Friday, September 9, 2011

ရောက်ရာအရပ်က ဆက်သွယ်ပါ ရဲဘော်အောင်မြတ်ထွန်းရေ…
ရေးသူ- မောင်မင်းရာ





ရင်ထဲ စူးနစ်နာကျင်
သွားတဲ့ ခံစားချက်တခု ၂၀၁၁ ခု၊ စက်တင်ဘာ ၂ ရက်၊ သောကြာနေ့ ညနေက ရလိုက်တယ်။ ဝမ်းနည်းထိခိုက်လွန်းလို့ မျက်ရည်တွေတောင် စီးကျလာတယ်။ မော်ကြီး (ကိုခင်မော်) တယ်လီဖုံးဆက် အကြောင်းကြားလို့ လက်ခံ စကားပြောနေရင်း မျက်ရည်တွေ စီးကျလာတဲ့ အဖိုးကို တအံ့တသြ ကြည့်နေကြတဲ့ မြေးမလေးနှစ်ယောက်ရှေ့မှာ ကမန်းကတန်း မျက်ရည်သုတ်လိုက်ရတယ်။

ဒီသတင်းမလာခင် လေးရက်လောက်မှာ လာတဲ့သတင်းက ဗမာပြည်တွင်းက မိတ်ဆွေတယောက်ပို့တဲ့ internet email သတင်း ဖြစ်ပါတယ်။ "လိပ်ကလေး" နေမကောင်းလ
ို့ ဆေးရုံတင်ထားရတယ်တဲ့။ သူ့ဆီက သတင်းကို ရရချင်း ၇၀ ခုနှစ်လွန်တွေက အင်းစိန်ထောင်မှာ သေဖော်ရှင်ဘက် မော်ကြီးဆီကို ဖုံးခေါ်လိုက်တယ်။ သတင်းလည်း ပေးရင်း၊ နောက်ဆက်တွဲ သတင်းအပြည့်အစုံ စုံစမ်းပေးဖို့ အကူအညီ့ တောင်းလိုက်တာ။ မော်ကြီးနဲ့ ကိုယ်နဲ့ "လိပ်ကလေး" ကျန်းမာရေးအတွက် ကူညီထောက်ပံ့ကြဖို့လည်း တိုင်ပင်ကြတယ်။


"လိပ်ကလေး" ဆိုတာက ဘာလဲ။ ဘယ်သူလဲ။

ဒီနံမည်ကို ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ ဆရာရာဂျန်၊ လေထီးဦးအုန်းမောင် တို့ကအစ… ဖိုးသံချောင်း၊ ဇော်ဝင်းကို၊ နီအောင်မေသု(ကွယ်လွန်) တို့အထိ လေးစားစွာ ချစ်စနိုး ခေါ်ဝေါ်သုံးစွဲကြတဲ့ "ကိုထွန်းအောင်ကျော်" ပါပဲ။

ကိုကိုးကျွန်းမှာ ဒီဆရာကြီးတွေနဲ့ အတူ အကျဉ်းကျခံရစဉ်က ကိုထွန်းအေ
ာင်ကျော်က ကျောင်းသား အရွယ် လူငယ်တယောက်။ ကျွန်းမှာက နံမည်တူရှိတဲ့အခါ ခွဲခြားသတ်မှတ်တဲ့ အနေနဲ့ နံမည်မှာ ဝိသေသထူးတွေ တပ်ခေါ်လေ့ရှိတယ်။ ဦးတင်အောင် နံမည်ချင်းတူသူ နှစ်ယောက်အတွက် ဗန်းမော်တင်အောင်၊ ခေါင်းဖြူ တင်အောင် တဲ့…။ ကိုထွန်းအောင်ကျော်ကိုလည်း လိပ်ခေါင်းရောဂါ ရှိသူမို့ "လိပ်ကလေး-ထွန်းအောင်ကျော်" လို့ ချစ်စနိုး ခေါ်ကြတာ ကြားဖူးပါတယ်။

"လိပ်ကလေး" ကျွန်းက ပြန်လာပြီးတော့ ၁၉၇၆ မှာ မှိုင်းရာပြည့်အရေးအခင်း
နဲ့ ယှဉ်တွဲပေါ်ပေါက်တဲ့ "မီးမောင်းစာစောင်" အမှုမှာ ခေါင်းဆောင်တဦး အဖြစ်နဲ့ နောက်ထပ်တခါ ထောင်ကျရပြန်တယ်။ ၉ နှစ် ကျတယ်။ ၁၉၈၀ မှာ နိုင်ငံတော်ကောင်စီ ၂/၈၀ လွတ်ငြိမ်းချမ်းသာခွင့်နဲ့မှ ပြန်လွတ်လာခဲ့တယ်။

"လိပ်ကလေး" နဲ့ ကျနော်က အင်းစိန်ထောင်၊ အထူးဆောင
်မှာ သိကျွမ်းခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ထောင်ထဲမှ လက်ဝဲ လက်ျာ၊ အဖြူရောင် အားလုံးက ချစ်ခင် လေးစားကြတယ်။

အဲဒီတုန်းက အင်းစိန်ထောင် အထူးဆောင်မှာ ထောင်ဝင်စာကနေ စာအုပ်သွင်းခွင့်ရတယ်။ ကျနော်က စာအုပ်တွေ အတော်များများ သွင်းသူတယောက်။ တချို့စာအုပ်တွေ သွင်
းခွင့်ရသလို၊ တချို့စာအုပ်တွေ သွင်းခွင့်မရခဲ့ဘူး။ သွင်းခွင့်မရလို့ ထောင်ဝင်စာ လာတွေ့သူ အိမ်ကလူတွေလက်ထဲ ပြန်ထည့်ပေးနိုင်ခဲ့သလို၊ အာဏာပိုင်တွေက သူတို့ စစ်ဆေးအုန်းမယ်ဆိုပြီး စာအုပ်ကို ယူထားလိုက်လို့ ဆုံးကုန်တာတွေလည်း ရှိတယ်။

"လိပ်ကလေး"က ကျနော့်ကို Stalin ရဲ့ Short History of CPSU(B) ထဲက Dialectical Materialism အခန်းကိုပဲ၊ ဖြုတ်ထုတ်ပြီး သွင်းဖို့ အကြံပြုလာတယ်။ စာအုပ်က တအုပ်လုံးဆိုရင် အတော်ကြီး ထူသလို၊ အာဏာပိုင်တွေကလဲ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဖြဲထုတ်ထားတဲ့ စာအုပ်အပိုင်းကို ကျနော်တို့ အောင်မြင်စွာ တင်သွင်းနိုင်ခဲ့တယ်။ နောက်တော့ သူက Peking Review တွေ သွင်းဖို့ အကြံ
ပုပြန်တယ်။ အာဏာပိုင်တွေက အင်္ဂလိပ်စာ ကောင်းကောင်းမတတ်ပေမယ့် စာအုပ်အဖုံးမှာ အနီရောင်တွေ၊ တူတံဇင်တွေ၊ ကြယ်တွေ၊ တရုတ်စာတွေ မြင်ရင် ဘုမသိ ဘမသိ သွင်းခွင့် မပြုခဲ့ဘူး။ ထောင်အကြောင်းစာအုပ်ဆို သွင်းခွင့်မရဘူး။

တခါ ဖြစ်ဖူးတယ်။ မောင်သာရ ရေးတဲ့ "ကြောင်ကိုဘယ်သူခြူဆွဲမလ"ဲ စာအုပ်ကို အဖုံးက နံမည်ပဲ ဖတ်ပြီး အဆောင်မှူး စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီးလှရွှေက သွင်းခွင့် ပြုလိုက
်တယ်။ နောက်တပါတ် ထောင်မှူးလေး ဦးဘိုနီ အလှည့်မှာ သွင်းလို့ မရခဲ့ဘူး။ ဦးဘိုနီက လုပ်သားကောလိပ်က မြန်မာစာအဓိကနဲ့ ဘွဲ့ယူလာသူဆိုတော့ စာလေးဘာလေး နည်းနည်းဖတ်မှတ်တဲ့ ဗဟုသုတနဲ့ ဒီစာအုပ်ဟာ ဘာအကြောင်းရေးတာလဲ သိပြီး သွင်းခွင့်မပြုခဲ့ဘူး။

ကျနော်က အိမ်ကို ထောင်ဝင်စာမှာ တရုတ်တန်းက တရုတ် လမုန့်၊ ပဲမုန့်၊ မာလောက်လို့ ခေါ်တဲ့ နှမ်းမုံ့တွေကို အပတ်တိုင်း မှာတာမို့၊ မုံ့ထည့်ပေးတဲ့အခါ Peking Review တွေကို စက္က
ူအိတ် လုပ်ပြီး ထည့်ခိုင်း ရတယ်။ အာဏာပိုင်တွေ ကျနော့်ဆီက တောင်းစားလေ့ရှိတဲ့ ဒီတရုတ်မုံ့တွေဟာ Peking Review အုပ်လိုက်ကို စက္ကူအိတ်လုပ်ပြီး သွင်းပေးမှန်း မသိကြရှာဘူး။

ကိုထွန်းအောင်ကျော် "လိပ်ကလေး" နံမည်ကနေ "ဆရာကြီးကြွက်
" နံမည် ပြောင်းသွားရတာက ဒီလို။ ထောင်ထဲမှာ ကျနော်တို့ အစာရေစာ ပြတ်တဲ့အခါ ထောင်ကြွက်ကြီးတွေကိုလဲ ဖမ်းစားကြတယ်။ "လိပ်ကလေး" က သူနဲ့ ထမင်းအတူစားတဲ့ သူ့ထမင်းစား အုပ်စုအတွက် ကြွက်ဖမ်းပေးတယ်။ သူက ၃ ဆောင်မှာ ကြွက်ဖမ်းအတော်ဆုံးဆိုပြီး သူ့ထမင်းစားအုပ်စုထဲက သူ့ကို "ဆရာကြီးကြွက်" ဆိုပြီး ခေါ်ကြတယ်။

ထောင်ကထွက်တော့ အတူနေခဲ့သူတွေ အပြင်မှာ ပြန်တွဲမိကြတဲ့အထဲ သူန
ဲ့ကျနော်က အတွဲဖြစ်ဆုံးလို့ ပြောရမယ်။

သူ့ပုံက ကွန်မြူနစ်တယောက်၊ ကျွန်းပြန်တယောက်၊ ထောင်ထွက်နိုင်ငံရေးသမားတယောက်ပုံ လုံးလုံး မပေါက်ဘူး။ သူအမြဲလိုလိုဝတ်တာ Coduroy Jean ဘောင်းဘီအညို။ Ray-Be
n နေကာမျက်မှန်ကလဲ နေပူပူ မိုးရွာရွာ မချွတ်ဘူး။

အဲဒီ Ray-Ben မျက်မှန်ကြောင့် ပြဿနာတက်ရသေးတယ်။ ဗိုလ်အောင်ကျော်လမ်းက စိန်ဝင်း စားသောက်ဆိုင်မှာပေါ့။ သူရယ်၊ သဲတောဝမ်းတွင်းက ကိုသက်တင်(ကွယ်လွန်)ရ
ယ်၊ ကျနော်ရယ် တဝိုင်းထိုင်ပြီး စားသောက်ကြတယ်။ ကျနော်တို့ ထုံးစံက စားသောက်ဆိုင်ထိုင်ရင် ကိုယ့်ဝိုင်းကြားရုံ တိုးတိုးတိတ်တိတ် ခေါင်းချင်းဆိုင် ပြောကြတာ။ ဆိုင်လည်ခေါင်က စားပွဲဝိုင်းကြီးမှာ လူလေး-ငါး-ဆယ်ယောက်လောက် စုပေါင်းဝိုင်းဖွဲ့ ဆူဆူညံညံ စားသောက်နေကြတယ်။ ဝိုင်းကြီးရဲ့ နောက်တဖက်မှာ ခါတိုင်း ကျနော်နဲ့ ဝိုင်းထိုင်နေကျ မောင်သိန်းဆိုင်၊ နတ်နွယ်၊ မြင့်မောင်မောင်၊ လွင်စန်းယဉ်၊ အေးမြသီတာ ကိုဇော်ထွန်း တို့ ဝိုင်းရှိတယ်။

ရုတ်တရက် "လိပ်ကလေး"က အလည်က ဆူဆူညံညံဝိုင်းဆီ ထသွားတယ်။ ကျနော်ကလည်း ဘော်ဒါကောင်းပီပီ နောက်ကလိုက်။ အဲဒီဝိုင်းထဲက လူတယောက်ကလည်း ကျနော်တို့နဲ့ ရန်ဖြစ်ဖို့ ထတော့ သူ့လူတွေက ဝိုင်းဆွဲကြတယ်။ နည်းနည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ခေါင်းဆောင်လုပ်သူက ကျနော်
တို့ကို တောင်းပန်သလို၊ ကိုသက်တင်ကလည်း "လိပ်ကလေး"ကို ရန်မဖြစ်ဖို့ ဆွဲတယ်။ သူ့လူတွေက ဝိုင်းတောင်းပန် ကြတယ်။ ကျနော်လိုပဲ အကြောင်းရင်း မသိပေမယ့် ဘော်ဒါတွေကို ကူဖို့ မြင့်မောင်မောင်၊ လွင်စန်းယဉ်၊ မောင်သိန်းဆိုင်က အလည်ဝိုင်းဆီ ထလာတယ်။ ကိုနတ်က လူကြီးပီပီ ဖြန်ဖြေတယ်။

သူတို့က နယ်ကလာတဲ့ အနောက်မြောက်တိုင်းဆိုလား ဘတ်စကက်ဘော အသင်းကပါတဲ့။ အောင်ဆန်းကွင်းမှာ တည်းကြတယ်။ တခါတည်း သူတို့ အရက်ဝိုင်းလည်း သိမ်းသွားပြီး စစ်ကားကြီးနဲ့ လက်ပြနှုတ်ဆက် ပြန်ထွက်သွားကြတယ်။

ပြီးတော့မှ ကျနော်က "လိပ်ကလေး"ကို ဘာဖြစ်လို့လဲ မေးကြည့်တော့ သူ နေကာမျက်မှန် တပ်ထားတာကို "ဘလိုင်းထီးဆိုင်" လို့ မကြားတကြား ခေါ်လို့တဲ့……။

မှတ်မှတ်ရရ သူ ပုဆိုးဝတ်တာ တခါကြုံဖူးတယ်။ ဝတ်ခဲတယ်။ စာအုပ်လက်ထဲကိုင်ပြီး လမ်းပေါ်သွားနေ တာလဲ တွေ့ရခဲတယ်။ တနေ့တော့ နှစ်ခုစလုံး တပြိုင်ထဲ သူလုပ်လာတယ်။ အ
ဲဒီတုန်းက ကျနော်တို့နေတဲ့ ဂျူးဘန်းလမ်းထဲက အိမ်ကို မနက်ကြီး ရောက်ချလာတယ်။ ပုဆိုးနဲ့ လက်ထားမှာက Peking King Review ကို ကျစ်ကျစ်လိပ်ပြီး ကိုင်လာတယ်။ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကို တရုတ်ကွန်မြူနစ်ပါတီက ပြန်သုံးသပ်ထားတဲ့ အကြောင်းပါလို့ ကျနော်ဖတ်ဖို့ သူယူလာတာ။ အဲဒီနေ့က အိမ်ကရေဒီယိုလေးနဲ့ မီတာ ၆၀ ပြည်သူ့အသံကို အတူ နားထောင်ကြတယ်။

တနေ့မှာ Strand Hotel နောက်က ဘီယာခန်းမှာ သူနဲ့ ကျနော် စကားပြောကြတယ်။ မှတ်မှတ်ရရ မေလ (၁) ရက်နေ့။ ကျနော်က ဘီယာသောက်တယ်။ သူက လိမ္မော်ရည်သောက်တယ်။ စကားတွေ အများကြီး ပြောဖြစ်ကြပြီး ကျနော့်အတွက် စကားတခု သူ ထားခဲ့တယ်။ သ
ူ လွတ်မြောက်တဲ့နယ်မြေကို ထွက်သွားတယ်။ ရဲဘော်အောင်မြတ်ထွန်း ဖြစ်သွားတယ်။

ကွန်မြူနစ်ပါတီ မြေအောက်ကို ဆင်းရတော့ သူက ပန်ဝါမှာ ကျန်ခဲ့တယ်။ အဲဒီမှာ ကဗျာဆရာမ မအိ နဲ့ အိမ်ထောင်ကျတယ်။ သူတို့ ဇနီးမောင်နှံ ရန်ကုန်ကို ပြန်ရောက်လာကြတ
ယ် ကြားတယ်။

ခု သူဆေးရုံပေါ်ကနေ မဆုံးခင်အထိ ကျနော့်အကြောင်းကို တဖွဖွ တမ်းတသွားရှာတယ်။ သူ့နားမှာ ရှိတဲ့ ရဲဘော်တွေက ပြန်ပြောပြတာ။ တိုက်တိုက်ဆိုင်ဆိုင် သူဆေ
းရုံတက်နေကြောင်း email မ၇ခင် တပါတ် ဆယ်ရက်လောက်မှာ သူ့ကို ကျနော် သတိရနေလို့ ကျနော့်အလုပ်မှာ အချိန်အားခိုက် စာလေးတစောင် ထိုင်ရေးနေတာ။ စာက တပိုင်းတန်းလန်း။ ရေးပြီး သူ့ဆီ ဘယ်လိုပေးရကောင်းမလဲ စဉ်းစားနေတာ။ စာထဲမှာ အဆက်အသွယ်တွေ အကြာကြီး ပြတ်နေလို့ ကျနော့်ကို ဆက်သွယ်ဖို့ လိပ်စာတွေ၊ email တွေ၊ ဖုံးနံပါတ်တွေ ထည့်ရေးထားတယ်။
လိပ်ကလေးကို ကြည့်နေရှာတဲ့ ကိုစိန်ပေါ

နောက်ပီး ကျနော် ခုထိ အမှတ်ရနေတဲ့ အဖြစ်အပျက်ကလေးတခု စာထဲမှာ ထည့်ရေးထားတယ်။ တခါမှာ သူရယ်၊ ကိုစိန်ပေါ (ပီဒီပီ)ရယ်၊ ကျနော်ရယ် ဘတ်စ်ကား စီးလာကြတယ်။ ထိုင်စရာခုံမရလို့ အလည်တန်းကို ကိုင်ပြီး လိုက်လာကြတာ။ အတွင်းဝန်ရုံးရှေ့ ဘိုကလေးဈေးလမ်းထိပ်ရောက်တော့ ကိုစိန်ပေါက တာမွေသွားစရာရှိလို့ ကားပြောင်းစီးဖို့ ဆင်းသွားတယ်။ သူနဲ့ ကျနော်က ဆက်စီးလာတာ သိမ်ဖြူလမ်းပေါ် စိန်ပေါကျောင်းနား ရောက်တော့ ကျနော်တို့နား ရပ်နေတဲ့ ကားလက်မှတ်ရောင်းက "စိန်ပေါ- ပါလား" လို့ မှတ်တိုင်ဆင်းဖို့ ခရီးသည်တွေကို မေးတယ်။ "လိပ်ကလေး"က လက်မှတ်ရောင်းဘေးကနေ "စိန်ပေါ ဆင်းသွားပြီ" …..တဲ့။ လက်မှတ်ရောင်း ပါးစပ်အဟောင်းသားဖြစ်ပုံကို ကြည့်ပြီး ကျနော့်မှာ ရီလိုက်ရတာ။

ခုတော့… စိန်ပေါက သမိုင်း-အုပ်ကျင်းရပ်ကွက်ထဲမှာ လန်းလန်း လန်းလန်းနဲ့ အာလို့ ရွှီးလို့ကောင်း တုန်း။ စိန်ပေါ ဆင်းသွားပြီလို့ ပြောခဲ့တဲ့ "လိပ်ကလေး" … လူ့လောကထဲကနေ သင်္ဃန်းကျွန်း စံပြဆေးရုံ မှတ်တိုင်မှာ ဆင်းသွားတယ်။ သူက အရင် ဆင်းနှင့်သွားပြီ။ ကျနော်တို့လဲ ရှေ့ဘယ်နှစ်မှတ်တိုင်ရောက်ရင် ဆင်းရမလဲ…. မပြောတတ်ဘူး။ ကျနော်ရေးပြီး မပေးဖြစ်တဲ့ စာထဲကအတိုင်း … ရောက်ရာကနေသာ ဆက်သွယ်ပါ… ရဲဘော်အောင်မြတ်ထွန်းရေ……။

မောင်မင်းရာ

ဓါတ်ပုံများကို ကိုမြတ်ခိုင်ရဲ့ facebook မှ ကူးယူဖော်ပြပါတယ်။ ကျေးဇူးပဲ ကိုမြတ်ခိုင်ရေ... ခွင်းပြုချက် အရင်မတောင်းခံဖြစ်တာ နားလည်ပေးပါ။

No comments: