
ဒီနှစ် ကျနော့် အမေမွေးနေ့မှာ စစ်ကိုင်းတောင်ရိုးပေါ်မှာရှိတဲ့ အဖေနဲ့အမေရဲ့ မွေးစားသား ဘုန်းကြီးဦးအောင်ဖြိုးရဲ့ ကျောင်းကိုသွားပြီး ဆွမ်းကျွေးမယ်လို့ သိရပါတယ်။ ဒီနာမည်ကို မကြားဖူးပါလားလို့ ကျနော်လည်း ခေါင်းစားခံ တွေးနေမိပါတယ်။ ဘယ်က ဦးအောင်ဖြိုးလဲ။ ဘယ်တုန်းက မွေးစားတာလဲ။ ကိုယ်အိမ်က ထွက်လာတာ အနှစ်သုံးဆယ် ကျော်ခဲ့ပြီဆိုတော့ ပြန်စဉ်းစားရတာ အတော်ကို ခက်ပါတယ်။ ဒါပေမဲ့ ကလေးတယောက် မွေးစားတယ်ဆိုတော့ မစဉ်းစားပဲ မနေနိုင်ပါဘူး။
ပြောရရင် ကျနော့်အဖေဟာ သူထောင်က ထွက်လာပြီးကတဲက အိမ်မှာ တိရစ္ဆာန်မွေးတာကိုတောင် လက်မခံပါဘူး။ မှတ်မှတ်ရရ တခါမှာ ကျနော့်ညီ ဘိုညိုက သူ့ သူငယ်ချင်း ချက်ကြီးဆီကို သွားလည်တော့ အပြန်မှာ ချက်ကြီးက ကြက်ဖလေးတကောင် လက်ဆောင်ပေးလိုက်ပါတယ်။ ချက်ကြီးဆိုတာက ဘုရားကြီး အောက်ကျင်း အနောက်ဖက်မှာနေတဲ့ သူနဲ့ ဘော့လုံးကစားဖက်၊ တက္ကသိုလ်အတူတက်ဖက် အင်မတန် ခင်တဲ့သူငယ်ချင်းပါ။ ကျနော်နဲ့လည်းကျွမ်းပါတယ်။ အဖေ့အကြောင်းသိနေတဲ့ ဘိုညိုက အဲဒီ ကြက်ဖလေးကို အိမ်မှာမထားရဲပဲ ကျနော်တို့အိမ်ရဲ့ နောက်ကျောထဲက၊ ယပ်ဝင်းထဲရှိ ပုံနှိပ်စက်မှာ သွားထားပါတယ်။ ဒီလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် တနေ့တော့ အဖေက ပုံနှိပ်စက်ကို လာကြည့်တော့ ဒီကြက်ဖကို တွေ့သွားပါတယ်။ အဲဒီအခါမှာ သူက အလုပ်သမားတွေကို ဒါဘယ်က ဘယ်လိုရောက်လာတဲ့ ကြက်လဲလို့ မေးပါတယ်။ ဒီတော့ အလုပ်သမားတွေကလည်း လိမ်လို့မဖြစ်တာနဲ့ အမှန်အတိုင်းပဲ ပြောလိုက်ရပါတယ်။ ထမင်းစားချိန်ရောက်တော့ အဖေဟာ မျက်စေ့မျက်နှာပျက်နဲ့ ဘိုညို့ကို "မင်းကြက်မမွေးနဲ့" လို့ တခွန်းထဲပဲ ပြောပါတယ်။ ဒီလိုနဲ့ပဲ အဲဒီကြက်ဖကို ကျနော် ထပ်မတွေ့ရတော့ပါဘူး။
အဲဒီတော့ လူကိုမွေးဖို့ဆိုတာ ပိုလို့တော့- - -။ နေဦး။ ကျနော်စဉ်းစားမိပြီ။
ကျနော်အိမ်က ထွက်လာတဲ့ နှစ်ထဲမှာပဲ ထင်ပါတယ်၊ ညနေစောင်းကြီးတခုမှာ အဖေဟာ သူ ဂေါက်ရိုက်က ပြန်လာတော့ ကောင်လေးတယောက်ကို အိမ်ခေါ်လာပါတယ်။ မှောင်ရီပျိုးနေပါပြီ။ ကျနော့်ကို အိမ်သားတယောက်က အဖေကောင်လေးတယောက် မွေးစားဖို့ ခေါ်လာတယ်လို့ပြောတော့ မဆီမဆိုင် ကျနော့်ခေါင်းထဲမှာ ကိုယ်တက္ကသိုလ်တုန်းကသင်ခဲ့ရတဲ့ အယ်မလီဘရွန်တေ (Emily Bronte) ရေးတဲ့ ဝူးသားရင်းဟိုက်စ် (Wuthering Heights) ဝတ္ထုထဲက မစ္စတာအန်းရှော (Mr. Earnshaw) တယောက် လီဗာပူးက အပြန်မှာ ဝတ္ထုရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟိကလစ်ဖ် (Heathclif) ကိုမွေးစားဖို့ ခေါ်လာတာကို ပြေးသတိရမိပါတယ်။ မည်းမည်းကြုတ်ကြုတ်နဲ့ လမ်းပေါ်က ဂျစ်ပဆီလေးပါ။
ဒါနဲ့ကျနော်က ဘယ်မှာလဲဆိုပြီး သွားကြည့်တော့ ကျနော်တို့ အိမ်အပေါ်ထပ် မီးဖိုချောင်ရှေ့မှာ ကျုံ့ကျုံ့လေးရပ်နေတဲ့ ယောက်ျားလေးတယေက်ကို တွေ့ရပါတယ်။ ၁ဝနှစ်-၁၁နှစ် အရွယ်လောက် ရှိပါလိမ့်မယ်။ အဝတ်အစားလေးတွေက ဟိကလစ်ဖ်လိုပဲ နွမ်းရှာပါတယ်။ ဒါပေမဲ့ရုပ်ရည်က ဟိကလစ်ဖ်လို မဟုတ်ပါဘူး။ အတော်ကို သန့်ပါတယ်။ တသက်လုံး ဘာဆီနဲ့မှ မထိတွေ့ဖူးတဲ့ ဆံပင်လေးတွေဟာ နီကျင်ကျင်ဖြစ်နေပေမဲ့ မျက်လုံးအစုံကတော့ နက်မှောင် တောက်ပနေပါတယ်။ ပိန်တော့ ပိန်ရှာသပေါ့။ ဒါပေမဲ့ လှီလှီကလေး မဟုတ်ပါဘူး။
ကျနော် ငယ်ငယ်က တခါတခါမှာ အဖေနဲ့အတူ မန္တလေးတောင်ခြေက ဂေါက်ကွင်းကို လိုက်သွားလေ့ ရှိပါတယ်။ သဲကျစ်မြေမှာ ကျောက်တုံး စလုံးစခုနဲ့ကွင်းမို့ ဂေါက်သမားတွေက ဒီကွင်းကတော့ ရော့ခ်အင်ရိုး (Rock n' Roll) ကွင်းပဲလို့ နောက်လေ့ရှိပါတယ်။ အဲဒီတုန်းက ရော့ခ်အင်ရိုးခေတ်စားစ’ပါ။ ဒီမှာ မြေဟာ အလွန်မှ မာပြီး အရိပ်ဆိုတာလည်း အင်မတန်မှ နည်းပါတယ်။ ဘော့လုံးကန်တဲ့ ကွင်းသာဆိုရင် အင်မတန်မှ အန္တရာယ်ရှိမဲ့ ကွင်းလို့တောင် ကျနော်တို့ချင်း ပြောဖူးကြပါတယ်။ မလှမ်းမကမ်းက မန္တလေး တောင်ရဲ့အရိပ်ဟာ မနက် ၈နာရီလောက် အထိပဲ ဂေါက်ကလပ် အဆောက်အဦပေါ်မှာ ရှိပါတယ်။ အဲဒီအချိန်ကို လွန်လို့ကတော့ ဒီနေရာမှာ နေ- မန္တလေးနေ၊ ပူလိုက်သမှ ကျောကော့နေအောင် ပူတာပါ။
ညနေမှာ ဂေါက်သီးကစားသူတွေ လာကြတော့မယ် ဆိုရင် ကားရပ်တဲ့နေရာ အနားက ကြိုးတို့ကြဲတဲ သစ်ပင်လေးတွေ(တမာပင်လေးတွေ ထင်ပါတယ်) ရဲ့ ဇာပုဝါလို အရိပ်အောက်မှာ ဂေါက်သီးအိတ် ထမ်းချင်တဲ့ ကောင်လေးတွေဟာ အစောကြီး ကြိုရောက်နေကြပါတယ်။ အသက်တွေက ၁၁နှစ် ၁၂နှစ် ကနေ ၁၇-၁၈ အထိ ပါမယ် ထင်ပါတယ်။ ဒါကြောင့်တချို့ဆိုရင် ဂေါက်အိတ်ဟာ သူတို့အရပ်နီးပါး ရှိတာတွေ့ရပါတယ်။
အဲဒီလိုမရှိဆင်းရဲသား သားသမီးတွေထဲက တယောက်ဖြစ်တဲ့ ဂျက်ကိုးကို ကျနော့်အဖေက သနားတာနဲ့ ကျောင်းထားပေးမယ်လို့ သူ့မိဘကို ပြောဆိုပြီး ခေါ်လာခဲ့တာပါ။ ကျောင်းထားမယ်ဆိုတာဟာ သူ့မိဘတွေအဖို့ သူတို့ လုံးဝမတတ်နိုင်တဲ့ကိစ္စမို့ ဝမ်းသာအားရပဲ ဟိုကျရင် ဘယ်လိုနေနော်၊ စကားနားထောင်နော် ဆိုတဲ့ အမှာစကားတွေနဲ့ ဝမ်းပန်းတသာ ထည့်လိုက်တာဖြစ်ပါတယ်။
သူဟာ စကားအတော်နည်းတဲ့ ကလေးတယောက်ပါ။ လုံးဝခြားနားတဲ့ နေရာသစ်ကို ရောက်စဆိုတော့ ပိုလို့တောင် စကားနည်းပါသေးတယ်။ သူ့နာမည်မေးကြည့်တော့ "ဂျက်ကိုး" တဲ့။ နာမည်က မဆန်းဘူးလား။ ဒီနာမည်ကို ဘယ်ကနေ ဘယ်လိုရတယ်ဆိုတာ နောင်မှာ ကျနော့် အဖေက ပြောပြမှ သိပါတယ်။ ဖဲဝိုင်းက ပေးလိုက်တဲ့ နာမည်တဲ့။ ဖဲချပ်တွေထဲက ဂျက်နဲ့ကိုးကို ယူထားတဲ့ နာမည်တဲ့။ ဘယ်လိုပတ်ဝန်းကျင်မှာ မွေးဖွား ကြီးပြင်း လာရှာရတယ်ဆိုတာ ရှင်းသွားပါတယ်။ ဒါနဲ့ မင်းအသက် ဘယ်လောက် ရှိပြီလဲလို့ မေးကြည့်တော့ "မသိဘူး" တဲ့။ ဒါဖြင့် ဘယ်နှစ်ခုနှစ် မွေးတာလဲဆိုတော့လည်း "မသိဘူး" တဲ့။ မန္တလေးမြို့ကြီးက လူဂုဏ်တန်တွေရဲ့ ကစားကွင်းမှာ အလုပ်လုပ်တဲ့ ကလေးဟာ ကိန်းဂဏန်းတွေကို မသိဘူး။ သူ့မိဘတွေက သူ့ကို အသက်အကြောင်း တခါမှ မပြောဖူးဘူး။
နောက်တနေ့မှာ သူ့ကို ရေမိုးချိုး အဝတ်အစားအသစ်ကလေးတွေ ဆင်ပေးလိုက်တော့ သူကလေးဟာ ချစ်စရာ ကောင်လေးတယောက် ဖြစ်သွားပါတယ်။ သူ့အတွက် အိမ်က ပထမဆုံးစီစဉ်ဖို့ ကြိုးစားကြတာကတော့ ကျောင်းထားဖို့ဖြစ်ပါတယ်။ ဝလုံးတောင် မရေးတတ်တဲ့ ၁၂နှစ်(လောက်) ယောက်ျားလေးတယောက်ကို ကျောင်းထားဖို့ လျှောက်စုံစမ်းကြပါတယ်။ ကျောင်းဖွင့်စ အချိန်ဖြစ်နေတော့ အံကိုက်လို့ ဆိုရမှာပါ။ ဒီလိုနဲ့ ကျနော်တို့အိမ်နဲ့ တပြကျော်ကျော်သာ ဝေးတဲ့ ၃၄လမ်း၊ ညောင်ဇင်တန်းက မူလတန်းကျောင်းမှာ နေဖို့ဖြစ် သွားပါတယ်။ ကျောင်းပထမဆုံးနေ့မှာ ကျနော်ပဲ သူ့ကို သွားပို့တာ ဖြစ်ပါတယ်။ သူဝင်သွားတော့ တတန်းလုံးက သူ့ကို ဝိုင်းကြည့်နေကြတာလည်း သတိထားမိပါတယ်။ သူ့အလုံးအထည်နဲ့ အငယ်ဆုံးအတန်းမှာ စာသူငယ်ကြား လဒ (ဠင်းတ) နားသလို ဖြစ်နေတာကိုး။ ဒီလိုနဲ့ သူ့ကို ကျောင်းထားပြီးလို့ ၃-၄လအကြာမှာပဲ ကျနော်လည်း အိမ်ကထွက်လာရလို့ သူနဲ့ပတ်သက်လို့ ကျန်တာတွေ မသိတော့ပါဘူး။
မှတ်မိနေတာ တခုကတော့ သူ့ကိုကျောင်းမပို့ခင် အမှတ်တရအဖြစ် အဖေက သူ့ကို ဓာတ်ပုံရိုက်ပေးပါတယ်။ နောက် ၂ရက်လောက် နေတော့ထင်ပါရဲ့၊ ကျနော်တို့က သူ့ကို အဲဒီဓာတ်ပုံလေးကို ပြပါတယ်။ "ဂျက်ကိုး-ဒီမှာကြည့်စမ်း၊ မချောဘူးလား။" သူက ဓာတ်ပုံကို ယူကြည့်ပြီး ဘယ်လိုခံစားမှု အရိပ်အရောင်မှ မဖော်ပြပဲ ကျနော်တို့ လက်ထဲပြန်ပေးပါတယ်။ ကျနော်တို့လည်း အတော်မကျေမနပ် ဖြစ်သွားပါတယ်။ ခဏနေမှ စဉ်းစားမိပြီး "ဂျက်ကိုး- ဒီဟာဘယ်သူလဲ၊ မင်းသေချာကြည့်စမ်းပါအုန်း" လို့ပြောတော့ သူက "မသိဘူး" တဲ့။ လက်စသတ်တော့ သူဟာ ဓာတ်ပုံတခါမှ အရိုက်မခံရဖူး ရုံမက မှန်တောင်မကြည့်ဖူး တာကိုး။
ကျနော်တို့ အားလုံးငိုင်ကျသွားကြပါတယ်။ ကျနော်တို့မိသားစု၊ အထူးသဖြင့် ကျနော်တို့မောင်နှမတွေကို ဂျက်ကိုးပေးလိုက်တဲ့ သင်ခန်းစာဟာ တသက်မမေ့နိုင်အောင် အင်မတန် နက်ရှိုင်းပါတယ်။ ဦးအောင်ဖြိုး ခေါ် ဂျက်ကိုး ဟာ မန္တလေးမှာအင်မတန် နာမည်ရတဲ့ အကြောပြင်အနှိပ်ဆရာတဦးဖြစ်လာပါတယ်။ ဆေးခန်းက အောင်မြင်တဲ့အပြင် မော်တော်ဆိုင်ကယ်တစင်းနဲ့ တမြို့လုံးပြေးပြီး လက်မလည်အောင် နှိပ်ရတယ်တဲ့။ အခုတော့ စစ်ကိုင်းမှာဘုန်းကြီး ဝတ်သွားပြီး သူ့ပညာ၊ သူ့အမွေကို သူ့သားဆီ ပေးခဲ့တယ်လို့ သိရပါတယ်။
ပူလောင်၊ ခက်ထန်မာကျောလှတဲ့ ဂေါက်ကွင်းမြေပေါ် လျှောက်ခဲ့ရာက သာသနာ့ အရိပ်အောက်မှာ လျှောက်နေတဲ့ ဂျက်ကိုး။
သူက ကျနော့်ကို မှတ်မိတော့မှာ မဟုတ်ပါဘူး။
ဖိုးသံ (လူထု)
[အမေလူထုဒေါ်အမာ ၉၄ နှစ် မွေးနေ့အထိမ်းအမှတ်အတွက် အမှတ်တရအဖြစ် ကိုဖိုးသံ(လူထု) ဆောင်းပါးနဲ့အတူ လမင်းတရာက ဂါရ၀ ပြုပါတယ်။]
Sunday, November 29, 2009
အဖေနဲ့ဂျက်ကိုးဦးအောင်ဖြိုး
ရေးသူ- ဖိုးသံ(လူထု)
Posted by
Maung Aye Win
at
10:49 AM
0
comments
Labels: ဆောင်းပါး
Tuesday, November 24, 2009
အစိမ်းရင့်ရင့်စွယ်တော်ရွက်တွေ
ရေးသူ- မောရူးဆိုး
ခန်းမကြီးနှင့် လက်ရန်းအကြား ကျယ်ဝန်းသော စင်္ကြန်လမ်းတလျှောက် စားပွဲလွတ်များ ချထားသည်ကို သတိထားမိသော်လည်း ဘာအတွက်ဟု မသိခဲ့။ နယ်မှဖြစ်၍ ရန်ကုန်က တက္ကသိုလ်ဝင်တန်း အောင်လာသူများ နှင့်စာလျှင် မ၀ံ့မရဲ စိတ်အနည်းငယ် ဖြစ်ရသည်။ ရင်ခုန်တက်ကြွမှုလျက် စိတ်စောမှုက ရန်ကုန်စက်မှုတက္ကသိုလ် အဓိက ပင်မအဆောက်အဦး(၁) ရှိ စက်မှုခန်းမကြီးထဲသို့ ရောက်ရှိရန် သွက်လက်မှုကို ဖြစ်စေသည်။ ခန်းမစင်မြင့် နောက်ခံမှ "ရန်ကုန်စက်မှုတက္ကသိုလ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား" စာတန်းကို ဖတ်ပြီး၊ စိတ်လှုပ်ရှားရသည်၌ ဂုဏ်ယူမှု စွက်နေသည်ကို မိမိကိုယ်မိမိ သတိထားမိသည်။ ကြိုးစားခဲ့ရသည်များအတွက် အတိတ်တွေးစဉ် အကန့်ငယ်များ၌ ရှိခဲ့သည့် ရည်ရွယ်ချက်ကို သက်ပြင်းဖော့ဖြင့် စိတ်ကို အေးမြစေရသည်။ ခန်းမထဲရောက် သစ်လွင်တို့၏ မျက်နှာများ၌ မျှော်လင့်ချက်နှင့် နုပျိုမှု၊ အားအင်နှင့်အလှ၊ ဖျတ်လတ်မှုနှင့်ဣနြေ္ဒ တို့ကို သတိထားအားဖြစ်ရသည်။
တက္ကသိုလ်ကျောင်းသားအဖြစ် ပထမဆုံးတက်ရသည့် ပို့ချစာသင်ခန်းကြီးထဲသို့ စာသင်နှစ်၊ ဘာသာရပ် အလိုက် ထုတ်ပြန်ထားသော အချိန်ဇယားပါ အခန်းနံပါတ်အရ စ၀င်လိုက်သည်နှင့်ပင် အထက်တန်းကျောင်းသား ဘ၀နှင့် ကွာသွားသည်ကို ကြီးစွာသတိပြုမိခဲ့ရသည်။ အခန်းကျယ်ကြီးထဲမှာ စာပို့ချသည့်ဆရာအတွက် နံရံကပ် အပေါ်အောက် ပင့်တင်ဆွဲချပြု၍ ရသော နှစ်ထပ်အနက်ရောင် သင်ပုန်းကျယ်နှင့် စင်မြင့်ငယ်။ ကျောင်းသူ ကျောင်သားများ၏ ထိုင်ခုံတွေက အတန်းလိုက် အဆင့်ဆင့် မြင့်တက်သွားသည်။ ထိုင်ခုံတန်း အဆင့်ဆင့်တွေ အလိုက် ဘေးနှစ်ဘက် အခန်းနံရံတွေမှာ အတန်းနှင့် တည့်တည့်အလိုက် အင်္ဂလိပ်စာလုံး အက္ခရာကြီးများ ရေးထိုးထားသည်။ သက်ဆိုင်ရာတန်းအလိုက် အင်္ဂလိပ်အက္ခရာညွှန်းသော ကျောမှီနေရာ နံပါတ်လွတ်နေလျှင် ထိုနေရာမှာ ထိုင်ရသည့်သူ ပျက်ကွက်သည်။ အဓိကဘာသာရပ်အလိုက် ကိုယ်ပိုင်ခုံနံပါတ် (Roll No) အတွက် ထိုင်ခုံနေရာ (Sitting Plan) နံပါတ်ကို ပို့ချသူ ဆရာက နှစ်စကတည်းက ထုတ်ပြန်ပေးသည်။ ကျောင်းတက် ရာနှုန်း ၇၅% အနည်းဆုံးရှိမှ စာမေးပွဲဖြေခွင့်ရှိ၍ အတန်းတက်မှု မတက်မှုသည် အရေးပါသည်။ အားလုံးအတွက် အပူဒဏ်လျော့စေသည့် လေရဟတ်များကလည်း ပို့ချစာသင်ခန်း၏ မျက်နှာကျက်မှာ အရေအတွက် အသင့်အတင့်။ ဆရာနှင့်တပည့် အခေါ်အဝေါ်ကပင် ခြားနားသွားသည်။ 'မင်း' နှင့် 'ငါ' အစား 'ခင်ဗျား' 'ကျွန်တော်'။ အထက်တန်းကျောင်းမှာက အတန်းပိုင်ဆရာ သို့မဟုတ် ဆရာမက တဦးချင်းနံမည်ခေါ်ပြီး ကျောင်းသား ကျောင်းသူက ရှိမရှိ ဖြေကြားရပြီး ကျောင်းတက်မတက် အရင်ကောက်ယူသည်။ ပို့ချစာသင်ခန်းထဲမှာမူ နံမည်အခေါ်မခံရ၍ မိမိကို ဆရာက သိပါ့မလားဟူသော ကြောင့်ကြစိတ်နှင့်အတူ တက္ကသိုလ်ကျောင်းသား ဟူသော ဖြစ်တည်ခြင်းက တန်ဘိုးနှင့်မြင့်မားမှု၊ လွတ်လပ်မှုနှင့် ခိုင်မာမှု အပါအ၀င် ရင့်ကျက်မှုစသည့် စံတို့သည် ဘ၀ကဲ့သို့ပင် အဆင့်ဆင့်ဟု ထင်မိလာခဲ့ရသေးသည်။
သစ်လွင်ကြိုဆိုပွဲ အခန်းအနားစပြီး ပါမောက္ခချုပ်၊ မော်ကွန်းထိန်း နှင့် ဘာသာရပ်အလိုက် အင်ဂျင်နီယာ ဌာနအသီးသီးတို့မှ ပါမောက္ခများ၊ ဌာနမှူးများက နှုတ်ခွန်းဆက် ကြိုဆို အားပေး တိုက်တွန်းစကားများ အသီးသီး ပြောကြားကြသည်မှာ ကျယ်ဝန်းလှသည့် ပညာနယ်ကြီးထဲသို့ ရုတ်ချည်းရောက်သွားရသည့်နှယ် လှုပ်ရှားခံစား ရသည်။ လူလားမြောက်သည်ဆိုသည့် သဘောကို နားလည်စ ပြုလာရသည်။ အစဉ်အလာအရ ဒုတိယနှစ်အစ ဆဌမနှစ်အဆုံး နှစ်ကြီးကျောင်းသားကျောင်းသူများက မောင်မယ်သစ်လွင်များကို ခန်းမအပြင်ဘက်မှနေ၍ လာရောက် ကြည့်ရှုအားပေး အကဲဖြတ်ဆုံးဖြတ် မှတ်တမ်းတင် ကြိုဆိုကြသည်မှာလည်း အပျော်နှင့်အပြုံးတို့ စည်စည်ကားကား ရှိလှသည်။ သစ်လွင်ကျောင်းသူဦးရေက သစ်လွင်ကျောင်းသားဦးရေနှင့်စာလျှင် နည်းသည်မှာ သိသာသော်လည်း သစ်လွင်ဘုရင်မ (Fresher Queen) တီးတိုးအုန်းကျွတ် ရွေးချယ်မှုကလည်း ခန်းမအပြင်မှာ မပျက်မကွက်။ နှစ်ကြီးသမားများ၏ တခြားရည်ရွယ်ချက်တခုကိုတော့ နောက်မှ သိရသည်။ အခန်းအနားအပြီး သစ်လွင်တို့အခန်းမှအထွက် တည်ခင်းကျွေးမွေးသော စားပွဲပေါ်မှ စမူဆာ အစရှိသော မုန့်များကို တိုးဝှေ့ဝင် ရောက် စားသုံးပျော်ရွှင်ကြဖို့ပင် ဖြစ်သည်။
အခန်းအနားအပြီး အများနည်းတူ ထွက်လာခဲ့သော်လည်း စမူဆာများကို မမှီလိုက်တော့။ ပြုံးမိသည်။ သို့သော် အလိုလိုပျော်သည်။ မုန့်တွေအားလုံး စားပွဲတွေပေါ်က ကုန်သွားသည့်တိုင် ထွက်လာသူများ ရှိနေဆဲ။ မေးထူးခေါ်ပြော နှုတ်ဆက်နောက်ပြောင် စည်ကားသည်မှာ ပွဲဦးထွက် လှိုက်လှဲမှုကို ခံစားရသည်။ အပြင်ရောက် စားပွဲနှစ်ခုကြားမှ တိုးထွက်ပြီး တဖက်လှည့်ငေးလျက် လက်ရန်းသို့ အသွား တယောက်နှင့် ၀င်တိုက်မိသည်။ လှည့်အကြည့်မှာပင် ရေမွှေးနံ့သင်းသင်းကို အရင်ရလိုက်သည်။ ပြီးတော့မှ မိတ်ကပ်ချယ်သည့်အလှကို သတိထားလိုက်မိသည်။ "ဆောရီး" ဟု မိမိမပြောတတ်သေး။
"ကန်တော့နော်.... ကန်တော့.... ကန်တော့"။ သူမက ပြုံးသည်။
"တို့ကတော့ ကြားဖူးနားဝ ရှိထားတော့ စမူဆာတွေ ရထားတယ်လေ... စားပါဦးလား... ရော့... ရော့.."
"အင်း... အဲ... ဟုတ်ကဲ့..."
လက်ထဲသို့ စမူဆာနှစ်ခု ရောက်လာသည်။ ကြောင်တက်တက်နှင့် နည်းနည်း ရှက်ရွံ့သလို ဖြစ်သေးသည်။ သူမ၏ သွက်လက်ပွင့်လင်းမှုကို သိလိုက်သော်လည်း အသိအမှတ်ပြု ရင်းနှီးပြံးဖြစ်အောင် ကြိုးစားပြုံးနှုတ်ဆက်ရသည်။ သူမကပင် စကားဆက်သည်။
"တို့က.... ခယ်မီကယ်လ်ကပါ.... သစ်လွင်ပါပဲ... အဆောင်လည်းရတယ်... သူငယ်ချင်းဖြစ်ကြ တာပေါ့..."
ထို့နောက် မိမိသည် "သြသာ"၊ သူမသည် "မျိုးလဲ့သာ" ဖြစ်ပြီး၊ နာမည်နောက်ဆုံးအလုံးချင်း တိုက်ဆိုင် တူညီနေခြင်းကိုက နှစ်လိုဖွယ် ဖြစ်သွားရသည်။ မိမိတို့၏ နေရပ်၊ အဆောင်လိပ်စာတွေ အပြန်အလှန် အသိပေးကြရင်း မမျှော်လင့်ဘဲ ရင်းနှီးခင်မင်သွားကြရသည်။ စကားလုံးတွေသည် သန့်စင် ၀င်းလက်နေသည်။ တည်ကြည်သော်လည်း သူမ၏မာန တစွန်းတစ သိခွင့်ရသည်။
****** ***** ***** *****
နယ်ကပင်ဖြစ်သော်လည်း မိမိထက်ပို၍ ခေတ်မီသည်။ မိန်းကလေးပင် ဖြစ်ငြားလည်း မ၀ံ့မရဲစိတ် နည်းသည်။ အဆင်အခြင် ကင်းမဲ့သည်တော့ မဟုတ်။ ပညာရပ်ကို လိုလားလေးစားသည်ကတော့ တူသည်။ ဖြူစင်ခြင်းနှင့် သန့်စင်ပွင့်လင်းခြင်းတို့ အလိုက်သင့် ရှိစေခြင်းကို နှစ်ဦးစလုံး နှစ်သက်သည်။ စာသင်ချိန်ကြား အားလပ်ချိန်ခြင်းတူ၍ သို့မဟုတ် ဓါတ်ခွဲခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံခန်း၊ အင်ဂျင်နီယာပုံဆွဲခန်းတို့မှ စောပြီး၍ အချိန်ရလျှင် မကြာမကြာ အတူတကွ ဆုံဖြစ် ဆိုင်ထိုင်ဖြစ်ကြသည်။ မိမိက လက်ဘက်ရည် ကြိုက်သည်။ သူမက ကော်ဖီကျကျကြိုက်သည်။ စက်မှုခန်းမကြီးထဲမှာ စနေနေ့ ညတွေမှာ ပြတတ်သော ရုပ်ရှင်များကို ရံဖန်ရံခါ ကြည့်ဖြစ်ကြသည်။ နှစ်စဉ် သို့မဟုတ် အလျဉ်းသင့်သလို ထိုစက်မှုခန်းမကြီးထဲမှာ ကျင်းပသော စာပေဟောပြော ပွဲ၊ ဆုနှင်းသဘင်ပွဲ၊ ကာတွန်းဟောပြောပွဲ၊ အသုံးလုံးလှုပ်ရှားမှုပြပွဲ၊ ပန်းချီပြပွဲ၊ အာစရိယပူဇော်ပွဲ၊ အလေးမပြိုင်ပွဲ၊ ခြင်းခတ်ပွဲ၊ ကထိန်သင်္ဃန်းကပ်လှူပူဇော်ပွဲများကို နှစ်ယောက်သား ပျက်ကွက်သည် မရှိ။ တက္ကသိုလ်ဝင်းအတွင်း ကျင်းပသည့် အားကစားပြိုင်ပွဲ၊ ထမနဲထိုးပွဲ စသည်များကိုလည်း ကြုံသလို တက်ရောက်အားပေးကြသည်။ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှာလည်း လက်လှမ်းမီသလို သွားရောက်အားပေးရသည်။ E နှင့် F အဆောင်နားက ကံ့ကော်ပင်တန်းတွေမှာ အပွင့်တွေ လှိုင်လှိုင်ဝေနေလျှင် မိမိက ငေးမောနှစ်ခြိုက်ရသော်လည်း သူမက ပန်းကြိုက်သူ၊ ပန်းပန်တတ်သူ မဟုတ်၍ တခါမှ ခူးဆွတ်မပေးခဲ့။ တယောက်ကိုတယောက်၊ ရင်ထဲမြင် အောင်၊ ရင်ထဲသိအောင်၊ ရင်ထဲထိအောင်ကိုတော့ ကြိုးစားနေမိကြသည်။ သို့ဖြင့် ပိုမြင် ပိုသိလာသည်နှင့်အမျှ ပိုစာနာလာရသည်။ ပိုနားလည်လာရသည်။
တက္ကသိုလ်၌ ပန်းတို့ပွင့်၏။ ငှက်တို့ တေးဆို၏။ ရာသီဥတုတို့ တန်ဆာဆင်၏။ သီချင်းနှင့် လေပြေတို့သည် အားလုံးအပေါ်၌ တိုးဝှေ့လွင့်ပျံသည်။ 'နွေးအေး' ဆိုင်သည် လည်းကောင်း၊ စွယ်တော်ပင်များ သည် လည်းကောင်း၊ ချစ်သူတို့လျှောက်သောလမ်းကလေး၊ အာရ်အိုင်တီအင်းလျား၊ ဂျီဟောရှေ့ဘောလုံးကွင်း၊ တင်းနစ်ကွင်းနှင့်ဆေးခန်း၊ အလေးမရုံ၊ အားကစားရုံနှင့်အားကစားကွင်း၊ ရေမပြည့် ရေကူးကန်၊ အ၀င်ပေါက် ဦးလူပေါခုံးနှင့် မနီးမဝေး စာအုပ်ဆိုင်၊ ရန်ကုန်စက်မှုတက္ကသိုလ် မုခ်ဦးတိုင်ကြီးများ၏ မျက်နှာစာရှေ့ရှိ ဗဟိုချည်း ပုဏ္ဍရိပ်ပင်တန်းတို့၏ အလည်မှ အလှရေကန်ဝိုင်းနှင့် ခပ်လှမ်းလှမ်း ကျောင်းသားဆောင်များရှေ့ လေးထောင့်ထု ကမ္ဗည်းထိုး အထိမ်းအမှတ် ကျောက်တိုင်သည်လည်းကောင်း၊ အမှတ်သညာများအဖြစ် မက်မောဖွယ်ရာ ဖြစ်နေသည်။
ဒုတိယစာသင်နှစ် ပထမနှစ်ဝက်မှာပင် မိမိ "သြသာ" နှင့် သူမ "မျိုးလဲ့သာ" တို့ ချစ်သူများ ဖြစ်ခဲ့ကြသည်။ အဲဒီကတည်းက အဓိကအင်ဂျင်နီယာဘာသာရပ်ချင်း မတူသော်လည်း အချစ်ချင်းတော့ တူကြသည်ဟု ထင်ခဲ့သည်။ စာသင်နှစ် တနှစ်ပြီးတိုင်း ရရှိခဲ့သောအောင်မှတ်အဆင့်ပေါ် မူတည်၍ နောင်စာသင်နှစ်အတွက် ခုံနံပါတ် (Roll No) အသစ်ထွက်သည်။ ဒုတိယနှစ်အပြီး မိမိခုံနံပါတ် ဆယ်ခုလောက်ကျသွားသည်ကို အဓိက ဘာသာရပ်တူ သူငယ်ချင်းများက နောက်ခဲ့ကြသေးသည်။
"စက္ကင်န်းရီးယားပဲ ရှိသေး သြဘာတို့ ရည်းစားထားတော့ ရိုးလ်နံပါတ်က ကျတော့မှာပေါ့.... ရပိတာ မဖြစ်တာ ကံကောင်း... အမေရေ အမေ့သား ဖြစ်ပုံကို လာကြည့်လှည့်ပါဦး..."
မည်သို့ပင်ဆိုစေ မိမိရော သူမပါ နှစ်စဉ်မှန်မှန် အောင်မြင်ကြသည်။ အကြောင်းကြောင်းကြောင့် ကျန်နေခဲ့သူတွေလည်း ရှိသည်။ "တက္ကသိုလ်မှာ နှစ်ပိုပျော်ရတာပေါ့... မင်းတို့က တက္ကသိုလ်ကို ငါတို့ထက် ပိုချစ်တာကိုး" ဟု ကျီစယ်ရသည်။ သို့သော် အားလည်း ပေးရသည်။ ဖေးမရသည်။ မိမိတို့ နှစ်ဦးသား၏ အချစ်သည် နှစ်ကြာလာသည်နှင့်အမျှ ပို၍ ရင့်သန်လာရသည်။ မျှော်လင့်ချက်တို့ အတိုင်းအဆ ကြီးမားရသည်။ ရည်မှန်းတာတွေအတွက် စိတ်ကူးကောင်းတို့ ပိုရှင်သန်ရသည်။ လက်မြဲမြဲတွဲရမည့် အနာဂတ်အတွက် နှစ်ယောက်သား လက်ရှိအခြေအနေမှ မြင့်မြတ်သည့် အားအင်တွေ ဖေးမဖြစ်စေရမည်။ အယူအဆနှင့် အတွေးအခေါ်သည် 'သြဘာ' နှင့် 'မျိုးလဲ့သာ' တို့အကြား ခြားနားသွားသည် မရှိခဲ့။ သို့နှင့် နောက်ဆုံးစာသင်နှစ် ခြောက်နှစ်မြောက်ကို ရောက်လာခဲ့ရသည်။
ဆဌမနှစ် နောက်ဆုံးစာမေးပွဲကြီး မတိုင်မီ နှစ်ပါတ်လည် မိတ်ဆုံညစာစားပွဲကြီးကို ရန်ကုန်စက်မှု တက္ကသိုလ် ထမင်းစားဆောင်ကြီးမှာ ကျင်းပသည်။ အစဉ်အလာအတိုင်းပင် ပဒေသာကပွဲ ပါဝင်သည်။ အဆို၊ အက၊ ပြဇာတ်၊ ကွက်စိပ်၊ အငြိမ့် စုံလင်ပြီး တရက်မက စက်မှုခန်းမကြီးမှာ ကျင်းပသည်။ မိမိတို့ အတူတူ ကြည့်ကြဖို့ ချိန်းဆို စီစဉ်ထားသည်။ ကံကြမ္မာသည် ရုတ်တရက်နှင့် အံ့ဖွယ်ရာ မယုံကြည်နိုင်လောက်အောင် ပြောင်းလဲတတ်သည်။ နယ်မြို့ငယ်ကလေးမှ မိမိ၏ ဖခင်ဖြစ်သူသည် နှလုံးရောဂါတမျိုး ရုတ်တရက် ဖိစီးမှုကြောင့်ရန်ကုန် ဆေးရုံကြီးသို့ အရေးတကြီး ခွဲစိတ်ကုသနိုင်ဖို့ လာတက်ရသည်။ စာမေးပွဲနီးချိန်လည်းဖြစ်၊ အားချင်းလည်းဖြစ်မို့ မိမိကို ကြိုအကြောင်းမကြားဖို့ မဖြစ်နိုင်ခဲ့။ ဖခင်ကြီး ဆေးရုံပေါ်ရောက်ပြီးသည့်နေ့ နှစ်လည်ညစာပွဲမစမီ မွန်းလွဲပိုင်းမှာ မိမိ၏ညီငယ် အဖော်တယောက်နှင့် အဆောင်ကို ရောက်လာသည်။ အကျိုးအကြောင်းသိရပြီ။ ချစ်သူ 'မျိုးလဲ့သာ' ကို ဘာတခုမှ မပြောနိုင်ခဲ့။ ဘယ်လိုမှ အသိမပေးနိုင်ခဲ့။ ဆေးရုံကြီးသို့ ပြေးခဲ့ရသည်။ တက္ကသိုလ်သက် နောက်ဆုံးပျော်ရွှင် မြတ်နိုး မမေ့နိုင်ဖွယ်ရာ ညစာစားပွဲတက်ဖို့၊ ပဒေသာကပွဲကို အတူကြည့်ကြဖို့ ကတိက၀တ်သည် လည်းကောင်း၊ လူကိုယ်တိုင်သည် လည်းကောင်း၊ ချစ်သူ 'မျိုးလဲ့သာ' အပေါ် မိမိဖက်က အရင်ဆုံး တခုတည်းအဖြစ် ပျက်ကွက်ခဲ့ရသည်။ ထိုည၌ပင် ဖခင်ကြီးကို စွန့်လွှတ်ခဲ့ရသည်။
********** ********** **********
ညနေပိုင်း ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် မြောက်ဖက် သောကြာထောင့်မှာ ခွက်ငယ်ဖြင့် သက်စေ့ ဘုရားရေသပ္ပာယ်ပြီး လက်အုပ်ချီလျက် နောက်အလှည့်မှာ ရုတ်တရက်လို ဖြစ်သွားသည်ကြောင့် နောက်က လူကို တိုက်မိသည်။ မိမိတိုက်တော့မည်ကို သိသကဲ့သို့ ထိုသူက မိမိကို ကြည့်နေသည်။ တောင်းပန်တိုးလျှိုးကြည့်ဖြင့် သူ့ကို နှုတ်ဖြင့် တောင်းပန်ဖို့ ပြင်ဆဲ
"ဟို... ဟို... ဦးသြသာလားခင်ဗျာ"
"ဟင်... ကျွန်တော်မှတ်မိပြီ.. အံ့သြစရာပဲ... ခင်ဗျားက ကျောက်မဲက ကိုဝင်းတင်ကျော်မဟုတ်လား..."
တောင့်တင်းကြွယ်ဝသော မိသားစု အသိုင်းအ၀ိုင်းက ကိုဝင်းတင်ကျော်သည် တက္ကသိုလ် ပြီးကတည်းက နိုင်ငံခြားသို့ ထွက်ခွါသွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီး အခုမှ ဆုံတွေ့ဖြစ်ရသည်။ နှစ်ယောက်သား ရင်ပြင်တော်တနေရာမှာ လွတ်လပ်စွာ ထိုင်ပြီး စကားတွေ ပြောဖြစ်ကြသည်။ အထူးသဖြင့် လွမ်းမောဖွယ် တက္ကသိုလ်အကြောင်း။
"ခင်ဗျားတို့ကို သိပ်အားကျမိခဲ့တယ်... တက္ကသိုလ်တလျှောက်လုံး ခင်ဗျားတို့ နှစ်ယောက် လက်တွဲခဲ့ကြ တာ... ပေါင်းကြရမယ်ပဲ ထင်တာပေါ့... နောက်တော့လည်း.. မမျိုးလဲ့သာ ခမ်းခမ်းနားနား မင်္ဂလာဆောင်ပြီး အိမ်ထောင်ပြုသွားတာကို ကျွန်တော် အဝေးက ကြားလိုက်ရပါတယ်.. နေပါဦး... ခင်ဗျားတို့ ဘယ်လို ဖြစ်ခဲ့ကြလို့လဲ... ဘာမှားခဲ့လို့လဲ... ဘာပျက်ကွက်ခဲ့လို့လဲ.. ခင်ဗျားဖက်က သစ္စာများ ဖောက်ခဲ့မိလို့လားဗျာ ..."
မိမိတွေးဆမိသည်။ အကြောင်းအားလုံး၊ အဖြစ်အပျက်အားလုံးသည် သည်အတိုင်း ရှိနေသေးသည်။ လျော့မသွားသေး။ ပျောက်မသွားသေးဟု ရင်ထဲက သိနေသည်။ ၀မ်းနည်းကြေကွဲစိတ်ကို သိသိသာသာ ထိန်းချုပ်ရင်း ကိုဝင်းတင်ကျော်ကို ပြန်ပြောဖြစ်ရသည်။
"ကိုဝင်းတင်ကျော်ရယ်.... မှားတာတို့ ပျက်ကွက်တာတို့ကို ထားလိုက်ပါတော့ဗျာ... ခင်ဗျားနဲ့ကျွန်တော် တို့ပဲ မဆုံဖြစ် မတွေ့ဖြစ်ခဲ့ကြတာ အခုဆို နှစ်ပေါင်း သုံးဆယ်ကျော်ပြီနော်... အင်း... အခုထက်ထိ ကျွန်တော် အိမ်ထောင် မပြုသေးပါဘူး... တကိုယ်တည်းပါ... ကိုဝင်းတင်ကျော်..."
ဘာကြောင့်မှန်းမသိ။ သည်အကြောင်းနှင့် ပါတ်သက်၍ သည့်ထက်ပို၍ ကိုဝင်းတင်ကျော်ကို စကားဆက်မဆိုမိ။ စကားလမ်းကြောင်းပြောင်းဖို့ ရုတ်ချည်းမပေါ်လာသေး။ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ အမွှေးတိုင်နံ့၊ ပန်းနံ့၊ ဖယောင်းတိုင်ညှော်နံ့များကို သိသိသာသာ ရရှိလိုက်၏။ မိုးချုပ်သွားပြီ။
မောရူးဆိုး
['အလွမ်းတက္ကသိုလ် ပန်းတက္ကသိုလ်' တက္ကသိုလ်နောက်ခံဝတ္ထု တိုစုစည်းမှု (၆၀) ပုဒ် စုစည်းမှု စာအုပ် ပထမအကြိမ်၊ ဒီဇင်ဘာ၊ ၂၀၀၇ မှ ကူးယူဖော်ပြပါတယ်။]
မောရူးဆိုး ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း။
မောရူးဆိုး (၁၉၄၉- )
မောရူးဆိုးကို ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင်၊ မြောင်းမြမြို့၌ အဖ ဦးအောင်တင်နှင့် အမိ ဒေါ်ငွေဟန်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးသန်းအောင် ဖြစ်သည်။ ငယ်စဉ်က A.B.M ကျောင်း (မြောင်းမြ)၊ အထက မင်းလှ (သာယာဝတီ)၊ အထက ၂/၃ (မုံရွာ) တို့တွင် အခြေခံ ပညာဆည်းပူးခဲ့ပြီး၊ ၁၉၆၇-၆၈ ပညာသင်နှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၇၂-၇၃ ပညာသင်နှစ်တွင် B.E.(Mechanical) ဘွဲ့ရရှိခဲ့သည်။
ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ စာညွန့်စာတမ်း၊ ဘာသာပြန်ဝတ္ထုများ ရေးသားခဲ့၊ ရေးသားဆဲ ဖြစ်ပါသည်။ Myanmar Oil and Gas Enterprise တွင် Executive Engineer (A) (Drilling)အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ တက္ကသိုလ်နေ့ရက်များနှင့် ပါတ်သက်၍ "မွေးနေ့တိုင်း မွေးနေ့တိုင်းကို မမေ့နိုင်ဘဲ အမှတ်ရနေသလို တက္ကသိုလ်နေ့ရက်များကို မွေးနေ့ကဲ့သို့ မေ့၍မရ မေ့၍မဖြစ်နိုင်အောင် အမြဲအမှတ်ရလျက် ရှိသည်" ဟု ဆရာမောရူးဆိုးက အမှတ်တရ စကားဆိုပါသည်။
Posted by
Maung Aye Win
at
10:51 PM
0
comments
Labels: ဝတ္ထု
စာပေဟောပြောပွဲ
ရေးသူ- မောင်အေးဝင်း
ဒီနေ့ ကိုယ်နေတဲ့ မြို့ကလေးမှာ စာပေဟောပြောပွဲ လုပ်ပါတယ်။ အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာပါ။ စာပေဟောပြောပွဲ မနားထောင်ရတာ အနှစ် ၃၀ လောက် ရှိရောပေါ့။ အဆိုအက အနုပညာ ၀ါသနာပါသူများဟာ ဆိုင်းသံဗုံသံကြားရင် လက်လှုပ်ခြေလှုပ် ဖြစ်ချင်လာတယ်။ မဆို မက ရရင်တောင် အနည်းဆုံး ပေါင်ကို လက်ကလေးနဲ့ ပုပ်ပြီး စည်းဝါးလိုက် နေမိတတ်ကြတာ။
ကိုယ်က စာပေ၀ါသနာအိုး။ စာပေ ဟောပြောပွဲဆိုတဲ့ အသံကြားမိရင် ရင်ထဲမှာ လှုပ်ရှားမှု တခု ဖြစ်လာသလိုလို။ အမေရိကမှာ ဗမာပြည်က စာရေးဆရာတွေ ဟောပြောတဲ့ စာပေဟောပြောပွဲ ဆိုတာလဲ ကဗျာဆရာကြီး ဦးတင်မိုး ရောက်လာပြီးမှ သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုကြောင့် စာပေဟောပြောပွဲ မျက်စိနား ပွင့်လာတယ် ထင်တာပဲ။ (ဒိအရင်က ရှိခဲ့ဖူးရင် ကျနော့ရဲ့ အမှတ်မှားမှုကို ထောက်ပြပေးကြပါဗျာ)။
ဗမာစာရေးဆရာတွေ စာတမ်းဖတ်တာတွေတော့ ရှိခဲ့ဖူးပါတယ်။ ကိုယ်ကြုံဖူးတာက Getty Museum ရဲ့ ဖိတ်ကြားမှုနဲ့ စာရေးဆရာမ 'ဂျူး' လာတုန်းက Villa Aurora မှာလုပ်တဲ့ စာတမ်း ဖတ်ပွဲပါ။ ဒါလဲ ဗမာလို ဟော၊ ဗမာလို ပြောပြီး ဗမာပရိသတ်တွေ နားထောင်တဲ့ ပွဲတော့ မဟုတ်ပါ။ ခန်းမငယ်လေးတခုစာ ပရိသတ်တွေ လာနားထောင်တဲ့ စာတမ်းဖတ်ပွဲလေးပေါ့လေ။
ဒီတခါ ဟောပြောပွဲက အယ်လ်အေအော်ဂနိုက်ဆာက စည်းရုံးလှုံ့ဆော်ပြီး ကမကထ လုပ်တဲ့ပွဲပါ။ ဂီတအနုပညာရှင်ကြီး ဒေါ်မာမာအေး၊ ကဗျာဆရာ 'အောင်ဝေး'၊ ကဗျာဆရာမ၊ ၀တ္ထုရေးဆရာမ 'မေငြိမ်း' (ကလောင်နာမည်မှာ ဦး၊ ဒေါ် မတပ်တာ ခွင့်လွှတ်ပါဗျာ) တို့ ပွဲဖြစ်ပါတယ်။
အရင်တုန်းကလဲ ကိုယ်တို့ မြို့ကို စာရေးဆရာတွေ လာဘူးတယ်။ 'အောင်ဗလ'၊ '၀င်းဖေ'၊ 'မောင်သာရ'၊ 'စောလူ'၊ 'မောင်သစ်ဆင်း' 'တင်မောင်သန်း'တို့ ဟောပြောကြတယ်။ အိမ်ခံ ကဗျာဆရာကြီး 'တင်မိုး' လဲ ပါတာပေါ့။ အမေရိကမှာ ဗမာ့ပွဲလမ်းသဘင်လုပ်တာ များသောအားဖြင့် အများသူငါ အလုပ်နား၊ အလုပ်အားတဲ့ တနင်္ဂနွေနေ့မှာပါ။ ကံဆိုးသူ ကျနော်မောင်ရှင်က တနင်္ဂနွေမှာ အလုပ်လုပ်ရပြီး သောကြာနေ့၊ စနေနေ့ နားတာမို့ တခါမှ မဆုံလိုက်ရပါ။ ဟောပြောပွဲတွေမှာ ရှေ့နားက ထိုင်ပြီး လက်ခုပ်နာနာ မတီးရတာ ကြာပါပေါ့။
ပြည်တွင်းမှာ စစ်အစိုးရရဲ့ အောက်မှာ ပညာသားပါပါ အနှောင့်အသွား မလွတ်တာတွေကို နားထောင်ပြီး၊ ပီတိ ဖြစ်ခဲ့ရတာ။ ဒါတွေကို ရှေ့ခေတ်ဟောင်း အောက်မေ့ဘွယ် မှတ်မိသမျှ ရေးပြချင်ပါတယ်။
ထောင်ကထွက်လာပြီး ၇၈ ခုနှစ် ကနေ၊ ၈၉ ခုနှစ် ပြည်တွင်းက ထွက်ပြေးလာရတဲ့အထိ ၁၀ နှစ်တာ အတွင်း စာပေဟောပြောပွဲ တခါပဲ နားထောင်ရပါတယ်။ သူငယ်ချင်း ပုတီးကုန်းစိန်ဝင်းက ရင်ခုန်စရာကောင်းတဲ့ သူရဲ့ ပွဲကို လာနားထောင်ပေးပါ။ စင်ပေါ်ကနေ ကျနော်တို့ မျက်နှာတွေ မြင်နေရင် သူ အားတက်နေမယ်ဆိုလို့။ ဟုတ်တယ်လေ ဒီ စက်မှုမှာ အရင့်အရင်တွေက သူတို့နဲ့ ကိုယ်နဲ့ စင်အောက်ကနေ လက်ခုတ်အတူ တီးခဲ့တာ။ ဒီတချီမှာ သူက စင်ပေါ်က ဖြစ်တော့ ရင်ခုန်သံ မြန်နေမှာ။ အဲဒီမှာ သူက သူ့ရဲ့ 'အရိန္ဒမာသိပါစေ' ကဗျာကို ရွတ်သွားတယ်။ နောက် အဲဒီ ကဗျာကို အခြေခံတဲ့ လုံးချင်းတပုဒ် ထွက်လာတယ်။
ထောင်ထဲမ၀င်ခင် တလအလိုမှာ နားထောင်ရတဲ့ပွဲက မှတ်မှတ်ရရပါပဲ။ ကိုယ်တို့ ဓါတုအင်ဂျင်နီယာ အသင်းက လုပ်တဲ့ စာပေဟောပြောပွဲ။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ 'မင်းကျော်'၊ 'သခင်မြသန်း' တို့ပွဲ။ ဆရာသခင်မြသန်း ဟောသွားတဲ့အထဲမှာ စကားတလုံးဟာ မှိုင်းရာပြည့်ပွဲ ဖြစ်လို့ ကျောင်းမပိတ်ခင် အချိန်အထိ ကျောင်းသားတွေ ပါးစပ်ဖျားမှာ ရေပန်းစား ကျန်ရစ်ခဲ့တယ်။ "...ရုတ်.. ရုတ်၊ ရုတ်.. ရုတ်မလုပ်နဲ့၊ ရုတ်.. ရုတ် ရုတ်.. ရုတ် လုပ်ရင်၊ ဂုတ် ဂုတ်၊ ဂုတ် ဂုတ် ဖြစ်သွားမယ်...."
စာပေဟောပြောပွဲတွေကို တက္ကသိုလ်မှာ အများဆုံးနားထောင်ရတာ။ အထူးသဖြင့် စက်မှုတက္ကသိုလ် မှာ။ လက်ခုပ်တွေ နာနာတီးရတာ ရှိသလို၊ တ၀ါးဝါး ရီနေရတာလဲ ရှိတယ်။ ပျင်းစရာ ကောင်းတာလဲ ရှိပါတယ်။ စနေနေ့ဆိုရင် ကျနော်တို့ စက်မှုတက္ကသိုလ်မှာ ဟောပြောပွဲတွေ လုပ်လေ့လုပ်ထရှိတယ်။ စက်မှုအင်ဂျင်နီယာ အသင်း၊ လျှပ်စစ် အင်ဂျင်နီယာအသင်း၊ မြို့ပြအင်ဂျင်နီယာအသင်း၊ စက်မှုတက္ကသိုလ် အနုပညာအသင်း။ အသင်းကြီးတွေက တသင်းနဲ့ တသင်း အပြိုင်အဆိုင်။ ဖိတ်ကြားတယ်။ စာရေးဆရာတွေကလဲ တနှစ်အတွင်းမှာ မထပ်အောင် စီစဉ်ကြတာ။
ဆရာအောင်ဗလ ပြောတဲ့အခေါက်တုန်းကဆို လက်ခုပ်တီးရလွန်းလို့ အိမ်ပြန်ရောက်တော့ လက်ဖ၀ါး တွေ ကြိမ်းစပ်ပြီး နာနေတယ်။ ကျောင်းသားတွေရဲ့ လက်ခုတ်သံဟာ ပြောနေရင်း ပြောနေရင်းမှာ ဆရာ့စကား တွေကို ပြောင်မြောက်သထက် ပြောင်မြောက်လာစေလား အောက်မေ့ရတယ်။ နောက်ဆုံးမှာ ဆရာပြောသွားတာ စာပေလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်နဲ့ ပါးစပ်က အော်နေလို့ မရဘူး။ လွတ်လပ်ခွင့်ဆိုတာ ကိုယ်တိုင် တိုက်ယူမှ ရတာတဲ့။ ဆရာက သူ့ကိုယ်သူ သတင်းစာသမား၊ သတင်းထောက်တယောက် အနေမျိုး ပြောသွားတာ။ သတင်းထောက်တွေဟာ အများတကာထက် အရင်ဦး သိရ၊ ကြားရ၊ မြင်ရတာချည်းပဲတဲ့။ ဖော်ကာဖရင်းရှစ် လေယဉ်ပျံတွေကို အစိုးရက ၀ယ်တော့ ခရီးစဉ် မပြေးဆွဲခင်၊ သတင်းထောက်တွေကို အကျွေးအမွေးတွေနဲ့ ဧည့်ခံပြီး လေယာဉ်ပျံကို အရင် စီးစေခဲ့တာတဲ့။ ဒါပေမယ့် တလောတုန်းက နိုင်ငံခြားက တင်သွင်းလာတဲ့ အသုဘတင် ယာဉ်ကြီးကိုတော့ စစ်ဗိုလ်ကြီးတယောက် အရင်စီးသွားတယ်တဲ့။ ရုပ်ရှင်မင်းသမီး ခင်သန်းနုက ရုပ်ရှင်တကားရိုက်ဖို့ အတွက် ကန်တော့ပွဲပေးတာကို သွားစားပြီး ပြန်လာတော့၊ အရေပြားရောဂါသည်တွေ ကလေးတွေကို ဖမ်းပြီး သူတောင်းစားလုပ်ခိုင်းတယ်လို့ လူတွေကြားမှာ ကောလဟလ ဖြစ်နေတာကို သတင်းစာက ဖြေရှင်းပေးဖို့ သတင်းစာတိုက်ရှေ့မှာ အုံနဲ့ ကျင်းနဲ့ အရေပြားရောဂါသည်တွေ လာစောင့်နေတာကိုလဲ ခံလိုက်ရကြောင်း။ တောင်သူလယ်သမားဆွေးနွေးပွဲ တခုမှာ အဖွင့်မိန့်ခွန်း ချွေဖို့ ဗိုလ်မှူးကြီးတဦးဟာ စင်မြင့်ပေါ် တက်လာသတဲ့။ ဂိုက်နဲ့ ဆိုက်နဲ့ အိတ်ထဲက စာကြည့်မျက်မှန်ကို ထုတ်၊ ယူလာတဲ့ စာရွက်ကို ဖြန့်ပြီး မိန့်ခွန်းချွေတော့ 'သဘာပတိကြီးခင်ဗျာ.. သဘာပတိကြီးခင်ဗျာ.. ဟာ ... ငါလိုးမသား နှစ်ခါထပ် ရိုက်ထားတယ်' လို့ စပီကာကနေ အပီအသကြီး ပေါ်ထွက်လာတယ်။ သူကတော့ အဲဒီလို အပြောသမားမျိုး မဟုတ်ရပါဘူးဆိုပြီး ဟာသလုပ်သွားတာ။ အမှတ်ရနေတယ် ဆရာရေ.......။
နောက်တယောက်က 'ဒေါင်းနွယ်ဆွေ'။ စင်မြင့်ပေါ်မှာ သတ္တုရေနွေးကြမ်းခရားထဲ အရက်ဖြူထည့်ပြီး၊ ရေနွေးကြမ်းပန်းကန်နဲ့ တခွက်ချလိုက် ဟောလိုက် လုပ်တာ သူတယောက်တည်း ၃ နာရီလောက်ကြာသွားတယ်။ ဒါတောင် ပွဲစီစဉ်သူတွေက နောက်ဟောမယ့် ဆရာတွေလည်း ရှိပါသေးတယ် ဆိုပြီး တားလို့။ အပြီးသတ်မှာ နောက်တခါ သူတယောက်ထဲ ဖိတ်၊ ငါးနာရီ ခြောက်နာရီ မနားတမ်း ဟောနိုင်တယ်တဲ့။ အဖွင့် မိန့်ခွန်းကို မှတ်မိ နေပါတယ်။ စကားပြောခွက်ရှေ့ကို ရောက်ရောက်ချင်း ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ တစာစာအော်နေပြီး ဗီယက်နမ်စစ်မြေပြင်မှာ အပြစ်မဲ့ ပြည်သူတွေကို မီးလောင်တိုက်သွင်းနေတဲ့ အမေရိကန် အစိုးရတဲ့။ ၀ါးရုံပင်ကြား မှာ၊ ၀ါးမြစ်စားပြီး၊ ၀က်လိုသေမယ်ဆိုတဲ့ စိုးကြီး၊ ခုတော့ ၀ီစကီသောက်၊ ၀က်ဂွန်စီးပြီး၊ ၀န်ကြီးရာထူး လိုချင်နေပြီ တဲ့။ ဒီစကားတွေနဲ့ ဖွင့်တော့၊ လက်ခုတ်သံတွေက ၀က်ဝက်ကွဲပေါ့။
နောက်တယောက်က 'အီကြာကွေး'။ 'အာရဒါးနား' ကုလားရုပ်ရှင်ထဲက ကျပ်လိယာ... အိုး... ကျပ်လိယာ သီချင်းကို ဆိုပြီး စင်ပေါ်တက်လာတယ်။ စာပေအနှစ်သာရ ဘာတခုမှ မပါတဲ့ ချက်အောက် ပြက်လုံးတွေနဲ့ ပရိသတ်ကို ပွဲကျစေပြီး အကြာကြီး ဟောသွားတာ။ သူ ကျပ်လိယာ သီချင်း ဆိုပြီး တက်လာရတာကလဲ သူ့ရှေ့က ဟောတဲ့ 'ယုဝတီခင်စိန်လှိုင်' က သူရေးခဲ့တဲ့ တိုင်းရင်းသား ၀တ္ထုတွေအကြောင်း ပြောတာ၊ ၀တ္ထုတပုဒ်အကြောင်း ပြောပြီးတိုင်း အဲဒီ တိုင်းရင်းသားသီချင်းကို တပုဒ်စီဆိုပြတာ၊ ၀တ္ထု လေးငါးခြောက်ပုဒ်မှာ သီချင်း လေးငါး ခြောက်ပုဒ် ဆိုသွားတယ်။ ဒါကို 'ဆရာကြီးကွေး' က အားကျမခံ ငါလဲဆိုမှပဲလို့ ကြွေးကြော်ပြီး ကုလားသီချင်းတွေ ဆိုသွားတာ။
တခါတလေ ကိုယ့် စက်မှုတက္ကသိုလ်မှာတင် အားမရလို့ ၀ိဇ္ဇာသိပ္ပံ၊ စီးပွါးရေးတက္ကသိုလ်၊ ပညာရေး တက္ကသိုလ် တို့မှာတောင် သွားနားထောင်သေးတာ။ 'မောင်သာရ' ဟောတုန်းက သူ့ကို လူမမြင်ရဘူး။ စပွဲတလုံး ပေါ်ထောင်ထားတဲ့ ဆောင်းဘောက်ကြီးကို ကြည့်နားထောင်ရတာ။ အမရဆောင်နောက်က တခန်းနဲ့တခန်း ကျူထရံကာ ခြားထားတဲ့ ကျူတိုရီရယ် အခန်းတွေမှာလုပ်တယ်။ ဘယ်နှစ်ခန်းလဲတော့ မမှတ်မိဘူး။ အခန်းတိုင်းက ထိုင်စရာခုံတွေမှာ ကျောင်းသူကျောင်းသားတွေ အပြည့်။ 'မောင်သာရ' ကတော့ တခန်းခန်းကနေ ပြောနေပုံရတယ်။ သူရေးတဲ့ 'မောင်သိန်းလွင်ရဲ့ မစန်းစန်းဝင့်' ကနေ 'အသနက်မအောင်လံကြီးထူ' အထိ၊ ၀တ္ထုတွေအကြောင်း ပြောသွားတာ။ (အသနက်မအောင်လံကြီးထူ (၁၉၇၁) စာအုပ်က သူပြောနေတဲ့အချိန်မှာ နောက်ဆုံးထွက်ထားတာ)။ သူဟောတာ နိုင်ငံရေးအကြောင်း မပါဘူး၊ ရယ်စရာမပါဘူး၊ သူ့စာတွေပဲ ပြောသွား တယ်။ ဒါပေမယ့် နားထောင်လို့ ကောင်းလိုက်တာမှာ တချက်မှ မပျင်းရဘူး။ 'မောင်သာရ' ရေးစက စာတွေက ရှေးစာတွေထဲက အနုအလှတွေကို ကူးထည့် တန်ဆာဆင်ထားတာ၊ လူငယ်တွေအပေါ် ဘယ်လောက်လွှမ်းမိုး သက်ရောက်ခဲ့သလဲဆိုရင် မောင်သာရရဲ့ ညီမရည်းစားစာ အပေးခံရတာ သူ့ရဲ့ 'အသည်းညွန့်မှာ ကွန့်မြူးတဲ့ လိပ်ပြာ' စာအုပ်ထဲကတဲ့။
ကျနော်တို့မှာ ၀င်ကြေးမပေးရတဲ့ ဟောပြောပွဲတွေ မကဘူး။ မောင်သာရ ဦးဆောင်စီစဉ်တဲ့ ၀င်ကြေး ၃ ကျပ် ပေးရတဲ့ ၀ိုင်အမ်စီအေမှာ လုပ်တဲ့ပွဲလဲ အပတ်တိုင်းလိုလို သွားနားထောင်ဖြစ်တယ်။ စီစဉ်သူကတော့ လေဘေးရံပုံငွေ အတွက်လို့ ပြောတာပဲ။ ကိုယ်ချစ်တဲ့ စာရေးဆရာကော၊ ကိုယ်မုန်းတဲ့ စာရေးဆရာကော ၃ ကျပ် အကုန်ခံပြီး နားထောင်ခဲ့ရတာ။ 'အထောက်တော်လှအောင်' ဆို သူဘာတွေ ပြောမလဲ သိချင်လို့၊ မုန်းပေမယ့် ၃ကျပ် အရင်းအနှီး ပေးခဲ့ရတယ်။ ဒါတောင် အဲဒီက ဆွေးနွေးချက်တွေကို အသံသွင်းထားတဲ့ တိတ်ခွေကနေ ကူးပြီး စာအုပ်ထုတ်တာကိုလဲ ၀ယ်သိမ်းရသေးတာ။
ကိုယ်ငယ်ငယ်က ပန်းဘဲတန်းမြို့နယ်၊ မဂိုလမ်းမှာ နေတာ။ ကိုယ့်အိမ်နားက ဟိုခေတ်အခေါ် ငါးဦးကော်မတီလား ဘာလား အခေါ်အဝေါ်ကို သိတ်တော့ မမှတ်မိတော့ဘူး။ ရပ်ကွက်လူကြီး ဆိုပါတော့။ သူက စာရေးဆရာ ရွှေတည်လျောင်။ မဂိုလမ်းအလယ်လမ်းမှာက စာရေးဆရာ 'ကြူမွှေး' နေတယ်။ တလမ်းနဲ့ တလမ်းက အပြိုင်။ ဘာလုပ်လုပ် အပြိုင်။ စာပေ ဟောပြောပွဲဆိုလဲ တလမ်းက လုပ်တာနဲ့ တလမ်းကလဲ အားကျမခံ လိုက်လုပ်တာ။ ဘယ်သူတွေ လာဟောသလဲတော့ မမှတ်မိတော့ဘူး။ 'ကြူမွှေး' က စာရေးတာသာ ရီရတာ၊ အဟောအပြော မကောင်းရှာဘူး။
မှတ်မိတာက ၂၈ လမ်းလား၊ ၂၇ လမ်းလားမသိဘူး။ စာပေဟောပြောပွဲလုပ်တယ်။ လာပြောတဲ့အထဲမှာ မှတ်မိနေတာ 'မြတ်လေး'။ သူပြောတဲ့အထဲမှာ လူငယ်လေးတွေ တီးတာမှုတ်တာ တော်ချင်သားနဲ့ အဖွဲ့နာမည်ပေး ထားတာ အမေရိကန်က ဖာခေါင်းသာသာလောက်ရှိတဲ့လူ ထုတ်တဲ့ မဂ္ဂဇင်းနာမည်၊ 'ပလေးဘွိုင်' တဲ့။ ဟုတ်ပ။ အဲဒီတုန်းက ပလေးဘွိုင် ပေါ်စ။ သူကတော့ ရုပ်ရှင်ထဲကအတိုင်း ပခုံးကလေးတွန့်၊ မျက်စကလေး ချီပေါ့။
နားထောင်ယုံမက တခါတော့ ဟောပြောပွဲ ခရီးထွက်တာ အပျော်လိုက်သွားဖူးတယ်။ ဆရာကြီး 'တင့်ဆန်း'၊ 'မြင့်မောင်မောင်'၊ 'မောင်သိန်းဆိုင်'၊ 'လွင်စန်းယဉ်' တို့နဲ့ ပုသိန်ခရိုင်၊ ငပုတောနဲ့ ပြင်ခရိုင် ကို လိုက်သွားဖူးတယ်။ ခုတော့ ဒီဆရာတွေ မရှိကြတော့ဘူး။ နောက်ဆုံး ကွယ်လွန်သွားတာ 'လွင်စန်းယဉ်'။ လမ်းတလျှောက် ယမကာတွေ အလျှံပယ်ပေါ့။ ဆရာဦးတင့်ဆန်းက 'ဒီကောင်တွေနဲ့ လိုက်ရတာကွာ အရက်ကို သောက်ရတယ် မှမရှိဘဲ။ ဖြေနေရတာနဲ့ မဆုံးတော့ဘူးတဲ့.....'။ ဦးတင့်ဆန်းနဲ့ မောင်သိန်းဆိုင်က သားအဖ။
အခု ကိုယ်တို့နေတဲ့ LA မှာ စာပေဟောပြောပွဲ လာလုပ်တော့ အလုပ်မအားလို့ ဟောပြောတဲ့ နေ့မှာ သွားရောက် မနားထောင်လိုက်ရပေမယ့် စာရေးဆရာတွေနဲ့ တရက်ခွဲလောက် ပြောကြဆိုကြ ရယ်ကြမောကြတာ၊ နောက်တနေ့ ကိုယ့်အလုပ်ထဲ ပြန်ရောက်တာတောင် လိပ်ပြာက သူတို့ဆီ ကျန်ခဲ့လို့ မနည်း ကိုယ့်လိပ်ပြာကိုယ် ပြန်ခေါ်လိုက် ရတယ်။
မောင်အေးဝင်း။
၁၁၊ ၂၂၊ ၀၉။ (LA စာပေဟောပြောပွဲနေ့)
Posted by
Maung Aye Win
at
9:39 AM
1 comments
Labels: ဆောင်းပါး
Sunday, November 22, 2009
တမ်းတလို့လွမ်းရပါတယ်.... (၂)
ရေးသူ- မောင်အေးခိုင်
"အော်.... မိုးတသဲသဲ၊ နွားချေးနံ့ တသင်းသင်း၊ အာရ်အိုင်တီမှာ ကျောင်းတက်ရလို့မှ ပျော်ခါစရှိသေး၊ နှစ်လလောက်မှာ ကျွန်းဆွယ်အရေးအခင်းဖြစ်လို့ စစ်အစိုးရက တက္ကသိုလ်နဲ့ ကောလိပ်တွေကို ပိတ်လိုက် ပါတယ်။....." လို့ (၁) မှာ အဆုံးသတ်ခဲ့တာ။ ဆက်မိသွားအောင် ကျွန်းဆွယ်အရေးအခင်းအကြောင်း နည်းနည်း ရေးလိုက်ပါအုန်းမယ်။
ကဗျာဆရာတယောက်က အသံလွှင့်ဌာနတခုကနေ အသံလွှင့်ခဲ့တာ နည်းနည်း လွဲနေတယ်ထင်လို့ စေတနာနဲ့ ပြန်တည့်ပေးတာပါ။ အမှားကြီးတော့ မဟုတ်ပါဘူး။ ဆရာ့ခမျာ နှစ်တွေကြာလာတော့ မေ့ကောင်း မေ့သွားတာလား၊ သူများအပြောနားထောင်ပြီး ရေးတာလား မသိပါ။ ဒီရေဒီယိုကို နားထောင်တဲ့ ပရိသတ်တွေဟာ ပြည်ပမှာထက် ပြည်တွင်းက ဖြစ်ပါတယ်။ သူတို့မှာ ဒီအလွဲကြီးကို ကြားရပြီး ပြန်တည့်ပေးချင်ပေမယ့် တည့်နိုင်ခွင့် မရှိတော့ စာရေးသူအပေါ်၊ အယ်ဒီတာတွေအပေါ် အားမလိုအားမရ ဖြစ်နေမလား မသိဘူး။ ကိုယ်ကတော့ မတော်တဆ ဖတ်မိလိုက်တဲ့အတွက် ခရီးသွားဟန်လွဲ နည်းနည်း အမုန်းဝင်ခံလိုက်ပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးတာမို့ ကိုယ်ပြောတာ ကိုယ်တာဝန် ယူပါတယ်။
အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲတဲ့။ ဟိုတုန်းကခေါ်တာ။ အင်္ဂလိပ်လို SEAP Games (South East Asia Peninsular Games)။ ဗမာပြည်မှာ နှစ်ကြိမ် လုပ်ဖူးတယ်။ တကြိမ်က ကိုယ်တို့ ငယ်ငယ်တုန်းက။ နောက်တကြိမ်က ကိုယ်တို့ တက္ကသိုလ် ရောက်စ ပထမနှစ်။ တက္ကသိုလ်တွေက အလှအချောတွေရွေးပြီး ဖွင့်ပွဲနေ့မှာ နိုင်ငံအလံကိုင်တာ၊ စာတန်းကိုင်တာတွေ လုပ်ရတယ်။ ကိုယ်မှတ်မိ သလောက် သျှားလက်ချိုတဲ့။ ကြည်ကြည်ဟန် တဲ့။ ဌာနီမကွိုင် ဆိုလား။ ဒါလောက် ပဲ မှတ်မိတော့တယ်။
ကိုယ့်သူငယ်ချင်းက ရှေ့နေချုပ်ကြီး ဦးဘစိန်ရဲ့ မြေးဆိုတော့ ဖွင့်ပွဲနေ့မှာ သူ့အဖိုးအတွက် ရတဲ့ V.I.P လက်မှတ် နှစ်စောင်နဲ့ အထူးတန်းပွဲကြည့်စင်ရဲ့ Box ထဲကနေ ကိုယ်တို့ သွားကြည့်ကြတယ်။
အားကစားပြိုင်ပွဲတွေကို တနေရာတည်းမဟုတ်ပဲ နေရာတွေ ခွဲလုပ်ရတယ်။ သမိုင်းကောလိပ်ဝင်းထဲက အားကစားရုံကြီးထဲမှာ လက်ဝှေ့ပွဲလုပ်တယ်။ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာက ဂျူဒိုပြိုင်ပွဲ။ ရေကူးပြိုင်ပွဲက ဦးဝိစာရလမ်း အမျိုးသားရေကူးကန်မှာ။
လက်ဝှေ့ပွဲကို လူကြိုက်ပိုများတယ်။ အဲဒီ လက်ဝှေ့ပွဲ ဒုတိယနေ့မှာ လက်မှတ်ရောင်းသူတွေက လက်မှတ်တွေကို နည်းနည်းပဲ အရောင်းပြပြီး မှောင်ခိုထုတ်လိုက်တယ်။ လက်ဝှေ့ပွဲ ကြည့်ချင်လွန်းလို့ လက်မှတ် တန်းစီနေကြတဲ့ သူတွေက လက်မှတ်ရောင်းတဲ့ အပေါက်က ကုန်ပြီလို့ ပိတ်လိုက်ပေမယ့် မှောင်ခိုသမားတွေက ပျော်ပျော်ပါးပါး ရောင်းလို့။ ပရိသတ်က ဒါကို မကျေနပ်ဘူး။ မကျေနပ်တဲ့အထဲမှာ ကျောင်းသားတွေလဲ ပါတယ်။ ဆူဆူပူပူဖြစ်တော့ ပွဲစောင့် ပုလိပ်တွေက စစ်ခါးပတ်တွေနဲ့ ရိုက်တာ၊ ရုန်းရင်းဆန်ခတ်၊ ကွဲသူကွဲ၊ ပြဲသူပြဲ။ ကျောင်းသားတွေက အနီးအနား ကျောင်းသားဆောင်တွေထဲ ၀င်ပြေးတာကို၊ အဆောင်မှူးတွေ ဆရာတွေ တားနေတဲ့ကြားက ကိုရွှေပုလိပ်တွေက အဆောင်ထဲထိ ၀င်ရိုက်တာကိုး။ ကျောင်းသားလေ- ဘာရမလဲ အဆောင်ပေါ်က အုံနဲ့ကျင်းနဲ့ ဆင်းလာကြပြီး အရင်ဆုံး အဆောင် ပေါ်တီကိုကြီးအောက်က မီးချောင်းတွေကို ပစ်ခွဲလိုက်တယ်။
သမိုင်းဝင်းထဲက တခြားအဆောင်က ကျောင်းသားတွေပါ ၀င်လာပေါင်းကြပြီး လူစုခွဲဖို့ မီးသတ်ပိုက်နဲ့ ပက်တဲ့ မီးသတ်ကားကြီးကိုလဲ တွန်းလှဲပြီး မီးရှို့လိုက်တယ်။ ရဲကားနှစ်စီးလား သုံးစီးလား ပက်လက်လှန်ပြီး မီးရှို့လိုက်ကြ တယ်။ စစ်အစိုးရက နောက်တနေ့ မနက် ရေဒီယိုကနေ သတင်းကြေညာတော့ ကျောင်းတွေကို ပိတ်လိုက်ကြောင်း ကြေညာချက် ထုတ်တယ်။
ကိုယ်က ပထမညမှာ ဘွဲ့နှင်းသဘင်ခန်းမထဲက ဂျူဒိုပွဲမှာရောက်နေပြီး၊ အဲဒီဖြစ်တဲ့ညမှာ မှတ်မှတ်ရရ သမတရုပ်ရှင်ရုံမှာ Its a mad, mad, mad world ဆိုတဲ့ ရုပ်ရှင်ကို ၆ နာရီခွဲပွဲ ကြည့်နေလို့ မသိလိုက်ဘူး။ နောက်တနေ့ ထုံးစံအတိုင်း ကျောင်းသွားတယ်။ ပုံဆွဲရမယ့်နေ့ဆိုတော့ တီစကွဲ (T- Square) တဖက်၊ ထမင်းဗူးတဖက်နဲ့ သိမ်ကြီးဈေးနားက နံပတ် (၈) ကားမှတ်တိုင်ကို ချီတက်နေတုန်း အဖေက ခေါ်ခိုင်းလို့ ဆိုပြီး အကိုက နောက်ကနေ အပြေးလာလိုက်ခေါ်တယ်။ ကျောင်းမှာဆူနေလို့ ကျောင်းတွေပိတ်လိုက်ကြောင်း အကိုက လာပြောတယ်။ စိတ်ဝင်စားသွားပြီ။ အကို့ကို ငါ့မတွေ့တော့ဘူးလို့ ပြောလိုက်လို့ ပြောပြီး ဆိုက်လာတဲ့ နံပတ်(၈) ဘတ်စ်ကားပေါ် တက်ခဲ့တယ်။ ဘတ်စ်ကားဟာ မြေနီကုန်းရောက်တော့ လမ်းတွေ ပိတ်ထားလို့ ပြည်လမ်းမကနေ ကမာရွတ်ဖက်ကို ဆက်မသွားတော့ပဲ မြေနီကုန်းမှာ ဦးဝိစာရလမ်းဘက်ကို ချိုးလိုက်ပြီး ရွှေဂုံတိုင်ဘက်ကနေ ကမ္ဘာအေးဘုရားလမ်း အတိုင်း သွားတာ၊ အာလိန်ငါးဆင့်မှာ ကွေ့ပြီး အင်းစိန်မှာ ဂိတ်သွား ဆုံးတယ်။
ကိုယ့်လိုပဲ ကျောင်းလာတက်တဲ့လူတွေ အင်းစိန်ဟီးနိုးကားဂိတ်ကနေ အာရ်အိုင်တီကို လမ်းလျှောက် ကြရတယ်။ ကိုယ်လဲ ကျောင်းရောက်တော့ လက်ဘက်ရည်ဆိုင်မှာ တီစကွဲကို အပ်ပြီး၊ ယူလာတဲ့ ထမင်းဗူးကို ဖွင့်စားလိုက်တယ်။ မှတ်မှတ်ရရ အဲဒီနေ့မှာ အဖွားက ၀က်သားနုတ်နုတ်စင်းထားတာကို အာလူးအကွင်းလိုက်၊ ကြက်သွန်အကွင်းလိုက်လေး နဲ့ ချက်ပေးလိုက်တယ်။ စားလို့ ကောင်းမှကောင်း။ ကျောင်းလဲ ပိတ်လိုက်ပြီ၊ သူငယ်ချင်းတွေကလည်း ပထမနှစ်ဆိုတော့ အကုန်လုံး သမိုင်းက အဆောင်တွေမှာပဲ။ ကိုယ်က အဲဒီဖက်ကို သွားချင်တာ။ ကျိုက်ကုလားလောက် ကနေ လမ်းပိတ်ထားလို့ ဘတ်စကားတွေလဲ မသွားရဘူး။ ဒါနဲ့ ကိုယ်လဲ ဘီပီအိုင်ဘူတာကနေ ရထားစီးပြီး အိမ်ကို ပြန်ခဲ့ရတယ်။ မစန္ဒာလည်း ဒီအကြောင်းတွေ နည်းနည်းပါးပါး သူ့ရဲ့ အရိပ် ၀တ္ထုထဲ ထည့်ရေးဖူးတယ် ထင်ပါတယ်။ မေ့နေပြီ။
ကျောင်းက သိတ်အကြာကြီးမပိတ်ပါဘူး။ နယ်ကလူတွေ အိမ်ပြန်လို့မှ အိမ်မှာ ဖင်မနွေးခင် ပြန်လာကြ ရတယ်။ နှစ်လလောက်နေတော့ ပထမအစမ်း စာမေးပွဲ စစ်ပြီး နွေရာသီ ကျောင်းပိတ်ပြန်တယ်။
ကျောင်းပြန်အဖွင့်မှာ မိတ္ထီလာခရိုင် အသုံးလုံးသွားဖို့ လှုပ်ရှားမှုတွေ၊ တက္ကသိုလ်ရွှေရတုအတွက် လှုပ်ရှား ကြတာတွေ။ ပျော်စရာကြီးပဲ။ ရွှေရတု ပို့စကဒ်တွေမှာ ဆရာဦးနန်းဝေ၊ ဆရာဗဂျီအောင်စိုးတို့ရဲ့ ပန်းချီလက်ရာ တွေ။ မောင်ပန်းမွှေးကဗျာစာအုပ်တွေကလဲ ကိုယ်တို့ အကြိုက်တွေ။
ကိုယ်လဲ အဲဒီနှစ်မှာ ပျော်ပျော်ကြီးပဲ စာမေးပွဲ တနှစ်ကျခဲ့ရတယ်။ အဲဒီနှစ်က ကျောင်းမဂ္ဂဇင်းမှာ "အေးဝင်း(ဓါတု)" ကလောင်နာမည်နဲ့ ကိုယ့်ကဗျာ ပါတယ်။ ကဗျာ အစအဆုံးတော့ မမှတ်မိတော့ဘူး။ ကဗျာထဲမှာ ".... ကျောင်းတွင်လည်းပျော်၊ စာလဲတော်၍၊ အဖော်အပေါင်း၊ ကြည့်၍ ပေါင်းလော့....." တဲ့။ အဲဒီ မဂ္ဂဇင်းကို ဖတ်တဲ့ မိန်းကလေး သူငယ်ချင်းတယောက်က "အေးဝင်း- နင်က ကျောင်းတွင်လည်ပျော်၊ ပျော်လည်းပျော်.. ပျော်ပြီးရင်းပျော်လို့ စာမေးပွဲကျသွားတာလား" တဲ့။ ကဗျာအောက်မှာ ခဲတံနဲ့ ရေးပြီး မှတ်ချက်ပေးခဲ့တယ်။
ကလောင်နာမည်နဲ့ ပါတ်သက်လို့ ပထမနှစ်က အေးဝင်း(ဓါတု) ပဲ။ ကျောင်းမဂ္ဂဇင်းမှာ စရေးတော့ ကိုယ့် အဓိက ဘာသာရပ် ဓါတုကို နောက်ကထည့်လိုက်တာ။ နောက်တနှစ်ပြီး နောက်တနှစ်မှာ သူငယ်ချင်း မောင်စိန်ဝင်း (ပုတီးကုန်း) က အကြံပေးတယ်။ ကိုယ်က ဒီကျောင်းမဂ္ဂဇင်းတခုပဲ ရေးမှာမှ မဟုတ်တာ။ နောက်တော့ နာမည်ရလာလို့ ကျောင်းကလဲ ပြီးလို့ အပြင်မှာ ရေးရင်၊ ဒီ (ဓါတု) ကြီးက ဖြုတ်ရခက်သွားမယ်။ သူက စာရေးတာ ကိုယ့်ထက်အများကြီး စောတယ်။ တိုင်းရင်းမေတို့၊ ရှုမ၀မဂ္ဂဇင်းတို့မှာလဲ ပါပြီးနေပြီ။ ခုမှ ပုတီးကုန်း ဆိုတာကြီး ဖြုတ်ချင်တာ ဖြုတ်လို့ မရတော့ဘူးတဲ့။ ဟုတ်တယ်လေ။ ကိုယ်တို့လို ရင်းတဲ့လူတွေကတောင် နာမည်ရင်းကို ကိုစိန်ဝင်းလို့ သိတ်မခေါ်ဖြစ်ပဲ ပုတီးကုန်း ပဲ ခေါ်ကြတာ။ သူက ကိုယ့်ကို တခြားနာမည်ပေးရင်ပေး၊ မပေးချင်ရင်လဲ (ဓါတု) ဆိုတာကြီး ဖြုတ်ပြီး၊ ရိုးရိုးပဲ မောင်အေးဝင်း လို့ ပေးပေါ့ ဆိုလို့ "မနက်ဖန်" ဆိုတဲ့ ကဗျာက စပြီး ကလောင်နာမည်က မောင်အေးဝင်း ဖြစ်သွားတယ်။
ဟိုတုန်းက ကျောင်းမဂ္ဂဇင်းမှာ၊ အပတ်စဉ်ထုတ် စက်မှုသတင်းစဉ်မှာ ရေးတဲ့လူတွေ ခေါင်းထဲမှတ်မိ သမျှ- မမြင့်ခိုင်၊ မစန္ဒာ၊ စိန်ဂျွန်းမာလေး၊ မိနှောင်း၊ ပုသိမ်-ခင်လေး (ကွယ်လွန်)၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ရင်မောင် ( ဒေါက်တာတိုင်းအုပ် ယခု ဂျပန်ပြည်) ယဉ်မောင်(ခရမ်း)၊ မောင်ဆန်းညွန့်-ရေကျော် (မောင်ညိုငယ်- ကွယ်လွန်)၊ မောင်မှိုင်းလွင် (အင်းဝ)၊ ဘုန်းနွယ်လင်း၊ ၀င်းမင်းထွေး (ယခု သီချင်းရေး ၀င်းမင်းထွေး)၊ ခိုင်အောင် (မြို့ဟောင်း)၊ မြေ၀ါ (တန့်ဆည်)၊ မောရူးဆိုး၊ တက္ကသိုလ်မိုးဝါ (ဆရာ ဦးမိုးအောင်)၊ မွမ်းရည်၊ တင်မောင်လှိုင်၊...... ဒီလူတွေက ၀တ္ထု၊ ကဗျာသမားတွေ။
နောက်ပီး ပန်းချီကာတွန်းသမားတွေ ရှိသေးတယ်။ ဆရာဦးဖုဏ်းကို၊ နီ၊ မြင့်ဖေ၊ အောင်မြင့် (ကြံ့ဗဟုံး)၊ မျိုးမြင့် (ချောင်းဦး)၊ လှသိန်း (အမေရိကန်ပြည် အိလိနွိုက်တွင် ကွယ်လွန်)၊.....။ ဂီတလောကမှာတော့သိကြတဲ့ အတိုင်း ခင်မောင်တိုး၊ ရဲလွင်၊ မောင်မောင် (အဉ္စလီ)၊ တင်အောင်မိုး(ရယ်ဂျီဘဦး? အယ်ဒီဘဦး?)။
တက္ကသိုလ်ရွှေရတုပွဲ ရောက်လာတယ်။ ကိုယ်တို့ စက်မှု က ထီးယိမ်း၊ အငြိမ့်၊ တပင်တိုင်အက.....။ ခု စင်္ကပူမှာ အခြေချ နေထိုင်သွားတဲ့ ကြည်ကြည်သန်း(ဓါတုအင်ဂျင်နီယာ) ဆို ထီးယိမ်းထဲမှာ ပါတာပေါ့။ စက်မှုစိန်အငြိမ့်က ရွှေရတုပွဲတခုလုံးမှာ နာမည်အရဆုံး။ ရွှေရတုပွဲ ပြီးတော့၊ နံမည်ကြီးလွန်းလို့ ဦးနေ၀င်းကတော် ဒေါ်ခင်မေသန်းက ကြည့်ချင်တယ်ဆိုလို့ အိမ်တော်မှာ သွားဖျော်ဖြေရသေးတယ်လို့ ကြားတယ်။
ရွှေရတုပွဲသုံးရက်မှာ ချလိုက်တဲ့ ဒီဇင်ဘာမိုးဟာ မရပ်မနား သဲကြီးမဲကြီး။ မိုးထဲရေထဲကြားမှာ ပွဲကလဲ စည်လိုက်တာမှ ကြိတ်ကြိတ်တိုး။ ကိုယ်က ပထမနှစ်ကျတဲ့ ပထမနှစ်ကျောင်းသားမို့ စိတ်နာနာနဲ့ ဓါတုအင်ဂျင်နီယာအသင်းက ဆိုင်ခန်းကို မသွားဖြစ်ဘူး။ ဌါနက လုပ်တဲ့ Pears ဆပ်ပြာလိုမျိုး transperent soap လုပ်ရောင်းတယ်။ နောက်ပီး ယိုးဒယား မုန့်ဟင်းခါးတဲ့။ ကြားသာကြားလိုက်တာ။ မမြင်ဖူးလိုက်ဘူး။ ကိုယ်က စက်မှုတက္ကသိုလ် အနုပညာအသင်းမှာ ဆရာဦးစောထွန်း(ယခု အီလီနွိုက်တက္ကသိုလ်) တို့နဲ့ 'ရနံ့ပန်း' ကဗျာစာအုပ် ထုတ်ရောင်းတယ်။ ရွှေချီဆနွင်းမကင်း ရောင်းတယ်။ မိုးတွေက သဲကြီးမဲကြီး၊ လျှပ်စစ်မီးကလဲ ခဏခဏပျက်နဲ့ ဆနွင်းမကင်း-ကဗျာစာအုပ် အတွဲဟာ မရောင်းရပါဘူး။ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် သတ္တဗေဒ ဌာနကတော့ ဘာမှ မရောင်းဘူး။ အဲဒိတုန်းက မြန်မာ့အသံ local talent မှာ၊ နာမည်ကြီးတဲ့ Darlington Tin တို့ အဖွဲ့ ခေတ်ပေါ်တေးဂီတတွေ တီးပြီး ဖျော်ဖြေတယ်။
သန်းနိုင်တို့ ပလေးဘွိုင်အဖွဲက အဓိပတိလမ်းမရဲ့ အပြင်ဘက်၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံဆိုင်းဘုတ်နားမှာ စင်ထောင်ပြီး တီးကြတယ်။ မိုးတွေကရွာ မီးတွေကပျက်ကြားက လျှပ်စစ်ဂီတာတွေ မတီးနိုင်တဲ့အချိန်မှာ ကိုသန်းနိုင် ဒရမ်တလက်ထဲနဲ့ ဖျော်ဖြေတာ နားထောင်လို့လဲကောင်း၊ ကြည့်လို့လဲကောင်း။
စက်မှုတက္ကသိုလ် ရေနံနဲ့သတ္တုတူးဖော်ရေးမှာ ရုပ်ရှင်မင်းသား ကိုမြင့်(သမန်းကျား) တို့ အဖွဲ့ ဖျော်ဖြေတယ်။ အဲဒီတုန်းက ကိုမြင့်က နောက်ဆုံးနှစ်ကျောင်းသား။ ဌာနမှူးဦးဝင်းကြိုင်ရဲ့ ဇနီး မိန်းကလေးကျောင်း ကျောင်းအုပ်ဆရာမကြီး အကူအညီနဲ့ ဒူးယားစီးကရက်ကို ကျောင်းသူလေးတွေ ရောင်းတယ်။ ၀ယ်သူကို ဆေးလိပ်မီးညှိပေးတော့ ကျောင်းသားတွေ တရုန်းရုန်းပေါ့။ လေတိုက်မှာစိုးလို့ မီးခြစ်သူလက်ကို လေကာသလို လက်ကို အုပ်ပြီး အသားယူ ထိကြတာ။
ဦးနေ၀င်းသမီး စန္ဒာဝင်းနဲ့ အပေါင်းအသင်းတွေက ဆေးတက္ကသိုလ် (၁) လိပ်ခုံးကြီးနားမှာ ဆာတေ အကင် လုပ်ရောင်းတယ်။ ဆာတေဆိုတာကလဲ အဲဒီတုန်းက အသစ်အဆန်း အစားအစာဖြစ်တော့ လက်မလည် ရောင်းရတယ်။ ကျနော့် အထင်တော့ ရန်ကုန်မြို့က ၁၉ လမ်းတို့ ဘာတို့မှာတောင် မပေါ်သေးဘူးထင်တယ်။ ဒင်းတို့ လောက်ပဲ နိုင်ငံခြားကို ထွက်လိုက်ဝင်လိုက် လုပ်နိုင်သူတွေဆိုတော့ ဒင်းတို့ တင်သွင်းလာသလား မပြောတတ်ဘူး။
ဒီလိုနဲ့ မိုးထဲလေထဲက ရွှေရတုပွဲဟာ သုံးရက်မြောက်တဲ့ နောက်ဆုံးညမှာ မိုးလေ နည်းနည်းစဲသွားလို့ ပွဲရက်နှစ်ရက် ထပ်တိုးကြောင်း ကြေညာတယ်။ ဒါပေမယ့် မော်လမြိုင်ကောလိပ်မှာ ဖြစ်နေတဲ့ သပိတ်ဟာ ရန်ကုန်တက္ကသိုလ်ကို လာကူးစက်မှာ အာဏာပိုင်တွေက မြင်ပြီး နေသာကြည်လင်နေတဲ့ ရက်တိုးနှစ်ရက်ရဲ့ ပထမနေ့ ညနေမှာပဲ ပိတ်ပစ်လိုက်တယ်။ ညနေလောက် ကျနော်ရောက်သွားတဲ့အချိန်မှာ ရွှေရတုပွဲ ပိတ်လိုက်ကြောင်း အဓိပတိလမ်းတလျှောက် ခေါက်တုံ့ခေါက်ပြန် အသံချဲ့စက်နဲ့ လိုက်အော်နေပြီ။ ကိုယ်တို့ ရွှေချီဆနွင်းမကင်းတွေလဲ ရောင်းရတော့မယ်ဟေ့လို့ အားခဲထားတာ နောက်တနေ့ အဆောင်တွေမှာ အိမ်ပြန်ကြဖို့ အထုတ်အပိုးပြင်နေတဲ့ ကျောင်းသူ ကျောင်းသားတွေကို စတုဒီသာ သွားကျွေးလိုက်ရတယ်။ ကဗျာစာအုပ်တွေမှာတော့ မြန်မာစာဌာနမှာ ထားရင်းပဲ ပျက်စီးသွားရရှာပါတယ်။
ကိုယ်ကြုံတွေ့ရတဲ့ ကိုယ့်မျက်မြင်ကို ရေးတယ်ဆိုပေမယ့် နှစ်တွေ ကြာညောင်းပြီမို့ လွဲတန်လွဲနိုင် ပါတယ်။ အမှန်ကို ထောက်ပြတဲ့သူရှိရင် ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ဘန်ကောက်မှာနေတဲ့ သူငယ်ချင်းက ဒီနေ့ ဖြစ်ပျက်နေတဲ့ စက်မှုတက္ကသိုလ်ကို ရိုက်ထားတဲ့ ယူကျု (you tube) က ဗီဒီယို အပိုင်းစလေးကို ကြည့်လိုက်ရလို့ စိတ်ထဲမကောင်း ဖြစ်ရာက ဒီ 'တမ်းတလို့ လွမ်းရပါတယ်' ဖြစ်လာတာပါ။
ဆက်ပါဦးမည်။
၁၁၊ ၂၂၊ ၂၀၀၉။
Posted by
Maung Aye Win
at
11:48 PM
6
comments
Labels: ဆောင်းပါး
Thursday, November 19, 2009
ဆင်ဖြူတော်မှီ ကြံစုတ်တဲ့စာတွေ
ရေးသူ- လူထုစိန်ဝင်း
"ဆင်ဖြူတော်မှီ ကြံစုတ်တယ်"ဆိုတဲ့ စကားကိုကျုပ်တော့ ဒီခေတ်ရောက်မှ သေသေချာချာသဘောပေါက် သွားတော့တယ်ဗျာ။ ခင်ဗျား တို့ စာရေးဆရာတွေရဲ့ ကျေးဇူးပဲ" မိတ်ဆွေအငြိမ်းစား ၀န်ထမ်းကြီးတဦးက အလည်လာရင်း အဆက်အစပ်မရှိ ပြောလိုက်တဲ့စကား ကြောင့် အံအားသင့်သွားရပါတယ်။ ဘာ့ကြောင့်ဒီလိုပြောမှန်း မသိပါဘူး။ ခဏကြာမှသူက စကားကိုဆက်ပြောပါတယ်။
ဆင်ဖြူတော်မှီ ကြံစုတ်တာ
" ဆရာမင်းသုဝဏ် အကြောင်းရေးထားတဲ့ ဆောင်းပါးမို့ ဖတ်ကြည့်လိုက်တယ်၊ ဆရာ့အကြောင်း၊ ဆရာ့စာတွေအကြောင်း ဘာမှဟုတ် ဟုတ်ငြားငြား မပါဘဲ၊ သူ့အကြောင်းတွေချည့် တပုဒ်လုံးရေးထားတယ်ဗျ။ ဆရာ့ကိုလည်း တခါပဲတွေ့ဖူးတယ် ဆိုရုံလောက်တွေ့ ဖူးတာ။ ဆရာ့အိမ်မှာလုပ်တဲ့ ထမနဲပွဲကို မိတ်ဆွေတယောက်ကခေါ်လို့ လိုက်သွားတာ။ ဆရာနဲ့ စကားတခွန်းတောင်ပြောဖူးတာ မဟုတ်ဘူး။ ဆရာမင်းသုဝဏ် အကြောင်းရေးတာဆိုရင်တော့ မဂ္ဂဇင်းတွေက ထည့်မှာပဲဆိုပြီး ရေးလိုက်တာပဲဗျ။ ဆင်ဖြူတော်မှီကြံစုတ်တယ်ဆိုတာ ဒါပဲမဟုတ်လား"။
စာဖတ်သူများ
မိတ်ဆွေက စာတော်တော်ဖတ်သူတယောက်ပါ။ မြန်မာစာတွေအပြင် အင်္ဂလိပ်စာတွေလည်း နှံနှံစပ်စပ်ဖတ်သူ ဖြစ်ပါတယ်။ ၀တ္ထုတွေ ဖတ်သလို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစာအုပ်တွေလည်း ဖတ်ပါတယ်။ တခါတလေ ကိုယ်တောင်မဖတ်ရသေးတဲ့ စာအုပ်မျိုးကိုသူက ဖတ်ပြီးနေပါပြီ။ "ဒီစာအုပ် ကောင်းသဗျ၊ ဖတ်ကြည့်" ဆိုပြီး ယူလာပေးပါတယ်။ အငြိမ်းစားယူထားပြီးပြီ ဆိုတော့စာဖတ်တာကို အလုပ် တခုသဖွယ်သဘောထားပြီး တနေ့လုံးစာပဲဖတ်နေတတ်သူ ဖြစ်ပါတယ်။ စာရေးဆရာတွေကိုလည်း သူက တော်တော်လေးစားပါတယ်။ သူပြောလိုက်မှပဲ ပြန်စဉ်းစားမိပြီး "ဟုတ်ပေသားပဲ၊ သူပြောတာမလွန်ဘူး"လို့ မှတ်ချက်ချလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်
ဒီဘက်ပိုင်းမှာ ကွယ်လွန်ရှာကြပြီဖြစ်တဲ့ စာရေးဆရာကြီးတွေ ဆရာမကြီးတွေ အမှတ်တရစုပေါင်းစာအုပ်တွေ ထွက်တာတော်တော်များ ပါတယ်။ မွေးနေ့အမှတ်တရ၊ ကွယ်လွန်ခြင်း အမှတ်တရ အခမ်းအနားတွေလည်း လုပ်ကြပါတယ်။ ကောင်းတဲ့လုပ်ရပ်များ ဖြစ်ပါတယ်။ ဦးဆောင်ဦးရွက်ပြုသူများကိုလည်း ကျေးဇူးတင်စရာကောင်းပါတယ်။ အဲဒီလိုနေ့တွေ ရောက်တဲ့အခါ ဂျာနယ်မဂ္ဂဇင်းတွေမှာ အမှတ် တရဂုဏ်ပြုဆောင်းပါးတွေ အသားပေးဖော်ပြကြပါတယ်။ ဆရာ ဆရာမများအကြောင်း ရင်နှီးကျွမ်းဝင်သူတွေက ရေးကြတဲ့အခါ လူ မသိသေးတဲ့အကြောင်းအရာ အချက်အလက်တွေ သိရတဲ့အတွက် အလွန်အဖိုးတန်ပါတယ်။ ဥပမာ ဆရာမင်းသုဝဏ် ဆုံးပါးသွားပြီးမှ သား ဖြစ်တဲ့သူ ဒလဘန်းရေးသားတဲ့ စာတွေဟာဆိုရင် အရင်ကမသိရသေးတဲ့ အကြောင်းတွေ မမြင်ဖူးသေးတဲ့ ဓါတ်ပုံတွေ၊ ဆရာ မင်းသုဝဏ်နဲ့ တခြားခေတ်ပြိုင်ဆရာများ၊ ဆရာမများရဲ့ ထိတွေ့ဆက်ဆံမှုတွေကို ရေးသားထားတာကြောင့် အင်မတန်ကျေးဇူးကြီး လှပါတယ်။ မြန်မာ့စာပေသမိုင်းမှာ အတိုင်းမသိတန်ဖိုးရှိတဲ့ စာတွေဖြစ်ပါတယ်။
မသိဘဲ မဖတ်ဘဲ
ဒါပေမယ့်လို့ တချို့စာတွေကျတော့ အဲဒီလိုမဟုတ်ပါဘူး။ အရေးခံပုဂ္ဂိုလ်များအကြောင်းကို ကောင်းကောင်းသိထား တာမဟုတ်သလို အဲဒီဆရာ၊ ဆရာမတွေရဲ့စာတွေကိုလည် သေသေချာချာ ဖတ်ဖူးထားပုံမရပါဘူး။ ဆရာ၊ ဆရာမများအကြောင်း ဦးတည်ပြီး သူတို့အ ကြောင်းတွေဦးတည်ပြီး သူတို့အကြောင်းတွေချည့် လျှောက်ရေးထားကြတာပါ။ ဆရာ ဆရာမကြီးများကို ဘယ်လိုသိခဲ့တာ သူတို့စာ တွေကို ဘယ်လိုကြိုက်ခဲ့တာ ဆိုတာလောက်ကလွဲရင် ကျန်တာကသူတို့ အကြောင်းတွေချည့်ပါပဲ။ စောစောက ပြောခဲ့တဲ့ မိတ်ဆွေကြီး ရဲ့စကားလိုပဲ ဆရာကြီး၊ ဆရာမကြီးတွေအကြောင်း ရေးရင်တော့ ဂျာနယ်မဂ္ဂဇင်းမျာက ထည့်ပေးကြမှာပဲ ဆိုတဲ့စိတ်ကူးနဲ့ ရေးလိုက် ကြတာနဲ့တူပါတယ်။ ဘာအကြောင်းအရာ အချက်အလက်သစ်မှလည်း မသိရပါဘူး။ လူတကာသိပြီးသား အကြောင်းတွေပြန်ရေး ထား တာပါပဲ။ အကြောင်းအရာ အချက်အလက်သစ် မပါနိုင်ရင်လည်း ဆရာကြီး၊ ဆရာမကြီးများရဲ့ စာတွေကို ရှုထောင့်သစ်၊ အမြင်သစ်နဲ့ ကိုယ်တိုင်သိမြင်ခံစား ရတာမျိုးတွေ ဖြစ်သင့်ပါတယ်၊ ခုတော့ဘာကိုမှကို မပါပါဘူး။
စာပေပြတိုက်ကြီး ဖြစ်ဖို့
ဆရာကြီး၊ ဆရာမကြီးများနဲ့ ပက်သက်တဲ့ အမှတ်တရနေ့တွေမှာ သူတို့ရေးခဲ့တဲ့စာတွေ၊ လက်ရေးမူတွေ၊ ဓာတ်ပုံတွေ၊ မိတ်ဆွေများ၊ စာဖတ်ပရိတ်သတ်များနဲ့ အပြန်အလှန်ပေးစာတွေကို ၀ိုင်းဝန်ရှာဖွေစုဆောင်းပြီး ပြပွဲလေးလို ပြသတာမျိုးလုပ်ကြရင် ကောင်းလိမ့်မယ် ထင်ပါတယ်၊ သူတို့ရေးခဲ့တဲ့စာတွေကို ဝေဖန်ရေးဆရာများက ရှုထောင့်အမျိုးမျိုးက ရေးသားခဲ့ကြတဲ့ ဝေဖန်စာတွေကို လည်းရှာဖွေစု ဆောင်းပြီး ပြသသင့်ပါတယ်။ ပြပွဲပြီးတဲ့အခါ ဒီလိုဝိုင်းဝန်းရှာဖွေစုဆောင်း ပေးကြတာတွေအားလုံးကို မိသားစုထံအပ်နှံ သိမ်းဆည်း ထားမယ် ဆိုရင် တချိန်ချိန်မှာ စာရေးဆရာများအတွက် ပြတိုက်ကြီးမျိုးထူထောင်နိုင်တဲ့ အခါအများကြီး အကျိုးရှိစေပါလိမ့်မယ်။ ဒီလို စာပေပြတိုက်ကြီးမျိုးဟာ နောင်လာနောက်သားများအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတဲ့အရာဖြစ်လာမှာ သေချာပါတယ်။
စာပေဖွံ့ဖြိုးစည်ပင်ရေး
နောက်တခုကတော့ ကွယ်လွန်သူ ဆရာ၊ ဆရာမများရဲ့ စာပေလက်ရာတွေကို လေ့လာသုံးသပ်တဲ့စာတမ်းတွေ ပြုစုရေးသားကြဖို့ ဖြစ် ပါတယ်။ ရသဗေဒ ပညာရှင်က ရသပညာရှုဒေါင့်က သုံးသပ်၊ ဘာသာဗေဒ ပညာရှင်က ဘာသာဗေဒရှုဒေါင့်က သုံးသပ်၊ မနုဿဗေဒ သမားက မနုဿဗေဒရှုဒေါင့်က သုံးသပ်၊ နိုင်ငံရေးသမားက နိုင်ငံရေးရှုဒေါင့်က သုံးသပ်၊ ၀တ္ထုရေးနည်း အတတ်ပညာသမားက အတတ်ပညာရှုဒေါင့်က သုံးသပ်၊ ဝေဖန်ရေးသမားက ဝေဖန်ရေးရှုဒေါင့်က သုံးသပ်စသဖြင့် ဘက်ပေါင်းစုံက စိစစ်သုံးသပ်တဲ့စာတမ်း တွေ ၀ိုင်းဝန်းပြုစုကြ၊ စာတမ်းဖတ်ပွဲတွေ လုပ်ကြဆိုရင် မြန်မာစာပေဖွံ့ဖြိုးစည်ပင်ရေးအတွက် အများကြီးအထောက်အကူ ရနိုင်ပါတယ်။ ဆရာ၊ ဆရာမကြီးမျာကို တကယ်လေးစားဂါဝရပြုရာလည်း ရောက်ပါတယ်။ ဆရာ၊ ဆရာမကြီးတွေ နာမည်ခုတုံးလုပ်ပြီး ကိုယ့်စာ မဂ္ဂဇင်းပါအောင် လုပ်တာမျိုးကတော့ ရှက်စရာလည်း ကောင်းပါတယ်။
ပြီးပြီးရော မလုပ်စေချင်
တခါက အဲဒီလိုစုပေါင်းရေးသားထားတဲ့ အမှတ်တရစာအုပ်တအုပ်ကို မိတ်ဆွေသတင်းစာဆရာ အယ်ဒီတာဟောင်းကြီး တယောက် ဖတ်ဖို့ပေးလိုက်ပါတယ်။ မိတ်ဆွေက စာအုပ်ကို လှန်လှောကြည်ပြီး.... "စာအုပ်ဖြစ်ပြီးရော မလုပ်ဘဲ၊ လောက်လောက်လားလား လူ တွေပါအောင်တော့ ကြိုးစားကြဖို့ ကောင်းတယ်ဗျာ"လို့ ကောက်ချက်ချပါတယ်။ သူလည်း ပင်စင်စားမိတ်ဆွေပြောသလို "ဆင်ဖြူ တော်မှီကြံစုတ်" တာတွေများနေတယ်လို့ ယူဆထားပုံပါပဲ။ မိတ်ဆွေအယ်ဒီတာဟောင်း ပြန်သွားတော့မှ ဒီကိစ္စကို သေသေချာချာ စဉ်းစားကြည့်မိပါတယ်။ တဦးတယောက်ကို ခုတုံးလုပ်ပြီး အမြင့်ရောက်အောင်တက်ချင်တာတို့ "ဆင်ဖြူတော်မှီ ကြံစုတ်" လုပ်ချင်တာ တို့က နေရာတိုင်း ခေတ်တိုင်းမှာ ရှိနေတာပါ။ စာပေလောက တခုတည်းမှာသာရှိတာ မဟုတ်ပါဘူး။ စီးပွားရေးလောက်ကတို့မှာ ပို တောင်ဆိုးလိမ့်မယ် ထင်ပါတယ်။
တမွန်းတည့်ခံများ
စာပေလောကမှာ ဖြတ်လမ်းက၀င်လာ စတန့်ထွင်ပြီး နာမည်ကြီးအောင်လုပ်တာ၊ နောက်ဖေးပေါက်က တိုးဝင်ပြီးနေရာရအောင်လုပ် တာမျိုးတွေ ရှေးကလည်းရှိပါတယ်။ ခုခေတ်လည်းရှိပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးတွေဟာ နာမည်ကြီးချင်ကြီးသွားလိမ့်မယ်။ သြဇာ ကြီးတဲ့အဆင့်ထိတော့ မရောက်ပါဘူး။ စာပေသြဇာဆိုတာ "စတန့်"နဲ့ ထူထောင်လို့ ရတာမျိုးမှမဟုတ်တာ။ စတန့်သမားက ထွင်စက တော့ဝုန်းခနဲ နာမည်ကြီးသွားနိုင်ပါတယ်။ ဒါပေမယ့် "တမွန်းတည့်" ပဲခံပါလိမ့်မယ်။ သေသေချာချာ စဉ်းစားကြည့်တော့"စတန့်"ထွင်ပြီး နာမည်ကြီးအောင် လုပ်သူပဲဖြစ်စေ၊ "ဆင်ဖြူတော်မှီ ကြံစုတ်" သူပဲဖြစ်စေ သိပ်ပြီး အပြစ်မတင်ချင်ဘူး။ စာပေ၀ါသနာပါတဲ့ လူငယ်လေး တွေအနေနဲ့ သူတို့ရေးတဲ့စာ၊ မဂ္ဂဇင်းစာမျက်နှာတွေပေါ်ရောက်ဖို့က တော်တော်ခက်တာ မဟုတ်လား။ ဒီတော့ ဖြတ်လမ်းပဲဖြစ်ဖြစ် ခွေး တိုးပေါက်ပဲဖြစ်ဖြစ် တိုးလို့ရတဲ့အပေါက်က တိုးဝင်ကြမှာပဲ။ ဒါ သဘာဝကျပါတယ်။ လမ်းရိုးလမ်းဖြောင့် ဆိုတာရှည်လျားခက်ခဲ လှ တယ်လေ။ လူငယ်တွေဆိုတော့ ဘယ်စိတ်ရှည်မှာလဲ။
အယ်ဒီတာမှာ တာဝန်ရှိတယ်
စတန့်တွေနဲ့ ကြံစုတ်တဲ့လုပ်ရပ်တွေ စာမျက်နှာပေါ် ရောက်လာရတာက အယ်ဒီတာတွေမှာ တာဝန်အရှိဆုံးဖြစ်ပါတယ်။ အယ်ဒီတာဆို တာက စာမှော်ရုံတောကြီးထဲကနေပြီး စာကောင်းစာသန့်ကို ရွေးထုတ်ရတဲ့သူဖြစ်တယ်။ ရွေးထုတ်ပြီးတဲ့စာကို ကောင်းသထက် ကောင်းအောင်၊ သန့်သထက်သန့်အောင် ပြုပြင်တည်ဖြတ် လုပ်ပေးရပါတယ်။ မဂ္ဂဇင်းထဲမှာ မကောင်းတဲ့စာ၊ မသန့်တဲ့စာ ပါလာရင် အယ်ဒီတာ ညံ့ဖျင်းလို့သာ ဖြစ်တယ်။ သူမကောင်းတာကို မသန့်မှန်းမသိလို့ သူ့မဂ္ဂဇင်းထဲ ထည့်လိုက်တာပေါ့။ မှော်ရုံတောကြီးထဲမှာ စာတွေကစုံမှာပေါ့။ ကောင်းတာပါသလို ညံ့တာတွေ မကောင်းတာတွေလည်း ရှိမယ်လေ။ ဒါတွေကိုရွေးချယ်သန့်စင်ဖို့အတွက် အယ်ဒီ တာဆိုတာ ရှိနေရတာမဟုတ်လား။ ဖြတ်လမ်းက စတန့်ထွင်ပြီးဝင်လာပဲ ဖြစ်ဖြစ်၊ ဆင်ဖြူတော်မှီ ကြံစုတ်တာပဲဖြစ်ဖြစ်၊ အယ်ဒီတာက ရွေးချယ် ထည့်သွင်းလို့သာ စာဖတ်ပရိတ်သတ်ဆီ ရောက်လာရတာဖြစ်တယ်။ ဒါကြေင့် မဂ္ဂဇင်းထဲမှာ ပါသမျှစာမူတိုင်းအတွက် အယ် ဒီတာမှာသာတာဝန်ရှိပါတယ်လို့ ဆိုလိုက်ပါရစေ။
လူထုစိန်ဝင်း
ကလျာ မဂ္ဂဇင်း အောင်တိုဘာ ၂၀၀၉
[အင်တာနက်ကနေ မိတ်ဆွေတယောက်ပို့ပေးတဲ့ ဒီစာမူကို copy/paste လုပ်ပြီး မာယာက ဖောင်ပြခြင်း ဖြစ်ပါတယ်။ ဆောင်းပါးပို့ပေးတဲ့ မိတ်ဆွေကိုရော၊ ဆောင်းပါးကို ဇော်ဂျီ font နဲ့ ရိုက်တဲ့ မိတ်ဆွေကိုပါ မာယာက ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။]
Posted by
Maung Aye Win
at
9:30 AM
1 comments
Labels: ဆောင်းပါး
Monday, November 16, 2009
စာရေးဆရာနှင့်သူ့နေရာ
ရေးသူ- လူထုစိန်ဝင်း

ပိတောက်ပွင့်သစ်က ဆရာပါရဂူအဖုံးနဲ့ ထုတ်မှာမို့ စာမူပေးပါလို့ တောင်းလာတော့ ဘာရေးရမလဲလို့ စဉ်းစားရင်း၊ စဉ်းစားရင်းနဲ့ ဆရာပါရဂူနဲ့ နောက်ဆုံးတွေ့ခဲ့ကြရတာကို ပြန်ပြီး မြင်ယောင်လာမိတယ်။ လေးငါးခြောက် နှစ်လောက် ရှိပြီ ထင်ပါတယ်။ ဘိလပ်က မြန်မာစာဆရာမကြီး အင်နာအဲလော့ (ဒေါ်ခင်ခင်ချော) ရောက်လာလို့ နှုတ်ဆက်ကြတဲ့ ပွဲမှာ ဆုံရတာ ဖြစ်တယ်။
ပထမဆုံးနှုတ်ဆက်သူ
ဒီလိုပွဲမျိုးကို ဒီလိုနေရာမျိုးကို ဘယ်တော့မှ သွားလေ့မရှိပါဘူး။ အဲဒီပွဲကတော့ မသွားရင် မဖြစ်လို့ သွားခဲ့တာပါ။ ဒေါ်ခင်ခင်ချောဆိုတာက မိတ်ဟောင်းဆွေဟောင်း ဖြစ်ရုံသာ မဟုတ်သေးဘူး။ သမီးဖြစ်သူ အောက်စဖို့မှာ ကျောင်းသွားတက်စဉ်က အုပ်ထိန်းသူအဖြစ် တာဝန်ယူ စောင့်ရှောက်ပေးခဲ့တာလေ။ အဲဒါကြောင့် ရောက်သွားတာ ဖြစ်တယ်။ ရောက်ရောက်ချင်း ပထမဆုံး တွေ့ဆုံနှုတ်ဆက်ရတာက ဆရာပါရဂူ ပါ။ နှုတ်ဆက် စကားဆိုပြီးတာနဲ့ ဆရာက စားပွဲထိုးကို ခေါ်ပြီး ထိုင်ခုံတခု ယူလာပေးပါလို့ ပြောလိုက်ပါတယ်။ လူကြီးတယောက် က ခုလို ဂရုစိုက်တာ ခံရတော့ အားတုံ့အားနာ ဖြစ်မိတယ်။ လူအားလုံး မိုးတိုးမတ်တတ် နေကြရတဲ့ မြက်ခင်းပြင်ပွဲ ဖြစ်တာကြောင့် ယူလာပေးတဲ့ ခုံမှာ မထိုင်ဘဲ လက်ထောက်ပြီး မှေးပဲ ရပ်နေလိုက်ပါတယ်။ မလှမ်းမကမ်းမှာတော့ ဆရာဒဂုန်တာရာကို မောင်ပေါက်စည်၊ မောင်မိုးသူတို့နဲ့ စကားလက်ဆုံကျနေတာ လှမ်းမြင်လိုက်ရပါတယ်။ သမီးက သူ့အုပ်ထိန်းသူ ဒေါ်ခင်ခင်ချောနားသွားပြီး အဖော်လုပ်ပေးနေတာကြောင့် ဆရာနဲ့ နှစ်ယောက်သား စကားလက်ဆုံကျနေကြပါတယ်။
စာပေသစ္စာရှိသူ
"အေးဗျာ၊ ခင်ဗျားတယောက် ကျွန်တော့အပေါ် ခုလို အမြင်မစောင်းသေးတာ သိရလို့ ၀မ်းသာရ တယ်ဗျာ"
ဆရာက အနားမှာ လူရှင်းသွားခိုက် ရုတ်တရက် ပြောလိုက်တာပါ။ အဲဒီအချိန်က ဆရာ့အပေါ် လူတချို့က အမြင် မကြည်မလင် ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ အဲဒီအချိန်က ဆရာ့ဘေးမှ ၀န်းရံနေသူတချို့ကို ကြည့်ပြီး ဆရာ့ကို အထင်လွဲနေကြတာပါ။ အဲဒီအချိန်မှာ ကျွန်တော်က ဆရာ့စာပေ ကျေးဇူးကြီးမားတဲ့အကြောင်း ဆောင်းပါးတပုဒ်မှာ ထည့်ရေးလိုက်တာကြောင့် ဆရာက အဲဒါကို ရည်ညွှန်း ပြောလိုက်ပုံ ရပါတယ်။ ဆရာ့အပေါ် အမြင်မကြည်လင် ဖြစ်နေသူများကိုလည်း မဖြစ်သင့်ကြောင်း ကျွန်တော်က ပြောခဲ့ဖူးပါတယ်။ ဆရာပါရဂူဟာ ဘယ်ခေတ်ဘယ်အခါကမှ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ဖီလာဆန့်ကျင် ပြုဖူးသူ မဟုတ်ရုံ သာမက၊ သူ့ကိုယ်ကျိုးစီးပွါးအတွက် သူ့ကလောင်ကို ခုတုံးလုပ်ခဲ့သူလည်း မဟုတ်ပါဘူး။ စာပေအပေါ်မှာ အင်မတန် သစ္စာရှိတဲ့ စာရေးဆရာတယောက် ဖြစ်ပါတယ်။
ကြားဖူးခဲ့တဲ့စကား
အိမ်ပြန်ရောက်တော့ ဆရာပါရဂူပြောလိုက်တဲ့ "ကျွန်တော့်အပေါ် အမြင်မစောင်းသေးတာ သိရလို့ ၀မ်းသာရတယ်ဗျာ" ဆိုတဲ့စကားကို စဉ်းစားနေမိတယ်။ ဒီစကားမျိုး အရင်က ကြားဖူးသလိုပဲလို့လဲ စိတ်ထဲမှာ ထင်မိတယ်။ ဒါပေမယ့် ၀ိုးတ၀ါးပဲ။ ခေါင်းထဲမှာ ဘာမှ ပေါ်မလာဘူး။ ညတညလုံး စဉ်းစားလည်း ပေါ်မလာပါဘူး။ အတော်နဲ့ကို အိပ်လို့ မရဘူး။ ပေါ်လာချင်တော့လည်း မနက်အိပ်ရာက အနိုးမှာ ဖျတ်ကနဲ ခေါင်းထဲမှာ ပေါ်လာတယ်။ ကိုကိုးကျွန်းက ပြန်ရောက်လာခါစမှာ ကြားခဲ့ရတာပဲ။ ပြောခဲ့သူက ဆရာမြသန်းတင့်ပဲ။ ကိုကိုးကျွန်းက ပြန်လာတော့ ဆရာမြသန်းတင့်ရဲ့ "ဓါးတောင်" ၀တ္ထုဂယက်တွေ တော်တော်အရှိန်ပြင်းပြင်းထ နေတာ တွေ့ရတယ်။ ပါးစပ်နဲ့ ငြင်းခုန်တာတွေ နေရာတိုင်းမှာ ကြားနေရသလို၊ စာမျက်နှာတွေ ပေါ်မှာလည်း ပြင်းပြင်းထန်ထန် ရေးသူတွေက ရေးနေကြတယ်။ တချို့ကတော့ သီးခြားစာအုပ်တွေတောင် ရေးထုတ်ပြီး ဝေဖန်ကြတယ်။ "ဘဲအုပ်ကတရာနှစ်ရာ ဗေဒါကတပင်ထဲ" ဆိုသလို ဖြစ်နေပုံရတယ်။
ဓါးတောင်ကို ဝေဖန်သူတွေ
အိမ်ပြန်ရောက်ရောက်ချင်း လာပြီး နှုတ်ဆက်ကြသူတွေက "ဓါးတောင်" ကို ရှုတ်ချဝေဖန်နေကြတဲ့ လူငယ်တွေ ဖြစ်တယ်။ သူတို့ထဲမှာ ကျွန်းပြန်တချို့လည်း ပါတာတွေ့ရတယ်။ သူတို့အမြင်၊ သူတို့သဘောထား တွေကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားကြသလို သူတို့ ထုတ်ခဲ့တဲ့ စာအုပ်နဲ့ တခြားစာတမ်းတွေလည်း ပေးခဲ့ကြတယ်။ ဆရာမြသန်းတင့် ရောက်လာနှုတ်ဆက်တော့ အထဲကအကြောင်း၊ ကျန်းမာရေးအကြောင်း ဆိုတာတွေပဲ ပြောပါတယ်။ ထွေထွေထူးထူး ဘာမှ မပြောဖြစ်ကြပါဘူး။ ဆရာဗန်းမော်တင်အောင်တို့ လေထီးဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့ လာကြတော့လည်း ကျန်းမာရေးနဲ့ ဆေးဝါးကုသဖို့ အကြောင်းတွေပဲ ပြောကြပါတယ်။ လူကြီးတွေဆိုတော့ ရင့်ကျက်တည်ငြိမ်သလို အလိုက်သိမှုလည်း သိသာထင်ရှားတယ်လို့ စိတ်ထဲမှာ မှတ်သားထား လိုက်မိပါတယ်။
ရေးသူကို တိုက်ခိုက်တာများများ
အပြင်ရောက်ပြီး ဆယ့်လေးငါးရက်လောက် ရှိတော့ အခြေအနေ အရပ်ရပ်ကို တော်တော်လေး သိပြီးပါပြီ။ ရှေ့ကစောပြီး လွတ်ထွက်သွားသူတွေနဲ့လည်း အားလုံးလောက်နီးပါး တွေ့ပြီးပါပြီ။ "ဓါးတောင်ဂယက်ကို လည်း တော်တော်သိပြီးပါပြီ" ။ "ဓါးတောင်" ဂယက်ကတော့ အရှိန်ရှိန်ပြင်းပြင်းနဲ့ ဆက်ပြီး ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။ အားလုံးခြုံငုံပြီး သုံးသပ်ကြည့်တော့ ဓါးတောင် တိုက်ခိုက်မှု မှားတယ်လို့ မြင်ပါတယ်။ မြင်တဲ့အတိုင်း လည်း ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ အဲဒီအချိန်မှာ ဆရာမြသန်းတင့်ရောက်လာပြီး "အေးဗျာ၊ ကျွန်တော့်အပေါ် အမြင်မစောင်းတာ ခင်ဗျားတယောက်ပဲ ရှိတော့တယ်။ ၀မ်းသာတယ်၊ ကျေးဇူးတင်တယ်ဗျာ" လို့ ပြောခဲ့တာ ဖြစ်တယ်။ တကယ်က ဓားတောင်မှာ ဝေဖန်သူတွေ ထောက်သလို ပြောစရာ အကွက်တွေ ရှိနေတာ မှန်ပါတယ်။ ဒါပေမယ်လို့ ဝေဖန်သူတွေက ဓားတောင်ကို ဝေဖန်တာက နည်းနည်း ဓားတောင်ရေးသူကို တိုက်ခိုက်တာက များများ ဖြစ်နေပါတယ်။ အဲဒီအချက်ကို သဘောမတူနိုင်တာ ဖြစ်ပါတယ်။
စာရေးဆရာအတွက် စံနှစ်ခု
ဆရာမြသန်းတင့်ဆိုတာက ဒီလိုတိုက်ခိုက်ရမယ့်သူမှ မဟုတ်ပဲ။ အယူအဆ မတူတာတွေ ဘယ်လောက် ပဲ ရှိနေဦးတော့ သူ့စာပေဘ၀တလျှောက်လုံးမှာ သူတကိုယ် ကောင်းစားရေးအတွက် တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာဖောက်တဲ့အလုပ်မျိုး ဘယ်တုန်းက လုပ်ခဲ့ဖူးလို့လဲ။ သူ့ကလောင်ကို ဘယ်သူ့အတွက် အသုံးချခဲ့တာလဲ။ စာရေးဆရာတယောက်ကို ဒီစံနှစ်ခုနဲ့ပဲ တိုင်းတာ အကဲဖြတ်ရမှာ မဟုတ်လား။ ဆရာပါရဂူနဲ့ ပတ်သက်ပြီး အမြင်ရှင်းခဲ့တာလဲ ဒါကြောင့်ပဲ ဖြစ်ပါတယ်။ ဆရာလည်း ဒီစံနှစ်ချက်နဲ့ ညီညွတ်သူပဲ ဖြစ်ပါတယ်။ အမြင်မကြည်မလင် ဖြစ်ခဲ့သူတွေက ဆရာ့အပေါ်မှာ သိပ်ပြီး မျှော်လင့်ချက်ထားလွန်းလို့ ဒီလိုအခြေထိ ရောက်သွားခဲ့ရတာပါ။ လူတယောက်မှာ သူ့ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်အမြင်နဲ့ သူ့နေရာကို သူရွေးချယ်ထား ကြတာ ဖြစ်တယ်။ ဆရာဒဂုန်တာရာက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာမျိုးတွေရေး၊ နိုင်ငံရေးသမားတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းနေပေမယ့် သူဟာ ဘယ်တော့မှ နိုင်ငံရေး မလုပ်ဘူး။ သူဟာ စာရေးဆရာတယောက်သာ ဖြစ်တယ်လို့ အမြဲတမ်း ပြောခဲ့တယ်။ ဒါ သူ့ခံယူချက်။ သူရွေးချယ်ထားတဲ့ နေရာ။ ဒါကို အသိအမှတ်ပြု လေးစားရမှာပေါ့။ ဘာကြောင့် နိုင်ငံရေးမလုပ်သလဲဆိုပြီး အပြစ်တင်လို့ ဘယ်ရမှာလဲ။ ဆရာပါရဂူလည်း အလားတူပဲ။ တသက်လုံး စာရေးဆရာ လုပ်လာခဲ့သူ တယောက်ပဲလေ။ သူ့ကို စာရေးဆရာတယောက်အဖြစ်နဲ့ပဲ လက်ခံရမှာပေါ့။
နေရာဆိုတာ စာဖတ်သူက သတ်မှတ်တာ
စာရေးဆရာတိုင်းကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းလိုဖြစ်ဖို့ မျှော်လင့်လို့ မရပါဘူး။ တောင်းဆိုမှုလည်း ပြုသင့်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ဆရာကြီးလို မဖြစ်တဲ့အတွက်ဆိုပြီး ဘယ်အပြစ်တင်လို့ ဖြစ်မှာလဲ။ ဆရာကြီးလို ပုဂ္ဂိုလ်မျိုးက တခေတ်မှာ တယောက်သာ ပေါ်ထွန်းတတ်တာ ဖြစ်တယ်။ ဆရာကြီးလို မဖြစ်တာနဲ့ အလကားပဲလို့ မပြောသင့်ပါဘူး။ ဆရာကြီးလို အိမ်ဦးခန်းမှာထား ကိုးကွယ်လို့ မရပေမယ့် ဧငည့်ခန်းမှာတော့ တင့်တယ်နိုင်သူ တွေ အများကြီး ရှိမှာပါ။ စာရေးဆရာဆိုတာနဲ့ အားလုံးအတူတူပဲလို့ သတ်မှတ်လို့ မရပါဘူး။ အိမ်ဦးခန်းနဲ့ လိုက်ဖက်သူ ရှိသလို ဧည့်ခန်းမှာပဲ ထားသင့်သူလည်း ရှိပါတယ်။ ဒါတင်မက ဖိနပ်ချွတ်မှာ ထားသင့်သူတွေလည်း ရှိနေမှာပဲဖြစ်တယ်။ ဘယ်သူ့ကို ဘယ်နေရာက နေရာပေးထားမလဲ ဆိုတာက လူတဦးချင်းစီရဲ့ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပါတယ်။ စာရေးဆရာတွေ ရေးခဲ့တဲ့ စာတွေကို ကြည့်ပြီး စာဖတ်ပရိသတ်က ရွေးချယ်သတ်မှတ် တာ ဖြစ်တယ်။ ကိုယ့်ဟာကိုယ် ခပ်တည်တည်နဲ့ နေရာတက်ယူလို့ မရပါဘူး။ တဦးတယောက်က အမွေပေးသလို လွှဲပေးလို့လဲ မရပါဘူး။ ကိုယ့်လူကိုယ့်အုပ်စုက တင်လျှောက်ပေးလို့လည်း မရပါဘူး။
သူတို့အတွက်နေရာ
စာရေးဆရာတယောက်အတွက်နေရာကို သူရေးခဲ့တဲ့ စာတွေကြည့်ပြီး စာဖတ်ပရိသတ်က သတ်မှတ် ပေးတာလို့ ဆိုခဲ့တဲ့အတိုင်း ဆရာဗန်းမော်တင်အောင်၊ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်၊ ဆရာပါရဂူတို့ အတွက်လည်း "မြန်မာစာပေဧည့်ခန်းဆောင်" မှာ တခမ်းတနား နေရာချထားပေးပြီးသား ဖြစ်ပါတယ်။ မှိုင်းလုံးကော်ဇောကြီးတွေ ကတ္တီပါမှီအုံးကြီးတွေနဲ့ တခမ်းတနားပါ။ ဘာကြောင့်လဲဆိုတော့ ဒီဆရာကြီးတွေ အားလုံးဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် ဘယ်တုန်းကမှ သစ္စာမဖာက်ခဲ့ကြဘဲ သူတို့ရဲ့ ကလောင်ကို ပြည်သူလူထုဘက်က ရပ်တဲ့ ကလောင်အဖြစ်သာ တသက်လုံး အသုံချခဲ့ကြလို ဖြစ်ပါတယ်။
လူထုစိန်ဝင်း
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၇၊ အောက်တိုဘာ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]
Posted by
Maung Aye Win
at
11:00 PM
0
comments
Labels: ဆောင်းပါး
ဂီလာန ကဗျာဆရာ
ရေးသူ-မောင်စွမ်းရည်
လူစိမ်းနဲ့ ကျွန်တော်နဲ့ တွေ့တဲ့အခါ
ကြားလူပါရင်
"သူဟာ ကဗျာဆရာမောင်စွမ်းရည်ပါ" လို့
မိတ်ဆက်ပေးတာ
မကြာခဏ ကြုံရတယ်။
ဒါကြောင့်
ကျွန်တော်ဟာ၊ ကဗျာဆရာလို့
ဆိုပါစို့။
ကဗျာဆရာ ကဗျာဆရာနဲ့
ကဗျာရေးသက်၊ ပြန်တွက်ကြည့်တော့
ရေးသက် ရေးဝါ၊ အစိတ်ကြာပြီ
ကောင်းတာလည်းရှိ၊ မကောင်းတာလည်းရှိ
မရှိမကောင်း၊ ရှိမကောင်းနဲ့
ကဗျာပေါင်းများစွာ၊ ရေးခဲ့တာလည်း
လေးငါးရာမက၊ များလေလှပေါ့။
ကဗျာတပုဒ်ဟာ
စာတမျက်နှာ၊ နှစ်မျက်နှာ
တရံတခါ၊ သုံးမျက်နှာပေါ့
မရှည်လှပါဘူး၊ ဖတ်သူမှာ
သုံးလေးမိနစ်သာ၊ သိပ်မကြာလည်း
ရေးသူမှာတော့၊ တခါတခါ
တနှစ်ကြာ၊ နှစ်နှစ်ကြာ
ကြာနိုင်တာကပဲ။
ကဗျာဆိုတာ
ဘယ်အခါ ဘယ်နေရာမှာ
ဘယ်လိုရှာမယ်၊ နည်းနာမရှိ
ဂိုက်ဂါကောင်တာ+
ကရိယာနဲ့၊ မြေလွှာအနှံ့
ခရီးဆန့်ပြီး၊ တောအနှံ့ တောင်အနှံ့
ဘယ်တောင်ဖြန့်၊ ညာတောင်ဖြန့်
အနှံ့ရှာလည်း၊ ကဗျာသတ္တု
ရွေးစေ့စုမျှ၊ ရနိုင်ဖို့မလွယ်။
ကဗျာပြက္ခဒိန်၊ ချိန်စရာ တာစရာ
မီတာတွေ ဘာတွေမရှိ
မြေပုံများနဲ့၊ ဇယားလည်း မရှိ။
အကြုံအတွေ့၊ ဘုံဓလေ့ကို
စေ့ငုခံစား၊ ဘာဝနာပွါးပြီး
ခံစားမှုကို၊ ကယုကယင်၊ စမ်းရေလျဉ်မှာ
ရွှေကျင်သလို ကျင်ရတာ၊ စင်ရတာ။
နှလုံးသားမှာ၊ ရေဒါရှိတယ်
ခံစားသိဦးမှင်၊ ရှင်သန်လှုပ်ရမ်း
အရာရာကိုဖမ်း၊ ကမ္မဌာန်းရှုသလို
ထိမှု သိမှု၊ သတိပြုပြီး
ကဗျာမှုအမှောင်ခန်းမှာ
တခန်းလုံးပိတ်၊ နိမိတ်ပုံနဂ္ဂတစ်ကို
ပုံဖြစ်အောင် ကူးရတာ။
ကဗျာဖွားတဲ့ နှလုံးသားဟာ
ခံစားမှုဒဏ် ခံနိုင်အောင်တင်း
ဘ၀နဲ့ ရင်းရကြောင်း
ဘယ်သူ ကောင်းကောင်းသိမှာလဲ။
ဒီနှလုံးသားက၊ ဖြန့်သမျှသွေး
ဒီသွေးတွေက ရောက်သမျှနေရာ
ဆဲလ်တိုင်း ဆဲလ်တိုင်းမှာ
ကဗျာဓာတ်တွေ ပျံ့နှံ့နေတယ်လေ။
ကဗျာ ကဗျာနဲ့
ကဗျာတပုဒ်၊ နှလုံးသွေးကထုတ်ပေမယ့်
တပုဒ်ရဲ့တန်ကြေး၊ ငွေကြေးနဲ့တွက်ရင်
ခံတွင်းချဉ်ရုံပါ။
ဒါပေမယ့်ဗျာ
ကျွန်တော့်ကဗျာ၊ ရွတ်လိုက်တာနဲ့
အက်ကွဲမြေလွှာ
မြေကြီးထဲက
ဆီဆန်ရမလား၊ ဘာညာရမလား
တင်စားသူတွေ၊ ရှိနေတာလဲ
အမှန်ပဲ မဟုတ်လား။
ချစ်သူအတွက်အား၊ မုန်းသူအတွက်ဓါးတဲ့
ကြားဖူးမှာပေါ့။
တနေ့သော်ကား၊ ဆင်းရဲသားတယောက်
မေးချင်စိတ်ပေါက်သနဲ့
ကောက်ကာ ငင်ကာ၊ မေးလာပါပကော....။
ဟေး.... ကဗျာဆရာ
ကဗျာရေးတာ၊ ကြာလည်းကြာပေါ့
ခုလောက်ကြာတော့၊ မင်းမှာဘာတွေ
စုမိနေပြီလဲတဲ့။
ငါသိတာပေါ့၊ ငါ့မှာဘာမှမရှိ
အကြွေးမာတိကာ၊ ကဗျာစာရွက်
အပေါင်လက်မှတ်၊ ဘွဲ့လက်မှတ်များ
မယားကတစ်၊ သားကနှစ်၊ သမီးကနှစ်
ချစ်မေတ္တာမှတပါး၊ အခြား ဘာမှမရှိ။
ငါ့မှာရှိတာ၊ ငါမသိလည်း
သိတဲ့လူက၊ သိနှင့်ကြပြီ...။
တနေ့သောအခါ ဆရာဝန်တယောက်က
ငါ့ကျောက်ကပ်မှာ၊ ကျောက်ကပ်နေတာ
သူသိပါသတဲ့။
ဗုဒ္ဓေါမြတ်စွာ
နှစ်ပေါင်းများစွာ၊ ကြာသောခါမှာ
ကဗျာဆရာ၊ စုမိတာက
ကျောက်ကပ်ထဲမှာ
ကျောက်တလုံးပါကလားလို့
အံ့အားပဲ သင့်တော့တယ်။
ခွဲစိတ်ခန်းမှာ ဆရာဝန်များက
ဖားခွဲသလို၊ ငါ့ဗိုက်ကိုခွဲ
ငါ့ကျောက်ခဲကို၊ ယူရီတာလို လစ်သိုတမီ++
လုပ်လိုက်ပြီတဲ့
မေတ္တာရှင်များ၊ ဓားသမားတို့
ကုစားချက်မှာ
ပိန်းကြာဖက်တွင်၊ ရေမတင်သလို။
အို... ဓားနဲ့ကယ်တင်၊ ကျေးဇူးရှင်တို့
ကျေးဇူးဆပ်စရာ၊ ရောဂါမှတပါး
တခြားမရှိ၊ ရှိတဲ့ရောဂါ
ထားခဲ့တာနဲ့၊ ဆရာတို့တတွေ
ပျော်ပါစေသော်ဝ်။
ဆေးရုံကဆင်း၊ ကင်းခြေများလို
အမာရွတ်ညိုသာ၊ ဗိုက်ကိုကပ်ကာ
လိုက်ပါလာ၏
ကလူဘိသို့၊ မြူဘိသို့။
ဆေးရုံကဆင်း၊ ငါ့ရင်တွင်းမှာ
ကဗျာတတို၊ တွယ်ကပ်ခိုသည်
မချို၏သို့ ချို၏သို့။
ကျောကပ်ဆေးရုံ.... တဲ့
ပိုက်ဆံတကျပ်နဲ့
ဂိတ်ဝကိုဖြတ်၊ ကျောက်ကပ်ဌာနတက်ခဲ့ပါ။
လက်မှတ်မပါလည်း၊ ကိစ္စမရှိ။
သို့သော်....
ဆေးရုံပေါ်မှာ၊ သင်တက်လာက
အသပြာစ၊ လာဘ်လာဘဆို
ဘယ်သူ့ကိုမှ၊ မပေးရကြောင်း
ထိုစာကြောင်းက၊ သင့်ဦးခေါင်းထက်
ပြုံးပြလျက်..... ။
လူနာခန်း
သံငြမ်းကုတင်၊ အလယ်တွင်ခွက်
စပရိန်ပျက်၊ သံချေးတက်
ဆေးဖြူတွေပျက်၊ အကွက်အကွက်
သွေးအစက်စက်၊ ချေးသေးတွေကွက်
အူထွက်မှိုတက်၊ မွေ့ယာများမှာ
ဖျားနာယိုယွင်းလျက်။
အိပ်ခန်းယော်ဝါ၊ ခေါင်းအုံးအဖုံးမပါ
ဝါနီညိုပြာ၊ ဖောင်းပိန်ပျော့မာ
မညီမညာ၊ အိုနာဖောက်ပြန်လျက်။
ကုတင်တွေကြား၊ ခုံများကိုခင်း
ခုံခြေရင်းမှာ၊ မိုးကာစခင်း
ခုံချင်းဆက်၊ လူချင်းတွဲ
အခန်းထဲက အိမ်သာဝရောက်
လှေကားအောက်ထိ၊ ပြွတ်သိပ်၏။
ခုံများပေါ်မှာ
လူနာတယောက်နှစ်ယောက်
တခါတလေ၊ သုံးယောက်
မှောက်သူမှောက်၊ လှန်သူလှန်
နံသူနံ၊ မနံသူလည်းမမွှေး။
ကျောက်ပြားခင်းကျင်း
တဖက်ကျွမ်းမီးခြစ်ဆံ
လေးငါးဆယ်ဆံ
ထွေးခံပိန်တူးဘေး၊ ပြာနဲ့ကွမ်းသွေး
ဆေးလိပ်တတို နှစ်တို၊ ဂွမ်းစိုဂွမ်းခြောက်
သွေးပေါက်ပြည်စက်
ကြက်ခြေခတ် ပလတ်စတာ
ကြမ်းပြင်မှာ အနှံ့။
ဆေးပြင်းလိပ်နံ့၊ ဆေးတံနံ့နဲ့
ချေးနံ့သေးနံ့၊ ဖီနောနံ့မှာ
တခါတခါ၊ လေရွေ့လာမှ
ဘယ်ကဘာလိမ့်
ငါရောက်နေတာ ဆေးရုံပါတကား။
ခုံတွေကြားထဲ၊ တဖွဲဖွဲနဲ့
ရှဲရှဲရှပ်ရှပ်၊ ပိုးဟပ်ကလေးတွေ
ပြေးလွှားယောက်ယက်၊ ကြွက်သားလေးတွေ
ချစ်စရာလေးတွေ၊ ပြေးလိုက်လွှားလိုက်
အမှိုက်ပုံအနီး
အလို ကြွက်ကြီး၊ ၀က်လောက်နီး။
လူနာတို့ကား၊ ကြွက်များကိုကြည့်
မြူးမိသည့်ခါ၊ မြူးလေ၏
မူးမိသည့်ခါ၊ မူးလေ၏
ကြွက်ကိုမူ ဘယ်သူခြူဆွဲလေမည် မသိ။
အိမ်သာတွင်ကား၊ ဖက်များတချို့
စက္ကူတချို့၊ အ၀တ်စတချို့
ငှက်ပျောခွံတချို့၊ သံပုရာခွံတချို့
ဆေးလိပ် မီးခြစ်တချို့
ပိတ်ဆို့နေလျက်၊ ရေလျှံတက်၏
ကြွက်တို့ ပြူတစ် ပြူတစ်။
တချို့လူနာ
အိမ်သာမှာငိုင်၊ ပြောင်းပြန်ထိုင်ရင်း
ဆီးပုလင်းတဖက်၊ ဆေးလိပ်တဖက်
စည်းစိမ်တက်၏။
တချို့လူနာ၊ ကုတင်မှာပဲ
ဘာဝနာပွါးသူပွါး၊ သွားကြားထိုးသူထိုး
ပိုးမျိုးရှစ်ဆယ်ရော၊ ခိုးဆိုးရှစ်ဆယ်ရော
တောရောက် တောင်ရောက်၊ ၉၆ ပါးရောဂါ
ကင်ဆာပါ မပါ၊ ရိုးရာဆေး ထက်မထက်
လျက်ဆား လက်ဆုံလျက်ရင်း၊ စကားတင်းဆို
ငိုမိသူငို၊ မငိုသူလည်း မရယ်နိုင်။
တချို့သော်ကား
လက်ဖက်လက်ဆုံစား၊ ကွမ်းယာလက်ဆုံဝါး
အားရှိသွားအောင်၊ ရေများများသောက်
ဆီးများများပေါက်
တယောက်ကိုတယောက်ဖေး
ဘ၀တူချင်း အားပေးလျက်။
တချို့လူနာ
လူနာကအထူး၊ ဆေးဝါးကအထူး
သမားကအထူး၊ အစားကအထူး
ဧည့်သည်ကအထူး၊ သူနာပြုအထူး
မထူးသည်မှာ ရောဂါ။
တချို့လူနာ
လူနာက အညတြ၊ ဆေးဝါးခ မရှိ
ကိတ်မုန့်ပေါင်မုန့်မရှိ၊ ဟောလစ်နို့မှုန့်မရှိ
ကြက်ဥနွားနို့ မရှိ၊ ဓါတ်ဗူး ပူအေး မရှိ
တိုင်း(မ်)၊ နယူးစ်ဝိမရှိ
သူ့မှာရှိတာရောဂါ။
တချို့လူနာ၊ တကျပ်သာပါ၏။
တချို့လူနာ၊ လေးငါးရှစ်ကျပ်ပါ၏။
တချို့လူနာ၊ လေးငါရှစ်ရာ ပါ၏။
ဂိတ်ကြေးမှာတကျပ်၊
ဆေးထည့်ညင်သာ တကျပ်၊
အိုးထိုးခွက်သွန် တကျပ်၊
ဆီးပိုက်ဖြုတ်တပ် တကျပ်၊
ဆီးပုလင်းဖြုတ်တပ် တကျပ်၊
တောရိတ်ခြုံရှင်း တကျပ်၊
ကိုယ့်နားသူလာ တကျပ်၊
သူနားကိုယ်သွား တကျပ်၊
တိုးတိုး တကျပ်၊ ကျယ်ကျယ်တကျပ်
ခြေတို့လက်တို့ တကျပ်။
မီးတခြစ်တကျပ်၊ ဆီတညှစ် တကျပ်
ထိုင်တကျပ်၊ ထ တကျပ်
မလှုပ်တကျပ်၊ လှုပ်တကျပ်။
ရက်ခြားတခါ၊ ဆွမ်းခံသံဃာ
လှည့်လည်လာသလို၊ ပါရဂူများ
ကရောင်း+++ လှည့်သွားရင်း၊ ရက်ချိန်းများမှတ်
ဓါတ်ခွဲတပါတ်၊ ဆီးစစ်သွေးစစ်တပါတ်
ခွဲစစ်ဆွဲစစ်တပါတ်
ရက်ပါတ်စောင့်ရာ၊ တခါတရံတလ
တခါတရံ၊ နှစ်လ၊ သုံးလ။
လူနာကတရာနှစ်ရာ
သမားမှာတယောက်နှစ်ယောက်
ဆစ်စတို စကိုပီx၊ ဘိုင်သြစပီ+x
ရီနိုဂရမ်၊ ဓတ်မှန်သေးကြီး
သွေးဆီးသလိပ်၊ အကျိတ်အဆန်
မှောက်လှန်မွှေထိုး၊ ရောဂါမျိုးရှာ
ရှာ..... ရှာ..... ရှာ...
ရောဂါတွေ့ပြီ၊ မတွေ့သည်မှာ ဆေး
အပြင်ဈေးမှာ ၁၀၀-၂၀၀
အတွင်းဈေးမှာ ၁၀-၂၀ သာ။
ဆရာဝန်များ၊ ထွက်သွားသောခါ
နီနီပြာပြာ၊ သူနာပြုများ
လာသွားတုံ့ခေါက်၊ တယောက်ကပြုံးပြုံး
တယောက်ကမဲ့မဲ့၊ တယောက်ကနွဲ့နွဲ့
မနွဲ့သူကဟောက်၊ မဟောက်သူက ချော့
ငေါ့တဲ့အခါငေါ့၊ အားလုံးကတော့ လှသည်သာ။
ဆရာမများ၊ ထွက်သွားသောခါ
"ဆေးလိပ်မသောက်ရ"
စာတန်းအောက် တည့်တည့်မှာ
ထိုင်ကာ မှိုင်ကာ၊ ငိုင်ကာဆေးသောက်
မီးခိုးလူလူ၊ မှိုင်းထူထူ
လူနာပုလင်း ခလောက်ကယ်နှင့်လေး။
ပုစဉ်းလောက် ခြင်တွေ လေတွင်ရှဲရှဲမြည်။
ပိတုန်းလောက် ယင်တွေ မြေပြင်ဝဲတော့သည်။
+ Geiger Counter မြေကြီးထဲက ဓါတ်သတ္တုကို ရှာဖွေတဲ့ကရိယာ
++ Uretero Lithotamy ကျောက်ကို ဆီးလမ်းထဲက ခွဲထုတ်ခြင်း
+++ Round လှည့်တာကို တောကလူနာတွေက ကရောင်းလှည့်တယ်လို့ခေါ်တယ်
x ဆီးအိမ်ထဲကရိယာသွင်း၍ ရှာခြင်း
+x အသားစ ဖဲ့ယူ၍ စစ်ခြင်း
မောင်စွမ်းရည်။
သာရမဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၁၉၈၈။
[ကြီးပွါးရေးစာအုပ်တိုက်ထုတ်၊ မောင်စွမ်းရည်ရဲ့ အမေ့ခေါ်သံနှင့် အခြားကဗျာများ- စာအုပ်၊ ပထမအကြိမ်၊ မေလ၊ ၁၉၉၇ မှ ကူးယူဖော်ပြပါတယ်။]
{ယခု နယူးယောက်မြို့တွင်၊ ကျောက်ကပ်ဆေးရုံတက်နေရတဲ့ ဆရာမောင်စွမ်းရည် ကျန်းမာရွှင်လန်းစေဖို့ ဆရာ့ကဗျာဟောင်းတပုဒ်နဲ့ ဆရာ့ကို ဂါရ၀ပြုပါတယ်။- လမင်းတရာစာပေဆက်ဆံရေး}
Posted by
Maung Aye Win
at
10:07 AM
1 comments
Labels: ကဗျာ
Friday, November 13, 2009
တမ်းတလို့လွမ်းရပါတယ်....
ရေးသူ- မောင်အေးခိုင်
ဆယ်စုနှစ် လေးခုမျှ ကြာခဲ့ပြီ။ အတွေးပုံရိပ်ထဲမှာ တချို့က တပိုင်းတစပဲ ပေါ်တော့တယ်။ မှိန်ပျောက်ကွယ်လုလုတွေ မနည်းလှဘူး။ တချို့က မလင်းတလင်း၊ မမှိန့်တမှိန်၊ တချို့ကား ခုချိန်ထိ လင်းလက် နေဆဲ.......။
ကိုယ်တို့ရောက်ခါစ၊ ဒီဒေသမှာ စွယ်တော်ရိပ်လို့ ပြောရအောင်လဲ စွယ်တော်ပင်တွေက လူတရပ်စာ သာသာတွေနဲ့ အပင်ပေါက်တွေပဲ ရှိသေးတယ်။ အခက်အလက်တွေ ဝေေ၀စည်စည် မဖြစ်သေးဘူး။ ဒါပေမယ့် ကိုယ်နေခဲ့တဲ့ ခွန်နစ်နှစ်တာ ကာလအတွင်းမှာ စိုစိုပြေပြေ ဖြစ်လာလိုက်တာ ကိုယ်တို့ကို အဲဒီကျောင်းက တွန်းထုတ်လိုက်ချိန်မှာ အပီအပြင် စွယ်တော်ရိပ်လို့ အမည်နာမ ကောင်းကောင်းတပ်လို့ ရနေပြီ။
မမြင့်ခိုင်က ၀တ္ထုတပုဒ်ထဲမှာ ဦးလူပေါ မုခ်ဝနားက စက်မှုတက္ကသိုလ်ဆိုတဲ့ ဆိုင်းဘုတ်ကလည်း ခြုံနွယ် ပိတ်ပေါင်းအကြားမှာ ဖုံးတ၀က်၊ ပေါ်တ၀က်နဲ့လို့ (စာပေစိစစ်ရေးဖြတ်ခြင်းခံရ) ရေးတယ်။ ကိုယ့်ထက် ငါးနှစ်စော ရောက်တဲ့ အစ်မကြီး ရေးသလိုပဲ ကိုယ်တို့ရောက်တော့ ဒီဆိုင်းဘုတ်ဟာ ဒီအတိုင်း။ တနှစ်တခါ တက်လာတဲ့ ခြုံနွယ်တွေကို မရှင်းလို့နဲ့ တူပါတယ်။
ကိုယ်တို့ခေတ် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ပုံက ဆယ်တန်းစာမေးပွဲရဲ့ စုစုပေါင်းရမှတ်နဲ့ ရွေးတယ်။ ကိုယ် တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အတိုင်း ကိုယ် ပထမဦးစားပေး ရွေးချယ်တဲ့ စက်မှုတက္ကသိုလ်၊ ဓါတုအင်ဂျင်နီယာ ပထမနှစ်အတန်းမှာ ခုံနံပါတ် ၂၇ နဲ့ တက်ခွင့်ရတယ်။ အမှတ်ပေါင်းနဲ့ ရွေးချယ်တဲ့စနစ်က ကိုယ်တို့နှစ်က စတာ။ စက်မှုတက္ကသိုလ်က တနှစ်မှာ ကျောင်းသူကျောင်းသား ၅၅၀ လက်ခံတယ်။ ဓါတုအင်ဂျင်နီယာနဲ့ ချည်မျှင်နဲ့ အထည်အင်ဂျင်နီယာဌာနက တနှစ်ကို အယောက် ၅၀ စီပဲ လက်ခံတယ်။ ပိသုကာဌာန၊ ရေနံနဲ့သတ္တုတူးဖော်ရေး၊ သတ္တုဗေဒဌာန တို့က ဒိထက်နည်းတယ်။ များများလက်ခံတာ စက်မှုရယ်၊ လျှပ်စစ်ရယ်၊ မြို့ပြ အင်ဂျင်နီယာဌာနပဲ။ ဒီတော့ ပထမနှစ်မှာ တန်းခွဲလေးခု ခွဲထားတဲ့ အနက် လူနည်းစုတွေ ပေါင်းထားတဲ့အတန်းက တန်းခွဲတခု၊ ကျန်တဲ့ အများစုတွေက သပ်သပ်တန်းခွဲ တခုစီ။ စက်မှုအင်ဂျင်နီယာ အဓိကဘာသာ သုံးခုခွဲထားတယ်။ အထွေထွေ၊ မော်တော်ယဉ်၊ လယ်ယာ။ လျှပ်စစ်အင်ဂျင်နီယာကတော့ နှစ်ခု၊ အီလက်ထရောနစ် နဲ့ ပါဝါ။
ပထမနှစ်မှာ မြန်မာစာသင်ရတယ်။ မြန်မာစာဆရာက မြန်မာစာဌာန၊ ဌာနမှူး ဆရာဦးတိမ်ကြည်။ ကိုယ် ပထမနှစ် စာမေးပွဲကျလို့ ဒုတိယအကြိမ်ပြန်တက်တော့ မြန်မာစာဆရာက အခု အီလွီနိုက်တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့ ဆရာဦးစောထွန်း(ကလောင်နာမည်-စောလူ)။
ပထမနှစ်မှာ သင်ရတဲ့ ဘာသာရပ်တွေက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ၂ ဘာသာ (သင်္ချာ ၁၀၁၊ သင်္ချာ ၁၀၂)၊ ရူပဗေဒ ၂ ဘာသာ(ဆရာဦးလွှမ်းမိုးက တဘာသာ၊ ဆရာမ ဒေါ်မေသန်းနွယ်က တဘာသာ)၊ ဓါတုဗေဒ၊ အခြေခံစက်မှုပုံဆွဲ (Mechanical Drawing)။ နောက်ပြီး တပတ်တခါ workshop ဆိုပြီး ပန်းပဲထုတာနဲ့၊ အခြေခံ လက်သမား လုပ်ရတယ်။ ကိုယ်ကတော့ အဲဒီ လက်တွေ့တွေနဲ့ အလုပ်မဖြစ်ပါဘူး။ အပူပေးပြီး ထုရတဲ့သံလုံး မီးဖိုထဲမှာ ရဲနေတဲ့ မီးသွေးတွေနဲ့ ရောသွားလို့ ရှာမရတော့ပဲ သံလုံးနှစ်လုံး ဆုံးသွားတယ်။ ဗလကလဲ လက်မောင်း ပုလွေရိုးဆိုတော့ incharge လုပ်တဲ့ ပန်းပဲဆရာ ဦးချစ် ကူညီထုပေးမှ ပြီးသွားတယ်။ လက်သမားလဲ ဒီလိုပဲ။ စရွေးကိုက်ရတာ၊ ဆောက်နဲ့ထွင်းတာ လက်အရှိန်များလို့ ကွဲသွားလိုက်၊ ရွေပေါ်ထိုးတာ တဖက်ထူ တဖက်ပါးကို ညှိရင်းညှိရင်း လက်လွန်သွားလို့ သစ်သားက ပါးသွားပြီး အသစ် ခဏခဏ ပြန်ယူနေရတာနဲ့ သူများတွေ ပြီးတာတောင် ကိုယ်မပြီးလို့ မုံရွာက ကျော်သန်းဆိုတဲ့ သူငယ်ချင်းက လုပ်ပေးရတယ်။
ပထမနှစ်တက်ခါစက ကိုယ်တို့အိမ်က မဂိုလမ်း(ယခု-ရွှေဘုံသာလမ်း) မှာ။ မနက်ဆိုရင် သိမ်ကြီးဈေးနား ကနေ နံပါတ် (၈) ဟီးနိုးကားကို ပြားသုံးဆယ်ပေးစီးပြီး၊ ကျောင်းတက်ရတယ်။ ပြည်လမ်းက ရန်ကုန်ထောင် အဆောက်အဦးကြီးက မဖျက်ရသေးဘူး။ နံပါတ် (၈) ဘတ်စ်ကားဟာ လမ်းမတော်ဆေးကျောင်းဘက်က ပတ်သွားရတယ်။ ပြည်လမ်းမပေါ်မှာ ခြင်္သေ့ရုပ်ကြီးနှစ်ရုပ်ရံထားတဲ့ ဗိုလ်ရှုခံအဆောက်အဦလဲ ရှိသေးတယ်။ အ၀ိုင်းကြီး တွေကလဲ မြေနီကုန်းအ၀ိုင်း၊ ဟံသာဝတီအ၀ိုင်း၊ ကမာရွတ်အ၀ိုင်းတွေ ရှိသေးတယ်။
တချို့ကျောင်းသားတွေ မီးရထားနဲ့ ကျောင်းတက်ကြရတယ်။ ဘီပီအိုင်ဘူတာမှာ ဆင်းရတယ်။ မီးရထားက လပေးလက်မှတ် လုပ်ထားရင် ဘတ်စ်ကားထက် သက်သာတယ်။ တခါတလေ ကိုယ်တို့ အောင်ဆန်းကွင်းမှာ ဘောလုံးပွဲကြည့်ချင်ရင် ညနေ ကျောင်းအပြန် ဘီပီအိုင်ဘူတာကနေ ရန်ကုန်ဘူတာကြီးကို ရထားစီးသွားကြပြီး၊ ပြား ၃၀ ပေးရတဲ့ တောင်ဘက်တန်း ပွဲကြည့်စင်က ကြည့်ကြတယ်။
ပထမနှစ်ကျောင်းသူ ကျောင်းသားတွေမှာ ပုံဆွဲဘာသာရပ်မှာ သုံးတဲ့ တီစကွဲ (T- Square) ဆိုတဲ့ ပေတံကြီးကလဲ တမှောင့်။ အတော်ကို ကိုးလို့ကန့်လန့် နိုင်တယ်။ ဘတ်စ်ကား ကြပ်တဲ့အခါ ပြဿနာ။ ဟိုလူ့ ထိုးမိ၊ ဒီလူ့ ချိတ်မိနဲ့။ ဒုတိယနှစ်လောက် ရောက်ရင်တော့ ကိုယ့်အတန်းဖော်တွေကလဲ သမိုင်းဝင်းထဲ အဆောင်တွေကနေ ကျောင်းထဲက အဆောင်တွေကို ရောက်လာပြီ ဆိုတော့ သူတို့တွေ အခန်းမှာ ထားကြတယ်။ ကိုယ်ကတော့ တနှစ်ပတ်လုံးအတွက် လက်ဘက်ရည်ဆိုင်မှာ အပ်ထားလိုက်တယ်။
ကျောင်းရောက်ရင် ကြို့ကုန်း ဘီပီအိုင်မှတ်တိုင်မှာ ဆင်း၊ အုတ်တံတိုင်းကို လူတကိုယ်စာဖောက်ထားတဲ့ အပေါက်ကနေ ကျောင်းထဲကို ၀င်ကြရတယ်။ ကျောင်းတက်ဖို့ လာတဲ့သူတွေဟာ ဘယ်သူမှ ဦးလူပေါ မုခ်က မ၀င်ကြဘူး။ အဆောင်တွေဆီသွားမှ အဲဒီက ၀င်တာ။ ဒါတောင် အေဆောင်၊ ဘီဆောင်၊ ဂျီဟော၊ မြသီရိဆောင် တို့ကို သွားချင်ရင် ဘီပီအိုင်မှတ်တိုင် ဘေးပေါက်ကပဲ ၀င်ကြတယ်။
မိုးတွင်းမိုးများတဲ့ အချိန်ဆို ကားမှတ်တိုင်ကနေ ကျောင်းအဆာက်အဦ(၁)ကြီးဆီ ရောက်အောင်သွားဖို့ အတော်ခက်တယ်။ ၀င်ပေါက်က လူတကိုယ်စာ လောက်ကျယ်တယ်။ ကိုယ်တို့ မရောက်ခင်ကဆို ဒီအပေါက်မှာ တယောက်ဝင်/ထွက် ရင် တခါလည်တဲ့ ဒလက်က တပ်ထားသေးတာ။
လူသွားလမ်းမှာ အုတ်နီခဲ၊ ကွန်ကရိပြား အကျိုးတွေကို ခြေကြောင်းလမ်း ခြေတလှမ်းစာမှာ တခု ချခင်းထားတော့ ရှေ့လူလှမ်းတဲ့ ခြေလှမ်းအတိုင်း နောက်လူက စောင့်နင်းရတယ်။ မိုးထဲလေထဲမှာ ရှေ့လူက မလှမ်းရဲ လှမ်းရဲ တုန်တုန်ချိချိ လုပ်နေလို့ စောင့်ရတာ စိတ်မရှည်ရင် ရေထဲက ဆင်းလျှောက်။ တခါတလေ ရေက ခြေမျက်စိဖုံးတယ်။ ရေစီးလဲ သန်တဲ့အခါ သန်တယ်။ မိုးများရင် ဖိနပ်ကိုချွတ် လက်ကကိုင်ထားမှ။ မကိုင်ထားရင် မတော်တဆ ရာဘာဖိနပ်က ရေစီးနဲ့ အတူမျောသွားလို့၊ ဖိနပ်နောက်က အပြေး လိုက်ရတာ ခဏခဏ။ ပျော်စရာတော့ အကောင်းသား။ မိုးရွာရင် ကျောင်းထဲကရေတွေက အဲဒီ လူတကိုယ်စာ အပေါက်ကနေ လူတွေလိုပဲ အပြင်ကို တိုးထွက်တာ။
ကားမှတ်တိုင်မှာ လုပ်ထားတဲ့ ကားစောင့်တဲ့ တဲက ဓနိမိုး ခနော်ခနဲ့။ မိုးက ပက်သေး။ ရုရှတွေ လက်ဆောင်ပေးတုန်းက ဒီဘတ်စ်ကားစောင့် တဲကို မေ့သွားပုံရတယ်။ ကျောင်းဆင်းချိန် လူများရင် တဲကလေးက မဆန့်ဘူး။ စက်မှုတက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသား အများတကာ့အများစုဟာ ဘတ်စ်ကားပဲ စီးကြတယ်။ နောက်ပြီး အဆောင်နေ ကျောင်းသူကျောင်းသား၊ နယ်ကလာတက်သူတွေက အများစု။ ကားမှတ်တိုင်မှာ မတ်တပ်ရပ်စရာ ကျဉ်းရတဲ့အထဲ တခါတလေ နွားချေးပုံလဲ ရှောင်ရသေးတယ်။
ပါမောက္ခချုပ်က ဦးရုံးမို၊ မော်ကွန်းထိန်းက ဦးလှ။ ဦးရုံးမိုပင်စင်ယူသွားတော့ မြို့ပြဌာနက ဒေါက်တာအောင်ကြီး ပါမောက္ခချုပ်ဖြစ်လာတယ်။ မော်ကွန်းထိန်းဦးလှ ထွက်သွားတော့ ဦးသက်လွင် (ကလောင်နာမည်-မောင်ငွေလှိုင်း) ရောက်လာတယ်။ ကိုယ်တို့ ဓါတုအင်ဂျင်နီယာဌာန၊ ဌာနမှူးက ပါမောက္ခ ဦးခင်အောင်ကြည်။ မြို့ပြအင်ဂျင်နီယာဌာနက ဒေါက်တာအောင်ကြီးက ပါမောက္ခချုပ်ဖြစ်သွားတော့ ဦးမင်းဝန် ဌာနမှူးဖြစ်လာတယ်။
ရုရှက ဆောက်ပေးတဲ့ ကျောင်းကြီးကလေ မိုးယိုတဲ့နေရာယို၊ မိုးသဲရင် မိုးပက်လို့ ကျောင်းထဲက အမိုးအောက် စင်္ကြန်မှာတောင် ထီးနဲ့ သွားရတယ်။ အလွန်ပျော်စရာ ကောင်းတာပေါ့။ လူတိုင်းပျော် ကြတယ်။ ရေညှိတွေက ချောပြီး ချော်လဲတာလည်း တဘိုင်းဘိုင်းပဲ။ LCR ဆိုတဲ့ အမျိုးသမီး နားနေဆောင်တောင် မိုးသည်းရင် အတွင်းဘက် နံရံနား တိုးကပ်နေမှ။
သမိုင်းကျောင်းဆောင်ဝင်းထဲက သဇင်၊ အင်ကြင်း စတဲ့ အမျိုးသမီးဆောင်တွေက ဆောက်ပြီးခါစ။ ကိုယ်တို့ ကျောင်းစတက်တဲ့ ၁၉၆၉မှာ ကျောင်းသူတွေ အဲဒီမှာ မနေရသေးဘူး။ အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲ အတွက် အားကစားရွာ လုပ်ထားလို့ အားကစားသမားတွေ နေကြတယ်။ ကျောင်းထဲမှာရှိတဲ့ ဂျီဟော၊ မြသီရိအဆောင်က တတိယနှစ်နဲ့ အထက် ကျောင်းသူတွေ နေကြတယ်။
ပထမနှစ် ကျောင်းသူတွေ က မနော်ဟရီလမ်းက အိမ်အိုကြီးကို အဆောင်လုပ်ထားတဲ့ မနော်ဟရီ အဆောင်မှာ နေရတယ်။ မြို့မ မိန်းကလေးကျောင်း (အထက ၃ ဒဂုံ)က ဘော်ဒါဆောင်မှာလဲ စီးပွါးရေးတက္ကသိုလ်က ကျောင်းသူတွေနဲ့အတူ တချို့ နေရတယ်။ သူတို့လည်း ကျောင်းလာရင် နေ့ကျောင်းသူတွေ လိုပဲ ထမင်းဗူး ထည့်လာကြတယ်။ အဆောင်ဖယ်ရီ က မနက် ကျောင်းတက် ချိန် တချိန်၊ နေ့လည် ကျောင်းဆင်း ချိန် တချိန်၊ ညနေ ကျောင်းဆင်းချိန်တွေမှာ ကြိုပို့ လုပ်ပေးတယ်။
ယောက်ျားလေးဆောင်တွေလဲ ဒီလိုပဲ။ ဖယ်ရီတွေ ရှိတယ်။ ဖယ်ရီချိန် မဟုတ်ရင်၊ သမိုင်းဘုရားလမ်း မှတ်တိုင်မှာ ဆင်းပြီး စဥ့်ငူဆောင်အထိ တမျှော်တခေါ် လျှောက်ရတာ။ အုံးတောတို့ ဒူးယားတို့က တော်သေး တယ်။ အုတ်ကျင်း ဘာတာ မှတ်တိုင်မှာဆင်း၊ ဘာတာတိုက်တွေ ဘေးကဖြတ်၊ အုတ်တံတိုင်းကို အသာကျော်ရင် အုံးတောဆောင်ဘေးကို ပေါက်တာပဲ။ အုတ်တံတိုင်းက လူတရပ်စာတောင် မမြင့်ပါဘူး။ ဘယ်သူက လုပ်ပေးထားလဲတော့ မပြောတတ်ဘူး၊ အုတ်တံတိုင်း ပေါ်ကနေ ကျော်ခွ တက် ဆင်း နိုင်တဲ့ လှေခါးကလေးနဲ့။ လှေခါးက ဆင်းလိုက်ရင် ဘာတာဘက်ခြမ်းမှာ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လဖက်သုတ်ဆိုင်၊ ဆံပင်ညှပ်ဆိုင် ကုန်စုံဆိုင်စတဲ့ ဈေးတန်းရှိတယ်။ ကျောင်းသားထဲက တယောက် အဲဒီဘာတာဈေးတန်း ကလေးမှာ ထမင်းစားရင်း ထမင်းဆိုင် ပိုင်ရှင် သမက်တွေ ဘာတွေ ဖြစ်သွားပြီး နေ့စဉ်စားတဲ့ ထမင်းဘိုးတောင် ပေးစရာမလိုဘူး ဖြစ်သွားတယ်။ မမလေး ထမီဘိုးလောက်ပဲ ဆက်သရတာ ပေါ့လေ။
ကျောင်းထဲမှာ ယောက်ျားလေးဆောင်က A-F ၆ ဆောင်၊ မိန်းကလေး အဆောင်ကြီး တဆောင်က G။ (မစန္ဒာက ဂျီဟောသူလို့ ရေးသေးတယ်) ကျောင်းထဲက C Block စီဆောင် အောက်ထပ်မှာ ကျောင်းစာအုပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ နားနေ စာဖတ်ခန်းတို့ ရှိတယ်။ အဲဒီအခန်းက ရေဒီယိုကလဲ တနေ့လုံး ဖွင့်ထားတော့ နေ့လည်နေ့ခင်း ရေဒီယိုက သီချင်းသံကလေး တလွင်လွင်နဲ့ ကျောင်းသားတွေကလည်း အများအားဖြင့် ကျောင်းတက်နေချိန်ဆိုတော့ လူသူရှင်းရှင်းမှာ ရေဒီယိုသံက တလွင်လွင်နဲ့။ လွမ်းစရာလေး။
အော်.... မိုးတသဲသဲ၊ နွားချေးနံ့ တသင်းသင်း၊ အာရ်အိုင်တီမှာ ကျောင်းတက်ရလို့မှ ပျော်ခါစရှိသေး၊ နှစ်လလောက်မှာ ကျွန်းဆွယ်အရေးအခင်းဖြစ်လို့ စစ်အစိုးရက တက္ကသိုလ်နဲ့ ကောလိပ်တွေကို ပိတ်လိုက် ပါတယ်။
ဆက်ပါဦးမည်။
၁၁၊ ၁၂၊ ၂၀၀၉။
Posted by
Maung Aye Win
at
12:20 PM
1 comments
Labels: ကိုယ်တွေ့ ဖြစ်ရပ်မှန်
Wednesday, November 11, 2009
သူငယ်ဘ၀ ရှေးခါက
ရေးသူ- မင်းသုဝဏ်
ကျွန်ပ်၏ ဇာတိမှာ ယခုအခါ ရန်ကုန်တိုင်းဟုခေါ်သော ဟံသာဝတီစီရင်စု အရှေ့ဘက်ခြမ်း ပင်လယ် ဟိန်းသံကို ကြားရသည့် ကွမ်းခြံကုန်း ဖြစ်ပါသည်။ မွန်တို့ဒေသတွင် လယ်လုပ်ရန် အထက်အညာက ဆင်းလာကြသည့် အထက်သားများ စုဝေးနေထိုင်ရာ အရပ်တခု ဖြစ်ပါသည်။
တခါတုန်းက အဘိုးအိုတယောက် ကုန်းတခုပေါ်တွင် ကွမ်းစိုက်သည်ကို စွဲ၍ ဤ ကွမ်းခြံကုန်းအမည် ဖြစ်လာသည်ဟု ပါးစပ်ရာဇ၀င်ဆရာတို့က ပြောသည်ကို ကြားဖူးပါသည်။ ရေထ ရက်များတွင် ပင်လယ်ရေကြီး၍ ရေလွှမ်းသောအခါ ရေမစွတ်ပဲ ကျန်နေသော ကုန်းများတွင် ရွာတည်နေကြသဖြင့် မြန်မာလို 'ကုန်း' ပါသည့် လက်ခုပ်ကုန်းရွာ၊ ကညင်ကုန်းရွာ၊ ကွမ်းခြံကုန်းရွာ စသည်တို့ ဖြစ်ပေါ်လာပါသည်။ ယင်းတို့ မပေါ်သေးမီ ရှေးအထက်က မွန်လူမျိုးများသည်လည်း တော်ကူးရွာ၊ တော်ခရမ်းရွာ စသော ရွာများကို တည်ထောင်နေကြ ပါသည်။ 'တော်' ဆိုသော မွန်စကားလုံးမှာ မြန်မာလို 'ကုန်း' ကို ဆိုကြောင်း ကြားဖူးပါသည်။
အနီးအနားတွင် ကွမ်းခြံကုန်းဆိုသော ရွာတရွာ ရှိသဖြင့် ကျွန်ပ်၏ ဇာတိ ကွမ်းခြံကုန်းကို သီးခြားသဘော ပြု၍ တော်ပလွဲကွမ်းခြံကုန်းဟု ခေါ်ကြပါသည်။ တော်ပလွဲမှာ ကွမ်းခြံကုန်းရွာ၏ အနီး မရမ်းချောင်းကမ်းပါးပေါ်တွင် ရှိသော ရှေးဟောင်း မွန်ရွာတရွာ ဖြစ်ပါသည်။ မြန်မာလို ဥသျှစ်ကုန်း ဟု အဓိပ္ပါယ်ရှိကြောင်း သိခဲ့ရပါသည်။ အမှန်မှာ ကွမ်းခြံကုန်းရွာနှင့် တော်ပလွဲရွာ ဟူသော ရွာနှစ်ရွာမှာ အရှေ့အနောက် တန်းနေပုံ ရပါသည်။ ကွမ်းခြံကုန်းရွာ၏ သုဿန်သင်္ချီုင်းမှာ တိလောက မှန်ကူသွန်းဘုရားကြီးအနီးရှိ ဗောဓိပင် အနားတွင် ရှိပါသည်။ ကျွန်ပ်တို့ ငယ်စဉ်က ဤနေရာကို တူးရာတွင် ခေါင်းသေတ္တာ အဆွေးများကို တွေ့၍ လူကြီးသူမများက မှတ်ချက်ချသည်ကို ကြားဖူးလိုက်ပါသည်။
ကျွန်ပ်တို့ အရပ်တွင် ခလောက်ကိုးလုံး၊ တော်ကိုးလုံးရှိသည်ဟု လူကြီးသူမများ ပြောပါသည်။ ခလောက်ဆိုသော မွန်စကားလုံးကလည်း ကုန်းတမျိုးကို ဟောသည်ဟု ဆိုပါသည်။ ခလောက်တရာရွာမှာ ယနေ့တိုင် အထင်အရှား ရှိပါသည်။
တော်ပလွဲကွမ်းခြံကုန်းမှာ အထက်တွင်ဆိုခဲ့သည့်အတိုင်း ကျွန်ပ်၏ဇာတိ ဖြစ်ပါသည်။ ကျွန်ပ်တို့ ဘိုးဘွား မိဘများမှာ ကွမ်းခြံကုန်းမြို့၏ လူအနေကျဲသော တောင်ဘက်ကမ်းတွင် နေပါသည်။ လမ်းအရှေ့ဘက်ထိပ်တွင် စစ်တကောင်းကုလား ဒါဒါဆိုသူ၏ တံငါစခန်း ရှိပါသည်။ အနောက်ဘက်ထိပ်တွင် ဘာဘူလေး ဆိုသူ၏ တံငါစခန်း ရှိပါသည်။ သူတို့၏ အမည်မှန်ကို မသိပါ။ သူတို့သည် မြန်မာအမျိုးသမီးများနှင့် အိမ်ထောင်ပြုကြ၍ သူတို့၏ သားများမှာ ကျွန်ပ်၏ ကစားဖော် ကစားဖက်များ ဖြစ်ပါသည်။
ကျွန်ပ်ဖခင်ဘက်က အဘိုးမှာ မရမ်းရွာသား ဦးကြာဇံ ဖြစ်ပါသည်။ သူက လှေသူကြီး၊ စပါးပွဲစားပါ။ ကွမ်းခြံကုန်းတ၀ိုက်က စပါးများကို ၀ယ်၍ လှေနှင့်တင်ကာ ရန်ကုန်မြို့ ပွဲစားကြီး ဦးဘိုးသာ စသည်တို့ထံတွင် ရောင်းပါသည်။
အဘိုးဦးကြာဇံမှာ ဘွင်းဘွင်းတွေး၍ ဘွင်းဘွင်းပြောတတ်သူဟု ဆိုပါသည်။ တခါသော် ပွဲစားကြီးက ရွှေတိဂုံစေတီ ကုန်းတော်တွင် တန်ဆောင်းဆောက်ရန် စီစဉ်ပါသည်။ အဘိုးနှင့် လှေသားများက ကျွန်းတိုင်ကြီးများကို ထူပေးရပါမည်။ မနက်နေထွက်ပြီ။ မထူရသေး။ နေမြင့်ပြီ။ မထူရသေး။ နေပူလှပြီ မထူရသေး။ ထိုအခါ အဘိုးက ပွဲစားကြီးကို ထူချင်ကြောင်း ပြောရာ မြေခံကောင်းချိန် မရောက်သေး၍ မထူရသေးကြောင်း ပြောသဖြင့် အဘိုးက မြေကြီးကို တီခံတာပဲ။ ထူချင်တဲ့အခါ ထူတာပေါ့ ဟုဆိုလျက် ထူပေးလိုက်ကြောင်း ကြားဖူးပါသည်။
အဘိုးသည် စေတီတော်ကြီးကို အလွန်ကြည်ညိုပါသည်။ ရွှေဆည်းလည်း လှူဖူးပါသည်။ ရွှေပြားလှူဖူး ပါသည်။ သူ၏ နောက်ဆုံး မွေးသားငယ်ကို မောင်ရွှေပြား ဟူ၍ပင် ခေါ်ပါသည်။ ကျွန်ပ်နှင့် အရွယ်တူ ဖြစ်ပါသည်။ ကိုအောင်ချစ်ဟု အမည် ရှိပါသည်။
ဆည်းလည်းမှာ အနောက်တောင်ထောင့်တွင် ထိုးထွက်နေ၍ မိဘများ လက်ညှိုးထိုးပြသဖြင့် မြင်ဖူးပါသည်။ တခါက ထီးတော်ကို အသစ်လဲ၍ ဆည်းလည်းများကို မှန်တိုက်တွင် ပြထားစဉ် ဆည်းလည်းပေါ်ရှိ ကမ္ဗည်းစာကို ကျွန်ပ် ကူးယူထားပါသည်။
တောင်ဘက်ကမ်းတွင် အဘိုးစတင်နေထိုင်သောအခါ အရပ်က သုံးရန် သောက်ရေကန်တကန်ကို ရွာပြင်ဘက် ကွင်းတွင်ထဲတွင် တူးပါသည်။ ကျွန်ပ်တို့ မီသောအခါ ကန်ပေါင်တွင် ထန်းပင်များ ရှိနေသည်ကို မှတ်မိနေပါသည်။ ကွမ်းခြံကုန်းနှင့် တော်ခရမ်းရွာအကြား ပေတရာ လမ်းမပေါ်တွင်လည်း ရေကန်တူး၍ ဇရပ်ဆောက်ကာ ခရီးသွားများ အပန်းဖြေနားနေရန် လုပ်ခဲ့ပါသည်။ ဤနေရာတ၀ိုက်တွင် အဘိုးပိုင် လယ်မြေ နှစ်တုံးထွန်၊ သုံးတုံးထွန်လောက် ရှိသည်ဟု ဆိုပါသည်။
အဘိုး၏ ရာပါလှေကြီး ဆိုက်ကပ်ထားရာ ကွမ်းခြံကုန်းချောင်းအကြောင်းကို ပြောပါဦးမည်။ ဤချောင်း မှာ မြစ်ဝကျွန်းပေါ်အရပ်၏ ထုံးစံအတိုင်း ရေတက်ရေကျရှိသော ချောင်းဖြစ်ပါသည်။ ချောင်းနဘေးတွင် ငါးတန် ပိန်းတောများ၊ ခရာဆူးတောများ ရှိပါသည်။ ယင်းတောများကို ခို၍ မြွေစိမ်းမြီးခြောက်များက အပင်များတွင် နေပါသည်။ အဆိပ်ပြင်းသော ဂျပ်မြွေနှင့် အဆိပ်ကင်းသော ကနကုတ်တို့က ရေထဲတွင် နေကြပါသည်။ ဂျပ်မြွေမှာ အဆိပ်ရှိသော အစွယ်များ အပြင်ထွက်နေ၍ ယင်းအစွယ်များ ခြစ်မိလျှင် အဆိပ်တက်ကာ အိပ်ချင်လာပါသည်။ အိပ်သောအခါ မထတော့ပဲ သေပွဲဝင်တတ်သည်ဟု ပြောပါသည်။ ဂျပ်မြွေအဆိပ်သင့်သည်ဟု သိလျှင် ခရာမြစ်ကို ၀ါးစားပါက အဆိပ်ပြေသည်ဟု ဆိုပါသည်။
ချုံများထဲတွင် ရေကြက်များ၊ ကရကွက်များ နေပါသည်။ သူတို့ အော်သံကို ကြားနေရသော်လည်း သူတို့ကို မြင်ဖို့မှာ မလွယ်ပါ။ လှေနှင့် တက်နှင့် သွားခိုက်တွင်မူ ရေစပ်၌ အစာရှာနေသည်ကို မြင်ရနိုင်ပါသည်။ ငယ်စဉ်က ကျွန်ပ်တို့ ကစားဖော်များ ဘောက်တူနှင့် ရေစုန်ရေဆန်မျောကာ လိုက်ကြည့်၍ မြင်ဖူးပါသည်။
ချောင်းထဲတွင် ကျွန်ပ်တို့ မကြာခဏ ရေကူးကစားကြပါသည်။ ရေမကူးတတ်သေးလျှင် ဓနိဖောင်ကို စီး၍ ကူးပါသည်။ ကုန်းပေါ်တွင်မူ ကျွန်ပ်တို့ လူစုံလျှင် သစ်ပင်ရိပ်၌ ဒီထိုးတွတ်ထိုး ကစားကြပါသည်။ ဂေါ်လီပစ်ကစားကြပါသည်။ မျောက်ပန်းလှန် ကစားကြပါသည်။
မိုးစဲလေသောအခါတွင်မူ ရွာပြင်ထွက်၍ စက္ကူစွန် (လေတံခွန်) လွှတ်ကစားကြပါသည်။ သင်္ကြန်အတွင်း၌ ကား ရေကစားကြပါသည်။ ရိုးရိုးရေပက်ရုံမျှမက ၀ါးကိုလုပ်သော ပြွတ်နှင့် ရပ်ကွက်ထဲလှည့်ကာ ရေပက်ကြပါ သေးသည်။ သင်္ကြန်ထမင်းလည်း စားကြပါသည်။ သီတင်းကျွတ်ပွဲတော်တွင်မူ မီးထွန်းကြ၊ မီးပုံးလွှတ်ကြ၊ ပစ္စည်းဝှက် ကစားကြပါသည်။ တန်ဆောင်မုန်းလပြည့်တွင်မူ ဆွမ်းကြီးလောင်းပွဲ ကျင်းပ၍လူငယ်များက ကကြ ခုန်ကြ ယိမ်းပွဲလုပ်ကြပါသည်။ အထက်ပါအကြောင်းတို့ကို အနုစိတ် ရေးရပါမူ လက်အန်သေမည် ထင်ပါသည်။ ကျွန်ပ်တို့၏ ကျေးလက်တောရွာ ထုံးစံသည် အလွန်ကျယ်ပြောပါပေသည်။
အရွယ်ရောက်သောအခါ ကျွန်ပ်သည် လောကဓတ်ကျောင်းသို့ သွား၍ အတန်းစာ သင်ရပါသည်။ ကျောင်းပိတ်ရက်တွင် ဘုန်းကြီးကျောင်းသွား၍ ဘာသာရေးစာများကို နားထောင်ကျက်မှတ်ရပါသည်။ ဘောဒေ၀ပုတ္ထာ၊ အိုနတ်သား စသည်ဖြင့် ကျက်မှတ်ရင်း သာသနာရေးဘက်တွင် စိတ်ညွှတ်ခဲ့ရပါသည်။
သို့သော်လည်း ကစားဖော်များစုမိလျှင်မူ အကစားမပျက် အကွက်လည်အောင် ကစားကြပါသည်။ လူကြီးများ မျက်စိနောက်အောင် ဆော့ကြပါသည်။ နဖူးပြဲ ဒူးကွဲ၍ နနွင်းလိမ်းရသည်လည်း အကြိမ်ကြိမ်ပင်။ နေ၀င်မိုးချုပ်စ တစ္ဆေအပမီ၍ ခေါစာပစ်ရသည်လည်း ရှိပ်သည်။ ခေါစာလာစားသည့် ခွေးကို စောင့်ကြည့်ရ သည်မှာလည်း တမောပင်။
ဤကလေးဘ၀ ကျင်လည်ခဲ့ရသည့် အခြေအနေတို့သည် ကျွန်ပ်ကြီးလာသောအခါ မောင်ခွေးဖို့ ကဗျာများအတွက် အဟာရပေါင်းချုပ် ဖြစ်လာပါတော့သည်။
မင်းသုဝဏ်။
[စာအုပ်လောက မဂ္ဂဇင်း၊ အမှတ် ၁၃၊ ၂၀၀၄ ခုနှစ် ဇန်န၀ါရီ မှ ကူးယူဖော်ပြပါသည်။]
Posted by
Maung Aye Win
at
11:01 PM
0
comments
Labels: ဆောင်းပါး
ကြီးပွါးရေး လူထုဦးလှ
ရေးသူ- မောင်ထင်
အမျိုးသားရေး နိုးကြားမှုသည် ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို မြန်မာတနိုင်ငံလုံး အများစု ကောလိပ် ကျောင်းသား၊ အထက်တန်းကျောင်းသား၊ အလယ်တန်းကျောင်းသား (အချို့ဒေသတွင်) မူလတန်းကျောင်းသား များပင် ပါဝင်သော ကျောင်းသားပရိသတ်တို့က တခဲနက် သပိတ်မှောက်ကြသည့် ၁၉၂၀ ပြည့်နှစ် ပညာရေး အရေးတော်ပုံတရပ်မှ စတင်ပေါ်ပေါက်သည်။ ထိုပညာရေးကိစ္စမှ အစပြု၍ တနိုင်ငံလုံးတွင် လွတ်လပ်ရေးကို ဦးတည်သော နိုင်ငံရေး ကြိုးပမ်းမှုကြီးတရပ် ထွန်းကားလာသည်။ ထို့ကြောင့် သမိုင်းဆရာတို့က ထိုအမျိုးသားရေး ဆိုင်ရာ ဥဿဟကြီးကို တနိုင်ငံလုံး၏ အမျိုးသားရေး ကြိုးပမ်းမှုဟူ၍ အသိအမှတ် ပြုကြသည်။
ထိုခေတ်ဦးတွင် ကျွန်တော်တို့ လူပျိုပေါက်အရွယ်သို့ ရောက်လာကြသည်။ ယခုခေတ်၌မူ လူပျိုပေါက် အပျိုပေါက်တို့ကို မျိုးချစ်စိတ်ဓာတ်ဖြင့် အင်္ဂလိပ်ဝေါဟာရကို မှီး၍ ဆယ်ကျော်သက်ဟု ခေါ်ကြသည်။ ဆယ်ကျော်သက် ဆိုသည်မှာ တဆယ်ကို ကျော်သလား၊ နှစ်ဆယ်ကို ကျော်သလား၊ ငါးဆယ်၊ ခြောက်ဆယ်၊ ခုနှစ်ဆယ်ကို ကျော်သလား အတိအကျ မသိပါ။ အားလုံးရောကျော် ဖြစ်နေ၍ အသက်တရာ မပြည့်သေးလျှင် ဆယ်ကျော်သက်ဟူ၍ မှတ်ယူရန် ရှိပါသည်။
သို့သော် ထိုစကားများမှာ ဦးလှနှင့် ဘာမျှမဆိုင်ပါ။ မည်သူနှင့်ဆိုင်သည်ဟုလည်း ပြောရန်မရှိပါ။ စာရေးရာ၌ စာလုံးရေများအောင် သက်သက်မဲ့ ကလောင်ရှည်ခြင်း ဖြစ်ပါသည်။ အမှန်ပြောချင်သော စကားမှာ ထိုအရွယ်တွင် ကျွန်တော်တို့လို လူငယ်များသည် အမျိုးသားရေးကို ဆောင်ရွက်လိုသော စိတ်များ ထိုးထိုး ထောင်ထောင်နှင့် ရင်ထဲမှ ငေါထွက်လာသည်ကို ရေးလို၍ ဖြစ်ပါသည်။
ဦးလှသည် အတွင်းဝန်ရုံးမှာ စာရေးကြီးအလုပ်ကို လုပ်နေသော ဦးသိန်းဆိုသူနှင့် မိတ်ဆွေ ဖြစ်သည်။ ဦးသိန်းသည် ရန်ကုန်မြို့တွင် အလွန်ထင်ရှားသော ခရစ်ယန်သာသနာပြုကျောင်း၌ ငယ်စဉ်က ပညာသင်ယူခဲ့ သဖြင့် အင်္ဂလိပ်လို အရေးအပြော နှစ်ရပ်စလုံး၌ ကျွမ်းကျင်သူ ဖြစ်သည့်အပြင် အလုပ်လုပ်ရာ၌ တိကျမှန်ကန် သော ဓလေ့ရှိခြင်းကြောင့် အတွင်းဝန်ရုံး၌ ကျော်ကြားသည်။ ဦးလှကား ရန်ကုန်မြို့တွင် နာမည်ကြီးသော အစိုးရ အထက်တန်းကျောင်း၌ စတင် ပညာသင်ယူခဲ့လေရာ အင်္ဂလိပ် - မြန်မာစာ အရေးအသား သင့်တင့်ကောင်းမွန် သည့်အပြင် ကျောင်းသားတို့ ၀ါသနာအလျောက် ဆောင်ရွက်တတ်သော စည်းကမ်းနည်းလမ်း လုပ်ငန်းများကို ကျွမ်းကျင်သည်ဟု ထင်ရှားသည်။
ထိုသူနှစ်ယောက်သည် ပူးတွဲ ပူးတွဲနှင့် ကျွန်တော်တို့၏ မြို့မတိုင်းရင်သား အထက်တန်းကျောင်းသို့ မှန်မှန်လာကြသည်။ အစိုးရကျောင်းသားနှင့် "နေရှင်နယ်" (တိုင်းရင်းသား) ကျောင်းသားများသည် ဆန့်ကျင်ဘက် ဟု အများက ယူဆကြသည်။ သို့သော် အမှန်မှာ ကျွန်တော်တို့ ကျောင်းသားများသည် ဘယ်ကျောင်းက ထွက်ထွက် ကျောင်းသားမှန်လျှင် လည်ပင်းဖက်ပြီး ပေါင်းသင်းတတ်ကြသည်မှာ ယေဘူယျဖြစ်သည်။ အစိုးရ ကျောင်းသားများသည် အများအားဖြင့် အင်္ဂလိပ်ဘာသာရပ်၌ "တော်" ကြပါသည်။ ကျွန်တော်တို့ မြို့မတိုင်းရင်းသား ကျောင်းသားတို့က မြန်မာစာတွင် ရတုကို စပ်ဆိုနိုင်သည်အထိ "တော်" ကြပါသည်။ "တော်" သူ ကျောင်းသားချင်း ပေါင်းသင်းကြပုံမှာ ညီအစ်ကိုကဲ့သို့ ဖြစ်ပါသည်။ သို့သော် ဦးသိန်းနှင့် ဦးလှတို့ ကျွန်တော်တို့ ကျောင်းသို့ ရောက်လာပုံမှာ အလွန်ထူးပါသည်။ ထိုသူနှစ်ယောက်က လူထုများအရှေ့မှာ အင်္ဂလိပ်စကားပြော သည်ဖြစ်စေ၊ မြန်မာစကား ပြောသည်ဖြစ်စေ ရဲရဲဝံ့ဝံ့ ဌာန်ကရိုဏ်းကျကျ ပြောတတ်အောင် ကျောင်းသားဘ၀မှစ၍ လူထုရှေ့တွင် စကားပြောနည်းကို လေ့ကျင့်သင့်ကြောင်း၊ ငယ်စဉ်ကစ၍ ဤကဲ့သို့ လေ့ကျင့်ရလာလျှင် ပေါင်းသင်း ဆက်ဆံရေး၌ ကောင်းမွန်၍ စီးပွါးရေးလုပ်လုပ်၊ အစိုးရအမှုထမ်းလုပ်လုပ်၊ နိုင်ငံရေး လုပ်လုပ် ဘာကိုပဲလုပ်လုပ် အောင်မြင်မှု ရနိုင်ကြောင်း၊ ထိုကြောင့် ကျောင်း၌ စကားအခြေအတင်ပြောသော အသင်းများကို တည်ထောင်သင့် ကြောင်း၊ အပြောအဆို ကျွမ်းကျင်သောအခါ တဆင့်တက်၍ ကျေးရွာပြုပြင်ရေး အပါအ၀င် လူမှုရေးလုပ်ငန်းများ ကို စနစ်တကျ ဆောင်ရွက်သင့်ကြောင်း၊ ကျေးလက်ကို စနစ်တကျ ထူထောင်နိုင်ပါမှ ကျွန်တော်တို့ လိုချင်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို နိုင်နင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နှစ်ကိုယ်ကြား ဟောပြောကြပါသည်။ နှစ်ကိုယ်ကြား ဆိုသည်မှာ ပထမစည်းရုံး စတွင် လူငယ်လေးငါးယောက်ခန့် စည်းရုံးရမည်ဖြစ်ရာ နှစ်ဦးနှစ်ဘက် ဟိုဘက်သည်ဘက် သဘောပေါက်အောင် ပြောတတ်ဖို့ အရေးကြီးသောကြောင့် နှစ်ကိုယ်ကြားစနစ်နှင့် စတင် ဆောင်ရွက်ရမည်ဟု ဦးသိန်းက ဟောပါသည်။
မြို့မတိုင်းရင်းသားကျောင်းမှာ စကားအခြေအတင်ပြောသော အသင်းရှိပြီး ဖြစ်၍ ကျေးလက်ပြုပြင်ရေး လုပ်ငန်းကို ဦးသိန်းနှင့် ဦးလှတို့က အာရုံစိုက်၍ တီထွင်ဆောင်ရွက်ပေးရန်သာ လိုသည်။ ဤကဲ့သို့ ဦးသိန်းက ဦးဆောင်၍ ဦးလှက ဆော်သြပေးလျှင် လုပ်ငန်းထွန်းကားလာလိမ့်မည်ဟု မြို့မကျောင်းသားကြီးများက ပြောကြား သည်။ မကြာမီ စာပေးစာယူစနစ်ဖြင့် မိတ်ဆွေဖွဲ့သော ကလပ်ဟု ပေါ်ပေါက်လာသည်။ မြို့မတိုင်းရင်းသားကျောင်း သည် ရန်ကုန်မြို့ အစိုးရ အထက်တန်းကျောင်းနှင့် မိတ်ဆွေ ဖြစ်လာရုံမက အခြားအိန္ဒိယတိုင်းရင်းသားများ ထူထောင်သော ကျောင်းများနှင့်ပါ ရင်းနှီးလာကြသည်။ အသင်းသားများ စုစည်းမိကြသောအခါ လူငယ်များသည် ကလပ်ကို တိုးချဲ့လာကြသောကြောင့် ယခု ဗိုလ်ချုပ်ဈေးကြီး၏ အခန်းတခုကို ငှားရမ်းပြီးလျှင် မူလကလပ်ကို ဖျက်သိမ်း၍ လူငယ်များ ကြီးပွါးရေးအသင်းကို တည်ထောင်ကြသည်။ ထိုအသင်း၏ အာဘော်ကို လူအများ နား လည်အောင် မဂ္ဂဇင်းတစောင်ကို ထုတ်ဝေရန် အသင်းကြီးက ဆုံးဖြတ်ရာ ဦးလှက မဂ္ဂဇင်းထုတ်ဝေရေးကို တာဝန်ယူသည်။
ဦးသိန်းသည် လူငယ်များကြီးပွါးရေးအသင်း၏ ဖခင်ဟု ဆိုလောက်သည်။ ထို့ကြောင့်လည်း သူ့ကို ကြီးပွါးရေးဦးသိန်းဟု အများက ခေါ်ဝေါ်ကြသည်။ ကြီးပွါးရေးမဂ္ဂဇင်းကို ထုတ်ဝေလိုက်သောအခါ ဦးလှကိုလည်း ကြီးပွါးရေးလူငယ်ပရိသတ်တို့က "ကြီးပွါးရေးဦးလှ" ဟူသော "ဘွဲ့" ကို ချီးမြှင့်သည်။
ကြီးပွါးရေးမဂ္ဂဇင်း ထွက်လာသောအခါ ကျွန်တော်သည် မူလအသင်းသားတဦး အဖြစ်ဖြင့် ထိုမဂ္ဂဇင်းတွင် ဆောင်းပါးနှင့် ကဗျာများ စသည်တို့ကို ရေးသားခဲ့သည်။ နောင်သောအခါ မြို့အုပ်အဖြစ်ဖြင့် အနယ်နယ် အရပ်ရပ်သို့ လှည့်လည်အမှုထမ်းစဉ်၊ မင်းမှုထမ်းဘ၀၏ သဘောနှင့် သရုပ်ကို ဖော်သော အဓိပ္ပါယ်ဖြင့် ရယ်ဖွယ်များကို ရေးသားခဲ့သည်။ များစွာသော စာဖတ်ပရိသတ်သည် ကျွန်တော်ရည်ရွယ်သလို ရယ်ကြပါ၏။ သို့သော် တချို့က သူ့ကို စောင်းမြောင်းရေးသည်ဟု မှတ်ယူကြသည်။ ထိုစဉ်က ကျွန်တော် စာရေးဆရာပေါက်စ သည် စာရေးခြင်း၌ အကင်းမပါးပါ။ မခံချင်တတ်သော မြေတိုင်းစာရေးကလည်း ကျွန်တော့ကို ရန်တွေ့ပါသည်။ သို့သော် ကံကောင်းထောက်မသဖြင့် မြို့အုပ်မင်းသည်လည်း ကဗျာမစပ်ရတော့ပါ။ ဒုတိယကမ္ဘယစစ် ဖြစ်သောအခါ ပါးလ်ဟာဗာ ဗုံးကြဲသောနေ့တွင် ခွင့်ရက်ရှည်ရသဖြင့် တောင်ကုပ်မှ ကိုယ့်မြို့ကိုယ့်ရွာသို့ မိုင် ၁၁၀ ခြေကျင်လျှောက်ပြီးမှ သင်္ဘောစီး၍ ပြန်ခဲ့ပါသည်။
ကျွန်တော် ဗရုတ်သုက္ခဖြစ်နေတုန်း ထိုအခါက အိမ်ထောင်ကျပြီး ဖြစ်သော ကြီးပွါးရေး ဦးလှသည် ချစ်ဇနီး ဒေါ်အမာနှင့်အတူ မန္တလေးမှာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းကို လုပ်ပါသည်။ ကျွန်တော်တို့ ငယ်သူငယ်ချင်း နှစ်ယောက် ရုတ်တရက် မဆုံမိပါ။ ကျွန်တော်ကား မြန်မာနိုင်ငံ လွတ်လပ်ရေးရသကဲ့သို့ မိမိလည်း လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ပြီး၊ ရန်ကုန်သတင်းစာ၌ အယ်ဒီတာအဖြစ် ထမ်းရွက်နေစဉ်၊ လူထုဦးလှ ဆိုသူတယောက် ရန်ကုန်ထောင်ကြီးထဲ ရောက်နေသည် ဆိုသောကြောင့် သတင်းစာဆရာအသင်းက တာဝန်ပေးသဖြင့် ထိုပုဂ္ဂိုလ်ထံ သွားရောက် တွေ့ဆုံရပါသည်။
စိတ်ထဲမှာ မှတ်ထားသမျှကို နှစ်ပေါင်း ၅၀ ကြာမှ ပြန်၍တွေးနေရသဖြင့် အသေးစိတ်အချက်အလက် မှားချင်မှားမည်။ ကျွန်တော်ကိုယ်တိုင်ကလည်း ထိုစဉ်က မှားခဲ့၏။ ကျွန်တော်က ဦးလှ ထောင်ထဲရောက်နေ သောကြောင့် စိတ်ညှိုးငယ်နေလိမ့်မည်ဟု မှားမှားယွင်းယွင်း ထင်မြင်ခဲ့၏။ ဦးလှနှင့် တွေ့သောအခါ လား.. လား... ကိုယ်တော်ချောက ဘောလုံးကို ရင်ဝယ်ပိုက်၍ သူ့အဖော် ဘောသမားများနှင့်အတူ ကျွန်တော့ကို ရယ်ဖြဲဖြဲနှင့် နှုတ်ဆက်ပါသည်။ သူက ယခုကဲ့သို့ ဘောလုံးနှင့် အချိန်ဖြုန်းခွင့် ရသောကြောင့် ကျန်းမာရွှင်လန်းလျက် ရှိကြောင်း ပြောပြသောအခါ ကျွန်တော်လည်း အလွန်ဝမ်းသာသွားပါသည်။ သို့သော် "ဒီလို တခါပဲ ၀မ်းသာပါ ရစေ" ဟု စိတ်တွင် အောက်မေ့ပါသည်။
ထိုခေတ်က မန္တလေးမှာ ထုတ်ဝေသော လူထုသတင်းစာကို မြန်မာလူထုက လေးစားပါသည်။ တချို့က ကွန်မြူနစ်ဆန်သည်ဟု ပြောကြသော်လည်း အမှန်မှာ ဦးလှသည် ဟိုဘက် သည်ဘက် လိုက်တတ်သူ မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်တို့ ရန်ကုန်မှာ ထုတ်ဝေသော သတင်းစာများသည် မန္တလေးအာဘော်ကို နားလည်လိုလျှင် လူထုကို ဖတ်ကြရပါသည်။ တစတစနှင့် လူထု သတင်းကြီးလာသောအခါ "ကြီးပွါးရေး" ဘွဲ့ အလိုလို ပျောက်ပြီးလျင်၊ "လူထု" ဟူသောဘွဲ့သည် အလိုလို ရောက်လာသဖြင့် "လူထုဦးလှ" ဟု တွင်လာပြန်သည်။ ဤသည်ကို အကြောင်းပြု၍ ယခု ကျွန်တော်က ဦးလှအတွက် နှစ်ပတ်လည် ဂုဏ်ပြုသော အခမ်းအနားတွင် "ကြီးပွါးရေး လူထုဦးလှ" အကြောင်း စာတမ်းရေးသား ပေးပို့ လိုက်ပါသည်။
ယခုအခါ ကျွန်တော်တို့ အဖိုးအို အဖွားအိုများသည် ငယ်စဉ်ကလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါ။ သို့သော် ဇရာပိုင်းမှာ ရှိနေသော်လည်း ဦးလှ ဒေါ်အမာတို့ကို အမြဲသတိရပါသည်။ ကျွန်တော်၏ ဒုတိယသားဖြစ်သူ အင်ဂျင်နီယာသည် မကြာခဏ မန္တလေးကို သွားရပါသည်။ သူသွားတိုင်း ကျွန်တော်က စကား တခွန်း နှစ်ခွန်းမှာ လိုက်သည်။ ဒေါ်အမာကလည်း ကျွန်တော့်ထံ စကား တခွန်း နှစ်ခွန်း လက်ဆောင်ပါးလေ့ရှိသည်။ မာကြောင်း သာကြောင်း အကြောင်းကြားသည့်သဘော ဖြစ်သည်။ ဒေါ်အမာသည် ဦးလှနှင့်အတူ "လူထု" ကို ပျိုးထောင်ခဲ့သူဖြစ်ခြင်းကြောင့် "လူထုဒေါ်အမာ" ဟူသော "ဘွဲ့" သည် အလိုအလျောက် ဖြစ်ထွန်းလျက် ရှိပါသည်။ ဤတခေါက် ကျွန်တော့်သား မန္တလေးမှ ပြန်လာသောအခါ လူထုဒေါ်အမာသည် သူ့သား အိမ်ပြန်ရောက်ပြီ ဖြစ်၍ အလွန်ဝမ်းသာလျက် ရှိပါသည်ဟု ၀မ်းပန်းတသာ သတင်းပေးပါသည်။ ကျွန်တော်သည် အလွန်ဝမ်းမြောက် ရပါသည်။ စကားစပ်မိသောကြောင့် "လူထုဒေါ်အမာသည် သားသမီးများနှင့်အတူ အမြဲ သိုက်သိုက်ဝန်းဝန်း ၀မ်းမြောက်ဝမ်းသာ ရှိပါစေသတည်း" ဟု ဆုတောင်းလိုက်ပါသည်။ ကောင်းသောအကြံ၊ ကောင်းသောစကား၊ ကောင်းသောအလုပ်တို့သည် အထမြောက် အောင်မြင်ပါစေ။
မောင်ထင်
၈- ၆- ၉၉
[ကြီးပွါးရေးတိုက်ထုတ် 'နှစ် ၉၀ ပြည့် လူထုဦးလှ' ပထမနှိပ်ခြင်း၊ ၂၀၀၀ ပြည့် ဇွန်မှ ကူးယူဖော်ပြပါ တယ်။]
Posted by
Maung Aye Win
at
8:54 AM
1 comments
Labels: ဆောင်းပါး
















