Sunday, March 21, 2010

မမေ့နိုင်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ရေးသူ-တင်သိန်းမောင်


ဒီဇိုင်းကိုမျိုး


မြန်မာပြည်သူတွေက အရေးကြီးလို့ သွေးစည်းကြရမယ့် အချိန်မျိုး ကြုံရတဲ့ အခါမှာဖြစ်ဖြစ်၊ အားတက်စရာတွေ၊ အားတင်းကြရမယ့် အချိန်မျိုးမှာ ဖြစ်ဖြစ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို လွမ်းတသသနဲ့ သတိတရ တမ်းတလေ့ ရှိကြတယ်။
ဘာဖြစ်လို့ ဒီလို အချိန်အခါမျိုးတွေမှာ ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို လွမ်းတသသ တမ်းတခဲ့ကြ ရတာလဲ။ သတိတရ ရှိကြရတာလဲ။ အကြောင်းကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ မြန်မာပြည်သူတွေ မေ့မရနိုင်တဲ့၊ မြန်မာပြည်သူတွေရဲ့ အသည်း နှလုံးထဲမှာ အမြဲရှိနေတဲ့၊ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်လို့၊ မျိုးချစ်စာဆိုကြီး (တနည်း အမျိုးသားစာပေ၊ ယဉ်ကျေးမှု တော်လှန်ရေး ခေါင်းဆောင်ကြီး) ဖြစ်လို့၊ ပြည်တွင်းငြိမ်းချမ်းရေးဖခင်ကြီး ဖြစ်လို့ပါပဲ။


'သာသနာ မြေပလ္လင်၊ အသရေလှပေတဲ့
ရွှေမြတောင် သာတဲ့ တိုက်ဆီက
နေလ နှစ်ဆောင် ပါတော်မူတဲ့ အခိုက်ကို ဖြင့်
ကတိုက်ကရိုက် အမြန်မြင်လိုက်တော့
မခံချင် မာန်ဝင့်တဲ့ အစွမ်းရယ်နှင့်'

ဒီလို အရှင်နှစ်ပါး ပါတော်မူသွားပြီး မြန်မာတွေ သူ့ကျွန်ဘ၀ ကျရောက်သွားရတဲ့ အချိန်က စပြီးလို့ ဆရာကြီးဟာ တိုင်းပြည်နဲ့ လူမျိုးလွတ်လပ်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။
ပထမဆုံး ဆရာကြီး ဆောင်ရွက်ခဲ့တဲ့ အလုပ်ကတော့ ထက်မြက်တဲ့ သူ့ရဲ့ကလောင်ကို မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အသုံးချခြင်းပဲ ဖြစ်ပါတယ်။ ဒီကလောင်နဲ့ ဆရာကြီးက မြန်မာတွေကို သူ့ကျွန်ဘ၀ရောက်ပေမယ့် ကျွန်စိတ်မမွေးဖို့၊ သခင်စိတ်မွေးဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။

'တရား မဆိတ် မညံ၊ ဓမ္မက္ခန် အလင်းတွေနဲ့
ငါးကိုယ် ငါးတန် ပုဂံ သနင်းရယ်လို့
ကြငှန်းန၀င်း သာခိုက်တွင်မှ အထိုက်အလျောက်
မြန်မြေ ကမ္ဘာမှာနော်ကွယ်
နန်းခင်းရာရိုက် စိုက်ဆောက်စံနေရာလေ့။
သရုပ်လှစ်ရမှာဖြင့်၊ သမုဒ္ဒရာဇ်ပါတဲ့
အုတ်ရှစ်ကို တူနဲ့ ထုသလိုပေါ့
ဇမ္ဗူ့ ခေတ္တရာ ရွှေပြည်ပျက်စဉ်က
အထက် အညာဆန်လို့မို့
ရတနာ ပုဂံ ဂုဏ်တမွတ်ကယ်နှင့်
ယုန်လွှတ်ခေါ် သာတဲ့ကျွန်းတွင်မှ
ကွန်းထောက် ဗိုလ်ဝင်ခံလို့မို့
ဗဟိုပလ္လင်ပျံမှာ ကနက်ကဒဏ်ထီးတွေနဲ့
တောင်ပြည်မှာ အောင်စည်တီးရန်ဘို့'

ဆိုပြီး ကိုယ့်ထီးကိုယ့်နန်း နေရတဲ့ခေတ်ကို အမွှန်းတင်ပေးခဲ့တယ်။ အမျိုးသားရေး သွေးထိုး စိတ်ဓါတ်ကို လှုံ့ဆော်ပေးခဲ့တယ်။ မြန်မာတို့ရဲ့ ဇာတိသွေး၊ ဇာတိမာန်ကို ထုတ်ဖော်ပေးခဲ့တယ်။ တိုင်းပြည်နဲ့ လူမျိုး သူတပါး လူမျိုးခြားအောက် ကျရောက်နေတဲ့ အချိန်မျိုးမှာ ဒီလို ဇာတိသွေး၊ ဇာတိမာန်ကို ဖော်ထုတ်တာ၊ မျိုးချစ်စိတ်၊ အမျိုးသားရေး စိတ်ကို ဖော်ထုတ်တာဟာ လွတ်လပ်ရေး တိုက်ပွဲရဲ့ အခြေခံ လုပ်ငန်းဖြစ်တယ်။ ဒါကို ဆရာကြီးက စံနမူနာပြခဲ့တယ်။
မြန်မာတွေ အမျိုးသားရေး နိုးကြားလာပြီး ဗြိတိသျှကိုလိုနီအစိုးရနဲ့ အုပ်ချုပ်ရေး တိုးပေးဖို့ အရေးဆိုကြတဲ့အခါ ဆရာကြီးက ထက်ထက်သန်သန် ထောက်ခံ အားပေးခဲ့တယ်။ အင်္ဂလန်သွား အရေးဆိုကြတဲ့ ဦးဘဖေ၊ ဦးပုနဲ့ ဦးထွန်းရှိန်တို့ကို ဒီလို ကောင်းချီးတွေ ပေးခဲ့တယ်။

'သြော် ပြေအမှုပေမို့၊ ငွေခရုငယ်နှင့် ဇေယတုပါကွဲ့
သပြေနုချိန် တင်ရန် ပန်းတွေကလည်း
များလိုက်ပါ ဘိသနဲ့
ဖေ-ပု-ရှိန် အင်္ဂလန် နန်းမြေသွားတို့မှာဖြင့်
အားမြှောက်ဖွယ် ကြံလွယ် ဖန်လွယ်နှင့်
အန္တရာယ် ရန်စွယ်မောင်းပါလို့
မြန်နယ်ကို ပြန်လွယ်ကြောင်းတွေနှင့်
ဆုတောင်းခါ ပတ္တနာ ဆင်တဲ့ပြင်
ဆရာအရှင် မင်းတို့ ကိုယ်ရင်မှိုင်းမှာဖြင့်'
ဆိုပြီး သမိုင်းမှတ်တမ်းထိုးခဲ့တယ်။

၁၉၂၀ ပြည့်နှစ်မှာ ပထမ ကျောင်းသားသပိတ်ကြီး ပေါ်ခဲ့တယ်။ ဒီ ကျောင်းသားသပိတ်ကို ဂျီစီဘီအေ အဖွဲ့ချုပ်ကြီးနဲ့ ပြည်သူတရပ်လုံးက ထောက်ခံအားပေးကြတယ်။ ဒီသပိတ်ဟာ ကိုလိုနီပညာရေး စနစ်ကို ပထဆုံးဆန့်ကျင်တိုက်ခိုက်တဲ့ သပိတ်တိုက်ပွဲ ဖြစ်တယ်။ ဒီလို ကျောင်းသားထုရဲ့ တိုက်ပွဲခေါ်သံကို ဆရာကြီးက

'သြော်.. ဝေးခရီးပေမယ့် အရေးကြီးလျှင်ဖြင့်
သွေးနီးရာပါစမြဲမို့
ဆရာလည်းကွာ ပထမ အရင် ကနဦးဆီက
မြန်မာ့တခွင်မှာ သမတရှင်ဘုရင် မလူးခင်ပ
ထဆင်ဒူးကို တမြည်မြည် သင်ခဲ့သမို့
ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ် ခေါင်းအပေါ် ဖျားမှာလ
မင်းတို့ ဆရာကို
စာရင်းတို့ကာ ထားလိုက်ပေတော့'
လို့ တုံ့ပြန်ခဲ့တယ်။

ဒီလိုတုံ့ပြန်ပြီး သူရိယတိုက်အယ်ဒီတာ အလုပ်ကထွက်ကာ အမျိုးသား ကောလိပ်မှာ ဆရာသွားလုပ်ခဲ့တယ်။ အရေးကြီးရင် သွေးစည်းခဲ့တဲ့ ဆရာကြီး ဖြစ်တယ်။ မိမိအရေး အမျိုးသားအရေး ယှဉ်လာရင် မိမိအရေးကို စွန့်ပြီး အမျိုးသားအရေးကို အလေးပေး လုပ်ခဲ့တယ်။ အမျိုးသားအရေးကို အမြဲ ဦးထိပ်ထားခဲ့တယ်။ ဒါဟာ ဆရာကြီးရဲ့ လုပ်ဟန်ဖြစ်တယ်။
ဒီနောက်ပိုင်း စံဖဲအရေး၊ ဆရာစံ တောင်သူလယ်သမားအရေးတွေမှာလဲ ဆရာကြီးဟာ စံဖဲ အသက်ကယ်ဆယ်ရေး၊ ဆရာစံလယ်သမား အရေးတော်ပုံကြီး ထောက်ခံရေးတွေကို ရဲရဲရင့်ရင့် ဆောင်ရွက်ခဲ့တယ်။
၁၉၂၉-၃၀ ခုနှစ် ကမ္ဘာ့စီးပွါးရေးပျက်ကပ်ကြောင့် မြန်မာ့ဆန်ရေစပါးဈေးတွေ ကျွမ်းစိုက်ကျပြီး ကိုလိုနီစီးပွါးရေးဘ၀ရဲ့ အောက်ဆုံးအလွှာက မြန်မာ့လယ်သမားတွေ အကြီးအကျယ် ဒုက္ခရောက်ခဲ့ကြ ရတယ်။ လယ်လုပ်ပြီး ထမင်းငတ်ခဲ့ကြရတယ်။ ဆရာစံခေါင်းဆောင်တဲ့ သာယာဝတီ လယ်သမား အရေးတော်ပုံကြီး ပေါ်ခဲ့တယ်။ ဒီ လယ်သမားအရေးတော်ပုံကြီးကို ဆရာကြီးက သူ့ကလောင်နဲ့ ဂုဏ်ပြုခဲ့တယ်။

'သြော် မြန်မာပြည် တ၀ှမ်းတွင်ဖြင့်
သာယာဝတီစခန်းဆီက အာဇာနည်အစွမ်းတွေ
ဟိုအရင် ယမန်က
ဗဟိုပလင်ပျံမှာ သမတ မတိမ်းအောင်လို့တဲ့
ဗိုလ်ဝင်ခံကာ မြန်မာ့ကိန်းတွေနှင့်
မြစိမ်းတောင်ညိုညိုက
ချောင်ခိုကာ အောင်ဗဟိုရ် ရွမ်းလိမ့်မတဲ့
ထွန်းလှဲ့ ခေါင်ပရမေ ပေနော်ကွယ်
အစွန်းမနွဲ့၊ အညွှန်းတဲ့နေကြ
သြ လွမ်းဘွဲ့အောင်မြေ
-------------
ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်
ဥုံ အရဟံ သစ္စာ ဂတိတွေနဲ့
ဂဠုန် သရဏံ ဂစ္ဆာမိကြပေတော့......'

ဒီလို လယ်သမားအရေးတော်ပုံကြီးကို ဆရာကြီးက မော်ကွန်းထိုးခဲ့တယ်။
အဲဒီခေတ် အဲဒီအခါကဆိုရင် အင်္ဂလိပ် ကိုလိုနီအစိုးရရဲ့ မြို့အုပ် မြို့ပိုင်လောက်ကိုတောင် သခင်ခေါ် လက်အုပ်ချီပြီး ဘုရားထူးရတဲ့ ခေတ်ပါ။ အဲဒီလို ခေတ်မျိုးမှာ ဆရာကြီးက ဒီလိုစာတွေ ရေးခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘုရင်ခံ အင်္ဂလန်ကို ခွင့်ပြန်တုန်းက ဆာဂျေအေမောင်ကြီး ခေတ္တဘုရင်ခံဖြစ်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက လေးချိုးကြီးတပုဒ်ရေးပြီး ဘုရင်ခံကို မောင်းထုတ်ခဲ့ဖူးတယ်။

'ဌာနအင်္ဂလန် ပြန်ရှာမဲ့ ခရီးဆီက
သဒ္ဓါစရ ဘုရင်ခံ ဒကာကြီးကိုဖြင့်
တခါတည်းသာပ အပြီးထာဝရ မြန်းကြွပြန်စေချင်
ချမ်းချမ်းမြမြ မနေလျှင်ဖြင့်
အခွင့်မတော်လျှင်ဖျား
သြော် နန်းမြန်မာ့ရွှေပလင်နှင့်
မသင့်မလျော် တကား'

ဝံသာနုခေတ်အပြီး တို့ဗမာအစည်းအရုံးခေတ်၊ သခင်ခေတ် ရောက်တဲ့အခါ လွတ်လပ်ရေး အတွက် တကယ်စွန့်စွန့်စားစား လုပ်ကြမယ့် ပညာတတ်လူငယ်တွေပဲရယ်လို့ ယုံကြည်ပြီး သခင်အသင်းကို ဆရာကြီး ၀င်ခဲ့တယ်။ သခင်လူငယ်တွေဟာ အတွေးရဲတယ်။ အလုပ်ရဲတယ်။ ဒါကြောင့် လွတ်လပ်ရေး အောင်ပွဲကို သူတို့ ယူပြမှာပဲလို့ ဆရာကြီး ယုံခဲ့တယ်။

'တို့ဗမာတခွင် သခင် ထိုအကျော်အမော် ဂိုဏ်းတွင်ဖြင့်
မျှို့ရတနာသဘင်
အကြင် ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်
ပလင်ဗဟို တနှိုင်းပေပ၊
ဇမ္ဗူသမိုင်း ပျော်စရာ့အချေ
အိုကွယ် သခင်ကိုယ်တော်မှိုင်းရယ်လို့
လူတိုင်းခေါ်ကြစေ'

ဒီလို ဆရာကြီး သခင်ဘွဲ့ခံပြီး သခင်လူငယ်တွေနဲ့ ကိုလိုနီဆန့်ကျင်ရေး၊ လုံးဝလွတ်လပ်ရေး တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခဲ့တယ်။
ဒီလို သခင်အသင်းဝင်ပြီး တက်တက်ကြွကြွ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့လို့ အင်္ဂလိပ်အစိုးရက ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သူ့ရဲ့ ရန်သူတော်စာရင်း (Burma List) မှာ ရန်သူတော် နံပါတ် (၁) အဖြစ် သတ်မှတ်ခဲ့တယ်။ (ဒီစာရင်းမှာ သခင်ဗဟိန်းက နံပါတ် (၂)၊ သခင်အောင်ဆန်းက နံပါတ် (၅) ဖြစ်ပါတယ်။)
ပြောရရင်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ၀ံသာနုအရေးတော်ပုံ၊ တောင်သူလယ် သမား အရေးတော်ပုံ၊ ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ဖက်ဆစ်ဆန့်ကျင်ရေးကာလ၊ လွတ်လပ်ရေးကြိုးပမ်း မှု ခရီးတလျှောက်လုံးမှာ ရဲဘော်ရဲဘက်၊ တပည့်တပန်းတွေနဲ့ ရှေ့တန်းက အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်ခဲ့တဲ့ သမိုင်းတလျှာက်မှာ ဆရာကြီးဟာ ရာထူးမမက်၊ အာဏာမမက်၊ ငွေမမက်၊ ဘွဲ့ထူး ဂုဏ်ထူးတွေမမက်ဘဲ အမျိုးသားရေး လွတ်လပ်ရေးအတွက် သစ္စာရှိရှိ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တယ်။ ကိုလိုနီခေတ်ကစပြီး ခေတ်အဆက်ဆက်မှာ ဆရာကြီးဟာ ကပ်ပါးရပ်ပါးစိတ်၊ မင်းကပ်စိုးမြှောင်စိတ် မထားဘဲ၊ ရိုးသားတဲ့ သီလ သမာဓိ သိက္ခာနဲ့ နိုင်ငံရေးကို ဆောင်ရွက်ခဲ့တယ်။

'ဆရာ ကိုယ်တော်မှိုင်းသည် ကသိုဏ်းအတွက် န၀င်းအရ မင်းဘုရာ့အာဏာမြှောင် ပြီး ဘာကောင်မှ မလုပ်ချင်ဘူး'
လို့လဲ ရေးခဲ့တယ်။

ကိုလိုနီခေတ်မှာ အခွန်အတုပ်တွေ ကြီးလွန်းလို့ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ခေတ်မှာ လူ့စည်းစိမ်ခံပြီး ရာထူးယူချင်တဲ့စိတ်မရှိကြောင်းကို-

'အခွန်အတုပ်အကြောင်း ကောင်းကောင်းသိလှသော၊
တပည့်မတို့ ကိုးကွယ်ရာ၊ မဟာယောဂီသည်
လေကီအခုအခါ အမှုပါ၍
လူ့ဓမ္မတာ အထူးမှတ်ကြတဲ့
မှူးမတ်တို့ စည်းစိမ်ကို မဆိုထားဘိ၊
တရားနှလုံး စွဲသုံးဆင်ချင်သဖြင့်
ရှင်ဘုရင်တောင် လုပ်ချင်စိတ် မပေါက်ကြောင်း'

ရေးသားခဲ့ဖူးပါတယ်။ ဒါတွေကို ကျွန်တော်တို့ နောင်လာနောက်သားတွေ အတုယူစရာ ဆရာကြီး ထားရစ်ခဲ့တဲ့ အမွေတွေပါ။
မြန်မာစာပေသမိုင်းနဲ့ ပတ်သက်လို့ပဲ ဆရာကြီးရဲ့ အခန်းဟာ အင်မတန် ကြီးမားပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့စာတွေဟာ အစဉ်အလာ၊ မင်းဘွဲ့စိုးဘွဲ့ စာတွေကနေ လမ်းခွဲထွက်လာပြီး အကြောင်းအရာရော၊ အရေးအသားပါ သစ်လွင်တဲ့ ပြည်သူ့ဘက်တော်သား၊ ပြည်သူ့ကလောင်အဖြစ် ရပ်တည်ခဲ့တယ်။
ကိုလိုနီတခေတ်လုံး အမျိုးသားရေး၊ လွတ်လပ်ရေးအတွက် သူ့ကလောင်ကို သစ္စာရှိရှိ၊ သတ္တိရှိရှိနဲ့ အသုံးချခဲ့တယ်။ အမျိုးသားရေး၊ လွတ်မြောက်ရေး သမိုင်းတာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ဒါကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို မျိုးချစ်စာဆိုကြီး၊ အမျိုးသားစာပေဖခင်ကြီး၊ စာပေသစ်ဖခင်ကြီးလို့ ချီးကျူးပူဇော်ကြတာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ စာပေတွေကို လေ့လာလေ ဒီအချက်ခိုင်မာကြောင်းကို တွေ့ရလေ ဖြစ်ပါတယ်။ မြန်မာစာပေသမိုင်းမှာ ဆရာကြီးရဲ့ စာပေကျေးဇူး တွေ အများကြီး ရှိတယ်။
ဆရာကြီးရဲ့ ကိုယ်ကျင့်တရားစင်ကြယ်မှု၊ ရိုးသားမှု၊ သစ္စာရှိမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု တွေဟာ သမိုင်းအဆင့်ဆင့်မှာ အစမ်းသပ် အစစ်ဆေးခံပြီး ဖြစ်ပါတယ်။ ဆရာကြီးရဲ့ သီလဂုဏ် သမာဓိဂုဏ်တွေကို ရေးသားလို့ ကုန်နိုင်စရာ မရှိပါဘူး။ ဆရာကြီးရဲ့ အိုကြီးအိုမ ဘ၀နေ၀င်ချိန် မှာတောင် ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းတွေ တိုင်းပြည်အနှံ့ ကမ္ဘာအနှံ့ ခရီးဆန့်ပြီး ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးဖခင်ကြီး လဲ ဖြစ်တယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ နိုင်ငံအရေး ပြည်သူ့အရေးတွေကို ဘယ်လောက် သူ့စိတ်နှလုံးသားထဲ သွင်းထားခဲ့သလဲ ဆိုရင် ကွယ်လွန်ခါနီး နောက်ဆုံးအချိန်မှာတောင်

'အင်း ဆရာတော့ မသေခင် ဆရာတို့ တိုင်းပြည်မှာ တကယ့်လွတ်လပ်ရေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် ဖြစ်တာကိုပဲ မြင်သွားချင်တာပဲ'

လို့ ပြောသွားတယ်။
ဒီလို နိုင်ငံအရေး၊ ပြည်သူ့အရေးတွေကို တသက်တာပတ်လုံး ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့လို့ အဘိုး သခင်ကိုယ်တော်မှိုင်းကို မြန်မာပြည်သူတွေက ချစ်ကြတာ၊ မမေ့နိုင်ကြတာ ဖြစ်တယ်။ အရေးကြီးလို့ သွေးနီးကြရတဲ့ အခါမျိုးမှာ ဖြစ်ဖြစ်၊ အားတင်းစရာနဲ့ ကြုံရတဲ့ အခါမျိုးမှာ ဖြစ်ဖြစ်၊ ဆရာကြီးကို ကျွန်တော်တို့ လွမ်းတသသနဲ့ တမ်းတကြရတာ ဖြစ်ပါတယ်။
ဒီကနေ့ဆိုရင် (၁၉၉၆) ဆရာကြီးကွယ်လွန် အနိစ္စရောက်တာ နှစ်ပေါင်း ၃၂ နှစ် ရှိပါတော့မယ်။ ဆရာကြီးသာ အသက်ထင်ရှား ရှိမယ်ဆိုရင် ဒီနှစ် (၁၉၉၆) ဟာ ဆရာကြီး အသက် ၁၂၀ ပြည့်မယ့် မွေးနေ့ ဖြစ်ပါတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အသက် ၁၂၀ ပြည့်နှစ် (၁၉၉၆) မွေးနေ့ကို အထိမ်းအမှတ်ပြု သောအားဖြင့် ဆရာကြီး ခင်းခဲ့တဲ့ စာပေလမ်းကြောင်းမှာ လျှောက်လှမ်းကြတဲ့ ကျွန်တော်တို့ဟာ ဆရာကြီးရဲ့ စံနမူနာအတိုင်း ပြည်သူ့ဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ပြီး နိုင်ငံနဲ့ ပြည်သူ့အကျိုး သယ်ပိုးကြပါစို့လို့ နှိုးဆော်ချင်ပါတယ်။

တင်သိန်းမောင်
၁၉၉၆ခု၊ စာပေဂျာနယ်၊

[စာအုပ်အဖြစ်ထုတ်ဝေခဲ့သော ၂၀၀၁ မတ်လထုတ် မာယာမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။]

No comments: