Tuesday, March 16, 2010
နောင်ရိုးတင်ဝင်း (၂)
ရေးသူ- မောင်အေးဝင်း
သာလယံဇရပ်ဖြစ်လာခြင်း
ကျနော်တို့ ရောက်စမှာ တိုက်တွေ (၄ - ၅ - ၆ တိုက်) ဟာ ခြောက်ခြားစရာကောင်းအောင် ငြိမ်သက် တိတ်ဆိပ် လွန်းတယ်။ တံခါးဖွင့်သံ၊ တံခါးပိတ်သံ၊ သော့သံကလွဲလို့ အထွေအထူး ဘာမှ မကြားရဘူး။ ညဘက်ဆို ၀ါဒါဝင်လာရင် ကိုင်လာတဲ့ သော့သံဟာ ခပ်ဝေးဝေး ကတည်းက ကြားရတယ်။ ကျနော်တို့ ၅ တိုက်နဲ့ မျက်နှာချင်းဆိုင်တိုက်က ၄ တိုက်။
အိပ်ပျော်နေတုန်းလဲ သော့သံလေးချွင်ချွင်ဆို သဲ့သဲ့အသံလဲ လန့်နိုးတာပဲ။ နားစွင့်လိုက်၊ ၆ တိုက်က လား။ ၄ တိုက်ဖက်ကလား၊ ကိုယ့်တိုက်ကလား။ ပိုပြီး ကျယ်လာရင် ကိုယ့်ဘက်ကို လာနေပြီ။ တံခါးသံကြားရင် တခန်းခန်းကို ဖွင့်နေပြီ။ ဟော... ပိတ်သွားပြီ။ သော့သံဝေးသွားပြီ။ ပြန်ထွက်သွားပြီ။ သော့သံဟာ ရင်ကို ခုန်စေတယ်။ ငါ့ကိုများ ခေါ်ထုတ်ဦးမှာလား။ ထုတ်ရိုက်ခံရဦးမှာလား။
မှိုင်းရာပြည့် အရေးအခင်း ကျောင်းသားတွေ သွင်းလာတယ်။ မီးမောင်းစာစောင် ထုတ်ဝေ / ဖြန့်ချိသူ တွေ သွင်းလာတယ်။ စစ်ကြောရေးထုတ်တယ်။ ပြန်သွင်းတယ်။
အသစ်တွေ ထပ်ထပ် တိုးတိုးလာလေ ရှိပြီးသားတွေကို ဟိုက ဒီရွှေ့၊ ဒီက ဟိုရွှေ့နဲ့ အပြောင်းအရွှေ့တွေ များလေပဲ။ လူတွေကို တခန်း တခန်းမှာ လေးယောက်၊ ငါးယောက်ထည့်တာ။ ကိုတင်ဝင်းကိုပဲ တယောက်ထဲ ထားတယ်။
ကိုတင်ဝင်းက (၃) ဆောင် ဧပြီ ရိုက်ပွဲမှာ ၆ တိုက် ရောက်သွားပြီး၊ ၆ တိုက်မှာ ရက်စေ့တော့ ၅ တိုက်ကို ရောက်လာတယ်။ ဇွန်လကုန်လောက်မှာ ၅ တိုက်မှာ လူစုံတက်စုံနဲ့ စည်ကားလာတယ်။
ကျနော်တို့က နံပါတ် ၂၁ အစွန်ဆုံးအခန်း။ ကိုတင်ဝင်းက ၂၀။ အခန်း ၁၉ ကစပြီး ၁၈..၁၇ တွေမှာ၊ မီးမောင်းစာစောင်က လူတွေ၊ တွဲဘက်ထောင် ရိုက်ပွဲကနေ ၆တိုက် ရောက်ပြီး၊ ၆တိုက်က ပြန်ထွက်လာ သူတွေ။
ကျနော်တို့ မှိုင်းရာပြည့်တွေနဲ့ မီးမောင်းတွေက ရောက်ခါစဆိုတော့ ဧည့်သည်တွေလို ဖြစ်ပြီး တိုက်ကို နဲနဲစိမ်းနေတယ်။ ကိုတင်ဝင်းကတော့ ရောက်ကတည်းက လှုပ်လှုပ်ရှားရှားဖြစ်နေတာ၊ တွဲဘက်က လူတွေလဲ ရောက်လာရော ၀က်ဝက်ကွဲပြီး ၅ တိုက်ဟာ သာလယံဇရပ် ဖြစ်တော့တာပဲ။
တခန်းနဲ့တခန်း စကြ ပြောင်ကြ၊ ပြောကြဆိုကြနဲ့။ အထူးသဖြင့်တော့ တွဲဘက်က လာတဲ့ ကျောင်းသား တွေ။ သူတို့က ၁၂ ယောက်၊ ၁၃ ယောက်လောက်ရှိမယ်။ ၂ ခန်းလား၊ ၃ ခန်းလား မပြောတတ်ဘူး။ ဘိုးတော်ခင်ဝင်း၊ ခိုင်အောင်(မြို့ဟောင်း)(စက်မှုတက္ကသိုလ်)၊ မြေ၀ါ(တန့်ဆည်) (စက်မှုတက္ကသိုလ်)၊ ဟန်ရှင်ဝင်း တို့ အုပ်စုတွေ။
သူတို့က ထောင်ဝင်စာလဲ တွေ့နေရတော့ တနင်းဂနွေ ထောင်ဝင်စာ လာတဲ့နေ့ဆို ပိုဆူတယ်။ မနက်ပိုင်း သူတို့ကို ရေချိုးချတယ်။ ရေချိုးရပြီဆိုရင်လည်း ဒင်းတို့က ကြွက်ကြွက်ညံလို့။ ပျော်ကြတာလေ။
ထောင်ဝင်စာထွက်ရင် တခန်းနဲ့ တခန်း နှုတ်ဆက်ကြတယ်။ ယောက်ဖရေသွားပြီ၊ မင်းညီမကို ဘာမှာအုန်းမလဲ... စသဖြင့်ပေါ့လေ။ ပြန်လာရင်လဲ ဘယ်သူ့ညီမက ဘယ်လို၊ အစ်မက ဘယ်လို စသဖြင့် တခန်းနဲ့တခန်း စကြ ပြောင်ကြ၊ ဖောက်သည်ချကြ။ အပြင်သတင်းတွေ ပြန်ပြောကြ။ ကျနော်တို့ကတော့ နားထောင်ပြီး ကိုယ်တိုင်တွေ့ နေရသလိုပဲ ပီတိတွေ ဖြစ်ကြ။ သူတို့ ရလာတဲ့ ထောင်ဝင်စာတွေကို ထောင်ဝင်စာ မတွေ့ရတဲ့ ကျနော်တို့အတွက် ဝေမျှတာ စားကြ သောက်ကြ။
ဂီတဆည်းဆာ
ညနေ ထမင်းစားပြီးလို့ မှောင်စပျိုးချိန်မှာ ကိုတင်ဝင်းက ဦးဆောင်ပြီး ဂီတဆည်းဆာ လုပ်တယ်။ အခန်းတိုင်းက အနည်းဆုံး တယောက်တော့ သီချင်းတပုဒ် ဆိုရတယ်။ ကိုတင်ဝင်းက ဦးဆောင်ပြီး သူ့အခန်းကနေ အစီအစဉ် ကျေညာပေးနေတော့ ၀ါဒါတွေကလည်း မဆူရင် ပြီးတာပဲဆိုပြီး ပြဿနာ မရှာတော့ဘူး။ တခါတလေ အသံကျယ်လာမှ၊ လက်ခုပ်တွေ တီးကြတာဆိုရင်တော့ တိုးတိုးလုပ်ကြဆိုပြီး လာဟန့်တယ်။
နောက်ပိုင်း တွဲဘက်က ပြောင်းလာတဲ့ ကျောင်းသားအုပ်စုထဲက ၁၀တန်း ကျောင်းသားလေး ခင်မောင်လွင်က ဂျိုကာပဲ။ သူလဲ အစီအစဉ် ၀ိုင်းကျေညာပေးတယ်။ သင်္ချာရည်ချွန်ဆုရ ဟန်ရှင်ဝင်းက အူတူတူ။
ဂီတဆည်းဆာရယ်လို့ ဖြစ်မလာခင်ရက်တွေ စောစောပိုင်းက ကျနော်တို့ကို ကိုတင်ဝင်းက သူတို့ ပြည်ချစ်ပါတီ စစ်ချီသီချင်းတို့၊ သူ့ အသည်းစွဲ ဦးအံ့ကြီးရဲ့ 'စစ်ကိုင်းတောင်' တို့၊ ကျနော်တောင်းဆိုတဲ့ ကိုသန်းလှိုင်ရဲ့ 'ဥဿာလှိုင်ထိပ်ထား' သီချင်းတို့ကို ဆို ပြတယ်။ ကျနော်တို့ အခန်းထဲမှာကလဲ လေးယောက်ရှိတဲ့ အနက် သူနဲ့ ကျနော်နဲ့က ပိုပြီး စကားပြောဖြစ်ကြတယ်။ သူ့အကြောင်းတွေကို အများကြီး ပြောပြတယ်။
ဂီတဆည်းဆာမှာ သီချင်းဆိုကြလို့ ကိုတင်ဝင်း အလှည့်ရောက်ရင် သူက ကိုသန်းလှိုင်ရဲ့ 'ဥဿာလှိုင်ထိပ်ထား' သီချင်းပဲ ဆိုတာများတယ်။ အစီအစဉ် ကျေညာရင် သူက ၂၁ က ကျနော့် ညီများနဲ့ 'ဥဿာလှိုင်ထိပ်ထား' သီချင်းကို ဆိုပါမယ်လို့ ကျေညာတာ။ သံပြိုင်အပိုဒ်မှာ ကျနော်တို့က သူနဲ့ အတူ 'လှိုင်ထိပ်ထား.. ထိပ်ထားပျိုစင်...' လိုက်ဆိုပေးရတယ်။
ဂီတဆည်းဆာမှာ အားလုံးက ဗမာသီချင်းတွေပဲ ဆိုတယ်။ ကိုတင်ဝင်းနဲ့ ကပ်လျက်အခန်း၊ မီးမောင်း စာစောင်အမှုက ရေတပ်ထွက် ဇော်ကြီး ခေါ် ဖေသိန်း တယောက်ပဲ ပရက်စလေ ရဲ့ အင်္ဂလိပ်သီချင်းတွေ ဆိုတယ်။ အဲဒီတုန်းက ဘယ်သူက ဘာသီချင်းပဲဆိုဆို ဘယ်သူ့ကို ဘယ်သူမှ ဝေဖန်ပြောဆိုခြင်း မရှိကြဘူး။ တိုက်မှာနေကြ တာ အားလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်ပဲ။
ထောင်ဝင်စာပိတ်ထားခံရသူ
ကိုတင်ဝင်းဟာ ၃ ဆောင်က ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ ရိုက်ပွဲမှာ တိုက်ပိတ်ခံထားရသူ ဖြစ်တယ်။ အာဏာပိုင်တွေဟာ ၃ ဆောင်ကို မကြာခဏ သွေးတိုးစမ်းတယ်။ အထူးဆောင်၊ အထူးအခွင့်အရေး ဆိုတာကို မပေးချင်ဘူး။ အဲဒီ အားစမ်းပွဲမျိုး ၁၉၇၆ ဧပြီလထဲမှာ တခါဖြစ်တယ်။ ၃ ဆောင်က ကျောင်းသားခန်းလို့ ခေါ်တဲ့ (၇) ခန်းမှာ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ နှစ်ဖက် အသေအကြေ ရရာလက်နက်တွေနဲ့ အပြန်အလှန် ရိုက်ကြတာ။
လူအင်အား၊ လက်နက်အင်အား မမျှတော့ ကျောင်းသားတွေ ရှုံးသွားတယ်။ အခန်းထဲရှိသမျှ ကျောင်းသားအားလုံးကို သွေးသံရဲရဲနဲ့ ခွေးသေကောင် ဒရွတ်ဆွဲသလို ဆွဲသွားတဲ့အချိန်မှာ ကိုတင်ဝင်းက သူ့အခန်းထဲကနေ ရှေ့ကဖြတ်ဆွဲသွားတဲ့ ၀ါဒါကို ငံပြာရည် အပြည့်ရှိနေတဲ့ ပုလင်းနဲ့ ဘာယာတန်းက လက်ထုတ်ပြီး တအားရိုက်ချလိုက်တယ်။ ထိတဲ့ ၀ါဒါလည်း နေရာမှာ ပုံလဲသွားတယ်။ သူ့ကိုလည်း သူ့အခန်းကဆွဲထုတ်၊ ၀ိုင်းရိုက်ပြီး (၆) တိုက်ထဲ ထည့်လိုက်တာ။ ကျနော်တို့ဆီကို သူရောက်လာတာ သူ့ကို (၆) တိုက်က ထုတ်လာတာ။ ဒါကြောင့်လည်း သူ့ကို ခေါ်လာတော့ စောင်အုပ်ပြီး တယောက်ကို လေး ငါးယောက် ၀ိုင်းချုပ်ခေါ်လာတာ ဖြစ်တယ်။
သာမန်အားဖြင့် ကိုတင်ဝင်း ထောင်ဝင်စာဆိုတာ သူ့ရဲ့ ဆွေမျိုးသားချင်းတွေက စစ်ကိုင်းကနေ မလာနိုင်ကြပါဘူး။ ထိုင်းနယ်စပ်တောထဲ၊ ပြည်ချစ်ပါတီမှာ နေတုန်းက သူအိမ်ထောင်ကျခဲ့တဲ့ မမာလာရဲ့ အိမ်က ထောင်ဝင်စာ လာတာပါ။ မမာလာ အစ်မက ရန်ကုန် ဂွတ်တလစ်ဈေးမှာ ငါးရောင်းတယ်။ ထောင်ကျနေတဲ့ ညီမဖြစ်သူကို ချို့ချို့တဲ့တဲ့နဲ့ ထောင်ဝင်စာ တွေ့ရတာ။ ကိုတင်ဝင်းက မိန်းမထောင်ဝင်စာထုတ်က မျှစားရတာ ဖြစ်တယ်။
မမာလာအိမ်က ထောင်ဝင်စာမလာနိုင်ရင်တောင် သူတို့လင်မယား အတွင်းထောင်ဝင်စာ (ထောင်ကျနေ သူ အချင်းချင်း ထောင်ထဲမှာတွေ့ရတာ) တွေ့ရတယ်။ ခုတော့ ၃ ဆောင် ရိုက်ပွဲ ပြဿနာနဲ့ သူ့ခမျာ အတွင်းရော၊ အပြင်ရော ဘာထောင်ဝင်စာ မှ မတွေ့ရဘူး။ အပိတ်ခံထားရတယ်။
ပါဆယ်
တနေ့တော့ ကိုတင်ဝင်းက သူ့အခန်းဘက်ကနေ ကျနော်တို့ အခန်းကို တိုးတိုးတိတ်တိတ် လှမ်းပြီး ဆွေးနွေးတယ်။ ကျနော်တို့က စစ်ကြောရေးပြီးပေမယ့် စီရင်ချက် အချမခံရသေးတော့ အိမ်နဲ့ထောင်ဝင်စာ မတွေ့ရသေးဘူး။ ကိုတင်ဝင်းဆီမှာ သူနဲ့ ရင်းနှီးတဲ့ တခြားတိုက်က စိတ်ချရတဲ့ ၀ါဒါရှိတယ်။ ကျနော်တို့ အိမ်ကို ဆက်သွယ်ပြီး လိုချင်တာမှာ၊ သူ့ ခယ်မအိမ်မမှာသွားပေးပြီး သူ့ ပါဆယ်နဲ့ ထည့်ပေးဖို့။
အဲဒီလို ကိုတင်ဝင်းကောင်းမှုနဲ့ မာလာ့အစ်မကနေ ဆေးလိပ်တွေ စားစရာတွေ ထောင်ဝင်စာ မရခင်မှာ အိမ်ကပို့တာ စားကြရတယ်။ ပါဆယ်ထုပ်လာရင် ကိုတင်ဝင်း အခန်းမှာပဲထားပြီး သူကပဲ အခန်းတွေ အားလုံးကို ခွဲဝေပေးတယ်။
ဘဲဥတလုံးပျောက်မှု
ကျနော့် အိမ်ကို ဘာပစ္စည်းမှာတယ်၊ အရေအတွက် ဘယ်လောက်ဆိုတာ ကိုတင်ဝင်းက သိနေတော့ တနေ့မှာ ပါဆယ်ထုတ်မှာ ဘဲဥဆားနယ် တလုံးလျော့နေတယ်။ ကိုတင်ဝင်းက ထောင်ဝင်စာ မတွေ့ရသူဆိုတော့ လုံချည်ပြာက ထောင်ဝင်စာခန်းကနေ ပါဆယ်ထုတ်ကို သယ်လာပေးရတယ်။ ကိုတင်ဝင်းက ပစ္စည်းကို စစ်ဆေးပြီး၊ လက်မှတ်ထိုးယူ ရတယ်။
ဘဲဥတလုံးလျော့နေတဲ့ကိစ္စ ကိုတင်ဝင်း ပြဿနာ ရှာပါလေရော။ ပါဆယ်ထုတ်ကို လက်မခံဘူး၊ လက်မှတ်မထိုးဘူး လုပ်တယ်။ လုံချည်ပြာက တိုက်ဝါဒါ ဦးသောင်းကို သွားခေါ်လာ တယ်။ ဦးသောင်းက တောင်းပန်ရှာတယ်။ တင်ဝင်းရယ် ပြဿနာမရှာပါနဲ့ပေါ့။ ကိုတင်ဝင်းကတော့ အလျှော့ပေးလိုက်ရင် နောက်လည်း ဒီလိုပဲ ခိုးနေမှာပဲ ဆိုပြီး လက်မှတ်မထိုးဘူး တင်းခံထားတယ်။ နောက်ဆုံး ၀ါဒါတွေ ဈေးကသွားဝယ်ပြီး ဖြည့်ပေးလိုက်ရတယ်။ နောက်တော့ သိရတာ ထောင်ဝင်စာခန်းက ဘဲဥတလုံးကို နှိုက်ယူထားလိုက်တာ။ ၀ါဒါအဘသောင်းက ဗြစ်တောက်ဗြစ်တောက်နဲ့ လာပြောတယ်။ ထောင်ဝင်စာခန်းကကောင်တွေ မီးခဲကိုမှ သွားကိုင်တာ ငါတို့က အချောင် ဒုက္ခရောက်ရတော့မလို့တဲ့။
ငပိကြော်အထုတ်သေးမှု
ကျနော့်အိမ်က ငပိကြော်ကို အမြဲတမ်း အစိတ်သားနှစ်ထုတ် ထည့်ပေးနေကျ။ ဒီတခါကျပြန်တော့ ပါဆယ်ထုတ်မှာ အိမ်ကကြော်သလိုမျိုး ပုစွန်ခြောက်များများ၊ ငရုတ်သီး အရောင်ရဲရဲ၊ ကြက်သွန်ဖြူ ဥတလုံးကြီးကြီးကို အကွင်းလိုက်လှီး ထည့်ထားတာမျိုး မဟုတ်ပဲ၊ အထုတ်က ကလေးလက်သီးဆုပ်လောက် သေးသေး၊ ဆိုင်တွေက ရောင်းတန်း ကြော်ထားတာမျိုး ဖြစ်နေတယ်။
အဘသောင်းတို့ ခေါင်းစားပြန်ရော။ အဘသောင်းကလည်း မမာလာ ထောင်ဝင်စာထုတ်ထဲ မှားပါသွားသလားဆိုပြီး မိန်းမဆောင်ကို သွားပြီး မမာလာ အထုတ်မှာ သွားရှာတယ်။ မာလာကလည်း မှားစရာမရှိဘူး။ သူ့ဆီမှာ ငပိကြော် မပါဘူးတဲ့။ ကိုတင်ဝင်း ယမ်းပုံမီးကျ ဖြစ်ပြန်ရော။ ၀ါဒါတွေ လဲယူထားလိုက်တယ်ပေါ့။ အဘသောင်းကတော့ တင်ဝင်းရာ ငါသေသေချာချာ ယူလာတာပါ။ ဘယ်သူမှ မလဲပါဘူး။ ငါ့ကိုလဲ သနားပါ ဆိုတာနဲ့ ကိုတင်ဝင်း ခေါင်းညိတ်ပြီး လက်ခံ လက်မှတ်ထိုးလိုက်တယ်။
နောက်ပိုင်း အိမ်နဲ့တွေ့ရတော့မှ သိရတာ အဲဒီအခေါက်က ငပိကြော် မကြော်အားလို့ သိမ်ကြီးဈေးက အပြေးအလွှား အထုတ်တထုပ် ၀ယ်ထည့်ပေးလိုက်တာတဲ့။
ထမင်းထဲ သဲထည့်ခြင်း
ကိုတင်ဝင်းဟာ တိုက်စရာရှိရင် ဘယ်တော့မှ နောက်ဆုတ်တဲ့သူ မဟုတ်ဘူး။ ကျောင်းသားတွေဘက်၊ ကျနော်တို့ဘက်က မှား မှား မှန် မှန် ရပ်တည်ခဲ့တယ်။ တနေ့တော့ လုံချည်ပြာ ကျော်အေးက ထမင်းဝေတယ်။ ပြဿနာက ဘိုးတော်ခင်ဝင်းတို့ အခန်းက စတာ။ အဲဒီဘက်ခန်းတွေ ထမင်းဝေပြီး လာတာ နောက်ဆုံးခန်းဖြစ်တဲ့ ကျနော်တို့ အခန်းရှေ့ ရောက်နေပြီ။ လုံချည်ပြာ ထွက်သွားပြီ ထင်ပြီး ဘိုးတော်တို့ အခန်းဘက်ကနေ အခန်းတွေကို လှမ်းမေးတယ်။ ထမင်းက သဲရှပ်နေတယ်။ တခြား အခန်းတွေကော ဘယ်လိုလဲတဲ့။
လုံချည်ပြာ ကျော်အေးက ကျနော်တို့ အခန်းထမင်းဝေနေရင်း ဘိုးတော်တို့ အခန်းဘက်က လှမ်းပြောတာကို ကြားသွားတယ်။ ကျော်အေးထွက်သွားတာကို ကိုတင်ဝင်းက မြင်လိုက်တယ်။ ဒါပေမယ့် တံခါးကွယ်ပြီး အပြင်ကနေ ဘာတွေ ပြောကြလဲ ဆိုတာ ဆက်နားထောင်နေတာ ကိုတင်ဝင်း မသိဘူး။ ကျနော်တို့က သစ်သား တံခါး ပျဉ်ချပ်ကွဲနေတဲ့နေရာက အပြင် အလင်းရောင်နဲ့ လုံချည်ပြာအစကို တွေ့နေရ တယ်။ ဒါပေမယ့် ကိုတင်ဝင်းကို လှမ်းတားဖို့ မမီလိုက်တော့ဘူး။
တကယ်တော့ ဘိုးတော်တို့ အခန်းကပဲ ထမင်း သဲရှပ်နေတာ။ ဒါလဲ ပန်းကန်စင်အောင် မဆေးလို့ ဖြစ်ချင် ဖြစ်မှာ။ တခြားခန်းတွေက ဘာမှ မဖြစ်ဘူး။ ဒါကို ကိုတင်ဝင်းက ဘာပြောလဲဆိုတော့ ဟေ့ကောင်တွေ ကိစ္စမရှိဘူး၊ ငါ့ဆီမှာတော့ သဲမရှပ်ဘူး၊ ဒါပေမယ့် ငါ သံတိုင်ကြားက သဲနည်းနည်း ကြုံးထည့်လိုက်ပြီ။ ပြန်လဲခိုင်းမယ်။ ဘာမှ မပူနဲ့တဲ့။
ကိုတင်ဝင်းက တာဝန်ကျရဲဘော်ဆိုပြီး ၀ါဒါခေါ်တယ်။ သူခေါ်တာဆိုတော့ သူ့အခန်းကို တန်းလာတာ။ ဘာဖြစ်လဲပေါ့။ လုံချည်ပြာကျော်အေး ၀ါဒါနောက်က ကပ်ပါလာတယ်။ ၀ါဒါကို ကျော်အေးက ပြောခဲ့ပြီးပုံရတယ်။
ကိုတင်ဝင်းက ထမင်းမှာ သဲပါတယ်။ ကောင်းတာနဲ့ လဲပေးပါတဲ့။ တခြားအခန်းတွေက ကိုတင်ဝင်းနောက် သံယောင်လိုက်ပြီး ကျီးကန်းတွေလို ၀ိုင်းအာကြတယ်။
ဝါဒါ့ခမျာ အားလုံးက သဲပါတယ် ပြောနေတော့ ရေချိုးခန်းရှေ့ ၁၃ ခန်းကလောက်စပြီး ကျနော်တို့ ၂၁ အထိ ထမင်းတွေကို ပြန်သိမ်းသွားပြီး ပြဿနာရှာမှန်း သိသိကြီးနဲ့ အသစ်ပြန်လဲ ပေးလိုက်ရတယ်။ လုံချည်ပြာတွေကတော့ ဖိုကြီးမှာ ထမင်းသွားပြန်ထမ်းရတော့ မောတာပေါ့။
သရဲတုခြောက်ခြင်း
ပြည်ချစ်ပါတီက ကိုတင်မောင်ဦးကို ကြိုးပေးလိုက်တာ ကြိုးစင်နဲ့ အနီးကပ်ဆုံးအခန်းတွေဖြစ်တဲ့ ကျနော်တို့ အခန်းတွေက ကောင်းကောင်းကြီး ကြားလိုက် သိလိုက်တယ်။ ကိုတင်ဝင်း တော်တော်ကြီးကို စိတ်ထိခိုက်သွားတယ်။ ဥပုသ်တွေ ဘာတွေ စောင့်ပြီး အမျှတွေ ဘာတွေ ဝေလိုက်သေးတယ်။ အာဏာပိုင်တွေဟာ ကြိုးပေးပြီးတော့ ဘယ်လိုဂယက်တွေ ဖြစ်လာမယ်ဆိုတာကို ရက်တော်တော်ကြာ ဂရုစိုက် နားစွင့်တယ်။
ညဘက် ညဘက် တိုက်တွေမှာ ဘာတွေပြောကြလဲ၊ အထူးသဖြင့် ကိုတင်ဝင်းဆီကကော ဘာများကြား ရမလဲဆိုပြီး ချောင်းပြီး နားထောင်တယ်။ ဒင်းတို့ ဥာဏ်မရှိတာက အုတ်တံတိုင်းနားလာရပ်ပြီး ကပ်နားထောင်တာ ဆေးလိပ်က တဖွာဖွာနဲ့။ အပြင်လေက လှောင်နေတဲ့အခန်းတွေထဲကို ဆေးလိပ်နံ့သယ်လာတယ်။ စီးကရက်နံ့ဆိုတော့ ပိုသိသာတယ်။ အပြင်ဘက်နံရံမှာ တယောက်ယောက်တော့ ရှိနေပြီ။
ကိုတင်ဝင်းက အကြံရတယ်။ ဒီကောင်တွေ ညဘက် ဒီနားမလာရဲအောင် သရဲနဲ့ ခြောက်လွှတ်မယ်တဲ့။ ဘာဖြစ်လဲဆိုတော့ ထောင်မှူးထောင်ပိုင်တွေကအစ အကြပ် ၀ါဒါတွေအထိ ကိုးကွယ်မှု အယူသည်းကြတယ်။ ဂိုဏ်းတွေ၊ နတ်တွေ ကိုးကွယ်တယ်။ အများစုက ရွှေရင်ကျော်ဂိုဏ်းတဲ့။ အထူးတိုက်တွေ၊ အထူးဆောင်တွေကို အုပ်ချုပ်တဲ့ ထောက်လှမ်းရေးက ဆာဂျင်လှရွှေ၊ ဆာဂျင်သိန်းမြိုင်ဆိုတာ ရွှေရင်ကျော် ဂိုဏ်းသားတွေ။
ဒီတော့ ကိုတင်ဝင်းနဲ့ သူ့ ဘယ်ဘက်ခန်းက မီးမောင်းတွေနဲ့ ကြံကြတယ်။ အသားဟင်းစားရတဲ့ တနင်းလာနေ့မှာ စီမံကိန်းအကောင်အထည် ဖော်တယ်။ ညဘက် အိပ်ချိန်အော်ပြီး ခဏနေတော့ စမယ် စမယ် တဲ့။ ကျနော်တို့ကိုလဲ ပြောလိုက်သေးတယ်။ မင်းတို့ မျက်နှာတွေက စပ်ဖြဲဖြဲတွေ လုပ်မနေနဲ့တဲ့။ ရီချင်ရင် အတွင်းနံရံဘက်ကို မျက်နှာလှည့်ထားတဲ့။
ကိုတင်ဝင်းက အသံနက်၊ အသံဆိုးကြီးနဲ့ ရင်ခေါင်းထဲကအသံနဲ့ အသကုန် ညှစ်ပြီး "အောင်မယ်လေး" လို့ အော်တာ။ တထောင်လုံး ကြားလောက်တယ်။
ဆာဂျင်သိန်းမြိုင်တို့၊ ထောင်မှူးတို့ ၀ါဒါတွေ အုပ်စုလိုက်ကြီး အပြေးအလွှား ရောက်ချလာတယ်။ ကျနော်တို့ အခန်းရှေ့ အပြင်တံခါးကို ဖွင့်ပြီး ရောက်ချလာတာ။ မိန်းဂျေးက ထောင်မှူးတွေလည်း ပါတယ်။ ကိုတင်ဝင်းဆီ တန်းသွားတာပဲ။ တချို ၀ါဒါတွေက ကျနော်တို့ အခန်းရှေ့မှာ ရပ်နေကြတယ်။
ကိုတင်ဝင်းကို မေးတော့ ကိုတင်ဝင်းက ဟိုဘက်က အော်တာဆိုပြီး တဖက်ခန်းကို ညွှန်တယ်။ တဖက်ခန်း မီးမောင်းကိုကျော်မိုးက ဇာတ်လမ်းခင်းတယ်။ တကယ်တော့ အသံပြဲကြီးနဲ့ အော်တာက ကိုတင်ဝင်း။
မီးမောင်းက ကိုကျော်မိုးဆိုတဲ့ ရဲဘော်က ပြောတယ်။ ညနေက သူရတဲ့ ၀က်သားပုံစံတုံးကို မကိုက်နိုင်လို့ ဟောဒီသံတံခါးပေါ် တင်ထားတာ အိပ်ပျော်ခါနီး မှေးကနဲအဖြစ်မှာ အမွှေးတွေနဲ့ လက်မဲမဲကြီး လာနှိုက်လို့ နိုးသွားတာတဲ့။ ဆာဂျင်သိန်းမြိုင်တို့ တော်တော် ဖြုန်သွားတယ်။ ထောင်းမှူးက ကြောက်ချင်ဟန်ဆောင်နေတဲ့ ကိုကျော်မိုးကို ဖြောင့်ဖျ နှစ်သိမ့်တယ်။ သွေးလေ ခြောက်ချားလို့၊ စိတ်ထင်လို့ ဘာလို့ပေါ့။
ဒီလို အကြောက်တရားနဲ့ ဖြောင့်ဖျသူတွေကို ကိုတင်ဝင်းက ထပ်ချောက်တယ်။ မနက်စောစောတိုင် သူနိုးတဲ့အခါ တခါတလေ ဟောဒီ သွပ်မိုးပေါ်မှာ ကရင်သင်တိုင်းလို အင်္ကျီရှည်ရှည်ကြီးနဲ့ လျှောက်နေတာ။ ကြည့်ရတာ ခေါင်းမပါဘူး။ ခန္ဓာကိုယ်ချည်းပဲလို့ ပြောတယ်။ သူပြောမှ ပိုဆိုးသွားပြီ။ ကိုတင်ဝင်းက ကိုတင်မောင်ဦး လိုလို ဘာလိုလို မသိသလိုလိုနဲ့ ပြောလိုက်တာ။ သင်တိုင်းလိုလို ဘာလိုလို ဆိုတာကလည်း ကြိုးပေးရင်ဝတ်တဲ့ အင်္ကျီမျိုးဖြစ်အောင် ဇာတ်လမ်းဆင်တာ။
ကျနော်တို့ အခန်းရှေ့က ၀ါဒါတယောက်ဆို ပါးစပ်က ပွစိ ပွစိနဲ့ မန်းမှုတ်နေပြီး မြေကြီးကို စစ်ဖနပ်စီး ထားတဲ့ ဖနောက်နဲ့ ပေါက်နေတယ်။ ကျနော်တို့အခန်းက ကျော်ဝင်းကလည်း သူတရားထိုင်နေရင်လည်း မြင်တယ်တဲ့။ အဆင်းမှာ ဘီးဝင်တပ်တယ်။ ကျနော်ကတော့ ရီချင်လွန်းလို့ အသံမထွက်အောင် မျက်နှာကို ခေါင်းအုံးနဲ့ အုပ်ပြီး အတွင်းဆုံးနံရံဘက်ကို လှည့်အိပ်နေရတယ်။
ဘုရားရှိခိုးအိပ်ကြ၊ တရားမှတ်ပြီး အိပ်ကြနဲ့၊ ဆာဂျင်သိန်းမြိုင်က ပြောပြီး အာဏာပိုင်တွေ တပ်ခေါက်သွားတယ်။ အဲဒီညက စပြီး ညဘက်ဆို ဆေးလိပ်နံ့လည်း မရတော့ဘူး။ အပြင်က လာချောင်းနား မထောင်ကြတော့ဘူး။ လွတ်မြောက်တဲ့ နယ်မြေဖြစ်သွားတယ်။
ဆက်ရေးပါအုန်းမယ်။
Subscribe to:
Post Comments (Atom)
1 comment:
ဆရာရေ အပိုင်း၂ ဖတ်သွားပါတယ်။ ဆရာလဲ တော်တော် အမှတ်အသားကောင်းတာပဲ။ အပိုင်း၃ မျှော်နေလျက်ပါခင်ဗျာ။
Post a Comment