Wednesday, August 6, 2008

ပန်းရောင်ဆေးပြားလေးနှစ်ပြား
ရေးသူ- လူထုဒေါ်အမာ

{၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလ၊ မာယာမဂ္ဂဇင်းတွင် ဖော်ပြပြီး ဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ်အတွက် ထပ်မံ ဖော်ပြလိုက်ပါတယ်။}



ဒီအကိုက်အခဲက ပြန်ပေါ်လာပြန်ပြီ။ ဒါကြောင့် အဒေါ်ရွှေက ထိုင်ချလိုက်ပြီး၊ အိမ်ထရံ ကို နောက်ကျောမှီရင်း ခေါင်းကိုလည်း ထရံနဲ့ပဲ ထိထားပြီး မော့ထားလိုက်ရတယ်။ သူ့ခေါင်းထဲမှာ မရေမတွက်နိုင်တဲ့ ပိုးကောင်မွှားကောင်လေးတွေ အထောင်အသောင်းက တရွရွနဲ့ ဦးနှောက်ကို ကိုက်ဖောက်စားသောက် နေကြသလား အောက်မေ့ရတယ်။ ကိုက်လာ တဲ့ခေါင်းက နားထဲမှာလည်း အသံတွေက ဝုန်းဝုန်းချင်း စပ်လို့။ မျက်လုံးကလည်း ဘာမှမကွဲ ပြားတော့ဘူး၊ ပြာနေပြီ။ ဟိုအထက်မှာတော့ အလင်းရောင်တခု ဖျပ်ခနဲ ဖြစ်သွားသလားမသိ။ သူ့ခေါင်းရဲ့ နောက်ဘက်မှာ အင်မတန် လေးလံတဲ့ပစ္စည်းကြီးနဲ့ ဖိထားသလား အောက်မေ့ ရတယ်။ နာကျင်ကိုက်ခဲမှုက ဘယ်လောက်တောင်လဲဆိုရင် သူ့မှာရှိသမျှ အင်အားလေး တောင် ဘယ်ရောက်သွား မှန်းမသိလို့ သူ့ခြေ၊ သူ့လက်တွေကို မသယ်ချင်၊ မ မ,ချင်တော့ ဘူး။ သူ့ ရင်ဘတ်ထဲက နှလုံးက တဒုန်းဒုန်းနဲ့ ခုန်နေသံကို သူ့နားက အတိုင်းသား ကြားနေသလိုပဲ။ မွေးညှင်းပေါက် ရှိသမျှက ထွက်တဲ့ချွေးက တကိုယ်လုံးရွှဲနစ်နေပြီမို့ လေကလေး နည်းနည်း တိုက်ရင်တောင်မှပဲ သူ့ရင်ဘတ်ကို ဓါးတွေနဲ့ ဝိုင်းထိုးကြသလို အေးစိမ့်လာတယ်လေ။



အဒေါ်ရွှေ ဝေဒနာခံရပုံတွေက သိပ်ဆိုးရွား ပါတယ်။ သူ့မှာ ပင်ပမ်းလွန်းလို့ မျက်စိကိုမှိတ် ထားရတော့တယ်။ ကိုက်ခဲပုံက သူ့တကိုယ်လုံးကို စီးပြီး ချုပ်ထားသလိုကိုး၊ ပြီးတော့ တချိန်ထက်တချိန် ပိုပြီးဆိုးလာတယ်လို့လည်း ခံစားရတယ်။ ဒါကြောင့် ရှိရှိသမျှ ခွန်အားကို စုစည်းပြီး သူ့လက်တဖက်ကို မလိုက်တယ်။ ပြီးတော့ ခြင်းတောင်းကလေးထဲက ပစ္စည်းတခုကို သူက လက်နဲ့လိုက်စမ်းပါတယ်။ အဒေါ်ရွှေက ကြီးလှပြီ ဆိုတော့ သူ့လက်ကြီးကလည်း အရေတွေ တွန့်ချင်တိုင်း တွန့်နေပြီလေ။ ဒါကြီးနဲ့ ခြင်းတောင်း ထဲအတော်ကြာ လျှောက်နှိုက်ပြီးရှာတော့ သူလိုချင်တဲ့ ဗူးကလေးကို တွေ့သွားတယ်။ ဒါကြောင့် ဆွဲယူ အဖုံးကလေးကြိုးစားဖွင့်ပြီး မျက်စိကတော့ မှိတ်ထားရင်းနဲ့ ပရုပ်ဆီကို သူ့နှာဝမှာ တေ့ထားလိုက်တယ်။
နောက် ဗူးထဲက ပရုပ်ဆီတကော်ကိုကော် ပြီးနားထင်တွေရယ်၊ လည်ပင်းနဲ့ နှာခေါင်းဝရယ်ကို လိုက်ပြီးပွတ်ပါတယ်။ သူ့မှာ အကိုက်အခဲကြီးက တဖက်နဲ့မို့ ပင်ပန်းလိုက် တာ။ ပရုပ်ဆီရဲ့ အပူက အသားထဲဝင်သွားတော့ နည်းနည်း သက်သာသလိုထင်ရတယ်။ ဒါကြောင့် ရင်ဘတ်နဲ့ကျောကို ပရုပ်ဆီတကော် ထပ်ယူပြီး လိမ်းပြန်တယ်။ လိမ်းရင်းကလည်း သူ့ကိုသူ လက်တုန်တုန်ချိချိနဲ့ပဲ တတ်အားသလောက် ဖိရနှိပ်ရတယ်လေ။ အဒေါ်ရွှေဟာ အသက်ရှူကတော့ မြန်တုန်းပဲ။ ရင်ထဲက တဒိန်းဒိန်းကလည်း ခုန်တုန်းပဲ။ ဒါပေမယ့် တကိုယ်လုံး ပူထူရှိန်းဖိန်းသွားတော့ နဂိုခံနေရတဲ့ အကိုက်အခဲကို နည်းနည်းတော့ မေ့ပျောက်သွားပါတယ်။
အဒေါ်ရွှေ ဒီလိုဖြစ်တာ ဒီတခါ မဟုတ်ဘူး။ မကြာခဏဖြစ်တာပါ။ ဖြစ်တိုင်း လူဟာ မောပန်း နွမ်းလျပြီး ကျန်ရစ်တာချည်းပဲ။ ပြီးတော့ ဒီရောဂါက လေတိုက်သလိုပဲ၊ လေဟာသူ ဘယ်တော့ တိုက်မယ်လို့ ဘယ်တော့မှ ကြိုတင်မပြောသလို သူ့ရောဂါကလည်း ငါဘယ်တော့လာမယ်လို့ ကြိုတင်ပြောလေ့မရှိဘူး။ ဖြစ်လာပြီဆိုရင် တကယ့် နက်နက် ရှိုင်းရှိုင်းပဲ။ လူတကိုယ်လုံး နာစရာရှိသမျှ အကုန်နာလာတယ်။ ဖြစ်နေတုန်းဆိုရင် ဝေဒနာက သူ့ခန္ဓာကိုယ်က ပြန်ထွက် သွားချင်တဲ့ ပုံမပြဘူး။ တခါတည်း အသက်ပါချွေ သွားတော့ မလိုပဲ။
ဒီလိုနာလာတိုင်း အဒေါ်ရွှေက သူ့ဖာသာ သူဝေဒနာကို ဒီလိုကုရတာပါပဲ။ ပရုပ်ဆီ တကိုယ်လုံးကို လိမ်းပေးပြီး ဖျာရှိရာကို ဖင်တရွတ်တွန်းယူရတယ်။ ဖျာပေါ်ရောက်တော့ လှဲအိပ်ပြီး သူ့ ရောဂါထွက်အသွားကို စောင့်ရတယ်လေ။ အဲ- တခါတလေကျတော့ သူ့မှာ ပိုက်ဆံကလေး ဘာကလေးရှိမယ်၊ ခွန်အားလေးလည်း နည်းနည်းပါးပါး ကျန်သေးတယ် ဆိုရင်ရှိတဲ့ ပိုက်ဆံကလေးဆုပ်ပြီး လမ်းထဲက ကုန်စုံဆိုင်ကို ရောက်အောင်သွားရတယ်။ နားထဲက တဝုန်းဝုန်းအသံနဲ့ ရင်ဘတ်က တဒိန်းဒိန်းသံကို နာခံရင်းနဲ့ပေါ့။ ဆိုင်ရောက်တော့ ယဟုမ်းအားတိုးဆေးထုပ်ကလေး ဝယ်လာပြီး အမှုန့်ကိုပါးစပ်ထဲထည့် ရေနဲ့ သောက်ချလိုက် ရတယ်။ သူ့ရောဂါ သူ့ဝေဒနာအတွက် သူ့မှာ ပရုပ်ဆီနဲ့ ယဟုမ်း အားတိုးဆေးပဲရှိတယ်။
အဒေါ်ရွှေက ဒီဝေဒနာက သူ့အသက်ကို ပါတပါတည်း ချွေသွားပါတော့လို့ ဆုတောင်း ခဲ့တာ အခါခါရှိလှပြီ။ နို့ပေမယ့် ဆုတောင်း မပြည့်ပါဘူး။ ဖြစ်လာပြီဆိုရင် မခံမရပ်နိုင်အောင် တခါထက်တခါ ပိုကိုက်ခဲလာတာချည်း။ မလှုပ်ကို မလှုပ်နိုင်တော့တဲ့အထဲက ခဲခဲယဉ်းယဉ်း နဲ့ ဒီဗူးကလေးကိုယူ၊ ဗူးကလေးထဲက ပရုပ်ဆီကို တကိုယ်လုံးလိမ်း၊ ဒါနဲ့ တသံသရာ လည်ပြန်ရော။ ဒီပရုပ်ဆီက ခဏတော့သက်သာတယ်၊ ဒီအနာကို တခါထည်း မပျောက်ကင်း စေနိုင်မှန်းလည်း သိသားပဲ။
တယောက်တည်း နေရတဲ့ တကောင်ကြွက် လူဆင်းရဲများရဲ့ ဘဝက ဒီအတိုင်းချည်း ပါပဲလေ။ ဘာဖြစ်ဖြစ် ကိုယ့်ဖာသာကိုယ် လုပ်ရမှာပဲ။ ဒါကြောင့် တခါတလေ အဒေါ်ရွှေက ငါဘာလို့များ ဒီလိုတကောင်ကြွက်ဘဝနဲ့ အသက်ရှည်နေတာပါလိမ့်၊ ငါ့ဘဝမှာ ငါတယောက် တည်း တသက်လုံးပါကလား။ ငါ့အတွက် ပူပန်သောက ရောက်မယ့် ဆွေမျိုး၊ ငါ့ကိုကြည့်ရှု စောင့်ရှောက်မယ့်ဆွေမျိုးရယ်လို့လည်း တယောက်မှ မရှိပါကလား။ ငါ ဘယ်သူ့အတွက် အသက်ရှည်ရဦးမယ်လို့လည်း ပြောစရာမရှိ၊ ငါ့အတွက် အသက်ရှည်နေတဲ့ ဘယ်သူဘယ်ဝါ ရယ်လို့လည်းမရှိ။ တငုတ်တုတ်တုတ်နဲ့ အလကားအသက်ရှည်နေခဲ့တာ၊ ပျော်စရာ၊ ရွှင်စရာရယ်လို့လည်း ဘယ်တော့မှ ဘာကမှ မရှိခဲ့။ ဒါ့ကြောင့် ငါ့ဘဝ၊ ငါ့ အသက်ရှင်သမျှဟာ ဆင်းရဲတွင်းနက်နက်တူးဖို့ လူဖြစ်နေရတဲ့ ဘဝပဲလို့ အောက်မေ့တတ်တယ်။ တနေ့ပြီးတနေ့ ခံစရာရှိရင် ကိုယ်ခံရတယ်။ အဲဒီ အထဲက အမျိုးမျိုး ကြိုးစားပြီး ရုန်းထွက်ရတယ်။ တနေဝင် တနေထွက် ဆက်လို့သာနေပါရော။ အဖော်အလှော်မရှိတဲ့ အထီးကျန်ဘဝကြီးမှာ စိတ်ချမ်း သာစရာကောင်းတဲ့အဖြစ်မျိုး တခုမှမရှိပါဘူး။ ဒီလို ဆိုရင် ဘာဖြစ်လို့ရုန်းကန်နေသေးလဲ၊ သေမယ့်နေ့ကို တနေ့ရွှေ့, ရွှေ့လို့ရနေ သလားဆိုပြီး လုပ်နေတာလား။ ဘာများကောင်းလို့ လဲ။ သူ့အဖို့ ကနေ့ သေရတာနဲ့ နက်ဖြန်မှ သေရမှာ ဘာမှထူးခြားမှု ရှိတာမဟုတ်ပါဘူး။ မြန်မြန်သေရင် မအေးပါလားလို့ အဒေါ်ရွှေက သူ့ဖာသာသူလည်း ခဏခဏ မေးမိ ညည်းမိ ပါရဲ့။
သူ့မျက်လုံးတွေကို အကြာကြီးပိတ်ထားပြီးတဲ့အခါ ပြန်ဖွင့်ကြည့်ဖို့ အဒေါ်ရွှေက ကြိုးစားတယ်။ သူ့နှလုံးက အခုန်မြန်တုန်းပါ။ သူ့ခေါင်းကလည်း ကိုက်နေတာပါပဲ။ သူ့ နောက်စေ့ကလည်း မူးနောက်နောက်ဖြစ်လာအောင် လေးလံနာကျင်နေဆဲပါ။ သူ့မျက်စိ ရှေ့က အမည်းကွက်ကြီးကတော့ တဖြည်းဖြည်းလျော့ပါးလာပြီ။ ဒါကြောင့် ငှက်ပျောသီး တောင်းကြီးကို ငေးကြည့်မိတယ်။ နယ်ထားတဲ့ မုံ့နှစ်နဲ့ရောဖို့ ငှက်ပျောသီးတွေက ချေထားပြီး သား မဟုတ်လား။ ငှက်ပျောဖက်ကလေးတွေကလည်း တထုပ်စာစီ အနေတော်ဖြတ်ပြီး အပုံလိုက်ထပ်ထားတာ။ ခုတော့ လေတိုက်လို့ လွင့်တောင်ကုန်ပြီကော၊ တဲစပ်ထိုးဖို့ ထန်း ရွက်ကျောကလေးတွေကို ဓါးနဲ့သေသေချာချာသပ်၊ အနေတော်ဖြတ်ပြီး တဖက်ချွန်ထားတာ တွေလည်း သူ့ဘေးမှာ ဗလနှံ့ကြဲနေတယ်။ အဲဒီတော့ နေမကောင်းတာ ကောင်းတာအပထား၊ ငှက်ပျောထုပ်တော့ ပြီးအောင်ကို လုပ်ရမှာပဲ။ မလုပ်နိုင်လို့ ပစ်ထားလိုက်ရင် ချေထားတဲ့ ငှက်ပျောသီးတွေ အလကားဖြစ်ကုန်တော့မပေါ့။ အဒေါ်ရွှေက ရင်ထဲတဒိန်းဒိန်း မြည်နေတဲ့ ကြားက ကိုယ်ကိုမတ်ပြီးထိုင် လိုက်တယ်။ ပြီးတော့ ချေထားတဲ့ ငှက်ပျေသီးအိုးကို သူ့ရှေ့ယူလိုက်တယ်။ မနေ့ညကတည်းက အိစက်နေအောင်နယ်ထားတဲ့ မုန့်နှစ်အိုးကို ငှက် ပျောသီးနယ်ထားတဲ့အိုးထဲ အကုန်လောင်းထည့်ပြီး ငှက်ပျောသီးနဲ့မုန့်နှစ် သမအောင် အား ရှိသမျှနဲ့ မွှေပြန်တယ်။ သူ့လက်တွေက တုန်နေပါတယ်။ မုန့်နဲ့ငှက်ပျော ရောနယ်နေတဲ့ အထဲ ထန်းလျက်ရည်နည်းနည်း လောင်းထည့်ပြန်တယ်။ အားလုံး သမပြီဆိုတော့ ငှက်ပျောဖက် ကလေးတွေထဲ တဇွန်းစီခပ်ထည့်ပြီး အထုပ်ကလေးတွေ ညီညီ ထုပ်တယ်။ ပြီးတော့ ဒီမုန့်ထုပ်ကလေးတွေကို ပေါင်းအိုးထဲမှာ စီထည့်ပါတယ်။ အားလုံးထည့်ပြီးတော့ ပေါင်းအိုးကို မီးဖိုပေါ် ဖြည်းဖြည်းချင်း မတင် ပါတယ်။
ဆိုက်တဲ့ထင်းတွေက ခြောက်လေတော့ လိမ္မော်ရောင်မီးတောက်တွေက ပေါင်းအိုး အောက် က ရေနွေးအိုးကို လျှာနဲ့လျက်ပြီး ကောင်းကောင်း အပူပေးနေပါပြီ။ အဒေါ်ရွှေလည်း မုန့်အိုးဖိုပေါ် ရောက်ပြီမို့ အရင်နေရာကိုပြန်ထိုင်ပြီး လေထဲ ပျောက်ကွယ်သွားတဲ့ မီးခိုးတွေကို ကြည့်ရင်း သူ့ ဘဝအဲဒီလို ဖြစ်မယ့်နေ့ရက် ဘယ်တော့များ ရောက်လာမှာပါလိမ့်လို့ တွေးနေ မိတယ်။
မီးဖိုပေါ်က မီးအားကောင်းလာတာနဲ့အမျှ ရေနွေးအိုးက ကျိုက်ကျိုက်ဆူပြီး မုန့်တွေကို အငွေ့တွေက ပေါင်းပေးနေပါပြီ။ အဒေါ်ရွှေကတော့ ရေဆူသံပွက်သံကို နားထောင်တာနဲ့ သူ့ မုန့်ဘယ်အချိန်မှာ နပ်တယ်ဆိုတာကို သိပါတယ်။ ကျက်ပြီဆိုတော့ အိုးကိုချဖို့ ထရပ်လိုက် ပါတယ်။ ထ, အရပ်လိုက်မှာ လူကမိုက်ခနဲပြီး မူးသွားတယ်လေ။ မျက်လုံးကလည်း မမြင်ရတော့ဘူး။ တဒုန်းဒုန်း မြည်တဲ့ရင်ကလည်း ပိုလို့ပဲမြန်လာတယ်။ ဒါ့ကြောင့် အရင်အတိုင်းပဲ သူ့အိမ်ထရံကို ပြန်ပြီး မှီထိုင်ရပြန်တယ်။
လာပြန်ပါပြီ၊ အကိုက်အခဲက နောက်တကျော့။ ဒီတခါ အရင်ထက် ပိုဆိုးလာ သလားပဲ။ အဒေါ်ရွှေက မျက်စေ့နှစ်လုံးကို မှိတ်ထားရတယ်။ သူ့ခေါင်းကိုဝိုင်းပြီး ကိုက်ဖောက် နေကြတဲ့ ပိုးမွှားတွေက ဒီတခါတော့ ခေါင်းခွံရိုးကိုပါ တစစီဖြစ်အောင် ကိုက်ဝါးနေကြပြီ ထင်တယ်။ သူမှိတ်ထားတဲ့ မျက်လုံးပတ်ချာလည်မှာ ကြယ်တွေမှိတ်ချီ လင်းချီနဲ့ လှည့်ပြေး နေကြတယ်။ နာလွန်းလို့ ထွက်လာလိုက်တဲ့ ချွေးတွေကလည်း တကိုယ်လုံးရေထဲ နှစ်ထား သလိုပဲ။ ဒါ့ကြောင့် အနေရာရာကအေးစက်နေပြီး သူ့ခန္ဓာကိုယ်ထဲက သွေးကြောတွေမှာ လှည့်ပတ်စရာသွေးမှ ရှိသေးရဲ့လား အောက်မေ့ရတယ်။
အဒေါ်ရွှေက ပရုပ်ဆီဗူးကို ထပ်ရှာရပြန်ပြီ။ ဗူးထဲ လက်နှိုက်ပြီး ယူလိုက်တော့ ပရုပ်ဆီက များများမပါတော့ဘူး။ ကုန်တော့မှာကိုး။ ဒါကြောင့် ရသမျှ ခြစ်ချုပ်နှိုက်ပြီး နားထင်တွေ နားရင်းတွေကို လိမ်းရင်းနှိပ်တယ်။ ပြီးတော့ ထိုင်ရာကထ၊ သပေါ့ ဖျာဟောင်းလေးပေါ်မှာ သူ့ခန္ဓာကိုယ်ကို ပစ်လှဲချလိုက်ရတယ်။
ခဏတော့ သူ့ငှက်ပျောထုပ်တွေကို မေ့နေပါတယ်။ သူဘာမှ ဆက်မလုပ်နိုင်တော့ ဘူးလေ။ ဘာအားမှ မရှိတော့တာပဲ။ ဒီလိုဖြစ်ရက်နဲ့ ဇွတ်အတင်း သူ့ခန္ဓာကိုယ်ကို စေခိုင်း မယ်ဆိုရင်၊ ရေနွေးအိုး ပေါ်ဖြစ်ဖြစ်၊ မီးဖိုပေါ်ဖြစ်ဖြစ် သူလဲကျတော့မှာပဲ။
အသက်ကို မြန်မြန်နဲ့ မှန်မှန်ရှူနေပေမယ့် သူ့ရှူသံက မပြင်းပါဘူး။ သိပ်ကိုချိနဲ့ အားကုန်နေတာပါ။ အကိုက်အခဲကလည်း ခေါင်းကနေပြီး တကိုယ်လုံးကို ပျံ့နှံ့သွားပါပြီ။ ဒီရောဂါရဲ့ အနှိပ်အစက်ခံရပုံဟာ ဘယ်လိုပြောရမှန်း မသိအောင်ကို ပြင်းပါတယ်။ ဒါကြောင့် တကယ်လို့များ ဒီလိုခံစားနေရင်း အသက်ရှင်နေမလား၊ သေလမ်းကိုရွေးမလား မေးရင် သေပါရစေလို့ အဒေါ်ရွှေက ချက်ချင်း ပြောမှာပါ။
အိပ်ရာပေါ်မှာ နာနာကျင်ကျင်နဲ့ သူကုန်ဆုံး ရတဲ့အချိန်တွေက တမိနစ်ဆိုတာ တကယ့်နှေးနှေး ကွေးကွေးတမိနစ်၊ သူ့ကိုဝေဒနာထဲ စိမ်ပြေနပြေ နှစ်ပြီး ကြိုက်သလောက် နှိပ်စက်နေတဲ့ တမိနစ် လိုပဲ။ နာလွန်းကျင်လွန်းတော့ သဲ့သဲ့လေးကိုတိုက် ခတ်တဲ့လေပေမယ့် သူကမခံချိနိုင်ဘူး။ နာကျင်လွန်းလို့ သူ့မျက်စိက မှိတ်ထားလိုက်တဲ့အခါတိုင်း၊ သူ့ဦးနှောက် ထဲက ရှိရှိသမျှသွေးကြောတွေက ပေါက်ကွဲထွက်ကုန်ပြီး ပိုးတွေမွှားတွေက တအားကိုက်ခဲ စားသောက်ကုန်ကြတယ်လို့ သူထင်တယ်။ အဒေါ်ရွှေက အဲဒီလိုခံစားရင်း လဲနေတာ မနက်ကထဲကဟာ ခုဆို နေမွန်းတည့်တောင် မကတော့ဘူး။ ဒါကြောင့် မီးဖိုထဲကမီးတွေ လည်း အားလုံးသေကုန်ပြီ။ အနို့ပေမယ့် သူ့ကိုကိုက်ခဲစားသောက်နေကြတဲ့ ပိုးတွေကတော့ သူအသက်ရှူနေနိုင်သေးသမျှ၊ သူ့ကို နှိပ်စက်ကိုက်ခဲနေကြမှာ ထင်ပါ ရဲ့။
ခံရပုံတွေက လွန်လွန်းလှပါကလား။ ဘာကြောင့် ဒီလောက်နဲ့ရပ်တန့်ပြီး သူ့ကိုသေရွာ မပို့ သလဲ။ ခုလိုခံနေရတာထက်တော့ ဘာဖြစ်ရဖြစ်ရ တော်ဦးမှာပါ၊ လူကတော့ဘယ်နည်းနဲ့မှ မသေနိုင်ဘူး။ ဝေဒနာက သူ့ကို ကောင်းကောင်းကြီး ဆက်နှိပ်စက်နေဦးမှာဆိုရင် သူမနေလို တော့ပါဘူး။
အဒေါ်ရွှေက သူ့ခေါင်းအုံးအောက်ကို လက်နှိုက်စမ်းတယ်။ လက်ထဲမှာတွန့်နေတဲ့ ဘတ် ၁ဝ တန်စက္ကူလေးတွေ တွေ့တယ်။ ဒါလေးတွေက ငှက်ပျောထုပ်လည်ရောင်းရင်း တတ်အားသမျှ သူစုထားတဲ့ ပိုက်ဆံလေ။ ဒါလောက်ကလေးရဖို့ကို စုလိုက်ရတာ အကြာကြီးပါ။ မျက်စိဖွင့်ပြီး ဒီငွေ စက္ကူတွေကို သေသေချာချာကြည့်တယ်။ ၁ဝတန် သုံးရွက် ဖြစ်ပါတယ်။ ဒါတွေနဲ့ဆိုရင် သူ့ဝေဒနာ အကုန်လုံးကို ပျောက်ကင်းသွားအောင် ကုစားနိုင် ကောင်းပါရဲ့။ သူတို့လမ်းကြားကနေပြီး လမ်းမကြီး ထိပ်ကို အတက်ဘက်မှာ ဆေးခန်းတခန်း ရှိပါတယ်။ အဲဒီ ဆေးခန်းဆရာဝန်ကတော့ သူ့ကိုနှိပ်စက်နေတဲ့ ပိုးတွေမွှားတွေကို တခါတည်း သေကုန်အောင် အပျောက်ကုပေးနိုင်မယ်ထင်ပါရဲ့။
အမှန်အတိုင်းဆိုရင် အဒေါ်ရွှေက ဘာဖြစ်ဖြစ် ဆရာဝန်ဆီကို မသွားချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝေဒနာဆိုတာ ခန္ဓာကိုယ်ထဲကနေပြီး သူလာချင်တဲ့အခါလာ သူပြန်ချင်တဲ့အခါ သူ့ သဘောအတိုင်း ပြန်သွားတတ်တာမျိုး၊ ဒီလူ့ လောကကြီးထဲ သူလူဖြစ်လာပုံမျိုးပေါ့။ ရောက်ချင်သလိုရောက်လာပြီး သူသေချင်ရင် သေသွားတာ မျိုးနဲ့ အတူတူပါပဲလို့ တွေးခေါ်ထားတာကလား။ ဒါပေမယ့် ဒီတခါတော့ သေမင်းရဲ့အခေါ်ကို ဒီအ တိုင်းသူဆက်ပြီး မစောင့်နိုင်ဘူး၊ ဝေဒနာခံရတာက ဆိုးရွားလွန်းတယ်။ ဒါကြောင့် မထိုင်နိုင် ထိုင်နိုင်အောင် အတင်းကြိုးစားပြီး အဒေါ်ရွှေက ထိုင်တယ်။ ဘတ်စက္ကူကလေးတွေကို လိပ်ပြီး လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်တယ်၊ ပြီးတော့ အတင်းဆွဲပြီး မတ်တတ်ထပါတယ်။ ယိုင်တိယိုင်တိုင်နဲ့ပဲ ရပ်လို့ရလာပါပြီ။ ကြိုးတန်းပေါ်က သူ့အင်္ကျီအပြာကို ဆွဲယူပြီး အပေါ်က ကောက်ထပ်ဝတ်တယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ကို တလက်မချင်း အတင်းအဓမ္မ အရွေ့လျားခိုင်းပြီး လမ်းထိပ်ပေါ်ရောက် အောင်လာခဲ့ပါတယ်။
"အဒေါ်ကနေ့ ငှက်ပျောထုပ် မရောင်းဘူးလား" လို့ အသိတယောက်က သူ့ကိုလှမ်း မေးတော့-
"နေသိပ်မကောင်းဘူးကွယ်" လို့ သူက ဖြေတယ်။
"ဒါဖြင့် ဆရာဝန်သွားပြလေ၊ ဒေါက်တာ ဝိဆတ်က တကယ်သဘောကောင်းပါတယ်" လို့ အဲဒီလူက ပြန်ပြောတယ်။ အဒေါ်ရွှေက ဖြည်းဖြည်းခေါင်းညိမ့်ပြပြီး ဆက်လာခဲ့တယ်။ နှုတ်ဆက်လိုက်တဲ့သူက ဘာမှန်းမသိ ဆက်ပြောပါသေးတယ်။ သူ့နားက ဘာရယ်မကွဲ တော့ဘူး။ နားထဲက တဝုန်းဝုန်း မြည်နေတာတွေက သိပ်ဆိုးနေပြီကိုး။
အဒေါ်ရွှေ လမ်းကြားက လမ်းမပေါ်ရောက်အောင် နာရီဝက်လောက် လာခဲ့ရတယ်။ မောလွန်းလို့ လမ်းမှာနားနားပြီး ထိုင်နေရတာက အကြိမ်ကြိမ်ပါ။ အတော်ကြာနားပြီးမှ ဆက်နိုင်တာ ချည်းပါ။
ဆရာဝန်ဆေးခန်းကတော့ ဖွင့်နေပါပြီ။ ဆေးခန်းရှေ့မှာ ရပ်ထားတဲ့ မှန်လုံကား အရောင်ရင့်ကြီးက ဆရာဝန်ကားပဲ ဖြစ်မှာပါ။ ဒီလမ်းကို သူလာတိုင်း ဒီကားကြီး ရပ်ထားတာ မြင်နေကျပဲဟာ။ အဒေါ်ရွှေက ကားကြီးကိုကျော်ပြီး ဆေးခန်းထဲ ဝင်ခဲ့တယ်။ ပြီးမှ ဘယ်ထိုင်ရ မှန်းမသိလို့ ငူငူကြီးရပ်နေတော့-
"ထိုင်ပါခင်ဗျာ" လို့ ဆင်နားရွက်တံခါးကို တွန်းဖွင့်ပြီး ထွက်လာတဲ့ အသားညိုညိုနဲ့ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ လူရွယ်တယောက်က အဒေါ်ရွှေကို လှမ်းပြောပါ တယ်။ သူဝင်လာတာမြင်လို့လေ။
"ဒီနေ့တော့ ကျွန်တော်တယောက်တည်းမို့ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်လူနာကို ဧည့်ကြိုလုပ်ရတော့မှာပဲ" လို့ ရင်းနှီးဖော်ရွေတဲ့အပြုံးနဲ့ ပြောပါတယ်။ အဒေါ်ရွှေက တခြားလူနာတွေကို ကျော်ခဲ့ပြီး ခုံရှည်တခုရဲ့ အစွန်မှာ ဒိပြင်လူနာတွေနဲ့အတူ ဝင်ထိုင်လိုက် ပါတယ်။ "ဒီလူဆရာဝန်ဖြစ်မှာပဲ" လို့လည်း ဆင်နားရွက်တံခါးလေးရဲ့ အတွင်းထဲ ဝင်သွားတဲ့ လူရွယ်ရဲ့ နောက်ကျောကိုကြည့်ရင်း အဒေါ်ရွှေက အကဲခတ်လိုက်တယ်။ ပြီးတော့ စိတ် ထဲမှာပေါ့ပြီး စိတ်ချစိတ်အေးသွားတယ်။ ဒီလိုညင်သာတဲ့ ပြုံးရွှင်တဲ့လူနဲ့ ဆရာဝန်အလုပ်နဲ့ လည်း လိုက်ဖက်လိုက်တာလို့လည်း အောက်မေ့ဝမ်းသာမိတယ်။ ဆရာဝန်ဆိုတဲ့အလုပ်က လူတဖက်သားကို ကြင်နာတတ်ဖို့၊ ညင်ညင်သာရှိဖို့ လိုတယ်ဟုတ်လား။ ခုဒီလိုဟာနဲ့ တွေ့တော့ သူ့မှာဆေး မစားရခင် ရောဂါတဝက်ပျောက်နေသလိုပဲ။ အဒေါ်ရွှေက လူနာစမ်းတဲ့ အခန်းကလေးထဲကို မျက်ခြေမပြတ် လှမ်းကြည့်နေမိတယ်။ ဆရာဝန်လဲ ဒီထဲမှာတင် ရှိတယ်လေ။ အထဲမှာ ဘာတွေများ လုပ်ပေးတာပါလိမ့်လို့ တွေးပြီးကြောက်လဲ ကြောက်နေ တယ်။ ဆရာဝန်ရဲ့ ပြုံးနေတဲ့ မျက်နှာနဲ့ ကြင်နာတဲ့ အမူအရာကြောင့်သာ ခံနိုင်တော့တယ်။
သူ့အနားက သူ့လိုစောင့်နေကြသူတွေထဲက တယောက်ပြီးတယောက် ဒီအခန်းလေး ထဲကို တအောင့်လောက်စီတော့ ဝင်သွားကြတယ်။ ပြီးရင် ဆရာဝန်နဲ့အတူ ပြန်ထွက်လာကြ ရော၊ ဆရာဝန်က စပွဲမှာထိုင်ပြီး စာတရွက်နဲ့ရေးရော၊ ရေးပြီးရင် စက္ကူအိတ်ကလေး ၂ အိတ်၊ ၃ အိတ်နဲ့ ဆေးပေးတယ်ထင်တာပဲ။ လူနာက ငွေစက္ကူ အထပ်လိုက်တွေ ပေးပြီး ယူသွားကြတာလည်း မြင်တယ်။
ဆရာဝန်က ငွေယူပြီးရင် နောက်တယောက်လာခဲ့ဖို့ ချိုသာကြင်နာတဲ့ အသံနဲ့ ခေါ်ပြန်ရော။
"အမကြီးလာပါ"တဲ့။ ဆရာဝန်က။ ဒီတခါ အဒေါ်ရွှေကို ကြည့်ပြီး ဆရာဝန်က ပြောတာပါ။ "အမကြီးအလှည့်ပါ" တဲ့။ အဒေါ်ရွှေလည်း ဆရာဝန်ကိုကြည့်ပြီး ကြောင်တောင် တောင် လုပ်နေတော့ ဆရာဝန်က ခေါင်းကလေး အသာညိတ်ပြီး "အမကြီးခေါ်တာ၊ အမကြီးအလှည့်ပါ" တဲ့။
အဒေါ်ရွှေက ဂွတိဂွစာ ထိုင်ရာက ထတယ်။ ဆရာဝန်ဆီ ဒီလိုလာတာ ဒါပထမဆုံး အကြိမ် မဟုတ်ပေမယ့် အရင်တခါလာဖူးတာ ကြာလှပြီမို့ ဆရာဝန်ရှေ့ ဘယ်လိုနေရ ထိုင်ရတယ်ဆိုတာ သူမ မှတ်မိတော့ပါဘူး။ ဒါကြောင့် တခြားလူတွေ လုပ်သလို ဆင်နားရွက်တံခါးကလေးဆီကို လှမ်းခဲ့ပါတယ်။ ဆရာဝန်ကသူ့ကို အခန်းထဲက စောင့်နှင့် နေပါပြီ၊ အပြုံးကလေးနဲ့။
"အဲဒီအိပ်ရာလေးပေါ် တက်ပါခင်ဗျာ" တဲ့။ နံရံကပ်ပြီးခင်းထားတဲ့ အိပ်ရာကလေးပါ။ အဒေါ်ရွှေက ပလပ်စတစ်ခင်းဖြူဖြူလေးအုပ်ထားတဲ့ အိပ်ရာပေါ်ကို တက်လိုက်ပါတယ်။
"အိပ်ပါ၊ ခြေထောက်ကလေး ဆန့်ထားပါ။- အဲဟုတ်ပြီ၊ အဲဒီလိုပေါ့ အမကြီးရယ်" လို့ပြော ပြောဆိုဆို ဆရာဝန်က ကုတင်ဘေးကိုရောက်လာပြီး အဒေါ်ရွှေလက်ကိုဖမ်းပြီး သူက ဆုပ်လိုက်တယ်။ လက်ကိုခဏ မြှောက်ထားတယ်။ နောက် အခန်းထောင့်မှာ စားပွဲခင်း ဖြူလွလွကလေး ခင်းထားတဲ့ စားပွဲပေါ်က ပစ္စည်းလေး တခုနှစ်ခုယူပြီး အိပ်ရာဘေးပြန် လာတယ်။
"လျှာကလေးထုတ်ပြပါအမကြီး" တဲ့၊ အဒေါ်ရွှေက ခိုင်းတဲ့အတိုင်း လုပ်ပါတယ်။ ဆရာဝန်က ခေါင်းကလေး အသာညိမ့်တဲ့ပြီး ထုတ်ထားတဲ့ လျှာကို ပြန်သိမ်းခိုင်းတယ်လေ။ ပြီးတော့ လက်ကလေးတွေနဲ့ အဒေါ်ရွေရဲ့ မျက်လုံး(၂)လုံးကို ဖြဲကြည့်တယ်။ ပြီးတော့ ရင်ဘတ်ပေါ်ရွှေ့ ဖိနှိပ်ထားတဲ့သူ့လက်ကို သူ့တဖက်လက်က လက်ချောင်းကလေးတွေနဲ့ ခေါက်တယ်။ ဟိုနေရာရွှေ့ ခေါက်လိုက်၊ ဒီနေရာရွှေ့ ခေါက်လိုက်နဲ့။ အဒေါ်ရွှေက သူ့ခေါင်းထဲ ဝင်ကိုက်ခဲနေတဲ့ ပိုးကောင်ကလေးတွေနဲ့ အခု ဆရာဝန်လုပ်နေတာနဲ့ ဘယ်လိုများ ပတ်သက် သက်ဆိုင်ပါလိမ့်မတုန်းလို့ တွေးနေတယ်။
နောက်ဆုံးအနေနဲ့ သူ့လည်ပင်းဆွဲထားတဲ့ ကြိုးတန်းလန်းနဲ့ အပြားကလေးကိုယူ၊ သူ့နားထဲကို ကြိုးထိပ်က ဘုလေး ၂လုံးထဲ့။ ကြိုးအလယ်ခေါင်က ထွက်လာတဲ့အပြား ကလေးနဲ့ သူ့ရင်ဘတ်ကို လျှောက်ဖိကြည့်တယ်။ အဒေါ်ရွှေက ဆရာဝန်အခုလုပ်နေတာနဲ့ သူ့ခေါင်းထဲက ပိုးတွေနဲ့ ဘယ်လို ဆက်စပ်မှာပါလိမ့်ဆိုတာ တွေးနေတာဘဲ။
ဆရာဝန်က တဖက်လှည့်ပြီး သူ့လက်တွေ ရေပိုက်မှာမဆေးခင် "တော်ပါပြီ" လို့ပြောတယ်။ အဒေါ်ရွှေက မတွေးတတ်ပေမယ့် အိပ်ရာကထ လိုက်ရတယ်။ သူ မခံရပ်နိုင် အောင် နာကျင်ကိုက်ခဲနေတဲ့ ရောဂါကို ဒီလိုစမ်းတာနဲ့ တော်ပြီတဲ့လား။ ဆရာဝန်က ပိုးမွှားလေးတွေ အကောင်တသောင်းလောက်က ဝိုင်းကိုက်နေကြသလိုပါ ဆရာဝန်ရယ် လို့တောင် ပြောပြဖို့ မလိုတော့ဘူးတဲ့လား၊ တယ်တော်တဲ့ ဆရာဝန်ပါလား။
"အပြင်ကြွပါအမကြီး၊ အပြင်ဘက်မှာ ဆေးယူဖို့စောင့်ပါ" တဲ့။ အဒေါ်ရွှေက နားမလည်သလို အူကြောင်ကြောင်နဲ့ အိပ်ရာပေါ်ကို ထိုင်နေသေးတာ မြင်လို့တဲ့လေ။ အဒေါ်ရွှေလည်း ခပ်ဖြည်းဖြည်း အိပ်ရာပေါ်က ဆင်းပါတယ်။ ခြေထောက်က မြေကိုထိတော့ လူကယိုင်သွားလိုက်သေးတယ်။ သူ့မှာဘာခွန်အားမှ ပြန်ဝင်မလာသေးတာတော့ အမှန်ပဲ။
"အမကြီး- ခရမ်းချဉ်သီးတို့၊ အသည်းတို့ များများစားပေး-သိတယ်မှုတ်လား" လို့ပြော ပြီး ဆင်နားရွက်တံခါးလေးကို တွန်းဖွင့်ပြီး အပြင်ခန်းက စားပွဲလေးမှာ တစုံတခုရေးဖို့ ဝင်ထိုင်တယ်။
အဒေါ်ရွှေက ခေါင်းညိတ်ပါတယ်။ ဆရာဝန်စကားကို ကြားတယ်လို့ ဖြေတာပါ။ ဒါပေမယ့် ဈေးမှာက သူစားတဲ့ ငါးမှုန့်ငါးဖွဲ တဆယ်သားကိုပဲ အတော်ပေးမှ ရတာပါ။ ခရမ်းချဉ်သီးတို့၊ အသည်းတို့က သူမစားနိုင်တဲ့ အဆင့်ကပါ။
"ဒီမှာအမကြီး အမကြီးကိုဆွဲမမယ့် အားဆေးတွေ၊ ဟောဒါကို ထမင်းစားပြီးတိုင်း ၂ပြားသောက်" တဲ့။ ပြီးတော့ ပုလင်းကြီးတလုံးထဲက ဆေးညိုညိုကြည်ကြည် အလုံးလေးတွေ ကို စာအိတ်တခုထဲ ရေထဲ့နေပြန်တယ်။ အဒေါ်ရွှေက ဆရာဝန်လုပ်သမျှတွေကို မျက်ခြေမပြတ် ကြည့်နေတာကလား။ ဆရာဝန်ကသူ့ကို ဘာအတွက်ဆွဲ ထူပေးမှာပါလိမ့်၊ သူလိုချင်တာက သူ့ခေါင်းထဲ ကိုက်ခဲထွင်းဖောက် စားသောက်နေကြတဲ့ ပိုးကောင်မွှား ကောင်တွေကို သေစေနိုင်မယ့် ဆေးဝါး မျိုးလိုချင်တာ၊ ပြီး တကယ်ပြောရရင် ဒီအသက်ကြီး ကိုလည်း သူက ရှည်မနေချင်တော့ပါဘူး။
"ဒီဆေးတွေအားလုံးဟာ-အစားစားပြီးမှ သောက်ရမှာနော် အမကြီး" လို့ထပ်ပြောပြီး ဆရာဝန်က ဆေးအိတ်ကလေးတွေကို လှမ်းပေးပါတယ်။ အဒေါ်ရွှေက ဒီဆေးတွေသူ့အတွက် ဘယ်လို အသုံးဝင်လိမ့်မယ်ဆိုတာ မတွေးတတ်ပေမယ့် လက်လှမ်းပြီးယူပါတယ်။
"အားလုံး ဘတ်ရှစ်ဆယ် ကျပါတယ် အမကြီး" တဲ့၊ ပြုံးလို့အဒေါ်ရွှေကို ကြင်နာတဲ့ မျက်လုံးတွေနဲ့ ကြည့်လို့။
အဒေါ်ရွှေက လန့်သွားတယ်၊ တကိုယ်လုံးမှာ ချွေးတွေလည်း ထွက်လာတယ်။ သောက်ကျိုးနဲ အဖိုးကြီးတဲ့ ဆေးတွေပါကလား။ သူ့မှာ ရှိစုမဲ့စု တပြားမကျန်ထုတ်ပေးအုံး ဒီဆေးဖိုးရဲ့ တဝက်တောင် မပြည့်မယ့်ကိစ္စ။ သူ့ဘယ်နှယ့်လုပ်ရပါ့မယ်။ အဒေါ်ရွှေအဖို့ ကမ္ဘာကြီး ပတ်ခြာလည်နေတယ် ထင်ရပါပြီ။ နောက်ဆုံးတော့ ဆရာ့စားပွဲစွန်းကို လက်နဲ့ တအားဆုပ်ထားလိုက်ပြီး၊ ဒီ ဆေးတွေ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
"ဆရာရယ် - ကíန်မဘာဆေးမှမယူရင်မဖြစ်ဘူးလား" လို့ အရဲစွန့် မေးလိုက်တော့၊ ဆရာက သူ့ကို ဖျပ်ကနဲ မော့ကြည့်လိုက်တယ်။ ပြီးတော့ အပြုံးကလေးတချက်သန်းပြီး
"ဘာလို့တုံး" တဲ့။
"ကျွန်မ မှာအားလုံးပါတာက ဘတ် ၃ဝ တည်းမို့ပါ" လို့ပြောပြီး လက်ထဲကဘတ် ၁ဝတန် စက္ကူလေးသုံးရွက်ကို စားပွဲပေါ်မှာတင်လိုက်တော့ "ဒါက ကျွန်တော့် စမ်းသပ်ခ တောင် မပြည့်ဘူး အမကြီး" တဲ့။ အသံအနေနဲ့ ရိုင်းမသွားအောင်တော့ ဆရာက ကြိုးစား ပြောပါတယ်။ ဒါပေမယ့် ပထမလို မချိုတာတော့အမှန်၊ သူ့မျက်နှာမှာ ကြင်နာတဲ့ အရိပ် အယောင်တော့လည်း ရှိပါသေးတယ်။
"ဒီလိုဆိုရင်အမကြီး ဆေးတော့ရမယ် မထင်ဘူး"
"ဟုတ်ကဲ့၊ ကိစ္စမရှိပါဘူးဆရာ၊ ဒါဟာကျွန်မ ရှိတာ အကုန်မို့ပါ။ ဆရာကျွန်မကို သနားရင်ဖြင့် ကျွန်မခေါင်းထဲက ပိုးကောင်ကလေးတွေ သေကုန်မယ့် ဆေးတခွက်လောက် တော့ တိုက်လိုက်ပါ ဆရာရယ်၊ ကျေးဇူးတင်ပါတယ်။ ဆေးလေးတပြား လောက်ဖြစ်ဖြစ်ပေးပါ" လို့ပြောပြီး အဒေါ်ရွှေက ထိုင်းလူဆင်းရဲများက လူ့အထက်တန်း လွှာတွေကို ပေးတတ်တဲ့ အရိုအသေမျိုး လက်စုံပူးပြီး သူ့ခေါင်းပေါ်ကနေ ကန်တော့လိုက် ပါတယ်။
"အဲဒီလိုဆိုလည်း အမကြီးသဘောပေါ့။ ဒါပေမယ့် ဘတ် ၃ဝ ဆိုတာ ကျွန်တော့် စမ်းသပ်ခတောင် မပြည့်ဘူး" တဲ့။ ဆရာ့အသံနဲ့ ဟန်က ဒီတခါတော့ ကောင်းကောင်း ပြောင်းလဲသွားပါပြီ။ စားပွဲပေါ်က ဘတ် ၃ဝ ကိုလည်း လှမ်းယူပြီး သူ့ အံဆွဲထဲ ပစ်ထည့်လိုက် ပါတယ်။ ပြီးတော့ အညိုရောင် ပုလင်းကြီးတလုံးထဲက ပန်းရောင်ဆေးပြား ၂ ပြား ကိုလှမ်းပေးလိုက်ပြီး၊ နောက်လူနာတယောက်ကို ခေါ်လိုက်ပါတယ်။ ပြီးတော့ဆင်နားရွက် တံခါးကို တွန်းဖွင့်ဝင်သွားပါတော့တယ်။
အဒေါ်ရွှေက ခေါင်းငုံ့ပြီး လက်ဝါးထဲက ဆေးပန်းရောင်နှစ်ပြားကို စိုက်ကြည့်နေမိ တယ်။ ဘတ် ၃ဝ ရအောင် သူရက်ပေါင်းများစွာ စုခဲ့ရတာကိုလည်း မြင်ယောင်သေးရဲ့။ သူ့ခေါင်းထဲ ရက်ရက်စက်စက် ကိုက်ဝါးနေကြတဲ့ ပိုးမွှားကလေးတွေကိုလည်း သတိရနေရဲ့။ ပြီးတော့ တခါ မီးဖိုပေါ်မှာ ပစ်ထားခဲ့တဲ့ ငှက်ပျောထုပ်အိုးကြီးကို သတိရပြန်ရော။ ပြီးတခါ ဆရာဝန်ရဲ့ ကြင်နာတဲ့အမူအရာ၊ ချိုသာတဲ့အသံ၊ ယဉ်ကျေးဖွယ်ရာရှိပုံ။ အဒေါ်ရွှေ ဟာ ဆေးပြားနှစ်ပြားကို ငွေ ၃ဝ ဆုပ်ခဲ့တဲ့အတိုင်း လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လာလမ်း အတိုင်းပြန်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ကတော့ လာတုန်းကနဲ့ ဘာမှမခြားနားပါဘူး။ နာကျင် ကိုက်ခဲမြဲပါပဲ။


(ထိုင်းစာရေးဆရာ မာနော့သနုံဆီ ရေးတဲ့ ထိုင်းဝတ္ထုတိုကို အင်္ဂလိပ်လိုပြန်ဆို ထားရာမှ လူထုဒေါ်အမာက ဗမာလိုပြန်တာ ဖြစ်ပါတယ်။)

1 comment:

နီယော်ဓာ said...

သူငယ်ချင်းတွေနဲ့ မဂ္ဂဇင်းပေါ်လစီအကြောင်းတွေပြောကြတိုင်း ဒီဝတ္ထုတိုလေးကို ဘ၀နဲ့ရသစာပေစံအဖြစ် မပါမပြီး တဖွဖွညွှန်းမိ၊ ပြောမိပါတယ်။ ဒီစာမျက်နှာမှာ ထပ်ပြီးတွေ့ရတာ ကျေးဇူးတင်ဝမ်းသာကြောင်းပြောချင်လို့ပါ။