Monday, August 30, 2010

မမြမှီ
ရေးသူ- ကြည်အေး




{တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၂၀၊ သြဂုတ်လ၊ ၁၉၄၉ မှ ကူးယူဖော်ပြပါတယ်။}


မမြမှီသည် မိန်းမလိမ္မာကလေးဟု ကျော်စောလေသည်။
"ကျမ သမီးက မွေးကတဲက အေးတာရှင့်- နို့ဆာလို့ ငိုရမှန်းသိတာ မဟုတ်ဘူး..." ဟု သူမ၏ မေမေ ပြောစမှတ် ရှိသည်။
မမြမှီ၏ ကလေးဘ၀မှာ ချမ်းမြ၍ အစွန်းအထင်းမရှိဟု ဆိုရပေမည်။ မိဘများက သူမကို သမီးလိမ္မာ ဖြစ်စေချင်သည်။ ထို့ကြောင့် မမြမှီသည် လူကြီးများရှေ့မှာ ကိုင်းညွတ်သွားခြင်း၊ လူကြီးပြောစကားကို နားထောင်ခြင်း၊ ဘုရားရှိခိုး အလွတ်ကျက်ခြင်းနှင့် ဘုန်းကြီးဆွမ်းလောင်းခြင်းကို ငယ်ငယ်ကလေးထဲက တတ်လေသည်။
ဖေဖေက "ငါ့သမီးက လိမ္မာတယ်ဟေ့..." ဟု ပြောတတ်သည့်အခါမျိုးမှာ သူမသည် ကလေးတို့၏ ရှက်ပြုံးနှင့် ကလေးတို့၏ ကျေနပ်ခြင်းရောနှောသော အမူအရာဖြင့် မနေတတ် မထိုင်တတ် ဖြစ်တတ်လေသည်။ မမြမှီသည် နားမလည်သည့်အရွယ်မို့ ချီးမွမ်းလိုက်သည့်အခါမှာ ရောင့်တက်မိသလိုလိုတောင် ဖြစ်သေးသည်။
ဒေါ်ဒေါ်က "တူမလေးက မိဘမျက်နှာသာပေးတိုင်း ရွှေရေးပန်းကန်တက် မလုပ်ရဘူးကွဲ့.." ဟု ဆုံးမ၏။ ထို့ကြောင့် မမြမှီသည် အိနြေ္ဒပြန်ဆယ်ပြီး အေးအေး ငြိမ်ငြိမ်ကလေးဘဲ နေပြန်သည်။
ကျောင်းနေရ၍ အပေါင်းအသင်းက များလာသည့်အခါမှာ သူမသည် ဆော့ချင်၊ စကားများချင်၊ သီချင်းဆိုချင်၊ ကချင် ဖြစ်လာလေသည်။
မေမေက "သမီးဟာ လိမ္မာတယ်ဆို၊ မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့ ရှိရတယ်ကွဲ့.... အသံကျယ်တိုင်း သီချင်း အော်မဆိုရဘူး.. စကားမများရဘူး..." ဟု ပြောသည်။ သူမသည် ရှက်ပြီး မျက်ရည်ကလေးများတောင် လည်လာ၏။ ဒါကို မေမေက ပြုံး၍ သမီး၏ နဖူးဆံစကလေးကို နမ်းလိုက်လေသည်။
မမြမှီသည် "သြော်.. ငါဟာ မိုက်လိုက်တာ.. ကြည့်စမ်း မေမေက သမီးလေးကို လိမ္မာစေချင်ရှာလို့ ပြောတာဘဲ.." ဟု နောင်တ ရမိလေသည်။
သူမသည် သီချင်းကို ဘုရားရှိခိုးထက် ကျက်၍ ရလွယ်သော်လည်း ဓမ္မစကြာစာအုပ်ကိုသာ တကိုင်ကိုင်နှင့် နေလေသည်။ သူမသည် လိမ္မာသည်ဆိုသော စကားလုံးကလေးကို ခုံမင်မိလေသည်။
တခါမှာ မမြမှီသည် အတန်းဆရာမက အထင်လွဲပြီး ရိုက်ခြင်းကို ခံရ၏။
သူမသည် မတရားအလုပ်ခံရသူဖြစ်၍ ဒေါသထလာသည်။ ပြန်လှန်ပြောချင်လာသည်။ သို့သော် လူကြီးများ ရွံရှာတတ်သည့် မိုက်တိမိုက်မဲသူငယ်မကလေးဟု အခေါ်ခံရမည်ကို စိုးရွံ့ပြီး ကြိတ်နေ၏။ ဆရာမက တခါထပ်ပြီး မုန့်စားမဆင်းရဟု ဒါဏ်ပေးပြန်ရာ သူမသည် လွယ်အိတ်ကို လွယ်ပြီး အိမ်ကို တခါထဲ ပြန်ခဲ့ လေသည်။
မေမေက ဆီး၍ "သမီး... မိုက်လှချည်လားကွယ်.. မေမေဖြင့် ရှက်ပါရဲ့- ဆရာဆိုတာ တပည့်ကို ရိုက်စမြဲပေါ့.." ဟုဆိုသည်။
မမြမှီ၏ ကျောင်းပြောင်းပေးရန် ပူဆာလိုစိတ်တို့သည် အဝေးသို့ ထွက်ပြေးကုန်ကာ ငိုချလိုက်မိ တော့သည်။ နောက်တနေ့ ဖေဖေက မျက်နှာထားကြီးနှင့် သူမအား ဆုံးမပြန်သည်ကို အသဲမှာ စွဲ၍ မဆုံးပေ။ မမြမှီသည် ဆရာမ ဘာပြောပြော ငုံ့ခံသော ကျောင်းသူ အလိမ္မာကလေး ဖြစ်ပြန်လေသည်။
မမြမှီသည် ၆ တန်း ရောက်သည့်အခါ ကျောင်းမှ ကစားခုံစားပွဲကို ပါချင်စိတ် ရွရွတက်၍ လာ၏။ မ၀ံ့မရဲနှင့်ပင် စိတ်နှိုးဆော်လွန်း၍ ဒေါ်ဒေါ်ကတဆင့် မေမေ့ကို ပြောခိုင်းရသည်။ မေမေက အခွင့်မပေး၊ အကျိုးမရှိတဲ့ အလုပ်တဲ့။
သူမသည် အသံတုန်တုန်နှင့် "ကျမ္မာရေး လိုက်စားတော့ ကိုယ်လုံးကိုယ်ပေါက် လှတာပေါ့ မေမေရဲ့.. ကျမ သူငယ်ချင်း မေစီ ခြေသလုံးလေးကို လှတယ်လို့ လူတိုင်း ပြောကြတယ်..." ဟု ပြောလိုက်မိလေသည်။
မေမေသည် အံ့သြသွားပြီး "သြော်... ဟိုကောင်မ ရှပ်တပ်တပ်ကလေးဟာလား.. မေစီတဲ့လား.. သူနဲ့ မပေါင်းနဲ့သမီး... အကျင့်တွေ ကူးစက်ကုန်မယ်...."
မေစီကို သူမ တော်တော်ချစ်သဖြင့် မခံချင်ဘဲ....
"မေစီက သမီးကို ချစ်ပါတယ် မေမေရယ်.. သူ့အဖေကြီး အရက်သောက်တာတွေ.. မယားငယ် ယူတာတွေ တောင် ပြောပြတယ်..."
မေမေ၏ မျက်နှာသည် တင်းမာသွားပြီး "ညည်းကကော .. မေမေတို့ စီးပွါးပျက်တဲ့အကြောင်းတွေ ဘာတွေ ပြောမပြဘူးလား.." ဟု ငေါ့လေသည်။
သူသည် မလုံမလဲ ဖြစ်လာလေသည်။
မေစီကို အားကျမိသဖြင့် မိဘကို မကျေနပ်တာကလေးတွေ တခါတခါ ပြောမိတတ်၏။ ပွဲမကြည့်ရသည့် အကြောင်း၊ ကျောင်းစာကို စိတ်မပါသည့်အခါတောင် ကျက်ရသည့်အကြောင်း။
မမြမှီသည် မေစီနှင့် တိတ်တဆိတ် ခင်မင်မြဲ ခင်မင်နေသည်။ သို့သော်လည်း အိမ်လည် မခေါ်ဝံ့တော့ချေ။
သူမသည် အရွယ်ကလေး ရလာသည်ဖြစ်၍ လှချင် ပချင်လည်း ဖြစ်လာသည်။ မေစီဝတ်သည့် ဘော်လီဟိုက်ဟိုက်၊ အင်္ကျီလုံချည် ဆန်းဆန်း၊ ခုံမြင့်ဘိနပ်တို့ကို တပ်မက်လာသည်။ မျက်နှာ နှုတ်ခမ်း ပါး ခြယ်သစရာကိုလည်း လိုချင်လာသည်။ ထိုကြောင့် မုန့်ဘိုးကို စုပြီး ၀ယ်မိသည်။ ပဌမတော့ ပြောင်ပြောင် အသုံးမပြုရဲ....။ တဖြည်းဖြည်းနှင့် စမ်းပြီး လုပ်ရသည်။
ဖေဖေသည် သူမ၏ အလှပြင်ပစ္စည်းများကို အားလုံးယူပြီး လွှင့်ပစ်လိုက်လေသည်။ "ကြီးလေချဉ်လေ သံပုရာသီး" ဟုလည်း ခေါ်သေးသည်။ မမြမှီ ရှက်၍ မပြီးတော့... သူမ၏ လိမ္မာတယ်ဆိုသော နာမည်သည် ပျက်ရချေပြီ။ ကိုယ့်ကိုယ်ကို မုန်းစိတ်တွေ ၀င်လာလေသည်။ အို.... နောက်မမိုက်တော့ပါဘူးဟု.. ဓိဌာန်မိလေသည်။
၇- တန်းအောင်သော် မိဘတို့သည် သမီးကို ကျောင်းနှုတ်လိုက်လေသည်။ မမြမှီစိတ်ကတော့ ကောလိပ်တောင် သွားလိုက်ချင်သေး၏။ သို့သော် ဘာမှ ပြောမနေတော့ဘဲ ကျောင်းထွက်လိုက်လေသည်။
အိမ်မှာနေရတာ ပျင်းစရာ ကောင်းလှပါတကား။ ဘယ်ကိုမှလည်း မလည်ရ။ ထိုကြောင့် စာအုပ်များကို ဘတ်စ ပြုလာ၏။ ချစ်မုန်တိုင်း၊ ချစ်လှေလူး၊ ထိုနောက် လွမ်းမှုံမှုံ၊ ထိုနောက် လူ့မာန၊ ထိုနောက် စိတ္တဗေဒ၊ အတွေးသစ် ဆိုရှယ်လစ်ဇင်း။
တအိမ်လုံး သူမအား မျက်မှောင်ကုပ်လေသည်။ လူကြီးတို့သည် အထင်သေးသော မျက်နှာဖြင့် ဆူလည်း ဆူပူသေးသည်။ မေမေက "ငါကတော့ သြချလိုက်တော့မယ်ဟေ့" ဟု ဆိုသည့်အခါမူကား မမြမှီသည် စာအုပ်အားလုံးကို သူငယ်ချင်းတွေ ပေးပစ်လိုက်လေသည်။
အအားမနေတတ်သဖြင့် မမြမှီသည် မီးဖိုချောင်ထဲသို့ ၀င်သည်။
မိုးလင်းလျှင်ထ၊ ဘုရားရေကပ်၊ ပန်းလဲ ဆွမ်းတင်၊ ပြီးတော့ ထမင်းဟင်းဝင်ချက်၊ ထမင်းပွဲပြင်၊ ပြီးလျှင် အ၀တ်လျှော်၊ တဖန် ကော်ဖီဖျော်၊ ပြီးလျှင် မီးပူတိုက်၊ ညနေစောင်းလျှင် ထမင်းပြန်ချက်၊ သူမသည် ချုပ်စရာ လုပ်စရာကလေး များကိုတောင်မှ စေ့စေ့စပ်စပ်ရှိလာသည်။ အကူအညီခေါ်ထားသည့် ကလေးမ ကလေးများ ကိုပင် စိတ်တိုင်းမကျချင်ပေ။
တနေ့လုံး လုပ်ရ ကိုင်ရနှင့် မောကာ ညကျတော့ တရေးထဲနှင့် မိုးလင်းအထိ အိပ်ရသည်။ နေ့ဆိုလျှင် အိမ်မှုပြု၊ ညဆိုလျှင် အိပ်။
မိဘများက သဘောကျပြီး "မမြမှီဟာ လိမ္မာပါတယ်လို့ ဆိုနေတာ....." ဟု ချီးမွမ်းကြပြန်သည်။
အမှန်ပင် မမြမှီသည် အိမ်မှာ အရေးပါလာလေသည်။ ဖေဖေ့ ဧည့်သည်ကအစ မမြမှီနှင့် ပြီးစီးနိုင်သည်။ မေမေဆိုလျှင် အိမ်ကို ပြန်လှည့် မကြည့်ရတော့ဘဲ ဥပုသ် စောင့်ချင်သလောက်စောင့်ကာ နေလေသည်။

သူမသည် မေစီနှင့်ပါတ်သက်ပြီး ကာတွန်းဆရာကလေးတယောက်နှင့် ခင်မင်မိ၏။ သူသည် ပျော်ရွှင်ပေါ့ပါး၍ သူ့ကာတွန်း ရုပ်ကလေးများလိုပင် ဟာသရှိ၏။ မေမေ ဖေဖေတို့ကိုတော့ ကြောက်သည် ဆိုသည်။ သူက ပွင့်လင်း လွတ်လပ်သော စိတ်ရှိသည်။
"မမြမှီကို ကျွန်တော် လွတ်လပ်ခြင်း ပေးချင်ပါတယ်ဗျာ... ကျွန်တော်တို့ နှစ်ယောက် စိတ္တသုခ ရှာရအောင်...." ဟု ပြောလာသည်။
မမြမှီသည် သက်ပြင်းကိုသာ ကြိတ်ပြီးချမိလေသည်။
သူမသည် သမီးလိမ္မာဖြစ်၍ မိဘကွယ်ရာမှာ ဘာမှ မလုပ်၊ သူမကိုယ်ကို သူမ မပိုင်၊ မိဘက ပိုင်သည်ဟု ယုံကြည်လျက် ထားလေသည်။ ဒါမှ အေးမည် မဟုတ်လား။ သူမသည် ခေါင်းခါယင်း၊ ခေါင်းခါယင်းနှင့် နောက်ဆုံးတော့ မိဘပိုင် မဟုတ်တော့ဘဲ ချစ်သူပိုင် မမြမှီဖြစ်၍ လာလေသည်။

အဆုံး၌ မိဘတို့သည် မမြမှီကို လင်ပေးစားလိုက်ကြ၏။

"ကာတွန်းဆရာဆိုတာ ဘာများ မက်စရာတုန်း... မမိုက်ချင် စမ်းပါနဲ့အေ.. မိဘဆိုတာ ဆင်စီးလို့ မြင်း....." လိမ္မာချင်သော မမြမှီသည် မျက်ရည်ကိုတောင်မှ ချုပ်တည်းထားပြီး မချစ်သူကို ယူလိုက်၏။ လိမ္မာသည့် သားသမီးသည် မိဘ၏ စိတ်အနှောက်အယှက်ကို မဖြစ်ရအောင် အသက်အသေခံပြီး လုပ်မည်ဖြစ်၏။ ပြီးတော့ တိမ်းပါး မှားယွင်းသွားအုန်း... ကိုယ့်မှာ အပြစ်မရှိ၊ ကိုယ်ကြိုက်လို့ ယူတာမှာ မဟုတ်ဘဲ... မိဘ ပေးစားတာ။

မကြေနပ်နိုင်သည့် ကာတွန်းဆရာက "မမြမှီဟာ ကိုယ့်ကိုယ်ကို နှစ်နေတာဘဲ ကျွန်တော်တော့ လူတွေဟာ တကိုယ်တည်း မွေးဖွားလာပြီး တကိုယ်တည်း သဘောနဲ့ လုပ်နိုင်ခွင့် ရှိတဲ့ တရားကို ယုံတယ်။ မိဘ ဆွေမျိုး မိတ်ဆွေ စသည်တွေဟာ စင်စစ်တော့ ပုဂ္ဂလိက အနေနဲ့ ကြည့်ယင် ဘာမှ မဆိုင်ပါဘူး... တော်လှန်တဲ့ ညာဉ်ကလေးကို မွေးစမ်းပါ... မမြမှီရယ်...." ဟု စာရေးလိုက်လေသည်။

မမြမှီက ကြိတ်၍ရှိုက်ပြီး "အို..... မမိုက်ချင်ဘူး- မမိုက်ချင်ဘူး- ဒါဘဲ....." ဟုသာ ပြောတတ်တော့သည်။
မှန်၏။ မမြမှီကို မင်္ဂလာပွဲ ပရိသတ်များက သမီးအလိမ္မာကလေးဟု ကောင်းချီးပေးကြလေသည်။
မမြမှီသည် မယားလိမ္မာလည်း ဖြစ်ပေသေး၏။
သူမ၏ ကိုကိုမှာ မမြမှီက ပြုစုတာကို "လိမ္မာတယ်- လိမ္မာတယ်" ချီးမွမ်းယင်း မိုက်မဲ နွဲ့ဆိုးတတ်သော အသစ်ကလေးများကို ရှာတတ်လာသည်။
မမြမှီသည် အတွင်းမီးကို အပြင်မထုတ်ဘဲ ရင်ထဲမှာသာ ထားလေသည်။ မေမေ့ကိုတောင်မှ မတိုင် မတော။
ငါဟာ ယောက်ျားလုပ်ကျွေးတာကို ခံစားပြီးနေယင် ယောက်ျားရဲ့ အလုပ်ကို စွက်ဘက်ခွင့် မရှိဘူး... မယားဆိုတာ လင်ပိုင်ပစ္စည်းဘဲ မဟုတ်လား။ ဟောဒီ မော်တော်ကား၊ ရေဒီယို၊ တိုက်နှင့် ခြံလိုပေါ့... ပြီးတော့ မှားတယ်ဆိုပြီး ပြင်ဆင်မယ်ကြံရင် မိုက်တာပေါ့။ လင်မကောင်းဘူးဆိုပြီး ချစ်သူဟောင်းဆီ ပြန်သွားကြည့်ပါလား။ ဘယ်သူက ဘယ်လောက်များ ပြောလိုက်မလဲကွယ်....
စင်စစ် မမြမှီသည် လိမ္မာပါးနပ်စွာ ဖုံးတတ် ဖိတတ်သဖြင့် လူအပေါင်းတို့က "မမြမှီဟာ အင်မတန် လင်ရတော်တယ်" ဟု ပြောဆို နေကြပြန်ပေပြီ။
သူမ၌ သားကလေး ရလာသည်ကို တွယ်တာ ရပြန်၏။ ပြုစု ယုယရပြန်၏။ မမြမှီသည် မအေလိမ္မာကြီးလည်း ဖြစ်ရပြန်သည်။ အကြောင်းမှာ သားနှင့် ပတ်သက်သမျှ မကောင်းကြောင်းကို အလိမ်အညာ ဘာနှင့်ပင် ဖြစ်ဖြစ် လင်သည် မသိအောင် ဖုံးဖိရပြန်လေသည်။
မမြမှီ၏ သားသည် ကြီးပြင်းလာပြီး ပညာကောင်းကောင်း သင်ချိန်မှာ မမြမှီ၏ ယောက်ျားသည် ဆုံးပါး၍ သွား၏။ သို့သော်လည်း နောက်အိမ်ထောင်ပြုဘို့ မစဉ်းစား.... သားအတွက် ညှာရပေမည်။
သား၏ မျက်လုံးကြီး လှန်ပြီး ကြည့်တတ်သော ဒေါသကို သူမ ခပ်ရွံ့ရွံ့လည်း ရှိ၏။ ဒါတွေထက် သားကို ချစ်သော မိခင်ဟု လူများက ချီးမွမ်းသည်ကို မဖျက်ဆီးချင်ပေ။ သူမသည် အမြဲတမ်း အနာခံရသော မိန်းမလိမ္မာမဟုတ်လား။
ယခုဆိုလျှင် သားကြီးမှာ ဇနီးတောင် ရ၍ နေပါပြီကော... လိမ္မာသော အမေသည် သားနှင့်ပါတ်သက်၍ ချွေးမကိုလည်း အမွှမ်းတင်ရပြန်သည်။
ယနေ့ သားက မွေးသည့် မြေးကလေး ကလေးအဘို့ ဒေါ်မြမှီသည် လိမ္မာသော ဖွါးအေကြီး ဖြစ်လျက်နေပြန်လေ၏။


ကြည်အေး။
{တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၂၀၊ သြဂုတ်လ၊ ၁၉၄၉ မှ ကူးယူဖော်ပြပါတယ်။}

2 comments:

Mee said...

တော်သေးရဲ့
မမြမှီက သမီးကလေး မမွေးလိုက်လို့
မဟုတ်ရင် ဒီလိုမျိုးတွေ အတောသတ်မှာမဟုတ်တော့...

Anonymous said...

Could take a lesson in regard to many misunderstading and disadvantage of Myanmar girls.. What a very valued short story..