Monday, September 26, 2011

ကိုလေးမောင်နဲ့ကျနော်
ရေးသူ- ဖိုးသံ(လူထု)



{အရေးတော်ပုံဂျာနယ်၊ အတွဲ ၁၊ အမှတ် ၆။ ၂၀၁၁ ခုနှစ် စက်တင်ဘာလထုတ်က ကူးယူ ဖော်ပြပါတယ်။}

ကျနော့်ဘဝမှာ ပထမဆုံး ရှိုက်ကြီးတငင် ငိုမိတာဟာ ၁၉၇၁ခုနှစ်၊ မေလ ၃ဝရက်နေ့၊ ခန့်မှန်းခြေ အားဖြင့် ညနေ သုံးနာရီခွဲလောက်မှာ ဖြစ်ပါတယ်။

မှန်ပါတယ်။ အဲဒါဟာ ကိုကိုးကျွန်း ၅၃ရက် အစာငတ်ခံ တိုက်ပွဲရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။


ဒီအချိန်မှာ ထောင်အာဏာပိုင်တွေနဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ (လေထီး) ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျန်တို့အကြား ဆွေးနွေးတာတွေကို ကျနော်တို့ အကြားမှာ အချိန်မှန် ချပြနေတာမို့ တိုက်ပွဲဟာ ပြီးဆုံးကာနီးပြီ၊ ထောင်အာဏာပိုင်တွေဟာ အလျှော့ပေးရတော့မယ် ဆိုတာကို လူတိုင်းတွက်လို့ ရနေပါပြီ။ နောက်ပြီး ဒိအရင်နေ့တွေတုန်းက ကိုယ့်မျက်စိအောက်မှာပဲ ရဲဘော် ငါးယောက်လည်း ကျဆုံးသွားခဲ့ပါပြီ။ ဒါကြောင့် ကျနော်တို့ အားလုံးဟာ အောင်ပွဲအတွက် ဝမ်းမမြောက်နိုင်သေးပဲ အသက်အန္တရာယ် ရှိနေတဲ့ တိုက်ပွဲဝင် ရဲဘော်တွေအတွက် စိုးရိမ်ပူပန်မှုတွေကို ပုခုံးထက်ထမ်းပြီး အခြေအနေကို စောင့်ဆိုင်းနေကြ ရပါတယ်။ သေတွင်းနှခမ်းမှာ ရောက်နေပြီး ဖြစ်နေတဲ့ လူတွေကလည်း လဲလျောင်းနေတာ မနည်းပါဘူး။

ဒီလိုနဲ့ အဲဒီနေ့ မနက်၁ဝနာရီလောက်မှာ ရဲဘော်မောင်မောင်စိုး (ကျောက်ဆည်က မန္တလေး တက္ကသိုလ်ကျောင်းသား) ကျဆုံးပါတယ်။ ကိုယ်နဲ့အတူတူ တထောင်တည်း၊ တတိုက်တည်းက လာတဲ့ လူမို့လား၊ သေတာတွေ သိပ်များနေပြီဖြစ်လို့လားမသိဘူး၊ သူခြေရင်းမှာ ရပ်ရင်း ဘယ်က ဘယ်လိုကျလာမှန်း မသိတဲ့ မျက်ရည်တွေ ကျလာမိပါတယ်။ ခြောက်ယောက် ရှိသွားပါပြီ။ (နောင်မှာ ထောင်အမှုတမ်းတွေက ဒီလို တယောက်ပြီး တယောက် သေဆုံးနေတာကို ခင်ဗျားတို့တော့ မသိဘူး။ ကျနော်တို့တော့ ကြောက်လိုက်ကြတာ မပြောပါနဲ့တော့လို့ ပြောကြပါတယ်) ကိုကိုးကျွန်းက ထောင်အာဏာပိုင်တွေမှာက ဘာအာဏာမှ မရှိလေတော့ အားလုံး ရန်ကုန်ကို အစီရင်ခံ၊ ရန်ကုန်က ညွှန်ကြားချက်ကို စောင့်လုပ်နေရပြီး အဲဒီ စောင့်နရတဲ့ အချိန်တွေက သိပ်ကြာပါတယ်။ ဒီလိုနဲ့ တမိနစ်ပြီး တမိနစ်၊ တနာရီပြီး တနာရီ ကုန်ရင်း တိုက်ပွဲဝင်သူတွေဟာလည်း ခုခံအားတွေ လျော့ဆင်းရင်း လျော့ဆင်း ကျလာနေပါတယ်။ အဲဒီနေ့ မနက်ပိုင်းမှာပဲ ထောင်အာဏာပိုင်တွေနဲ့ ကျနော်တို့ ခေါင်းဆောင်တွေ တခါ ဆွေးနွေးခဲ့ပါသေးတယ်။

အဲဒီတုန်းက တိုက်ပွဲထဲမှာ မပါတဲ့ ကျနော်တို့လို လူတွေဟာ အလုပ်တာဝန် မရှိရင် တိုက်ပွဲဆောင်တွေ နားမှာပဲ ရစ်သီရစ်သီနဲ့ ထိုင်မရ၊ ထမရ ဖြစ်နေတတ်ကြပါတယ်။ အဲဒီနေ့ကတော့ ကျနော်လည်း အားနေပါတယ်။ ဒီလိုနဲ့ နေ့လည်သုံးနာရီလောက်ကျတော့ ရဲဘော်လေးမောင် အခြေအနေ မကောင်းတော့ဘူး ဆိုတဲ့သတင်း အဆောင်အပြင်ကို လွင့်လာပါတယ်။ ဒါကြောင့် ကျနော်လည်း အဆောင်ထဲကိုဝင်ပြီး ရဲဘော်လေးမောင် လဲလျောင်းနေရာနဲ့ မလှမ်းမကမ်းမှာ ယောင်လည်ယောင်လည် လုပ်နေလိုက်ပါတယ်။ ကျနော်တို့ရဲ့ ဆေးမှူးရဲဘော် ကိုအေးမြင့်က ကျန်းမာရေး အခြေအနေ အလွန်ဆိုးဝါးနေတဲ့ တိုက်ပွဲဝင်ရဲဘော် လေကောင်းလေသန့် ရဖို့အတွက် မလိုအပ်ပဲနဲ့ အနားမလာရဘူးလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ကျနော်လည်း အဆောင် အဝင်ပေါက်အနားမှာပဲ ရပ်ပြီး လည်တဆန့်ဆန့် ကြည့်နေခဲ့ပါတယ်။ ကျနော်နဲ့ နီးနီးမှာက ရှစ်ယောက်မြောက် နောက်ဆုံးကျဆုံးတဲ့ ရဲဘော်ထွန်းဝင်း လဲလျောင်းလျက် ရှိနေပါတယ်။ ခဏအကြာမှာတော့ ကိုလေးမောင် ငယ်ချေးပါတယ် ဆိုတဲ့သတင်း ရောက်လာပါတယ်။ အခြေအနေ ဆိုးသွားပါပြီ။ ကျနော်တို့ရဲ့ အတွေ့အကြုံ အရဆိုရင် အဲဒီလို ငယ်ချေးပါပြီဆိုရင် မရတော့ပါဘူး။ အချိန်ပိုင်း အတွင်းမှာ ဆုံးသွားတာပါပဲ။ ဒါကြောင့် ကျောက်ပန်းတောင်းက ကျောင်းသားရဲဘော်ကိုအောင်ဘော် (၁၉၇၅ တုန်းက ပဲခူးရိုးမမှာကျဆုံးသွားသူ) နဲ့အတူ တယောက်လက်ကို တယောက်ကိုင်ပြီး ကျနော်အထဲကို ဝင်သွားပါတယ်။ ကိုလေးမောင်ကို လှမ်းမြင်နေရတဲ့ နေရာအထိ လျှောက်သွားလိုက်ပါတယ်။

ကိုလေးမောင်ရဲ့ နံဘေးမှာ ကိုအေးမြင့်နဲ့ ခေါင်းဆောင် ရဲဘော်တွေနှစ်ဦးဖြစ်တဲ့ ဆရာရာဂျန်နဲ့ ဦးအုန်းမောင်တို့ နှစ်ယောက်ပဲ ရှိပါတယ်။ ဘာမှမကြာပါဘူး။ ကိုအေးမြင့်က ကျနော်တို့ဘက်ကို လှည့်ပြီး ခေါင်းယမ်းပြတာ တွေ့လိုက်ရပါတယ်။ သေချာသွားပြီပေါ့။ ဘာကြောင့်မှန်းမသိဘူး ကျနော်ဟာ ကျနော့်ဘေးမှာ ရပ်နေတဲ့ ကိုအောင်ဘော်ရဲ့ ပုခုံးပေါ် ခေါင်းတင်ပြီး သဲကြီးမဲကြီး ငိုချလိုက်မိပါတယ်။ ဒိအယင်က ကျနော့် တသက်မှာ တခါမှ ဒီလို မငိုဖူးသလို ကိုကိုးကျွန်းမှာ တခြား ဘယ်သူမှလည်း ဒီလိုငိုတာ မတွေ့ဖူးသေးပါဘူး။ ငိုလိုက်လို့လည်း ရင်ထဲမှာ ပေါ့မသွားပါဘူး။ အဲဒီနောက် ရဲဘော်ထွန်းဝင်းကျတော့ ငိုအားတောင် မရှိတော့တာ သတိထားမိပါတယ်။ ငိုတာဟာ တခြားရဲဘော်တွေ အင်တာနေရှင်နယ်သီချင်းကို ဆိုကြတော့မှ (ရဲဘော်တယောက် ကျဆုံးတိုင်း ကျန်လူအားလုံးက အင်တာနေရှင်နယ်-နိုင်ငံတကာ့သီချင်းကိုဆို၊ ကြွေးကြော်သံတွေ တိုင်ကြပါတယ်) ငိုတာရပ်ပြီး တချက်တချက် ရှိက်ရင်း သီချင်းကို လိုက်ဆိုနေခဲ့ပါတယ်။

အဲဒါ သူနဲ့ ကျနော်နဲ့ ခွဲရတဲ့နေ့ပါပဲ။

စတွေ့တာက သူနေတဲ့ “အိမ်ဖြူတော် အမည်ရ ထုံးဖြူသုတ်ထားတဲ့ ကပ်တဲတလုံးရဲ့ အပေါ်ထပ်မှာပါ။ သပိတ်ရောင် ထနေတဲ့ အသားအရောင်နဲ့ လူက ဖြူစင်ရိုးသားလှတဲ့ အပြံးနဲ့ ကျနော့်ကို ဆီးကြိုပါတယ်။ သူဟာ "ကျုပ်တို့ မြို့ကတော့ ဆေးလိပ်နဲ့ ကွန်မြူနစ်ပဲ ထွက်တယ်" လို့ တချို့သူတွေ ပြောလေ့ရှိကြတဲ့ မြင်းခြံကပါ။ ဆေးလိပ်လည်း အသေအလဲ ကြိုက်ပါတယ်။

ကျနော်က သူနဲ့ မတွေ့ဖူးခင်ကတဲက သူ့နာမည်နဲ့ သူ့အကြောင်းကို ကြားဖူးနေပါတယ်။ တက္ကသိုလ်ကျောင်းသား အရွယ်တွေဆိုတော့ လူတယောက် အကြောင်းမိတ်ဆက်ပေးရင် ဟုတ်တာလည်းပါ၊ ကားတာလည်းပါ၊ ရီစရာလည်းပါ၊ အားကျစရာလည်းပါပေါ့။ ဒီတော့ သူ့ကို မတွေ့ဖူးမီ ကတည်းက သူ့ကဗျာတွေကို ဖတ်ဖူး၊ သူ့ချစ်ဇာတ်လမ်းလည်း ကြားဖူးနေပါတယ်။ သူက ကျနော့်ထက် ၆နှစ်လောက် ကြီးပြီး တက္ကသိုလ်ကိုတော့ ၃-၄နှစ် လောက် စောရောက်နေပါတယ်။

ကျနော် တက္ကသိုလ်ရောက်တဲ့ ပထမနှစ်မှာ နောက်ဆုံး သမဂ္ဂ ရွေးကောက်ပွဲကို ကြံခဲ့ရသလို အဲဒီနှစ်က ကျောင်းသား ညီညွတ်ရေးတပ်ဦး ညီလာခံမှာ ကျနော်ဟာ တပ်ဦးကောင်စီဝင် ဖြစ်ခဲ့ပါတယ်။ ကောင်စီဝင်ဆိုတာ အဖွဲ့ဝင်ကို ပြောတာပါ။ နိုင်ငံရေးတွေ ဘာတွေ နားလည်လို့ ဆိုတာထက် ကျောင်းသားသမဂ္ဂ လုပ်တာကောင်းတယ်၊ ကျောင်းသားတွေအပေါ်မှာ ဖိနှိပ်မှုတွေ ရှိနေတယ် စတဲ့ အင်မတန်ရိုးစင်းတဲ့ အသိတွေကြောင့် သမဂ္ဂလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ခဲ့တာပါ။ အတူလုပ်ရတဲ့ လူတွေကလည်း ကျနော်တို့ လူထုတိုက်ကို ဝင်ထွက် ဖူးသူတွေ၊ ကျနော့်အကိုနဲ့ ရင်းနှီးသူတွေ ဖြစ်နေတော့ အလွယ်တကူပဲ တွဲလုပ်လို့ရပါတယ်။ ကိုယ်က သာသနာပြုကျောင်းက လာတာဆိုတော့ တချို့ ကျောင်းနေဘက်ဟောင်းတွေက မျက်မှောင်ကုတ် ကြည့်ကြပါတယ်။ ဒါပေမဲ့ ကျနော် ကျောင်းရောက်ပြီး ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ပေါ်တာ ဆိုတော့ သူတို့က အပြစ်တင် အထင်သေးတာတော့ မရှိပါဘူး။

၁၉၆၂ ခုနှစ်မှာ ၇ရက်ဇူလိုင် အရေးအခင်း ဖြစ်လိုက်တော့ တာဝန်ရှိတဲ့ သမဂ္ဂခေါင်းဆောင်နဲ့ ကျောင်းသားညီညွတ်ရေး တပ်ဦး ခေါင်းဆောင်တွေ အဖမ်းခံသူခံရ၊ ပြေးသူပြေး၊ ပုန်းသူပုန်း ဖြစ်ကုန်ကြ ပါတယ်။ ဒါပေမဲ့ ဒီ လူသတ်ပွဲနဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အဦကြီးကို ဖျက်ဆီးထားတဲ့ အရှိန်ကြောင့် ကျောင်းသားတွေဟာ ဘာကိုမှ မကြောက်ဘူး၊ မကြေဘူး ဖြစ်နေကြပါတယ်။ ဒီလိုအခါမှာ ကျောင်းသားတွေအတွက် ခေါင်းဆောင်မှု လိုအပ်နေပါတယ်။ သမဂ္ဂကို သူတို့ သတိရကြ ပါတယ်။ ဒါကြောင့် ပြေးလွှားပုန်းလျှိုးနေကြတဲ့ ခေါင်းဆောင်တွေက ရှိနေသေးတဲ့၊ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရနေတဲ့ ကိုယ့်လူတွေကို လှုပ်ရှားကြဖို့ စီစဉ် တိုက်တွန်း ပါတယ်။ ကျနော်က အဲဒီတုန်းက ၁၆-၁၇နှစ် သားပါ။ ဒါပေမဲ့ ကျနော့်ကို ဆက်သွယ်ရတာလည်းလွယ်၊ ကျနော်က ပေါ့ပေါ့ပါးပါးလည်း လှုပ်ရှားနိုင်တော့ ကျနော့်ဟာ အဓိက လှုပ်ရှားသူတွေထဲမှာ ပါနေပါတယ်။ နောက်တော့ ကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့ မပြတ် တိုက်ပွဲဝင်မှုကြောင့် ဖမ်းထားသူတွေကို စစ်အစိုးရက ပြန်လွှတ်ရပါတယ်။ တဆက်ထဲမှာပဲ ရှောင်တိမ်းနေသူတွေလည်း အကုန် ပြန်ရောက်လာကြပါတယ်။

ကျနော်တို့ တခါတည်း လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်တော့တာပါပဲ။ မန္တလေးမှာလည်း အဖျက်ခံရတဲ့ သမဂ္ဂရုံးကွက်လပ် ရှိပါတယ်။ အဲဒီမှာ အစည်းအဝေးတွေလုပ်၊ တက္ကသိုလ်အဝင်နားက ပန်းခြံထဲမှာ ကျောင်းသားညီညွတ်ရေးတပ်ဦး ညီလာခံကိုလုပ်၊ သမဂ္ဂရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်ကြ စတာတွေ ဒလဟော လုပ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ဘာမှ မကြာလိုက်ပါဘူး။ ကျောင်းသားတွေနဲ့ သမဂ္ဂအပေါ် အညှိုးအတေးကြီးလှတဲ့ ဗိုလ်နေဝင်းဟာ ၁၉၆၃ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်ပြီးတဲ့အခါမှာတော့ သူတို့ကို ဆန့်ကျင်သူမှန်ရင် ထောင်ထဲ၊ ဒါမှမဟုတ် တောထဲမှာပဲ ရှိစေရမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်နဲ့ ဆန့်ကျင် သူမှန်သမျှကို ဖမ်းရာမှာ ကျောင်းသားတွေ ထိပ်က ပါကုန်ပါတော့တယ်။ ဒီအခါမှာ ကျန်ရစ်တဲ့ ကျနော်တို့တတွေအဖို့ "မနွဲ့ကြစတမ်း" ဖြစ်လာပါတယ်။
အဲဒီလို လက်ကျန်တက်ကြွသူတွေကို စုစည်းရင်းနဲ့ ပဲခူးရိုမမှာ မှားယွင်းစွာ အသတ်ခံ လိုက်ရတဲ့ ကိုကျော်ခင်က တနေ့မှာ ကျနော့်ကို ကိုလေးမောင်နေတဲ့ဆီကို ခေါ်သွားတာဖြစ်ပါတယ်။ အိမ်ဖြူတော်တဲထဲက စာပွဲတလုံးမှာ တကုပ်ကုပ်နဲ့ စာရေးနေသူဟာ ပုဆိုးဒူးဆစ်နား၊ ပင်နီအင်္ကျီ ရင်ပပ်ဟပြဲနဲ့ ခဲထားတဲ့ ဆေးပေါ့လိပ်ကို ဖြုတ်ပြီး ပြုံးပြ နှုတ်ဆက်ပါတယ်။ လူတယောက်ကို မြင်လိုက်ရတာနဲ့ ခင်မင် ယုံကြည်သွားရတယ်ဆိုတာ ကိုလေးမောင်လို လူနဲ့တူပါတယ်။ သူ့ရဲ့ ဟန်ဆောင်မှု ကင်းတဲ့ ဖော်ရွေမှုနဲ့ ပြောနည်းဆိုဟန်ဟာ တဘက်သားကို ကိုယ် စိတ်ချလက်ချ ပေါင်းသင်းတိုင်ပင်နိုင်တဲ့ လူတယောက်ဖြင့် တွေ့ပြီလို့ ခံစားမိစေပါတယ်။ သူဟာ သူနဲ့ အမြင် မတူလို့ ငြင်းခုံရင်တောင်မှ "ဟောဗျာ" ဆိုပြီး သူ့အမြင်ကို ပြုံး-ပြုံးနဲ့ ပြန်ပြောတတ်သူပါ။
ဒီလိုနဲ့ သူနဲ့ ကျနော်ဟာ ကိုကျော်ခင်၊ ကိုလေးမောင် အပြင် ကဗျာဆရာ ကိုကြည်လင်(ကိုကြည်အောင်)၊ ကဗျာဆရာမ မစိမ်းပင်၊ ကိုအောင်ငြိမ်း(မြင်းခြံ)၊ မန္တလေးထောင်ထဲမှာ ကျဆုံးသွားတဲ့ ကိုဌေးလှ စသူတွေနဲ့ လှုပ်ရှားကြပါတယ်။ မြေအောက်လှုပ်ရှားကြတာ ဖြစ်လို့ တခြား ကျနော်မသိသူတွေလည်း ရှိမှာ သေချာပါတယ်။ အဲဒီအထဲက တချို့ကို ၁၉၆၆ခုနှစ် ထောင်ထဲရောက်တော့ သိရ၊ တွေ့ ရပါတယ်။

ထောင်ထဲကို ကျနော်က သူ့အရင်လေးငါးရက် စောရောက်ပါတယ်။ ကျနော့်ကို ဖမ်းပြီး နောက်တနေ့မှာပဲ မန္တလေးထောင်ထဲပို့ လိုက်တာဖြစ်ပြီး သူ့ကိုတော့ ထောက်လှမ်းရေးရုံးမှာ ချုပ်စစ်နေလို့ ကျနော့်နောက်မှာ ရောက်လာတာပါ။ အဲဒီတုန်းက မန္တလေး ထောင်က မန္တလေးနန်းတွင်းထဲမှာ ဖြစ်ပြီး နှစ်တိုက်မှာ သူက အခန်း(၁)၊ ကျနော်က အခန်း(၂)ပါ။ အဲဒီအချိန်က စပြီးသူဟာ ကျနော့်ရဲ့ ရိုးရိုးရဲဘော်ရဲဘက် တင်မကတော့ပဲ အတွေးအခေါ်အယူအဆ အရှုပ်အထွေး ရှိရင် အကြံဉာဏ်ကောင်း ပေးနိုင်သူအဖြစ် နှီးနှော တိုင်ပင်ရတဲ့ ရဲဘော်တဦး ဖြစ်လာပါတယ်။ တခါမှ ထောင်မကျဖူးသူတွေ ထောင်ထဲရောက်ကြတော့ ဓမ္မတာပဲ ကျနော်တို့ထဲမှာ အတွေးအခေါ် ယိမ်းယိုင်တာတွေ ကျဆင်းတာတွေဖြစ်တာ မဆန်းပါဘူး။ အဲဒီလို ရဲဘော်တွေကို ကိုလေးမောင် ဆွေးနွေးထိန်း ထားခဲ့တာကို ကျနော် အခုအထိမှတ်မိ နေပါတယ်။

ထောင်ထဲမှာက အဖွဲ့အစည်းပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့တွေ့ဆုံ ဆက်ဆံကြရလေ့ ရှိပါတယ်။ ဒီအခါမှာ နိုင်ငံရေးအကျဉ်းသား အချင်းချင်း တဦးနဲ့တဦး အာဃာတတွေ ဖယ်ရှားဖို့ဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ အဲဒီတုန်းက ကျနော်တို့အဖို့ ဒီလို အနေအထား မျိုးတွေအတွက် ကိုလေးမောင်ဟာ အကောင်းဆုံး သံတမာန်ပါပဲ။ ဆိုလိုတာ သူ့ကို တခြားအဖွဲ့အစည်းက လူတွေ (ဗကပအပေါ် အင်မတန်အာဃာတ ထားလေ့ရှိတဲ့ အလံနီတွေအပါ) ဟာ သူ့ကို ခင်ခင်မင်မင်လေးလေး စားစား ဆက်ဆံကြပါတယ်။ သံဃာတော်တွေ၊ သူဌေးတွေ၊ အလုပ်သမား-လယ်သမားတွေ၊ ကျောင်းသားလူငယ်တွေ၊ ထောင်ဆိုတာ အလွှာတွေက စုံပါဘိသနဲ့။ ဒါ့အပြင် ထောင်ဝါဒါလို အောက်ခြေအမှုထမ်းတွေ၊ ထောင်ကျတွေ၊ ဒီလိုဟာတွေနဲ့ ဆက်ဆံရာမှာလည်း ကျနော်တို့က သူ့ကိုပဲ ရှေ့တွန်းပို့လေ့ ရှိကြပါတယ်။

ကိုကိုးကျွန်းပေါ်ရောက်ပြီး နောက်နှစ်ရက်၊ သုံးရက်အကြာ၊ တညမှာ ကျနော်တို့က ဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့ဆီမှာ ခွင့်တောင်းပြီး မန္တလေး ထောင်ကလာတဲ့ ကျနော်တို့ အမှုတွဲ ကျောင်းသားလိုင်းက လူတွေ အစည်းအဝေး လုပ်ကြပါတယ်။ အဲဒီအစည်း အဝေးမှာ အားလုံးကပဲ ကျနော်တို့ အစုရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပြီး ဆွေးနွေးပွဲကို ဦးစီးစေခဲ့ပါတယ်။

မိတ်ဆွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ်၊ အခက်အခဲတွေထဲမှာ အတူဖြတ်သန်းခဲ့သူတွေဟာ ပိုရင်း၊ ပိုသံယောဇဉ် ရှိကြတယ် ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒီတော့ မြေအောက်လုပ်ငန်းမှာ၊ ထောင်ထဲမှာ၊ ကိုကိုးကျွန်းမှာ အတူဖြတ်သန်း၊ ဆွေးနွေးတိုင်ပင်ခဲ့တဲ့လူတွေချင်း ဘယ့်ကလောက် သံယောဇဉ်ကြီးတယ် နားလည်နိုင်ကြပါတယ်။ ရဲဘော်ရဲဘက် သံယောဇဉ်ဆိုတော့ ကိုယ့်အတွက် လိုအပ်ရင် သူဟာ အသက်ပေးမယ့် လူလို့ ယုံကြည်နားလည်ထားသလို၊ ကိုယ်ကလည်း သူ့လို ရဲဘော်တွေအတွက်ဆိုရင် အသက် ပေးနိုင်ရမယ်လို့ အမြဲ နှလုံးသွင်းထားကြတာပါ။ သေရွာသွားတာကို အိမ်ပြန်သလို သဘာထားတယ်ဆိုတဲ့ အဆိုစကားတခုကို ကိုကိုးကျွန်းမှာ ကျနော်တို့ရဲဘော်တွေ အတော်ကိုးကား လေ့ရှိကြပါတယ်။ တရုတ်သူရဲကောင်းတယောက်ရဲ့ စကားလို့ မှတ်မိနေပါတယ်။ ဒါပေမဲ့ အခုလို သူစောစောစီးစီး ကျဆုံးသွားတော့ ကျနော် စိတ်မထိန်းနိုင်အောင် ဖြစ်ခဲ့ပါတယ်။

အသက်ရှင်ဆဲ လူတွေဟာ ကွယ်လွန်သွားပြီးဖြစ်တဲ့ လူတွေအကြောင်းကို ပြောဆိုစဉ်းစားတိုင်း "သူသာ အခု ရှိနေသေးရင်….." ဆိုတာမျိုး ပြောလေ့ရှိကြပါတယ်။ ဝန်ခံပါတယ်။ ကျနော်လည်း ဒါမျိုး စဉ်းစားမိတာ အကြိမ်ကြိမ်ပါပဲ။ ဒီနေရာမှာ ကျနော် ဘာစဉ်းစားတယ်ဆိုတာအရေးမကြီးပါ။ အရေးကြီးတာက ကျနော်သူ့ကို မကြာခဏ စဉ်းစားမိတယ် ဆိုတာပါ။ သူဟာ ကျနော့် အပါးမှာအမြဲ ရှိနေသလိုပါပဲ။

ဟုတ်ကဲ့ ငိုခဲ့ပါတယ်။ ရဲဘော်လေးမောင်အတွက် ကျနော် ငိုခဲ့သလို ကျနော် ရဲဘော်လေးမောင် အတွက်လည်း သူ့ရဲ့ယုံကြည်ချက်တွေကို အကောင်အထည် ဖော်နေပါတယ်။

ဖိုးသံ(လူထု)

No comments: