွန်တော်ဆက်မပြောတော့ပါဘူး။ ဒါပေမယ့် အံတချက်ကြိတ်ပြီး စိတ်ထဲက ဦးလေးကို ပြန်ပြောလိုက်တယ်။ 'ကျွန်တော်အမှန်ကို ပြောတာဘဲလေ' လို့။

(၂)

၁၉၇၈ ခုနှစ်၊ ဆိတ်ဖလူးနံ့သင်းတဲ့ အခန်းလေးတခုအတွင်းမှာ...။
ကျွန်တော် ရုတ်တရက် လန့်နိုးလာတယ်။ ဒီဇင်ဘာလရဲ့ အအေးရှိန်ထဲမှာပေမယ့် ကျွန်တော့်တကိုယ်လုံး ချွေးတွေရွှဲလို့။ အပြင်မှာတော့ ပေတံတွေ တချောင်းပြီးတချောင်း ကျိုးသံကြားရဲ့။ အရှေ့အရပ်က တခုခုပြိုလဲကျသံ။ နောက်- အနောက်ဘက် လေဟုန်ပြင်းပြင်း တိုက်ခတ်စ ပြုနေတာကိုလဲ အသံအရရော...........................
ကျွန်တော် ရုတ်တရက် ထထိုင်လိုက်တယ်။ ပြီးတော့ အော်ခေါ်လိုက်တယ်။
"ဦးလေး....ဦးလေးဦးတင်အောင်" လို့။
ပေါင်းလောင်းမြစ်တနေရာမှာ ကျွန်တော်အမှားကြီးတခုကို ကျူးလွန်ခဲ့မိပြီ။ ပြန်လည် ရုတ်သိမ်းလို့ မရနိုင်တဲ့ နှုတ်လွန်မှုကြီးကို ကျွန်တော်ကျူးလွန်ခဲ့မိပြီ။ အချက်အလက် အမှန် တချို့တလေအပေါ် အခြေခံပြီး ကောက်ချက်အမှားကြီးတွေကို ကျွန်တော်ဆွဲခဲ့မိပြီ။ ဦးလေးရေ.... ကျွန်တော့်ကို ခွင့်လွှတ်ပါ။
အလွန်ကြမ်းတမ်းတဲ့ ဘ၀ထဲကို အလွန် အသက်ငယ်စွာ ရောက်ရှိခဲ့တဲ့ ကျွန်တော့်ကို ဦးလေးတို့ ၀ိုင်းပြီး ဖေးမကူညီခဲ့ကြတယ်။ လမ်းကြောင်းတည့်မတ်ပေးခဲ့ကြတယ်။ ၀မ်းစာ ဖြည့်တင်းပေးခဲ့ကြတယ်။ နေရာတကာမှာလဲ 'အဲဒီတုန်းက ကျွန်တော်တို့အထဲမှာတော့ သူက အငယ်ဆုံးလေ' ဆိုပြီး ရှေ့တန်းတင် ပေးခဲ့ကြတယ်။ ဦးလေးကို ပြန်ခြောက်ခဲ့ပြီ။
စကားတတ်စ ကလေးငယ်က သူတတ်လာတဲ့ အဆဲစကားနဲ့ ဆဲပြတာကို မနာနိုင်ကြဘဲ 'ဟယ်.... ဒီလူကလေး ဆဲတောင် ဆဲတတ်နေပြီဟဲ့' လို့ ချစ်စိတ်ကို အရင်းခံပြီး ခွင့်လွှတ်ခဲ့တဲ့ လူကြီးမိဘတွေလို အတူနေရစဉ် ဘ၀ကြမ်းက (စကားလုံးအကြီးကြီးတွေနဲ့) ကျွန်တော် သင်ဆဲ ဆဲခဲ့တာမှန်သမျှ မနာနိုင်ကြတာကို အခွင့်ကောင်းယူပြီး လူပုံအလယ်မှာ ဦးလေးကို ကျွန်တော် စော်ကားမိခဲ့ပြီ။ အကျင့်စာရိတ္တအရ မနှိုင်းယှဉ်သာအောင် ဖြူစင် သန့်ရှင်းတဲ့၊ ရိုးသားမှုမှာ စံနမူနာဖြစ်တဲ့၊ ဆင်းရဲပင်ပန်းခံရာ စွန့်လွှတ်ရာမှာ သူမတူတဲ့၊ ပြီးတော့ ယုံကြည်ရာကို တည်ငြိမ်စွာ စူးတစိုက် ရှိခဲ့တဲ့ ဦးလေးကို ကျွန်တော်က..... ကျွန်တော်လို ကောင်က လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်ရှုတ်ချမိခဲ့ပြီ။
ကျွန်တော် ကျွန်တော်ယုံကြည်ရာမှန်သမျှကို တိုင်တည်ပြီး အလေးအနက် ဆုံးဖြတ် လိုက်မိတယ်။
"ဦးလေးနဲ့ ပြန်တွေ့တွေ့ချင်း ဦးလေးကို ငါတောင်းပန်မယ်" လို့။
ဒါပေမယ့် အဲဒီအချိန်မှာပဲ ဦးလေးမရှိတော့ပြီဆိုတာ၊ ဦးလေးကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူးဆိုတာ၊ ဦးလေးကို ဘယ်တော့မှ တောင်းပန်လို့ မရနိုင်တော့ဘူးဆိုတာ အဲဒီတုန်းက ကျွန်တော် မသိခဲ့ပါဘူး။

(၃)

ဆရာဗန်းမော်တင်အောင်ကို ကျွန်တော် ဝေဖန်ခဲ့ရာမှ အချက်အလက်အချို့တော့ မှန်ပါရဲ့၊ ဒါပေမယ့် အောက်ပါနည်းနာဆိုင်ရာ အမှားတွေကို ကျူးလွန်မိတယ်လို့ ကျွန်တော် ပြန်သုံးသပ်မိပါတယ်။

၁။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ 'အကျကောက်ဝေဖန်ရေး' သာဖြစ်ခဲ့တယ်။
လူတယောက်ကို ဝေဖန်တော့မယ်ဆိုရင် အဓိကနဲ့သာမည ကို ခွဲခြားဖို့ လိုပါတယ်။ အသေးအဖွဲ အမှားလေးတွေကို မှန်ဘီလူးနဲ့ ပြူးပြဲရှာပြီး အဲဒီလက်ရာတခုလုံးရဲ့ သာလွန် ကောင်းမွန်ချက်တွေကို မျက်ကွယ်ပြုပစ်တာ၊ အသေးအဖွဲ အမှားကလေးတွေကို ပုံကြီးချဲ့ပြီး၊ အားကောင်းချက်များကို ဖုံးကွယ်သွားစေတာဟာ 'အကျကောက်ဝေဖန်ရေး' လို့ အမည်ပေးရ မယ် ထင်ပါတယ်။ ကျွန်တော့်အနေနဲ့လဲ ဆရာဗန်းမော်တင်အောင်ရဲ့ 'မြစ်ဧရာပေါ်ဝယ်' ကို ဝေဖန်ရာမှာ အဲဒီဝတ္ထုထဲက အသေးစိတ် အချက်အလက် တခုနှစ်ခုကို အကျကောက်ပြီး သူ့ဝတ္ထုရဲ့ ဦးတည်ချက်၊ သူ့ဝတ္ထုရဲ့ ၀ိဥာဉ်၊ သူ့ဝတ္ထုရဲ့ အားကောင်းချက်တွေကို ဖုံးလွှမ်းပစ်မိ ခဲ့တယ်။

၂။ ကျွန်တော့်ရဲ့ ဝေဖန်ရေးဟာ 'အဆောတလျင် ယေဘူယျပြုခြင်း' အမှားကို ကျူးလွန်ခဲ့တယ်။
ဝေဖန်ရေးဟာ ဆင်ခြင်စဉ်းစားမှု၊ ခွဲခြမ်းစိတ်ဖြာမှုပေါ်မှာ အခြေပြုတာပါ။ ဒါကြောင့် ဝေဖန်ရေး လုပ်တော့မယ်ဆိုရင် ယုတ္တိဗေဒနည်းကျ ဆင်ခြင်စဉ်းစားမှု ရှိဖို့လိုပါတယ်။ ယုတ္တိဗေဒမှာ 'အဆောတလျင် ယေဘူယျပြုခြင်း' (Hasty Generalization) ဆိုတဲ့ ဆင်ခြင်ပုံ အမှားတမျိုး ရှိတယ်။ ခြုံယူဆင်ခြင်မှုစနစ်နဲ့ ဆင်ခြင်ရာမှာ အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်စုံသထက် ပြည့်စုံအောင်မစုဆောင်းဘဲ၊ ရရာအချက်အလက်တချို့ အပေါ် အခြေပြုပြီး အမြန်အဆန် ကောက်ချက်ဆွဲလိုက်တဲ့ အမှားမျိုးပါ။ ကျွန်တော့်အနေနဲ့လဲ ဆရာဗန်းမော်တင်အောင်ရဲ့ တခြား ပြုစုပြီး စာပေတွေ၊ သူ့ဖြတ်သန်းမှု အစဉ်အလာတွေ၊ သူ့ရဲ့ အထင်အရှားဖြစ်တဲ့ သဘောတွေကို ထည့်သွင်းမစဉ်းစားမိခဲ့ဘူး။ အချက်အလက်တွေကို ပြည့်စုံသထက် ပြည့်စုံအောင် မစုဆောင်းမိခဲ့ဘူး။

၃။ ကျွန်တော်ရဲ့ဝေဖန်ရေးဟာ 'ဆန္ဒစွဲကျတဲ့ ဝေဖန်ရေး' ဖြစ်ခဲ့တယ်။
ကောက်ချက်ကို အရင်ဆွဲပြီးမှ အဲဒီကောက်ချက်ကို ထောက်ခံဖို့ အချက်အလက်တွေ ရှာတာဟာ ဆန္ဒစွဲကျတဲ့စဉ်းစားမှု ( Subjective thinking) ပါ။ ဝေဖန်ရေးမှာလဲ 'ဒီလူ၊ ဒီစာရေးဆရာဟာဖြင့် ဒီလိုမျိုး ဖြစ်တယ်။ ဒါကြောင့် သူ့မှာတော့ ဒီလိုအမှားမျိုး ရှိမှာပဲ' လို့ ကြိုတင် ဆုံးဖြတ်ထားမိတာမျိုး ရှိတတ်တယ်။ အဲဒါ ဆန္ဒစွဲကျတဲ့ ဝေဖန်ရေးပါ။ ကျွန်တော့်အနေနဲ့လဲ (အဲဒီအချိန်က ဆရာဗန်းမော်တင်အောင်ကို အားမလိုအားမရနဲ့ ကြိုတင်သတ်မှတ်ချက်တွေ ရှိနေခဲ့တယ်။ အဲဒီ ကြိုတင်သတ်မှတ်ထားချက်အရ အဲဒီကြိုတင် သတ်မှတ်ထားချက်ကို အထောက်အကူပြုမဲ့ အချက်အလက်တွေကိုသာ လိုက်ရှာနေမိတယ်။ အမှားတွေ့တယ် ထင်လိုက်တာနဲ့ အဲဒီအချက်အလက်အပေါ်မှာ အခြေပြုသလို ပုံဖမ်းပြီး မူလကောက်ချက်ကို ချပြလိုက်တာပါဘဲ။

၎။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ 'အတ္တဗဟိုပြုဝေဖန်ရေး' သာဖြစ်ခဲ့တယ်။
အဲဒီအချိန်က ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို သိပ်မှန်၊ သိပ်ဟုတ်၊ သိပ်ပြတ်သားတယ် လို့ ထင်နေခဲ့တယ်။ တခြားသူတွေကိုလဲ.... လူတယောက်မှားတယ်လို့ ထင်ရင်လဲ 'မှားရကောင်းလား၊ ငါ့လောက်မှ မမြင်ရကောင်းလား' လို့ ဒေါသ ထွက်မိပြန်ရော။ ပြီးတော့ 'အကြောင်းပြလိုက်မယ်' ဆိုတဲ့ စိတ်တွေ ကဲနေတာကြောင့် 'နည်းနည်း မမှားလိုက်နဲ့၊ ငါနဲ့တွေ့သွားမယ်' ဆိုတဲ့ မာန်မာနတွေ ကဲနေမိခဲ့တယ်။ ဒီလို အတ္တဗဟိုပြုစိတ်နဲ့ ဆရာဗန်းမော်တင်အောင်ရဲ့ ၀တ္ထုကို ကျွန်တော် ဝေဖန်ခဲ့တာပါ။ တကယ်တော့ ကျွန်တော့် ဝေဖန်ရေးဟာ ဆရာဗန်းမော်တင်အောင်ကို ကူညီလိုစိတ်က ပေါ်လာတာ မဟုတ်ဘဲ ကျွန်တော်ရဲ့ အတ္တကို အစာကျွေးရာက ပေါ်ပေါက်လာတဲ့ အတ္တဗဟိုပြုဝေဖန်ရေး (Self-centered Criticism) သာ ဖြစ်ခဲ့ပါတယ်။

(၄)

ကျွန်တော် ကြားဖူးခဲ့တယ်။ ရွယ်တူသူငယ်ချင်းတယောက်က ပြောတာလား၊ ကိုယ့်ထက်အသက်အရွယ် ကြီးသူတယောက်က ပြောတာလား၊ မမှတ်မိဘူး။ ပြောသူရဲ့ ကိုယ်ပိုင်စကားလား၊ သူကိုယ်တိုင် တနေရာရာက ကြားဖူးဖတ်လို့ ထပ်ဆင့်ကိုးကားတာလား ဆိုတာလဲ မသိဘူး။ မှတ်မှတ်ရရတော့ ကြားဖူးတယ်။
'အမှန်ကို ပြောသလို အပြောလဲ မှန်ရတယ်' တဲ့။
အမှန်ကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိသလို တာဝန်လဲ ရှိပါတယ်။ အမှန်လို့ တထစ်ချ မဆိုနိုင်ရင်တောင်မှ မှန်တယ်ထင်ရာကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါတယ်။ မှန်တယ်ထင်ရာကို ပြောရဲတဲ့ သတ္တိကိုလဲ ကြိုဆိုသင့်ပါတယ်။
ဒါပေမယ့် ဘယ်အချိန်ပြောရမှာလဲ။ ဘယ်လိုပြောရမှာလဲ။ ဒါကတော့ သေသေချာချာ စဉ်းစားရမယ့် ကိစ္စပါ။ ပြောသူက ဘယ်သူလဲ။ အပြောခံရသူက ဘယ်သူလဲ။ ပြောသူရဲ့ ဖြတ်သန်းမှုက ဘယ်လိုလဲ။ အပြောခံရသူရဲ့ ဖြတ်သန်းမှုနဲ့ အစဉ်အလာက ဘယ်လိုလဲ။ အဲဒီ အခြေအနေ အရပ်ရပ်နဲ့ အချက်အလက်ပေါင်းများစွာကို သုံးသပ်ပြီးမှ ဘယ်လိုပြောမလဲ ဆိုတဲ့ နည်းနာကို မှန်ကန်စွာ ရွေးချယ်သင့်ပါတယ်။
အပြောခံရသူက အစဉ်အလာကြီးမားရင် သတိထားပြောရမယ်လို့ ဆိုတာ မဟုတ်ပါဘူး။ အပြောခံရသူရဲ့ အနေအထားကို ထည့်သွင်းတွက်ချက်ဖို့ပါ။ အပြောခံရသူဟာ နုနယ်သေးတဲ့အချိန်မှာ ရေနွေးပူနဲ့ လောင်းပစ်တာမျိုး၊ မိတ်ဆွေအချင်းချင်းကို ပြောရမှာကို ရန်သူလို ရန်စွယ်ငေါငေါ ပြောတာမျိုးလဲ မှန်ကန်တဲ့ပြောနည်းလို့ ဆိုနိုင်မှာ မဟုတ်ဘူးပေါ့။
အထူးသဖြင့် စာပေနယ်မှာ စာပေသမားအချင်းချင်း ပြောကြဆိုကြတာဟာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်ပါသလဲ။ ကိုယ်မှန်တယ် ထင်ရုံမျှနဲ့၊ ကိုယ့်ဘက်က ပိုင်နိုင်ပြီလို့ ထင်ရုံမျှနဲ့ နှုတ်စွမ်းအားရှိသမျှ တဆုံးတဆ ပြောလိုက်ကြတော့မှာလား။ အလွန်အကျွံ ဒေါသတကြီးနဲ့ ပြောကြဆိုကြတော့မှာလား။

(၅)

လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကျော်အတွင်းမှာ မဂ္ဂဇင်းတွေ အပြိုင်းအရိုင်း ပေါ်လာကြပါတယ်။ တချို့က ဟုန်းကနဲတောက်၊ ဟုပ်ကနဲပျောက်၊ တချို့က တအုပ်နဲ့ ဇာတ်သိမ်း၊ တချို့ကလဲ စိုက်လိုက်မတ် အောင်လံလွှင့်လို့။
ဒီမဂ္ဂဇင်းတွေထဲမှာ လူငယ်ဝေဖန်ရေး ဆောင်းပါးရှင်တွေလဲ အများအပြား ပါဝင်ရေး သားလာကြတယ်။ သူတို့ အများစုဟာ ရဲရဲတွေး၊ စူးစူးနစ်နစ်ခွဲခြမ်းစိတ်ဖြာပြီး ထက်ထက် မြက်မြက်ရေးတာကြောင့် စာပေလောကမှာ 'စာပေဝေဖန်ရေး' ဆိုတဲ့ ကဏ္ဍကလေးဟာ အုံးအုံးကျွတ်ကျွတ်နဲ့ပါပဲ။
အစပိုင်းမှာတော့ စာပေလောကသား အချင်းချင်းရော၊ စာဖတ်ပရိသတ်တွေကပါ ဒီစာပေဝေဖန်ရေး ဆောင်းပါးတွေကို ရွှင်လန်းတက်ကြွစွာနဲ့ ကြိုဆိုကြတယ်။ 'ဘယ်ဆောင်းပါး မှာတော့ ဘယ်စာရေးဆရာ၊ ဘယ်စာအုပ်ကို ဘယ်လိုဝေဖန်ထားလေရဲ့' ဆိုပြီး စာပေသမား အချင်းချင်းလဲ လက်တို့ သတင်းပေးကြရဲ့၊ စာဖတ်ပရိသတ်တွေကလဲ စိတ်ဝင်တစား ရှာဖွေ ဖတ်ရှုကြရဲ့။
ဒါပေမယ့် တဖြေးဖြေးနဲ့ စာပေဝေဖန်ရေးဆိုတဲ့ ဆောင်းပါးတွေမှာ စကားလုံးမီးရှူး မီးပန်းလွှတ်တာတွေ များသထက် များလာတယ်။ အချက်အလက်ကို အသေအချာ မစုဆောင်းဘဲ 'မြန်မြန်ပြော၊ များများပြော၊ မှားမှားမှန်မှန်ပြော' ဆိုတာမျိုးတွေ ဖြစ်လာတယ်။ အစဉ်အလာရှိတဲ့ စာရေးဆရာကြီးတွေကို 'တမင်ဖြိုလိုက်မဟဲ့' ဆိုတဲ့ စိတ်မျိုးနဲ့ ဝေဖန်တာတွေ မကြာခဏ တွေ့လာရတယ်။ နာမည်တက်စ လူငယ်စာရေးဆရာတွေကို အညွန့်ချိုးသလို ပစ်ပစ်ခါခါ ဝေဖန်တာမျိုးလဲ အများအပြား ဖတ်လာရတယ်။ စာပေဝေဖန်ရေးဟာ စာဖတ်ပရိသတ်အတွက်၊ စာပေသမား အချင်းချင်းအတွက် အင်အားဖြစ်ရမယ့်အစား ကြောက်စရာ လန့်စရာ ဖြစ်လာတယ်။ သူတို့တွေရဲ့ ဆောင်ပါးတွေမှာသာမက သူတို့ရဲ့ 'အင်တာဗျူး' ဆိုတာတွေမှာပါ သူတို့ အတ္တတွေဟာ အငွေ့တထောင်းထောင်းနဲ့။

(၆)

ကိုယ့်ကိုယ်ကို ဒဏ်ခတ်တဲ့အနေနဲ့ ချောင်ထိုးထားခဲ့တဲ့ ကလောင်ကို ကောက်ကိုင်လာ မိတာဟာ မေးခွန်းတခု မေးချင်လို့ပါ။ ကိုယ်တိုင်ကျူးလွန်ခဲ့မိတဲ့ အမှားတခုကို တမြေ့မြေ့ ပြန်လည်သုံးသပ်ရင်း စာပေဝေဖန်ရေးဆောင်ပါးရှင်တွေကို ရင်းနှီးခင်မင်စွာ မေးချင်လို့ပါ။
မိတ်ဆွေရောင်းရင်းများခင်ဗျာ။ စာပေညီအကိုတော်များခင်ဗျာ-
"အမှန်ကို ပြောတယ်ပဲထားပါတော့၊ အပြောရောမှန်ကြပါရဲ့လား....."

ဇော်ဝင်းကို။
{ထုတ်ဝေသူ- "ပြည်သူ့ဘက်တော်သားများ" ရဲ့ ဗန်းမော်တင်အောင်-တိုင်းပြုပြည်ပြု စာရေးဆရာ သတင်းစာဆရာ၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။ }