Saturday, December 10, 2011

ဂစ်တာကလေး လိစ္ဆဝီ်
ရေးသူ ကိုမှိုင်း





ချစ်သူရင်ငွေ့စွန်းထားတဲ့
အလေးအနက် ဆံစတွေ
ရေမွန်းသွားမှာစိုး
ဖြတ်ရက်ဖို့ နေနေသာသာ
ဒါတွေကြောင့်
ဂစ်တာလေးမှာ ဆံရှည်နဲ့။


ခေတ်ဟာ
ရော့ခ်ဝိဥာဉ်တွယ်ထားတဲ့
တီရှပ်တွေချည်း အရေခွံလဲပြီး
သူ့ခေတ်ပြိုင် ရွှေကြောတူးဖို့

အလာစကာပြည်နယ်ကို
ဘောင်းဘီချုပ်ဝတ်ထားသေးရဲ့။

လောလောဆယ် ထည့်စရာ
ဘာမှမရှိပေမယ့်
တနေ့နေ့မှာ တခုခုထည့်ဖို့
အိတ်ကပ်အများကြီးဂျက်ကက်နဲ့။

အဲဒီလို
ဂစ်တာငယ်က
အသည်းအသန်လှော်ခတ်
မီးပြတိုက်ရဲ့ စွဲဆောင်မှုဆီ
ရင်တခုန်စာနီးတော့မှ
လူရောညပါ ကျောက်ဆူးချတတ်တယ်။

ဘဝတခုလုံးကို
မဆိုင်းမတွ
စိတ်ရှည်လက်ရှည်ထွင်းထားတဲ့
မှော်ဝင်ဂစ်တာဟာ

လရောင်ကို ကြိုးကျစ်တပ်ပြီး
သန့်ရှင်းလက်နဲ့ ပန်းခူးခြင်းစ။

ဒီတော့မှ
လရောင်လှုံနေတဲ့ ငြိမ်သက်ခြင်းဆီ
ရင်အပိုင်းအစထိမှန်
ကိုယ်ရေးကိုယ်တာတောင်ပံနဲ့
ရုတ်တရက်
စောင့်မျှော်ခြင်းပြတင်းတချပ်
ဖျတ်ခနဲပွင့်။

ကြည့်လိုက်ကြ
ဒါဟာ
ဘဝတခုရဲ့
အဝေးထိန်းခလုတ်ပါ
ဟောဒီငယ်ကျွန်ကြီးရဲ့
သစ္စာဆောင် အခန်း ၄ က

ရှိစုမဲ့စု သစ္စာလေးပါး။

သိနေရဲ့
သစ္စာတရားဟာ
မိုနာလီဇာဆံပင်နဲ့
အပေါ်ပိုင်းက
ကောင်းကင်ကို ထည်လဲဝတ်ပြီး
ပန်းဥယျာဉ်တွေ
ခါးမှာ မွေးမြူထားပေလိမ့်မယ်။

ဟေ့..... ည
မျက်တောင်ခတ်ပါဦး
အဲဒါဟာ
ပုဂလိကသက်သက်ပါ။
အလေးအနက်ရင်ငွေ့ပါ။
ပေါ်ဦးပေါ်ဖျား မီးပြတိုက်ကလေးပါ။

နက္ခတ်ကြည့်မှန်ပြောင်းတွေ
အဲဒီညနဲ့
မှတ်မှတ်ရရ တိုက်တိုက်ဆိုင်ဆိုင်
ကြယ်တံခွန်အသစ်ကလေး
အရှင်လတ်လတ် စမြင်ဖူးကြ
မန္တလေးရဲ့ ခေါင်းပေါ်တည့်တည့်။

ဒီလိုညမျိုး
မိုနာလီဇာက
နှုတ်ခမ်းဖျား တဆတ်ဆတ်တုန်
တစုံတခုကို ငံ့လင့်
လီယိုနာဒိုဒါဗင်ချီလည်း
တဘဝလုံး သိမ့်သိမ့်ခါ
တစုံတရာကို နာခံ
လ. ကိုသာ အပြစ်ဖွဲ့ပါတော့။

ယုံတယ်
ဟောဒီညကို
ပင်တဂွန်ကသာ ကြားတတ်ရင်
ဗန်ထရွိုင်းလည်း သေဖို့မလို
မက္ကနာမားရား
နောင်တရစရာ ကြုံမှာမဟုတ်။

မဟုတ်သေးပါဘူး
ဘာလင်တံတိုင်းကို ဖြိုတဲ့ညဟာ
မတ်ငွေနဲ့
စားပွဲဝိုင်းတွေမဟုတ်ဘူး
အရှေ့ရယ် အနောက်ရယ်
မျဉ်းသားမရတဲ့
သွေးရင်းသားရင်း ဂစ်တာသံတွေ။

တို့နှစ်ယောက်ရဲ့ ဂစ်တာလေး
တားထားတဲ့ လက်ဖဝါးပေါ်မှာ
အခန့်သား လူလားမြောက်ခဲ့
မဟန့်ပါနဲ့တော့
ခရီးသွားဂစ်တာကလေးပါ
သူ့မှာ....
နိုင်ငံတကာဗီဇာရှိရဲ့
နယ်ခြားမျဉ်းတွေ ဖျက်လိုက်ကြ။

ချစ်သူရေ....
မနေ့ညကလိုလိုနဲ့
သူ့လက်စွဲဂစ်တာအိုတောင်
၂၅ နှစ် ရင့်မှည့်ချိုမြိန်
မနေ့ညကလိုပါပဲ။

ခုတော့ဖြင့်
ဂစ်တာလေးနဲ့ထားခဲ့
ကမ်းတဖက်ကို ကူးနှင့်သူရေ
မင်းချန်သွားတဲ့
သစ္စာတရားရဲ့ ကြီးမြတ်မှုက
ငါ့မှာ အလိုလိုသေးကျုံ့သွားပေါ့။

ဆွေးပြီ
မင်းလိုပါပဲ
ဘဝကို အနိုင်နဲ့ပိုင်းတဲ့
လစ္ဆဝီရဲ့ အဉ္စလီတယောက်
မင်းသွားနှင့်ရာလမ်းနောက်က
ငါ့ကိုပဲထားခဲ့ပြီ။

အမိန့်မပြန်လိုက်ပါနဲ့
တီရှပ်တို့နံရံမှာ
ကိုယ်ထင်ပြပေါ့
သစ္စာတွေ....။

မှီဝဲကြ
ဂစ်တာလေးက
ဂျင်းဂျက်ကက်အိတ်ကပ်တွေထဲ
ပေးသွားခဲ့ပြီးပြီ
တစုံတခု အသေအချာ။

ကိုမှိုင်း
ပန်သစ္စာဂျာနယ်၊ အတွဲ ၁၊ အမှတ်၁၊ ၂၀၀၈။

{ပန်းချစ်သူရဲ့ဒဏ္ဍာရီ စာအုပ်မှ ကူးယူဖော်ပြပါတယ်}

1 comment:

လွင်ပြင်လှိုင်းငယ် said...

ကောင်းလိုက်တဲ့ ကဗျာ