Thursday, September 18, 2008

မြန်မာတွေပျင်းသလား- [စကားမာရသွန် ၂၉]
ရေးသူ- လူထုစိန်ဝင်း


{ ဆရာလူထုစိန်ဝင်း ရေးတဲ့ "ပြည်တွင်းဖြစ်နိုင်ငံခြားသား ကိုရွှေဗမာများသို့" ကို အသေ အချာ မဖတ်ပ၊ဲ စာပေအစာမကြေကြသူတွေအတွက် (တယောက်ဆိုရင် စော်ကားတယ်ဆိုပြီး တင်ထားတဲ့ ဆောင်းပါးကိုတောင် ဖြုတ်ခိုင်းသေးတာ) ချယ်ရီမဂ္ဂဇင်း အမှတ် ၅၀၊ ၁၉၉၉ က၊ ဆောင်းပါးကို ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။ }

ဆရာဝန်။ ။ မြန်မာတွေ စည်းကမ်းမဲ့သလား ဆိုတဲ့ ပြဿနာကို အရင်တပတ်က ဆရာ ရှင်းပြတာ ကျွန်တော်တို့ ကြားခဲ့ရပါပြီ။ ဒီတပတ်တော့ 'မြန်မာတွေပျင်းသလား' ဆိုတဲ့ ကိစ္စကို ဆက်ပြီး ဆွေးနွေးချင်ပါတယ်ခင်ဗျာ။



ကျောင်းသူ။ ။ မြန်မာနိုင်ငံဟာ သယံဇာတတွေ အလျှံပယ်ပေါသလောက် လူဦးရေနည်းပါးတဲ့ တိုင်းပြည် ဖြစ်ပါလျက်နဲ့ ကျွန်မတို့ ချမ်းချမ်းသာသာ ဖြစ်မနေတာနဲ့ ပတ်သက်ပြီး လူတိုင်းလိုလိုက မြန်မာလူမျိုးဟာ သိပ်ပြီး ထထကြွကြွ မရှိဘူး။ အပျင်းထူတယ်လို့ ပြောတတ်ကြတယ်။ ကျွန်မအမြင်မှာလဲ ဟုတ်သလောက် ဟုတ်တယ်လို့ ထင်တယ်။ ရုံးတွေမှာဆို လူတွေဟာ အလုပ်လုပ်တာက နည်းနည်း၊ စုဝေးပြီး စကားဝိုင်းဖွဲ့နေတာတို့၊ ဂျာနယ်တွေ ဖတ်နေတာတို့က များများပဲ ဆရာ။ ပြီးတော့ လက်ဖက်ရည်ဆိုင်တွေမှာဆို ဘယ်နေရာက ဆိုင်ကြည့်ကြည့် လူတွေအမြဲစည်ကား နေတာပဲ တွေ့ရတယ်။ တခြားနိုင်ငံတွေမှာဆို နေ့လည်နေ့ခင်း ရုံးချိန် အလုပ်ချိန်တွေမှာ ဘီယာဆိုင်တွေမှာ ခြောက်ကပ်နေတတ်ပြီး ညဖက်ကျမှ ကြိတ်ကြိတ်တိုး စည်ကားကြတယ်လို့ ကြားဖူးပါတယ်။ ကျွန်မတို့ လူမျိုးကတော့ အလုပ်သိပ်မလုပ်ပဲ အလကားဖြုန်းပစ်နေတဲ့ အချိန်တွေက များလွန်းနေသလားဆရာ။

ဆရာ။ ။ အင်ဂျင်နီယာဆရာလေးက စင်္ကာပူပြန်ဆိုတော့ ဟိုကအတွေ့အကြုံလေး ပြောပြပါအုန်း။

အင်ဂျင်နီယာ။ ။ ဟိုရောက်တဲ့ မြန်မာတွေတော့ ပျင်းနေလို့ မဖြစ်တော့ အပျင်းထူ မနေကြပါဘူး ဆရာ။ အားလုံး အလုပ်ကို အရမ်းကြိုးစားလုပ်ကြပါတယ်။ အလဟသ အချိန်ဖြုန်းပစ်တာမျိုးလည်း မရှိကြပါဘူး။ ရသမျှ အချိန်ကို အိုတီ (အချိန်ပို) ဆင်းနိုင်ဖို့ လောက်သာ ကြိုးစားနေကြတာပါ။ ကျွန်တော်ဆိုရင် စက်ရုံထဲမှာပဲ အချိန်ကုန်နေခဲ့တာ များတယ်။ တလတခေါက်တောင် မြို့ထဲကို ထွက်မလည်ဖြစ်ပါဘူး။ ဂျပန်ရောက်သွားတဲ့ သူငယ်ချင်းတွေကတော့ သူတို့ဆီမှာ ပိုတောင် ဆိုးသေးတယ်တဲ့။ လူတယောက်ကို အလုပ်နှစ်မျိုးလောက် ပြေးလွှားလုပ်နေကြရတာဆိုတော့ တခါတလေမှာ ညအိပ်ရင်တောင် ဖိနပ်မချွတ်၊ အ၀တ်မလဲပဲ အိပ်ရတယ်တဲ့။ မနက်နှိုးစက်မြည်တာနဲ့ ၀ုန်းကနဲ အိပ်ရာကထပြီး အလုပ်ကို တန်းပြေးနိုင်အောင်တဲ့လေ။

ဆရာဝန်။ ။ နိုင်ငံခြားရောက်သွားတဲ့ အခါကျတော့ မြန်မာတွေအပျင်းမထူကြဘဲ မြန်မာပြည်မှာနေတော့ မြန်မာတွေ အပျင်းထူကြတယ်လို့ ဆိုရမယ့်သဘောလားဆရာ။

ဆရာ။ ။ ဆရာကတော့ မြန်မာတွေ အပျင်းထူတယ်ဆိုတဲ့ စကားကို လုံးလုံးလက်မခံ ပါ။ မြန်မာတွေ အပျင်းထူမထူကြည့်ချင်ရင် ကျေးလက်တောရွာလေးတခုကို ၁၀ ရက်လောက် ညအိပ်ညနေ သွားကြည့်ပါလို့သာ တိုက်တွန်းချင်တယ်။ ကျေးလက်က မြန်မာလယ်သမား တယောက် အလုပ်လုပ်ပုံမျိုး အလုပ်သိပ်ကြိုးစားတယ်လို့ နာမည်ကျော်တဲ့ ဂျပန်လူမျိုး တယောက် လုပ်နိုင်ပါ့မလားလို့ လက်တွေ့ ခေါ်ပြချင်တယ်။ မြန်မာတွေလို့ ပြောတော့မယ်ဆိုရင် ကိုယ့်ဘေးနား ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ လူတွေလောက်ကို ကြည့်ပြောလို့ ဘယ်ဖြစ်မလဲ။ မြန်မာလူမျိုးတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ကျေးလက်တောရွာတွေမှာ နေကြတာပါ။ အဲဒီတော့ ၂၀ ရာနှုန်းလောက်သာရှိတဲ့ မြို့နေလူတန်းစား (တချို)ကို ကြည့်ပြီး ကောက်ချက်ချ ရင် မှန်ကန်တဲ့ ကောက်ချက် ဘယ်ဖြစ်တော့မှာလဲ။

ကျောင်းသူ။ ။ တောကလူတွေ အလုပ်လုပ်ပုံကို ပြောပြပါဆရာ။ တကယ်တော့ ကျွန်မလည်း ဘာမှမသိပါဘူး။

ဆရာ။ ။ တောကလယ်သမားတယောက်ဆိုတာ ရောင်နီမပျိုးခင် ကြက်ဦးတွန်တာနဲ့ နွားတရှဉ်းကိုဆွဲ၊ ထွန်တုံးကို ထမ်းပြီး လယ်ထဲဆင်းသွားရတာပါ။ ဒီအချိန်ဆိုတာ တချို့ မြို့ပေါ်က လူတန်းစားတွေ နိုက်ကလပ်ကနေ အိမ်ကိုပြန်ရောက်စလောက် သာရှိဦးမှာပေါ့။ လယ်ထဲရောက်တာနဲ့ သူ့ခမျာ နွားနှစ်ကောင်နဲ့အတူ ရုန်းပြီး ရွှံ့ထဲဗွက်ထဲမှာ အလုပ်လုပ်ရတယ် လေ။ ကျောပေါ်တည့်တည့် နေလုံးကြီး ရောက်တဲ့အချိန်ရောက်တော့မှ ထွန်တုံးကို ဖြုတ်ပြီး အိမ်သူလာပို့တဲ့ ထမင်းကို စား၊ နားရပါတယ်။ ဒါတောင် ကြာကြာမနားရပါဘူး။ ပြောင်းဖူးဖက် ဆေးလိပ်ကြီး တ၀က်လောက်ကျိုးသွားတာနဲ့ နေပူကြီးကျဲကျဲအောက်မှာ ကျောပြောင်ပြောင်နဲ့ လုပ်ငန်းဝင်ရတော့တာပါ။ အပေါ်က နေပူပူ၊ အောက်က ရေတကျိုက်ကျိုက်ဆူ ဆိုရမ လောက်ပါ။ ညနေဖက် နေစွယ်ကျိုးပြီး နေ၀င်ဖြိုးဖျအချိန်ရောက်မှ ထွန်တုံးထမ်းပြီး အိမ်ပြန်ရ တာပါ။ အိမ်ရောက်တော့လည်း နားရပြီမထင်နဲ့၊ နွားနှစ်ကောင်ကို စားကျင်းထဲမှာ အစာနယ်ကျွေးပြီးမှ သူ့ခမျာ ရေမိုးချိုးပြီး ထမင်းစားရပါတယ်။ ထမင်းစားပြီး ရေနွေးတကျိုက်၊ ဆေးတရှူလောက် သောက်ရှူပြီးတာနဲ့ အမှောင်ကြီး လုံးလုံးမရောက်ခင် အလင်းရောင်လေး ဆည်းဆာပြေးနေတုန်းမှာ နောက်နေ့ နွားတွေကျွေးဖို့ နွားစာစင်းရပါသေးတယ်။ ပဲဖတ်၊ နှမ်းဖတ် စိမ်ရပါသေးတယ်။ တနေ့တာ လုပ်စရာတွေ အားလုံးပြီးပြီဆိုတဲ့အချိန် ရောက်တော့ သက်ကြီးခေါင်းချချိန်လောက် ရောက်သွားပြီလေ။ အဲဒီအချိန်ရောက်မှ အိမ်ရှေ့တလင်းဘေးမှာ ခင်းထားတဲ့ ကွပ်ပစ်ပေါ်မှာ လယ်သမားခမျာ ကျောဆန့် အညောင်းဖြေရတော့တာပါ။ ဒီလိုလုပ်ရတာ တနေ့တရက် မဟုတ်ပါဘူး။ ကောက်ကြီးတက်၊ တလင်းသိမ်းတဲ့အချိန်ထိ ရက်ပေါင်းလပေါင်းများစွာ လုပ်ရတာပါ။ တလင်းသိမ်းပြီး၊ ဒိုင်သွားရောင်းပြီး၊ စက်ကြိတ်ပြီးတဲ့ အချိန်ကျမှ လုပ်ငန်းလက်စသတ်ပါတယ်။ အဲဒီလို လက်စသတ်ပြီးရင်တော့ တလကိုးသီတင်း နားခွင့်ရပါတယ်။ ဒါတောင် မြို့ကလူတွေ အားလပ်ခွင့်ယူပြီး နားသလို နားရတာ မဟုတ်ပါဘူး။ ထင်းခုတ်၊ ၀ါးခုတ် တောတက်ရတာတို့၊ ရေတိုက်ထွက်ရတာတို့ ရှိသေးတယ်။

ကျောင်းသူ။ ။ မလွယ်ဘူးနော်။ ကြားရတာနဲ့တောင် ပင်ပန်းလိုက်တာ။ မြို့ပေါ်က လူတွေကျတော့ နေ့တိုင်း အချိန်တွေ ဖြုန်းပစ်နေကြတာ နှမျောစရာကောင်းလိုက်တာ။ လက်ဖက်ရည်ဆိုင်တွေမှာ ဖြုန်းပစ်နေတဲ့ လုပ်အားအချိန်တွေကို သူများနိုင်ငံတွေမှာလို စစ်တမ်းကောက်ယူတာမျိုးသာ ရှိရင်၊ တနှစ်တနှစ်ကို ဒေါ်လာတွေ ဘီလျံနဲ့ချီပြီး ဆုံးရှုံးနေတယ် လို့ သိရမှာနော်ဆရာ။

ဆရာ။ ။ လက်ဖက်ရည်ဆိုင်ထိုင်တိုင်း အလကား အချိန်ဖြုန်းပစ်နေတယ်လို့တော့ မဆိုနိုင်ဘူးကွဲ့။ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ သူတွေထဲမှာ "လုပ်စရာအလုပ်မရှိ" တဲ့အတွက် ထိုင်တဲ့လူမျိုး ရှိသလို၊ အလုပ်လုပ်ဖို့အတွက် လက်ဖက်ရည်ဆိုင်ထိုင်တဲ့ လူမျိုးတွေလည်း ရှိပါတယ်။ ဘာကိုမှ မလုပ်ချင်လို့ သက်သက်မဲ့ အချိန်လာဖြုန်းနေတယ်ဆိုတဲ့ လူစားမျိုး ကတော့ နည်းလိမ့်မယ် ထင်ပါတယ်ကွယ်။

ဆရာဝန်။ ။ ၈၀ ရာနှုန်းလောက်ရှိတဲ့ တောက လူတွေက မပျင်းကြဘူး။ ၂၀ ရာနှုန်း လောက်သာရှိတဲ့ မြို့က လူတွေ အပျင်းထူကြတယ်လို့ ဆိုရမလားဆရာ။

ဆရာ။ ။ ဒီလိုဆိုရင်လဲ မှန်ပါဘူး။ ဆရာလက်လှမ်းမီတဲ့ ကျောင်းသူကျောင်းသား ပတ်ဝန်းကျင်ကလေးကို ကြည့်လိုက်မယ်ဆိုရင်တောင်၊ မြန်မာနိုင်ငံက ကျောင်းသူကျောင်း သားတွေလောက် ကြိုးစားအားထုတ်မှု၊ ပြင်းထန်တာမျိုး ကမ္ဘာမှာတောင် မရှိဘူးလို့ ဆိုနိုင်မယ် ထင်ပါတယ်။

ကျောင်းသူ။ ။ ဟုတ်ရဲ့လားဆရာ။
ဆရာ။ ။ ဟုတ်ပါတယ်။ ဆရာဟာ ၀ါးလုံးခေါင်းထဲမှာ လသာနေတဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာ မင်းတို့သိပါတယ်။ အခုကိစ္စက အခြေအနေအမှန်ကို ပြောပြတာပါ။ နမူနာအနေနဲ့ ၁၀ တန်းကျောင်းသူ ကျောင်းသားတယောက်ရဲ့ ကြိုးစားအားထုတ်ရမှုကို ကြည့်ကြရအောင်။ ရန်ကုန်မြို့က ၁၀ တန်းကျောင်းသားပေါ့လေ။ အဲဒီကလေးဟာ မနက် ၇ နာရီကနေ ၁၂ နာရီထိ ကျောင်းကြီးတက်ရတယ်။ ကျောင်းကြီးကနေ ၁ နာရီက ၅ နာရီထိ သင်တဲ့ ၀ိုင်းကျူရှင် ဆက်သွားရတယ်။ ၀ိုင်းကနေ အိမ်ပြန်ရောက်တော့ ထမင်းကလေး ကမန်းကတမ်း စားပြီးတာနဲ့ ၆ နာရီကနေ ၈ နာရီအထိ ဂိုက်နဲ့ စာကျက်ရတယ်။ ပြီးရင် ရေမိုးချိုး၊ ရေချိုးပြီးတော့ ကျောင်းကြီးကပေးတဲ့ အိမ်စာနဲ့ ၀ိုင်းကပေးတဲ့ အိမ်စာတွေ ရေးရ၊ တွက်ရပါတယ်။ အသာကလေး ည ၁၂ နာရီ ထိုးသွားတာပဲ။ မနက်ကျ ၆ နာရီ ထိုးတာနဲ့ အိပ်ရာက ထပြီး ကျောင်းပြေးရပြန်တယ်။ ဒီကလေးအတွက် တနေ့ ၈ နာရီ အိပ်ချိန် ဘယ်ရှိမလဲ။ ဒါက နှစ်စနော်။ နှစ်လယ်လောက်ရောက်တာနဲ့ ဒီကလေးတွေဟာ ည ၂ချက် ၃ နာရီထိ စာကျက်ကြရရှာတယ်။ ဆရာတို့ခေတ်တုန်းက သားသမီး စာမကျက်လို့ မိဘတွေက တဆူဆူ တပူပူ လုပ်ပြီးနေရတာ။ ဒီခေတ်ရောက်တော့ ကလေးတွေ စာကျက်ကြလွန်းလို့ မိဘတွေက ဟဲ့ အိပ်ကြတော့လို့ အနားက စောင့်ပြီးတော့ကို ပြောနေကြရတာ။ ဒါမျိုး တခြားနိုင်ငံတွေမှာ ကြားဘူးရဲ့လား။

ဆရာဝန်။ ။ ဒါက ၁၀ တန်းကျောင်းသားမဟုတ်ဘူးဆရာ။ ကျွန်တော်သမီး သူငယ်တန်း ကျောင်းသူလဲ ဆရာမ နှစ်ယောက်နဲ့ ကျူရှင်ယူနေရတာ။

ဆရာ။ ။ ဒီခေတ်ကလေးတွေအဖို့ အပျင်းထူဖို့ကို အချိန်မရရှာကြပါဘူး။ မိဘတွေက သနားယူရလောက်အောင်ကို ကြိုးစားနေကြတာပါကွယ်။ ဆရာ့အမြင်ပြောရရင် ဒီခေတ် ကလေးတွေဟာ သူတို့မိဘတွေထက်တောင် ပိုကြိုးစားကြ၊ ပိုလိမ္မာကြ၊ ပိုတော်ကြတယ်လို့ ပြောချင်တယ်။ ဆရာတို့တတွေတုန်းက ကိုးတန်း၊ ဆယ်တန်းအရွယ်မှာ လက်နှိပ်စက်တောင် ရိုက်တတ်ကြတာ မဟုတ်ဘူး။ ဒီခေတ်ကျတော့ ကိုးတန်း ၁၀ တန်း ကလေးတွေ အများကြီးဟာ ကွန်ပြူတာတောင် ရိုက်တတ်၊ ကိုင်တတ်နေကြပြီလေ။ ဘာသာစကားဖက် ကြည့်လဲ အင်္ဂလိပ်စကားပြောတတ်သူတွေ၊ ဂျပန်စကား၊ တရုတ်စကားပြောတတ်သူတွေ၊ ပြင်သစ်စကား၊ ဂျာမန်စကား၊ ယိုးဒယားစကား၊ ကိုးရီးယားစကား ပြောတတ်သူတွေ ပုံလို့။

အင်ဂျင်နီယာ။ ။ ဟုတ်တယ်နော်ဆရာ။ ဒီခေတ်မှာ ကွန်ပြူတာကျောင်းတွေ ကြည့်လဲ လူတွေ ကြိတ်ကြိတ်တိုး၊ ဘာသာစကားသင်တန်းတွေကြည့်လဲ လူတွေ ကြိတ်ကြိတ်တိုး၊ စီးပွါးရေးပညာသင်တန်းတွေလဲ ကြိတ်ကြိတ်တိုးချည်းပဲ။ ကလေးတွေ လွှတ်ကို ကြိုးစားနေကြတာ အားရစရာကြီးပါပဲ။

ဆရာ။ ။ အဲဒါကြောင့် မြန်မာတွေ ပျင်းတယ်၊ ပျင်းတယ်လို့ ပြောတဲ့အသံကြားတိုင်း သိပ်ကို ဒေါသ ထွက်မိတယ်။ မြန်မာလူမျိုးတွေကို လခနည်းနည်းပေးပြီး များများခိုင်းချင်တဲ့ နိုင်ငံခြားသားတွေရဲ့ သံယောင်လိုက်ပြီး ပြောတဲ့မြန်မာတွေဆို ပိုတောင် ဒေါသထွက်မိတယ်။
လူဦးရေရဲ့ ၈၀ ရာနှုန်းလောက်ရှိတဲ့ တောင်သူလယ်သမားတွေ ပျင်းကြသလား။
ကျန်တဲ့ လူဦးရေ ၂၀ ရာနှုန်းလောက်အနက် တ၀က်လောက်ရှိတဲ့ ကျောင်းသားအရွယ် ကလေးသူငယ်တွေ၊ သင်တန်းအမျိုးမျိုးမှာ အငမ်းမရ ပညာတွေ သင်နေကြတာ ပျင်းလို့လား။
ဆရာကတော့ ရဲရဲ ပြောဝံ့တယ်။ မြန်မာတွေ မပျင်းဘူး။ ဘယ်တုန်းကမှ မပျင်းခဲ့ကြဘူး။ အခုလည်း မြန်မာတွေ မပျင်းဘူး။ ဟေ့..... တို့ မြန်မာလူမျိုးတွေ မပျင်းဘူးကွ၊ မပျင်းဘူးကွလို့ ရဲရဲကြီးကို အော်ပြောလိုက်ချင်ပါတယ်။

လူထုစိန်ဝင်း
၆-၁-၉၉။

Wednesday, September 17, 2008

သူစိမ်းတွေကြားမှာ (၄) {ဒုတိယပိုင်း}
ရေးသူ- နုနုရည် (အင်းဝ)


နောက်စာသင်ဖက်နှစ်ယောက်က မွန်ဂိုက အကဆရာမ နှစ်ယောက်......။
တယောက်က အသက်အစိတ်၊ တယောက်က နဲနဲကြီးရှာပြီ။ ငါးဆယ့်ငါးနှစ်တဲ့...။ နှစ်ယောက်လုံးက အင်္ဂလိပ်လို မပြောနိုင်ရှာတော့ ပြဿနာပေါ့။ အငယ်မလေးက နဲနဲလေး ရတယ်။ 'ဂျာဂါ' ဆိုတဲ့ အကြီးမကြီးက လုံးလုံးမရရှာဖူး။ သူက သူတို့နိုင်ငံမှာ နံမည်ကြီး မင်းသမီးကြီးပေါ့။ သူတို့ ယဉ်ကျေးမှုတက္ကသိုလ်မှာ အကဆရာမပေါ့...။ သနားဖို့ကောင်းတာက ကိုးရီးယားစာကို သူ့ခမျာ ဘယ်လိုမှ မလိုက်နိုင်ရှာဖူး။ လက်တခါခါနဲ့ ခေါင်းကို ထိုးပြပြီး သူဘာမှ မသိဖူးတဲ့။ သူတို့ မွန်ဂိုတွေ ကျွမ်းကျင်တာက ရုရှားဘာသာစကားတဲ့။ ရုရှားလိုတော့ ကောင်းကောင်းပြောတတ်တယ်။ မွန်ဂိုတွေလဲ ကိုးရီးယားကို အလုံးအရင်းနဲ့ ၀င်နေကြတာပေါ့။ ပညာသင်ဖို့ ရောက်လာကြတဲ့ လူငယ်တွေ အများကြီးရှိသလို စားသောက်ဆိုင်တွေမှာလဲ မွန်ဂိုမလေးတွေ အများကြီးပဲတဲ့...။



မွန်ဂိုမင်းသမီးကြီး 'ဂျာဂါ' ကို ကျွန်မ တကယ့်ကို ကျေးဇူးတင်ရတာရှိတယ်။ ကျွန်မ ဒီကို ရောက်ပြီး တလလောက်မှာ လမ်းလျှောက်တာတွေ များလို့လား ဘာလား မသိပါဖူး..။ အခန့်မသင့်ဖြစ်ပြီး အခန်းထဲမှာပဲ ကျွန်မညာဘက် ခြေဖမိုးထဲက မျက်ကနဲဖြစ်သွားပြီး လမ်းလျှောက်လို့ကို မရတော့ဖူး ဖြစ်သွားသေးတယ်။ တကယ်ဆိုတော့ ကျွန်မအစဉ်အလာက ဘယ်နေရာရာ ရောက်ရောက်၊ ချော်လဲတတ်တဲ့ အစဉ်အလာရှိတယ်။ အရိုးအကြော စပါယ်ရှယ်လစ် 'ဒေါက်တာပင်ဒိုရာအောင်ကြီး' ဟာ ကျွန်မရဲ့ အားထားရာပေါ့...။ ဒေါက်တာပင်ဒိုရာ မရှိတဲ့ ဒီနေရာမှာ ချော်မလဲအောင် ကိုယ့်ဟာကိုယ် သတိထားနေရင်းက ဖြစ်သွားတာလေ....။ အဲဒါ တက္ကသိုလ်ဆေးရုံကို သွားဖို့ပြင်နေတုန်း မွန်ဂိုမင်းသမီးက ကျွန်မဆီရောက်လာတာ။ သူကလဲ ကျွန်မတို့ (KNUA) အစီအစဉ်နဲ့ ရောက်နေတဲ့သူလေ..။ သူက ကျွန်မကို လိမ်းဆေးအဆီ ရှိလားတဲ့။ မရှိလဲ ဟင်းချက်တဲ့ ဆီဆိုလဲ ရတယ်တဲ့။ ကျွန်မက လင်ဇီးလိမ်းဆေး အဆီရှိတယ်လို့ သူ့ကိုပြတော့ 'ပေး' ဆိုပြီး တခါထဲ ကျွန်မအိပ်ရာဘေးမှာ ဒူးလေးထောက်ပြီး ကျွန်မ ခြေဖမိုးတ၀ိုက်ကို နှိပ်တော့တာ....။ တကယ့်ကို ညင်သာပြီး ကျွမ်းကျင်တာပဲ...။ သူက လက်ဟန်ခြေဟန်တွေနဲ့ ပြောပြရှာတယ်...။ သူတို့ က,တဲ့သူတွေဟာ ခဏခဏ အကြောတင် တတ်တယ်တဲ့။ အဲဒါကြောင့် သူ ဒီပညာကို သင်ထားတာပေါ့လေ....။ ဘာမှ မစိုးရိမ်နဲ့၊ ဆေးရုံလဲ မသွားနဲ့၊ ဆေးရုံသွားရင် ကိုးရီးယားထုံးစံ အပ်တွေနဲ့ စိုက်လိမ့်မယ်တဲ့....။ သူ သုံးရက်နှိပ်ပြီးရင် ပျောက်သွားလိမ့်မယ်ဆိုပြီး ကျွန်မကို...၊ မနက်တိုင်း သုံးရက်တိတိ လာနှိပ်ပေးရှာတာ...၊ အံ့သြစရာ၊ နှစ်ရက်မြောက်မှာ ကျွန်မ လမ်းလျှောက်နိုင်သွားတယ်လေ...။ သူငယ်ချင်း 'ဂျာဂါ' ကို တကယ်ကို ကျေးဇူးတင်ရ တာပေါ့...။
နောက်နှစ်ယောက်သော သူငယ်ချင်းက 'မန်ဂျူ' ဆိုတဲ့ နီပေါမလေးနဲ့ 'ဂျူဒီ' ဆိုတဲ့ အိန္ဒိယသူ ကုလားမလေး။ အသက်ကလေးတွေက နှစ်ဆယ်တနှစ်နဲ့ နှစ်ဆယ်နှစ်နှစ်။ 'ဂျူဒီ' လေးက အသက်နှစ်ဆယ်နှစ်နှစ်ပေမဲ့ အိန္ဒိယထုံးစံအတိုင်း သားတယောက်အမေ ဖြစ်နေပြီ....။ သူ့ယောက်ျားလေးက သြစတေလျမှာ...။ သားငယ်လေး တနှစ်သားကို အဖေအမေဆီမှာ ထားခဲ့ပြီး သူ့ကုမ္ပဏီက တက်ခိုင်းတဲ့ ကိုးရီးယားဘာသာစကား ဆယ်ပတ်သင်တန်းကို လာတက်ရရှာတာ...။
နိပေါမလေး 'မန်ဂျူ' ကတော့ ကျောင်းတက်ဖို့လာတာ..။ ထုံးစံအတိုင်း ကိုးရီးယားစာ သင်ပြီး ကျောင်းရှာရမှာပေါ့။ သူကလေးက ကိုးရီးယားစာကို အပြင်းအထန်လုပ်ရမှာဆိုတော့ ဒီတတန်းထဲတင်မဟုတ်ပဲ တခြားအတန်းတွေကိုပါ တနေကုန် လိုက်တက်နေရရှာတာ...။ ကျွန်မတို့ အတန်းထဲမှာတော့ မန်ဂျူဟာ အတော်ဆုံးပေါ့။ မသိတာရှိရင်...၊ သူ့ကို အားလုံးမေး ကြရတာပဲ။ သူရယ်၊ ကုလားမလေးဂျူဒီရယ်၊ ကျွန်မသူငယ်ချင်း နီပေါပန်းချီဆရာမ အယ်ရီနာရယ် သုံးယောက်က ဟိန္ဒူစတန်နီစကားနဲ့ ပြောလို့ရကြတော့... အိုး... အတန်းထဲမှာ တကယ် ကုလားသိုက်ကျားဝင်ကိုက်ပဲ။
'ဆရာမအင်' က သူတို့ကြောင့်ပဲ အတန်းထဲမှာ ကိုးရီးယားစကားကလွဲရင် တခြား မည်သည့်ဘာသာစကားကိုမျှ မပြောရ၊ ပြောတဲ့သူ တခါပြောရင် ၀မ် ၅၀၀ ပေးရမယ်၊ အဲဒီပိုက်ဆံနဲ့ ဒီသင်တန်းပြီးရင် ပီဇာပါတီလုပ်မယ်ဆိုပြီး စည်းကမ်းသတ်မှတ်ရတော့တာ။
အဲဒီ စည်းကမ်းသတ်မှတ်တဲ့နေ့မှာပဲ အီရန်သားလေး အားလီက ၀မ်တသောင်းတန်ကို ရန်ပုံငွေပုံးလေးထဲ ချက်ချင်းထည့်တယ်လေ...။ သူက မဖြစ်ဖူးတဲ့၊ သူစာနားမလည်တာကို အီရန်မလေး 'မာရီ' ကို မေးမှ ဖြစ်မှာတဲ့..။ သူဘာမှ နားမလည်ဖူးတဲ့...။ တကယ်လဲတကယ်...၊ အဲဒီကလေးဟာ အတန်းထဲမှာ ဘာမှလဲ လိုက်မရေး၊ လိုက်မမှတ်တော့ဖူး၊ ထိုင်နားထောင်နေ တာပဲ..။ ပြီးရင် တခိခိရယ်ရော..။ သူ့ကြောင့်လဲ ဆရာမ'အင်' မျက်လုံးပြူးရပြီး တတန်းလုံး တဟားဟားရယ်ရတာလဲ အကြိမ်ကြိမ်...။ 'လှတယ်' ဆိုတဲ့ ကိုးရီးယားစကားကို 'အားလီ' တလွဲသုံးလိုက်ပုံက 'အရသာရှိတယ်' ဆိုတဲ့ စကားနဲ့လေ...။ ဆရာမ'အင်' က နံမည်ကျော်မင်းသမီး 'ဆောင်းဟေဂို' (ကျွန်မတို့ရဲ့ အွန်စော) ပုံကို ပြပြီး 'အားလီ' ကို စကားလုံး သုံးခိုင်းတာ.. အားလီသုံးပြလိုက်တယ်လေ..။ "ဆောင်းဟေဂိုဟာ အရသာသိပ်ရှိတယ်" တဲ့...။
ကျွန်မလဲ ဆရာမ 'အင်' ကို မျက်လုံးပြူးအောင် လုပ်ပြီးပါပြီ...။
တခုသော စာသင်ချိန် အစမှာ ဆရာမလေးက မျက်နှာလေးညှိုးညှိုးနဲ့..။ မနေ့ညကပဲ သူ့ရဲ့ ချစ်သူဟာ မီဂု(အမေရိကား) ကို ပြန်သွားပြီတဲ့။ အဲဒါကြောင့်.. သူ အခု ဘာဖြစ်နေသလဲ လို့ class ကို အသုံးချမေးခွန်းမေးတော့တာပဲ။ လူကြီးဦးဏှောက်နဲ့ စကားလုံးတွေကို မှတ်တတ်တဲ့ ကျွန်မက ဖြတ်ခနဲ ဖြေချလိုက်တယ်။ 'ဆရာမအင် ခေ့ဖုမီတာ ဖြစ်နေတယ်' လို့လေ...။ ဆရာမအင် ၀မ်းနည်းနေတယ်ပေါ့။ ဆရာမအင်မှာ မျက်လုံးပြူးသွားပြီး 'ဘာ... ခေ့ဖုမီတာ' ဆိုပြီး 'နိုးနိုး အာနိယို ဆေ့ဖုမိတာ' လို့ ကဗျာကရာ ပြင်ပေးရင်းက တဟားဟားရယ်ရော..။ ပြီးတော့မှ "ဂမ်ဆမ်းမီသာ၊ ကျေးဇူးပဲ နုနု၊ ငါ့ချစ်သူကြောင့် ဆေ့ဖုမီတာ ဖြစ်နေတာ မင်းကြောင့် ခုမှ ငါ ခေ့ဖုမီတာ ဖြစ်သွားတော့တယ်.." တဲ့။ 'ဆေ့ဖုမီတာ' က ၀မ်းနည်းတာ၊ 'ခေ့ဖုမီတာ' က ပျော်ရွှင်တာလေ...။
ကျွန်မတို့ အတန်းလေးဟာ ကိုယ့်ဟာနဲ့ကိုယ်တော့ 'ခေ့ဖုမီတာ' ဖြစ်နေတာပါပဲ...။ မန်ဂျူလေးနဲ့ ဂျူဒီလေးကလဲ တချိန်လုံး ကျွန်မကို ကုလားသီချင်း လိုက်သင်လား သင်ရဲ့....။ တခါသား ကျွန်မက နောက်ပြီး သူတို့အရွယ်တွေ မသိနိုင်တော့ဖူး ထင်တဲ့ ကျွန်မတို့ ငယ်ငယ်က ကုလားသီချင်း 'ရူးပွတ်တေနား၊ မာစတားနား' ကို ဆိုပြလိုက်မိတာ....၊ အံ့သြစရာ သူတို့က သိနေပြီး၊ ခုချိန်ထိ ခေတ်စားနေဆဲ.. သီချင်းတဲ့။ တချိန်လုံး ကျွန်မကို သင်ပေးနေတော့တာပဲ။ class ခဏနားတဲ့အချိန်ဆို အိန္ဒိယသူ ဂျူဒီက အက, လေးတောင် ပါလိုက်သေးတယ်။ ချစ်စရာလေးတွေပါ။
ချစ်စရာ ပျော်တတ်သော ဂျူဒီလေးဟာ အံ့သြစရာ.... မျက်ရည်ကျတတ်သော၊ အနုပညာကို ခံစားတတ်သော ကလေးလဲ ဖြစ်လို့ နေပါသေးတယ်။ ကိုးရီးယားစာသင်ကြား ရေးမှာ နားထောင်တတ်ဖို့၊ နားလည်နိုင်ဖို့ အတွက် ရုပ်ရှင်ပြပြီး သင်တာပါတယ်။ ကိုးရီးယားလို စကားပြော၊ စာတန်းလဲ ထိုးပေးထားတာပေါ့။
ကျွန်မတို့ကို ပြတဲ့ ရုပ်ရှင်ကားလေးက 'The way home' တဲ့။ ကိုးရီးယားလို 'ဂျီဘေ့ယို' မြန်မာလို 'အိမ်အပြန်' ပေါ့လေ..။ မြေးအဖွား နှစ်ယောက်အကြောင်းလေးကို ရိုက်ပြထားတာ။ သူတို့ဆီမှာ ဆုတွေ အများကြီး ရတဲ့ကားပေါ့။ ဇာတ်ကားထဲက အသက် (၇၇)နှစ် အရွယ် ဇာတ်ဆောင်အဖွားကြီးက ရုပ်ရှင်သရုပ်ဆောင် မဟုတ်ဖူး။ အပြင်က တကယ့်အစိမ်း သက်သက်ကို ထည့်ပြီး ရိုက်ထားတာ။ ရိုက်ရတာ သိတ်ကို ခက်မှာပါပဲ..။ ဒီကားလေးကို ကျွန်မက မြန်မာပြည်မှာ ကတဲက ကြည့်ပြီးနေပြီလေ။ စာသင်ခန်းမှာ ကြည့်တာသုံးကြိမ် မြောက်လို့ ပြောတဲ့အခါ ဆရာမ'အင်' က အံ့သြလို့...။ မြန်မာပြည်မှာ ရှားရှားပါးပါး ဇာတ်ကား လေးတွေ ရလာရင် လက်တို့ လဲလှယ်ကြည့်ကြတဲ့ ရုပ်ရှင်ရူးအဖွဲ့မှာ ကျွန်မလဲ အဖွဲ့ဝင်တယောက်ပေါ့။ ဆရာသုခမိန်လှိုင်ဟာ ဥက္ကဌတောင် ရွေးချယ်တင်မြှောက်ထိုက်တဲ့ သူလေ...။
ရှားရှားပါးပါး၊ ဇာတ်ကားကောင်းလေးတကား ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဖူး။ ၀တ္ထုကောင်းလေးတပုဒ် ဖတ်ရတဲ့ အရသာနဲ့လဲ ဆင်ဆင်တူပါတယ်။
ကိုးရီးယားဇာတ်ကားအားလုံးကို ကျွန်မ မကြိုက်ပါဖူး။ အထူးသဖြင့် Series လို့ ခေါ်တဲ့ Soap Opera အမျိုးအစား၊ ဇာတ်လမ်းတွဲတွေကို မကြိုက်ဖူး။ soap opera ထုံးစံအတိုင်း..၊ ဇာတ်ကို ဆွဲဆန့်ရတဲ့အခါမှာ လှလှပပ၊ သပ်သပ်ရပ်ရပ်၊ ဆွဲမဆန့်တတ်ရင်..၊ 'ဆွဲဆန့်ထားတဲ့ အရာကြီး' ကို မြင်နေရရော...။ အရသာက ဘယ်လိုမှ မရှိတော့ဖူး။ ကိုးရီးယားရုပ်ရှင်ဇာတ်ကား ကို ပိုကြိုက်တယ်။
မြန်မာပြည်မှာတုန်းက ဘယ်လိုမှ အရသာမရှိတဲ့ ခိုးကူးခွေတွေကို မကြည့်ချင်တာနဲ့ မကြည့်ဖြစ်ခဲ့တဲ့ နံမည်ကျော် ဒါရိုက်တာ ရင် (ဂျန်ဒေါင်ဝန်) နဲ့ ထယ်ဆောက် တို့ရဲ့ နံမည်ကြီး ကိုးရီးယားစစ်ကားကို ဒီကျမှ ကျွန်မကြည့်ရတယ်။ 'Taegukgi' ဆိုတဲ့ ၁၉၅၀က တောင်နဲ့မြောက် ကိုးရီးယားစစ်ပွဲကားပေါ့။
ကျွန်မကြည့်ရတဲ့ နေရာက အဲဒီ စစ်ပွဲဖြစ်ခဲ့တဲ့နေရာ၊ 'ဒယ်ဂု' မြို့ရဲ့ စစ်သမိုင်းပြတိုက်ကို လေ့လာဖို့အသွား၊ ကားပေါ်မှ အဲဒီရုပ်ရှင်ကို ပြတာ...။ ကာလ ဒေသ နောက်ခံကပဲ တိုက်ဆိုင်နေလို့လား မသိပါဖူး။ ကောင်းလိုက်တဲ့ ရုပ်ရှင်..။
တောင်နဲ့မြောက်ကိုးရီးယား စစ်ပွဲအတွက် လူငယ်တွေကို အတင်းအဓမ္မ စစ်တပ်ထဲ ၀င်ဖို့ ဆွဲခေါ်တဲ့အထဲမှာ ညီငယ်လေးက ပါသွားတော့၊ အကိုလုပ်သူက လိုက်ခေါ်ရင်း... သူပါ .. လိုက်သွားရပြီး၊ စစ်ပွဲထဲ ရောက်သွားကြရတဲ့ ဇာတ်ပေါ့။ စစ်ပွဲတွေကို ရိုက်တာလဲ သိပ်ကောင်းတာပဲ၊ ကင်မရာတွေရော၊ သရုပ်ဆောင်တွေရော၊ စစ်ပွဲထဲကို ကိုယ်ပါရောက်သွား တော့တာပါပဲ။ တကယ်တမ်းဆို ကျွန်မက 'စစ်ကား' ဆို သိပ်မုန်းတာ..၊ သိပ်ကောင်းလွန်းတဲ့ ကားကျမှ ကြည့်တာ။ ဒီဇာတ်ကားကို ကျတော့ သဘောကျလိုက်တာ။ စိတ်ထဲမှာလဲ ဖြစ်မိတယ်၊ အော် သူတို့ စစ်ကားလဲ ကောင်းကောင်း ရိုက်တတ်သွားပြီလို့....။
အဲဒီကားထဲမှာ ကျွန်မ သိပ်ကို ခံစားရတဲ့ အကွက်လေး တကွက် ရှိတယ်..။ ကျွန်မကို ရက်ပေါင်း တော်တော်ကြာကြာ စိတ်ထိခိုက်စေခဲ့တဲ့ အခန်းလေးပေါ့။ စစ်ထဲပါသွားတဲ့ အကို လုပ်သူမှာ မအေမုဆိုးမ မိသားစုနဲ့အတူတူ ကျန်ခဲ့တဲ့ ငယ်ငယ်ကတည်းက အတူနေလာခဲ့ သူလေး ရှိတယ်။ အဲဒီ မိန်းကလေးကပဲ ညီအကိုနှစ်ယောက်ရဲ့ မိသားစုကို စစ်အတွင်းမှာ လုပ်ကိုင်ကျွေးမွေးခဲ့ရှာတာပေါ့။ တောင်ကိုးရီးယားတပ်တွေက အောင်ပွဲခံပြီး၊ ညီအကို နှစ်ယောက် ပြန်လာတဲ့အခါမှာ အဲဒီမိန်းကလေးဟာ စစ်အတွင်းမှာ မြောက်ကိုးရီးယားတပ်ကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့မှုနဲ့ အဖမ်းခံနေရရှာပြီ။ အကိုလုပ်သူက ဒေါသနဲ့ လိုက်သွားတဲ့အခါမှာ သူတို့ရဲ့ တောင်ကိုးရီးယားစစ်တပ်က မရဖူး၊ သစ္စာဖောက်တွေကို လွှတ်မပေးနိုင်ဖူးတဲ့။ စစ်အတွင်း တိုက်ပွဲတွေမှာ အသေခံတိုက်ပွဲဝင်ခဲ့တဲ့..၊ သူရဲကောင်းဘွဲ့ တံဆိပ်ရ အကိုလုပ်သူက မိန်းကလေးကို...၊ 'ဒါ ငါ့မိသားစုဝင်ကွ' လို့ပြောပြီး ဆွဲခေါ်တဲ့အချိန်မှာ မိန်းကလေးက ပြောရှာတယ်။ 'ငါလက်မှတ်ထိုးတာ မှန်ပါတယ်ဟယ်....တဲ့...၊ ဒါပေမဲ့ ငါ ငတ်လွန်းလို့ ထိုးလိုက်မိတာပါ...၊ အဲဒီလက်မှတ်ထိုးရင် တို့မိသားစုအတွက် စားစရာပေးမယ် ဆိုလို့ပါ... ' တဲ့။ အကိုလုပ်သူက မချိတင်ကဲနဲ့ မိန်းကလေးကို ဆွဲအထွက်၊ နောက်ကနေ သေနတ်နဲ့ ပစ်ချလိုက်တာ...၊ နောက်ကျောတည့်တည့်မှန်ပြီး လဲကျသွားရှာတဲ့ မိန်းကလေးက ချစ်တဲ့သူရဲ့ ရင်ခွင်မှာ နောက်ဆုံး စကားလေးတခွန်းကို ပြောပြီး ဆုံးပါးသွားခဲ့ရှာတာ။
'ငါနင့်ကို ဘယ်လောက်လွမ်းခဲ့ရတယ်ဆိုတာ နင်သိမှာ မဟုတ်ပါဖူး....' တဲ့။ မျက်ရည်မပါပဲ သူပြောသွားတဲ့ စကားလေးတခွန်းဟာ ကျွန်မကို မျက်ရည်တပေါက်ပေါက် ကျစေခဲ့ပါတယ်...။ တကယ်တော့ သူပြောတဲ့ စကားလေးဟာ အင်္ဂလိပ်လို စာတမ်းလေးပါ။ သူပြောတဲ့ ကိုးရီးယားစကားကို ကျွန်မ နားမလည်ပါဖူး.....။
ကျွန်မတို့ စာသင်ခန်းမှာ ကြည့်ရတဲ့ မြေးအဖွားဇာတ်ကားလေးကလဲ....၊ ဇာတ်ကလေးက ပါးပါးလေးရယ်...။ ဝေးလံသီခေါင်လှတဲ့ ရွာကလေးမှာ တယောက်ထဲ နေရရှာတဲ့ အဖွားအိုဆီကို ဆိုးလ်မြို့ကြီးမှာနေတဲ့၊ သမီးလုပ်သူက သူ အဆင်မပြေတဲ့ အခိုက် အတန့်လေးမှာ သူ့ရဲ့ ခုနှစ်နှစ်ရွယ်သားလေးကို ခဏလာပို့ထားတဲ့ အဖြစ်အပျက်လေးပေါ့။
မြေးနဲ့အဖွားက တခါမှ မတွေ့ဖူးကြဖူး။ အဖွားက စကားလဲမပြောတတ်၊ စာလဲကောင်း ကောင်းမတတ်ရှာဖူး။ မြေးကလဲ မြေးဆိုးကလေး...။ ခါးကုန်းကုန်းကြီးနဲ့ ဆင်းရဲပင်ပန်းစွာ နေရရှာတဲ့ အဖွားကို အမျိုးမျိုးဆိုး။ အဖွားက အားလုံးခွင့်လွှတ်။ နောက်ဆုံးတော့ မြို့ကအမေက ပြန်လာခေါ်ခါနီးမှ မြေးကလေးက သံယောဇဉ်တွယ်သွားပြီး စိတ်ထိခိုက်စွာ ခွဲခွါကြတာလေးကို ရိုက်ပြထားတာ။
ကျွန်မ ဒီဇာတ်ကားလေးကို ကြည့်တဲ့အခါတိုင်း မြို့ကို ပြန်ရခါနီးမှာ၊ မြေးကလေးက မမြင်မစမ်းနဲ့ အပ်ပေါက်ထိုးရရှာတဲ့ အဖွားအတွက် အပ်ပေါက်ထိုးပြီးသား ချည်အရှည်ကြီးတွေ နဲ့ အပ်တွေကို အပ်ချုပ်ခုံကလေးမှာ အများကြီး ထိုးပေးထားခဲ့တဲ့ အခန်းလေးကိုရောက်ရင်... ဘယ်လိုမှ ထိန်းမရပဲ မျက်ရည်က ဝေစမြဲပေါ့....။ ကျွန်မချစ်တဲ့အဖွားကို ဟိုစဉ်ငယ်ဘ၀တုန်း က အမြဲ အပ်ပေါက်ထိုးပေးရတာလေ...။
ကျွန်မတို့ ကြည့်နေကြတုန်း အဲဒီအခန်းလေးလဲရောက်ရော... မှောင်နေတဲ့ အခန်းထဲ မှာ ရှိုက်ကြီးတငင် ငိုချလိုက်တဲ့ အသံက အကျယ်ကြီး ထွက်လာခဲ့ပါတယ်။ ဆရာမ 'အင်' လဲ လန့်ဖြတ်သွားပြီး မီးကို ဖွင့်လိုက်တော့ အိန္ဒိယသူလေး ဂျူဒီရယ်လေ..။ ကျွန်မက 'ဂျူဒီ' လို့ ခေါ်လိုက်တော့ မျက်ရည်ဝေနေတဲ့ ကျွန်မဆီ သူပြေးလာပြီး 'နုနု.. နုနု' ဆိုပြီး ဖက်ပြီး ငိုတာ၊ ငိုတာ၊ မနဲချော့ရတယ်။
ခံစားတာချင်း၊ ခံစားတတ်တာချင်း မတူကြပုံများ..၊ အီရန်သားလေး 'အားလီ' နဲ့ အီရန်မလေး 'မာရီ'တို့ကတော့ တခိခိနဲ့...။ ဂျူဒီလေး ဘာကြောင့် အဲလို ဖြစ်တာလဲတဲ့။ မာရီက သူ့အနေနဲ့ အဲဒီရုပ်ရှင်ထဲက မြေးဆိုးကောင်လေးကို အပြင်ဖက်ခေါ်ထုတ်ပြီး ခပ်စပ်စပ်လေး ရိုက်ပစ်ချင်တာပဲ ရှိတယ်တဲ့။
နိပေါသူ 'မန်ဂျူ' လေး ဆရာမ'အင်' ကို မေးတဲ့ မေးခွန်းကတော့ good question ပါ။ ဒါလောက် အသက်ကြီးပြီး ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနေရရှာတဲ့ အဖွားအိုတယောက်ထဲ ပစ်ထားတာ ဘာကြောင့်လဲတဲ့။ ဆရာမ'အင်' ခမျာ ကျေနပ်လောက်တဲ့ အဖြေကို မပေးနိုင် ရှာဘူး။ 'တောရွာမှာနေကြတဲ့ လူငယ်တွေဟာ၊ ဆိုလ်း မြို့ကြီးမှာပဲ နေချင်ကြတယ်တဲ့၊ အဲလိုနဲ့ မြို့ကို တက်လာကြပြီး အဖိုးအို အဖွားအိုတွေကို တောရွာတွေမှာ အဲလိုပဲ ထားပစ်ခဲ့ကြတယ်...' တဲ့လေ။
ဒီဇာတ်ကားလေးဟာ သူတို့ရဲ့ ဒီနေ့ လူနေမှုဘ၀အစစ်ကို ထင်ဟပ်တယ်ဆိုရင်ဖြင့် စိတ်မကောင်းစရာပါ။ ကျွန်မတို့ အာရှရဲ့ လူနေမှုဘ၀ယဉ်ကျေးမှုဟာ ဒီလိုမှ မဟုတ်တာပဲ...။ ဒီလိုနဲ့ပဲ ပြောင်းလဲသွားရတော့မှာလား။
ကျူးဘားကလေး မောင်အန်းဒီက မျက်နှာငယ်လေးနဲ့ မျက်ရည်သုတ်စရာ တစ်သျှူးစက္ကူလေးတွေကို ကျွန်မနဲ့ ဂျူဒီကို ပေးရင်း သူ့စတိုင်အတိုင်း ခေါင်းလေးတရမ်းရမ်းနဲ့ 'grandma' 'grandma' တဲ့။
ရုပ်ရှင်ပြပြီးတော့ ဆရာမ'အင်' က စာဆက်သင်တော့ နဲနဲခက်တဲ့ သင်ခန်းစာအသစ်ကို စသင်တယ်လေ။ ထုံးစံအတိုင်း စိတ်ရှုပ်ထွေးသွားတဲ့ မျက်နှာနဲ့ မောင်အန်းဒီက ကျွန်မကို လှမ်းကြည့်တယ်။ ပြီးတော့ ကျွန်မနားကို ဖြတ်ကနဲ ကပ်ပြီး 'နုနု ဆဲဂျုန်း ဘုရင်က ရူးနေတာ' တဲ့ လေ။ ကျွန်မသာ ရယ်ချင်တဲ့ စိတ်ကို ချုပ်တည်းထားရတာ၊ သူက ခပ်တည်တည်နဲ့၊ လက်ညှိုးကို ကောက်ပြီး နားထင်ကို ထောက်ပြထားလို့...။ ဆရာမစာသင်တာကို စိတ်ဝင်စား ချင်ဟန်ဆောင်နေတယ်။ ချစ်စရာ ရယ်စရာကောင်းတဲ့ ကလေးလေး....။
ဒီ သူစိမ်းကလေးတွေနဲ့တော့ တခါတလေ ပျော်စရာကောင်းပေမဲ့....၊ အခန်းထဲမှာ တယောက်ထဲဆိုရင်တော့ စိတ်က ဖောက်ချင်လာတတ်တယ်.. မြေးကလေးရေ....။
ဟောကြားလား... ဒေါ်ရီသန့်ကလေ...
"xx ဘယ်ဝယ်ဆီxx တမ်းတကာxx မှန်းဆကာxx လွမ်းရပါ့မည်... ငှက်အသွင်xx တောင်ပံဖြန့်ချီ...." တဲ့.... မြေးကလေးရဲ့....။
ဘာတဲ့.. ကျောက်ပန်းတောင်း ခင်စိုးဦးလေးကလဲ... "ကျွန်မတို့.. ရွှေပြည်ကြီး.. ကွာဝေးသလို.. ကွာဝေးသလိုxx" တဲ့။

နုနုရည် (အင်းဝ)
KNUA ခူနွာညနေခင်း။
စက်တင်ဘာ၊ ၂၀၀၈။

Monday, September 15, 2008

သူစိမ်းတွေကြားမှာ (၄) {ပထမပိုင်း}
ရေးသူ- နုနုရည် (အင်းဝ)



မြေးကလေးရေ.... သူစိမ်းတွေကြားမှာ၊ သုံးလကျော်လာတော့၊ အဖွားတယောက် နဲနဲတော့ စိတ်ဖောက်ချင်လာပြီ......။
အခန်းထဲမှာ အင်တာနက်က အရိုင်း၊ ငှက်ပျောကြော်၊ ဒေါ်ရီသန့်တို့ရဲ့ စည်တော်ကြီး သီချင်းခွေတို့၊ မြို့မနှစ်ပတ်လည်တို့ကို အကျယ်ကြီးဖွင့်ပြီး.....၊ တယောက်ထဲ လိုက်အော် ဆိုတာတွေ လုပ်ကုန်ပြီ....။
ဂျူမုံတို့၊ အွန်စောတို့ရဲ့ နွေရာသီကလဲ သူတို့ပြောတဲ့ အပူဆုံးလဆိုတဲ့အတိုင်း၊ အတော်လေးတော့ ပူလာသား...။ သူတို့ပူနည်းက ချွေးမထွက်ပဲ၊ ခြောက်ခြောက်ကြီး (မီးဖိုနားရပ်နေရသလိုမျိုး) ပူတာပဲ...။ ဘယ်လိုကြီးမှန်းမသိဘူး။



'.. ဂါ၊ နာ၊ ခါ၊ လာ၊ မာ၊ ဘာ၊ ဆာ
.... အာ၊ ဂျာ၊ ချ၊ ခ၊ ထ၊ ဖ၊ ဟ'
ကျွန်မအော်နေတာကို နားထောင်ပြီး လွမ်းစိတ်ကြောင့် စိတ်ကရောက်ကယက် ဖြစ်သွားတာလား၊ ကိုးရီးယား နွေအပူဒဏ်ကြောင့် ဦးဏှောက်ချောင်သွားလေသလားလို့ မထင်လိုက်ပါနဲ့အုန်းနော်....။
ကိုးရီးယားဘာသာစကား သင်ယူနေရတဲ့ သူငယ်တန်းကျောင်းသူလေး နုနုရည်အင်းဝ ရဲ့ လေ့ကျင့်မှုပါ။ သူတို့ရဲ့ ဗျည်း (၁၄)လုံးကို ကျွန်မအော်နေတာပါ။
တယောက်ကို ဒေါ်လာ (၁၄၀၀)၊ ကိုးရီးယားဝမ် (၁၅) သိန်း ကျသင့်တဲ့ သင်တန်းကြေးနဲ့ (Hankuk Forigen Language Studies) ဆိုတဲ့ ကိုးရီးယားနိုင်ငံရဲ့ နံမည်အကြီးဆုံး နိုင်ငံခြားဘာသာတက္ကသိုလ်မှာ၊ (၁၀) ပတ်တိတိ ကိုးရီးယားဘာသာစကား အပျော်တမ်းသင်ကြားရေး အစီအစဉ် စတင်နေပြီလေ။
ကျွန်မတို့ (KNUA) အဆောင်ကနေ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်လိုက်ရင် ကျွန်မတို့ စာသင်ခန်းကို ရောက်တယ်။ မနက် (၉)နာရီမှာ စသင်ရပြီး၊ နေ့ခင်း (၁)နာရီမှာ ပြီးတယ်။ အဲဒီတော့ (၀မ်းသွားဖို့ ချော့မြူရတဲ့) ကိုယ့်ဒုက္ခနဲ့ကိုယ်၊ စောစောလေး ထရတယ်။ 'ခူနွာ (KNUA)' ရဲ့ စိမ်းမြတဲ့ တောအုပ်တွေကို ကြည့်ရင်း အင်တာနက်က ဒေါ်ရီသန့်တို့၊ ဒေါ်ချိုပြုံးတို့၊ ကိုသုမောင်တို့နဲ့ အတူတူ စိမ်ပြေနပြေ လက်ဘက်ရည်သောက်လေ့တဲ့ မနက်စာချိန်လေးကို နှမြောလှပါတယ်။ ခုဆို ကျွန်မမှာ တီးမစ်ထုပ်တွေလည်း ရှိနေပြီလေ။ Lipton Tea နဲ့ နို့ဆီဗူးလဲ ရှိနေပြီလေ။ မြန်မာပြည်က တီးမစ်ထုတ်တွေကို သမီးမျိုးမျိုး (မျိုးသန္တာထွန်း)က ကိုးရီးယား လူကြုံရှာပြီးတော့ကို တကူးတကန့် ထည့်ပေးလိုက်ရှာတာ။ Lipton Tea နဲ့ နို့ဆီကိုတော့ ဒီက စာဖတ်ပရိသတ်ကလေးတွေ ထိုင်းဆိုင်ကနေ ရှာပြီး ၀ယ်လာပေးကြရှာတာ၊ သိပ်အံ့သြဖို့ ကောင်းတာပဲ၊ Lipton Ton ကို မနဲ လိုက်ရှာရတာလေ....။ စူပါမားကက် အကြီးကြီးတွေမှာတောင် မရှိဘူး။ သူတို့က ကျွန်မတို့လို အင်္ဂလိပ် Tea ပေါ့လေ..၊ လက်ဘက်ရည်ချို သောက်လေ့မရှိကြဖူး။ လက်ဘက်ရည်ကြမ်း (Green Tea) ပဲ သောက်ကြတာကိုး။ ဘယ်ဆိုင် မှာပဲ ဖြစ်ဖြစ် Green Tea လက်ဘက်ခြောက်ထုပ်လေးတွေနဲ့ သူတို့ ကော်ဖီမစ်ထုပ်တွေချည့် ပဲ.....။ လက်ဘက်ရည်ငတ် နေတဲ့ ကျွန်မမှာ စိတ်ကို ပျက်ကရော ဆိုတဲ့အထဲကပဲ။
လက်ဘက်ရည်ထုပ်တွေ ရလာတော့လဲ ကြည့်အုန်း....၊ တော်တော် ချွေချွေတာတာ မရှိတဲ့ ကျွန်မ....၊ တီးမစ်တထုပ်ကို ရေနွေးမတ်ခွက်အပြည့်နဲ့ဖျော်ပြီး Lipton Tea တထုပ်ကို စိမ်၊ နို့ဆီဇွန်းသေးသေးလေးနဲ့ တဇွန်းထည့်ဖျော်ပြီး သောက်တယ်လေ။ အော်... အဲဒါမှလဲ ချိုပေါ့ကျလေး ဖြစ်တာကိုး။ ဒါပေမဲ့ ချစ်တဲ့သူရဲ့ မေတ္တာပါတဲ့ အိမ်လက်ဘက်ရည်လေးနဲ့တော့ မတူနိုင်ပါဖူး..၊ စိတ်ထဲမယ်.... တခုခု လိုနေသလိုပါပဲ....။
Lipton တီးမစ်လေးကို အရသာခံသောက်ပြီးတာနဲ့ ကျွန်မ စာထိုင်ရေးတော့တာ နေ့လည်လောက်အထိပေါ့။ 'ခူနွာ' ရဲ့ အနုပညာသင်တန်းတွေကို သွားကြည့်တာတို့၊ တခြားကိစ္စတွေတို့က နေ့ခင်းပိုင်းတွေမှ သွားလေ့သွားထ ရှိတာကိုး။ ကိုယ့်ဟာလေးနဲ့ကိုယ်၊ ကိုယ့်အစီအစဉ်ကလေးနဲ့ကိုယ် ဟုတ်နေတာ၊ ကိုးရီးယားစာသင်ကြားရေး အစီအစဉ်က အချိန်တွေကို ကပြောင်းကပြန် ဖြစ်အောင် လုပ်ပစ်တော့တာ......။
ဒါပေမယ့် အံ့သြစရာ....။ စာသင်ခန်းဟာ ကျွန်မအတွက် စိတ်ဝင်စားစရာ ကောင်းနေ တယ်၊ ပျော်စရာ ကောင်းနေတယ်။
ဘာသာစကားတခုကို လူကြီးဦးဏှောက်နဲ့ သင်ဖူးတာဟာ ဒါပထမဆုံးပေါ့...။ အပျော်ထမ်းဆိုပေမဲ့ ဘာသာစကားတခုကို ဘယ်လို ချဉ်းကပ်လေ့လာမလဲဆိုတဲ့ စိတ်ဝင်စား မှုလေးရှိနေရင် ပိုကောင်းတာပေါ့။ ကျွန်မ ချစ်သူငယ်ချင်း ပါမောက္ခချုပ်ကြီးကတော့ စာရေးဆရာ၊ ကဗျာဆရာအချင်းချင်း ယိုင်းပင်းပြီးသားပါ။ 'ပျင်းတဲ့နေ့ မသွားနဲ့.. စိတ်ညစ်မခံနဲ့' တဲ့လေ။ ကျွန်မက စိတ်မညစ်ပဲ ပျော်နေတယ်ဆိုတော့ သူက အံ့သြလို့။ သဘောတွေလဲ ကျလို့ ပေါ့လေ...။
တကယ်တော့ ကျွန်မပျော်တယ်ဆိုတာ၊ ကိုယ့်အတွက် (မြန်မာလူမျိုးတယောက် အတွက်) မခက်လို့ပါ။ သူတို့နဲ့ ကျွန်မတို့နဲ့ Grammar က အတူတူပဲလေ။ "ကျွန်မ ထမင်း စားတယ်" ပဲ။ အင်္ဂလိပ်ဆို "ကျွန်မ စားတယ် ထမင်း" ကိုး။ သူတို့စာလုံးတွေ ကြည့်ပြီး ရေးရမှာ သိပ်ခက်မယ်ထင်တာလဲ ထင်သလောက် မခက်လှဘူး။
သူတို့မှာ 'ကိုယ်ပိုင်စာ' 'ကိုယ်ပိုင်ဘာသာစကား' ဆိုတာကို ၁၅ ရာစု၊ (၁၄၄၆) ခုနှစ်ကျမှ ဘုရင် 'ဆဲဂျုန်း' (King Sejong) နဲ့ ပညာရှိတသိုက်က တီထွင်လို့ ရှိလာတာ။ အရင်က နှစ်ပေါင်းရာကျော် တရုတ်ဘာသာစကားရဲ့ လွှမ်းမိုးမှု အောက်မှာပဲ နေခဲ့ရတာပေါ့...။ ခုချိန်ထိလည်း တချို့စကားလုံးတွေဟာ တရုတ်ဘာသာစကားရဲ့ လွှမ်းမိုးမှုအောက်မှာပဲ ရှိသေးတယ်တဲ့။ ဆဲဂျုန်းဘုရင်နဲ့ ပညာရှိတသိုက် တီထွင်ထားတဲ့ သူတို့ စာမှာ ဗျည်း consonents က (၁၄) လုံး၊ သရ vowels က ဆယ်လုံး (၁၀) ပဲ ရှိတယ်။ နှစ်ဆင့်ဗျည်း double consonents (၅လုံး) နဲ့ စကားဆက် combined vowels (၁၁) လုံး ရှိတယ်....။ ဒါပဲ...။
ကျွန်မတို့အတွက် လွယ်တယ်ဆိုတာက သူတို့အက္ခရာက ကိုယ့်လောက် မများတဲ့ပြင် အသံကလဲ ကိုယ့်လောက်မစုံဘူး။ သူတို့မှာ ရှိတဲ့ အသံတွေအကုန်လုံးဟာလဲ ကျွန်မတို့မှာ ရှိနေတာကိုး....။ 'ချ' တို့၊ 'ဂျ' တို့၊ 'ပ' တို့၊ 'ဘ' တို့ကို ကျွန်မတို့ ပီပီသသ ကွဲကွဲပြားပြား ရွတ်နိုင်တာကြည့်ပြီး၊ သူတို့မှာ အံ့သြလို့....။ ဒိပြင်လူတွေ မရဘူးလေ။ ကျွန်မတို့နဲ့ အက္ခရာ တော်တော်များများတူတဲ့ နိပေါလ်တောင် အသံကျတော့ မရဘူး။ ကျွန်မ သူငယ်ချင်းမလေး နီပေါသူ ပန်းချီဆရာမ 'အယ်ရီနာ' ဟာ တချိန်လုံး၊ 'အညာရှေးရိုး' ပဲ၊ ဘယ်လိုမှ 'ဆေးရိုး' လုပ်လို့မရဖူး....။ 'ရ' နဲ့ 'ဆ'၊ 'ရ' သံနဲ့ 'ဆ' သံကို တလွဲစီထွက်တာကိုး...။
အသံစုံပြီး နားထောင်ရင်လဲ ကွဲကွဲပြားပြား အသံရှိတဲ့ ကိုယ့်ဘာသာစကားလေးကို ပိုလို့ ချစ်မိတယ်။ ပြီးတော့ တန်ဘိုးထားမိတယ်။ ကျွန်မတို့မှာ...၊ 'က၊ ကာ၊ ကား..' ဆိုတဲ့ ကွဲကွဲ ပြားပြား အသံရှိပေမဲ့၊ သူတို့မှာ 'ကော' နဲ့ 'ကား' သံ နှစ်ခုပဲ ရှိတယ်။ ဒီနေရာမှာတော့ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရမှာပဲ...။
သူတို့မှာ 'ဇ' သံ၊ 'Z (ဇက်)' သံ လုံးဝမရှိတော့ 'ဇက်' သံကို 'ဂျ' သံပဲ ထွက်တယ်လေ...၊ 'ဇစ်' ဆို 'ဂျစ်' ပဲ။ 'ဇာ' ဆို 'ဂျာ' ပဲဆိုတော့.... ၊ ဆရာမက 'ဂျွတ်' ဆို၊ ကျောင်းသားတွေက 'ဇွတ်'။ ပျော်စရာပါ....။
ဆရာမလေးက ငယ်ရှာပါသေးတယ်..။ 'လင်ဟေးဂျင် ( Lin Hye Jin)' တဲ့၊ 'အင် ဆန်ဆိနိ(ဆရာမအင်)' လို့ ခေါ်ရတယ်။ ချစ်စရာကောင်းပြီး အသင်အပြလဲ ကောင်းပါတယ်။ နိုင်ငံခြားသားကို သင်ရတာဆိုတော့ ရီစရာလေးတွေ၊ ဟာသလေးတွေ၊ အိုက်တင်လေးတွေနဲ့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်၊ ဖြစ်အောင် သင်ရှာပါတယ်။ ကျောင်းသားစိတ်ညစ်ပြီး မလာတော့မှာကို သူတို့ခမျာ သိပ်ကြောက်ရရှာတာကိုး။ ကိုယ်သင်တဲ့ စာသင်ခန်းမှာ ကျောင်းသား ရှိခြင်း၊ မရှိခြင်း၊ ကိုယ့်ကို ကြိုက်ခြင်း၊ မကြိုက်ခြင်း ပေါ်မှာ အလုပ်တည်မြဲခြင်း၊ မမြဲခြင်းက မူတည်နေတာကိုး...။ ကြောက်တာပေါ့...။ လစာကလဲ ထိုက်ထိုက်တန်တန် ရတာကိုးလေ..။ နံမည်ကြီးပါမောက္ခတယောက်ဟာ တဘာသာသင်ရင် ၀မ် သိန်း(၈၀) ရတာတဲ့...။
ကျွန်မတို့အခန်းမှာ ကျောင်းသား ကျောင်းသူ ဆယ်ယောက်ရှိတယ်။ မြန်မာ၊ နီပေါ၊ အိန္ဒိယ၊ အီရန်၊ မွန်ဂိုးလီးယား၊ ကျူးဘား၊ ခြောက်နိုင်ငံကပေါ့...။ အသက်တွေက ဆယ့်ရှစ်နှစ်ကစပြီး ငါးဆယ်ကျော်ထိလေ...။ အီရန်က 'အားလီ' ဆိုတဲ့ ကောင်လေးက စာသင်ခန်းကို တပါတ်နောက်ကျပြီးမှ ရောက်လာတာ..။ အရပ်က အရှည်ကြီး၊ ခြောက်ပေလောက်ရှိမယ်၊ ခန္ဓာကိုယ်ကလဲ အကြီးကြီး၊ မျက်နှာလေးကတော့ နုနုလေးပေမဲ့ ဘယ်သူကမှ သူ့ကို ဆယ့်ရှစ်နှစ်လို့ မထင်ဖူး...။ အဲလောက်ငယ်မယ်လို့ မထင်ဖူးလေ..။ သူက.. ဘွတ်တွေ၊ ရွှတ်တွေ၊ ကုတ်တွေ အပြည့်အစုံနဲ့ ရှိုးစမိုးကလဲ ထုတ်ထားတာဆိုတော့ ဘယ်သူကမှ ဆယ့်ရှစ်နှစ်လို့ မထင်ဖူး...။ အနည်းဆုံး အသက်အစိတ်၊ အများဆုံး သုံးဆယ်လို့ ခန့်မှန်းထားတာလို့ ၀ိုင်းပြောကြတော့ 'အိုး.... ဂေါ့' ဆိုပြီး အားလီလေးဟာ သူ့နဖူးသူ ရိုက်လို့မဆုံး...၊ သူက အင်ဂျင်နီယာကျောင်းသားလေး..၊ ဒီ ကိုးရီးယားမှာ ကျောင်းတက်ဖို့ အတွက် လာလေ့လာတာတဲ့...။ ကိုးရီးယားဘာသာစကားနဲ့ပဲ သင်တာများတဲ့ ဒီနေရာမှာ အရင်ဆုံး ကိုးရီးယားဘာသာစကားကို စမ်းသပ်သင်ကြည့်တာတဲ့လေ..၊ 'မာရီ' ဆိုတဲ့ အီရန်မလေးလဲ ရှိသေးတယ်။ သူလေးက (၂၂) နှစ်၊ ကိုးရီးယားမှာနေတဲ့ အမဆီ လာလည်ရင်း စကောလားရှစ်နဲ့ ကျောင်းရဖို့အတွက်၊ ကြိုးစားနေရှာတာ..။ အီရန်တွေက အသားအရေ၊ မျက်လုံး၊ မျက်ခုံး သိပ်ကိုလှကြတာပဲကိုး..။ ပြီးတော့ သူတို့ရဲ့ လေယူလေသိမ်းက ဆွဲဆောင်မှု ရှိတယ်..။ ချွဲချွဲလေး...။ ဆရာမ'အင်' က သူတို့ လေယူလေသိမ်းကို 'very sexy' တဲ့။ ကိုးရီးယားအသံထွက်တွေကို သူတို့ လေယူလေသိမ်းနဲ့ ပြောတဲ့အခါ အဓိပ္ပါယ်တွေဟာ အကုန်ပြောင်းကုန်ရောတဲ့လေ..။ ဘာတတ်နိုင်မှာလဲ။
'အားလီ' လေးကို အမြဲတမ်း ကျောင်းပို့၊ ကျောင်းကြိုလာလုပ်တဲ့.. ကိုးရီးယား သူငယ်ချင်းလေး တယောက်ရှိတယ်။ 'အားလီ' ကို သိပ်ဂရုစိုက်တာပဲ..။ ကျွန်မတို့နဲ့ ဓါတ်လှေ ကားစောင့်ရင်း အမြဲဆုံနေကျပေါ့။ သူနဲ့ အပြန်အလှန် 'အညာဆေးရိုး' ကြရင်းကနေ၊ တနေ့မှာတော့ သူက ကျွန်မတို့ရဲ့ အဆိုအက နည်းပြဆရာဖြစ်သွားရော...။
အဲဒီနေ့က အတန်းထဲမှာ ဆရာမက ကလေးကဗျာလေးတပုဒ်ကို သင်တယ်လေ..။ '၀က်ဝံမိသားစုသုံးကောင်' သီချင်းလေးလေ..။ ကျွန်မတို့ဆီမှာ ကလေးတွေ တော်တော်များများ သိတဲ့ သီချင်းလေးပေါ့...။ ကိုးရီးယားနံမည်ကျော်ဇာတ်ကား၊ မြန်မာလို 'ချစ်စံအိမ်' လို့ ထင်တယ်။ နံမည်ကြီး ကိုးရီးယားမင်းသား 'ရိန်း (Rain)' နဲ့ နံမည်ကြီး မင်းသမီး 'အွန်စော' တို့ရဲ့ ကားပေါ့။ အဲဒီထဲမှာ အွန်စောလေးက အဲဒီကလေးကဗျာလေးနဲ့ ကတဲ့ အကွက်လေးပါတယ်။ အရပ်ကလေးပုပုနဲ့ သူကတာ အရမ်းချစ်ဖို့ကောင်းတာပဲ။ ကျွန်မသိနေတာလဲ အိမ်နီးနားချင်း ကလေးတွေကြောင့်ပေါ့။ သူတို့လေးတွေက အဲဒီဇာတ်ကားအခွေကို အပိုင်ဝယ်ထားပြီး အဲဒီ အွန်စော ကတဲ့၊ ဆိုတဲ့ နေရာလေးကို ထပ်တလဲလဲ ဖွင့်ကြည့်ကြတာ...။ ပြီးတော့ အဲဒီကဗျာလေးကို အော်ဆိုနေကြတာလေ...။
'..ဂုံဆယ် မာရီဂါxx ဟန်ဂျီဘဲ အစ်ဆောxx အာပါးဂုံxx အိုမား ဂုံ...အယ်ဂီဂုံ...' တဲ့။ အတန်းထဲမှာ ဆရာမက ဆိုပြတော့ ကျွန်မက အကလေးပါ ပါတယ် ကပြပါလားလို့ပြောတော့ မလုပ်ပါနဲ့၊ ရှက်လို့ပါတဲ့၊ သူ ကောင်းကောင်းကတတ်ပါတယ်၊ ဒါပေမယ့်.... ဆိုပြီး တောင်းပန်တယ်။ အဲဒါ ဓါတ်လှေကားမှာ 'အားလီ' သူငယ်ချင်း ကိုးရီးယားလေးနဲ့ တွေ့ရော၊ ကျွန်မတို့က အဲဒီကဗျာလေးကို ရွတ်လို့ကောင်းကောင်းနဲ့ ရွတ်လိုက်တာ....၊ အဲဒီကလေးက ဓါတ်လှေကားရှေ့မှာ ကျကျနန ကပြပါလေရော...။ ကျွန်မတို့ကိုလဲ ဒီလိုဆို၊ ဒီလိုက ဆိုပြီး သင်ပေးတော့တာ...။ တကယ်တော့ ဒီကလေးကဗျာ သီချင်းလေးဟာ ကိုးရီးယားလူမျိုးတိုင်း သိတဲ့ ကဗျာသီချင်းလေးပေါ့..။ သူတို့ ကလေးဘ၀မှာ ဆိုခဲ့၊ ကခဲ့ရတဲ့ သီချင်းလေးကိုး။ ချစ်စရာကောင်းပါတယ်။ ကျွန်မတို့မှာ ငယ်ငယ်က ဆိုခဲ့ကြတဲ့ ကလေးကဗျာလေးတွေ ရှိပေမယ့် ဒီလို အကလေးနဲ့ပါ တွဲထားတဲ့ သတ်သတ်မှတ်မှတ် ကဗျာသီချင်းမျိုးလေး မရှိဖူးလေ....။
ကျွန်မရဲ့ နောက်ထပ် သူငယ်ချင်းတယောက်ကတော့ 'အန်းဒီ' ဆိုတဲ့ ကျူးဘားလေး...၊ အသက်က (၂၁) နှစ်၊ ချစ်စရာ သနားစရာလေး။ သူတို့နိုင်ငံသုံး 'စပိန်' ဘာသာစကားပဲ ပြောတတ်တာဆိုတော့ တခြားသူတွေနဲ့ ဆက်သွယ်ဖို့၊ စကားပြောဖို့က ပြဿနာပေါ့။ အင်္ဂလိပ်လိုလဲ တလုံးနှစ်လုံးကလေးပဲ သိရှာတယ်။ ကိုးရီးယားလိုလဲ (ကျွန်မတို့အားလုံး) အရင်ဆုံး စပြောတတ်တဲ့ 'မိုးလားယို'၊ 'မသိဖူး' ဆိုတာပဲ ပြောတတ်တော့ နောက်ဆုံး အင်တာနေရှင်နယ်ဘာသာစကား၊ လက်ဟန်ခြေဟန်ပဲပေါ့။
ဒီကလေးကလဲ ကိုးရီးယားမှာ တနှစ်ဗီဇာ သက်တမ်းနဲ့ ကိုးရီးယားစာသင်ရင်း ကျောင်းတက်ဖို့ ကျောင်းရှာမှာ...။ ကျောင်းရှာတယ်ဆိုတာ၊ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တွေ ရဲ့ ၀င်ခွင့်စာမေးပွဲတွေကို လိုက်ဖြေရတာပေါ့...။ တက္ကသိုလ်အများစုက ကိုးရီးယားလိုသင်တာ ဆိုတော့ ကိုးရီးယားစားကို အရင်သင်ရတာပေါ့။
ကျွန်မက အန်းဒီကို 'ငါ မင်းတို့ ခေါင်းဆောင် ကပ်စထရိုကို သိတယ် အန်းဒီ' လို့ပြောတော့ သူ့မျက်နှာလေးက ရှုံ့မဲ့မဲ့လေး..။ ကျွန်မက ရယ်မောရင်း 'မင်း ကပ်စထရိုကို ကြိုက်လား' လို့ မေးတော့ 'မိုးလားယို' တဲ့...။ မသိဖူးတဲ့။ လူလည်လေး...။ ပြီးတော့ လူနောက်လူပြောင်လေး...၊ ကျွန်မက အပေါက်ဝကို လက်ညှိုးထိုးပြီး 'ဟိုမှာ ကပ်စထရို လာနေပြီ' လို့ နောက်လိုက်တာနဲ့ ပျာရိပျာယာ ခုံအောက်ဝင်ပုန်းတတ်တယ်။ ခုံအောက်မှာ 'ပု' နေရင်းကလဲ အားလုံးကို နှုတ်ခမ်းပေါ်လက်တင်ရင်း 'တရှူးရှူး' နဲ့ လုပ်တတ်သေးတယ်။
'ချေဂွေဗားရားလာနေပြီ' လို့အော်ရင်တော့ ဖျတ်ဆို သတိဆွဲပြီး အလေးပြုတတ်တယ်။ ပြီးတော့မှ လက်မထောင်ရင်း 'ဂျိုအာရို' တဲ့။ ကိုးရီးယားလို သိပ်ကောင်းတယ်လို့ ပြောတာလေ...။
ပြီးတော့ ဆရာမ 'အင်' က စကားလုံး အသစ်တလုံး၊ သင်ခဏ်းစာ အသစ်တခု တက်ပြီ ဆိုရင် သူ့အတွက် နဲနဲရှုပ်သွားတာနဲ့ ခေါင်းလေးခါပြီး... 'ဘာလို့ အဲလို ဖြစ်ရတာလဲ' လို့ ဆရာမကို မေးတတ်တယ်။ ဆရာမကလဲ ရယ်ရယ်မောမောနဲ့ အမြဲဖြေတယ်...။ 'အဲဒါ ငါလဲမသိဘူး၊ စာတီထွင်တဲ့ ဆဲဂျုန်း ဘုရင်ကို သွားမေးပါ' တဲ့...။ အဲဒါ နောက်ကျတော့ သူနားမလည်တော့ဖူးဆိုရင် 'အိုး ဆဲဂျုန်း' လို့ ခေါင်းရမ်းပြီး အော်တော့တာပဲ....။ ဟာသရှိတဲ့ အန်းဒီက စာသင်နေရင်းကလဲ ဘေးနားက ကျွန်မကို ကပ်ပြီးတော့လဲ မေးတတ်တယ်။ 'ဆဲဂျုန်း ဘာကြောင့် အဲလို လုပ်ရတာလဲ' တဲ့။ ကျွန်မက 'စာတီထွင်တုန်းက ဆဲဂျုန်းနဲ့ ပညာရှိတသိုက်ဟာ ဆိုဂျူးသောက်ပြီး တီထွင်တာ' လို့ ပြောတော့ သူ့မှာ ခုံအောက်မျက်နှာ ၀င်ပြီး တခစ်ခစ်နဲ့ အူတက်လို့ မဆုံးတော့ဖူး။

သူစိမ်းတွေကြားမှာ (၄) ပထမပိုင်းပြီး။

Monday, September 8, 2008

ပြည်တွင်းဖြစ်နိုင်ငံခြားသား ကိုရွှေဗမာများသို့
ရေးသူ- လူထုစိန်ဝင်း


´´ ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ``
စင်ကာပူမှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။

ဘ၀င်လေဟပ်သူတွေရဲ့စကား

စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ လို့တော့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး`` စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။


နွားနဲ့ရုန်းနေတာ ပျင်းတာလား

မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။ မနက်အရုဏ် မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း၊ တနေ့လုံး နေပူကြီးထဲမှာ နွားနဲ့အတူ ရုန်းအလုပ်လုပ်၊ ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။ ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီး တွေ မှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မဟုတ်ပါလား။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။ မြို့ရွာနဲ့ အလှမ်းဝေး ကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေးမှာပဲ သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရ တာပါ။ ဒီလူမျိုးတွေကို ပျင်းသတဲ့လား။

တီထွင်လုပ်တတ်တဲ့လူတွေ

နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးလုံး မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။ စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။ စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက်ပစ်ချသူတွေကို ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာ တွေကျတော့ ထည့်မပြောကြဘူး။ ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာအခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ ``ပြည်သူ့နီတိ´´ ကို လစ်လျူရှု တတ်ကြပါတယ်။ ``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ တံတွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုး တာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။ သူတို့နဲ့စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။
မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။ ကြိုးစားပမ်းစား မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ရှိကြတယ်။ နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊ တချို့များဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။ မနက် အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင် အောင် အဆင့်သင့် လုပ်ထားရတာလေ။ မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင် တယ်။
မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့ သင်ယူတဲ့ ပညာရပ်ကို ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက်ပါ။ ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို ဘွဲ့တွေသွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။ မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဥာဏ်ရည် ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင် လုပ်နိုင်ပါတယ်။

ကိုရွှေဗမာတွေ

မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့ ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ´´ ပြည်တွင်းဖြစ် နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။ ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့် ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာဖြစ်တယ်။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာမရှိပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက်ရှိတယ်။ နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓာတ်သတ္တုမျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး ထုတ်ယူသုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖောက်ကားကြရမှာ မဟုတ်လား။

သတိပေးလိုက်ချင်တယ်

အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး အလုပ်လုပ် ပေးနေကြတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကားမလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။

လူထုစိန်ဝင်း
(၃.၉.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven အတွဲ(၃)၊ အမှတ် (၄၆) စာ-၂၀ မှ လူထုစိန်ဝင်း၏ ဆောင်းပါးအား ကူးယူ ဖော်ပြသည်)

Sunday, September 7, 2008

နောက်ပိတ်ခွေး
ရေးသူ- ဗန်းမော်တင်အောင်

(၁)

အောင်သန်းသည် မေ့လျော့ထားခြင်းကို ခံနေရသော သားငယ်တယောက်သာဖြစ်၏။ သူ့ကို သတိရသူမရှိ။ သူသည် စွန့်ပစ်ခြင်းကို ခံနေရ၏။ သို့ရာတွင် သူ့အား လိုက်လံရှာဖွေ ကြမည့် မိဘတို့သည်မရှိ၊ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးညာတိကာတို့သည်လည်းမရှိ။ သူ့ကို မေ့လျော့ထားကြသည့်အတွက် အောင်သန်းသည် များစွာအရေးထားလှပုံမရ။ စွန့်ပစ်ထားခြင်း ကို ခံရသည့်အတွက်လည်း သူသည် ဝမ်းနည်းမိဟန်မတူ။ သူသည် ရဲရင့်သော လူသား တယောက်ပီပီ သူ့အား မေ့လျော့စွန့်ပစ်ထားကြသော လူ့ဘောင်ကြီးအတွင်း၌ သူ၏ စွမ်းပကား ဖြင့် အသက်တချောင်းကို မွေးမြူနေထိုင်လျက်ရှိသည်။ အောင်သန်းသည် ကျေးလက်၏ ရလဒ်ဖြစ်သော်လည်း နေပြည်တော်၌ စွဲမြဲနေထိုင် လျက်ရှိသည်။ ကျေးလက်၏ သားသမီးပီပီ အောင်သန်းသည် စိမ်းလန်းသော လယ်ကွင်းများ သို့ အဘယ်ကြောင့် ပြန်၍ မနေထိုင်ရသနည်း။ ပြွေသံနှင့် နွားခလောက်သံများကို သူသည် မလွမ်းဆွတ်လေသလော။ မှိုနတိုနှင့် ချဉ်ပေါင်ရေတည်တို့ကိုလည်း သူသည် မေ့လျော့လေပြီ လော။ အဘယ်ကြောင့် သူ့အား လူရာမသွင်းသော နေပြည်တော်၌ ပျော်ပိုက်၍ နေရသနည်း။ သူသည် အခလွတ် ပညာသင်ကြားခွင့် ရသည်ဆိုသော တက္ကသိုလ်ပညာရေးကို တပ်မက်နေ သလား။ သို့မဟုတ် ကမ္ဘာအေးစေတီကို ဖူးမြှော်ရင်း ပြည်တော်သာစီမံကိန်း၏ တိုက်တလုံး၊ ကားတစီးနှင့် လစာရှစ်ရာတထောင်တို့ကို စောင့်စားနေသလား။ ပုထုဇနော ဥမ္မတကောဟု ဘုရားရှင် ဟောကြားထားသော်လည်း အောင်သန်းသည် မိုက်မဲ လောက်အောင်ကား မရူးပါ။




အောင်သန်းသည် လယ်ကွင်းပြင်များ၌ မွေးဖွားလာခဲ့ရသော လယ်သမား သားသမီးပီပီ နွားကျောင်းရင်း ပြွေကြူလို၏။ သူသည်ကွင်းပြင်၌ တိုက်ခတ်သောလေကို ရှူရှိုက်လို၏။ သို့ရာတွင် ကျေးလက်၌ ယနေ့တိုင် မိုးကောင်းလျက်ရှိသော မြေရှင်က သူ့အား ကျောတရာ၊ ရင်တရာ ရိုက်ခတ်၍ လယ်ကွင်းများထဲမှ နှင်ထုတ်လိုက်သည်။ သူအဘိုး၏ လယ်ကိုသိမ်း ယူ၍ သူ့အဘကိုလည်း လယ်ထဲမှ ကန်ထုတ်လိုက်သောအခါ အောင်သန်းသည် ပြေးမိပြေးရာ သို့ပြေးရင်း နေပြည်တော်သို့ ရောက်လာခြင်းဖြစ်၏။
အောင်သန်းသည် ဤကဲ့သို့ အမွေမဲ့သားတယောက် ဖြစ်လာခဲ့ရသည်။ သူ့တွင် အတတ်ပညာလည်း မရှိပေ။ သူသည် လူလားမမြောက်ရမီပင် သူ၏ ဝမ်းတထွာကို ရသောနည်းနှင့် ကျောင်းခဲ့ရသည်။ သူ၏ အသက်ရှင်နေနိုင်ရေး တိုက်ပွဲသည် ကြပ်တည်းလှ၏။ မနိုင်သောဝန်ကိုလည်း ထမ်းခဲ့ရ၍ မရောက်နိုင်သောခရီးကိုလည်း သွားခဲ့ရ၏။ ဘဝ၏ ထန်ပြင်းသောမုန်တိုင်းအကြားဝယ် သူသည် လွင့်ချင်ရာလွင့် နေခဲ့ရ၏။ ငတ်မွတ်ရခြင်းသည် သူ၏ ညီအစ်ကိုဖြစ်၍၊ နာကျင်ရခြင်းများသည် သူ့နောက်သို့ တကောက်ကောက် လိုက်ပါ နေကြသော အရိပ်များဖြစ်ကြသည်။
သို့ရာတွင် အောင်သန်း၌ လေးမြတ်စရာကောင်းသော သတ္တိတခုရှိသည်။ သူသည် အတိတ်ကို လုံးဝ မြှုပ်နှံထားနိုင်ခြင်းပင် ဖြစ်၏။ သူသည် ပစ္စုပ္ပန်၌သာ နေထိုင်လျက်၊ အနာဂတ် ကိုလည်း အိပ်မက် မက်ခြင်း ရှိပုံမရ။ သူသည် နံနက်စာကို တွေ့ရသောအခါ စား၏။ သို့ရာတွင် ညစာအတွက် သူသည် မစဉ်းစား၊ တွေ့လျှင်လည်း စားမည်။ မတွေ့လျှင်လည်း မစားဘဲနေ လိုက်မည်။ မခံမရပ် နိုင်လောက်အောင် ဆာလောင်လာသောအခါ သူသည် တော၏ဥပဒေ အတိုင်း ရှာဖွေ၍ စားသောက်တတ်သည်။ သည်အတွက်နှင့် သူ့ကို ဝိုင်းဝန်းဖမ်းဆီး၍ တရားရုံး များသို့ ပို့ကြ၏။ ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံသော တရားမင်းများက နေပြည်တော် အရပ်၌ တောဥပဒေကို လိုက်နာသော အောင်သန်းအား အပြစ်ပေးကြ၏။
ရန်ကုန်ထောင်အတွင်းသို့ အောင်သန်းသည် အကြိမ်ကြိမ်ရောက်ခဲ့ပြီးပေပြီ။ သူသည် ကလေးအရွယ်၌ ကလေးထောင်တွင် နေထိုင်ကြီးပြင်းခဲ့ရ ပြီးလျှင် ယခု အသက် (၄ဝ) နီးသော အရွယ်၌ကား ဗမာနိုင်ငံ အကျဉ်းထာင် အနှံ့အပြား၌ လှည့်လည်နေထိုင်ခဲ့ပြီးလေပြီ။ ဤအတိုင်း သွားနေလျှင် သူသည် ထောင်ထဲ၌ အရိုးထုတ်ရလိမ့်မည်ဟု ခန့်မှန်းရသည်။
၁၉၅၂ - ခုနှစ်အတွင်းက နိုင်ငံတော်အစိုးရ၏ ကျေးဇူးကြောင့် အထက်ပါ အောင်သန်း ကို သွေးများ စွန်းထင်းနေသော ရန်ကုန်ထောင်ကြီး အတွင်း၌ ကျွန်တော်သည် တွေ့ဆုံခဲ့ရ လေပေသည်။

(၂)

ကျီးကန်းနှင့်စာငှက်များကို အရှင်ရအောင် ဖမ်းနိုင်သည်ဆိုသော ထူးခြားသည့် အရည်အချင်းကြောင့် အောင်သန်းကို ကျွန်တော်သည် စတင်၍ စိတ်ဝင်စားမိ၏။ ထို့ထက်လွဲ၍ အောင်သန်းအကြောင်းကို ဘာမျှတော့မသိသေး။ ကျီးကန်းနှင့် စာငှက်များကို အရှင်ရအောင် ဖမ်းဆီးနိုင်သော လူတယောက်ထက်လွဲ၍ သူ၏ နာကျင်ရှည်လျားလှသော ငိုချင်းရှည်ကြီးကို ဘာမျှမသိရှိသေးမီ အောင်သန်းကို ကျွန်တော် စတင်တွေ့ရှိရသည်။
ပိန်ချည့်သေးကွေးသော လူတယောက်သည် အရောင်အဆင်းမရှိသော ပုဆိုးစုတ်ကို လည်တွင် ဂွင်းသိုင်းလျက်၊ တုတ်တချောင်းကို ဝှေ့ရမ်းကိုင်ဆောင်ကာ ငါးအဆောင်သို့ဝင်၍ လာသဖြင့် တံခါးဝ၌ တာဝန်ရှိသော အကြပ်က ထုံးစံအတိုင်း ဟန့်တားပိတ်ပင်သည်။
"ဟေ့ ဝါဒါ၊ မင်း ဖွင့်ပေးမလား၊ မပေးဘူးလား"
အကြပ်က အောင်သန်းအား တံခါးဖွင့်မပေးဘဲ နှင်ထုတ်၏။
အောင်သန်းသည် အကြပ်ကို နောက်ထပ် ဘာမျှပြောဆိုခြင်း မပြုတော့ဘဲ သံတိုင်ကို ကျော်တက်၍ ငါးအဆောင်တွင်းသို့ ဝင်သွား၏။ မိန်းဂျေးမှ စီအိုင်ဒီများသည် အောင်သန်းကို ဘာမျှမပြောဆိုနိုင်ဘဲ လက်ပိုက်၍ ကြည့်နေကြရ၏။
"အဲဒါပေါ့ဗျ၊ အောင်သန်းဆိုတာ" ဟု မိတ်ဆွေတယောက်က ကျွန်တော့်အား လှမ်း၍ ပြောပြ၏။
ချုပ်ချယ်မှုအား တော်လှန်တတ်သော အောင်သန်းကို ကျွန်တော်သည် ဤသို့စတင် တွေ့ရှိကာ သူ့အား သဘောကျမိသည်။ ချုပ်ချယ်ခြင်းခံနေရသည့်အကြား၌ ထပ်မံချုပ်ချယ် ခြင်းကို ပုန်ကန်ဝံ့သော အောင်သန်း၏ ပင်ကိုယ်သတ္တိကို ကျွန်တော်သည် လေးစားသလို ဖြစ်မိ၏။ သူ့ကို ရင်းရင်းနှီးနှီး သိကျွမ်းလိုသော စိတ်များလည်း ပေါ်ပေါက်လာသည်။
"ဟေ့....... အောင်သန်း၊ မင်းဘယ်သွားမလို့လဲ" ကျွန်တော်က စတင်၍ သူ့အား နှုတ်ဆက်ကာ တားလိုက်သည်။
"ခင်ဗျား ဘယ်သူလဲ" ဟု အောင်သန်းက ကျွန်တော့်ကို အကဲခတ်သလို ပြန်၍မေးလာ ၏။
"ငါလဲ မင်းလို ထောင်ထဲရောက်နေတဲ့ လူတယောက်ပါပဲကွာ"
"ခင်ဗျား ဘီကလပ်ကလား"
"အေး"
"ဒါဖြင့် ဆေးလိပ်တလိပ်လောက်ပေးစမ်းပါ"
သူ၏ ပွင့်လင်းခြင်းကို သဘောကျမိသည်။ ထို့ကြောင့် သူ့အား ကျွန်တော့် အခန်းတွင်း သို့ ခေါ်လာခဲ့ပြီးလျှင် လက်ဖက်ရည်ဖျော်၍ တိုက်ရင်း သူ့ကို လေ့လာကြည်ရှုမိသည်။ အောင်သန်းသည် လုံလောက်သော အာဟာရနှင့် ဆေးဝါးများကို မမှီဝဲခဲ့ရသဖြင့် အသက် အရွယ်နှင့် မလိုက်အောင် သေးကွေး ပိန်ချည့်နေသည်။ လူစဉ်မမီနိုင်အောင် ညှိုးနွမ်းနေသည်။
"ဒါထက်....... မင်းကျီးကန်းနဲ့ စာကလေးတွေကို အရှင်ရအောင် ဖမ်းတတ်တယ်ဆို" ဟု ကျွန်တော် က မေးကြည့်သည်။
"ကျီးကန်းတကောင် လိုချင်ရင် ဆေးလိပ်ငါးလိပ်နဲ့ရမယ်" ဟု အောင်သန်းက သူ၏ ပေါက်ဈေးကို တောင်းလာ၏။
"စာကလေးတကောင်ကကောကွ"
"ငါးလိပ်ပဲ"
“တူတူပဲ လားကွ”
"ဖမ်းရတာ တူတူပဲ"
ညီမျှသော လုပ်အားအတွက် ညီမျှသော တန်ဖိုးကို အောင်သန်းက တောင်းဆို၏။
လက်ဖက်ရည် သောက်ပြီးသွားသောအခါ ကျွန်တော်သည် အောင်သန်းအား ဆေးလိပ် ဆယ်လိပ်ခန့် ပေးလိုက်သည်။ သူသည် ဆေးလိပ်များရသဖြင့် ဝမ်းသာအားရ ထွက်သွားသည်။
နောက်ထပ်၍ သုံးရက်မျှ အောင်သန်းနှင့် မတွေ့ရပေ။
သုံးရက်ခန့် အကြာတွင် အောင်သန်းသည် ကျွန်တော့်ဆီသို့ လာ၏။ သူနှင့်အတူ စာကလေး အရှင် နှစ်ကောင်ကိုလည်း ကျွန်တော့်အတွက် ယူလာခဲ့ပေသည်။

(၃)

အောင်သန်းနှင့် အကျဉ်းထောင်ထဲတွင် တစထက်တစ ရင်းနှီးကျွမ်းဝင်လာပြီးနောက် အောင်သန်းကို နီးနီးကပ်ကပ် လေ့လာနိုင်ရန်အတွက် ကျွန်တော့်အနီးသို့ ခေါ်ထားခဲ့သည်။ ထိုသို့ အောင်သန်းကို ကျွန်တော်က အနီးသို့ ခေါ် ထားသည့်အတွက် ထောင်အာဏာပိုင်များက ကျေးဇူးတင်ကြသည်။ ဝမ်းသာကြသည်။ အဘယ်ကြောင့်ဆိုသော် အောင်သန်းကို သူတို့ အုပ်ချုပ်ထိန်းသိမ်း၍ မရကြသည့်အတွက် ဖြစ်သည်။
အောင်သန်းသည် အကျဉ်းထောင်အတွင်း၌ ဖိနှိပ်ချုပ်ချယ်ခြင်းကို အမြဲတစေ တော်လှန်တိုက်ခိုက်ဝံ့သော သတ္တိရှိလေသည်။ သူ့ကို အပြစ်ဒဏ်ပေးသောအနေနှင့် အလုပ် လုပ်ခိုင်း၍ မရ။ အာဏာပိုင်တို့က သူ့အားခိုင်းစေလျှင် "မလုပ်ဘူးကွ" ဟု တင်းတင်းမာမာ ပြန်၍ပြော၏။ အချို့သော အကြပ်များက အောင်သန်းအား ပါးစပ်ဖြင့် ပြောဆို၍မရသဖြင့် တုတ်ဖြင့်ချောက်လှန့်ရန် ကြိုးစား၏။ ထိုအခါ အောင်သန်းသည် အုတ်ခဲတလုံးကို ကောက်၍ ကိုင်တတ်၏။
အောင်သန်းကို ထောင်ထဲ၌ ထောင်ချကြည့်၏။ တိုက်ပိတ်သည်ဟူ၍ ခေါ်၏။ ထိုကာလ၌ အောင်သန်းသည် ထောင်မင်းကြီးမှစ၍ အကြပ်အထိ ကော်၍ ဆဲရေး၏။ အော်ဟစ်ဆဲရေးပြီးသောအခါ သူ့အား ဤသို့ ချုပ်ချယ်ခြင်းကို အပြင်းထန်ဆုံးသော လက်နက်ဖြင့် ပြန်လည်၍ တိုက်ခိုက်၏။ ထိုလက်နက်မှာ အခြားမဟုတ်၊ အစာငတ်ခံခြင်းပင် ဖြစ်၏။ ဤတိုက်ပွဲကို အောင်နိုင်သည်အထိ အောင်သန်းသည် ရွပ်ရွပ်ချွံချွံဆင်နွှဲ၏။ နောက်ဆုံး၌ ထောင်အာဏာပိုင်တို့သည် အောင်သန်းကို အရှုံးပေး၍ လွှတ်လိုက်ရသည်။
တိုက်ထဲမှ လွတ်မြောက်လာပြီးနောက် အောင်သန်းသည် ရန်ကုန်ထောင်ကြီးအတွင်း၌ သွားချင်ရာ သွား၍ လာချင်ရာလာ၏။ လုပ်ချင်ရာလုပ်၍ စားချင်ရာ လျှောက်စား၏။ သူ့ကို ဘယ်အကြပ်တို့ကမှ ဘာမျှ မပြောနိုင်ကြတော့။ သက်ဆိုင်ရာထောင်မှူးများကလည်း သူ့ကို လက်မြေ‡ာက်ထားကြ၏။ သူသည် ဖိနှိပ်ချုပ်ချယ်ခြင်းအား သူရသတ္တိရှိစွာဖြင့် အဆုံးတိုင် တိုက်ခိုက်အောင်နိုင်ခဲ့သော ရန်ကုန်ထောင်တွင်း သူရဲကောင်းကြီးမဟုတ်လော။
ရန်ကုန်ထောင်ကြီးအတွင်း၌ စွန်လွှတ်ခြင်းကို ပိတ်ပင်ထား၏။ အောင်သန်းသည် ပြတ်လွင့်လာသော စွန်များကို လိုက်လံဖမ်းဆီး၍ ကြိုးတိုက်ပေါ်သို့ တက်ကာ စွန်လွှတ်၏။ ဘယ်သူက ဘာပြောနိုင်သနည်း။
ထောင်ပိုင်သည် နံနက်ခင်းအချိန်တွင် ထောင်အတွင်းသို့ လှည့်လည်ကြည့် ရှုလေ့ရှိ၏။ ထိုအချိန်၌ အဆောင်တံခါးများ ပိတ်ထားတတ်၏။ အဝင်အထွက် မရှိရ။ လမ်းပေါ်၌လည်း ဘယ်သူမှ ရပ်မနေရ။ သို့ရာတွင် အောင်သန်းသည် ပုဆိုးကို လည်ပင်းကွင်းသိုင်း၍ တုတ်တ ချောင်းကိုင်ကာ ထောင်ပိုင့်လမ်းတွင် ကန့်လန့်လုပ်နေတတ်၏။
"မင်း မလွတ်သေးဘူးလား အောင်သန်း" ဟု ထောင်ပိုင်ကပင် သူ့ကို နှုတ်ဆက်မေးမြန်း ရ၏။
"မလွတ်သေးဘူး၊ ဦးဘသိန်း ဘယ်တော့လာဦးမလဲ" ဟု သူက ပြန်၍မေး၏။ ဦးဘသိန်းသည် အကျဉ်းထောင်မင်းကြီးဖြစ်၏။ အောင်သန်း ကလေးထောင်၌ စတင်နေထိုင် ရစဉ်က ဦးဘသိန်းသည် ကလေးထောင်တွင် ထောင်မှူးဖြစ်သည်။ သို့ရာတွင် ယခုအခါဝယ် ဦးဘသိန်းသည် ထောင်မင်းကြီးပင်ဖြစ်ခဲ့လေပြီ။ အောင်သန်းကား ထောင်ထဲတွင် နေထိုင် ရတုန်းပင်ဖြစ်သည်။
"လာတဲ့အခါ မင်းကိုခေါ်မယ်လေ ဟုတ်လား"
"အင်း"
"ထောင်ထဲမှာ ကောင်းကောင်းနေနော် အောင်သန်း"
"အင်း"
ထောင်ပိုင်ကလည်း အောင်သန်းကို ချော့မော့ပြောဆိုရသည်။ အဘယ်ကြောင့်ဆိုသော် အောင်သန်းသည် ထောင်မင်းကြီး၏ မိတ်ဆွေလည်း ဖြစ်သောကြောင့်တည်း။

(၄)

အောင်သန်းအား ကျွန်တော်တို့ ထမင်းဝိုင်းတွင် ကျွေးမွေးကာ ကျွန်တော့်အနီးတွင် ခေါ်ထားသော ကာလအတွင်း ၎င်း၏လေးမြတ်ချစ်ခင်စရာကောင်းသော စိတ်နေသဘောထား ကလေးများကို တွေ့ရသည်။ အာဏာပိုင်များက အပြစ်ဒဏ်ထားသောအနေဖြင့် ခိုင်းစေသော အလုပ်ကိုသာ မလုပ်သော်လည်း သူပါ ဝင်ရောက်စားသောက်သော ထမင်းဝိုင်းအတွက် လိုအပ်သော ထင်းများကို မည်သူကမှ တိုက်တိုက်တွန်းတွန်း မပြောဆိုရဘဲ ထင်းဂိုဒေါင်သို့ သူ့ဘာသာ သူသွား၍ ထမ်းယူလာပေး၏။ နံနက်လင်း၍ အိပ်ဆောင်ဖွင့်လျှင် ဖွင့်ချင်း အိပ်ရာမှထကာ ထင်းသယ်ရန်သွား၏။ တရက်တလေမျှ မပျက်ကွက်ခဲ့။ ထင်းထမ်း၍ ပြန်ပို့ ပေးပြီးနောက်မှ သူလည်ချင်ရာသို့ လျှောက်၍ လည်နေတတ်သည်။ သူသည် လူ့ ကျင့်ဝတ်ကို လိုက်နာပြုလုပ်တတ်ပေသည်။
ရှိသေး၏။
အောင်သန်းသည် ယခင်က ညစ်ညစ်ပတ်ပတ်နှင့် ဖြစ်သလို နေလေ့ရှိခဲ့သည်။ ရေကို ချိုးချင်သည့်အခါမှ ချိုးလေ့ရှိ၏။ ကျွန်တော်နှင့် လာရောက် နေထိုင်သောအခါ သူ့အား သန့်သန့်ရှင်းရှင်းနှင့် သပ်သပ်ရပ်ရပ်နေထိုင်ရန် အကျိုးသင့်အကြောင်းသင့် ပြောဆိုဆုံးမ ကြည့်သည်။ နောက်တနေ့မှစ၍ အောင်သန်းသည် တနေ့လျှင် ရေသုံးခါလောက်ချိုး၏။ မိုးတွင်းကြီး၌ပင် တနေ့လျှင် ရေသုံးခါ မှန်မှန်ချိုးနေသောကြောင့် "အောင်သန်းရာ မင်းရေချိုးတာ လျှော့ပါဦးကွာ" ဟု ကျွန်တော်ကပင် ပြန်၍ တောင်းပန်ယူရသည်။ အထူးတန်း အကျဉ်းသားများကဲ့သို့ အောင်သန်းသည် သပ်သပ်ရပ်ရပ် နေထိုင်ရန်အတွက် ကျွန်တော့်ထံမှ ဆပ်ပြာမွှေး၊ ပေါင်ဒါ၊ ခေါင်းလိမ်းဆီ စသည်တို့ကို နေ့တိုင်း တောင်းလာသဖြင့် "မင်းဟာက လျှော့ပါဦးကွာ" ဟု ကျွန်တော်က တောင်းပန်ရပြန်၏။
အောင်သန်းသည် လူတယောက်ပီပီ သပ်သပ်ရပ်ရပ်နှင့် သန့်သန့်ပြန့်ပြန့်ကလေး နေလိုရှာသည်။ သို့ရာတွင် ထိုကဲ့သို့နေထိုင်ရန်အတွက် သူသည် အခွင့်အရေးမရခဲ့ပေ။ ဝမ်းတထွာတိုက်ပွဲကို အလူးအလဲ တိုက်ခိုက်နေခဲ့ရဟန်တူသည်။ ထို့ကြောင့် သူသည် လူစင်စစ်က တိရစ္ဆန်တကောင်လို နေခဲ့ရရှာသည်။ အကယ်၍သာ သူ့အား မေတ္တာကရုဏာဖြင့် စိတ်ရှည်ရှည်ထား၍ ပြုပြင်လေ့ကျင့်ပေးနိုင်မည်ဆိုခဲ့လျှင် အောင်သန်းသည် လူ့ဘောင်ကြီး၏ စည်ပင်တိုးတက်ရာ တိုးတက်ကြောင်းအတွက် များစွာအဖိုးတန်သော လူတယောက် ဖြစ်လာ လိမ့်မည်ဟု ကျွန်တော်ယူဆမိသည်။
အောင်သန်းသည် လူအများ၏ အကျိုးကို ဆောင်ရွက်လိုသော သဘောလည်း ရှိသည်။ ညမိုးချုပ်၍ ထောင်ပိတ်သောအခါများတွင် အချို့သော သူများသည် ထောင်အပြင်ဘက်၌ လှန်းထားသော အဝတ်အစားများကို မေ့ထားတတ်ကြသည်။ အောင်သန်းသည် အိပ်ဆောင် ပိတ်သောအခါ ထိုမေ့ကျန်နေသော အဝတ်အစားများကို လျှောက်၍ သိမ်းဆည်းလာတတ်ပြီး လျှင် အဝတ်အစားရှင်များအား အော်ဟစ် မေးမြန်း၍ လိုက်လံပေးကမ်းတတ်သည်။
သူသည် ငတ်ပြတ်သောအခါ ထောင်၏ အပြင်ဘက်၌ ခိုးယူစားသောက်ခြင်း ပြုခဲ့သော်လည်း ထောင်ထဲ၌ကား ခိုးယူတတ်ခြင်းမပြု၊ သူလိုချင်သော ပစ္စည်းကို တောင်းရမ်းတတ်သည်။ ဘဝတူ အကျဉ်းသားများကို သူသည် ဘယ်တော့မျှ အနှောက် အယှက် မပေးတတ်။ အာဏာပိုင်များကို ကြမ်းကြမ်း တမ်းတမ်း ပြန်လည်၍ တိုက်ခိုက် တတ်သော အောင်သန်းသည် ဘဝတူအကျဉ်းသားများနှင့် ဆက်ဆံရာ၌ ယဉ်ကျေးပြေပြစ်စွာ ဆက်ဆံတတ်သည်။ မည်သည့် အကျဉ်းသားကမဆို သူ့အား အကျိုးသင့်အကြောင်းသင့် ပြောဆိုဆုံးမလျှင် သူသည် ဣနြေ္ဒရရ နားထောင်တတ်သည်။
တခါတရံ အောင်သန်းအား ၎င်း၏ အတိတ်ဘဝအကြောင်းကို ကျွန်တော်သည် မေးမြန်းကြည့်သည်။ အောင်သန်းသည် ၎င်း၏ အတိတ်ဘဝအကြောင်းကို ပြန်၍ပြောပြချင်ပုံ မရ။ သူသည် အတိတ်ကို စိတ်နာကြည်းဟန်တူ၏။ ဘယ်လိုများခံခဲ့ရသော အတိတ်ဘဝမျိုး ဖြစ်လိမ့်မည် မသိ။ တော်တော်ခံခဲ့ရဟန် တူပေသည်။
စိတ်လက်ကြည်လင်ရွှင်ပျသောအခါ သူသည် ဟင်္သာတသား ဇာတိဖြစ်ကြောင်း ပြောပြတတ်၏။ ဟင်္သာတ တောဘက်တွင် သူငယ်စဉ်က နွားကျောင်းရင်း ပြွေကြူခဲ့သော အဖြစ်အပျက်များကိုလည်း ပြောပြ၏။ ထိုအခါ သူ၏စကားကို နင်း၍ ကျွန်တော်က သူ့အတိတ် အကြောင်းကို တူးဖော်နှိုက်ယူ၍ကြည့်မိ၏။
သူ့အဘိုးသည် ကိုယ်ပိုင်လယ်လုပ် ဖြစ်သော်လည်း သူ့အဘသည် လယ်အငှားလုပ်ခဲ့ ရသည်။ လယ်အငှားလုပ်သားဘဝမှ လယ်ကူလီဘဝသို့ လျှောကျသွားခဲ့ရသည်။ လယ်ကူလီ၏ သား အောင်သန်းသည် (၁၃) နှစ်သားခန့်တွင် သရက်မြို့ ကလေးထောင်သို့ ကျရောက်ခဲ့သည်။ ကလေးထောင်မှ လွတ်လာသောအခါ၊ သူသည် ထမင်းတလုပ် မှန်မှန်နှင့် ဝဝကလေးမှ မစားရ သော တောဘက်ရှိ လယ်ကူလီ မိဘများထံသို့ မပြန်တော့ဘဲ ပြည်မြို့မှ ရန်ကုန်မြို့သို့ မီးရထားခိုးစီးရင်း လိုက်ပါလာခဲ့သည်။
ကျွန်တော်သည် အောင်သန်း၏ အတိတ်ဘဝမြစ်ဖျားခံရာ တောင်ကြားများကို ဤသို့ တောနင်း ရှာဖွေခဲ့ရသည်။

(၅)

ဗမာနိုင်ငံမြို့တော်ဖြစ်သော ရန်ကုန်မြို့›ကြီး၌ အောင်သန်းသည် နှစ်ပေါင်း အစိတ် သာသာခန့် နေထိုင်ခဲ့သည်။ သို့ရာတွင် သူ့မှာ အိုးအိမ်မရှိ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လည်းမရှိ။ မှီခို အားထားခြင်းပြုရသော ဆွေမျိုးညာတိကာများလည်း မရှိ။ အောင်သန်းသည် နှစ်ပေါင်းအစိတ်မျှ ရန်ကုန်မြို့တော်ကြီး၌ အဘယ်သို့ အသက်ရှင်နေထိုင်ခဲ့လေသနည်း။
ချစ်သော အောင်သန်း၏ ဝတ္ထုသည် ဤနေရာမှ စပေပြီ။
တရက်တာမျှ ဝင်ငွေမရှိလျှင် တရက်တာမျှ နေထိုင်ရန် ကြပ်တည်းခက်ခဲလှသော၊ နေထိုင်ရန် မဖြစ်နိုင်သော ရန်ကုန်မြို့တော်ကြီး၌ အညတြအောင်သန်းသည် နှစ်ပေါင်းနှစ်ဆယ် အစိတ်ခန့်မျှ အဘယ်သို့ အသက်မွေးမြူနေထိုင်ခဲ့သနည်း။ သူသည် အဘယ်သူ့အိမ်၌ အိပ်စက်၍ အဘယ်သူ့အိမ်၌ စားသောက်ခဲ့သနည်း။
အောင်သန်း၌ အသက်မွေးဝမ်းကျောင်း အတတ်ပညာဟူ၍ ဘာမျှမရှိ။ အားခွန်ဗလကို အားကိုး၍ လုပ်ကိုင်စားသောက်ရအောင်ကလည်း သူ့တွင် အားခွန်ဗလမရှိ။ ပိန်လှီသေးကွေး သော လူတယောက်သာဖြစ်သည်။ သူသည် အားခွန်ကို ရောင်းစားခြင်းပြုရသော ကျပန်းကူလီ အလုပ်ကို အသက်မွေးမှု အတွက် လုပ်ကိုင်လို၏။ သူ့အား ခေါ်ယူငှားရမ်းရန် အလုပ်ရှင်များကို လည်း မြို့တော်၏ အနှံ့အပြား လိုက်လံရှာဖွေခဲ့ဖူး၏။ သို့ရာတွင် လူစဉ်မမှီသော အောင်သန်းကို အဘယ်သူကမှ မငှားရမ်း မစေခိုင်းလိုကြပေ။
"ရန်ကုန်မြို့ကြီးမှာ မင်းဘယ်ကရလို့ ဘာကို စားနေသလဲကွ အောင်သန်း" ဟု ကျွန်တော်က မေးမြန်းကြည့်မိ၏။
"ဟိုက ဒီက ဒီလိုပဲ ရှာဖွေစားရတာပေါ့ဗျ" ဟု သူက ပေါ့ပေါ့ဆဆ ပြန်၍ပြော၏။
သူ၏ ပေါ့ပေါ့ဆဆပေးသော အဖြေကို ကျွန်တော်သည် လွယ်လင့်တကူ လက်မခံနိုင် ပေ။
"ကောင်းကောင်းပြောစမ်းပါကွ၊ မင်း ထမင်း ဘယ်ကရသလဲဆိုတာ"
"လျှောက်တောင်းစားတဲ့အခါ တောင်းစားရတာပေါ့"
"မင်း ဒီလိုပဲ တောင်းစားတိုင်း စားရသလားကွာ"
"တခါတလေလဲ သူများအိမ်နောက်ဖေးမှာ ပစ်ထားတာတွေ လိုက်ရှာ စားတယ်"
"အေး အေး ပြီးတော့ကောကွာ"
"မစားရတဲ့အခါလဲ ငတ်တာပေါ့"
"မင်း ဘယ်လောက်ကြာကြာများ အငတ်ခံနိုင်သလဲကွ"
"နှစ်ရက် သုံးရက်တော့ ခံရဖူးတယ်"
"ငတ်တဲ့အခါကော မင်းဘယ်လိုရှာစားသလဲ"
"သိပ်ငတ်လာတဲ့အခါ ရတဲ့နေရာက ဝင်ခိုးတာပေါ့"
"မင်းဘာတွေ ခိုးဖူးသလဲဟင်"
"တခါတုန်းက တရုတ်ဆိုင်က ဘဲကင်တကောင် ဝင်ခိုးတာနဲ့ ထောင်ခြောက်လ ကျတယ်"
အောင်သန်းအား အချို့ အကျဉ်းသားများက "အောင်သန်း၊ တွေ့လိုသူ ဘဲမ" ဟူ၍ ထောင်ဝင်စာခေါ်ကာ နောက်ဖူးသော အကြောင်းကို ယခုမှ လိပ်ပတ်လည်မိသည်။
"ဒီ့အပြင်ကောကွာ"
"လွယ်လွယ်ရတာ ခိုးတာပဲ"
"မင်းကို ပုလိပ်ဖမ်းမိတဲ့အခါများ ညှဉ်းသေးသလားကွ"
"အကုန်လုံးဖွင့်ပြောတော့ ပုလိပ်က ဘယ်ညှဉ်းမှာလဲ"
"ခိုးလို့မိတဲ့အတွက် မင်းထောင်ဘယ်နှစ်ခါ ကျဖူးသလဲဟင်"
"အများကြီးပဲ၊ မမှတ်မိတော့ဘူး"
မင်းထောင်ထဲမှာနဲ့ အပြင်ဘက်မှာ ဘယ်သင်းနေချင်သလဲကွာ"
"ဘယ်သင်းမှာမှ မနေချင်ဘူး”
"ဒါဖြင့် ဘယ်မှာ သွားနေချင်သလဲ"
အောင်သန်းသည် ထိုအမေးကို မဖြေတတ်ရှာပေ။ ရန်ကုန်မြို့မှာရော၊ ထောင်ထဲ၌ရော တလှည့်စီ ပြောင်းလွဲနေထိုင်ခဲ့ရဖန် များလှပြီဖြစ်သော အောင်သန်းသည် နှစ်ခုစလုံးကို စိတ်ပျက်မိဟန်ရှိသည်။ သူ့အား မွေးဖွားခဲ့သော တောအရပ်ဒေသကိုလည်း နာကြည်းမေ့လျော့ နေပြီထင်၏။
ရန်ကုန်မြို့၏ ပန်းခြံများနှင့် လမ်းဘေးပလက်ဖောင်းများသည် နွေရာသီကာလ၌ အောင်သန်း၏ နေထိုင်အိပ်စက်ရာ အရပ်ဒေသများဖြစ်ကြ၍ မိုးရာသီ၌ သူသည် ဆူးလေဘုရား ကုန်းတော်နှင့် မြူနီစပါယ် ရုံး၏ စင်္ကြန်များတွင် စတည်းချလေ့ရှိသည်။ ဤအိပ်ရာနေရာများနှင့် ပတ်သက်၍သူသည် ရန်ကုန် ပုလိပ်အဖွဲ့ကြီး၊ မြူနီစပါယ်ပုလိပ်အဖွဲ့၊ ဆူးလေဘုရားပုလိပ် အဖွဲ့များနှင့် တိုက်ပွဲများ ဆင်နွှဲခဲ့ရသည်။ ပန်းခြံများတွင် ဝင်အိပ်လျှင် မြူနီစပါယ်ပုလိပ်များက နှင်ထုတ်၏။ လမ်းဘေးပလက်ဖောင်းတွင် ဝင်ကွေးလျှင် ရန်ကုန်ပုလိပ်များက ရန်ရှာ၏။ ဆူးလေကုန်းတော်ပေါ်၌လည်း ဘုရားပုလိပ်များက သူ့ကို မောင်းထုတ်၏။ သူသည် ဤရန်သူ သုံးပါးကို ခုခံကာကွယ်ရင်း အိပ်စက်ရလေသည်။
ရာသီဥတုက နှိပ်စက်၍ဖြစ်စေ၊ အာဟာရနှင့် ဆေးဝါးများ လုံလောက်အောင် မမှီဝဲနိုင်၍ဖြစ်စေ၊ နာမကျန်းသော အခါကာလများ၌ အောင်သန်းသည် ပြည်သူ့ဆေးရုံးကြီးသို့ တက်ရောက်ကုသခွင့်မရပေ။ သူသည် တိရစ္ဆာန်ရုံတွင်းသို့ ကျော်ဝင်ကာ လူသူရှင်းသော ချုံစပ်တခုခုတွင် အရှင်မရှိသော တိရစ္ဆာန်တကောင်လို တိုးဝင်ညည်းတွားနေလေ့ရှိသည်။ ရန်ကုန်မြို့တော်၌ ပြည်သူ့ဆေးရုံနှင့် ဆေးပေးခန်းများ အပြင် အခြားကုသိုလ်ဖြစ်ဆေးရုံ အများ အပြားပင် ရှိကြသည်။ သို့ရာတွင် ထိုဆေးရုံများသည် အညတြအောင်သန်းကိုကား လက်မခံ ခဲ့ကြ။ သူသည် ရောဂါဘယ၏ နှိပ်စက်ခြင်းကို ပိုင်ရှင်မရှိသော ခွေးဝင်စားတကောင်နှင့်မခြား ခံခဲ့ရသည်။
သမိုင်းတလျှောက်၌ လူသားတို့ နာကျင်ခဲ့ရသော အဖြစ်အပျက်များ အားလုံးကို အောင်သန်း၏ဝတ္ထု၌ အလုံးစုံတွေ့ရှိရသည်။ ပြည်ထောင်စု အစိုးရမင်း ရုံးများစိုက်လျက် နိုင်ငံခြားသံတမန်များ သံတဲများ ဆောက်လုပ်နေထိုင်လျက် ရှိကြသော ရန်ကုန်မြို့တော်ကြီး၌ လျှပ်စစ်မီးများ လင်းထိန်ကာ ယန္တရားယာဉ် အမျိုးမျိုးကို မောင်းနှင်အသုံးချနေကြစဉ်၊ လူပေါ်စဦးခေတ်က ရုန်းကန်နေထိုင်ရသော နည်းအတိုင်း အောင်သန်းသည် အသက်ရှင် နေထိုင် နေရသည်။
မြို့တော်ကြီး၌ သူသည် တော၏ ဥပဒေအတိုင်း လိုက်နာနေထိုင်လျက်ရှိသည်။ သူသည် အသက်မွေးရန် လုံလောက်သော စား-ဝတ်-နေမှုအတွက် အသုံးအဆောင်များကို ထုတ်လုပ်ခြင်း မပြုနိုင်ရှာပေ၊ ရှာဖွေရသည်။ ရှာဖွေမရနိုင်သောအခါ ခိုးဝှက်ယူသည်။ လုယက်ယူသည်။ ထိုအခါ သူ့အား မြို့တော်၏ ယဉ်ကျေးမှုကို အစဉ်သဖြင့် စောင့်ကြပ်လျက်ရှိ သော ရှပ်နက်တပ်သားများက ဝိုင်းဝန်းဖမ်းဆီးကြသည်။ ထို့နောက်တွင် သူသည် သွေးများ စွန်းကွက်ပေကျံနေသော အုတ်ထရံကြီးများအတွင်းသို့ရောက်ရသည်။
ချစ်သောအောင်သန်း၏ ဝတ္ထုသည် ရန်ကုန်ထောင်ကြီးအတွင်း၏ အတွင်းနှင့်အပြင် ဝင်လိုက် ထွက်လိုက် နေခဲ့ရသော အဖြစ်အပျက်နှင့် အကြောင်းအရာများသာဖြစ်သည်။ ရန်ကုန်ထောင်၏ အပြင်၌ သူသည် တိရစ္ဆာန်တကောင်နှင့်မခြား နေရသည်။ ထောင်၏ စခန်းအတွင်း၌ကား သူသည် အကျဉ်းသားလို နေရသည်။ ဤသို့ အောင်သန်း အသက်ရှင် နေထိုင်ခဲ့ရသည်မှာ အနှစ် နှစ် ဆယ် - အစိတ်ခန့်ရှိခဲ့ပေပြီ။ လူ့တသက်ဟူ၍ ခေါ်နိုင်၏။
အောင်သန်းသည် အများနည်းတူ ပခုံးနှစ်ဘက်အကြားမှ ခေါင်းပေါက် လာသူဖြစ်သော် လည်း လူတယောက်မှ ဟုတ်ပါသေး၏လော။ လူဖြစ်နေ၍ လူဟု ခေါ်ရလျှင် လူပေါ်ဦးစက လူသာဖြစ်လိမ့်မည်။

(၆)

အောင်သန်းသည် မေ့လျှော့ထားခြင်းကို ခံနေရသော သားငယ်တယောက်သာဖြစ်၏။ သူ့ကို သတိရသူမရှိ။ သူသည် စွန့်ပစ်ထားခြင်းကိုလည်း ခံနေရ၏။
နောက်ဆုံးအပတ် ထောင်ဒဏ် (၂) နှစ်မျှ ကျခံခဲ့ရပြီးနောက် အောင်သန်းသည် သွေးများစွန်းထင်း ညစ်ပတ်နေသော အုတ်ရိုး၏ အပြင်ဘက်သို့ ထွက်သွားရပြန်၏။ သူ့ကို လူရာမသွင်းသော မြို့တော်၌ အဘယ်သို့ ရှာဖွေစားသောက်နေသည်ကား မသိရ။
အုတ်ရိုးအပြင်သို့ထွက်သွားပြီးနောက် သူသည် မကြာမီ အုတ်ရိုးအဝင်ဝသို့လာ၏။ အတွင်းသို့လာ ခြင်းကားမဟုတ်။ ကျွန်တော့်အား သတိရသဖြင့် ထောင်ဝင်စာလာတွေ့ခြင်းသာ ဖြစ်ပေသည်။
သူသည် များစွာပိန်ချုံး၍သွား၏။ ထောင်ထဲမှာတုန်းကကဲ့သို့ မနက်ညမှန်မှန် စားသောက်ရခြင်း ရှိပုံမရ။ သူ့အသားအရည်များလည်း ညှိုးနွမ်းနေသည်။ ညစ်ပတ်နေသည်။ ရေမှန်မှန်မချိုးရတော့ ဟန်တူ၏။ သူ၏ အဝတ်အစားများသည်လည်း ညစ်ပေစုတ်ပြတ် လျက်ရှိသည်။
ကျွန်တော့်အား ထောင်ဝင်စာလာတွေ့ရာ၌ သူသည် အမှတ်တရ တရုတ်မုန့်ထုပ် ကလေး တထုတ် ယူလာသည်။ သူ၏ ကြီးမားဖြူစင်သော စေတနာသဒ္ဓါတရားကို ဤသို့ ကြေကွဲဖွယ်ရာ တွေ့ရှိရသည်။
"ရော့ ဆရာ စားဖို့" ဟု သူက တရုတ်မုံ့ထုတ်ကိုပေးသည်။
ရင်ထဲ၌ နင့်သွားရသည်။ အောင်သန်း၏ မေတ္တာနှင့်သဒ္ဓါတရားသည် နှလုံးသားကို လှုပ်ရှားစေသည်။
"မင်းဝယ်လာတာလားကွာ" ဟု ပြန်၍ မေးကြည့်မိ၏။
"ဒီလိုပဲ ရှာလာတာပေါ့" ဟု သူက ပေါ့ပေါ့ပင် ပြောဆိုလိုက်သည်။
တောင်းရမ်းရှာဖွေ၍ လည်းကောင်း၊ ခိုးဝှက်၍လည်းကောင်း၊ နေပြည်တော်၌ စား သောက်နေထိုင်ရသော အောင်သန်းသည် အဘယ်သို့ ဤတရုတ်မုန့်ထုပ်ကို ရှာဖွေလာ သနည်း။ သူသည် တရုတ်ဆိုင် တဆိုင်မှ အလစ်သုတ်လာပုံရ၏။ သူ၏ အစွမ်းသတ္တိဖြင့် စွန့်စား ယူငင်လာရသော ဤမုန့်ထုပ်ကို ကျွန်တော့်အား စားသောက်စေချင်၍ ပေးလျက်ရှိသည်။ ထိုတရုတ်မုန့်ထုပ်ကလေးကို ကျွန်တော်သည် အဘယ်သို့မျို၍ ကျနိုင်ပါမည်နည်း။
လူသားတဦးအပေါ်သို့ တဦးက တုန့်ပြန်တတ်သော မေတ္တာတရားကို ကျွန်တော်သည် လေးလေးနက်နက်ယုံကြည်လာသည်။
"မင်းမုန့်ကို မင်းဘာသာမင်းပဲ စားပါကွာ" ဟု သူ့အား မုန့်ထုပ်ကို ပြန်ပေးရင်း ပြောလိုက်မိသည်။
"ဆရာ စားစေချင်လို့ ကျနော် ခိုးလာတာဗျ" ဟော - အောင်သန်းက ပွင့်လင်းစွာ ပြောလိုက်ပေပြီ။
ရင်ထဲ၌ လှုပ်ရှားသွားမိ၏။ ခိုးရာပါပစ္စည်းအား စားသောက်ရမည့် အရေးကို ထိတ်လန့် ၍တော့ မဟုတ်။ ကျွန်တော့်အား စားစေချင်၍ ခိုးယူလာသည်ဟု ခပ်ပြောင်ပြောင်ပြော လိုက်သော အောင်သန်း၏ နှလုံးသားကို လေးစား၍ဖြစ်သည်။ သူသည် ဖြူစင်သော လူသား တယောက် ဖြစ်လေသည်တကားæ။
အောင်သန်းအား ချော့မော့၍ သူ၏ မုန့်ထုပ်ကို ပြန်ပေးရင်း သူ သုံးစွဲဖို့ ငွေနှစ်ကျပ်ပေး လိုက်သည်။ နောက်တပတ်လာတွေ့လျှင် သူ့အတွက် အင်္ကျီ လုံချည်များပေးမည့် အကြောင်း လည်း ပြောလိုက်သည်။
သည့်နောက် အောင်သန်းသည် မကြာခဏဆိုသလို ကျွန်တော့်အား ထောင်ဝင်စာ လာ၍ တွေ့သည်။ သူလာသောအခါတိုင်း ရှာဖွေ၍ရလျှင် သရက်သီးကင်းကလေးများကစ၍ ကျွန်တော်စားဖို့ ရှာဖွေယူလာတတ်သည်။ ထိုသို့ သူလာတွေ့သော အခါတိုင်း သူသုံးဖို့အတွက် ငွေတကျပ်စ နှစ်ကျပ်စ ကျွန်တော်က ပေးလိုက်သည်။
များမကြာမီက သူသည် ကျွန်တော့်အား လာရောက်တွေ့ဆုံကာ ရန်ကုန်မြို့၌ အလွန်တရာ အနေအထိုင်ရခက်လာသောကြောင့် တောဘက်သို့ ပြန်ဦးမည်ဟု ထူးထူး ခြားခြား ပြောဆိုတိုင်ပင်လာ၏။ ကျွန်တော်ကလည်း သူ့အတွက် ဘယ်လိုမျှ နေရာချမပေးနိုင် သဖြင့် သူတောသို့ပြန်ရန်အတွက် လမ်းစရိတ် ငါးကျပ်ပေးလိုက်သည်။ ထို့နောက် အောင်သန်းသည် သုံးလကျော်၊ လေးလနီးပါးခန့်မျှ ပျောက်သွားသည်။ သူသည် စိမ်းလန်းသော လယ်ကွင်းများ၌ နွားကျောင်းရင်း ပြွေကြူနေလေပြီဟု အောက်မေ့ထား လိုက်သည်။ သို့ရာတွင် တလောက အင်းစိန်ထောင်မှ ရန်ကုန်ထောင်သို့ ပြောင်းရွှေ့ခံရသော ဘဝတူ အကျဉ်းသားအချို့ထံမှ ပျောက်ကွယ်နေသော အောင်သန်း၏ သတင်းကို ကြားရသည်။ အောင်သန်းသည် မီးရထားခိုးစီး၍ အင်းစိန်ထောင်၌ (၇) ရက်မျှ နေထိုင်သွားရသော သတင်းဖြစ်သည်။ သူသည် တောမှ ပြန်လာပြန်ပြီလော။ အဘယ်ကြောင့်နည်း။ တောအရပ် ဒေသ၌ အနေရသာ၍ ခက်လေသလော။
အင်းစိန်ထောင်မှ လွတ်သွားပြန်သော သတင်းကို ကြားရပြီးနောက် များမကြာမီ အောင်သန်းသည် ကျွန်တော့်အား ထောင်ဝင်စာ လာတွေ့သည်။ သူသည် ပိန်ချုံးသည်ထက် ပိန်ချုံးလျက်ရှိသည်။ ကောင်းစွာ ကျန်းမာပုံလည်း မရပေ။
"မင်း ဘာပြုလို့ တောကပြန်လာရပြန်တာလဲကွ" ဟု ကျွန်တော်က မေးကြည့်ရ ပေသည်။
"တောမှာ သိပ်ဆူတယ်ဆရာရဲ့"
ရှေ့ဆက်၍ ဘာမျှပြောစရာ အကြောင်းကမရှိပေ။ ကျွန်တော်ပြောပြချင်သည့် အကြောင်းများကိုလည်း အောင်သန်းသည် နားလည်လိမ့်မည်မဟုတ်။ ခပ်လှမ်းလှမ်းတွင် စုံထောက်ကလည်း အညတြအောင်သန်းနှင့် စာရေးဆရာ ဗန်းမော်တင်အောင်တို့ စကားပြော နေသည်ကို အကဲခတ်နားထောင်နေ၏။
အိတ်ကပ်ထဲ၌ အခန့်သင့်ပါလာသော ငွေတကျပ်ကို အောင်သန်းအား ပေးပြီး၍ ပြန်ထွက်လာတော့မည်အပြု..... "တကျပ်နဲ့ ဝယ်စားလို့ မလောက်ဘူးဆရာ၊ နောက်တကျပ် ပေးပါဦး" ဟု အောင်သန်းက မတောင်းစဖူး တကျပ်ထပ်၍ တောင်းသည်။
အဘိရာဇာလက်ထက်မှစ၍ ယခုထက်တိုင် ကုလားများနှိပ်စက်ခြင်းကို အောင်သန်း သည် နားလည်ရှာသည် မဟုတ်သော်လည်း လက်တွေ့ဝယ်စားရာ၌ အစစအရာရာ ဈေးတက် နေသော အကြောင်းကိုကား သိလေသည်။ ထို့အတွက် သူသည် ခါတိုင်း တကျပ်နှင့် ဝယ်စား နိုင်သော်လည်း ယခုအခါတွင် တကျပ်နှင့် ဝယ်စား၍ မလောက်သောကြောင့် နောက်ထပ်၍ တကျပ်တောင်းနေခြင်းသာ ဖြစ်သည်။
ကျွန်တော်သည် အသိထောင်မှူးတဦးထံမှ ငွေတကျပ်ချေးကာ အောင်သန်းအား ပေးပြီးနောက် အုတ်ရိုးအတွင်းသို့ ပြန်လှည်၍ ဝင်လာခဲ့သည်။ အောင်သန်းကတော့ ငွေနှစ်ကျပ် ရသွားသဖြင့် အုတ်ရိုးအပြင်သို့ ပြန်ထွက်သွားလေပြီ။
ကျွန်တော်သည် အိပ်ဆောင်သို့ လေးလံထိုင်းမှိုင်းစွာ ပြန်လာရစဉ် အောင်သန်းအတွက် နှင့် ပတ်သက်၍ အမျိုးမျိုးဆက်စပ်တွေးလာခဲ့သည်။
အညတြအောင်သန်းကို တတ်နိုင်သမျှ ကူညီလိုသော ကျွန်တော်သည် လွတ်ရက်မရှိ သေးသော အကျဉ်းသမားတဦး ဘဝ၌ပင် ရှိနေသေးသည်။
မင်းနေပြည်တော်အရပ်၌ စွန့်ပစ်မေ့လျော့ထားခြင်းခံရသော အောင်သန်းအား ကယ်တင်နိုင်သူများနှင့် ကူညီနိုင်မည့်သူများက အောင်သန်းကို ကူညီကယ်တင်ခြင်း မပြု နိုင်သေးမီ ကာလအတွင်း ချစ်သောအောင်သန်းအတွက် အလုံခြုံဆုံးနှင့် အသင့်တော်ဆုံး အရပ်ဒေသသည်ကား ရန်ကုန်ထောင်သာလျှင် ဖြစ်တော့သည်တကား။
ချစ်သောအောင်သန်းæ သင့်အား လူရာမသွင်းသော နေပြည်တော်၌ အရှင်မရှိသော တိရစ္ဆာန်တကောင်ကဲ့သို့ လေလွင့်နေမည်လော။ သင့်အား ဘဝတူများက လေးစားကြင်နာ ကြသော ထောင်ထဲသို့ ပြန်လာမည်လော။


ဗန်းမော်တင်အောင်
(၂၁၊ ၁၁၊ ၅၅)
ရှုမဝမဂ္ဂဇင်း


မေငြိမ်းနှင့် စာပေအင်တာဗျူး (ပထမပိုင်း)
ရေးသူ- ဟိန်းလတ်


ဒီနေ့ခေတ်ကို ပြောနေကြတယ်။ မြန်မာဝတ္ထုတိုရွှေခေတ်တဲ့။ ဒီရွှေခေတ်ထဲမှာ အငှားဆိုင်ကြိုက် ရောင်းတမ်း ရွှေရေစိမ်တွေကြောင့် မဂ္ဂဇင်းကြိုက် ရွှေစစ်စစ်တွေအဖို့ ရွှေရောင်ထိန်သင့်သလောက် မထိန်နိုင် ဖြစ်နေရပါတယ်။ ဒါပေမယ့် 'ဇမ္ဗူရာဇ်' နဲ့ 'ဦးဖိုးချမ်း' တို့ရဲ့ အတ္တုပ္ပတ္တိကို 'ပရိသတ်မှတ်ကျောက်' က ကောင်းကောင်းခွဲခြား နားလည်ထားပါတယ်။ ဒီလအဖို့တော့ မဂ္ဂဇင်းစာမျက်နှာတွေကို အနုပညာ အားကောင်းမောင်းသန် ဖြတ်သန်းလာပြီး ပရိသတ်သန့်သန့်ကို အခိုင်အမာတည်ဆောက်ပြီးဖြစ်တဲ့ ရွှေခေတ်ထူထောင်သူတွေထဲက "မေငြိမ်း" နဲ့ စကားပြောကြည့်မိတဲ့အခါ........



ဟိန်းလတ်။ ။ ဆရာဝန်စာရေးဆရာတွေနဲ့ချည်း အင်တာဗျူးလုပ်နေရသလား ဆိုပြီးတောင် ကျွန်တော့်ကို လူရင်းတွေက ကလိကြ၊ ရိကြပါတယ်။ အခု မေငြိမ်းလို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဆရာမတယောက်နဲ့တွေ့မှ သူတို့အသံဗလံတွေလဲ တိတ်သွားမယ်ထင်တယ်။ နောက်ပြီး မေငြိမ်းရဲ့စာတွေက ယခုနှစ် အတောအတွင်း မဂ္ဂဇင်း တော်တော်များများမှာလဲ ပါလာ၊ ပါသမျှအားလုံးလိုလိုပဲ အနုပညာအရရော၊ တင်ပြပုံအရပါ ကောင်းနေလို့ လူသိများ၊ လူပြောများလာကြချိန်မှာ ကျွန်တော့်အနေနဲ့ ဦးဦးဖျားဖျား တွေ့ဆုံခွင့်ရတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ ကဲ... အခုတော့ ထုံးစံအတိုင်း မေငြိမ်းရဲ့ ၀တ္ထုရေးဖြစ်လာပုံလေးကပဲ စလိုက်ကြရအောင်.......။

မေငြိမ်း။ ။ ဆရာဝန်ပဲဖြစ်ဖြစ် ကျောင်းဆရာပဲဖြစ်ဖြစ်၊ တခြားဘာမှ မဟုတ်တဲ့ သူပဲ ဖြစ်ဖြစ်၊ အရေးမကြီးပါဘူးရှင်။ စာရေးသူနဲ့ စာဖတ်သူကို ဆက်စပ်ပေးတဲ့နေရာမှာ စာရေးသူ စစ်စစ်ဖြစ်ဖို့သာ လိုတယ်ထင်ပါတယ်။
ရသစာပေနယ်မှာ ကျွန်မစရေးဖြစ်တာက ကဗျာပါ။ ကဗျာတွေ အများကြီးရေးပြီး တော့မှ ၀တ္ထုရေးဖြစ်တာ။ ဒါပေမယ့် ကဗျာကိုကျတော့ ကျွန်မ မဂ္ဂဇင်းတွေကို သိတ်မပို့ဖြစ်ဘူး။ သိမ်းထားဖြစ်တာပဲ များတယ်။ ဒါကလဲ အကြောင်းအမျိုးမျိုးနဲ့ ပေါ့လေ။ ၀တ္ထုတပုဒ်မှာ စာလုံးကျတာမျိုး၊ စာလုံးမှားတာမျိုး သိပ်မသိသာပေမယ့် ကဗျာကျတော့ အင်မတန်သိသာ တယ်လေ။
ကျွန်မက ကဗျာမှာ ကံမကောင်းဘူးရှင့်။ အမြဲပဲ စာလုံးမှားပါတတ်တယ်။ ကျွန်မ လက်ရေးကတော့ သိပ်မဆိုးဘူး ထင်ပါတယ်။ မဆိုးတာထက် အင်မတန်ပီသအောင်၊ စာလုံးပေါင်းမှန်အောင် ရေးတတ်ပါတယ်။ ဒါပေမယ့် ခုထိမဂ္ဂဇင်းပါ ကဗျာလေးပုဒ်မှာ လုံးဝအမှားလွတ်တာဆိုလို့ တပုဒ်ပဲ ရှိပါသေးတယ်။ ဒါနဲ့ပဲ ကဗျာဆို သိမ်းထားတော့တာပဲ။
ကဗျာရေးတာက အတော်စောစောကတည်းကပေမဲ့ ၀တ္ထုစရေးဖို့ ကြိုးစားတာကျတော့ ၁၉၈၃ လောက်မှာပါ။ ဒါပေမယ့် ကျောင်းစာကြောင့် အဲဒီဘက်ကို အချိန်မပေးနိုင်ခဲ့ဘူး။ ၁၉၈၅ ကျတော့ ကျွန်မရဲ့ မြန်မာစာ နောက်ဆုံးနှစ် စာမေးပွဲပြီးချိန်မို့ အတော်ပဲ စိတ်ပေါ့နေပြီး ၀တ္ထုတွေ ရေးဖြစ်နိုင်ခဲ့တယ်။ ဒါပေမယ့် ၁၉၈၆ ထဲကျမှ မဂ္ဂဇင်းတိုက်တွေကို ပို့ဖြစ်ခဲ့တယ်။ ၀တ္ထုကို ပိုဇောက်ချရေးခဲ့တဲ့ လမ်းစပါပဲ။ ကျွန်မ တပြိုင်တည်းပို့ခဲ့တဲ့ ၀တ္ထုလေးပုဒ်မှာ တပုဒ်ပဲ အပယ်ခံရပြီး ကျန်တဲ့သုံးပုဒ်က ၁၉၈၇ ထဲမှာ လဆက်ပါလာခဲ့တယ်။ ဂုဏ်ထူးတန်း ဆက် တက်ရတော့လည်း ကျောင်းစာတဖက်နဲ့ပေမယ့် ကျွန်မရေးချင်စိတ်ပေါ်လာရင် ဖြစ်အောင် ရေးပစ်လိုက်တာပါပဲ။ များများရေးဖြစ်တာကြောင့် ခုထိ သုံးနှစ်ကျော်လောက်အတွင်းမှာ ကျွန်မ၀တ္ထုပုဒ်ရေ ၁၈ ပုဒ် ရှိခဲ့တာပါ။
ရိုးရိုးသားသားပြောရရင်တော့ ခုမှ စာစရေးတဲ့ သူတယောက်အတွက် အချိန်တိုအတွင်း မှာ ခုလောက် အရှိန်ရလာခဲ့တာဟာ ကျွန်မအတွက် အိပ်မက်လိုပါပဲ။ မဂ္ဂဇင်းမှာ ပထမဆုံးပါတဲ့ ၀တ္ထုက ၁၉၈၇ မေလထုတ်ပေဖူးလွှာမှာပါတဲ့ 'ဆွဲငင်သိမ်းရစ်ရင်းနှင့်ပင်' ။ ကဗျာက ၁၉၈၆၊ မတ်လ ထင်ပါရဲ့။ ပေဖူးလွှာထဲမှာ 'ပြည့်စုံခြင်း' ဆိုတဲ့ ကဗျာကစတာပါ။

ဟိန်းလတ်။ ။ နာမည်ရင်းက ဒေါ်ငြိမ်းခက်ခက် ဟုတ်လား...။ နာမည်ရင်းကတောင် ကလောင်နာမည်ထက် ပိုလှ၊ ပိုဆန်းနေသေးတာပဲ။ ဒါမျိုးနာမည် အတော်ရှားတယ်နော်။ ဘာဖြစ်လို့ ဒီနာမည်ရင်းနဲ့ပဲ စာမရေးဘဲ 'မေငြိမ်း' ဆိုတဲ့ ကလောင်နာမည်ကို ယူတာလဲဟင်။

မေငြိမ်း။ ။ အဲဒီ ငြိမ်းခက်ခက်ဆိုတဲ့ နာမည်က ကျွန်မအဖေပေးခဲ့တဲ့ ကျွန်မရဲ့ တကယ့်နာမည်ရင်းပါပဲ။
လူတယောက်ဟာ ဘာပဲလုပ်လုပ် နာမည်တမျိုးသာ ရှိကောင်းတယ်လို့ ကျွန်မထင်ပါ တယ်။ တတ်နိုင်ရင် နာမည်တခုတည်းနဲ့ပဲ စာရေး၊ ကဗျာရေး။ တကယ့်ဘ၀ထဲနေတာက ကောင်းမှာပါ။ ဒီနာမည်ရင်းက လှတယ် ဆန်းတယ် ဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် ကျွန်မကလောင်နာမည်ကို ဒီနာမည်ရင်း မပေးဖြစ်တာက အဲဒီတုန်းက ကျွန်မက ဒီနာမည်ရင်းကို သိပ်စွဲလန်းတယ်။ ကျွန်မ စာရေးစ စာတွေကိုလဲ စိတ်မချဘူးလေ။ ကျွန်မအသက်ကလဲ စာကောင်းကောင်းတွေ ရေးနိုင်ဖို့ ငယ်လွန်းသေးတယ်။ ပြီးတော့ ကျွန်မရဲ့ တကယ့်ဘ၀၊ ကျွန်မရဲ့ စာတွေထဲက ဘ၀နဲ့ကို ပြတ်ပြတ်သားသား စည်းတခု ခြားထားချင်တဲ့ စိတ်ပဲ။ ဒါနဲ့ပဲ ကလောင်နာမည်ကို တခြားတခု ရွေးဖြစ်ခဲ့တာ။
ကလောင်နာမည် ရွေးတဲ့အခါကျတော့ ကျွန်မက မိန်းမရုပ်အပေါ်ဆုံးစကားလုံးဖြစ်တဲ့ 'မေ' နဲ့ ကျွန်မကြိုက်တဲ့ 'ငြိမ်း' ဆိုတာကို လွယ်လွယ်တွဲယူ ဖြစ်သွားခဲ့တာပါ။ ခုမဂ္ဂဇင်း တွေထဲမှာ 'မေ' တွေ များလာတော့ ကျွန်မကလောင်နာမည်ဟာ မေငြိမ်းမဟုတ်လဲ နာမည် အရင်းအတိုင်း ငြိမ်းခက်ခက်ပဲ ဖြစ်ရင်ကောင်းမှာပဲလို့ ခဏခဏတွေးဖြစ်တယ်။
ဒါပေမယ့် ဒါက မဖြစ်နိုင်တော့ဘူးလေ။ မေငြိမ်းဆိုတဲ့ နာမည်နဲ့ ရေးခဲ့တာချည်းပဲ များနေပြီ မဟုတ်လား။ ဒါပေမယ့် ဒီမေငြိမ်းဆိုတဲ့ နာမည်ကိုလည်း ကျွန်မချစ်ပါတယ်။

ဟိန်းလတ်။ ။ မေငြိမ်းရဲ့ ၀တ္ထုတော်တော်များများမှာ ပန်းချီဆရာရယ်၊ ဂီတာရယ်၊ ကဗျာရယ်၊ တော်တော်ပါတတ်တယ်နော်။ နောက်ပြီး ယောက်ျားလေးတယောက်ရဲ့ 'မျက်နှာမှာ အစက်အပျောက်ကင်းစင်မှု' ဆိုတာကိုလဲ နေရာတော်တော်များများမှာ တွေ့ရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ စာရေးဆရာအပေါ်မှာ ဘယ်လို လွှမ်းမိုးမှုတွေ ဩဇာသက်ရောက်မှု တွေ ရှိနေပါသလဲလို့.....။

မေငြိမ်း။ ။ အဲဒါကတော့ ကျွန်မရဲ့ စိတ်ခံစားမှုအပေါ် အလိုလိုက်မှုပါပဲ။ ကျွန်မက ကျွန်မရဲ့ နယ်ပယ်ဖြစ်တဲ့ စာပေထက်ပိုလို့ ပန်းချီကို သိတ်မက်မောပါတယ်။ ပြီးတော့ ဂီတာဟာ ကျွန်မအနေနဲ့ နှစ်သက်သလောက် ကျွမ်းကျင်တဲ့အထိ သင်ယူဖို့ အခွင့်မသာခဲ့တဲ့ အနုပညာပစ္စည်းတခုပါပဲ။ အဲဒီ ပန်းချီရယ်၊ ဂီတာရယ်၊ ကဗျာရယ်က ၀တ္ထုတွေထက် အများကြီးစောပြီး ကျွန်မနဲ့ နီးစပ်ခဲ့တာပါ။
ယောက်ျားလေးတယောက်ရဲ့ မျက်နှာမှာ အစက်အပျောက်ကင်းစင်မှု ဆိုတာကလဲ..... အင်း..... ကျွန်မရဲ့ စွဲလန်းမှုတခုပဲ ဆိုပါတော့။ အဲဒီ စွဲလန်းမှုတွေကို မရှောင်တာကြောင့် ၀တ္ထုတွေထဲမှာ လွှမ်းမိုးနေတာပါ။ ကျွန်မကိုယ်တိုင်ကလည်း ရှောင်ဖို့ မကြိုးစားခဲ့တာပါ။

ဟိန်းလတ်။ ။ နောက်ပြီး မေငြိမ်းရဲ့ စကားလုံး သုံးနှုန်းမှု၊ တနည်းပြောရရင် စကားလုံး တီထွင်မှုပေါ့လေ။ အဲဒါ တချို့ကို တွေ့ရပါတယ်။ ဥပမာပေါ့လေ- ခေတ်ပေါ်တံခါးပိတ် ဆေးလုံး၊ ဒဏ်ရာပန်းချီကား၊ အနာကဗျာ၊ သွေးပန်းပု၊ သိက္ခာအနာ၊ မှိုတက်ယန္တယား၊ အနုအချစ် စသဖြင့် ၀တ္ထုတိုတပုဒ်ရဲ့ စာဖတ်ပရိသတ်အပေါ်မှာ ညှို့စွမ်းနိုင်မှုဟာ စကားလုံး သစ်တွေအပေါ်မှာ မူတည်နေတယ်လို့ ထင်ပါသလား။ ကဗျာမှာတော့ စကားလုံး ကျစ်ကျစ်လစ်လစ် ချွေတာပြီး သုံးစွဲရတာမို့ စကားလုံးကို ကစားလို့ရပေမယ့် စကားပြေမှာ ကျတော့ တချို့ပြောကြသလို စကားလုံး လော်လည်တယ်လို့ ဆိုရမလားပဲ။ မေငြိမ်းရဲ့ သဘောထားက.......။

မေငြိမ်း။ ။ ၀တ္ထုတိုတပုဒ်ရဲ့ ညှို့နိုင်စွမ်းဟာ စကားလုံးသစ်ပေါ်မှာ မတည်နိုင်ပါဘူး။ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ပုံသဏ္ဍာန်အရ၊ အကြောင်းအရာအရ၊ နောက်ပြီး စေတနာအရ ဆိုပါတော့လေ။ ဒါတွေနဲ့လည်း ပရိသတ်ကို ညှို့နိုင်တာပဲ မဟုတ်လား။ တချို့ဝတ္ထုကျတော့ လည်း စကားလုံးသစ်တွေက ညှို့နိုင်တာ ရှိပါလိမ့်မယ်။ ဒါပေမယ့် စကားလုံးသစ်တိုင်းတော့ မဖြစ်နိုင်ပါဘူး။ သုံးနေကျစကားလုံးဟောင်းထက် အဓိပ္ပါယ်ကို ပိုပြီးထိရောက်အောင် ဖော်နိုင်တဲ့၊ သုံးဖို့လဲ ပြေပစ်တဲ့၊ ဖောင်းပွမှုလဲ မရှိတဲ့ စကားလုံးမှပဲ စာဖတ်ပရိသတ်က လက်ခံနိုင်မှာပါ။ သိပ်ကောင်းတဲ့ စကားလုံးသစ် ထွင်နိုင်တယ်ဆိုရင်တော့ မြန်မာစာပေဖွံ့ဖြိုး တိုးတက်မှုအတွက် အလားအလာကောင်းတယ်လို့ ကျွန်မလက်ခံထားပါတယ်။ တကယ်တမ်း ကျတော့ ကျွန်မရဲ့ စကားလုံးသစ်ဆိုတာတွေကတောင် သိပ်မသစ်လှပါဘူး။ သိပ်ပြည့်စုံတဲ့ စကားလုံးအသုံးလဲ မဟုတ်သေးဘူးလို့ ထင်ပါတယ်။
စကားလုံး လော်လည်တယ်ဆိုတာကတော့ 'စကားလုံးဆန်းသစ်ရမယ်' ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကားလုံးတွေကို တမင်တကာ မဆန်းဆန်းအောင် လုပ်တာမျိုး များလားပဲ။ ကျွန်မကတော့ စကားလုံးဆိုရင် ရိုးရိုးဆန်းဆန်း အဓိက, က ကိုယ့်စကားလုံးတလုံးက စာဖတ်သူရဲ့ ရင်ထဲ တိုက်ရိုက်ရောက်သွားဖို့ကပဲ ရသစာပေမှာ အရေးကြီးတယ်လို့ ခံယူ ပါတယ်။ ပြီးတော့ စာရေးသူတယောက် လျှောက်တဲ့လမ်းဟာ သူကိုယ်တိုင် ခင်းတဲ့လမ်း ဖြစ်ပေမယ့် လမ်းကောင်းမကောင်း ဆုံးဖြတ်တာကတော့ တကယ့်စာဖတ်ပရိသတ်ပဲ ဖြစ်ပါ တယ်။ ခုချိန်ထိတော့ လူအများ လက်ခံနိုင်မှုကပဲ စံဖြစ်နေပါသေးတယ်။ ဒီနေရာမှာ လူအားလုံးကို ပြောတာမဟုတ်ပဲ လူအများလို့ပဲ ပြောတာပါနော်.....။
ဒါပေမယ့် တချို့ စာဖတ်သူတွေကတော့ ဘယ်လောက်မှ မခက်ခဲတဲ့ စကားတွေ၊ အကြောင်းအရာတွေကိုပဲ 'နားမလည်ဘူး' လို့ အော်တာမျိုးကျတော့ ကျွန်မကိုယ်တိုင်လဲ သူတို့ကို နားမလည်နိုင်တော့ပါဘူး။ ဒါမျိုးကတော့ ချွင်းချက်လောက်ပါပဲ။

ဟိန်းလတ်။ ။ ရုပ်ရှင်အမြုတေ မဂ္ဂဇင်းထဲက 'နှောင်တည်းခံ' ၀တ္ထုဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်က သူ့ချစ်သူဟောင်းကို တမ်းတတဲ့ ဇာတ်လမ်းပဲ။ ဒါမျိုးကို ရေးရဲတယ်လို့ မစွပ်စွဲ မပုတ်ခတ်ချင်ပါဘူး။ လောကမှာ ဖြစ်တတ်တဲ့ သဘာဝတခုကို မကွယ်မ၀ှက် ရေးတဲ့သဘောလို့ပဲ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ၀တ္ထုတပုဒ်လုံးမှာ ချစ်သူဟောင်းဝဏ္ဏနဲ့ သန့်သန့်လေး ချစ်ခဲ့ကြတယ်လို့ ဖွဲ့နွဲ့ခဲ့ပေမယ့်၊ အခန်း (၆)မှာ (လက်သည်းကွင်းနဲ့) ကိုယ်အအိပ်ဆတ်တာ ၀ဏ္ဏသိတယ်ဆိုတဲ့ စာလုံးထည့်ထားတော့ တမျိုးတွေးစရာ ဖြစ်နေသလားပဲ။ အိပ်မက်လိုလို ဘာလိုလို ရေးထားတယ်။ 'ဒါအိပ်မက်မဟုတ် ဘူး' ရယ်လို့လဲ ပြောထားတယ်။ တကယ်တော့ စိတ်ခံစားမှုတွေပြတာပဲ ဆိုပါတော့။ ဒါပေမယ့် စိတ်ခံစားမှုထဲမှာ အအိပ်ဆတ်တာလောက်ထိ အသေးစိပ်ဖော်ပြထားတော့.......။

မေငြိမ်း။ ။ 'နှောင်တည်းခံ' မှာ ချစ်သူဟောင်းကို တမ်းတရတဲ့ ခံစားမှုကို ကျွန်မ အသားမပေးချင်ခဲ့ပါဘူး။ အပြစ်ရှိတဲ့ မိန်းမတယောက်အတွက် အတိတ်တခုဟာ လွှမ်းမိုး နှိပ်စက်တတ်တယ်ဆိုတာပါ။ အဲဒီထဲက 'ဝေ' ဟာ အပြစ်ရှိတယ်။ တကယ့်ကို ဖြူစင်တဲ့ ၀ဏ္ဏကို ဘာအပြစ်မှ မရှိပဲ စွန့်ခဲ့တယ်။ ဒီအတွက် ချစ်ခြင်းရဲ့ ဒဏ်ကို ခံစားရတာပါ။ ဒါကြောင့်ပဲ အိပ်မက်ကို အိပ်မက်မှန်း မသိနိုင်လောက်အောင်ပဲ သူ့အပြစ်က ခြောက်လှန့်လွှမ်းမိုးနေ ခဲ့တာပါ။ တကယ်တော့ 'ဝေ' ရဲ့ စိတ်ထဲမှာကို သူ့ရဲ့ အပြစ်က စွဲနေခဲ့တာပါ။ ကျွန်မရဲ့ ၀တ္ထုအားလုံးကို ကိုဟိန်းလတ် ဖတ်ခဲ့တာပါ။ ကျွန်မ၀တ္ထုအားလုံးရဲ့ ပြောချင်တာဟာ ခေါင်းစဉ်တွေမှာ ရှိတတ်ပါတယ်။ ဆိုတော့..... ဝေဟာ အင်မတန် အင်အားကြီးတဲ့ မသိစိတ်နှိုးဆော်မှုရဲ့ နှောင်တည်းခံ ပါပဲ။
အအိပ်ဆတ်တာကို သိတာကတော့ အတူအိပ်မှရယ်လို့ မဟုတ်ဘူး ထင်တာပဲရှင့်။ ချစ်သူရည်းစားသက် အတော်ရခဲ့တာပဲ။ ပြောပြဖူးတာနဲ့ပဲ သိမသွားနိုင်ဘူးလား။ ဒါမျိုးကတော့ သူငယ်ချင်းတွေ အချင်းချင်းလဲ သိနိုင်တာပဲလေ။

ဟိန်းလတ်။ ။ ရုပ်ရှင်အမြုတေထဲကပဲ 'ကြီး' ဆိုတဲ့ ၀တ္ထုထဲက 'ဂျင်းဘောင်ဘီဝတ် အမျိုးသားတယောက်မှာ ဘောင်းဘီဝတ်ညဉ် ခပ်ပေါ့ပေါ့များ ရှိနေမလားလို့' ဆိုတဲ့ စာပိုဒ်ကို တော့ ခေတ်လူငယ်တော်တော်များများ ဘ၀င်ကျမယ် မထင်ဘူးနော်။ လုံချည်ဝတ်၊ ထဘီဝတ်၊ မီနီစကတ်ဝတ်၊ ဟော့တ်ပင်န်ဝတ်၊ ဟာဝေယံဝတ်၊ လည်ကတုံးဝတ်၊ တိုက်ပုံဝတ်၊ အပေါ်ယံ ကြောကြည့်ပြီးတော့ 'ပေါ့သလား၊ လေးသလား' ဆုံးဖြတ်တာကတော့ ယျေဘူယျ 'စံ' ပဲ ဆိုရမလား။

မေငြိမ်း။ ။ အဲဒီ 'ဂျင်းဘောင်းဘီဝတ်ညာဉ်' ဆိုတာကတော့ ကျွန်မတယောက်တည်း အမြင်ပါ။ ဘောင်းဘီဝတ်ထားတဲ့အခါ စိတ်ဟာ ခါတိုင်းထက်တော့ ပေါ့သွားတယ်၊ လွတ်သွားတယ်၊ ရဲတင်းသွားတတ်လို့ ကျွန်မခံစားရလို့ပါပဲ။ အဲဒီခံစားမှုမျိုးက တယောက်နဲ့ တယောက် ဘယ်လိုမှ မတူနိုင်ပါဘူး။ ဒါကြောင့် ဒီကိစ္စကို ပုဂ္ဂိုလ်ရေးကိစ္စလို့ပဲ ထားလိုက်တာ ကောင်းပါတယ်။

ဟိန်းလတ်။ ။ စံပယ်ဖြူထဲက 'ချစ်သူဖွဲ့' ဟာ မေငြိမ်းရဲ့ ထူးခြားတဲ့ ၀တ္ထုလေးတပုဒ်ပါ ပဲ။ သရုပ်ဖော်ကလဲ ရှားရှားပါးပါး ခင်ဝမ်းရဲ့လက်ရာမို့ ခံစားရတာ ပို ပြည့်ဝသွားသလိုပဲ။ ချစ်သူဟာ ပိန်လျချိနဲ့၊ သွေးမရှိသလောက်အသားဖြူ၊ မျက်မှန်တပ်၊ အမှန်တရားပြောတတ်လို့ လောကနဲ့ အဆင်မပြေ၊ မသိစိတ်ရဲ့သိမ်ငယ်မှုရှိ၊ အတွေးလွဲအသဲကြောင်၊ တဖက်စွန်းရောက်၊ ဒီလိုချစ်သူမျိုးကို သိပ်ချစ်တဲ့ မိန်းကလေးတယောက်က အကြောင်းအကျိုး ဆီလျော်စွာပြပြီး ချစ်သူဖွဲ့ကို ဖွဲ့ပြတော့ ချစ်သူရဲ့ ရုပ်လုံးဟာ ကြွတက်လာတယ်။ ဆန့်ကျင်မှုများစွာနဲ့ ဒွန်တွဲနေတဲ့ ချစ်သူစရိုက်ကို ရေးပြရင်းနဲ့ နိဂုံးမှာ 'ချစ်သူဟူသော ချစ်ရသော သူတဦးဖြစ်ရန်သာ လိုအပ်သည်' လို့ ကောက်ချက်ချထားတာ ၀တ္ထုတပုဒ်လုံးရဲ့ အသက်ပါပဲ။ ဒါမျိုးကို ဒဿန၀တ္ထုလို့ ခေါ်လို့ရချင် ရမယ်နော်။ အင်္ဂလိပ်လို၊ ပြင်သစ်လို ဘာသာပြန်လို့ရရင် အဲဒီက လူတွေလဲ ခံစားလို့ရမှာ သေချာပါတယ်။ ဒါက ကျွန်တော် လက်လွတ်စံပယ် ပြောနေတာ မဟုတ်လူးနော်။ ကျွန်တော်နဲ့ သိတဲ့ အင်္ဂလိပ်လူမျိုး၊ ပြင်သစ်လူမျိုး၊ ဩစတြေးလျလူမျိုး တချို့က မြန်မာဝတ္ထုတို အကြောင်းမေးရင် ကျွန်တော်က ဂျူးရဲ့ဝတ္ထုနဲ့ မေငြိမ်းရဲ့ ဒီဝတ္ထုကို ကျွန်တော်နားလည်သလောက် ဘာသာပြန်ပြီး ပြောပြတဲ့အခါ သူတို့သဘောကျတာ ကိုယ်တွေ့ တွေ့ခဲ့ရလို့ပါ။ 'ချစ်သူဖွဲ့' ရေးဖြစ်ပုံလေးကို စာရေးသူအနေနဲ့ နည်းနည်းလောက် ပြောပြပါလား....။

မေငြိမ်း။ ။ ဒီနေရာမှာတော့ ကိုဟိန်းလတ်ကို ကျွန်မပြန်ပြီး ကျေးဇူးတင်ရမယ်။ ကိုယ့်ဝတ္ထုပေမယ့် မဂ္ဂဇင်းမှာ ပါတဲ့အခါ ကျွန်မအရင်ဆုံး စိတ်ဝင်စားတာက ၀တ္ထုသရုပ်ဖော်ပုံ ကိုပဲ။ ကျွန်မကလေ သရုပ်ဖော်ပုံရယ်၊ ၀တ္ထုခေါင်းစဉ်ရယ်ကို သိပ် အရေးအယူ ခံစားတတ် တယ်။ ကျွန်မ၀တ္ထုရဲ့ သရုပ်ဖော်ပုံကောင်းရင် ပန်းချီဆရာကိုရော၊ စာတည်းအဖွဲ့ကိုရော ကျေးဇူးတင်နေရောပဲ။ အဲဒီ ချစ်သူဖွဲ့တုန်းကလဲ ကိုခင်ဝမ်းရဲ့ သရုပ်ဖော်ပုံမို့ ကျွန်မ စံပယ်ဖြူစာတည်းအဖွဲ့ကို တော်တော်ကျေးဇူးတင်သွားခဲ့တယ်။
တကယ်တော့ ချစ်သူတယောက်အပေါ်မှာ အကောင်းအဆိုး မခွဲပဲ ချစ်တာတခုတည်းနဲ့ ဆုံးဖြတ်တဲ့ မိန်းကလေးတယောက်ရဲ့ အချစ်ရိုးရိုးကလေးပါပဲ။ စာပေနယ်ထဲမှာ ပြောလေ့ရှိတဲ့ 'စေတနာ' ဆိုတာ ထည့်ပြောရရင်တော့ လူတယောက်အတွက် စိတ်ပိုင်းဆိုင်ရာ လိုအင်ကို အတင်းအကျပ် ဘောင်သတ်ဖို့ မသင့်ဘူးလို့ ပြောပြချင်တဲ့ စိတ်တော့ ရှိခဲ့ပါတယ်။
တခုတော့ ရှိတာပေါ့လေ။ ကျွန်မက လူတယောက်ယောက်ရဲ့ 'စိတ်' ကို သိပ်စိတ်ဝင် စားတတ်တယ်။ ငယ်ငယ်ကဆိုရင် စာဖတ်လေ့ရှိတဲ့ ရှစ်နှစ်သမီးလောက်ကတည်းက အဖေ့စာအုပ်စင်က ဒေါက်တာအုန်းမောင်၊ ဆရာဝန်တင်ရွှေ၊ နန္ဒတို့ရဲ့ စိတ်ပညာစာအုပ်တွေကို စွဲဖတ်ခဲ့တာ။ နောက်ပြီး အဖေနဲ့အမေက စိတ်ပညာယူခဲ့ကြဖူးတော့ အဲဒီပြဌာန်းစာအုပ်တွေ ကိုပါ ကျွန်မက ဖတ်တာ။ ဖတ်စကတော့ သိတ်နားမလည်ဘူးပေါ့။ ဒါပေမယ့် အရွယ်ရလာတဲ့ အထိတောင် ခဏခဏ ဖတ်ခဲ့တော့ ကျွန်မကို အဲဒီစာအုပ်က လွှမ်းမိုးတယ်လို့ ထင်တာပဲ။ ကျွန်မက စိတ်ရောဂါသည်တွေကိုလဲ တော်တော် စိတ်ဝင်စားတယ်။
မြန်မာစာပြီးရင် ကျွန်မစိတ်ဝင်စားတာက စိတ်ပညာနဲ့ ဒဿနိကပဲ။ ဒဿနိကကျတော့ ကျွန်မနဲ့ နည်းနည်းအလှမ်းဝေးတယ်။ philo စာအုပ်တွေက လက်လှမ်းမီရာမှာ မရှိတဲ့အပြင် သေချာလေ့လာဖို့ အချိန်မရနိုင်သေးတာလဲ ပါပါတယ်။ စိတ်ပညာကျတော့ ကျွန်မနဲ့ နည်းနည်း ပိုနီးစပ်တယ်။ ပိုပြီးနီးစပ်ရဖို့ ကြုံလာတာက ကျွန်မတို့တုန်းက တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်မှာ ဘာသာတွဲတွေ ယူရတယ်။ ၁၉၈၁-၁၉၈၃ ပေါ့။ အဲဒီမှာ ကျွန်မ ၀ိဇ္ဇာသင်္ချာ ဘာသာတွဲမှာ စိတ်ပညာကို စိတ်ကြိုက်အနေနဲ့ ယူဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်မရဲ့ ၀တ္ထုတွေကိုတော့ စိတ်ပညာစာအုပ်တွေထဲက ရှာထားတဲ့ ဇာတ်ကောင်အနေနဲ့ ကျွန်မ မရေးခဲ့ဖူးသေးပါဘူး။ ကျွန်မခံစားရတာ သက်သက်နဲ့ပဲ ရေးခဲ့တာ များပါတယ်။ ခု 'ချစ်သူဖွဲ့' မှာလဲ 'မောင်' ဆိုတဲ့ လူတယောက်အပေါ် သူ့ချစ်သူက ချစ်စိတ်နဲ့ မြင်တဲ့ထင်တဲ့ ရိုးရိုးအထင်အမြင်ကလေးပါပဲ။
ကိုဟိန်းလတ်က ဒဿန၀တ္ထုလို့ အမည်တပ်တာကိုတော့ ကျွန်မ ဘာမှ မပြောချင်ပါ ဘူး။ ဒါ... စာဖတ်သူတွေ၊ စာပေပညာရှင်တွေရဲ့ အလုပ်ပါပဲ။ ကိုယ်နှစ်သက်သလို ခံစားခွင့် ရှိပါတယ်။ တကယ်လဲ ဒဿနဆိုတာ လက်တွေ့ဘ၀ထဲကနေမှ စာအုပ်ကြီးတွေအပေါ် ရောက်သွားကြတာပဲ မဟုတ်လား။
ပေဖူးလွှာမှာ ပါခဲ့တဲ့ 'မမွန်မွန်အိပ်မက်လွင်ပြင်' မှာ 'တခုတည်းသာ ကျန်တော့သော ထွက်ပေါက်သည် သေခြင်းတရားပဲ ဖြစ်၏' ဆိုတာမျိုးတွေ ရေးထားတယ်။ မူးပြီးရင် ရမ်းတတ်တဲ့ လူတယောက်ရဲ့ မိန်းမရဲ့ ထွက်ပေါက်ဟာ ဒါပဲလား။ ဒီဝတ္ထုကပေးတဲ့ Message ကကော ဒါပဲလား။
အဲဒီ Message ဆိုတာကို ရသစာပေနဲ့ တွဲပြီး ကျွန်မဘယ်လိုမှ ဆက်စပ်လက်ခံလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ရသ စာပေဆိုတာဟာ စာဖတ်သူတွေအတွက် လေးစား လောက်စရာ၊ နှစ်သက်စရာ ရသ ပေါ်လွင်မှု ရှိနေဖို့ပဲ လိုတယ်လို့ ကျွန်မယုံကြည်လို့ပါပဲ။
ဒါကြောင့် ၀တ္ထုတပုဒ်မှာ Message ပါရမယ်ဆိုရင်တော့ အဲဒါဝတ္ထုတို ရသစာပေ စစ်စစ်လို့ သမုတ်ဖို့ အတော့်ကို ခဲယဉ်းပါလိမ့်မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ၊ ဆုံးမစာတွေလို ဒါ Message ပဲလို့ မြင်ရမှ ဆိုရင်တော့ ၀တ္ထုတပုဒ်မှာ 'ရသပိုင်းဆိုင်ရာ' အားနည်းပါလိမ့်မယ်။
ကျွန်မကတော့ ရသစာပေကိုပဲ ဖန်တီးပါတယ်။ ကျွန်မရဲ့ ၀န်းကျင်မှာ ရှိနေတဲ့ မြင်ကွင်တခုကို ကျွန်မခံစားသလို စာဖတ်ပရိသတ်ကလိုက်ပြီး ခံစားနိုင်အောင် ရသမြောက်ဖို့ ကိုပဲ ကျွန်မရည်ရွယ်ပါတယ်။
ခုလဲ မိသားစု မကောင်းတဲ့၊ လင်ယောက်ျားမကောင်းတဲ့ မိန်းကလေးတယောက်ရဲ့ စိတ်ဓာတ်ပျက်ပြားရတဲ့ မြင်ကွင်းကိုပဲ ကျွန်မ ပြချင်တာပါ။ ဒါကိုမှ Message ပါမှ ဆိုတဲ့ အစွဲနဲ့ လိုက်ရှာရင်တော့လဲ မိန်းကလေးတယောက်ရဲ့ ဘ၀အတွက် မိသားစု ကောင်းဖို့ လိုအပ်တာတို့၊ လင်ယောက်ျားကောင်းဖို့ လိုအပ်တယ်ဆိုတာတော့ ရလာမှာပေါ့ရှင်......။ ဟုတ်တယ်မို့လား။ ဘာလိုဆို..... ဆိုတာဟာ စာရေးတဲ့သူရဲ့ စေတနာနဲ့အတူ ပူးတွဲပါသွားပြီးသားပဲ ဖြစ်သင့်တယ် မဟုတ်လား။

ပထမပိုင်းပြီး။
ဟိန်းလတ် စာပေအင်တာဗျူး [၂] စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၀ခု၊ ဖေဖော်ဝါရီမှ ကူးယူ ဖော်ပြပါတယ်။ စာအုပ်ထဲမှာ ဘယ်နှစ်ခုနှစ်တွင် အင်တာဗျူးကြောင်း မဖော်ပြထားပါ။

Monday, September 1, 2008

ဆရာစံနဲ့အိုင်စီအက်စ်နှစ်ဦးအမြင်
ရေးသူ- ဇော်ဝင်းကို

၁၉၃၀ပြည့်နှစ်မှာ ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံကြီး ဖြစ်ပွါးပေါ်ပေါက်ခဲ့ တယ်။ ဒီအရေးတော်ပုံကြီးဟာ ဒီကနေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူဖွယ်၊ အားတက်ဖွယ် သမိုင်းဝင် တော်လှန်ရေးကြီးတခုအဖြစ် အငြင်းပွါးသူမရှိလောက် အောင် သတ်မှတ်ခံနေရပါပြီ။ ဒါပေမယ့် အဲဒီအရေးတော်ပုံကြီး ဖြစ်ပွါးနေဆဲနဲ့ ဖြစ်ပွါးပြီးနောက် နှစ်အနည်းငယ် အတွင်းကာလတုန်းကတော့ ဒီအရေးတော်ပုံကြီးကို ထောက်ခံသူ၊ အားပေးသူ၊ ဂုဏ်ပြုသူတွေသာမက၊ ကန့်ကွက်သူ၊ ရှုတ်ချသူ၊ ဝေဖန်သူ အမျိုးမျိုး ရှိခဲ့ကြတာပေါ့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့-
"ရဂုံ စံချစ်စရာတပည့်တွေမှာဖြင့်၊ ဥုံအရဟံ သစ္စာကတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့"
လို့ အညွတ်အနူးနဲ့ အားတက်သရော ထောက်ခံခဲ့ပါတယ်။


တခြားတဖက်စွန်းမှာ ဗြိတိသျှကိုလိုနီ သမိုင်းဆရာကြီး ဟာဗေး (G.E.Harvey) ကတော့ "Superstition pure and simple....... spread by an ex-monk who claimed magical powers" (အယူသီးမှုသက်သက်ပါ....... သူကိုယ်သူ မှော်တန်ခိုးရှိတယ်လို့ ကြေငြာ တဲ့ ဘုန်းကြီးထွက်တယောက်က စလိုက်တာ) တဲ့။
ဒီလိုအမြင်တွေကြားမှာ စိတ်ဝင်စားစရာ သုံးသပ်ချက်တခုကို တင်ပြပါရစေ။ စိတ်ဝင်စားဖို့ ကောင်းတာက အဲဒီသုံးသပ်ချက်တွေကို ပြုစုခဲ့သူတွေဟာ အဲဒီအချိန်တုန်းက ဗြိတိသျှအစိုးရရဲ့ ထိပ်တန်းအရာရှိကြီးတွေလို့ သတ်မှတ်ထားခဲ့ရတဲ့ အိုင်စီအက်စ် (I.C.S) (Indian Civil Service) အရာရှိကြီးတွေ ဖြစ်လို့ပါပဲ။ ဒါတွင်မက သူတို့သုံးသပ်ချက်ရေးတဲ့ အချိန်ဟာလည်း ဆရာစံတောင်သူလယ်သမားအရေးတော်ပုံ ဖြစ်ဆဲနဲ့ဖြစ်ပြီးစ အချိန်တွေ ဖြစ်နေလို့ပါပဲ။
ပထမအမြင်က ဒီလိုပါ.................
သက္ကရာဇ် ၁၂၉၂ ခုနှစ်တုန်းက မြန်မာပြည်တွင် သူပုန်ခပ်ပြင်းပြင်းကလေး ထလိုက်၏။ ဆရာစံက ဥက္ကဌကြီး ဖြစ်လေသည်။ ဂဠုန်(က)၊ ဂဠုန်(ခ) တွေနှင့် နိုင်ငံဆူအောင် လုပ်လိုက်ပေ၏။ ဆရာစံကား ရှင်ဘုရင်ဖြစ်ချင်သူ တယောက်တည်း။ အလံတောင်တွင် နန်းတော်တွေဆောက်၊ စည်တော်တွေယွန်း၊ ဘိသိက်တွေသွန်းနှင့်နေ၏။
နောက်လိုက်ငယ်သားတို့အား ပီးဆေးတွေ ထိုးပေး၏။ ဂဠုန်ဆေးတွေကို ထိုးစေ၏။ ခမျာ တောသူတောင်သားတို့မှာ အဟုတ်ထင်မှတ်ပြီးလျင် အစိုးရကို ခုခံတိုက်ခိုက်ကြ လေသည်။
အစိုးရလည်း မနေနိုင် လှုပ်ရရှာ၏။ စစ်တပ်တွေနှင့် နှိမ်နင်းရ၏။ အကြင်ဂဠုန် ဆေးဆရာတွေ၊ လက်ဖွဲ့ဆရာတွေ၊ ထုံးမန်းဆရာတွေမှာ စက်အမြောက်၏ရှေ့တွင် ကားခနဲ ကားခနဲ နေကြရလေတော့သည်။ သြော်- ဆရာစံ သူ့ပယောဂတွေပေါ့။
များမကြာမီပင် အကြင်ဆရာစံသည် စက်တိုင်ထက်တွင် အသက်ကုန်ရရှာ၏။ အချို့က ဆရာစံ နတ်ပြည်ရောက်သည်ဟု အယူရှိကြ၏။ (သူပုန်တွေ) အချို့က ဆရာစံ အ၀ီစိရောက်ဟု အယူရှိကြ၏။ (သူပုန်ရန်သူတွေ)
နတ်ပြည်ရောက်လျှင် နတ်သားတွေကို သူပုန်ထရန် ခေါင်းဆောင်မည်ဖြစ်သောကြောင့် သိကြားမင်း အလုပ်များတော့မည်။ အ၀ီစိရောက်မည်ဆိုလျင်လည်း ငရဲသားတို့အား သူပုန်ထ ရန် ခေါင်းဆောင်မည် ဖြစ်သောကြောင့် ယမမင်း အလုပ်များတော့မည်။ ရောက်သည့်နေရာမှာ သူပုန်ထမည့် ဆရာစံ။
ဆရာစံ ဘ၀ပြောင်းပြီးနောက် သူပုန်သစ်ပင်ကြီး လဲတော့သည်။ သို့သော် သူပုန်အငွေ့ ကား ကျန်သေး၏။ တော်တော့ အငွေ့ မဟုတ်။ အင်မတန် အငွေ့ ဖြစ်လေသည်။
ဆရာစံ တပည့်တို့သည် သူပုန်ဘ၀မှ ဓားပြဘ၀သို့ ပြောင်းကြကုန်၏။ သူပုန်ဗိုလ်ဘ၀မှ ဓားပြဗိုလ်ဘ၀သို့ ကူးပြောင်းကြခြင်း ဖြစ်လေသည်။ ဇော်ဂျီများလို သူပုန်ထရာနယ်များ၊ ၎င်းနယ်များနှင့် နီးစပ်သောနယ်များတွင် ဓားပြတွေ ဓားပြဗိုလ်တွေ ထ၍ နေကြပြီ။ ရွာသူ ရွာသားတို့ မီးအိုးကြီးများကို ရွက်ထားရဘိသို့။ ညလည်း တထင့်ထင့်၊ နေ့လည်း တထင့်ထင့်၊ နေ့သေမလား၊ ညသေမလား၊ လူကြီးများကား ဆိုစရာမရှိ၊ ကိုယ့်အိမ်တွင် ကိုယ်မအိပ်ဝံ့။ လည်ပင်းတယားယားနှင့် နေကြရလေတော့သည်။ မိမိတို့၏ ကိုယ်နှင့်ဦးခေါင်း ဘယ်အခါ အိုးစားကွဲမည်လဲ ဟူသော ကမ္မဌာန်းကို စီးဖြန်းလျက် နေကြကုန်၏။ သြော်- ခေတ်ဆိုး....ခေတ်ဆိုး...။
ဒီရေးသားချက်မှာ ဆရာစံ သူပုန်ထရတဲ့အကြောင်းဟာ သူ ရှင်ဘုရင်ဖြစ်ချင်လို့ဆိုတဲ့ ကောက်ချက်မျိုး ပေးထားတယ်။ ပြီးတော့ နန်းတော်ဆောက်၊ ဘိသိက်သွန်း ပီးဆေးထိုး ဂဠုန်ဆေးထိုး စတဲ့ အယူသည်းအလုပ်တွေ လုပ်ပြီး နောက်လိုက်ငယ်သားကို စည်းရုံးတဲ့ အကြောင်း၊ ဂဠုန်တပ်သားတွေ စက်အမြောက်ရှေ့မှာ အစုလိုက် အပြုံလိုက် ကျဆုံးရတဲ့ အကြောင်းတွေကို သရော်တော်တော် လေသံနဲ့ လှောင်ထားသေးတယ်။ သူပုန် ကြောင့် ရွာသားပြည်သူတွေ ဒုက္ခရောက်တဲ့အကြောင်းလည်း မီးမောင်းထိုးပြထားပါတယ်။ ဆရာစံ သူပုန်နဲ့ မြန်မာပြည်သူတွေကို သွေးခွဲထားပါတယ်။ ဆရာစံသူပုန်ကြောင့် ဒုက္ခရောက် ခဲ့ရတာဟာ လက်တဆုပ်စာ ဗြိတိသျှအလိုတော်ရိတွေသာ ဖြစ်ကြောင်းသိကြပြီးတဲ့ ဒီကနေ့မှာ တော့ ဒီရေးသားချက်ကို အဲဒီအချိန်က အုပ်စိုးသူ နယ်ချဲ့ ဗြိတိသျှအစိုးရအတွက် ဘက်လိုက် ဖော်ပြချက်လို့ ရှင်းရှင်းလင်းလင်း သိမြင်ကြပါရဲ့။ ဒါပေမဲ့ အဲဒီအချိန်ကတော့ ဟာသလိုလို ရိသလိုလို ထေ့သလိုလိုနဲ့ လူထုမျက်စိထဲ သဲနဲ့ပက်လိုက်တဲ့ အရေးအသားပါပဲ။
ဒုတိယအမြင်ကတော့ အထက်က အမြင်နဲ့ အင်မတန်ခြားနားပါတယ်။ ဒီလို...........
ဤသူပုန်မှုမှာ လယ်သမားဆင်းရဲသားများ၏ သူပုန်မှုမျှသာ ဖြစ်သော်လည်း စီးပွါးရေး မဟုတ်ပေ။ တိုင်းရေးပြည်ရေး သူပုန်မှု ဖြစ်လေသည်။
ဆင်းရဲသားများ ပုန်ကန်ကြသည်။ အဘယ်ကြောင့်နည်း။ လူမျိုးခြားအစိုးရကို မကြိုက် မနှစ်သက်ကြောင်းကို အင်္ဂလိပ်အစိုးရကို မလိုလားပေ။
နှိပ်စက်ညှင်းပန်းသလော၊ မတရားပြုမူခြင်းကြောင့်လော မဟုတ်ပေ။ အင်္ဂလိပ်တို့၏ စနစ်သည် မြန်မာကို မငဲ့၊ အင်္ဂလိပ်ကိုသာ လုံးဝငဲ့သောကြောင့် ဖြစ်လေသည်။ ခေတ်ပညာ တတ်လူများကား မိမိတို့သည် သက္ကရာဇ်အနှစ် ၂၀၀၀ တွင်းတွင် ပေါက်ဖွားလာသူများ ဖြစ်သဖြင့် သူပုန်ထနည်းဖြင့် မရကြောင်းကို သိကြ၏။ ထို့ကြောင့် ပါလီမန်မှနေ၍ လွတ်လပ်ရေးကို တောင်းဆိုကြ၏။ တောင်သူလယ်သမား ဆင်းရဲသားများမှာကား ၎င်းတို့ သင်ကြားခဲ့ရသော ပညာရေးမှာ စာရေးစာဖတ် ဂဏန်းတွက်မျှသာဖြစ်၍ ခေတ်နှင့်လျော် အောင် မည်သို့ နေထိုင်ရမည်ကို မသိရှာကြသဖြင့် ဤပုန်ကန်ခြင်းဖြင့် ပြုကြခြင်း ဖြစ်လေ သည်။ သူတို့ စွမ်းအားရှိ သလောက်ကိုပင် ပြကြရရှာတော့သည်။
သူတို့၌ လက်နက်မရှိကြချေ။ ဓါးများနှင့် ပြည်တော်ဖြစ် သေနတ်အချို့သာ ရှိကြ၏။ သို့သော် လက်နက်ကား အရေးမကြီး။ အချိန်အခါသာ အရေးကြီးသည်။ ဗေဒင်ကိန်းခန်းအလို အားဖြင့် ယခုအချိန်သည် အင်္ဂလိပ်တို့ လက်မှ လွတ်ခွင့်လွတ်ထိုက်သော အချိန်ဖြစ်သည်။ အင်္ဂလိပ်အုပ်စိုးခြင်း ကုန်ဆုံး၍ မြန်မာတို့ ပြန်လည်စိုးစံရတော့မည် အချိန်ရောက်ပေပြီ။ သို့ဖြစ်၍ သူပုန်ထကာ မအောင်နိုင်စရာ မရှိ။
အောင်ကိန်းကြုံလျက်ရှိလေပြီ။
ဓါးနှင့်လူသည် သေနတ်နှင့်လူကို နိုင်နိုင်စရာ အကြောင်းမရှိ။ ဓါးကို အသုံးမချမီ သေနတ်က ကိစ္စပြီးအောင် စီမံနိုင်သည်ဖြစ်၍ သူတို့အကြံ မဟုတ်နိုင်သေးဟု တွေးတောဖွယ် ရှိ၏။ ထကြွမှုသည် အောင်မည်စစ်စစ်ဖြစ်ရကား သို့လော သို့လော တွေးတောဖွယ်မရှိ။ ထိုအခက်အခဲကို တနည်းနည်းဖြင့် အောင်မြင်ရန် အကြောင်းရှိသည်။
နည်းလမ်းကား အရှေ့နိုင်ငံများတွင် စိတ်ကို အလုပ်ပေးခြင်း အလုပ်လုပ်ခြင်း၌ များစွာ လေ့လာကြသည်။ သူတော်ကောင်း ကမ္မဌာန်းဆရာတို့သည် သမာဓိအောင်လျင် လူတဦး တယောက်ကို မဖျားမနာအောင် တတ်နိုင်သည်။ ထိုမျှမကသေး။ မသေအောင်ပင် တတ်နိုင်သည်။ သို့သော် ထိုကိစ္စမျိုး ပြီးနိုင်ရကား ဇော်ဂျီပထမံတို့ ထားခဲ့သော နည်းလမ်းဆေးဝါးများဖြင့် ပြီးနိုင်သည်။ ည ၁၁ နာရီမိနစ် ၅၀ တွင် ဂဠုန်ရာဇာကိုယ်တိုင် ထိုဆေးမျိုး တခွက်ကို သောက်၏။ ထို့နောက် ကိုယ်ကို ဆေးထိုး၏။ ( ) ဆိုတဲ့ အက္ခရာ တမျိုးတမည်ကို ကိုယ်တွင်ထိုးနှံသော် ထိုသူသည် အစွမ်းကောင်းလက်နက် အမျိုးမျိုးကို ပြီးစေနိုင်သည်။ အခြား လက်ဖွဲ့ မန္တရား၊ ထုံးမန်း၊ အင်းအိုင် စသည်တို့လည်း ရှိပေသေးသည်။ ဆေးဝါးများ၏ အကျိုးကား သေနတ်ပြီးချင်သည့် အဓိကရည်ရွယ်ချက် ဖြစ်လေသည်။
ဒီရေးသားချက်မှတော့ ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံကြီး ဘာကြောင့် ဖြစ်ရတယ်ဆိုတာနဲ့ ပတ်သက်လို့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေ ဘာကြောင့် လက်နက်စွဲကိုင်ရသလဲ ဆိုတာကိုလဲ (ကျွန်တော်တို့ တတွေ အခုမြင်နဲ့ လက်ခံသည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ) သင့်တင့်တဲ့ အကြောင်းပြ ချက်ကို ပေးထားတယ်။ ဒါတွင်မက အင်္ဂလိပ်တွေရဲ့ စက်အမြောက်တွေကို မြန်မာ တောင်သူ လယ်သမားတွေက ဓါးတွေ လှံတွေနဲ့ ဘာကြောင့်ဆန့်ကျင်ခဲ့ကြတယ်ဆိုတာကို ရှင်းပြသလို၊ အဲဒီလို အားမတန် အင်မမျှ ရင်ဆိုင်ခဲ့ရလို့ အင်းအိုင်ခလှဲ့ လက်ဖွဲ့ မန္တယားတွေကို စိတ်ပိုင်းဆိုင်ရာအနေနဲ့ အားကိုးအားထား ပြုခဲ့ရတာဖြစ်ကြောင်းလည်း ဆင်ခြင်ပေးထားပါ တယ်။
အင်မတန်ကွာခြားတဲ့၊ မီးနဲ့ ရေလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ ရေးသားချက်နှစ်ခုပါ။ ပထမ ရေးသားချက်က ဒီနေ့အမြင်နဲ့ သုံးသပ်ရင်တော့ သမိုင်းမှာ ဂုဏ်ရောင်ပြောင်တဲ့ တောင်သူလယ်သမားလှုပ်ရှားမှုကြီးကို ပုံပျက်ပန်းပျက်ဖြစ်အောင် သရော်ရှုတ်ချထားတဲ့ နယ်ချဲ့ အလိုတော်ရိတွေရဲ့ လက်ရာမျိုးပေါ့။ ဒုတိယ လက်ရာကတော့ တော်လှန်ရေးတခုအပေါ်မှာ လက်တွေ့ဝင်ရောက်ဆင်နွှဲပြီး ကိုယ်တိုင်ဆောင်ရွက်သူ တော်လှန်ရေးသမား မဟုတ်ရင်တောင် စာနာထောက်ခံမှုရှိတဲ့ သမာသမတ်ကျသူ ဘက်တော်သားတယောက်ရဲ့ လက်ရာမျိုးလို့ သုံးသပ်နိုင်ပါတယ်။ အရေးအသားနှစ်ခုကို ယှဉ်ဖတ်လိုက်ရင် လူနှစ်ယောက် မျက်နှာချင်းဆိုင် ပြီး ဆရာစံအရေးတော်ပုံအကြောင်းကို ပြောနေကြ၊ တယောက်က ဆရာစံအရေးတော်ပုံကို ဝေဖန်တိုက်ခိုက်လို့ ကျန်တယောက်က အဲဒီအရေးတော်ပုံဘက်က ရပ်တည်ရှင်းပြနေတာနဲ့ တောင် တူနေပါသေးရဲ့။
လောကရဲ့ ကမောက်ကမဖြစ်မှုလို့ ပြောရမလား၊ ကံတရားရဲ့ သရော်ချက်လို့ ပြောရ မလား၊ မဆိုတတ်တော့ပါဘူး။ ဖြစ်ရလေတာက ဒီလက်ရာနှစ်ခုမှာ ပထမ (အဆိုးမြင်) လက်ရာဟာ မြန်မာလူမျိုး စစ်စစ်တယောက်ရဲ့ လက်ရာဖြစ်ပြီး၊ ဒုတိယ (အကောင်းမြင်) လက်ရာကတော့ မျက်နှာဖြူရင့်မကြီးတယောက်ရဲ့ လက်ရာ ဖြစ်နေတာပါပဲ။
ပထမစာသားတွေက အရေးပိုင်ဦးစိန်တင် "သိပ္ပံမောင်ဝ" ဆိုတဲ့ ကလောင်အမည်နဲ့ ရေးခဲ့တဲ့ "သူပုန်အငွေ့" ဆိုတဲ့ဆောင်းပါး (နောက်ပိုင်းမှာတော့ ခေတ်စမ်းလေ့လာရေး သုတေသီတွေက ၀တ္ထုဆောင်းပါးလို့ အမျိုးအစားသတ်မှတ်ကြတယ်) ထဲကပါ။ ဒုတိယ စာသားတွေကတော့ အရေးပိုင် မောရစ်ကော်လစ် (Maurice Collis) ရေးတဲ့ (Trials in Burma) ( 'မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ' အမည်နဲ့ လူထုဒေါ်အမာ မြန်မာပြန်) ထဲက ဖြစ်ပါတယ်။

(၂)

ခုလိုယှဉ်ပြလိုက်တာဟာ သိပ္ပံမောင်ဝကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ မြန်မာစာပေကို ကြီးမားတဲ့ အတိုင်းအတာနဲ့ အကျိုးပြုခဲ့တဲ့ စာရေးဆရာကြီးတယောက်အနေနဲ့ သိပ္ပံမောင်ဝကို ကျွန်တော် အသိအမှတ်ပြုပြီးသားပါ။ ကျွန်တော်ကြိုးစားကြည့်ချင်တာက ဗြိတိသျှပဋိညာဉ်ခံ အရာရှိကြီးနှစ်ယောက်ဖြစ်တဲ့ ဒီစာရေးဆရာကြီး နှစ်ယောက်ဟာ ဗြိတိသျှဆန့်ကျင်ရေး လှုပ်ရှားမှုကြီးတခုအပေါ်မှာ ဘာကြောင့် မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ရှိထားရသလဲ။ ဒီလိုကွဲပြားရာမှာလဲ အံ့သြစရာ ရပ်တည်ချက် ပြောင်းပြန်သဘောထားတွေ ဘာလို့ ဖြစ်ခဲ့ရသလဲ အကြောင်းရင်းတွေကို တတ်နိုင်သလောက် စဉ်းစားကြည့်ချင်ပါတယ်
ကျွန်တော် စဉ်းစားမိသမျှတော့............

၁။ အိုင်စီအက်စ်ဆိုတဲ့ ဖြစ်တည်မှုအပေါ်မှာ သဘောထားချင်း ကွဲပြားမှုရှိလိမ့်မယ်။
အိုင်စီအက်စ် (I.C.S) ဆိုတာ Indian Civil Service (အိန္ဒိယမြို့ပြအုပ်ချုပ်ရေးဝန်ထမ်း) ရဲ့ အတိုကောက် စာလုံးပါ။ အင်္ဂလိပ်တွေ အာရှမှာ စတင်နယ်ချဲ့တော့ ကိုလိုနီတွေရဲ့ အုပ်ချုပ်ရေးကိုတာဝန်ယူမဲ့ ၀န်ထမ်းတွေ လိုလာတယ်။ ပထမကတော့ ဒီ ကိုလိုနီအုပ်ချုပ်ရေး (အထူးသဖြင့် အိန္ဒိယအုပ်ချုပ်ရေး) လုပ်ငန်းကို ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ (British East India Company) က တာဝန်ယူတယ်။ ၀ိတိုရိယဘုရင်မကြီးလက်ထက် အိန္ဒိယစစ်ဘာရီ ပုန်ကန်မှုကြီး (Indian Mutiny) ဖြစ်ပွါးပြီးနောက်မှ အိန္ဒိယကို ဗြိတိသျှအစိုးရက အပြီးအပြတ် လွှဲယူလိုက်တာပါ။ ဒီအခါ အစိုးရက ၀န်ထမ်းအဖွဲ့ (Service) တွေ ခွဲခန့်အုပ်ချုပ်ပါတယ်။ မြို့ပြအုပ်ချုပ်ရေးမှာ (Indian Civil Service) (I.C.S) ၊ သစ်တောဘက်မှာ (Indian Forest Service) (I.F.C) စသဖြင့်ပေါ့။ ဒီအထဲမှာ အရေးပါဆုံးက မြို့ပြဆိုင်ရာဝန်ထမ်း အိုင်စီအက်စ် တွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေဟာ ဆားဗစ်ထဲရောက်ပြီဆိုရင် ဘုရင့်အစိုးရနဲ့ ပဋိညာဉ်စာချုပ် ချုပ်ကြရတယ်။ ဒါကြောင့်လဲ သူတို့ကို 'ပဋိညာဉ်ခံဝန်ထမ်း' လို့ ခေါ်ကြတာပေါ့။ အဲဒီ ပဋိညာဉ်မှာ ၀န်ထမ်းတွေဘက်က အလုပ်ကို ကျေပွန်အောင် လုပ်မယ့်အကြောင်း၊ သစ္စာစောင့်သိမဲ့အကြောင်း၊ အစိုးရလျှို့ဝှက်ချက်များကို မပေါက်ကြားအောင် စောင့်ထိန်းမယ့် အကြောင်းတွေပါတယ်။ အစိုးရဘက်ကတော့ အဲဒီဝန်ထမ်းကို သူ့တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်သမျှ အကြောင်းမဲ့ အလုပ်က ထုတ်မပစ်ဖို့၊ စုံစမ်းစစ်ဆေးမှုမရှိပဲ အပြစ်ပေးထုတ် ပစ်တာ မလုပ်ဖို့၊ တာဝန်ကျေပွန်စွာနဲ့ သက်တမ်းပြည့် အမှုထမ်းပြီးရင် အငြိမ်းစားလစာပေးဖို့ စတာတွေကို တာဝန်ယူ ကတိပြုထားတယ်။
အစပိုင်းမှာတော့ အင်္ဂလန်နိုင်ငံက လူတွေပဲ အမှုထမ်းကြတာပေါ့။ သူတို့အတွက်တော့ အိန္ဒိယဆိုတာ ရပ်ဝေးမြေခြား တောခေါင်ခေါင် အရပ်မျိုးဖြစ်မှာပါ။ ဒီတော့ အိန္ဒိယမြို့ပြအုပ်ချုပ် ရေးဝန်ထမ်းတွေအနေနဲ့ သွားရောက်အမှုထမ်းသူတွေဟာ အင်္ဂလန်နိုင်ငံမှာ အောင်မြင်ကျော် ကြားနိုင်တဲ့ အလားအလားရှိသူ အေလိတ်(Elite) တွေတော့ ဖြစ်နိုင်မယ် မထင်ဘူး။ တရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့ထုံးကို နှလုံးမူရသူတွေသာ များပါလိမ့်မယ်။ ဝေးလံ ခေါင်းပါးဒေသကို စွန့်စားသွားလာပြီး အခွင့်အလမ်းရှာလိုသူတွေ၊ လက်ရှိနေထိုင်တဲ့ လူ့အဖွဲ့ အစည်းနဲ့ အံမ၀င်ခွင် မကျသူတွေ၊ အလားအလာရှိတဲ့ လုပ်ငန်းသစ်မျိုးကိုမှ ကြိုးစားကြည့်လို သူတွေ.... ဒီလိုလူမျိုးတွေနဲ့ ဒီဆားဗစ်ကြီးစခဲ့ရာမှ သဘာဝပါပဲ။
နောက်ဆုံးမှာတော့ 'လုပ်ငန်း' တခုအနေနဲ့ တည်တံ့လာလိမ့်မယ်။ ဒီအခါ နိုင်ငံရပ်ခြား က မဖွံ့ဖြိုးသေးတဲ့ လူမျိုးတွေကို စီမံခန့်ခွဲပေးရတာ စိတ်ဝင်စားသူတွေ၊ လူမှုပြုပြင်ရေးသမား တွေလဲ ပါလာနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်သူတို့ (အင်္ဂလန်နိုင်ငံသားတွေ) အတွက်ကတော့ 'အိုင်စီအက်စ်' ဆိုတာ ၀န်ထမ်းအလုပ်တခုထက် မပိုနိုင်ပါဘူး။ ဒီတော့ အိုင်စီအက်စ်များနဲ့ ဗြိတိသျှတော်ဝင် အစိုးရကြား ချုပ်ဆိုရတဲ့ 'ပဋိညာဉ်စာချုပ်' ဆိုတာကလဲ သူတို့အတွက်တော့ အလုပ်ရှင်နဲ့အလုပ်သမား ၀န်ထမ်းအကြားက စာချုပ်တခုထက် မပိုလောက်ပါဘူး။ လုပ်ငန်းခွင် စည်းကမ်းများကို လိုက်နာဖို့ အလုပ်သမားဘက်က ကတိပြုပြီး၊ အလုပ်ရှင်ဘက်ကလဲ ထိုက်သင့်သလို တာဝန်ယူမှုပေးတဲ့ ကတိပဋိညာဉ်စာချုပ်ပါပဲ။
နောက်ပိုင်းမှာ ဗြိတိသျှအစိုးရဟာ ဒေသခံတိုင်းရင်းသားတွေထဲက လက်သင့်ရာ လူတွေကို သူတို့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ အသုံးချလာကြပါတယ်။ ကိုလိုနီ ဒေသခံ တိုင်းရင်းသားတွေထဲက သူတို့နဲ့ အလျဉ်းသင့်နိုင်မဲ့ လူတွေကို အခွင့်အရေးပေးပြီး တိုင်းရင်းသားအချင်းချင်း ပြန်လည်အုပ်ချုပ်စေခြင်းက ပိုသင့်လျော်ဆိုတာကို အတွေ့အကြုံ များအရ သိလာကြတယ်။
ဒါတောင် အစပိုင်းမှာ ကိုလိုနီ အရှင်သခင်တွေဟာ ခိုင်းကောင်းရုံ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့် ပေးခဲ့တာပါ။ သူတို့ရဲ့အောက် အတော်ဝေးဝေးမှာပဲ ဒီဝန်ထမ်းတွေကို ထားခဲ့ကြတာ ပေါ့။ အိန္ဒိယမှာဆိုရင် (ပထမကမ္ဘာစစ်ကာလမှာ မြန်မာများလဲ ၀င်ရောက်အမှု ထမ်းခဲ့တဲ့) စစ်တပ်မှာ မျက်နှာဖြူအရာရှိတွေက ကက်ပတိန်၊ လက်ဖတင်နင် စတဲ့ ပုံမှန်ရာထူးနဲ့ တာဝန်ထမ်းကြပေမယ့် တိုင်းရင်းသားတွေကတော့ ဆူဘဒါ၊ ဂျမဒါ စတဲ့ (ပုံမှန်ထက် တဆင့်နိမ့်ပြီး တီထွင်ထားတဲ့) အရာရှိ ရာထူးမျိုးတွေနဲ့ အမှုထမ်းကြရတာပါ။ မြန်မာနိုင်ငံမှာလဲ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးချိန်ကစပြီး မြန်မာလူမျိုးအချို့ကို ပုလိပ် အင်စပက်တော်လို့၊ မြို့အုပ်လို ရာထူးမျိုးတွေမှာ ခန့်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒိထက်မပို ခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ တဆင့်တက်ပြီး တိုင်းရင်းသားထဲက ထူးချွန်သူအေလိတ်(Elite) တွေကို သူတို့ မျက်နှာဖြူတွေကိုသာ ခန့်လေ့ရှိတဲ့ ရာထူးမျိုးတွေမှာ စမ်းသပ်ခန့်ထားလာခဲ့ တယ်။ တိုင်းရင်းသားအေလိတ်တွေအတွက်လည်း ရတောင့်ရခဲ ရလိုက်တဲ့ အခွင့်အရေးကြီး ပေါ့။ အင်မတန် ကျေးဇူးတင်စရာ စောင်မကြည့်ရှုမှုကြီးပေပေါ့။ ပညာကို ထူးထူးချွန်ချွန် ကြိုးစား၊ စာမေးပွဲကို ပင်ပင်ပန်းပန်း ဖြေပြီးမှ ရလာတဲ့ အခွင့်ထူးကြီးဆိုတော့ အင်မတန်ပီတိ ဖြစ်စရာ အောင်မြင်မှုကြီးလဲ ဖြစ်ပါတယ်။
ဒါကြောင့် အိန္ဒိယနဲ့မြန်မာ အိုင်စီအက်စ်တွေအဖို့တော့ အိုင်စီအက်စ်ဆိုတာ 'မိုးကျရွှေကိုယ်' ဘ၀ပါပဲ။ အိုင်စီအက်စ်တွေနဲ့ အင်္ဂလိပ်အစိုးရအကြားက 'ပဋိညာဉ်ခံစာချုပ်' ဆိုတာကို သူတို့ အနေနဲ့ကတော့ သစ္စာတော်ခံစာတမ်းကြီးတခုလို သဘောထားကြမှာပါ။ ဆူဘတ်စ်ချန်ဒရာဘို့စ် ချွင်းချက်ပုဂ္ဂိုလ်မျိုးကလွဲရင် တိုင်းရင်းသားအိုင်စီအက်စ် ဆိုသူတွေဟာ ဘ၀အရကိုပဲ အင်္ဂလိပ်အစိုးရအပေါ် သစ္စာရှိရမယ်ဆိုတဲ့ အမြင်ကို ဗူးသွင်းသလို အသွင်းခံထား ရသူတွေ ဖြစ်ပါတယ်။

၂။ သူတို့ အသီးသီးအပေါ် အရေးတော်ပုံကြီးက ထိခတ်ခံရပုံခြင်း ကွာခြားမှုလဲ ရှိလိမ့်မယ်။
ဆရာစံအရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အချိန်မှာ မောရစ်ကောလစ်ဟာ ဒီအရေး တော်ပုံကြီးကို ရင်ဆိုင်ရာ၊ နှိမ်နင်းရာ၊ နှိပ်ကွပ်ရာမှာ တိုက်ရိုက်ပတ်သက်တဲ့ အုပ်ချုပ်ရေးတို့၊ လုံခြုံရေးတို့၊ တရားစီရင်ရေးတို့ဆိုတဲ့ လုပ်ငန်းတာဝန်ပိုင်းမှာ မရှိတော့ပါဘူး။ ရန်ကုန်အရေးပိုင် ဘ၀နဲ့ ဒိစတြိတ်တရားသူကြီးတာဝန်ကို ထမ်းဆောင်ရင်း အင်္ဂလိပ်စစ်ဗိုလ်လေးတယောက်ကို ထောင်ချလိုက်မိတာကြောင့် ယစ်မျိုးမင်းကြီးအဖြစ် 'အထက်ကိုစာတင်' တာခံလိုက်ရတဲ့ အချိန်ပါ။ ဒါကြောင့် သူကြီးကအစ၊ မြို့အုပ်နယ်ပိုင်အလယ်၊ အရေးပိုင်ကော်မရှင်အဆုံး၊ အုပ်ချုပ်ရေးဘက်မှာ တာဝန်ယူရသူတွေ 'ဂဠုန်တစ္ဆေ' အခြောက်ခံနေရတဲ့အထဲမှာ သူမပါဘူး ပေါ့။ သည်တော့ ဆရာစံသူပုန်ကြောင့် သူ့အတွက် အိပ်ရေးပျက်စရာ မလိုဘူး။ ခြောက်ခြားခေါင်းခဲစရာ မရှိဘူး။ သူ့အသက်စည်းစိမ်ကိုလဲ တိုက်ရိုက်ထိခိုက်စရာ မတွေ့ရဘူး။ သူ့အတွက် ဆရာစံသူပုန်ဟာ အဝေးကနေ ခွဲခြမ်းစိတ်ဖြာလို့ အင်မတန်ကောင်းတဲ့ လှုပ်ရှားမှု ကြီးတခုပါ။ ဒါကြောင့် ဆရာစံသူပုန်ကို သူ့အနေနဲ့ စိတ်ဆိုးစရာ၊ စိတ်နာစရာ ဘာမှ မရှိပါဘူး။ သူကိုယ်တိုင်ကပဲ 'ကျွန်တော်က ယစ်မျိုးမင်းကြီးဖြစ်နေပြီ ဖြစ်သဖြင့် ဤကိစ္စသည် ကျွန်တော်နှင့် လုံးဝမသက်ဆိုင်တော့ရကား ပွဲကြည့်တယောက်အဖြစ် အေးဆေးစွာ စောင့်ကြည့်၍ နိုင်လေပြီ' လို့ ရေးခဲ့တာပဲ။ (ဒီအရေးအသားမှာ သူ့အပေါ် မကောင်းခဲ့တဲ့ 'ထိုစဉ်အခါတွင် ပြည်ပိုင်အစိုးရဖြစ်နေသော အိုင်စီအက်စ်ကြီးသုံးယောက်' မျောက်မီးခဲကိုင်မိ သလို ဖြစ်နေတာကို 'မှတ်ကရောဟ' ဆိုတဲ့စိတ်မျိုး တစုံတရာ ပါမပါတောင် ကျွန်တော် ယတိပြတ် မပြောရဲပါဘူး။)
ဒီအချိန်မှာ သိပ္ပံမောင်ဝကတော့ နယ်ပိုင်ဝန်ထောက် အိုင်စီအက်စ် ဦးစိန်တင်အဖြစ်နဲ့ ပုန်ကန်မှုရဲ့ ဂယက်ရိုက်ခတ်ရာ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေရတာပါ။ သည်တော့ သူ့ဇာတ်ကောင်နယ်ပိုင်မောင်လူအေးဟာ ဆရာစံပုန်ကန်မှုကြီးကို ကောလစ်လို ပွဲကြည့် တယောက်အဖြစ် အေးဆေးစွာ စောင့်ကြည့်၍ မနေနိုင်မှာတော့ သေချာပါတယ်။ သူ့လက်အောက်က ကညင်ကောက် ရွာသူကြီးတောင် သူပုန်အသတ်ခံရပြီး၊ ကိုယ်တိုင်သတင်း သွားမေးခဲ့ရ၊ သူကြီးကတော် (ပဋာစာရီ) ကိုတွေ့ခဲ့ရသူ၊ သူကြီးရဲ့သား'နီတာရဲတလသားလေး' ကို မြင်ခဲ့ရတာကိုး။ သူ့နယ်ထဲက စစ်ကွင်းသူကြီး ဦးဖိုးမှီလဲ အသတ်ခံရသေးရဲ့။ သတ်တာမှ ခေါင်းဖြတ်သတ်သတဲ့။ သည်တော့ မောင်လူအေးခမျာ မနက်လင်းရင် ကိုယ့်ခေါင်းကိုယ်စမ်း ကြည့်ရမယ့် အခြေအနေမျိုးပေါ့။
သည်တော့ သိပ္ပံမောင်ဝအနေနဲ့ 'ဤသူပုန်နယ်တွေ ပတ်လည်ဝိုင်းလျက်နေသော နယ်ကို အုပ်ချုပ်ကာ နေရရှာ၏ အဘယ်မျှ စိတ်ညစ်စရာ ကောင်းပါသနည်း၊ နေ့လဲအငြိမ် မနေရ' လို့ (သူပုန်အငွေ့ဆောင်းပါးမှာလို) ညည်းမိတာ သဘာဝကျပါတယ်။
ဒါတွင်မက သူဟာ တောင်သူလယ်သမားသူပုန်တွေက 'ကုလားဖြူကျွန်တွေ' လို့ သတ်မှတ်ခံရတဲ့ အစားထဲက မဟုတ်လား။ ဒီတော့ ဆရာစံပုန်ကန်မှုကို ဆန့်ကျင်တိုက် ဖျက်ရေး၊ ဆရာစံပုန်ကန်မှုကို ချေမှုန်းရေးဟာ ဦးစိန်တင်အတွက်တော့ သူ့ရဲ့ အသက် အန္တရာယ်ကို ကာကွယ်ရေးလဲ မည်ပါတယ်။ သူ့ရဲ့ ဘ၀ရပ်တည်ရေးဆိုင်ရာ တာဝန်ကြီးလဲ မှန်ပါတယ်။
'ဟူနန်ပြည်နယ် လယ်သမားလှုပ်ရှားမှုအစီရင်ခံစာ' မှာ မော်ပြောခဲ့သလိုပါပဲ။ တော်လှန်ရေးဆိုတာ ဇာပန်းထိုးတာမဟုတ်၊ ပျော်ပွဲစားထွက်တာမဟုတ်၊ အဲဒီလို ညင်ညင် သာသာ ကြင်ကြင်နာနာ သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေး လုပ်နေနိုင်တာ မဟုတ်ပါဘူး။ ဒီလိုပဲ ဆရာစံတောင်သူလယ်သမား လှုပ်ရှားမှုကြီးဟာလဲ တော်လှန်ရေးတရပ်ဖြစ်လေတော့ ကြမ်းကြမ်းတမ်းတမ်းအဖြစ် တွေ့ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအကြမ်းပတမ်း အဖြစ်အပျက်တွေကို ဘေးက 'ပွဲကြည့်' တယောက်ရဲ့ ခံစားမှုနဲ့ ဒီအဖြစ်အပျက်တွေရဲ့ ပစ်မှတ်အဖြစ်ရောက်နေသူ တယောက်ရဲ့ ခံစားမှုဟာ တူနိုင်မယ် မဟုတ်ပါဘူး။

၃။ လူမျိုးနွယ်ကွာခြားမှုကလဲ သူတို့အသီးသီးအပေါ်မှာ သက်ရောက်မှု ရှိလိမ့်မယ်။
မောရစ်ကောလစ်က အင်္ဂလန်က လာတာဆိုပေမယ့် အိုင်းရစ်လူမျိုးလို့ သိရပါတယ်။ အိုင်းရစ်တွေဟာ သူတို့ကိုယ်သူတို့ အင်္ဂလိပ်လို့ သဘောမထားကြပါဘူး။ အထူးသဖြင့် ကောလစ်တို့မျိုးဆက်ဟာ အိစ်တာတော်လှန်ရေးကြီးက မွေးဖွားခဲ့တဲ့ ဆင်ဖိန်းမျိုးဆက် ဆိုတော့ အင်္ဂလိပ်တွေကို သူတို့အပေါ် မတရားအုပ်စိုးနေသူတွေလို့ သဘောထားမှာ သေချာပါတယ်။ တခါ မြန်မာလူမျိုးဆိုတာကလဲ (သူမြန်မာကို ဘယ်လောက်ချစ်တယ်လို့ ကျော်ကြားပေမယ့်) သူ့အတွက်တော့ တခြားလူမျိုးတမျိုးပါပဲ။ ဒါကြောင့် အင်္ဂလိပ်နဲ့ မြန်မာ တောင်သူလယ်သမားတွေရဲ့ ပဋိပက္ခမှာ သူဟာ နှစ်ဘက်စလုံးရဲ့ အားကောင်းချက်နဲ့ အားနည်းချက်တွေကို ဘက်မလိုက်ပဲ သုံးသပ်နိုင်ပါတယ်။ ဒါပေမယ့် ကောလစ်မှာလဲ အဂတိမကင်းတာလေးတွေ ရှိတယ်လို့ ကျွန်တော်တွေးမိတဲ့ အချက်တခုကို တင်ပြခွင့်ပြုပါ။
မောရစ်ကောလစ်ဟာ ဆရာစံသူပုန်တွေရဲ့ အားနည်းချွတ်ယွင်းချက်တွေကို နားလည်မှု ရှိတာတော့ မှန်ပါရဲ့၊ ဒါပေမယ့် နားလည်မှု 'လွန်' သွားသလိုတောင် ထင်ရပါတယ်။ တကယ်တော့ စက်သေနတ်နဲ့ ရန်သူကို ဓါးနဲ့ခံချတာဟာ မခံသာလွန်းလို့၊ တခြားနည်းလမ်းကို မရှိတော့လို့ (သို့မဟုတ် တခြားနည်းလမ်း ရှာမတွေ့နိုင်လောက်အောင် အခြေအနေက ဖြစ်နေလို့) ဆိုပြီး ရှေ့နေလိုက်ပေးတာက ဖြေသာပါသေးတယ်။ လယ်သမားသူပုန်တွေရဲ့ အင်းအိုင်ခလှဲ့ လက်ဖွဲ့မန္တရားတွေကို အားကိုးမှု လွန်ကဲတာကိုတော့ ထောက်ပြဝေဖန်သင့်တဲ့ ချွတ်ယွင်းချက်ပါ။ ဒါကို မှန်သယောင်ယောင် ကာကွယ်ပေးတာကတော့ ကောလစ်အနေနဲ့ တာဝန်မဲ့ရာ ကျပါတယ်။ မျက်နှာဖြူတွေအကြားမှာ 'မြန်မာချစ်သူ' အဖြစ်ထင်ရှားတဲ့ ကောလစ် ဟာ ဒီနေရာမှာတော့ ကလေးချစ်တယ်လို့ လူတွေထင်အောင် ကလေးမှားနေတာကို လစ်လျူ ရှုပြီး အလွန်အကျွံ မြှောက်ပင့်အလိုလိုက်တဲ့ အိမ်နီးချင်း 'သဘောကောင်းသူကြီး' ပုံစံပေါက် သွားပါတယ်။
ဦးစိန်တင်ကတော့ မြန်မာပါ။ မြန်မာကို သူချစ်မှာပေါ့။ ဒါပေမယ့် သူချစ်တဲ့ မြန်မာတွေ ခေတ်နောက်ကျတာတို့၊ အမြင်မကျယ်တာတို့၊ စည်းကမ်းမဲ့တာတို့ တွေ့ရင် သူက အင်မတန် ထောက်ပြ ဝေဖန်ချင်ပါတယ်။ သူရဲ့ 'မောင်သံချောင်း' ကလောင်နဲ့ 'ကြီးပွါးရေး' မှာရေးတဲ့ ပေးစာတွေမှာ ဒီအချက်ဟာ အတော်ထင်ရှားပါတယ်။ မြန်မာလူမျိုးတွေအပေါ် မြန်မာ တယောက်အနေနဲ့ စေတနာထားတာပါ။
ဒါပေမယ့် ဦးစိန်တင်ဟာ သာမန်မြန်မာလူထုနဲ့ အတော့်ကို အလှမ်းဝေးကွာတဲ့ ဘ၀အခြေအနေကို ရောက်လာတဲ့အခါမှာတော့ သူ့စေတနာတွေဟာ စေတနာလို့ မမြင် ရတော့ပဲ 'ဒီလူတွေ ငါ့လို စည်းကမ်းမရှိရ ကောင်းလား၊ ငါ့လို အမြင်မကျယ်ရ ကောင်းလား၊ ငါ့လို ခေတ်မမီရ ကောင်းလား' ဆိုပြီး အထက်စီးအနေအထားက ရှုမြင်သုံးသပ်နေသလို သူ့စာတွေမှာ တွေ့လာရပါတယ်။ 'မညှာမတာ စာနာသည်' ဆိုတဲ့ စကားလိုပေါ့။ သာမန်မြန်မာ လူထုရဲ့ အနေအထိုင်၊ အပြောအဆို၊ အတွေးအမြင်တွေမှာ ဘယ်လိုအကန့်အသတ်တွေ ကြောင့် သူဝေဖန်တဲ့ ချွတ်ယွင်းချက်တွေ ရှိရတယ်ဆိုတာ မစဉ်းစားနိုင်တော့ဘူး။ ဒါကြောင့် သိပ္ပံမောင်ဝရဲ့စာတွေမှာ 'ဂရုဏာဒေါသော' တွေဖြစ်လေ့ရှိတာပေါ့။ 'သူပုန့်အငွေ့' မှာတော့ ဂရုဏာဒေါသောတွေ လုံးဝပျောက်ပြီး 'ဒေါသော' တွေချည်း ဖြစ်သွားပါလေရော။
ဒါကြောင့်လဲ ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံရဲ့ ချို့ယွင်းချက်ဖြစ်တဲ့ အယူသည်းအစွဲအလန်းတွေနဲ့ ပါတ်သက်လို့ ဝေဖန်ရာမှာ အိုင်စီအက်စ် ဦးစိန်တင်ရဲ့ အရေးတော်ပုံဆန့်ကျင်ရေး ရပ်တည်ချက်နဲ့ သိပ္ပံမောင်ဝရဲ့ စူးရှရှသရော်တော်တော် 'လေ' တို့ ပေါင်းလိုက်တဲ့အခါ တောင်သူလယ်သမားအရေးတော်ပုံကြီးကို စော်ကားမော်ကားအနိုင်ဆုံး တိုက်ခိုက်လိုက်တဲ့ 'သူပုန်အငွေ့' ထွက်လာပါတော့သည်။
ဒီလို တွေးကြည့်လိုက်ပြန်တော့ ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံအပေါ် မောရစ်ကော်လစ်နဲ့သိပ္ပံမောင်ဝတို့ရဲ့ သုံးသပ်ချက် အရေးအသားတွေဟာ သူတို့နှစ်ယောက်ရဲ့ မတူကွဲပြားတဲ့ အခြေအနေတွေကနေ သဘာဝကျစွာ ပေါ်လာတာဖြစ်တယ်လို့ သုံးသပ်နိုင် ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မောရစ်ကောလစ်က 'မြန်မာပြည်တွင်စစ်ဆေးခဲ့သော အမှုအခင်း များ' ပါ အရေးအသားတွေနဲ့ ဒီကနေ့ စောဒကတက်သူ မရှိလောက်အောင် ဂုဏ်ရောင်ပြောင် တဲ့ ဆရာစံတောင်သူလယ်သမားအရေးတော်ပုံကြီးကို စာနာထောက်ခံသူအဖြစ် 'တင်' ကျန်ရစ် ခဲ့ပြီး၊ သိပံ္ပမောင်ဝကတော့ 'သူပုန့်အငွေ့' ပါအရေးအသားတွေနဲ့ ဆရာစံဆန့်ကျင်ရေးသမား ဗျူရိုကရက်ကြီးတယောက်အဖြစ် 'တွင်' ကျန်ရစ်ခဲ့ပါပြီ။

ဇော်ဝင်းကို
{ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၁၀၊ ဇန်န၀ါရီ ၂၀၀၇မှ ကူးယူဖော်ပြပါတယ်။}

ဒုက္ခထဲသို့ ပျော်ဝင်ခြင်း
ရေးသူ- မိနှောင်း

အစိမ်းရောင်ထုထည်
ဈေးဝယ်သွားတုန်းခလုတ်တိုက်
နှုတ်ဖျားစကားဆန်း
ခမ်းနားသောလမင်း
ဟက်ဟက်ပက်ပက်ရယ်လေ၏။



မီးခြစ်လက်ဖက်ရည်ခွက်များ
ဂက်စ်အပြည့်နဲ့တောက်လောင်
ဒါကိုမျိုချခြင်းဒဿန
ရှုံ့တွသွားကြပြီ။

ခေါင်းအုံးထဲက ပင်အပ်များ
ဆေးလိပ်ခွက်ထဲက သစ်သီးပုပ်
ထမင်းအိုးထဲက လေသေနတ်
အို.... ပန်းကန်ပြားပျံရယ် လာခေါ်ပါတော့။

အိပ်မက်မှန်ထဲမှာ
ထဘီမပါ
မဟာမိန်းမ လျှာသုံးခွက
ခြေမနှင့်ကော်
ကဇော်တခွက်တော့ ပူဇော်ပြန်သေး။

စိတ်ပျက်နေတဲ့ ဦးထုပ်ကိုဆောင်း
တပေါင်းသစ်ကိုမျှော်ရင်း
ခြေနင်းခုံကဆင်း
ငါ့သင်္ချိုင်းဘယ်မှာလဲကွယ်။

ပရိတ်ကြီးဆယ့်တသုတ်
နာနာရွတ်ရင်းကပဲ
ဆုံးဖြတ်ချက်တွေများ
ငယ်ငယ်ကလို
ကြက်ခွပ်တမ်းကစားချင်တယ်။
ဆောက်တည်ရာမဲ့တဲ့ဘ၀ကို
ငါမနေချင်တော့ဘူး
ရွာဦးဘုရား
ကယ်ပါ။

မိနှောင်း။
[ရွှေသမင်မဂ္ဂဇင်း- ၁၉၉၃ ခု၊ မတ်လ]

လမင်းတရာသို့
ရေးသူ - ဗိုစော

အချိန်တွေက ငါ့ကိုစောင့်
ငါက အချိန်တွေကိုစောင့်လိုက်နဲ့
ရေးချင်လှတဲ့စာတစု
ကဗျာတခုဖြစ်ဖို့ အတော်ကြာခဲ့တယ်။



လမင်းတရာကအားပေး
အတွေးတွေလဲ နိုးကြွလာတော့
ဒီမနက်တော့ မောင်မနေနိုင်
ကလောင်ကိုင်ကာ ရေးမိတယ်ပေါ့။

အတွေးအဆွေးနဲ့ အရှုပ်တွေကြားက
စာတစု တခါပြုဖို့
စိတ်ကိုဒုံးဒုံးချ စကားလုံးရှာမရလဲမစောင့်နိုင်
ငေးငိုင်ကာမနေတော့ပဲ
အတွေးကိုရင်ကလွှတ်
လက်ဆောင်တွေ တလပြွတ်နဲ့
ပို့လိုက်ပါရဲ့။

ဗိုစော

Thursday, August 28, 2008

ဂျူးနှင့်အင်တာဗျူး {ဒုတိယပိုင်း}
ရေးသူ- ဟိန်းလတ်


ဟိန်းလတ်။ ။ အနုပညာဆိုတာ တန်ဘိုး မဖြစ်စကောင်းပါဘူး။ ဒါပေမဲ့ မေးပါရစေ။ ဆရာမအနေနဲ့ စာပေရေးသားမှုကြောင့် ရတဲ့ဥာဏ်ပူဇော်ခဟာ ဒီနေ့ခေတ်မှာ ထိုက်ထိုက် တန်တန် ရတယ်ထင်ပါသလား။

ဂျူး။ ။ ဥာဏ်ပူဇော်ခဆိုတဲ့နေရာမှာ ၀တ္ထုတိုကို ပြောတာလား၊ လုံးချင်းဝတ္ထုကို ပြောတာလား။

ဟိန်းလတ်။ ။ လုံးချင်းပေါ့။

ဂျူး။ ။ ဟာ.... အဲဒါဆိုရင်တော့ ဆရာ့မေးခွန်းက ကျွန်မနဲ့ ထုတ်ဝေသူကို ရန်တိုက် ပေးလိုက်တာပဲ။ ဒါပေမဲ့ ကျွန်မ အမှန်အတိုင်းဖြေပါ့မယ်။
ကျွန်မလုံးချင်း သုံးအုပ်စီစဉ်ပြီးပြီ။ 'အမှတ်တရ၊ ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့၊ ကြာတော့သည်လည်းမောင့်စကား' နောက်နှစ်အုပ်ကထားပါတော့၊ ကျွန်မတောင်းတဲ့ ပမာဏ အတိုင်း ပေးတာပါ။ 'အမှတ်တရ' ကျတော့..... အုပ်ရေ စုစုပေါင်းနဲ့တွက်ရင် ကျွန်မရတဲ့ငွေက နည်းများနည်းသလားလို့ တွက်မိတယ်။ ဒါပေမဲ့ အဲဒါကလည်း ကျွန်မရဲ့ အားနာတတ်တဲ့ အားနည်းချက်ကြောင့်ပါ....။ ဒါတွေ အရှည်မပြောတော့ဘူးနော်...။ ပြီးလဲပြီးသွားခဲ့ပြီ၊ သိပ်အ ရေးပါတဲ့အချက်တွေလည်း မဟုတ်ပါဘူး။



ဟိန်းလတ်။ ။ တချို့ စူပါစာရေးဆရာတွေက သူ့ဝတ္ထုကို မဂ္ဂဇင်းထဲမှာ ဖော်ပြရင် ဘယ်ပန်းချီဆရာနဲ့မှ၊ အော့ဖ်ဆက်ဘယ်နှစ်ရောင်နဲ့မှ၊ ငွေဘယ်လောက်ကြိုပေးမှ စသဖြင့် ပြောတတ်ကြတယ်။ အဲဒါတွေကို ဆရာမ ဘယ်လိုသဘောရသလဲ။

ဂျူး။ ။ ကျွန်မဆိုရင်တော့ အဲဒီလိုမလုပ်ဘူး။ စဉ်းစားကြည့်လေ....။ ဒါအယ်ဒီတာရဲ့ လုပ်ပိုင်ခွင့်ကို ၀င်စွက်ဖက်တာ မဟုတ်ဘူးလား။ ၀တ္ထုသရုပ်ဖော်ပုံဟာ ၀တ္ထုကို အရောင်ကြွ တက်လာစေတာတော့ ကျွန်မ၀န်ခံတယ်။ ဒါပေမဲ့ အယ်ဒီတာတွေဟာ သင့်တော်မဲ့ ပန်းချီဆရာ ကို သူ့ပညာနဲ့ ရွေးနိုင်စွမ်းရှိပါလိမ့်မယ်။ ဒါသူတို့ တာဝန်ပဲ။ ကျွန်မတို့ တာဝန်က ကိုယ့်စာကို ကိုယ် စိတ်တိုင်းကျဖို့ပဲ မဟုတ်ဘူးလား။ ငွေကိစ္စကိုတော့ ကျွန်မ မပြောလိုပါဘူး။ စာရေးဆရာတဦးစီမှာ သူ့ Problem နဲ့သူ ရှိမှာပဲလေ။

ဟိန်းလတ်။ ။ ဆရာမက ဆရာဝန်ဆိုတော့ တချိန်ချိန်မှာ ၀န်ထမ်းဖြစ်တော့မှာပဲ၊ ဆရာကြီးတဦးက ပြောဖူးတယ်လေ။ နုနုရည်(အင်းဝ)ဟာ အမှုထမ်းမလုပ်ပဲ၊ စာပဲဖိရေးလို့ ထူးချွန်လာတာ၊ ဘာညာ။ မောင်စိန်ဝင်း(ပုတီးကုန်း)လဲ အလုပ်က ထွက်ရင် ပိုကောင်းမယ်၊ ဘာညာ။ ခုဆို မောင်စိန်ဝင်းလဲ အလုပ်က ထွက်ခဲ့ပြီ ကြားတယ်။ ဆရာမကော ၀န်ထမ်းမလုပ်ပဲ စာချည်းသက်သက်ရေးမလား။ ဒီအယူအဆကို လက်ခံပါ့မလား။

ဂျူး။ ။ တခြားဝန်ထမ်းတွေအတွက်တော့ မပြောတတ်ဘူး၊ ဆရာဝန်တယောက် အနေနဲ့တော့ သူ့ရဲ့လွတ်လပ်မှုဟာ ၀န်ထမ်းဖြစ်မှု မဖြစ်မှုပေါ်မှာ မူတည်မနေဘူး။ သာမန် အားဖြင့် ဆရာဝန်ဖြစ်လာရင် သူ့မှာ လူနာဆိုတာ ရှိလာတယ်။ လူနာကို စမ်းသပ်ကုသတာဟာ သူတို့ရဲ့ ပညာပဲဖြစ်တယ်။ ကိုယ့်ပညာကိုယ် အရောင်တင်ဖို့အတွက်၊ စီးပွါးရေးအတွက် စသည်ဖြင့်ပေါ့လေ။ အားလုံးလိုလို ကိုယ်ပိုင်ဆေးခန်း ထားကြတာပဲ။ အားလပ်တဲ့အချိန်မှာ စာရေးတယ်။ သာမန်သဘောပေါ့။ ၀န်ထမ်းဖြစ်သွားရင် အဲဒီဆရာဝန်ဟာ မနက် ၉ နာရီက ညနေ ၄ နာရီအထိ ဆေးရုံမှာ သေချာပေါက် နေရမယ်။ ညနေတာဝန်ရှိရင် ညနေတာဝန် ယူရမယ်။ ညတာဝန်ရှိရင် ညတာဝန် ယူရမယ်။ ကိုယ်ပိုင်ဆေးခန်းမှာကော လွတ်လပ်မယ် ထင်သလား။ မထင်နဲ့ဆရာ။ အနည်းဆုံး ကျွန်မအတွက်တော့ မဟုတ်ဘူး။ ကျွန်မဆိုရင် ကိုယ်ပိုင်ဆေးခန်းဟာ အိမ်နဲ့ တဆက်ထဲပဲ၊ ကျွန်မဆိုင်းဘုတ်ရေးထားတယ်။ နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ။ ညနေ ၆ နာရီမှ ည ၈ နာရီအထိလို့ ဒါပေမဲ့ လူနာဆိုတာ ဝေဒနာသည်ပဲ၊ သူတို့ ဝေဒနာ ခံစားရတဲ့အချိန် လာမှာပဲ။ ညသန်းခေါင်လည်း လာနှိုးတတ်တာပဲ။ မနက် ၄နာရီလည်း လာနှိုးတတ်တာပဲ။ ကိုယ်ရှိနေလျက်နဲ့ ရှိနေတာကို သိလျက်နဲ့ အချိန်တိကျဖို့ တွက်ကပ်နေလို့ ဘယ်ဖြစ်မလဲ...... နော်။
နေ့လည် ထမင်းစာချိန်မှာလဲ အသည်းအသန် လူနာလာလို့ ထမင်းကို ရပ်ထားလိုက်ရ တာတွေ ရှိတာပဲ၊ ဒီတော့ ဘာထူးမှာလဲ။ ၀န်ထမ်းဖြစ်လဲ ဒီလောက်အတိုင်းအတာပဲ။ မဖြစ်လဲ ဒီလောက်အတိုင်းအတာပဲ။ တခြားဝန်ထမ်းတွေကျတော့ ရုံးချိန် ပြီးဆုံးသွားတဲ့ အချိန်မှာ လွတ်လပ်ခွင့် အပြည့်အ၀ရှိတယ်။ ပိုပြီး လွတ်လွတ်လပ်လပ် ဖန်တီးရေးသားနိုင်အောင် ၀န်ထမ်းဘ၀ကို စွန့်လွှတ်တယ်ဆိုတာ ဖြစ်နိုင်တာပါပဲ။

ဟိန်းလတ်။ ။ ရင်ခုန်သံ အမှတ်တစ်မှာ ဂျူးဘာသာဗေဒ ဆိုပြီး ဖတ်ရတယ်။ ရှေ့လ ဆက်ဖတ်ပါဆိုပြီး ခုတော့ မတွေ့ရတော့ဘူး။ ဂျူးဘာသာဗေဒကို ဆရာမအနေနဲ့ ကိုယ်တိုင် ရှင်းပြရင် ကောင်းပါမယ်။

ဂျူး။ ။ ကျွန်မက ဒီကိစ္စမှာ ဘာမှမသိလိုက်တဲ့ အပြင်လူသက်သက်ပါ။ ကျွန်မသိရ သလောက်တော့ တင်ထုတ်စာစောင်တခုအတွက် အယ်ဒီတာနှစ်ဦးက ဆရာကြီး ဒဂုန်တာရာဆီ သွားချဉ်းကပ်တယ်လို့ ပြောတာပဲ။ အဲဒီမှာ ဆရာကြီးကလဲ အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြေပေးတယ်။ ဒါပေမဲ့ အဲဒီစာစောင် မထွက်ဖြစ်ဘူး။ တနှစ်လောက်ကြာမှ ရင်ခုန်သံမဂ္ဂဇင်းမှာ ပါလာတယ်တဲ့။ ရှေ့လဆက်ရန်ဆိုပေမဲ့ နောက်လ မပါလာဘူး။ စဉ်းစားကြည့်ရသလောက်တော့ ဆရာကြီးဆီက သူတို့ ဒီလောက်ပဲ ရခဲ့လို့လား မသိပါဘူး။

ဟိန်းလတ်။ ။ ဂျူးဘာသာဗေဒ ဆိုတာရော ဘယ်သူပေးလိုက်တဲ့ နာမည်လဲ ဆရာမသိလား။

ဂျူး။ ။ ဆရာကြီးပေးတဲ့ နာမည်တော့ မဟုတ်ဘူးတဲ့၊ ဖြစ်နိုင်တာကတော့ ဆရာကြီးက တချိန်တုန်းက မှိုင်းဗေဒဆိုပြီး တခါရေးဘူးတော့ အယ်ဒီတာတွေကလည်း ဆရာကြီးရဲ့ စကားအသုံးနဲ့ ဆင်တူအောင် ဂျူးဘာသာဗေဒလို့ ရေးလိုက်တာနဲ့တူတယ်။

ဟိန်းလတ်။ ။ 'အမှတ်တရ' ၀တ္ထုထဲက ဇာတ်ဝင်ခန်းမှာပါတဲ့ အိမ်ကလေးကို မန္တလေးက လူတွေက သွား,သွားရှာကြတယ်လို့ ကြားရပါတယ်။ ဟုတ်ပါသလား။

ဂျူး။ ။ ဟုတ်ကဲ့၊ ကျွန်မကြားပါတယ်။

ဟိန်းလတ်။ ။ ရှားလော့ဟုမ်းရဲ့အိမ်ကို အင်္ဂလန်မှာ လူတွေရှာသလို ဖြစ်မှာပေါ့။

ဂျူး။ ။ အံမယ် ရှားလော့ဟုမ်းရဲ့ အိမ်ကို သူတို့ တွေ့, မတွေ့တော့ မသိဘူး။ ကျွန်မ ၀တ္ထုထဲက အိမ်ကလေးကိုတော့ သူတို့ တွေ့သတဲ့။ ကျွန်မ သတင်း ပြန်ကြားရပါတယ်။

ဟိန်းလတ်။ ။ အခု ၀တ္ထုသစ်မှာတော့ အဲဒီလို အမှတ်တရဖြစ်စရာ အိမ်တွေဘာတွေ တွေ့ပါသေးသလား။

ဂျူး။ ။ ကျွန်မထုံးစံအရ မြို့၊ လမ်း၊ နာမည်တွေကို အပြင်လောကအတိုင်း ရေးတတ်ပါ တယ်။ အိမ်နံပါတ် ဘာညာ မပါပါဘူး။ အခုဝတ္ထုမှာလည်း အဲဒီလို ခပ်ဆန်ဆန်ပါဘဲ။ တိုက်ခန်းလေးတခုပေါ့။

ဟိန်းလတ်။ ။ 'ကြာတော့သည်လည်းမောင့်စကား' ၀တ္ထုသစ် ထွက်တော့မယ်လို့ သတင်းစာထဲမှာ ကြော်ငြာပါတာ တွေ့ရပါတယ်။ အဲဒီဝတ္ထုနဲ့ ပါတ်သက်လို့ ကြောငြာတဲ့ သဘောမျိုးမဟုတ်ပဲ ၀တ္ထုဖြစ်ပေါ်လာပုံလေး နည်းနည်းလောက် ပြောပြပါလား။

ဂျူး။ ။ အဲဒီဝတ္ထုက ဖန်တီးရာမှာ ကျွန်မငယ်စဉ်နဲ့ အရွယ်ရောက်ခါစ ဘ၀တလျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဆန္ဒ၊ ကြိုးစားမှု၊ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေအပေါ်မှာ အခြေခံပြီး ရေးထားပါတယ်။ အစစအရာရာ အတတ်နိုင်ဆုံး အပြင်လောကနဲ့ သရုပ်တူ အချက်အလက်မှန်တွေ အပေါ်ကနေ တဆင့်ပွါးယူတယ်။ လိုနေတာတွေ ဖြည့်တယ်။ အစီအစဉ်ကျမှုရဲ့ အပြင်ဘက်မှာ ရှိတယ်လို့ ထင်တာတွေ ဖြုတ်ချတယ်။ ဒီလောက်ဆို ရပြီလား ဆရာ။

ဟိန်းလတ်။ ။ ၀ါရင့်စာပေ ဝေဖန်ရေးဆရာကြီးတဦးက "မြင်ကွင်းကျယ်" ထဲက ဇာတ်ကောင်ဟာ စိတ်ကစဥ့်ကလျား ရောဂါသည်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ ၀က်ရူးပြန်ရောဂါသည်လို့ ထင်ပါတယ်။ ကျွန်တော့်အထင်မှန်ရဲ့လား။

ဂျူး။ ။ ဟုတ်ကဲ့၊ ကျွန်မရေးတာကတော့ ၀က်ရူးပြန်ရောဂါသည် ကောင်မလေး အကြောင်းပါ။ သူကပြောတော့ စိတ်ကစဥ့်ကလျားရောဂါသည်လို့ ပြောတယ်ထင်ပါတယ်။ ကျွန်မတော်တော် စိတ်ဓါတ်ကျသွားပါတယ်။ ကျွန်မတတ်နိုင်သမျှတော့ လုပ်ခဲ့တာပါ။ ၀က်ရူးပြန်ရောဂါသည် တယောက်ရဲ့ ရောဂါလက္ခဏာ ခဏစားမှု အဆင့်ဆင့်ကို တတ်နိုင်သမျှ ရေးခဲ့တာပါ။ ရောဂါမဖြစ်ခင် ကြိုတင်သိမှုခေါ်မလား (Auraဆိုတာမျိုးလေ) အဲဒီမှာ လူနာဟာ အနံ့အသက်ရတာတို့၊ ရေအလွန်ငတ်တာတို့၊ စိတ်မသိုးမသန့် ဖြစ်တာတို့ ကြုံတွေ့ရလေ့ရှိ ပါတယ်။ အဲဒီအတိုင်းလည်း ကျွန်မရေးခဲ့တယ်။ နောက်ဆုံး သာမန်စာဖတ်ပရိသတ် မသိမှာ စိုးလို့ စာကြောင်းတကြောင်း ထပ်ဖြည့်ခဲ့ပါသေးတယ်။ ကောင်မလေးရဲ့ တံခါးပေါက်အထက်မှာ ကောင်မလေးရဲ့ လက်ရေးနဲ့ ရေးပြီး ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ပေါ့၊ '၀က်ရူးပြန်ရောဂါရှိသူ မ၀င်ရ' လို့ ရေးထားတာပါ။ အဲဒါကိုမှ မသိဘူး ဆိုရင်တော့..... ကျွန်မသရုပ်ဖော်ညံ့လို့ပဲ ဖြစ်ပါလိမ့်မယ်။

ဟိန်းလတ်။ ။ 'အမှတ်တရ' ကို ရုပ်ရှင်လား၊ ဗွီဒီယိုလား မသိဘူး ရိုက်မယ်လို့ သတင်းသိုးသိုးသန့်သန့် ကြားတယ်။ အဲဒါကရော...။

ဂျူး။ ။ ဗွီဒီယိုရိုက်ချင်တယ်လို့ ကမ်းလှမ်းသူ ရှိပါတယ်။ ဇာတ်ညွှန်းခွဲပြီးသား ကျွန်မကို လာပြမယ်။ ကျွန်မသဘောကျရင် ရိုက်ပါမယ်လို့ ပြောပါတယ်။ သိတ်တော့ မသေချာသေးပါဘူး။

ဟိန်းလတ်။ ။ ဆရာမ အင်တာဗျူးတခုမှာ ပြောဖူးပါတယ်။ စာရေးဆရာ နိုင်ဝင်းဆွေရဲ့ 'နွေတည' နဲ့ 'ရေဆန်လမ်း' ကို အကြိုက်ဆုံးလို့......

ဂျူး။ ။ ဟုတ်ကဲ့..... ပြောခဲ့ဖူးပါတယ်။

ဟိန်းလတ်။ ။ တကယ်တော့ နိုင်ဝင်းဆွေရဲ့ 'နွေတည' ဟာ (Romantic) ၀တ္ထု ပါ။ အနုပညာအား အင်မတန်ကောင်းတဲ့ ၀တ္ထုရယ်လို့ စာဖတ်ပရိသတ် တော်တော်များများက လည်း လက်ခံနှစ်သက်ကြပါတယ်။ ဒါပေမဲ့ နိုင်ဝင်းဆွေကိုယ်တိုင်က 'မဟူရာမေတ္တာ' တို့ 'နွေတည' တို့ကို သူနုစဉ်တုန်းက ရေးခဲ့တာပါ။ နောက်ပိုင်းမှာ ဒါမျိုးတွေ သဘောမကျလို့ 'ရေဆန်လမ်း' တို့၊ 'ဘ၀စာမျက်နှာ' တို့လို ဘ၀သရုပ်ဖော်တွေကို လိုင်းပြောင်းရေးခဲ့ပါတယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒီတော့..... ဆရာမက နိုင်ဝင်းဆွေရဲ့ 'နွေတည' ရော၊ 'ရေဆန်လမ်း' ပါ ကြိုက်တယ်ဆိုတာဟာ မတူညီတဲ့ သဘောတရားနှစ်ခုစီ ရောဖြစ်နေသလား လို့ပါ။ အဲဒီ သဘောလေး နည်းနည်းရှင်းပြစေချင်ပါတယ်။

ဂျူး။ ။ ဟုတ်ကဲ့.... ဒီအကြောင်းကို ကျွန်မကလည်း အကျယ်တ၀င့် ပြောချင်နေတာ နဲ့ အတော်ပါပဲ။ နိုင်ဝင်းဆွေရဲ့ အနုပညာမှာ အပိုင်းနှစ်ပိုင်းကွဲနေတယ်။ နိုင်ဝင်းဆွေဟာ ရိုမန်တစ်ဝတ္ထုတွေအဖြစ် 'မြစပါယ်ရုံ' တို့ 'နိုးတ၀က်အိပ်မက်' တို့ နောက်ပြီး 'မဟူရာမေတ္တာ'.... 'နွေတည' တို့ကို ရေးခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ၁၉၇၀ နောက်ပိုင်းထင်ပါရဲ့ ....။ 'မသိန်းရှင်ဆီပို့ပေးပါ' ၀တ္ထုနဲ့ သူ့ရဲ့ လူတန်းစားရပ်တည်မှုကို ခိုင်ခံ့စေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မက 'နွေတည' ရဲ့ စာရေးဆရာအဖြစ် နိုင်ဝင်းဆွေကို စိတ်ဝင်စားတုန်းပါပဲ။ မသိန်းရှင် ၀တ္ထုဟာ စာပေလောကမှာ ဂယက်ရိုက်ခတ်ခဲ့ပေမယ့် ကျွန်မအဲဒီဝတ္ထုကို မကြိုက်ခဲ့ပါဘူး။ ၁၉၇၃ ခုနှစ်မှာ 'ဘ၀စာမျက်နှာများ' ဆိုတဲ့ စာအုပ်ထွက်လာတယ်။ အဲဒါ လုံးချင်းဝတ္ထု မဟုတ်ပါဘူး။ မိုးဝေမဂ္ဂဇင်းထဲမှာ ရေးတဲ့ ဆောင်ပါးသဘောမျိုး ၀တ္ထုတိုကလေးတွေ ရောထည့်ပြီး ပုံနှိပ်ထားတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်ထဲက ကျွန်မစိတ်ကို အထိခိုက်ဆုံးဝတ္ထုက 'ဆန်းစစ်ခြင်း' ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ 'ဘ၀စာမျက်နှာများ- ၆' ပါပဲ။ အဲဒီထဲမှာ သူက ၀က်ရူးပြန်ရောဂါစွဲကပ်နေတဲ့ ညီမလေးအကြောင်းကို အဓိကထားရေးတယ်။ အဲဒီ ညီမလေးအပေါ် သူ့ရဲ့ ကြင်နာသနားမှု၊ ဒေါသထွက်မှု၊ စိတ်မထိန်းနိုင်လွန်းလို့ ရိုက်ပုတ်ပစ်လိုက် ပြီးတော့ မြင်တွေ့ရတဲ့ ဒုက္ခိတညီမရဲ့ ၀မ်းနည်းအားငယ်ခြင်းအပေါ်မှာ ကိုယ့်ကိုယ်ကို ယူကျုံးမရဖြစ်မှု၊ အဲဒါတွေကို အနုပညာမြောက်စွာ ရေးသားခဲ့တယ်။ လူတန်းစေ့ လူနဲ့တူအောင် မနေရတဲ့ သူ့ညီမလေးကို ဘာမဟုတ်တဲ့ အကြောင်းလေးကြောင့် ၀ါးလုံးနဲ့တောင် ရိုက်ပစ်ခဲ့မိ တာဟာ သူ့စိတ်ထဲမှာ တစ္ဆေခြောက်သလို စွဲကျန်ရစ်ခဲ့တော့တာပဲ...။ ကျွန်မ အဲဒီဝတ္ထုကို ဖတ်ပြီး နိုင်ဝင်းဆွေနေရာမှာ မျှဝေခံစားလိုက်မိပါတယ်။
အဲဒီ 'ဘ၀စာမျက်နှာများ' ကို ရီယယ်လစ်ဇမ်အဖြစ် မုဒိတာနဲ့ ချီးကျူးမိပြီးမှ 'ရေဆန်လမ်း' ကို ဖတ်ရပါတယ်။ 'ရေဆန်လမ်း' ကို ဖတ်တော့ ပထမအကြိမ်မှာ ကျွန်မ မကြိုက်ပါဘူး။ ၀ါဒရေးရာတွေ အယူအဆ တွေ ရှုပ်ထွေးလွန်းတော့ ကျွန်မအာရုံမစူးစိုက် နိုင်ခဲ့ဘူး။ ကျွန်မအာရုံထဲ စွဲသွားတဲ့ အဖြစ်တခုပဲ ရှိတယ်။ ဒါကတော့ 'ရေဆန်လမ်း' ထဲက 1st Person မဟုတ်တဲ့ ဇာတ်ကောင်ချစ်သန်းရဲ့ နေရာ၊ လေးတိုင်စင်တဲလေးပဲ။ ချစ်သန်းက သုံးထပ်တိုက်ရဲ့ အမိုးဖျားပေါ်မှ ဆောက်ထားတဲ့ တဲကလေးမှာ နေတာပါ။ အဲဒီမှာ ကျွန်မသွားသတိရတာက ဂျမန်ဝတ္ထုတိုတပုဒ်ပဲ။ ၀တ္ထုနာမည်က Above the Rooftops တဲ့။ ရေးတဲ့သူနာမည်တော့ မမှတ်မိတော့ဘူး။ အဲဒီထဲမှာလဲ ဇာတ်လိုက်က လေးထပ်တိုက်ကြီးရဲ့ ခေါင်မိုးပေါ်က အိမ်ကြီးမှာ အခန်းငှားနေတာကိုး။ အဲဒီဇာတ်ကွက်ကို ကျွန်မ စွဲနေခဲ့တယ်။ ဒါနဲ့ သုံးလေးနှစ်ကြာတော့ 'ရေဆန်လမ်း' နောက်တကြိမ်ပြန်ဖတ်ပါတယ်။
နိုင်ဝင်းဆွေဟာ Realism ကို စိတ်ထဲ အသွေးအသားထဲက တကယ်ယုံကြည်လို့ ရွေးချယ်တဲ့ စာရေးဆရာဖြစ်တယ်။ ဒါပေမဲ့ သူလိုချင်တဲ့ Realism ဟာ သရုပ်ဖော်ခြင်း သက်သက်မဟုတ်ဘူး။ သရုပ်ဖော်ဝါဒရဲ့ အနှစ်သာရကို လိုချင်တာ၊ တော်လှန်တဲ့ အနှစ်သာရကို လိုချင်တာ၊ Realism ကို တိုးတက်တဲ့စာပေအဖြစ် ချီးကျူးဝေဖန်သူတွေကိုလဲ အနှစ်သာရကိုပဲ ချီးကျူးစေချင်တယ်။ သရုပ်ဖော်ခြင်းအတတ်ကို ချီးကျူးစေချင်တာ မဟုတ်ဘူး။ ၀တ္ထုရဲ့တနေရာမှာ သူက Realism ရဲ့ ရုပ်ဝတ္ထုဦးစားပေးမှုကို စက်ယန္တယားရုပ်ဝါဒ ဘက် ဆန်သွားတယ်လို့ သူက မြင်သွားတယ်။ ဒီလိုပဲ..... စိတ်ပိုင်းဆိုင်ရာ ဦးစားပေးမှုကို ကျပြန်တော့ စိတ်ဝါဒ တက္ကဗေဒဆန်တယ်လို့ မြင်သွားတယ်။ စာရေးသူကိုယ်တိုင် ဝေခွဲမရ ဖြစ်ခဲ့ရတာကို ရေးပြထားတယ်။ ဒါပေမဲ့ ၀တ္ထုရဲ့ နောက်ပိုင်းကျတော့ သူဟာ ရုပ်ဝါဒအမြင်ကို လက်ခံသွားတယ်လို့ ကျွန်မထင်တယ်။ အဲဒီမှာ ကျွန်မနဲ့ စာရေးဆရာနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ အယူအဆနှစ်ခု ဆန့်ကျင်သွားတာပါပဲ။ သူက ပုဂ္ဂလိက၀ါဒကို အရင်းရှင်ဝါဒ အဖြစ် တိုက်ဖျက်ဖို့ ကြိုးစားနေတယ်။ အနုပညာတခုကို မှန်ကန်တဲ့ လူတန်းစားရပ်တည်ချက်နဲ့ ဖန်တီးသင့်ကြောင်း နှိုးဆော်တယ်။ ကျွန်မက ပုဂ္ဂလိက၀ါဒ၊ အာရုံခံစားခြင်း...... ဒါတွေကို ယုံကြည်သူဖြစ်တယ်။ လွတ်လပ်စွာ ဖန်တီးဖို့ စိတ်ကူးရှိသူဖြစ်တယ်။ သူက စာပေဟာ နိုင်ငံရေးကို နာခံရမယ်လို့ ဆိုတယ်။ ကျွန်မကတော့ စာရေးဆရာတယောက်အဖို့ နိုင်ငံရေး ၀ါဒထက် လူသားအားလုံးရဲ့ အရေးကိစ္စက ပိုပြီး အရေးပါတယ်လို့ မြင်တယ်။ ဒီလိုယူဆချက် တွေ ကွဲလွဲသွားပေမဲ့ နိုင်ဝင်းဆွေရဲ့ ဖန်တီးစွမ်းအား၊ သရုပ်ဖော်စွမ်းအား၊ ယုံကြည်မှုစွမ်းအားကို ကျွန်မလေးစားပါတယ်။ 'ရေဆန်လမ်း' ကို ကျွန်မကြိုက်တာက သူရဲ့ အနုပညာဆိုင်ရာ ပြတ်သားတဲ့အတွေးအခေါ် ရဲရင့်မှုနဲ့ ချစ်သန်းတို့ မောင်နှမအပေါ် အတွင်းသဏ္ဍာန်ကျကျ ဖွဲ့နွဲ့နိုင်မှုကိုပဲ.....။
အဲဒီဝတ္ထုထဲမှာ ကျွန်မ မကြိုက်တဲ့အချက် တော်တော်များများလည်း ရှိတယ်။ ဘာတွေလဲဆိုတော့...... ခေတ်ပေါ်ဝါဒတွေ၊ နည်းစနစ်တွေမှန်သမျှကို ၀ါးလုံးရှည်နဲ့ သိမ်းရမ်း သရော်သွားတာတွေပေါ့။ ဥပမာ.. ခေတ်ပေါ်ပန်းချီဆရာတယောက်က သူ့ပန်းချီကားကို နာမည်မပေးဘူး။ နာမည်ပေးလိုက်ခြင်းဖြင့် အနုပညာရဲ့ အာရုံခံစားမှုကို ချုပ်ကိုင်လိုက်တာပဲ။ ခံစားချက်ကို ဘောင်ခတ်လိုက်တာလို့ ....... ပြောဖူးတယ်တဲ့။ အဲဒီမှာ စာရေးသူက ဘယ်လို တွေးသလဲဆိုတော့ အင်း နောက်ဆိုရင် ပန်းချီကားပေါ်မှာ စုတ်ချက်နဲ့တို့တာကိုတောင် အာရုံခံစားမှု အနှောက်အယှက်ဖြစ်တယ်ဆိုပြီး ဘာမှ မရေးဆွဲပဲ ကင်းဗတ်စချည်း ပြနေဦး မလား..... ဆိုတဲ့ အတွေးပဲ။ ဒါဟာသရော်တာပဲ။ ဒါတွေကို ကျွန်မ မကြိုက်ဘူး။ ဒါပေမဲ့ စောစောက ပြောခဲ့သလိုပဲ။ သရုပ်မှန်စာပေရဲ့ အဖွင့်နိဒါန်းအဖြစ် 'ရေဆန်လမ်း' ကို ကျွန်မ နှစ်သက်တယ်။ အယူအဆ ၀ါဒတရပ်ကို ဆုပ်ကိုင်လိုက်နာဖို့ ကျွန်မကြိုက်တာ မဟုတ်ဘူး။ သူ့ အယူအဆတွေကိုလဲ သဘောမတူပါဘူး။ ဒါပေမဲ့ 'နိုင်ဝင်းဆွေ' ကို 'အိုယန်ဟိုက်တေးသံ' အထိ ကျွန်မ ဖတ်ခဲ့တယ်။ အဲဒီစာအုပ်ကိုလဲ တရုတ်ပြည်ရဲ့ ၀ါဒကို လေ့လာဖို့ ဖတ်ဖြစ်တာပါ။ လိုက်နာဖို့ မဟုတ်ပါဘူး။
'နွေတည' ကတော့ ရှင်းတယ်။ သူ့ရဲ့ Creative Power အားပြင်းမှုကို ချီးကျူးပြီး လေးစားနှစ်သက်တယ်။ အဲဒီ ၀တ္ထုဟာ Romantic realism လို့ ပြောရင် မှားမလား.....။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ စာရေးဆရာ နိုင်ဝင်းဆွေရဲ့ စာတွေ အားလုံးထဲက ရွေးရရင်တော့ အကြိုက်ဆုံးဝတ္ထုဟာ 'နွေတည' ပါပဲ။ ဒီလောက်ဆိုရင် ၀ိရောဓိဖြစ်သွားရခြင်းအကြောင်း ရှင်းလောက်ပြီထင်ပါရဲ့..... ။

ဟိန်းလတ်။ ။ ဆရာမက ဆာ့တ်၊ ကမူး တို့ရဲ့ ၀တ္ထုတွေဖတ်တယ်။ ခံစားနိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်.... ကပ်ဖ်ကာ တို့၊ ဖြစ်တည်မှုအဓိက၀ါဒသစ် (New-existentialism) ကို တည်ထောင်ခဲ့တဲ့ ကောလင်းဝီလဆင်တို့ကိုရော သဘောကျပါသလား။

ဂျူး။ ။ ဟုတ်ကဲ့၊ တယောက်စီကို လေ့လာကြည့်ဖူးပါတယ်။ ပထမဆုံး ကပ်ဖကာအကြောင်း ပြောရအောင်နော်....။ ကပ်ဖကာဟာ အံ့သြစရာ တော်တော်ကောင်း တယ်။ သူ့ရဲ့ 'တရားခွင်' ဆိုတဲ့ ၀တ္ထုမှာ ဇာတ်ဆောင် ဂျိုးဇက်ကေ ဟာ သူ့ရဲ့ (၃၁)နှစ်မြောက် မွေးနေ့အကြိုညမှာ ဓားထိုးစီရင်မှုကြောင့် သေဆုံးသွားတယ်။ ကပ်ဖ်ကာ သေဆုံးသွားတာလဲ သူ့ရဲ့ (၄၁)နှစ်မြောက် မွေးနေ့မတိုင်ခင် တလတိတိမှာ သေသွားတာပဲ။
ကပ်ဖကာကို သဘောကျသလားမေးတော့ .... သဘောကျတယ်လို့ ဖြေချင်ပါတယ်။ သူဟာ Surrealist တယောက်ပဲ။ ဒါ...... ကျွန်မအမြင်ပြောတာနော်။ သူ့ဝတ္ထုတွေဟာ စိတ်ကူးသက်သက် ဒဏ္ဍာရီတွေလိုပဲ။ ဒါပေမဲ့ အချက်အလက်တွေက ခိုင်မာတယ်။ အနာဂတ်မှာ ထပ်တူကျလောက်အောင် စိတ်ကူးထင်မြင်ချက်တွေက မှန်ကန်တိကျပါတယ်။ ဒါကိုပဲ ၀တ္ထုဖွဲ့တဲ့အခါ သင်္ကေတတွေနဲ့ ဖုံးကွယ်ပြီး အိပ်မက်ဆန်ဆန် ဖွဲ့လေ့ရှိပါတယ်။ သူဟာ ဇီယွန်ဝါဒီတယောက် ဖြစ်လုဆဲဆဲကနေ ချက်ချင်းပြောင်းလဲသွားတယ်လို့ ဆိုကြတယ်။ ကပ်ဖကာအကြောင်းပြောရင် အမြဲထည့်ပြောလေ့ ရှိကြတဲ့ သူ့စကားတခုရှိတယ်။ သူပြောတဲ့ စကားက.........
ကျွန်တော့်မှာ အောင်မြင်တဲ့ဘ၀တခုအတွက် လိုအပ်တဲ့အရည်အချင်းတွေ ဘာမှ မရှိဘူး။ ကျွန်တော့်မှာ ရှိတာတွေက လူသားအားနည်းချက်တွေထဲက ကျွန်တော့်ဝေစုပါပဲ။ မုချရရမဲ့ တန်ဘိုးတွေထဲက ဘာဝေစုမှ ကျွန်တော်မရခဲ့ပါဘူး။ ကျွန်တော် ရထားတာတွေက ကျွန်တော့်ကိုယ်ပိုင် အချိန်ကာလထဲက ငြင်းဆိုမှုတွေ အားလုံးသာဖြစ်တယ်။ သူက အဲဒီလို ပြောခဲ့တာ ကပ်ဖကာကို လေ့လာတဲ့အခါ ကျွန်မတို့ဟာ သီးသန့်ဖြစ်တဲ့ လူအဖြစ်ကို တွေ့ရပါတယ်။ သူ့ကို ဖြစ်တည်မှုပဓာန၀ါဒီလို့ ယူဆရင် ရလိမ့်မယ်လို့ ထင်တယ်။
ခက်တာက ကပ်ဖကာဟာ နားလည်ရခက်တယ်။ သူနဲ့ပတ်သက်တဲ့ အခုအမြင်တွေ ဟာ တကယ်ရှိမှု၊ ဖြစ်တည်မှုတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ချင်လဲ ဖြစ်နိုင်ပါတယ်။ ဒါက ကျွန်မ နားလည်ခံစားမိသလောက် ပြောရတာကိုး။
ကောလင်းဝီလဆင်နဲ့ ပတ်သက်လို့တော့ ကျွန်မစတင် လေ့လာဆဲပဲ ဆိုပါတော့။ သူ့စာအုပ်ဆိုလို့ တအုပ်ပဲ ဖတ်ဖူးပါတယ်။ အနာဂတ်ရဲ့ ဒဿနပညာလို့ ဆိုထားတဲ့ Beyond the Outsider စာအုပ်ပါ။ အဲဒီအရင်က သူစာအုပ် ငါးအုပ်ရေးခဲ့တယ်တဲ့။ ဒီစာအုပ်က သူ့ရဲ့ ခြောက်အုပ်မြောက် Outsider Series လို့ ပြောပါတယ်။ သူ့ ဆိုလိုချက်တွေက သတ္တိကောင်းပြီး ပြင်းထန်တယ်။ သူက ပြောတယ်လေ..... အဓိပ္ပါယ်မရှိမှု (Meaninglessness) ဆိုတဲ့ ပြဿနာဟာ လူ့လောကဆီကို ဒဿနတခု သယ်ဆောင်လာ ခဲ့တယ်။ အဲဒီဒဿနကတော့ 'ဖြစ်တည်မှုပဓာန၀ါဒ' ပဲတဲ့။ ဒါပေမဲ့ ဘယ်လို စိတ်သက်သာ မှုမျိုးကိုမှ မပေးစွမ်းနိုင်တဲ့ ဒီဖြစ်တည်မှုပဓာန၀ါဒဟာ ရောဂါတခုကို နာမည်တပ်တဲ့နေရာမှာ တိကျသေချာမှု ပေးနိုင်သလောက်ပဲ ဒါထက်မပိုဘူးလို့ ပြောတယ်။ သူဆိုလိုတာက ဒါဟာ ရောဂါကုထုံးနည်း မဟုတ်ဘူးပေါ့။
ဆာ့တ်နဲ့ ဟိုက်ဒက်ဂါတို့ရဲ့ အနက်အဓိပ္ပါယ် မပေးစွမ်းနိုင်တဲ့ ဆောင်းပါးတွေနေရာမှာ အစားထိုးနိုင်ဖို့အတွက် New-Existentialism ကို ဖန်တီးဖို့ အားထုတ်ခဲ့ပါတယ်လို့ သူက ၀န်ခံထားတယ်။ သူက သုည၀ါဒ (Nihilism) ရဲ့ ရှေ့နောက် မညီညွတ်မှုတွေကိုလည်း ထောက်ပြခဲ့တယ်။ ဖြစ်တည်မှုပဓါန၀ါဒီအားလုံးဟာ တူညီတဲ့ အချက်တခုကနေ စကြတယ်။ လူ့နေရာ ဒေသထဲမှာ စွဲမြဲစွာတည်ရှိနေတဲ့ ငြီးငွေ့မမွေ့လျော်မှု၊ အဓိပ္ပါယ်မဲ့မှု၊ လွတ်လပ်ခြင်းကို မခံယူနိုင်စွမ်းမှု၊ နောက်ပြီး လူ့ရဲ့ ရုတ်တရက် ထင်ဟပ်မြင်လိုက်ရတဲ့ အဓိပ္ပါယ်ရှိမှု စသဖြင့်ပေါ့လေ.....။ အဲဒါတွေကနေ အတွေးစကြတယ်။ ရုတ်တရက် ထင်ဟပ်မြင်လိုက်ရတဲ့ အဓိပ္ပါယ်ရှိမှုကတော့ ရှားပါးလွန်းလို့ ဒဿနပညာမှာ သူ့တန်ဖိုးကို မရရှိသလောက် ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒီနေရာမှာ သူက မျက်မမြင်တယောက်အဖြစ်နဲ့ နှိုင်းပြထားတယ်။ မျက်မမြင်ဟာ တယောက်နဲ့တယောက် ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြံပေးနှစ်ယောက်အပေါ် အားထားနေရတယ် ဆိုပါတော့။ တယောက်ရဲ့ အကြံဥာဏ်က ရဲ့ရင့်တယ်၊ စိတ်လှုပ်ရှားဖို့ကောင်းတယ်၊ ကံမကောင်း အကြောင်းမလှစွာ သူဟာတနှစ်မှာ တရက်ထဲပဲ ပေါ်လာလေ့ရှိတယ်။ နောက်တယောက်က ထုံထိုင်းတယ်။ သတိဝိရယရှိတယ်၊ သူ့ရဲ့အကြံဥာဏ်ဟာ အဆိုးမြင်ဝါဒအပေါ်မှာ အခြေခံတယ်၊ ဒီတယောက်ကိုကျတော့ တွန်းလှန်ဖို့ ခဲယဉ်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ တနှစ်ရဲ့ ကျန်တဲ့ ၃၆၄ ရက်လုံးမှာ ပေါ်လာနေလို့ပဲ။ ဒီတော့ ဒီလူရဲ့ ဖြစ်တည်မှုအပေါ် ခန့်မှန်းတတ်ခြင်းအပေါ်မှာ မူတည်နေတယ်လို့ သူပြောတယ်။ အဲဒါကမှ မူလအစစ်အမှန် ဖြစ်မှုပါပဲတဲ့။ ဘယ်ဒဿနဗေဒနဲ့ ဆိုင်တဲ့ ဖြေရှင်းချက်မဆို ဒီအခြေခံကို ရည်ညွှန်းပြီး စမ်းသပ်ကြည့်ရမယ်တဲ့......။
လူရဲ့ Situation ကို သူ ဥပမာ တခုနဲ့ပြတယ်။ လူဆိုတာ ငါးကန်လို ကန်အမျိုးအစားတခုရဲ့ ဟိုးအောက်ခြေမှာ ရှိနေတယ်တဲ့။ အဲဒီငါးကန်ကြီးရဲ့ ဖန်သားက မှုန်ဝါးနောက်ကျိတယ်။ တွန့်ကောက်ပြီး ယိုင်ရွဲ့နေတယ်လို့ ဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တခုကနေ လူကို တခဏအတွင်းမှာ ငါးကန်ရဲ့ အထက်ကြည်လင်တဲ့ နေရာကို ရောက်အောင် တွန်းပို့ပေးလိုက်တယ်။ အဲဒီမှာ သူဟာ အစစ်အမှန်ဖြစ်မှုကို အတိုင်းအဆမရှိ ထူးခြားကွဲပြားမှုအဖြစ် မြင်တွေ့လိုက်ရတယ်။ ခဏပဲ...... အဲဒီကနေ လွတ်မြောက်ဖို့ လူဟာ ကြိုးစားတော့တယ်။ အဲဒီမှာ ပြဿနာက ယိုင်နဲ့ ကွေ့ကောက်နေတဲ့ ကြားခံနယ်ပဲ။ ဖြစ်တည်မှုပဓါန၀ါဒီတွေဟာ ဒီပြဿနာကို သိမြင်ခဲ့ကြတယ်.....။ ဒါပေမဲ့ ပြဿနာတခုကို သိမြင်ခြင်းဟာ ဖြေရှင်းခြင်း မဟုတ်ဘူးတဲ့။ ဟတ်စယ်ရဲ့ ဖီနိုမီနိုလိုဂျီနည်းက ပထမဆင့် ဖြေရှင်းဖို့ ကြိုးစားတယ်။ ဖီနိုမီနိုလိုဂျီနည်းဆိုတာ ဘယ်အရာကိုမဆို ရှုဒေါင့်အသစ်က ကြည့်မြင်တဲ့ နည်းပါ။ ဟတ်စယ်က ငါးကန်ရဲ့ ကြားခံ Medium ကိုဖြတ်ပြီး ပြင်ပလောကရဲ့ အစစ်အမှန်ကို သိမြင်ဖို့ အလုပ်လုပ်ခဲ့တယ်လို့ ကောလင်းဝီလဆင်ကမြင်တယ်။ ဆာ့တ်နဲ့ ဟိုက်ဒက်ဂါတို့ကတော့ ဒီပြဿနာရဲ့ နောက်တဆင့်နဲ့ ပါတ်သက်တယ်လို့ သူတို့ကို သူတို့ ယူဆထားဟန်ရှိတယ်။ ဒီကြားခံနယ်ကို ဘယ်လိုဖယ်ထုတ် ရှင်းလင်းရမယ်ဆိုတာပေါ့။ ဆာ့တ်ရဲ့ သိစိတ်နဲ့ ရည်ရွယ်မှုသီအိုရီဟာ လှုပ်လှုပ်ရှားရှား နိုင်လွန်းတယ်လို့ သူက ဝေဖန်ထားတယ်။ သူက ဟတ်စယ်ရဲ့ Phenomenological existentialism ကိုတော့ သဘောတူပုံရတယ်။
ကျွန်မတို့က ကမူးရဲ့ L'Etranger ကို ဒဿနအမြင်နည်းနည်း ၀တ္ထုအမြင်များများနဲ့ ဖတ်တယ်။ ကောလင်းဝီလဆင်ကိုတော့-
လုပ်ပြီး ဖတ်တယ်။ အဲဒီဝတ္ထုမှာ ကမူးရဲ့ စကြာဝဠာကြီးဟာ ရန်လိုပြီး ဆိုးဆိုးရွားရွား ယုတ္တိကင်းမဲ့ကြောင်း ပြထားတယ်။ အဲဒီ ပြသကွက်ဟာ သနားဖွယ်ရာ အမှားပဲလို့ သူက ဝေဖန်တယ်လေ။ existentialism ကို အားမရတဲ့ လူတိုင်းဟာ ကောလင်းဝီလဆင်ကို သဘောကျမှာပဲ။ ကျွန်မ အနေကလဲ existentialism ရဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့ ကောလင်းဝီလဆင်ကို သဘောကျစရာမရှိပါဘူး။

ဟိန်းလတ်။ ။ မြန်မာစာရေးဆရာ တော်တော်များများက ဖြစ်တည်မှုအဓိက၀ါဒ ဆိုရင် အတော် ခေါင်းရှောင်ချင်ကြတယ်။ သူတို့ကို အိတ်ဇစ်တွေလို့ ပြောမှာကို သိပ်ကြောက်ပုံ ရတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဟော့ဒီဝါဒနဲ့ ပတ်သက်တဲ့ ဆောင်ပါးတော်တော်များများ ကို၁၉၇၀ ကတည်းက စပြီး မဂ္ဂဇင်းတော်တော်များများမှာ ထုံ့ပိုင်းထုံ့ပိုင်း ရေးဖူးတယ်။
ဝါသနာပါလို့ ဖတ်လည်း အတော်ဖတ်ခဲ့ဖူးပါတယ်။ ဆရာမကပါ ဒီဝါဒကို စိတ်ဝင်စား တယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်။ အဲဒီဝါဒနဲ့ ပါတ်သက်လို့ ဆရာမအမြင်လေးများ သိရရင် အတော်ကို တန်ဖိုးရှိပါမယ်။ ဆရာမရဲ့ စာဖတ်ပရိသတ်တွေကလည်း သိချင်စိတ်ရှိကြမယ် ထင်ပါတယ်။

ဂျူး။ ။ ကျွန်မကတော့ မိုက်မဲတယ်ပဲပြောပြာ၊ ဖြစ်တည်မှုအဓိက၀ါဒကို ခေါင်းမရှောင်ချင်ပါဘူး။ ဆွေးနွေးရမယ်ဆိုရင် ဆွေးနွေးဖို့ အဆင်သင့်ပါပဲ။ ကျွန်မကို အိပ်ဇစ်လို့ပြောခံရမှာကိုလဲ စိုးရိမ်စရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ existentialist မဟုတ်တာ အသိသာကြီး ဖြစ်နေလို့ပါပဲ။ ဒီဝါဒကို စိတ်ဝင်စားတာက ကမူးနဲ့ဆာ့တ်ရဲ့ ၀တ္ထုတွေကြောင့်ပါ။ စိတ်ဝင်စားမှုဟာ ယုံကြည်သက်ဝင်မှုနဲ့ မတူဘူးနော်.....ဆရာ၊ ဆရာသဘောတူရဲ့လား....။
ဒီဝါဒနဲ့ ပတ်သက်လို့ ကျွန်မအမြင်ကို ပြောရမယ်ဆိုရင် သူတို့ရဲ့ အကြွင်းမဲ့ လွတ်လပ်ခြင်းဆိုတာကို ကျွန်မ မခံစားနိုင်ဘူး။ ဆာ့တ်က ဆိုထားတယ်။ လူတယောက်ဟာ အကြွင်းမဲ့ လွတ်လပ်တယ်၊ ကြောက်စရာကောင်းလောက်အောင် လွတ်လပ်တယ်လို့ ဆိုပါ တယ်။ လွတ်လပ်ခြင်းကြောင့်ပဲ လူတွေဟာ ကိုယ့်တာဝန်ကိုယ်သိရမယ် ဆိုတဲ့အချက်ကိုတော့ သဘောတူပါတယ်။ ဒါပေမဲ့ အဲဒီတာဝန် ရှိနေတဲ့အတွက် လူမှာ ကိုယ်ကျင့်တရား နှုန်းစံမရှိဘူးဆိုတာ ကျတော့ နည်းနည်းပြင်းပြသွားပြီ။ သူတို့ ခရစ်ယန်ဘာသာမှာ ပညတ်ချက် တွေ ရှိမှာပါ။ ကျွန်မတို့ ဗုဒ္ဓဘာသာမှာလဲ သီလစောင့်ထိန်းမှုဆိုတာ ရှိပါတယ်။ လူတယောက်ဟာ နှစ်သက်ရာကို ရွေးချယ်နိုင်စွမ်းရှိတယ် မှန်ပါတယ်။ ဒါပေမဲ့ အဲဒီရွေးချယ်မှု ကြောင့် တစုံတဦးသို့မဟုတ် အဲဒီလူ့အဖွဲ့အစည်းကို အနှောက်အယှက်ဖြစ်ပေါ်လာတဲ့အခါ သူဘာလုပ်ရမလဲ၊ နောက်ဆုတ်ရမှာပေါ့။ ကိုယ်ရွေးချယ်မှုမှားယွင်းလို့ ကိုယ်ခံရတာထက် သူများမဆီမဆိုင် နှောက်ယှက်ခံရမှာကို မစိုးရိမ်သင့်ဘူးလား။ personalty နဲ့ အတူတွဲပြီး society ဆိုတာ ရှိပါတယ်။ သူတို့ အနေနဲ့ကတော့ လူတဦးချင်းရဲ့ အကြွင်းမဲ့ လွတ်လပ်ခွင့်ကို သာ စဉ်းစားတဲ့အတွက် လူ့အဖွဲ့အစည်းဆိုတာကို မစဉ်းစားတဲ့ သဘောပေါ့။ ကျွန်မအနေနဲ့ ကတော့ လူဟာ ကိုယ့်ဘ၀ပေးအခြေအနေအရပဲ လွတ်လပ်မှုရှိသင့်တယ်လို့ ထင်ပါတယ်။ လူ့ရဲ့လွတ်လပ်ခွင်မှာ limit ရှိနေတယ်။ အဲဒီ limit ဟာ ပတ်ဝန်းကျင်ပဲ၊ အမှန်က လူဆိုတာ တဦးချင်း သီးသန့်နေမလို့မှ မရတာ....။ ဆာ့တ်ဟာ လူရဲ့ကိုယ်ကျင့်တရားကိုလဲ မေ့ထားခဲ့တယ်။ ကျွန်မအမြင်ကတော့ လူဟာ လူဖြစ်နေတဲ့အတွက် ကိုယ်ကျင့်တရားဆိုတာ လဲ ရှိနေရမှာပဲ။
'ဖြစ်တည်မှုပဓါန၀ါဒသမားတွေဟာ လူကို ဗဟိုပြုပြီး တွေးခေါ်တာကြောင့် သူတို့ဟာ တခြားဒဿနတွေထက် လောလောတယ်မှာ အရေးသာနေခဲ့တာ ငြင်းမရပါဘူး'
ဖြစ်တည်မှုဟာ အနှစ်သာရထက် ပဓာနကျတယ်ဆိုတဲ့ အချက်တခုကတော့ သဘော ကျစရာ ကောင်းပါတယ်။ လူ့ဘ၀(ဒါမှမဟုတ်) အတ္တဘ၀ဟာ လူနဲ့ဆိုင်တဲ့ ဂုဏ်ရည်ဂုဏ်သွေး တွေ မရှိမီကတည်းက ရှိနှင့်တယ်။ အဲဒီနောက်မှ ဂုဏ်ရည်ဂုဏ်သွေးတွေ အနှစ်သာရ ဖြစ်လာတယ်။ ဒါလက်ခံစရာပဲ... မဟုတ်ဖူးလား ဆရာ...။ ဥပမာ စာရေးဆရာဆိုတဲ့ အနှစ်သာရ... အဲဒါဟာ မွေးကတည်းက သူ့မှာ ပါလာတာ မဟုတ်ပါဘူး။ သူပြုမူတဲ့ အပြုအမူတွေရဲ့ နောက်မှာမှ ဖြစ်လာတာပါ။ လူသားတဦးချင်းရဲ့ အနှစ်သာရ၊ အရည်အချင်းတွေဟာ အဲဒီလူသား ဖြစ်တည်ပြီးမှ သူတို့က ပြုမူလိုက်တဲ့ အပြုအမူပေါ်ကနေ ဖြစ်လာတာပါ။ ဒါဟာ ကျွန်မတို့ ဗုဒ္ဓဘာသာနဲ့လဲ ကိုက်ညီတယ်လို့ ထင်ပါတယ်။
ခြုံကြည့်လိုက်ရင် ဖြစ်တည်မှုပဓာန၀ါဒဟာ လေ့လာဖို့ကောင်းတဲ့ စိတ်ဝင်စားစရာ ဘာသာတခုလို့ ကျွန်မမြင်ပါတယ်။

ဟိန်းလတ်။ ။ နိုင်ငံခြားအသံလွှင့်ဌာနတခု(ဘီဘီစီ)နဲ့ ဆရာမ အင်တာဗျူးလုပ်တာ ကြားဖူးပါတယ်။ အဲဒီမှာ မေးမြန်းသူက ဆရာမရဲ့ 'အမှတ်တရ' ၀တ္ထုကိုတောင် မဖတ်ဖူးပဲ မေးပါတယ်.... လို့ ၀န်ခံပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အင်တာဗျူးလုပ်တော့မယ် ဆိုရင် အဲဒီစာရေးဆရာရဲ့ စာကို အကုန်လောက်နီးနီး အသေးစိတ်ဖတ်ပြီးမှ မေးတာ သဘာဝကျတယ်ထင်ပါတယ်။ ဆရာမရဲ့ အယူအဆကကော.....

ဂျူး။ ။ ဒါကတော့ ရှင်းနေတာပဲဆရာရယ်..... ကျွန်မအနေနဲ့လည်း အဲဒီအဖြစ် အပျက်ကို ခုထိ မမေ့နိုင်သေးပါဘူး။ ကျွန်မအယူအဆကတော့ အင်တာဗျူးတခု လုပ်တော့ မယ်ဆိုရင် မေးတဲ့လူဟာ အမေးခံရတဲ့လူနဲ့ပတ်သက်လို့ တော်တော်များများ လေ့လာပြီး ဖြစ်ရမယ်။ ဒါမှလဲ လိုချင်တဲ့အကွက် မိမိရရ ထောက်မေးနိုင်မှာပေါ့။
အဲဒီတုန်းက ကျွန်မ မန္တလေးမှာ ရှိနေတယ်။ သူတို့အဖွဲ့ မန္တလေးကိုအရောက်၊ ကျွန်မက မန္တလေးက ပြန်ခါနီးဆဲဆဲပဲ။ ကျွန်မတည်းခိုတာ ရွှေမန်းဆောင်ပါ။ ပြန်မဲ့နေ့က ညနေလေးနာရီ ကားထွက်မှာ.....။ အဆောင်ကို လက်ဆွဲအိတ်ပြန်သယ်ဖို့ မြို့ထဲကနေ ညနေ ၃ နာရီမှ ကျွန်မပြန်ရောက်တယ်။ အဲဒီနေ့ တနေ့လုံး ကျွန်မဆီ တယ်လီဖုံးနဲ့ သုံးကြိမ်ဆက်သွယ်ပြီးပြီလို့ ဆိုပါတယ်။ ကျွန်မ အတန်တန်ငြင်းပါတယ်....။ အချိန်မရလို့ပါ.... ဆိုတဲ့ အကြောင်းပြချက်နဲ့ ပေါ့။ ဒါပေမဲ့ သူက ၁၅ မိနစ်လောက်ပဲ စကားပြောခွင့်ပေးပါ။ အဆောင်ကနေ မန္တလေးဟိုတယ်ကိုလာဖို့ အငှားကားလွှတ်ပေးလိုက်ပါမယ်တဲ့။ အဲဒီမှာ ကျွန်မအားနာပြီး ကတိုက်ကရိုက်ပဲ သွားတွေ့ခဲ့ပါတယ်။ စကားပြောကြည့်တဲ့အခါမှ ကျွန်မကို နာမည်သာ ကြားဖူးပြီး ဘာဝတ္ထုမှ မဖတ်ဖူးကြောင်း သိရတော့တာပါပဲ။ ဒါပေမဲ့ ဒီကိစ္စက ဘယ်လိုမှ မတတ်နိုင်တော့ဘူးလေ....။ သူလဲ မြန်မာနိုင်ငံရောက်ခိုက် စာရေးဆရာစုံစုံလင်လင် မေးချင် တယ် ထင်ပါရဲ့.... လို့ပဲ ဖြေသိမ့်လိုက်ရတော့တာပေါ့။ အဲဒီတခါပဲ ကြုံဖူးတာပါ။ ကျန်တဲ့ အင်တာဗျူးကိစ္စတွေကျတော့ မေးသူတွေက ကျွန်မစာကို သေသေချာချာ ဖတ်ပြီးမှ မေးကြတာပါ။

ဟိန်းလတ်။ ။ နောက်ဆုံးတခုပဲ မေးပါရစေတော့၊ ဆရာမ အင်တာဗျူး တော်တော် များများ ကြုံခဲ့ပြီးပါပြီ။ ကျွန်တော့် အင်တာဗျူးအပါအ၀င် အင်တာဗျူးတွေမှာ ဆရာမ မကျေနပ်စရာ စိတ်ကသိကအောက် ဖြစ်စရာတွေ ရှိနေခဲ့ပါသလား။ ပုဂ္ဂိုလ်ရေးတွေကအစ မဖြချင် မဖြေနိုင်တာတွေ ရှိပါသလား။ နိုင်ငံခြားတွေမှာတော့ အင်တာဗျူးအဖြေတတ်လို့ ဟုန်းကနဲ နာမည်ကျော်သွားတာရှိသလို၊ အဖြေမတတ်လို့ ရှိစုမဲ့စု နာမည်လေးပါ ကျသွားတာတွေ သက်သေအများကြီး ရှိပါတယ်။ လိုရင်လိုသလို မြှောက်ပင့်ပေး၊ မလိုရင်မလိုသလို အဆင်းဘီးတပ်ပေးတဲ့ အင်တာဗျူးမျိုးတွေနဲ့ ပါတ်သက်လို့ ဘယ်လို သဘောရပါသလဲ......။

ဂျူး။ ။ အမှန်အတိုင်း ၀န်ခံရရင် ကျွန်မ အင်တာဗျူးကို အရမ်းကြောက်ပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး ရှောင်ခဲ့တယ်။ ပေါက်တတ်ကရတွေမေးမဲ့ အင်တာဗျူုးမျိုးဆို ပိုကြောက်တယ်။ ရှောင်လို့ မကောင်းတဲ့အင်တာဗျူးမျိုးကိုသာ လက်ခံပြီး ဖြေတာပါ။ အင်တာဗျူးတခုမှာ မေးတဲ့လူရဲ့ တတ်ကျွမ်းမှု၊ နားလည်မှုနဲ့ ဖြေတဲ့လူရဲ့ ပြည့်ဝမှုဟာ အရေးကြီးဆုံးပါပဲ။ အမေးနဲ့အဖြေ အပေးအယူမျှဖို့ ဖြေရလေ့ရှိတယ်။ ချောင်ပိတ်မေးတဲ့ မေးခွန်းတွေလဲ ရှိတယ်....။ အဲဒါမျိုးတွေကျတော့ ရှောင်ထွက်တတ်ရင် ကောင်းပါရဲ့။ မရှောင်တတ်ရင် ရိုးရိုးအအနဲ့ မသိလိုက်ဘူးဆိုရင် ခံပေတော့ပဲ....။
တချို အင်တာဗျူးသမားတွေက မဂ္ဂဇင်းလှုပ်ရှားဖို့၊ အရောင်းသွက်ဖို့၊ စောင်ရေတိုးဖို့၊ ရည်ရွယ်တာပဲ။ သူတို့က စာရေးဆရာကို စေတနာမထားဘူး။ စာရေးဆရာအချင်းချင်းလဲ ရန်တိုက်ပေးတာမျိုး လုပ်တတ်တယ်။ ဒါမျိုးကျတော့ ကျွန်မ သဘောမကျဘူး။ ဒီလိုမလုပ်သင့် ဘူး ထင်တာပဲ။ တချို့ကျတော့ စာရေးဆရာရဲ့ စာကို မဟုတ်ပဲ၊ စာရေးဆရာရဲ့ ကိုယ်ရေး ကိုယ်တာတွေကိုပါ နှိုက်ထုတ်မေးချင်ကြတယ်။ ကျွန်မလဲ အဲဒီလို အမေးခံရဖူးတာပဲ။ တတ်နိုင်သမျှတော့ ကျွန်မရှောင်ပါတယ်။ ဒါပေမဲ့.... အရှောင်အတိမ်း မကျွမ်းဘူးဆရာ...။ မဖြေနိုင်လောက်အောင် ဖြစ်လာရင်တော့ မေးခွန်းကိုပါ ပယ်ခိုင်း ဖျက်ခိုင်းလိုက်ရပါတယ်။

ဟိန်းလတ်။ ။ ဒီအင်တာဗျူးကဏ္ဍတွေကိုရော ရှိသင့် မရှိသင့် ဆရာမအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဂျူး။ ။ ကြေညက်အောင်ဝါးဖို့အတွက် အင်တာဗျူးအရေးကြီးတာပဲ။ လှန့်တာမျိုး၊ ကိုယ်ရေးကိုယ်တာတွေ စွတ်ဖြေခိုင်းတာမျိုး၊ တရားဝင်ပြောကြားချက်မဟုတ်တဲ့ စာရေးဆရာရဲ့ စကားတွေကို မဂ္ဂဇင်းထဲမှာ (ခွင့်ပြုချက်မတောင်းပဲ) ထည့်ပစ်တာမျိုးကျတော့ လူလည် လုပ်တာ.... ညစ်ပတ်တာပဲ။ ဒါမျိုးတော့ မရှိသင့်ဘူး။ တကယ့်အနုပညာတရပ်ကို စိတ်ဝင်စား လို့ ဖန်တီးသူကို စိတ်ဝင်စားလို့ ပရိသတ်ကိုလဲ ရှင်းပြစေချင်လို့ မေးတဲ့ အင်တာဗျူးမျိုးတော့ ရှိသင့်ပါတယ်။

{၁၉၈၉ ခုနှစ် မဟေသီမဂ္ဂဇင်း}
[ဟိန်းလတ်-စာပေအင်တာဗျူး (၁)၊ ၂၀၀၀ ခု၊ ပထမအကြိမ်ပုံနှိပ်ခြင်းမှ ကူးယူဖော်ပြပါ တယ်။]