Showing posts with label မှိုင်းဗေဒ. Show all posts

Monday, March 22, 2010
နဲတကာထော်၏ လေးဆစ်ငိုပုံ
ရေးသူ- သခင်ကိုယ်တော်မှိုင်း
{ဤကဗျာကို မောင်တင်ရွှေ စုဆောင်းတင်ပြတဲ့ "သခင်ကိုယ်တော်မှိုင်း လက်ရွေးစင် လေးချိုးတရာ" ပထမနှိပ်ခြင်း၊ ၁၉၇၃ မှ ကူးယူဖော်ပြပါတယ်။
"ဤကဗျာမှာ ဓမ္မစေတီဝတ္ထုမှ ကောက်နှုတ်ချက် ဖြစ်သည်။ ဘုရင်မ ရှင်စောပုက သမီးတော်ကြီး နဲတကာထော်အား ဘုန်းကြီးလူထွက် ဓမ္မဓရနှင့် လက်ထပ်ရန် နားချသောအခါ နဲတကာထော်က ခါးခါးသီးသီးညင်းပြီး ဟစ်ငိုပုံဖြစ်သည်" လို့ မောင်တင်ရွှေက သူ့စာအုပ်မှာ မှတ်ချက်ပေးထားပါတယ်။}
ရွယ်တညီ ဘယ်ဆီမှ မရရင်ဖြင့်၊
နွယ်မဒီ ခြယ်စီသပြီဘု၊
(အမယ်မင်း) မယ်သီလလုပ်ပါ့မယ်။
(သြော်) ပျော်လို့ဘဲ ပျက်ကရော့သလ၊
တော်မို့ မရှက်လေခြင်း၊
သူမက်အောင် တရီရီနှင့် ပြုံးရမတဲ့တော်၊
လူထွက်ကောင် သည်ကတုံးကိုလ၊
တကယ်သာ ဘယ်မှာသုံးမယ်တုံး၊
(အမယ်မင်း) နှလုံးမှာပြို့ပြို့ပြီး အလုံးကြီးတောင် ဆို့ဆို့လာပေါ့ (ကျမ) မုန်းလို့ရွံတယ်။
ပေါင်းစီးလို့ ဆက်ကြရင်ဖြင့်လေ၊
သောင်းထီးကနက်မှာ ဘုရင်တကာ အပြေပြေမှာ ညှိုးစေဘို့၊
ကျောင်းကြီးဖျက်မ တွင်ကာ အသရေ မတိုးတဲ့ပြင်၊
ရွှေပကိုးဆီက နန်းညွန့်နွယ်၊
(အို) မှန်းဝံ့ သရမ်းဝံ့တယ်လို့ နောင်ဥဒါန်း။
ပြောကြလိမ့်မယ်၊
လောကမှာ အသွယ်သွယ်ပ၊
ကျောကစိမ့်ဘွယ် တမင်ကြံရက်ပေ့၊
တပင်စံ လင်ကံ မရှုံးပါရစေနဲ့၊
မကြည်ဖြူ သည်လူဖြင့် မုန်းပါရဲ့၊
အမေ့ဟာ အမေ့ဖါသာဘဲ သုံးလေတော့၊
ပလူးပလဲနဲ့ မြှူကာမူကာတော် ထူးထူးကဲကဲ လူတကာထုံးလိုပ၊
လုံးလုံးစီးစီး တူတူစက်ကြတော့လဲ၊
ပြုံးပြုံးကြီး (ကျမ) မူမူယူယူနဲ့ဖြင့် မဆက်နိုင်ဘူး၊
(အို မယ်တော်ဘုရာ့) ကတုံးကြီးဘယ်သူမက်နိုင်ပ၊
တသက်တဘ၀ (ကျမ) အသေသာ မုန်းလိုက်ပါတော့၊
(အမယ်မင်း) ဘုန်းကြီးလူထွက် ပေါ့ပျက်ပျက်ကမှ သမက်အမေဖမ်း။ ။
[ဓမ္မစေတီဝတ္ထု စာမျာက်နှာ ၈၈]
{မောင်တင်ရွှေ စုဆောင်းတင်ပြတဲ့ "သခင်ကိုယ်တော်မှိုင်း လက်ရွေးစင်လေးချိုးတရာ" ပထမနှိပ်ခြင်း၊ ၁၉၇၃ မှ ကူးယူဖော်ပြပါတယ်။}
Sunday, March 21, 2010
မမေ့နိုင်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ရေးသူ-တင်သိန်းမောင်

ဒီဇိုင်းကိုမျိုး
မြန်မာပြည်သူတွေက အရေးကြီးလို့ သွေးစည်းကြရမယ့် အချိန်မျိုး ကြုံရတဲ့ အခါမှာဖြစ်ဖြစ်၊ အားတက်စရာတွေ၊ အားတင်းကြရမယ့် အချိန်မျိုးမှာ ဖြစ်ဖြစ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို လွမ်းတသသနဲ့ သတိတရ တမ်းတလေ့ ရှိကြတယ်။
ဘာဖြစ်လို့ ဒီလို အချိန်အခါမျိုးတွေမှာ ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို လွမ်းတသသ တမ်းတခဲ့ကြ ရတာလဲ။ သတိတရ ရှိကြရတာလဲ။ အကြောင်းကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ မြန်မာပြည်သူတွေ မေ့မရနိုင်တဲ့၊ မြန်မာပြည်သူတွေရဲ့ အသည်း နှလုံးထဲမှာ အမြဲရှိနေတဲ့၊ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်လို့၊ မျိုးချစ်စာဆိုကြီး (တနည်း အမျိုးသားစာပေ၊ ယဉ်ကျေးမှု တော်လှန်ရေး ခေါင်းဆောင်ကြီး) ဖြစ်လို့၊ ပြည်တွင်းငြိမ်းချမ်းရေးဖခင်ကြီး ဖြစ်လို့ပါပဲ။
'သာသနာ မြေပလ္လင်၊ အသရေလှပေတဲ့
ရွှေမြတောင် သာတဲ့ တိုက်ဆီက
နေလ နှစ်ဆောင် ပါတော်မူတဲ့ အခိုက်ကို ဖြင့်
ကတိုက်ကရိုက် အမြန်မြင်လိုက်တော့
မခံချင် မာန်ဝင့်တဲ့ အစွမ်းရယ်နှင့်'
ဒီလို အရှင်နှစ်ပါး ပါတော်မူသွားပြီး မြန်မာတွေ သူ့ကျွန်ဘ၀ ကျရောက်သွားရတဲ့ အချိန်က စပြီးလို့ ဆရာကြီးဟာ တိုင်းပြည်နဲ့ လူမျိုးလွတ်လပ်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။
ပထမဆုံး ဆရာကြီး ဆောင်ရွက်ခဲ့တဲ့ အလုပ်ကတော့ ထက်မြက်တဲ့ သူ့ရဲ့ကလောင်ကို မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အသုံးချခြင်းပဲ ဖြစ်ပါတယ်။ ဒီကလောင်နဲ့ ဆရာကြီးက မြန်မာတွေကို သူ့ကျွန်ဘ၀ရောက်ပေမယ့် ကျွန်စိတ်မမွေးဖို့၊ သခင်စိတ်မွေးဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။
'တရား မဆိတ် မညံ၊ ဓမ္မက္ခန် အလင်းတွေနဲ့
ငါးကိုယ် ငါးတန် ပုဂံ သနင်းရယ်လို့
ကြငှန်းန၀င်း သာခိုက်တွင်မှ အထိုက်အလျောက်
မြန်မြေ ကမ္ဘာမှာနော်ကွယ်
နန်းခင်းရာရိုက် စိုက်ဆောက်စံနေရာလေ့။
သရုပ်လှစ်ရမှာဖြင့်၊ သမုဒ္ဒရာဇ်ပါတဲ့
အုတ်ရှစ်ကို တူနဲ့ ထုသလိုပေါ့
ဇမ္ဗူ့ ခေတ္တရာ ရွှေပြည်ပျက်စဉ်က
အထက် အညာဆန်လို့မို့
ရတနာ ပုဂံ ဂုဏ်တမွတ်ကယ်နှင့်
ယုန်လွှတ်ခေါ် သာတဲ့ကျွန်းတွင်မှ
ကွန်းထောက် ဗိုလ်ဝင်ခံလို့မို့
ဗဟိုပလ္လင်ပျံမှာ ကနက်ကဒဏ်ထီးတွေနဲ့
တောင်ပြည်မှာ အောင်စည်တီးရန်ဘို့'
ဆိုပြီး ကိုယ့်ထီးကိုယ့်နန်း နေရတဲ့ခေတ်ကို အမွှန်းတင်ပေးခဲ့တယ်။ အမျိုးသားရေး သွေးထိုး စိတ်ဓါတ်ကို လှုံ့ဆော်ပေးခဲ့တယ်။ မြန်မာတို့ရဲ့ ဇာတိသွေး၊ ဇာတိမာန်ကို ထုတ်ဖော်ပေးခဲ့တယ်။ တိုင်းပြည်နဲ့ လူမျိုး သူတပါး လူမျိုးခြားအောက် ကျရောက်နေတဲ့ အချိန်မျိုးမှာ ဒီလို ဇာတိသွေး၊ ဇာတိမာန်ကို ဖော်ထုတ်တာ၊ မျိုးချစ်စိတ်၊ အမျိုးသားရေး စိတ်ကို ဖော်ထုတ်တာဟာ လွတ်လပ်ရေး တိုက်ပွဲရဲ့ အခြေခံ လုပ်ငန်းဖြစ်တယ်။ ဒါကို ဆရာကြီးက စံနမူနာပြခဲ့တယ်။
မြန်မာတွေ အမျိုးသားရေး နိုးကြားလာပြီး ဗြိတိသျှကိုလိုနီအစိုးရနဲ့ အုပ်ချုပ်ရေး တိုးပေးဖို့ အရေးဆိုကြတဲ့အခါ ဆရာကြီးက ထက်ထက်သန်သန် ထောက်ခံ အားပေးခဲ့တယ်။ အင်္ဂလန်သွား အရေးဆိုကြတဲ့ ဦးဘဖေ၊ ဦးပုနဲ့ ဦးထွန်းရှိန်တို့ကို ဒီလို ကောင်းချီးတွေ ပေးခဲ့တယ်။
'သြော် ပြေအမှုပေမို့၊ ငွေခရုငယ်နှင့် ဇေယတုပါကွဲ့
သပြေနုချိန် တင်ရန် ပန်းတွေကလည်း
များလိုက်ပါ ဘိသနဲ့
ဖေ-ပု-ရှိန် အင်္ဂလန် နန်းမြေသွားတို့မှာဖြင့်
အားမြှောက်ဖွယ် ကြံလွယ် ဖန်လွယ်နှင့်
အန္တရာယ် ရန်စွယ်မောင်းပါလို့
မြန်နယ်ကို ပြန်လွယ်ကြောင်းတွေနှင့်
ဆုတောင်းခါ ပတ္တနာ ဆင်တဲ့ပြင်
ဆရာအရှင် မင်းတို့ ကိုယ်ရင်မှိုင်းမှာဖြင့်'
ဆိုပြီး သမိုင်းမှတ်တမ်းထိုးခဲ့တယ်။
၁၉၂၀ ပြည့်နှစ်မှာ ပထမ ကျောင်းသားသပိတ်ကြီး ပေါ်ခဲ့တယ်။ ဒီ ကျောင်းသားသပိတ်ကို ဂျီစီဘီအေ အဖွဲ့ချုပ်ကြီးနဲ့ ပြည်သူတရပ်လုံးက ထောက်ခံအားပေးကြတယ်။ ဒီသပိတ်ဟာ ကိုလိုနီပညာရေး စနစ်ကို ပထဆုံးဆန့်ကျင်တိုက်ခိုက်တဲ့ သပိတ်တိုက်ပွဲ ဖြစ်တယ်။ ဒီလို ကျောင်းသားထုရဲ့ တိုက်ပွဲခေါ်သံကို ဆရာကြီးက
'သြော်.. ဝေးခရီးပေမယ့် အရေးကြီးလျှင်ဖြင့်
သွေးနီးရာပါစမြဲမို့
ဆရာလည်းကွာ ပထမ အရင် ကနဦးဆီက
မြန်မာ့တခွင်မှာ သမတရှင်ဘုရင် မလူးခင်ပ
ထဆင်ဒူးကို တမြည်မြည် သင်ခဲ့သမို့
ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ် ခေါင်းအပေါ် ဖျားမှာလ
မင်းတို့ ဆရာကို
စာရင်းတို့ကာ ထားလိုက်ပေတော့'
လို့ တုံ့ပြန်ခဲ့တယ်။
ဒီလိုတုံ့ပြန်ပြီး သူရိယတိုက်အယ်ဒီတာ အလုပ်ကထွက်ကာ အမျိုးသား ကောလိပ်မှာ ဆရာသွားလုပ်ခဲ့တယ်။ အရေးကြီးရင် သွေးစည်းခဲ့တဲ့ ဆရာကြီး ဖြစ်တယ်။ မိမိအရေး အမျိုးသားအရေး ယှဉ်လာရင် မိမိအရေးကို စွန့်ပြီး အမျိုးသားအရေးကို အလေးပေး လုပ်ခဲ့တယ်။ အမျိုးသားအရေးကို အမြဲ ဦးထိပ်ထားခဲ့တယ်။ ဒါဟာ ဆရာကြီးရဲ့ လုပ်ဟန်ဖြစ်တယ်။
ဒီနောက်ပိုင်း စံဖဲအရေး၊ ဆရာစံ တောင်သူလယ်သမားအရေးတွေမှာလဲ ဆရာကြီးဟာ စံဖဲ အသက်ကယ်ဆယ်ရေး၊ ဆရာစံလယ်သမား အရေးတော်ပုံကြီး ထောက်ခံရေးတွေကို ရဲရဲရင့်ရင့် ဆောင်ရွက်ခဲ့တယ်။
၁၉၂၉-၃၀ ခုနှစ် ကမ္ဘာ့စီးပွါးရေးပျက်ကပ်ကြောင့် မြန်မာ့ဆန်ရေစပါးဈေးတွေ ကျွမ်းစိုက်ကျပြီး ကိုလိုနီစီးပွါးရေးဘ၀ရဲ့ အောက်ဆုံးအလွှာက မြန်မာ့လယ်သမားတွေ အကြီးအကျယ် ဒုက္ခရောက်ခဲ့ကြ ရတယ်။ လယ်လုပ်ပြီး ထမင်းငတ်ခဲ့ကြရတယ်။ ဆရာစံခေါင်းဆောင်တဲ့ သာယာဝတီ လယ်သမား အရေးတော်ပုံကြီး ပေါ်ခဲ့တယ်။ ဒီ လယ်သမားအရေးတော်ပုံကြီးကို ဆရာကြီးက သူ့ကလောင်နဲ့ ဂုဏ်ပြုခဲ့တယ်။
'သြော် မြန်မာပြည် တ၀ှမ်းတွင်ဖြင့်
သာယာဝတီစခန်းဆီက အာဇာနည်အစွမ်းတွေ
ဟိုအရင် ယမန်က
ဗဟိုပလင်ပျံမှာ သမတ မတိမ်းအောင်လို့တဲ့
ဗိုလ်ဝင်ခံကာ မြန်မာ့ကိန်းတွေနှင့်
မြစိမ်းတောင်ညိုညိုက
ချောင်ခိုကာ အောင်ဗဟိုရ် ရွမ်းလိမ့်မတဲ့
ထွန်းလှဲ့ ခေါင်ပရမေ ပေနော်ကွယ်
အစွန်းမနွဲ့၊ အညွှန်းတဲ့နေကြ
သြ လွမ်းဘွဲ့အောင်မြေ
-------------
ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်
ဥုံ အရဟံ သစ္စာ ဂတိတွေနဲ့
ဂဠုန် သရဏံ ဂစ္ဆာမိကြပေတော့......'
ဒီလို လယ်သမားအရေးတော်ပုံကြီးကို ဆရာကြီးက မော်ကွန်းထိုးခဲ့တယ်။
အဲဒီခေတ် အဲဒီအခါကဆိုရင် အင်္ဂလိပ် ကိုလိုနီအစိုးရရဲ့ မြို့အုပ် မြို့ပိုင်လောက်ကိုတောင် သခင်ခေါ် လက်အုပ်ချီပြီး ဘုရားထူးရတဲ့ ခေတ်ပါ။ အဲဒီလို ခေတ်မျိုးမှာ ဆရာကြီးက ဒီလိုစာတွေ ရေးခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘုရင်ခံ အင်္ဂလန်ကို ခွင့်ပြန်တုန်းက ဆာဂျေအေမောင်ကြီး ခေတ္တဘုရင်ခံဖြစ်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက လေးချိုးကြီးတပုဒ်ရေးပြီး ဘုရင်ခံကို မောင်းထုတ်ခဲ့ဖူးတယ်။
'ဌာနအင်္ဂလန် ပြန်ရှာမဲ့ ခရီးဆီက
သဒ္ဓါစရ ဘုရင်ခံ ဒကာကြီးကိုဖြင့်
တခါတည်းသာပ အပြီးထာဝရ မြန်းကြွပြန်စေချင်
ချမ်းချမ်းမြမြ မနေလျှင်ဖြင့်
အခွင့်မတော်လျှင်ဖျား
သြော် နန်းမြန်မာ့ရွှေပလင်နှင့်
မသင့်မလျော် တကား'
ဝံသာနုခေတ်အပြီး တို့ဗမာအစည်းအရုံးခေတ်၊ သခင်ခေတ် ရောက်တဲ့အခါ လွတ်လပ်ရေး အတွက် တကယ်စွန့်စွန့်စားစား လုပ်ကြမယ့် ပညာတတ်လူငယ်တွေပဲရယ်လို့ ယုံကြည်ပြီး သခင်အသင်းကို ဆရာကြီး ၀င်ခဲ့တယ်။ သခင်လူငယ်တွေဟာ အတွေးရဲတယ်။ အလုပ်ရဲတယ်။ ဒါကြောင့် လွတ်လပ်ရေး အောင်ပွဲကို သူတို့ ယူပြမှာပဲလို့ ဆရာကြီး ယုံခဲ့တယ်။
'တို့ဗမာတခွင် သခင် ထိုအကျော်အမော် ဂိုဏ်းတွင်ဖြင့်
မျှို့ရတနာသဘင်
အကြင် ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်
ပလင်ဗဟို တနှိုင်းပေပ၊
ဇမ္ဗူသမိုင်း ပျော်စရာ့အချေ
အိုကွယ် သခင်ကိုယ်တော်မှိုင်းရယ်လို့
လူတိုင်းခေါ်ကြစေ'
ဒီလို ဆရာကြီး သခင်ဘွဲ့ခံပြီး သခင်လူငယ်တွေနဲ့ ကိုလိုနီဆန့်ကျင်ရေး၊ လုံးဝလွတ်လပ်ရေး တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခဲ့တယ်။
ဒီလို သခင်အသင်းဝင်ပြီး တက်တက်ကြွကြွ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့လို့ အင်္ဂလိပ်အစိုးရက ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သူ့ရဲ့ ရန်သူတော်စာရင်း (Burma List) မှာ ရန်သူတော် နံပါတ် (၁) အဖြစ် သတ်မှတ်ခဲ့တယ်။ (ဒီစာရင်းမှာ သခင်ဗဟိန်းက နံပါတ် (၂)၊ သခင်အောင်ဆန်းက နံပါတ် (၅) ဖြစ်ပါတယ်။)
ပြောရရင်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ၀ံသာနုအရေးတော်ပုံ၊ တောင်သူလယ် သမား အရေးတော်ပုံ၊ ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ဖက်ဆစ်ဆန့်ကျင်ရေးကာလ၊ လွတ်လပ်ရေးကြိုးပမ်း မှု ခရီးတလျှောက်လုံးမှာ ရဲဘော်ရဲဘက်၊ တပည့်တပန်းတွေနဲ့ ရှေ့တန်းက အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်ခဲ့တဲ့ သမိုင်းတလျှာက်မှာ ဆရာကြီးဟာ ရာထူးမမက်၊ အာဏာမမက်၊ ငွေမမက်၊ ဘွဲ့ထူး ဂုဏ်ထူးတွေမမက်ဘဲ အမျိုးသားရေး လွတ်လပ်ရေးအတွက် သစ္စာရှိရှိ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တယ်။ ကိုလိုနီခေတ်ကစပြီး ခေတ်အဆက်ဆက်မှာ ဆရာကြီးဟာ ကပ်ပါးရပ်ပါးစိတ်၊ မင်းကပ်စိုးမြှောင်စိတ် မထားဘဲ၊ ရိုးသားတဲ့ သီလ သမာဓိ သိက္ခာနဲ့ နိုင်ငံရေးကို ဆောင်ရွက်ခဲ့တယ်။
'ဆရာ ကိုယ်တော်မှိုင်းသည် ကသိုဏ်းအတွက် န၀င်းအရ မင်းဘုရာ့အာဏာမြှောင် ပြီး ဘာကောင်မှ မလုပ်ချင်ဘူး'
လို့လဲ ရေးခဲ့တယ်။
ကိုလိုနီခေတ်မှာ အခွန်အတုပ်တွေ ကြီးလွန်းလို့ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ခေတ်မှာ လူ့စည်းစိမ်ခံပြီး ရာထူးယူချင်တဲ့စိတ်မရှိကြောင်းကို-
'အခွန်အတုပ်အကြောင်း ကောင်းကောင်းသိလှသော၊
တပည့်မတို့ ကိုးကွယ်ရာ၊ မဟာယောဂီသည်
လေကီအခုအခါ အမှုပါ၍
လူ့ဓမ္မတာ အထူးမှတ်ကြတဲ့
မှူးမတ်တို့ စည်းစိမ်ကို မဆိုထားဘိ၊
တရားနှလုံး စွဲသုံးဆင်ချင်သဖြင့်
ရှင်ဘုရင်တောင် လုပ်ချင်စိတ် မပေါက်ကြောင်း'
ရေးသားခဲ့ဖူးပါတယ်။ ဒါတွေကို ကျွန်တော်တို့ နောင်လာနောက်သားတွေ အတုယူစရာ ဆရာကြီး ထားရစ်ခဲ့တဲ့ အမွေတွေပါ။
မြန်မာစာပေသမိုင်းနဲ့ ပတ်သက်လို့ပဲ ဆရာကြီးရဲ့ အခန်းဟာ အင်မတန် ကြီးမားပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့စာတွေဟာ အစဉ်အလာ၊ မင်းဘွဲ့စိုးဘွဲ့ စာတွေကနေ လမ်းခွဲထွက်လာပြီး အကြောင်းအရာရော၊ အရေးအသားပါ သစ်လွင်တဲ့ ပြည်သူ့ဘက်တော်သား၊ ပြည်သူ့ကလောင်အဖြစ် ရပ်တည်ခဲ့တယ်။
ကိုလိုနီတခေတ်လုံး အမျိုးသားရေး၊ လွတ်လပ်ရေးအတွက် သူ့ကလောင်ကို သစ္စာရှိရှိ၊ သတ္တိရှိရှိနဲ့ အသုံးချခဲ့တယ်။ အမျိုးသားရေး၊ လွတ်မြောက်ရေး သမိုင်းတာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ဒါကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို မျိုးချစ်စာဆိုကြီး၊ အမျိုးသားစာပေဖခင်ကြီး၊ စာပေသစ်ဖခင်ကြီးလို့ ချီးကျူးပူဇော်ကြတာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ စာပေတွေကို လေ့လာလေ ဒီအချက်ခိုင်မာကြောင်းကို တွေ့ရလေ ဖြစ်ပါတယ်။ မြန်မာစာပေသမိုင်းမှာ ဆရာကြီးရဲ့ စာပေကျေးဇူး တွေ အများကြီး ရှိတယ်။
ဆရာကြီးရဲ့ ကိုယ်ကျင့်တရားစင်ကြယ်မှု၊ ရိုးသားမှု၊ သစ္စာရှိမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု တွေဟာ သမိုင်းအဆင့်ဆင့်မှာ အစမ်းသပ် အစစ်ဆေးခံပြီး ဖြစ်ပါတယ်။ ဆရာကြီးရဲ့ သီလဂုဏ် သမာဓိဂုဏ်တွေကို ရေးသားလို့ ကုန်နိုင်စရာ မရှိပါဘူး။ ဆရာကြီးရဲ့ အိုကြီးအိုမ ဘ၀နေ၀င်ချိန် မှာတောင် ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းတွေ တိုင်းပြည်အနှံ့ ကမ္ဘာအနှံ့ ခရီးဆန့်ပြီး ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးဖခင်ကြီး လဲ ဖြစ်တယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ နိုင်ငံအရေး ပြည်သူ့အရေးတွေကို ဘယ်လောက် သူ့စိတ်နှလုံးသားထဲ သွင်းထားခဲ့သလဲ ဆိုရင် ကွယ်လွန်ခါနီး နောက်ဆုံးအချိန်မှာတောင်
'အင်း ဆရာတော့ မသေခင် ဆရာတို့ တိုင်းပြည်မှာ တကယ့်လွတ်လပ်ရေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် ဖြစ်တာကိုပဲ မြင်သွားချင်တာပဲ'
လို့ ပြောသွားတယ်။
ဒီလို နိုင်ငံအရေး၊ ပြည်သူ့အရေးတွေကို တသက်တာပတ်လုံး ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့လို့ အဘိုး သခင်ကိုယ်တော်မှိုင်းကို မြန်မာပြည်သူတွေက ချစ်ကြတာ၊ မမေ့နိုင်ကြတာ ဖြစ်တယ်။ အရေးကြီးလို့ သွေးနီးကြရတဲ့ အခါမျိုးမှာ ဖြစ်ဖြစ်၊ အားတင်းစရာနဲ့ ကြုံရတဲ့ အခါမျိုးမှာ ဖြစ်ဖြစ်၊ ဆရာကြီးကို ကျွန်တော်တို့ လွမ်းတသသနဲ့ တမ်းတကြရတာ ဖြစ်ပါတယ်။
ဒီကနေ့ဆိုရင် (၁၉၉၆) ဆရာကြီးကွယ်လွန် အနိစ္စရောက်တာ နှစ်ပေါင်း ၃၂ နှစ် ရှိပါတော့မယ်။ ဆရာကြီးသာ အသက်ထင်ရှား ရှိမယ်ဆိုရင် ဒီနှစ် (၁၉၉၆) ဟာ ဆရာကြီး အသက် ၁၂၀ ပြည့်မယ့် မွေးနေ့ ဖြစ်ပါတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အသက် ၁၂၀ ပြည့်နှစ် (၁၉၉၆) မွေးနေ့ကို အထိမ်းအမှတ်ပြု သောအားဖြင့် ဆရာကြီး ခင်းခဲ့တဲ့ စာပေလမ်းကြောင်းမှာ လျှောက်လှမ်းကြတဲ့ ကျွန်တော်တို့ဟာ ဆရာကြီးရဲ့ စံနမူနာအတိုင်း ပြည်သူ့ဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ပြီး နိုင်ငံနဲ့ ပြည်သူ့အကျိုး သယ်ပိုးကြပါစို့လို့ နှိုးဆော်ချင်ပါတယ်။
တင်သိန်းမောင်
၁၉၉၆ခု၊ စာပေဂျာနယ်၊
[စာအုပ်အဖြစ်ထုတ်ဝေခဲ့သော ၂၀၀၁ မတ်လထုတ် မာယာမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။]
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာ (၀ါ) မှိုင်းဗေဒ
ရေးသူ- ဒဂုန်တာရာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ (၀ါ) မှိုင်းဗေဒကို ဖော်ပြရန်မှာ ကျမ်းကြီးကျမ်းခိုင် တဆူတဖွဲ့ ဖြစ်ရပါလိမ့်မည်။ ဆရာကြီး ရေးခဲ့သမျှသော ကဗျာ၊ စကားပြေများကို ပြည့်စုံ ခိုင်လုံ ကျယ်ပြန့်စွာ ကိုးကားညွှန်ပြရန် လိုပါလိမ့်မည်။ သို့သော် ယခု စာတန်းငယ်တွင် ဆရာကြီး၏ စာပေအနုပညာသဘောကို နိဒါန်းပျိုးရုံလောက်၊ မိတ်ဆက်ပေး ရုံလောက်၊ အဓိပ္ပါယ်ဖွင့်ဆိုရုံမျှလောက်သာလျှင် တတ်နိုင်မည်ဖြစ်၍ ခွင့်လွှတ်ရန် တောင်းပန် လိုပါသည်။
(၁)
ရှေးဦးစွာ 'သခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ' ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို ရှင်းပြရပေမည်။ အနုပညာဆိုသည်မှာ လူ့စိတ်ကူးဖြင့် လူတို့၏ဘ၀ကို ရသပေါ်အောင် ဖွဲ့နွဲ့သော အာရုံခံစားမှု ပုံသဏ္ဍာန် ဖြစ်ပါသည်။ တနည်းပြောရရင် လူတို့၏ဘ၀တွင် ထိတွေ့ခံစားရသော အာရုံခံစားမှု အတွေ့အကြုံ၊ စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေးဘ၀ အတွေ့အကြုံ တို့ကို ပိရိသတ်အား မိမိကဲ့သို့ ခံစားရလေအောင် ရသအမူအရာဖြင့် လှပစွာ တင်ပြဖော်ကျူးသောအရာသည် အနုပညာဖြစ်သည်ဟု အဆိုရှိပေသည်။
အသံဖြင့် သီဆို တီးမှုတ်ဖော်ပြသည်။ ကိုယ်လက်လှုပ်ရှားမှု ကပြမှုတို့ဖြင့် ဖော်ပြသည်။ အရောင်အဆင်း၊ မျဉ်းကြောင်းတို့ဖြင့် ဆေးရေးဖော်ပြသည်။ အ၀န်း အပြား အလုံး အကြွ တို့ဖြင့် သွန်းထုဖော်ပြသည်။ စကားလုံးတို့ဖြင့် သီကုံးဖော်ပြသည်။ ယင်းသို့သော ဂီတအနုပညာ၊ အကအနုပညာ၊ သဘင်အနုပညာ၊ ပန်းချီပန်းပု အနုပညာ စသဖြင့် အနုပညာများ ရှိသည့်အနက် စာပေအနုပညာသည်လည်း အနုပညာတရပ်အဖြစ် ပါဝင် ပေသည်။
စာပေ၌လည်း စကားပြေ၊ ကဗျာ ဟူသော စာပေပုံသဏ္ဍာန်များ ရှိလေရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် စကားပြေရော ကဗျာပါ စာပေပုံသဏ္ဍာန် နှစ်မျိုးစလုံး အသုံးပြုသူ ဖြစ်ပေသည်။ စကားပြေ၌ ၀တ္ထု၊ ပြဇာတ်နှင့် ဋီကာ၊ ဂဏ္ဍိဟုခေါ်သော ဆောင်းပါးအမျိုးအစား များ ရေး၍ ကဗျာ၌ လေးချိုးကြီးကို အများဆုံး အထူးပြု ရေးခဲ့ပေသည်။
ယင်းသို့ ဆရာကြီးသည် စာပေများကို ရေးသားရာတွင် ဆရာကြီး၏ စာပေ၌ မည်သူ နှင့်မျှ မတူအောင်ထူးခြားဆန်းသစ်သော၊ သမိုင်းခေတ်အဆက်ဆက် ပြည်သူများ နှစ်သက် စွဲလန်းနိုင်သော အာရုံခံစားနိုင်သော ရသပညာ ရှိသည်။ ယင်းသို့ ဆရာကြီးသခင် ကိုယ်တော် မှိုင်းတည်းဟူသော ပုဂ္ဂိုလ်သာလျှင် ဖန်တီးနိုင်စွမ်းရှိသော၊ ထူးခြားခြင်းရှိသော၊ အနုပညာ ၀ိသေသ ဂုဏ်ထူးကို အစွဲပြုလျက် သခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာ ဟူသော စာဝေါဟာရသစ်ဖြင့် သုံးနှုန်းလိုက်ရခြင်း ဖြစ်ပေသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာသည် မည်သို့ ထူးခြားလေသလဲ။ အခြားသော စာအနုပညာတို့နှင့် ကွာခြားပါသလား၊ မည်မျှ ထူးကဲပါသလဲ။
(၂)
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အနုပညာသည် မည်သည့်ခံစားမှု ဝေဒနာမှ ဆင်းသက်လာပါသလဲ။ ဤအချက်မှာ ထင်လင်းလှပေသည်။
ဆရာကြီး၏ စာပေအနုပညာသည် ဆရာကြီး၏ ဘ၀ခံစားမှု ဝေဒနာမှ ဆင်းသက်လာ ပေသည်။ တနည်းပြောရလျှင် ဆရာကြီး၏ ဘ၀သည် တကိုယ်တော်ဘ၀ မဟုတ်။ အုပ်စိုးသော လူတန်းစားများ နေထိုင်ရာ မှန်စီရွှေချ စံအိမ်တော် မဟုတ်။ အဖိနှိပ်ခံ အအုပ်စိုးခံ ပြည်သူတို့၏ ဘ၀အောက်ခြေ မြေဇာမြက်ပင်များ၏ ဘ၀နှင့် ဆက်စပ်နေသည်။ တနည်းပြောရလျှင် ဆရာကြီး၏ အနုပညာသည် ဆရာကြီး ဖြတ်သန်းကြီးပြင်းလာရသော မျက်မှောက်ခေတ်နှင့် ဆက်စပ်နေသည်။ တနည်းပြောရလျှင် ဆရာကြီး၏ စာပေအနုပညာသည် ယနေ့ မျက်မှောက် ခေတ်၏ အခြင်းအရာတရပ်ဖြစ်သော ပြည်သူတို့၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး မှ ဆင်းသက်လာခြင်း ဖြစ်သည်။
အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ကျယ်ပြန့်လှပေသည်။ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေး ဟူ၍ တိုက်ပွဲ အခန်းခန်း ရှိပေ သည်။ ဆရာကြီးသည် ယင်း လွတ်လပ်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီရေးလှုပ်ရှားမှု၊ ညီညွတ်ရေး လှုပ်ရှားမှု၊ ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ဆိုရှယ်လစ်ရေး ဦးတည်လှုပ်ရှားမှုများတွင် ပါဝင်ဆောင် ရွက်ပြီး၊ ယင်းတိုက်ပွဲ အခန်းခန်းတို့ကို စာပေ၌ထင်ဟပ်သော အနုပညာကား ဆရာကြီး၏ အနုပညာဖြစ်ပေသည်။
ဆရာကြီးသည် မှန်ခန်းဆောင်၌ ငိုက်မှေးရီဝေနေသူ မဟုတ်။ စိန်ပန်းပြာရိပ်အောက်၌ ခိုနားနေသူမဟုတ်၊ အဖိနှိပ်ခံပြည်သူတို့၏ တိုက်ပွဲအဆက်ဆက်၌ အမြဲတမ်းပါဝင်သူ ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ရှေးဝံသာနုခေတ်မှ ယနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုခေတ်အထိ အရွယ်အားဖြင့် အသက် ၈၀ ကျော်မှ ဆယ်ကျော်သက် လူငယ်များအထိ အကြည်ညိုခံရဆုံး ပြည်သူ့ခေါင်းဆောင် စာပေပညာရှင်ကြီးအဖြစ် ရပ်တည်နေခြင်း ဖြစ်၏။
ဆရာကြီးသည် တိုးတက်သော လူငယ်များနှင့် ခေတ်အဆက်ဆက် လက်တွဲခဲ့သည်။ မနေ့က တိုးတက်သော လူငယ်သည် ယနေ့ဖောက်ပြန်လာလျှင် ယင်းလူငယ်ဟောင်းနှင့် လက်တွဲဖြုတ်ခဲ့ကာ နောက်တခေတ် တိုးတက်သော လူငယ်အသစ်နှင့် လက်တွဲပြန်သည်။ သမိုင်းခေတ် အဆက်ဆက်တွင် အဖိနှိပ်ခံ ပြည်သူဘက်မှ အစဉ်ရပ်တည်ခဲ့သူ ဖြစ်သည်။ ယင်းသို့ တိုးတက်သော၊ တော်လှန်သော၊ အဖိနှိပ်ခံ ပြည်သူတို့ဘက်မှ ရပ်တည်သဖြင့်လည်း ယင်း ဆရာကြီး၏ နိုင်ငံရေးခံစားမှု ဝေဒနာကို ဖွဲ့နွဲ့သော စကားပြေနှင့် ကဗျာများသည် ပြည်သူတို့၏ ခံစားမှုအသံ (၀ါ) ပြည်သူ့အသံ ဖြစ်လာတော့သည်။ ယင်းသည်ကား ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အနုပညာ ဖြစ်သည်။
(၃)
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အနုပညာဝါဒသည်ကား ဘာလဲ။ ဆရာကြီး၏ အနုပညာဝါဒသည်ကား ဘက်လိုက်ရေး (၀ါ) ပြည်သူ့ဘက်လိုက်ရေး ဖြစ်သည်။
အောင်မြန်မာ သတင်းစာ (၁၉၂၉) သို့ပေးသော ဆောင်းပါးအမှာစာ၌ 'အမောင်တပည့်တို့၊ ယခုထုတ်ဝေလတ္တံ့သော အောင်မြန်မာသတင်းစာမှာ (မည်သည့်ဂိုဏ်း ဂဏ ၀ါဒ တို့တွင်မှ ပါဝင်ခြင်းမရှိဘဲ) ဟူသောအချက်ကို စာမျက်နှာ ၂ တွင် တွေ့မြင်ရကြောင်း၊ ၎င်းကဲ့သို့ အချင်းအရာကို ဆရာဖြင့် မနှစ်မျို့နိုင်ပေ။ အကြောင်းကို ဆိုချေလျင် အကြင် လောကီသူ လောကီသားတို့ ကြီးပွါးဘို့၊ လွတ်လပ်ဘို့ စသော ဂီဟိကမ္မလူတို့ ကိစ္စဟူသမျှ တို့မှာ မူလအားဖြင့် အများတည်းဟူသော အသင်းအပင်း ဂိုဏ်ဂဏ တို့နှင့် ၀ိုင်းမှ ရုန်းဆောင်မှ သာလျှင် အောင်မြင် ထမြောက်နိုင်ရာသည်' စသည်ဖြင့် ဖော်ပြပါရှိရာ ဆရာကြီး၏ ဘက်လိုက်ရေးဝါဒမှာ ယနေ့ ကမ္ဘာ့ဆိုရှယ်လစ်နိုင်ငံရေး သဘောတရား သုခမိန်များ၏ ၀ါဒနှင့် တသားတည်း ကိုက်ညီနေသည်ကို တွေ့ရပေသည်။
ဆရာကြီး၏ အခြားအနုပညာဝါဒမှာ ယနေ့ ဝေါဟာရအားဖြင့် ခေါ်ဝေါ်နေကြသော သရုပ်ဖော်စာပေ၀ါဒပင် ဖြစ်သည်ကို ဆရာကြီး၏ ၀တ္ထုနှင့် လေးချိုးကြီးများတွင် ထင်ရှားစွာ တွေ့နိုင်ပေသည်။ တနည်းပြောရလျှင် ဆရာကြီးသည် ဆရာကြီးနှင့် ခေတ်ပြိုင်လှုပ်ရှားမှုကို အမြဲတမ်းဖွဲ့နွဲ့ သရုပ်ဖော်သော သရုပ်ဖော်ဝါဒကို ကိုင်စွဲသူ ဖြစ်ပေသည်။ ခေတ်ပြိုင်လှုပ်ရှားမှု ကား အခြားမဟုတ်၊ အဖိနှိပ်ခံရသူက ဖိနှိပ်သူကို တော်လှန်ခုခံသော လှုပ်ရှားမှု ဖြစ်သည်။ ထိုအခါ၌ ဆရာကြီးသည် အာဏာရသွားသောသူ (၀ါ) ဖိနှိပ်သူကို ကဲ့ရဲ့ရှုတ်ချပြီး အဖိနှိပ်ခံရသူ ၏ တော်လှန်ခုခံရေးကို ချီးမွမ်းဂုဏ်ပြုသည်။ ယင်းသည်ကား ဆရာကြီး၏ သရုပ်ဖော်စာပေ၌ သုံးသော အနုပညာ ၀ါဒတရပ်ပင် ဖြစ်ပေသည်။
ယင်းသဘောကို ဆရာကြီး၏ လေးချိုးကြီးများ၌ အထင်အရှား တွေ့ရပေသည်။ ဆရာကြီး၏ ၀တ္ထုများ၌ လူ့ဘ၀ လူ့သဘာဝအဖွဲ့အနွဲ့တို့ကို တွေ့နိုင်ပေသည်။ ဆရာကြီး၏ ဋီကာ၊ ဂဏ္ဍိ စသော ဆောင်းပါးများတွင် ဆရာကြီးနှင့် ခေတ်ပြိုင် တော်လှန်ရေးလှုပ်ရှားမှုများ၏ မှတ်တမ်းကို ရသဟန်ဖြင့် ဖွဲ့နွဲ့ဖော်ပြထားသည်ကို တွေ့နိုင်ပေသည်။
ဆရာကြီးသည် သူ၏ အနုပညာပေါ်၌ ရိုးသားဖြောင့်မတ်သည်။ လုပ်သလိုပြော၍ ပြောသလို လုပ်သည်။ အကျင့်တခြား အရေးတခြားမဟုတ်။ ထို့ကြောင့်ပင်လျှင် ပြည်သူတို့က သခင်ကိုယ်တော်မှိုင်းတည်းဟူသော အဖိနှိပ်ခံ ပြည်သူ့ဘက်တော်သား လူပုဂ္ဂိုလ်ကို ခင်သဖြင့် သူ၏ တရားကိုလည်း မင်ခြင်း ဖြစ်ပေသည်။ ယင်းဆရာကြီး၏ အနုပညာအပေါ်၊ ခေတ်အဆက်ဆက် ပြည်သူ့အပေါ် ရိုးဖြောင့်သော သဘောထားသည် ဆရာကြီး၏ အနုပညာဟန် ဖြစ်လာသည်။ ဆရာကြီး၏ လေးချိုးကြီးများသည် ရပ်ရွာထဲမှ ပြည်သူတို့၏ အသံ၊ အမျိုးသားဟန်တို့ဖြင့် ထုံမွှမ်းသည်ဖြစ်၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာဟူ၍ ယနေ့ တော်လှန်သော ပြည်သူ့စာပေသစ်၌ ကဏ္ဍကြီးတရပ်အဖြစ် ထူထောင်ကျော်ကြားရခြင်း ဖြစ်ပေသည်။ ယင်း ဆရာကြီး၏ အနုပညာစာပေအစဉ်အလာ၊ စာပေရေစီးကြောင်းကြီးသည် ယနေ့ခေတ်၌ စွမ်းသန်သော အင်အားအဟုန်ဖြင့် စီးဆင်းလျက် ရှိနေဆဲ ဖြစ်ပေသည်။
(၁၉၇၂ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ (၉၆) နှစ်မြောက် မွေးနေ့အခမ်းအနားမှာ ဒဂုန်တာရာ ဖတ်ကြားတဲ့ စာတမ်း ဖြစ်ပါတယ်။ ဒဂုန်တာရာ ရဲ့ 'စာလုံး၊ ဆေးစက် စောင်းကြိုး နှင့် ကတ္တီပါကားလိပ်' ၁၉၇၄ ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်)
Friday, January 2, 2009
သခင်ကိုယ်တော်မှိုင်းနှင့် အတူနေခဲ့ရသောရက်များ
ရေးသူ- ဒဂုန်တာရာ
(၁)
၁၉၆၇ ဖေဖော်ဝါရီလ ၅ ရက်၊ အင်းစိန်မှထွက်လာသော ဒတ်ဆန်းကားသည် ကြည့်မြင်တိုင်၊ လမ်းမတော် စသည့်ရပ်ကွက်များ၌ လူအချို့ကို ချခဲ့ပြီးနောက် ဘုရားလမ်းသို့ ကွေ့လိုက်လေသည်။
သစ်ပင်၊ တိုက်တာ၊ အိမ်ယာ၊ ဈေးဆိုင်၊ လူများ၊ ကားများသည် ပန်းရောင် မြူမင်းလွင်အောက်၌ ယိမ်းထိုးနေကြသည်။ ပြာသိုလမို့ မြူရိပ်မစင်၊ နှင်းငွေ့ကျန်၊ ကတ္တရာစေး လမ်းမကြီးမှာ ဖဲကြိုးအနက်ခင်းထား၍ ကားကွေ့လိုက်သောအခါ တွန့်သွား၏။ ကောင်းကင်ပြာ ထဲမှ ရွှေဝါရောင် ကြယ်ပွင့်ကြီးမှာ ကြီးလှပါကလား။ ဆေးရုံကြီးဝင်းထဲ၌ ဆေးသုတ်ထားသော ကစားစရာ သေတ္တာခွံကြီး ဘယ်တုန်းက ရောက်နေပါလိမ့်။ သံပတ်ပေးထားသော မိန်းမရုပ်များ သည် တတောက်တောက် ခုတ်မောင်းနေကြ၏။ ကစားစရာ စက်ရုံမှ ပုံစံထုတ်ဆရာမှာ ကုလားသွေးပါသည်ထင့်၊ မှားယွင်း၍ ၀ါသော၊ ဖြူသော၊ မဲသော၊ ကွက်သော ဗိုက်သားတို့ကို ဖော်ပေးထားကြ၏။ ဖဲပြားအနက်ကြီးသည် တွန့်ကာ ချိုင့်သွား၏။ သစ်ကိုင်းများသည် ကျွန်တော့်ကို လာ၍ ထိခတ်သည်။ ခြင်္သေ့ကြီး ၂ ကောင်သည် လည်ဆံမွေးထလျက် ကျွန်တော့်ထံ ပြေးလာလေပြီ။ အလို....။
'ဖြေးဖြေးမောင်းပါဗျာ'
ကားမောင်းပို့သူ စစ်ဗိုလ်သည် ပြုံးမြမြလုပ်နေ၏။ ကားအရှိန်သည် အနည်းငယ် လျော့လာသည်။
မဟာရွှေစေတီကြီးမှ ရွှေရောင်သည် မြင်ကွင်းကို လာ၍ ရိုက်လိုက်သည်။ စိမ်းသော သစ်ကိုင်းများသည် ငုံ့မိုးညွတ်ကိုင်းနေရမှ အပေါ်သို့ ပြန်တက်သွားကြလေပြီ။
လမ်း၏ လက်ဝဲဘက်မှ ဆရာကြီး မဟာသခင်ကိုယ်တော်မှိုင်း၏ဂူကို လှမ်းမြင်လိုက် ရသည်။ စောစောက သွေးအားနည်းနေသဖြင့် မူးဝေသော ဝေဒနာသည် လွင့်သွားလေပြီ။ ကျွန်တော့်ရင်သည် တဒိတ်ဒိတ် ခုန်လာသည်။ ဖြူသော ကျောက်ဖြူဂူကြီးသည် မားမားကြီး ရပ်တည်လျက်၊ လေးဒေါင့်တိုင်ကြီးများသည် ကျွန်တော့်အား သူ့လိုမတ်ရန် အားစွမ်းကူး ပေး လိုက်သည်။ မျက်နှာစာမှ စာအုပ်၊ ဒေါင်း၊ ချိုးဖြူ၊ တူတံစဉ် အထိမ်းအမှတ် သဏ္ဍာန်ကို ဖျတ်ခနဲ မြင်ရင်း၊ ဖျန်းကနဲ၊ ဖျန်းကနဲ မွှေးညင်းတို့ ထောင်ကာ၊ သွေးတို့သည် နှလုံးသည်းပွတ် အကြောတလျောက် စီးဆင်းလာကုန်သည်။ ရင်တဒိတ်ဒိတ် ခုန်လာပြန်သည်။ ကဗျာ၊ အမျိုးသားလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ အလုပ်သမား၊ လယ်သမားတို့၏ ပြည်သူ့အာဏာ ရရေး။
ကျွန်တော်သည် ရင်ခုန်သံဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား အလေးပြုရင်း၊ ကားသည် ဆက်မောင်းနှင်သွားသည်။ ရွှေတိဂုံစေတီတော် ပြသဒ်တန်ဆောင်များသည် တရိပ်ရိပ် နောက်တွင် ကျန်ရစ်ခဲ့ကြပေပြီ။ ကျွန်တော့်အာရုံထဲတွင် အလုပ်သမား၊ လယ်သမား လူထုကြီးသည် သိင်္ဂုတ္တရကုန်းမြေသို့ ချီတက် စုဝေးနေကြသည်။ အတိတ်မှ အသံများ ပဲ့တင်ထပ်လာသည်။ ၁၃၀၀ ရာပြည့် အရေးတော်ပုံမှ အသံများ၊ နယ်ချဲ့အစိုးရ ကျဆုံးပါစေ၊ ဓနရှင်စနစ် ပျက်စီးပါစေ၊ သူပုန် သူပုန် ထထ၊ မီးဒုတ် မီးဒုတ် ရှို့ရှို့၊ အရေးတော်ပုံ အောင်ပါစေ၊ ဗဟန်းမြေမှ သစ်ပင်တို့ကို တရိပ်ရိပ် ဖြတ်သန်းခဲ့သည်။ ကန်တော်ကြီး ရေပြင်သည် လှိုင်းတံပိုးတို့ဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေကုန်ကြသည်။ ဖဆပလခေတ်က ပြည်ထောင်စု ကလပ် အဆောက်အဦသည် ရိပ်ကနဲ နောက်တွင်ကျန်ရစ်သည်။ ဘိလိယက် ဘောလုံးချင်း ထိသံ၊ မာကျောက်ဖဲမွှေသံ၊ အငြိမ့်မင်းသမီး ညုသံ၊ မူရာသံ၊ ပူဆာသံ၊ ဖန်ခွက်ချင်းထိသံ၊ ရေစီးသံ၊ အော့သံ၊ အံသံ။
ကားသည် တရိပ်ရိပ်ပြေးလျက်ရှိသည်။ ကားသည် ကျိုက္ကစံကို ကွေ့လိုက်သည်။ မြင်းပြေးသံ၊ ဘရင်လေးကွ အော်သံ၊ ဟစ်သံ၊ ကျွန်တော့်နားထဲတွင် အသံဘလံ အားလုံးတို့သည် ရောယှက်စီညံနေသည်။ ဤရာဇ၀င် ကားချပ်များသည် တခုနှင့်တခု ဇောက်ထိုး ပြောင်းပြန်ထပ်ကာ နောက် ကစဥ့်ကလျား ဖြစ်သွားကြသည်။
ကျွန်တော်ကား ရင်တဒိတ်ဒိတ်ခုန်လျက်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာ တေးသံသည် ရာဇ၀င်အာရုံ အားလုံးကို လွှမ်းမိုးလိုက်သည်။
'ကောင်းကျိုးအထွေထွေရယ်နဲ့
ချွန်စေ မြစေသော
ဒေါင်းအိုးဝေရယ်နဲ့
တွန်စေ ကစေသော.......'
(၂)
ကျွန်တော် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စတွေ့ကြုံကာ သိကျွမ်းရသောအခါ ကျောင်းသားဘ၀ အသက် (၂၀) အရွယ်က ဖြစ်သည်။ ထိုအခါက ဆရာကြီးမှာ အသက် (၆၅) အရွယ် ဖြစ်လေရာ၊ ကျွန်တော့်ထက်များစွာ ကြီးသည်။
ကျွန်တော်သည် ဆရာကြီး ကဗျာ၊ ဋီကာ၊ ဂဏ္ဍိ စသော စာပေများကို ဖတ်ခဲ့သည်မှာ ၇-၈ တန်း ကတည်းက ဖြစ်သည်။ ဆရာကြီး၏ စာများကို လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ၀တ္ထုများလောက် မစွဲငြိခဲ့။ ထိုအခါက အနုအယဉ်၊ အနွဲ့အပျောင်းတို့ကိုသာ တပ်မက်ခဲ့၏။ ကျွန်တော့်မှာ အိမ်တံစက်မြိတ်မှ မထွက်ခဲ့။ ပန်းပွင့်များသာ အလှဟု ထင်လျက်ရှိသည်။ ငွေလရောင်သည် ကမ္ဘာကြီးဟု အောက်မေ့ခဲ့၏။
၁၉၃၆- ကျောင်းသားသပိတ်ပြီးသောအခါမူ ဆရာကြီး၏ ဒေါင်းဋီကာကို ရှာဖွေရမှန်း သိလာပေပြီ။ ဘွိုင်းကောက်ဋီကာ စာအုပ်ကို လိုက်ရှာလာပေပြီ။ ကျောင်းသားသပိတ် အတွေ့ အကြုံသည် ကျွန်တော့်အား ဆရာကြီးထံပါးသို့ ပို့ဆောင်လိုက်လေပြီ။
'သြ....... ဝေးခရီးကပေမယ့်
အရေးကြီးလျင်ဖြင့်
သွေးနီးရာ ပါစမြဲပေမို့
.............................
ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ်မှ ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ဆရာကို
စာရင်းတို့ကာသာထားလိုက်ကြပေတော့'
လူထုလှုပ်ရှားမှုထဲမှ ထွက်လာသော ဆရာကြီး၏ တေးသံကို ခံစားရမှန်း သိလာပေပြီ။
ဆရာကြီးသည် အခန်းတံခါးကို ပိတ်၍ ကဗျာရေးသူလော၊ မဟုတ်ပေ။ ဗဟန်းကောလိပ် (၀ါ) အမျိုးသားတက္ကသိုလ်၌ မြန်မာစာပေ၊ ရာဇ၀င်ပါမောက္ခအဖြစ် နယ်ချဲ့ဆန့်ကျင်ရေး၊ ပညာရေးသူပုန် ပါမောက္ခလုပ်နေသည်။ ထို့ကြောင့်သာ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ဖို့ မှာကြားခဲ့ခြင်း ဖြစ်သည်။
ထိုအခါ ဆရာကြီး စိတ်ကူးရည်မှန်းချက်ထဲ၌
'မြှောက်လိုက်မကွယ့်
မောက်လိုက် မဟဲ့လို့
ဆောက်လိုက်မဲ့ ယူနီဗာစီတီတွေအများ'
စသည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားတက္ကသိုလ်များကို တမ်းတခဲ့ပေသည်။
ထိုအခါက ၁၉၀၀ ကျော် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းများ စတင်ဖွဲ့စည်းကာ ညီညွတ်စည်းလုံးလာခဲ့သော အမျိုးသားအင်အားကြီး (၀ံသာနု)သည် ၁၉၂၀ ပထမ ကျောင်းသား သပိတ်၌ တံခွန်စိုက်ခဲ့သည်။
ထိုအခါ နယ်ချဲ့သမားက ဒိုင်အာခီအုပ်ချုပ်ရေးဖြင့် ငါးထောင်စား ၀န်ကြီးရာထူးများပေး ကာ အမျိုးသားညီညွတ်ရေးအင်အားကို ဖြိုခွဲလိုက်လေသည်။ ဂျီစီဘီအေ ခေါ်သော မြန်မာ အသင်းချုပ်ကြီးမှာ ဆက်လက်၍ ရာထူးသပိတ်မှောက်ကာ ကိုလိုနီဆန့်ကျင်သောအပိုင်းနှင့် ရာထူးယူပြီး 'အတွင်းဝင်ပူးသတ်ရမည်' ဟုဆိုသော စေ့စပ်ရေး အပိုင်းဟူ၍ ၂ ခြမ်းကွဲသွား လေတော့သည်။ (လှိုင်ပုကျော်ဂိုဏ်းနှင့် ၂၁ ဦး) ယင်းသို့ ညီညွတ်ရေးပြိုကွဲသောအခါ ဗဟန်း ကောလိပ်သည်လည်း ပျက်ရလေတော့သည်။ ထိုအခါ ဆရာကြီးက.....
'လှိုင်-ပု-ကျော် သပိတ်သမားတွေရဲ့အပြင်
ပဋိက္ကရား နှူးကာနှပ်သလိုပ
နှစ်ကျိပ်တပါး မူးလျာမတ်တွေကလဲ
ပူးကာသတ်မယ် ကောင်စီဝင်လို့မို့
အနှောင်ပြည်အင် ကွဲရှာသနေ့ရယ်က
တကောင်တကောင်ထီမထင်
ဇွဲမာမာနဲ့ဝှေ့ကြလေတော့......'
-ဟု ညီညွတ်ရေးပျက်ပြားမှုကို ဒေါသဝေဒနာ ခံစားခဲ့ လေသည်။
၁၉၃၀-၃၁ ၌ ရာဇ၀င်မြောက်သော ဂဠုန်ဆရာစံ၏ တောင်သူလယ်သမား လက်နက်ကိုင်သူပုန်ကြီး ပေါ်ပေါက်လေသည်။ ဆရာကြီးသည် ယင်း လယ်သမားသူပုန်ကြီး အား......
'ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်
ဥုံ အရဟံ သစ္စာဂတိတွေနှင့်
ဂဠုန်သရဏံဂစ္ဆာမိကြပေတော့'
ဟု အလေးပြုခဲ့ပေသည်။
လယ်သမားသူပုန်ကြီးပြီးနောက် တို့ဗမာအစည်းအရုံး ပေါ်လာရာ၊ ဆရာကြီးသည် ရေနံချောင်း သခင်ညီလာခံသို့ တက်ရောက်ကာ 'မစ္စတာမောင်မှိုင်း' အမည်စွန့်၍ 'သခင်' အမည် ခံလိုက်လေသည်။
'တို့ဗမာတခွင် သခင် ထိုအကျော် အမော်ဂိုဏ်းတွင်ဖြင့်
မျှိ့ ရတနာသဘင် အကြင်ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်
ပလ္လင်ဗဟိုတနှိုင်းပေပ ဇမ္ဗူသမိုင်းပျော်စရာအခြေ
အိုကွယ်..... သခင်ကိုယ်တော်မှိုင်းရယ်လို့ လူတိုင်းခေါ်ကြစေ.....'
၁၃၀၀- ပြည့် အရေးတော်ပုံဟု ထင်ရှားသော ၁၉၃၈-၁၉၃၉ အထွေထွေသပိတ်ကြီးမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပညာရှင်တို့ လက်တွဲသော ပြည်သူ့အာဏာခေတ် သို့ ဦးတည်သော လူထုလှုပ်ရှားမှုကြီးဖြစ်ရာ တို့ဗမာအစည်းအရုံးနှင့် ကျောင်းသားသမဂ္ဂသည် တော်လှန်ရေးတပ်ဦး ဖြစ်လာသည်။ ဆရာကြီးသည် ယင်း နယ်ချဲ့ဆန့်ကျင်ရေး အင်အား ဘက်မှ မားမားမတ်မတ် ရပ်ခဲ့ပေသည်။
'သြော်.... အထက်နဂိုက
ပျက်ပြိုလို့ကျခဲ့တဲ့
ကနက်ဗဟိုပလ္လင် လက်စအကြွင်းပေထင့်
တက္ကသိုလ်သဘင် သမဂ္ဂအသင်းဆီက
....................................
အိုကွယ် တက်မဟ အတင်းဟေ့လို့
အကွက်ကျကျ နင်းနင်းပြီး
ခက်သမျှရှင်းပေမည့်
သတင်းဒေါင်းအိုးဝေ'
ကျွန်တော်သည် ဆရာကြီး၏ ကဗျာများကို ခံစားရမှန်းသိစ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ အတွင်း၌ ဆရာကြီးနှင့် သိကျွမ်းလာခဲ့ရသည်။ ဆရာကြီးမှာ ကျွန်တော်တို့ဘက်က ပါကလား ဟူသော အသိသည် ဆရာကြီး၏ ကဗျာကို ခံစားရမှန်း သိစေသည်။
(၃)
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အမြဲတမ်း ခေတ်အဆက်ဆက်တိုင်း တော်လှန်ရေး ဘက်ကသာ နေသည်။
ကျွန်တော်တို့မီသော တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခေတ်၌ ဆရာကြီးသည် တော်လှန်သော ဂိုဏ်းဘက်က ရပ်တည်ခဲ့သည်ကို သတိရသေးသည်။
ဆရာကြီးသည် ဖောက်ပြန်သည့်ဘက်ကို ကဲ့ရဲ့ရှုတ်ချ၍ တော်လှန်ရေးဘက်ကို ချီးကျူးဂုဏ်ပြုသည်။ ဤကား ဆရာကြီး၏ အနုပညာဝါဒ ဖြစ်သည်။
ဝံသာနု လှုပ်ရှားမှု တိုးတက်နေစဉ်က......
'သြော်...... ပြေအမှုပေမို့
ငွေခရုငယ်နှင့်
ဇေယျတုပါကွယ့်
သပြေနုချိန် တင်ရန်ပန်းတွေကလဲ များပါဘိသနှင့်
ဖေပုရှိန် အင်္ဂလန်နန်းမြေသွားတို့မှာဖြင့်......'
ဟု ဘိလပ်သွားအဖွဲ့ကို ဂုဏ်ပြုခဲ့သည်။ သို့သော် ယင်း ၀ံသာနုအဖွဲ့ပင် ဒိုင်အာခီ ရာထူးပေးကာ နယ်ချဲသမားနှင့် စေ့စပ်ပူးပေါင်းသွားသောအခါ....
'ခွေးရူးပြန် မသာ၏ အလောင်းလိုပ
အခါအလှည့် မကောင်းစေဘို့
အစားချောင်စရာကြံ
မယားတောင်ညာခံတွေနှင့်
စံသည်တကား
အိုကွယ်... ငါးထောင်သပြာစားမာန်ရယ်နှင့်
မာန်ဖီဖီပွါး'
ဟူ၍ ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချခဲ့ပေသည်။
ဂျပန်ခေတ်၌ကား ကျွန်တော်သည် ဆရာကြီးနှင့် နီးနီးကပ်ကပ် နေခွင့်ရခဲ့သည်။ တို့ဗမာအစည်းအရုံး ဥက္ကဌဟောင်း သခင်တင်မောင်နှင့်အတူ သွားတက်နေကာ တခါတရံ ဆရာကြီး၏ အိမ်မှာပင် ညအိပ်ရသည်။ နေ့လယ်နေ့ခင်းတွင် ဆရာကြီး၏ လက်ဖက်ဝိုင်း၌ ထိုင်မိကာ စာပေရေးရာ၊ နိုင်ငံရေးရာ ရှေးဟောင်းနှောင်းဖြစ်များကို ကြားနာခဲ့ရသည်။ ဆရာကြီးမှာ အသက်ထင်ရှားရှိနေသော အမျိုးသားလွတ်မြောက်ရေး ရာဇ၀င် ဂန္ထ၀င် ကျမ်းကြီးတဆူ ဖြစ်ပေသည်။
ဆရာကြီးသည် ဖက်ဆစ်ခေတ် အတွေ့အကြုံကို.....
'ကြမ္မာဝေဖန် ကောက်ကျစ်တဲ့ အကျိုးပေထင့်
မဟာရွှေဂျပန် စောက်ကျင့်ဆိုးသော်လဲ
ပဂိုးငရမန် ပုဂံမှာ မှားသလိုပ
သြော်.... ရှေးရဲ့အဖို့မှာတော့
ဘုရင် အကျော်အမော် ဧကရာဇ်တပါးပေပေါ့
အို... အဓိပတိကြီးရဲ့
မအေးစဖွဲ့ အရေးနွဲ့ရှာသနဲ့
သြော်.... တွေးတဲ့လို့ တင်နော်ဟေကာသနား။
(၀ါ) တနည်းတထွေမှာတော့
နေမျိုး နေမျိုး သဝေထိုးလေပြီတကား'
စသည်ဖြင့် ဟာသဥာဏ်ဖြင့် သရုပ်ဖော်ထားပေသည်။ လွတ်လပ်ရေး ရသောအခါ ဆရာကြီးသည်.....
'လောကသမားပီပီ သခင်တပဲ့တွေနဲ့
အတွင်လှဲ့ကာ တောင်ခြေကဆင်းပြီး
အောင်မြေနင်းပါလို့
အပင်းအဆိပ် စားသကဲ့သို့သော
အင်္ဂလိပ်များကို ဂျောင်းလကွ ဂျောင်းလကွာနှင့်
မောင်းကာ ထုတ်လိုက်သမို့
အဟုတ်ပင် တကယ်လွတ်သော်လဲ
ဘယ်ဝဋ်ဖန်သာ ကံကြမ္မာပေးလေဘိ
သြော်... အင်္ဂလန်က၊ ယခင်အဖန်ဖန်
တင်ပြန်တယ်ဆိုတဲ့ ကြွေးတွေရဲ့အပြင်
ငွေမရှိပြန်လျှင်၊ အမေရိကန်ထံချေးရတဲ့
ကြွေးမျိုးစုံ ကုဋေကုဋာဖြင့်
ပြေရွာမှာ သေတာလောက် မကောင်းချိန်မို့....'
စသည်ဖြင့်.... နိုင်ငံရေး အရ လွတ်လပ်သော်လည်း စီးပွါးရေးအရ မလွတ်လပ်ပုံကို နားလည်ပေသည်။
လွတ်လပ်ရေးရပြီး ပြည်တွင်း မငြိမ်းမချမ်း ဖြစ်သောအခါ ဆရာကြီးသည် ငြိမ်းချမ်းရေး ဗိသုကာ ဖြစ်လာတော့သည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းတို့၌ ဦးစီဦးကိုင် ဖြစ်လာပေသည်။
ပြည်တွင်း မငြိမ်းမချမ်း ဖြစ်သည်နှင့် ပတ်သက်၍ ဆရာကြီးက......
'တို့ဗမာ သခင်ဗဟိုဝယ်
တို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့
အလိုမငယ် ဆိုရှယ်လစ်ကယ်နှင့်
တံခွန်တလူလူ ကွန်မြူနစ်ကယ်တို့
မချစ်သာ မေတ္တာကင်းပြန်သနဲ့
အချင်းချင်းပင် တငြင်းထဲ ငြင်းငြင်းပြီး
မင်းပွဲအတုမှာ ထမင်းပွဲလုကာ လယ်မျိုခဲပါလို့
ပွဲချင်ပြီး အသေအကြေ၊ တအူအူအသံဗလံနှင့်
တဆူဆူ တညံညံကိုက်ကြ၊ တိုက်ကြ၊ မိုက်ကြတော့.......'
စသည်ဖြင့် တို့ဗမာ သခင်ခေတ်က တပည့်ကျော်များအား ကရုဏာဒေါသော ဖြစ်ရပြန်လေသည်။
(၄)
၁၃၀၀- ပြည့် အရေးတော်ပုံမှ စ၍ ၁၉၆၃- အထိ အနှစ်အစိတ်လောက်သော ကာလအတွင်း ကျွန်တော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ထွန်းညှိခဲ့သော မီးရှူးတန်ဆောင် လင်းပြရာ လမ်းမ၌ လျှောက်ခဲ့ရပေသည်။ ဆရာကြီး၏ လက်ဖက်ဝိုင်း၌ စကားနာသူ၊ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဌ ဆရာကြီး၏ လက်ထောက်၊ နိုင်ငံခြားသို့ အစည်းအဝေးတက်၊ မိတ်ဆက်ချစ်ကြည်ရေးခရီး အတူသွားရသူ၊ မြစ်ဝကျွန်းပေါ်နှင့် အညာတခွင် ငြိမ်းချမ်းရေး ခရီးစဉ်၌ အတူပါရသူ၊ စသည်အားဖြင့် ဆရာကြီးထံပါး၌ နေခဲ့ရသည်။
ထိုအခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို နားလည်ကာ ခင်လာပါတော့သည်။ ထိုပုဂ္ဂိုလ်ကား ပြည်သူ့ခေါင်းဆောင် ပြည်သူ့ကဗျာဓိုရ်ကြီး ဖြစ်သည်။ ထိုအခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကဗျာတရားတို့ကို မင်လာပါတော့သည်။ ပုဂ္ဂိုလ်နှင့်တရားကို တခြားစီ ခွဲ၍ မရပါ။ ရှင်းပါအံ့။
ကျွန်တော်တို့၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၌ တော်လှန်ရေးအကွေ့များကို ဖြတ်ကျော်ခဲ့ကြရသည်။ တကွေ့တကွေ့တွင် ခေါင်းဆောင်မှုပိုင်း၌ ဖောက်ပြန်ရေး၊ စေ့စပ်ရေးအစုနှင့် တိုးတက်သော တော်လှန်သောအစုတို့ လမ်းခွဲသောအခါတိုင်း ဆရာကြီးသည် တိုးတက်သော တော်လှန်သောဘက်က ရပ်တည်သည်။ ထိုအခါ ဆရာကြီးသည် ကဗျာဖြင့် ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချကဲ့ရဲ့ကာ တိုးတက်သည့်ဘက်ကို ဂုဏ်ပြုသည်။ ထိုအကွေ့၌ ဖောက်ပြန်ရေးသမားများကို ထားရစ်ခဲ့ကာ တော်လှန်ရေးသမား များနှင့် လက်တွဲ၍ ဆက်လက်ချီတက်သွားသည်။
ထို့အတူ နောက်တကွေ့တွင်လည်း ယခင်တကွေ့တုန်းက တိုးတက်ခဲ့သော ခေါင်းဆောင်မှုသည် ဖောက်ပြန်လာသောအခါ သူတို့ကိုလည်း ထားရစ်ခဲ့ရပြန်ကာ တော်လှန် ရေး အင်အားသစ်ဘက်နှင့် လက်တွဲဆက်လက် ချီတက်သွားပြန်သည်။
ထို့ကြောင့် ဆရာကြီးအား အမြဲတမ်း တိုးတက်သည့်ဘက်၊ တော်လှန်သည့်ဘက်တွင် မြင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ဆရာကြီးနှင့် ၀ံသာနုခေတ်က လုပ်ဖော်ကိုင်ဖက် အသက် ၈၀ ကျော်အရွယ် ခေါင်းဆောင်အိုကြီးများမှာ သူတို့၏ ရာဇ၀င်ခန်းကုန်၍ နောက်တွင် ကျန်ရစ်ခဲ့စဉ် ဆရာကြီးမှာ အသက် ၁၄-၅ နှစ် တက်သစ်စ တိုးတက် တော်လှန်သော ကျောင်းသားလူငယ်များနှင့် လက်တွဲလျက် ရှိနေပေသည်။
ဘာကြောင့် ဆရာကြီးသည် ခေတ်တိုင်းခေတ်တိုင်း တိုးတက်သော၊ တော်လှန်သော အင်အားသစ်များ၏ နာယကကြီး ဖြစ်နေရသနည်း။
ဆရာကြီး၏ လုပ်ငန်းစဉ်မှာ ရှင်းသည်။ ဆရာကြီးသည် အမြဲတမ်း အဖိနှိပ်ခံ ပြည်သူ့ဘက်က နေခြင်းဖြစ်သည်။ ဖိနှိပ်သော လူတန်းစားဘက်၊ အုပ်စိုးသောဘက်က ဆရာကြီး ဘယ်တော့မှ မနေ။
တချိုက ဆရာကြီးကို 'ခေါ်ယင်လိုက်တာဘဲ၊ ခေတ်မမီတော့ဘူး၊ အတိုက်အခံ နိုင်ငံရေးပါတီတွေက အသုံးချနေတာ' ဟု ယူဆကြသည်။
ကျွန်တော်က ဤကဲ့သို့ မမြင်။
ဆရာကြီးသည် အံ့သြဘွယ်ရာ ကောင်းလောက်အောင်ပင် ပါးသည်။ ထက်မြက်သည်။ အခြေအနေကို သိမြင်နေသည်။ အဖိနှိပ်ခံဘက်က ခေါ်လျှင်သာ လိုက်သည်။ တိုးတက်သော ဘက်၊ တော်လှန်သောဘက်၌ အမြဲတမ်း တည်ရှိသော ဆရာကြီးထက် မည်သူက ခေတ်မှီဦးမည်နည်း။
ဆရာကြီးအား နိုင်ငံရေးပါတီများက အသုံးချသည်ဟူသော ထင်မြင်ချက်နှင့် ပတ်သက်၍ ဆရာကြီး၏ စေတနာမှာ မှတ်သားဖွယ်ကောင်းလှ၏။ တခါက ဆရာကြီးသည် ကွမ်းစားရင်း 'ဟေ့ တာရာ၊ ဆရာ့ကို အသုံးချတယ် ဘာတယ် ညာတယ် ပြောကြတာ ဆရာသိသားဘဲ၊ ဒီမယ် တာရာ ရ၊ ငြိမ်းချမ်းရေးအတွက်ဆိုရင် ဆရာ့ကို အသုံးချကြစမ်းပါ ဆရာခံပါ့မယ်'
ကျွန်တော့်မှာ ဆရာကြီး၏ စကားများအတွက် ရင်ထဲတွင် ကြေကွဲ ထိခိုက်မိလာသည်။
ဆရာကြီးသည် အခြေအနေနှင့် ဘယ်တော့မှ မကင်းကွာ၊ အမြဲတမ်း နောက်ဆုံး အခြေအနေကို သိပြီး ဖြစ်နေသည်။
ဆရာကြီးသည် ရှုပ်ထွေးပွေလီသော၊ မဲနက်သော နိုင်ငံရေး ၀င်္ကပါများကို သိသည်။ ဆရာကြီး၏ နိုင်ငံရေး အတွေ့အကြုံကား ကျွန်တော်တို့၏ အမျိုးသားလွတ်မြောက်ရေး သမိုင်း လောက် သက်တမ်းရင့်သည် မဟုတ်လော။ ဆရာကြီးသည် တခါတရံ.......
'သြော်.... သက္ကရာဇ်ကယ်နှင့်
အသက်စစ်လိုက်တော့
သက်ရှစ်ဆယ် တခုယုတ်အတွင်းတွင်မှ
သြော်... တက်ခေတ် တက်ခေတ်နှင့်
တဖက်ဖက် ညစ်ချင်တဲ့
ဖက်ဆစ်သဖွယ် ယခုတသုတ်မင်းတွင်ဖြင့်
အပြု ကျွန်ပ်မကင်းသူတွေနဲ့
ဘုရားထဲ တရားပွဲသဘင်
(အိုကွယ်) ဘသူ့အရှုပ်အရှင်းကိုမှ
ကြားလဲ မကြားချင်။
သြော်... ဘုရားအလုပ် တရားအလုပ်ကိုဖြင့်
အားထုတ်မယ် ကြံစည်ပေမယ့်.......'
စသည်ဖြင့် ညည်းမိသည်မှာ ဓမ္မတာပင် ဖြစ်သည်။
ဆရာကြီး၏ ဘ၀ အတွေ့အကြုံကား ကုံလုံကြွယ်ဝလှသည်။ ဆရာကြီး၏ ဘ၀ မာတိကာစဉ်ကား များထွေလှသည်။ ဘုန်းကြီးကျောင်း စာသင်သား၊ အညာခရီးသည်၊ စာစီသမား၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ ရာဇ၀င်ကျမ်းပြုဆရာ၊ စာပေကျမ်းပြုဆရာ၊ ၀တ္ထုရေးဆရာ၊ ပြဇာတ်ဆရာ၊ မြန်မာစာပါမောက္ခ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ဒို့ဗမာအစည်းအရုံးနာယက၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဌ၊ စတာလင် နိုင်ငံတကာ ငြိမ်းချမ်းရေးဆုရ၊ အင်္လကာကျော်စွာ ဘွဲ့ရ၊ ဂျာမဏီတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရ။
ဤ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို ခင်ပြီးနောက် ဘာကြောင့် ဆရာကြီး၏ ကဗျာတရားတို့ကို မမင်ဘဲ နေနိုင်မည်နည်း။
ဆရာကြီးသည် သူရေးသည့်အတိုင်း လုပ်သည်။ ဆရာကြီး၏ တရားသည် ဆရာကြီး၏ အလုပ်မှ ထွက်ပေါ်လာသည်။ ဤအချက်မှာ အထူးခြားဆုံးဖြစ်၏။
နိုင်ငံရေးလောက၌ ပြောသလို လုပ်သူ ရှားသည်။ အပြောတခြား အလုပ်တခြားက များသည်။ ပုဂ္ဂိုလ်နှင့်တရား ဘာမျှမဆိုင်ကြ။
ဆရာကြီးသည် အခန်းထဲမှ ကဗျာသက်သက် ရေးသူ မဟုတ်ပေ။ မှန်တံခါးအတွင်းမှ နေ၍ လယ်ထွန်စက်ကို ဖွဲ့သော လယ်သမား အလုပ်သမား တဆိပ်တပ် သုခမိန် မဟုတ်ပေ။ ဆရာကြီးသည် ပြည်သူကြား၌ နေကာ ပြည်သူတို့၏ ရင်ခုန်သံကို ဖော်ကျူးသည်။ ဆရာကြီး၏ အမျိုးသားလွတ်မြောက်ရေး ရဲတင်းသံကြောင့် ပြည်သူတို့ ရဲရင့်ရသည်။ ဆရာကြီး၏ ငြိမ်းချမ်းရေး ရဲတင်းသံကြောင့် ပြည်သူတို့ အားသစ်လန်းရသည်။
ဆရာကြီး၏ ကဗျာများကို လေ့လာခြင်းသည် ပြည်သူ့စာပေ၏ သဘောတရားကို လေ့လာခြင်း မည်ပေသည်။
ဆရာကြီးသည် ကဗျာအတွက် ကဗျာရေးသူ မဟုတ်ပေ။ ဆရာကြီးသည် ပိဋိကတ် စကားများကို မသုံးနှုန်း၊ အရပ်စကား လူထုစကားကိုသာ သုံးသည်။ ကဗျာကို က၀ိ၏ ဥစ္စာဟု ခက်ခဲနက်နဲအောင် ဘယ်တော့မှ မကြီးကျယ်၊ မ၀င့်ဝါ။ ထိုကြောင့် ဆရာကြီးသည် မဟာသခင်ကိုယ်တော်မှိုင်း။
ကျွန်တော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ရဲတင်းသံကို ကြားရင်း ရင်ခုန်လာသည်။ သွေးသစ်တိုး လာသည်။
(၅)
ဒတ်ဆန်းကားလေးသည် ၃ နှစ်ကျော် ကွဲကွာနေခဲ့သော လမ်းကလေးသို့ ချိုးဝင်လိုက် သည်။
စိမ်းသော သစ်ပင်များသည် မြရွက်တို့ဖြင့် မြူးကနေကြသည်။ သစ်ရိပ်ပြောက်ကျား ထဲမှ နေ၀န်းနီနီသည် ကျွန်တော့်ထံ ပြေးလာ၏။
ဒဂုန်တာရာ
ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၇၊ ဇူလိုင်။
{ဒဂုန်တာရာ ရဲ့ 'စာလုံး၊ ဆေးစက် စောင်းကြိုး နှင့် ကတ္တီပါကားလိပ်' ၁၉၇၄ ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်}

Monday, February 18, 2008
ကျောင်းသားများထံသို့
ရေးသူ-သခင်ကိုယ်တော်မှိုင်း
[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆိုချက်များဖြစ်၍၊ မည်သည့် စာနယ်ဇင်းတွင်မျှ၊ ဤ မိန့်ခွန်းမပါဘူးသေးကြောင်း]
ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။
ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။
တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။
ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။
ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။
ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။
အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။
အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက်ရောက်တဲ့ နွားနဲ့ တူနေကြတယ်။
အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။
ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။
အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။
အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရတာဘဲ။
ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။
လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။
လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။
ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။
အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့တတ်သည်" လို့ ဆိုတယ်။
လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆိုသလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန်ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။
ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာတွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာတတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။
အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။
ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မတန်တူတယ်။
လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ်နေကြရတာဘဲ။
ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာတော့ စားကျက်လုနေတာ တွေ့ရတာဘဲ။
ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။
သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြုလွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။
တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။
ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။
ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။
အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။
ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေအောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။
အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်းတယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။
အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင်လောက်ပဲ။
ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။
သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။
စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။
တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။
အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက်ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။
ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။
အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။
ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။
နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ- အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်းဘဲ။
အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ်ထားတယ်။
ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...
လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။
ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ်။
ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။
လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။
နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။
တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။
ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။
ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။
ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်'
ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင်သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။
ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင်တာင် လာမှာဘဲ။
အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။
ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသားတွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။
ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။
အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။
ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။
ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။
ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။
ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။
တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူးတယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။
"ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"
"ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။
ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။
ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာကြတဲ့ အကောင်တွေဘဲ။
အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်းဆောင်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။
အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရားပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။
အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။
[ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]
ပြီးပြီ။
အရေးတော်ပုံ အောင်ပါစေ။
[ဖိုးသံ(လူထု) အီးမေလ်နဲ့ လက်ဆင့်ကမ်းမျှဝေတဲ့ နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]

Subscribe to:
Posts (Atom)