Saturday, December 10, 2011
အဝေးကပေးစာတစောင်
ယာတောကသာဗျော
တတိယမြို့တော်ရဲ့ခံစားချက်တချို့
ကိုဟိုဒင်းရေ-
စာမရေးမိတာ ကြာပြီဗျနော်။ တောင်းပန်ပါတယ်ဗျာ၊ ဗမာပြည်အရေးတွေက အပြောင်းအလဲ အလှည့် အစားတွေ များလွန်းတော့ အမှီလိုက်အောင် ဖတ်ရှုနားထောင် နေရလို့ပါ။
တနေ့က ၀တ္ထုတိုပေါင်းချုပ် တအုပ်ကို ဖတ်ရာမှာ “တတိယမြို့တော်သားရဲ့အလွမ်း” ဆိုတဲ့ ၀တ္ထုလေးကို တွေ့လိုက်ရတယ်။ ကျနော်ဖြင့် ခေါင်းစဉ်မြင်လိုက်တာနဲ့ ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားတယ်။ အော် ရတနာပုံ မန္တလေး နေပြည်တော်ကြီးဟာ နံပတ်သုံးနေရာ ရောက်သွား ရပါပြီလားလို့။
ကိုယ့်ထီးကိုယ့်နန်း ဆောင်ကြငှန်းနဲ့ နေစဉ်တုန်းကတော့ မင်းနေပြည် နံပတ်ဝမ်းပေါ့ဗျာ။ နောက် အင်္ဂလိပ် ကိုလိုနီဘ၀ ရောက်တော့ နံပတ်နှစ် နေရာရောက်။ အဲဒီကတဆင့် စစ်အုပ်စု ကိုလိုနီ ဘ၀ရောက်တော့ နံပတ်သုံးနေရာ ရောက်သွားရပါ လေရော။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးအရ နောက်တခါ အာဏာသိမ်းလိုက်ရင် ဗရုသုက္ခနဲ့ စတုတ္ထဖြစ် သွားမလားမသိဘူး။ သင်္ခါရတရားဆိုတာနဲ့ပဲ ဖြေသိမ့်ရတော့မှာလားဗျာ။
ဒီလိုဖြင့် မော်လမြိုင်က လက်ရှိ စတုတ္ထပေါ့နော်။ ကျနော်တို့ အရင်က အစဉ်အလာ ပြောနေကျ နံပတ်စဉ်အတိုင်း ပြောမိတာပါ။ ဒါပေမဲ့ တကယ်က ဒီနိုင်ငံမှာ ပထမကလွဲရင် ဒုတိယ၊ တတိယ၊ စတုတ္ထ ဘယ်တခုမှ လျှပ်စစ်မီး မှန်မှန်မရပါဘူး။ လျှပ်စစ်မီးလို့ဆိုလိုက်တိုင်း ကျနော်ဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်တုန်းက နန်းတော်ရှေ့ဆရာတင်ရေးခဲ့တဲ့ ကျေးရွာဝါဒ သီချင်းကိုပဲ အခါခါ ဟစ်နေမိတယ်။ ဘာတဲ့- “ခုများဖြင့် မြို့ကြီးလို ဓာတ်မီးရောင်ထိန်၊ ကုသိုလ်ဖြစ်ဆေးရုံ၊ ပွဲနဲ့လမ်းနဲ့ သာသာယာယာ။” ဆရာတင်ရေးတာက မုဆိုးဖို ရွာကလေးတဲ့။ ရွှေဘိုနယ်ထဲကဖြစ်မှာပေါ့။ အခုနေသာ တယေက်ယောက်ကနေ လွန်ခဲ့တဲ့ ရာစုနှစ် အလယ်ပိုင်း မတိုင်မီလောက်တုန်းက ကျေးရွာတွေမှာ အဲဒီလိုပဲတဲ့လို့ ပြောရင်တော့ “ဟေ့လူ လာရွှီးမနေနဲ့၊ ဒဏ္ဍာရီပုံပြင်တွေလာမပြောနဲ့” လို့ အဟောက်ခံရမှာ သေချာတယ်။
နောက် စဉ်းစားမိတာတခု ပြောရဦးမယ်။ မန္တလေးနန်းတော်- “ခြူသံနဲ့ဘုံပျံ၊ နတ်ဝိသုကံဖန်သလိုပင်၊ အံ့ဘွယ်ဘနန်း ရွှေတောင်နန်းသစ်လွင်” လို့ ဆရာမြို့မငြိမ်း ရေးခဲ့တဲ့ မန္တလေးနန်းတော်နဲ့ နန်းတွင်းဟာ ရေမြေ့အရှင်ဘုရင်မင်းမြတ်နေတဲ့ နေရာဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ကျွန်ဘ၀ ရောက်တဲ့အခါကျတော့ ဘုရင်မရှိတော့ပေမဲ့ ဒီနေရာတခုလုံးကို အင်္ဂလိပ်နယ်ချဲ့သမားက ဗမာတွေဟာ နန်းမြို့ဟောင်းတွေကနေ ပုန်ကန် ထောင်ထားတတ်တယ်ဆိုတဲ့ အလေ့ကို ကြောက်လို့လားမသိဘူး နန်းမြို့ထဲမှာ စစ်တပ်တွေထားပြီး တခါတည်း အသေချုပ်ထားခဲ့တယ်။ ဂျပန်ကလည်း ဒီလိုပဲ လုပ်ခဲ့တယ်။ ဗမာနိုင်ငံသားတွေ မှာကတော့ အသဲကို အပ်နဲ့ဆွ ခံရသလို နာကျည်းလိုက်တဲ့ဖြစ်ခြင်း၊ သူတို့က အုပ်စိုးသူတွေကိုး။ အဲဒီနောက် လွတ်လပ်ရေးရတဲ့ နောက်မှာလည်း ဒီ နန်းတွင်းဆိုတာ ပြည်သူလူထုရဲ့ နေရာဖြစ်မလာပဲ ပြည်သူ လူထုကိုဖိနှိပ်တဲ့ စစ်တပ်ရဲ့ ဌာနချုပ် တည်ရာပဲဖြစ်ခဲ့တယ်။ အဲဒီ နန်းတွင်းထဲမှာပဲ ဗိုလ်အာဠာဝကလို ဂျပန်တော်လှန်ရေးမှာ မန္တလေးမြို့က ချစ်ကြတဲ့ အာဇာနည်ကိုသတ်ဖို့ စစ်တပ်က ကြိတ်ကြံဆုံးဖြတ်တာ၊ မန္တလေး မဟာမြတ်မုနိဘုရားထဲမှာ မနက် အာရုံတက် ဘုရားဝတ်ပြု နေကြတဲ့ ရဟန်းတွေကို ဓားနဲ့ ခုတ်သတ်ဖို့စီစဉ်တာ၊ ရှစ်လေးလုံး အရေးအခင်း ဖြိုခွဲရေးအတွက် တိုင်ပင်ဆွေးနွေးတာတွေ လုပ်ခဲ့ကြတယ်။ တချိန်တုန်းက စကြာဝဠာရဲ့ဗဟို၊ မြင့်မိုရ် မေယုကို ကိုယ်စားပြုပါတယ်ဆိုတဲ့ ရွှေနန်းတော်တည်ရှိခဲ့တဲ့ ဒီ နန်းတွင်းဆိုတဲ့ နေရာဟာ ၂၀-၂၁ ရာစုနှစ်ရဲ့ လူထုအပေါ်ဖိနှိပ်တဲ့ ပဒေသရာဇ် အဆောက်အအုံကြီးတခု ဖြစ်မြဲ ဖြစ်နေတုန်း ပါပဲလားဗျာ။
တကယ်က ဒီတတိယမြို့တော်ကြီးမှာ မူရင်း မြို့တော်သားတွေ ကိုယ်တိုင်လည်း တတိယတန်းစား လူသားတွေဖြစ်ကုန် ကြပြီ မဟုတ်လား။ မြို့မတူရိယာအသင်း၊ မြို့မရုပ်ရှင်ရုံ၊ မြို့မ ဘောသင်းစသဖြင့် မြို့မ ဆိုတဲ့ စကားလုံးကိုတောင် အင်မတန် ဂုဏ်ယူတဲ့ မန္တလေးသားအစစ်တွေ အခုအခါမှာ ဆင်ခြေဖုံးသားဖြစ်၊ မြို့သစ်သားဖြစ်ဆိုတော့ ငယ်ငယ်တုန်းက တိုင်ဦးတမ်း ကစားကြရင် အော်လေ့ရှိတဲ့ “ဧည့်သည် လာရင်-အိမ်သူဖယ်ပေး” ဆိုတာ ကိုပြန်စဉ်းစားရင်း နာကျည်းမိတာလည်း ခဏခဏပဲ မိတ်ဆွေကြီးရေ။
မှန်ပါတယ်။ ဒီနေ့ မန္တလေးမှာ မင်းတုန်းမင်း မမျှော်မှန်းဖူးတဲ့ တိုက်အမြင့်ကြီးတွေ၊ အကောင်းစား ကားကြီးတွေ ရှိနေပါပြီ။ ဒါပေမဲ့ အလားတူပဲ ဒီမြို့ကြီးမှာ မင်းတုန်းမင်း မမျှော်မှန်းဖူးတဲ့ မြို့လယ်ခေါင် ရေကြီးတာ၊ အနှိပ်ခန်းတွေ ပေါများတာ၊ ပ၀တ္ထိသားတွေ မိုးလုံးပြည့်ဖြစ်နေတာ စတဲ့ အချင်းအရာတွေကလည်းအများကြီးပဲ။ ဒီမကောင်းတဲ့ ဘက်တွေမှာကျတော့ နံပတ်သုံး မြို့တော်ဟာ နံပတ်တစ် မြို့တော်ထက် သာနေပြန်ရောဗျား။
အရင်ကတော့ မန္တလေးက တချို့လူတွေဟာ သူတို့ဆီက ထူးချွန်တဲ့လူတွေ၊ ကိစ္စတွေပေါ်တိုင်း ရန်ကုန်ကို ပြိုင်ကြတယ်။ ပြောင် မဟုတ်တောင် စိတ်ထဲက ကြိတ်ပြိုင်ကြတယ်။ ဒါဟာ မူလ မင်းနေပြည်ကနေ ဒုတိယအဆင့်လျှော်သွားရတာကြောင့် ပေါ်လာတဲ့ စဉ်းစားနည်းမျိုးလား မသိပါဘူးဗျာ။ ထားတော့။ အားကစားမှာဆိုရင် ကြက်တောင်၊ လက်ဝှေ့၊ ခြင်းလုံးတို့မှာ တို့မန္တလေးက သာသကွဆိုတဲ့ စိတ်မျိုးရှိတယ်။ မန္တလေးရုပ်ရှင်ရဲ့ ပထမဆုံး ရုပ်ရှင်ကားဖြစ်တဲ့ ဘ၀သံသရာ ဇာတ်ကားကို ရုံတင်တော့ “ကျနော်က ရန်ကုန်က ဘ၀သံသရာ ပိုစတာကြီးတွေချိတ်ပြီး လူတွေ ကြိတ်ကြိတ်တိုးနေတဲ့ ရုပ်ရှင်ရုံတွေရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေ လိုက်တာပေါ့ဗျ” လို့ ဦးလေး ကျားဘငြိမ်းက ရယ်ရွှန်းပတ်ရွှန်း ပြောတာမျိုးဟာ ဒီ စဉ်းစားနည်းမျိုးပေါ့ဗျာ (ကိုယ့်ဘက်က မသာတာတွေတော့ ပြောလေ့ မရှိကြဘူး၊ ဟဲ-ဟဲ)၊ ဒါဖြင့် အခုအခါမှာ မန္တလေးသားတွေ ရန်ကုန်သားတွေက ကြပ်ပြေး နေပြည်တော်နဲ့ ပြိုင်တာတွေ မရှိဘူးလားလို့ မေးချင်တယ်မဟုတ်လား။ ဝေးပါသေးဗျာ။ ရန်ကုန်သားပဲဖြစ်ဖြစ်၊ မန္တလေးသားပဲဖြစ်ဖြစ် စစ်အုပ်စု နေပြည်တော်ကို စာရင်းထဲ မသွင်းကြပါဘူး။ ဘာ သမိုင်းအစဉ်အလာမှ မရှိ၊ အရှင် မွေးနေ့ချင်းကြီးတဲ့ မြို့မျိုးကို ဘယ်ဗမာနိုင်ငံသားကမှ တန်ဘိုးမထားပါဘူး။ အဲဒီလို နေရာမျိုးနဲ့ နှိုင်းယှဉ်ခံရတာကိုပဲ သနတယ် ထင်ကြပါတယ်။
ဘယ်သူတွေ ဘာပဲပြောပြော ဗမာပြည်သားတွေရဲ့ နှလုံးသားထဲမှာတော့ ရန်ကုန်မြို့ကြီးက ဗမာပြည်ရဲ့ ပထမမြို့၊ မန္တလေးက ဒုတိယမြို့ ဖြစ်မြဲ ဖြစ်နေပါတယ်။ ဘယ်သူမှ နေပြည်တော်ကို သွားမလည်ချင်ကြပါဘူး။ မတတ်သာမှ သာသွားကြတာပါ။ အလည်ခရီး၊ အပျော်ခရီးတော့ ဘယ်သူမှ မသွားချင်ပါဘူး။ ဒင်းတို့တတွေ ရွှေထီးရွှေနန်းနဲ့ ကောင်းစားနေကြတာကို “အမျှ” ဆိုတဲ့ အသံကြားလိုက်တာနဲ့ အလိုလို သာဓုခေါ်မိတတ်တဲ့ သာမာန် ဗမာပြည်သားများက မုဒိတာ မပွားနိုင်ပါဘူး။ မှောင်မိုက်တဲ့ညများ၊ မိုးထိဘန်း အမှိုက်ပုံနဲ့ ခေတ်နောက်ပြန် ဆုတ်သွားတဲ့ အပေါ်ထပ် အဆောက်အအုံတွေကို တွေ့ရတိုင်း အဲဒီ စစ်တပ်မြို့တော်အတွက် မိမိတို့ရဲ့ အလှတွေ၊ သာယာမှုတွေ၊ ဂုဏ်အစဉ်အလာတွေ စတေးလိုက်ရတာကိုပဲ သတိရနေကြမှာပါ။
ယာတောကသာဗြော
Subscribe to:
Post Comments (Atom)
No comments:
Post a Comment