Thursday, March 11, 2010

နန်းစကား မန်းစကား- မြန်မာတို့ရဲ့ မြန်မာစကား ၂ (အဆက်)
ရေးသူ- လူထုစိန်ဝင်း



၂၀။ မောင်းမဲ
ထိတ်လန့်ရွံ့ကြောက်စေရန် ကျယ်လောင်စူးရှသော အသံဖြင့် ပြစ်တင်ပြောဆိုသည်။ ကြိမ်းမောင်းသည်။ (ငေါက်ငမ်း၊ ခြိမ်းခြောက်၊ ဆဲရေး စသော သကားရပ်များနှင့် အနက်တွဲစပ် သုံးနှုန်းထားသည်) လို့ မြန်မာအဘိဓာန် (အကျဉ်းချုပ်)က အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
'ပြစ်တင်မောင်းမဲသည်' လို့ တွဲစပ်သုံးလေ့ ရှိကြသေးပေမယ့် 'မောင်းမဲ' တလုံးတည်းတော့ တယ်ပြီး အသုံးမလေ့ကြတော့ပါဘူး။ တော်တော်တိမ်မြုပ်နေပါပြီ။
'၀င်္ဂရွာတွင်၊ ဆာဝါနှင့်ညား၍၊ သုဘဒ်သားကို၊ ဖွားလတ်ပြီးမှ၊ ဆာဝါကမောင်းမဲ၊ တတွတ်တွတ်ဆဲသော အခါ၊ အသဲကနာ၊ စိတ်ထဲကဆာ၍' လို့ ဦးပုညက 'ဥပကနှင့် ဆာဝါဟောစာ' ထဲမှာ 'မောင်းမဲ' တလုံးတည်း သုံးသွားတာ တွေ့ရပါတယ်။


၂၁။ ဆိတ်စာ
'ငပိစိမ်းစားကလေး 'ဆိတ်စာ' လောက်ပေးပါ' ဆိုတဲ့အပြောမျိုး အညာဒေသတွေမှာ သုံးတတ်ကြသေး ပေ မယ့် ဒီနေ့ခေတ် စာပေအရေးအသားတွေမှာ တယ်ပြီး မတွေ့ရတော့ပါဘူး။
ဆိတ်စာ= အနည်းငယ်၊ တဆိတ်စာလို့ မြန်မာအဘိဓာန်ကဖွင့်ပါတယ်။
'တထွေတလာ၊ သည်တခါတွင်၊ ဆိတ်စာလွဲချော်၊ သနားတော်ကို၊ ထိပ်ပေါ်တံ့တံ့၊ ခံပါဝံ့ဟု' (သူဇာ-၃၆) လို့လည်း အထောက်အထား ပြပါတယ်။
ဦးပုညရဲ့ 'ဥပကနှင့် ဆာဝါဟောစာ' မှာလည်း
'ဘယ်ရပ်ဘယ်ရွာ၊ ဘယ်ခမ်းဝါက၊ ကြွလာသတုန်း၊ ဆိုင်းပါအုန်းသည်တွင်၊ ၀င်ပါအုန်းရှင်ဘုရား၊ နားပါအုန်းဆိတ်စာ၊ ခရီးပန်းလို့၊ ညှိုးနွမ်းရှာရော့မည်' လို့ ရေးသားထားပါတယ်။

၂၂။ အယ်
ပြည့်ဖောင်းသော၊ အလွန်များပြားသော (ဘန်း) ကြီးထွားဖွံ့ဖြိုးသော၊
'သူ့ရွှေခြေကျင်းကလည်း အယ်နေတာပဲ' အော်မြည်သောအသံ။ စသည်ဖြင့် အဘိဓာန်က ဖွင့်ဆိုပါတယ်။ ဦးပုညရဲ့ 'ဥပကနှင့် ဆာဝါဟောစာ' မှာလည်း
'တကောင်နှင့်တကောင်၊ နံဘေးချင်းမြှောင်၊ အယ်အောင်ကြီး မပူးစေနှင့်၊ တပ်ဦးက ချီတက်စေ' လို့ ရေးသားပြီး 'အယ်' ကို တအားကြီး မပူးစေနှင့်၊ သိပ်ကြီး မပူးစေနှင့် ဆိုတဲ့ အဓိပ္ပါယ်ရှိကြောင်း ပြခဲ့ပါတယ်။
အဲဒီ 'အယ်' ဆိုတဲ့စကားနဲ့ ခပ်ဆင်ဆင် ကျွန်တော်တို့ မန္တလေးသူ မန္တလေးသားတွေ အသုံးလေ့ကြတဲ့ စကားတွေ ရှိပါသေးတယ်။ အဲဒါတွေကတော့ 'အတင်း'၊ 'အဓမ္မ'၊ 'အာဏာကုန်'၊ 'ဒလကြမ်း' ဆိုတဲ့ အသုံးတွေပါ။

၂၃။ အတင်း
'သူတပါး၏ အလိုနှင့် ဆန့်ကျင်လျက် နိုင့်ထက်စီးနင်း' လို့ ဓာန်-၅၈ မှာ ဖွင့်ဆိုထားပါတယ်။
'အတင်းမျိုချတာပဲ'၊ 'ဇွတ်အတင်း ဖိပြောတာပဲ' စသဖြင့် 'မရမက' လုပ်တဲ့ အဓိပ္ပါယ်နဲ့ ပြောတတ်ကြ ပါတယ်။

၂၄။ အဓမ္မ
'မတရားသဖြင့်၊ နိုင့်ထက်စီးနင်း၊ ဇွတ်အတင်း'။ ဓာန် - ၇၂။
ဒီစကားလည်း မန္တလေးသူ မန္တလေးသားတွေ ပါးစပ်ဖျားမှာ သီးနေတဲ့ စကားပါ။ 'အဓမ္မစားတာပဲ' 'အဓမ္မ၀တာပဲ' 'အဓမ္မဆိုးတာပဲ' စတဲ့ စကားတွေဟာ 'အလွန်အမင်း'၊ 'တရားလွန်' ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတတ် ကြတာပါ။

၂၅။ အာဏာကုန်
'စွမ်းဆောင်နိုင်သည့်အတိုင်းအတာ ကုန်ဆုံးသည်အထိ အစွမ်းကုန်' ဓာန် - ၁၅၃။
'ဒီဈေးက အာဏာကုန်ပဲလား'
'ဒါ အာဏာကုန် လျှော့ထားတာပါ'
'အာဏာကုန် လိုက်လျောထားတာပါပဲ' စသဖြင့် အစွမ်းကုန်ပဲ ဆိုတဲ့သဘော ပြောလေ့ရှိကြပါတယ်။

၂၆။ ဒလကြမ်း (တရကြမ်း)
'အပြင်းအထန်၊ အင်ကြီးအားကြီးနှင့်' ဓာန် - ၈၄။
ပြင်းပြင်းထန်ထန်၊ ကြမ်းကြမ်းတမ်းတမ်း လုပ်ရပ်မျိုးကို ပြောလေ့ရှိပါတယ်။
'ဒလကြမ်း ပြေးသွားတယ်'
'ဒလကြမ်း စားတာကိုး၊ နင်မှာပေါ့'
စသဖြင့် ပြောတတ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က မန္တလေးသင်္ကြန်မှာ ဈေးချိုတော် တိုက်တန်းကြီးရှေ့က 'ဒလကြမ်း' ရေပက်အဖွဲ့ဆိုတာ ရှိပါတယ်။ မန္တလေးတမြို့လုံးက ဖလားတို့ ခွက်တို့နဲ့သာ ရေပက်ကြတဲ့ခေတ်မှာ အဲဒီ 'ဒလကြမ်း' အဖွဲ့က မီးသတ်ပိုက်ကြီးတွေနဲ့ မညှာမတာကြီး ပက်ကြတာပေါ့။ အဲဒါကြောင့် လူတွေက 'ဒလကြမ်း' အဖွဲ့လို့ ခေါ်ကြတာပါ။ 'ဒလကြမ်း' ဆိုတဲ့စကားကို တခါတလေ 'ဒလမန်းကြမ်း' လို့လည်း ပြောတတ်ကြပါတယ်။

၂၇။ ဒေါင်ကောင်း ဒုကောင်း
အရပ်အမောင်းလည်းကောင်း၊ အလုံးအထည်လည်း တုတ်ခိုင်သန်စွမ်းတဲ့ ထွားထွားကြိုင်းကြိုင်း လူစားကြီးကို ခေါ်တာပါ။ စကားလုံးကွက်တိနဲ့ မျက်စိထဲကို 'ကွင်းခနဲ ထင်းခနဲ' မြင်သွားစေတဲ့ စကားလုံးပါ။ ကွယ်ပျောက်သွားမှာ နှမြောစရာ ကောင်းလှပါတယ်။
ဒီအသုံးကို ဆရာကြီးရွှေဥဒေါင်းက 'ကိုယ်အလေးချိန် တူကောင်းတူလိမ့်မည် ဖြစ်သော်လည်း ဗန္ဓုလက ဒေါင်ကောင်း၍ ဦးတင့်တယ်က ဒုကောင်း၏' လို့ သုံးစွဲရေးသားခဲ့ပါတယ်။
(ရွှေဥဒေါင်း- လက်ထက်တော်ကြီးဝတ္ထု၊ စာ- ၈၃)

၂၈။ တော်အိ လျော်အိ
'ပေါ့တီးပေါ့ဆ' 'ဖြစ်ကတတ်ဆန်း' လုပ်တတ်တာမျိုးကို ပြောတဲ့စကားပါ။ ဆရာကြီး ရွှေဥဒေါင်းရေးပုံ ကလေးကို လေ့လာကြည့်ပါ။
'ဤကိစ္စမျိုးနှင့်ပတ်သက်၍ အင်္ဂလိပ်စကားပုံ တခုမှာ နည်းယူထိုက်၏ လုပ်သင့်သည်ဆို၍ လုပ်သော အလုပ်တခုကို တော်အိလျောအိ သဘောမထားဘဲ ကောင်းကောင်းဖြစ်အောင်လုပ်ရမည်'
(ရွှေဥဒေါင်း - တသက်တာမှတ်တမ်း (ပ) စာ - ၁၇၁)

၂၉။ ဒေါင်းတိမောင်းတိ
မြန်မာအဘိဓာန်က 'ဒေါင်းတည်မောင်တည်' 'ဒေါင်းဒီမောင်ဒီ' 'ဒေါင်းတလူ မောင်းတလူ' စသဖြင့် တည်ပုဒ်ပြပြီး ကိုးရိုးကားယား၊ ဖိုသီဖတ်သီ၊ ဖိုးရိုးဖားရားလို့ အဓိပ္ပါယ် ပေးထားပါတယ်။
ကျွန်တော်တို့ အရပ်ထဲမှာ သုံးကြတာကတော့ 'ဒေါင်းတိမောင်တိ' ပါ။ အဓိပ္ပါယ်ကတော့ အဘိဓာန်က ဖွင့်ဆိုထားတဲ့အတိုင်း 'ဖိုသီဖတ်သီ' ပါပဲ။
ဆရာကြီးရွှေဥဒေါင်းက 'ဖီးလိမ်းပြင်ဆင်မှုနှင့်ပတ်သက်၍ သူ့ခေတ်နှင့်သူ ရှေ့ဆုံးမှ ပြေးလျက်ရှိသော စံဒေ၀ီအား မျက်စိကျလာခဲ့သော ကျွန်ပ်မှာ 'ဒေါင်းတိမောင်တိ' နှင့် တော်သလို ၀တ်ဆင်ထားသော မိန်းကလေးကို မြင်ရသောအခါ မည်သို့မျှ မထိခိုက်ဘဲ ရှိ၏' လို့ တသက်တာမှတ်တမ်းမှာ သုံးခဲ့ပါတယ်။

၃၀။ ပံ့ပိုး
ဒီခေတ်မှာ 'ပံ့ပိုး' ဆိုတဲ့အသုံး တော်တော်လေး သုံးနေကြပါတယ်။ 'နိုင်ငံတော်၏ ပံ့ပိုးမှုဖြင့်' ဆိုတာမျိုး နေ့စဉ်သတင်းစာတွေမှာ တွေ့နေရပါတယ်။ ရှေးကအသုံးနဲ့ အဓိပ္ပါယ်ခြင်း ကွာခြားလာပါတယ်။ ရှေးကတော့ 'ပံ့ပိုး' တိုတာ 'ပိုးကြေးပန်းကြေးပေး' တဲ့ သဘောမျိုးနဲ့ ကဲ့ရဲ့သင်္ဂြိုဟ်တဲ့အခါမျိုးမှာ သုံးတတ်ပါတယ်။
'သူ့ဟာမတွေကို သွားပံ့ပိုးနေတာကိုး။ မိဘအတွက် ဘယ်ပေးနိုင်လိမ့်မတုန်း' လို့ မဲ့ကာ ရွဲ့ကာ ပြောတတ် ကြတာပါ။ မြန်မာအဘိဓာန်ကလည်း- 'အကျိုးမျှော်၍ ပေးကမ်းသည်' 'ကျွန်ပ်၏ဖခင်သည် ဗွေဆိုးဖောက်လျက် ဇာတ်က၍ရသော ငွေကလေးများကို ယိမ်းသမအား ပံ့ပိုးနေရသဖြင့်' စသဖြင့် အဓိပ္ပါယ် ဖွင့်ပေးထားပါတယ်။

၃၁။ ရေငယ်
အခုခေတ်မှာ ရေနည်းတယ်၊ ရေကျတယ်၊ ရေစစ်တယ်လို့သာ အသုံးလေ့ကြပါတယ်။ 'ရေငယ်' ဆိုတဲ့အသုံး သိပ်မတွေ့ရတော့ပါဘူး။
ဆရာကြီး ရွှေဥဒေါင်းက- 'အစိုးရသင်္ဘောများသည်ပင်လည်း အလွန်ရေငယ်သည့် (ဧပြီလ ၁၅ ရက်နေ့အထိ) အချိန်အပိုင်းအခြားအတွင်းသာ သွားလာနိုင်၏။ မြစ်ရေငယ်သော အချိန်အပိုင်းအခြားကိုမှ ရွေးပြီး သွားလာရခြင်းမှာ ၎င်းဒေသတလျှောက်ရှိ ဧရာဝတီဖြစ်သည် အလွန်ကျဉ်းသည်ဖြစ်၍ မြစ်ရေ အတော်အတန် ကြီးသည်ဆိုလျှင် ရေစီးကြမ်းသည်နှင့် သင်္ဘောခုတ်နှင်ဖို့ အလွန်ခဲယဉ်းသောကြောင့် ဖြစ်၏' လို့ တသက်တာ မှတ်တမ်းမှာ ရေးခဲ့ပါတယ်။

၃၂။ မြင်းခုံ
ဒီအသုံးအနှုန်းကတော့ ခေတ်ရဲ့အခြေအနေအရ ကွယ်ပျောက်သွားရတဲ့ အသုံးအနှုန်းပါ။ ခုခေတ်တော့ ကုလားထိုင်တို့၊ ခွေးခြေတို့ ဆိုတာပဲ ရှိပါတော့တယ်။ တတ်နိုင်သူတွေကတော့လည်း ဆိုဖာတို့ ဘာတို့ပေါ့လေ။
ရှေးကတော့ မြန်မာအိမ်မှန်ရင် ကုလားထိုင်အပြင် လူများများထိုင်လို့ ရရုံမက နေ့ခင်းနေ့လည် အညောင်းပြေ ကျောဆန့်လို့လည်းရတဲ့ ခုံရှည်များကိုပါ ထားလေ့ရှိပါတယ်။ နောက်မှီနဲ့ လက်တင်ပါတဲ့ ခုံရှည်ကို 'တန်းလျားခုံ' လို့ ခေါ်ပြီး နောက်မှီနဲ့ လက်တင်မပါတဲ့ ခုံရှည်ကိုတော့ 'မြင်းခုံ' လို့ခေါ်တာ ဖြစ်ပါတယ်။
'တန်းလျားခုံ' တို့၊ 'မြင်းခုံ' တို့ကို အိမ်ဝင်းထဲက အရိပ်ကောင်းတဲ့ မန်ကျည်းပင်ကြီးတွေ အောက် ချထား ပြီး နွေနေ့လည်ခင်းတွေမှာ ကျွန်တော်တို့ အညာသူ အညာသားတွေ တရေးတမော 'ငိုက်မျဉ်း' လေ့ရှိကြတာပါ။ ညဘက်ကျတော့လည်း ပူလွန်း၊ အိုက်လွန်းလို့ အိမ်ထဲမှာ မနေနိုင်တော့ အိမ်ရှေ့တလင်းပြောင်ပြောင်မှာ ခုံရှည်တွေ ချခင်းပြီး လရောင်အောက်မှာ အိမ်နီးချင်းတွေနဲ့ စကားဝိုင်းတွေ ဖွဲ့ကြရပါတယ်။ ကလေးသူငယ်တွေ အဖို့လည်း 'ကွပ်ပြစ်' ကြီးတွေပေါ်မှာ 'တုံးလုံးပက်လက်' လှဲနေတဲ့ အဘိုး၊ အဘွားတွေကို နင်းပေး၊ နှိပ်ပေးရင်း 'ရွှေယုန်နဲ့ရွှေကျား သက်ကယ်ရိတ်သွားတဲ့' ပုံပြင်တွေကို နားထောင်ကြရပါတယ်။
မြို့ပြယဉ်ကျေးမှုနဲ့ အလှမ်းဝေးသေးတဲ့ မြန်မာကျေးတောနေတို့ရဲ့ အိမ်တိုင်းမှာ 'ခုံတန်းလျား' နဲ့ 'မြင်းခုံ' ဆိုတာ မရှိမဖြစ် ပရိဘောဂတခုပါပဲ။
'ဦးတိုင်းကျော်သည် မြင်းခုံတခုပေါ်တွင် ထိုင်၍ ဖယောင်းတိုင်မီးရောင်ဖြင့် စာရေးလျက်ရှိစဉ် ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်သည်တွင် နက်ကျော်ကြီးကို မြင်လိုက်ဟန်တူ၏' လို့ ဆရာကြီးရွှေဥဒေါင်းက လက်ထက်တော်ကြီး ၀တ္ထုမှာ ရေးခဲ့သလို 'မြင်းခုံ' ဆိုတာ မြန်မာအိမ်တအိမ်မှာ 'လိုရာသုံး' ပစ္စည်းတခု ဖြစ်ပါတယ်။

၃၃။ ချိုးကပ် ချင်းကပ်
ဒီစကားကတော့ ဒီခေတ်စာပေတွေမှာ အရေးမတွေ့ရတော့ပါဘူး။ ကျွန်တော်တို့ အညာသားတွေသာ အပြောလေ့ကြပါတော့တယ်။ အဘိဓာန်ကျမ်းမှာလည်း မပါပါဘူး။
အဘိဓာန်ကျမ်းမှာ 'ချိုးကပ်' ဆိုတဲ့စကားကိုသာ ထမင်းအိုး ချိုးကပ်တာလို့ အဓိပ္ပါယ်ပေးထားပါတယ်။ မန္တလေးသူ မန္တလေးသားတွေကတော့ အကြွင်းအကျန်ကလေး မဖြစ်စလောက်ကလေး၊ 'စဉ်းငယ်ကလေး' ဆိုတဲ့သဘောနဲ့ ပြောလေ့ရှိကြပါတယ်။
'ဦးသိန်း ဆီလုပ်ငန်းကြီး လုပ်စဉ်အခါက အမြတ်ယူတဲ့ နှုန်းထားဟာ အလွန်နည်းပါတယ်။ အရပ်စကားနဲ့ ပြောရရင် 'ချိုးကပ် ချဉ်းကပ်' စားတယ်ဆိုတာမျိုးပါ။ ဒါပေမယ့် အိုးကြီးကြီး ချက်သူဖြစ်လေတော့ ချိုးကပ်တာ လည်း ချိုးကြီးကြီး ကပ်နိုင်တာပေါ့' လို့ လူထုဒေါ်အမာက 'မန္တလေးသူ မန္တလေးသားများ' စာအုပ်မှာ ရေးခဲ့ပါတယ်။ အဲဒီစကားနဲ့ အဓိပ္ပါယ်တူ အခြားအသုံးတခုကတော့ 'မှုတ်လှန်ခွက်လှန်' ဆိုတာပါ။

၃၄။ မှုတ်လှန်ခွက်လှန်
ရှေးက ဆီကို လက်လီရောင်းတဲ့အခါ မှုတ်နဲ့ ခြင်တွယ်ညပီး ရောင်းပါတယ်။ အငယ်ဆုံး ငါးမတ်သား မှုတ်ကနေ နှစ်ကျပ်ခွဲသားမှုတ်၊ ငါးကျပ်သားမှုတ်၊ တဆယ်သားမှုတ် စသဖြင့်ရှိပြီး ဆီသည်ရဲ့ အိုးထဲက ခပ်ပြီး ၀ယ်သူရဲ့ ပုလင်းထဲ ပုံးထဲကို ကတော့နဲ့ လောင်းထည့်ပေးပါတယ်။
'မှုတ်လှန်ခွက်လှန် ကလေးပဲ စားရတာပါ၊ အမြတ် သိပ်ကျန်တာ မဟုတ်ပါဘူး' လို့ ဆီသည်တွေ ပြောတဲ့အဓိပ္ပါယ်က ခပ်ထည့်ပေးလိုက်ပြီး မှုတ်ကို ပြန်သိမ်းလိုက်တဲ့အခါ မှုတ်မှာ ပြန်ကပ်ပါလာတဲ့ ဆီတွေက အိုးထဲ ပြန်စီးကျသွားပါတယ်။ အဲဒီလို ပြန်ကျရာက ရတဲ့ ဆီကလေးတွေပဲ အမြတ်ရပါတယ်လို့ ဆိုလိုတာပါ။ များများရောင်းရလေ 'မှုတ်လှန်ခွက်လှန်' အရများလေ ဖြစ်တာဆိုတော့ ဆီသည်တွေ ဘုရားတောင် တည်နိုင်ကြတယ်။ သူတို့တည်တဲ့ဘုရားကို 'မှုတ်လှန်ခွက်လှန်ဘုရား' လို့ ခေါ်ကြတယ်လို့တောင် ပြောကြတယ်။

၃၅။ ဆွဲကောင်းငင်ပါ
သိပ်အသုံးမ၀င်လှပါဘူး၊ အဖော်သဟဲဖြစ်ရုံ လောက်ပါ၊ အသင့်အတင့်လောက် အသုံးကျရုံပါ စသဖြင့် ပြောချင်တဲ့အခါများမှာ သုံးတဲ့စကားပါ။ အဘိဓာန်ကျမ်းမှာ မပါပါဘူး။
'သူက တယောက်တည်း ပွဲစားအလုပ်ကို လုပ်စားနေတာ။ သူ့မောင်နှမတွေထဲမှာ မောင်တယောက်ကို သူ့အနားမှာ ခေါ်ထားပါရဲ့။ ဒါပေမယ့် အဲဒီမောင် ဦးအေးက 'ဆွဲကောင်းငင်ပါ' ရှိရုံပါပဲ' လို့ လူထုဒေါ်အမာရဲ့ 'မန္တလေးသူ မန္တလေးသားများ' စာအုပ်မှာ ရေးသား သုံးနှုန်းထားပုံလေးပါ။

၃၆။ မိုးကျကထိန်
အဘိဓာန်ကျမ်းမှာ 'မိုးကျလက်ဖက်' တော့ ပါပါတယ်။ 'မိုးကျကထိန်' တော့ မပါပါဘူး။ ကျွန်တော်တို့ ကျောင်းသားဘ၀က တန်ဆောင်မုန်းလပြည့် အဖိတ်နေ့ညမှာ စစ်ကိုင်းတောင်ရိုးကို မန္တလေးသူမန္တလေးသား တွေရဲ့ ထုံးစံအတိုင်း သွားကြတော့ တီးကြမှုတ်ကြ ကကြခုန်ကြ လုပ်တာ၊ 'ချောင်လည် ချောင်ပတ်'၊ တချောင်ဝင် တချောင်ထွက် လှည့်စားသောက်နေတာမျိုးလည်း မဟုတ်ပဲ အောက်လင်းဓာတ်မီးကြီးတွေ ထမ်းပြီး တတောင်ဆင်း တတောင်တက် ချောင်ကြို ချောင်ကြားက ဘုန်းကြီးကျောင်းတွေဆီ လျှောက်သွားနေတဲ့ လူတွေကို တွေ့ရလေ့ရှိပါတယ်။ အဲဒီလူတွေဟာ လူမသိ သူမသိ၊ ကထိန် လာခင်းမယ့်သူ မရှိအောင်နွမ်းပါးတဲ့ ကျောင်းတွေကို လိုက်ရှာကြတာ ဖြစ်ပါတယ်။ တွေ့ခဲ့ရင် လှူဖွယ်ပစ္စည်းကလေးတွေ ထုတ်ပြီး အဲဒီကျောင်းမှာ ကထိန်ခင်းကြတာပေါ့။ အဲဒီလို ကထိန်ခင်းတာကို 'မိုးကျကထိန်' လို့ ခေါ်တာပါ။
ဒေါ်ဒေါ်ကလည်း 'မန္တလေးသူမန္တလေးသားများ' စာအုပ်မှာ-
'ဒီမိသားစုက တနေ့ ဆန်တတင်းနဲ့ ဆွမ်းဟင်းခွက် ၂၀၀၊ ၃၀၀ နေ့တိုင်းဆွမ်းလောင်းတယ်။ တန်ဆောင်မုန်းလမှာ သင်္ကန်းအစုံ ၁၀၀၀ နဲ့ ကထိန်မရတဲ့ ကျောင်းတွေကို မိုးကျကထိန် ခင်းလှူတယ်' လို့ ရေးပြီး မိုးကျကထိန်ရဲ့ အဓိပ္ပါယ်ကို ပြောပြထားပါတယ်။

၃၇။ ချသ်ရဲပြေ
အာသာပြေရုံသဘော၊ ချဉ်ခြင်းအတပ်ပျောက်ရုံသဘော၊ ဖြစ်ကတတ်ဆန်း လုပ်ရတာမျိုးကို ပြောတာပါ။` ဒေါ်ဒေါ်ရဲ့ 'မန္တလေးသူမန္တလေးသားများ' စာအုပ်မှာပဲ
'ဒါကြောင့် အစစ်ကမူ သူဌေးများအတွက်၊ အတုကလေးတွေက ဆင်းရဲသားများ 'ချဉ်ရဲပြေ' ၀တ်ဆင်ရန်အတွက် ဖြစ်လာရတာပေါ့' လို့ ရေးသားထားပါသေးတယ်။

၃၈။ အလံရှူး
အလံရှူးဆိုတာက ထိုးသားယောင်ဆောင်နေတဲ့ ဒိုင်ရဲ့ဘက်သား 'ကိုယ့်လူသူ့ဘက်သား' ကို ခေါ်တာပါ။ 'ဒလန်' လို့လည်း သုံးတတ်ကြပါသေးတယ်။ ဒီခေတ်မှာ 'ဒလျှို ဒလန်' (သူလျှို ဒလန်) ကို အသုံးများလို့ 'အလံရှူး' အတွေ့ရ နည်းနေပါပြီ။

၃၉။ ဆင်ပွဲ ပ၀ါပျောက်သလို
မထူးဆန်းတော့တဲ့ ဖြစ်ရိုးဖြစ်စဉ်၊ ဖြစ်ရပ်မျိုးတွေကို ပြောတဲ့ အသုံးပါ။ ဒါနဲ့ ပတ်သက်လို့ လူထုဒေါ်အမာက-
'ဆင်ပွဲ ပ၀ါပျောက်သလို' ဆိုတဲ့ စကားပုံတခုဟာ အဲဒီ ဆင်ပွဲက ဖြစ်ပေါ်လာတာပါ။ ဆင်နဲ့ လူ ကစားကြရာမှာ လူက အသက်ဘေးက သီသီကလေးလွတ်အောင် တိမ်းရှောင်လိုက်နိုင်ရင် ပွဲကြည့်တွေက သဘောကျလွန်းလို့ ခေါင်းက ပ၀ါကို ချွတ်ပြီး မြှောက်ကြ၊ ဟစ်ကြ၊ ကြွေးကြ သြဘာပေးကြသတဲ့။ ပ၀ါချွတ်မြှောက်တဲ့အခါ ဆင်ကျုံးပေါ်က မြှောက်တာဆိုတော့ ကိုယ့်ပ၀ါကိုယ် ပြန်ဖမ်းမိချင်မှ မိတာကိုး။ ကျုံးထဲကျချင်လည်း ကျသွားတာပဲ။ တချို့ကျတော့ ဆင်သမားကို သဘောကျလွန်းလို့ ခေါင်းကပ၀ါကိုချွတ်ပြီး ဆင်သမားဆီ ပေါက်ထည့်လိုက်တယ်။ အဲဒီပ၀ါနဲ့ မင့် ဆုချတယ်ပေါ့။
ဒါကြောင့် ဆင်ပွဲပြန်ရင် ခေါင်းပေါ်မှာ ပ၀ါပြန်ပါလာတဲ့ လူက အနည်းသား။ လူချည်းပြန်ခဲ့ကြတာပဲ များတာပဲ။ ဒိတော့ အိမ်က လူများက 'မင်းခေါင်းက ပ၀ါရော' လို့ ဆီးမေးရင် 'သိကြားသားမို့လား။ ကျုပ်လည်း ပ၀ါပျောက်ခဲ့ပြီ' လို့ ဖြေတတ်သတဲ့။
ဒါကြောင့် ဖြစ်ရိုးဖြစ်စဉ်။ သူသူငါငါ ဖြစ်နေကျ ကိစ္စမျိုးနဲ့ ကြုံတဲ့အခါ 'ဆင်ပွဲပ၀ါပျောက်သလိုပေါ့' လို့ ပုံခိုင်း ပြောတတ်သတဲ့လေ စသဖြင့် 'ရွှေဒေါင်းတောင်ဆောင်ပါးများ' စာအုပ်ထဲက 'ဆင်ပွဲ' ဆိုတဲ့ စာမှာ ရှင်းလင်းရေးသားထားတာကို တင်ပြလိုက်ရပါတယ်။

လူထုစိန်ဝင်း
စာပေဂျာနယ်၊ အောက်တိုဘာ ၁၉၉၆။
{လူထုစိန်ဝင်း ရဲ့ ပျောက်ကွယ်လုနီပါး မြန်မာစကားများ- နန်းစကား မန်းစကား မြန်မာတို့ရဲ့ မြန်မာစကား စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၆ ဇန်န၀ါရီ မှ ကူးယူဖော်ပြပါတယ်။}


No comments: