Tuesday, August 12, 2008

သူစိမ်းတွေကြားမှာ (၃)
ရေးသူ- နုနုရည် (အင်းဝ)






ဆိုး(လ်)မြို့ရဲ့ နံနက်ခင်းဟာ မနက်လင်းအားကြီး လေးနာရီမှာ စတင်ပါတယ်။ မနက် ငါးနာရီဆို မိုးထိန်ထိန်လင်းနေပါပြီ...။ ခုချိန် မနက်ခြောက်နာရီဆိုရင် မြန်မာပြည်မှာ သန်းခေါင်ကျော် မနက်သုံးနာရီခွဲ...။ ချစ်တဲ့သူတွေအားလုံး အိပ်ကောင်းတဲ့ အချိန်ပေါ့။ ကျွန်မရဲ့ ချစ်မြေးကလေးလဲ သူ့ရဲ့ ပိုးတီကောင် ဖက်လုံးကလေးကို လူကြီးလေးလို ခွပြီး အိပ်နေရှာတုန်း ပေါ့။ အဲဒီအချိန်မှာ မြေးကလေးရဲ့ အဖွားဟာ 'ဆန်ဝဲကုတ်' မြေအောက်ရထားဘူတာရုံမှာ၊ အဖော်မပါပဲ ရောက်နေတယ်ဆိုရင် မြေးကလေးရဲ့ အဖိုးကတော့၊ သိပ်ကိုစိုးရိမ်သွားလိမ့်မယ်။ နိုင်ငံတကာကို ဘယ်နှစ်ကြိမ်ပဲ သွားခဲ့၊ သွားခဲ့၊ (Subway) ခေါ် (Tube) ခေါ် (Metro) ခေါ် မြေအောက်ရထားကို တယောက်ထဲ မစီးတတ်ဖူး။ မစီးရဲဖူး ဆိုတာကို သိနေတဲ့ပြင် ငေးမိငေးရာ၊ တွေးမိတွေးရာ တွေးပြီး၊ လမ်းလဲ မမှတ်မိတတ်တဲ့ အကြောင်းကို ကောင်းကောင်း သိတာကိုး။

ကျွန်မကလဲ တကယ် ကျွန်မပါပဲ၊ တော်တော်ရှုပ်ထွေးတဲ့ မြေအောက်ရထားလမ်း ကြောင်း တွေနဲ့ စိတ်ရှုပ်မခံချင်တာလဲ ပါတယ်။ ပြီးတော့ မှီခိုနေရမယ့် သူတွေကလဲ၊ ဘယ်မှပဲ ဖြစ်ဖြစ် အဆင်သင့် ရှိနေတတ်တယ်လေ....။ အင်္ဂလန်မှာတုန်းကလဲ...၊ ချစ်သူငယ်ချင်း ဒေါ်နီတာနဲ့ ဒေါ်ကြည်၊ သူတို့မပါရင်လဲ တခြားနိုင်ငံက သူငယ်ချင်းတွေနဲ့..။ အမေရိကားမှာတုန်း ကလဲ နယူးယောက်နဲ့ ၀ါရှင်တန်မှာ ၀င်နီတို့၊ အန်တီလုံးတို့နဲ့...။ တခုလဲ ရှိတယ်၊ အဲဒီ မြေအောက်ရထား ရှိတဲ့နေရာမှာ ကျွန်မမှ အကြာကြီး မနေရတာကိုး။
အင်္ဂလန်မှာ ကျွန်မ အကြာကြီး နေရတဲ့ နေရာက မြေအောက်ရထားမရှိတဲ့၊ စက်ဘီးလေးတစင်းရှိရင် ကိစ္စပြီးတဲ့ ချစ်စရာ အောက်စဖိုဒ့် (Oxford) မြို့ကလေးမှာလေ..။ အမေရိကားမှာလဲ အဲလိုပဲ....။ (IWP) ရှိရာ အိုင်အိုဝါမြို့ကလေးမှာ မြေအောက်ရထားမှ မရှိတာ...။ အင်း.. နောက်တခုကလဲ လန်ဒန်မြေအောက်ရထားရဲ့ အသံဟာ အိမ်လွမ်းဒဏ်ရာ ရနေတဲ့ ကျွန်မကို ဘာဖြစ်လို့လဲမသိဖူး ပိုပြီး မအီမသာ ဖြစ်စေခဲ့ဖူးတယ်။ သေချာစဉ်းစား ကြည့်ရင်တော့ မြေအောက်ရထားဆိုတာကို စိုးရွံ့ရှောင်လွှဲချင်နေတာထဲမှာ 'မြေပုံ' ကြောက်တဲ့ ရောဂါလဲပါတယ်။ မြေပုံ ကြည့်တတ်၊ ဖတ်တတ်မှ မြေအောက်ရထားဆိုတာ သွားလို့ရတာ ကိုး...။
ကျွန်မမှတ်မိတာ...၊ မြေပုံဆိုတာကို မြန်မာပြည်မြေပုံ ဆိုတာကို စပြီး မြင်ဖူးတာ သုံးတန်းမှာပေါ့။ မြေပုံဆွဲတာကို စပြီး သင်ရတာ.... ။ စာရွက်ပေါ်မှာ ဆရာသင်တဲ့ လေးထောင့်အကွက်ချ၊ မျဉ်းဆွဲပြီး ဆွဲရတဲ့အခါ မြန်မာပြည်မြေပုံရဲ့ ခေါင်းပိုင်းကို တူအောင်၊ သပ်ရပ်အောင် မဆွဲတတ်လို့၊ စာရွက်ထိပ်ပိုင်းဟာ ခဲဖျက်အရာတွေနဲ့ မဲညစ်နေခဲ့ဖူးတယ်။ ဆွဲရအလွန်ခက်တဲ့ ခေါင်းပိုင်းဆိုတာကလွဲရင် 'မြေပုံ' ပညာရပ်နဲ့ ပတ်သက်ပြီး တခြား ကျွန်မ ဘာများသိဖူးခဲ့သလဲ..။ အင်း... မန္တလေး၊ ရန်ကုန်၊ ရှမ်းပြည်၊ ကချင်ပြည်၊ မြို့ကြီးတွေလောက် ကိုပဲ မြေပုံပေါ်မှာ မြင်ခဲ့ဖူးတယ်။ မီးရထားလမ်း၊ ကားလမ်း၊ မြေနီလမ်း၊ လေဆိပ်ဆိုတာတွေနဲ့ ဘယ်လိုမှ မရင်းနှီးခဲ့ဖူးဘူး.... ။ 'ပထ၀ီ' ဘာသာရပ်ကို ရှစ်တန်းထိ ဆက်သင်ခဲ့ရပေမယ့် မြေပုံအတတ်ပညာနဲ့ ပတ်သက်ပြီး စာတွေ့ရော၊ လက်တွေ့ရော ဘာမှ သိပ်မသိခဲ့ဖူး...။ ရှစ်တန်းထိပဲ ပထ၀ီသင်ဖူးတဲ့ ကျွန်မကထားပါတော့၊ 'ပထ၀ီ' အဓိကနဲ့ ကျောင်းပြီးတဲ့ ကျွန်မညီမလေး 'သီ' ဟာ မြေပုံလုံးဝ မကြည့်တတ်၊ မဖတ်တတ်တဲ့အတွက် သူ့ခင်ပွန်း 'ဆရာရဲ' က အံ့သြရယ်မောလို့မဆုံး..။ 'ပထ၀ီနဲ့ကျောင်းပြီးတယ်' ၊ 'ပထ၀ီနဲ့ဘွဲ့ရတယ်' နဲ့ နောက်ပြောင်လို့ မဆုံး....။ ဟုတ်တယ်လေ...။ သူတို့ကတော့ ဘယ်လိုနေရာမျိုးပဲ ဖြစ်ဖြစ်၊ မြေပုံတခုနဲ့ ရောက်အောင်သွားတတ်တဲ့ လူမျိုးတွေကိုး...။
ပြီးခဲ့တဲ့နှစ်၊ ဟောင်ကောင်မှာတုန်းကလဲ ရယ်ရသေးတော့တယ်။ အာရှစာပေဆုပေးပွဲ ကျွန်မ သွားတက်ရတုန်းက ဆရာရဲနဲ့ သီလဲ ဂျပန်ကနေ လာကြတယ်လေ။ သူတို့နှစ်ယောက် က ကျွန်မရဲ့ ဘာသာပြန်ဆရာတွေလဲ ဖြစ်တဲ့အပြင်၊ ကျွန်မရဲ့ 'ပြုံး၍လည်း.....' ကို ထုတ်ဝေမယ့် နယူးယောက်က ဟိုက်ပါနီရွန်စာအုပ်တိုက်ရဲ့ ကိုယ်စားလည် ဖြစ်တာကိုး။ အဲဒီမှာ ဟောင်ကောင်ရေအောက်ရထားကို စီးပြီး ဟောင်ကောင် ဟိုဘက်ကမ်း ဒီဘက်ကမ်း ဖြတ်ကြမယ်ဆိုတော့ ကျွန်မနဲ့သီ တောသူနှစ်ယောက်ဟာ ရင်တခုန်ခုန်နဲ့..။ ဘယ်လိုများလိမ့် ဆိုတဲ့ အတွေးကိုယ်စီနဲ့။ ရေအောက်ရထားနဲ့ မြစ်ကို ကူးဆဲ..။ ကျွန်မ မေးချင်တဲ့ မေးခွန်းကို 'သီ' က သူ့ခင်ပွန်း 'ဆရာရဲ' ကို မေးချလိုက်တာ..။ 'ဆရာရဲ... ရေအောက်ရထားဆိုပြီး ရေတွေလဲ ကျွန်မ မမြင်ရပါလား' တဲ့။ ဆရာရဲ ဖြေတယ်လေ...။ 'ရေကိုမြင်ရင် မင်းသေပါပြီတဲ့...' ။ ကဲ... ကြည့်ပါအုန်း၊ ကျွန်မတို့မှာ အဲဒီလို ဗဟုသုတ မရှိရှာတာပါ။
Subway (ခေါ်) မြေအောက်ရထား tube ရဲ့ မြေပုံ ကင်းခြေများတွေကို မြင်တာနဲ့ ခေါင်းရှုပ်ရှောင်ပြေးချင်တဲ့ ကျွန်မတယောက် 'ဂျူမုံ' တို့ တိုင်းပြည်မှာတော့ တည့်တည့်ကြီး တွေ့ပါပြီ...။ ဘယ်လိုမှ ရှောင်ပြေးလို့ မရတော့ပါဘူး..။ မှီခိုရမယ့်သူတွေကတော့ ဒီမှာလဲ ရှိရှာပါတယ်။ ဒါပေမယ့် နေရာတကာ ကျွန်မ မှီခိုလို့ မဖြစ်နိုင်ပြီ...။ မနက် ကိုးနာရီကနေ ညနေ ခြောက်နာရီထိ တကယ် အလုပ်လုပ်ကြတဲ့ သူတွေကို ကျွန်မဒုက္ခ မပေးရက်တော့ပြီ။ ကိုးရီးယားစာ၊ အင်္ဂလိပ်စာ နှစ်ဖြာပါတဲ့ မြေပုံအကြီးကြီးကို ကျစ်ကျစ်ပါအောင်ဆုပ်၊ ရထား လိုင်းပြောင်းခြင်း၊ exit ဂိတ်ကို ထွက်ခြင်း၊ ရထားလက်မှတ်ထဲကို စက်ဖြင့် ၀ယ်ပြီး... ပိုက်ဆံထည့်ခြင်း..စတဲ့ မြေအောက်ရထားစီးခြင်းရဲ့ အဌာရသတွေကို မှီခိုသူများနဲ့ သွားရင်း..၊ ဘူတာအပြင်ကို မထွက်လို့ကတော့၊ မြေအောက်ရထား ဘူတာစဉ်၊ စုန်ချည်ဆန်ချည် ကြိုက်သလောက်စီး၊ '၀မ် ၉၀၀' ပဲ ပေးရတဲ့ ခရီးများစွာကို ကြိုက်သလောက် မှားရင်းနဲ့ 'လက်တွေ့မြေပုံပညာ' ကို အသက် ငါးဆယ်ကျမှ ကျွန်မသင်ပါပြီ...။
ဒီနေ့ဟာ ကျွန်မတယောက်ထဲ အဝေးဆုံးခရီးကို ပထမဆုံးအကြိမ် လက်တွေ့စမ်းသပ် ကွင်းဆင်းမဲ့နေ့ပေါ့။ ကျွန်မ မွေးစားသား 'ဘောကျော်'ကလေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ထမင်းစားဖိတ်ထားတဲ့အတွက် သူတို့နေတဲ့ 'ဆုန်ဝတီ' မြို့ကလေးကို ကျွန်မ သွားမှာ..။ ကျွန်မနေတဲ့နားကနေ အနီးဆုံး ဘူတာဖြစ်တဲ့ 'ဆန်ဝဲကုတ်' ဘူတာကနေ 'ယူဂျွန်ဘူ' (uijeongbu) ဘူတာအထိ ဆယ့်နှစ်ဘူတာ ကျွန်မ စီးရမယ်။ ပြီးတော့မှ 'ယူဂျွန်ဘူ' ကနေ 'ဆုန်ဝတီ' ကို ဘတ်စ်ကား မိနစ်နှစ်ဆယ်လောက် စီးရမယ်။ ယူဂျွန်ဘူ ဘူတာမှာ ဘော်ကျော်ကလေးဟာ စောင့်နေမှာ ဆိုပေမယ့်....၊ ဆယ့်နှစ်ဘူတာကြားမှာ ရထားပြောင်းရ ဦးမှာလေ....။
ကျွန်မက ဖြစ်တယ်၊ ကြိုးစားကြည့်မယ် ဆိုလို့သာ၊ ကျွန်မအကြောင်းသိတဲ့ ဘောကျော်က စိတ်မချဖူး။ မနေ့ညကကို g talk နဲ့ အနီးကပ်သင်တန်း ပို့ချရှာသေးတာ။ ရထား ပြောင်းစီးခြင်း ဘာသာရပ်ကိုလေ...။ကျွန်မခမျာ သေချာ နာယူရှာပါတယ်။ ဒါပေမယ့် ဘောကျော်တို့ လုပ်လိုက်ပုံ ကြည့်အုန်း....။
'ဆရာမ.. သိပြီနော်၊ ဆရာမတို့ဆီက စစီးတဲ့ လိုင်းက နံပါတ် (၆) လိုင်း၊ ဆရာမ နှစ်ဘူတာ စီးပြီးရင် 'ခရမ်းလိုင်း' ကို ချိန်းရမယ်...'
'ဘာ.. ခရမ်းလိုင်း.. ဟုတ်လား'
ကျွန်မက လန့်သွားပြီလေ....။ ကျွန်မသိတာ လေ့လာထားတာက ဆိုးလ်မြို့ မြေအောက်ရထားလိုင်း (၈) လိုင်းရှိတယ်။ နံပါတ် (၆) လိုင်းနဲ့ ကျွန်မစီးလာပြီး၊ နှစ်ဘူတာမြောက်မှာ နံပါတ် (၁) လိုင်းကို ပြောင်းရမယ်ဆိုတာ သိထားတာကိုး။
'ဟဲ့.. ဘောကျော်... (၁) လိုင်းမဟုတ်လား၊ ဘာ 'ခရမ်းလိုင်း' လဲ... ဒုက္ခပဲ...'
'ဟုတ်တယ်လေ ဆရာမ..၊ (၁) လိုင်းပဲလေ၊ ကျွန်တော်တို့က မြေပုံပေါ်က အရောင်တွေနဲ့ ခေါ်တာ၊ (၁) လိုင်းက ခရမ်းရောင်လေ...'
အော်.. ဖြစ်ရမယ်၊ ဘောကျော်တို့ကတော့၊ သူက တဟဲဟဲ ရယ်လို့...။
'ဘောကျော်ရေ.. ခရမ်းသုံးခွဖက်တော့ ရောက်မသွားလောက်ဖူးနော်' လို့ ကျွန်မနောက်တော့ ကလေးတယောက်လို ရယ်မောလို့ မဆုံး...။ တကယ်တော့... ဒီကလေး တွေတောင် ကလေးမဟုတ်တော့ပြီ..။ အသက် သုံးဆယ် ကျော်ခဲ့ပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် က ကျွန်မတို့ အိမ်မှာ တရုန်းရုန်းနဲ့ ၀င်ထွက်သွားလာ စားသောက်ပျော်ပါး ခဲ့ကြတဲ့ တက္ကသိုလ် ကျောင်းသား ကျောင်းသူ၊ မွေးစားသားသမီးတွေထဲမှာ ခြောက်ပေနီးပါး အရပ်ကြီးတွေနဲ့၊ အသားညိုညိုမှောင်မှောင်၊ ထွားထွားကျိုင်းကျိုင်း ညီအကို နှစ်ယောက်ကို ကျွန်မတို့က။ ချစ်စနိုးနဲ့ (ဘီလူးညီနောင်ကို အစွဲပြုပြီး) 'ဘောကျော်' နဲ့ 'ဘောသော' ဆိုပြီး နံမည်ပေးခဲ့ကြတာ။ သူတို့မိဘများက ပြည့်စုံကြပေမယ့် ညီအကို နှစ်ယောက်စလုံးက အလုပ်သိတ်လုပ်ချင်ကြတဲ့ ကလေးတွေ။ ဒါပေမယ့် မတူတာတခုက အငယ်ကောင် 'ဘောကျော်' က နိုင်ငံရပ်ခြားမှာ စွန့်စားသွားလာ၊ စီးပွါးရှာချင်သူ...။ အကြီးကောင်ကြီးက ကိုယ့်နိုင်ငံကနေ တဖ၀ါးမှ မခွါချင်တဲ့သူ။ ခုချိန်မှာတော့ သူတို့ ဆန္ဒလေးတွေအတိုင်း နေနိုင်ခဲ့ပြီလို့ ပြောရမှာပေါ့လေ။ ကြင်ယာတွေလဲ စုံခဲ့ကြပြီ။
ကိုယ့်အတွေးနဲ့ကိုယ် တွေးလို့ ငေးကောင်းနေတုန်း ဖြတ်ဆို ၀ိုင်းဝိုင်းရဲ့ သီချင်းသံ ပေါ်လာတော့ လန့်သွားသေးတယ်။ မြေအောက်ရထားဘူတာရုံက ဖွင့်လိုက်တာ မဟုတ်ပါဖူး။ ကျွန်မအိတ်ထဲက မိုဘိုင်းဖုံးက ထအော်တာပါ။ ဖုန်းကို ဖွင့်ရင်း ထုံးစံအတိုင်း တောင်ပြေးရမလို၊ မြောက်ပြေးရမလို ဖြစ်သွားသေးတယ်လေ...။ ပြီးမှ တယောက်ထဲ ရှက်မိတယ်။
'ဟဲလို...'
'ဟဲလို.. ဆရာမ.. ဘယ်ရောက်နေပြီလဲ'
'အောင်မာ.. အခု..'ခရမ်းလိုင်း' ပေါ် ရောက်နေပါပြီ၊ ဘောကျော်ရဲ့၊ အောင်မြင်စွာ ရထားပြောင်းပြီးပါပြီ......'
'ဟုတ်ပြီဆရာမ.. ဒါဆို ကျွန်တော် စိတ်ချပြီ...၊ 'ယူဂျွန်ဘူ' ကျ ဆရာမ ဆင်းလိုက်ရုံပဲ.. ကျွန်တော်ရှိနေမယ်၊ အခု.. ကျွန်တော် 'ဆုန်ဝတီ' က ထွက်လာနေပြီ...'
'အေး..အေး..၊ ဟုတ်ပြီ...၊ စိတ်မပူနဲ့၊ ဒါပဲနော်...'
ခရမ်းလိုင်းပေါ်မှာ မြေအောက်ရထားဟာ မြေပေါ်ရောက်သွားပြီး မြေပေါ်ရထားအဖြစ်နဲ့ ဆက်လက်မောင်းနှင် ထွက်ခွါနေပါပြီ...။ ဆိုးလ်မြို့ကို ဖြစ်သန်းစီးဆင်းနေတဲ့ 'ဟန်'မြစ် တံတားပေါ်ကို ဖြတ်ကျော်တဲ့အချိန်မှာပဲ တယောသံစုံတီးဝိုင်း 'ပလေး' တဲ့ ဂီတသံက ထွက်ပေါ် လာခဲ့ပါတယ်။ မြေအောက်ရထားထဲမှာ အဲယားကွန်းကို အေးစိမ့်နေအောင် ဖွင့်ထားတတ် သလို တယောသံစုံ ဂီတသံကလေးကိုလဲ ဖွင့်ထားတတ်တယ်။
ခုလိုလေး စိတ်အေးချမ်းသာစွာနဲ့ လမ်းမှားမှာ ဘူတာမှားမှာကို စိုးရိမ်ကြောင့်ကြစရာ မလိုတဲ့ အချိန်မျိုးမှာ သံစုံတယောသံဟာ အင်မတန် ခံစားယစ်မူးဖို့ ကောင်းပေမယ့် တယောက်ထဲ လမ်းမှား၊ ဘူတာမှားနေတဲ့ အချိန်မျိုးကျရင်တော့ စိုးရိမ်ထိတ်လန့်ဖွယ် ဂီတသံအဖြစ် ပြောင်းလဲသွားတယ်။ ကျွန်မအတွက်တော့ မြေအောက်ရထားတယောသံဟာ နောက်ခံတေးဂီတပဲ...။
ရထားမှန်ပြူတင်းကနေ 'ဟန်' မြစ်နဘေးက ထိုင်ခုံလေးတွေကို လှမ်းမြင်ရတော့ ကိုးရီးယားရုပ်ရှင်တွေရဲ့ ဇာတ်ဝင်ခန်းတွေကို မြင်ယောင်မိတယ်။ ဒီ 'ဟန်' မြစ်ကမ်းနဘေးက ထိုင်ခုံကလေးတွေပေါ်မှာ ချစ်စကား ဆိုကြ၊ ခွဲခွါစကားဆိုကြ၊ ၀မ်းနည်းကြ၊ ဒေါသဖြစ်ကြ၊ ပေါက်ကွဲကြတာလေ......။
'ရထားစီး ခရီးသည်များရှင်၊ မကြာခင် ရောက်ရှိမယ့် ဘူတာကတော့ 'ချန်ဒုံ' ဘူတာဖြစ်ပါတယ်။ 'ချန်ဒုံ' ဘူတာကနေ လိုင်းနံပါတ် (၄)ကို ပြောင်းနိုင်ပါတယ်'
မြေအောက်ရထားမှာတော့ ကိုးရီးယားလိုရော၊ အင်္ဂလိပ်လိုရော ကြေငြာပေးလို့..... တော်သေးတာပေါ့။ ကျွန်မမြေပုံကိုကြည့်လိုက်တော့၊ 'ချန်ဒုံ' ဘူတာပြီးရင် နောက်ထပ် ငါးဘူတာစီးပြီးမှ ကျွန်မဆင်းရမယ့် နေရာကို ရောက်မှာ၊ အေးအေးဆေးဆေးပဲလို့ တွေးနေဆဲမှာပဲ ချန်ဒုံဘူတာကို ရထားဝင်လာခဲ့ပါတယ်။ တွဲထဲမှာရှိတဲ့ ခရီးသည်တော်တော် များများ ထရပ်လိုက်ကြတော့၊ အော်.... ဒီမှာဆင်းမယ့်လူ၊ ရထားပြောင်းမယ့်လူတွေ တော်တော်များတာပဲလို့ ထင်နေဆဲ၊ ရထားတံခါးဖွင့်တာနဲ့.... ဆင်းသွားလိုက်ကြတာ၊ တွဲပေါ်မှာ ကျွန်မတယောက်ပဲ ကျန်တော့တယ်...။ ရထားစပီကာက ကိုးရီးယားစကားသံကလဲ မရပ်မနားထွက်နေတော့ ကျွန်မနဲနဲတော့ ထိတ်ကနဲ ဖြစ်သွားပြီ...။ ချက်ချင်းဆိုသလို ကျွန်မရဲ့တယောသံ နောက်ခံဂီတကလဲ ပြောင်းလဲသွားပါပြီ.... ။ ကျွန်မအိတ်ထဲက တယ်လီဖုံးလေးကို အားကိုးတကြီး စမ်းသပ်လိုက်တုန်းမှာပဲ ကျွန်မတို့ တွဲပေါ်က ဆင်းသွားတဲ့ ကိုးရီးယားအဖိုးကြီးတယောက်ဟာ ဖြတ်ဆို တွဲပေါ် ပြန်တက်လာပြီး၊ ကျွန်မကို လက်ဟန် ခြေဟန်တွေနဲ့ ပြရှာတော့တာပဲ..။ ကျွန်မကို ဆင်းခိုင်းတာ...။ ဒီရထားက ဆက်မထွက် တော့ဖူး..၊ ဂိတ်ဆုံးပြီဆိုတဲ့သဘောမျိုး သူကပြောရှာတာ..။
ကျွန်မမှာ ဆင်းရတာပေါ့..။ အော်.... ဒီလိုလဲ ရှိတာကိုးဆိုပြီး.. ဘောကျော်ကို ဖုံးဆက်ဖို့ ပြင်ပေမယ့်.. ကိုးရီးယားအဖိုးကြီးက တော်ရှာပါတယ်။ ကျွန်မဆက်စီးရမယ့် ခရမ်းလိုင်းက နောက်ရထားတစင်းဆီကို အရောက်ပို့ပေးရှာပါတယ်။ (ဂမ်ဆမ်မီသာ ဟာရာဘူးဂျီ) ကျေးဇူးတင်ပါတယ် အဖိုးရေပေါ့။
အဲဒီအဖိုးဟာ ရထားပေါ်မှာ သူတို့ အသက်ကြီးသူများ သီးသန့်ထိုင်ဖို့ ထားပေးတဲ့ ခုံမှာ ထိုင်နေရင်းကနေ ခဏခဏ မြေပုံထုတ်ကြည့်နေတဲ့ ကျွန်မကိုလှမ်း၊ လှမ်းကြည့်နေတာ ကျွန်မသတိထားမိတယ်။
ယူဂျွန်ဘူတာမှာ အရပ်ကြီး မားမား၊ မားမားနဲ့၊ အဝေးကပင် မြင်နိုင်တဲ့ 'မောင်ဘောကျော်' နဲ့ တွေ့တော့မှ ကျွန်မမှာ ရီနိုင်တော့တာ....။
'အဲဒီလိုပဲ ဆရာမရဲ့၊ ဖြစ်တတ်တယ်၊ တချို့ ရထားတွေက အဲလိုပဲ ဂိတ်ဆုံးတတ်တယ်။ သူတို့ ဘယ်မှာ ဂိတ်ဆုံးတယ်ဆိုတာ ရထားခေါင်းမှာ ရေးထားတယ်လေ...၊ အခု ဆရာမ စီးလာတဲ့ ရထားဆို 'ချန်ဒုံ' လို့ ရေးထားလိမ့်မယ်...'
'အေးလေ၊ ဒါပေမယ့် ဖတ်မှ မဖတ်တတ်တာ..၊ ကိုးရီးယားစာဆိုလို့ '၀လုံး' တွေကလွဲရင် ဘာမှ, မှမသိတာ..'
ဘောကျော်ကတော့ သူ့ထုံးစံအတိုင်း ကလေးတယောက်လို တဟဲဟဲရယ်လို့။
'ဆရာမ၊ ရထားပေါ်မှ ဈေးမ၀ယ်ခဲ့ဘူးလား..'
'ဟင့်အင်း.. ဒီတခါတွေ့တာက သိပ်စိတ်ဝင်စားစရာ မကောင်းဖူးကွ၊ ကျောအယား ဖျောက်တဲ့ 'ကျောကုတ်တံ'၊ 'ဆမ်ချွန်းနွန်' တဲ့၊ သုံးထောင်မတန်ဖူး...။ ဒို့ဆီမှာလဲရှိတယ်၊ ဟိုတခါတွေ့တဲ့ လက်အိတ်မျိုးလိုဟာဆို မဆိုးဖူးကွာ၊ လက်မောင်းရင်းထိ စွပ်လို့ရတဲ့ ရာဘာ လက်အိတ်အပျော့လေ...'
'အော်.. အဲဒါ ဆောင်းတွင်းမှာ ဆိုင်ကယ်တွေ ဘာတွေစီးရင် စွပ်ကြတာလေ..'
'အော်.. ဘာဖြစ်ဖြစ် ရထားပေါ်မှာ သူတို့ရောင်းတဲ့ ပစ္စည်းလေးတွေက စိတ်ဝင်စားစရာ လေးတွေချည့်ပဲ...၊ ဘောကျော်ရေ.. ဈေးရောင်းတဲ့ သူကိုလဲ ကြည့်အုန်းဟဲ့..၊ ဟန်းဖုံးခါးချိတ် လို့၊ 'နိုက်' တဆိပ် ဝေါ့ကင်းရှူးနဲ့၊ ဂျင်းဘောင်းဘီနဲ့၊ စပို့ရှပ် အကောင်းစားနဲ့'
'အင်းလေ....'
ကျွန်မတို့နှစ်ယောက် စကားတပြောပြောနဲ့ ချစ်စရာ 'ဆုန်ဝတီ' မြို့ကလေးကို ရောက်ခဲ့ပါပြီ။ ဘောကျော်နဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာများ၊ ပျော်စံရာ ဆုန်ဝတီမြို့ကလေးဟာ တောင်တွေ ပတ်လည်ဝိုင်းရံလို့၊ သစ်ပင်တွေနဲ့ စိမ်းမြသန့်ရှင်းလို့၊ အေးချမ်းတဲ့ မြို့ကလေးပါ။ ဒီမြို့ကလေးတ၀ိုက်မှာ စက်ရုံအလုပ်ရုံတွေ အများကြီးရှိတယ်လေ..။ ကျွန်မတို့ မြန်မာအလုပ် သမားတွေနဲ့ အတူ ဘင်္ဂလာဒေ့ရှ်၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဖီလစ်ပိုင်၊ ထိုင်း စတဲ့ စတဲ့ နိုင်ငံတွေက အလုပ်သမားတွေလဲ ဒီမှာ ရှိကြရှာတာပေါ့။
'ဆရာမရေ... အခု.. ဒီက လှမ်းမြင်နေရတဲ့... ဟိုးတောင်တွေပေါ်ကို ကြည့်လိုက်ပါအုန်း၊ ပြီးခဲ့တဲ့ တပါတ်ကပဲ၊ အဲဒီတောင်တွေပေါ်မှာ...၊ သေပြေးရှင်ပြေး ပြေးခဲ့ရတာ..၊ Immegration က စက်ရုံထဲ ၀င်ဖမ်းလို့လေ..၊ ဆရာမရယ်၊ ရုပ်ရှင်ထဲကလိုပဲ သိလား၊ အဲဒီနေ့ကလဲ ဖြစ်ချင်လို့ပါ၊ စက်ရုံတံခါးမကြီးက အရင်ဆို ပိတ်ထားတာ၊ အဲဒီနေ့က ဖွင့်ထားမိတော့၊ သူတို့ကား ဝေါကနဲဝင်ချလာတဲ့အချိန်မှာ၊ ဘာလုပ်ရမှန်းမသိတော့ဘူး၊ တကယ်တမ်းကျ အဖမ်းအဆီး ရှိတယ်ဆိုရင် တခြားစက်ရုံတွေမှာ ၀င်နေပြီ ဆိုရင် အချင်းချင်း ဖုန်းတွေနဲ့ လှမ်းပြောကြတာလေ၊ ဗြုန်းဆို ရှောင်တခင် ၀င်တဲ့ဟာမျိုးကျ ဘယ်လိုမှ မတတ်နိုင်ဘူးပေါ့၊ ကျနော်တို့က နေ့လည်စာ ထမင်းစားမလို့ လုပ်နေတုန်း... ၊ ကားကလဲ ဝေါကနဲ ၀င်ချလာရော၊ မှန်ပြတင်းကလေးကနေ မြင်တာနဲ့ အခန်းတံခါးကို သော့ပိတ်ပြီး၊ နောက်ဖေးပြူတင်းပေါက်က ခုန်ချပြေးကြတာ၊ သူတို့ကလဲ လိုက်တာပဲ...၊ ဆရာမရယ်.. ပြေးစရာကလဲ တောင်ပေါ်ပဲရှိတော့ အဲဒီတောင်ပေါ်က တောအုပ်တွေထဲမှာ ပြေးရတာပေါ့...။ ဟာ.. ဇောနဲ့သာ ပြေးရတာ ဆရာမ ရေ.. ၊ တကယ်ပြေးတော့၊ ကြာကြာ ဘယ်ပြေးနိုင်မလဲ..၊ အမောဆို့လာတာပေါ့၊ တောအုပ်ကြီး က အရှည်ကြီး၊ တောင်တွေကလဲ အများကြီး ဥစ္စာ၊ တအားမောလာတော့ ဘယ်လိုမှ မတတ် နိုင်ဘူး.. ခြုံပုတ်တွေထဲမှာ ပစ်လှဲပြီး ပုန်းပဲနေရတော့တာ..။ သူတို့က လူတွေက အများကြီး တတောင်လုံး တတောလုံးကို ဖြန့်ပြီးမှ ဖြည်းဖြည်းချင်း လိုက်တာ...။
ဆရာမရယ်... Immegration နှစ်ယောက်ကလေ၊ ကျနော်နဲ့ လက်တကမ်းအကွာမှာ..၊ ဖြေးဖြေးချင်း လာနေတာ..၊ ကျနော်ဝပ်နေတဲ့ ခြုံပုတ်ကလဲ ခပ်ပါးပါးရယ်၊ ကျနော်က ထပြီးပြေး လို့လဲ မဖြစ်တော့ဘူး.. ၊ တကယ်ပြေးလဲ မပြေးနိုင်တော့ပါဘူး... သူတို့နဲ့ တဖြည်းဖြည်းနီး လာလေ၊ လူက တအားတုန်လှုပ်လေ၊ သူတို့ကို မြင်နေရတာကိုး၊ ကျနော်လေ.. နောက်ဆုံးတော့ မျက်စိကို စုံမှိတ်ထားလိုက်တော့တာပဲ....'
ဘောကျော်ကလေးရဲ့ စကားကို နားထောင်ရင်းနဲ့ အသက်ကိုတောင်မှ ကျွန်မ မရှူရဲခဲ့ပါဖူး.....။
'သူတို့ ကျွန်တော့်ကို ကျော်သွားကြတယ်ဆရာမ..။ ကျွန်တော်တို့ထဲက မပြေးနိုင်တော့ တဲ့ နှစ်ယောက်မိသွားတယ်၊ တချို့ကျတော့ တောအုပ်အစပ်က သံဆူးကြိုးတွေပေါ်က ကျော်ချတာ ပေါင်တွေ ခြေသလုံးတွေမှာ ဒဏ်ရာတွေ ရစရာ မရှိဖူး၊ ကျနော့် ခြေထောက်တွေ လဲ အဲလိုပဲ.. ဖိနပ်မပါပဲ ပြေးရတော့......'
တော်ပါတော့ကလေးရယ် မပြောပါနဲ့တော့..၊ နားမထောင်ပါရစေနဲ့တော့...။
ယုံတမ်းပုံပြင်၊ စိတ်ကူးယဉ်မဟုတ်တဲ့ ဘောကျော်ကလေးလို ဇာတ်လမ်းပေါင်းများစွာ ကို ထမင်းလက်ဆုံ စားကြရင်း ဘောကျော်ကလေးရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို ပြောပြခဲ့ကြတယ်။
ဒီတနင်္ဂနွေထမင်းဝိုင်းအတွက် စနေတညလုံး 'ကိုအေးချို' စီစဉ်ချက်ပြုတ်ခဲ့တဲ့ ကျွန်မတို့ မြန်မာထမင်းဟင်းတွေကိုလဲ ကြည့်ပါအုန်း...။ ၀က်သားနှပ်ပေါင်း၊ ငါးရံ့မုံလာဥချဉ်ရည်၊ ကြက်သဲကြက်မြစ်ဟင်း၊ ပုဇွန်ဟင်း၊ ခရမ်းသီးနှပ်၊ ချဉ်ပေါင်ကြော်၊ ပဲပြားသုပ်၊ ငါးပိတို့စရာအစုံ (ဒညင်းသီးပြုတ်တောင်ပါသေးတယ်)။ ယောင်နောက်ဆံထုံးပါလာတဲ့ 'ထိုင်းမလေး' ရဲ့ 'တုမ့်ရမ်' ထိုင်းဟင်းတောင် ပါလိုက်သေးတယ်။
ဒီထမင်းဝိုင်းကို ကျွန်မဘယ်လိုလုပ် မေ့နိုင်မှာလဲ။
ရန်ကုန်မှာ ကျွန်မအိမ်ကို မဂ္ဂဇင်းဓါတ်ပုံဆရာအနေနဲ့ ရောက်ခဲ့ဖူးတဲ့ 'ကိုသန်းဦး' က ကျွန်မအိမ်မှာ သူစားခဲ့ဖူးတဲ့ ကျွန်မလက်ရာ '၀က်သားမျှစ်ချဉ်' ကို တဖွဖွ ပြောလို့မဆုံး...။ သူအမှတ်တရပေးရှာတဲ့ ကိုးရီးယားဖြစ်စာအုပ်လေးတွေနဲ့ ဘောလ်ပင်လေးတွေ..။ အခု ဒီစာကို အဲဒီစာရွက်၊ ဘော်ပင်တွေနဲ့ ကျွန်မရေးနေတာပါ..။
မိဘတွေကို လုပ်ကျွေးနေရှာတဲ့ လူပျိုကြီး 'ဦးဝင်းနိုင်' ကတော့ သိပ်လှတဲ့ ကိုးရီးယား မိတ် အင်္ကျီကလေးကို ကျွန်မအတွက်တဲ့..။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က (၁၉၈၆)ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ် စာပေ ဟောပြောပွဲမှာ စက်မှုတက္ကသိုလ် ကျောင်းသားတယောက်အနေနဲ့ နားထောင်ခဲ့ဖူးတဲ့...၊ ကိုဌေးဝင်းကတော့ အဲဒီတုန်းက စာပေဟောပြောပွဲကို စားမြုံ့ပြန်လို့ မဆုံး..။ လွမ်းစရာပါ။ ကျွန်မရယ်၊ မရှိရှာတော့တဲ့ အကိုကြီး 'ဆရာငြိမ်းကျော်' ရယ်၊ မောင်စိန်ဝင်း(ပုတီးကုန်း) ရယ်ပေါ့။ စက်မှုတက္ကသိုလ်ကျောင်းဆင်း ဆရာမောင်ဂွစာ(ပုတီးကုန်း)က-
"ကျွန်တော်ဟာ ကျွန်တော့်ကျောင်းကို ဘယ်လောက်ချစ်သလဲဆိုရင်၊ ခြောက်နှစ်နေရ မှာကို၊ ရှစ်နှစ်တောင် နေပစ်လိုက်မိပါတယ်၊ ကျောင်းတော်ကြီးကို ကျွန်တော့်လောက် မချစ်ဖို့ တောင်းပန်ပါတယ်" လို့ ပြောလိုက်တဲ့အခါ 'ဟေး' ကနဲ အော်လိုက်ကြတဲ့၊ ခန်းလုံးပြည့်လျှံ၊ ကျောင်းသားထုကြီးရဲ့အသံကို ခုထိ ကြားယောင်နေသေးတယ်။
အဲဒီနေ့က ကျွန်မအတွက် အမှတ်တရ ရေးပေးလိုက်ကြတာလေးတွေကိုလဲ ကြည့်ပါ အုန်း....။

ကိုဝင်းနိုင်- ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ပါစေ...။
ကိုအေးချို- ၂၀/ ၇/ ၂၀၀၈ နေ့မှာ အမှတ်တရ ရှိခဲ့ပြီ....။
ကိုသိန်းဦး- အမ.. ကျန်းမာရေးကောင်းပြီး၊ စာအများကြီး ဆက်ရေးနိုင်ပါစေ..။
ကိုဌေးဝင်း- အနှစ်နှစ်ဆယ်ကျော်က ဆုံခဲ့ဖူးတဲ့ ဆရာမကို ပြန်တွေ့ရတဲ့အတွက်၊ အများကြီး ၀မ်းသာမိပါတယ်...။
ကိုသာစိုး- ဆရာမ၊ စာပေခရီးမှာ ကြာရှည်စွာ ဆက်လက်ရှင်သန်နိုင်ပါစေ...။
ကိုကျော်မိုး- ဆရာမကို အရမ်းသတိရတဲ့....။
ကိုမြင့်ဇော်- ဆရာမ ပိုပြီး အောင်မြင်နိုင်ပါစေ...။
ကိုအောင်ဇော်မြင့်- ယနေ့မှစ၍ နှစ်, ရာကျော်တိုင် အသက်ရှည်ပါစေ။
ကိုဝေယံ- မြန်မာလူမျိုးတယောက်ဖြစ်ရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်နိုင်ပါစေ..။
ကိုတင်အောင်ဝင်း- ဆရာမ ၀တ္ထုတွေအများကြီး ရေးနိုင်တွေးနိုင်ပါစေ...။
ကိုကျော်မင်းထွန်း- ၂၀/ ၇/ ၂၀၀၈ နေ့ကို ဘယ်တော့မှ မမေ့တော့ပါဘူး..။ ကိုးရီးယားနိုင်ငံ သူစိမ်းတွေကြားမှာ၊ ဆရာမတယောက် အဆင်ပြေ ချောမွေ့ပါစေ။
ကိုမျိုးဇော်- ဆရာမ.. ဒီထက်ပိုပြီး အောင်မြင်ကျော်ကြားပါစေ..။
ကိုသန်းထိုက်အောင်- 20-7-08 အမှတ်တရ ထမင်းလက်ဆုံစားရတဲ့အတွက် ဂုဏ်ယူမိပါတယ်။
ကိုနိုင်လင်း(၁)- အဖန်တလဲလဲ သေရခြင်းဒုက္ခမှ လွတ်မြောက်နိုင်ပါစေ။
ကိုနိုင်လင်း(၂)- ဆရာမ ဒီထက်အောင်မြင်ကျော်ကြားပြီး သံသရာမှ လွတ်မြောက် နိုင်ပါစေ။
May Joi- It was nice seeing Myanmar people get along with other nationality. Hope it will be a tradition keep up the good work.
Phorn- မင်္ဂလာပါ၊ ထမင်းအတူစားရတဲ့အတွက်၊ ထိုင်းလူမျိုးတယောက်အနေနဲ့ ၀မ်းသာပါတယ်၊ ကံကောင်းပါစေ။
Ms. Kim (Korean)- အရာအားလုံးကို ကျေးဇူးတင်ပြီး၊ ကံကောင်းခြင်းများနှင့် ပြီးပြည့်စံနိုင်ပါစေ၊ ကျန်းမာရေး ဂရုစိုက်ပါရှင့်...။
Kim Gi Nar( Myanmar-Korean)- တွေ့ရတာ ၀မ်းသာပါတယ်ရှင့်.....။
(သမီးလေး)
ကိုသန်းဇော်- သုခချမ်းသာအပေါင်း ပြည့်စုံပါစေသော်...။

စာရွက်ကလေးတွေကို အပြန်လမ်း၊ ရထားပေါ်မှာ ဖတ်လို့ မ၀နိုင်ခဲ့ဖူး။ ကိုယ့်လူမျိုးကို၊ ကိုယ့်တိုင်းပြည်ကို၊ ချစ်ခင်တွယ်တာတတ်လွန်းတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ...။ ယဉ်ကျေးပြီး၊ အားနာတတ်တဲ့ ကျွန်မတို့ လူမျိုးတွေ...။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်သလား၊ ထင်မိလေသလား မသိ၊ တခြားနိုင်ငံတွေက အလုပ်လာလုပ်သူများနဲ့ ကျွန်မတို့ လူမျိုးနဲ့ သိသိသာသာကြီး ကွာနေတဲ့အချက်က အပြုအမူ၊ အနေအထိုင်၊ အပြောအဆို ယဉ်ကျေးသိမ်မွေ့နေခြင်းပဲ.....။ အော်..... များသောအားဖြင့်ပညာတတ်တွေကိုးလေး....။
'ဘောကျော်ကလေး' ကိုလဲ ကျွန်မမယ် ကျေးဇူးတင်စကား ပြောရပါသေးတယ်။ သူ့ lap top ကွန်ပြူတာလေးကို ကျွမ်းကျင်စွာသုံးရင်း၊ သူ့ဝါသနာ၊ ကင်မရာ၊ ကွန်ပြူတာ အကြောင်း ရှင်းပြနေတဲ့ ဒီကလေးကို ပညာတပိုင်းတစနဲ့ သူဝေးရပ်မြေခြား ထွက်မသွားခင်၊ ကျွန်မက မှာခဲ့ဖူးတယ်။ 'ဘောကျော်ရေ.. ၀ါသနာနဲ့ အလုပ်နဲ့ တထပ်တည်း မကျပဲ လုပ်နေရတဲ့ အချိန်မျိုးမှာ ကိုယ့်ဝါသနာကို မေ့မထားလိုက်နဲ့နော်။ ရသမျှ အချိန်လေးတွေ ထဲကနေပြီး ၀ါသနာပါတာကို ရအောင်လုပ်ပါ..။ ပညာတခုခုကိုလဲ ရအောင်သင်ပါ' လို့လေ.....။ ကျွန်မစကားကို နားထောင်ရှာတဲ့ ဒီကလေးကို ကျွန်မတကယ် ကျေးဇူးတင်ပါတယ်။
'နောက်နှစ်လောက်ဆိုရင်တော့ ကျွန်တော်ပြန်တော့မယ် ဆရာမရယ်၊ လွမ်းလှပြီ'... တဲ့။
အို.... ဒါလဲ၊ ဝေးရပ်မြေခြားက ကျွန်မတို့လူမျိုးတွေရဲ့ တညီတညွတ်တည်း တူညီတဲ့ အချက်ပါ။
ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ဘယ်လောက်ပဲ ပြည့်စုံပေမယ့် သူစိမ်းတွေကြားမှာ...၊ ဘယ်သူပျော်နိုင်မှာလဲ...၊ ကိုယ့်အိမ်ကိုပဲ လွမ်းပြီး ပြန်ချင်နေကြတာပါ....။
အဲဒီအထဲမှာ... အခုဆိုရင် သုံးလထဲကို ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်တဲ့... ကျွန်မ တယောက်လဲ ပါ..ပါတယ်။
လွမ်းရက်တွေကို ဖြတ်ကျော်ရတာ တကယ့်ကို ခက်ခဲပင်ပန်းလှချည်ရဲ့....။

နုနုရည်(အင်းဝ)
(3 August 2008 KNUA)

1 comment:

ရွာသားလေးဝိုင်တီယူ said...

ဆရာမရေ ဒါတော့ ကျနော်လည်း အပြည့်အ၀ထောက်ခံတယ် အိမ်လွမ်းပါတယ် ပြန်ချင်တယ်လို့ ရင်ထဲက ညည်းပင်မယ့် တကယ်ပြန်မလားဆိုတော့ နင်လားငါလားဖြစ်နေရတဲ့ ဘ၀တွေပေါ့။ ပြန်တယ်ဆိုတာ ပေါ့ပေါ့ပါးပါး ဖျတ်ခနဲ ထပြန်လို့ရရင်အကောင်းသား။ သူများလူမျိုးတွေလို ကမ္ဘာ့နိုင်ငံအသီးသီးကို အဆီးအတားမရှိ ချောချောမွေ့မွေ့ ၀င်ထွက်နိုင်ရင်သိပ်ကောင်းမှာပဲဗျာ။