Friday, September 30, 2011

ရွှေကိုင်းသားဆရာတော်အနှစ်၁၀၀ပြည့်
ရေးသူ- ဖိုးသံ(လူထု)





{ကောင်းကင် အင်တာနက်စာမျက်နှာက ဒီဆောင်းပါးကို ကြိုက်လွန်းလို့ မာယာမှာ တင်ခွင့်ပြုပါရန် သက်ဆိုင်သူများထံခွင့်ပြုချက် တောင်းပြီး၊ မာယာက ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ ကျေးဇူးအထူးတင် ပါတယ်၊ ကောင်းကင် နဲ့ ဖိုးသံ(လူထု) ရေ။}

ကျနော် တွေ့ကြုံဖူးသော သံဃာတော်များထဲမှာ သံဃာနဲ့ အတူဆုံး ဘုန်းကြီးတပါးကို ပြောပါလို့ဆိုရင် ကျနော် ပထမဆုံး မဆိုင်းမတွ ပြောလိုက်မိမှာဟာ ဆရာတော်ဦးသောဘိတ ခေါ် ရွှေကိုင်းသားဆရာတော် ပဲဖြစ်ပါတယ်။ ဓမ္မတာပဲ ကျနော့်ဘ၀မှာ သံဃာတော် အများကြီးနဲ့ ထိတွေ့ခဲ့ရပါတယ်။ ကြည်ညိုစရာ သံဃာတွေ အများကြီးကို တွေ့ခဲ့ပါတယ်။ စံကင်း ဆရာတော်ကြီး၊ ဆရာတော်ဦးဇနကဘိဝံသ စသဖြင့် လေးစားကြည်ညိုဖွယ်ရာ ဆရာတော်ကြီးများကို လူကိုယ်တိုင် ဖူးမြော် ကန်တော့ဖူးပေမဲ့ နီးနီးကပ်ကပ် မနေရတော့ သူတို့အကြောင်း ထူးထူးခြားခြား ပြောစရာ မရှိသလိုလို ဖြစ်နေပါတယ်။


ဒါပေမဲ့ ဆရာတော်ဦးသောဘိတ ကတော့ ကျနော်တို့ မိဘများနဲ့ ကျနော် မမွေးခင်၊ သူ လူဝတ်ဘ၀ ကတည်းက သိကျွမ်းခဲ့ပြီး- အသွားအလာ မပြတ်ရှိနေတဲ့ ဘုန်းကြီးမို့ သူ့အကြောင်းကို နှိုင်းစာခြင်းအားဖြင့် အများကြီး သိတယ်လို့ ဆိုနိုင်ပါတယ်။ လူထုသတင်းစာတိုက် ကာလတုန်းကလည်း လူထုတိုက် ကထိန်ဆိုရင် စစ်ကိုင်းတောင်ပေါ်မှာရှိတဲ့ ဆရာတော် သီတင်းသုံးရာ အနုရုဒ္ဓာချောင် ယွန်းကျောင်းနဲ့ ကျနော်နာမည် မေ့နေပြီဖြစ်တဲ့ ၀ါးချက်က ချောင်တို့ကို သွားပြီး ခင်းပါတယ်။ တကယ်က ဆရာတော် သံဃာ့ဘောင်မ၀င်မီ လူဝတ်ဘ၀ ကတည်းက ကြီးပွားရေးမဂ္ဂဇင်းထုတ်နေတဲ့ ကျနော့်အဖေနဲ့ ရင်းနှီးပါတယ်။ ဆရာတော်က သူ့အသက် ၂၂နှစ်၊ ၁၉၄၄ခုနှစ် ကျမှ ဘုန်းကြီးဝတ်တာပါ။ ဒါကြောင့် သူလူဝတ်နဲ့ ရှိစဉ်တုန်းက ကျနော့်အဖေတို့နဲ့ အတူ မင်းကွန်းမှာ တွဲပြီးရိုက်ထားတဲ့ ဓာတ်ပုံကို ကျနော်တို့အိမ်မှာ တွေ့ဖူးပါတယ်။ အဲဒီတုန်းက သူဟာ မန္တလေးမြို့ ကမ္ဗည်းကျောက်စာရုံး (နောင်မှာ ရှေးဟောင်းသုတေသန ဌာနမှာ) အလုပ်လုပ်နေပါတယ်။

ဆရာတော်ဟာ အင်မတန် အိန္ဒြကြီးပြီး စကားကျယ်ကျယ်လောင်လောင် ပြောတာလို့ တခါမှ မတွေ့ဖူး၊ မကြားဖူးပါ။ ရယ်တာတောင်မှ တကယ့်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ရယ်တာပါ။ ဆရာတော် စိတ်ဆိုး ဒေါသဖြစ်တယ် ဆိုတာလည်း တခါမှ မတွေ့ခဲ့ဖူးပါဘူး။ သူဟာ ဘယ်သူ့အကြောင်းကိုမှ ပြင်းပြင်းထန်ထန်၊ ကြမ်းကြမ်းတမ်းတမ်းလည်း မပြောတတ်တဲ့ သူတော်စင်ပါ။ စကားပြော ငြင်သာလိုက်တာကလည်း မပြောနဲ့၊ အိမ်က ဧည့်ခန်းထဲမှာသူနဲ့ ကျနော့်အဖေနဲ့ ဘေးချင်းကပ်ထိုင်ပြီး ပြောနေတာတွေကို အဖေ့ဘေးမှာထိုင်နေတဲ့ ကျနော်က လုံးစေ့ပတ်စေ့ မကြားရပါဘူး။ မသိတဲ့ လူကဆိုရင် လျှို့ဝှက်ချက် ဆွေးနွေးနေသလားလို့တောင် အောက်မေ့ရမှာပါ။

နောက် ဆရာတော်သီတင်းသုံးတဲ့ ကျောင်းဟာ ဘယ်တော့မဆို အင်မတန် လူသူဝေးပြီး ချောင်ကျ၊ လူပြတ်တဲ့ ကျောင်းတွေချည့် ဖြစ်ပါတယ်။ သူက သူ့ကျောင်းမှာ လူတရုန်းရုန်း စည်ကားနေတာကို မနှစ်သက်ပါဘူး။ ဘယ်လောက်အထိ ချောင်ကျသလဲဆိုရင် တခါမှာ မန္တလေးထုံးစံ တန်ဆောင်မုန်းလပြည့်နေ့ စစ်ကိုင်းဘက်ကို ကထိန်ခင်းသွားကြတော့ သူနဲ့ အတူနေတဲ့ သူတူ ကိုရင် စစ်ကိုင်းလှမြင့် (နောင်ကျတော့ လူထွက်ပြီး လူထုသတင်းထောက် လုပ်တယ်)က မနေ့ညက အဲဒီမြင်နေရတဲ့ မျက်နှာချင်းဆိုင်က သစ်ပင်ပေါ်မှာ ကျားသစ်နှစ်ကောင် ကိုက်နေလိုက်တာ တ၀ုန်းဝုန်းပဲလို့ ပြောပြပါတယ်။ လှမ်းကြည့် လိုက်တော့ အဲဒီသစ်ပင်ဟာ ကိုက်၅၀ လောက်ဝေးတာပါ။ ကြားမှာ ချောက်ကြီးခြားနေလို့သာပေါ့။

ဆရာတော်ရဲ့ နောက်ထူးခြားချက်တခုက အားနာတတ်တာပါ။ သူ ကျနော်တို့အိမ်ကို ကြွမြဲအတိုင်းကြွ လာတယ်ဆိုရင် ကျနော့် အဖေရယ် အမေရယ်က ၀တ်ကြီးဝတ်ငယ်ပြုပြီး စကားပြော ကြပါတယ်။ ဆွမ်းချိန်တန် ဆွမ်းကပ်၊ ဘိလပ်ရည် ချိန်တန် ဘိလပ်ရည်ကပ်ပြီး မဆုံးနိုင်မပြီးနိုင် စကားတွေပြောကြတာပါ။ အဖေတို့ အမေတို့ ထမင်းစားချိန်ရောက်ရင်လည်း ဆရာတော်ကို ဖတ်စရာတခုခု ပေးခဲ့ပြီး ထမင်းစားပြီး နောက်စကား ဆက်ရအောင် စောင့်စေတာပါပဲ။ မန္တလေးမှာ ကျနော်တို့ အိမ်နဲ့ ကိုက်၁၅၀ လောက်ဝေးတဲ့ နေရာမှာ ဆရာတော်ရဲ့ ညီအရင်း လူထုသတင်းစာ သတင်းထောက်ဟောင်း ဦးဘကွန်း ရှိပါတယ်။ ဆရာတော်ဟာ ဦးဘကွန်းအိမ်မှာ အချိန်ပေးတာထက် အဆပေါင်းများစွာပိုပြီး လူထုတိုက်မှာ ထိုင်လေ့ရှိပါတယ်။ ဆရာတော်ဟာ စစ်ကိုင်းက လာတာလို့ ဆိုပေမဲ့ သူ့ခမျာ သူနေတဲ့ ချောင်ကနေ ကားဆိပ်အထိ တစ်နာရီ ကျော်လောက် အတက်အဆင်း လမ်းလျှောက်ပြီးမှ လာရတာဖြစ်ပါတယ်။ ဆွမ်းကို မနက်အစောကြီး ဘုဉ်းပေးပြီး ထွက်ခဲ့တာဖြစ်ပါတယ်။ တခါမှာတော့ တနေ့မှာ အဖေတို့အမေတို့နဲ့ စကားကောင်းနေလိုက်တာ အမေတို့ဟာ သူ့ကို ဆွမ်းကပ်ဖို့ မေ့သွားပြီး မွန်းလွဲ သွားပါလေရော။ ဒါကို ဆရာတော်က ဆွမ်းကပ်ချိန်ရောက်ပြီ ဖြစ်ကြောင်း တခွန်းမဟ၊ တစွန်းတစလေးမှ မပြောပါဘူး။ နောင်မှာ အမေက ဆရာတော် အကြောင်းပြောတိုင်း ဒီကိစ္စကို နောင်တကြီးစွာနဲ့ တဖြစ်တောက်တောက် ပြောလေ့ရှိပါတယ်။

နောက် အမေပြောလေ့ရှိတာ တခုက ဆရာတော်ကို လူထွက်ပြီး သူလုပ်တဲ့ အလုပ်တွေ လုပ်စေချင်တယ် ဆိုတဲ့ အကြောင်းပါ။ ဒီအကြောင်းကို ပြောရင် အမေက “ငါ့စိတ်ထဲမှာ ဦးဇင်း (ဆရာတော်ဦးသောဘိတကို အမေတို့ ခေါ်လေ့ရှိတဲ့ အသုံးအနှုန်း) ကို လူထွက်စေချင် ကို- - ကိုတော့ သင်္ကန်းပြန်ဝတ်စေချင်တယ်” လို့ပြောလေ့ရှိပါတယ်။ ကို- - ဆိုတာက ပါဠိ-သက္ကတ ဘာသာဆိုင်ရာတွေကို ရေးနေတဲ့ ပညာရှိတယောက်ပါ။ ဆရာတော်ဦးသောဘိတရဲ့ ရှေးဟောင်းသုတေသန အလုပ်က အချိန်မမှန်၊ အစားမမှန်ရတဲ့အထဲ သူကလည်း သဲသဲမဲမဲ ပြင်းပြင်းထန်ထန် လုပ်လေ့ရှိတာဆိုတော့ နဂိုကမှ ပါးလှပ်လှပ် သူ့ခန္ဓာကိုယ်လေးဟာ ဒီဒဏ်တွေကို ခံစားရရှာပါတယ်။ ဒါပေမဲ့ သူ့လုပ်ရပ်တွေဟာ တိုင်းပြည်နဲ့ လူသားတွေအတွက် အကျိုးရှိလှတာမို့ အမေတို့ကို သူ့ကိုဒါတွေ ဆက်မလုပ်ပဲ ကျန်းမာရေး ဂရုစိုက်စေတာထက် ကျန်းမာရေးမထိခိုက်ပဲ ဒီလုပ်ငန်းတွေကို ဆက်လုပ်နိုင်အောင် လူထွက်စေချင်တာပါ။ ဒါပေမဲ့ သူ့ကို လူထွက်ပါလို့တော့ ဘယ်လျှောက်လို့ကောင်း ပါ့မလဲ။

မြန်မာနိုင်ငံ မြန်မာမှုအတွက် ဆရာတော် အကျိုးပြုသွားတာတွေက များလှပါတယ်။ ကျနော် အကုန်မသိပါဘူး။ ဆရာတော်ဟာ အင်္ဂလိပ် လက်ထက်ကတည်းက ကျောက်စာလုပ်ငန်း၊ ရှေးဟောင်းသုတေသနလုပ်ငန်း လုပ်လာလိုက်တာ သူ သင်္ကန်းဆည်းလို့ အစိုးရလုပ်ငန်းက ထွက်တဲ့နောက်မှာတောင်မှ ကိုယ့်ဆွမ်းကိုယ် ဘုဉ်းပေးပြီး ထက်ထက်သန်သန် အားတက်သရော လုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ပြောစကားတွေကို မကြာမကြာ ကြားဖူးသူတယောက် အနေနဲ့ဆိုရင် သူဟာ အမျိုးသားရေး တာဝန်တရပ်လို သဘောထား လုပ်နေမှန်းသိသာပါ။ သူ့ရဲ့ လူသိများတဲ့ ကျမ်းတွေ၊ စာအုပ်တွေဟာ သူအဲဒီလို ရဟန်းဘ၀ ရောက်ပြီးမှ ရေးတဲ့စာတွေ ဖြစ်ပါတယ်။

သူရေးတဲ့စာအုပ် ဖြစ်လာတာတွေထဲမှာ မန္တလေး(၁၉၄၆ခုနှစ်၊ ကြီးပွားရေးစာအုပ်တိုက်က ထုတ်တဲ့ ခပ်ပါးပါးစာအုပ်)၊ ဆင်ယင်ထုံးဖွဲ့မှု၊နဲ့ အနှစ်(၁၀၀)ပြည့် မန္တလေးတို့ဟာ နာမည်အကြီးဆုံးလို့ ဆိုရမလားပါပဲ။ တခြားလည်း ၀က်မစွပ်မြို့စား ဒုတိယန၀ဒေး၊ ပုညရှင်ဘုရားသမိုင်း၊ ပတ္တမြားစေတီဘုရားသမိုင်း၊ ရတနာစေတီ ဆင်များရှင်ဘုရားသမိုင်း၊ အနှစ် ၆၀၀ ပြည့်အင်းဝ စတာတွေဟာ နာမည်ကြီးပါတယ်။ အသက်၂၀ က စပြီး စာရေးခဲ့တဲ့ ဆရာတော်က ရွှေကိုင်းသားဆိုတဲ့ ကလောင် အမည်အပြင် ရတနာပုံ လှိုင်ခင်အေး၊ ရတနာပုံ ဖိုးမှတ်စု၊ မှတ်စုမောင်၊ မန္တလေးလှိုင်၊ စစ်ကိုင်းဘိုးရာဇာ၊ မန္တလေးသား၊ ဦး သောဘိတ စတဲ့ နာမည်တွေနဲ့လည်း ရေးပါတယ်။

ဆရာတော်က လူ့ဘောင်မှာ၂၂နှစ်လောက်သာ နေလိုက်ရပေမဲ့ ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံရိုက် ပညာတွေကိုလည်း ပညာသည်တယောက်လို တတ်ကျွမ်းပါတယ်။ သူရေးခဲ့တဲ့ ဆောင်းပါးတွေမှာ သာမန်သမိုင်းကိစ္စတွေ သာမဟုတ်ပဲ ဓာတ်ပုံ ဘာသာရပ်အကြောင်း၊ နက္ခတ်တာရာအကြောင်း တို့အပြင် ရာသီအလိုက် ပေါ်တဲ့ ငှက်တွေ အကြောင်းတောင် ပါပါတယ်။

၁၉၅၉ခုနှစ်မှာ ကျင်းပခဲ့တဲ့ မန္တလေး နှစ်တရာပြည့်ပွဲတော်ဟာ အဲဒီ အချိန်အထိ ဗမာပြည်သမိုင်းမှာ တခါမှ မရှိခဲ့ဖူးတဲ့ အထိမ်းအမှတ်ပွဲတော်ဖြစ်ပါတယ်။ ဗမာပြည်သမိုင်းရဲ့ တခြားသမိုင်းဝင် မြို့ကြီးတွေ ဖြစ်တဲ့ ပုဂံ၊ အင်းဝ၊ တောင်ငူစတာတွေဟာလည်း လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့တဲ့ မြို့ကြီးတွေဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ် ကိုလိုနီဘ၀မှာ ဗမာ့သမိုင်းကို ဂုဏ်ရောင်တင်တဲ့ ရာပြည့်ပွဲတွေ မလုပ်နိုင်ခဲ့ပါဘူး။ မန္တလေး အနှစ်တရာပြည့်အထိမ်းအမှတ်မှသာ ကျင်းပနိုင်ပါတယ်။ မှတ်မှတ်ရရ ကျနော်တို့ အိမ်ကို ဆရာတော်ဦးသောဘိတ ကြွာလာတဲ့ တမနက်မှာ ဆရာတော်က အဖေနဲ့အမေကို မန္တလေးမြို့ကြီး တည်ထောင်တာ အနှစ်၁၀၀ တင်းတင်းပြည့်တော့မယ်၊ ဒီအတွက် ဂုဏ်ပြုကြသင့်တယ်လို့ ပြောပါတယ်။ အဲဒီတုန်းက ကျနော်လည်း မိဘများ အနားမှာ ရှိနေပါတယ်။ ဒီအခါမှာ အဖေရောအမေရော သိပ်ဝမ်းမြောက် အားတက်သွားပြီး ဂုဏ်ပြုရမှာပေါ့၊ ကျင်းပရမှာပေါ့ဆိုပြီး စတင်လှုပ်ရှားတာ ဖြစ်ပါတယ်။ တခြား ဘယ်သမိုင်းဆရာမှ သတိမပြုမိတာကို ဆရာတော်သတိပြု လှုံ့ဆော်လိုက်လို့ ပေါ်ပေါက်ခဲ့တဲ့ အထိမ်းအမှတ် ပွဲတော်ကြီး ဖြစ်ပါတယ်။

ဆရာတော်ရဲ့ အရည်အချင်းတွေထဲက တခုဟာ စုဆောင်းတာ အင်မတန်ဝါသနာပါတာ ဖြစ်ပါတယ်။ သူ့မှာက ငွေကြေးတပြားတချပ်မှ ရှိတာမဟုတ်တော့ စုဆောင်းထားတာဟာ များလှတယ်၊ စုံလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ အဖို့ကတော့ သူ့ကျောင်းကို ရောက်သွားတယ်ဆိုရင် ကြည့်မ၀ အားမရနိုင်တဲ့ နာရီဟောင်းတွေ၊ ငွေအကြွေစေ့ မျိုးစုံနဲ့ အဲဒီတုန်းက (ကျနော့်အထင်) ဗမာပြည်မှာ အစုံလင်ဆုံးရှိတဲ့ ဗမာပြည် တံဆိပ်ခေါင်းတွေ ဖြစ်ပါတယ်။ ဆရာတော်ဟာ သူကိုယ်တိုင် ရှေးဟောင်း သုတေသနလုပ်ငန်းကို လုပ်နေပေမဲ့ သမိုင်းဆိုင်ရာ ရှေးဟောင်းပစ္စည်းတွေကို စုတာတော့ မလုပ်ပါဘူး။ သမိုင်းဌာနကို ပို့တန်တာပို့၊ ပြတိုက်ကို ပို့တန်တာပို့ လုပ်ပါတယ်။

ဆရာတော်မှာ အင်္ဂလိပ်စာကို ဖြစ်ဖြစ်မြောက်မြောက် မသင်ခဲ့ရတဲ့ အားနည်းချက်ရှိပါတယ်။ ဒါကြောင့် ဆရာတော် မန္တလေးကိုကြွလာတိုင်း ကျနော့် မိဘများကိုမေးစရာ သူဖတ်ရှုလေ့လာရင်း ကြုံတွေ့ရတဲ့ အင်္ဂလိပ်စာလုံးလေးတွေ ယူလာတတ်ပါတယ်။ တခါတလေလည်း ကျနော်တို့ကို မေးတတ်ပါတယ်။ သူက အမြဲပညာလိုနေတဲ့ ပုဂ္ဂိုလ်ပါ။

ဝမ်းနည်းစရာ ကောင်းတာက ဒီလို အင်မတန် ကြည်ညိုဖွယ်ရာကောင်းတဲ့ ရဟန်းတော်ခမျာလည်း လူသာမာန်တွေ နည်းတူ စနစ်ရဲ့ဒဏ်ကို ခံသွားရရှာပါတယ်။ ကျနော် သေချာသိတာ နှစ်ကြိမ်ပါ။ တခါက ကျနော့်ကို လိုက်ဖမ်းတဲ့အခါမှာ ကျနော်က အဖမ်းမခံပဲ ထွက်ပြေးတဲ့အတွက် စစ်အစိုးရ ထောက်လှမ်းရေးက ဒေါပွပြီး အကြီးအကျယ် တောနင်းရှာတော့ တောထဲ တောင်ထဲက ဝေးသီခေါင်လွန်းလှတဲ့ ဆရာတော်ဦးသောဘိတ ကျောင်းကိုလည်း သွားရှာဖွေ စစ်ဆေးတာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ဘယ်တုန်းကမှ၊ ဘယ်လိုမှ မပတ်သက်ဖူးခဲ့တဲ့ ဆရာတော်ခမျာ အတော်လေးလန့်သွားမှာပဲလို့ အောက်မေ့မိပါတယ်။ နောက်တခါကတော့ ကျနော်အိမ်က ထွက်လာပြီးတဲ့နောက်မှာပါ။ ဆရာတော့်ဆီမှာ တန်ဘိုးရှိတဲ့ ရှေးဟောင်ပစ္စည်းတွေ စုဆောင်း သိမ်းဆည်းထားတာတွေ ရှိတယ်ဆိုပြီး ဓားပြတိုက်ခံရတာပါ။ ယုတ်မာရိုင်းစိုင်းတဲ့ ဓားပြတွေဟာ ဆရာတော်ကို ပစ္စည်းတောင်းတော့ ရိုက်တာနှက် တာလည်း လုပ်တယ်လို့ ကြားရပါတယ်။

၁၉၁၂ခုနှစ်၊ ဇန်န၀ါရီလ၅ရက်၊ သောကြာနေ့တုန်းက စစ်ကိုင်းမြို့ တကောင်းရပ် မွေးခဲ့တဲ့ ဆရာတော်ဟာ ၁၉၈၇ခုနှစ်၊ ဇွန်လ ၂၉ရက်နေ့မှာ ပျံလွန်တော်မူပါတယ်။

မန္တလေး နှစ်တရာပြည့်၊ အင်းဝနှစ် ၆၀၀ပြည့်တို့ကို တပြည်လုံးကို အသိပေးနှိုးဆော်ခဲ့တဲ့ ဆရာတော်ဦးသောဘိတ မွေးဖွားခဲ့တာ လာမယ့်နှစ်မှာ အနှစ်တရာပြည့်ပါပြီ။ မင်းသမီးနဲ့ မော်ဒယ်တွေရဲ့ မွေးနေ့တိုင်းကို ဂုဏ်ပြုနေတဲ့ ဒီနေ့ မီဒီယာ (အများစု)တွေမှာ ဆရာတော့်မွေးနေ့ အနှစ်၁၀၀ပြည့်ကို ဘယ်လို ဂုဏ်ပြုမယ်လို့ရေးတာ မတွေ့ရသေးပါဘူး။

ဖိုးသံ(လူထု)

No comments: