Sunday, August 10, 2008

စိမ်းတော့ပြီလား ခရွမ်ထေ့ပ်(Krung Thep)ရေ.....
ရေးသူ- မောင်မင်းရာ






ဒုံမောင်း(Don Mueang) လေဆိပ်တံခါးကနေ အပြင်ဘက်ကို ခြေတလှမ်း လှမ်းလိုက် ရုံရှိသေး၊ ရှိန်းခနဲ အပူဟပ်သလို ခံစားလိုက်ရတယ်။ ဒီဇင်ဘာထဲမှာလေ.... ဘာလို့ ဒီလောက်ပူ နေရ တာလဲ....။ နွေလည်ခေါင် ပူတဲ့ရာသီလဲ မဟုတ်ပဲနဲ့.....။
မကြာလောက်ဘူးလို့ ထင်ရတဲ့ ရှစ်နှစ်တာကာလအတွင်းမှာ ရာသီက ကိုယ့်အပေါ် အတော်စိမ်းကား သွားပါလား...။
ပူရတဲ့အထဲ တက္ကစီသမားကလဲ တက္ကစီမီတာရဲ့ ကျတဲ့အခ အပြင် ဘတ်ခြောက်ဆယ် အပိုထပ်ပေးမှ လိုက်နိုင်မယ်ဆိုပြီး အချဉ်လာဖမ်းနေတယ်။ ပူပူလောင်လောင်နဲ့ လေက အသက်ရှူ မ၀ရတဲ့အထဲ ဒင်းနဲ့ အငြင်းအခုန်လုပ်နေဖို့ စိတ်မရှည်တာနဲ့ အောင့်သက်သက်နဲ့ သဘောတူလိုက်ရတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရင်ထဲမှာတော့ ကိုယ့်ပြေကိုယ့်ရွာကို ပြန်ရောက်ရသလို ခံစားလိုက် ရတယ်...... ၊ ၀မ်းသာလိုက်တာလဲ မပြောပါနဲ့တော့။ အပြင်မှာ ဘယ်လောက်ပူပူ ရင်ထဲမှာ အေးမြလျက်.......။


လမ်းလယ်ခေါင်မှာ ထိုးထိုးထောင်ထောင်နဲ့ ခေါင်းပေါ်ကမိုးထားတဲ့လမ်းက မိုးပျံရထား လမ်းတဲ့။ ရထားကတော့ ခရီးသည်မပါပဲ စမ်းသပ်ပြေးကြည့်နေတုန်း။ ရှစ်နှစ်အတွင်း ထူးခြား လာတဲ့ အဲဒီ အသစ်အဆန်းကို အရင်စတွေ့တယ်....။ မော်ချစ်လောက်က စပြီးသတိထားမိတာ လမ်းလည်ခေါင်က အဲဒီကောင်ကြီးဟာ မြို့ထဲရောက်တဲ့အထိပဲ။
လမ်းပေါ်မှာ ကားတွေ ကြပ်နေတာလဲ အစဉ်အလာကို ထိမ်းသိမ်းလျက်...။ လမ်းပေါ်က မြင်နေရတဲ့ တိုက်မျက်နှာစာ၊ တိုက်နောက်ကျောတွေမှာ လျှော်ထားတဲ့ အ၀တ်တွေနဲ့ အလံထူ ထားတာလဲ ဖြူနီကြောင်ကျား....... လွှင့်မြဲ၊ လွင့်မြဲ။ မီးပွိုင့်မှာ ကားတွေ ရပ်ထားတုန်း၊ ရပ်ထားတဲ့ ကားတွေကို မှန်တွေလိုက်သုတ်၊ ဈေးတွေလိုက်ရောင်းတာလဲ အရင်အတိုင်း....။ ကျောင်းဝတ်စုံနဲ့ ကျောင်းသူ၊ ကျောင်းသားကလေးတွေကလဲ တက်တက်ကြွကြွနဲ့ မြင်ရတာ စိတ်ချမ်းသာစရာ.... ။
အမြင်မှာ အပြောင်းအလဲ သိတ်မရှိတဲ့ မြင်ကွင်းတွေကို ငေးမောရင်းက အင်တာနက် ကနေ ကြိုတင်မှတ်ပုံတင်ထားတဲ့ ဖက်ဘူလီပေါ်က First Hotel ရှေ့ကို တက္ကစီကားက ထိုးရပ်လိုက်တယ်။
ကိုယ် ပိုးပမ်းခဲ့ဖူးတဲ့ ပျိုမျစ်နုနယ် ချစ်စဖွယ်လေးဟာ အသက်ရှစ်နှစ်ကြီးသွားပေမယ့် ၁၅ နှစ်စာလောက် အိုမင်းသွားပါလား။ အရင်တုန်းက သူရှေ့က ဖြတ်တိုင်း ဖိတ်ဖိတ်တောက် နေတဲ့ အသွေးအရောင်နဲ့ ထည်ဝါနေတာကို ငေးမောကြည့်ရပြီး၊ အော်.... တနေ့ ငါ့မှာ ဒီလိုနေရာမျိုးမှာ တည်းနိုင်လောက်တဲ့ အခြေအနေ ရှိလာခဲ့ရင် လာတည်းကြည့်အုံးမှပဲလို့ စိတ်ကူးခဲ့တာ... သူ ... အရွယ်ကျသွားတာကလဲ မြန်လိုက်တာ။
အင်တာနက်မှာ ပြောတဲ့ဈေးနဲ့ ပြတဲ့အခန်းပုံ..... က သားနားတယ်။ တကယ် သူတို့ ပေးတဲ့ အခန်းကျတော့ တချိန်တုန်းက ရန်ကုန်မှာ သွင်ရုပ်ရှင်ရုံ၊ ဘုရင့်ရုံတို့မှာရတတ်တဲ့ အနံ့အသက်မျိုးရတယ်။ ဆေးလိပ်နံ့နဲ့ကော်ဖီနံ့ဂျိုး တက်နေတယ်လို့ ပြောရမလားပဲ.....။ ကောင်းတဲ့ အခန်းလိုချင် ရင် wing ဖက်မှာ ရှိတယ်။ ပိုပေးရမယ် ပြောတယ်။ ကောင်းပါပြီ အစ်မရယ်........ ။ ပေးပါမယ်..... ။ သန့်သန့်လေးသာပေးပါ...။ မျက်နှာမှာ သနပ်ခါး အဖွေးသား... ပေါင်မှာတော့ ......၊ မဖြစ်ပါစေနဲ့....။
ကိုယ်က အထုတ်တွေ အပိုးတွေနဲ့.... ၊ တက္ကစီထပ်ငှားပြီး နောက်တဟိုတယ် သွားဖို့ ကရိကထ များပါတယ်။
သူနားမှာ ဟိုတုန်းက မရှိတဲ့၊ ခုမှ တိုးလာတဲ့ ဟိုတယ်အသစ်တွေ အများကြီးပဲ။ Water Gate Hotel ဆိုတာကြီးဟာ ဆောက်တာ မကြာသေးဖူးလား မပြောတတ်ဘူး။ မလာခင် ကိုယ်ကြည့်လာတဲ့ Lonely Planet စာအုပ်ထဲတောင် မပါသေးဘူး။ အတော်ကောင်းတယ်။ ပတူနမ် ကိုအစွဲပြုပြီး Water Gate ဖြစ်လာ... ထင်ပါ့.....။
ဒေါ်လာကို ဘတ်နဲ့လဲရမယ်.... ။ ဟိုတယ် ကောင်တာက ငွေလဲတဲ့နေရာမှာ ရေးထားတဲ့ နှုန်းဟာ လေဆိပ်မှာထက် အတော်ကွာနေပါလား.... ။ မသကာ ကွာလှ နှစ်ပြား သုံးပြားပေါ့။ သူပြောတော့ service ကြောင့် ပိုတာပါတဲ့။ သူ့ service ကြီးက ဓါးတုံးတုံးနဲ့ လှီးတဲ့ service ကြီးလာ....။
ဟိုတုန်းက ဘန်ကောက်ပို့စ် Bangkok Post မှာ ဖော်ပြထားတဲ့ ဈေးဟာ၊ ဘဏ်မှာ လဲတဲ့ဈေး၊ အပြင်ဆိုင်တွေ (စဖန်ကွိုင်တို့၊ ဆမ်လုံးဈေးတို့) နဲ့ သိတ်မကွာပါဘူး။
မတ်ပင်လိုင်ခပ်...... (ကိစ္စမရှိဘူး၊ နေပါစေ..)။
ပတူနမ် ဈေးတ၀ိုက်မှာ ငွေလဲတဲ့နေရာ တွေ ခလုပ်တောင် တိုက်တယ်၊ များလွန်းလို့...။
ဘန်ကောက်ရောက်ရင် စားမယ်လို့ ရှစ်နှစ်တာလုံး အားခဲထားတဲ့ အစာတခုကို စားဖို့ တက္ကစီငှားပြီး သွားရတယ်။
အထုတ်အပိုးတွေ အခန်းမှာ နေရာချပြီး၊ တချိန်က ကိုယ်နေခဲ့တဲ့ ဆမ်လုံး (Sam rong) ကို တက္ကစီနဲ့သွားတယ်။ အိမ်အောက်က ခိုင်ခေါက် (ထမင်းသည်) ကြီးရဲ့ လက်ရာကို တမ်းတလွန်းလို့ သူ့အစာကို အရင်စားပြီးမှ ဘန်ကောက်မှာ တခြား အစာစားမယ် ဆုံးဖြတ် ထားတာ။ ဖတ်ခဖေါင်းမူ စိုင်ခိုင်ထော့တ်။ ၀က်သားစင်းထားတာကို ပင်စိမ်းလိုမျိုး အရွက်တမျိုးနဲ့ ကြော်ပြီး၊ ထမင်းပေါ် ပုံပေးတယ်။ စိုင်ခိုင်ထော့တ်က ကြက်ဥဟတ်ဖရိုက် တင်ပေးတယ်။
ကိုယ်ရောက်သွားတော့ ကိုယ့်ဘော်ဒါ ခိုင်ခေါက်ကြီး မရှိဘူး။ သူ့သမီးနဲ့ သူ့ယောက်ျား ကိုပဲ တွေ့တယ်။ ကိုယ့်ကိုမြင်တော့ နှစ်ယောက်သား အံ့သြသွားတဲ့ မျက်နှာဟာ စာဖွဲ့လောက် တယ်။ သမီးကလေးက ထုံးစံအတိုင်း လက်အုပ်ကလေးချီလို့။ ဟိုတုန်းက သမီးကလေးက လမ်းခမ်းဟိန်မဟာဝိထရာလိုင် (Ramkhanghein University) မှာ ကျောင်းတက်တုန်း။ ဖီး (ခိုင်ခေါက်ယောက်ျား) ပုံစံက အရင်အတိုင်း၊ တစ်စတန်း one satang (ထိုင်း ပိုက်ဆံတပြား) ဘိုးလောက်တောင် မပြောင်းဘူး။ တသက်မှာ ပြန်မတွေ့ရတော့ဘူးလို့ ထင်ထားတဲ့ မိသားစုထဲက တယောက်ယောက်ကို ပြန်တွေ့လိုက်ရတဲ့ မျက်နှာမျိုး....။
သူတို့ ထမင်းဆိုင်ကလေးက သံတခါးကို သံကြိုးကြီးနဲ့ ခတ်ထားတာ သံချေးတွေ တောင် တက်နေပြီ။ သူတို့ စီးပွါးတွေ တက်လာတယ်။ ထမင်းမရောင်းတော့ဘူး။ အရင်က သူတို့ ထမင်းဆိုင်ဘေးက ဆိုင်ခန်းနှစ်ခုကို သူတို့ ယူလိုက်ပြီး တဆိုင်တည်း လုပ်ထားတယ်။ ဟိုတုန်းက အ၀တ်လျှော်မီးပူးတိုက် (Laundary) ဆိုင်၊ ပစ္စည်းအတိုအထွာ အစုံရတဲ့ စတိုးဆိုင်ရယ်... ၊ ခုတော့ သူတို့ မိသားစုတွေ အဲဒီလုပ်ငန်းနှစ်ခုကို တဆိုင်တည်းပေါင်းပြီး တဦးတည်း လုပ်နေကြတယ်။ အရင်လူတွေ မရှိကြတော့ဘူး။ သမီးလေးက အမေ့ကို သွားခေါ်ပေးမယ်တဲ့။
ထမင်းက အတော်ဆာနေပြီမို့ နေပါစေ၊ မခေါ်နဲ့၊ အပေါ်ထပ်အခန်းတွေက တခြား မိတ်ဆွေတွေနဲ့လဲ အေးအေးဆေးဆေး စားသောက်ပျော်ပါး၊ တွေ့ချင်သေးတာမို့ နောက်နေ့မှာ တခေါက်ပြန်လာခဲ့မယ် ပြောလိုက်တာ၊ အမေရိက သာပြန်ခဲ့ရတယ်....၊ ခိုင်ခေါက်တို့ဆီ ပြန်မ ရောက်ခဲ့လိုက်ဘူး။
တဖက်လမ်းကို လူကူးဂုံးကျော်တံတားက သွားမကူးပဲ၊ ကားတွေကြားက အပြေးဖြတ်ကူးပြီး ကြည့်လိုက်တယ်။ ဘဲကင်တွေ ဘာတွေရောင်းတဲ့ ဆိုင်ကလေးက ရှိသေးတယ်။ အရင်လို မှန်သေတ္တာပုံးထဲမှာ ဘဲကင်၊ ၀က်ခေါက်ကင်၊ ၀က်နံကင်စတဲ့ သရေကျ စရာတွေ များများစားစား ချိတ်ဆွဲထားတာ ဘာတခုမှ မတွေ့ဘူး။ ပြောမှ ဆိုင်ထဲက သွားထုတ် လာတဲ့ ဘဲကင်လေးတခြမ်းကို စဥ့်နီတုံးပေါ်တင်ပြီး ပါးပါးလှီးပေးတယ်။ ထမင်းတပန်းကန်ပြား ထည့်ပြီး ထမင်းပေါ် ဘဲကင်ပါးပါးလှီးထားတာ ပုံပေးတယ်။ ပဲငံပြာရည်ခပ်ပြစ်ပြစ်၊ ဂျင်း၊ ငရုတ်သီးစိမ်း ရောထားတဲ့ အရည်ကို ထမင်းပေါ်ပုံထားတဲ့ ဘဲကင်ပေါ် ဆမ်းပေးတယ်။ ဟိုတုန်းက အဲဒါ ၁၅ ဘတ်။ ခု ဘတ် အစိတ်တဲ့။
ထိုင်းနိုင်ငံ တခုလုံးစီးပွါးကျချိန်....။ Imperial Super Market ကြီးလဲ အောက်ထပ်မှာ အလှကုန် တိုလီမုတ်စဆိုင် နှစ်ဆိုင်ပဲရှိတယ်။ အပေါ်သုံးထပ်က ပိတ်ထားတယ်။ ဟိုတုန်းက အဲဒီအောက်ဆုံးထပ်မှာ Mc Donald, Kentucky Fried Chicken ဆိုင်တွေနဲ့ တခြား စားသောက်ဆိုင်တွေ ဘေးက ရံထားပြီး၊ စားသောက်စရာတွေ ရောင်းတဲ့ Grocery ဆိုင်ကြီး။ ပြီးတော့ ဒုတိယနဲ့ တတိယထပ်မှာက အထည်အလိပ်၊ လူသုံးကုန်ပစ္စည်း။ အပေါ်ဆုံးထပ်မှာ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်တွေနဲ့ TV Game ဆော့စရာတွေ။ ခုတော့ ဘာတခုမှ မရှိတော့ဘူး။ ပိတ်ကုန်ပြီ။
ဖက်ဘူလီကနေ တောင်ဘက်(ချစ်ပ်လုံဘက်)ကို ချိုးတဲ့ (ပတူနမ်းဒေါင့်) ညာဘက်ဒေါင့် မြောင်းကျော် တံတားလေး ဟိုဘက်မှာ၊ ငှက်ပျောပင်ကလေးတွေ အုပ်နေတဲ့ အိမ်ကလေး အနည်းငယ်နဲ့ မြေကွက်လပ်ကြီး.... ။ ဟိုတုန်းက ညဘက်ဆို အဲဒီနေရာမှာ မှောင်တယ်။ လူပြတ်လို့ အဲဒီနားက ဖြတ်ရင် သတိနည်းနည်းထားရတယ်။
ခုအဲဒီ နေရာမှာ အစားသောက်ဆိုင်တွေ ဖွင့်ထားတဲ့ ရုံကြီး အကြီးကြီးပဲ။ လမ်းဒေါင့်ချိုး ပလက်ဖောင်းပေါ်မှာ (Sea Food) ပင်လယ်စာ၊ ငါးပုစွန်တွေ ရေခဲဗန်းတွေထဲ ထည့်ပြရောင်းချ နေတာ သုံး-လေးဆိုင်ရှိတယ်။ အင်္ဂလိပ်လို ပြောတတ်တဲ့ (ဗမာပြည်မှာအခေါ် ဆိုရင်တော့ ဗိုကြက်ချေးပေါ့....) အဲဒီလိုလူတွေက ရွှေကြိုလုပ်တယ်၊ ဟိုဟာ လက်ညှိုးထိုး၊ ဒီဟာ လက်ညှိုးထိုးနဲ့ ပြပြီး ကိုယ့်ရှေ့မှာ ပန်းကန်ပြားထဲထည့်၊ အလေးချိန်ပြတယ်။
ကိုယ်က စပွဲတွေ ခင်းထားတဲ့ နေရာကြိုက်တဲ့နေရာမှာထိုင်နေ၊ သူက အတွင်းက ဆိုင်တွေမှာ ကိုယ်မှာတာကို သွားချက်ခိုင်းတယ်။ သူချက်ဖို့ ယူသွားတုန်း ကိုယ်က ဆင်ဂါဘီယာလေးနဲ့ ငြိမ့်နေတာ...၊ ဗိုကြက်ချေးက ပန်းကန်ကလေးကိုင်ပြီး တခေါက်ပြန် ရောက် လာတယ်။ ခုနက ကိုယ်ရွေးထားတဲ့ ပုစွန်ကိုကိုင်ပြီး လာပြောတယ်။ သူဈေးပြောတာ မှားသွားလို့ ပုစွန်ဒီအရွယ်ဟာ ဒီဈေးနဲ့ မရဘူးတဲ့။ အေးပါကွာ၊ ရတဲ့ဈေးပေါ့၊ ကိစ္စမရှိပါဘူး။ မြန်မြန်လုပ်စမ်းပါ၊ ဆာလှပြီ။
ကိုယ့်ရည်ရွယ်ချက်က ပုစွန်အကောင်ကြီးကြီး.. သုံးလေးကောင်ကို မီးဖုတ်ပြီး ဘီယာဆင် (ဆင်ဂါဘီယာကို ထိုင်းအခေါ်) နဲ့ ကင်မ် (သောက်) မလို့။
စပွဲထိုးက ပုစွန်မီးဖုတ်ကို ယူလာပြီး ကိုယ့်ဆီလာချပေးတော့ ကိုယ်ရွေးထားတဲ့ အကောင်တွေ မဟုတ်တော့ဘူး၊ ငယ်သွားတယ်။ အကောင်အရေအတွက်မှာ နှစ်ကောင်ပိုလာ တယ်။
ဟိုတုန်းက အောင်ဇော်(ယခု-ဧရာဝတီ)နဲ့၊ ဘယ်သူနဲ့၊ ဘယ်ဝါနဲ့၊ ဒီနေရာမှာ မကြာခဏ လာစားဖူးပါတယ်။ ဒီလိုမီးရောင်ထိန်ထိန်ညီးနေတဲ့ အောက်တော့ မဟုတ်ဘူး၊ ဒီနေရာမှာပဲ၊ ပလက်ဖောင်းပေါ်မှာ ဘက်ထရီ မီးချောင်းလေး တချောင်းနှစ်ချောင်း ထွန်းထားတဲ့ လက်တွန်းလှည်းနဲ့ လာဖွင့်တဲ့ ဆိုင်ကလေးတွေ....။ စားလို့ ကောင်းမှကောင်း၊ ဈေးကလဲ ပေါမှပေါ။
ခုတော့ ကိုယ်ပုံက အရင်လို ပုံမဟုတ်၊ မှန်ဘီလူးကြီးကြီးတပ် ကင်မရာနဲ့ ဘာနဲ့ဆို တော့ ကောင်းကောင်းချဉ်ပြီပေါ့။ ထိုင်းစကားကလည်း ဟိုတုန်းကလောက် မပေါက်တော့ဘူး လေ။
ခွန်ဖမ(ဗမာလူမျိုး) က ခရွမ်ထေ့ပ် (Bangkok ) ကို အမြင်မစိမ်းမယ့်......၊ ခွန်ထိုင်းတွေ က....... သူစိမ်းအမှတ်နဲ့ ချဉ်စရာလို့ မြင်ပြီလားမသိ.........။

မောင်မင်းရာ
(၀၈/ ၁၀/ ၀၈)

1 comment:

oway said...

ကိုမင်းရာ

တကယ်ပဲ လွမ်းစရာကောင်းတဲ့ ဘန်ကောက်ပါဗျာ။ ကျနော်လည်း လွမ်းတယ်။ ၂-နှစ်တာ တိုတောင်းတဲ့
ကာလလေးအတွင်းမှာ ထိုင်းဆိုတာ ကိုယ့်ပြေကိုယ့်
ရွာ အစားထိုးနေခဲ့ရသည်မို့လားမသိ။ ဒီစာရေးနေရင်း
တောင် လွမ်းငွေ့အဟုန်က အထုံမပြယ်ချင်သေးဘူး
ဗျာ။ ဒါကြောင့်ပဲ ရှေးက စစ်ထွက်ခဲ့တဲ့ စစ်သည်တော်
တွေ၊ မင်းသားတွေ လွမ်းရလွန်းလို့ သူတို့အလွမ်းကို
စာတင်ခဲ့တာ ဖြစ်မယ်။

“နတ်ရှင်နောင်ရဲ့ ပေါ်နွေလလျင်”ရတု အမြုတေရသ
ကို ကျနော် အမှတ်ရဖြစ်တယ်။

ကိုမင်းရာရေးတဲ့ သည်ဆောင်းပါးဝတ္ထုဟာ လွမ်းသူ့ရင်
ကို လှုပ်ရှားစေပါတယ်။ ရှောက်ရွက်လေးတွေနဲ့ သုတ် ထားတဲ့ အမဲသားသုတ်ဟင်း၊ ခရမ်းကစော့သီးလေးတွေ နဲ့ချက်ထားတဲ့ ကြက်သားနုနုဟင်းတွေကို ကျနော်အမှတ်
ရနေတုန်းပါဗျာ။

ပြီးတော့ တတောင်လောက်ရှိတဲ့ ငါးခူကြော်ကြီးတွေကို ငရုတ်ဆီနဲ့တို့စားတာရယ်၊ ပလပ်စတစ်အိတ်လေးတွေနဲ့ ထည့်ရောင်းတတ်တဲ့ အသဲအမြစ်ဟင်းတွေကိုလည်း အ မှတ်နေဆဲ လွမ်းနေဆဲပါ။

ဆက်ရေးပါအုံး ကိုမင်းရာ

ကျေးဇူးပါပဲ