Friday, August 6, 2010

အမှန်တရားဆိုတာ တစ်ခုတည်းပဲ ရှိတယ်
ရေးသူ- လူထုစိန်ဝင်း



(၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် the Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ မိတ်ဆွေတယောက်ဆီက အီးမေလ်ရလို့ မာယာပရိသတ်အတွက် မာယာက ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ )


ဒီမိုကရေစီနဲ့ ဗဟုဝါဒ ဆိုတဲ့ စကားလုံးတွေ ခေတ်စားနေတဲ့ အချိန်မှာ အလားတူ လူပြောများတဲ့ တခြား စကားလုံး တစ်ခု ရှိပါသေးတယ်။ အမှန်တရား ဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ ကြည့်တဲ့ သူတွေရဲ့ ရှုထောင့်ကို လိုက်ပြီး အမှန်တရား အမျိုးမျိုး ကွဲပြား ခြားနားစွာ တည်ရှိနေတယ် ဆိုတဲ့ စကားဖြစ်တယ်။


မရေရာမှုတွေနဲ့ခေတ်

အမှန်တရားဆိုတဲ့ အပေါ်မှာကို သံသယပွားသူ တချို့လည်း ရှိသေးတယ်။ လူ့လောကမှာ သေချာ ရေရာတဲ့ အရာဆိုတာ ဘာမှမရှိဘူး။ မသေချာ မရေရာမှုတွေ ကြားမှာ မျက်မမြင် ပုဏ္ဏားများ ဆင်စမ်းသလို စမ်းတဝါးဝါးနဲ့ ကိုယ်ထင်တာ ကိုယ်ပြော နေကြတာပဲ ဖြစ်တယ်လို့ ဆိုသူက ဆိုကြတယ်။ အဲဒီအဆိုရဲ့ နောက်ဆက်တွဲ အဖြစ် အမှန်တရားကို ကိုင်စွဲတယ်။ အမှန်တရား အတွက် စွန့်လွှတ် အနစ်နာခံတယ် ဆိုတဲ့ သူများကို တစ်ယူသန် အယူသည်းသူ၊ မျက်ကန်းများ အဖြစ် ပြက်ရယ် ပြုတာတွေ ကပ်ပါလာလေ့ ရှိတယ်။

အားပေးရာကျတယ်

အမှန်တရားကို ကိုင်စွဲလို့ ပျက်ရယ် ပြုတာက ကိစ္စမရှိဘူး။ ထင်ရာစိုင်းပြီး မမှန်မကန် လုပ်နေတာ တွေကို သူတို့လည်း သူတို့ရှုထောင့်က အမှန်တရားလို့ ယူဆပြီး လုပ်နေကြတာပဲ။ အပြစ်ပြောလို့ မရဘူးဆိုတဲ့ သဘောထား မျိုးကတော့ မဟုတ်တာကို အားပေး အားမြှောက် ပြုလုပ်ရာ ကျတယ်။ သဘော မတူနိုင်ဘူး။ လူ့လောကမှာ အယူဝါဒမျိုးစုံ ရှိနေကြတာ မှန်တယ်။ မတူကွဲပြားတဲ့ အယူဝါဒ အမျိုးမျိုးကို သည်းခံပြီး လူတိုင်းရဲ့ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်မှုကို လေးစားစွာ အတူတကွ ယှဉ်တွဲ နေထိုင်ခြင်းကို လူ့ယဉ်ကျေးမှုလို့ သတ်မှတ်ခေါ်ဆို ခဲ့ကြတာ ဖြစ်တယ်။ အဲဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။

တောင်တက်လမ်း အသွယ်သွယ်

တောင်တစ်တောင်ကို တက်ဖို့ လမ်းကြောင်း အသွယ်သွယ် ရှိနိုင်တယ်။ အယူဝါဒ မျိုးစုံဟာ တောင်တက် လမ်းကြောင်း အသွယ်သွယ်နဲ့ တူတယ်။ ဘယ်လမ်းကြောင်းက တက်မှ မှန်တယ်လို့ သတ်မှတ်လို့ မရဘူး။ ဘယ်လမ်းကြောင်း ကပဲ တက်တက် မလျော့သော ဇွဲသတ္တိနဲ့ မမှိတ်မသုံ တက်ရင် နောက်ဆုံးမှာ တောင်ထိပ်ဖျားကို ရောက်မှာ သေချာတယ်။ တောင်ထိပ်ကို ရောက်အောင် တက်မယ် ဆိုတဲ့ ပြတ်သား ရေရာတဲ့ ဦးတည်ချက်နဲ့ ခိုင်မြဲတဲ့ ဇွဲသတ္တိ မရှိဘဲ လမ်းတစ်ဝက်က နောက်ပြန် လှည့်တတ်တဲ့ လူစားမျိုးကတော့ တောင်ထိပ်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။ လမ်းသွယ်တွေ များတာက အကြောင်း မဟုတ်ဘူး။ အဆုံးထိ ရောက်အောင် တက်ဖို့သာ အရေးကြီးတယ်။

ထိပ်ဖျားဆိုတာ တစ်ခုပဲ ရှိတယ်

တောင်တက်လမ်းတွေ ဘယ်လောက်ပဲ များများ တောင်ထိပ် ဖျားကတော့ တစ်ခုပဲရှိတယ်။ နှစ်ခု ရှိနေတယ် ဆိုရင် တောင်ထိပ်ဖျားလို့ မခေါ်နိုင်ဘူး။ မမှိတ်မသုန် ခိုင်ကျည်တဲ့ ဇွဲသတ္တိနဲ့ တက်လာရင် ဘယ်လမ်းကြောင်းကပဲ တက်လာ တက်လာ တောင်ထိပ်ဖျားကို မလွဲဧကန် ရောက်မှာ သေချာတယ်။ ဗဟုဝါဒဆိုတဲ့ အယူဝါဒ မျိုးစုံဟာ အမှန်တရား ဆိုတဲ့ တောင်ထွတ်ဖျားကို ရောက်အောင် တက်တဲ့ လမ်းသွယ်တွေပဲ။ မရေမတွက်နိုင် လောက်အောင် အများကြီး ရှိနိုင်တယ်။ ဒါပေမယ့် တောင်ထိပ်ဖျား အခေါင်အထွတ် ဆိုတာကတော့ တစ်ခုပဲ ရှိနိုင်တယ်။ ဒါကြောင့် အခေါင်အထွတ်လို့ ခေါ်တာ ဖြစ်တယ်။

အမှန်တရား တစ်ခုတည်း

အမှန်တရား ဆိုတာ နှစ်ခု မရှိနိုင်ဘူး။ တစ်ခုတည်း ရှိလို့ အမှန်တရားကို သတ်မှတ်တာ ဖြစ်တယ်။ အနောက်တိုင်း ရှုထောင့် အမှန်တရား၊ အရှေ့တိုင်း ရှုထောင့် အမှန်တရားရယ်လို့ မရှိဘူး။ လူ့လောက အမှန်တရားဆိုတာ တစ်ခုတည်းပဲ ရှိတယ်။ အနောက်ရှုထောင့်၊ အရှေ့ရှုထောင့်၊ အမှန်တရား တောင်ထွတ်များကို သွားတဲ့ ချဉ်းကပ် လမ်းကြောင်း၊ လမ်းသွယ်တွေသာ ဖြစ်တယ်။ အမှန်တရား မဟုတ်ဘူး။ အရှေ့တိုင်းသား များက ၃၂ ကောဋ္ဌာသနဲ့ ဖွဲ့စည်းထားပြီး အနောက်တိုင်းသား တွေက ၃၆ ကောဋ္ဌာသ အစုအဖွဲ့ကြီးသာ ဖြစ်ပြီး အောက်ဆီဂျင်ကို ရှုသွင်းပြီး အသက်ရှင် နေကြတာ အတူတူ ဖြစ်တယ်။

လူယဉ်ကျေးဆိုတာ

တောင်ထွတ်ကို ရောက်ဖို့ လမ်းကြောင်းတွေ အသွယ်သွယ် ရှိတာကို လက်ခံ အသိအမှတ်ပြုပြီး တခြား လမ်းကြောင်း တွေက တက်နေကြသူများကို တောင်တက်ဖော်များ အဖြစ် သဘောထား နိုင်သူများကို လူ့ယဉ်ကျေးလို့ သတ်မှတ်ကြတယ်။

အလိုတူအလိုပါပဲ

လမ်းကြောင်းနဲ့ ပန်းတိုင်ကို ရောထွေးပြီး အမှန်တရားဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူးလို့ ပြောနေကြတာ ဖြစ်တယ်။ လူ့လောကမှာ လူဆိုးနဲ့ လူကောင်းရယ်လို့ ခွဲခြား သတ်မှတ်ထားတဲ့ နှုန်းစံတွေ ရှိပြီးသား ဖြစ်တယ်။ ဒါကို မရှုပ်မရှုပ်အောင် ကောင်းတယ် ဆိုးတယ် ဆိုတာ ပုံသေကားချ သတ်မှတ်ထားလို့ မရဘူး။ သူ့ဘက်က အမှန်နဲ့ ကိုယ့်ဘက်က အမှန် မတူကြဘူး။ အမှန်တရား အများကြီး ရှိတယ် စသဖြင့် ပြောနေကြတာ လူဆိုးတွေ ဘက်က ရှေ့နေ လိုက်ပေး နေကြတာ ဖြစ်တယ်။ အလိုတူ အလိုပါပဲ ဖြစ်တယ်။

ရောင်တော်ပြန် ရောလွှတ်တာ

ဒီမိုကရေစီနဲ့ ဗဟုဝါဒ စကားလုံးတွေ ခေတ်စား နေတာနဲ့ ရောင်တော်ပြန် ရောပြီး လူမသမာ တွေက လူဆိုး လူကောင်း ဆိုတဲ့ နှုန်းစံတွေ မတူကွဲပြား အမျိုးမျိုး အစားအစား ရှိတယ်။ အမှန်တရား ဆိုတာလည်း အများကြီး ရှိတယ်လို့ ကြွေးကြော် ဝါဒဖြန့် နေကြတာ ဖြစ်တယ်။ လူ့လောကမှာ မရေရာ မသေချာမှုတွေ ပြည့်နှက် နေပေမယ့် ရေရာ သေချာ တာတွေလည်း အများကြီး ရှိပါတယ်။ မတရားမှုနဲ့ တရားမှုကို တိကျ ပြတ်သားစွာ ခွဲခြား သတ်မှတ်ချက်တွေ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရှိပါတယ်။ တာလီဘန်တွေက ဈေးထဲမှာ ဗုံးခွဲတိုက်ခိုက်တာဟာ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုလို့ ယဉ်ကျေးတဲ့ လူသားတိုင်း က သတ်မှတ် ထားကြပါတယ်။

ရက်စက်ကြမ်းကြုတ်မှုပဲ

အလားတူပဲ အာဖဂန်နိုင်ငံက မူလတန်း ကျောင်းသားပေါ် ကျချင်ကျ၊ လူအိုရုံပေါ် ကျချင်ကျ၊ ဆေးရုံပေါ် ကျချင်ကျ၊ ဈေးထဲ ကျချင်ကျ၊ ဘယ်နေရာကျကျ လူတွေ ကြောက်လန့်သွားရင် ပြီးရောဆိုတဲ့ သဘောနဲ့ လူမပါတဲ့ လေယာဉ် တွေပေါ်က ဗုံးတွေ ဒလစပ် ကြဲချနေတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေ ဟာလည်း လူမဆန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေပဲ ဖြစ်တယ်လို့ လူ့ယဉ်ကျေးတိုင်းက သတ်မှတ်ကြပါတယ်။ အပြစ်မဲ့တဲ့ အရပ်သူ အရပ်သားတွေကို သတ်ဖြတ်တာဟာ ဘယ်လို အကြောင်း ပြချက်မျိုးနဲ့မှ တရားတယ်လို့ သဘော မထားနိုင်ပါဘူး။ ဒီလိုလုပ်ရပ်ကို မှန်တယ်လို့လည်း ဘယ်သူကမှ လက်မခံနိုင်ပါဘူး။

ဗြောင်လိမ်နေတာ

ဒီလို ရက်စက် ကြမ်းကြုတ် မှုကြီးတွေကို ပြောင်ပြောင် တင်းတင်း ကျူးလွန် နေကြသူများက သူတို့ရဲ့ ရာဇဝတ်မှု တွေကို ဖုံးကွယ်ဖို့ အတွက် အမှန်တရား ဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူးဆိုတဲ့ အယူအဆကို ဝါဒဖြန့် ကြွေးကြော်နေတာ ဖြစ်တယ်။ သူတို့ ရှုထောင့်က ကြည့်တဲ့ အမှန်တရား အတိုင်း ဆောင်ရွက်တာ ဖြစ်လို့ သူတို့ မလွန်ဘူး။ မမှားဘူး။ အမှန်တရား ဆိုတာ လောကမှာ တစ်ခုတည်းပဲ ရှိပါတယ်။ သွားတဲ့ လမ်းကြောင်း တွေသာ အသွယ်သွယ် များနေတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို သဘော ပေါက်ထားဖို့ လိုပါတယ်။ အယူဝါဒတွေ အမျိုးမျိုး ရှိနေတာနဲ့ အမှန်တရားတွေ အများကြီး ရှိတယ်လို့ နားမယောင်သင့်ဘူး။ အယူဝါဒတွေက အမှန်တရား မဟုတ်ဘူး။ အမှန်တရားကို သွားရာ လမ်းကြောင်း တွေသာ ဖြစ်တယ်။ အမှန်တရား ဆိုတာ နှစ်ခု မရှိနိုင်ပါဘူး။

လူထုစိန်ဝင်း

No comments: