Wednesday, September 17, 2008

သူစိမ်းတွေကြားမှာ (၄) {ဒုတိယပိုင်း}
ရေးသူ- နုနုရည် (အင်းဝ)


နောက်စာသင်ဖက်နှစ်ယောက်က မွန်ဂိုက အကဆရာမ နှစ်ယောက်......။
တယောက်က အသက်အစိတ်၊ တယောက်က နဲနဲကြီးရှာပြီ။ ငါးဆယ့်ငါးနှစ်တဲ့...။ နှစ်ယောက်လုံးက အင်္ဂလိပ်လို မပြောနိုင်ရှာတော့ ပြဿနာပေါ့။ အငယ်မလေးက နဲနဲလေး ရတယ်။ 'ဂျာဂါ' ဆိုတဲ့ အကြီးမကြီးက လုံးလုံးမရရှာဖူး။ သူက သူတို့နိုင်ငံမှာ နံမည်ကြီး မင်းသမီးကြီးပေါ့။ သူတို့ ယဉ်ကျေးမှုတက္ကသိုလ်မှာ အကဆရာမပေါ့...။ သနားဖို့ကောင်းတာက ကိုးရီးယားစာကို သူ့ခမျာ ဘယ်လိုမှ မလိုက်နိုင်ရှာဖူး။ လက်တခါခါနဲ့ ခေါင်းကို ထိုးပြပြီး သူဘာမှ မသိဖူးတဲ့။ သူတို့ မွန်ဂိုတွေ ကျွမ်းကျင်တာက ရုရှားဘာသာစကားတဲ့။ ရုရှားလိုတော့ ကောင်းကောင်းပြောတတ်တယ်။ မွန်ဂိုတွေလဲ ကိုးရီးယားကို အလုံးအရင်းနဲ့ ၀င်နေကြတာပေါ့။ ပညာသင်ဖို့ ရောက်လာကြတဲ့ လူငယ်တွေ အများကြီးရှိသလို စားသောက်ဆိုင်တွေမှာလဲ မွန်ဂိုမလေးတွေ အများကြီးပဲတဲ့...။



မွန်ဂိုမင်းသမီးကြီး 'ဂျာဂါ' ကို ကျွန်မ တကယ့်ကို ကျေးဇူးတင်ရတာရှိတယ်။ ကျွန်မ ဒီကို ရောက်ပြီး တလလောက်မှာ လမ်းလျှောက်တာတွေ များလို့လား ဘာလား မသိပါဖူး..။ အခန့်မသင့်ဖြစ်ပြီး အခန်းထဲမှာပဲ ကျွန်မညာဘက် ခြေဖမိုးထဲက မျက်ကနဲဖြစ်သွားပြီး လမ်းလျှောက်လို့ကို မရတော့ဖူး ဖြစ်သွားသေးတယ်။ တကယ်ဆိုတော့ ကျွန်မအစဉ်အလာက ဘယ်နေရာရာ ရောက်ရောက်၊ ချော်လဲတတ်တဲ့ အစဉ်အလာရှိတယ်။ အရိုးအကြော စပါယ်ရှယ်လစ် 'ဒေါက်တာပင်ဒိုရာအောင်ကြီး' ဟာ ကျွန်မရဲ့ အားထားရာပေါ့...။ ဒေါက်တာပင်ဒိုရာ မရှိတဲ့ ဒီနေရာမှာ ချော်မလဲအောင် ကိုယ့်ဟာကိုယ် သတိထားနေရင်းက ဖြစ်သွားတာလေ....။ အဲဒါ တက္ကသိုလ်ဆေးရုံကို သွားဖို့ပြင်နေတုန်း မွန်ဂိုမင်းသမီးက ကျွန်မဆီရောက်လာတာ။ သူကလဲ ကျွန်မတို့ (KNUA) အစီအစဉ်နဲ့ ရောက်နေတဲ့သူလေ..။ သူက ကျွန်မကို လိမ်းဆေးအဆီ ရှိလားတဲ့။ မရှိလဲ ဟင်းချက်တဲ့ ဆီဆိုလဲ ရတယ်တဲ့။ ကျွန်မက လင်ဇီးလိမ်းဆေး အဆီရှိတယ်လို့ သူ့ကိုပြတော့ 'ပေး' ဆိုပြီး တခါထဲ ကျွန်မအိပ်ရာဘေးမှာ ဒူးလေးထောက်ပြီး ကျွန်မ ခြေဖမိုးတ၀ိုက်ကို နှိပ်တော့တာ....။ တကယ့်ကို ညင်သာပြီး ကျွမ်းကျင်တာပဲ...။ သူက လက်ဟန်ခြေဟန်တွေနဲ့ ပြောပြရှာတယ်...။ သူတို့ က,တဲ့သူတွေဟာ ခဏခဏ အကြောတင် တတ်တယ်တဲ့။ အဲဒါကြောင့် သူ ဒီပညာကို သင်ထားတာပေါ့လေ....။ ဘာမှ မစိုးရိမ်နဲ့၊ ဆေးရုံလဲ မသွားနဲ့၊ ဆေးရုံသွားရင် ကိုးရီးယားထုံးစံ အပ်တွေနဲ့ စိုက်လိမ့်မယ်တဲ့....။ သူ သုံးရက်နှိပ်ပြီးရင် ပျောက်သွားလိမ့်မယ်ဆိုပြီး ကျွန်မကို...၊ မနက်တိုင်း သုံးရက်တိတိ လာနှိပ်ပေးရှာတာ...၊ အံ့သြစရာ၊ နှစ်ရက်မြောက်မှာ ကျွန်မ လမ်းလျှောက်နိုင်သွားတယ်လေ...။ သူငယ်ချင်း 'ဂျာဂါ' ကို တကယ်ကို ကျေးဇူးတင်ရ တာပေါ့...။
နောက်နှစ်ယောက်သော သူငယ်ချင်းက 'မန်ဂျူ' ဆိုတဲ့ နီပေါမလေးနဲ့ 'ဂျူဒီ' ဆိုတဲ့ အိန္ဒိယသူ ကုလားမလေး။ အသက်ကလေးတွေက နှစ်ဆယ်တနှစ်နဲ့ နှစ်ဆယ်နှစ်နှစ်။ 'ဂျူဒီ' လေးက အသက်နှစ်ဆယ်နှစ်နှစ်ပေမဲ့ အိန္ဒိယထုံးစံအတိုင်း သားတယောက်အမေ ဖြစ်နေပြီ....။ သူ့ယောက်ျားလေးက သြစတေလျမှာ...။ သားငယ်လေး တနှစ်သားကို အဖေအမေဆီမှာ ထားခဲ့ပြီး သူ့ကုမ္ပဏီက တက်ခိုင်းတဲ့ ကိုးရီးယားဘာသာစကား ဆယ်ပတ်သင်တန်းကို လာတက်ရရှာတာ...။
နိပေါမလေး 'မန်ဂျူ' ကတော့ ကျောင်းတက်ဖို့လာတာ..။ ထုံးစံအတိုင်း ကိုးရီးယားစာ သင်ပြီး ကျောင်းရှာရမှာပေါ့။ သူကလေးက ကိုးရီးယားစာကို အပြင်းအထန်လုပ်ရမှာဆိုတော့ ဒီတတန်းထဲတင်မဟုတ်ပဲ တခြားအတန်းတွေကိုပါ တနေကုန် လိုက်တက်နေရရှာတာ...။ ကျွန်မတို့ အတန်းထဲမှာတော့ မန်ဂျူဟာ အတော်ဆုံးပေါ့။ မသိတာရှိရင်...၊ သူ့ကို အားလုံးမေး ကြရတာပဲ။ သူရယ်၊ ကုလားမလေးဂျူဒီရယ်၊ ကျွန်မသူငယ်ချင်း နီပေါပန်းချီဆရာမ အယ်ရီနာရယ် သုံးယောက်က ဟိန္ဒူစတန်နီစကားနဲ့ ပြောလို့ရကြတော့... အိုး... အတန်းထဲမှာ တကယ် ကုလားသိုက်ကျားဝင်ကိုက်ပဲ။
'ဆရာမအင်' က သူတို့ကြောင့်ပဲ အတန်းထဲမှာ ကိုးရီးယားစကားကလွဲရင် တခြား မည်သည့်ဘာသာစကားကိုမျှ မပြောရ၊ ပြောတဲ့သူ တခါပြောရင် ၀မ် ၅၀၀ ပေးရမယ်၊ အဲဒီပိုက်ဆံနဲ့ ဒီသင်တန်းပြီးရင် ပီဇာပါတီလုပ်မယ်ဆိုပြီး စည်းကမ်းသတ်မှတ်ရတော့တာ။
အဲဒီ စည်းကမ်းသတ်မှတ်တဲ့နေ့မှာပဲ အီရန်သားလေး အားလီက ၀မ်တသောင်းတန်ကို ရန်ပုံငွေပုံးလေးထဲ ချက်ချင်းထည့်တယ်လေ...။ သူက မဖြစ်ဖူးတဲ့၊ သူစာနားမလည်တာကို အီရန်မလေး 'မာရီ' ကို မေးမှ ဖြစ်မှာတဲ့..။ သူဘာမှ နားမလည်ဖူးတဲ့...။ တကယ်လဲတကယ်...၊ အဲဒီကလေးဟာ အတန်းထဲမှာ ဘာမှလဲ လိုက်မရေး၊ လိုက်မမှတ်တော့ဖူး၊ ထိုင်နားထောင်နေ တာပဲ..။ ပြီးရင် တခိခိရယ်ရော..။ သူ့ကြောင့်လဲ ဆရာမ'အင်' မျက်လုံးပြူးရပြီး တတန်းလုံး တဟားဟားရယ်ရတာလဲ အကြိမ်ကြိမ်...။ 'လှတယ်' ဆိုတဲ့ ကိုးရီးယားစကားကို 'အားလီ' တလွဲသုံးလိုက်ပုံက 'အရသာရှိတယ်' ဆိုတဲ့ စကားနဲ့လေ...။ ဆရာမ'အင်' က နံမည်ကျော်မင်းသမီး 'ဆောင်းဟေဂို' (ကျွန်မတို့ရဲ့ အွန်စော) ပုံကို ပြပြီး 'အားလီ' ကို စကားလုံး သုံးခိုင်းတာ.. အားလီသုံးပြလိုက်တယ်လေ..။ "ဆောင်းဟေဂိုဟာ အရသာသိပ်ရှိတယ်" တဲ့...။
ကျွန်မလဲ ဆရာမ 'အင်' ကို မျက်လုံးပြူးအောင် လုပ်ပြီးပါပြီ...။
တခုသော စာသင်ချိန် အစမှာ ဆရာမလေးက မျက်နှာလေးညှိုးညှိုးနဲ့..။ မနေ့ညကပဲ သူ့ရဲ့ ချစ်သူဟာ မီဂု(အမေရိကား) ကို ပြန်သွားပြီတဲ့။ အဲဒါကြောင့်.. သူ အခု ဘာဖြစ်နေသလဲ လို့ class ကို အသုံးချမေးခွန်းမေးတော့တာပဲ။ လူကြီးဦးဏှောက်နဲ့ စကားလုံးတွေကို မှတ်တတ်တဲ့ ကျွန်မက ဖြတ်ခနဲ ဖြေချလိုက်တယ်။ 'ဆရာမအင် ခေ့ဖုမီတာ ဖြစ်နေတယ်' လို့လေ...။ ဆရာမအင် ၀မ်းနည်းနေတယ်ပေါ့။ ဆရာမအင်မှာ မျက်လုံးပြူးသွားပြီး 'ဘာ... ခေ့ဖုမီတာ' ဆိုပြီး 'နိုးနိုး အာနိယို ဆေ့ဖုမိတာ' လို့ ကဗျာကရာ ပြင်ပေးရင်းက တဟားဟားရယ်ရော..။ ပြီးတော့မှ "ဂမ်ဆမ်းမီသာ၊ ကျေးဇူးပဲ နုနု၊ ငါ့ချစ်သူကြောင့် ဆေ့ဖုမီတာ ဖြစ်နေတာ မင်းကြောင့် ခုမှ ငါ ခေ့ဖုမီတာ ဖြစ်သွားတော့တယ်.." တဲ့။ 'ဆေ့ဖုမီတာ' က ၀မ်းနည်းတာ၊ 'ခေ့ဖုမီတာ' က ပျော်ရွှင်တာလေ...။
ကျွန်မတို့ အတန်းလေးဟာ ကိုယ့်ဟာနဲ့ကိုယ်တော့ 'ခေ့ဖုမီတာ' ဖြစ်နေတာပါပဲ...။ မန်ဂျူလေးနဲ့ ဂျူဒီလေးကလဲ တချိန်လုံး ကျွန်မကို ကုလားသီချင်း လိုက်သင်လား သင်ရဲ့....။ တခါသား ကျွန်မက နောက်ပြီး သူတို့အရွယ်တွေ မသိနိုင်တော့ဖူး ထင်တဲ့ ကျွန်မတို့ ငယ်ငယ်က ကုလားသီချင်း 'ရူးပွတ်တေနား၊ မာစတားနား' ကို ဆိုပြလိုက်မိတာ....၊ အံ့သြစရာ သူတို့က သိနေပြီး၊ ခုချိန်ထိ ခေတ်စားနေဆဲ.. သီချင်းတဲ့။ တချိန်လုံး ကျွန်မကို သင်ပေးနေတော့တာပဲ။ class ခဏနားတဲ့အချိန်ဆို အိန္ဒိယသူ ဂျူဒီက အက, လေးတောင် ပါလိုက်သေးတယ်။ ချစ်စရာလေးတွေပါ။
ချစ်စရာ ပျော်တတ်သော ဂျူဒီလေးဟာ အံ့သြစရာ.... မျက်ရည်ကျတတ်သော၊ အနုပညာကို ခံစားတတ်သော ကလေးလဲ ဖြစ်လို့ နေပါသေးတယ်။ ကိုးရီးယားစာသင်ကြား ရေးမှာ နားထောင်တတ်ဖို့၊ နားလည်နိုင်ဖို့ အတွက် ရုပ်ရှင်ပြပြီး သင်တာပါတယ်။ ကိုးရီးယားလို စကားပြော၊ စာတန်းလဲ ထိုးပေးထားတာပေါ့။
ကျွန်မတို့ကို ပြတဲ့ ရုပ်ရှင်ကားလေးက 'The way home' တဲ့။ ကိုးရီးယားလို 'ဂျီဘေ့ယို' မြန်မာလို 'အိမ်အပြန်' ပေါ့လေ..။ မြေးအဖွား နှစ်ယောက်အကြောင်းလေးကို ရိုက်ပြထားတာ။ သူတို့ဆီမှာ ဆုတွေ အများကြီး ရတဲ့ကားပေါ့။ ဇာတ်ကားထဲက အသက် (၇၇)နှစ် အရွယ် ဇာတ်ဆောင်အဖွားကြီးက ရုပ်ရှင်သရုပ်ဆောင် မဟုတ်ဖူး။ အပြင်က တကယ့်အစိမ်း သက်သက်ကို ထည့်ပြီး ရိုက်ထားတာ။ ရိုက်ရတာ သိတ်ကို ခက်မှာပါပဲ..။ ဒီကားလေးကို ကျွန်မက မြန်မာပြည်မှာ ကတဲက ကြည့်ပြီးနေပြီလေ။ စာသင်ခန်းမှာ ကြည့်တာသုံးကြိမ် မြောက်လို့ ပြောတဲ့အခါ ဆရာမ'အင်' က အံ့သြလို့...။ မြန်မာပြည်မှာ ရှားရှားပါးပါး ဇာတ်ကား လေးတွေ ရလာရင် လက်တို့ လဲလှယ်ကြည့်ကြတဲ့ ရုပ်ရှင်ရူးအဖွဲ့မှာ ကျွန်မလဲ အဖွဲ့ဝင်တယောက်ပေါ့။ ဆရာသုခမိန်လှိုင်ဟာ ဥက္ကဌတောင် ရွေးချယ်တင်မြှောက်ထိုက်တဲ့ သူလေ...။
ရှားရှားပါးပါး၊ ဇာတ်ကားကောင်းလေးတကား ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဖူး။ ၀တ္ထုကောင်းလေးတပုဒ် ဖတ်ရတဲ့ အရသာနဲ့လဲ ဆင်ဆင်တူပါတယ်။
ကိုးရီးယားဇာတ်ကားအားလုံးကို ကျွန်မ မကြိုက်ပါဖူး။ အထူးသဖြင့် Series လို့ ခေါ်တဲ့ Soap Opera အမျိုးအစား၊ ဇာတ်လမ်းတွဲတွေကို မကြိုက်ဖူး။ soap opera ထုံးစံအတိုင်း..၊ ဇာတ်ကို ဆွဲဆန့်ရတဲ့အခါမှာ လှလှပပ၊ သပ်သပ်ရပ်ရပ်၊ ဆွဲမဆန့်တတ်ရင်..၊ 'ဆွဲဆန့်ထားတဲ့ အရာကြီး' ကို မြင်နေရရော...။ အရသာက ဘယ်လိုမှ မရှိတော့ဖူး။ ကိုးရီးယားရုပ်ရှင်ဇာတ်ကား ကို ပိုကြိုက်တယ်။
မြန်မာပြည်မှာတုန်းက ဘယ်လိုမှ အရသာမရှိတဲ့ ခိုးကူးခွေတွေကို မကြည့်ချင်တာနဲ့ မကြည့်ဖြစ်ခဲ့တဲ့ နံမည်ကျော် ဒါရိုက်တာ ရင် (ဂျန်ဒေါင်ဝန်) နဲ့ ထယ်ဆောက် တို့ရဲ့ နံမည်ကြီး ကိုးရီးယားစစ်ကားကို ဒီကျမှ ကျွန်မကြည့်ရတယ်။ 'Taegukgi' ဆိုတဲ့ ၁၉၅၀က တောင်နဲ့မြောက် ကိုးရီးယားစစ်ပွဲကားပေါ့။
ကျွန်မကြည့်ရတဲ့ နေရာက အဲဒီ စစ်ပွဲဖြစ်ခဲ့တဲ့နေရာ၊ 'ဒယ်ဂု' မြို့ရဲ့ စစ်သမိုင်းပြတိုက်ကို လေ့လာဖို့အသွား၊ ကားပေါ်မှ အဲဒီရုပ်ရှင်ကို ပြတာ...။ ကာလ ဒေသ နောက်ခံကပဲ တိုက်ဆိုင်နေလို့လား မသိပါဖူး။ ကောင်းလိုက်တဲ့ ရုပ်ရှင်..။
တောင်နဲ့မြောက်ကိုးရီးယား စစ်ပွဲအတွက် လူငယ်တွေကို အတင်းအဓမ္မ စစ်တပ်ထဲ ၀င်ဖို့ ဆွဲခေါ်တဲ့အထဲမှာ ညီငယ်လေးက ပါသွားတော့၊ အကိုလုပ်သူက လိုက်ခေါ်ရင်း... သူပါ .. လိုက်သွားရပြီး၊ စစ်ပွဲထဲ ရောက်သွားကြရတဲ့ ဇာတ်ပေါ့။ စစ်ပွဲတွေကို ရိုက်တာလဲ သိပ်ကောင်းတာပဲ၊ ကင်မရာတွေရော၊ သရုပ်ဆောင်တွေရော၊ စစ်ပွဲထဲကို ကိုယ်ပါရောက်သွား တော့တာပါပဲ။ တကယ်တမ်းဆို ကျွန်မက 'စစ်ကား' ဆို သိပ်မုန်းတာ..၊ သိပ်ကောင်းလွန်းတဲ့ ကားကျမှ ကြည့်တာ။ ဒီဇာတ်ကားကို ကျတော့ သဘောကျလိုက်တာ။ စိတ်ထဲမှာလဲ ဖြစ်မိတယ်၊ အော် သူတို့ စစ်ကားလဲ ကောင်းကောင်း ရိုက်တတ်သွားပြီလို့....။
အဲဒီကားထဲမှာ ကျွန်မ သိပ်ကို ခံစားရတဲ့ အကွက်လေး တကွက် ရှိတယ်..။ ကျွန်မကို ရက်ပေါင်း တော်တော်ကြာကြာ စိတ်ထိခိုက်စေခဲ့တဲ့ အခန်းလေးပေါ့။ စစ်ထဲပါသွားတဲ့ အကို လုပ်သူမှာ မအေမုဆိုးမ မိသားစုနဲ့အတူတူ ကျန်ခဲ့တဲ့ ငယ်ငယ်ကတည်းက အတူနေလာခဲ့ သူလေး ရှိတယ်။ အဲဒီ မိန်းကလေးကပဲ ညီအကိုနှစ်ယောက်ရဲ့ မိသားစုကို စစ်အတွင်းမှာ လုပ်ကိုင်ကျွေးမွေးခဲ့ရှာတာပေါ့။ တောင်ကိုးရီးယားတပ်တွေက အောင်ပွဲခံပြီး၊ ညီအကို နှစ်ယောက် ပြန်လာတဲ့အခါမှာ အဲဒီမိန်းကလေးဟာ စစ်အတွင်းမှာ မြောက်ကိုးရီးယားတပ်ကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့မှုနဲ့ အဖမ်းခံနေရရှာပြီ။ အကိုလုပ်သူက ဒေါသနဲ့ လိုက်သွားတဲ့အခါမှာ သူတို့ရဲ့ တောင်ကိုးရီးယားစစ်တပ်က မရဖူး၊ သစ္စာဖောက်တွေကို လွှတ်မပေးနိုင်ဖူးတဲ့။ စစ်အတွင်း တိုက်ပွဲတွေမှာ အသေခံတိုက်ပွဲဝင်ခဲ့တဲ့..၊ သူရဲကောင်းဘွဲ့ တံဆိပ်ရ အကိုလုပ်သူက မိန်းကလေးကို...၊ 'ဒါ ငါ့မိသားစုဝင်ကွ' လို့ပြောပြီး ဆွဲခေါ်တဲ့အချိန်မှာ မိန်းကလေးက ပြောရှာတယ်။ 'ငါလက်မှတ်ထိုးတာ မှန်ပါတယ်ဟယ်....တဲ့...၊ ဒါပေမဲ့ ငါ ငတ်လွန်းလို့ ထိုးလိုက်မိတာပါ...၊ အဲဒီလက်မှတ်ထိုးရင် တို့မိသားစုအတွက် စားစရာပေးမယ် ဆိုလို့ပါ... ' တဲ့။ အကိုလုပ်သူက မချိတင်ကဲနဲ့ မိန်းကလေးကို ဆွဲအထွက်၊ နောက်ကနေ သေနတ်နဲ့ ပစ်ချလိုက်တာ...၊ နောက်ကျောတည့်တည့်မှန်ပြီး လဲကျသွားရှာတဲ့ မိန်းကလေးက ချစ်တဲ့သူရဲ့ ရင်ခွင်မှာ နောက်ဆုံး စကားလေးတခွန်းကို ပြောပြီး ဆုံးပါးသွားခဲ့ရှာတာ။
'ငါနင့်ကို ဘယ်လောက်လွမ်းခဲ့ရတယ်ဆိုတာ နင်သိမှာ မဟုတ်ပါဖူး....' တဲ့။ မျက်ရည်မပါပဲ သူပြောသွားတဲ့ စကားလေးတခွန်းဟာ ကျွန်မကို မျက်ရည်တပေါက်ပေါက် ကျစေခဲ့ပါတယ်...။ တကယ်တော့ သူပြောတဲ့ စကားလေးဟာ အင်္ဂလိပ်လို စာတမ်းလေးပါ။ သူပြောတဲ့ ကိုးရီးယားစကားကို ကျွန်မ နားမလည်ပါဖူး.....။
ကျွန်မတို့ စာသင်ခန်းမှာ ကြည့်ရတဲ့ မြေးအဖွားဇာတ်ကားလေးကလဲ....၊ ဇာတ်ကလေးက ပါးပါးလေးရယ်...။ ဝေးလံသီခေါင်လှတဲ့ ရွာကလေးမှာ တယောက်ထဲ နေရရှာတဲ့ အဖွားအိုဆီကို ဆိုးလ်မြို့ကြီးမှာနေတဲ့၊ သမီးလုပ်သူက သူ အဆင်မပြေတဲ့ အခိုက် အတန့်လေးမှာ သူ့ရဲ့ ခုနှစ်နှစ်ရွယ်သားလေးကို ခဏလာပို့ထားတဲ့ အဖြစ်အပျက်လေးပေါ့။
မြေးနဲ့အဖွားက တခါမှ မတွေ့ဖူးကြဖူး။ အဖွားက စကားလဲမပြောတတ်၊ စာလဲကောင်း ကောင်းမတတ်ရှာဖူး။ မြေးကလဲ မြေးဆိုးကလေး...။ ခါးကုန်းကုန်းကြီးနဲ့ ဆင်းရဲပင်ပန်းစွာ နေရရှာတဲ့ အဖွားကို အမျိုးမျိုးဆိုး။ အဖွားက အားလုံးခွင့်လွှတ်။ နောက်ဆုံးတော့ မြို့ကအမေက ပြန်လာခေါ်ခါနီးမှ မြေးကလေးက သံယောဇဉ်တွယ်သွားပြီး စိတ်ထိခိုက်စွာ ခွဲခွါကြတာလေးကို ရိုက်ပြထားတာ။
ကျွန်မ ဒီဇာတ်ကားလေးကို ကြည့်တဲ့အခါတိုင်း မြို့ကို ပြန်ရခါနီးမှာ၊ မြေးကလေးက မမြင်မစမ်းနဲ့ အပ်ပေါက်ထိုးရရှာတဲ့ အဖွားအတွက် အပ်ပေါက်ထိုးပြီးသား ချည်အရှည်ကြီးတွေ နဲ့ အပ်တွေကို အပ်ချုပ်ခုံကလေးမှာ အများကြီး ထိုးပေးထားခဲ့တဲ့ အခန်းလေးကိုရောက်ရင်... ဘယ်လိုမှ ထိန်းမရပဲ မျက်ရည်က ဝေစမြဲပေါ့....။ ကျွန်မချစ်တဲ့အဖွားကို ဟိုစဉ်ငယ်ဘ၀တုန်း က အမြဲ အပ်ပေါက်ထိုးပေးရတာလေ...။
ကျွန်မတို့ ကြည့်နေကြတုန်း အဲဒီအခန်းလေးလဲရောက်ရော... မှောင်နေတဲ့ အခန်းထဲ မှာ ရှိုက်ကြီးတငင် ငိုချလိုက်တဲ့ အသံက အကျယ်ကြီး ထွက်လာခဲ့ပါတယ်။ ဆရာမ 'အင်' လဲ လန့်ဖြတ်သွားပြီး မီးကို ဖွင့်လိုက်တော့ အိန္ဒိယသူလေး ဂျူဒီရယ်လေ..။ ကျွန်မက 'ဂျူဒီ' လို့ ခေါ်လိုက်တော့ မျက်ရည်ဝေနေတဲ့ ကျွန်မဆီ သူပြေးလာပြီး 'နုနု.. နုနု' ဆိုပြီး ဖက်ပြီး ငိုတာ၊ ငိုတာ၊ မနဲချော့ရတယ်။
ခံစားတာချင်း၊ ခံစားတတ်တာချင်း မတူကြပုံများ..၊ အီရန်သားလေး 'အားလီ' နဲ့ အီရန်မလေး 'မာရီ'တို့ကတော့ တခိခိနဲ့...။ ဂျူဒီလေး ဘာကြောင့် အဲလို ဖြစ်တာလဲတဲ့။ မာရီက သူ့အနေနဲ့ အဲဒီရုပ်ရှင်ထဲက မြေးဆိုးကောင်လေးကို အပြင်ဖက်ခေါ်ထုတ်ပြီး ခပ်စပ်စပ်လေး ရိုက်ပစ်ချင်တာပဲ ရှိတယ်တဲ့။
နိပေါသူ 'မန်ဂျူ' လေး ဆရာမ'အင်' ကို မေးတဲ့ မေးခွန်းကတော့ good question ပါ။ ဒါလောက် အသက်ကြီးပြီး ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနေရရှာတဲ့ အဖွားအိုတယောက်ထဲ ပစ်ထားတာ ဘာကြောင့်လဲတဲ့။ ဆရာမ'အင်' ခမျာ ကျေနပ်လောက်တဲ့ အဖြေကို မပေးနိုင် ရှာဘူး။ 'တောရွာမှာနေကြတဲ့ လူငယ်တွေဟာ၊ ဆိုလ်း မြို့ကြီးမှာပဲ နေချင်ကြတယ်တဲ့၊ အဲလိုနဲ့ မြို့ကို တက်လာကြပြီး အဖိုးအို အဖွားအိုတွေကို တောရွာတွေမှာ အဲလိုပဲ ထားပစ်ခဲ့ကြတယ်...' တဲ့လေ။
ဒီဇာတ်ကားလေးဟာ သူတို့ရဲ့ ဒီနေ့ လူနေမှုဘ၀အစစ်ကို ထင်ဟပ်တယ်ဆိုရင်ဖြင့် စိတ်မကောင်းစရာပါ။ ကျွန်မတို့ အာရှရဲ့ လူနေမှုဘ၀ယဉ်ကျေးမှုဟာ ဒီလိုမှ မဟုတ်တာပဲ...။ ဒီလိုနဲ့ပဲ ပြောင်းလဲသွားရတော့မှာလား။
ကျူးဘားကလေး မောင်အန်းဒီက မျက်နှာငယ်လေးနဲ့ မျက်ရည်သုတ်စရာ တစ်သျှူးစက္ကူလေးတွေကို ကျွန်မနဲ့ ဂျူဒီကို ပေးရင်း သူ့စတိုင်အတိုင်း ခေါင်းလေးတရမ်းရမ်းနဲ့ 'grandma' 'grandma' တဲ့။
ရုပ်ရှင်ပြပြီးတော့ ဆရာမ'အင်' က စာဆက်သင်တော့ နဲနဲခက်တဲ့ သင်ခန်းစာအသစ်ကို စသင်တယ်လေ။ ထုံးစံအတိုင်း စိတ်ရှုပ်ထွေးသွားတဲ့ မျက်နှာနဲ့ မောင်အန်းဒီက ကျွန်မကို လှမ်းကြည့်တယ်။ ပြီးတော့ ကျွန်မနားကို ဖြတ်ကနဲ ကပ်ပြီး 'နုနု ဆဲဂျုန်း ဘုရင်က ရူးနေတာ' တဲ့ လေ။ ကျွန်မသာ ရယ်ချင်တဲ့ စိတ်ကို ချုပ်တည်းထားရတာ၊ သူက ခပ်တည်တည်နဲ့၊ လက်ညှိုးကို ကောက်ပြီး နားထင်ကို ထောက်ပြထားလို့...။ ဆရာမစာသင်တာကို စိတ်ဝင်စား ချင်ဟန်ဆောင်နေတယ်။ ချစ်စရာ ရယ်စရာကောင်းတဲ့ ကလေးလေး....။
ဒီ သူစိမ်းကလေးတွေနဲ့တော့ တခါတလေ ပျော်စရာကောင်းပေမဲ့....၊ အခန်းထဲမှာ တယောက်ထဲဆိုရင်တော့ စိတ်က ဖောက်ချင်လာတတ်တယ်.. မြေးကလေးရေ....။
ဟောကြားလား... ဒေါ်ရီသန့်ကလေ...
"xx ဘယ်ဝယ်ဆီxx တမ်းတကာxx မှန်းဆကာxx လွမ်းရပါ့မည်... ငှက်အသွင်xx တောင်ပံဖြန့်ချီ...." တဲ့.... မြေးကလေးရဲ့....။
ဘာတဲ့.. ကျောက်ပန်းတောင်း ခင်စိုးဦးလေးကလဲ... "ကျွန်မတို့.. ရွှေပြည်ကြီး.. ကွာဝေးသလို.. ကွာဝေးသလိုxx" တဲ့။

နုနုရည် (အင်းဝ)
KNUA ခူနွာညနေခင်း။
စက်တင်ဘာ၊ ၂၀၀၈။

1 comment:

victor said...

Very glad to read this kind of "Travelogue". Thanks to the author herself and to the admin.

Have more successes!

Regds,

victor